Thursday, December 24, 2009

ဥရောပတိုက်သုံးစာလုံးများ ကီးဘုတ်မလို အလွယ်ရိုက်နိုင်မည်

ကျနော်တို့ ဒိန်းမတ်စာသင်တဲ့အခါ အင်္ဂလိပ်စာလုံးတွေအပြင် å (အေသေးသေးတင်) æ (အေနဲ့အီးပေါင်း) နဲ့
Ø (အိုဒေါင့်ဖြတ်) စတဲ့ ဒိန်းမတ်စာလုံးအက္ခရာတွေနဲ့ ဆုံတွေ့ရပါတယ်။ မြန်မာပြည်ကို အိမ်လိပ်စာပေးတော့ လမ်းနာမည်ကို Nørregade လို့ရေးလိုက်ပေမယ့် ဟိုကစာထည့်တဲ့အခါမှာတော့ Nrregade ဆိုပြီး လိပ်စာရေးပါတယ်။ Ø ကို မမြင်ဘူးတော့ မှားလို့ခြစ်ထားတယ်ထင်ပြီး ချန်ထားလိုက်ပုံရပါတယ်။
ကွန်ပြူတာဝယ်တဲ့အခါမှာလည်း ကီးဘုတ်က Danish ကီးဘုတ်ပါ။ အဲဒါကို အင်္ဂလိပ်လိုနဲ့ မြန်မာလိုပါ ရိုက်လို့ရအောင် လုပ်ထားရပါတယ်။ ကျနော်တို့တင်ဆိုလားတော့ မဟုတ်ပါဘူး။ ကျနော် အလည်ရောက်ဘူးခဲ့တဲ့ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ချက် စတဲ့ နိုင်ငံရောက် မြန်မာတွေလည်း သူတို့ သုံးတဲ့ကွန်ပြူတာတွေမှာ သက်ဆိုင်ရာစာနဲ့ကီးဘုတ်ကို သုံးကြရပါတယ်။ တချို့လည်း ကွန်ပြူတာမှာ သက်ဆိုင်ရာသာသာစကားနဲ့ (ဂျာမန်၊ နယ်သာလန် (ဒတ်ခ်ျ)၊ ပြင်သစ်၊ ချက်) ၀င်းဒိုး(စ်)တွေ သုံးကြတာတွေ့ပါတယ်။
မိမိနေထိုင်ရာ နိုင်ငံမှာတော့ ကွန်ပြူတာသုံးရတာ ပြဿနာမရှိပေမယ့် အခြားနိုင်ငံတခုကို အလည်သွားရင်း ကွန်ပြူတာသုံးတော့မယ်ဆိုရင် အဆင်မပြေဖြစ်နိုင်တာမို့ ကျနော်သိထားတဲ့ ၀က်ဘ်ဆိုဒ်လေးတခု မျှဝေလိုက်ရပါတယ်။
အင်္ဂလိပ်ကီးဘုတ်နဲ့ ရိုက်ဖို့မဖြစ်နိုင်တဲ့ ဆွီဒင်စာ ä å é ö ၊ ဖင်လန်စာ ä å ö ၊ ဂျာမန်စာ ä ö ü ß ၊ နယ်သာလန်စာ é ë ï ó ö ü အစရှိတဲ့ ဥရောပနိုင်ငံသုံး ဘာသာစကားတွေရဲ့ စာလုံးအပိုတွေကို ကီးဘုတ်မလို အလွယ်တကူရိုက်လို့ရတဲ့ အောက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်တခုသာ မှတ်သားထားလိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျား ။

http://www.typeit.org/

ကျနော့်ဘလော့ရဲ့ ဆိုဒ်ဘားမှာလည်း အလွယ်သုံးလို့ရအောင် တင်ထားပေးပါ့မယ်။

Sunday, December 6, 2009

ဒိန်းမတ်စကားနှင့် နော်ဝေးလူရွှင်တော်

ကျနော်တို့လို နိုင်ငံခြားမှ လာသူတွေအတွက် ဒိန်းမတ်စကားသင်ရာတွင် အခက်အခဲတွေ့ရသည်က အသံထွက်များ ဖြစ်သည်။ ဒိန်းမတ်စာသည် ရေးထားသည့်အတိုင်း အသံမထွက်သည့်အပြင် နံပါတ်များ ရေတွက်ရာတွင်လည်း ပြောင်းပြန်ဖြစ်နေပြီး၊ ခု ဂဏန်းနှင့် ဆယ်ဂဏန်းတို့သည်လည်း အဆက်အစပ်မရှိကြပါ။
ဥပမာ။ ။ မြန်မာလို ငါးဆယ့်ငါး သည် အင်္ဂလိပ်လို Fifty five ဖြစ်သော်လည်း ဒိန်းမတ်လို fem og halvtreds ဖြစ်နေသည်။
Fem = five
Halvtreds = fifty
ထို့ကြောင့်ပင် ကျနော့်မှာ ဒိန်းမတ်ရောက်တာ ငါးနှစ်ပြည့်တော့မည် ဖြစ်သော်လည်း နံပါတ်များကိုရေတွက်ရာတွင် ကျင်လည်မှု မရှိသေးပဲ၊ အချိန်ယူစဉ်းစားနေရသည့်အတွက် အဆင်မပြေဖြစ်ရသည်။ ဂျာမန်စာတွင်လည်း ထိုကဲ့သို့ပင် ဖြစ်ကြောင်း ဂျာမနီရောက် မြန်မာများပြောပြ၍ သိရသည်။
နော်ဝေးနိုင်ငံရောက် မြန်မာများအတွက်တော့ ကျနော်တို့ထက် စာသင်ရာတွင် ပိုမိုလွယ်ကူလိမ့်မည်။ နော်ဝေးစာ သည် ရေးထားသည့်အတိုင်း အသံထွက်ပြီး ဂဏန်းသင်္ချာများ ရေတွက်ရာတွင် ဒိန်းမတ်လို ပြောင်းပြန် မဟုတ်ဟု သိရသည်။ နော်ဝေးစာသည် ဒိန်းမတ်စာနှင့် အလွန်နီးစပ်သည်ကိုလည်း တီဗီတွင် နော်ဝေးလိုင်းဖွင့်ကြည့်သည့် အခါတွင် သိနိုင်သည်။
ထိုကဲ့သို့ စာပေနှင့် ယဉ်ကျေးမှုခြင်း နီးစပ်နေသည့်တိုင် ဒိန်းမတ်တို့၏ ဂဏန်းရေတွက်ပုံကို နော်ဝေးလူမျိုးတို့ နားလည်ရန် ခက်ခဲပုံကို အောက်ပါ ဗီဒီယိုကို ကြည့်၍ သိနိုင်သည်။
နော်ဝေး ပင်လယ်အနီး ဒိန်းမတ်သင်္ဘော မုန်တိုင်းမိ၍ ရေဒီယိုဖြင့် အကူအညီတောင်းပုံကို နော်ဝေးမှလူရွှင်တော် Fleksnes က ဟာသ လုပ်ထားပါသည်။ ဒိန်းမတ်သင်္ဘောက သူရောက်ရှိနေသည့် နေရာကို လတ္တီတွဒ်၊ လောင်ဂျီတွဒ်များနှင့် ပြောသောအခါ ထိုနော်ဝေးလည်း လုံးဝနားမလည်နိုင် ဖြစ်ရပုံကို တွေ့မြင်နိုင်ပါသည်။ ။

Sunday, November 8, 2009

(၄၁) အစည်းအဝေး၊ အစည်းအဝေးနှင့် အစည်းအဝေး (ကြေးမုံဦးသောင်း)

တော်လှန်ရေးအစိုးရနှင့် မဆလ အစိုးရခေတ်တွင် အစည်းအဝေးများ၊ ညီလာခံများ လွန်စွာပေါလှသည်။ လူထု လူတန်းစားစည်းရုံးရေးနှင့် နိုင်ငံတော်ကို ခေါင်းဆောင်နေသောကြောင့် အစည်းအဝေးများသည် အရေးကြီးသည် ဟု ဆိုပါ၏။ အလုပ်သမားကောင်စီ၊ လယ်သမားကောင်စီ၊ သမ၀ါယမကောင်စီစသော ပြည်လုံးကျွတ်အစည်း အဝေးကြီးတွေ အမြဲကျင်းပပါသည်။ ထိုအစည်းအဝေးကြီးများသို့ သတင်းစာဆရာများနှင့် ၀န်ကြီးဌာနများမှ အကြီးအကဲများ တက်ရောက်နားထောင်ကြရပါသည်။ လေ့လာစေပါသည်။
ထိုအစည်းအဝေးများတွင် နံနက်စာနှင့် ညနေလက်ဖက်ရည်ပွဲများကို အလျှံပယ်ကျွေးလေ့ရှိသည်။ အပြင်လောက၌ မစားရသည့် ငါးကြင်းဆီပြန်ဟင်းကို စားရလေ့ရှိသည်။ ဆီနစ်နေသည့် နနွင်းဝါ၀ါ ငါးကြင်းသားဟင်းကို စာရေးသူ မမေ့နိုင်ပါ။ ယခုထက်တိုင် တောင့်တနေမိသည်။
ညီလာခံများအပြီးတွင် အောင်ပွဲအဖြစ် အိမ်တော်၌ သမ္မတကြီးဦးနေ၀င်းက ညစာစားပွဲ တည်ခင်းလေ့ရှိရာတွင် အရက်သေစာနှင့် ဧည့်ခံသောကြောင့် ပရိသတ်တို့မှာ မူးနေသူက များပါသည်။ ထမင်းဟင်းများကို စားပွဲပေါ်တွင် တင်ထားပြီး ဘာသာယူကာ စားသောက်ကြစေရာ မူးယစ်နေသူတို့က များသဖြင့် လုယူစားသောက်ကြရသည်။ ဣနြေ္ဒပျက်လှပါသည်။ ထမင်းပွဲ၊ ဟင်းပွဲတို့မှာလည်း ဖိတ်စင်ပေကျံသဖြင့် ကောင်းကောင်းစားရလေ့ မရှိပါ။
အစည်းအဝေးကြီးများ၊ ညီလာခံကြီးများ၏ ပြောဆိုချက်များ၊ ဆုံးဖြတ်ချက်များက စိတ်ဝင်စားဖွယ် မရှိပါ။ စကားပြောမည့် နယ်ကိုယ်စားလှယ်က သူတို့ပြောလိုသမျှကို စာရေးတင်သွင်းရပါသည်။ စီစစ်ရေးအဖွဲ့က တည်းဖြတ်ပြီး ပြောစေပါသည်။ တနေကုန် ပြောသမျှကို သတင်းစာ၏ စာမျက်နှာ (၂) မျက်နှာခန့် တင်ကြိုကာ အကျဉ်းချုပ်ရေးပြီး အသင့်ပေးလေ့ရှိသဖြင့် သတင်းစာဆရာများ သွားရန်ပင်မလိုပါ။ ကိုယ်စားလှယ်မင်း များကလည်း ပြောရန်ပင်မလိုပါ။ အားလုံးအသင့် ကြိုတင်ရေးထားပါသည်။ ထို့ကြောင့် တနေကုန်ထိုင်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းလှပါသည်။ “အေးလေ… အလုပ်ရုံးခန်းမှာ အလုပ်လုပ်နေရတာထက်တော့ ဇိမ်ကျတာပေါ့” ဟု ဆိုကြကာ စာရေးသူတို့တတွေ ကျေကျေနပ်နပ် တက်လေ့ရှိကြပါသည်။
စာရေးသူက အကြံအဖန်တမျိုးလုပ်ပါသည်။ ညီလာခံတက်တိုင်း စိတ်ဝင်စားစွာ နားထောင်ဟန်ဆောင်ရင်း ၀တ္ထုတအုပ်ကို ဖတ်လေ့ရှိပါသည်။ ၀တ္ထုစာအုပ်ကို ပါတီစာအုပ်အဖုံးနှင့် ဖုံးထားကာ ဖတ်သဖြင့် ပါတီကိစ္စကို စွဲလမ်းစွာ လေ့လာနေသူ၏ အသွင်ကို ဖန်တီးယူရပါသည်။ နောက်ပိုင်းတွင် သတင်းစာဆရာများရော၊ ဌာနအကြီးအကဲတွေပါ အစည်းအဝေးသို့ ပါတီစာအုပ်ဖုံးနှင့် ၀တ္ထုများ ယူလာလေ့ရှိကြပါသည်။ စာဖတ်ဝါသနာပါသူ ၀န်ကြီးတဦးပင် စာရေးသူထံမှ ပါတီစာအုပ်ဖုံးထားသော ၀တ္ထုကို ငှားယူဖတ်ရှုလေ့ရှိပါသည်။ ပါတီစာအုပ် ကိုင်ထားသူကို မည်သူကမှ မေးခွန်းမထုတ်ရဲကြပါ။
အမှန်အားဖြင့် ညီလာခံကြီးများ၏ ဆုံးဖြတ်ချက်များကို အစိုးရလုပ်ဆောင်သည်မဟုတ်။ အစိုးရ၏ လုပ်ဆောင်ချက် ကို ညီလာခံကြီးများက ဆုံးဖြတ်ပေးရသည်သာ ဖြစ်သည်။ ညီလာခံကြီးများသည် ရုပ်ပြပွဲများသာ ဖြစ်ပါသည်။
စစ်အစိုးရ၏ လုပ်ဆောင်မှုမှန်သမျှတို့ကို ၀န်ကြီးများနှင့် စစ်အရာရှိကြီးများတို့၏ အစည်းအဝေးများ၌ တင်သွင်းပြီး ဆုံးဖြတ်ပြီးမှသာ လုပ်ဆောင်လေ့ရှိကြပါသည်။ ၀န်ကြီးများက အာဏာရှင်ကြီး ဦးနေ၀င်းက ညွှန်ကြားသည့် အချက်များနှင့် ညွှန်ကြားသမှု မပြုစေကာမူ ဗောင်းတော်ညိတ် စိတ်တော်သိရသော အချက်များကို စာရေးသူတို့ထံ ထပ်ဆင့် အမိန့်ပေးသည့်အခါများတွင်လည်း အစည်းအဝေးပုံသဏ္ဍာန်နှင့် အမိန့်ပေးလေ့ရှိပါသည်။
ရည်ရွယ်ချက်မှာ တခုခုမှားခဲ့လျှင် တခုခုကို အာဏာရှင်ကြီးက မကြိုက်လျှင် ကျနော်မျိုးကြီးတဦးတည်း ဆုံးဖြတ်တာမဟုတ်ပါ။ အစည်းအဝေးနှင့် ဆုံးဖြတ်တာပါဟု ခံရမည့်အပြစ်ဒဏ်ကို ဝေငှပေးသည် ဖြစ်ပါ၏။ အပြစ်ရှိ ၍ အရေးယူလျှင် အနည်းငယ်သက်သာသည်။
စာရေးသူအဖို့ နေ့စဉ် နံနက် (၉) နာရီတွင် ၀န်ကြီးရုံးကို သွားပြီး ၀န်ကြီး၊ ဒု-၀န်ကြီးနှင့် စည်းဝေးရပါသည်။ နံနက်က ထွက်ခဲ့သော သတင်းစာ (၇)စောင်တွင် သူတို့မကြိုက်သည်များ နောက်တနေ့ ထွက်မည့် သတင်းစာများ ဆောင်သင့်၊ ရှောင်သင့်သည့် အချက်များတို့ကို နာခံမှတ်သားရပါသည်။
နံနက် (၁၀) နာရီတွင် စာရေးသူ၏ ရုံးခန်း၌ အယ်ဒီတာချုပ်များ၏အဖွဲ့အစည်းအဝေး ထိုင်ကြရသည်။ ထိုအခါ၌ ၀န်ကြီးများ၏ မှာကြားချက်ကို အဆင့်တင်ပြရပါသည်။ တဖန်အယ်ဒီတာချုပ်များက ၀န်ကြီးများထံ တင်လိုသော အချက်များကို မှတ်သားရပြန်ပါသည်။ တကယ့်တကယ်တော့ အယ်ဒီတာချုပ်များသည် ၀န်ကြီးနှင့် တိုက်ရိုက်တွေ့ဆုံခြင်း၊ ဖုန်းဆက်ခြင်း ပြုကြပါသည်။ အများရှေ့တွင် မှတ်တမ်းတင်စေလိုသည့် ကိစ္စများကိုသာ တင်ပြကြပါ၏။ သို့မှသာ စာရေးသူ၏ ခွေးရေပုရပိုက်ကြီးတွင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အဖြစ် မှတ်တမ်း ကျန်ရစ်မည်ဖြစ်ရာ ပြဿနာပေါ်လျှင် တစုတရုံးတည်း တာဝန်ခံကြရမည် ဖြစ်ပါသည်။
နေ့စဉ် အယ်ဒီတာချုပ်အစည်းအဝေးများတွင် နောက်တနေ့သတင်းစာအတွက် ပုံနှိပ်မည့် ခေါင်းစဉ်ကြီးများ၊ ဆောင်းပါးများတို့ကို တင်ပြအတည်ပြုကြရပါသည်။ အရေးကြီးသည့် အယ်ဒီတာထံပေးစာ၊ လူထုအော်သံနှင့် ကြော်ငြာကစပြီး တင်ပြကာ အများသဘောတူ အတည်ပြုဆုံးဖြတ်ကြရပါသည်။ နေ့ (၁) နာရီတွင် ၀န်ကြီးရုံးကို ထပ်သွားပြီး နောက်တနေ့တွင် ဖော်ပြမည့် စာမူများ၏ အကြောင်းကို အကျဉ်းတင်ပြပြီး အတည်ပြုရပြန်ပါသည်။ ဤကဲ့သို့ အားလုံး ဘေးကင်းကြစေရန် အကြိမ်ကြိမ် စိစစ်ပုံနှိပ်သော သတင်းစာများကို လူထုက စိတ်ဝင်စားမှု မရှိသည်မှာ မဆန်းပါ။ ၀န်ကြီးများက အယ်ဒီတာချုပ်များကို ညွှန်ကြားသည်တို့မှာ တပ်ကြပ်ကြီးဟောင်း မည်သူမည်ဝါကို သင့်လျော်သည့် အလုပ်ရှာပေးပါ။ မည်သူ့ကို သတင်းစာကိုယ်စားလှယ်ခန့်ပါ စသည်ဖြင့် သူတို့၏ တပည့်သားမြေးများ၊ စစ်မှုထမ်းဟောင်းများကို အခွင့်အရေးပေးရန် စေခိုင်းသည်တို့က များပါသည်။
စစ်တပ်အစိုးရ၏ ဂုဏ်သိက္ခာအတွက် အမိန့်များလည်း ပေးပါသည်။ ဥပမာ - မြန်မာနိုင်ငံအစိုးရထံသို့ ဘိန်းလုပ်ငန်း နှိမ်နင်းရေးအတွက် အမေရိကန်က ပေးထားသော ရဟတ်ယာဉ် (၁၈) စီး ရှိပါသည်။ ထိုရဟတ်ယာဉ်များကို နယ်စပ်ဒေသမှ လူမျိုးစုသူပုန်များကို နှိမ်နင်းရေးအတွက် အသုံးပြုနေသည်ကို တစွန်းတစမှ သတင်းစာတွေထဲ မပါရဟု ညွှန်ကြားပါသည်။
ဘိန်းနှိမ်နင်းရေးအတွက် အမေရိကန်က ပေးသော ထိုရဟတ်ယာဉ်များကို စစ်ဗိုလ်ကြီးများ နယ်ဒေသများသို့ ခရီးထွက်ရာတွင်လည်း အများအပြား သုံးကြသောကြောင့် ၀န်ကြီးဗိုလ်မှူးကြီး မည်သူ မည်သည့်မြို့ မည်သည့်ဒေသသို့ ဆိုက်ရောက်လာကြောင်း စသည့်နယ်သတင်းများတွင် အထူးရဟတ်ယာဉ်နှင့် ကြွလာပါသည် ဟူသော စာပိုဒ်ကို ဖြတ်ပေးပါဟု ၀န်ကြီးက ညွှန်ကြားပါသည်။ သို့သော်လည်း ဓာတ်ပုံများက ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့်ပုံများ ဖြစ်နေပြန်လေရာ ရဟတ်ယာဉ်က ဆင်းတော်မူလာသော ၀န်ကြီးများ၏ သတင်းဓာတ်ပုံများကို ဖယ်ပေးပါဟု ၀န်ကြီးက ပြောပါသည်။ စာရေးသူအား အမိန့်ပေးသောအခါတွင် “၀န်ကြီးများကလည်း သူတို့ရဲ့ ရွှေမျက်နှာတွေကို သတင်းစာတွေမှာ ပါစေချင်ကြပါတယ်” ဟု စာရေးသူက တင်ပြရသည်။
ဝန်ကြီးက ခေါင်းကုတ်ပြီး စဉ်းစားပါသည်။ အရေးကြီးသည်မှာ အမေရိကန်က ဘိန်းနှိမ်နင်းရေးအတွက် ပေးသည့် ယာဉ်များကို ၀န်ကြီးများ စီးနင်းသုံးစွဲနေသည်ကို သက်သေခံမပေါ်ရန် ဖြစ်လေသဖြင့် ၀န်ကြီးသည် အတန်ကြာ စဉ်းစားရရှာသည်။
ရွှေဉာဏ်တော် ပွင့်လာသောအခါတွင်မှ “ဒီလိုလုပ်ဗျာ” ဟု ၀န်ကြီးက အမိန့်ပေးပါသည်။ “နယ်သတင်းထောက် တွေ အားလုံးကို အမိန့်ထုတ်ပါ။ ၀န်ကြီးတွေ ရဟတ်ယာဉ်နဲ့ ဆိုက်လာတဲ့ ဓာတ်ပုံတွေ ရိုက်ကြတဲ့အခါတွေမှာ ဓာတ်ပုံဆရာ သတင်းထောက်က ရဟတ်ယာဉ်ကို ကျောပေးပြီး ရိုက်ကြရမယ်လို့ ညွှန်ကြားပါ” ဟု သူပြောပါသည်။ ထိုအမိန့်ကို အယ်ဒီတာချုပ်အစည်းအဝေးသို့ တင်ပြီး နယ်သတင်းထောက်အားလုံးကို ညွှန်ကြားရပါသည်။
ဝန်ကြီး၏ ညွှန်ကြားချက်များကို ရယူသည့်အခါတွင် စာရေးသူအဖို့ ပြန်ပြောခွင့်မရှိစေကာမူလည်း တချီတွင် နှုတ်မထိန်းနိုင်ဘဲ ပြန်ပြောမိပါသည်။
၁၉၇၆ ခုနှစ်က တပ်မတော်ဦးစီးချုပ်တင်ဦးကို အစိုးရက ဖမ်းဆီးပါသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်က ဦးနေ၀င်းနှင့် အစိုးရဦးစီးများကို လုပ်ကြံပြီး အာဏာကို သူသင့်တော်မည်ဟု ယူဆသည့် စစ်ဗိုလ်ကြီးများထံသို့ လွှဲပြောင်းရန် ကြံစည်ခဲ့ပါသည်။ အမှုမအောင်မြင်သဖြင့် စစ်ဗိုလ်အများ တသီကြီး ဖမ်းခဲ့ရာတွင် ဤနှယ်ကြံစည်သည်ကို သိလျက်နှင့် ထိန်ချန်ထားသည်ဟု ယိုးစွပ်ပြီး ဗိုလ်ချုပ်ကြီးတင်ဦးကို ခုံရုံးတင်ပါသည်။
စာရေးသူ၏ တာဝန်မှာ အင်းစိန်ထောင်၌ လူသိရှင်ကြား စစ်ဆေးသော အမှုသတင်းကို ရယူပြီး သတင်းစာများ၌ ဖော်ပြရန်နှင့် ဗမာ့အသံမှ ကြေညာရန်အတွက် ၀န်ကြီးကို တင်ပြပြီး တည်းဖြတ်ရပါသည်။ အမှုစစ်ချက် ရောက်လာသည်နှင့် ဒု-၀န်ကြီးထံသွားပြီး တနေ့တာ စစ်ဆေးချက် ထွက်ချက်များကို ဖတ်ပြရပါသည်။
တရားခံရှေ့နေ ဦးကိုယုက စစ်စစ်ပေါက်ပေါက် မေးသည်များကို သက်သေများနှင့် ဗိုလ်ချုပ်ကြီးတင်ဦးက ဖြေသည်တို့ကို အတိုချုပ်တင်ပြသောအခါတွင် ထွက်ချက်တပိုဒ်ကို ၀န်ကြီးက မကြိုက်သောကြောင့် “ဒီစာပုဒ်ကို ပြင်ပေးဗျာ” ဟု အမိန့်ပေးတော့သည်။
စာရေးသူအဖို့ ‘ဟုတ်ကဲ့ - ၀န်ကြီး’ ဟု မဖြေနိုင်ဘဲ ကျွဲမြီးတိုမိသောကြောင့် အသံဆတ်ဆတ်နှင့် “ဘာပြုလို့လည်း ၀န်ကြီးရဲ့” ဟု မေးလိုက်မိပါသည်။ “သူက သစ္စာဖောက်ဗျ၊ သူ့ထွက်ချက်ကို ဒီအတိုင်းရေးလျှင် လူထုက သူ့ဘက်ပါ သွားမှာပေါ့” ဟု သူက ဖြေပါသည်။
ထိုအခါတွင် စာရေးသူက သည်းမခံနိုင်သောကြောင့် “တရားရုံးမှာ ထွက်ချက်ကို ဘယ်သူကမှ ပြင်ခွင့်မရှိဘူး။ သူခိုး ဓားပြတို့က သူတို့လူကောင်းပါလို့ ထွက်ဆိုလျှင်လည်း သတင်းရေးရာမှာ သူတို့က လူဆိုးပါလို့ ထွက်တယ်လို့ ပြင်ဆင်ရေးခွင့်မရှိဘူး။ လူဆိုးလား၊ လူကောင်းလား ဆိုတာ တရားသူကြီးက စီရင်ပါလိမ့်မယ်။ တရားခံက ပြောသမျှ၊ သက်သေက ဖြေသမျှကို ဘယ်သူကမှ ပြင်ဆင်ခွင့်မရှိပါဘူး” စာရေးသူက ၀န်ကြီးကို ပညာပြမိပါသည်။ စာနယ်ဇင်းကျင့်ဝတ်ကို သင်ပြမိပါသည်။
ထိုအခါတွင် ၀န်ကြီးက မည်သို့အမိန့်ပေးသနည်းဟူမူ “ကျုပ်ကတော့ ကျုပ်တို့သမ္မတကြီး စိတ်ကြိုက်ကို လုပ်ရမှာပဲ။ တရားခံက ဖြေတဲ့ ဟောဒီထွက်ချက်တပိုဒ်လုံးကို သမ္မတကြီးက ကြိုက်မှာမဟုတ်ဘူး။ ခင်ဗျားတို့ သတင်းစာကျင့်ဝတ်က ပြင်မပေးနိုင်ဘူးဆိုရင် ဒီစာပိုဒ် တပိုဒ်လုံးကို ဖြုတ်ထားလိုက်ပါ” ဟူ၏။
“သေဟဲ့ … နန္ဒိယ” ဟု စိတ်ထဲမှ အော်ဟစ် ညည်းညူမိသည်မှတပါး ပြန်မပြောနိုင်တော့ပါ။ ။

Saturday, October 17, 2009

(၄၀) ဒေါက်ဖြုတ်ကြီး ဒု-ညွှန်ကြားရေးမှူး (ကြေးမုံဦးသောင်း)

အလုပ်ဝင်ပြီးနောက် မကြာမီတွင် အစိုးရပိုင်လုပ်ငန်းများကို စီးပွားရေးဆန်ဆန် ဖွဲ့ရန် အစိုးရက လမ်းစဉ်ချမှတ် သဖြင့် သတင်းစာကော်ပိုရေးရှင်း ပေါ်လာသည်။ ဆရာတက်တိုးက ညွှန်ကြားရေးမှူးချုပ်ဖြစ်လာပြီး တင်မောင်အား သတင်းဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး ခန့်ထားသည်။ တင်မောင်တို့ သတင်းစာဆရာများကို လွှတ်မပေးပေ။ သူတို့အား စောင့်ကြည့်ရန် ရေတပ်ဗိုလ်မှူးတဦးကို အုပ်ချုပ်ရေးဆိုင်ရာ ဒု-ညွှန်ကြားရေးမှူးအဖြစ် ခန့်ထားလေသည်။
ဆရာတက်တိုးက စာများများရေးရန်သာ အမြဲကြိုးစားသူ ဖြစ်သည်ကြောင့် တကြောင်း၊ တင်မောင်၏ စာရိတ္တနှင့် အရည်အသွေးကို စိတ်ချသောကြောင့် တကြောင်းတို့ကြောင့် အလုပ်တာဝန်များတို့ကို ပုံလွှဲပေးသဖြင့် သတင်းစာ များ တိုးတက်ကောင်းမွန်ရေးကို အသင့်အတင့် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် တင်မောင်၏ အရေးကြီးသည့် တာဝန်ကြီးတရပ်မှာ ‘ဒေါက်ဖြုတ်’ အလုပ်ဖြစ်သဖြင့် ရံဖန်ရံခါတို့တွင် စိတ်မချမ်းသာ ဖြစ်ရသည်။
စစ်အစိုးရ စစ်ဗိုလ်များ၏ စိတ်ကြိုက်သတင်းစာ ထုတ်ရသည်မှာ မလွယ်ပါ။ ဇာတ်ပွဲထဲမှ မင်းသားရူးကို ခစားရသည့် အမတ်ကဲ့သို့ မင်းလိုလိုက် မင်းကြိုက်ကို ဆောင်ရွက်ရသည်မှာ များစွာ ခက်ခဲပါသည်။ စစ်ဗိုလ်များက အာဏာထက်သည်။ အယ်ဒီတာ တဦးတယောက်၊ တစုံတခု အမှားပြုလုပ်သည်ဟု ထင်ကြေးရှိသည်နှင့် ထိုသူကို “ဖြုတ်ပစ်လိုက်” ဟု အမိန့်ပေးလိုက်လေ့ရှိသည်။ အမိန့်အရ ဖြုတ်ရသည်မှာ တင်မောင်တယောက် ဖြစ်နေသဖြင့် တင်မောင်၏ တာဝန်တရပ်မှာ ကြိုးစင်ဒေါက်ဖြုတ်ရသည့်အလုပ်ဖြစ်နေသည်။
တနေ့တွင် လွှတ်တော်အစည်းအဝေး၌ နိုင်ငံ၏ ဘတ်ဂျက်ငွေစာရင်းကို တင်သွင်း အတည်ပြုစဉ်တွင် နိုင်ငံတော် သမ္မတကြီး ဦးနေ၀င်းအတွက် အသုံးစရိတ်များကို အသေးစိတ် ဖော်ပြထားပါသည်။ တောင်ရှည်ပုဆိုးဝယ်ရန် ကျပ် (၂၀၀၀) … စသည်ဖြင့် သမ္မတအတွက် သုံးလေသမျှ စာရင်းတင်သည်ကို ပြည်သူ့လွှတ်တော်က အဖြတ်အတောက်မရှိ အတည်ပြုလိုက်ပါသည်။ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးလွင်က တင်မောင်ထံ ဖုန်းဆက်ပြီး “ဒီစရိတ်အသေးစိတ်တွေ အသေးစိတ် ရေးတာကို သမ္မတကြီး ကြိုက်မှာမဟုတ်ဘူး။ သတင်းစာတွေ မှာ မပါစေနဲ့ ပိတ်လိုက်ပါ” ဟု အမိန့်ပေးပါသည်။ ၀န်ကြီးအမိန့်ကို တင်မောင်က ပြည်သူပိုင် သတင်းစာ အယ်ဒီတာချုပ်ကြီး (၇) ဦးတို့ထံ ထပ်ဆင့်ပြောကြားရပါသည်။
နောက်တနေ့တွင်မူ ကြေးမုံသတင်းစာ၏ လွှတ်တော်သတင်းတွင် နိုင်ငံတော် သမ္မတကြီး၏ အသုံးစရိတ် တောင်ရှည်ပုဆိုးဖိုး ကျပ် (၂၀၀၀) ရော၊ ဧည့်ခံစရိတ်ပါ အတိအကျ ပုံနှိပ်ဖော်ပြထားသည်ကို တွေ့ရသည်။ နံနက် (၇) နာရီတွင် ဗိုလ်မှူးကြီးလွင်က ဖုန်းဆက်ပြီး “ဘယ်လိုဖြစ်တာလဲ သမ္မတကြီးက ဒီသတင်းကို တွေ့ရင် ကျူပ်ကို ဘယ်လိုပြောမယ်မသိဘူး” ဟု စိုးရိမ်သံနှင့် ပြောပါသည်။ “ဒီနေ့ နံနက် (၉) နာရီမှာ ရုံးကိုလာပြီး အသေးစိတ် အစီရင်ခံပါ” ဟု အမိန့်ပေးပါသည်။
အစိုးရအရာရှိတိုင်း ထူထဲသော နေ့စဉ်မှတ်တမ်းစာအုပ်ကြီးများကို ဆောင်ကြရပါသည်။ ၀န်ကြီးထံမှ ‘အမိန့်လာ နေ့ (၂) နာရီ၊ ကြေးမုံအယ်ဒီတာချုပ် ဦးလှကွန်းသို့ ပြောချိန် (၂.၁၅) နာရီ’ စသည်ဖြင့် အသေးစိတ် မှတ်ထားရသဖြင့် တင်မောင်တွင် တာဝန်မရှိပါ။
ဦးလှကွန်းထံသို့ ဖုန်းဆက်မေးသောအခါ “ကိုယ်ညက နယ်လွန်နေတယ်၊ တိုက်ကို ပြန်မရောက်ဘူး၊ ဒု-အယ်ဒီတာချုပ် ကိုမြတ်သူလည်း သတင်းပိတ်တဲ့အမိန့်ကို သိပြီးမို့ စိတ်ချခဲ့မိတယ်။ ကြည့်လုပ်လိုက်ပါ ကိုယ့်လူရယ်” ဟု ဖြေ၏။
ဝန်ကြီးက နံနက် (၈) နာရီတွင် ဖုန်းဆက်ပြန်သဖြင့် သူ၏ ရုံးသို့ မသွားရတော့ပါ။ “ဒီသတင်းမပါစေနဲ့လို့ ပြောခဲ့တယ်ဆိုတော့ အယ်ဒီတာချုပ်မှာ တာဝန်ရှိတယ်။ သူ့ကို ဒီနေ့ကစပြီး ရာထူးက ဖြုတ်လိုက်ပါ” ဟု အမိန့်ပေး ပြီး တယ်လီဖုန်းကို ချသွားပါသည်။
ကြေးမုံအယ်ဒီတာချုပ် သခင်လှကွန်းမှာ အစစ်အဆေးမရှိ၊ အယူခံမရှိ၊ စက္ကန့်မဆိုင်း ရာထူးပြုတ်ရရှာပါသည်။ အယ်ဒီတာချုပ်ရာထူးမှာ ညွှန်ကြားရေးမှူး ရာထူးအဆင့်တွင် ရှိသဖြင့် အစိုးရစက်ယန္တရားတွင် နံပါတ် (၂) ရာထူး ဖြစ်ပါသည်။ စစ်တပ်က စိတ်ချရသည့်သူများကိုသာ ခန့်ထားမြဲဖြစ်သည်။ ဖြုတ်လိုသည့်အခါတွင် ခြင်ကောင်၊ ယင်ကောင်ကို သတ်သကဲ့သို့ အလွယ်တကူ ဖယ်ရှားလေ့ရှိပါသည်။ ဤသို့ပင် အယ်ဒီတာချုပ်အများအဖို့ ‘ထီကနဲ’ အဖြုတ်ခံရလေ့ရှိပါသည်။ ဆရာဇ၀န၊ ဆရာ ဦးခင်မောင်လတ်၊ ဗိုလ်တထောင် အယ်ဒီတာချုပ် ဗိုလ်ထိန်လင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဟံသာဝတီ ဦးဝင်းတင်နှင့် ဆရာကိုမြတ်သူ တို့ကိုလည်း ဤနှယ် ဖယ်ရှားခံခဲ့ကြရသည်။
သခင်လှကွန်း ပြုတ်ရသည်မှာ မိုင်းဗုံးထောင်သည်ကို ခံရသည်ဟု ဆိုပါ၏။ ဒု-အယ်ဒီတာချုပ် ကိုမြတ်သူက သတင်းပိတ်သည့် အမိန့်ကို သိပါလျက်နှင့် တမင်ပုံနှိပ်သည်ဟု သိရပါသည်။
သူ၏ လုပ်ကြံမှုက အောင်မြင်ပါသည်။ ချက်ချင်း ရာထူးတက်ပြီး ကြေးမုံအယ်ဒီတာချုပ်ရာထူးကို ဆက်ခံရပါသည်။ ထုံးစံအတိုင်း သူ့ခမျာလည်း သက်ဆိုးမရှည်ပါ။ သူ့ကိုလည်း စစ်တပ်က ဖြုတ်ချခဲ့သည်။ နောက်တကြောင်း ရှိသေးသည်။ သခင်လှကွန်းက စစ်ဗိုလ်ကတော်ဟောင်း မုဆိုးမကလေးတဦးနှင့် ငြိတွယ်နေသည်ကို စစ်စုံထောက်ကြီးက တေးထားသောကြောင့် အမှားတွေ့သည်နှင့် အပျောက်ရှင်းလိုက်သည်ဟုလည်း သိရပါသည်။ သူတို့က ဗိုလ်ကတော်ကျများကို အရပ်သားအရာရှိများနှင့် ငြိကြလျှင် များစွာ စိတ်ဆိုးလေ့ရှိပါသည်။
နောက်တမှုက ပိုပြီး ဇတ်နာပါသည်။ တနေ့တွင် ၀န်ကြီးရုံးမှ ပြန်လာသည့် ညွှန်ကြားရေးမှူးချုပ် ဆရာတက်တိုးက မြ၀တီအယ်ဒီတာချုပ် ဦးထွန်းလွင်ဟု ရေးထားသော စာရွက်ကလေးကို ပေးပြီး “ဒီကောင်ကို ရာထူးက ဖြုတ်တဲ့ အမိန့်ထုတ်လိုက်ကွာ” ဟု ပြောသည်။ ဒီလူ လူကောင်း လူအေး အမှုထမ်းသက်လည်း ကြာပြီ” ဟု တင်မောင်က စောဒကတက်သောအခါ ဆရာက “ဟေ့ကောင် - ခိုင်းတာလုပ်ပါကွာ။ ဒီကောင်လူကောင်းဆိုတာ မင့်ထက်ငါ သိတယ်ကွ” ဟု စိတ်မကောင်းသဖြင့် စိတ်တိုနေသည့်အသံနှင့် ဆူရှာပါသည်။
ဆရာက စာအုပ်တအုပ်ပေးဖတ်ပါသည်။ ဦးထွန်းလွင်၏ဇနီး ယုဝတီမာလာသိန်း ရေးသော ၀တ္ထုဖြစ်ပါသည်။ ပုဂ္ဂိုလ်ကြီးတဦး ဇနီးကွယ်လွန်သောကြောင့် နောက်အိမ်ထောင်ပြုရာ၌ သမီးငယ်များကို မိထွေးက နှိပ်စက်သည်ဟု ဇတ်လမ်းဖွဲ့ထားသည်။ ခေါင်းဆောင်ကြီး ဦးနေ၀င်းက ဒေါ်နီနီမြင့်နှင့် အိမ်ထောင်သစ်ထူသဖြင့် ‘သမီးများက မကြည်ကြတာကို စောင်းမြောင်းရေးထားတာ ဖြစ်နိုင်တယ်။ ဒီဝတ္ထုကို ဦးနေ၀င်း၊ ဒေါ်နီနီမြင့်တို့ မြင်လျှင် စိတ်မကောင်းဖြစ်ကြမယ်’ ဟု စစ်ဗိုလ်ဝန်ကြီးက ယူဆသောကြောင့် စာရေးဆရာမ၏ ခင်ပွန်းကို ရာထူးက ဖြုတ်စေသည်ဟု သိရပါသည်။ “ဒီစာအုပ်ကို ဆင်ဆာအဖွဲ့က ခွင့်ပြုလို့ ပုံနှိပ်တာပါ။ မာလာသိန်းနဲ့ ကိုထွန်းလွင် အိမ်ထောင်သက်က နှစ် (၂၀) ကျော်ပါပြီ။ မယားက ၀တ္ထုရေးတာကြောင့် လင်ကို ရာထူးက ဖြုတ်တယ်ဆိုတာ မတရားပါဘူး။ ဇတ်ကွက်တူတိုင်းသာ အရေးယူရမယ်ဆိုရင်” တင်မောင်က အယူခံသောအခါ စကားဆုံးအောင်ပင် မပြောရပါ။ ဆရာက ကရုဏာဒေါသောနှင့် ဆူတော့သည်။ “တော်ကွာ - မင်း ငါခိုင်းတာ လုပ်ရင်လုပ်၊ မလုပ်ရင် မင့်ကို ငါက ဖြုတ်မယ်ကွ” တဲ့။ နောက်ဆုံးတွင် ကိုထွန်းလွင်အား ရာထူးမှ ဖြုတ်မိန့်ထုတ်ပေးရပါသည်။
တင်မောင်အဖို့ အစိုးရအမှုထမ်းများကိုသာမက ဗိုလ်ချုပ်ကြီးနှင့် စစ်ဗိုလ်ကြီးများက မလိုလားသော နိုင်ငံခြား သတင်းထောက်များကိုလည်း နှင်ထုတ်ပေးခဲ့ရပါသည်။ နိုင်ငံခြားသတင်းဌာနများတွင် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သား သတင်းထောက်များကိုလည်း ဒေါက်ဖြုတ်ပေးရလေ့ ရှိပါသည်။
ရန်ကုန်၌ ရုံးဖွင့်ကြသည့် နိုင်ငံခြားသတင်းထောက်များကို တဦးပြီးတဦး နှင်ခဲ့သည်။ အေပီအမေရိကန် သတင်းထောက်ကို ပထမနှင်ပါသည်။ ရိုက်တာတွင် လုပ်ကိုင်သူ မက်ဂရဖ်ဆိုသူသည် မြန်မာကပြားဖြစ်ပါလျက် နှင်ထုတ်သောကြောင့် လန်ဒန်မှာပင် ခေါင်းချရရှာသည်။ ပြင်သစ်ကိုယ်စားလှယ်သည် ကြားနိုင်ငံမှ ဖြစ်သည်။ မြန်မာသတင်းကို ဝေဖန်ချက်မပါဘဲ ရေးသဖြင့် အကြာဆုံးနေရပါသည်။ နောက်ဆုံးတွင် သူ့ကိုလည်း နှင်လိုက်သဖြင့် နိုင်ငံခြားသတင်းထောက်အားလုံးတို့သည် ဒေသခံမြန်မာများ ဖြစ်လာကြပါသည်။
တနေ့တွင် ဒု - ၀န်ကြီးက တင်မောင်အားခေါ်ပြီး ထိပ်တန်းလျှို့ဝှက်ဖိုင်ကြီးတခု ပေးပါသည်။ ‘ထိပ်တန်းလျှို့ဝှက်’ ဟု ရေးထားစေကာမူ သတင်းစာလောကတွင် လူတိုင်းသိနေသည့် ကိစ္စ၊ မထူးသတင်းဖြစ်နေပါသည်။ ရိုက်တာ သတင်းထောက် ကိုမင်းသူသည် အရက်မူးလျှင် လူကြီးလူငယ်မရှောင် ဆဲရေးတိုင်းထွာသည်ဟု စစ်စုံထောက် အစီရင်စာတွင် နေရာ၊ နေ့စွဲနှင့် တကွ ရေးထားသည်။ “ဒါဘာဖြစ်သလဲ ၀န်ကြီး၊ ဒီငနဲက ဒီလိုပဲ ရမ်းတာကို လူတိုင်း သိပါတယ်။ သတင်းထောက်တွေက သူနဲ့အတူ အရက်မသောက်ဘဲ ရှောင်ကြပါတယ်” ဟု တင်မောင်က ပြောလျှင် “၀န်ကြီးနှစ်ဦးက သူတို့ကို ဆဲရေးတိုင်းထွာတယ်လို့ ၀န်ကြီးကို တိုင်တယ်ဗျ” ဟု ဖြေပါသည်။
တင်မောင်က ပြန်ပြောပါသည်။ “အလွယ်ကလေးပါ၊ သူနဲ့ အရောမ၀င်နဲ့၊ သူနဲ့အတူ အရက်မသောက်နဲ့ပေါ့။ ကျနော်ဆိုရင် အရက်မသောက်တော့ ကိုမင်းသူ ဆဲတာ တခါမှ မခံရဖူးပါ”
“ကျုပ်က ဒု - ၀န်ကြီးဗျ၊ ၀န်ကြီးတွေကို ဒီလူနဲ့ အရက်မသောက်နဲ့လို့ မပြောဝံ့ဘူး” ဟု ဒု - ၀န်ကြီးက ပြောပြီး “၀န်ကြီးက အမိန့်ချပြီးပြီ၊ ဒီလူကို ဖယ်ပေးပါ” ဟု တချက်လွှတ် အမိန့်ပေးတော့သည်။
အစိုးရ၀န်ထမ်းမဟုတ်သည့် နိုင်ငံခြားသတင်းဌာန ၀န်ထမ်းကို ရာထူးမှ ဖြုတ်ရသည်မှာ လက်ဝင်သည်။ ပထမ အင်္ဂလိပ်သံရုံးမှ ပြန်ကြားရေးအတွင်းဝန်အား ရုံးသို့ဖိတ်ပြီး ရိုက်တာသတင်းထောက် ကိုမင်းသူကို သတင်းထောက် လုပ်ပိုင်ခွင့် ပိတ်မည်ဖြစ်ကြောင်း ပြောရသည်။ ထိုအခါ “ဘာကြောင့် ပိတ်တာလဲ” ဟု အကြောင်းရင်းကို သူက မေးပါသည်။ ကိုမင်းသူတယောက် နိုင်ငံတော်သစ္စာဖောက်မှုကြီးကို ကျူးလွန်နေလေသယောင်ယောင် မရေမရာ ပြောရပါသည်။
အင်္ဂလိပ်သံရုံးက လက်ခံမှ သတင်းဌာန၏ ကိုယ်စားလှယ်ရှေ့နေကို ခေါ်ပြီး ပြောရပါသည်။ သတင်းထောက်သစ် အလိုရှိကြောင်း ကြေညာစေပြီး လျှောက်ထားသူများထဲမှ တဦးကို စစ်စုံထောက်ရုံးနှင့် ညှိပြီး သဘောတူကြောင်း အတည်ပြုပေးရပါသည်။
ကိုမင်းသူနှင့် ပုလင်းတူ ဘူးဆို့သောက်မိကြသောကြောင့် အရက်ဝိုင်းတွင် အဆဲခံကြရသူ စစ်ဗိုလ်ဝန်ကြီးနှစ်ပါးက ထိပ်တန်းလျှို့ဝှက်အဖြစ် တိုင်သည်ဖြစ်သောကြောင့် ကိုမင်းသူကို ဖြုတ်ခဲ့ရသည်ကို မသိကြပါ။ အဘယ်ကြောင့် ဖယ်ခဲ့သည်ဟူသည့် အဖြေကို စာနယ်ဇင်းလောကက မသိကြသဖြင့် အမျိုးမျိုးတွေးကြပါသည်။
ကိုမင်းသူ ကိုယ်တိုင်ကလည်း သူ့အား အဘယ်ကြောင့် သတင်းထောက်လိုင်စင် ပြုတ်ရသည်ကို မသိရှာသဖြင့် သူ၏ အမှုကို ဆောင်ရွက်သူ တင်မောင်အား ငြိုးပါသည်။ အရက်ဂျိုး ကိုမင်းသူက ဆဲရေးသည်ကို ရှေးက မခံခဲ့ရ သော ဒေါက်ဖြုတ်ကြီး တင်မောင်အဖို့ ကိုမင်းသူတယောက် အရက်မူးလေတိုင်း တယ်လီဖုန်းဆက်ပြီး ဆဲရေးသည် ကို အမြဲခံရရှာပါတော့သည်။ ။

Saturday, October 10, 2009

ကျမယောက်ျား “ကုလား” မဖြစ်သေး နှင့်၊ အဖေက “မွတ် (စ်)”

ဥရောပရောက် မြန်မာများ သက်ဆိုင်ရာ နိုင်ငံအလိုက် ဘာသာစကားအသီးသီး သင်ယူကြရသည်။ ဒိန်းမတ်ရောက် မြန်မာတွေ ဒိန်းမတ်စာနှင့် စကားသင်သလို၊ ဂျာမနီရောက် မြန်မာတွေလည်း ဂျာမန်စာနှင့် စကားသင်ကြရပါသည်။
ပြီးတော့ အချင်းချင်းစကားပြောရင် ဒိန်းမတ်စကားများ၊ ဂျာမန်စကားများ ညှပ်ပြောလာကြသည်။ တနိုင်ငံထဲမှာ စာအတူတူ သင်ထားသူချင်း ပြဿနာမဟုတ်သော်လည်း ကိုယ်က တခြားနိုင်ငံသွားလည်သည့်အခါ သူတို့အချင်း ချင်း ဘာပြောနေသလဲဆိုတာ ချက်ချင်းနားလည်ဖို့ မလွယ်တော့။
ကျနော် ဂျာမနီ ကိုလုံးဘူတာကိုရောက်တော့ ကျနော်သွားမည့် ကိုအောင်သူ့ထံ ဘူတာကို ရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်လိုက်သည်။ သူက “ ကျနော့်အိမ်လာဖို့ ‘အူဒရိုင်း’ ကို စီးရမယ်။ အဲဒါကို မရှာတတ်ရင်လည်း အခုခင်ဗျား ရောက်နေတဲ့ ‘ဂလိုင်း(စ်) နွိုင်း’ မှာပဲ စောင့်နေပါ၊ ကျနော်တို့ လာကြိုမယ်” ဟု ဆိုပါသည်။ သူပြောသွားသည့် စကားသည် သူတို့ ဂျာမနီရောက် မြန်မာအချင်းချင်း ပုံမှန်ပြောနေကျ ဖြစ်ပုံရသော်လည်း အခုမှ ဂျာမနီရောက်ဖူးသူ တဦးဆိုလျှင် အဓိပ္ပါယ် နားလည်နိုင်မည်မဟုတ်။ “အူဒရိုင်း” သည် မြေအောက်ရထားနံပါတ် (၃) U 3 ဖြစ်ပြီး “ဂလိုင်း(စ်) နွိုင်း” Gleis 9 သည် ကျနော်စီးလာသည့် ရထားဆိုက်နေသည့် ပလက်ဖောင်းနံပါတ် (၉) ဖြစ်သည်ကိုတော့ ဂျာမနီကို မကြာခဏရောက်ဖူးနေသည့် ကျနော်က နားလည်လိုက်ပါသည်။
ယမန်နှစ် သင်္ကြန်မတိုင်ခင်အချိန် ကျနော် ဟမ်းဘာ့ဂ် ရောက်နေစဉ်ကလည်း မြန်မာ အချင်းချင်း ဂျာမန်စကားတခွန်း ညှပ်ပြောသွားသည်ကို ဤသို့ မှတ်သားလိုက်ရ၏။
သင်္ကြန်ပွဲလေးတခုလုပ်ဖို့အတွက် ကိုထွန်းထွန်း၏ အိမ်တွင် အစည်းအဝေးလေးတခုလုပ်ပြီး တာဝန်တွေ ခွဲယူနေကြ၏။ ကိုထွန်းထွန်း၏ ဇနီးကလည်း မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲချက်ကာ ဧည့်ခံသည်။ တီးဖို့ ဆိုဖို့ ကဖို့ အတွက်အသီးသီး ပြောဆိုကြပြီးသောအခါ အစည်းအဝေးလာသူ မိန်းခလေးတဦးအား အိမ်ရှင်ကိုထွန်းထွန်းက “ဟေ့၊ နင်ရော ဘယ်လိုလဲ။ ဒီနှစ် ကလည်း မက၊ သီချင်းလည်း မဆိုပါလား” ဟု မေးလိုက်၏။
ထိုမိန်းခလေးက “ ကျမ ဒီအဆို၊ အက တွေ ၀ါသနာ မပါပါဘူး” ဟု ဖြေသည်။
“အောင်မယ်၊ မနှစ်တုံးကတော့ နင်တို့ ညီအမတွေ စင်ပေါ်တောင်တက်ပြီး ကကြသေးတယ် မဟုတ်လား” ဟု ကိုထွန်းထွန်း က မေးလိုက်ရာ..
ထိုမိန်းခလေးက “ အို… ဒါကတော့ ရှင်၊ အဖေက ‘မွတ် (စ်)’ ကိုး” ဟု ဖြေလေသည်။
ဂျာမန်စကား ဖြစ်သော muss သည် အင်္ဂလိပ်လို must ဟု အဓိပ္ပါယ်ရပြီး ဖခင်ဖြစ်သူ၏ အမိန့်အရ ကခဲ့ကြရသည်ဟု ဆိုလိုကြောင်း နောက်တော့မှ ကျနော် သဘောပေါက်သွားသည်။
ကျနော်တို့ ဒိန်းမတ်မှာလည်း ဒိန်းမတ်စကားသင်ထားကြသူအချင်းချင်းမို့ “ဟေ့ကောင်၊ မင်း ‘ခွေ့ယားကော့’ kørekort မရှိပဲ ကားတက်မမောင်းနဲ့၊ တော်ကြာ ‘ပူလိတိ’ politi နဲ့ တွေ့လို့ ဒုက္ခရောက်နေမယ်” ပြောလျှင် ယာဉ်မောင်းလိုင်စင်မရှိသေးဘဲ ကားမောင်းရင် ရဲဖမ်းခံရနိုင်ကြောင်း သတိပေးခြင်းဖြစ်သည်ကို နားလည်ကြပါသည်။
ကျနော်နှင့်မဒမ် အတူတကွ ဒိန်းမတ်ဘာသာသင်ကျောင်းတက်စဉ်က စာအတူသင်ဖက် မြန်မာစုံတွဲနှင့် အားလပ်ချိန် နားရင်း စကားလက်ဆုံကျလေ့ရှိပါသည်။ သူတို့က ကျနော်တို့နောက်မှ ဒိန်းမတ်ကို ရောက်သဖြင့် အတန်းချင်းတော့ မတူပါ။ ထိုစုံတွဲမှ လူငယ်သည် ဒိန်းမတ်စာသင်ကျောင်းတက်နေရင်း အလုပ်ရသွားသည်။ ထို့နောက် ယာဉ်မောင်းလိုင်စင်ရရန်အတွက် သင်တန်းတက်နေသည်ဟုလည်း ကြားရသည်။ ဒိန်းမတ်မှာ ယာဉ်မောင်းလိုင်စင်ရဖို့အတွက် ဘာသာစကားအခက်အခဲ ရှိသလို၊ ငွေကုန်ကြေးကျလည်း အလွန်များပါသည်။ ကိုယ့်အလှည့်ကျရင် လွယ်လွယ်ကူကူဖြစ်စေရန်အတွက် ကိုယ့်ရှေ့က လိုင်စင်ရသွားသူတွေဆီက စနည်းနာရသည်။
တရက်မှာ ကျနော့်မဒမ်က အတန်းနားချိန်အတွင်း ထိုလူငယ်၏ ဇနီးအား “ ဟဲ့… ညည်းယောက်ျား လိုင်စင် ဖြေဖို့ နီးပြီလား” ဟု မေးပါသည်။ ထိုမိန်းခလေးက “ ကျမ ယောက်ျား ‘ကုလား’ မဖြစ်သေးလို့ မဖြေရသေးဘူးအမ” ဟု ပြန်ဖြေပါသည်။ “ကုလား” မဖြစ်သေး ဆိုသည်မှာ ဒိန်းမတ်လို Klar အင်္ဂလိပ်လို Ready ၊ မြန်မာလိုတော့ အဆင်သင့် မဖြစ်သေးဟု အဓိပ္ပါယ်ရပါသည်။ ကျနော့်အတွက် ပြုံးစရာ ဖြစ်ခဲ့ရသည်က ထိုစုံတွဲသည် မြန်မာ မူဆလင် များ ဖြစ်နေကြောင့်ပါတည်း ။ ။
ပျော်ရွှင်နိုင်ကြပါစေ…

Friday, October 2, 2009

(၃၉) မုန်းတဲ့သူနှင့် ချစ်တဲ့သူ (ကြေးမုံဦးသောင်း)

အမှုထမ်းဘ၀တွင် ပျော်စရာကောင်းသည်မှာ တင်မောင်အဖို့ သတင်းစာများတွင် ဆောင်းပါးရေးခွင့် ရရှိခြင်းပင်။ ကြေးမုံ၌ ပင်တိုင်ဆောင်းပါးရှင်၊ ဆရာဇ၀န၊ ဗိုလ်တထောင် က ဦးသိန်းဖေမြင့်နှင့် လုပ်သားပြည်သူ့နေ့စဉ်တွင် ဆရာသာဂဒိုးတို့ အတူရေးရသည်။ တင်မောင်က သတင်းစာအားလုံးတွင် ၀င်ပြီးရေးရသည်။ ပုဂ္ဂလိကခေတ်က မိမိပိုင်သည့် သတင်းစာတစောင်တည်းမှာသာ ဆောင်းပါးရေးခဲ့ရသည်။ ယခု ပြည်သူပိုင်ခေတ်၌မူ လုပ်သား၊ ကြေးမုံ၊ ဗိုလ်တထောင်နှင့် နောက်ပိုင်းတွင် ဟံသာဝတီတွင်ပါ ဆောင်းပါးရေးခွင့်ရလေသောအခါ အားကုန် ‘သွန်’ မိသည်။ စတင်ရေးသားသောနေ့မှ စတင်ကာ မိမိမယုံကြည်သည့် ကိစ္စကို ထောက်ခံမှု မပြုခဲ့ပါ။ သစ္စာတရားသာ အဓိကဟူသည့် မူကို အမြဲတစေ ထိန်းသိမ်းခဲ့ပါသည်။
တော်လှန်ရေးအစိုးရ၏ လုပ်ဆောင်ချက်နှင့် မူဝါဒကို တိုက်ခိုက်ဝေဖန်နိုင်ခဲ့သည်။ တဘက်ကလည်း တိုက်ရိုက်ဝေဖန်လျှင် အင်းစိန်ထောင်သို့ ပြန်ပို့ရန် အသင့်ရှိနေသည်ကိုလည်း အမြဲသတိရနေရသည်။ သူတို့ စစ်တပ်ကို ဝေဖန်ရာတွင် ပညာသားပါပါ သတိကြီးစွာနှင့် ရေးသားရသည်။ အစိုးရက တခုခုလုပ်သည်ဆိုလျှင် ပထမဆုံးစာပိုဒ်တွင် အားကြီးကောင်း၊ အများကြီးကောင်း၊ အလွန်ကောင်းဟု ထောက်ခံရေးသားရပါသည်။ နောက်စာပိုဒ်များတွင်မှ “ဒါကလေးက နငယ်အမြီးတိုနေတာကြောင့် အမြီးဆက်ပါဦး၊ ဒီကိစ္စကိုတော့ ပြုပြင်သင့် ပါတယ်” ဟု ရေးရပါသည်။ စစ်အစိုးရခေတ်တွင်မှ အသစ်ပေါ်ပေါက်လာသော ထိုသို့ စာရေးနည်းကို သတင်းစာ ဆရာများက ထောက်ကွက်ရေးနည်းဟု ခေါ်ကြပါသည်။ ထောက်ခံရင်း ကန့်ကွက်သည်ပါပေ။
စာဖတ်ပရိသတ်များက မျက်စိရှင်ကြသည်။ မည်သည့်စာရေးဆရာက မည်နှယ်ကြောင့် မည်သို့ရေးသည်ဟု သိကြပါသည်။ မည်သူသည်မူ စစ်အစိုးရထံမှ ရထားသည့် အခွင့်အရေးများကြောင့် မျက်စိမှိတ် ထောက်ခံနေသည် ကိုလည်း သိကြပါသည်။ တင်မောင်၏ စာများကို လူထုက နားလည်က လက်ခံကြသည်။ သို့သော် ဘေးအန္တရာယ် ကြီးမားသည်။
တင်မောင်၏ ဆောင်းပါးများသည် တောခိုနေသော ဦးနု၏ လမ်းစဉ်ဖြစ်ပါသည်။ ထိုဆောင်းပါးမျိုးများကို ဆက်လက်ပြီး ရေးခွင့်ပြုနေလျှင် မိမိလုပ်ဆောင်မှုများ ပျက်ပြားစေပါသည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးဘညိမ်းက စာတမ်းကြီးတစောင် ပြုစုပြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် အစိုးရအဖွဲ့သို့ တင်သွင်းသည်။ တင်မောင်က ၀န်ကြီး ဦးဘညိမ်း ရေးဆွဲသော ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်များကို ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့် သူက စိတ်ဆိုး ပါသည်။ အမှန်အားဖြင့် တင်မောင်အား ဘတ်ဂျက်ငွေစာရင်းကို လေ့လာဝေဖန်နည်း ပညာသင်ပေးသူမှာ ဦးဘညိမ်းပင် ဖြစ်ပါသည်။ သူက အိုင်စီအက်စ် အတွင်းဝန်ရာထူးမှ ထွက်ပြီး အလုပ်သမားလယ်သမားပါတီကို တည်ထောင်စဉ်က၊ ဖဆပလ အစိုးရ၏ ဘတ်ဂျက်များကို ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့စဉ်က (၆)နာရီကြာ ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲကို အစအဆုံး တက်ရောက်ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် သူက မနက်ဖြန် လာခဲ့ဦးလို့ ခေါ်ပြီး သင်ပေးခဲ့ပါသည်။ ပြည်သူ့အကျိုးပြုအတွက် သုံးသည့် ငွေစာရင်းနှင့် ပြည်သူများကို ဖိနှိပ်ရန် သုံးသော ငွေစာရင်း ခြားနားပုံကို သူက အသေးစိတ်သင်ပေးပါသည်။ ယခုမူ သူရေးဆွဲသော ဘတ်ဂျက်ဖြစ်သဖြင့် ဝေဖန်သည်ကို မခံနိုင်ရှာ။
မဆလပါတီတွင် နေရာရသူ စစ်ဗိုလ်များနှင့် လက်နက်ချ ကွန်မြူနစ်များကလည်း မကျေနပ်ကြောင်း တကျက်ကျက် ဝေဖန်ရန်ပြုကြပါသည်။ စစ်ဗိုလ်ဆောင်းပါးရှင်တဦး “တင်မောင်ရဲ့ မျက်လုံးကို ဖောက်ပြီး သတ်စား မည်” ဟု ရေးသည်အထိ ပြင်းထန်စွာ တိုက်ကြပါသည်။ သို့စေကာမူလည်း ဗိုလ်ချုပ်ကြီးက ရေးစေဟု အခွင့်လိုင်စင် ပေးထားသော တင်မောင်၏ ဆောင်းပါးများကို အစိုးရက အရေးမယူဘဲ ကြည့်နေပါသည်။ သို့သော် စာရေးသူမှာ မုန်းတီးသူ ပေါများနေလေပြီ။
သတင်းစာဆရာတဦးအဖို့ ပင်တိုင်ဆောင်းပါးရှင်ရာထူးထက် မြင့်မြတ်တဲ့ရာထူး မရှိတော့ပါ။ မိမိကလောင်ကို မိမိပိုင်ပြီး မိမိပိုင်ပရိသတ်ရှိသည့် ဓမ္မကထိကဘ၀ကို သတင်းစာဆရာတိုင်း အိမ်မက်မက်ကြလေ့ရှိပါသည်။ ပရိသတ်ရှိရန်မှာ ပရိသတ်လူထု၏ ခံစားချက်ကို သိပြီး လူထုအကျိုးကို ဦးတည်ရေးနိုင်မှ အောင်မြင်ပါသည်။ တင်မောင်က လူထုက ပေးပို့သော သတင်းများ၊ အကြံပြုချက်များကို အမြဲစာပြန်လေ့ရှိပါသည်။
၁၉၄၈ ခုနှစ်က စတင်ပြီး ဗမာ့ခေတ်တွင် ဆောင်းပါးရှင်ဖြစ်ခဲ့စဉ်ကပင် စာဖတ်ပရိသတ်နှင့် အမြဲဆက်သွယ်လေ့ ရှိခဲ့သည်။ တကြိမ်တွင် ကိစ္စတရပ်ကို ပရိသတ်များစွာက များစွာ စိတ်ဝင်စားသောကြောင့် တပတ်လျှင် စာပေါင်း (၆၀၀၀) ကျော် ပေးပို့ကြသည်အထိ အားပေးကြပါသည်။ ဗမာ့ခေတ်က စောင်ရေ (၂၀၀၀၀) ကျော်ရှိသော ခေတ်ကထက် ကြေးမုံမှာ ပို၍ လွတ်လပ်စွာရေးနိုင်သဖြင့် ပိုပြီး အောင်မြင်ခဲ့ပါသည်။ အောင်ဗလ ဆောင်းပါးပါသည့် နေ့များတွင် အမြဲစောင်ရေ (၅၀၀) တိုးပို့ပါဟု မန္တလေးကိုယ်စားလှယ်က ပုံသေမှာကြားထား သည်။ အလားတူပင် မော်လမြိုင်၊ ပုသိမ်၊ မြိတ် စသော မြို့ကြီးများကပါ စာမူပါသည့်နေ့တိုင်း စောင်ရေပိုပို့ရန် မှာထားလေရာ တင်မောင်က ဆောင်းပါးမှန်မှန်မရေးလျှင် မန်နေဂျာက မျက်နှာမကြည်ခဲ့သည်ကို ခံခဲ့ရသည်။
တင်မောင်အား ဖမ်းဆီးသောနှစ်က မွေးနေ့ဆုတောင်း သ၀ဏ်လွှာများ စာတိုက်မှ ပို့ကြရာ များပြားလွန်းသဖြင့် စာတိုက်မှ (၃) တင်းဝင် ဂုန်နီအိတ်နှင့် (၂) လုံးထည့်ကာ ပို့ပေးသည်။ ဤတွင်မှ စစ်စုံထောက်များက တင်မောင်၏ ပရိသတ်အင်အားကို သိရှိကာ လန့်ဖျတ်သွားသည်ဟု သိရသည်။
မြန်မာစာဖတ် ပရိသတ်သည် အခြားနိုင်ငံမှ ပရိသတ်ထက် အယ်ဒီတာ၊ စာရေးဆရာတို့ထံ စာရေးရန် ၀ါသနာ ထုံကြပါသည်။ ပိုပါသည်။ စာဖတ်သူနှင့် စာရေးသူတို့ စာချင်းဆက်သွယ် ကူယှက်ကြလေ့ရှိကြသည်။ နိုင်ငံရေး ကိစ္စ၊ စာပေရေးရာ ကိစ္စများကို စာချင်းဆက်သွယ်ကြရာမှ သဒ္ဒါလွန်သွားကြသည့် ဇတ်လမ်းအများ ရှိလေသည်။
ဆရာဇ၀န၏ “ဤရူပါရုံ” ၀တ္ထုသည် သူ၏ တကယ့်အဖြစ်အပျက်ဇတ်လမ်းဟု ဆိုပါသည်။ စာရေးဆရာတဦးထံမှ စာပေ၀ါသနာရှင်ကလေးက စာနှင့် ဆက်သွယ်ခင်မင်ခဲ့ကြသည်။ နယ်မှ စာမိတ်ဆွေ ရန်ကုန်သို့ ဆင်းလာသော အခါ ရုပ်ဆိုးလှသူ စာရေးဆရာက လူချောမိတ်ဆွေကို အစားထိုးပြီး တွေ့စေရာက ကိုရုပ်ချောနှင့် ချစ်ကြတော့မလို ဖြစ်သွားသည်။ ကိုရုပ်ဆိုးသည်သာ မူလစာရေးသူ စာရေးဆရာ ဖြစ်သည်ကို အမျိုးသမီးက သိတော့မှ ရုပ်ကို ချစ်တာ မဟုတ်ဘူး၊ စာကိုချစ်တာပါဟု ပြောပြီး စာရေးဆရာ ကိုရုပ်ဆိုးနှင့် ပျော်ရွှင်စွာ ပေါင်းသင်းကြလေသတည်း ဟု ဖွဲ့နွဲ့ရေးထားသည်။ ဆရာနှင့် ဆရာကတော်တို့၏ အဖြစ်မှန်ဟု ဆိုပါသည်။
မြန်မာ့အလင်း အယ်ဒီတာချုပ် ဦးချစ်မောင်ထံ ဆောင်းပါးရှင် ဒေါ်မမလေးက စာရေးဆက်သွယ်ရာမှ ခင်မင်ရင်းနှီး ကြပြီး လက်ထပ်ဖြစ်ခဲ့သည်။
တနေ့တွင် တင်မောင်ထံသို့ ရှုမ၀မှတဆင့် စာတစောင်ရခဲ့သည်။ မန်းတက္ကသိုလ်မှ ကျောင်းသူတဦးက တင်မောင်၏ ပြဇာတ်စာအုပ်ကို ကြိုက်နှစ်သက်လှပါသည်ဟု စာရေးသည်။ တင်မောင်က သူပြုမြဲအတိုင်း ကျေးဇူး တင်ကြောင်း စာပြန်ရာက စာအဆက်အသွယ်ဖြစ်ခဲ့ကြသည်။ သူက မြန်မာစာ ကျောင်းသူဖြစ်ပြီး မဟာဝိဇ္ဇာအတွက် ပြဇာတ်စာပေစာတမ်း ပြုစုရန် ကူညီပါဟု မေတ္တာရပ်သဖြင့် ကူညီရင်း စာအဆက်အသွယ် တိုးများလာခဲ့သည်။ စာချင်းရင်းနှီးလာသောအခါ ၀ါသနာတူသူ အချင်းချင်း စာအားဖြင့် ရင်းနှီးရသည့် အရသာက ကြီးသည်။ နေ့စဉ် စာရှည်ကြီး နှစ်စောင်နှုန်း ရေးမိကြသည်အထိ ခင်မင်လာကြသည်။
မန္တလေးတွင် စာမတတ်သူများ ပပျောက်ရေး လူထုအစည်းအဝေးကြီး ကျင်းပသောအခါ ပညာရေးဝန်ကြီး ဒေါက်တာညီညီ၏ အဖွဲ့နှင့် လိုက်သွားရင်း လမ်းကြုံသဖြင့် တက္ကသိုလ်မှာ စာမိတ်ဆွေ ကျောင်းသူလေးကို သွားတွေ့မိသည်။ မမျှော်လင့်ဘဲ ချောမောလှပသူကလေး ဖြစ်နေသည်ကို တွေ့ရသဖြင့် ရူပါရုံ ဖမ်းစားကာ လန့်ဖျပ်သွားမိပါသည်။ တင်မောင်အဖို့ လွတ်လပ်သူဖြစ်စေကာမူ အသက်ကလည်း ကွာလှမ်းလွန်း သောကြောင့် ဆရာတပည့် ရိုးရိုးခင်မင်သင့်ကြသည်မှာ ကောင်းသည်ဟု စိတ်ကို ထိန်းခဲ့ရသည်။ မောင်ကြီး နှမကြီး အဖြစ် နှုတ်ဆက်ပြီး ပြန်ခဲ့မိသည်။
တင်မောင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခြေရာကို နင်းလိုသူဖြစ်ပါသည်။ အသက်ကြီးရင့်လာသောအခါ၌ ဆရာကြီးက သတင်းစာဆရာတို့၏ ဘိုးအေအဖြစ် ရပ်တည်ခေါင်းဆောင်သကဲ့သို့ သူ၏ နေရာကို ရယူလိုပါသည်။ စာပေ၀ါဒအားဖြင့် မှန်ကန်ခြင်း သစ္စာတရားသာ အဓိကထားပြီး ရေးခဲ့ရုံသာမက စာရိတ္တအားဖြင့် ဆရာကြီးကဲ့သို့ ဖြူစင်အောင် ထိန်းသိမ်းပါသည်။ အရက်၊ ဆေးလိပ်ကင်းခဲ့သူ ဖြစ်သည်။ ဆရာကြီး၏ဇနီး ကွယ်လွန်စဉ်က တပင်လဲမူ တပင်ထူရန် မိတ်ဆွေများက တိုက်တွန်းကြသည်ကို “တသက်တခါသာ မိုက်တော့မယ်ကွာ” ဟု ဆရာကြီးက ပြောပြီး အိမ်ထောင်မှု သံယောဇဉ်ဝဲဂယက်က လွတ်အောင် ရုန်းထွက်သည်ကိုလည်း အားကျခဲ့သော ကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် အပေါင်းပါများက ဖျက်ဆီးသဖြင့် ပျက်စီးခဲ့ရသည့် အိမ်ထောင်အတွက် အသစ်ထူထောင်မှု မပြုတော့ဘဲ တသက်တွင် တခါသာ မိုက်တော့မည့် ဆုံးဖြတ်ချက်ရှိခဲ့ပါသည်။
ယခု စာဖတ်ပရိသတ် သိကြသည့်အတိုင်း တင်မောင် သီလပျက်ခဲ့ပါသည်။ စာပေမိတ်ဆွေကလေးနှင့် ရင်းနှီးသည် ထက် ပိုမိုရင်းနှီးလာသည့်အခါ “အဲလေ… ဆရာမှိုင်းကြီးက ငါတွေ့သလို ရုပ်ရည်ချောမောလှပပြီး စာပေ၀ါသနာ တူတဲ့ အမျိုးသမီးကို မတွေ့လို့သာ ရှောင်နိုင်တာပါ။ ငါလို ကြုံလျှင် ဆရာကြီးလည်း မိုက်မှာပါပဲ” ဟု သွားလေသူ ဆရာကြီးကို မဆီမဆိုင် ခလုတ်တိုက်ပြီး အိမ်ထောင်ပြုလိုက်ပါသည်။ အေးလေ… မိုက်လိုက်ပါတယ်။
အိမ်ထောင်သက် နှစ်ပေါင်း အစိတ်ကြာသောအခါတွင်မူ အရွယ်မညီသော်ငြားလည်း ၀ါသနာညီသောကြောင့် အိမ်ထောင်ရေး ခိုင်မြဲခဲ့သည်ကို တွေ့ရပါသည်။ စာပေကိစ္စ၊ နိုင်ငံရေးကိစ္စတို့တွင်ပါ အထောက်အကူ ရရှိသည့် အိမ်ရှင်မ၏ အကူကြောင့် လုပ်ငန်းများ ပိုမို တွင်ကျယ်လေသဖြင့် ‘ဆရာကြီး မှားရှာတယ်။ လူဆိုတာ အဖော်ရှိမှ ပိုမို အောင်မြင်တယ်’ ဟုပင် တွေးမိပါတော့သည်။ ။

Saturday, September 26, 2009

စက်ရုံမီးလောင်သောနေ့

နေ့လည် ၁၂ နာရီ နေ့လည်စာစားဖို့ ကင်တင်းမှာ ကျနော်တို့ ထိုင်နေကြချိန်မှာ မီးသတ်ကားတွေ ဆူဆူညံညံ ဥသြသံပေး၍ စက်ရုံတွင်းသို့ ၀င်လာကြသည်။
စက်ရုံတနေရာမှာ မီးလောင်သောကြောင့် တယောက်ယောက်က မီးသတ်ကားခေါ်လိုက်တာ ဖြစ်မည်။ ကျနော် ကင်တင်းမှာ စားသောက်ပြီး၍ စက်ရုံထဲဝင်လာတော့ ရဲကားတစီး ပြန်ထွက်လာတာကိုလည်း တွေ့လိုက်ရသည်။ စက်ရုံမှာ မကြာခဏ အသေးစားမီးလောင်မှု ဖြစ်ပွားလေ့ရှိသည်။ စက်ရုံသက်တမ်းကလည်း အနှစ်ငါးဆယ် ကျော်ပြီလေ။ ဟိုတလောကလည်း စက်ရုံခေါင်မိုးပေါ်မှာ လျှပ်စစ်ဝါယာတွေ ရှော့ခ်ဖြစ်ပြီး မီးလောင်သေးသည်။
မီးသတ်ကားတွေ မီးသတ်နေရာ စက်ရုံအနောက်ဖက်ခြမ်းကို ကျနော်ရောက်လာတော့ မီးသတ်သမားတွေ အလုပ်ရှုပ်နေကြသည်။ အလုပ်ရှုပ်နေသော မီးသတ်သူတွေကြားထဲ တွေ့လိုက်ရတာက ကင်မရာတလုံးနှင့် ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်နေသော သတင်းထောက်တဦးကိုပဲ ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားသည်နှင့် မီးသတ်ကားများ၊ ရဲများနှင့် အတူရောက်လာတတ်သည်က သတင်းထောက်ပဲ ဖြစ်သည်။ သတင်းစာလွတ်လပ်ခွင့်ရှိသည့် နိုင်ငံမို့ သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူနေသည်ကို မကြာခဏ တွေ့ရတတ်သည်။
ကင်မရာတလုံးနှင့် ဓာတ်ပုံတွေ ရိုက်နေသော သတင်းထောက်ကို ကြည့်ရင်း စက်ရုံမီးလောင်တာကို ကျနော်လည်း မှတ်တမ်းတင်ချင်လာသည်။ သို့နှင့် ဟန်းဖုန်းမှာ ပါသည့် ကင်မရာနှင့် ဗီဒီယိုရိုက်လိုက်သည်။ ယခုကျနော် သုံးနေသည့် ဖုန်းမှာ Sony Ericsson C510 ဖြစ်သည်။ ဟန်းဖုန်းနှင့် ဗီဒီယိုရော ကင်မရာပါ ရိုက်လို့ရသည်ဆိုတော့ ကျနော်ရောက်လေရာ ထူးခြားသည်ထင်သည်တို့ကို မှတ်တမ်းတင်လို့ရသည်လေ။
စီတီစင်ဂျာနယ်လစ် ဘလော့ဂါ ကျနော်ကိုယ်တိုင်ရိုက်ထားသည့် စက်ရုံမီးလောင်သည့် ဗီဒီယိုကို အားလုံးကြည့်လို့ရအောင် အင်တာနက်ပေါ် တင်ပေးလိုက်ပါသည် ခင်ဗျား ။ ။


Sunday, September 20, 2009

(၃၈) ပြည်သူပိုင်သတင်းစာများ ကြီးကြပ်ရေးမှူး (ကြေးမုံဦးသောင်း)

ထောင်မှထွက်ခဲ့ပြီး ရက်သတ္တပတ် သုံးပတ်ကြာသောအခါတွင် တင်မောင်သည် နိုင်ငံတော်အစိုးရ၏ ၀န်ထမ်း အရာရှိတဦး ဖြစ်လာတော့သည်။ “မင်းမှုထမ်းဖြစ်စေ” ဟု ဦးနေ၀င်းက မန်းမှုတ်လိုက်သောကြောင့် အစိုးရအရာရှိ ဖြစ်လာသည်။ တင်မောင်တို့၏ အမျိုးထဲတွင် မင်းမှုထမ်းတဦးမှ မရှိခဲ့ပေ။ အစိုးရအရာရှိဖြစ်ရန် အိမ်မက်ပင် မမက်ခဲ့သူ ဖြစ်သည်။
‘ပြည်သူပိုင်သတင်းစာ ကြီးကြပ်ရေးမှူး’ ဟု ရာထူးသစ်တခုကို ဖန်တီးပြီး ခန့်ထားခဲ့သည့်နောက်ပိုင်းတွင် သတင်းစာ ကော်ပိုရေးရှင်းဖွဲ့သောအခါ၌ သတင်းဘက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူးရာထူးသို့ တိုးပေးသောအခါတွင် တင်မောင်အတွက် အထူးတီထွင်ထားသော ရာထူးကို မည်သူကိုမှ ခန့်အပ်ထားခြင်းမပြုဘဲ လစ်လပ်ထားခဲ့လေ သည်။
ရာထူးရရှိသည့် အချိန်က အစိုးရပိုင် သတင်းစာငါးစောင်သာ ရှိသည်။ အစိုးရက ထုတ်ဝေသော လုပ်သားပြည်သူ့ နေ့စဉ် မြန်မာသတင်းစာ၊ Working People’s Daily အင်္ဂလိပ်သတင်းစာ၊ ကြေးမုံသတင်းစာ၊ Guardian အင်္ဂလိပ် သတင်းစာနှင့် ဗိုလ်တထောင်သတင်းစာ စုစုပေါင်း (၅) စောင်ရှိပါသည်။ ကြေးမုံအား (၁၉၆၄) ခု၊ စက်တင်ဘာလ (၁) ရက်နေ့က ပြည်သူပိုင်ပြုသောအခါတွင် ဦးသိန်းဖေမြင့်က ‘မိမိသည် တော်လှန်ရေးအစိုးရကို ယုံကြည်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံသူဖြစ်ပါသည်’ ဆိုကာ သူပိုင်သည့် ဗိုလ်တထောင် သတင်းစာကို တော်လှန်ရေးအစိုးရသို့ လှူဒါန်းလိုက်ခဲ့သည်။ (ဒင်းတို့ကို မနိုင်လျှင် သူတို့နှင့် ပေါင်းလိုက်ဟူသည့် လမ်းစဉ်ကို ဦးသိန်းဖေမြင့်လည်း လုပ်ဆောင်ခဲ့ပါသည်) ၁၉၆၄ ခု၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဗိုလ်တထောင်သည် ပြည်သူပိုင် သတင်းစာဖြစ်လာသည်။ (၅) ရက်ကြာသောအခါတွင်မူ အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေနေသော Guardian သတင်းစာကို ပြည်သူပိုင် ပြုခဲ့ပြန်ပါသည်။
၁၉၆၅ ခုနှစ်က စတင်ထုတ်ဝေသော Guardian သတင်းစာသည် ၀တ်လုံတော်ရ ဒေါက်တာမောင်မောင်ပိုင်သော သတင်းစာဖြစ်ပါသည်။ ဆရာမောင်မောင် အမေရိကန်သို့ ပညာတော်သင်သွားရသဖြင့် သတင်းစာကို ပိတ်ရမည် ဖြစ်နေသည့်အခါတွင် စစ်တပ်မှ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးတင်ဖေတို့ (၃) ဦးက ကာကွယ်ရေးဝန်ဌာနမှ အသုံးစရိတ်မှ ငွေကို စာရင်းလှည့်ကာ ထုတ်ယူပြီး မိမိတို့ပိုင် ငွေပင်ငွေရင်း အဖြစ် မြှုပ်နှံကာ Guardian ကို ၀ယ်ယူခဲ့ပါသည်။ သူတို့ (၃) ဦးပိုင်သတင်းစာအဖြစ် ဆက်လက်ထုတ်သောအခါမှာ အကြီးအကျယ် တိုးချဲ့ခဲ့ပါသည်။ တပ်မတော်သက်သာချောင်ချိရေး စီးပွားလုပ်ငန်း BEDC မှ ၀ယ်ယူထားသည့် John Dickson Company သို့ ရွှေ့သည်။ မူလက စက္ကူနှင့် ပုံနှိပ်ပစ္စည်းများ ရောင်းချသော အင်္ဂလိပ်ကုန်တိုက်ကြီး များသို့ ရွှေ့ကာ ကျကျနန တိုးချဲ့စေကာမူ စစ်တပ်ဝါဒဖြန့်သတင်းများ ဖြစ်သောကြောင့် စောင်ရေမတက်ပါ။
ဦးလောရုံ၏ နေးရှင်းသတင်းစာကို မမီပါ။ အရှုံးများသဖြင့် စစ်တပ်ရန်ပုံငွေများကို အမြောက်အများနှင့် နှစ်စဉ်ထောက်ပံ့ခဲ့ရသည်။ ဗိုလ်မှူးကြီးသုံးဦးပိုင်သယောင်နှင့် မရှင်းမရှင်း စစ်တပ်ရန်ပုံငွေနှင့် ထုတ်သည့် သတင်းစာကို ဗိုလ်ချုပ်ကြီးနေ၀င်းက သဘောမကျဟု သိခဲ့ရသည်။ ထိုကြောင့် ကြေးမုံ၊ ဗိုလ်တထောင်သိမ်းပွဲနှင့် အတူ စစ်တပ်ပိုင်သော Guardian ကို ပြည်သူပိုင်အဖြစ် ရောနှောသိမ်းခဲ့သည်။
ပြည်သူပိုင်သတင်းစာ (၅) စောင်နှင့် မဂ္ဂဇင်းများကို ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန် ဗိုလ်မှူးတင်ထွန်းက ဥက္ကဋ္ဌအဖြစ် ဦးစီးသော ကြီးကြပ်ရေးအဖွဲ့က အုပ်ချုပ်သည်။ တင်မောင်၏ တာဝန်မှာ ပြည်သူပိုင်သတင်းစာများ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် အဖွဲ့အစည်းအဝေး များတွင် တက်ရောက်ကာ ပြည်သူပိုင်သတင်းစာမဂ္ဂဇင်းများ၏ စာနယ်ဇင်းဆိုင်ရာ လုပ်ငန်းချွတ်ယွင်းမှုများကို ထောက်ပြရသည်။ ပုဂ္ဂလိက သတင်းစာများကို ပြည်ထဲရေးဝန်ကြီး ဌာနက ကွပ်ကဲ၏။
မြန်မာ့အလင်းနှင့် ဟံသာဝတီသတင်းစာကြီးနှစ်စောင်က ပုဂ္ဂလိကသတင်းစာများအဖြစ် မှေးလိုက်နေကြသည်။ မန္တလေးတွင် လူထုသတင်းစာရှိသည်။ တရုတ်-ဗမာ အရေးအခင်းဂယက်ကြောင့် ၁၉၆၇ ခု၊ ဇူလိုင်လ (၇) ရက်နေ့ တွင် ရပ်စဲလိုက်ရသည်။
လူထုသတင်းစာအဖို့ သတင်းစာ အသက် (၂၁) နှစ်တွင် စုတေစိတ်ကျရရှာသည်။ အသက် (၁၈) နှစ်ရှိသည့် ဗဟိုစည် သတင်းစာမှာ ရဟန်းတပါး၏ ကြေညာကို ဖော်ပြမိသောကြောင့် အယ်ဒီတာရော ပိုင်ရှင်ကိုပါ ဖမ်းပြီး သတင်းစာကို ပိတ်လိုက်ကြရသည်။
ဟိန္ဒူသတင်းစာ (၂) စောင်၊ တမယ်လ်သတင်းစာ၊ တယ်လဂူသတင်းစာနှင့် တရုတ်သတင်းစာ (၅) စောင်တို့ကို ၁၉၆၆ ခု၊ ဇန်န၀ါရီလ တရက်နေ့က ပုံနှိပ်ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သောကြောင့် ဘာသာခြား သတင်းစာများ အားလုံးပိတ်ကြရသည်။
၁၉၁၄ ခုနှစ်က စတင်ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာနှင့် ၁၉၄၇ ခုနှစ်က စတင်ထုတ်ဝေသည့် ဟံသာဝတီသတင်းစာတို့ကို ၁၉၆၉ ခုနှစ်တွင် ပြည်သူပိုင်သိမ်းပြန်ပါသည်။ မကြာသေးသောကာလက မိမိပိုင်သတင်းစာကို ပြည်သူပိုင်အသိမ်းခံခဲ့ရသော တင်မောင်အား မြန်မာ့အလင်းသတင်းစာတိုက်သို့ သွားကာ ပြည်သူပိုင်သိမ်းစေဟု တာဝန်ပေးသောအခါ ကံကြမ္မာ၏ ဆန်းကြယ်ပုံကို သတိပြုမိသည်။ မိမိ၏ စိတ်ထဲ၌ ခံစားခဲ့ရသကဲ့သို့ တိုက်ရှင်များ ခံစားကြရမည်ကို ကိုယ်ချင်းစာနာပြီး စိတ်မကောင်းဘဲ ဆောင်ရွက်ခဲ့ရပါသည်။ တော်ပါသေးသည်။ ပိုင်ရှင်များက လိုလိုလားလား လွှဲပေးကြသည်။ စစ်အစိုးရ၏ လက်အောက်၌ သတင်းစာထုတ် ရသည်မှာ မလွယ်ပါ။ မှန်ရာကို ရေး၍မရသောကြောင့် စောင်ရေကကျပြီး စက္ကူဈေးကကြီး၊ အလုပ်သမားစရိတ်က ကြီးသဖြင့် အရှုံးပေါ်နေကြပါသည်။ အကြောက်ဆုံးမှာ တခုခုမှားပြီး ပုံနှိပ်မိလျှင် ပိုင်ရှင်ကိုပါ တနွယ်ငင် တစင်ပါ ဖမ်းတတ်လေသဖြင့် သတင်းစာတိုက်ကြီးကို “မောင်မင်းကြီးသားတို့ ယူတော်မူပါ” ဟု ထိုးအပ်ကြရှာ၏။ ဟံသာဝတီသတင်းစာကို မန္တလေးသို့ ပို့ပြီး ထုတ်ဝေသည်။ မြန်မာ့အလင်းက ရန်ကုန်မှာပင် ဆက်လက်ထုတ် ပါသည်။ ပုဂ္ဂလိကပိုင်သတင်းစာများ ပျောက်ကွယ်သွားရသည့်နောက်တွင် ပြည်သူပိုင်သတင်းစာ အစုစု (၇) စောင် ဖြစ်လာပါတော့သည်။
သတင်းစာကြီးကြပ်ရေးရာထူးနှင့် စတင်စဉ်က တင်မောင်၏ ရုံးခန်းမှာ ခန့်ညားလှပါသည်။ မိမိ ရုံးမတက်ရသေးကပင် ဗီရိုကြီး၊ စားပွဲကြီး၊ ဆုံလည်ကုလားထိုင်ကြီး အသစ်စက်စက်များကို ပြင်ဆင်ထားသည်။ တင်မောင်၏ လစာစကေးနှုန်းနှင့် ဤကဲ့သို့ အခန်း၊ ဤနှယ်စားပွဲ မပေးရပါ။ ဗိုလ်ချုပ်ကြီးက ရာထူးခန့်သူဖြစ်သဖြင့် အတွင်းဝန်စစ်ဗိုလ်က လန့်ဖျပ်ပြီး ဤသို့ အဆင့်မြင့်မြင့် စီစဉ်စေသည်ဟု သိရသည်။
ထောင်နန်းစံဘ၀က ဗိုလ်ချုပ်ကြီး၏ အကျဉ်းသားအဖြစ် အထူးအခွင့်အရေး ရခဲ့သကဲ့သို့ ပြန်ကြားရေးမှာ အထူးအခွင့်အရေး ခံစားရပြန်သည်။ ကံကြမ္မာဟုပဲ ဆိုရပါမည်။
(၁၃) နှစ်ကျောင်းသားဘ၀က နိုင်ငံရေးစိတ်ဓာတ် မျိုးစေ့ချပေးခဲ့ရာတွင် ကျောင်းသားကြီးနှစ်ဦးတို့က ကြီးစွာ လောင်းရိပ်ပေးခဲ့ပါသည်။ တယောက်က တပ်မတော်၏ ခေါင်းဆောင်တဦးဖြစ်လာသူ ဗိုလ်မှူးကြီးကြည်ဝင်း၊ ကျန်တယောက်က အလံနီပါတီတွင် ထိပ်သီးခေါင်းဆောင်ဖြစ်လာသည့် ကိုနေ၀င်းခေါ် ရဲနီစံညွန့် ဖြစ်သည်။ ကိုကြည်ဝင်းက ကျောင်းသားသပိတ် တရားပွဲစင်များပေါ်သို့ တင်ပေးသည်။ မြေအောက်ကျောင်းသား လှုပ်ရှားမှု စစ်လက်နက် ကိုင်တွယ်သုံးစွဲနည်းနာ စာတမ်းများကို ပေးသည်။ ကိုနေ၀င်းက မာ့က်စ်ဝါဒ သင်တန်းအမျိုးမျိုးကို တက်စေခဲ့သည်။ မိမိ၏ ကိုယ်ပိုင်ဉာဏ်နှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသော အရွယ်သို့ ရောက်လာသည့်အခါတွင်မူ စစ်တပ်ထဲ မ၀င်ဖြစ်သကဲ့သို့ အလံနီပါတီဝင်လည်း မဖြစ်ခဲ့ပေ။
မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးကို ဦးတည်လုပ်ဆောင်ရာ၌ စာနယ်ဇင်းများသည် အဓိက အင်အားဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်သောကြောင့် သတင်းစာ လောကထဲသို့ ၀င်ခဲ့သည်။ သတင်းမှန်များ ရှာဖွေ ထောက်လှမ်းရေးသားပြီး မှန်ကန်သည့် ဝေဖန်ဆန်းစစ်မှုကို ပြုလုပ်ဆောင်ရွက်ခြင်းသာ နိုင်ငံ၏ လွတ်လပ်ရေး ရရှိမှု၊ ထိန်းသိမ်းမှုအားအင် ဖြစ်သည်ဟု ပြင်းထန်စွာ ယုံကြည်ခဲ့သည်။ မိမိ ယုံကြည်ချက်အတိုင်း ရေးသားခွင့် ရရှိမည်ဆိုပါက ဗမာ့ခေတ်ကဲ့သို့သော ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းစာတွင် လုပ်ကိုင်ရန်လည်း ၀န်မလေးခဲ့ပါပေ။
ဗမာ့ခေတ် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်စဉ်က ညတည၌ သာဗိန္ဒအမည်ရှိ မှော်ဆရာတဦး ပေါက်လားသည်။ မျက်နှာကြီး လူကြီးတဦး၏ ဇနီးနှင့် အရှုပ်အရှင်းကိစ္စကို ပြောပြသည်။ သတင်းကောင်းတပုဒ်ဟု ယူဆသောကြောင့် တဖွဲ့တနွဲ့ ရေးလိုက်မိသည်။ မှော်ဆရာသည် အမြို့မြို့အရွာရွာတွင် မိန်းမသိုက်တူးနေသည်ကို သိရသောကြောင့် အမျိုးသမီးများ ရှောင်ရှားနိုင်ရန် သတင်းအဆက်ဆက်ရေးနိုင်ခဲ့သည်။ လူထုက များစွာ စိတ်ဝင်စားခဲ့သည်။ ထိုကဲ့သို့ အညှီအဟောက် သတင်းရေးသည်မှာ တပ်မတော်က ရန်ကြီးအောင် စစ်ဆင်ရေးနှင့် တရုတ်ဖြူများကို တိုက်ထုတ်နေသည်ကို သိမ်ငယ်အောင်ပြုသည်။ အမေရိကန် စီအိုင်အေက ငွေပေးသဖြင့် ရေးသည်ဟု စစ်တပ်က စွပ်စွဲခဲ့သည်။ တင်မောင်အဖို့ ပထမဆုံးမဆီမဆိုင် ယိုးစွပ်မှုကို ခံခဲ့ရသည်။ အမေရိကန်ဘက်သားဟု စစ်တပ်က ယိုးသည်ကို ခံရသည်။
၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရက လက်ဝဲ၀ါဒီများ ချေမှုန်းရေးစစ်ဆင်ပြန်သောအခါတွင်မူ တင်မောင်အား ကွန်မြူနစ်ကြီးတဦးအဖြစ် ရန်ရှာပြန်သည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး စစ်တပ်က ဆိုရှယ်လစ်နိုင်ငံတည်ထောင် ပြန်သောအခါ၌ တင်မောင်အား အမေရိကန်၏ သူလျှိုဒလန်အဖြစ် ရန်ပြုပြန်သည်။ ယခု ဗိုလ်ချုပ်ကြီးက ရာထူးခန့်မှသာ တင်မောင်နှင့် စစ်တပ်တို့ အညမည မဟာမိတ်ဖြစ်လာတော့သည်။
အင်းစိန်ထောင်မှူး ဦးကျော်မင်းက ရုံးကိစ္စနှင့် တင်မောင်၏ရုံးကို ရောက်လာသော အခါတွင် “နားမလည်နိုင်ဘူးဗျို့။ အရင်ပတ်တုန်းက ခင်ဗျားဟာ တိုင်းပြည်ရဲ့ရန်သူဆိုပြီး ဖမ်းဆီးထားတာမို့ ကျုပ်တို့က ချုပ်နှောင်ထားခဲ့တယ်။ အခုတော့ တိုင်းပြည်ရဲ့တာဝန်ကို ထမ်းရတဲ့ အမှုထမ်းကြီးဖြစ်နေပြန်ပါလား။ ဘယ်လိုလဲဗျ” ဟု မေးသည်။
မိမိကိုယ်တိုင်ကလည်း မသိလေသောကြောင့် “နောဇာ နာမိ - ငါမသိ” ဟု မိမိရေးခဲ့ဖူးသော ဆောင်းပါးခေါင်းစဉ်ကို ရွတ်ပြလိုက်မိသည်။ ။

Sunday, September 13, 2009

VZO မှာ တရားနာ


ကမ္ဘာအရပ်ရပ်ရှိ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ အစရှိသော တရားတော်များကို စိတ်ဝင်စားသော ဗုဒ္ဓဘာသာ ကလျာဏ အနွယ်ဝင် သူတော်စင်များသည် လန်ဒန်မြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာက လန်ဒန်စံတော်ချိန် ည ၇ နာရီခွဲမှ စတင်ကာ အပတ်စဉ်စနေနေ့တိုင်း ဟောကြားပေးနေသော ၀ိပဿနာတရားကို VZO မှတဆင့် နာယူနိုင်ပါသည်။
တရားနာမည့်ပုဂ္ဂိုလ်သည် VZO တွင် ID တခု ရှိရမည်ဖြစ်ပြီး မိမိကွန်ပြူတာတွင်လည်း VZO ကို အနည်းဆုံး ဗားရှင်း 6.2 အထက် install လုပ်ထားရမည်ဟု ဆိုသည်။ ထို့နောက် မိမိ VZO ၏ Address Book တွင် mogoktalk ကို add လုပ်ရမည်။ တရားပွဲ စီစဉ်သူများက မိမိအား သိရှိနိုင်ရန်အတွက် လန်ဒန် မိုးကုတ်ဝိပဿနာ ရိပ်သာသို့ ဖုန်းဖြင့် ဖြစ်စေ၊ အီးမေးလ်ပို့၍ ဖြစ်စေ မိမိ တရားနာ နာယူလိုကြောင်းနှင့် မိမိ နေထိုင်ရာအရပ်၊ အသက်အရွယ်၊ အမည်နာမ နှင့် VZO ID တို့ကို အကြောင်းကြားထားရန်လိုအပ်ပါသည်။ ဖုန်းနံပါတ်နှင့် ဆက်သွယ်ရန် အီးမေးလိပ်စာများကို လန်ဒန်မိုးကုတ်ရိပ်သာ၏ အင်တာနက် စာမျက်နှာ www.mogok.co.uk တွင် ရယူနိုင်ပါသည်။ သံသရာမှ လွတ်ကြောင်း တရားကောင်းကို အားထုတ်နိုင်သူများ ဖြစ်ကြပါစေ။ ။

Saturday, September 5, 2009

(၃၇) ဗိုလ်ချုပ်ကြီးက ကျောကိုသပ်ကာ ကြိုဆိုခြင်း (ကြေးမုံဦးသောင်း)

ရှင်လိင်ပြန်သောနေ့၊ အိမ်ထောင်ကျသောနေ့နှင့် ထောင်မှ လွတ်သောနေ့တို့သည် အပျော်ဆုံးနေ့များ ဖြစ်သည်ဟု ဆိုရိုးရှိ၏။ တင်မောင်မကြားချင်သည့် သံတိုင်၊ သံတံခါးကို သော့ခလောက်ကြီးနှင့် ရိုက်ခတ်သည့် အသံဆိုးကြီးကို မကြားရတော့ပါ။ နေ့စဉ် နှစ်ကြိမ်နှစ်ခါ ထောင်မှူးက လူစာရင်းစစ်တိုင်း အိပ်ရာထိပ်တွင် ထိုင်ပြီး “ကျနော်ရှိပါတယ် ခင်ဗျား” ဟု ပုံစံပြရသော ၀ဋ်ကြွေးမှ လွတ်မြောက်ပါပြီ။ ည (၁၂) နာရီ ချုပ်ထားမှုမရှိတော့ဘဲ သွားလိုရာ သွားနိုင်ပါပြီ။ ဘာမလုပ်ရ၊ ညာမလုပ်ရ ဟူသည့် ထောင်မိန့်၊ ထောင်စည်းကမ်းများ မရှိတော့ပြီ။ ညံ့ဖျင်းသော မနက်စာ၊ ညစာတို့ကို မမြင်ရသောကြောင့် လွတ်လပ်သည့် အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားစံစားနိုင်ပါပြီ။
“လွတ်ပြီတဲ့ ကျွတ်ပြီ
ကျွတ်ပြီတဲ့ လွတ်ပြီ၊
နေမင်းမောင် လင်းရောင်ညွတ်၊
ဒေါင်းလွတ်ခဲ့ပြီ”
ထောင်ကအထွက် ကားပေါ်တွင် အတူလွတ်ကြသူ ဆရာဒဂုန်တာရာ၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ဆရာမင်းသုဝဏ်၏ ကဗျာကလေးကို ရွတ်ဆိုကြည်နူးရသော ရသကို မေ့မရနိုင်ပေ။ ဖရဏာပီတိဂွမ်းဆီထိ မိမိ တကိုယ်လုံး အရည်ပျော်နေသည်ဟု ထင်မိသည်။ မိမိရင်ဘတ်ကို လက်နှင့်ဖေးပြီး ထိန်းထားမိသေးသည်။
ထောင်ကြီးပြန်များကို စစ်စုံထောက်များက ပက်လက်ထရပ်ကားကြီးနှင့် အိမ်အရောက်ပို့ပေးသည်။ ဆရာတာရာ အိမ်ပြီးမှ တင်မောင်၏အိမ်သို့ ရောက်သည်။ “ဟောဗျ” ညည်းညူရပြန်သည်။ တင်မောင်များစွာ မုန်းတီးလှသည့် သော့ခလောက်တခုက ၀င်းဝမှ မျက်စိမျက်နှာပျက်ပျက်နှင့် ဆီးကြိုနှုတ်ဆက်သည်ကို ရင်ဆိုင်ရပြန်သည်။ ခြံတံခါး မှာ သော့ခတ်ပြီး ပိတ်ထားသည်။
မိမိ၏ခြံဝ၌ ထိုင်ရမလို၊ ထရမလို ယောင်တီးယောင်န ဖြစ်နေမိတော့သည်။ တဘက်ခြံတွင်နေသူ ဗိုလ်ချုပ်ကြီး နေ၀င်း၏ ညီ ဦးသိန်းညွန့် မြင်သဖြင့် ကပျာကယာ ထွက်လာပါသည်။ “မွန်းတည့်နေပြီဗျ။ ကျနော်တို့ ထမင်းစားတော့မလို့၊ လာဗျာ ထမင်းစားလှည့်ပါ” ဟု ဖိတ်ခေါ်ပါသည်။ သူ၏ဇနီးသည် ထမင်းဟင်းအချက်ကောင်း သူ ဖြစ်သဖြင့် ပထမဆုံးစားရသည့် လွတ်လပ်သော နံနက်စာမှာ ဖွယ်ဖွယ်ရာရာ ရှိလှပါ၏။ သို့သော် ချို၏၊ ငံ၏ မသိလိုက်ရပါ။
တင်မောင်အဖို့ ရှင်လိင်ပြန်စဉ်ကကဲ့သို့ မပျော်နိုင်တော့ပါ။ ဒဂုန်တာရာ၏ အိမ်သို့ ရောက်စဉ်က သူ၏အိမ်သားများ တစုတရုံး ၀မ်းသာအယ်လဲ ကြိုဆိုကြပါသည်။ တင်မောင်မှာ ကိုယ်ပိုင် ခြံဝင်းတွင်းသို့ပင် မ၀င်နိုင်ပါ။
တင်မောင်၏ဘ၀သည် ပျက်စီးကြေမွသွားလေပြီ။ တင်မောင်သာမဟုတ်ပါ။ တင်မောင်နှင့်အတူ လွတ်လာကြသော ထောင်ထွက်အများတို့၏ ဘ၀များစွာတို့မှာလည်း ပျက်စီးသွားကြရှာပါသည်။
စစ်အစိုးရက အကြောင်းကြောင်းနှင့် ဖမ်းဆီးသူက များပြီး ပြန်လွှတ်သူဦးရေက နည်းပါးလှပါသည်။ မည်သူ့ကိုမှ သားမယားနှင့် တွေ့ဆုံခွင့် ထောင်ဝင်စာမပေးပါ။ အများစုမှာ စာအဆက်အသွယ်ပင် မပြုကြရပါ။ ထောင်တွင်း ရောက်သွားသည်နှင့် ပြင်ပတွင် ကျန်ရစ်သော မိမိ၏ မိသားစု၏ သတင်းကို မသိရတော့ပါ။ အလားတူပင် ပြင်ပ၌ ကျန်ရစ်သူ မိသားစုအဖို့လည်း မိမိ၏ ခင်ပွန်း၏အကြောင်းကို သေသည်ရှင်သည်ပင် မသိကြရပါ။ ရာဇ၀တ် ပြစ်ဒဏ်အရ ထောင်ကျသူများအဖို့ မည်သည့်နေ့၊ မည်သည့်ရက်တွင် လွက်မြောက်မည်ကို သိကြရသော်လည်း နိုင်ငံရေးနှင့် ထိန်းသိမ်းထားသူများမှာ မည်သည့်ရက်တွင်မှ လွတ်လေမည်ကို မသိကြရပါ။ ပြင်ပတွင် ကျန်ရစ်သူများအဖို့ စားဝတ်နေရေး အခက်အခဲကလည်း ကြီးမားလှပါသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စစ်တပ်က လက်တည့်စမ်းချိန်ဖြစ်သဖြင့် ပိုမို ခက်ခဲကြရပါသည်။
မျက်စိအောက်မှ ပျောက်ကွယ်သွားသော မိမိတို့ခင်ပွန်းများ၏ မျက်နှာကို ပြန်လည်မြင်ကြရဦးမည်လော၊ ပြန်လာဦးမည် ဆိုပါက မည်သည့်ရက်တွင် ပြန်လာမည်နည်းဟု မသိကြရခြင်းသည် လူထုက စစ်အစိုးရကို ပိုမို ကြောက်လန့်စေမည်ဟု ယူဆကာ ဖမ်းထားသူများနှင့် သားမယားဆက်သွယ်မှုကို တင်းကြပ်စွာ ပိတ်ပင်ခဲ့ပါသည်။ ထိုကြောင့် ထိန်းသိမ်းခံအများစုတို့ အိမ်ထောင်များ ပျက်ကြရပါတော့သည်။ စစ်တပ်က ဖျက်ဆီးချေမှုန်းလိုက်သော မိသားစုဦးရေ အထောင်အသောင်းတွင် တင်မောင်၏ မိသားစုတစုလည်း အပါအ၀င် ဖြစ်ရပါတော့သည်။
ထောင်ကလွတ်ပါလျက် အရှုံးပေါ်ရစေကာမူ အရှုံးတွေထဲတွင် အမြတ်ကြီးစွာ ရရှိသည်ကို မဲရပေတော့မည်။ မိမိ ဖတ်လိုရာ စာများကို ဖတ်နိုင်ခွင့် ပြန်လည်ရရှိပါပြီ။ ဤကမ္ဘာကြီးတွင် စာအုပ်များနှင့် မဂ္ဂဇင်းဂျာနယ် ထုတ်လုပ်မှု အင်အားက များစွာ ကြီးမားလွန်းပါသည်။ လူတဦး၏ တသက်တာအဖို့ မိမိဖတ်သင့်သော စာအုပ်များကို ဖတ်ရန်ပင် အချိန်မလုံလောက်ပါ။ လူ၏ သက်တမ်းက တိုနေပြီး ဖတ်ရမည့်စာအုပ်က များပြားလွန်းပါသည်။ ထိုကြောင့် မိမိအဖို့ အရသာအရှိဆုံးစာပေနှင့် မိမိဖတ်သင့်သော စာပေကို ရွေးချယ်ဖတ်ရှုနိုင်မှသာ လူတန်းစေ့ မီနိုင်ပါသည်။ ဘ၀ဟူသည်မှာ တိုတောင်းလှသဖြင့် စာဖတ်ချိန် မလုံမလောက်ဖြစ်နေသည့် အပေါ်တွင် တင်မောင်၏ စာဖတ်သက်တမ်းကို စစ်အစိုးရက သုံးနှစ်တိုင်တိုင် မျက်စိပိတ်ထားသည်မှာ တင်မောင်အဖို့ အထူးနစ်နာမှု ကြီးလှပါသည်။ သေတပန် သက်တဆုံး အဆွေခင်ပွန်းဖြစ်သည့် စာအုပ်များထံ အလျဉ်မီအောင် ချဉ်းကပ်ပြီး အလျင်အမြန် စာဝါလိုက်ရသည်မှာ အရသာ ကြီးမားပါတော့သည်။
ထောင်က လွှတ်ပြီး (၄) ရက်အကြာတွင် အာဏာရှင်ကြီး ဦးနေ၀င်းက တင်မောင်ကို တွေ့ခွင့်ပေးပါသည်။ ထောင်သွင်းထားခဲ့သူများကို မျက်နှာချင်း ဆုံတွေ့ခွင့် ပေးလေ့မရှိပါ။ စစ်ဗိုလ်ကြီးများက သူ့ထံ အသနားခံစာရေး ပါက မဂ္ဂဇင်းထုတ်ဝေခွင့်မှစပြီး အစိုးရရာထူး အမျိုးမျိုးမှ သံအမတ်ရာထူးအထိ ပေးကာ မျက်ဖြေလေ့ရှိပါသည်။ တင်မောင်က သူ့ကို တွေ့လိုသည်မှာ ရာထူးတောင်းရန်၊ အလုပ်တောင်းရန် တွေ့လိုသည်မဟုတ်။ မိမိခံရသမျှကို ကျောကိုလှန်ကာ ဒဏ်ရာပြသကဲ့သို့ ပြောပြချင်သည်။ လုပ်ရက်ပလေခင်ဗျားဟု ရန်တွေ့လိုပါသည်။ သူက ခေါ်ယူတွေ့ဆုံသည်မှာ တင်မောင်အား ဖမ်းလိုက်ပြီးနောက် သတင်းစာတိုက်ကို သိမ်းလိုက်သဖြင့် သန်းကြွယ်သူဌေးဘ၀မှ သူတောင်းစားဖြစ်သွားသည်အထိ ပျက်စီးရုံမျှမက အိမ်ထောင်စုပါ ကြေမွသွား သောကြောင့် လူတစုံတယောက်ကို လက်လွန်ခြေလွန် လွန်မိသဖြင့် တွေ့ဟန်တူပါသည်။
အိမ်တော်သို့ တင်မောင်သွားသောအခါ လှေကားထိပ်မှ ဆီးကြိုသည်။ ခရီးထွက်ရာမှ ပြန်လာသည့် သားငယ် ညီငယ်ကို ကြိုဆိုသော မျက်နှာထားနှင့် နှုတ်ဆက်ပါ၏။ တင်မောင်၏ ကျောကို သပ်ပြီး ရုံးခန်းတွင်းသို့ ခေါ်ပါသည်။
“မင်းကို င့ါကောင်တဦးဦးက နှိပ်စက်သေးသလား။ အမှန်ကို ပြောစမ်းကွာ။ မင်းကို ကောင်းကောင်းထားဖို့ သေသေ ချာချာ ငါမှာထားတယ်။ ဒါပေမယ့် ငါ့ကောင်တွေက လက်လွန်တတ်တယ်။”
ကရုဏာဒေါသနှင့် ရင်းရင်းနှီးနှီး ပွန်းပွန်းတီးတီး သူက ပြောလေသောအခါ မျက်နှာကို စေ့စေ့ကြည့်ပြီး ရန်တွေ့ရန် ပြင်ထားသော တင်မောင်အဖို့ ဒေါသစကားလုံးများ ပျောက်သွားရသည်။
“လက်ဖျားနဲ့မှ မတို့ကြပါဘူး။ ကောင်းကောင်းထားပါတယ်” ဟု ဖြေလိုက်ရသည်။ ထောင်ထဲ၌ ကောင်းကောင်း ထားသည်ဆိုစေကာမူ ရွှေခွက်၊ ငွေခွက်နှင့် ရွှေထမင်း၊ ငွေထမင်း ကျွေးထားသော်လည်း အချုပ်အချယ်ခံ ဘ၀၏ ဆင်းရဲခြင်းအကြောင်းကို မပြောနိုင်တော့ပါ။
“အေးကွာ မင့်ကို လွှတ်ချင်ပေမယ့် နိုင်ငံရေးအခြေအနေကိုလည်း ကြည့်ရတယ်ကွ” ဟု စကားပြေထိုးပြီး နိုင်ငံရေး အခြေအနေကို ပြောပြသည်။ “ကွာ… ငါ့ကောင်တွေကို မနိုင်ဘူးကွ။ ငါခိုင်းတာတွေကို အတိအကျ မလုပ်ကြဘူး” ဟု ညည်းညူပါသည်။
သူ၏ မျက်နှာမှာ တင်မောင်အား ချုပ်နှောင်ထားခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်ရပုံကို ပေါ်လွင်အောင် မြင်ရပါသည်။ ယခင်တွေ့စဉ်ကာလများက မှင်နှင့် မောင်းနှင့် လှုပ်ရှားခြင်း၊ ဒေါနှင့် မောနှင့် ပြောဆိုသည် တို့ကိုသာ မြင်ခဲ့ရသည့် တင်မောင်အဖို့ ရှေးက မမြင်ဖူးခဲ့သော စေတနာမျက်နှာထားကို မြင်ရသဖြင့် “ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်နိစ္စာ-ငါ့ခန္ဓာတည်း” ဟူသည့် အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာကို စိတ်ထဲမှ ရွတ်မိပါတော့သည်။ ခံရသူအဖို့ “အဟောင်းဝဋ်ကျွေး ကုန်ပါစေ။ ပြုတဲ့သူမှာ ၀ဋ်ကျွေးသစ် မဖြစ်ပါစေနဲ့” ဟု မေတ္တာပို့မိပါသည်။
“အခု မင်းဘာလုပ်မလဲ။”
“ရွာပြန်ပြီး မိဘတွေကို ကန်တော့ပါမယ်။ အသက်ကြီးလှကြပါပြီ”
“ငါသိတယ်။ ပုဂံဘက်သွားမှာပေါ့။ ဘယ်လိုသွားမှာလဲ။”
“ကားမောင်းသွားမှာပါ။”
“မင်းမှာ မိဘကို ကန်တော့ဖို့ ငွေလိုမှာပေါ့။ အောက်ထပ်ရောက်တော့ ရုံးခန်းထဲမှာ ၀င်ယူလိုက်ပါ”
“ကျေးဇူးတင်ပါတယ် ဦးရယ်”
“ရွာက ပြန်လာတော့ ဘာလုပ်မှာလဲ”
“စာရေးစားပါမယ်။ ရေးစရာတွေ အများကြီး ရှိပါတယ်”
“စာလည်းရေးပေါ့ကွာ။ ပြည်သူပိုင်သတင်းစာတွေကို ကြည့်လုပ်ပေးစေချင်တယ်။ ပြန်ကြားရေးဝန်ကြီးက မင်းကို ခေါ်ပါလိမ့်မယ်။”
ဖခင်တဦး၏ ကရုဏာမျက်လုံးနှင့် တင်မောင်အား ကြည့်ပြီး လာစဉ်ကကဲ့သို့ပင် တင်မောင်၏ ကျောကိုသပ်ပြီး လှေကားအထိ ပို့ပါသည်။ အောက်ထပ်တွင် အတွင်းဝန် ဗိုလ်မှူးကြီး ကိုကိုက ငွေ (၅၀၀) အထုပ်တခုနှင့် စောင့်နေ သည်။
တွေ့ဆုံပွဲတခုလုံး ငြိမ်းချမ်းသာယာပါသည်။ မေတ္တာစောင်း တီးခတ်သံပေ။ သို့သော် ထုံးစံအတိုင်း သူ၏ခါးတွင် သေနတ်ရှိသည်ကို သိသာမြင်တွေ့ရသည်။ သံရုံးဧည့်ခံပွဲက စပြီး မည်သည့်နေရာတွင် တွေ့တွေ့ သူ့မှာ သေနတ် တလက် အလွတ်ထိုးထားသည်ကို မြင်တွေ့ရလေ့ရှိပါသည်။ သူသေနတ်ထိုးပုံမှာ အခြား သေနတ်ကိုင်သူများနှင့် ခြားနားသည်။ လူမြင်သူမြင် ထင်ရှားစွာ ထိုးမထားဘဲ ဖုံးအုပ်ထားပါလျက် သူ့တွင် သေနတ်ပါသည်ကို လူသိသူသိ ဖြစ်အောင်၊ တစွန်းတစမြင်အောင် ပြထားလေ့ရှိပါသည်။ သူ၏ သေနတ်ထိုးနည်းက ‘ငါ့ကို မထိနဲ့ ပြန်ပေါက်မယ့် မြွေဟောက်ကွ” ဟု ဆိုင်းဘုတ်ရေးထားသကဲ့သို့ပေ။
မျက်နှာချင်းဆိုင်တွေ့မိကြရာတွင် တင်မောင်အား သူက သြဇာလွှမ်းမိုးနိုင်ခဲ့သည်။ တင်မောင်အဖို့ ဗိုလ်ချုပ်ကြီး နေ၀င်းအား ရန်သူတဦးအဖြစ် သဘောမထားနိုင်တော့ပြီ။ အကယ်၍သာ သူ့တွင် ရန်ရှိပါက ၀င်ရောက်ကယ်တင် မည့် မိတ်ဆွေရင်းတဦးအဖြစ် စေတနာ ထားမိခဲ့သည်။ ဤစေတနာသည် ယခုထက်တိုင် မိမိရင်တွင် ရှိနေသေးသည်။
တင်မောင်သည် လူမှန်းသိစကပင် သတင်းစာအလုပ်ကို ရွေးခဲ့သော ၀မ်းတွင်းပါ သတင်းစာသမားတဦး ဖြစ်သည်။ မိမိ၏ တာဝန်ကိုလည်း ရာသက်ပန် ကျေပွန်ရမည်ဖြစ်ရာ ဗိုလ်ချုပ်ကြီးနေ၀င်းက မိမိအား ပြုခဲ့သော အမှုမှန်သမျှကို ပြစ်တင်ရေးသားခြင်း မပြုတော့ရန် ဆုံးဖြတ်စေကာမူ သူက နိုင်ငံသားတို့အပေါ်တွင် ကျူးလွန်သည့် လူမှု ရာဇ၀တ်မှုများကိုမူ နိုင်ငံသားတို့ကိုယ်စား ကလောင်လက်နက်နှင့် ဆက်လက်တိုက်ပိုင်ခွင့်ရှိသည်။ တိုက်ရမည်ဟု ဆုံးဖြတ်ခဲ့မိပေသည်။ ။

Sunday, August 30, 2009

ဦးဝင်းတင် ၏ 'ကွိ'

ဆရာကြီးဦးဝင်းတင်၏ ‘ကွိ’ ကို မြန်မာကျူးပစ် ဖိုရမ် မှာ စာရိုက်တင်ပေးနေကြောင်း အသိတယောက်က ကျနော့်ကို လက်တို့ ပြောကြားသဖြင့် ကျနော် ရှာဖွေကြည့်ရာ ငယ်လေးအောင် ဆိုသူက စာပြန်ရိုက်တင် ပေးနေသည်ကို တွေ့ရသည်။
‘ကွိ’ အကြောင်း ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’ စာအုပ်မှာ ကြားခဲ့ဘူးသော်လည်း ကိုယ်တိုင်တော့ အခုမှ တွေ့ရသဖြင့် စာကောင်းပေကောင်း ဖတ်ရှုလိုသူများအတွက် ဘလော့ဂ်မှ တဆင့် မျှဝေရန် ဆန္ဒရှိခဲ့ပါသည်။
စာတအုပ်လုံးကို ပြန်ရိုက်တင်ပေးနေသဖြင့် ယခုမှ အခန်း (၁၆) ထိသာ တင်နိုင်ပါသေးသည်ကို တွေ့ရသည်။ ယနေ့အထိ ရိုက်ပြီးသမျှကိုသာ ပီဒီအက်ဖ် ဖိုင်ဖြင့် ဖတ်နိုင်ရန် ပြန်လည် မျှဝေလိုက်ရပါသည်။
တအုပ်လုံး စကင်မ် ဖတ်ထားသည်ကိုတွေ့ပါက လက်တို့ပေးပါရန် ပန်ကြားအပ်ပါသည် ခင်ဗျား။ ။

UWinTin Queed Chapter 0-16

Sunday, August 2, 2009

(၃၆) အင်းစိန်ထောင်မှ အိနြေ္ဒရရ လွတ်မြောက်နည်း (ကြေးမုံဦးသောင်း)

တင်မောင်တို့လူစု မဆလပါတီဝင်ခွင့်လျှောက်လွှာနှင့် လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာတင်ကြသည်ကို ချက်ချင်းအဖြေမရပါ။ လွတ်ရက်ကို မမြင်ရနိုင်သဖြင့် စိတ်ပျက်ကြရပြန်သည်။ တင်မောင်၏ ထောင်သက်မှာ လပေါင်း (၃၀) ရှိလာလေပြီ။ စောစောပိုင်းကာလ (၁၄) လတိုင် မည်သူနှင့်မျှ စကားမပြောရဟု ချုပ်ချယ်ထားသည် ကို ခိုးဝှက်ပြီး စကားပြောရုံသာမက ထောင်သတင်းစာထုတ်ဝေသည်အထိ ထောင်စည်းကမ်းကို ဖောက်ရသည့် အရသာတို့ကြောင့် ပျော်ခဲ့သော်လည်း တစတစ ငြီးငွေ့လာပါသည်။ အထူးသဖြင့် သော့ခလောက်ကြီးနှင့် သံတံခါး ကို ရိုက်သည့် အသံဆိုးကြီးများက မင့်ကို ချုပ်ထားတယ်ဟေ့ဟု ကြေညာနေသောကြောင့် စိတ်ဆင်းရဲရပါသည်။
ဤအတွင်းတွင် တနေ့၌ တုန်လှုပ်ချောက်ချားသော ဖြစ်ရပ်တခုကို ကြုံတွေ့ရပြန်သည်။ မျက်စိကု အထူး ဆရာဝန်ကြီး ဒေါက်တာကိုကိုကြီးက အကျဉ်းသားများ၏ မျက်စိရောဂါများကို ကုသရန်၊ လိုအပ်လျှင် မျက်မှန်ပေးရန် အင်းစိန်ထောင် ဆေးရုံသို့ လာရောက်စစ်ဆေးသည်။ ထောင်ထဲမ၀င်မီက မျက်စိကောင်းသူ ဖြစ်သော်လည်း မီးရောင်မှိန်မှိန်တွင် စာဖတ်ရသဖြင့် တင်မောင်၏ မျက်စိမှုန်နေသောကြောင့် စစ်ဆေးခွင့်ရခဲ့သည်။
တင်မောင် မိခင်ကြီး၏ မျက်စိကို ခွဲပေးစဉ်က ရင်းနှီးနေသူ ဆရာကြီးက ညှိုးနွမ်းနေသော အကျဉ်းသားဘ၀ကို မြင်ရသဖြင့် စိတ်မကောင်းဟန်ပြသည်။ စစ်စုံထောက်၊ စစ်ဗိုလ်တွေက ရှိနေသဖြင့် “စောစောက နေးရှင်းလောရုံရဲ့ မျက်စိကို စစ်ပေးလိုက်တယ်။ မင်းတို့ သတင်းစာဆရာတွေက မိုက်လုံးကြီးပါတယ်ကွာ။ ဆိုရှယ်လစ် လောကနိဗ္ဗာန် တည်ဆောက်တာကို မင်းတို့က မဟုတ်မတရားရေးကြတော့ မင်းတို့ကောင်တွေ ခံကြပေါ့ကွာ” ဟု အဓိပ္ပာယ် နှစ်ခွ ထွက်သော စကားလုံးများနှင့် မြည်တွန်တောက်တီးရှာသည်။
ဒေါက်တာဦးကိုကိုကြီးက တတွတ်တွတ်ပြောပြီး အချိန်ဆွဲပြီး စစ်ဆေးသဖြင့် နာရီဝက်နီးပါး ကြာသွားသည်။
တင်မောင်၏ ပြဿနာမှာ ဆရာဝန်ကြီးနှင့် ပါလာသော သူနာပြုဆရာမကလေး ဖြစ်ပါသည်။ အသားညိုညို၊ နှာခေါင်းပြားပြား၊ မျက်ခုံးထူထူ၊ ပါးစပ်ကျဉ်းကျဉ်း ဆရာမကလေးသည် မိန်းမချောကလေး မဟုတ်လေသဖြင့် ပြင်ပလောကတွင် တွေ့ကြလျှင် နှစ်ခါကြည့်မိမည်မဟုတ်။ ရေမွှေးကလည်း ရေမွှေးအပေါစား ဆွတ်ထားသည်။ ထိုရေမွှေးရနံ့နှင့် ဆေးရုံဆေးနံ့ ဖက်စပ်ထားသောအခါ လတ်ဆတ်သည့် တောရိုင်းပန်းရနံ့တမျိုး ရရှိသည်။ များစွာ ကြိုင်မွှေးလှသည်။ ရနံ့၏ ဂန္ဓာရုံရသက တင်မောင်အား ဖမ်းစားတော့သည်။ ထို့ပြင် တင်မောင်၏ မျက်စိအတွက် စစ်ဆေးသော မျက်မှန်ကိုင်းကြီးကို တပ်ပေးပြီး မှန်တချပ်ပြီး တချပ် လဲလှယ်ပေးသောအခါ သူကလေး၏ လက်ဖျား ကလေးများက နားထင်နှင့် နားရွက်တို့ကို ထိရုံမျှသာ ထိသည်မှာ ကျင်စက်နှင့် တို့လိုက်သကဲ့သို့ တင်မောင်တွင် ဆတ်ကနဲ ဆတ်ကနဲ တုန်လှုပ်သွားရှာသည်။ ဖောဋ္ဌဗ္ဗာအာရုံ အတွေ့က အင်အားကြီးမားစွာ ဖမ်းစားလေပြန်သည်။
ဖိုဓာတ်နှင့် မဓာတ်တို့၏ တခုက တခုကို အထောက်အကူပြုသော အညမည စွမ်းအားသည် များစွာ ကြီးမား ပြင်းထန်သည်။ မာတုဂါမတို့၏ အတွေ့၊ အဆင်းနှင့် ရနံ့ကို လပေါင်း (၃၀) ကျော် ကင်းကွာနေသည့် တင်မောင်အဖို့ အဖိုအင်အား ထုထည်ကြီးများသော ဖဿဝေဒနာကို အဆုံးစွန်အထိ စံစား၊ ခံစားရမိပါတော့သည်။
သုခဝေဒနာပင်ဖြစ်စေကာမူ များစွာ ကြောက်ဖို့ကောင်းသည်။ စွဲကပ်သည်နှင့် တပြိုင်နက် ဥပက္ခောပြုရန် ခက်ခဲ လှသည်။ ဆရာမကလေးနှင့် ဆရာဝန်ကြီးက တင်မောင်၏ ခံစားချက်ကို မည်သို့မှ မသိကြရှာပေ။ သူတို့ကို အနိုင် နိုင် နှုတ်ဆက်ပြီး ခေါင်းငိုက်စိုက်နှင့် အဆောင်သို့ ပြန်ခဲ့ရသည်။
အဆောင်ပြန်ရောက်သည်နှင့် စာအုပ်များကို လှန်ကာ အားကိုးရှာရသည်။
‘ဤသဘောတရားတို့သည် ငါ၏ ဥစ္စာတည်း၊ ဤသဘောတရားသည် သုခတည်းဟု တောင့်တခြင်းကို ဒုက္ခဟု အဖန်တလဲလဲ ရှုလေမှာသာ ကိလေသာဖြစ်ရန် အကြောင်းမှ ကင်းသော လွတ်မြောက်ခြင်း မဂ်ဖိုလ်သို့ ရောက်ကြောင်းဖြစ်သည်’ ဟု ရေးသားထားသည့် အဘိဓမ္မတ္တသင်္ဂဟကျမ်းဘာသာပြန် ဋီကာကျော်ကို ကျေညက် အောင် ဖတ်ရှုပြီး ကမ္မဋ္ဌာန်းရှုရပါသည်။
နောက်တပတ်ခန့်ကြာသောအခါ ဖြစ်ရပ်တခု ကြုံရပြန်သည်။ ထောင်ထဲတွင် မူဂျာဟစ်တွေဟု ခေါ်ကြသည့် နယ်စပ်ဒေသမှ ကုလားတရာကျော်ရှိသည်။ လူဝင်မှု ဥပဒေအရ ဖမ်းလာသည်မှာ (၁၃) နှစ် ရှိလေပြီ။ ဒီမိုကရေစီ အစိုးရက စစ်ဆေးပြီး လွှတ်ပေးရန် စီစဉ်ဆဲတွင် စစ်အစိုးရတက်လာသဖြင့် သူတို့အမှုကို မကိုင်တော့သောကြောင့် သောင်တင်နေကြရှာသည်။ မိသားစုလိုက်ဖမ်းလာခဲ့စေကာမူ အမျိုးသမီးများကို မိန်းမထောင်မှာ ခွဲထားသည်။ အရွယ်ရောက်လာသူ ယောက်ျားကလေးများကို မိခင်နှင့်ခွဲပြီး ယောက်ျားဆောင်တွင် ချုပ်ပါသည်။ သူတို့အစုက မြို့ထဲ၌ အဆက်အသွယ်မရှိသဖြင့် နိုင်ငံရေးအကျဉ်းသမားများ ထားရှိသည့် အဆောင်များတွင် သန့်ရှင်းရေး လုပ်ကြရန် တာဝန်ပေးထားသဖြင့် အပျင်းပြေစကားပြောလေ့ ရှိကြသည်။ ထောင်ထဲမှာပင် လူလားမြောက် လာသည့် လူငယ်ဆယ်ဦးခန့်ရှိသည်ကို စေတနာကောင်းသူတို့က စာသင်ပေးသည်။
သူတို့အစုမှ မြီးကောင်ပေါက် လူငယ်သုံးဦးကို စာသင်ပေးနေသည်ကို အမှတ်တမဲ့ ၀င်ထိုင်မိသည်။ ဆရာက မိန်းမနှင့် ယောက်ျားကွဲပြားကြောင်း လက်တွေ့ကျကျ သံမံတလင်းပေါ်၌ မီးသွေးနှင့် ပိုရေးပြီး ရှင်းပြနေသည်ကို ကလေးများက တအံ့တသြနားထောင်နေကြသည်ကို တွေ့ရပါသည်။ ကြည့်ပြီး ကလေးများက မယုံတယုံရှိဟန်နှင့် ပြုံးစိစိ နားထောင်နေကြသည်ကို မြင်ရသဖြင့် တင်မောင်မှာ ရင်နင့်သွားလေသောကြောင့် ရှောင်ထွက်ခဲ့မိပါသည်။
အသက် (၁၆) နှစ်၊ (၁၇) နှစ် အရွယ်ရောက်နေသည့် လူပျိုပေါက်လေးများ ဖြစ်ကြပါလျက် မိန်းမဟူသော သတ္တ၀ါကို မမြင်ဖူး၊ မတွေ့ဖူးကြရသော သူတို့လူစုအတွက် ရင်နာမိသည်။ ယခု မတွေ့ဖူးပေမယ့် မည်မျှကြာမြင့်သော ကာလတွင်မှ ထောင်ကလွတ်ပြီး တွေ့ကြရမည် ဆိုသည်ကိုလည်း မသိကြရသောကြောင့် သူတို့တတွေအဖို့ လူစင်စစ် ဖြစ်ပါလျက် လူ့ဘ၀ကို မတွေ့မမြင်ရဘဲ ဇာတ်သိမ်းနိုင်သဖြင့် ဖြေမဆည်နိုင်အောင် ၀မ်းနည်းမိခဲ့သည်။
မိမိထောင်မှ လွတ်ပြီး အစိုးရရာထူးရသောအခါတွင် သူတို့နှင့် မာကျောက်ကစားမှုအတွက် ဖမ်းထားသူတွေ လွတ်မြောက်ရေးကို စစ်ဗိုလ်ကြီးများထံ ရှင်းပြပြီး တောင်းပန်သဖြင့် မာကျောက်တို့သာ လွတ်လာသည်။ မူဂျာဟစ် များခမျာမှာလည်း ထောင်ထဲမှာပင် ကျန်ရစ်ရှာသည်။ တင်မောင်၏ အမှုထမ်းသက် ဆယ်နှစ်လွန်ပြီး အမေရိကန်သို့ ရောက်လာသည့်တိုင် လွတ်သတင်းကို မကြားရပါ။ ၁၉၈၄ ခု၊ ဒီဇင်ဘာ (၁၉) ရက်နေ့တွင်မှ သူတို့ကို လွှတ်ပေးကြောင်း သတင်းကို ဖတ်ရပါသည်။ ထောင်ထဲမှာ နှစ်ပေါင်း (၄၀) ခံခဲ့ရသည်ဟု သတင်းက ဆိုပါသည်။ သူတို့ဘ၀အတွက် တင်မောင်တုန်လှုပ်ခဲ့မိသည်မှာ မလွန်ပါ။
ထိုကဲ့သို့ မိန်းမကိုပင် မမြင်ရဘဲ ထောင်ထဲတွင် ရာသက်ပန်နေရပုံပေါ်သည့် ကလေးတို့အတွက် ၀မ်းနည်းမိရာက “ငါကလဲ ဘာကောင်မို့လဲ၊ သူတို့လို မလွှတ်ဘဲ ပစ်ထားလျှင် သူတို့လို ခံရမှာပါလား” ဟု တုန်လှုပ်မိပါသည်။
တင်မောင်ထောင်ထဲ ရောက်စက တလမ်းတည်းနေခဲ့သူ အသိတဦးက ဆက်သွယ်ပြီးသူအဖို့ ထောင်ထဲ ရောက်သည်မှာ (၂) နှစ်ရှိပြီ။ အိမ်ကို ဆက်သွယ်ခွင့်မရသဖြင့် မိသားစုအကြောင်း မသိရပါ။ ထိုကြောင့် သူ၏ သားမယားများကို မြင်ခဲ့ပါ၏လားဟု မေးရှာသည်။ ကံအားလျော်စွာ သူ၏မိသားစုကို မြင်တွေ့ခဲ့ရသဖြင့် ကျန်းမာ ကြောင်း သတင်းကောင်းပေးနိုင်ခဲ့ပါသည်။ ထိုမိတ်ဆွေလည်း ယခုတိုင် မလွတ်သေးသဖြင့် စာရေးသူအဖို့ လွတ်ရက်က မသေချာဟူသည်ကို ရိပ်စားမိလာသည်။
ထောင်ကလွတ်လျှင် ပြီးရောဟူသည့် ဦးတည်ချက်နှင့် နည်းအမျိုးမျိုး ကြံဆအားထုတ်ရလေရာ “ဒင်းတို့ကို မနိုင်တော့၊ ဒင်းတို့နဲ့ ပေါင်းရတော့မှာပေါ့” ဟု အံကြိတ်ပြီး ညည်းမိပါသည်။
“ဗိုလ်ချုပ်ကြီးခင်ဗျား၊ ကျနော်တို့တတွေကို ဖမ်းထားတာက ဟုတ်ပါပြီ။ အစိုးရက ထုတ်တဲ့ ပြည်သူပိုင် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာကြီး လုပ်နေပုံက အမှားတွေရှိနေပါတယ်။ သတင်းစာ ဝေဖန်ချက် စစ်တမ်းကို ရေးပါရစေ” ဟု သိသာထင်ရှားသော အမှားသုံးလေးခုကို ညွှန်းပြီး စာတင်လိုက်ပါသည်။
ထောင်မှူးက ဗလာစာအုပ်ကြီးတခု လာပေးပြီး စစ်တမ်းရေးခွင့်ပြုပါသည်။ လုပ်သားသတင်းစာမှာ ‘ဆရာကြီး ရွှေဥဒေါင်းက ပင်တိုင်ဆောင်းပါးသာ ရေးပြီး သတင်းစာဆိုတာကို လကြည့်ဝယ်၍ပင် မှန်မှန်တောင် မဖတ်ဖူးသူ’။ စာဝေးပေဝေး လက်နက်ချများနှင့် စစ်ဗိုလ်များတို့က ထင်သလို လုပ်နေကြသဖြင့် သတင်းစာမှာ သတင်းစာပညာ နှင့် မညီသည်များ အများတွေ့ရသည်။ မဂ္ဂဇင်းနှင့်မတူ၊ ဂျာနယ်လည်း မဆန်၊ သတင်းစာမပီသသည်တို့ကို ပုံကြီးချဲ့ ပြီး စစ်တမ်းကြီးတစောင်ရေးကာ တင်သွင်းလိုက်ပါသည်။
တလမကြာမီ အင်းစိန်ထောင်က လွတ်လာပါသည်။ ဦးညိုမြ၊ ဒဂုန်တာရာ၊ ဂျာနယ်ကျော်မမလေး၊ အောင်လင်း၊ ကိုလှထွေး၊ ကိုလှအောင်တို့ တပြုံကြီး လွတ်လာပါသည်။ ထောင်က လွတ်ပြီး တလမကြာမီတွင် သတင်းစာဆောင်းပါး ရေးခွင့်ရသည်။ ယခင်က ရေးနည်းအတိုင်း မှန်သည်ဟု ယူဆသည်များကိုသာ ပြတ်ပြတ် သားသား ရေးသောအခါ ဆရာဇ၀နက “ခင်ဗျားကတော့ လယ်ပုဇွန်လုံးပါပဲ။ သဲပုံအောက်က လက်မထောင်ပြီး ထွက်လာသကိုး” ဟု မှတ်ချက်ပြုသဖြင့် “သဲပုံအောက်မှာ ခံခဲ့ရတာတွေရဲ့ ရလဒ်ပါဆရာ” ဟု ဖြေမိပါ၏။ ။

Saturday, July 25, 2009

ဖားအောက်တရားစခန်း (ဂျာမနီ)

နွေရာသီတွင် ကျနော့် စက်ရုံသည် ထုံးစံအတိုင်း (၂) ပတ် ပိတ်ပါသည်။ အလုပ်သမားများကမူ အားလပ်ရက် (၃) ပတ်စီ နားကြရသည်။ ကျနော် ပထမတော့ တခြားလည်း ဘယ်မှ အထူးအထွေ သွားစရာ လာစရာမရှိသဖြင့် စက်ရုံပိတ်သည့် (၂) ပတ်ပဲ နားမည်ဟု စိတ်ကူးသေးသည်။ သုံးပတ်နားလေ့ရှိသော ဒိန်းမတ်များကမူ နွေရာသီအားလပ်ရက်များတွင် နိုင်ငံခြားသို့ခရီးသွားသူသွား၊ Summer house ခေါ် နွေရာသီအနားယူရန် သက်သက် ဆောက်ထားသည့် အိမ်များတွင် သွားရောက် အနားယူသူကယူ၊ မိမိကားနောက်တွင် camping ထွက်သည့် နောက်တွဲကို ဆွဲ၍ နေရာအနှံ့လျှောက်သွားသူကသွား၊ စသည်ဖြင့် အလုပ်များကြပေရော့မည်။
ကျနော်တို့မှာတော့ နိုင်ငံခြားလည်း ခရီးဝေးဝေး မသွားနိုင်၊ Summer house မှာ သွားနေရသည့် အရသာကိုလည်း ဘယ်လိုခံစားရမှန်းမသိ၊ camping နောက်တွဲရော၊ သူ့ကို ဆွဲသည့်ကားပါ မရှိသဖြင့် နွေရာသီအားလပ်ရက်သည် ဘာမှ သိပ်ထူးခြားလှသည်မရှိ။ ဟိုနားဒီနား ခရီးသွားဖို့ကျတော့လည်း ဘတ်ဂျက်ကို ကြည့်ရသေးသည်။
အိမ်မှာနေပြီးတော့ အလုပ်ပိတ်ရက်မှာ တနေကုန် တီဗီကြည့်၊ အင်တာနက်သုံး၊ ညဥ့်နက်မှ အိပ်ပြီး မနက်ကျ မထနိုင်၊ အချိန်တန်တော့ မနက်စာ၊ နေ့လည်စာ၊ ညစာတွေစား၊ လူက လှုပ်လှုပ်ရှားရှား သိပ်မရှိပဲ ကိုယ်အလေးချိန်တိုးပြီး အလုပ်လည်း ပြန်ဖွင့်ရော လေးလံထိုင်းမှိုင်းနေတာမျိုးလည်း မဖြစ်လိုပါ။
ထိုကဲ့သို့ မည်သို့လုပ်ရမည်မသိဖြစ်နေစဉ် ဂျာမနီမှာ တရားစခန်းဖွင့်နေသည့် ဖားအောက်ဆရာတော် အကြောင်း သတိရမိပြီး ဖရန့်ဖုကို လှမ်းဆက်သွယ်တော့ သက်ဆိုင်သည့် ဖုန်းနံပါတ်များနှင့် ၀က်ဘ်ဆိုက်လိပ်စာများကို ရလိုက်သည်။ သို့နှင့် တရားစခန်းဝင်မည်ဟု ဆုံးဖြတ်ကာ အလုပ်ကိုလည်း သုံးပတ်နားမည်ဟု အကြောင်းကြား လိုက်သည်။
ဂျာမနီတွင် တလဖွင့်ထားသည့် တရားစခန်းကို တတိယပတ်မှ စ၍၀င်ဖြစ်သည်။ တပတ်စာအတွက် စားစားရိတ်၊ နေစားရိတ် ယူရိုငွေ (၃၅၀) သတ်မှတ်ထားသော်လည်း ကျနော့်အား မြန်မာဖြစ်သည့်အတွက် စီစဉ်သူများက (၂၁၀) သာ ယူပါသည်။ တရားစခန်းစီစဉ်သူများမှာ ဖရန့်ဖု အခြေစိုက် ဗီယက်နမ်ဗုဒ္ဓဘာသာ အသင်းမှ ဖြစ်ကြသည်။ သူတို့သည် မြန်မာဆရာတော်ကြီးကို ပင့်ထားခြင်း၊ ဖရန့်ဖုတွင်နေထိုင်သူ မြန်မာများကလည်း တတပ်တအား ပါဝင်ကူညီလုပ်ဆောင်ပေးနေခြင်းကြောင့် ကျနော့်ကို ဈေးလျှော့ယူသည်ဟု ထင်ပါသည်။
တရားစခန်းကျင်းပရာ နေရာသို့ ဖရန့်ဖုမှာ လာလျှင် တောင်ဘက်ရှိ Weinheim ဘူတာသို့ ရထားစီးလာရပြီး ထိုဘူတာမှ ဘတ်စကား ထပ်စီးရပါသေးသည်။ ယခင်က ဟော်တယ်အဖြစ် ဆောက်လုပ်ခဲ့သော အဆောက်အဦးတခုကို ဗီယက်နမ်ဗုဒ္ဓဘာသာအသင်းက ၀ယ်ယူပြီး တရားစခန်းများ စတင်ဖွင့်လှစ်နေခြင်း ဖြစ်၏။ တရားထိုင်သူ ယောဂီငါးဆယ်ခန့် ရှိပြီး အများစုမှာ ဂျာမန်လူမျိုးများ ဖြစ်ကြသည်။
ဖားအောက်ဆရာတော်ကြီး တရားဟောသည့်အခါ အင်္ဂလိပ်လို ဟောပြီး အမျိုးသမီးယောဂီတဦးက ဂျာမန်ဘာသာ ပြန်ပေးပါသည်။ ယောဂီများကို သက်သတ်လွတ်အစားအစာများ ကျွေးမွေးပြီး တနေ့လျှင် လေးကြိမ် တရားထိုင်ရ ပါသည်။
ကျနော် ယခင်က တရားစခန်းဝင်ရာတွင် တရားပြဆရာတော်က နှာသီးဖျားတွင် ထိခိုက်ဝင်ထွက်နေသော ၀င်လေ ထွက်လေကို ပုံသေမှန်ရန် အားမပေးပါ။ ၀င်လေ၊ ထွက်လေ အပြင် ၀မ်းဗိုက်ပိန်မှု ဖောင်းမှု၊ ထိုင်မှုထိမှု၊ တွေးကြံသိမှု၊ အသံကြားခြင်း၊ နာကျင်ကိုက်ခဲခြင်းများမှ ထင်ရှားရာ အာရုံကို ပြောင်း၍ မှတ်ခိုင်းပါသည်။
ယခု ဖားအောက်ဆရာတော်ကြီးကမူ ထိုင်နေစဉ်ကာလရော ကျန်သည့်အချိန်များ၌တွင်ပါ အာနာပါနကိုသာ သင်ပေးသဖြင့် ကျနော်လည်း ယခင်နည်းကို စွန့်လွှတ်ပြီး နည်းသစ်ကို ပြောင်းမှတ်ပါသည်။
တရားစခန်းကာလအတွင်း ရှစ်ပါးသီလ ဥပုသ်စောင့်ခဲ့ခြင်း၊ ဘာဝနာ တရားပွားများနိုင်ခဲ့ခြင်းတို့အား ဘလော့ဂ် ဖတ်သူမိတ်ဆွေများကို အမျှပေးဝေအပ်ပါသည်။ အမျှ ရကြသည်ဖြစ်၍ သူတော်ကောင်းတရားကို အားထုတ်နိုင် သူများ ဖြစ်ကြပါစေ။
နောင်နှစ်နွေရာသီများတွင်လည်း ဂျာမဏီကဲ့သို့ ဥရောပနိုင်ငံများတွင် တရားစခန်းများရှိခဲ့ပါက ယခုထက်ပို၍ အချိန်ကြာကြာ တရားစခန်းဝင်ချင်ပါသေးသည်။ ။

Saturday, July 18, 2009

(၃၅) ရွှေနှင့်စက်ပြီး ၀ယ်ရတဲ့ စာအုပ် (ကြေးမုံဦးသောင်း)

“ကိုယ့်လူ အမေရိကန်စာပဒေသာ မဂ္ဂဇင်းဖတ်မလား” ဟု တဘက်ခန်းမှ မိတ်ဆွေက မေးသောအခါ တင်မောင်က ရယ်မောပြီး “မလှောင်ပါနဲ့ဗျာ” ဟု ပြန်ပြောမိပါသည်။
အမေရိကန်စာပဒေသာမဂ္ဂဇင်းတွင် ဘိန်းဘုရင်လော်စစ်ဟန်၏ အမှုကို ရန်ကုန်တွင် စစ်ဆေးကြောင်း ဆောင်းပါး ဖော်ပြရာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ အမည်ကို တနေရာမှာ ဖော်ပြထားပါသည်။ ဗိုလ်ချုပ်ကြီးက ဆတ်ဆတ်ခါ စိတ်ဆိုးသည်ဟု သတင်းရပြီးနောက် ဗဟုသူတစာပေဖြစ်သော အမေရိကန်စာပေမဂ္ဂဇင်းကို ဖောက်ပြန်သည့် အရင်းရှင်စာပေဟု သမုတ်ပြီး ပိတ်ထားသည်မှာ ကြာပြီဖြစ်ပါသည်။ ရန်ကုန်မြို့ထဲတွင် ၀ယ်မရနိုင်သော မဂ္ဂဇင်းကို ထောင်ထဲမှာ ရရှိဖို့က မဖြစ်နိုင်ပါဟု ထိုမိတ်ဆွေကို ပြောမိသည်။
သူက တင်မောင်၏ လက်ကိုဆွဲပြီး အဆောင်တွင်ရှိသော ထောင်ကျများ၏ သိုလှောင်ခန်းသို့ ခေါ်ကာ ပြသသည်။ သံတိုင်ကြားမှ လှမ်းကြည့်သောအခါ စားပွဲတခုပေါ်တွင် ဆေးရောင်စုံ ၀င်းလက်နေသည့် မဂ္ဂဇင်းကို မြင်ရသည်။ အဖမ်းခံထိသူ နိုင်ငံခြားခရီးသည်တဦး၏ ပစ္စည်းဟု ယူဆရသည်။ မည်သူ၏ ပစ္စည်းဖြစ်စေကာမူ တင်မောင်တို့ စာပေထောင်ကျများအဖို့ ယင်းစာအုပ်ကို လက်မလွတ်နိုင်။ ထိုစာအုပ်ကို ဖတ်ချင်လွန်းသဖြင့် သံတိုင်ကြားမှ မျှော်ကြည့်ပြီး ရူးမိကြတော့သည်။
ထောင်ထဲတွင် ဖတ်ချင်သည့်စာကို ဖတ်ခွင့်မပြုပါ။ ဘာသာရေးစာအုပ်များကိုသာ အိမ်မှ ပို့ခွင့်ရပါသည်။ တင်မောင် အဖို့ ပေးသည့်အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ရအောင်ယူပြီး သမ္မာကျမ်းစာ၊ ကိုရမ်ကျမ်းစာနှင့် ပိဋကတ်သုံး ပုံတစုံကို မှာယူပြီး ကြေညက်အောင် ဖတ်ခဲ့သည်။ မိမိအား ထောင်ပို့သူ ဦးနေ၀င်းအား ဤအချက်အတွက် နှစ်နှစ် ကာကာ ကျေးဇူးတင်မိပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တဦးဘ၀မှ ကျွတ်လွတ်ပြီး ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိရှိနားလည်သူ ဖြစ်လာခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင် လူကောင်းတဦးဖြစ်လာပြီး ကျမ်းတစောင် ပြုစုနိုင်ခဲ့ပါသည်။ တံခါးပိတ်ပြီး ညှဉ်းဆဲထားသောကြောင့် ရတောင့်ရခဲသော အခွင့်အရေးကို ရရှိသဖြင့် ကျေးဇူးကြီးလှပါသည်။
အမေရိကန်စာပဒေသာမဂ္ဂဇင်းကို မြင်ရသဖြင့် စာကြမ်းပိုး တစုတို့မှာ ဖတ်ချင်သည်မှာ တပိုင်းသေဖြစ်လာပါသည်။ ရနိုင်သောနည်းနှင့် ရယူရန် ကြိုးစားရတော့သည်။ ထောင်ကြပ်ဘချောကိုပင် ဆလံပေးရပါသည်။ ထောင်ထဲ၌ သမရိုးကျ ထောင်ကြပ်များအပြင် စစ်စုံထောက်တပ်က ခန့်ထားသည့် စစ်ထောင်ကြပ်တွေလည်း ရှိသည်။ စစ်တပ်မှ လာသူ ဘချောက အကျဉ်းသားများကို နိုင်ပေါက်တွေ့တိုင်း ညှဉ်းဆဲသည်။ သို့သော် အထက်ကမသိလျှင် ရဲဝံ့စွာ လာဘ်စားသူ ဖြစ်သည်။ တခါက သူ့ထံမှ မင်အိုးတလုံးကို အမေရိကန်မြားတံဆိပ် နိုင်လွန်ရှပ်အင်္ကျီတထည်နှင့် ၀ယ်ယူရရှိခဲ့ဖူးသောကြောင့် သူ့ကို ချည်းကပ်ရသည်။ သူက စာရေးသူအား စောင်းငန်းစောင်းငန်း ကြည့်ပြီးလျှင် “ခင်ဗျားကြီးမှာ ဘာတခုမှ မရှိဘဲနဲ့” ဟု လှောင်သည်။ သူက မဂ္ဂဇင်းကို ခိုးပြီးမပေးဘူး။ မရောင်းဘူးဟု အပြတ် ငြင်းလေသဖြင့် အဖိုးတန်ပစ္စည်း တခုခုရှိလျှင် ၀ယ်ယူရနိုင်မည်ဟု သိလိုက်သည်။
ဤတွင် စာပေထောင်ကျအားလုံး စည်းဝေးကြရပြန်ပါသည်။ မည်သူ့ထံမှာမှ အဖိုးတန်ပစ္စည်း မရှိကြပါ။ အိမ်က ပါလာသည့် အဖိုးတန်ပစ္စည်းမှန်သမျှ ထောင်က သိမ်းထားသည်။ အိမ်က ပို့သမျှ ငွေကိုလည်း ထောင်ကပဲ လက်ခံပြီး ဆေးလိပ်၊ သွားတိုက်ဆေး စသည်တို့ ၀ယ်ပေးသည်။ ငွေမကိုင်ကြရပါ။ မဂ္ဂဇင်းဝယ်ရန် အခက်အခဲ တွေ့နေကြရသည်။
ကံအားလျော်စွာ ရန်ပွဲတခုကို တင်မောင်က ၀င်ရောက်ဖျန်ဖြေမိခဲ့ပါသည်။ စစ်အစိုးရက သူဌေးသူကြွယ်အများကို ဖမ်းဆီးပါသည်။ ရည်ရွယ်ချက်မှာ ကျောက်သံပတ္တမြား၊ ရွှေ၊ ငွေ၊ မြေ၊ အိမ်၊ တိုက်တာများကို စစ်ဗိုလ်များက အချောင်သိမ်းယူရန် ဖြစ်ပါသည်။ တင်မောင်တို့ အဆောင်တွင် မဒါးဆပ်ပြာစက် သူဌေးကြီး၏သား မဒါးညီနောင် ရှိပါသည်။ မိုးကုတ်မှ ကျောက်သူဌေး ဦးမြမောင်လည်း ရှိသည်။ ဦးမြမောင်သည် များစွာ အေးဆေးသူ ဖြစ်သည်။ စာရေးသူနှင့်တကွ ရင်းနှီးသူ အနည်းငယ်ကိုသာ စကားပြောသည်။ ထောင်တွင်းစကားဝိုင်းများ၊ ငြင်းခုံပွဲများကို ရှောင်လေ့ရှိသည်။
မဒါးညီအစ်ကိုကမူ ပြဿနာအမျိုးမျိုး ဖော်ထုတ်လေ့ရှိသည်။ သူတို့က ပြဿနာများလျှင် လွှတ်ပေးမည်ဟု ထင်ရှာဟန် တူပါသည်။ အများသောက်သော သောက်ရေအိုးက ရေနှင့် ခြေဆေးသဖြင့် မခံချင်သူများနှင့် ရန်ဖြစ်ကြရသည်။ ပြဿနာမှာ ညီအစ်ကိုနှစ်ယောက်စလုံးက လူငယ်ငယ် တောင့်တောင့်များကို ပလူးပလဲ လုပ်လေ့ရှိသည်။ ကုတင်ချင်း ကပ်နေရသူ ဦးမြမောင်က မြင်သမျှကို မျက်စိရှက်သည်။ မျက်စိရှုပ်သည်။ ဦးမြမောင် က နဂိုကမှ မတရား အဖမ်းခံထားရ၍ စိတ်တိုနေသူဖြစ်သဖြင့် တနေ့တွင် ညီမဒါးကို ဆွဲထိုးမိရှာတော့သည်။
ထောင်ထဲ၌ ရန်ပွဲတွေ့လျှင် ၀င်ပြီး မဖျန်လေနှင့်ဟု ဆောင်ပုဒ်ရှိပါသည်။ အာဏာပိုင်များက အရေးယူလျှင် ဖျန်ဖြေသည့်သူကိုပါ အပြစ်ပေးလေ့ရှိသည်။ ဦးမြမောင်ရော ညီမဒါးနှင့်ပါ ရင်းနှီးလေသဖြင့် လက်လွန်ခြေလွန် မဖြစ်စေရန် တင်မောင်က ၀င်ပြီး ဖျန်ဖြေမိပါသည်။ ဦးမြမောင်မှာ တိုက်ပိတ်ခံရရှာပြီး ညီမဒါးက သွားနှစ်ချောင်း ကျိုးရှာပါသည်။ တင်မောင်က ၀င်မကယ်လျှင် ညီမဒါးလည်း သေနိုင်သောကြောင့် ဦးမြမောင်အဖို့ အမှုကြီး နိုင်ပါသည်။
ကျိုးသွားသည့် သွားနှစ်ချောင်းအနက် တချောင်းမှာ ရွှေထူထူ ကွပ်ထားသော ရွှေသွားကလေး ဖြစ်ပါသည်။ တင်မောင်သည် သူ၏အသက်ကို ကယ်သည့် ကျေးဇူးရှင်ဖြစ်ပါသည်။ “ရွှေသွားကလေးကို ငါ့ကို လှူပါလားကွာ၊ မင်းပါးစပ်မှာ နောက်ထပ် ရွှေသွားငါးချောင်းတောင် ရှိပါသေးတယ်” ဟု ချော့ပြီး အလှူခံခဲ့ပါသည်။ သန်းကြွယ် သူဌေးသားထံက ရွှေသွားကို အခမဲ့ ရရှိရန်မှာ မလွယ်ပါပေ။ ညီအစ်ကို နှစ်ယောက်လုံးက များစွာ စေးနှဲကြပါသည်။ တင်မောင်အား ကျေးဇူးတင်လှပါသည်ဟု ဆိုပြီး လွန်ခဲ့သော (၄) လက အစ်ပွဲအတွက် သူတို့ အိမ်က ပို့သည့် အချိုမုန့်တဖဲ့ကိုသာ ကန်တော့ပါသည်။ ရွှေသွားကလေးကိုမူ သူ၏ အင်္ကျီ၏ ထောင့်တွင် ကျစ်ကျစ် ပါအောင် ထုံးပြီး သိမ်းထားသည်ကို တွေ့ရပါသည်။
ဤတွင် တင်မောင်တို့ လူစုအစည်းအဝေး ကျင်းပကြရပြန်ပါသည်။ စာပဒေသာမဂ္ဂဇင်း ဖတ်ချင်ကြသဖြင့် ညီမဒါး ထံမှ ရွှေသွားကို ဖြစ်နိုင်သည့်နည်းနှင့် ရအောင်ယူကြရမည်ဟု ဆုံးဖြတ်ကြပါ၏။ ချောင်တွင်ပိတ်ပြီး သူ၏မျက်နှာ ကို အ၀တ်အုပ်ပြီး လုကြရန် အဆိုတင်သူရှိပါသည်။ တင်မောင်တို့တတွေသည် အကြမ်းသမားများမဟုတ်သဖြင့် ချက်ချင်းပယ်ချကြသည်။
“ဟေ့ မောင်မောင်ဝင်း၊ တလောက ညီမဒါးက မင့်ကျောကို ပုတ်ပြီး ချိုချဉ်ပေးတာ မြင်လိုက်တယ်” ဟု အထောက်တော် ကိုလှအောင်က တင်ပြသောအခါ လူငယ်ကဗျာဆရာ မောင်မောင်ဝင်းက မျက်နှာပျက်သွားပြီး “ကျနော်က ဒီကောင်ကို ရွံတာကြောင့် အကိုတို့ရှေ့မှာပဲ ချိုချဉ်ကို လွှင့်ပစ်လိုက်ပါတယ်” ဟု ဖြေရှာ၏။
ထိုအခါ တင်မောင်က လူကြီးအဖြစ် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်ပါသည်။ “မောင်မောင်ဝင်း၊ မင်း … ညီမဒါးကို ချည်းကပ်ရမယ်။ သူ့ဆီက ရွှေသွားတချောင်းကို ရအောင်ယူခဲ့ရမယ်။ မင်းက ဘယ်လိုနည်းနဲ့ ရအောင် ယူတယ်ဆိုတာ တို့များက မေးမည်မဟုတ်” ဟု ပြတ်သွားစွာ အမိန့်ပေးလိုက်ပါသည်။
မည်သို့မည်ပုံ ချော့ခဲ့သည်မသိလိုသဖြင့် မမေးမိပါ။ တပတ်ကြာသောအခါ ရွှေသွားရလာပါသည်။ ထောင်ကြပ် ကိုဘချောက စာအုပ်ကို ခိုးယူလာပြီး ရွှေသွားနှင့် ရောင်းပါသည်။ ရွှေနှင့်စက်ပြီး ၀ယ်ရသည့် စာအုပ်ပါပေ။
စာအုပ်တန်ဖိုးက ကြီးမားသည်နှင့်အမျှ စာတန်ဖိုးကလည်း ကြီးမြင့်ပေသည်။ တောင်အမေရိကန် အာဏာရှင် နိုင်ငံတခုမှ ကချေသည်မကလေးတဦး၏အကြောင်း ဆောင်းပါးကို စာအုပ်တွင် ဖတ်ကြရသည်။ သူမ၏ဖခင်သည် အာဏာရှင်အစိုးရ၏ ဖိနှိပ်မှုကို ခံရသောကြောင့် နောက်ဆုံးတွင် “ဒင်းတို့ကိုမနိုင်လျှင် သူတို့နဲ့ ပေါင်းလိုက်ပေါ့” ဟူသည့် လမ်းစဉ်နှင့် အနိုင်ယူသည်ဟု စာပိုဒ်တခုကို တွေ့ရသည်။ ထိုကြောင့် တင်မောင်တို့အစု စဉ်းစားကြရပြန် သည်။ တင်မောင်တို့တတွေသည် စစ်ဝါဒီကို မကြိုက်သည်မှာ အမှန်ဖြစ်သည်။ သို့ပေမယ့် သတင်းစာဆရာ၊ စာရေးဆရာတို့အဖို့ ဓမ္မကထိကများသာ ဖြစ်ကြသည်။ တရားဟောရန် ပလ္လင်မရှိလျှင် မည်သို့မှ မတတ်နိုင်။ စစ်အစိုးရကိုလည်း ထောင်တွင်းရှိ မိမိတို့အစုကလေးက အနိုင်မတိုက်နိုင်သေးဟူသည့် ဘ၀အခြေအနေမှန် တွေ့ကြပါသည်။ အများသဘောတူ မဆလပါတီထဲကို ပါဝင်ခွင့်လျှောက်လွှာ လက်မှတ်ထိုးမိကြသည်။ လွှတ်ပေးပါခင်ဗျားဟုလည်း အသနားခံစာ တင်ကြမိသည်။
ထောင်ထဲရှိသော ကွန်မြူနစ်များက တင်မောင်တို့လူစုကို အချောင်သမားတွေဟု သမုတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြသည်။ နိုင်ငံရေးသမားမဟုတ်သဖြင့် တင်မောင်တို့က မမှုပါ။ မိမိတို့ မှန်သည်ထင်ရာ လုပ်နိုင်ကြသည်မို့ “ပြောချင်သလို ပြောကြပါစေပေါ့” ဟု လျစ်လျူရှုခဲ့သည်။
နောက်ပိုင်း တင်မောင်တို့အား လွှတ်ပေးသည့်အခါတွင် တင်မောင်အဖို့ ဆောင်းပါးရေးခွင့် ရရှိသည်။ ဦးညိုမြကို အိုးဝေဂျာနယ်၊ ကိုလှအောင်ကို သတင်းဂျာနယ်၊ ကိုခင်မောင်ရီကို ဖြူနီညိုပြာမဂ္ဂဇင်း၊ သခင်လွင်ကို ရှုဒေါင့်ဂျာနယ် ထုတ်ခွင့်ပေးခဲ့သည်။ ပြည်သူပိုင်စာနယ်ဇင်းခေတ်တွင် ထောင်ပြန်များ၏ ခေတ်ငယ်တခု ထူထောင်နိုင်ခဲ့ကြသည်။ စစ်အစိုးရက အခိုက်အတန့်အားဖြင့် တရုတ်ပြည်က မော်စီတုန်း၏ ‘ပန်းတိုင်းပွင့်ပါစေ’ နိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံးလေသဖြင့် တင်မောင်တို့ ထောင်ပြန်တစုအဖို့ အသင့်အတင့် လွတ်လပ်စွာ ရေးသားနိုင်ခဲ့ပါသည်။
သို့တစေလည်း စစ်တပ်ခေတ်တွင် အမြဲထာဝရ ပန်းပွင့်ရန်မှာ မလွယ်ပါ။ (၂) နှစ်ခန့် ကြာသောအခါတွင် ပွင့်လန်းသော ပန်းများတို့ ညှိုးရပြန်ပါလေသည်။ ။

Tuesday, July 14, 2009

နောက်ဆုံးဝက်အသက်



ဒိန်းမတ် သတင်းစာတစောင်ထဲက ဖြတ်ယူထားလိုက်တဲ့ ဓါတ်ပုံတပုံပါ။ ဒိန်းမတ်နိုင်ငံ Holstebro မြို့မှာရှိတဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိပြီဖြစ်တဲ့ Danish Crown ကုမ္မဏီပိုင် ၀က်သတ်လုပ်ငန်းစက်ရုံ ပိတ်တော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံးအကောင်ဖြစ်တဲ့ ၀က်ကို အမှတ်တရ ဓာတ်ပုံရိုက်နေကြတဲ့ ပုံပါ။ အဲဒီစက်ရုံက အလုပ်သမား ၄၅၀ ဟာ နောက်တနေ့ကစပြီး အလုပ်ဆင်းစရာ မလိုတော့ပါဘူး။
Danish Crown ဆိုတဲ့ နာမည်ဟာ ဒိန်းမတ်ရောက်မြန်မာနိုင်ငံသားတွေအကြား ရေပန်းစားတဲ့ အမည်တခုပါ။ မြန်မာတင်မကပါဘူး၊ အခြားနိုင်ငံခြားသားတွေလည်း အဲဒီကုမ္မဏီမှာ အများအပြားရှိကြပါတယ်။
အခုတော့ စီးပွားရေးမကောင်းတာကို အကြောင်းပြပြီး ၀က်သတ်လုပ်ငန်း လုပ်တဲ့ စက်ရုံတွေကို တဖြည်းဖြည်း ပိတ်နေပါပြီ။ ဒိန်းမတ်မှာ ၀န်ထမ်းတွေ အလုပ်ပြုတ်တဲ့အခါ အလုပ်ရှိစဉ်က ကိုယ်အသင်းဝင်ထားတဲ့ သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေက လစာပြန်ထုတ်ပေးတယ်ဆိုပေမယ့် နှစ်အကန့်အသတ်တော့ ရှိပါတယ်။ သမဂ္ဂက ပေးတဲ့ လစာယူနေစဉ်ကာလမှာ အလုပ်ရှာရင်ရှာ၊ မရှာရင် သင်တန်းတခုခု တက်နေရပါတယ်။
အခုတလောမှာ အလုပ်ပြုတ်သူတွေ များနေတာမို့ သင်တန်းကျောင်းတွေမှာ လူတွေ စည်ကားနေကြပါတယ်။ အလုပ်ရှာနေသူတွေ၊ သင်တန်းတက်နေသူတွေ ဘယ်တော့လောက် လုပ်ငန်းခွင်တွေထဲ ပြန်ရောက်လာမလဲ ဆိုတာကတော့ စောင့်ကြည့်နေရပါဦးမည်။ ။

Friday, July 3, 2009

(၃၄) ဦးထုပ်နီကြီး ရောက်လာခြင်း (ကြေးမုံဦးသောင်း)

စစ်အစိုးရခေတ်တွင် အရပ်သားအများတို့ အဖမ်းခံကြရသည်။ စစ်ဗိုလ်ကြီးများသည်လည်း သိကြားသားများ မဟုတ်လေသဖြင့် ထောင်ထဲသို့ နယ်ကျွံပြီး ရောက်ရှိလာတတ်ကြသည်။ တော်လှန်ရေး အစိုးရ - မဆလ အစိုးရ လမ်းစဉ်ကို ဆန့်ကျင်သော နိုင်ငံရေးပြစ်မှုနှင့် လာကြသည်မဟုတ် များသောအားဖြင့် လာဘ်စားမှု၊ ခိုးဝှက်မှု … စသည့် မကောင်းမှုများနှင့် ရောက်လာတတ်ကြသည်။ အမှန်ကို ဆိုရလျှင် စစ်တပ်၏ ဦးစီးပိုင်း ထိပ်သီးအရာရှိပိုင်း တွင် ရိုးသားသူ တဦးတလေမှ မရှိပါ။ ဗိုလ်နေ၀င်းကိုယ်တော်တိုင်က သူခိုးဗိုလ်ချုပ်ကြီး ဖြစ်သည်ကို စစ်ဗိုလ်ကြီးတိုင်း သိကြသည်။ သို့သော်ငြားလည်း မလှန်ဝံ့သောကြောင့် သူပြုသမျှ နုနေကြရရှာသည်။ သူခိုးကြီး လက်အောက်တွင် ခစားကြရင်း သူခိုးကလေးများ ဖြစ်လာကြသည်။
စစ်ဗိုလ်ကြီးများ ကျူးလွန်သည့်အမှုများကို စစ်စုံထောက်များက သိသောကြောင့် ဗိုလ်နေ၀င်းက သိထားသည်။ အပြစ်ရှိသူ စစ်ဗိုလ်များအား သူတို့ ကျူးလွန်မိသောအမှုများကို ဗိုလ်နေ၀င်း သိရှိနေကြောင်းကိုလည်း နားလည် သိရှိစေကာ သူ့ကို သစ္စာစောင့်စေသည်။ သူခိုင်းသမျှကို မလုပ်ဘဲ မနေ၀ံ့အောင် ခြောက်လှန့်နေလေ့ရှိသည်။ များစွာ ရိုးသားသည်ဟု ဆိုကာ ဂေါ်ရခါးကြီးဟု ခေါ်ကြသော ဗိုလ်စန်းယုကိုပင် “မင်းမယားက ရာထူးတက်မည့် စစ်ဗိုလ်ကလေးများရဲ့ စာရင်းကို ခိုးကြည့်ပြီး … မောင်လေးရေ … မင်းရာထူးတက်နေပြီဟေ့လို့ ပြောပြီး ငွေတောင်း တယ်” ဟု အခြား စစ်ဗိုလ်များရှေ့တွင် ပြောဆိုသတိပေးသည်။
စစ်ဗိုလ်ကြီးများအားလုံးအဖို့ ဗိုလ်နေ၀င်းက မျက်နှာတော်ညိုရာက မျက်နှာတော်လွဲသည့် အချိန်တွင် ထောင်ထဲသို့ ရောက်လာတတ်သည်။ ထောင်မှ လွတ်သည်နှင့် ဗိုလ်နေ၀င်းကို ရှိခိုးပြီး မျက်ဖြေအလင်္ကာ တင်သွင်းကြလျှင် အစိုးရ ရာထူးကြီးများ၊ စီးပွားရေးလုပ်ပိုင်ခွင့်များကို ဆုလာဘ်အဖြစ် ပေးလေ့ရှိသည်။
ကုန်သွယ်ရေး ၀န်ကြီးအဖြစ် အမှုထမ်းရာက အဖမ်းခံထိသူ ဗိုလ်ချစ်မြိုင်ဆိုလျှင် ထောင်ထဲ၌ ခေတ္တခဏသာ နေရပြီး လွတ်သောအခါတွင် အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် သူကောင်းပြုသည်။ ဗိုလ်ကြည်မောင်ကဲ့သို့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို သာမက စစ်တပ်ကြီးစိုးသော ဖက်ဆစ်ဝါဒကိုပါ ပြတ်သားစွာ ဆန့်ကျင်သူ ဖြစ်သောကြောင့် ဒူးမထောက်သဖြင့် မ၀တ၀ ပင်စင်ကလေးနှင့် နေကြရသည်။
ထောင်ထဲသို့ ရောက်လာသော စစ်ဗိုလ်များကို အရပ်သား ထိန်းသိမ်းခံများနှင့်အတူ အတူမထားဘဲ သီးသန့် အိမ်ကလေးများ၊ သီးသန့်အခန်းများတွင် ထားရှိသည်။ အကျဉ်းသားချင်း အတူတူ လူတန်းစားခွဲသေးသည်။ စစ်ဗိုလ်များကို ချောင်ချောင်ချိချိထားပြီး အစားကောင်းကောင်းကျွေးသည်။ ဗိုလ်လူထွက်များကိုသာ တင်မောင်တို့ နှင့် အတူထားသည်။
တင်မောင်တို့ သတင်းထောက်များအတွက် ကံကောင်းသည်မှာ မိမိတို့၏ အဆောင်ထဲတွင် ဂိုဒေါင်သိုလှောင်ခန်း တခု ရှိနေသည်။ ထောင်ထဲရောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့တွင် အိမ်မှာ ပါလာသော ပစ္စည်းပစ္စယများမှ ထောင်တွင်းတွင် သုံးစွဲခွင့်မရှိသည့် အရာများကို သိမ်းယူပြီး သိုလှောင်သော အခန်းဖြစ်သဖြင့် ပစ္စည်းကို မြင်သည်နှင့် မည်သို့ ပုဂ္ဂိုလ်ရောက်လာသည်ကို တင်ကြိုသိရသည်။
စစ်ဗိုလ်များကို ဖမ်းသောအခါတွင် များသောအားဖြင့် အလုပ်ခွင်က ဖမ်းလာသဖြင့် သူတို့ စစ်ဝတ်စုံများကို ထုပ်ပိုးပြီး ဤအခန်းတွင် သိမ်းပါသည်။ စင်တခုတွင် စစ်ဗိုလ်ဦးထုပ်များကို စီပြီး တင်ထားသဖြင့် ဗိုလ်ကြီးတဦး ရောက်လာသည်။ ဗိုလ်မှူးတဦးရောက်လာသည်၊ လွတ်သွားသည် … စသည်တို့ကို ဦးထုပ်များ၊ တံဆိပ်များကို ကြည့်သည်နှင့် သိနိုင်လေသည်။
“ဦးထုပ်နီကြီးတလုံး ရောက်လာပြီဗျို့” ဟု ဂိုဒေါင်ခန်းကို ချောင်းကြည့်လာသူက သတင်းပေးသောအခါ “ဘယ်သူပါလိမ့်” ဟု တင်မောင်တို့ သတင်းထောက်များက မေးခွန်းထုတ်ရင်း ၀မ်းသာအားရ ဖြစ်မိကြသည်။
စင်စစ် အမင်္ဂလာသတင်းဖြစ်သည်။ လူသစ်တဦး ထောင်ထဲ ရောက်လာတိုင်း ‘၀ဋ်ကျွေးရှိတဲ့ မောင်ကံဆိုး တယောက်တော့ တို့များလိုပဲ ခံရပေဦးမည်’ ဟု စိတ်မချမ်းမသာနှင့် ၀မ်းနည်းကြလေ့ရှိကြပါ၏။ သို့စေကာမူ တင်မောင်တို့ အားလုံးကို မတရားထောင်ချသော စစ်တပ်အစိုးရဘက်သား စစ်ဗိုလ်ကြီးတယောက် ထောင်ထဲ ရောက်လာသည်ဆိုလျှင် တထောင်လုံး ၀မ်းသာအားရ အော်ဟစ်ကြလေ့ရှိသည်။ အကျဉ်းကျလာသူ ဘ၀တူ အကျဉ်းသားအတွက် ၀မ်းသာမိကြသည်မှာ မှားသည်ဟု သိကြသော်လည်း သူတို့ နိုင်စဉ်တွင် ညှဉ်းဆဲခံနေကြရသူ များဘက်က ကြည့်ပြန်ပါလျှင် အဆိုးမဆိုသင့်ပါပေ။
ဦးထုပ်နီကြီး၏ထိပ်မှ တံဆိပ်မှာ ဗိုလ်မှူးကြီးတံဆိပ်ကြယ်တွေ ပါလာသောကြောင့် တော်လှန်ရေးကောင်စီဝင် (၁၇) ဦးထဲက တဦးကို ဖမ်းလာမည်ဟု သေချာသည်။
မည်သူမည်ဝါဟု မသိနိုင်သဖြင့် အမျိုးမျိုးစုံစမ်းကြရသည်။ တင်မောင်အဖို့ သတင်းရနိုင်သည့် သတင်းဆက်တို့မှာ မီးဖိုမှ နံနက်စာ၊ ညစာနှင့် မိလ္လာအိုး သယ်ထမ်းပေးသော ထောင်ကျများသာ ဖြစ်ကြသည်။ သတင်းများကို စီးကရက်ဘူးများ ပေးပြီး ၀ယ်ကြရလေ့ရှိသည်။
“ဗိုလ်မှူးကြီးစောမြင့်ကို ထောင်ခြံ အဆောင်ငယ်မှာ ချုပ်ထားတယ်” ဟု သူ့ထံသို့ ထမင်းပို့ရသူ ထောင်ကျတဦးက တိတိကျကျ သတင်းရောင်းသည်။ တော်လှန်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်၊ တော်လှန်ရေးအစိုးရ ပြန်ကြားရေးဌာန ၀န်ကြီး၊ ဗမာ့တပ်မတော်မှ ထိပ်သီးဗိုလ်မှူးကြီးကို ဖမ်းဆီးထားကြောင်းနှင့် တင်မောင်တို့၏ ထောင်သတင်းစာတွင် သတင်းထူး ဖော်ပြနိုင်ပါသည်။
အမှုမှာ အလွန်အမင်း အရုပ်ဆိုးသည်။ နိုင်ငံတော် တော်လှန်ရေးစစ်အစိုးရက ထုတ်ဝေထားသဖြင့် နိုင်ငံသားတို့ လက်ထဲ၌ လှည့်ပတ်သုံးစွဲနေသော ငွေစက္ကူများအနက် ကျပ်တရာတန်နှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများကို တရားမ၀င်ဟု အစိုးရက ပယ်ဖျက်ရန် ဆုံးဖြတ်စဉ်က တရားမ၀င်ဖြစ်လုဆဲဆဲ အချိန်ပိုင်းကလေးတွင် မိမိပုဂ္ဂလိကပိုင် တရာတန်ငွေစက္ကူများနှင့် သတင်းကို မသိသေးသူ အရပ်သားဈေးဆိုင်များမှ ကုန်စည်များ ၀ယ်ယူက ကိုယ်ကျိုးရှာမှု ဖြစ်သည်။ မိမိ၏ ရုံးတွင်းရှိ အစိုးရပိုင် တရာတန် ငွေစက္ကူများကိုလည်း သုံးစွဲသေးသည်။ အစိုးရ၏ ငွေကို ခိုးယူမှုလည်း ဖြစ်သည်။
အမှုသွားမှာ ၁၉၆၄ ခု၊ မေလ (၁၇) ရက်နေ့၊ နံနက် (၈) နာရီက ဗိုလ်ချုပ်ကြီးနေ၀င်း၏ အိမ်တော်၌ တော်လှန်ရေး ကောင်စီ အထူးအစည်းအဝေးကျင်းပပါသည်။ အစိုးရ အခွန်တော် ၀င်ငွေထက်၊ သုံးငွေထွက်များသည့် ပြဿနာကို ဖြေရှင်းရန် တနေကုန်ဆွေးနွေးကြပြီး အရပ်သားများ လက်ထဲတွင် လှည့်ပတ်သုံးစွဲနေသော ကျပ်တရာတန်နှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများကို တရားဝင် သုံးစွဲခွင့် ပယ်ဖျက်ရန် ဆုံးဖြတ်ကြပါသည်။
ချက်ချင်းပင် ဒေါက်တာမောင်မောင်က အမိန့်ဥပဒေကို ရေးပြီး ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်ကို ကြေညာချက် ရေးစေပါသည်။ ည (၇) နာရီတွင်မှ ပြည်သူလူထုသို့ မြန်မာ့အသံမှ ကြေညာရန် ဗိုလ်မှူးကြီးစောမြင့် အား တာဝန်ပေးကာ ညနေ (၂) နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
ဗိုလ်မှူးကြီးစောမြင့်က အလျင်အမြန် အသံလွှင့်ရုံတွင် ရှိသော သူ၏ ရုံးခန်းသို့ ပြန်လေရာ (၂) နာရီ၊ (၃၀) မိနစ်ခန့် တွင် ပြန်ရောက်သည်။ ကြေညာချက်ကို သိမ်းထားပြီး သူ၏ စားပွဲမှာ ရှိသည့် သူပိုင် ရာတန်ငွေစက္ကူထုပ်ကြီးနှင့် အစိုးရပိုင်ငွေများမှ ရာတန်ငွေစက္ကူများကို ထုတ်ယူသည်။ ရုံးတွင်ရှိသော စစ်ဗိုလ်အရာရှိလေးဦးကို ရုံးခန်းတွင်းသို့ ခေါ်ယူပြီး “မင်းတို့လေးဦး ဟောဒီတရာတန် ငွေစက္ကူတွေနဲ့ ရနိုင်သမျှ ပစ္စည်းသွားဝယ်ပေးကြ။ ဘာတွေရရ ရသမျှ ၀ယ်ချင်ရာဝယ်ခဲ့ကြ။ ပြန်အမ်းတဲ့ ဆယ်တန်၊ ငါးကျပ်တန်တွေ ပြန်ယူခဲ့။ ဥပမာ ဆိုင်တဆိုင်မှာ ငါးကျပ်ဖိုးဝယ်လို့ (၉၅) ကျပ်ပြန်အမ်းလျှင် ပြန်ယူခဲ့၊ နောက်တဆိုင်မှာ နောက်ထပ် ရာတန်ကို သုံးကြပါ။ ပြန်အမ်းသမျှ တဆယ်တန်၊ ငါးကျပ်တန် စက္ကူတွေကိုသာ ပြန်ယူခဲ့” ဟု တိကျစွာ မှာကြားစေခိုင်းပါသည်။
စစ်ဗိုလ်လေးဦးလည်း ဘုမသိဘမသိနှင့် ဈေးဝယ်ထွက်ကြပါတော့သည်။ ကုန်မျိုးစုံ ၀ယ်ခဲ့နိုင်ပါသည်။ အဖိုးတန် ကုန်စည်များလည်း ပါပါသည်။ ပုဆိုးကြမ်း၊ ငှက်ပျောသီး … စသည့် ဆင်းရဲသားသုံးကုန်များလည်း ပါသည်။ အားလုံးတို့ကို ဆင်းရဲသားဆိုင်များမှ ၀ယ်ယူလာကြပြီး ပြန်အမ်းသည့် ဆယ်တန်၊ ငါးကျပ်တန်တွေကို ဗိုလ်မှူးကြီးအား ပြန်အပ်ကြရပါသည်။
ညနေ (၇) နာရီကျမှ ရာတန်၊ ငါးဆယ်တန်တွေကို တရားမ၀င်ကြောင်း ကြေညာလေသည်။ အရပ်သားအားလုံး အခြေပျက်ကြရသည်။ လူထုလက်ထဲတွင် လှည့်လည်သုံးစွဲသော ကျပ်ရာတန်နှင့် ငါးဆယ်တန်ငွေစက္ကူများ၏ တန်ဖိုးမှာ ကျပ် (၉၁၅.၈) သန်း ရှိသည်။ လူထုကြီးမှာ သန်းတထောင်နီးပါး ကျပ်ငွေစက္ကူ (၉၁၅) သန်းနှင့် (၈) သိန်း ဆုံးရှုံးရသည်။ မွဲကြရပါသည်။
ဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်အဖို့ ပြန်အမ်းငွေများကို အိတ်မှာ ပိုက်ပြီး ၀ယ်လာသော ပစ္စည်းများကို ပြန်ရောင်း ရသောကြောင့် အရှုံးမရှိ၊ အစိုးရပိုင်ရာတန်များနှင့် ၀ယ်ယူရရှိသော ကုန်များနှင့် ပြန်အမ်းငွေများကိုလည်း ခိုးယူပြီး တန်ဖိုးမရှိသော ရာတန်ငွေစက္ကူများကို တရွက်ငါးကျပ်နှုန်းနှင့် ၀ယ်ပြီး အစားထိုးစာရင်းပြသောကြောင့် များစွာ အမြတ်ပေါ်သေးသည်ဟု သိရပါသည်။
အမှုမှာ မျက်စိမှုန်သူ ဈေးသည်ထံ ငွေစက္ကူတုနှင့် ဈေးဝယ်သော လိမ်လည်မှုဖြစ်ပါသည်။ သူခိုးဓားပြများထက် နိမ့်ကျသော၊ ယုတ်မာသော ရာဇ၀တ်မှုဖြစ်ပါသည်။ အမှုကရှင်းလင်းပြီး တော်လှန်ရေးကောင်စီ ခေါင်းဆောင်ကြီး၊ မဆလ အစိုးရ၀န်ကြီး၊ ဗမာ့တပ်မတော် ဗိုလ်မှူးကြီး၊ စစ်ဗိုလ်ကြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အတွင်းရေးမှူးကြီးက ကျူးလွန်သည် ဖြစ်လေရာ သူ့အား သေဒဏ်ပေးသင့်သည့်တိုင် ရာဇ၀င်ရိုင်းသော အမှုဖြစ်ပါသည်။
သူ့ကို ထောင်ဒဏ်အပြစ်ပေးပြီး လအနည်းငယ်ကြာသောအခါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးပါသည်။ မဂ္ဂဇင်းထုတ်ဝေခွင့်နှင့် အစိုးရ ရာထူးတခုပေးပါသေးသည်။ အစိုးရအိမ်နှင့် အစိုးရကားကို စီးနင်းခွင့် စသော အခွင့် အရေးများ ပေးပါသည်။ စစ်ဗိုလ်တဦးအဖို့ မည်မျှယုတ်နိမ့်သော ရာဇ၀တ်မှု ကျူးလွန်သည်ဖြစ်စေ၊ အရပ်သားများ၏ ခေါင်းပေါ်မှာပင် အမြဲနေနိုင်ခွင့်ရှိသည့်စနစ် ဗိုလ်နေ၀င်းက ချမှတ်ထားပါသည်။
ဤမည်သော လူယုတ်မာ သူခိုးအနိမ့်စားကြီးအဖို့ န၀တ-နအဖ အစိုးရ တက်လာသောအခါ စစ်ဗိုလ်များသာ ပိုင်ဆိုင်ခွင့်ရှိသော ဦးပိုင်စီးပွားရေးလုပ်ငန်းကြီးတွင် အစုပိုင်ရှင်ကြီးအဖြစ် ကြွယ်ဝနေပြန်ပါသည်။
နအဖအစိုးရခေတ်တွင် သူ၏ သိက္ခာကို စစ်အစိုးရက မြှင့်တင်ပေးပြန်ပါသည်။ နိုင်ငံတော်အစိုးရ ဗုဒ္ဓသာသနာအဖွဲ့မှာ ဥပသကာခေါင်းဆောင်ခန့်ထားပြန်ပါသည်။ ။

Saturday, June 27, 2009

ဘာလင်တံတိုင်းကို ဖြိုခဲ့သူများ

ဘာလင်မှာ ကျနော်တို့ ဘတ်စကားဖြင့် လိုက်ကြည့်ရင်း Alexanderplatz ဆိုသည့် နေရာသို့ ရောက်သွားခဲ့သည်။ ထိုနေရာမှာ ဘတ်စကားဂိတ်ဆုံးပြီး ဆက်မသွားတော့သောကြောင့်လည်းဖြစ်၏။ ဘတ်စကားဂိတ်မှ မီးရထားစီးရန် ဘူတာသို့အသွား ကွင်းပြင်ကျယ်တခု၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟု ရေးထားသော ဆိုင်းဘုတ်တခုကို တွေ့ရ၍ အနီးသို့သွားကြည့်သောအခါ လေဟာပြင်ပြခန်းတခုဖြစ်နေသည်ကို တွေ့ရသည်။
အရှေ့နှင့်အနောက် ဂျာမနီပြန်လည်ပေါင်းစည်းခဲ့သည်မှာ ၂၀၀၉ ခုနှစ်တွင် အနှစ်နှစ်ဆယ်ပြည့်ပြီ ဖြစ်သောကြောင့် အမှတ်တရ ပြခန်းလုပ်ပြသနေခြင်းဖြစ်လေသည်။
အရှေ့ဂျာမန်အစိုးရ၏ ဖိနှိပ်မှုများ၊ ပြည်သူတို့၏ လွတ်မြောက်ရေးကြိုးပမ်းမှုများနှင့် အောင်ပွဲခံ လွတ်မြောက်လာပုံတို့ကို ကြည့်လိုက်၊ ဓာတ်ပုံရိုက်လိုက်နှင့် ပြခန်းမှာ ဆက်လက်လေ့လာနေချင်သေးသော်လည်း အတူပါလာသူများကို အားနာပြီး ထွက်လာခဲ့ရသဖြင့် ထိုနေရာကို ဖြစ်နိုင်လျှင် နောက်တခေါက် ထပ်မံသွားရောက် လေ့လာလိုပါသေးသည်။
ဘာလင်နှင့် ပတ်သက်လျှင် သိလိုသည်များ၊ လေ့လာချင်သည်များ အများအပြား ကျန်နေသေးသလို၊ သိထားသမျှကိုလည်း ဘလော့ဂ်တွင် တင်ပြရန် ကျန်ပါသေးသည်ဟု ပြောရင်း နားပါဦးမည်။
ပြခန်းမှာ ရိုက်ယူလာခဲ့သည့် ဓာတ်ပုံများ…

Saturday, June 13, 2009

(၃၃) နေ၀င်းတူးနှင့် ရင်ဆိုင်တိုက်ပွဲ (ကြေးမုံဦးသောင်း)

သက်ကြီးဝါကြီး နိုင်ငံရေးသမားကြီးတဦးကို တင်မောင်တို့ အခန်းသို့ ပို့လိုက်ပြန်လေသည်။ အင်္ဂလိပ်ခေတ်က အကြိမ်ကြိမ်ထောင်ကျခဲ့သူ သခင် ခင်အောင် ဖြစ်သည်။ သူ့ကို လွန်ခဲ့သော (၂၁) ရက်နေ့က ဖမ်းဆီးပြီး တိုက်ထဲတွင် ထည့်ထားပြီး ယခုမှ အများဆောင်ကို ပို့လိုက်သည်။ သူ၏ ဇာတ်လမ်းကလည်း တမျိုးစိတ်ဝင်စား ရပေသည်။
“တို့များက ဘယ်မြေအောက်အဖွဲ့နဲ့မှ မဆက်ပါဘူး။ မဆလလမ်းစဉ်ကို ထောက်ခံပြီး သာပေါင်းညာစား မလုပ်တာကြောင့် ညသန်းခေါင်ကြီးမှာ ဆွဲလာတာပါ။ စစ်လားဆေးလားလည်း မလုပ်ပါဘူး။ ကိုယ်ဘာမှ မလုပ်ဘူးဆိုတာ သူတို့ သိကြပြီးသားပဲ။”
“ထောင်ထဲရောက်တော့ တိုက်ထဲတန်းပို့တော့တာပဲ။ (၇)ပေ၊ (၆)ပေ ရှိတဲ့အခန်းမှာ သံတိုင်ခတ်ထားတဲ့ ပြူတင်းပေါက်တခု ရှိပေမယ့် တဖက်မှာ အုတ်တံတိုင်းရှိတာကြောင့် အလင်းမရပါဘူး။ အားနည်းတဲ့ လျှပ်စစ်မီးသီး ခပ်ဝါ၀ါတလုံးက (၁၃) ပေမြင့်တဲ့ မျက်နှာကြက်မှာ အမြဲလင်းနေပါတယ်။”
“တိုက်ခန်းထဲမှာ အိပ်ရာမရှိဘူး။ အိပ်ရာမှာ ဂုံနီအိတ်တလုံးခင်းထားတယ်။ အခန်းရဲ့ထောင့်မှာ မိလ္လာအိုးတလုံး ရှိတယ်။ စစ်ဗိုလ်က အိမ်မှာ လာခေါ်တုန်းက အပြည့်အစုံပေးမှာပါ။ ဘာမှ မယူခဲ့ပါနဲ့ဆိုလို့ အ၀တ်တထည် ကိုယ်တခု လာခဲ့တယ်။ ထောင်ထဲရောက်မှ ခေါင်းအုံးတလုံး၊ ပန်းကန်ပြားတချပ်၊ မတ်ခွက်နှစ်လုံးပေးတယ်။ တခုက ဟင်းနဲ့ ကော်ဖီအတွက်၊ နောက်တခုက ရေခွက်၊ သောက်ရေကို တနေ့ နှစ်ခါပေးတယ်။”
“ပထမညက ကောင်းကောင်းအိပ်ရပါတယ်။ နောက်တည ကျနော် အိပ်လို့မရတော့ဘူး။ ဒီကောင်ကြောင့်ပေါ့။ သူ့ကို ချက်ချင်း နာမည်ပေးလိုက်တယ်လေ။ နေ၀င်းတူး။ ဒီကောင်ကို နေ၀င်းတူးဆိုတဲ့ အမည်ကလွဲလို့ တခြား အမည်ပေးစရာ မရှိဘူး။ ဒီကောင်က အာဏာရှင်ကြီး ဗိုလ်နေ၀င်းနဲ့ တသွေမတိမ်းတူတယ်။ ကိုယ့်ကို ဒုက္ခပေးတယ်။ ကိုယ်က ပြန်ပြီးတွယ်တော့ သံတိုင်ပြင်ဘက်ဘေး လွတ်ရာဒေသကို ပြေးခိုတယ်။ သူ့ကို လက်လှမ်းမမီလို့ ရန်မရှာနိုင်တာ သိတော့မှ ကိုယ့်ကို ပြန်ကြည့်တယ်။ အမူအရာက သရော်သလို လှောင်သလိုလို နဲ့ အထက်စီးက ကြည့်တယ်။ ကောက်ကျစ်လိုက်တာကလည်း လွန်လို့။ ခြေသွက်တာကလည်း သူ့ကို လိုက်လို့ မမီဘူး။ ထောင်ထဲမှာ သူ့ကို ရန်ပြုဖို့ ကိုယ့်မှာ ဘာမှမရှိတာကို သိတာကြောင့် ကိုယ့်ကို သူ့သဘောကျ ရန်ရှာတယ်။ အရွယ်က အမြီးပါတိုင်းမှ (၈) လက်မလောက်ရှိပေမယ့် ကိုယ့်လို ခိုကိုးရာမဲ့ အကျဉ်းသားတွေကို ရန်ရှာပြီး မိုက်ကြေးခွဲနေတာ ကြာပြီနဲ့တူတယ်။ သန်မာလိုက်တာကလည်း လွန်လို့။ အဲဒီညက ကိုယ့်ကို အိပ်ရေး ဖျက်တဲ့ ဒီကြွက်စုတ်အနိုင်ကျင့်တာကို ခံရတာ။ ခံပြင်းလွန်းလို့ မနက်လင်းတော့ တသက်လုံး ဘုရားဝတ်ပြုလာတာ ၀တ်ပျက်သွားတယ်။ ကြွက်ကလေးတကောင်နဲ့ စစ်ဖြစ်ရတယ်ဆိုတာ ရယ်စရာပေါ့။ လက်တွေ့အားဖြင့် ကိုယ့်ဘ၀ ဟာ ဗိုလ်နေ၀င်း ပြုသမျှ နုရမည့်ဘ၀မဟုတ်လား။ တိုက်ထောင်ထဲမှာလည်း ကိုယ့်ဘ၀က နေ၀င်းတူး မောင်ကြွက်စုတ် ပြုသမျှ နုနေရပြီ။”
“စစ်ပွဲဖြစ်ကြရတဲ့ အကြောင်းက စားခွက်လုတာပေါ့။ တိုက်ထဲမှာ ကိုယ့်ကို အစား (၃) ကြိမ်ပေးတယ်။ မိုးလင်းတာနဲ့ ဆန်ပြုတ်တိုက်တယ်။ နံနက်စာထမင်းကတော့ ပဲဟင်းနဲ့ ငါးပိကြော်၊ ညစာကျွေးတော့ အသားကလေး နည်းနည်း ပါတယ်။ အခြေအနေကို တွက်ချက်ပြီး ညစာပုံစံထဲက အသားကလေးတဖတ်ကို နံနက်စာကျတော့ ဆန်ပြုတ်နဲ့ ဖြစ်ဖြစ် ပဲဟင်းနဲ့ဖြစ်ဖြစ် စားနိုင်ဖို့ ကိုယ်က သိမ်းထားမိတယ်။ သံပန်းကန်ပြားထဲမှာ မတ်ခွက်နဲ့ မှောက်အုပ်ပြီး အိပ်ရာဘေးမှာ သိမ်းထားတယ်။ ရေမတ်ခွက်ကတော့ တညလုံးသောက်ဖို့ ရေအပြည့် ရှိတယ်။ ချမ်းသာသမျှ ဒါပဲပေါ့။”
“နေ၀င်းတူးကို မတွေ့သေးတော့ ပထမညကလို ငြိမ်းငြိမ်းချမ်းချမ်း အိပ်ရမယ် ထင်တာပေါ့။ မအိမ်မီ ထွက်သက် ၀င်သက်ကို ရှုတဲ့ ကမ္မဌာန်းထိုင်လိုက်ပါသေးတယ်။ အိပ်ရာဝင်လို့ မှေးကနဲ ပျော်နေတုန်းမှာ နေ၀င်းတူး ပေါက်လာ တယ်။ အသားဖတ်ကလေး အုပ်ထားတဲ့ မတ်ခွက်လိမ့်ကျတဲ့အသံကြောင့် လန့်နိုးလို့ ကြည့်လိုက်တော့ အသားဖတ် ကလေး ပါသွားပြီပေါ့။ သံတိုင်ပြင်ဘက် မလှမ်းမကမ်းမှာ ကျကျနန ထိုင်ပြီး ပွဲတော်တည်နေတယ်လေ။”
“မျက်လုံးပြောင်ကလေးတွေနဲ့ လှမ်းကြည့်လိုက်သေးတယ်။ ကိုယ်မမြင်ရတဲ့ နေရာမှာ သွားပြီး စားပါလား။ အခုတော့ ဘေးလွတ်ရာ သံတိုင်ပြင်ဘက်မှာ စားတော်ခေါ်နေပြီး သူ့ရဲ့ သားကောင်ဖြစ်တဲ့ ကိုယ့်ကို လှောင်နေတယ်။ ကိုယ်က စိတ်ဆိုးလွန်းတာကြောင့် လွှာဖိနပ်နဲ့ ပေါက်တော့ သူက ရယ်တယ်။ ရှောင်တောင် မရှောင်ဘူး။ သံတိုင်အပြင်ဘက် သူ့အနားရောက်သွားပေမယ့် သူ့ကို မထိနိုင်ဆိုတာ နေ၀င်းတူးက သိတယ်လေ။ ထောင်ကြပ်လာတဲ့ အချိန်ကျမှ ဖိနပ်ပြန်ရဖို့ တောင်းပန်ရဦးမယ်။”
“ကိုယ့်ရဲ့ အသားဖတ်ကလေးကို စိမ်ပြေနပြေ စားနေတဲ့ သူ့ကို ကြည့်ရင်း ဒေါသမီးပွားလွန်းတာတွေကြောင့် တညလုံး အိပ်မရတော့ဘူး။ ကိုယ့်အဖို့ တန်ဖိုးကြီးတဲ့ အသားကို နှမျောတာရယ်၊ အနိုင်ကျင့်တာကို မခံချင်တာရယ်၊ ဖြေဆည်လို့ မရဘူး။ အိပ်လို့ မရတော့ဘူး။ ပထမ ညတိုက်ပွဲမှာ အသားလည်းဆုံး၊ အိပ်ရေးလည်း ပျက်ဆိုတော့ ကိုယ်က ရှုံးရပြန်တာပေါ့။”
“တတိယညကျတော့ အသားကို မလှောင်တော့ဘူး။ အကုန်စားပစ်လိုက်တယ်။ ဒီကောင်ဘာလုပ်မလဲလို့ အိပ်ပျော် နေဟန်ဆောင်ပြီး စောင့်ကြည့်မိတယ်။ နှာခေါင်းက လေတရှုံ့ရှုံ့ အနံ့ခံပြီး အသားရှာဖို့ လာတော့တာပဲ။ ဘာတတ် နိုင်သေးလဲကွလို့ စိတ်ထဲက ကျူံးဝါးပြီး သူ့ကို ကြည့်နေမိတယ်။ သူ့ကို အသားပူဇော်သမှု မပြုကောင်းလား၊ စိတ်ဆိုးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အခန်းတလျှောက် ကိုယ်လက်လှမ်းမမီတဲ့ နေရာတွေမှာ လျှောက်ပြေးတယ်။ ခေါက်တုန့်ခေါက်ပြန် ပြေးတယ်။ ပတ်ချာလည် ပြေးတယ်။”
“ကိုယ်က အနိုင်ရပြီမို့ အိပ်လည်းပျော်သွားရော၊ ပန်းကန်သံခွက်သံ ကြားရတာကြောင့် လန့်နိုးရပြန်ပါတယ်။ ရေခွက်ပေါ်မှာ အုပ်ထားတဲ့ သံပန်းကန်ပြားပေါ်မှာ တက်ခုန်တာကြောင့် ရေခွက်မှောက်သွားတယ်။ ကိုယ့်အဖို့ တပွဲရှုံးရပြန်ပြီပေါ့။ ရေလည်းဆုံး၊ အိပ်ရေးလည်းပျက်ခံရပေဦးပေါ့။”
“ဘာမှ မဟုတ်တဲ့ ကြွက်စုတ်က နှောင့်ယှက်တာ မခံချင်တာကြောင့် စတုတ္ထညကျတော့ အသားမချန်တော့ဘူး။ ရေလည်း မချန်တော့ဘဲ အိပ်ရာဝင်မှာ အ၀သောက်ပစ်လိုက်တယ်။ ပစ္စည်းရှိလျှင် ဒင်းက ရန်ရှာဦးမှာ။ ခုလို အသားမရှိ၊ ရေမရှိ၊ ဘာမှ မရှိတော့ မောင်နေ၀င်းတူး ဘာများတတ်နိုင်ဦးမှာလဲ။ သူကလည်း သူ့ဘာသာသူ ရနိုင် တဲ့ နေရာမှာ ရှာဖွေစားသောက်ပစေပေါ့။ ဒါကြောင့် စိတ်ချလက်ချ စောစောစီးစီး အိပ်ရာဝင်လိုက်တယ်။ အိပ်ရေး ပျက်ရတာတွေက များခဲ့တာမို့ သိမ်းသိမ်းမောမော အိပ်ပျော်ခဲ့တယ်။”
“ဒီတချီမှာ နေ၀င်းတူးက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တယ်လေ။ ခြေသန်းဆီက စစ်ကနဲနာတာကြောင့် အိပ်ရာက နိုးရတယ်။ သူက သူစားပွဲထိုင်နေကျ နေရာက ကိုယ့်ကို ဒေါသမျက်လုံးနဲ့ ကြည့်နေတယ်။ ကိုယ့်ရဲ့ခြေသန်းကို ကိုက်သွားတယ်လေ။ သွားကလည်း ထက်လိုက်တာ၊ အတော်နက်နက်ပေါက်သွားတယ်။ သွေးထက်နေတယ်။ ဘာမှမရှိတော့ လက်ကိုင်ပ၀ါနဲ့ စည်းတော့မှ သွေးရပ်သွားတယ်။ နာတယ်၊ တော်တော်နာတယ်။ ရှုံးရပြန်ပြီ တပွဲ။ အိပ်ရေးပျက်ရပြန်ပြီ။ သွေးမြေကျရပြီ။ ဒါတော့ လွန်လာပြီ။ သူ့ကို လှမ်းကြည့်တော့ ငါ့အကြောင်း သိပြီမဟုတ် လားဟေ့လို့ အော်နေသလို ပြန်ကြည့်နေတယ်။”
“ဒေါသကြောင့် ကိုယ့်တကိုယ်လုံး မီးလိုပူလာတယ်။ အရှုံးပေးရတာကိုလည်း မခံချင်။ ကိုယ်က အသိပညာဉာဏ် ရှိတဲ့လူသား၊ သူက တိရစ္ဆာန်၊ ကြွက်စုတ်ကို အသိပညာရှင်၊ အတတ်ပညာရှင် လူသားတဦးက အရှုံးပေးရတယ် ဆိုတာ ရာဇ၀င်ရိုင်းမှာပေါ့။ ခက်တာက ကိုယ်က ဗုဒ္ဓဘာသာကောင်းတဦးဖြစ်နေလေတော့ သူ့ကို သတ်ဖြတ်မှု လည်း မပြုနိုင်။ ကိုယ်က နေ၀င်းတူးကို စိုက်ကြည့်တော့ သူကလည်း ပြန်ကြည့်တယ်။ ကိုယ်ဘာပြောချင်တယ် ဆိုတာ သူနားလည်ပါတယ်။ သူပြောချင်တာကိုလည်း ကိုယ်က နားလည်လိုက်ပါတယ်။”
“ငါ ဘာလုပ်မလဲ။ ထောင်မှူးကို ဒူးထောက်ပြီး အဆောင်ပြောင်းပေးပါလို့ အသနားခံမလား။ တသက်လုံး ရန်သူကို လက်နက်မချခဲ့တာ သေခါနီးအရွယ်ရောက်မှ ကြွက်စုတ်တကောင်ကြောင့် ရာဇ၀င်ပျက်ခံမည်လား။ ဦးနှောက် ပျက်မတတ် တနေ့လုံး စဉ်းစားတော့ ပဉ္စမနေ့ နေ့လည်တွင်မှ အကြံတခုရပါတယ်။ အစောင့်ထောင်ကြပ်ကို ခေါ်ပြီး ကိုယ့်ရောဂါအတွက် ဆေးတောင်းတော့ ရှောရှောရှူရှူ ဆေးရုံက ယူပေးရှာပါတယ်။ တိုက်ထဲမှာ နေရပါလျက် ပြုံးရွှင်နေတဲ့ ကိုယ့်မျက်နှာထားကို အံ့သြဟန် ကြည့်ပါတယ်။”
“ညစာစားတော့ အသားဖတ်ကောင်းတခုကို ချန်ထားလိုက်ပါတယ်။ ၀မ်းချုပ်လွန်းလို့ပါလို့ ပြောပြီး ထောင်ကြပ်ထံက တောင်းထားတဲ့ ၀မ်းနုတ်ဆေးမှုန့်နဲ့ နယ်လိုက်ပါတယ်။ ပန်းကန်ပြားကို သံတိုင်တံခါးဝမှာ ထားပြီး နေ၀င်းတူးကို ပူဇော်ပသလိုက်ပါတယ်။ ကောင်းကောင်းကြီး အိပ်လိုက်ရပါတယ်။ သူ့ လက်နက်ချပြီ အထင်ရှိဟန်တူပါရဲ့။ အနှောင့်အရှက်မပေးဘဲ ပူဇော်ထားတဲ့ အသားကို စားပြီး ပြန်သွားပါတယ်။ အဆိပ်ဓာတ် စစ်ပွဲအကြောင်း သူနားမလည်ရှာပါ။”
နေ၀င်းတူးတယောက် (၂) ရက်လုံးလုံး မပေါ်လာတော့ပါ။ ၀မ်းနုတ်ဆေးစားပြီး (၃) ရက်ကြာတော့ သူပေါက်လာ ပါတယ်။ ကိုယ့်အဖို့ မထိန်းနိုင် မသိမ်းနိုင် ရယ်မောမိပါတယ်။ ပေါင်ချိန် (၁၆၀) ရှိတဲ့ လူသားတဦးစားဖို့ ပေးထားတဲ့ ၀မ်းနုတ်ဆေးဟာ လက်ကောက်လောက်သာရှိတဲ့ ကြွက်ကလေးအဖို့ အတော်ထိပါတယ်။ အရိုးပေါ် အရေတင် ပိန်သွားပါတယ်။ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ပါ။ တလှုပ်လှုပ်လျှောက်ရင်း သူက ကိုယ့်ကို မုန်းတီးတဲ့ မျက်စိနဲ့ စိုက်ကြည့်ပါတယ်။ တနုံ့နုံ့ထွက်သွားပြီး ပြန်မလာတော့ပါ။ ငနဲကလေး အရှုံးပေးသွားပါပြီ။ ဟေ့ … ငါက လူသားကွလို့ အော်လိုက်မိပါတယ်။”
ထိုသတင်းဆောင်းပါးကို အင်းစိန်ကြေးမုံသတင်းစာတွင် ဖော်ပြပါသည်။ ထောင်ထဲမှာရှိသော တင်မောင်တို့နှင့် မဟာမိတ်မဟုတ်သော အလံဖြူကွန်မြူနစ်များကပင် ချီးကျူးကြသည်။ ‘ဖိနှိပ်ခံ ပစ္စည်းမဲ့ လူတန်းစားအတွက် တော်လှန်ရေးကို ကြံဆဖန်တီးခြင်းဖြင့် အောင်မြင်နိုင်ကြောင်း စာတမ်း’ ဟု ကြီးမားသော စကားလုံးကြီးများနှင့် ဝေဖန်လေသည်။ ။

Friday, June 5, 2009

မေ ၃၀ ဘာလင်


ဒေါ်အောင်ဆန်းစုကြည် အမှုဆင်တရားစွဲခံရပြီဆိုကတည်းက ကျနော်တယောက် လူက ဒိန်းမတ်မှာ ရှိနေသော်လည်း စိတ်က အင်းစိန်ထောင်ရှေ့မှာ ရောက်နေသည်။ မြန်မာပြည်သတင်းတွေလည်း မလွတ်တမ်းလိုက်လံ ဖတ်ရှုနားထောင်နေမိသည်။
ရွှေဝါရောင်သံဃာလှုပ်ရှားမှုကို စစ်တပ်က ဖြိုခွဲစဉ်တုံးကလည်း ဒိန်းမတ်ရောက် ကျနော်တို့တတွေ ကိုပင်ဟေဂင် မြို့တော်ကို ဆိုင်းမဆင့်ဗုံမပါ ရောက်သွားကြသည်။ ကိုပင်ဟေဂင် မြို့လည်ခေါင်မှာ မြို့တော်ခမ်းမကို ကျောပေး၍ ဖြတ်သွားဖြတ်လာတွေဖက်မျက်နှာမူကာ ကြွေးကြော်သံတွေ တိုင်ကြသည်။ မေတ္တာတွေလည်း ပို့ကြသည်။ နောက်တနေ့ထုတ် ဒိန်းမတ်သတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် မြန်မာတို့၏ ဆန္ဒပြပွဲအကြောင်း ပါလာသည်။
ယခုတခေါက်တော့ ကိုပင်ဟေဂင်ကို ချီတက်ကြဖို့ လှုံ့ဆော်မှုကို မတွေ့ရ။ သို့နှင့် ကျနော်လည်း ဘာလင်မှာ ဆန္ဒပြပွဲ လုပ်ကြမည့် ဂျာမနီမှ ဘားမားဗျူရိုအဖွဲ့ဝင်များနှင့် ဆက်သွယ်လိုက်သည်။ သူတို့တွေက မေ ၃၀ ရက်နေ့ မတိုင်ခင် တပတ်ကြို၍ လှုပ်ရှားမှုတွေ စတင်နေကြပြီ ဖြစ်သည်။
မေ ၃၀ မတိုင်ခင် တရက် သောကြာနေ့ညမှာ ဦးသောင်း၊ ကိုမိုက်ကယ် နှင့် ကျနော်တို့ ဟမ်းဘာ့ဂ်မှာ အိပ်ကြသည်။ ထိုညမှာပင် ကိုလုံးမှာ သီတင်းသုံးသည့် ဦးသောပါက လည်း ကျနော်တို့တည်းသည့် အိမ်ရှင် ကိုဗလကြီးက ပင့်ထားသဖြင့် ဟမ်းဘာ့ဂ်ကို ရောက်လာသည်။ ထိုညက စကားဝိုင်းကောင်းနေကြပြီး မနက် ဘာလင်သို့ ခရီးဆက်စရာ ရှိသဖြင့် စကားဆက်ဖြတ်ကာ အိပ်ရာဝင်ကြရသည်။
နောက်တနေ့မနက်မှာတော့ ကျနော်တို့ ဒိန်းမတ်မှ သွားသည့် သုံးယောက်နှင့် ဦးပဇင်း၊ ကိုဗလကြီးတို့ ဟမ်းဘာ့ဂ် မှ ဘာလင်သွားသည့် ရထားကို စီးလာခဲ့ကြသည်။ ဘာလင်မှာ ဘောလုံးပွဲ ဖိုင်နယ်ရှိသဖြင့် အားပေးမည့် နှစ်ဖက်ပရိသတ်ကလည်း ရထားပေါ်မှာ အပြည့်ပါလာကြသည်။ တလမ်းလုံး ဘီယာတွေသောက်၊ သီချင်းတွေဆိုလာကြပြီး လုံထိန်းရဲတွေကိုလည်း ရထားပေါ်မှာ တွေ့ရသည်။
ဘာလင်ရောက်တော့ ဦးဇင်းကို ဆွမ်းအမြန်ကပ်ပြီး စုရပ်ကို ချီတက်ကြသည်။ လမ်းညွှန်ပေးထားသည့်အတိုင်း မက်ထရို နှစ်ဆင့်စီးကာ သတ်မှတ်နေရာကိုရောက်တော့ အချိန်ကောင်းဖြစ်သည်။ ကျနော်က အသင့်ယူလာသည့် ခွပ်ဒေါင်းအလံကို ဖြန့်ကိုင်လိုက်ပြီး အလံများ၊ ပိုစတာများ၊ ဓါတ်ပုံများနှင့်ကိုင်ကာ ကြွေးကြော်နေသောသူများနှင့် အတူ ၀င်ရောက်ပူးပေါင်းလိုက်သည်။
“သပိတ် - သပိတ် --- မှောက် - မှောက်”
“မီးဒုတ် - မီးဒုတ် --- ရှို့ - ရှို့
“ဒီမိုကရေစီ ရရှိရေး - ဒို့အရေး၊ ဒို့အရေး”
“ဒေါ်အောင်ဆန်းစုကြည် - ကျန်းမာပါစေ”
“အရေးတော်ပုံ - အောင်ရမည်”
မြန်မာသံရုံးရှေ့တွေမှာ ဆန္ဒပြကြရာ၌ ကြွေးကြော်သံတွေက တနေရာနှင့်တနေရာ မတူကြ၊ ဦးဆောင်သူတွေ စီစဉ်အတိုင်း အော်ရသည်သာ။ ဟိုတလောက ယူကေမှာ အင်္ဂလိပ်လို အော်သွားသည့် ကြွေးကြော်သံတွေကို လူအတော်များများ သဘောကျကြသည်။
ဂျပန်ရောက်မြန်မာတွေက ဂျပန်လို အော်ကြသည်ကိုလည်း တွေ့ရသည်။ ဂျာမနီမှာလည်း ဂျာမန်လို အော်ကြတော့ ဒိန်းမတ်ကသွားသည့် ကျနော်တို့ကတော့ “အတူတူပဲ၊ အတူတူပဲ” ဟု စိတ်ထဲက အော်ပါသည်။
သံရုံးရှေ့ ပြုဖွယ်ကိစ္စများပြီးတော့ ဆန္ဒပြအဖွဲ့ဝင်များကို နေ့လည်စာကျွေးပါသည်။ ဆန္ဒလာပြသူ အများစုမှာ ဖရန့်ဖတ်မြို့နေမြန်မာများက အများစုဖြစ်သောကြောင့် ဘာလင်မြို့မှ မနီလာသော် ဦးစီးသော အဖွဲ့မှ နေ့လည်စာ စီစဉ်ပေးသည်။ ဘာလင်ရောက် မြန်မာများသည် “သံရုံးရှေ့ဆန္ဒလာပြသူများ ဘယ်တော့မှ ထမင်းမငတ်စေရ” ဟူသော ခံယူချက်ကို လက်ကိုင်ထားကြောင်း သူတို့ ပြောပြ၍ သိရသည်။ အလုပ်နားရက် မရ၍ ဆန္ဒပြသည့်နေ့ သံရုံးရှေ့ကို မလာနိုင်သော်လည်း အစားအသောက်များကို ကြိုတင်စီမံချက်ပြုတ်ထားခဲ့ကြသည်။
နေ့လည်စာ စားသောက်ပြီးတော့ သံရုံးရှေ့မှ နေ၍ ဘာလင်မြို့လယ် လူစည်ကားရာ အချက်အချာ နေရာတခုတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်စုဆောင်းသည့်ပွဲကို ဆက်လုပ်ကြပါသည်။
ထိုညနေက ကျနော်တို့အဖွဲ့တွေ လက်မှတ်ကောက်ခံသည့်နေရာမှာ လူစည်ကားသော်လည်း ဘောလုံးပွဲ ဖိုင်နယ် လာရောက်အားပေးသည့် ပရိသတ်က အများစု ဖြစ်နေသည်ကို တွေ့ရသည်။ ညနေစောင်း၍ လူစုခွဲကြသောအခါ ဦးပဇင်း ဦးသောပါကနှင့် ကိုဗလကြီးတို့ ဟမ်းဘာ့ဂ် သို့ ပြန်သွားကြသော်လည်း ဒိန်းမတ်မှ သွားသည့် ကျနော်တို့သုံးယောက် ဘာလင်မှ အိပ်ကြပါသည်။ ဘာလင်တွင် မြန်မာအနည်းငယ်သာ နေထိုင်ကြသော်လည်း စုစုစည်းစည်းနှင့် ဧည့်သည်များအပေါ် ကောင်းမွန်စွာ ဧည့်ခံကြသည်ကို တွေ့ရပါသည်။ သူတို့နှင့် စကားလက်ဆုံကြရာမှ သိရသည်များတွင် ဘာလင်ရှိမြန်မာသံရုံးမှ သံအမတ်ကြီးသည် အင်္ဂလိပ်စာ အားနဲသဖြင့် သံတမန်လောကတွင် လူတောမတိုးကြောင်း၊ သံအမတ်ကြီးနေသော အိမ်သည် သံရုံးအဆောက်အဦးထက် များစွာကောင်းမွန်ပြီး အိမ်ငှားခဈေးကြီးပေးကာ သံတမန်အဆင့်အတန်းနှင့် အညီနေထိုင်ကြောင်း၊ သံရုံးဝန်ထမ်းများမှာလည်း တဦးတည်းလူလွတ်ဖြစ်သည့်တိုင် အလွန်ကျယ်ဝန်းသော အခန်းများ ငှားရမ်းနေထိုင်ပြီး အချင်းချင်းလည်း မညီညွတ်ကြကြောင်း စသည့်အချက်များ ပါဝင်ပါသည်။
ကျနော်အမြင်ကို ပြောရလျှင် ဥရောပတိုက်မှာ မြန်မာသံရုံးတွေရှိနေတာကိုက ကျက်သရေတုံးနေပါသည်။ ဖြစ်နိုင်လျှင် ဘာလင်က မြန်မာသံရုံးရှေ့မှာ နေ့တိုင်းသာ ဆန္ဒသွားပြချင်နေပါတော့သည်။
တဆက်တည်းမှာပင် နိုင်ငံရေးအခြေအနေများ ဆူပွက်ခိုက် မြို့တော်ခန်းမရှေ့မှာ သွားအော်လိုက်၊ သံရုံးရှေ့မှာ ဆန္ဒပြလိုက်နှင့် မလုံလောက်သေးပဲ ပိုမိုထိရောက်သည့် စစ်အာဏာရှင်တိုက်ဖျက်ရေး လုပ်ရပ်များကိုလည်း နည်းလမ်းရှာ လုပ်ကိုင်သွားရမည်ဟု ဘာလင်မှ အပြန် ရထားပေါ်တွင် စဉ်းစားလာခဲ့မိပါသည်။ ကျနော့်လို စဉ်းစား မိသူများအားလည်း ဆွေးနွေးတိုင်ပင်လမ်းစရှာဖွေရန် ဖိတ်ခေါ်အပ်ပါသည်။
ဒိန်းမတ်မှ သွားသည့် ကျနော်တို့သုံးယောက် နောက်တနေ့ ဟမ်းဘာ့ဂ်သို့ ပြန်မလာခင် ဘာလင်မြို့အား လှည့်ပတ် ကြည့်ရှုခဲ့သည်များကို နောက်ပို့စ်များတွင် ရေးသားပါအုံးမည်ဟု ဆိုရင်း ဤစာကို အဆုံးသတ်လိုက်ရပါသည်။ ။

(သံရုံးရှေ့မှ ဆန္ဒပြပွဲ ဗီဒီယိုကြည့်ရန်)



(မေ ၃၀ ဘာလင် ဓာတ်ပုံ အယ်ဘမ်များ)
http://picasaweb.google.de/greenpix09/FreeBurmaMay30Berlin
http://picasaweb.google.com/bigtheik/ProtestActionFinalDAY9

(အပေါ်ဓာတ်ပုံ - ဟမ်းဘာ့ဂ်မှ ဘာလင်အသွား)
ဦးသောပါက www.ashin.de ၊ ဦးထွေးသောင်း (ဒိန်းမတ်)၊ ဦးဗလ (ဟမ်းဘာ့ဂ်)၊ ကိုမိုက်ကယ် (ဒိန်းမတ်)၊ စာရေးသူ

Monday, May 25, 2009

(၃၂) ရက်စက်ပါပေ့ကွယ် (ကြေးမုံဦးသောင်း)

အိန္ဒိယပြည်တွင်သာမက ကမ္ဘာ့သမိုင်းမှာပါ နေသို့ လသို့ ထင်ရှားခဲ့သည့် အသောကမင်းကြီး၏ ရာဇ၀င်ထဲတွင် မပါခဲ့သော သမိုင်း၏အပြင်ဘက်မှ ပုံပြင်ကလေးတခု ဖတ်ဖူးခဲ့သည်။
ဘုရင်ကြီးနန်းတက်စကာလက စစ်တိုက်ပြီး တက်ခဲ့ရသဖြင့် ရန်သူများကို ဒဏ်ခတ်ရန် များစွာ ဆိုးသွမ်းရက်စက် သော အကျဉ်းထောင်ကြီးတခု ရှိခဲ့ရသည်။ ထောင်ကျသူ မှန်သမျှ အရှင်မထွက်ရဘဲ သေသည်အထိ ညှဉ်းဆဲသည် ဟု ဆိုသည်။ တနေ့တွင် အကျင့်သီလ ပြည့်စုံသော ဗုဒ္ဓဘာသာ ရဟန်းတပါးထောင်ထဲရောက်လာသည်။ ထိုအခါ ထောင်အမှုထမ်းများက ပြုမြဲအတိုင်း ညှဉ်းဆဲကြသည်။
သံဃာတော်အား မည်သို့ ညှဉ်းဆဲစေကာမူ ပိန်းကြာရွက်ပေါ်တွင် ရေမတင်သကဲ့သို့ ဘေးမရှိ ရန်မရှိ ကြည်လင် နေသည်ကို တွေ့ကြရသည်။ မီးပုံထဲ ချ၍ မသေ၊ ရေနွေးအိုးကြီးထဲ တည့်စေကာမူ မပန်းသည့် ဖြစ်ရပ်ကို သတင်းပို့ ကြသောကြောင့် ဘုရင်ကြီးကိုယ်တော်တိုင် ထောင်ထဲဝင်ပြီး ဘုန်းတော်ကြီးကို ဖူးမြော်သည်ဆို၏။
အံ့မခန်းတန်ခိုးကြီးသော သံဃာတော်၏ တရားကို နာယူပြီးနောက် ဆရာတော်ကို လွှတ်စေဟု အမိန့်ချပြီး ဘုရင်ကြီးထောင်မှ ထွက်တော်မူရန် ပြင်ဆင်သောအခါတွင် ထောင်မှူးက “ဒီထောင်တွင်းဝင်လာသူမှန်သမျှ အရှင် ထွက်ခွင့်မပြုရလို့ ဘုရင် အမိန့်တော်ရှိပါတယ်” ဟု ဆိုကာ ဘုရင်ကြီးကို တားဆီးသည် ဆိုသည်။ ထိုအခါ ဘုရင်ကြီးက အခြား ထောင်မှုထမ်းများကို ဆင့်ခေါ်ပြီး “ဟောဒီ ထောင်မှူးကို ဟောဟို မီးပုံကြီးထဲ ထည့်လိုက်ကြ ဟေ့” ဟု အမိန့်သစ်ပေးပြီး ထွက်လာခဲ့ရလေသည်။ “ထောင်ကြီးကိုလည်း ဖျက်စေ” ဟု အမိန့်ပေးခဲ့သည်။ ထိုနေ့မှ စတင်ပြီး သာသနာပြု မင်းကောင်းမင်းမြတ်တပါး ဖြစ်လာသည်ဟု ဖတ်ရှုရသည်။
ထောင်ဟူသည်မှာ ရန်သူနှင့် ရာဇ၀တ်သားများကို ညှဉ်းပန်းနှိပ်စက်သော ဒေသဖြစ်သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ် များ သိမ်းပိုက်စကာလတွင် အင်းစိန်ထောင်ကြီး ဆောက်လုပ်စဉ်က အင်္ဂလန်တွင် အကျဉ်းထောင် ပြုပြင်ရေး လှုပ်ရှားမှုများ အကြိမ်ကြိမ်ပြုခဲ့ပြီ ဖြစ်သောကြောင့် အသင့်အတင့် ကောင်းမွန်အောင် ဆောက်လုပ်ထားလေသည်။
လေ၀င်လေထွက်ကောင်းစေရန် အကျဉ်းသားများ ကျန်းမာရေး မထိခိုက်စေရန် ဆောက်လုပ်ထားခဲ့သည်။ အကျဉ်းသားများကို လူစဉ်မီအောင် ထားရှိသည်။ ‘ရှေးခေတ်က သျှောင်ကြီးဗွေ အကျဉ်းသားများအတွက် အုန်းဆီ ပုံစံပေးရမည်ဆိုသော ဥပဒေရှိသည်’။ တင်မောင်တို့ ထောင်ထဲရောက်သော ၁၉၆၅ ခုနှစ်အထိ အုန်းဆီပေးနေ သေးသည်။ ဆပ်ပြာမှ စပြီး အစစပေးသည်။ ကျန်းမာရေးအတွက် ဆရာဝန်များ ထားရှိပေးသည်။
အင်းစိန်ထောင်အတွက် ဆရာဝန်တဦး ပေးထားသော်လည်း အကျဉ်းသားဦးရေက များပြားလွန်းသောကြောင့် တကြောင်း၊ ဆရာဝန်ကိုယ်တိုင် စေတနာ ခေါင်းပါးသောကြောင့် တကြောင်း အကျဉ်းသားများအဖို့ နာမကျန်း ဖြစ်လျှင် မလွယ်ကြပါ။
ဆရာဝန်က တပတ်တကြိမ် အဆောင်သို့လာသည်။ အကျဉ်းသား (၆၀) တို့ အနက် (၄) ဦးခန့်ကိုသာ ကြည့်နိုင် သည်။ ဆရာဝန်ပြသခွင့်ကို အချင်းချင်း ညှိနှိုင်းပြီး တကယ်ဝေဒနာရှိသူကို ရွေးကြရသည်။ ဆရာဝန်က ကြည့်ခွင့် ရစေကာမူ ၀တ်ကျေဝတ်ကုန်သာ ကြည့်လေ့ရှိသည်။ တခါက ခြေထောက်နာသောကြောင့် ဆရာဝန်ပြခဲ့သည့် လူနာကို ဤတချီ၌ ခေါင်းနာပါသည်ဟု ပြောပြသော်လည်း ဆရာဝန်က Repeat all ယခင်က ပေးသောဆေးကို ဆက်လက်ပေးစေဟုသာ ဆေးစာလွယ်လွယ် ရေးပေးလေ့ရှိသည်။ ရောဂါပြင်းလွန်းသည့် လူနာများကိုသာ ထောင်ဆေးရုံသို့ တင်ရသည်။
ကျန်းမာရေး ဒေါင်ဒေါင်မြည်သည့် တင်မောင်ကိုမူ အထူးအခွင့်အရေးအဖြစ် လူမမာစာကျွေးစေဟု အထူးဆေး လက်မှတ်ရရှိခဲ့သည်။ ထိုဆေးလက်မှတ်မျိုးကို ထောင်သို့ ရောက်လာသော စစ်ဗိုလ်မှန်သမျှတို့ကို ပေးလေ့ရှိသည်။ စစ်အစိုးရတို့၏ မူလမ်းစဉ်ဖြစ်သော မတရားမှုသည် ထောင်ထဲတွင် ပိုမို ကြီးထွားသည်။ ထောင်တွင်းတွင် မည်သည့်အရာမှ မကောင်း။
ကိုလိုနီခေတ်က အကျဉ်းထောင်စနစ်ဆိုးရွားပုံကို ဖွဲ့ဆိုခဲ့သော ‘ရက်စက်ပါပေ့ကွယ်’ ၀တ္ထုကြီးသည် ‘စာရေးဆရာ သခင်နု’ ၏ အကောင်းဆုံးလက်ရာ ဖြစ်၏။ စာရေးဆရာ ၀န်ကြီးချူပ်ဖြစ်လာသောအခါတွင် မြန်မာနိုင်ငံ အကျဉ်းထောင်ပြုပြင်ရေးကို ဆောင်ရွက်ခဲ့ပ့ါသည်။ အကျဉ်းထောင် ပြုပြင်ရေး စတင်လုပ်ဆောင်ခိုက်တွင် ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ တက်လာသောခေတ်တွင် ရပ်ဆိုင်းသွားပြီး အကျဉ်းထောင်များမှ နှိပ်စက်မှုများ ပိုမိုဆိုးရွား လာသည်။ ကိုကိုးကျွန်းနှင့် ပုသိမ်ကျွန်းတွင် အကျဉ်းထောင်ကြီးများ လုပ်ပြီး စစ်အစိုးရအား ဆန့်ကျင်သူ နိုင်ငံရေး ခေါင်းဆောင်များကို လွန်လွန်ကျူးကျူး နှိပ်စက်ခဲ့လေသည်။
ရက်စက်ပါပေ့ကွယ် ၀တ္ထုအပြင် ‘ထောင်အရသာ’ အမည်နှင့် စာအုပ်တအုပ် ထွက်ခဲ့သေးသည်။ ‘လူထုဦးလှ’ ၏ ‘ထောင်နှင့်လူသား’ စာအုပ်နှင့် ‘ထောင်မှတ်တမ်းများ’ သည်လည်း သမိုင်းဝင်စာပေအဖြစ် ကျန်ရစ်ခဲ့သည်။ စစ်အစိုးရ ဆက်တိုက်တက်နေသဖြင့် ကိုကိုးကျွန်းထောင်စာပေ နည်းပါးနေပါသည်။
ထောင်အကြောင်း၊ ထောင်သတင်းကြားလေတိုင်း တင်မောင်၏စိတ်သည် တုန်လှုပ်ချောက်ချားလေ့ ရှိပါသည်။ အကြောင်းမှာ တင်မောင်၏ နဂိုဗီဇဉာဉ် ထောင်ကို ကြောက်တတ်သူဖြစ်နေသည်။ ထောင်ကို ကြောက်သည်ဟု ဆိုသည်နှင့် သတ္တိနည်းသည် မဆိုသင့်ပါပေ။ ထောင်ကို ကြောက်စေကာမူ စစ်အစိုးရများ ဓားမိုးနေသောခေတ် တွင် ထောင်နှုတ်ခမ်းပေါ် လျှောက်ပြေးနေရသည့် စာပေ၀န်ထမ်းလုပ်ငန်းကို စွန့်လွှတ်ခြင်း မပြုခဲ့ပါ။ အရေးအသား ဆန့်ကျင်လျော့ပေါ့ ရေးသားသည် ရှိစေကာမူ ထောင်ကို ကြောက်သောကြောင့် စစ်အစိုးရ ဖက်ဆစ်စနစ်ကို ထောက်ခံရေးသားမှု မပြုခဲ့။
တင်မောင် ကြောက်အားပိုပုံမှာ တဘာသာဖြစ်သည်။ လူသားတို့တွင် ကြောက်လန့်သော အရာတခု ရှိတတ်သည်။ အချို့က အမြင့်တက်ရန် ကြောက်သည်။ တချို့က ရေကို ကြောက်၏။ စက်ဘီးစီးရန် ကြောက်သူ၊ လေယာဉ်ပျံ စီးရန် ကြောက်သူ … စသည်ဖြင့် ရှိတတ်သည်။ တင်မောင်ကြောက်ရွံ့သည်မှာ ပိတ်ပင်ချုပ်ချယ်မှု ဖြစ်သည်။ ငယ်စဉ်ကစပြီး ခေါင်းမြီးခြုံကာ မအိပ်ဝံ့သူဖြစ်သည်။ ပိတ်ခြင်ထောင်ကို ကြောက်သည်။ အလုံပိတ်ထားသည့် အခန်းကို ကြောက်သည်။ ချုပ်နှောင်ပိတ်ပင်ထားလျှင် မွန်းတတ်သည်။ အသက်ရှုကျပ်သည်။
၁၉၅၈ ခုနှစ်က ဟံသာဝတီ ဦးပေါ်ဦး၊ မန်းသူရိယ ဦးသန်းမောင်နှင့်အတူ သတင်းစာ လေ့လာရေးအဖွဲ့အဖြစ် ဘိလပ်သွားခဲ့သည်။ အိမ်ရှင်များက ရေတပ်သား (၅)ဦးသာ စီးနင်းနိုင်သော နောက်ဆုံးပေါ် ရေငုပ်သင်္ဘောကို ပြသသောအခါ အမှတ်တမဲ့ ရှေ့ဆုံးမှ ၀င်ကြည့်မိသည်။ အထဲရောက်မှ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့် အခါ၌ ပြသသူ ဧည့်ကြိုနှင့် မိမိတို့အဖွဲ့ဝင် သုံးယောက်က ပိတ်နေသည်ကို မြင်တွေ့ရသဖြင့် ချွေးစီးပြန်လာပြီး အသက်ရှုရပ်သွားသည်။ “လုပ်ကြပါဦး၊ ကျနော်မူးနေပြီ၊ ခင်ဗျားတို့ထွက်ပေးပါ။ ကျနော် ထွက်ပါရစေ” ဟု အော်ဟစ်မိသည်။ ပြသသူရော အဖွဲ့ဝင်များပါ နားမလည်နိုင်ဘဲ ထွက်ပေးကြမှ တင်မောင် ထွက်လာနိုင်သည်။ အသက်ပြန်ရှုနိုင်သည်။
၁၉၆၁ ခုနှစ်က ၀န်ကြီးချုပ်ဦးနု အီဂျစ်ပြည်သို့ ခရီးထွက်စဉ်က တင်မောင်သည် အဖွဲ့ဝင် တဦးအဖြစ် လိုက်ပါခဲ့ရသည်။ တနေ့တွင် ကြီးမားသော သုံးချွန်းထောင့် ပိရမစ်သင်္ချိုင်းဂူကြီးတခုသို့ သွားရောက်ကြည့်ကြသော အခါ ဧည့်သည်တော် မြန်မာဝန်ကြီးချုပ်ကို သာမန်ခရီးသည်များ မ၀င်ရသည့် ဂူတွင်းသို့ ၀င်ရောက် ကြည့်ရှုရန် ပြသသည်။
မြန်မာအဖွဲ့ဝင်ရော အိမ်ရှင်တွေပါ လူသုံးဆယ်ခန့် တန်းစီပြီး ဂူတွင်းသို့ ၀င်ကြသည်။ စောစောက ဂူပေါက်တွင် ဓာတ်ပုံရိုက်နေသည့် တင်မောင်မှာ ရှေ့ဆုံးမှ ရောက်နေသည်။ ပေနှစ်ဆယ်ခန့် ဂူတွင်းဝင်မိလျှင် ဂူလိုဏ်လမ်း ကြောင်းမှာ ပိုမိုကျဉ်းမြောင်းသွားသည်ကို တွေ့ရသည်။
ရှေ့သို့ လှမ်းကြည့်သောအခါ လျှပ်စစ်မီးထွန်းထားသည့် ဂူလမ်းက ပိုမိုကျဉ်းသည်ကို မြင်ရသည်။ နောက်သို့ ပြန်ကြည့်သောအခါ ငါးပေခန့်အကွာမှ ဦးနုလိုက်လာသည်ကိုသာ မြင်ရကာ သူ၏ နောက်မှ အခြားအဖွဲ့ဝင်များက ဂူဝကို ပိတ်နေသည်ကို တွေ့ရသည်။ ဤတွင် တင်မောင်၏ အကြောက်ရောဂါ ထလာသည်။ ကြောက်စိတ်မွှန် လာပြီး ဇောချွေးပြန်လာသည်။ တပ်ဦးက ချီခဲ့သည့် တင်မောင်က စိတ်မထိန်းနိုင်ဘဲ ၀ရုန်းသုန်းကား ပြန်လှည့်ပြီး ၀န်ကြီးချုပ်ရော၊ အဖွဲ့ဝင်တွေကိုပါ တိုးဝှေ့ကာ ထွက်ပြေးသောကြောင့် ပွဲပျက်ခဲ့ရဖူးသည်။
‘ကျဉ်းကျပ်မှုကို ကြောက်သော စိတ်ရောဂါ’ ဟု ဆရာဝန်တဦးက ဆိုသည်။ ယခင်ဘ၀က မသေမီ ဂူပိတ်ခံရပြီးမှ သေခဲ့ဟန်တူသည်ဟု အချို့က မှတ်ချက်ချသည်။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ တင်မောင်သည် ပိတ်ဆို့မှု ကို ကြောက်သည်။ ရုပ်ရှင်ကြည့်တိုင်း မီးနီကလေး ပြထားသော ထွက်ပေါက်ကို သတိထားလေ့ရှိသည်။
ထိုကဲ့သို့ တံခါးအပိတ်ခံရသည်ကို ကြောက်လန့်သူ တင်မောင်မှာ ထောင်တွင်းသို့ရောက်သောအခါ ကျယ်ဝန်းသည့် အခန်းကြီးမှာ နေရစေကာမူ ပိတ်လှောင်ထားခြင်းခံနေရသည် ဟူသော အသိကို သတိရမိတိုင်း အသက်ရှုမှား မိသည်။ ထောင်မှူးများက သံသော့ကြီးများကို ကောင်းစွာ ခတ်မခတ် ဂျိုင်းကနဲ ရိုက်ကာ စစ်ဆေးလေတိုင်း အသက်ရှုမှားရသဖြင့် ကြီးစွာ စိတ်ဆင်းရဲရသည်။ ဘိန်းစားခြင်းအတူတူ တမူးသားပိုရှုသည် မဟုတ်ပါ။ ‘ကြောက်ပါ တယ်ဆို ကြောင်ကလေးနဲ့ အတို့ခံရသူ’ ဖြစ်ပါသည်။
တင်မောင်အဖို့ ထောင်ချခံနေရသည်က အခြားသူတွေထက် ပိုပြီး ‘နာ’ ပါသည်ဟု ဆိုရပေမယ့် ထောင်ထဲတွင် စစ်အစိုးရက ချမှတ်ထားသည့် စည်းကမ်းဥပဒေများကို ချိုးဖျက်ရသည့် အရသာက ထူးကဲကြီးမားသည်။ စကား မပြောရဟု ပိတ်ပင်ထားသူနှင့် စကားပြောရခြင်း၊ မင်၊ ဖောင်တိန်၊ စက္ကူမကိုင်ရ၊ စာရွက်စာတမ်း ရေးသားဝေငှ သည်ကို တွေ့ရလျှင် တိုက်ပိတ်မည်ဟု ဆိုနေသည့်အကြားမှ သတင်းစာထုတ်ရခြင်း စသည်တို့မှာ သင်တုန်းဓား ပေါ်တွင် လူးထားသော ပျားရည်ကို လျက်ရသကဲ့သို့ အသည်းတလှပ်လှပ်ဖိုကာ အရသာထူးသည်။ ထိုကြောင့် ထောင်ထဲ၌ ပျော်သယောင်ယောင် ဖြစ်လာတော့သည်။ ။