Sunday, June 29, 2008

မှော်ရုံတောမှာမောလှပြီ

ဆရာမြသန်းတင့် ဘာသာပြန်သည့် “မှော်ရုံတောမှာ မောလှပြီ” ၀တ္ထုသည် ပြင်သစ်ပန်းချီဆရာ ဂေါ်ဂင် ၏ ဘ၀ဇာတ်ကြောင်းဖြစ်သည်။ ဂေါ်ဂင် ပန်းချီဆရာမဖြစ်ခင်က ပျော်ရွှင်နေသော အိမ်ထောင်ရှင်တဦး နှင့် အောင်မြင်နေသော ရွှေပွဲစားတဦးဖြစ်သည်။ ပန်းချီကို စနေ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာသာ အပျော်တမ်း သူရေးဆွဲသည်။ နောက်တော့ ပွဲစားအလုပ်ကို စွန့်လွှတ်ပြီး ပန်းချီဆရာဘ၀ လုံးလုံးခံယူလိုက်သည့်အခါ အခက် အခဲများစွာ ကြုံတွေ့ရတော့သည်။ သူ့ပန်းချီကားတွေကို ၀ယ်သူမရှိ၊ သူရေးသည့် ပန်းချီက သူများတွေနှင့် မတူ၊ သူက လမ်းဟောင်းကို ခွဲထွက်သည်။ အတွေးအခေါ်အယူအဆသစ်၊ အရောင်သစ်တွေက သူ့ပန်းချီကားတွေမှာ လွှမ်းမိုးနေသည်။ ပန်းချီဆိုတာ ဒီလိုပဲဖြစ်ရမည်။ တနေ့မှာ သူ့ပန်းချီကားတွေ အောင်မြင်ရမည် ကို သူယုံကြည် သည်။ တဖက်မှာယုံကြည်ချက် ပြင်းထန်နေသလောက် ငွေမရှာနိုင်သဖြင့် မိသားစု တာဝန်တွေ သူ့မှာ လစ်ဟင်း လာသည်။ သူ့မှာ ခလေးငါးယောက်ရှိပြီး သူ့ဇနီးက ဒိန်းမတ်နိုင်ငံသူ။ ခလေးနေမကောင်းဖြစ်တာ၊ အိမ်လခ မပေးနိုင်တာ၊ အိမ်ကို အပူပေးဖို့ မီးသွေးမရှိတာ နှင့် စားစရာ ပေါင်မုန့် မ၀ယ်နိုင်တာတွေ များလာတော့ သူ့ဇနီးက ဒိန်းမတ်ကို ပြန်တော့သည်။ သို့နှင့် ပြင်သစ်ကြီးလည်း ကိုပင်ဟေဂင်မှာ လာနေရတော့သည်။
ကိုပင်ဟေဂင်မှာ သူဘာတွေ ကြုံတွေ့ခဲ့ရပါသလဲ။ ဆရာမြသန်းတင့်၏ ဘာသာပြန်မှ အခန်း (၂)ကို အမြည်းသဘောဖတ်ရှုပါ။ တအုပ်လုံးဖတ်ရှုလိုပါက ကျနော့်ထံ မေးလ်ပို့တောင်းဆိုနိုင်ပါသည်။

မှော်ရုံတောမှာမောလှပြီ

ကိုပင်ဟေဂင်မြို့လယ်က စထရိုးဂျက်လမ်းမကြီးပေါ်တွင် ဂေါ်ဂင်တယောက် ခပ်သုတ်သုတ် လျှောက်နေသည်။ သူ့လက်ထဲတွင် လေးလံသည့် လက်ဆွဲအိတ်တလုံးကို ဆွဲထားသည်။ ဒိန်းမတ်လူမျိုးများ၏ အသံစူးစူးကို နားကလောနေသည်။ လက်ထပ်ပြီးကာစတုန်းက သူ့မိန်းမ မက်တီဆီက ဒိန်းမတ်စကားကို သင်ဖူးသည်။ သို့ရာတွင် အပျင်းပြေသဘော ဖြစ်သည်။ စိတ်ပါ၍ သင်ခြင်းမဟုတ်။ ဒိန်းမတ်စကားသင်ရသည်ကို အ အ စကားသင်သလို အပျော်သင်ခြင်းဖြစ်သည်။ ဒိန်းမတ်တွင် ခြောက်လလောက်နေပြီးသည့်နောက်တော့ ဒိန်းမတ်စကားကို စိတ်ပျက်လာပြီး နားခါးလာပြီ။ ပြင်သစ်စကားသံကို ကြားချင်လာပြီ။
ဂေါ်ဂင်သည် ဒိန်းမတ်လူမျိုးတွေနှင့်လည်း ဆက်ဆံရေးအဆင်မပြေ။ သူ့ပန်းချီကားတွေကလည်း ရောင်းမစွံ။ တခြားအလုပ်အကိုင်လည်း ဟန်မကျ။ ရိုဝင်က အထည်ဆိုင်တဆိုင်ဖြစ်သည့် ဒေလီကုမ္ပဏီအတွက် အရောင်းကိုယ်စားလှယ်လုပ်နေသော်လည်း အလုပ်သိပ်မဖြစ်လှ။ ခပ်မြက်မြက်ရသည့် အမှာစာဆို၍ ဒိန်းမတ် ရေတပ်မှ အမှာစာတခုသာရှိသည်။ ဤသည်မှာလည်း ဒိန်းမတ်ရေတပ်က ပြင်သစ်အထည်စကို လိုချင်လွန်းလှ ၍ မဟုတ်။ ရေတပ်တွင် မက်တီ၏ အစ်ကိုဝမ်းကွဲတယောက်ရှိသဖြင့် သူ့ကျေးဇူးကြောင့် အမှာစာရခြင်းဖြစ် သည်။
အရောင်းကိုယ်စားလှယ်တဦးအနေဖြင့် မအောင်မြင်သည်ကို သူ့ဖာသာ သူသိသည်။ သူ့အိတ်ထဲက မှတ်စုစာအုပ်ထဲတွင် အရောင်းအ၀ယ်ကိစ္စအတွက် ချိန်ထားသည့် နေရာများကို မှတ်ထားသည်။ ထိုနေရာများ သို့ သူမသွားချင်။ အထည်ထုပ်ကို တလက်မှ တလက်လွှဲပြောင်းရသည့် ကိုယ်စားလှယ်အလုပ်ကို ငြီးငွေ့နေပြီ။
စထရိုဂျက်လမ်းမကြီးအတိုင်း လျှောက်လာပြီး နော်ရင်ဂတန်ရပ်ကွက်ထဲသို့ ချိုးလာခဲ့သည်။ အိမ်မပြန် ချင်သေး။ သို့ရာတွင် သည်မြို့၌ သွားစရာမရှိ။ ပါရီမှာလို ထိုင်စရာ ကဖီးတွေလည်း မရှိ။ ထို့ကြောင့် အိမ်ဘက်သို့ ထိုးလှည့်သည်။ သံဝင်းတံခါးကြီးအတိုင်း ၀င်လာပြီး အိမ်ဘေးတံခါးမှ လှည့်ဝင်သည်။ ယောက္ခမကြီးနှင့် မျက်နှာချင်းမဆိုင်ချင်။
ဧည့်ခန်းနားက ဖြတ်ကျော်လာရင်း ရယ်သံတသံကြောင့် ခြေလှမ်းတုံ့သွားသည်။ ခပ်ကျယ်ကျယ် ခပ်ညုညုရယ် သံ၊ မိန်းမပျိုတယောက်၏ ရယ်သံမျိုး၊ ဂေါ်ဂင်က လက်ဆွဲအိတ်ကို အသာချကာ ဧည့်ခန်းထဲသို့ ၀င်လိုက်သည်။
“ကဲ ဒါကတော့ ရယ်စရာပြက်လုံးကလေးပေါ့လေ။ ခုကျမှတော့ အင်မတန်လှတဲ့ မိုးလှဲရဲ့ စကားပြေကို ဖတ်ကြရအောင်”
မက်တီ၏အသံဖြစ်သည်။ မက်တီက တဖက်တလမ်းက ၀င်ငွေရအောင်ဟုဆိုကာ နိုင်ငံခြားသံရုံးတရုံးမှ အရာရှိ သုံးဦးကို ပြင်သစ်စကားသင်ပေးနေသည်။ အရာရှိများက ခပ်သွက်သွက်၊ စတိုင်ကျကျ၊ အင်္ဂလိပ်ဟန် သားသား နားနား။
“ပြင်သစ်သဒ္ဒါစည်းကမ်းတွေမှာ အမြဲတမ်း ချွင်းချက်ရှိတယ်နော်”
မက်တီက ဒိန်းမတ်စကားဖြင့် ခပ်သွက်သွက်ပြောသည်။
“ပြင်သစ်သဒ္ဒါတွင်မကဘူး။ ပြင်သစ်လူမျိုးဟာလည်း အရာရာချွင်းချက်ကလေးတွေနဲ့ချည်းပဲလို့ ပြောသံကြားဖူးတယ် ဆရာမရဲ့။ အဲဒါကော ဟုတ်သလား”
လူရွယ်တဦးက ပြောသဖြင့် မက်တီသဘောကျ၍ ရယ်သည်။ ကျန်လူရွယ်များကလည်း ရယ်ကြသည်။ ဂေါ်ဂင်က ချောင်းဟန့်လိုက်သဖြင့် သူတို့အားလုံး လှည့်ကြည့်ကြသည်။ မက်တီမျက်နှာက တည်သွားသည်။ ၀င်နှောင့်ယှက်သဖြင့် မကြိုက်သည့်ဟန်။
“အစောကြီး ပြန်လာသလား”
“စောစောပဲ၊ လုပ်ပါ၊ လုပ်စရာရှိတာ လုပ်ပါ”
“အဲဒါ ကျွန်မခင်ပွန်းလေ၊ မွန်စီယာ ဂေါ်ဂင်တဲ့။ ဟောဒါက သံရုံးအတွင်းဝန် မွန်စီယာ အော်လီဆင်း၊ ဒါ ကောင်စစ်ဝန် မွန်စီယာ ဆိုဒါမင်၊ ဟောဒါက မြို့စားကလေး အီးရစ်ဒိုဗန်”
သံအရာရှိသုံးဦးက ဦးညွှတ်ပြသည်။ ပါရီဇာတ်ထဲက ယိမ်းသမများကို သွား၍ အမှတ်ရသည်။
“စာသင်နေတုန်း အနှောက်အယှက်ပေးမိတာ ၀မ်းနည်းပါတယ် ခင်ဗျာ”
“အို အို ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ကို မဒမ်ဂေါ်ဂင်က ပြင်သစ်လူမျိုးတွေရဲ့ အမူအရာတွေ သင်ပေးနေတယ် လေ။ ဒီလို တိုင်းပြည် ဂျင်ကလယ်လေးမှာ လာနေရတော့ အိမ်နီးချင်းတိုင်းပြည်ကြီးတွေဆီက လေ့လာရတယ် မဟုတ်လား”
မြို့စားကလေးက သိမ်မွေ့စွာပြောသည်။
သက်သက်ဟန်လုပ်နေကြသည်ဟု ဂေါ်ဂင်ထင်သည်။ မက်တီက ငွေရအောင် သင်ပေးသည်။ သူတို့က အပျင်းပြေလာသင်ကြ၊ ဂေါ်ဂင်က မရယ်ချင့် ရယ်ချင် ရယ်ကာ … “ဒီတိုင်းပြည်မှာ လူတိုင်း ဘွဲ့လေးတွေ ကိုယ်စီနဲ့နော်၊ အတွင်းဝန် မစ္စတာ ဘယ်သူ၊ ကောင်စစ်ဝန်မင်း မစ္စတာ ဘယ်ဝါ၊ မြို့စား မစ္စတာ ဟိုဒင်းတဲ့၊ စုံလို့ပဲ။ နောင်ကျရင် အမဲသားသည်တောင် ဘွဲ့တွေ တပ်လာမလား မသိဘူး ခင်ဗျ။ ရယ်ရတယ်”
“မောင့် အိမ်ထောင်စုကို ကျွေးနေတာ၊ သတိထားပြီးစကားပြောပါ။ ကိုယ့်ကို အစာကျွေးတဲ့လက်ကို ပြန်ကိုက် တယ်ဆိုတာ သိပ်ရှက်ဖို့ ကောင်းတယ်။ မောင်တို့ ပြင်သစ်တွေ ယဉ်ကျေးလှချေရဲ့ဆို”
“ဟုတ်တယ်၊ ငါက နည်းနည်းရိုင်းတယ်။ တကယ်တော့ ၀င်းထဲမှာ ကြိုးနဲ့ချည်ထားဖို့ကောင်းတဲ့ကောင်။ ဒါပေမယ့် ငါလို အရိုင်းအစိုင်းအဖို့တောင် မင်းတို့ တိုင်းပြည်ဟာ တော်တော်အနှစ်သာရကင်းတဲ့ တိုင်းပြည်။ ပြောပြန်ရင် ငါလွန်တယ်။ ဒါပေမယ့် ငါမပြောဘဲ မနေနိုင်ဘူး။ ရောက်လေရာရာမှာ အဓိပ္ပါယ်မရှိတာတွေ ချည်းပဲ တွေ့နေရတယ်”
“မက်တီအဖို့တော့ ဒီတိုင်းပြည်ဟာ ကောင်းနေတာပဲ။ ပျော်စရာတွေချည်းပဲ။ မောင်တို့ ပြင်သစ်ပြည်မှာ နေရတာ ထက် အများကြီးပျော်တယ်။ ဒီမှာမောင်၊ မက်တီ သိပ်မပြောချင်ဘူး။ ပျော်ရာမှာမနေ တော်ရမှာ နေရတယ် ဆိုတာ သိတယ်မဟုတ်လား။ သူတောင်းစားဟာ ကြေးမများရဘူးတဲ့”
“ငါသိပါတယ်၊ ပုလွေဆရာကို ပိုက်ဆံပေးတဲ့သူဟာ သူကြိုက်ရာသီချင်းကို မှုတ်ခိုင်းနိုင်သတဲ့၊ မင်းကြားဖူးတဲ့ စကားပုံတွေ ကုန်ပလား”
ဂေါ်ဂင်က လှောင်သည်။ ဧည့်သည်တွေ ပြန်သွားပြီး သူတို့နှစ်ယောက်တည်း စကားများ ကျန်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်လို ပြောနေကြရာမှ မက်တီက ဒိန်းမတ်စကားဖြင့် …
“ကဲ တော်ပြီမောင်။ မက်တီမှာ အလုပ်တွေ ရှိသေးတယ်။ အချိန်ရှိတုန်း ပိုက်ဆံရအောင် လုပ်ရဦးမယ်။ ရှင့်ဆေးတန် သောက်ဆေးဖိုး၊ ဆီဆေးဖိုး ကို မာ့မာ့ဆီကချည်း တောင်းနေလို့ မကောင်းဘူး။ ထမင်းလည်း ကျွေးထားပြီ။ ဒီထက်လွန်လာရင် ပေးတဲ့လူက ပေးဦး ကိုယ့်လိပ်ပြာကိုယ် ပြန်ရှက်ဖို့ ကောင်းတယ်။ နောက်ထပ် စကားမများချင်ဘူး”
မက်တီက အခန်းဒေါင့်စာရေးစားပွဲသို့ ထသွားသည်။ ဂေါ်ဂင်က နောက်က လိုက်သွားသည်။ စားပွဲပေါ်တွင် မက်တီ့လက်ရေးဖြင့် ရေးလက်စစာရွက်တွေ တပုံကြီးရှိသည်။ စာလုံးများက စာရွက်ထဲမှာ ခုန်ထွက်တော့မည် လော ထင်ရသည်။ ဒိန်းမတ်ဘာသာစကားသည် နားထောင်၍မကောင်း၊ ရေးချသည့်အခါမှပင် ကြည့်၍မလှ။ အရုပ်ဆိုးသည့် ဘာသာစကားဟု သူထင်သည်။ ဂေါ်ဂင်သည် ဒိန်းမတ်သတင်းစာတစောင်အတွက် မက်တီ ဘာသာပြန်ပေးနေသော ပြင်သစ်ဝတ္ထုတပုဒ်ကို ကောက်ကိုင်လိုက်သည်။
“ဘာလဲ၊ ဇိုလာရဲ့ ၀တ္ထုလား၊ ဟင်း … တခါလာလည်း ဆင်းရဲသားအကြောင်း၊ တခါလာလည်း ဆင်းရဲသား အကြောင်း၊ ဘာလုပ်ဖို့လဲ။ လိုတီရဲ့ ၀တ္ထုကို ပြန်တာကမှ ကောင်းဦးမယ်။ စာရေးဆရာတိုင်း အလှအပကို ရေးတယ်။ အကောင်းကို ရေးတယ်။ မကောင်းတာ၊ ဆင်းရဲတာကို ရေးတာဆိုလို့ ဇိုလာတယောက်ပဲ ရှိတယ်”
ဂေါ်ဂင်က နှာခေါင်းရှုံ့သည်။
“ရေးမှာပေါ့၊ ဇိုလာက သူ့ဘ၀အကြောင်းကို နားလည်တယ်။ ဇိုလာဟာ ရှင်တို့လို စိတ်ကူးယဉ် ဘိန်းစားတွေ မဟုတ်ဘူး။ ပြီးတော့ ကျွန်မကို ဘာသာပြန်ခိုင်းတဲ့လူကလည်း ဇိုလာကို ပြန်ပေးပါလို့ ခိုင်းတာ။ လိုတီကို အပြန် ခိုင်းတာ မဟုတ်ဘူး။ ခုလုပ်နေတာလည်း အားလို့ယားလို့ လုပ်နေတာ မဟုတ်ဘူး။ ပိုက်ဆံရအောင် လုပ်တာ၊ ငွေရအောင် လုပ်တာ”
“ဇိုလာဆိုတဲ့ စာရေးဆရာက အလကားလူ၊ သစ်ဆန်းပန်းချီကို ဝေဖန်တယ်၊ စေဇန်းကို သစ္စာဖောက်သွားတယ်။ စေဇန်မှာ ချို့ယွင်းချက်ရှိကောင်းရှိမယ်။ ဒါပေမယ့် စေဇန်းဟာ တကယ့် အနုပညာသည်၊ ဇိုလာဟာ ပန်းချီအကြောင်းကိုလည်း ဘာမှ မသိဘူး”
“ဟင်း ဘာပန်းချီလဲ” မက်တီက နာကျည်းစွာ ပြောသည်။
“ဇိုလာတွင်မကဘူး။ ပန်းချီဆိုရင် ကျွန်မကလည်း မုန်းတယ်၊ မုန်းသမှ အလွန်မုန်း။ ပန်းချီဆိုတဲ့ စကားလုံးလည်း မုန်းတယ်။ ပန်းချီကားကိုလည်း မုန်းတယ်။ ပန်းချီဆေးကိုတောင် မုန်းတယ် သိရဲ့လား”
“ဒါဖြင့် ပန်းချီဆရာကို လင်လုပ်မိတာ မင်းကံဆိုးတာပေါ့”
မက်တီက ဆတ်ခနဲ လှည့်ကြ့ည်လိုက်သည်။ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
“ရှင်က ဇိုလာလိုလူမျိုးကို မကောင်းပြောမှာပေါ့။ ဇိုလာက ပိုက်ဆံတွေရတော့ ရှင်ဘယ်မှာ နာလိုပါ့မလဲ။ ရှင်တို့ ပန်းချီဆရာတွေဟာ ကိုယ်ကိုယ်တိုင်ကလည်း အောင်မြင်အောင် မလုပ်နိုင်၊ အောင်မြင်ကျောကြားတဲ့ လူတိုင်း ကို မနာလိုတိုရှည်ဖြစ်၊ ကိုယ်ရေးတဲ့ ပန်းချီကားတွေကျတော့လည်း စွံအောင် မရောင်းနိုင်။ ပြောစမ်းပါ။ ရှင်တို့ ပန်းချီကားတွေကို ဘယ်သူကြိုက်လို့လဲ။ ဘယ်သူဝယ်လို့လဲ။ အကုန်လုံးပဲ။ စေဇန်းရော၊ ပီဆာရိုရော၊ မာနေးရော၊ မိုးနေရော၊ တယောက်မှ မစွံဘူး။ သူတို့ မယားတွေမှာဖြင့် ထမင်းဖိုးလေးရရ၊ လုပ်လိုက်ရတာ တကုန်းကုန်း။ ကလေးတွေကျတော့လည်း လူပေး သူပေး စားနေကြရတယ်။ ရှင်တို့ကတော့ မရောင်းရတဲ့ ပန်းချီကား အစုတ်ပလုတ်တွေ ဆွဲလို့၊ ပြောတော့ ကြီးကြီးကျယ်ကျယ်”
မက်တီက အန်ထုတ်သည်။
ဂေါ်ဂင်က နောက်မှီကုလားထိုင်တလုံးတွင် ထိုင်ရင်း သူ့မိန်းမမျက်နှာကို စိုက်ကြည့်နေသည်။
“ဟေ့ ဒီမှာ၊ မင်းပြောတဲ့ အစုတ်ပလုတ် ပန်ချီကားတွေကို တနေ့မှာ ပြတိုက်ထဲရောက်အောင် လုပ်ပြမယ် သိလား”
ဂေါ်ဂင်က ပြောသည်။ စောစောက သရော်သံပါသော်လည်း ယခုသူ့အသံတွင် ပိုင်းဖြတ်မှုပါနေသည်။
“ရှင်ဟာ ပန်းချီရူး ရူးနေတော့မှာလား။ ပန်းချီဆွဲဖို့ပဲ စိတ်ဝင်စားတော့မှာလား။ ဟင်း … ကလေးတွေ အတွက်တော့ မစဉ်းစားတော့ဘူးလား။ မယားအတွက်ကော ထည့်မစဉ်းစားတော့ဘူးလား”
မက်တီက မျက်နှာကို စိုက်ကြည့်ရင်း မေးသည်။
“မင်းကို ငါချစ်တယ်။ ကလေးတွေကိုလည်း ငါချစ်တယ်။ ဒါပေမယ့် ငါသေသွားရင် ကျန်ရစ်ခဲ့ချင်တယ်။ ကလေးတွေလောက် ကျန်ရစ်ခဲ့လို့ မဖြစ်ဘူး။ ငါဟာ ပန်းချီရူး ရူးနေတယ်။ ငါဟာ ပန်းချီဆရာတယောက်၊ ငါ့အိတ်ထဲမှာ တပြားမှ မရှိပေမယ့် အရင်က ဂေါ်ဂင် မဟုတ်တော့ဘူး။ ပန်းချီဆရာ ဖြစ်နေပြီ။ ပိုက်ဆံမရှိလို့ မင်းအမေကြီးက ငါ့ကို အထင်သေးတာ မသေးတာတော့ ငါ့တာဝန်မဟုတ်ဘူး”
“အို သေးစရာလုပ်ရင် သေးမှာပဲ။ ကိုယ့်သားကိုယ့်မယားကိုမှ ထမင်းဝအောင် မကျွေးနိုင်တဲ့ လူတယောက်ကို အထင်မသေးရင် ဘယ်သူ့ကို သွားအထင်သေးရဦးမှာလဲ။ မအောင်မြင်တာဟာ မအောင်မြင်တာပဲ။ ရှင့်ပန်းချီကို စွန့်ပါ။ ရှင် မအောင်မြင်ဘူးဆိုတာကို ၀န်ခံပါ။ ရှက်စရာ မဟုတ်ပါဘူး”
မက်တီက ပြောသည်။
“ဒီမှာ မက်တီ၊ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ပန်းချီကားတွေ ရောင်းရတာ မရောင်းရတာနဲ့ မဆိုင် ပါဘူး။ အနုပညာကို ငွေနဲ့ တိုင်းထွာလို့ မရပါဘူး”
“သြ ပိုက်ဆံမရတာတော့ ၀န်ခံသားပဲ။ ပန်းချီဆရာတယောက်အနေနဲ့ ရှင် မအောင်မြင်ဘူး။ နောင်နှစ်ခါကျရင် လည်း ရှင်မအောင်မြင်ဘူး။ ဗေဒင်ဟောလိုက်မယ် မှတ်ထား”
မက်တီက စားပွဲအံဆွဲထဲက စာတစောင်ကို ထုတ်ပြသည်။ စာရွက်ထူထူ၊ အိတ်တွင် ရွှေဖောင်းကြွ တံဆိပ်တခု ရိုက်ထားသည်။
“ရော့ဖတ်ကြည့်၊ အယ်နာဆီက စာ။ အီမီးလ်အတွက် ကျောင်းလခ မပေးနိုင်တော့ဘူးတဲ့။ အဲဒါ အီမီးလ်ကို ကျောင်းက နှုတ်ရတော့မယ်”
အယ်နာမှာ မက်တီမိတ်ဆွေထဲက ချမ်းသာသူတဦးဖြစ်သည်။ မြို့စားကတော် ဖြစ်နေသည်။
“သူ ဘာဖြစ်လို့ စိတ်ပြောင်းသွားရတာလဲ။ သူပဲ ကျောင်းထားပေးမယ် ပြောလို့ ထားတဲ့ဟာပဲ”
“ပြောင်းမှာပေါ့။ ရှင်လုပ်တာတွေက ဟုတ်မှ မဟုတ်ဘဲ။ ရှင် ဗရင်ဂျီဘာသာဝင် ဖြစ်နေတာကို အယ်နာက အစကတည်းက သဘောမကျဘူး။ ခုတော့ ရှင်က ဗရင်ဂျီဘာသာဝင်တောင် မဟုတ်တော့ဘူး။ ဒီတော့ သူလည်း အားပေးအားမြှောက် ၀င်မလုပ်ချင်ဘူးပေါ့”
“ဒါ ဘာဆိုင်လို့လဲကွ။ ငါဖာသာငါ ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ သူ အနေသာကြီးပဲ။ ငါက လွတ်လွတ်လပ်လပ် တွေးခေါ်ချင်တယ်”
ဂေါ်ဂင်က အသံတိုးတိုးဖြင့် ပြောသည်။
“ကျွန်မတို့ တိုင်းပြည်မှာတော့ ဘာသာတရားဟာ အရေးကြီးတယ်။ ရှင့်ကို အစကတည်းက ပြောသားပဲ။ ဘုရားရှိခိုးကျောင်းတက်ဖို့၊ ဘုရားရှိခိုးကျောင်းသွားရင် ဘာသာတရားကိုင်းရှိုင်းဖို့”
“ဒီမှာ မက်တီ၊ ငါဘယ်အရာကိုမှ မယုံကြည်ဘူး။ တကယ်ယုံကြည်တယ်ဆိုရင်လည်း ငါ မင်းတို့လို ပရိုတက်စတင့် ဘာသာမ၀င်ဘူး။ ဗရင်ဂျီဘာသာထဲကိုပဲ ၀င်မှာပဲ။ ပရိုတက်စတင့်လို့ ပြောပြီး မတရား လုပ်နေ ကြတဲ့ ရွှေပွဲစားတွေကို ငါပါရီရွှေဆိုင်တန်းမှာ မြင်ခဲ့ဖူးပေါင်း များလှပြီ”
“တော်တော့ရှင်၊ ဒါတွေ မပြောနဲ့တော့”
“ဟုတ်တယ်၊ ငါမပြောချင်ဘူး။ ကိုယ်ကြိုက်သလို နေပါ။ ကိုယ်ကြိုက်ရာကို ကိုးကွယ်ပါ။ ငါဘာမှာ မပြောဘူး။ ငါ့ကိုလည်း လာမပြောကြနဲ့”
ဂေါ်ဂင် ခေါင်းငိုက်ဆိုက်ချ၍ စဉ်းစားနေသည်။ ကျောင်းထားပေးမည့်သူ မရှိလျှင် သူ့သားကြီး အီမီးလ် အိမ်ပြန်လာလျှင် ၀န်ထုပ်တခုတိုးဦးမည်။ ပြဿနာတခု ထပ်တက်ဦးမည်။ ပေါက်ကွဲတောက်လောင်စရာ ဆီစက် တစက်တိုးလာဦးမည်။ သူ့သားကြီးက ကျောင်းမှာပျော်သည်။ ဒိန်းမတ်ကျောင်းသားတွေနှင့် နေသားတကျ ဖြစ်နေပြီ။ တကယ်တော့ သူ့သားကိုသူပျော်ရာမှာ ထားသင့်သည်။
အတန်ကြာမှ ဂေါ်ဂင်က မော့ကြည့်ကာ …
“အီမီးလ်ကို ကျောင်းမှာ ဆက်ထားမယ်။ ရေတပ်ကို သွင်းတဲ့အထည်စတွေအတွက် ရေတပ်ဝန်ကြီးရုံးက ချက်လက်မှတ်တစောင် ရစရာရှိတယ်။ မနက်ဖြန်ထုတ်ပြီး ကျောင်းကို ပို့လိုက်မယ်”
“မှန်မှန်ပေးနိုင်မှ လုပ်နော်။ တော်တော်ကြာ ပေးချည်တလှည့် မပေးချည်တလှည့်ဆိုရင် ကလေးမျက်နှာငယ် တယ်”
“ပေးမှာပေါ့။ ရိုဝင်က ကုမ္ပဏီကိုလည်း ငါစာရေးမယ်။ ငါရစရာ ကော်မရှင်တွေ ကျန်သေးတယ်”
စင်စစ် ကုမ္ပဏီကိုလည်း အောက်ကျနောက်ကျခံ၍ စာမရေးချင်။ သူ့ရစရာ ကော်မရှင်ကြေး ဆိုသည်မှာလည်း များများစားစား ရှိလှသည် မဟုတ်။ သို့ရာတွင် ကုမ္ပဏီက ငွေချေနှေးသည့် ပြင်သစ်အစိုးရနှင့်သာ ဆက်ဆံဖူး သည်။ ဒိန်းမတ်အစိုးရက ချက်ချင်းငွေချေသည်။ သည်ငွေများကို ကုမ္ပဏီသို့ မသွင်းသေးပဲ လှည့်သုံးထားမည် ဟု စိတ်ကူးရသည်။ နိုင်ငံခြားရောက် အရောင်းကိုယ်စားလှယ်များ အားလုံးလိုလို ငွေကို လှည့်သုံးတတ်ကြ သည်။
သူတယောက်တည်းမဟုတ်။ ကောင်းတော့မကောင်း။ သို့ရာတွင် မတတ်နိုင်။ သည်တနည်းသာ ရှိတော့သည်။
“ဘယ်နှယ့်လဲ ကျေနပ်လား”
“ကလေးကတော့ ကျေနပ်မှာပေါ့လေ”
မက်တီက ခပ်အင်အင် ဖြေသည်။ မက်တီသည် သူ့ယောက်ျားကို ဒုက္ခလှလှကြီး တွေ့စေချင်ပုံရသည်။ နာကျည်းမှ ကိုယ့်ကိုယ်ကို နလံထူအောင် ကျိုးစားလာမည်။ နောက်ထပ်အောက်ကို ဆင်းစရာမရှိတော့သည် အထိ ဒုက္ခတွေ့မှ အပေါ်ကို ပြန်တက်လာလိမ့်မည်ဟု ထင်ပုံရသည်။ သူ့မယားသည် သည်လို စိတ်ကူးဖြင့် သူ့ကို စိတ်ညစ်စရာ ပြဿနာတွေ တခုပြီးတခု တင်ပြသည်လော မပြောတတ်။ သည်လိုဆိုရင်တော့ သူ့မယား တွက်ကိန်းမှားပြီဟု သူထင်သည်။ ဂေါ်ဂင်သည် နောက်ထပ် ဆင်းစရာမရှိတော့သည်အထိ အောက်ဆုံးသို့ ရောက်သည့်တိုင် အပေါ်သို့ ပြန်တက်ရန် ကျိုးစားမည့် သူမျိုးမဟုတ်။ အောက်ဆုံးရောက်တော့လည်း အောက်မှာပင် ပျော်ပျော်ကြီးနေမည့်လူစား ဖြစ်သည်။
“ငါ့မှာလည်း ပိုက်ဆံရစရာလေးတွေ ရှိပါသေးတယ်။ ပန်းချီကလပ်က ငါ့အတွက် “တကိုယ်တော်ပြပွဲ” တခုလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီပြပွဲကျရင် ငါ့ကားတွေ နည်းနည်းပါးပါး ရောင်းရမှာပါ”
“ပန်းချီကလပ်မှာ ဘာလို့ သွားပြနေဦးမှာလဲ။ ပန်းချီကလပ်ဝင်တွေနဲ့ ဘာလို့ ပတ်သက်ဦးမှာလဲ။ ကိုပင်ဟေဂင်မှာ ပန်းချီဆိုင်ခန်းတွေ ပြည့်လို့၊ အဲဒီမှာ သွားပြပေါ့။
ဂေါ်ဂင်က သက်ပြင်းချသည်။
“ဆံပင်ရှည်ထားပြီး မုတ်ဆိတ်ရှည်ထားတာနဲ့ လူတယောက်ဟာ အိတ်ထဲမှာ လက်ပစ်ဗုံးထည့်လာ တဲ့သူ ဖြစ်ရတော့မှာလားကွာ။ တကယ်တော့ ပန်းချီကလပ်မှာ ဒါမျိုးကို သိတဲ့သူတောင်ရှိမှာ မဟုတ်ဘူး။ ငါတို့ အမျိုးသားပန်းချီပြတိုက်ကြီးမှာ ပြလှည့်ပါလို့ ဖိတ်တဲ့လူရှိရင်လည်း အကောင်းသားပေါ့”
နံရံကပ်နာရီကြီး တနာရီထိုးသည်။ မက်တီက ဖောင်တိန်ကို ကောက်ကိုင်ကာ ကလောင်သွားကို လက်မဖြင့် စမ်းသည်။
“မက်တီစာရေးရဦးမယ်။ ခုအခန်းက မနက်ဖြန် မနက်သတင်းစာထဲပါမယ့် အခန်း”
ဂေါ်ဂင်က သူ့မယားကို ငုံ့၍နမ်းလိုက်သည်။ သို့ရာတွင် မက်တီက အနမ်းမခံ။ မျက်နှာကို တဖက်သို့ လှည့်လိုက်သဖြင့် သူ့နှုတ်ခမ်းက ပါးပြင်ကို ထိသွားသည်။
မက်တီ ဆံပင်နံ့က သင်းပျံ့ပျံ့၊ သူ့ကို ယစ်မူးစေသည်။ ဂေါ်ဂင်သည် ခဏရပ်နေပြီးနောက် ချာခနဲ လှည့်ထွက် လာသည်။ အခန်းတံခါးဝသို့ မရောက်ခင် တဂျစ်ဂျစ်မြည်နေသော ကလောင်သွားသံကို ကြားနေရသည်။ ဂေါ်ဂင်တယောက် ဆရာမက ပြန်လွှတ်လိုက်သော ကျောင်းသားကလေးတယောက်လို ခံစားရသည်။ ။

မူရင်းအင်္ဂလိပ်ဝတ္ထုနဲ့ ဒိန်းမတ်ဘာသာပြန်ကိုပါ ဖတ်ကြည့်ချင်ရင်...

Gauguin


Youtube ပေါ်မှ ဂေါ်ဂင်၏ ပန်းချီကားများ ...

Sunday, June 22, 2008

(၅) ဂျပန်လက်အောက်သတင်းစာများ (ကြေးမုံဦးသောင်း)


စစ်ကြီးအတွင်းတွင် ဂျပန်စစ်တပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင် နိုင်ငံရေးအင်အားစု အချို့က ဂျပန်နှင့် ပူးပေါင်းခဲ့သော်လည်း သတင်းစာများက ဂျပန်ကျူးကျော်သူများကို တင်ကြိုပြီး ဆန့်ကျင်ခဲ့ကြသည်။ မြန်မာသတင်းစာများက တရုတ် - ဂျပန်စစ်ပွဲသတင်းများမှ ဂျပန်တို့က ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်သည် များကို ဖော်ပြဆန့်ကျင်ကြသည်။ အထူးသဖြင့် ၁၉၃၈ ခုနှစ်ဆန်းကာလက ဂျပန်စစ်တပ်ကြီးက တရုတ်ပြည်၊ နန်ကင်းမြို့တော် တမြို့လုံးကို သတ်ဖြတ်ပွဲကြီး ကျင်းပခဲ့သည်ကို မြန်မာသတင်းစာများက ဓာတ်ပုံနှင့်တကွ ဖော်ပြကာ ပြစ်တင်ရှုတ်ချကြလေသည်။

မြို့သူမြို့သား သုံးသိန်းတို့ကို ဂျပန်စစ်တပ်များက ကိုယ်တပိုင်းမြေမြုပ်ကာ သံချပ်ကာကားများနှင့် နင်းကာသတ်ခြင်း၊ သေနတ်လက်တည့်စမ်း ပစ်မှတ်အဖြစ် ပစ်ခတ်ကာ သတ်ဖြတ်ကြခြင်း၊ လျှာနှင့် လည်ချောင်းကို သံချိပ်နှင့် ဖောက်ဆွဲကာ ချိပ်ဆွဲထားပြီး လှံစွပ်နှင့်ထိုးသတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ အမျိုးသမီးမှန်သမျှကို မတရားပြုကျင့်ပြီးမှ သတ်ဖြတ်ခြင်း စသည်တို့ကို သတင်းဓာတ်ပုံများနှင့် တကွ ဖော်ပြကာ ဖက်ဆစ်တို့၏ ဆိုးယုတ်ပုံများကို ရဲဝံ့စွာဖော်ပြခဲ့ကြသည်။

ဥရောပတွင် ဂျူးလူမျိုးများနှင့် မိမိတို့ အနိုင်ရသော နိုင်ငံငယ်များကို ဂျာမနီစစ်တပ်ကြီးက နှိပ်စက်ပုံများ ကိုလည်း ဖော်ပြကြကာ ဖက်ဆစ်တို့ ကျင့်မှုမြဲဓလေ့တို့ကို ပွင့်လင်းစွာ ရေးသားကာ လူထုကို ပညာပေးခဲ့ကြ သည်။

သတ္တိကြီးမားသော သတင်းစာဆရာ ဦးဘတင်က ဂျပန်များ မြန်မာနိုင်ငံသို့ လာရောက်တိုက်တော့ မည်ကို ခန့်မှန်းသိရှိပါလျက်နှင့် ဂျပန်တို့ အန္တရာယ်ကို မြန်မာလူထုသိရှိစေရန် ဂျပန်သူလျှိုအမည်နှင့် နိုင်ငံရေး စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့ပေသည်။ ဖက်ဆစ်တို့၏ ကျင့်ထုံးနှင့် အန္တရာယ်ကို စာအုပ်တအုပ်ဖြင့် လူထုကို သတိပေးခဲ့သူ သူရဲကောင်းကြီး ဦးဘတင်ကို ဂျပန်များ ၀င်လာသည်နှင့် ရှာဖွေဖမ်းဆီးခဲ့သည်။ ပြင်းထန်စွာနှိပ်စက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရရှာသည်။ လူထုအတွက် အသက်ပေးကာ ရေးသားနှိုးဆော် ခဲ့သော မြန်မာသတင်းစာသူရဲကောင်းကြီးပါပေ။

ဂျပန်စစ်တပ် အစိုးရအုပ်ချုပ်သော ဂျပန်ခေတ်တွင် သတင်းစာများကို ပုံမနှိပ်မီ သတင်းများကို ဂျပန်ဆင်ဆာရုံးသို့ ပို့ရကာ ဆင်ဆာက စစ်ဆေးပြီးမှ ပုံနှိပ်ရလေ့ရှိသည်။ စာစီပြီးမှ သတင်းစာကို တင်ပြရရာတွင် စာစီပြီး ပုံနှိပ်ရန် အသင့်ဖြစ်မှ မိတ္တူကို စစ်တပ်သို့ တင်ပြရလေသောကြောင့် ဆင်ဆာအဖွဲ့က ဖြတ်တောက်သော စာပိုဒ်များကို ပြန်လည်ပြင်ဆင်ရန် အချိန်မရှိတော့သဖြင့် အဖြူကွက်လပ်များနှင့် သတင်းစာ များ ထွက်လာရလေ့ရှိ၏။

အဖြူကွက်ကြီးများနှင့် ထွက်လာသော သတင်းစာတို့မှာ ဖက်ဆစ်တို့၏ ဆင်ဆာစနစ်ကို သက်သေပြ နေသဖြင့် စာဖတ်ပရိသတ် လူထုက လှောင်ပြောင်ရယ်မောကြစေကာမူ အများပြည်သူတို့ ထင်မြင်ချက်ကို အလေးမထားသော ဂျပန်စစ်အစိုးရက ဂရုမပြုမိကြပေ။

ဂျပန်စစ်တပ်နှင့် ရုပ်သေးအစိုးရကိုမူ ဝေဖန်ခွင့်မရှိ၊ သူတို့အား ဝေဖန်သော စာမူများနှင့် သူတို့ မသိစေလိုသော စစ်သတင်းများကိုသာ ဆင်ဆာဖြတ်ခဲ့သည်။ ယင်းကဲ့သို့ တင်းကျပ်စွာ စိစစ်သည့်အကြားမှ သတင်းစာဆရာကြီး ဇ၀နက သူ၏ ပင်တိုင်ဆောင်းပါးများမှ ဂျပန်စစ်အစိုးရကို နေ့စဉ်ဝေဖန် ပြစ်တင်နိုင်ခဲ့သည်။

ဟာသပါရဂူတဦးဟု ချီးကျူးကြသော ဆရာဇ၀နက သူ၏ဦးခေါင်းနှင့် ၀မ်းဗိုက်တို့ စကားပြောခန်းကို ရယ်ရွှင်ဖွယ် ရေးသားလေ့ရှိသည်။ ချက်ကြီးက ခေါင်းကြီးကို “ဆရာရယ် … ကျနော့်မှာ ကန်ဇွန်းရွက်ကိုသာ နေ့တိုင်းစားနေရတာကြောင့် ပြားချပ်နေပါပြီ။ တခါတလေ သားလေးငါးလေး စားပါရစေ” တောင်းပန်လေ့ရှိ သည်။ သနားသဖွယ် တောင်းပန်ပါတယ်။ “ဆရာရယ် တနေ့တလေ ထောပတ်လေးများ…” ဟု တောင်းပန်စဉ် တွင် “ဟေ့ကောင်… တော်၊တန်၊တိတ်။ မင်းနဲ့ ထောပတ်တန်သလားကွ” စသည်ဖြင့် ပြက်လုံးကလေးများကို ရေးသားကာ ဖက်ဆက်ဂျပန်စစ်အစိုးရလက်ထက်၌ ပြည်သူလူထုကြီး ငတ်မွတ်နေသည်ကို ဝေဖန်လေသည်။ ယင်းပြက်လုံးကလေးများကို ဆင်ဆာရုံးမှ ဂျပန်စစ်ဗိုလ်များ နားမလည်သောကြောင့် ခွင့်ပြုသဖြင့် လူထုမှာ ထူးခြားသော ဟာသရသကို ခံစားကြသည်။

ဂျပန်ခေတ်က သတင်းစာဆရာတို့၏ သတ္တိကို ပြသနိုင်ခဲ့စေကာမူ လမ်းပန်းဆက်သွယ်မှု ပြတ်တောက် ခြင်း၊ သတင်းစာစက္ကူ ရှားပါးခြင်းတို့ကြောင့် သတင်းစာလုပ်ငန်း တိမ်ကောခဲ့ပေသည်။ ရရှိနိုင်သမျှ စက္ကူများပေါ် တွင် မြန်မာသတင်းစာဆရာများ ရေးသားအားထုတ်ကြသည်။ မီးခြစ်ထုပ်သော စက္ကူနှင့် ပုံနှိပ်သော ဆေးရောင် အမျိုးမျိုး သတင်းစာများ ထွက်ခဲ့ရသည်။

အခက်အခဲများအကြားမှ ထုတ်ဝေကြစဉ်က မြန်မာသတင်းစာဆရာများသည် ဖက်စစ်ဂျပန်များ လှံစွပ် တို့ကို ကြောက်လန့်သူများ မဟုတ်ကြသည်ကို ဂုဏ်ယူသင့်ကြရပေမည်။

Saturday, June 14, 2008

အောင်ဝတ္ထု

လူ့ဘ၀တွင် ကိုယ့်အားကိုယ်ကိုး ရိုးသားကြိုးစား အောင်မြင်သွားကြသူတို့အကြောင်းကို အင်္ဂလိပ်လို success story မြန်မာလိုတော့ “အောင်ဝတ္ထု” ဟု ဆရာမြသန်းတင့်က မြန်မာမှုပြုပါသည်။

ယခုလည်း ဒိန်းမတ်ရောက်မြန်မာနိုင်ငံမှ ဒုက္ခသည်မိသားစု တစု၏ အောင်မြင်မှုအကြောင်းကို ဇွန်လ ကိုးရက်နေ့ထုတ် JydskeVestkysten သတင်းစာတွင် ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား ဇအောက်ထန်း (Za Uk Thang) နှင့် မိသားစု ဒိန်းမတ်နိုင်ငံသို့ ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ တွင် ရောက်ရှိလာပါသည်။ ဒိန်းမတ်ရောက်ပြီး ၂ နှစ်အတွင်း သူတို့မိသားစု ဒိန်းမတ်စာနှင့် စကားကို သင်ကြားကြသည်။ နောက်တော့ ဇအောက်ထန်း Danish Crown ကုမ္ပဏီ၌ အလုပ်ရသည်။ ဒိန်းမတ်စာသင်တန်းများပြီးဆုံးသွားတော့ ယာဉ်မောင်းလိုင်စင် ၀င်ဖြေကာ ကားဝယ်သည်။ ယမန်နှစ်က သူ့ဇနီးလည်း သူ့နှင့်အတူ အလုပ်ရပြီးနောက် ယခုတော့ သူတို့နေထိုင်ရာ Esbjerg မြို့တွင် ကိုယ်ပိုင်အိမ်ဝယ်လိုက်ပြီဖြစ်သည်။

“အလုပ်ကြိုးစားတာက ကျနော်တို့ ဒိန်းမတ်ကိုမလာခင်ကတည်းက ကျင့်သားရပြီးသားပါ” ဟု မကြာခင် ပြောင်းရွှေ့နေထိုင်တော့မည်အိမ်ကို ဆေးလာသုတ်နေသည့် ဇအောက်ထန်းက သတင်းထောက်ကို ပြောပြသည်။

မှတ်ချက် - သင်ကိုယ်တိုင်သော်လည်းကောင်း သင့်ပတ်ဝန်းကျင်၌သော်လည်းကောင်း “အောင်ဝတ္ထု” များ ရှိပါက သတင်းစာတိုက်သို့ ဆက်သွယ်ပြောနိုင်ရန် အီးမေးလ် လိပ်စာမှာ success@jv.dk ဖြစ်ပါသည်။

Sunday, June 8, 2008

(၄) သတင်းစာတို့၏ ပွဲဦးထွက်တိုက်ပွဲ (ကြေးမုံဦးသောင်း)

သတင်းစာတို့၏ ပွဲဦးထွက်တိုက်ပွဲ

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ၌ ၁၈၆၁ ခုနှစ်က၊ အိန္ဒိယပြည်တွင် အင်္ဂလိပ်-အရှေ့အာရှကုမ္မဏီအစိုးရက ရေးသားခဲ့သော ပုဒ်မ ၁၂၄ (က) အကြည်ညိုပျက်စေမှု စသည့် အိန္ဒိယ ရာဇသတ်ကြီးတခုလုံးကို အမွေရရှိခဲ့ရာတွင် ယင်းအမွေဆိုးကို အုပ်ချုပ်သူများက လက်နက်ကောင်းများအဖြစ် သုံးစွဲခဲ့လေသည်။
နိုင်ငံတည်စကာလက ဒီမိုကရေစီစနစ်ကို တည်ဆောက်ခဲ့ကြစေကာမူ လက်စောင်းထက်သူ အာဏာရနိုင်ငံရေးသမားများက ဖောဖောသီသီအသုံးပြုခဲ့ကြပေသည်။ နိုင်ငံရေးခေါင်းဆောင်အများ ထောင်နန်းစံခဲ့ ရသည်။ သတင်းစာဆရာအများပါ ထိကြ၏။ ဒီမိုကရေစီခေတ်က သတင်းစာဆရများလည်း ခံကြရစေကာမူ ထောင်တွင်းတွင် ကြာကြာနေရလေ့မရှိဘဲ ညှာညှာတာတာထားလေ့ရှိသည်။ ဆရာကြီး လူထုဦးလှကိုမူ ကြာမြင့်စွာ ညှဉ်းဆဲခဲ့၏။ စံချိန်တင်ရမည့် ထောင်မင်းသားမှာ ဆရာဗန်းမော်တင်အောင် ဖြစ်သည်။ အသက် (၅၅) နှစ်ခန့်မှာ ကွယ်လွန်ရှာသူ ဗန်းမော်တင်အောင်၏ ထောင်သက်သည် (၂၁) နှစ်ရှိသည်ဟု ဆို၏။
၁၉၆၂ ခု၊ စစ်အစိုးရတက်လာချိန်တွင်မူ ဥပဒေဆိုးများကို လက်လွတ်စပယ် အသုံးပြုလေသဖြင့် ထောင်ပေါင်းများစွာသော နိုင်ငံရေးခေါင်းဆောင်များ၊ သတင်းစာဆရာ၊ စာရေးဆရာများ၊ အရာရှိအရာခံများ၊ အလုပ်သမား၊ လယ်သမားများပါ ဖမ်းဆီးခံခဲ့ကြရ၏။
“ထောင်အပြင် တန်းမရှိ” ဟု ဆိုရိုးရှိသည်။ စစ်အစိုးရများလက်ထက်တွင် ထောင်ထက်ဆိုးသော တကျွန်းထောင်စခန်းများ တည်ဆောက်ကာ ညှဉ်းပန်းခဲ့ကြသည်။
မည်သို့ပင်ရှိကြစေကာမူ မြန်မာတမျိုးသားလုံးသည် ကိုယ်မင်းကိုယ့်ချင်း နေနိုင်ရေးသည်သာ အဓိကဖြစ်သည်။ ယင်းသို့ လွတ်လပ်ရေးအတွက် နှစ်ပေါင်းများစွာ တိုက်ခဲ့ကြရာ၌ တိုက်ပွဲတလျှောက်လုံးတွင် သတင်းစာဆရာများက ဦးဆောင်ခဲ့ပေသည်။
အင်္ဂလိပ်အစိုးရထံမှ မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိရေး တိုက်ပွဲကြီးတွင် မြန်မာသတင်းစာ များက ဦးဆောင်ပြီး တိုက်ခိုက်ကြရာ၌ ပထမဆုံးတိုက်ပွဲက ဖိနပ်မစီးရသော တိုက်ပွဲ ဖြစ်သည်။
မြန်မာမင်းများခေတ်က အင်္ဂလိပ်သံတမန်များအား ရှေ့တော်သို့ ၀င်ခွင့်ပေးသည့်အခါတွင် ဖိနပ်ချွတ် မှသာ ၀င်ရောက်ခစားခွင့် ပေးလေ့ရှိသည်။ သံအမတ်ကြီးအဆက်ဆက်တို့က မြန်မာမင်းများရှေ့သို့ ၀င်ရာ၌ ဖိနပ် စီးနင်းခွင့်ကို အကြိမ်ကြိမ်တောင်းဆိုကြသော်လည်း မြန်မာမင်းများက လိုက်လျောခြင်းမပြုခဲ့ပေ။ မြန်မာမင်းဆက် ကို ဖြုတ်ပြီးနောက် သူတို့အနိုင်ရသောအခါတွင်မူ နန်းတော်တွင်းသာမက ဘုရားကျောင်းကန်များတွင်ပါ အင်္ဂလိပ်တို့က ဖိနပ်စီးနင်းကာ ၀င်ရောက်ကြသဖြင့် မြန်မာများတို့ စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရသည်။
၁၉၁၇ ခုနှစ်တွင် ပဲခူးမြို့ ၌ ငလျင်လှုပ်သောအခါ ရွှေမော်ဓောစေတီတော်လည်း ငလျင်ဒဏ်သင့် ခဲ့လေသည်။ ထို့ကြောင့် အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်နှင့် ဇနီးတို့က သွားရောက်ကြည့်ရှုသော အခါတွင် စေတီတော်ရင်ပြင်ပေါ်၌ ဖိနပ်မချွတ်ခဲ့စေကာမူ ဘုရားလူကြီးများက ကြိုဆိုခဲ့ကြသည်။ ထိုအခင်းကို အခွင့်ကောင်းယူကာ မူလက မြန်မာများမကျေမနပ်ဖြစ်နေသော ဖိနပ်ကိစ္စကို သူရိယသတင်းစာက ဖော်ထုတ်ကာ တိုက်ပွဲဝင်ခဲ့လေသည်။ ဘုရင်ခံက ဘုရားပေါ်၌ ဖိနပ်စီးသည်ကို ဝေဖန်သရော်သော ရုပ်ပြောင်နှင့် ကဗျာကို သတင်းစာတွင် ဖော်ပြပြီး ပြစ်တင်ဝေဖန်လေသည်။ ကာတွန်းဆရာကြီး ရွှေတလေးက မျက်နှာဖြူဘုရင်ခံနှင့် ဘုရင်ခံကတော်ကို ဘုရားလူကြီးများက ကုန်းပေးပြီးကျောပိုးနေသည့်ပုံကို ရေးဆွဲထားကာ “သူတို့ ဖိနပ်မချွတ်လျှင် ဘုရားလူကြီးတွေ ကျောပိုးပါလား” ဟု လှောင်ပြောင်ထားလေသည်။ ရုပ်ပြောင်ကို “ဘကြီး မေတ္တာတုံးရဲ့ သစ္စာတုံး ဒီပနီတေးထပ်” ဟု ပြောင်မြောက်သော ကဗျာနှင့် သရုပ်ဖော်ပြန်ပါသေးသည်။
“ဖိနပ်ကို မစီးရငယ်လို့၊ နည်းကျကျဆွဲဆင်။
ကမ္ဗည်းသ အကဲတင်သည်၊ မရဲချင်လေကော။
နှစ်ပါးလုံး ဗိုလ်မောင်မယ်မှာ၊ ဟိုတောင်စွယ် ကုန်းမြင့်သာမော။
တကျွတ်ကျွတ် ဘွတ်ရွှတ်ဆင်သည်၊ မချွတ်ချင်ဟူသော။
ထွဋ်သခင် သူပြောတော့၊ ဂေါပကဖြစ်အင်။
ပုခုံးမှာ ကုန်းကာပို့မယ်ပ၊ ပြုံးပါလို့ ဦးချပန်ဆင်။
ကျွန်တော် (မျိုးကြီး) တို့ ကျောပြင်ကို၊ ဝေါယာဉ်လို ထင်မှတ်လို့။
သခင်မြတ် ကုန်းမြင့်သည်တောင်၊ ရုန်းပင့် ချီဆောင်၊
ဘိနပ်ချွတ်လှည့်နည်းပြောင်သည်၊ ၀ိနည်းရှောင် ကုန်းပုံတဲ့လေး။”
သူရိယသတင်းစာတွင် ထိုကဗျာနှင့် ကာတွန်းပါလာသောအခါတွင် အင်္ဂလိပ်ပုလိပ်မင်းကြီး မစ္စတာ ရှပ်တယ်လ်ဝပ်က အယ်ဒီတာ ဦးဘဘေနှင့် ဦးလှဘေတို့ကို ဆင့်ခေါ်ကာ “ဘုရင်ခံ၏ ဂုဏ်သရေကို ပျက်စေသော ကဗျာကို ဘာကြောင့် ပုံနှိပ်သနည်း” ဟု မေးတော့လေသည်။
ပုလိပ်မင်းကြီးက သူ၏ ရုံးစားပွဲတွင် ကုလားထိုင်နှင့် ထိုင်နေပြီး အယ်ဒီတာများကို ကုလားထိုင် မပေးဘဲ ကြမ်းပေါ်မှာ ခင်းထားသည့် သင်ဖြူးကို ညွှန်သည်ဆို၏။ ထိုအခါ အယ်ဒီတာများက ကြမ်းပေါ်သို့ဆင်းကာ မထိုင်ကြဘဲ မတ်တပ်ရပ်ပြီး ရှင်းပြောကြလေသည်။ “အင်္ဂလိပ်ဘုရင်ခံကို ရည်ရွယ်ရေးသည်မဟုတ်ပါ၊ ဂေါပက လူကြီးများကို ဝေဖန်သည်သာ ဖြစ်သည်။ ဂေါပကလူကြီးများ မကျေနပ်လျှင် အသရေပျက်မှုနှင့် တရားစွဲနိုင်သည်” ဟု ဖြေကြားသည်ကို ပုလိပ်မင်းကြီး အရေးမယူနိုင်ဘဲ လက်ပိုက်ကျန်ရစ်ရရှာတော့သည်။
သတင်း၏ ဂယက်မှာ ဆက်တိုက်ဖြစ်ပေါ်လာသည်။ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးက ဦးစီးကာ လူထုအစည်းအဝေးများ ကျင်းပပြီး ရွှေမော်ဓောကုန်းတော်ပေါ်တွင် ဖိနပ်စီးမှုကို ကန့်ကွက်ကြောင်း အဆိုများ ဆုံးဖြတ်ကာ တိုက်ပွဲဆင်ကြသည်။ လူထုဆန္ဒပြပွဲအစည်းအဝေးများ၏ သတင်းများကို သူရိယတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြကာ ၀ါဒဖြန့်ပေးသဖြင့် စည်းဝေးပွဲများ အမြို့မြို့တို့တွင် ဆက်တိုက်ကျင်းပကြတော့ သည်။ အစည်းအဝေးအကြိမ်ကြိမ် ကျင်းပတောင်းဆိုကြသဖြင့် အင်္ဂလိပ်အစိုးရက ဘုရားကျောင်းကန်များတွင် “ဖိနပ်မစီးရ” ဟု တရားဝင်ဆိုင်းဘုတ်များ ဆွဲချိတ်ကာ တားဆီးစေဟု လိုက်လျောခဲ့ရတော့သည်။
ယင်းတိုက်ပွဲသည် အင်္ဂလိပ်အစိုးရအပေါ် မြန်မာလူထုက ပထမဆုံး အနိုင်ရရှိလိုက်သည့် အောင်ပွဲ ဖြစ်၏။ ကာရန်တဆက်၊ စုတ်တချက်နှင့် တိုက်ခဲ့သော ထိုတိုက်ပွဲမှ စတင်ကာ သတင်းစာတို့၏ သြဇာနှင့် လူထုကြီး၏ အင်အားကြီးမားပုံကို မြန်မာများတို့ နားလည်သိရှိကာ ဆက်လက်တိုက်ခိုက်ကြရာမှ လွတ်လပ်ရေး တိုက်ပွဲများကို အစဉ်တဆက် ဆင်နွှဲဖြစ်ခဲ့ကြလေသည်။
လူမှုရေး၊ ဘာသာရေး၊ အခွင့်အရေးတောင်းဆိုချက်များမှာ နိုင်ငံရေးတောင်းဆိုချက်များဆီသို့ ပစ်မှတ်ပြောင်းခဲ့ကြလေသည်။ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးခွင့်ကို ပြည်သူတို့က တောင်းဆိုခဲ့ကြသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များ အုပ်စိုးခွင့်ကို တောင်းကြသည်။ အင်္ဂလိပ်တို့က ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်အုတ်မြစ်ချပေးစေကာမူ လူထုသို့ အာဏာလွှဲပေးရေးလုပ်ငန်းတွင် များစွာ နှေးကွေးလှသည်။ အင်္ဂလိပ်ဘုရင်ခံက အတိုင်ပင်ခံကောင်စီလူကြီး (၉)ဦးပါသော အဖွဲ့ကို ၁၈၉၂ ခုမှာ စတင်ဖွဲ့ခဲ့ရာ တွင် လူထုက ရွေးကောက်တင်မြှောက်ခြင်း မပြုရဘဲ အင်္ဂလိပ်၊ အိန္ဒိယနှင့် မြန်မာများမှ ခေါင်းခေါက်ပြီး ရွေးချယ် ခန့်ထားသည်။ ၁၉၁၅ ခုတွင် ယင်းအဖွဲ့ကို (၁၅)ဦးအထိ တိုးချဲ့ ခဲ့သည်။
ကောင်စီအဖွဲ့ဝင်များကို (၁၅) ဦးအထိ တိုးချဲ့ သည့်အခါ၌ (၁၃) ဦးတို့ကို ဘုရင်ခံက မိမိစိတ်ကြိုက် ခန့်ထားကာ အင်္ဂလိပ် (၂)ဦးကိုမူ ဥရောပကုန်သည်ကြီးများအသင်းက ရွေးချယ်စေဟု သီးခြားအခွင့်အရေးပေး သည်။ ပထမဦးဆုံးပေးသော ရွေးချယ်တင်မြှောက်ခွင့်ကို အင်္ဂလိပ်များကိုသာ ခွဲခြားပေးအပ်သော စနစ်မှ စတင်ပြီး သတင်းစာများက ဝေဖန်ရေးသားကြသဖြင့် မြန်မာများ ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ကို နိုင်ငံရေး အဖွဲ့အစည်းအဝေးများမှ တောင်းဆိုကြပြန်တော့သည်။
မျက်စိပွင့်လာသော မြန်မာလူထု၏ တောင်းဆိုချက်ကို အင်္ဂလိပ်တို့က တစတစ လိုက်လျောကြရ ပေသည်။ ၁၉၂၁ ခုနှစ်တွင် လူထုက ရွေးကောက်တင်မြှောက်သူ (၇၉) ဦးပါဝင်ပြီး အစိုးရခန့် (၂၄)ဦးပါဝင်သော ပါလီမန်စနစ်ကို ရရှိခဲ့လေသည်။ မြန်မာသတင်းစာများက မကျေနပ်နိုင်သေးဘဲ တင်းပြည့်ကျပ်ပြည့် ပါလီမန်စနစ်ကို တောင်းဆိုကြသည်။
ရွေးကောက်တင်မြှောက်သူ အမတ် (၁၃၂)ဦးကို အခြေခံသော ပါလီမန်ကို ၁၉၃၅ ခုနှစ်တွင် ရရှိခဲ့ လေသည်။ ဒီမိုကရေစီစနစ် ပီသစပြုလာသော ထိုအချိန်တွင် ရွေးကောက်ပွဲကျင်းပချိန်မှ စတင်ပြီးပါလီမန်အစည်း အဝေးများ၌ အစိုးရတင်မြှောက်ကြသည်အထိ ဝေဖန်ဆန်းစစ်ရသော ကြီးမားသော တာဝန်ရပ်များကို သတင်းစာ များက ထမ်းရွက်ခဲ့ကြသည်။
သတင်းစာတို့ ဆော်သြမှုကြောင့် လူထုကြီးက နိုင်ငံရေးကိစ္စသည် မိမိတို့အရေးကိစ္စဖြစ်သည် ဟု နားလည်လာကြ၏။ ၁၉၂၂ ခုနှစ်က အမတ် (၇၉)ဦး ကို ရွေးကောက်တင်မြှောက်ရစဉ်က မဲပေးခွင့်ရှိသူ (၆.၉၂) ရာခိုင်နှုန်းသာ မဲပေးခဲ့ရာမှ ၁၉၂၅ ခု၊ ရွေးကောက်ပွဲတွင်မူ မဲပေးခွင့်ရှိသူ (၁၆.၂၆) ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။
၁၉၃၇ ခုနှစ်၊ (၉၁)ဌာန အုပ်ချုပ်ရေးခေတ်တွင် အမတ် (၁၃၂)ဦးတို့ကို ရွေးကောက်စဉ်က (၅၀) ရာခိုင်နှုန်းသော မဲဆန္ဒရှင်များက မဲပေးကြသည်။
နိုင်ငံရေးဒီရေ အတက်ဆုံးမှာ တည်မြဲ-သန့်ရှင်းကွဲကြသော ၁၉၆၀ ခုနှစ်၊ ရွေးကောက်ပွဲဖြစ်၏။ ထိုရွေးပွဲတွင် (၅၉)ရာခိုင်နှုန်း မဲပေးခဲ့ကြလေရာ မြန်မာတို့သည် ဒီမိုကရေစီအခွင့်အရေးကို နားလည်သိရှိသုံးစွဲ သော နိုင်ငံသားများဖြစ်ကြသည်ကို သက်သေပြခဲ့သည်။ ထိုရွေးကောက်ပွဲ၌ စစ်တပ်က နိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်မှုရှိသည်ကို ထောက်ခံအားပေးသော တည်မြဲဖဆပလတို့ (၃၁)ရာခိုင်နှုန်းသာ အရွေးခံရပြီး စစ်တပ်က နိုင်ငံရေးလောကတွင်းသို့ ၀င်လာသည်ကို ဆန့်ကျင်သော သန့်ရှင်းဖဆပလတို့ အဖို့ (၅၂) ရာခိုင်နှုန်း အရွေးခံရကာ ကွန်မြူနစ်အနွယ် ပမညတတို့က (၅) ရာခိုင်နှုန်းသာ အရွေးခံရသည်ကို ထောက်ရှုပါက မြန်မာလူထုက အာဏာရှင်စနစ်ကို မည်သည့်အသွင်နှင့်မှ လက်မခံခဲ့ဘဲ ဆန့်ကျင်ခဲ့သည်မှာ သိသာ ထင်ရှားပေသည်။
နိုင်ငံရေးအဖွဲ့များ တည်ထောင်လှုပ်ရှားကြခြင်းမှ ပြည်သူ့လွှတ်တော်အစည်းအဝေး အဆိုများ၊ ဥပဒေများ စသည်ဖြင့် များမြောင်လှသော အရေးကိစ္စများကို သတင်းစာများက ဝေဖန်ရေးသားကြရာတွင် အင်္ဂလိပ်အစိုးရနှင့် ထိပ်တိုက်တွေ့ကြရသည်လည်း ရှိသည်။ ဒီမိုကရေစီအခွင့်အရေး ပေးသည်ဆိုစေကာမူ ကာကွယ်ရေး၊ နိုင်ငံခြားရေး စသည့် အရေးကြီးသော အမှုကိစ္စများကို ဘုရင်ခံ၏ လက်တွင်သာ ထိန်းသိမ်းထား သည်။ အင်္ဂလိပ်၏ ကျွန်နိုင်ငံတခုအဖြစ်ကိုမူ အင်္ဂလိပ်တို့က လက်လွှတ်ပေးရန် ဆန္ဒမရှိသောကြောင့် လွတ်လပ်ရေးကို ဦးတည်သော သတင်းစာများကို အင်္ဂလိပ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည်လည်း ရှိသည်။ သို့သော် ကျွန်ဘောင်ကြီးအတွင်းတွင် ရရှိခဲ့သော သတင်းစာလွတ်လပ်ခွင့်မှာ အတိုင်းအဆ ကြီးမားသည်။
ကျောင်းသားမဂ္ဂဇင်းတစောင်တွင် ဖော်ပြခဲ့သော ဆောင်းပါးတပုဒ်က ကြီးမားပြင်းထန်သည့် လူထုအုံကြွမှုကြီးကို ဖြစ်ပေါ်စေခဲ့သည်အထိ ကလောင်သွားထက်ခဲ့၏။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများက ထုတ်သော အိုးဝေမဂ္ဂဇင်းတွင် တက္ကသိုလ်အာဏာပိုင် များကို သရော်ထားသော “ငရဲခွေးကြီး လွတ်နေပြီ” အမည်ရှိသည့် ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့သည်။ ထိုစာမူ ရေးသားသူကို သိလိုပါသည်ဟု တက္ကသိုလ်ကျောင်းအုပ်ကြီးက သမဂ္ဂမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းအား တောင်းဆိုလေသည်။ ယင်းဆောင်းပါးကို ရေးသူမှာ ညိုမြအမည်ရှိ ကျောင်းသားရေးသည်ကို ကျောင်းအုပ်ကြီးနှင့် တကွ ကျောင်းသားအများက သိရှိပြီးဖြစ်သည်။ ထိုကြောင့် စာရေးဆရာကို မရေးသင့်၊ မရေးအပ်သော စာပေကို ရေးသဖြင့် အရေးယူအပြစ်ပေးရန်အတွက် တရားဝင် တောင်းဆိုခဲ့၏။ အယ်ဒီတာက စာနယ်ဇင်းတို့ ကျင့်ထုံးကို ထိန်းသိမ်းကာ ဆောင်းပါးရှင်ကျောင်းသား၏အမည်ကို ထုတ်ဖော်ပြောခြင်း မပြုနိုင်ဟု ငြင်းဆိုသည်။
တက္ကသိုလ်အာဏာပိုင်များက အယ်ဒီတာကိုအောင်ဆန်းကို ကျောင်းက ထုတ်လိုက်သည်။ ယင်းသို့ အရေးယူလိုက်စဉ်တွင် တက္ကသိုလ်အာဏာပိုင်များကို ဝေဖန်ပြစ်တင် ဟောပြောနေသူ သမဂ္ဂဥက္ကဋ္ဌ ကိုနုကိုပါ ကျောင်းထုတ်ပြန်သဖြင့် အထွေထွေကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာပြီး အလုပ်သမား၊ လယ်သမားသပိတ် များပါ ကူးစက်ခဲ့ကာ နိုင်ငံတခုလုံး လှုပ်ရှားခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံ အမည်နှင့် ပြည်လုံးကျွတ် ပါဝင်သော ကြီးမားသည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
သတင်းစာများ၊ မဂ္ဂဇင်းများ၏ သြဇာက ကြီးမားသဖြင့် လူထုလူတန်းစားတိုက်ပွဲများ အစဉ်အဆက် ဖြစ်ပေါ်စေခဲ့ပါသည်။ တဆူဆူ တပူပူ တိုက်ခိုက်နေကြချိန်တွင် ဒုတိယကမ္ဘာစစ်ကြီးမှ စစ်မီးကြီးသည် မြန်မာနိုင်ငံ သို့ ကူးစက်လာခဲ့လေတော့သည်။
ဤနေရာတွင် အင်္ဂလိပ်နယ်ချဲ့ ဗျူရိုကရက်များ၏ ဖြောင့်မှန်သော လုပ်ဆောင်ချက်များကို မှတ်တမ်းတင်သင့်ပေ၏။ ဆူပူမှုကြီးများ၏ စနက်တံဖြစ်သော ငရဲခွေးကြီးလွတ်နေပြီဟု အာဏာပိုင်ကျောင်းအုပ် ကြီးကို သရော်စာဆောင်းပါးရေးသူ ကိုညိုမြအား အင်္ဂလန်သို့ သတင်းစာပညာတော်သင် စေလွှတ်ခဲ့သည်။ ။

Monday, June 2, 2008

မြန်မာပြည်ကို မမေ့ပါ။

ဒီနေ့မနက် ၀ယ်နေကျ ရပ်ကွက်ကုန်စုံဆိုင်မှာ ဈေးဝယ်အပြီး ငွေရှင်းကောင်တာအရောက် အထူးအဆန်းတခု မြင်ရပါသည်။ ဘာတုံးဟ… ဆိုပြီး အနားကပ်ကြည့်လိုက်တော့ မြန်မာနိုင်ငံက နာဂစ်လေမုန်တိုင်းဒဏ် ခံရသူတွေအတွက် အလွယ်တကူ အလှူငွေထည့်နိုင်ဖို့ စီစဉ်ထားတာလေးကို သွားတွေ့ပါတယ်။ ဖြတ်ပိုင်းလေးတခုကို ဒိန်းနစ်ရှ်ကရောင်း ၅၀ သတ်မှတ်ထားပြီး လေဘေးဒုက္ခသည်တွေကို ကူညီချင်တယ်ဆိုရင် ကောင်တာမှာ ကိုယ်ဝယ်တဲ့ပစ္စည်းတွေနဲ့အတူ ငွေရှင်းသွားရုံပါပဲ။ ဖြတ်ပိုင်းလေးမှာတော့ “ကူညီသည့်အတွက် ကျေးဇူးတင်ပါသည်။ သင့်အလှူငွေ ကရောင်း ၅၀ (ယူအက်စ် ၁၀ ဒေါ်လာ) သည် ဒုက္ခသည်များအတွက် အစားအစာ၊ သောက်ရေသန့်၊ ဆေးဝါး၊ မိုးကာဖျင်နှင့် အခင်းများ အတွက် ဖြစ်ပါသည်” ဟု ရေးထားပါသည်။ ဒိန်းမတ်နိုင်ငံသားများသည် ဒီမိုကရေစီနှင့် အမှန်တရားကို မြတ်နိုးပြီး ပြည်သူကို ဖိနှိပ်အုပ်ချုပ်သည့် အာဏာရှင်အစိုးရများကို မလိုလားကြပါ။ သူတို့သည်လွတ်လပ်သော မီဒီယာများကြောင့် ကမ္ဘာ့အရေးအခင်းများကို အချိန်နှင့်အမျှ သိရှိနေကြပြီး ဒုက္ခရောက်သူများကို ကူညီရန်လည်း အသင့်ရှိနေ ကြပါသည်။ ။

SuperBrugsen