Showing posts with label ဘီလူးတို့ရွာ (၆). Show all posts
Showing posts with label ဘီလူးတို့ရွာ (၆). Show all posts

Friday, November 19, 2010

နိဂုံး (ဘီလူးတို့ရွာ - ကြေးမုံဦးသောင်း)

တင်မောင်၏ စာအုပ် ပြီးသွားပြီဖြစ်လေရာ နိဂုံးချုပ်အဖြစ် အဘယ်ကြောင့် ဤစာအုပ်ကို ရေးရသနည်းကို ရှင်းလင်းတင်ပြလိုပါသည်။
ပထမအချက်မှာ တင်မောင်သည် စစ်တပ်ဆန့်ကျင်ရေးသမားတဦးမဟုတ်ပါ။ နိုင်ငံ၏ လွတ်လပ်ရေးကို တိုက်ခိုက်ချိန်လည်းကောင်း၊ နိုင်ငံသစ်ကို တည်ထောင်ရာတွင်လည်းကောင်း ဗမာ့တပ်မတော်သည် ကျနော်နှင့် ဖွားဘက်တော်များ ဖြစ်ကြပါသည်။ တင်မောင်၏ နိုင်ငံရေးဆရာသာမက သူငယ်ချင်းများ ဆွေမျိုးများတို့သည် တပ်မတော်အတွင်းတွင် ပါရှိကြပါသည်။ တပ်မတော်ကို ချစ်သူဖြစ်သဖြင့် လူထုအကျိုးကို ထမ်းရွက်သော ပြည်သူချစ် တပ်မတော် ဖြစ်မြောက်ရေးကို လိုလားသူဖြစ်သည်။
(၄၃) သန်းသော လူထုကြီးတွင် ပါဝင်သော လူတဦးအနေနှင့် အားနွဲ့သေးငယ်သော သာမန်နိုင်ငံသားတဦးဖြစ်သူ တင်မောင်အဖို့ ဦးနေ၀င်းနှင့် သူ၏လက်ကိုင်တုတ်စစ်တပ်ကြီးကို ထိပ်တိုက်တွေ့မိသောကြောင့် မိသားစုပါ ဘ၀တခုလုံး ပျက်သွားကာ နေထိုင်ရန် မြေ၊ မှီတင်းရန် နိုင်ငံပင်မရှိတော့သည့် နိုင်ငံရေးဒုက္ခသည်တဦး ဖြစ်စေကာမူ ဦးနေ၀င်းကိုလည်းကောင်း၊ တပ်မတော်ကိုလည်းကောင်း၊ စိတ်ဆိုးခြင်း၊ ဒေါသသိုခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စိတ်ထားများ စိုးစိမှ မရှိပါ။ ကမ္ဘာသူ၊ ကမ္ဘာသားတို့အဖို့ ပုလိပ်ရောဂါ၊ ကျောက်ရောဂါ၊ ကင်ဆာရောဂါ စသည်တို့က ဖိစီးနှိပ်စက်သတ်ဖြတ်ခြင်းကို ခံကြရရာတွင် ထိုရောဂါများကို မုန်းတီးနေခြင်းဖြင့် အကျိုးမရှိပါ။ ရောဂါကာကွယ်ရေး၊ ကုသရေး၊ အောင်နိုင်ရေးကိုသာ အားထုတ်နေခဲ့ကြသကဲ့သို့ တပ်မတော်ပြုပြင်ရေးကိုသာ အားထုတ်လိုပါသည်။
“ခိုက်ကြုံဝိဘက်၊ သံသာဆက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို” ဟု အနန္ဒသူရိယ အမတ်ကြီး ရေးသားသကဲ့သို့ ရန်မတုံ့လိုပါ။ အကယ်၍ ဦးနေ၀င်းတယောက် တင်မောင်ရှိရာဒေသသို့ ဒုက္ခနှင့် ပြေးလာရသောအဖြစ်နှင့် ကြုံပါက ကယ်တင်ကူညီမည့်သူမှာ တင်မောင်ပင် ဖြစ်ပါသည်။ ဦးနေ၀င်းနှင့် သူ၏ စစ်တပ်ကို မုန်းတီးမှုမရှိခဲ့ဖူးသောကြောင့် တပ်မတော်ပြုပြင်သင့်သည်များကို ပြုပြင်ရန် အကြံပေးချက်များကို တပ်မတော်အကြီးအကဲများထံသို့ အတွင်းစာများ ပေးပို့လေ့ရှိသည်ကို သူတို့သိကြပါသည်။
တပ်မတော်ပြုပြင်ရေးအတွက် တပ်မတော်၏ အပြစ်အနာများကို ဝေဖန်ရေးသားသည်ဖြစ်ပါသည်။ ဦးနေ၀င်းနှင့် သူ၏တပ်မတော်က ကျူးလွန်သော ရာဇ၀တ်မှုကြီးများသည် ကြီးမားများပြားလွန်းပါသည်။ သူတို့ ကျင့်ကြံသော ရာဇ၀တ်မှုကြီးများသည် ကမ္ဘာ့သမိုင်းတွင် မကြားစဖူး၊ မကြုံစဖူး၊ ယုံကြည်ဖွယ်မရှိသလောက် ထူးခြား၊ ဆိုးရွား၊ ဆန်းပြားလှပါသည်။ ထိုသို့ ရက်စက်မှု ကမ်းကုန်အောင် နှိပ်စက်ခဲ့သော အမှုမျိုးများ ထပ်မံမပေါ်စေရန် နောင်လာနောက်သားတို့အတွက် မှတ်တမ်းတင်သင့်သဖြင့် ဤစာအုပ်ကို ရေးသားသည်သာ ဖြစ်ပါသည်။
တင်မောင်ထွက်ခွာပြီးသည့် နောက်ပိုင်းဖြစ်ရပ်များကို စာဖတ်သူများ ကောင်းစွာ သိရှိကြပါသည်။ ကျမ်းလေးမည် စိုးသဖြင့် အထူးအကျယ်ရေးသားရန် မလိုပါ။
အာဏာစက်သည် ကိုင်စွဲသူတို့ကို ပျက်စီးစေပါသည်။ အာဏာရှင်တစုက မိမိတို့သာ အာဏာကို အမြဲအစဉ် ထိန်းသိမ်းဆုပ်ကိုင်ထားနိုင်ရေးအတွက် တပ်မတော်၏ စစ်အင်အား၊ လက်နက်အင်အားတို့ကို လိုအပ်သည်ထက် ပိုမိုတိုးချဲ့သည့် စရိတ်စက ကြီးမားခြင်းနှင့် စစ်ဗိုလ်ချုပ်ကြီးတစု၏ အမြတ်ကြီးစား လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ဖြင့် ခိုးဝှက်လုယက်နေသောကြောင့် နိုင်ငံတခုလုံး စီးပွားပျက်ကပ်ကြီး ဆိုက်နေပါသည်။ မီးလောင်သစ်တုံးကဲ့သို့ ပြာပူအုံးပြီး တရွေ့ရွေ့တိုတောင်းနေလေရာ နိုင်ငံကြီးပျက်စီးကာ လူမျိုးခြားတို့၏ ကျွန်နိုင်ငံအဖြစ်သို့ သက်ရောက်နိုင်သည့်တိုင် အခြေအနေဆိုးရွားနေပါသည်။
ပြည်သူတို့ မည်ရွေ့မည်မျှ နစ်နာဆင်းရဲ ကျပ်တည်းငတ်မွတ်နေစေကာမူ လူထုကြီး၏ ဝေဒနာကို လျစ်လျူရှုကာ မိမိတို့အာဏာရရှိရေး ရည်ရွယ်ချက်တခုသာ ရှိသော စစ်ဝါဒီအုပ်စုတို့က အာဏာလွှဲမပေးလိုသဖြင့် ပြည်သူတို့အား ဖိနှိပ်နေရာတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို လုံးဝပိတ်ပင်ထားပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် အများသဘောတူ ဟူသော စကားလုံးကိုပင် သုံးခွင့်မရှိတော့ပါ။ သတင်းစာများအဖို့ ရေလျှံခြင်း၊ ငလျင်လှုပ်ခြင်း၊ သဘာဝ သတင်းများပင် ရေးသားခွင့်မရှိတော့ပါ။ သူတို့လက်မှ လွတ်မြောက်ရေးမှာ လူထုကြီးတရပ်လုံး အားထုတ်မှသာ ဖြစ်မြောက်နိုင်မည်ဖြစ်ပါသည်။
၁၉၆၂ ခုနှစ်က တော်လှန်ရေးအစိုးရဟု ကြေညာကာ လက်နက်နှင့် အာဏာသိမ်းချိန်မှ စတင်ကာ စစ်ဝါဒီကြီး ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာကို ပြန်လည်ပေးရန် စိုးစိမျှ ရည်မှန်းချက်မရှိပါ။ စစ်ဝါဒနှင့် အုပ်ချုပ်ကာ စစ်ဗိုလ်များသာ နိုင်ငံတော်၏ ဓနစွမ်းအားမှန်သမျှကို ခံစားစေမည်။ အကြီးအကဲဖြစ်သော မိမိ၏ မိသားစုက နိုင်ငံ၏ သယံဇာတပစ္စည်းမှန်သမျှနှင့် အရပ်သားလူထုကြီး၏ ကုန်ထုတ်စွမ်းအားမှန်သမျှကို အလိုရှိသလို စားသုံးခံစားခွင့် ရှိသည်ဟု ယုံကြည်လုယက်နေသည် ဖြစ်ပါသည်။
ယင်းသို့ လုယက်သည်ကို ပြည်သူတို့က ကြည်ဖြူနိုင်သည်မဟုတ်သည်ကို ရှေးမဆွကပင် သိရှိသူဖြစ်သဖြင့် ဦးနေ၀င်းသည် အာဏာမသိမ်းမီကပင် စစ်အင်အားကို တိုးချဲ့ခဲ့ပါသည်။ ဂျာမနီနိုင်ငံမှ ဂျီ (၃) သေနတ်များ စသည့် လက်နက်များနှင့် မြို့တွင်း၊ ရပ်ကွက်တွင်း ဆူပူသူများကို နှိမ်နင်းရန် အသေးစားသံချပ်ကာကားများ၊ စစ်သားတင်ယာဉ်များ စသည်တို့ကို ၀ယ်ယူကာ စစ်အင်အားကို ဖြည့်တင်းပြီးမှ အာဏာသိမ်းသည် ဖြစ်ပါ၏။
စစ်တပ်က သိမ်းယူထားသော အာဏာကို လက်နက်နှင့် ထိန်းသိမ်းထားရုံသာမက တဘက်ကလည်း ၀ါဒဖြန့် ကိရိယာများနှင့် ထိန်းထားပါသေးသည်။ သတင်းဆက်သွယ်မှု လွယ်ကူသော ဤခေတ်ကြီးတွင် စာနယ်ဇင်း၊ ရေဒီယို ၀ါဒဖြန့်ယန္တရားကောင်းများကို သုံးပိုင်ခွင့်ရှိသော အာဏာရှင်စနစ်တို့သည် သက်ဆိုးရှည်လေ့ရှိပါသည်။ ထိုအချက်ကို သိရှိသူ ဦးနေ၀င်းက ၀ါဒဖြန့်ဆောင်ပုဒ်များနှင့် လူထုမကျေနပ်မှုများကို ဟန့်တားနိုင်ခဲ့ပါသည်။
အာဏာလုပြီး (၄) နှစ် ကြာသောအခါတွင် နိုင်ငံတော်၏ အာဏာကို မူလပိုင်ရှင် ပြည်သူလူထုကြီး၏ လက်သို့ ပြန်လည်အပ်နှင်းခဲ့ပါမည်ဟု ဗိုလ်ချုပ်နေ၀င်းက ၁၉၆၆ ခုနှစ် ကျိက္ကဆံကွင်း လယ်သမားညှိနှိုင်းပွဲတွင် စတင်ပြောကာ လိမ်လည်မုသားနှင့် လူထုကို မျက်စိလှည့်စားခဲ့ပါသည်။
အခြေခံဖွဲ့စည်းပုံဥပဒေသစ် ရေးသားပြီး ရွေးကောက်ပွဲကျင်းပ၍ လွှတ်တော်သစ် ဖွဲ့စည်းသည်မှာလည်း လိမ်လည် မျက်လှည့်များသာ ဖြစ်ပါသည်။ ဇာတ်ပေါင်းသောအခါတွင် စစ်ဝတ်စုံဝတ်ထားသူ ဗိုလ်ချုပ်ကြီးနေ၀င်းက သူ၏လက်မှ အာဏာကို တောင်ရှည်ပုဆိုးဆင်ထားသော အရပ်သားကြီး ဦးနေ၀င်းအဖြစ် ပြောင်းလဲယူငင်ထားသည်သာ ဖြစ်ပါသည်။
နိုင်ငံ၏ ဓနများကို မတရားခိုးဝှက်လွန်းသဖြင့် ပြည်သူအလုံးတို့က အုံကြွဆူပူကြသောအခါ ၀ယ်ယူသိုမှီးထားသော ဂျီ (၃) သေနတ်များနှင့်ပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်အစိုးရသစ်အသွင် အာဏာကို လုယူခဲ့ပြန်ပါသည်။ အမည်သစ်များနှင့် တက်လာသော စစ်အစိုးရများက အမျိုးသားညီလာခံကြီး ကျင်းပကာ ဖွဲ့စည်းပုံဥပဒေသစ် ရေးသားပြီး ပါတီစုံဒီမိုကရေစီနိုင်ငံ တည်ထောင်မည်ဟု အော်ဟစ်နေသည်မှာလည်း လိမ်လည်နေသော မုသားများသာ ဖြစ်ပါသည်။ စစ်ဗိုလ်တစုက ရယူထားသော အာဏာကို မည်သည့်အရပ်သား ကိုမှ လွှဲပြောင်းမည်မဟုတ်ပါ။ ပြည်ပဖိအားပေးမှုကို ကာကွယ်ရန်အတွက် မုသားအမျိုးမျိုး ပြောနေမည်သာ ဖြစ်ပါသည်။
စစ်အာဏာရှင်တစုတို့က တပ်မတော်ကြီးကို လက်ကိုင်တုတ်ပြုလုပ်ရန် ရည်ရွယ်ချက်နှင့် တပ်မတော်သည် နိုင်ငံ၏ လွတ်လပ်ရေးကို တိုက်ပေးသော ကျေးဇူးရှင်ဖြစ်သဖြင့် လွတ်လပ်ရေးတည်မြဲရန်အတွက် တပ်မတော်သာ တာဝန်ရှိသည်ဟု ၀ါဒဖြန့်သည်မှာလည်း မုသားသာ ဖြစ်ပါသည်။ တပ်မတော်သည် လွတ်လပ်ရေးတိုက်ပွဲတွင် နောက်တန်းမှ ပါလာသော အဖွဲ့အစည်းအငယ်စားတခုသာ ဖြစ်ပါသည်။
နောက်ဆုံး နိဂုံးအဖြစ် စာဖတ်သူ၏ စာဖတ်ပရိသတ်ကြီးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွင်လန်းကြပါစေဟု မေတ္တာပို့ကာ ဆုမွန်ကောင်းတောင်းလိုသော်လည်း မပြုနိုင်ပါ။ အဘယ်ကြောင့်ဟူမူ မြန်မာပြည်သူတို့အဖို့ စစ်ဝါဒီ သွေးစုပ်တစုကို ဖယ်ရှားခြင်းမပြုနိုင်သမျှ ကာလပတ်လုံး လူထုကြီးအဖို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း တို့ကို ရရှိနိုင်မည် မဟုတ်လေသောကြောင့် ဖြစ်ပါသည်။
မြန်မာ့စစ်အင်အား လေးသန်းကျော်ရှိစေကာမူ တပ်မတော်ကြီးတခုလုံးသည် လူထုကြီး၏ အသွေးအသားကို စုပ်မျိုလိုသော စစ်ဝါဒီများမဟုတ်ကြပါ။ တပ်မတော်မိသားစုများနှင့် ဆွေမျိုးများတို့သည်လည်း စစ်ဝါဒီတို့ သွေးစုပ်မှုကြောင့် ဆင်းရဲတွင်း နစ်နေကြပါသည်။ မြန်မာနိုင်ငံတ၀ှမ်း တန်ခိုးကြီးဘုရားများတွင် ချိပ်ဆွဲထားသော ဓာတ်ပုံကြီး (၅) ခုမှ စစ်ခေါင်းဆောင်ကြီး (၅) ဦးနှင့် လက်ဝေခံ စစ်တပ်စီးပွားရေးလုပ်ငန်းများ ပိုင်ရှင်တစုတို့ကိုသာ ဖယ်ရှားရန်လိုပါသည်။ သူတို့ကို ဖယ်ရှားရန်အတွက် ပြည်ပနိုင်ငံကြီးငယ်များတို့ကို မျှော်လင့်အားထားနေသည်မှာ အကျိုးမရှိပါ။ မည်သူကမှ၊ မည်သည့်နိုင်ငံကမှ မြန်မာပြည်အတွက် သွေးနှင့်ချွေးကို အသုံးပြုကာ တိုက်ခိုက်ပေးမည် မဟုတ်ပါ။ သူတို့ကို ဖယ်ရှားရန်မှာ ပြည်တွင်းရှိ မြန်မာတိုင်းရင်းသားတို့သာ တတ်စွမ်းနိုင်ပါသည်။ ပြည်သူတို့က အားမထုတ်လျှင် ပြည်သူတို့သာ ခံကြရမည် ဖြစ်ပါသည်။
ထို့ကြောင့် တပ်မတော်သားများနှင့် ပြည်သူလူထုကြီးတို့က သွေးစုပ် စစ်ဝါဒီတစုကို ဖယ်ရှားနိုင်ကာ စိတ္တသုခ၊ ကာယသုခနှင့် ပြည့်စုံကြပါစေဟု မေတ္တာပို့ ဆုတောင်း နေပါကြောင်း။ ။

ဦးသောင်း

Friday, November 12, 2010

(၅၈) ပြုချင်ရာပြုနိုင်သော ဦးနေ၀င်း၏ ဒေါသ

ပြည်မှ မထွက်မီတွင် အစိုးရက ပြည်သူပိုင်သိမ်းပိုက်ထားသော ကြေးမုံသတင်းစာ လျော်ကြေးရရှိရေးကို ကြိုးစားခဲ့ပါသည်။ ဗိုလ်ချုပ်စန်းယုကိုပင် ပန်ကြားရာက အမြန်ပေးချေရန် အမိန့်ထုတ်ပေးသဖြင့် ကြေးမုံသာမက အခြားသတင်းစာများပါ လျော်ကြေးရပါသည်။
ကုန်စုံဆိုင်မှ စတင်ကာ ကျောင်းများအထိ လုပ်ငန်းပေါင်းထောင်သောင်းကို ပြည်သူပိုင်ပြုခဲ့ရာတွင် နိုင်ငံခြားပိုင်ရှင်ကြီးများမှ တပါး နိုင်ငံသားများကို လျော်ကြေးမပေးခဲ့ပါ။ သို့သော် ဒေါ်ခင်မေသန်းနှင့် ဆွေမျိုးတော်သူ မြန်မာလုပ်ငန်းရှင်တဦးမူ နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးခဲ့ပါ၏။ ကုဋေများစွာတန်သော မြန်မာနိုင်ငံသားများပိုင်သော လုပ်ငန်းများကို ပြည်သူပိုင်ပြုရာတွင် ၄၀ ရာခိုင်နှုန်းမှာ ပြည်သူပိုင်ပြုစဉ်က တာဝန်ယူသော စစ်ဗိုလ်များ၏ အိတ်များအတွင်းသို့ ရောက်သွားပြီး (၂၀) ရာခိုင်နှုန်းမှာ လေလွင့်ပျောက်ပျက်ကာ အစိုးရ၏ ဘဏ္ဍာတိုက်သို့ (၄၀) ရာနှုန်းခန့် ရောက်ရှိလေမည်ဟု အများက ခန့်မှန်းကြသည်။ စာရင်းအင်းများ မရှိတော့ပါ။
မြန်မာနိုင်ငံတွင် ၁၈၈၆ ခုနှစ်က အခြေစိုက်သော ဘီအိုစီ ရေနံကုမ္ပဏီကို ပြည်သူပိုင်ပြုရာ၌ ပေါင်စတာလင် (၆၂) သန်းခွဲ လျော်ကြေးပေးခဲ့ပါသည်။ ယင်းလုပ်ငန်း၏ အစုရှယ်ယာ (၃၃.၃၃) ရာနှုန်းကို ၁၉၅၄ ခု၊ ဒီမိုကရေစီ အစိုးရခေတ်က ၀ယ်ယူထားပြီး ဖြစ်ပါသည်။ နိုင်ငံခြားသုံးငွေရှားပါးချိန်တွင် ထိုရွေ့ထိုမျှ အလုံးအခဲနှင့် ပေးသည်မှာ ဘီအိုစီကုမ္ပဏီအရာရှိကြီးများနှင့် ဦးနေ၀င်းနှင့် ခင်မင်ခြင်း၊ ဦးနေ၀င်းက ဘိလပ်သို့ မကြာခဏ သွားရောက်အပန်းဖြေသဖြင့် အားနာခြင်း၊ မျက်နှာပူခြင်းတို့ကြောင့် ပေးသည်ဟု ဆိုပါ၏။ ဘီအိုစီသို့ ဆောလျင်စွာ လျော်ကြေးပေးသည်မှာ ဦးနေ၀င်းကို ကော်မရှင်ပွဲခပေးသဖြင့်လည်း ဖြစ်နိုင်ပါသည်။
ကြေးမုံသတင်းစာလုပ်ငန်းကို တင်မောင်က အစုရှယ်ယာ (၆၀) ရာနှုန်း ပိုင်ပါသည်။ တည်ထောင်စက ဦးပွင့်ကောင်းက လိုလေသမျှ ငွေစိုက်ခဲ့ပါသည်။ ဒေါက်တာအေးမောင်က အစုဝယ်ရန် စီစဉ်ပြီးမှ သူနှင့် တွဲဖက် ၀တ်လုံ မွန်စံလှိုင်အား လွှဲပေးပါသည်။ ကျန်အစုရှင်များမှာ ကျနော်၏ ဆွေမျိုးမျာသာ ဖြစ်ပါသည်။ ဆရာဇ၀န၊ အယ်ဒီတာ ကိုခင်မောင်ရီနှင့် မန်နေဂျာ ဦးသော်တို့ကို အစုငွေမ၀ယ်နိုင်စေကာမူ စေတနာ အစုများပေးကာ ပိုင်ဆိုင်စေပါသည်။ ကြေးမုံသည် ရောင်းမလောက်ဖြစ်သောကြောင့် ထွက်ပြီးတနှစ်အကြာတွင် အစုရှင်တို့ အသီးအပွင့်များ ခံစားကြရပါသည်။
စတင်ထွက်စဉ်က ခေတ်မီစက်သစ်ကြီးများနှင့် ရိုက်နှိပ်မည်ဟု ကြေညာခဲ့သော်လည်း စက်သစ်ဟု ဆိုသည်မှာ မှန်ကန်သည် ဆိုစေကာမူ သတင်းစာရိုက်သော စက်များမဟုတ်ကြပါ။ စာအုပ်စာမျက်နှာရိုက်သော စက်သစ်သာ ဖြစ်ပါ၏။ ဦးဟန်ရှိန်နှင့်သားများ ကုမ္ပဏီက ၀ယ်ပါသည်။ နိုင်ငံတော်အစိုးရက ပြည်နယ်များ ဖွံ့ဖြိုးရေးအတွက် သွင်းကုန်လိုင်စင်များကို ပြည်နယ်များသို့ ထုတ်ပေးရာ ကယားပြည်နယ်ဖွံ့ဖြိုးစေရန် တင်သွင်းသော ပုံနှိပ်စက်များကို ပြည်နယ်ဝန်ကြီး စပ်ဝဏ္ဏက မှောင်ခိုရောင်းသော စက်များဖြစ်ပါသည်။
ကယားပြည်နယ်အစိုးရက အသုံးပြုရန်ပေးသော ဂျစ်ကားအသစ်စက်စက်များကိုလည်း မှောင်ခိုရောင်းသဖြင့် သတင်းစာသုံးရန် နှစ်စီးဝယ်လိုက်ရပါသည်။ ထိုအချိန်က ပြည်နယ်ခေါင်းဆောင်အများတို့သည် ပြည်နယ်ဖွံ့ဖြိုးရေး အတွက်ရရှိသော နိုင်ငံခြားကုန်စည်တင်သွင်းခွင့် လိုင်စင်များကို ပြည်နယ်လူထုအတွက် အသုံးမပြုဘဲ မှောင်ခိုရောင်းစားလေ့ရှိပါသည်။ ထိုမှောင်ခိုကုန်များကို ၀ယ်ယူပါက ပြည်နယ်များကမှ လူထုတို့ တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်လေမည်လောဟု တွေးတောမိကာ မ၀ယ်ဘဲ ဆိုင်းငံ့နေခဲ့ပါသေးသည်။ “ခင်ဗျားမ၀ယ်လို့ ကြားပွဲစားတဦးကို ရောင်းလိုက်ပြီ။ အခုမှ လိုချင်လျှင် ငါးရာခိုင်နှုန်းအမြတ်ပေးရမယ်” ဟု စက်ရောင်းသူ ကြားပွဲစားက ပြောပါသည်။ စေတနာအတွက် ဆိုင်းငံ့မိသောကြောင့် ဈေးပိုပေးခဲ့ရပါသေးသည်။
သတင်းစာထွက်ပြီး တနှစ်မရှိမီကပင် စက်အားလိုလာပါ၏။ စာအုပ်ရိုက်သော စက်ကလေးများနှင့် ပုံနှိပ်ရန် မလုံလောက်တော့ပါ။ ထိုအချိန်တွင် သတင်းစာတန်ခိုး ကြီးလာပြီဖြစ်သဖြင့် ၀န်ကြီးဦးကျော်ငြိမ်းက ကူပါသည်။ ပြန်ကြားရေးဝန်ကြီး သခင်ချစ်မောင်က အင်္ဂလိပ်သံရုံးသို့ ထောက်ခံချက်ပေးသဖြင့် John Dickson Co. အင်္ဂလိပ် ကုမ္ပဏီက လိပ်လည်စက်ကြီးတခုကို အကြွေးပေးပါသည်။ မလုံလောက်သေးပါ။
ကြေးမုံ၏ စောင်ရေမှာ များစွာတိုးတက်နေသဖြင့် စက်သစ်ဝယ်ရန် လိုအပ်နေပြန်ပါသည်။ လိပ်လည်စက်နှင့် မနိုင်တော့ပါ။ ဗမာ့ခေတ်တွင် ရှိစဉ်က နိုင်ငံကြီးများတွင် အသုံးပြုသော Rotary ပတ်လည်စက်ကြီးများကို တပ်ဆင်စဉ်က အခက်တွေ့သဖြင့် မသုံးရဲ ဖြစ်နေပါသည်။
နှစ်လတိုင်တိုင် တပ်ဆင်ရသော ထိုစက်ကြီးများကို ဗမာ့ခေတ်တွင် စမ်းသပ်ပုံနှိပ်စဉ်က အသင့်အတင့် ကောင်းမွန်သော သတင်းစာထွက်ခဲ့ပါသည်။ သို့သော် သတင်းစာထုတ်မည့်နေ့ညသို့ ရောက်သည့်အခါတွင် ပုံနှိပ်မရတော့ပါ။ စက်သစ်နှင့်ထွက်ရန် ကြေညာပြီး စောင်ရေများ ပိုမိုလက်ခံထားပါသည်။ မထွက်မီ တနေ့တညလုံး ပြင်ဆင်သော်လည်း မည်းနက်ညစ်ပေသော သတင်းစာသာ ထွက်လာပါသည်။ ဇွဲနပဲကြီးမားသူ ဦးအုန်းခင်ပင် နံနက် (၄) နာရီ ထိုးသောအခါ “မင်းလုပ်ချင်သလိုလုပ်တော့” ဟု ဆိုကာ ထွက်သွားပါသည်။ ဖြစ်နိုင်သောနည်းနှင့် ရိုက်နှိပ်ရသဖြင့် ပွဲဦးထွက်သတင်းစာကို မလှမပ ထုတ်ခဲ့ရပါ၏။
စက်သဘောမှာ ခဲစာလုံးများ စာစီပြီးဖွဲ့ထားသော ခဲစာလုံးစာမျက်နှာကို စက္ကူပလတ်စတစ်ပြားပေါ်သို့ ပုံစံကူးရပါသည်။ ထိုမှ ခဲရည်လောင်းကာ ရရှိသော စာမျက်နှာပြားကြီးကို စက်သို့တင်ကာ ရိုက်ရပါသည်။ လေးလံသော ဖိတုံးကြီးနှင့် ဖိနှိပ်ကာ ပုံစံကူးလေတိုင်း မလှမပထွက်နေပါသည်။ နောက်ဆုံးတွင် ခဲစာလုံးများ ထွင်းထုသော စက်တွင်ခဲသားများ မာကျောစေရန် ထည့်ရသော သတ္တုတမျိုးကို စက်ဆရာတဦးက ခိုးကာ ရောင်းစားနေသောကြောင့် ဖြစ်သည်ကို သိရှိရသောအခါ တင်မောင်များစွာ စိတ်ဆိုးမိပါသည်။ သူတပါးထိနာစေရန် တသက်ပတ်လုံးမပြုခဲ့ပါလျက် စိတ်ကို မထိန်းနိုင်ဘဲ “ဒီကောင်ကို ထောင်ချမည်” ဟု အော်ဟစ်ကာ ရဲဌာနသို့ ခိုးမှုနှင့် တိုင်တန်းမိပါ၏။ ဦးအုန်းခင်က ဖြေသိမ့်ပါသည်။ “တို့ညံ့လို့ ခံရတာပါကွာ။ မလုပ်ပါနှင့်” ဟု သူကဆိုကာ အမှုကို ရုပ်သိမ်းစေပါသည်။
၁၉၆၂ ခုနှစ်တွင် ကြေးမုံအတွက် စက်ဝယ်ရန် လိုင်စင်လျှောက်ရာ ၀န်ကြီးဦးရာရှစ်က မေးမြန်းမှုပင် မပြုဘဲ လိုင်စင်ကျပ်တသန်းဖိုး ချပေးရှာပါသည်။ လိုင်စင်ရခိုက် တော်လှန်ရေးအစိုးရတက်လာသဖြင့် ပြည်သူပိုင်ပြုမည့် ဘေးရန်ကို မြင်ကြသော အစုရှင်များက လိုင်စင်ကို ရောင်းစားရန် စိတ်ကူးကြပါသည်။ တင်မောင်က လန်ဒန်မြို့တွင် သတင်းစာတစောင် Offset စက်သစ်စနစ်နှင့် ရိုက်နှိပ်သည်ကို မြင်ခဲ့ရသဖြင့် ထိုစက်ကို ၀ယ်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ကာ အမေရိကန်သို့ ထွက်ခဲ့ပါသည်။
ဤတချီတွင် မိမိကိုယ်တိုင် စက်ထုတ်လုပ်သော စက်ရုံကြီးနှင့် စက်ကိုသုံးနေသော သတင်းစာများသို့ သွားရောက်သင်ကြားပြီးမှ ၀ယ်ခဲ့ပါသည်။ အခက်အခဲတွေ့ပါသေးသည်။ တင်မောင်က စက်ကိုသာ သင်ကြားခဲ့ပြီး ပုံနှိပ်ရန် ခဲပြားဓာတ်ပုံရိုက်သော နည်းကို မသင်ခဲ့မိသောကြောင့် ပုံနှိပ်၍မရဘဲ ဒုက္ခရောက်ပါသေးသည်။ ရန်ကုန်တွင် အတော်ဆုံးစက်ဆရာ ကိုပိုက်ကြီးဆိုသူကို ပုံနှိပ်လောကတခုလုံးက အားကိုးကြရပါသည်။ သူနှင့် အယ်ဒီတာ ဦးဝင်းတင်တို့ အားထုတ်မှ လှပသော သတင်းစာထွက်လာပါသည်။ ကြေးမုံသည် အာရှတွင် ပထမဆုံးသော Offset ပုံနှိပ်စက် သတင်းစာဖြစ်ခဲ့ပါသည်။
ကြေးမုံသတင်းစာကို ပြည်သူပိုင်ပြုစဉ်က တိုက်ရော၊ မြေရော၊ စက်နှင့် ကားများပါ တန်ဖိုးမှာ ထိုစဉ်က ငွေကျပ်တသန်းခန့် တန်ရှိပါသည်။ လျော်ကြေးအဖွဲ့က ကျပ် (၄၀၀၀၀၀) လေးသိန်းတန်သည်ဟု ဆုံးဖြတ်ပြီး အစိုးရက ရရန် အခွန်တော် ကျပ် (၂၀၀၀၀၀) နှစ်သိန်းရရန် ရှိသည်ဆိုကာ ကျပ်နှစ်သိန်းတန် ဒီဘင်ချာငွေချေး စာချုပ်ကို ထုတ်ပေးပါသည်။ တကြိမ်တည်းပေးသည်မဟုတ်ပါ။ နှစ်ပေါင်း (၂၀) အလီလီ ပေးချေမည်ဟု စာချုပ် (၂၀) ကို ထုတ်ပေးပါသည်။ မိမိတန်ဖိုးထက် အဆများစွာ နည်းပါးစေကာမူ ထိုစဉ်က ငွေဈေးနှင့် တန်ဖိုးရှိသေးသဖြင့် လက်ခံခဲ့ပါ၏။
ငွေပေးဒီဘင်ချာ စာချုပ်များကို ပိုက်ကာ အမေရိကန်သို့ ထွက်လာပြီး နှစ်စဉ် ငွေကျပ်နှစ်သောင်းထုတ်ကာ အစုရှင်များကို ခွဲပေးရပါသည်။ တင်မောင်ရရှိသော ငွေကို ဆွေမျိုးများအား ထောက်ပံ့ပြီး အချို့ကို ရွှေတိဂုံစေတီတော်သို့ လှူဒါန်းပါသည်။ နှစ်အနည်းငယ် ကြာသောအခါတွင်မူ အမေရိကနှင့် ထိုင်းနိုင်ငံသတင်းစာများတွင် တင်မောင်ရေးသော ဆောင်းပါးများကို ဦးနေ၀င်းက စိတ်ဆိုးသဖြင့် အပြစ်ပေးရန် ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းတင်က အမိန့်ထုတ်လိုက်သည်ဟု ဆိုပါသည်။ ပထမငွေစုဘဏ်တွင် အပ်နှံထားသော တင်မောင်ပိုင် စုငွေများကို သိမ်းပိုက်ပါသည်။
ထိုနောက် ငွေထုတ်ရန် တင်မောင်က ပေးပို့သော တနှစ်တွက် လျော်ကြေးငွေ ကျပ်နှစ်သောင်းတန်ဒီဘင်ချာ စာချုပ် လက်မှတ်ကို အစိုးရငွေစုဘဏ်ငွေ ကျပ်နှစ်သောင်း မထုတ်ပေးဘဲ ကျပ်ရှစ်ထောင်သာ ထုတ်ပေးပါသည်။ ကြံကြံဖန်ဖန် ငွေပေးစာချုပ်မှ တင်မောင်ရရှိမည့် လျော်ကြေးကျပ် (၁၂၀၀၀၀) ကို သိမ်းကာ အခြားအစုရှင်များကိုသာ ငွေပေးချေသည်ဟု ဆိုပါသည်။
ငွေစုဘဏ်က ငွေစုစာချုပ်ကို အပြည့်မပေးဘဲ ကပ်သီးကပ်သပ် အချို့တ၀က်ကိုသာ ထုတ်ပေးသည်ဟု မည်သည့် ကမ္ဘာတွင်မှ မကြုံဖူးပါ။ မြန်မာနိုင်ငံတွင်သာ ပြုဝံ့ပြုရဲသော ကိစ္စဖြစ်ပါသည်။ ဦးနေ၀င်း၏ အာဏာစက်နှင့် ဒေါသစက်သည် ပြင်းထန်လှပါ၏။ ။

Friday, November 5, 2010

(၅၇) နိုင်ငံမရှိသော ဒုက္ခသည်တယောက် (ကြေးမုံဦးသောင်း)

ဇာတိမြေမှ ထွက်လာစဉ်က (၃) နှစ်ခန့်ကြာလျှင် ပြည်တော်ပြန်နိုင်လေမည်ဟု မျှော်လင့်ခဲ့ပါသည်။ “ကျုံးပတ်လည်ပြ မြို့ရိုးတွေနဲ့ ပြအိုးပါ တဆယ့်နှစ် တံခါးပါနော်၊ မမြင်ရအတန်ကြာမှာမို့ ပြန်ကာရှုစား” ဟူသော တေးကို ညည်းဆိုရင်း ၁၉၇၇ ခုနှစ်၊ ဇူလိုင်လက ပြည်မှ ထွက်လာခဲ့ပါသည်။
“တို့နိုင်ငံကို ၀င်ကြည့်စမ်းပါ” ဟု သံအမတ်ကြီးက ဖိတ်သဖြင့် ယူဂိုဆလပ်နိုင်ငံသို့ ၀င်ရောက်ရန် ဘိလပ်တွင် ခေတ္တနားရန် စီစဉ်ခဲ့သော်လည်း မ၀င်နိုင်ပါ။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် အမေရိကန်သို့ အရှေ့ဘက်လမ်းမှသာ သွားရမည်။ အခြားနိုင်ငံများသို့ ၀င်ခွင့်မပြုဟု ရေးထားပါသည်။ ပြည်မှထွက်ခဲ့ရာတွင်ပင် နှောင်ကြိုးများမလွတ်ရသေးပါ။ အကြောင်းမရှိအကြောင်းရှာကာ စည်းကမ်းတင်းထားသည့် ချုပ်ချယ်မှုကလေးကို ကသိကအောက် “ခံ” ရပါသေးသည်။
ဦးနေ၀င်း ချမှတ်သော ချုပ်ချယ်မှု ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်က ဒေါ်ခင်မေသန်း၏မောင် ဦးဂျော်ဂျီဘသန်းသည် ဂျာမနီနိုင်ငံသို့ ခရီးထွက်ရာမှ အမေရိကန်သို့ ခရီးဆက်လိုသောကြောင့် ဘွန်းမြို့၊ မြန်မာသံရုံးတွင် လျှောက်ထားရာ နိုင်ငံကူးလက်မှတ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခွင့်ရှိသည်ဟု ဖြည့်စွက်ပေးခဲ့ပါသည်။ ရွှေယောက်ဖကို စိတ်ဆိုးရာမှ နိုင်ငံခြားသို့ သွားသူများ နိုင်ငံတခုမှ အခြားနိုင်ငံတခုသို့ ကူးခွင့်ပိတ်စေဟု အမိန့်ထုတ်ခဲ့ပါသည်။
အမေရိကန်သို့ တိုက်ရိုက်သွားရမည်ဟု အမိန့်ရှိစေကာမူ လေယာဉ်အဆင်မပြေသဖြင့် ထိုင်းနှင့် ဟောင်ကောင်သို့ ၀င်ရောက်နားရပါသည်။ မိသားစုလေးဦးတို့ ခရီးထွက်ခဲ့ရာ၌ ကျပ်ငွေလေးရာနှင့် ညီမျှသော နိုင်ငံခြားငွေကိုသာ ယူဆောင်ခွင့်ပြုလေရာ ထိုငွေမှာ ထိုင်းလေဆိပ်တွင် ပေးရသော ကူလီခနှင့် ကုန်သွားပါ၏။ သတင်းစာလောကသားတို့သည် ၀ံသာနုရက္ခိတတရားရှိကြပါသည်။ မြန်မာနိုင်ငံတွင်းသို့ ရောက်လာပြီးမှ ငွေပြတ်သွားသဖြင့် တင်မောင်က ငွေချေးလိုက်ရသော သတင်းထောက်များ ရှိခဲ့ပါသည်။ ယခုမိမိတွင် အရေးကြုံသောအခါ၌ အမေရိကန်၊ ဂျပန်၊ ထိုင်းသတင်းထောက်စသည်တို့က ကူညီကြသဖြင့် အခက်အခဲ မရှိခဲ့ပါ။
အမေရိကန်ပြည်၊ မစ်ဇူရီပြည်နယ်၊ ၀ါရှင်တန်မြို့ကလေးသို့ ရောက်သွားသောအခါတွင်လည်း သတင်းစာအယ်ဒီတာပိုင်ရှင်က နေထိုင်ရန်အိမ်ခန်း အသင့်ငှားထားကာ ကြိုဆိုပါသည်။ သူရန်ကုန်သို့ လာရောက်စဉ်က မိတ်ဆွေဖြစ်ခဲ့ကာ အမေရိကန်သွားတိုင်း သူ၏ အိမ်သို့ ၀င်ရောက်တည်းခိုခဲ့ပါသည်။ စာရေးသဖြင့် ထောင်ကျရသောအဖြစ်ကို သူက စိတ်မကောင်းပါ။ ထောင်မှ ထွက်စကာလက “မင်းတို့နိုင်ငံမှာ သတင်းစာအလုပ်ကို လုပ်ရတာက မလွယ်ပါလားကွာ” ဟု ပြောကာ အရေးကြုံက သူ့ထံသို့ ပြေးခဲ့ပါဟု ဖိတ်ခေါ်ထားခဲ့သည့်အတိုင်း သူ့ထံသို့လာခဲ့ရာတွင် လိုလေသေးမရှိ ကူညီပါသည်။ သူ၏ သတင်းစာတွင် ဆောင်းပါးရေးခွင့် ပြုပါသည်။ နိုင်ငံရေးမပါသော မြန်မာ့ယဉ်ကျေးမှုအကြောင်းများကို စတင်ရေးခဲ့ပါသည်။
သတင်းစာမှာ တောမြို့ငယ်တွင် အခြေစိုက်ကာ ရွာနီးချုပ်စပ်သို့ ရောင်းရသဖြင့် စောင်ရေမများပါ။ သတင်းစာတွင် ဆောင်းပါးရေးရာ၌ ကော်လံကြေးများများ မပေးနိုင်ပါ။ မိသားစုလေးဦးတွင် သားကြီးက ကောလိပ်ကျောင်း၌ ၀င်ခွင့်ရသောအခါ စားစရိတ်က ကြီးမားလာစေကာမူ မိတ်ဆွေက လိုသမျှကူညီရှာပါသည်။ မိမိကလည်း စာရေးခြင်းအလုပ်တွင် ဓာတ်ပုံဘလောက်လုပ်ငန်းကိုပါ လုပ်ကိုင်မှ ကရုဏာနှင့်ကူညီသောငွေကို မလိုတော့ဘဲ မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်ခဲ့ပါသည်။ ဘ၀တလျှောက်လုံး စာရေးခြင်း၊ စာဖတ်ခြင်း၊ သတင်းထောက်လုပ်ခြင်းကိုသာ လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် ယခုလက်ကြောတင်းအောင် လုပ်ကိုင်ရသောအခါ ပင်ပန်းလှပါ၏။ မည်သူကိုမှ မကြောက်ရသော စိတ်ချမ်းသာမှုက ကြီးမားသောကြောင့် မောသည်ပန်းသည် မရှိခဲ့ပါ။
ထိုအတောအတွင်း အမေရိကန်တက္ကသိုလ်များမှ မြန်မာမှုသိသင်အဖွဲ့နှင့် အဆက်အသွယ်ရကာ နှီးနှောဖလှယ်ပွဲများ တက်ခွင့်ရရှိခဲ့ပါသည်။ တခေတ်က ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ အမေရိကန်သို့ လာကာ မြန်မာစာသင်တန်းများဖွင့်ခဲ့ပါသည်။ ထိုစဉ်က ကျောင်းသုံးစာအုပ်ဖြင့် ရှုမ၀မှ တင်မောင်၏ ၀တ္ထုများ၊ ပြဇာတ်များကို ရွေးခဲ့ပါသည်။ “အရပ်သားသုံးဝေါဟာရများ ကြွယ်ဝသဖြင့် ရွေးခဲ့သည်” ဟု ဆရာကြီးများက ပြောပါသည်။ စာရေးသူ၏ ၀တ္ထုများကို ဖတ်ကာ မြန်မာစာတတ်လာသော အမေရိကန်ပညာရှင်များက မြန်မာစာပေစာတမ်းများ တင်သွင်းရန် တိုက်တွန်းကြသောကြောင့် မြန်မာစာပေရေးရာ စာတမ်းများ တင်ခဲ့ပါသည်။ နေးရှင်းဦးလောရုံကလည်း မိန့်ခွန်းများ ပေးလေ့ရှိပါသည်။ “ဒီအဖွဲ့ဝင်တွေအားလုံးက ဒေါက်တာဘွဲ့ရထားတဲ့ ပညာရှင်တွေဗျ၊ တက္ကသိုလ်ဘွဲ့မရှိတာ ကျုပ်တို့နှစ်ယောက်ပဲ ပါတယ်” ဟု ဦးလောရုံကပြောကာ ရယ်မောလေ့ရှိပါသည်။
စာပေကိစ္စကို ဆွေးနွေးသောအခါတွင် မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ရေးသားခွင့်မရှိသော ဖိနှိပ်မှုများကို ဖော်ပြရပါတော့သည်။ “အကြောင်းတရာတရပ်သည် မှန်ကန်သော အကြောင်းဖြစ်စေကာမူ အခြေအနေနှင့် မကိုက်ညီက ရေးသားပုံနှိပ်ခြင်းမပြုရ” ဟု စာပေစီစစ်ရေးအဖွဲ့၏ ကြေညာချက်အမိန့်ကို ချန်လှပ်ထားရန် မသင့်သဖြင့် ပွင့်လင်းစွာ တင်ပြခဲ့ပါ၏။ ယင်းနှီးနှောပွဲများမှာ စာတမ်းများသည် မြန်မာနိုင်ငံသို့ ရောက်လေမည်မဟုတ်ဟု ယူဆကာ မြန်မာ့နိုင်ငံရေးအခြေအနေကို ပွင့်လင်းစွာ ဝေဖန်ဆွေးနွေးသောအခါ တချို့က လက်မခံကြပါ။ အထူးသဖြင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ တက်လာသူများက တင်မောင်၏ ဝေဖန်ချက်များကို ချေပဆွေးနွေးလေ့ရှိပါသည်။ ထိုကာလက စစ်အေးတိုက်ပွဲကြီး ဆင်နွှဲနေသော ခေတ်ဖြစ်လေရာ အမေရိကန်အစိုးရက ကွန်မြူနစ်ကို ဆန့်ကျင်တိုက်ခိုက်သူ ဦးနေ၀င်းအား မဟာမိတ်ကြီးအဖြစ် လိုလားမြှောက်စားနေသောကြောင့် သူ့ကို ဆန့်ကျင်သောအယူအဆကို လက်မခံကြပါ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဦးနေ၀င်း၏ ဘီလူးဇာတိပေါ်လာမှ မြန်မာ့စစ်ဝါဒကို ဆန့်ကျင်ကြပါတော့သည်။
နှီးနှောပွဲများတွင် မြန်မာအစိုးရကို ဝေဖန်ပြောဆိုသူကို ဦးနေ၀င်း၏ နားသို့ရောက်သွားဟန် တူပါသည်။ နှီးနှောပွဲများတွင် မြန်မာပညာရှင်အချို့ကို တွေ့ရရာတွင် အမျိုးသမီးတဦးကို သတိထားမိပါသည်။ သူက “စစ်အစိုးရစနစ်သာ နိုင်ငံငယ်များ တည်ငြိမ်ကြွယ်ဝရေးအတွက် ဆောင်ရွက်နိုင်သည်” ဟူသော စာတမ်းတင်သွင်းရာ ပါရဂူဘွဲ့ယူရန် စာသင်နေပါသည်။ ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ ဦးနေ၀င်းကတော် ဒေါ်နီနီမြင့်မှ စေလွှတ်သူဟု ပြောပါ၏။ နောင်တခေတ်တွင် အစိုးရ၀န်ထမ်းမှန်သမျှ ဆေးအတတ်ဖြစ်စေ၊ စက်မှုအတတ်ဖြစ်စေ၊ တက္ကသိုလ်တွင် သမိုင်းနှင့် နိုင်ငံရေးရာဘာသာကို ဘာသာတွဲယူကာ သင်ကြားရမည်။ စစ်အစိုးရစနစ်သာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်သည်ကို သင်ကြားပြီး စာမေးပွဲဖြေဆိုနိုင်မှသာ အစိုးရ အမှုထမ်းဖြစ်စေခွင့် ရှိမည်ဟု စီမံကိန်းရှိသည်ဟု ပြောပါသည်။ မည်သို့ဆိုစေကာမူ မိမိယူဆချက်များကို လျှော့မပေးခဲ့ပါ။
“ခင်ဗျားရေးတဲ့ ဆောင်းပါးတွေနဲ့ စာတမ်းတွေကို ဗိုလ်ချုပ်ကြီးက စိတ်ဆိုးနေတယ်။ ပြန်လာဖို့မလွယ်ဘူး။ အဖမ်းခံရမှာပဲ။ ဒီတခါဆိုရင် ထောင်တသက်ပေါ့” ဟု ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒု-ညွှန်မှူးဖြစ်လာသူ ကြေးမုံအယ်ဒီတာဟောင်း ဦးတင်ထွေး အမေရိကန်ရောက်လာစဉ်တွင် စိတ်မကောင်းစွာနှင့် သတိပေးပါသည်။
ထိုအတွင်းတွင် ဇနီးဖြစ်သူက သူ၏ ဒုတိယသားကို ဖွားမြင်သောအခါ နိုင်ငံခြားတွင် ဖွားမြင်စေကာမူ သားကလေးကို မြန်မာနိုင်ငံသားသာ ဖြစ်စေလိုသဖြင့် မိခင်၏နိုင်ငံကူးလက်မှတ်တွင် သား၏အမည် ဖြည့်စွက်ပေးပါဟု ၀ါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးသို့ လျှောက်ထားပါသည်။ ဖြည့်စွက်ပေးရန် ငြင်းဆိုပါသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် စီးပွားရေးအခြေအနေ ဆုတ်ယုတ်ပျက်ပြားနေသော သတင်းများကို ဆက်တိုက်ကြားသိ ရပြန်ပါ၏။ စီးပွားပျက်သော သတင်းများကို ဖုံးအုပ်ကာ အမှောင်ချထားပါသည်။ ထိုကြောင့် မြန်မာပြည်သူတို့ သိရှိရန် လိုအပ်သဖြင့် “မြန်မာ့ သံတော်ဆင့်သတင်းစာ” ကို ၁၉၇၉ ခု၊ အောက်တိုဘာလ (၁၅) ရက်နေ့မှ စတင်ကာ ထုတ်ဝေလိုက်ပါသည်။ သတင်းစာပီသစွာ သတင်းများ၊ ဆောင်းပါးများနှင့် အယ်ဒီတာ၏ အာဘော်ခေါင်းကြီးပိုင်းကိုပါ ရေးသားပြီး စာရေးသူ၏ အသံနှင့် ကက်ဆက်ပေါ်တွင် အသံသွင်းပါသည်။ ထိုင်းတွင်ရှိနေသော ဆရာဦးရဲခေါင်က ကက်ဆက်ခွေအများကူးကာ မြန်မာပြည်တွင်းသို့ ခိုးဝှက်တင်သွင်းခဲ့ပါသည်။
တဖန် ထိုင်းတွင်ခိုလှုံနေသော အလံနီဟောင်း၊ ပထစဟောင်း ဦးသွင်က ဒီမိုကရေစီဂျာနယ်ကို ထုတ်ဝေသောအခါတွင်မူ မြန်မာ့နိုင်ငံရေးကိစ္စများကို ပြတ်သားမှန်ကန်စွာ ရေးမိပါတော့သည်။
ဇာတ်ပေါင်းလိုက်သောအခါ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးသဖြင့် မြန်မာသံရုံးသို့ လျှောက်ထားသည်ကို သက်တမ်းတိုးမပေးသဖြင့် တင်မောင်မှာ နိုင်ငံမရှိသော လူသားတယောက် ဖြစ်သွားပါတော့သည်။ သန်းနှင့်ချီသော ကမ္ဘာကြီး၏ နိုင်ငံရေးဒုက္ခသည်စာရင်းတွင် ဂဏန်းတလုံးတက်ကာ နိုင်ငံရေးဒုက္ခိတ နံပါတ်တခုသာ တင်မောင်ပိုင်ဆိုင်ပါတော့သည်။
စင်စစ်အားဖြင့် တင်မောင်အဖို့ နိုင်ငံမရှိသူ ဖြစ်နေသကဲ့သို့ ဇာတိမြန်မာနိုင်ငံအဖို့လည်း တင်မောင်တယောက် မရှိသော နိုင်ငံဖြစ်ရရှာပါသည်။ နှစ်ဘက်နှစ်ဝ ဆုံးရှုံးကြပါသည်။ တောင်ပြုန်းဆုတောင်းပြည့်စေတီတော်တွင် အုတ်နှစ်ချပ်လပ်သကဲ့သို့ မြန်မာနိုင်ငံတံတိုင်းကြီးတွင် နိုင်ငံသားကြီး တင်မောင်၏နေရာ အုတ်တချပ် လပ်နေမည် ဖြစ်ပါသည်။ ။

Saturday, October 30, 2010

(၅၆) ထွက်တော်မူ နန်းကခွာတယ် (ကြေးမုံဦးသောင်း)

ပြန်ကြားရေးဝန်ကြီးဌာနတွင် လုပ်သက် (၉) နှစ်ကျော် (၁၀) နှစ်ပြည့်လုလုတွင် ရပ်တန်းက ရပ်သင့်ပြီဟု တင်မောင်ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ဆရာတက်တိုးအား တိုင်ပင်သောအခါတွင် “ (၃) လလောက်ဆိုလျှင် (၁၀) နှစ်ပြည့်မှာမို့ ပင်စင်ရမယ်ကွ၊ (၃) လပဲ အောင့်အီးထားပါကွာ” ဟု ဆိုရှာပါ၏။ ခက်သည်မှာ နောက်ထပ် (၃) လ မဆိုထားဘိ နောက် (၃) ရက်ပင် မနေလိုတော့ပါ။ လုပ်သက် (၁၀) နှစ်ပြည့်ရန် (၃) လအလိုတွင် ထွက်စာတင်လိုက်ပါ၏။
တိုင်ပင်ရမည့်သူများကို တိုင်ပင်သောအခါ ဆရာဦးအုန်းခင်၊ ဦးညိုမြနှင့် မြသန်းတင့်တို့က တင်မောင်တယောက် မြန်မာနိုင်ငံတွင်ရှိနေသဖြင့် အကျိုးမရှိဟု သုံးသပ်ကာ အမြန်ဆုံးထွက်ရန် တိုက်တွန်းကြပါသည်။ ထောင်တွင်းရှိ သခင်စိုးကပင် တင်မောင်အား နိုင်ငံခြားသို့သွားကာ စာရေးသင့်သည်ဟု ဗျာဒိတ်ပေးပါသည်။
လမ်းစကလည်း ပေါ်နေပါသည်။ တော်လှန်ရေးအစိုးရ တက်လာချိန်မှစတင်ကာ အိန္ဒိယတိုင်းရင်းသားအများနှင့် အင်္ဂလိပ်သွေးပါသူများတို့ မြန်မာနိုင်ငံကို စွန့်ခွာပြေးကြစဉ်က “အပြီးပြန်များ” ဟု ဝေါဟာရအသစ်ဖြင့် ခွင့်ပြုခဲ့ရာတွင် သူတို့အိမ်ခန်းများကို သိမ်းယူခဲ့ပါသည်။ မြန်မာအစစ်များကိုမူ နိုင်ငံကူးလက်မှတ် လျှောက်ထားသည်နှင့် တပြိုင်နက် သစ္စာဖောက်ဟု တံဆိပ်တပ်ကာ မှုထမ်းရာထမ်းဖြစ်ပါက အလုပ်မှ ဖြုတ်လေ့ရှိပါသည်။ နိုင်ငံကူးလက်မှတ် ရရှိရန် ခက်ခဲလှပါသည်။
ပြည်ပသို့ ရောက်နေသော မြန်မာများသာမက မြန်မာပြည်တွင် ဖွားမြင်သူ မှန်သမျှကို ပြည်တွင်းသို့ အလည်လာရန် ဗီဇာမပေးဘဲ ပိတ်ထားခဲ့ပါသည်။ သံရုံးသို့ လာရောက်ကာ ဗီဇာလျှောက်ထားသူမှန်သမျှကို မြန်မာနိုင်ငံတွင် မွေးဖွားသူ ဖြစ်ပါက မည်သူ့ကိုမှ ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးရဟု ဦးနေ၀င်းက အမိန့်ချထားပါသည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဧ၀ရတ် တောင်ထိပ်ကို တက်ခဲ့နိုင်သူ ကမ္ဘာကျော် သူရဲကောင်းကြီး ဆာဟီလာရီက အာရှခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စီစဉ်သောအခါ မြန်မာနိုင်ငံတွင် မွေးဖွားသူဖြစ်သဖြင့် လာရောက်ခွင့်မပြုနိုင်ဟု ပြည်ဝင်ခွင့်ဗီဇာမပေးခဲ့ပါ။
ယင်းကဲ့သို့ တင်းကျပ်စွာ ရွှေတံခါးကြီးကို လုံခြုံစွာ ပိတ်ထားခဲ့ရာမှ ဇာတ်ကွက်ပြောင်းသွားပြန်ပါသည်။ ဦးနေ၀င်းက ဥရောပသို့ ဇိမ်ခံခရီးထွက်ရာမှ ပြည်မှ ထွက်နေသူ ဒေါ်ရတနာနတ်မယ်တို့ တွေ့ကြပြီး ချစ်ကြိုက်မိသည် ဆိုပါသည်။ သူထုတ်ခဲ့သော လူဝင်မှုဥပဒေများကို ချိုးဖောက်ကာ ဒေါ်ရတနာနတ်မယ်ကို အပါခေါ်ကာ နိုင်ငံတွင်းသို့ ပြန်ခေါ်လာပြီး လက်ဆက်ခဲ့ပါသည်။
ဦးနေ၀င်းက မိမိရေးထားသော ဗီဇာပိတ်ဥပဒေကို ဖျက်မိရာမှ မိမိကိုယ်တိုင် လက်နှင့် ရေးထားသည်ကို မိမိ၏ ခြေထောက်နှင့် ဖျက်မိသည်ကို ရှက်တော်မူဟန် တူပါသည်။ မြန်မာပြည်ဖွားများ ပြည်မှ ထွက်ခွင့်၊ ၀င်ခွင့် စည်းကမ်းကို လျှော့ပေးပါသည်။ မြန်မာပြည်ဖွားများ ၀င်ရောက်ခွင့်ပြုရာမှ ပြည်မှ ထွက်လိုသူများအား နိုင်ငံကူးလက်မှတ်များ ဖွင့်ပေးနေသဖြင့် ပြည်မှ ထွက်လိုသူများအဖို့ အခါတော်ကျနေပါသည်။
အမေရိကန်ပြည် တောမြို့ကလေးတမြို့မှ မိတ်ဆွေ သတင်းစာဆရာတဦးအား မိမိလာခဲ့တော့မည်ဟု အကြောင်းကြားပြီးနောက် ဗိုလ်ချုပ်စန်းယုထံ သွားရောက်တွေ့ဆုံကာ အမေရိကန်သို့ သွားလိုကြောင်း တင်ပြရာ ”သွားပါလေ၊ ဟိုကျတော့ ကျုပ်တို့ ဗမာနိုင်ငံကောင်းကြောင်းတွေ ရေးပါလေ” ဟု ရှောရှောရှူရှူ သဘောတူခဲ့ပါသည်။ တဆက်တည်း အမေရိကန်သံအမတ်ကို တွေ့ဆုံကာ ဗီဇာတောင်းပါသည်။ သံအမတ်ကြီးက ဆရာလှသမိန်ထ့ မြန်မာစာသင်ကြားနေရာ တင်မောင်ရေးသားသော သတင်းစာဆရာဝတ္ထုကို ကျောင်းသုံးစာအုပ် အဖြစ် သင်ကြားနေသူဖြစ်သဖြင့် စိတ်ချဟု အဖြေပေးပါသည်။ နိုင်ငံကူးလက်မှတ်မှာ (၁၃) ရက်အတွင်း ကျလာပြီး ရက် (၂၀) အတွင်း ဗီဇာရရှိပါသည်။ မဆိုင်းမတွ ထွက်ခဲ့ပါသည်။
ယခုကဲ့သို့ အလျင်အမြန် ထွက်ခဲ့သည်မှာ အကယ်၍ မထွက်ပါလျှင် တင်မောင်ကြောက်လှသော အင်းစိန်ထောင်ကြီးသို့ ပြန်သွားရမည့် နိမိတ်လက္ခဏာများကို မြင်တွေ့ရသဖြင့် ဖြစ်ပါ၏။ မိမိအဖို့ အထက်လူကြီးများဖြစ်သော ပြန်ကြားရေးဝန်ကြီး၊ ဒု-၀န်ကြီးတို့နှင့် ပြဿနာမရှိပါ။ ပြန်ကြားရေးဌာနတွင် စစ်ဗိုလ်များ၊ ကွန်မြူနစ်လူထွက်များနှင့် ကျောင်းဟောင်းများဟု ခေါ်ဝေါ်ကြသော သမရိုးကျ စာနယ်ဇင်းလောကသားများဟု သုံးစုရှိပါသည်။ ၀န်ကြီးများအပါအ၀င် စစ်ဗိုလ်များက တင်မောင်အား ဗိုလ်ချုပ်ကြီးက ခန့်ထားသူအဖြစ် လက်ဖျားနှင့် မတို့ကြပါ။ ဌာနအတွင်းသို့ ၀င်ရောက်အခြေချချိန်မှ စတင်ကာ ကွန်မြူနစ်လူထွက်များက တိုက်ခဲ့ကြရာတွင် နောက်ပိုင်းတွင် ရဲဘော်ရဲဘက် စာနယ်ဇင်းလောကသားတို့ကပါ တိုက်ခိုက်လာကြပါသည်။
နိုင်ငံခြားသို့ သွားခွင့်များများ ရရှိခဲ့ခြင်း၊ သံရုံးများနှင့် ၀င်ထွက်သွားလာနိုင်ခြင်း စသည့်အခွင့်အရေးများအပြင် အယ်ဒီတာအဖွဲ့၏ အတွင်းရေးမှူးရာထူးသည် ထိုခေတ်က ပြန်ကြားရေးဝန်ကြီးဌာနတွင် အကောင်းဆုံးရာထူး ဖြစ်သဖြင့် ပလ္လင်လုလိုသူ များပါသည်။
တင်မောင်၏ နေရာကို ရရှိရန်မှာ တင်မောင်အား အင်းစိန်ထောင်သို့ ပို့နိုင်မှသာ အောင်နိုင်မည်ဖြစ်သောကြောင့် စစ်အစိုးရခေတ်တွင် အထက်ဆုံးလက်နက်ဖြစ်သော ပစ်စာ လက်နက်ကို သုံးနေကြသည်ကို သိရပါသည်။ မိမိသည် ဆောင်းပါးများရေးရာတွင် မိမိ၏ ယူဆချက်အမှန်ကို ရေးသည်မှတပါး ဌာနဆိုင်ရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်ကို ၀န်ကြီးများက သိကြသဖြင့် တိုင်စာများကို တင်မောင်အားပြသကာ ဖြေရှင်းခွင့်ပေးကြပါသည်။ ယိုးစွပ်ချက်များကို ဖြေရှင်းပြနိုင်သဖြင့် ခေါင်းနှင့်ကိုယ် မြဲခဲ့ရပါသည်။
ဦးသန့်ဈာပန အရေးအခင်း ဆူပူကြစဉ်က ဆရာတင်မောင်၊ ဆရာတက်တိုးတို့က လူထုကို ထိန်းသိမ်းသော ဆောင်းပါးများ မရေးပါဟု ၀န်ကြီးများနှင့် အယ်ဒီတာချုပ်အစည်းအဝေးတွင် ဗိုလ်တထောင်အယ်ဒီတာချုပ် ကွန်မြူနစ်လူထွက် ဦးထိန်လင်းက လက်ညှိုးထိုးကာ တင်ပြပါသည်။ သူသည် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်သဖြင့် ပါတီ၏ သြဇာပါရှိပါသည်။ သူ၏ စွဲချက်သည် အန္တရာယ်ကြီးလှပါသည်။
“၀န်ကြီးများခင်ဗျား၊ လက်နက်ချကွန်မြူနစ်ကြီးက အခွင့်ကြုံသဖြင့် ချောက်တွန်းသည် ဖြစ်ပါတယ်” ဟု မဆိုင်းမတွ ပြန်ကာ ရှင်းရပါသည်။ ဗိုလ်တထောင်တွင် ကွန်မြူနစ်ထွက်များ စာမူပို့က ချက်ချင်းပုံနှိပ်စေကာမူ တင်မောင်တို့ ကျောင်းဟောင်းများ၏ စာမူကို (၄) ရက်ကြာမှ ပုံနှိပ်သဖြင့် လတ်တလောအရေးအခင်းများ ရေးရန် ခက်ခဲကြောင်းမှ စတင်ကာ ရွှေတိဂုံစေတီတော်တွင် ညတည၌ လျှို့ဝှက်စည်းဝေးကြ၍ အစိုးရဌာနများသို့ ရောက်လာကြသော ကွန်မြူနစ်လက်နက်ချများက ဌာနရှိ လူဟောင်းများကို ဖြိုကာ လက်နက်ချများ ပိုမိုနေရာရရှိရေးကို ဆောင်ရွက်ကြရမည်၊ အစိုးရစက်ယန္တရား အချက်အချာများကို ရကြမှ စစ်ဗိုလ်များကို ဖြိုရန် ဆုံးဖြတ်ကြောင်းကိုပါ အတိအလင်းချေပမှ လက်နက်ချအားလုံးတို့ပါ ငြိမ်သက်သွားပါသည်။
တဖန် ကျောင်းဟောင်းသတင်းစာလောကသား ဘ၀တူဖြစ်သူ ငတ်ဖော်ငတ်ဖက် ဆရာသာဂဒိုးက စွဲချက်တင်ပြန်ပါသည်။ ၁၉၇၅ ခုနှစ်က သမိုင်းချည်စက် အလုပ်သမားများ ဆန္ဒပြသဖြင့် ဆူပူမှုများ ဖြစ်ပေါ်ရာတွင် တင်မောင်ရေးသားထုတ်ပြန်သော ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေညာချက်က နှိုးဆွသောကြောင့် ပိုမိုဆူပူကြသည်ဟု သူက ပြောပါသည်။ စွဲချက်မှာ အရေးကြီးလှပါသည်။ နိုင်ငံတော်ကို သစ္စာဖောက်မှု ဖြစ်ပါသည်။ မှန်ကန်ပါက တင်မောင်အား ထောင်သို့ပြန်ပို့ရန်သာ ရှိပါသည်။ သူမသိသည်မှာ ယင်းကြေညာချက်ကို တင်မောင်ရေးသည်မှာ မှန်ကန်စေကာမူ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး၏ နှုတ်မိန့်ကို နှုတ်တိုက်ရေးရသည် ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးကိုပါ ဖတ်ပြပြီးမှ ၀န်ကြီးနှစ်ဦးတို့၏ အတည်ပြုချက်နှင့် ထုတ်ပြန်သည်ဖြစ်သဖြင့် တင်မောင်၏ အာဘော်မဟုတ်သောကြောင့် ခေါင်းမပြုတ်ခဲ့ရပါ။
အရေးထဲတွင် ၀န်ကြီးချုပ်ဟောင်းဦးနုက ထိုင်းနယ်စပ်တွင် တပ်စွဲပြီး သူပုန်ထပြန်ရာ သူက လွှတ်လိုက်သော ဆက်သားကြီး ကိုထွေးမြင့်ကို စစ်စုံထောက်များက ဖမ်းမိသောအခါတွင် ဦးနုက တင်မောင်နှင့် ဆက်သွယ်လှုပ်ရှားရန် ညွှန်သော စာရွက်စာတမ်းများကိုပါ ဖမ်းမိခဲ့ပါသည်။ တင်မောင်အား ဆက်ရန် လျှို့ဝှက်သင်္ကေတ ၁ နှင့် ဆက်သွယ်ရမည် စသည်ဖြင့် အသေးစိတ်မိပါသည်။ ဦးနုထံသို့ သတင်းစာမှ စာပြန်ရေးလိုက်ပါသည်။ “ဦးခင်ဗျား၊ ကျနော့်ကို ပါလီမန်ဒီမိုကရေစီပါတီ သူပုန်တပ်စာရင်းမှ ထုတ်လိုက်ပါ။ အစိုးရကို တိုက်ရန်ရှိပါက ကျနော့်နည်း၊ ကျနော်၏မူနှင့် တိုက်ပါမည်” ဟု ရေးသားရပါ၏။ “မဆလအစိုးရကို မတိုက်” ဟု မရေးခဲ့ပါ။
ထိုကြောင့် တင်မောင်၏ ဘ၀အခြေအနေမှာ စစ်မြေပြင်တွင် ရောက်နေသူကဲ့သို့ ဖြစ်နေပါသည်။ ကျည်ဆံများသည် အရှေ့ဘက်မှသာမက နောက်မှလည်း လာပါသည်။ ဘေးနှစ်ဘက်မှလည်း လာပါသည်။ ထောင်နှုတ်ခမ်း လမ်းလျှောက်နေရသော ဘ၀မှ လွတ်မြောက်အောင် ပြေးခဲ့ပါသည်။
ပြည်မှ ထွက်ရန် စီစဉ်နေချိန်တွင် စာပေနှီးနှောဖလှယ်ပွဲနှင့် ကြုံကြိုက်သဖြင့် စာတမ်းတင်ရာတွင် ပြန်ကြားရေးဝန်ကြီး ဦးလွင်သည် ရှေ့ဆုံးမှ ထိုင်နေပါသည်။ စစ်စုံထောက်ချုပ်ကြီး ဖြစ်ခဲ့သဖြင့် သတင်းစာလုပ်သက်တလျှောက်လုံး သူ့ကို ကြောက်ခဲ့ရသူဖြစ်ပါသည်။ သူ၏ မျက်နှာကို စူးစိုက်ကြည့်ပြီး လက်ညှိုး ထိုး၍ ဦးကုလားရာဇ၀င်တွင် ပုဂံခေတ်က နောင်တော်ကို လုပ်ကြံကာ နန်းတက်သူ ကုလားကျမင်းအား ပံ့တကူမထေရ်ကြီးက “ဟယ် - မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကို ရလျှင် နင်၏ ကိုယ်ခန္ဓာသည် မအိုမသေပြီမှတ်သည်လော။ လောကတွင် နင့်ထက် ပျက်သော မင်းမရှိ၊ မင်းဆိုးမင်းညစ်အောက်တွင် ငါမနေပြီ” ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ သီဟိုဠ်ပြည်သို့ ထွက်သွားကြောင်း ဌာန်ကရိုဏ်းကျကျ ဖတ်ရှုခဲ့ရသည့် အရသာမှာ ကြီးမားလှပါ၏။ ။

Friday, October 15, 2010

(၅၅) ဦးသန့်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်း (ကြေးမုံဦးသောင်း)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်သည် တင်မောင်နှင့် စာပေမိတ်ဆွေဖြစ်ပါသည်။ သူထုတ်ဝေသော ဒီမိုကရေစီဂျာနယ်တွင် မိမိက ဆောင်းပါးရှင်တဦးဖြစ်ပါသည်။ တင်မောင်တည်းဖြတ်သော ဗမာ့ခေတ် သတင်းစာတွင် အစိုးရ၏ အာဘော်ကို ၀န်ကြီးချုပ်ဦးနုနှင့်အတူ “သမိန်ဗရမ်း” ကလောင်အမည်နှင့် ဆောင်းပါးရေးသဖြင့် သူက မိမိ၏ ဆောင်းပါးရှင် ဖြစ်လာပြန်သည်။
ကြေးမုံစက်သစ်ကြီးဝယ်ရန် ကိစ္စကို အကြောင်းပြုကာ အမေရိကန်အစိုးရက ဖိတ်သဖြင့် အမေရိကန်သို့ စာရေးသူ ရောက်သွားပါသည်။ တော်လှန်ရေးအစိုးရ အရှိန်တက်နေပုံများကို နှစ်ဦးသားဆွေးနွေးကြရာမှ တင်မောင်က “စစ်တပ်က သတင်းစာတွေကို ရန်ရှာစပြုပါပြီ” ဟု ပြောကာ “သတင်းစာသမားများအဖို့ ဘေးအန္တရာယ် ထူပြောသော ဇာတိမြေကို မပြန်လိုတော့ဟု ညည်းမိပါတယ်”။ “ခင်ဗျားထောင်ထဲရောက်မှာ သေချာပါတယ်။ အတွေ့အကြုံစုံတာပေါ့။ ခင်ဗျားမပြန်တော့ဘူးဆိုရင် ဒီမှာ နေနိုင်ဖို့ ကူညီဖို့ အသင့်ရှိပါတယ်။ ဒါပေမယ့် ပြန်စေချင်ပါတယ်။ သတင်းစာဆရာတွေဟာ ရေးရဲရင် ခံရဲသူတွေဖြစ်ရမှာပေါ့။ ကိုယ်လည်း ပြန်ဖြစ်အောင် ပြန်ခဲ့မယ်။ ဗမာသတင်းစာတစောင်ဖြစ်အောင် ထောင်မယ်” ဟု တိုက်တွန်းခဲ့ပါသည်။
အမေရိကန်မှ ပြန်လာပြီးနောက် သူတွက်သည့်အတိုင်း ထောင်ထဲရောက်ခဲ့ရပါသည်။ ရေးရဲသဖြင့် ရဲရဲကြီး ကျောကော့ပြီးခံခဲ့ရပါသည်။
ဦးသန့်ကမူ ပြန်မလာနိုင်ရှာပါ။ အမေရိကန်တွင် ကွယ်လွန်ရှာပါသည်။ ဇာတိမြေကို ချစ်မြတ်နိုးသဖြင့် မြန်မာပြည်မှာ ခေါင်းချလိုသည်ဟု ဆန္ဒရှိသဖြင့် သူ၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့သို့ သယ်ယူလာပါသည်။ ဦးသန့်ကို လူထုကြီးတရပ်လုံးက နိုင်ငံ၏ ကျက်သရေဆောင် သားကောင်းသားမြတ်အဖြစ် ၀မ်းနည်းတသ ကြိုဆိုကြပါသည်။
သူ့အား ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ကြသည်မှာ ထိုကာလက မြန်မာနိုင်ငံအစိုးရ၏ တိကျသော ကြားနေ၀ါဒ နိုင်ငံရေးလမ်းစဉ်ကြောင့် ဖြစ်ပါသည်။ ရာထူးတင်မြှောက်ခံရသည်နှင့် ဘုန်းစွမ်းနှင့်လူစကို ပြသနိုင်ခဲ့ပါသည်။ ဦးသန့်ကို တင်မြှောက်စဉ်က ပြင်သစ်အစိုးရက လက်မခံဘဲ ကန့်ကွက်ရာတွင် ပြင်သစ်သံအမတ်ကြီးက ဦးသန့်အား အရပ်ကလည်းပုရန်ကော၊ ပြင်သစ်စကားလဲ တတ်မြောက်သူမဟုတ်ဟု ပြောလေရာ ဦးသန့်က မဆိုင်းမတွ မိမိသည် နပိုလီယံထက် အရပ်မြင့်ပါသည်။ နပိုလီယံသည် အင်္ဂလိပ်စကား မတတ်ဘဲ ပြင်သစ်အင်ပါယာတည်ထောင်ခဲ့ပါသည်ဟု ဖြေကြားခဲ့သည်ကို ကမ္ဘာ့ခေါင်းဆောင်များက သြဘာပေးကြပါသည်။
အတွင်းရေးမှူးချုပ် ဦးသန့်သည် ဆယ်နှစ်တိုင် တာဝန်ထမ်းရွက်ခဲ့ရာတွင် ကမ္ဘာ့ပြဿနာအမျာကို ဖြေရှင်းပေး နိုင်ခဲ့ပါသည်။ ဟော်လန်ပြည်နှင့် နယူးဂီနိကိစ္စ၊ အိန္ဒိယ-ပါကစ္စတန် စစ်ပြေငြိမ်းရေးကိစ္စမှ စတင်ကာ ဗီယက်နမ်စစ်မီးငြိမ်းအေးရေးအထိ အောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်ပါသည်။ တရုတ်နီ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာသည်မှာ သူ၏ခေတ်တွင် ဖြစ်ပါသည်။ ကျူးဘားကျွန်းတွင် ရုရှက ဒုံးပျံများ တပ်ဆင်ပေးသောကြောင့် အမေရိကန်က ရုရှသင်္ဘောမှန်သမျှကို တားဆီးရှာဖွေသဖြင့် အနုမြူကမ္ဘာစစ်ကြီး ဖြစ်လုလု ရန်ပြုကြသည်ကို ဖြေရှင်းရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါ၏။ ကုလသမဂ္ဂကြီး၏ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရသူ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အမှုထမ်းစဉ်က အတွင်းဝန်ဦးသန့်သည် ငြင်းခုံလေ့မရှိဘဲ သိမ်မွေ့နူးညံ့သူဖြစ်ပါသည်။ ကုလသမဂ္ဂ ခေါင်းဆောင်ဖြစ်လာသောအခါ မိမိမှန်ကန်သည်ယူဆပါက မကြောက်မညှာ မျက်နှာမရွေး ပွင့်လင်းစွာ ပြောသဖြင့် ကမ္ဘာက ပိုမိုလေးစားကြပါသည်။ ၁၉၆၁ ခုနှစ်က ရုရှသို့သွားစဉ်က ရေဒီယိုမှ မိန့်ခွန်းပေးရာတွင် အကယ်၍သာ ရုရှပြည်သူတို့သည် ကွန်ဂိုပြည်တွင် ဖြစ်ပျက်နေသည်များကို အမှန်အကန်အတိုင်း သိရှိပါက သူတို့၏ ခေါင်းဆောင်များ ချမှတ်သော လမ်းစဉ်များသည် မှားယွင်းနေပြီဟု ပြောကြပေမည် … စသည့်ဖြင့် ပြောကြားပါသည်။ ရုရှအစိုးရက ထိုမိန့်ခွန်းကို ကမ္ဘာအရပ်ရပ်သို့ လွှင့်ကြားပေးသော်လည်း ရုရှပြည်တွင်း ရေဒီယိုတွင် ဖြတ်တောက်ပါသည်။
၁၉၆၇ ခုနှစ်က ဗီယက်နမ်အရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်လူထုသည် ဗီယက်နမ်တွင် ဖြစ်ပွားနေသည့် သတင်းမှန်များကို သိရှိကြပါက သမ္မတဂျွန်ဆင် ချမှတ်လုပ်ဆောင်နေသော လမ်းစဉ်ကို ပြင်ဆင်ပါဟု တောင်းဆိုကြချေမည်ဟု ပြောခဲ့ပါသည်။
ဦးသန့်သည် မည်သူ၏ လက်ကိုင်တုတ်မှမဟုတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးတခုတည်းကိုသာ ရှေ့ရှုသူ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာပါသည်။ တခါက ရုရှသို့ ခရီးထွက်ရာ ခရူးရှက်က လေဆိပ်သို့ လာရောက်ကြိုဆိုပါသည်။ ပြင်သစ်တွင် ဒီဂေါက ကြိုဆိုပါသည်။ တဆက်တည်း မြန်မာနိုင်ငံသို့ လာသောအခါ လေဆိပ်၌ အင်္ဂလိပ်မင်းသမီးတဦးကို ပန်းကုံးစွပ်ကာ ကြိုဆိုနေသော ဦးနေ၀င်းက ဦးသန့်အားမကြိုဘဲ ရာထူးနိမ့်သော အရာရှိတဦးငယ်တဦးကိုသာ ကြိုစေပါသည်။
၁၉၆၄ ခုနှစ်က ဦးနေ၀င်းအမေရိကန်သို့ ခရီးထွက်စဉ်က ၀တ္တရားအရ ကုလသမဂ္ဂသို့သွားကာ ဦးသန့်ကို ဂါရ၀ပြုရပါသည်။ ထိုစဉ်က ဖမ်းဆီးထားသော ၀န်ကြီးချုပ်ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ကြာမြင့်စွာ ချုပ်နှောင်မထားသင့်ပါဟု ဦးသန့်က ဦးနေ၀င်းအား ပြောသည်ကို ဦးနေ၀င်းက မခံချင်ပါ။ သို့သော် အမေရိကန်က ပြန်လာသည်နှင့် ဦးနုတို့ကို လွှတ်ပေးခဲ့ပါသည်။
ဝန်တိုမစ္ဆေရိယစိတ်ကြီးမားသူ ဦးနေ၀င်းက ဦးသန့်ကို မကြည်ပါ။ “ဒီကောင်ကြီး” ဟု ခေါ်ဆိုသည်ကို ကြားရဖူးပါသည်။ ထိုအတွင်းရေးများကို သိပြီးဖြစ်စေကာမူ တင်မောင်က ဦးသန့်ဘွဲ့ ဆောင်းပါးရှည်တစောင် ရေးလိုက်ပါသည်။ နောက်တနေ့တွင် ပြန်ကြားရေးဌာန ဒု-၀န်ကြီးက ဆင့်ခေါ်ပါသည်။ “ခင်ဗျားရဲ့ ဆောင်းပါးကို သတင်းစာမှာ ထည့်ခွင့်မပြုနိုင်ပါ” ဟု ပြောပြီးမှ “ဒီစာမူပုံနှိပ်ရင် ကျုပ်ပါပြုတ်မှာ” ဟု ဆိုကာ အတွင်းရေးသတင်းများကို ပြောရှာပါ၏။
ဈာပနကော်မတီက ရုပ်ကလာပ်ကို အာဇာနည်ကုန်းတနေရာတွင်ဖြစ်စေ၊ ရွှေတိဂုံခြေတော်ရင်း မိဘုရားခေါင်ကြီး၏ ဂူအနီးတွင်ဖြစ်စေ မြုပ်နှံပါရစေဟု အစိုးရထံပန်ကြားသည်ကို ဦးနေ၀င်းက စိတ်ဆိုးကြောင်းသိရပါသည်။ “ငါ့မယားတောင်မှ ကြံတောမှာ မြုပ်ခဲ့တာ၊ ဒီကောင်ကြီးကိုလည်း ကြံတောမှာ မြုပ်ပစေပေါ့” ဟု အမိန့်ချပါသည်။ ဦးသန့်၏ ဂုဏ်ရည်ကို နားလည်သူ ပညာရေးဌာန ဒု-၀န်ကြီး ဦးအောင်တင်က ဦးသန့်၏ ဈာပနနေ့တွင် ၀မ်းနည်းကြောင်းနှင့် ကျောင်းပိတ်ပေးရန် ၀န်ကြီးအစည်းအဝေးတွင် အဆိုတင်သဖြင့် ထို ဒု-၀န်ကြီးကို ချက်ချင်း ရာထူးမှ ဖြုတ်ချလိုက်ပါသည်။
ဦးသန့်၏ ဈာပနသို့ နိုင်ငံတော်အစိုးရက လွမ်းသူ့ပန်းခွေမပို့ပါ။ အမည်မဖော်လိုသော အစိုးရ၀န်ထမ်း (၁၇) ဦး၏ လွမ်းသူ့ပန်းခွေဟု ဆန်းကြယ်သော ပန်းခွေတခုကို တွေ့ရပါသည်။ မူလတန်းကျောင်းတကျောင်းကလည်း ကျောင်းအမည်နှင့် လွမ်းသူ့ပန်းခွေပို့လေရာ စစ်စုံထောက်များက တရားခံများအဖြစ် လိုက်လံစုံစမ်းပါသည်။ ရာထူးမှ ပြုတ်ရသူ ဒု-၀န်ကြီးဦးအောင်တင်က သူ၏ အမည်ရေးထိုးထားသော လွမ်းသူ့ပန်းခွေပို့ပါသည်။ သူ၏ သတ္တိကို ချီးကျူးရပါမည်။
ဒု-၀န်ကြီးက တင်မောင်အား တိုးတိုးပြောသကဲ့သို့ အခြားဝန်ကြီးများကလည်း ပြောကြဟန်တူပါသည်။ ဦးနေ၀င်းက ဦးသန့်အား သူ၏ မယားနှင့် နှိုင်းယှဉ်သည်ကို လူထုကြီးက သိရှိကြပြီး ဒေါသူပုန်ထပါတော့သည်။
ဦးနေ၀င်းအမိန့်အရ ဦးသန့်၏ ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုလ်ရာတွင် အစိုးရက စစ်ထရပ်ကား (၁၅၀) လှူဒါန်းပါသည်။ စစ်စုံထောက်များက ဈာပနကို ထိန်းရန် စီစဉ်သည် ဖြစ်ပါသည်။ မရပါ။ ကျောင်းသားများနှင့် သံဃာများက ခေါင်းကို လုကြကာ ရန်ကုန်တက္ကသိုလ်သို့ သယ်သွားကြပါသည်။ ဈာပနအခမ်းအနားသစ်ကို ဒီမိုကရေစီနိုင်ငံရေးတရားပွဲများနှင့် ကျင်းပရာ လူထုကြီးက တက္ကသိုလ်ပရ၀ဏ်သို့ ကျိတ်ကျိတ်တိုးစည်းကားကာ တက်ကြပါ၏။
လေးရက်မျှ တရားပွဲများ ကျင်းပသောအခါ ဦးနေ၀င်းသည် လူထုကြီးအား အရှုံးပေးရပါသည်။ မူလက ဈာပနကော်မီတီပန်ကြားသည့်အတိုင်း ရွှေတိဂုံစေတီတော်၏ ခြေတော်ရင်းမှာ မြုပ်နှံခွင့်ပေးပါမည်။ ခေါင်းလုသူများကို အရေးမယူပါဟု ကြေညာပါသည်။ ကျောင်းသားများက လက်မခံပါ။ ဦးနေ၀င်း ဗုံးခွဲဖျက်ဆီးထားသော သမဂ္ဂမြေကွက်တွင် ဦးသန့်ဗိမာန်ကို တည်ဆောက်ကြပါသည်။
အစိုးရကို မကျေနပ်သည်မှာ ကြာပြီဖြစ်သည်ကို လူထုကြီးက သိသာထင်ရှားစွာ ဆန္ဒပြကြပါသည်။ တမြို့လုံး တရားပွဲသွားခြင်း၊ ထမင်းထုပ်ပို့ခြင်း၊ ရန်ပုံငွေလှူခြင်းတို့သာ လုပ်ဆောင်နေကြပါသည်။ အစိုးရရုံးများပင် ခြောက်ကပ်သွားပါသည်။ ထိုအချိန်က သတ္တိကောင်းသူ နိုင်ငံရေးခေါင်းဆောင် အနည်းငယ်မျှသာရှိပါက ဤအရေးအခင်းနှင့် နေ၀င်းအစိုးရကို ဖြုတ်ချနိုင်ဖွယ်ရှိသည်အထိ အင်အားကြီးပါသည်။ ဆယ်ရက်မြောက်သော နေ့တွင်မှ နယ်များမှ ခေါ်ယူလာသော ကြီးမားသည့် စစ်တပ်ကြီးဖြင့် တက္ကသိုလ်ဝင်းကို သိမ်းကာ၊ ဦးသန့်၏ ခေါင်းကို ဖော်ကာ ရွှေတိဂုံခြေရင်းတွင် ဂူသွင်းကြပါသည်။ အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားသဖြင့် လူ (၇၀၀၀) ကျော် ဖမ်းရပါသည်။ မန္တလေးတွင် လူ (၄၅၀) ဖမ်းရပါသည်။
ဦးနေ၀င်းပေးလျော်ရသော တန်ဖိုးမှာ ကြီးမားလှပါသည်။ သူရဲကောင်းကြီးကို ၀န်တိုဒေါသဖြင့် မတန်မရာ မိမိဇနီးနှင့် နှိုင်းယှဉ်မှု ပြုမိသည့်သတင်းသည် ကမ္ဘာ့သတင်းစာများတွင် ပါရှိခဲ့သဖြင့် စောစောက သူ့ကို အထင်ကြီးမိသူများပင် နှာခေါင်းရှုံ့ကြပါတော့သည်။ ။

Friday, October 1, 2010

(၅၄) မိမိ၏ ဆောင်းပါးများ ရှော်ကုန်ပြီ (ကြေးမုံဦးသောင်း)

“ခုတလော မင့်စာတွေ ငါမကြိုက်တော့ဘူး” ဟု မိတ်ဆွေရင်းတဦးက ပြောလာပါသည်။ အစိုးရနှင့် အဆင်မပြေ သဖြင့် ဘေးထိုင်နေသော မိတ်ဆွေက လေသံခပ်အေးအေးနှင့် ဖြည်းညှင်းစွာ ပြောပါသည်။ ခပ်တိုးတိုး သူ့အသံသည် တင်မောင်၏နားတွင် မိုးကြိုးကြီး ရှစ်စင်းပစ်မျှ ကျယ်လောင်စွာ မြည်ဟီးသွားပါသည်။
မိမိ၏ သတင်းစာသက်တမ်းနှစ်သုံးဆယ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲတွင် သူက ပြောခြင်းဖြစ်သည်။ ပြောမှ ပြောရက်ပလေဟု ဒေါသထွက်မိကာ စိတ်မထိန်းနိုင်ဘဲ ဘီလူးကြိမ်းသကဲ့သို့ ကြိမ်းမိသည်။ “သတင်းစာဆောင်းပါးနဲ့ ပတ်သက်လို့ ဒီနေ့ သတင်းစာလောက်မှာသာ မကဘူး။ သတင်းစာသမိုင်း တလျှောက်လုံးကို စိန်ခေါ်ဝံ့ပါတယ်။ ကျနော်ရဲ့ စာဖတ်ပရိသတ်အကြောင်းကို ကျနော်သိတယ်။ သြဇာ ဘယ်လောက်ထက်တယ်ဆိုတာကိုလည်း သိပါတယ်” ဟု မဆင်မခြင် ပြန်လည်ပြောမိသည်။
သူက ခေါင်းတညိတ်ညိတ်လှုပ်ကာ တင်မောင်အား သနားစဖွယ်သတ္တ၀ါတကောင် သဘောနှင့် ကြည့်သည်။ “ကိုယ်ပြောတာကို မင်းနားမလည်ပါလား၊ အရည်အသွေးကို ပြောနေတာ မဟုတ်ဘူးကွ။ ခုတလော မင်းရဲ့ဆောင်းပါးတွေမှာ လူထုကြီးရဲ့ ခံစားချက်တွေ မပါတော့ဘူးဆိုတာကို ပြောတာကွ” စာရေးသူ နားလည်သွားပါပြီ။ သူ့ကို ၀န်ချတောင်းပန်ရတော့သည်။
ပြည်သူပိုင်သတင်းစာလေးစောင်တွင် အပတ်စဉ်ဆောင်းပါး ရှစ်ပုဒ်၊ အကြောင်းအရာရှစ်ပုဒ် မိမိရေးလေသမျှတို့ကို ပြန်လည်စီစစ်မိပါတော့သည်။
၁၉၆၂ ခုနှစ်၊ စစ်အစိုးရ တက်လာချိန်မှ စတင်ကာ သတင်းစာဆရာများအဖို့ ဆောင်းပါးတပုဒ်ရေးမည်ပြုတိုင်း နှစ်ကြိမ်စဉ်းစားကြရသည်။ အများက အစိုးရကို ဝေဖန်ရေးသားခြင်း မပြုတော့ဘဲ ရန်ရှောင်ကြသည်။ တင်မောင်နှင့် မိမိ၏ သတင်းစာအဖွဲ့ကမူ ဝေဖန်သင့်သမျှကို ဝေဖန်သည်။ ဘေးမရှိတန်ဟု ယူဆတွက်ချက်ကာ စွန့်စားကြသည်။ တင်မောင်တို့အတွက် မှားခဲ့သည်။ အဖြေရလဒ်မှာ တင်မောင်နှင့်တကွ အယ်ဒီတာနှစ်ဦး၊ သတင်းထောက်တဦးတို့ ထောင်ထဲရောက်သွားကြသည်။
အများပြည်သူတို့၏ ထင်မြင်ယူဆချက်များကို အလိုရှိပါသည်။ ပွင့်လင်းစွာ ဝေဖန်ကြပါဟု အစိုးရက ကြေညာချက် ထုတ်ပြန်ကာ လူထုအော်သံ၊ အယ်ဒီတာထံပေးစာများမှ စတင်ကာ လွတ်လပ်စွာ ရေးကြပါဟု လှုံ့ဆော်သည်ကို တွေ့ကြသောအခါ ထောင်တွင်းရှိ စာပေလောကသားများသည် လက်ခမောင်းခတ်မိကြသည်။ အစိုးရကို ပြည်သူတွေက ထောက်ခံမှုမရှိသဖြင့် ကြေညာရလေပြီ၊ တို့အလှည့်တော့ လာလေပြီဟု အားတက်ကြသည်။ တရုတ်ပြည်တွင် မော်စီတုန်းက ပန်းမျိုးတရာ ပွင့်ပါစေဟု လွတ်လပ်စွာ ရေးသားခွင့်ပေးသော ခေတ်ကဲ့သို့ လွတ်လပ်စွာ ဆွေးနွေးချက်များကို သတင်းစာတို့တွင် ဖတ်ရှုရသဖြင့် အားတက်မိကြပါသည်။
များမကြာမီတွင် ထောင်မှ လွတ်လာပြီး ပြည်သူပိုင်သတင်းစာများတွင် ရေးသားခွင့်ရရှိသောအခါ နိုင်ငံရေး၊ လူမှုရေးကိစ္စများ ထင်မြင်ချက်တို့ကို စာရေးသူက ပွင့်လင်းစွာ ရေးခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါသည်။
သို့သော် သုံးနှစ်တိုင်ခံခဲ့သော အကျဉ်းသားဘ၀က တင်မောင်အား ပညာပေးထားပါသည်။ ဗိုလ်ချုပ်ကြီးကို စိတ်မချပါ။ စာရေးနည်းအသစ် ထွင်ရပါသည်။ ထောက်ကွက်ရေးနည်းဖြင့် ဝေဖန်ရသည်။ ပြဿနာတခုကို တင်ပြလျှင် ယင်းကိစ္စအတွက် အစိုးရ၏ အပြုအမူသည် မှန်ကန်သဖြင့် ထောက်ခံကြောင်းနှင့် အစချီပြီးမှ အဆုံးပိုင်းတွင် ပြုပြင်ပြောင်းလဲရန် တင်ပြရပါသည်။ ဥပမာ… “နိုင်ငံတော်အစိုးရက ကျနော့်အား ဖမ်းဆီးကာ ထောင်တွင်းသွင်း၍ ချုပ်နှောင်သည်မှာ တော်လှန်ရေးကြီးဆင်နွှဲချိန်တွင် အဖျက်သမားများကို ဖယ်ရှားရမည် ဖြစ်ရာ အပြုဘက်သားဟန်ဆောင်သူများ ရှိနိုင်ကြသဖြင့် အုတ်အရောရော၊ ကျောက်အရောရော ဖမ်းဆီးခဲ့ရပေရာ ကျနော့်ကို နိုင်ငံတော်အစိုးရက ထိန်းသိမ်းသည်မှာ မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်သောကြောင့် ကျနော်က ထောက်ခံပါသည်” ဟု ဆောင်းပါးအစတွင် ရေးသားခဲ့ပါသည်။ “ဟေ့ကောင် ဒူးထောက်လှချည်လားကွ” ဟု ဖတ်ရှုရသူများကပါ မရိုးမရွဆဲရေးစေသည်အထိ အစိုးရကို ချီးမြောက်ရေးခဲ့ပါသည်။
နောက်ပိုင်းတွင်မှ ထိန်းသိမ်းခံရသူတို့၏ ဘ၀သရုပ်ဖော်ကာ လင်သားကို ဖမ်းထားသောကြောင့် အပြစ်မဲ့သော သားမယားတို့ စားဝတ်နေရေးခက်ခဲကြပုံတို့ကို ဖွဲ့နွဲ့ကာ ရေးသားရပါသည်။ ထိန်းသိမ်းခံတို့မှလည်း နိုင်ငံသားများ ဖြစ်ကြပါသည်။ အပြစ်ကင်းမဲ့သူများပါရှိပါက သူတို့အား ကြာမြင့်စွာ ချုပ်နှောင်စွာထားပါက ကြီးစွာ နစ်နာကြသည် ဖြစ်သောကြောင့် ထိန်းသိမ်းထားသူများကို အမြန်စစ်ဆေးစီစစ်ကာ လွှတ်သင့်သူများကို အဆောတလျင် လွှတ်ပေးသင့်ပါသည် … စသည့် မျက်ဖြေအလင်္ကာစပ်သီသကဲ့သို့ ရေးရပါသည်။
ဗိုလ်ချုပ်ကြီးက တင်မောင်၏ စာကို ဖတ်ရာမှ အမျက်တော်ပြေသွားဟန်တူပါသည်။ ရက်ပိုင်းအတွင်း ထိန်းသိမ်းထားသူ နှစ်ထောင်ကျော်ကို ထောင်မှ လွှတ်ပေးခဲ့ပါသည်။
ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်ဝေဖန်ချက်များ ရေးသားရာတွင် လူထုအကျိုးပြုဌာနများ သုံးစွဲငွေ နည်းပါးသည်ကို စာရင်းဇယားနှင့် ပြရသည်မို့ ရဲဝံ့စွာဝေဖန်နိုင်ခဲ့ပါသည်။ ရံဖန်ရံခါတွင်မူ ခပ်ကြမ်းကြမ်း ရေးမိသည်လည်း ရှိပါသည်။ ကျွန်းဆွယ်ပွဲကျင်းပစဉ်က ပွဲကြည့်လက်မှတ်များကို စစ်ဗိုလ်မိသားစုများကိုသာ လက်သိပ်ထိုးရောင်းခဲ့လေရာ ပွဲကျင်းပသောနေ့တွင် လက်မှတ်ရုံတို့၌ ရောင်းရန်လက်မှတ်မရှိသလောက် ဖြစ်သွားပါသည်။ လက်မှတ်ဝယ်မရနိုင်သူ အရပ်သားလူထုက မကျေနပ်သဖြင့် တိုးဝှေ့ကြရာမှ အဓိကရုဏ်း ဖြစ်ပွားပါသည်။
“ဘာမဆို သူတို့ချည်းပဲ” ဟု ခေါင်းစဉ်တပ်ကာ အစိုးရဌာနများမှ အရာရှိများနှင့် သားတော်သမီးတော်များက ပြပွဲကပွဲများတွင်ပါ ပွဲလမ်းရှိတိုင်း နေရာအရယူကြသဖြင့် ဤသို့ ဖြစ်ပွားရသည်။ စစ်ဗိုလ်များ မတရား အခွင့်အရေး ယူကြသဖြင့် ဆူပူမှု ဖြစ်ရသည်ဟု ပြင်းထန်စွာ ရေးခဲ့ပါသည်။ အဓိကရုဏ်းသည် ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ တင်မောင်၏ ဝေဖန်ချက်မှန်လွန်းသဖြင့် စစ်ဗိုလ်တဦးတလေကမှ တုံ့ပြန်မှုမပြုပါ။ ပညာရေးဌာနရောက်နေသော ကွန်မြူနစ်ကျောင်းသားခေါင်းဆောင်တဦးကသာ “ဒီဆောင်းပါးကြောင့် ပိုမိုဆူပူကြသည်။ ကျောင်းသားများ ထိန်းမရပါ” ဟု ဌာနအစည်းအဝေးသို့ တင်ကာ ကန့်ကွက်စေကာမူ တင်မောင်၏ အထက်မှ ၀န်ကြီးက အရေးယူခြင်းမပြုခဲ့ပါ။
နောက်ပိုင်းတွင်မူ စီးပွားရေးကျဆင်းလာခြင်းကြောင့် လူထုက လှုပ်ရှားစပြုလာရာမှ စာရေးသူ၏ စာမူအချို့ကို အယ်ဒီတာများက ပုံမနှိပ်မီ ၀န်ကြီးရုံးသို့ တင်စပြုလာပါသည်။
ဒေါက်တာဘမော်ကွယ်လွန်စဉ်က မှတ်တမ်းဆောင်းပါးတခုကို တင်မောင်က ရေးခဲ့ပါသည်။ မိမိငယ်စဉ်က ပထမဆုံးဟစ်ခဲ့ရသော နိုင်ငံရေးကြွေးကြော်သံမှာ “ဘမော် -- ဘမော် -- အို့ အို့ -- မီးတုတ်မီးတုတ် ရှို့ရှို့” ဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်၏ မိတ်ဆွေ၊ ဂျပန်၏ရုပ်သေးဖြစ်စေကာ မျိုးချစ်တဦးဟု တင်မောင်က မြင်ပါသည်။ စစ်ကြီးအစတွင် သခင်အောင်ဆန်းနှင့် ပူးပေါင်းကာ ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ကာ လွတ်လပ်ရေး အရေးဆိုခဲ့သော ချီးကျူးဖွယ် အစဉ်အလာလည်း ရှိပါသည်။
ထို့ပြင် တင်မောင်နှင့် ဆက်ဆံရာတွင် ချစ်ဖွယ်ကောင်းသော အပြုအမူကလေးများကိုလည်း တွေ့သိထားပါသည်။ ကြေးမုံဂျာနယ်တွင် ကိုယ်လုံးတီးပုံ (၄) ပုံ ဖော်ပြပြီး ရန်ကုန်လူကြီးလူကောင်းရပ်ကွက်မှ အမျိုးသမီးတဦးဟု ရေးသားသည်ကို ဗိုလ်စင်္ကြာက အသရေပျက်မှုနှင့် တရားစွဲပါသည်။ ယင်းကိစ္စအတွက် တောင်းပန်စာ ဖော်ပြပေးရမည်ဟု ၀တ်လုံကြီး ဒေါက်တာဘမော်က တောင်းဆိုသည်ကို တင်မောင်က ငြင်းဆိုပါသည်။
“လုပ်ပါဦး သတင်းထောက်ကြီးရယ်၊ မင်းတို့မှာ ဒီလိုတောင်းပန်တာကြောင့် ပွန်းပဲ့မသွားပါဘူးကွာ” ဟု သူက တင်မောင်အား သူ့အိမ်သို့ ဖိတ်ပြီး လက်ဖက်ရည်တိုက်ကာ ချော့ပါသည်။
“ဘာလို့တောင်းပန်ရမှာလဲ၊ ကျနော်တို့က ဘယ်သူဘယ်ဝါလို့ စွပ်စွဲတာမှ မဟုတ်ဘဲ။ ရုံးတော်သာ တင်ပါ၊ ကျနော်တို့က နိုင်ရမှာပါ။ ဦးလဲ သိပါတယ်”
“ကဲပါလေ၊ ငါကမေးပါမယ်။ ငါဟာဘာလဲ”
“အဓိကရ ၀တ်လုံကြီး၊ နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတဦးပါ”
“မင်းသတင်းစာရဲ့ ရှေ့နေက ဘယ်သူလဲ”
“သိသားနဲ့ ဘာလို့မေးရတာလဲ။ ဆရာကြီး ဒေါက်တာအေးမောင်လေ”
“သတင်းထောက်ကြီး စဉ်းစားပါကွာ၊ မြန်မာနိုင်ငံမှာ ထိပ်ဆုံးမှာရှိကြတဲ့ ၀တ်လုံတော်ရကြီးနှစ်ဦးဟာ အသက်ကလည်း ကြီးရင့်လှပြီကွ။ မင့်အမေကလွှား မင့်ပုံနှိပ်တဲ့ ၀တ်လစ်စလစ်ပုံကိစ္စအတွက် ဥပဒေပါရဂူကြီး နှစ်ဦးတို့ ရုံးတော်မှာ လျှောက်လဲကြမယ်ဆိုတာ အရပ်ရပ်နေပြည်တော်မှာ လူကြားလို့မှ မတော်ပါဘူးကွာ”
ဤသို့ ချစ်စဖွယ် အပြောကလေးကြောင့် ကြေးမုံက မုချနိုင်နေသော အမှုကို အရှုံးပေးကာ ၀န်ချတောင်းပန်ခဲ့ရပါသည်။
ဒေါက်တာဘမော် ကွယ်လွန်စဉ်က သူ့အတွက် နာရေးဆောင်းပါးကို ဖွဲ့နွဲ့စွာရေးမိပါသည်။ ဒု-၀န်ကြီးက တင်မောင်အား ဆင့်ခေါ်ကာ ပယ်ချပါ၏။ ဦးသန့်အရေးကို အကြောင်းပြကာ ခေါင်းဆောင်ဟောင်းကြီးများ၏ အကြောင်းကို မရေးလျှင်ကောင်းသည်ဆိုပါ၏။ ဤ၀န်ကြီး၊ ဤအစိုးရခေတ်တွင် စာကောင်းပေမွန်များ ရေးသားခွင့် အမြဲမရနိုင်ပါပေ။ ။

Saturday, September 25, 2010

(၅၃) ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဗေဒင်ယတြာကို အယူသည်းစွာ ယုံကြည်သူဖြစ်ပါသည်။ ၁၉၅၈ ခု အစိုးရတက်စကာလ က ရွှေတိဂုံစေတီတော် ရှေ့မုခ်တန်ဆောင်းတခုတွင် တန်ဆောင်းပြည့် သင်ဖြူးများခင်းကာ ယတြာလှူဒါန်းပါသည်။ သတင်းတိကျစွာရသဖြင့် ကြေးမုံတွင် ဓာတ်ပုံနှင့် ဖော်ပြရာ၌ အလှူရှင် ဗိုလ်ချုပ်ကြီးဖြစ်သည်ဟု တိကျစွာ မရေးရဲစေကာမူ သူ အလှူရှင်ဖြစ်သည်ကို စာဖတ်သူတို့ သိသာအောင် ဖော်ပြနိုင်ခဲ့ပါသည်။
တော်လှန်ရေးအစိုးရခေတ်တွင် ယတြာဆင်ခြင်း၊ ယတြာပြုခြင်း၊ ယတြာချေခြင်းတို့ကို များစွာပြုလေ့ရှိပါသည်။ ငပလီဆိပ်ကမ်းသို့သွားကာ အောင်အမည်ပါသော အမျိုးသမီးနှင့် ယတြာလက်ထပ်ပွဲကျင်းပကာ မိမိ၏ အလောင်းအတုကို ပင်လယ်တွင်းသို့ မျောခဲ့သည်ဟု သတင်းကြားရပါ၏။ ငွေစက္ကူများ ထုတ်ဝေရာတွင် (၉၀) တန်၊ (၄၅) ကျပ်တန် စသည့် ငွေစက္ကူများ ထုတ်ဝေကာ ယတြာဆင်သည်မှာ ယုံချင်ယုံ မယုံချင်နေ ကမ္ဘာ့အဆန်းများ သမိုင်းဝင်ပြက်လုံးကြီး ဖြစ်ပါသည်။
ဦးနုသည်လည်း ဗေဒင်ယတြာ အယူသည်းသူ ဖြစ်ပါသည်။ ဦးနေ၀င်းက ကိုးကွယ်သော ဗေဒင်ဆရာ မည်သူဖြစ်သည်ကို လျှို့ဝှက်ပါသည်။ လူသိမခံလိုပါ။ “ရန်ကုန်မှာ နာမည်ကြီးတဲ့ ဗေဒင်ဆရာမှန်သမျှ ဦးနု မမေးဖူးသူ မရှိ” ဟု ဦးကျော်ငြိမ်းက ပြောဖူးပါသည်။ ဦးနုက ဗေဒင်ယတြာကို ယုံကြည်ကြောင်း ပွင့်လင်းစွာ ပြောရဲပါသည်။
ပထမ လွတ်လပ်ရေးနေ့မှ စတင်ကာ လွတ်လပ်ရေးနေ့တိုင်း အလံတင်ပွဲကို ဓာတ်ပုံရိုက်ရတိုင်း အေးစက်သော ရာသီဥတုကြောင့် ၀န်ကြီးချုပ်ဦးနု၏ ဗေဒင်ဆရာများကို မျက်စောင်းထိုးမိပါသည်။ ကြံကြံဖန်ဖန် နံနက်က (၄) နာရီ မိနစ် (၂၀) တွင် သူတို့က အခါတော်ပေးသဖြင့် သတင်းထောက်ငနဲများ ပင်ပန်းရသည်ဟု တင်မောင်တို့ ပြောလေ့ရှိပါသည်။
ဦးနုသည် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့က ဦးအောင်ဆန်းကျဆုံးရှာပြီးနောက် နာရီအနည်းငယ်အတွင်း ၀န်ကြီးချုပ်တာဝန်ကို လက်ခံယူစေကာမူ ဘုရင်ခံထံ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာဆိုရမည့် အချိန်ကို သြဂုတ်လ (၂) ရက်နေ့၊ ညနေ (၆) နာရီတွင်မှ အခါရပါသည်ဟု မေတ္တာရပ်သဖြင့် ဘုရင်ခံခမျာ မူလက ချိန်းဆိုထားသော ဂေါက်သီးပွဲကို ဖျက်ကာ အခမ်းအနားကျင်းပရသည်ဟု သိရပါသည်။ အလျင်လို အရေးကြီးသောကာလတွင် ဗေဒင်ဆရာတို့ကို အားကိုးသူဖြစ်ပါသည်။
ထိုခေတ်က ဒေါ်လာ (၆) သန်းကုန်သော လှိုဏ်ဂူတော်တွင် ကမ္ဘာ့သမိုင်းဝင် သင်္ဂါယနာတင်ပွဲကို နေ့ (၁၂) နာရီ (၁၂) မိနစ်တိတိတွင် စတင်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ်တွင် ၀န်ကြီးချုပ်ရာထူးကို ဦးဗဆွေသို့ လွှဲပေးစဉ်က နံနက် (၉) နာရီတိတိတွင်မှ ရုံးမှ ထွက်ပေးပါသည်။
ဤသို့သောအဖြစ်ကလေးများနှင့် အစိုးရအဖွဲ့က ဗလိနတ်စာကျွေးခြင်းစသည့်အမှုများကို ပြုသဖြင့် ဦးနုအား အယူသည်းဗုဒ္ဓ၀ါဒီကြီးဖြစ်သည်ဟု ဝေဖန်ကြပါသည်။ နိုင်ငံရေးနယ်သို့ ၀င်လာခါစ တကသဥက္ကဌခေတ်ကပင် ပုတီးစိပ်ခြင်းအလုပ်ကို အရေးတကြီးလုပ်ခဲ့သူဖြစ်သဖြင့် သူ၏ရဲဘော်များက သူ့ကို နားလည်ကြပါသည်။
ဗုဒ္ဓဘာသာဝင်တဦးအဖြစ် ဦးနုက ၀န်ကြီးချုပ်ဖြစ်ခိုက်တွင် နွားမသတ်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်ကို ဗိုလ်နေ၀င်းက မျက်စိဆံပင်မွှေး စူးနေဟန်တူပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် ဗိုလ်နေ၀င်း အာဏာရယူသည့်နေ့တွင် ပထမဆုံးထုတ်ပြန်သော အမိန့်မှာ နွားများသတ်နိုင်သည်ဟူသော အမိန့်ဖြစ်ပါသည်။ ထိုအမိန့်အတွက် ဦးနုက ဗိုလ်နေ၀င်း အပါယ်လားတော့မှာပဲဟု ကြီးစွာ ကရုဏာသက်ရှာသည်ဟု သိရပါသည်။ ရွေးကောက်ပွဲအနိုင်ရသဖြင့် ဗိုလ်ချုပ်ကြီးနေ၀င်းက ဦးနုကို ရာထူးပြန်လွှဲပေးရမည့်ရက်မတိုင်မီ (၇) ရက်အလိုတွင် ၀န်ကြီးချုပ်ဟောင်း ဦးနုက လက်ရှိ ၀န်ကြီးချုပ် ဗိုလ်နေ၀င်းအား အကြံပေးပါသည်။ နွားများသတ်စေအမိန့်သည် ဗိုလ်နေ၀င်းအဖို့ ငရဲပွားမည်ဖြစ်သောကြောင့် အာဏာမလွှဲမီ ကာလကလေးတွင် အမိန့်ကို ပြန်ပြင်ပါလား။ နောင်ဘ၀သို့ ဘ၀ကူးကောင်းနိုင်ပါသည်ဟု ဦးနုက မေတ္တာရပ် ပြောရှာသည်။ ဗိုလ်နေ၀င်းက (စိတ်ထဲမှ ကြိတ်ရယ်နေမည် ထင်ပါသည်) ခေါင်းရမ်းပါသည်။ ၁၉၆၀ ခု၊ ဧပြီလ (၄) ရက်နေ့တွင် ဦးနုက အာဏာကို ပြန်လည်လွှဲယူပြီး (၂) နာရီကြာသောအခါ ၀န်ကြီးချုပ်သစ် ဦးနုက ပထမဆုံး ထုတ်ပြန်သော အမိန့်မှာ နွားများမသတ်ရ အမိန့်ဖြစ်ပါသည်။
နိုင်ငံရေးလမ်းစဉ်တွင်မူ ဗိုလ်နေ၀င်းက တင်းမာပြတ်သားသည်နှင့်အမျှ ဦးနုကလည်း တင်းမာသည်။ သို့သော် နူးညံ့ပျော့ပြောင်းစွာ ကိုင်တွယ်ပါသည်။
၁၉၄၉ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့က ဦးအောင်ဆန်းတို့ ကျဆုံးပြီး နာရီအနည်းငယ်အတွင်း ဘုရင်ခံက ဖိတ်ခေါ်ကာ ၀န်ကြီးချုပ်ရာထူးကို ယူပါဟု တာဝန်ပေးသည်ကို လက်ခံခဲ့ပါသည်။ ထိုညတွင် ဖဆပလမှ ထုတ်ထားသော သခင်သန်းထွန်းနှင့် ကွန်မြူနစ်ခေါင်းဆောင်များကို သူ၏အိမ်သို့ ဖိတ်ခေါ်ကာ ဦးအောင်ဆန်းကျဆုံးသဖြင့် အရေးကြီးသောကြောင့် သွေးစည်းကာ ဖဆပလနှင့် ကွန်မြူနစ်ပါတီ ပူးပေါင်းကာ အစိုးရဖွဲ့ရန် ဆွေးနွေးအားထုတ် ပါသည်။ သခင်သန်းထွန်းက အာဏာပိုတောင်းသဖြင့် ပျက်ခဲ့ရသည်။
အခြေခံဥပဒေကြီးရေးစဉ်က ဦးနုက လူမျိုးစုများ၏ ဆန္ဒများကို ကြည်ဖြူကာ လိုက်လျောခဲ့ပါသည်။ ကချင်ခေါင်းဆောင်များက မြစ်ကြီးနားမြို့ကို ကချင်ပြည်နယ်သို့ ပေးပါဟု တင်ပြရာ ဦးနုက ဗန်းမော်မြို့ပါ ယူသင့်သည်ဟု လိုက်လျောသဖြင့် စေတနာကို နားလည်သောကြောင့် ကယားခေါင်းဆောင်များက ပြည်နယ်ခွဲခွင့် မတောင်းတော့ဟု သိရပါသည်။
အခြေခံဥပဒေရေးဆွဲရေး မူလမ်းစဉ်ကို ဦးအောင်ဆန်းက ၁၉၄၇ ခု၊ ဇွန်လ (၁၆) ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်တွင် တင်ခဲ့ပါသည်။ ထိုည၌ မိုင်းပွန်စော်ဘွားက ဦးနုအိမ်သို့သွားကာ (၁၀) နှစ်ကြာကာလတွင် မကျေနပ်ပါက ရှမ်းပြည်နယ်သည် ခွဲထွက်ပိုင်ခွင့်ရှိသည်ဟု အာမခံချက်ပုဒ်မ မပါလျှင် ဦးအောင်ဆန်း၏အဆိုကို ထောက်ခံမှုမပြုနိုင်ဟု အကြပ်ကိုင်ပါသည်။ “ဗျာ.. နိုင်ငံမှ မတည်ထောင်ရသေးဘူး ခွဲဖို့စကားပြောတာ မတော်ပါဘူး” ဦးအောင်ဆန်းက မှတ်ချက်ချပါသည်။ ဦးနုကမူ လိုက်လျောပါသည်။
“တို့တတွေက သူတို့လူမျိုးစုတွေ ကောင်းစားဖို့လည်း လုပ်ကြမှာပဲဟာ။ သူတို့အကျိုးစီးပွားကို တို့က (၁၀) နှစ် လက်တွေ့လုပ်ပြလိုက်လျှင် သူတို့တတွေ ခွဲစကားပြောမှာ မဟုတ်တော့ပါဘူး” ဟု ဦးနုက ဦးအောင်ဆန်းကို နှစ်သိမ့်ခဲ့သည် ဆိုပါသည်။
ဦးနုပြောသည့်အတိုင်း (၁၀) နှစ်လွန်သောအခါတွင် ရှမ်းခေါင်းဆောင်မျာက ပြည်နယ်ခွဲကြရေးကို တောင်းဆိုမှု မပြုခဲ့ပါ။ ပြည်နယ်၊ ပြည်မ ပိုမိုညီညွတ်ရေးအတွက် အခြေခံဥပဒေကြီး ပြင်ဆင်ရေးကိုသာ တောင်းဆိုခဲ့ပါသည်။ ပြည်နယ်ပြည်မ ပိုမိုညီညွတ်ပါက စစ်တပ်သြဇာမတက်နိုင်သောကြောင့် ပြင်ဆင်ရေးတောင်းဆိုချက်ကို ပြည်နယ်ခွဲရေးအဆိုသဖွယ် ၀ါဒဖြန့်ကာ အာဏာသိမ်းခဲ့ပါသည်။
ဦးအောင်ဆန်းမရှိသည့်နောက်တွင် ဦးနုက ဗိုလ်နေ၀င်းကို ယုံကြည်သူ၊ စေတနာ ကောင်းခဲ့သူ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲတွင် ဗိုလ်နေ၀င်း ပါဝင်မည်မဟုတ်ဟု ဦးနုက ယုံကြည်ပါသည်။ ဗိုလ်နေ၀င်း စေလွှတ်သဖြင့် လာရောက်ဖမ်းဆီးသော စစ်ဗိုလ်အား “ဗိုလ်နေ၀င်းကိုလည်း ဖမ်းကြသလား” ဟုပင် မေးသည်ဟု သိရပါသည်။
ပြဿနာမှာ ဗုဒ္ဓဘာသာကို အလေးအနက်ယုံကြည်သော ဦးနုတွင် လူသားတို့၏ စာရိတ္တနှင့် ပတ်သက်၍ ပြတ်သားသော ယုံကြည်ချက်ကို ခံယူထားပါသည်။ ဤလောကတွင် အရောင်များနှင့် စပ်လျဉ်း၍ အရောင်အဖျော့၊ အရောင်အရင့်၊ အရောင်မရင့်တရင့် စသည်ဖြင့် အဆင့်ဆင့်ခွဲနိုင်သည်။ အရာဝတ္ထုပစ္စည်းများတွင်လည်း ကောင်းသည်၊ နည်းနည်းကောင်းသည် စသည်ဖြင့် အဆင့်များ ခွဲ၍ရနိုင်သည်။ လူသားတဦးအဖို့မူ လူဆိုးနှင့် လူကောင်းဟု နှစ်မျိုးသာရှိသည်။ နည်းနည်းကောင်းသော လူကောင်း၊ များများကောင်းသော လူကောင်း၊ ပိုမိုကောင်းသော လူကောင်း၊ နည်းနည်းဆိုးသော လူဆိုး၊ များများဆိုးသော လူဆိုးဟု အဆင့်ခွဲရန် မလိုဟု သူက ယူဆပါသည်။ ဒီနေ့ဒီနေရာမှာ ကောင်းပြီး မနက်ဖြန် ဟိုနေရာတွင် ဆိုးသွမ်းသူဖြစ်ပါက ထိုသူသည် လူကောင်းမဟုတ်၊ လူဆိုးသာ ဖြစ်သည်။ လူကောင်းသည် အမြဲကောင်းသူဖြစ်ရမည်ဟု ဦးနုက ပြတ်သားစွာ ယုံကြည်ပါသည်။ စာရေးဆရာဘ၀က ဦးနုရေးသားသော နောင်တော်ချွတ်ခမ်း ၀တ္ထုတွင် ထိုခေတ်က အင်္ဂလိပ်အလိုတော်ရိ ခေါင်းဆောင်များ သူတပါးသားမယားတို့အပေါ် ဖောက်ပြန်ကြသည်ကို ပြင်းထန်စွာ ရှုတ်ချရေးသားခဲ့ပါသည်။ “သူတပါးရဲ့ သားမယားကိုမှ စိတ်မချရသူများကို အဘယ်မှာ နိုင်ငံ၏ အမှုကိစ္စများကို အပ်နှင်းရန် စိတ်ချနိုင်ပါမည်နည်း” ဟု ရေးသားခဲ့ပါသည်။
ထို့ကြောင့်လင်ကြီးငုတ်တုတ်ရှိသူ ဒေါ်ခင်မေသန်းအား ဗိုလ်ချုပ်ကြီးနေ၀င်းက လက်ထပ်သည်ကို ၀န်ကြီးချုပ်ဦးနုက နိုင်ငံအတွက် ကြီးစွာအရှက်ရသဖြင့် တပ်မတော်သေနာပတိရာထူးမှ ဖြုတ်ချရန် ၀န်ကြီးအဖွဲ့ အထူးအစည်းအဝေးသို့ တင်သွင်းဆုံးဖြတ်ခဲ့ပါသည်။ သာသနာရေးဝန်ကြီး ဦးဘစောက ဗိုလ်နေ၀င်းထံသို့ သွားရောက်သတင်းပေးသဖြင့် ဗိုလ်နေ၀င်းက ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ဒူးထောက်တောင်းပန်ခဲ့ပါသည်။ ဦးနုသည် သူ၏ ဆုံးဖြတ်ချက်ကြီးများကို ပြင်ဆင်လေ့ရှိသူမဟုတ်ပါ။ ယခုအမှုတွင်မူ ၀န်ကြီးအဖွဲ့အစည်းအဝေး ထပ်မံကျင်းပရာတွင် ၀န်ကြီးအများစုက တောင်းပန်ကြသောအခါတွင် ဒီမိုကရေစီအများဆန္ဒကို ယုံကြည်သူဖြစ်သဖြင့် သူ၏အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့ရပေသည်။
အကယ်၍ ဦးကျော်ငြိမ်းတို့အစုက တောင်းပန်သမှုမပြုပါလျှင် ၀န်ကြီးချုပ်ဦးနု၏ အဆိုသာ ဆက်လက်အတည် ဖြစ်ပါလျှင် မိမိထင်ရာလုပ်နိုင်သော စစ်ဝါဒမျိုးစေ့ မျိုးညှောက်သည် စောစောကပင် ကျေပျက်နေမည်သာ ဖြစ်သဖြင့် သမိုင်းဇာတ်ကြောင်း ပြောင်းလဲသွားကာ မြန်မာအမျိုးသားတို့ ယနေ့ခံစားနေရသော ဒုက္ခမီးမှ ကင်းလွတ်ပေမည်ဟု ယူဆနိုင်ပါသည်။ ။

Wednesday, September 15, 2010

(၅၂) ရာသက်ပန် အာဏာဆုပ်ကိုင်နည်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်း၏ လက်ရေးမူရင်းနှင့် စာတစောင်ကို တင်မောင်က မိတ္တူကူးကာ သိမ်းထားမိပါသည်။ ၁၉၄၃ ခု၊ အောက်တိုဘာလ (၂၆) ရက်နေ့စွဲနှင့် ရေးထားသော ထိုစာတွင် “တိုင်းပြည်တခု၏ ကြီးပွားမှု၊ တိုးတက်မှု၊ ခိုင်မြဲမှုသည် ထိုတိုင်းပြည်အင်အားတည်းဟူသော စစ်တပ်ပေါ်၌ အခြေတည်လျက်ရှိ၏” ဟု ရေးသားထားပါသည်။ ဂျပန်သို့ စစ်ပညာသင်ပို့ထားသော ကျောင်းသားများထံသို့ ပေးပို့သော ထိုစာကို “ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ်နေ၀င်း” ဟု လက်မှတ်ရေးထိုးထားပါသည်။
အလွန်မှားယွင်းသော စစ်ဝါဒဖြစ်ပါသည်။ ဂျပန်နိုင်ငံနှင့် ဂျာမနီပြည်တို့တွင် စစ်အင်အားကို ကြီးမားစွာ တည်ဆောက်မိရာက စစ်ဝါဒီများ ကြီးစိုးခံရသောကြောင့် ပျက်စီးခဲ့ရပါသည်။ ကမ္ဘာစစ်လွန်ကာလ၊ စစ်အင်အား တာဝန် ကင်းကွာသောကာလ၊ စစ်စားရိတ်မရှိမှ ကြီးပွားတိုးတက်နေသည်ကို မျက်မှောက်ခေတ်သမိုင်းက သက်သေပြနေပါသည်။ အထက်အမိန့်နာခံခြင်းကိုသာ အခြေပြုကာ တည်ဆောက်ရလေ့ရှိသော စစ်တပ်သည် နိုင်ငံတခု၏ ကြီးပွားမှုကို လုပ်ဆောင်နိုင်သော အရည်အချင်းမရှိနိုင်ပါ။
ယင်းစစ်ဝါဒီကြီးအဖို့ နိုင်ငံရေးအာဏာကို ကြာမြင့်စွာ သိမ်းပိုက်ထားနိုင်ခဲ့သည်မှာ ဘာကြောင့်နည်းဟု မေးခွန်းပေါ်လာပါသည်။ ဦးအုန်းခင်၊ ဦးညိုမြ၊ သခင်ဘသောင်း၊ ဦးစိန်ဝင်း၊ ဦးချစ်ထွန်း စသော မြန်မာသတင်းစာ ဆရာများသည် အခွင့်ကြုံတိုင်း ဘာကြောင့် နေ၀င်း စစ်ဝါဒအာဏာမြဲရသနည်းဟု ဆွေးနွေးလေ့ရှိရာ အောက်ပါ အချက်များကို သုံးသပ်မိကြပါသည်။
၁။ ကိုယ်ပိုင်စစ်စုံထောက်အဖွဲ့သည် ဗိုလ်နေ၀င်း၏ အင်အားတခုဖြစ်ပါသည်။ အတိုက်အခံပြုမည့် ဆန့်ကျင်သူ နိုင်ငံရေးခေါင်းဆောင်များကို မျက်လုံးဒေါက်ထောက်ကြည့်ကာ ကြည့်ရှုစုံစမ်းနေသကဲ့သို့ မိမိလက်အောက်ခံ စစ်ဗိုလ်ကြီးများကိုလည်း အမြဲစုံစမ်းနေသဖြင့် သူ့ကို လှန်ရဲသူ မရှိတော့ပါ။ ၁၉၆၁ ခုနှစ်က ဗိုလ်မှူးကြီး (၁၃) ဦးကို ရာထူးမှ ဖယ်ရှားစဉ်က စစ်စုံထောက်မှတ်တမ်းဖိုင်တွဲကြီးများကို တရွက်ချင်းလှန်ကာ မည်သူက စစ်ဆင်ရေးစားရိတ်ငွေအများ လာဘ်စားကြောင်း၊ မည်သူက မည်နှယ် လာဘ်ယူကြောင်း အသေးစိတ်ဖတ်ပြသဖြင့် တရားခံများ စောဒကမတက်နိုင်ဘဲ ခံခဲ့ရပါသည်။ ၁၉၇၅ ခုလောက်တွင် တဖန် မဆလ ၀န်ကြီးအားလုံးတို့ကို အိမ်တော်သို့ ဆင့်ခေါ်ကာ ဗိုလ်ချုပ်စန်းယုကတော်က ရာထူးတက်သူ စစ်ဗိုလ်ကလေးများ၏ စာရင်းကို တင်ကြိုရယူကာ ငွေတောင်းလေ့ရှိကြောင်းမှ စတင်ကာ ၀န်ကြီးအားလုံးတို့၏ ရာဇ၀တ်မှု ခွေးရေပုရပိုက် ကြီးကို ဖတ်ပြကာ ပြင်းထန်စွာ သတိပေးသဖြင့် သူ့ကို တုန်နေအောင် ကြောက်ကြရကာ သူခိုင်းသမျှ သစ္စာရှိစွာ လုပ်ကြရပါသည်။
၂။ ဗိုလ်ကြီးအဆင့်မှ စကာ စစ်တပ်တွင် ရာထူးအတက်အကျ၊ အရွေ့အပြောင်း အမိန့်များကို ကိုယ်တိုင်ကြည့်ကာ စွက်ဖက်ခြင်း၊ ပိုမိုရာထူးမြှင့်ပေးခြင်းတို့ပြုကာ သက်ဆိုင်ရာစစ်ဗိုလ်ကို သူက ရာထူးမြှင့်ပေးသည်ဟု သိစေကာ သစ္စာခံစေပါသည်။
၃။ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ထူးကဲစွာ မှတ်ဉာဏ်ကောင်းပါသည်။ တွေ့သိသမျှ လူအားလုံးကို အမှုကိစ္စ အကြောင်းအရာများ အသေးစိတ်မှတ်သားမိလေ့ရှိပါသည်။
၎။ ဓားခံရန်နှင့် သူ၏ သြဇာထက်ရန်အတွက် လူညံ့များကို မွေးလေ့ရှိပါသည်။ တပ်တွင် ရာထူးကြီးများ တိုးမြှင့်ပေးရာတွင် အနိမ့်မှလူကို သုံးဆင့်ခန့် တက်ပေးလေ့ရှိပါသည်။ မတန်မရာသော ရာထူးကို ရရှိသူက သူ့ကို ရှိခိုးနေမည်ဖြစ်ပါသည်။ သူ၏ အစိုးရအဖွဲ့တွင် ၀န်ကြီးခန့်ပါက ဆိုင်ရာဌာနတွင် ကျွမ်းကျင်မှုမရှိသူများကိုသာ တမင်ရွေးချယ်ကာ ခန့်ထားလေ့ရှိပါသည်။ စက်မှုကျွမ်းကျင်သူကို လယ်ယာပို့ကာ သတင်းစာကို လကြည့်ပင် ၀ယ်ယူဖတ်လေ့မရှိသူကို ပြန်ကြားရေးဌာနသို့ ပို့ပါသည်။ သို့မှသာ ၀န်ကြီးများတာဝန်ကို လုပ်ဆောင်ရာ၌ သူ့ကို အားကိုးနေရပါသည်။ ထို့ပြင် ပြဿနာပေါ်က ထိုသူ၏အပြစ်ဖြစ်သည်ဟု ဓားစာခံပြုကာ ချနင်းလေ့ရှိပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြုတ်ကျရသော ဓားစာခံ စစ်ဗိုလ်ဝန်ကြီးများ များပြားလှပါသည်။
၅။ ထီးမွေ နန်းမွေ ဆက်ခံရန် ဒုတိယလူ၊ အိမ်ရှေ့မင်းထားလေ့မရှိပါ။ သူက နံပါတ်တစ်တွင် နေရာယူကာ လက်အောက်တွင် နံပါတ်ငါးအဆင့်ရှိသူကိုသာ ခန့်ထားလေ့ရှိပါသည်။ နံပါတ်တစ်မှ လုံးဝမဆင်းလိုပါ။ တကြိမ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီရွေးချယ်ပွဲတွင် ထိပ်ပိုင်းမှ အရွေးခံရစေကာမူ ခေါင်းဆောင်နှစ်ဦးက သူ့ထက်မဲ ပိုမိုရရှိနေသဖြင့် စစ်ဗိုလ်ဟောင်းခေါင်းဆောင်နှစ်ဦးကို အပြစ်ရှာဖမ်းဆီးကာ ပါတီဝင်အများကို သန့်ရှင်းရေးပြု၍ ပါတီမှရော အစိုးရအဖွဲ့မှပါ ခေါင်းဆောင်များ၊ ၀န်ကြီးများကို ဖယ်ရှားခဲ့ပါသည်။
၆။ မာန်မာနပြင်းထန်သူ ဖြစ်စေကာမူ လိုအပ်ပါက ဒူးထောက်ရန် ၀န်မလေးသူ ဖြစ်ပါသည်။ လင်ရှိအမျိုးသမီး ဖြစ်သူ ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က တပ်မတော်စစ်ဦးစီးချုပ်က ကာမေသုမိစ္ဆာကံကို ကျူးလွန်သူဖြစ်သဖြင့် ၀န်ကြီးချုပ်ဦးနုက စိတ်ဆိုးရုံသာမက ကြီးစွာရှက်သဖြင့် ၀န်ကြီးအဖွဲ့အစည်းအဝေးသို့တင်ကာ သူ့အား ရာထူးဖြုတ်ချရန် ဆုံးဖြတ်ခဲ့ပါသည်။ ၀န်ကြီးချုပ်အား တွေ့ပါရစေဟု သူက အသနားခံသော်လည်း ဦးနုက အတွေ့မခံပါ။ ဗိုလ်ချုပ်နေ၀င်းသည် သခင်ချစ်မောင်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့အား တွေ့ဆုံကာ မျက်ရည်ခံထိုးသည်အထိ ၀န်ချသဖြင့် သူတို့က ဦးနုကို ၀ိုင်းကာတောင်းပန်သဖြင့် ရာထူးကို ပြန်လည်ရရှိခဲ့ပါသည်။
၇။ နိုင်ငံ၏ ဓနစွမ်းအားကို ရက်ရောစွာ ငယ်သားများကို ပေးပါသည်။ စစ်ဗိုလ်မှန်သမျှ ရာထူးပြုတ်စေကာမူ သံအမတ်ရာထူးမှ စတင်ကာ မဂ္ဂဇင်းထုတ်ဝေခွင့်အထိပေးခြင်း၊ ပါတီတွင် နိုင်ငံရေးတာဝန်ယူသူများကို အစိုးရ၀န်ထမ်းကဲ့သို့ပင် ပင်စင်လစာပေးခြင်း၊ နိုင်ငံရေးသမားမှန်သမျှကို နိုင်ငံ့ဂုဏ်ရည်ဆုပေးခြင်း … စသည်ဖြင့် သူ့ကိုအန်မတုစေရန် ချွေးသိပ်ပါ၏။
ဤဗိုလ်နေ၀င်း၏ အာဏာထိန်းနည်းအချက် (၇) ချက်မှာ ဆရာ့ဆရာများ၏ အမြင်ဖြစ်ပါသည်။ တင်မောင်မြင်သော အချက်နှစ်ချက် ရှိပါသေးသည်။
ဗိုလ်နေ၀င်း၏ ရန်သူကို အသေမသတ်ခြင်းသည် သူ၏အာဏာသက်ကို ရှည်စေသော ဆေးကောင်းတလက် ဖြစ်နေပါသည်။ ကမ္ဘာအရပ်ရပ် လက်နက်နှင့် အာဏာသိမ်းမှုများတွင် သွေးထွက်သံယိုသတ်ဖြတ်လေ့ရှိပါသည်။ အသက်သတ်ပါက လက်ငင်းရန်ရှင်းစေကာမူ ရန်သစ်လူ လာနိုင်ပါသည်။ သူ၏အသက်ကို မသတ်သည့်နည်းက ပိုပြီး ရက်စက်ယုတ်မာပါသည်။ သူအာဏာသိမ်းပြီးနောက် ဒီမိုကရေစီခေါင်းဆောင်များနှင့် အစိုးရ၀န်ထမ်းကြီး များ၏ အသက်ကို မသတ်ဘဲ အသက်မွေးမှုအခွင့်အရေးကို သတ်ဖြတ်ပါသည်။ သူ့ကို ရန်ပြုနိုင်သူများ၏ စီးပွားရှာဖွေစားသောက်ခွင့်ကို သတ်ဖြတ်ချုပ်ကိုင်ပါသည်။ သူ၏ လက်အောက်သို့ ခေါင်းလျှိုရသော သူကိုယ်ပိုင် အစိုးရ၀န်ထမ်းအလုပ်မှတပါး လုပ်ပိုင်ခွင့်မရှိသည့်စနစ်ကို တီထွင်ထားသဖြင့် ရန်သူမှန်သမျှ သူ့ကို “ကိုး” ကြရပါသည်။ ဥပမာ စာရေးသူ တင်မောင် တယောက်။
ဒုတိယ အာဏာထိန်းနည်းမှာ ပိုမိုရက်စက်ယုတ်မာပြီး သူ၏နောက်လိုက် စစ်အစိုးရများက ဆက်လက်သုံးစွဲ နေပါသည်။ ထိုနည်းမှာ အရပ်သားပြည်သူလူထုကြီး ဆင်းရဲငတ်မွတ်စေရန် တမင်အားထုတ်ပါသည်။ လူတွေငတ်မှ စစ်တပ်ကို ဦးကျိုးကြမည်။ ခေါင်းလျှိုးကြမည် ဖြစ်သဖြင့် တမင်ငတ်မွတ်စေမည့် လမ်းစဉ်ကို လုပ်ဆောင်ပါသည်။
သူအာဏာတောင်းစဉ်က နိုင်ငံတွင်းတွင် အစစအရာရာ ရှားပါးကြသည်ကို သူသိပါသည်။ တင်မောင်ကဲ့သို့ နိုင်ငံ၏ အခြေမှန်ကို တင်ပြသူများများ မရှိစေကာမူ လူထုကြီးရှားပါးနေသည်ကို သူကောင်းစွာ သိရှိပါသည်။ ဉာဏ်မတုံးပါ။ ထိုခေတ်က မကြာခဏ လူသုံးကုန်များ ပြတ်လေ့ရှိပါသည်။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ငြုတ်၊ ကြက်သွန်၊ မုတ်ဆိတ်ရိတ်ဓား … စသဖြင့် ပြတ်လပ်ပျောက်ကွယ်လေ့ရှိပါသည်။ ထိုအခါ ကမ္ဘာအရပ်ရပ်တွင်လည်း ထိုကုန်များ ရှားပါးနေသည်ဟု ပါတီက တန်ပြန်ဝါဒဖြန့်လေ့ရှိပါသည်။ ရုပ်ပြောင်တဦးက “ရှင်မရေ.. ကမ္ဘာအရပ်ရပ်မှာ ကြက်သွန်တွေ ပြတ်နေကြပြီထင်တယ်ဟေ့” ဟု သရော်သည်ကို သူနားလည်စွာ ရယ်မောခဲ့ပါသည်။
နောက်တက်လာသော စစ်အစိုးရများလည်း လူထုကြီးငတ်ပြတ်ခက်ခဲသည်ကို သိကြပါသည်။ လူထုကြီးအဖို့ ခက်ခဲရှားပါးလေလေ၊ စစ်တပ်ကို ဦးကျိုးလေလေမို့ ဗိုလ်နေ၀င်းနှင့် နောက်လိုက်များသည် လူထုကြီးအတွက် တမင်ငတ်ဆေးများ ဖော်ခဲ့ကြပါသည်။ လူထု မည်ရွေ့မည်မျှ ငတ်ပြတ်စေကာမူ သူတို့အာဏာစွဲကိုင်ရေးကို စောင့်ရှောက်ကာကွယ်ပေးမည့် စစ်တပ် မငတ်ရေးကိုသာ အလေးထား ဆောင်ရွက်ကြပါ၏။
ဗြိတိသျှယထာဘူတ ပညာရှင်သဘာဝတ္တဆရာကြီး Bertrand Russel ၏ အဆိုအမိန့်တခု ရှိပါသည်။ “သင့်အား လူတယောက်က ဒီမိုကရေစီကိုပေးကာ အခြားတဦးက ဆန်အိတ်တအိတ်ကို ပေးပါလျှင် သင့်အဖို့ ဆန်အိတ်ကို ယူမည်လော၊ ဆန္ဒမဲပြားကို ယူမည်လောဟု ရွေးချယ်ရန်မှာ သင်သည် မည်ရွေ့မည်မျှ ငတ်နေသနည်းဟူသော ငတ်မွတ်မှုအတိုင်းအတာအရ ဆုံးဖြတ်ရပေမည်” ဟု ဆိုပါသည်။ လမ်းစဉ်ပါတီဝင်တိုးတက်ခြင်းနှင့် ကြံ့ခိုင်ရေး အင်အားတက်ခြင်းတို့မှာ လူထုငတ်ကြသဖြင့် ဖြစ်ရပါသည်။
ဦးနေ၀င်းနှင့် နောက်လိုက်စစ်ဗိုလ်ကြီးများက “လူထုကြီးငတ်လေလေ - ဒီမိုကရေစီကို ကျောခိုင်းကာ သူတို့ကို ရှိခိုးလေလေ” လမ်းစဉ်ကို လုပ်ဆောင်နေကြသဖြင့် လူထုကြီးမှာ မီးလောင်သစ်တုံးကဲ့သို့ တမြည့်မြည့်ပျက်သုဉ်း နေသည်ကို ဟက်ဟက်ပက်ပက် ရယ်မောလုပ်ဆောင်ကြသည်မှာ အလွန်အကျူး ရက်စက်ယုတ်မာကြပါသည်။ ။

Saturday, August 28, 2010

(၅၁) ဗိုလ်နေ၀င်း ဖော်စပ်သော နိုင်ငံတော်မွဲဆေး (ကြေးမုံဦးသောင်း)

ဒီမိုကရေစီအစိုးရခေတ်က ဗိုလ်ချုပ်ကြီးနေ၀င်းအဖြစ် စစ်တပ်ကို ကွပ်ကဲစဉ်က လာဘ်လာဘကို ရှောင်ကြဉ်သူ တဦး ဖြစ်ခဲ့ပါသည်။ မြင်းပွဲများသို့ အမြဲသွားသူ ဖြစ်စေကာမူ အစိုးရပိုင်သော ငွေ၊ တပ်၏ငွေများကို ထိသူမဟုတ်ပါ။ သန့်ရှင်းသူ ဖြစ်ပါသည်။
တခါတွင် ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းက အော်တိုကားကုမ္မဏီနှင့် ဆက်သွယ်ကာ Hillman မော်တော်ကားများကို တပ်မတော်မှ အရာရှိများကို လဆိုင်းစနစ်နှင့် ရောင်းချရန် စီစဉ်ပါသည်။ ဒေါ်ခင်မေသန်းက ကော်မရှင်ပွဲခ ရယူမည့် အစီအစဉ်ကို သိသည်နှင့် တပြိုင်နက် ဒေါ်ခင်မေသန်းကို ရိုက်နှက်ဆုံးမကာ စီမံကိန်းကို ဖျက်လိုက်ပါသည်။ ဖြောင့်မတ်သူ ဖြစ်ပါသည်။
၁၉၅၈ ခုနှစ် အာဏာသိမ်းစဉ်ကလည်း ငွေကြေးကိစ္စတွင် သူကိုယ်တိုင် သန့်ရှင်းစွာ ကျင့်သုံးပြီး လက်အောက် ဗိုလ်မှူးကြီးများကို သန့်ရှင်းကြရန် တင်းကျပ်စွာ အမိန့်ပေးခဲ့ပါသည်။ ၁၉၆၁ ခုနှစ်က ထိပ်သီးစစ်ဗိုလ်ကြီး (၁၃) ဦး ဖယ်ရှားစဉ် စစ်ဆင်ရေးရန်ပုံငွေ ဖြတ်တောက်လာဘ်စားမှုမှ စတင်ကာ ငွေကြေးမသမာမှုများကို အရေးယူသည် ဖြစ်ပါသည်။
သို့သော် ၁၉၅၇ ခုနှစ်တွင် အေဒီလမ်း အင်းလျားကန်ထိပ်တွင် စစ်ဦးစီးချုပ်နေထိုင်ရန် အိမ်ဆောက်စဉ်ကမူ ဇနီးဒေါ်ခင်မေသန်း ဟောင်ကောင်သို့သွားကာ အိမ်ဆောက်ပစ္စည်များ၊ ဟိုင်ဖိုင်ဓာတ်ပြား၊ တိတ်ပြား၊ ဓာတ်စက်များ ၀ယ်ယူစေခြင်းတို့ ပြုလုပ်သောအခါ နိုင်ငံရေးရပ်ကွက်က မျက်လုံးပြူးကာ ကြည့်ကြပါသည်။
“မင်း … နေ၀င်းဆောက်တဲ့ အိမ်ကို မြင်ပြီးပြီလား၊ အိမ်မဟုတ်ဘူး၊ နန်းတော်ကွ နန်းတော်” ဟု ဒေါက်တာဘမော်က စာရေးသူအား ပြောပြပါသည်။ “ငါလည်း အာဏာရတုန်းက အနားယူတဲ့အချိန်မှာ နေဖို့ ကိုယ်ပိုင်အိမ်ဆောက်ခဲ့တယ်။ ကျော်ငြိမ်းတို့၊ ချစ်မောင်တို့လည်း ကိုယ်ပိုင်အိမ်ဆောက်ကြတာပဲ။ အတွင်းဝန်တွေ၊ ၀န်ထောက်မြို့အုပ်တွေလည်း ကိုယ်ပိုင်အိမ်ဆောက်ကြတယ်ဆိုတာ တနေ့ရာထူးပြုတ်တဲ့အခါ အနားယူတဲ့အခါ အတွက် အိမ်ဆောက်ကြတာဟာ မဆန်းဘူး။ နေ၀င်းက သူကိုယ်ပိုင်ဆောက်တာမဟုတ်ဘူး၊ တပ်မတော်ဦးစီးချုပ် နေဖို့ အိမ်ကို ဒီလိုအပင်ပန်းခံပြီး ဆောက်တာဟာ ဒီကောင် တသက်လုံး ရာထူးက မဆင်းတော့ဘူးကွ” ဟု သူက ကောက်ချက်ချခဲ့ပါသည်။
သူတသက်လုံး နေထိုင်ရန်အိမ်ကို အခွန်တော်ငွေနှင့် ဆောက်ပြီး နောက်ပိုင်းတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်း ပြီးချိန်မှ စတင်ကာ နိုင်ငံ၏ ဓနစွမ်းအားမှန်သမျှ၊ နိုင်ငံပိုင် ပစ္စည်းပစ္စယမှန်သမျှ သူ၏ မိသားစုပိုင်၊ ဘိုးဘွားပိုင် ပစ္စည်းများအဖြစ် ထင်သလို စားသုံးပါတော့သည်။
ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ကြီး၏ အ၀င်ဝတွင် ကော်ဖီဆိုင်ကလေးတခု ဖွင့်ထားပါသည်။ များသောအားဖြင့် ထိုဆိုင်တွင် လာရောက်စားသောက်သူမရှိပါ။ ဟိုတယ်သို့ တကူးတက လာရောက်သောက်နိုင်သူ ရှားပါးသည်။ တင်မောင်နှင့် သတင်းစဉ်အယ်ဒီတာ သန်းစိန်ထွန်း၊ မောင်မောင်ညိုတို့သည် နိုင်ငံခြားဧည့်သည်များကိစ္စ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ဧည့်ခံပွဲများ ပြုလုပ်ရေးကိစ္စများအတွက် အင်းလျားကန်ဟိုတယ်သို့ မကြာခဏ သွားရလေ့ရှိပါသည်။ သွားလေတိုင်း ဟိုတယ်ပေါက်ဝတွင် ဖွင့်ထားသော အထူးကော်ဖီဆိုင် Expreeso ကော်ဖီခါး သောက်ကြလေ့ရှိပါ၏။ ရံဖန်ရံခါတွင် သန်းစိန်ထွန်းက မုန့်ပဲသရေစာ ဒါယကာခံရှာပါသည်။ ဈေးကလည်း ကြီးလှသဖြင့် အမြဲကော်ဖီမသောက်နိုင်ဘဲ ထိုင်ရုံသာ ထိုင်ခဲ့သည်လည်း ရှိပါသည်။
ဖြူဖြူချောချော ထောင်ထောင်မောင်းမောင်း ကျောင်းသူတဦးနှင့် ကျောင်းသူအဖွဲ့ကို မကြာခဏ တွေ့ရပါသည်။ ကျောင်းသူတို့ အုပ်စုက ဈေးမမေးဘဲ တန်းဖိုးကြီးသော မုန့်များကို အ၀အပြဲစားနိုင်ကြသည်ကို သတိပြုမိသဖြင့် ငွေရှင်းလျှင် မည်သူက ပေးသနည်းဟု စောင့်ကြည့်မိပါသည်။ ဘယ်လောက်ကျသနည်းဟု မမေးပါ၊ ငွေစာရင်း တောင်းခံလွှာ မတောင်းပါ။ စားသောက်ပြီး တပျော်တပါး ထွက်သွားကြပါသည်။
စားပွဲထိုးကလေးကို မေးကြည့်မိပါသည်။ “ဗိုလ်ချုပ်ကြီးရဲ့သမီး ဆေးကျောင်းသူ စန္ဒာဝင်းနှင့် သူရဲ့သူငယ်ချင်းတွေလေ။ တော်တော်ကြာ တခြားသမီးတွေ လာကြဦးမယ်။ ဒီဆိုင်က သူတို့တတွေ နေ့လည်စာစားဖို့ ဖွင့်ပေးရတာပါ။ သူတို့က ဘယ်တော့မှ ပိုက်ဆံမပေးဘူး” ဟု ဖြေပါ၏။ ဗိုလ်နေ၀င်းက နိုင်ငံပိုင် ပစ္စည်းမှန်သမျှ သူ၏မိသားစုပိုင်အဖြစ် စားသုံးစေသူ ဖြစ်သည်။ သူ၏ သားသမီးများသာမက အပေါင်းဖော်များပါ ထင်သလို စားသုံးကြစေပါသည်။ သားသမီးများမှာ ငယ်စဉ်ကပင် ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့မြေဟု နိုင်ငံတခုလုံးကို အပိုင်စားစေဟု စိတ်ဓာတ်သွင်းထားပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းပြီးနောက် (၃) လခန့်အကြာ ဇူလိုင်လ (၇) ရက် လူသတ်ပွဲ အပြီးတွင် “ခေါင်းရှုပ်တယ်” ဟု ဆိုကာ လန်ဒန်သို့ ထွက်သွားပါသည်။ ထိုကာလမှ စတင်ကာ တနှစ်လျှင် (၄) ခေါက်မျှ၊ (၄)လမျှ နိုင်ငံခြားသို့ သွားရောက်အပန်းဖြေလေ့ရှိပါသည်။ သူပိုင်စစ်စုံထောက်တပ်က ၀န်ကြီးစစ်ဗိုလ် မှန်သမျှကို အမြဲမှန်ဘီလူးနှင့် ကြည့်နေစေပြီး (၇) ရက်တကြိမ် ဆက်သားတဦး လန်ဒန်သို့ စေလွှတ်ကာ သတင်းများကို အစီရင်ခံရသဖြင့် စစ်ဗိုလ်ဝန်ကြီးများသည် သူရှိနေသော အချိန်များထက် အနေအထိုင် အပြောအဆို ဆင်ခြင်ကြလေ့ရှိပါသည်။
“သူလုပ်နေတာတွေကို ခင်ဗျားမကြိုက်ပါဘူး။ သူမရှိတုန်း သိမ်းလိုက်ပါလား” ဟု အိမ်ရှေ့မင်းတပိုင်း စစ်ဗိုလ်ကြီးကို ပြောမိပါသည်။ စကားလုံးနှင့် အဖြေပင်မပေးရဲပါ။ အဓိပ္ပာယ်ရှိရှိ အပြုံးနှင့်သာ ဖြေ၀ံ့ရှာပါ၏။
ခေါင်းဆောင်ကြီး၏ နိုင်ငံခြားခရီးစားရိတ်မှာလည်း ကြီးမြင့်လှပါသည်။ အခိုင်းအစေ လက်တိုလက်တောင်းများ၊ ဆရာဝန်များ၊ စစ်စုံထောက်များ၊ သားသမီးများ၊ သားသမီးတို့၏ သူငယ်ချင်းများပါ ခေါ်လေ့ရှိပါ၏။ ပြန်လာပါက အစိုးရငွေနှင့် ၀ယ်လာသော နိုင်ငံခြားပစ္စည်းများကို ဒေါ်ခင်မေသန်းက မှောင်ခိုဈေးသို့ ပို့ရောင်းပါသည်။ “တိပ်ရကော်ဒါ အသစ်အဆန်းကလေးဝယ်မလား၊ ဒေါ်ခင်မေသန်း ပါလာတာလေ” ဟု ရောင်းသူပွဲစားများကို တွေ့ဖူးပါသည်။
ခရီးစားရိတ် ဖြုန်းတီးပုံနှင့် ပတ်သက်၍ ဂျာမဏီပြည်၊ ဘွန်းမြို့ မြန်မာသံရုံးမှ သံမှူးတဦးက ပြောပြပါသည်။ “ဗိုလ်ချုပ်ကြီးနဲ့အဖွဲ့အတွက် အငှားကားမဟုတ်တဲ့ အထူးတက္ကစီလေးစီးကို ဟိုတယ်ရှေ့မှာ (၂၄) နာရီ ရပ်စောင့်ရမယ်ဆိုပြီး ငှားထားတယ်။ သူက ရက်(၂၀) နေတော့ အငှာကားစားရိတ်က ကားသစ်ဝယ်လျှင် သုံးစီး ၀ယ်နိုင်တယ်။ ကျနော်တို့ သံရုံးမှာ ကားစုတ်ကားပျက်တစင်းပဲ ရှိတယ်။ ကားသစ်ဝယ်သုံးပြီး သံရုံးထားခဲ့လျှင် ဘယ်လောက်ကောင်းမလဲ၊ မပြောဝံ့ပါဘူးလေ” ဟု ညည်းရှာပါ၏။
ဗိုလ်ချုပ်ကြီးသည် နိုင်ငံခြားဟိုတယ်များတွင် တစ်ပေးကောင်းသူ၊ ဘောက်ဆူးပေးကောင်းသူဟု ကျော်ကြားပါသည်။ ဆေးရုံတက်ကာ ဆေးစစ်ရင်း အနားယူရာတွင် ဆေးရုံကဆင်းသောနေ့တွင် ဆရာဝန်များ၊ သူနာပြုများမှ အမှိုက်လှဲသူများအထိ ၀န်ထမ်းအားလုံးကိုဖက်ကာ လက်ဆောင်ပေးပါသည်။ ငွေဖလားကြီးတခု ထဲတွင် မြန်မာနိုင်ငံမှ သယ်လာသော ကျောက်လက်စွပ်၊ နားကပ်စသော လက်ဝတ်ရတနာအမျိုးမျိုးကို သူက မကြည့်ဘဲ လက်နှင့်နှိုက်ကာ ဆွဲယူ၍ လက်ဆောင်ပေးပါသည်။ အမေရိကန်ဒေါ်လာ တထောင်တန် ရသူများ ရှိကြသည်။
နိုင်ငံပိုင်ငွေ မလေမလွင့်ရန် ချွေတာရှာပါသည်။ လန်ဒန်တွင် လနှင့်ချီကာ အနားယူရာတွင် ဟိုတယ်စားရိတ်က ကြီးမားသည်။ လိုသမျှကို ရန်ကုန်ဘဏ္ဍာရေးဝန်ကြီးထံ တောင်းရသည်။ တချီတွင် မြန်မာအစိုးရတွင် လက်ကျန် နိုင်ငံခြားသုံးငွေမရှိသဖြင့် ဗြိတိသျှလေကြောင်းကုမ္ပဏီမှ ငွေချေးရဖူးသည်။ ထိုကြောင့် နိုင်ငံတော်အဖို့ စားရိတ်သက်သာစေရန် လန်ဒန်တွင် အိမ်ကောင်းအိမ်သန့်တလုံးဝယ်ကာ နေထိုင်ပါသည်။ ဒီမိုကရေစီအစိုးရ ခေတ်က သံရုံးမြေနှင့် အဆောက်အအုံကို အစိုးရအနေနှင့် ၀ယ်ခဲ့သကဲ့သို့ မ၀ယ်ဘဲ သူ၏မိတ်ဆွေ ဘီအိုစီ မန်နေဂျာဟောင်း အင်္ဂလိပ်တဦး၏ အမည်နှင့် ၀ယ်ခဲ့ပါသည်။
ကံကောင်းအကြောင်းမလှသဖြင့် သူ၏မိတ်ဆွေခမျာ သေဆုံးရှာလေရာ ဇနီးဖြစ်သူက ခင်ပွန်းသည်ပိုင်ဆိုင်ပစ္စည်း အဖြစ် သိမ်းယူသောအခါ ဗိုလ်ချုပ်ကြီးမှာ ဘုံပျောက်သွားရှာပါသည်။ မြန်မာနိုင်ငံတွင်းတွင် မည်သည့်အမှုကိုမဆို အနိုင်ယူနိုင်သော်လည်း အင်္ဂလန်တွင် အင်္ဂလိပ်ဥပဒေဖြစ်နေသည်။ အိမ်ကို မူလက မိမိနာမည်နှင့် မ၀ယ်ဘဲ ခိုးကြောင်ခိုးဝှက် ၀ယ်ခဲ့သဖြင့် ဥပဒေအရ ပိုင်ဆိုင်သူ၏ ဇနီးမယားသာ ဆက်ခံပိုင်ဆိုင်ခွင့် ရှိလေရာ ဗိုလ်ချုပ်ကြီးမှာ မည်သို့မှ မတတ်နိုင်ဘဲ သူခိုးလက်မှ သူဝှက်က လုသည်ကို မခံချိမခံသာ ခံရရှာပါသည်။
စိတ်မကျေနိုင်သဖြင့် နောက်ထပ်အိမ်တလုံး ၀ယ်ပြန်ပါသေးသည်။ တခါသေဖူး ပျဉ်ဖိုးနားလည်ပြီဖြစ်သဖြင့် နောက်ဝယ်သောအိမ်မှာ လက်ထဲတွင် မြဲခဲ့ပါသည်။ ဤတချီတွင် မည်သူ့ကိုမှ အညံ့မခံပါ။ တပ်မတော်သား (၆) ဦးကို မြန်မာနိုင်ငံက ခေါ်ယူကာ အိမ်စောင့်တာဝန်ချထားပါသည်။ နှစ်စဉ် တနှစ်တကြိမ် တပ်မတော်သား (၆) ဦးကို လန်ဒန်သို့ လူလဲနှင့် စေလွှတ်ကာ အိမ်တော်စောင့်ရန် ပို့ပေးရပါသည်။
ဒုတိယအစီအစဉ်အရ ဗိုလ်ချုပ်ကြီး၏ ဘိလပ်အိမ်တော် စောင့်ရှောက်ရေးအတွက် တပ်မတော်သားများကို ဘိလပ်သို့ အလှည့်ကျပို့ရပြန်သဖြင့် ဆင်ဖိုးထက် ချွန်းဖိုးက ကြီးရပြန်ပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း၏ နန်းသက် (၂၄) နှစ် မပြည့်မီ နိုင်ငံတော် လူမွဲနိုင်ငံ ဖြစ်ရလေသည်မှာ မဆန်းပါပေ။ ။

Friday, August 13, 2010

(၅၀) ဒေါသကုမ္မာရကြီး ဗိုလ်နေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဒေါသပြင်းသူဖြစ်ပါသည်။ အမေရိကန်တိုင်းမဂ္ဂဇင်းက သူ၏ဒေါသသတင်းကို Nawinian Anger ဟု ခေါင်းစဉ်တပ်ခဲ့သဖြင့် ဗိုလ်နေ၀င်း၏ ဒေါသသည် ကမ္ဘာကျော်ရုံမျှမက အင်္ဂလိပ်စာစကားတွင် ဝေါဟာရအသစ်တလုံးတိုးခဲ့သည်အထိ ကြီးမားပြီး အထိန်းအကွပ်မရှိ ဖောက်ခွဲနိုင်ခဲ့သူ ဖြစ်ပါသည်။
တခုသော နာတာလူးပွဲတွင် ရန်ကုန်မြို့၊ အင်းလျားကန် ဟိုတယ်တွင် ကပွဲကြီးတခုကို ကျင်းပနေပါသည်။ သူ၏ အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက အင်းလျားကန်ဟိုတယ်ကြီးကို အုပ်ချုပ်လုပ်ကိုင်ရာတွင် အမြတ်ရှာရမည်ဟု ဗိုလ်နေ၀င်းက အမိန့်ရှိသဖြင့် နာတာလူးပွဲတော်ကပွဲသဘင်ကို တေးတူရိယာတီးဝိုင်းနှင့် ကျင်းပကာ စီးပွားရှာခဲ့ ပါသည်။ ထိုကာလက ပွဲလမ်းရှားပါးသောကြောင့် ခရစ်ယာန်ဘာသာဝင်များ၊ သံတမန်များနှင့် နိုင်ငံခြားခရီးသည် များတို့ စည်ကားစွာ တက်ရောက်အားပေးကြပါသည်။
ဘင်ခရာဆိုင်းတခြိမ့်ခြိမ့်နှင့် စုံတွဲများ၊ တငြိမ့်ငြိမ့်ကနေစဉ်တွင် အင်းလျားကန် တဘက်ခြမ်းတွင် နေထိုင်သော ဗိုလ်နေ၀င်းက တသဲ့သဲ့ကြားရသော တီးဝိုင်းသံကို မကြားလိုဟု ဆိုကာ ဒေါသထွက်ပြီး ဝေးကွာလှမ်းသော ဟိုတယ်ဆီသို့ ဂျစ်ကားတစီးကို ကိုယ်တိုင်အပြင်းမောင်းသွားပါသည်။ သူ၏ သက်စောင့် ကိုယ်ရံတပ်များက အခြားကားနှစ်စီးနှင့် ဘာမသိ၊ ညာမသိ လိုက်ကြရသည် ဆိုပါသည်။
ဟိုတယ်သို့ ရောက်သောအခါ ပြေးဝင်သွားပြီး အစိုးရပိုင်တီးဝိုင်းအဖွဲ့မှ ဘင်ကြီးကို ခြေထောက်နှင့် ကန်ကာ ဖောက်ခွဲပါသည်။ ထိုနောက် ကနေကြသော စုံတွဲအများကို ကန်ကျောက်ထိုးနှက်ပါသည်။ အချို့က သူ့ကို ပြန်လည် ထိုးကြပါသေးသည်။ နောက်မှ စစ်ဝတ်စုံဝတ် သက်တော်စောင့်တပ်သားများ ၀င်ရောက်ကာ ဆွဲကြ၊ ထိန်းကြမှ သူမှန်းသိသဖြင့် ရှောင်ပြေးကြရပါသည်။ ပွဲပျက်သွားသည့်တိုင် စိတ်ထင်တိုင်းရိုက်နှက်ပြီးမှ ဆဲဆိုအော်ဟစ်ကာ သူ၏ အိမ်သို့ ပြန်သွားပါသည်။
သူကထိုးသဖြင့် ပါးကွဲသွားသော နိုင်ငံခြားမှ သံတမန်တဦးကို နိုင်ငံတော်အစိုးရ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးက တောင်းပန်ရပါသည်။ နိုင်ငံတွင်းတွင်မူ သူ၏ အမှားကို တောင်းပန်မှုမပြုရုံသာမက ဟိုတယ်နှင့် တီးဝိုင်းကို ပိုင်ဆိုင်သော ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးစံဝင်းအား ရာထူးမှ ဖယ်ရှားလိုက်ပါသည်။
ထိုသတင်းကို အမေရိကန်တိုင်းမဂ္ဂဇင်းက Nawinian Anger ဟု ရေးသကဲ့သို့ မြန်မာသတင်းစာဆရာများကလည်း သတင်းစာတို့မှ မရေးဝံ့ကြစေကာမူ သူ့အား ဘွဲ့သစ်ပေးကြပါသည်။
အလံနီခေါင်းဆောင် ဦးသာကျော်သည် ငယ်စဉ်က ဇတ်ပွဲတခုတွင် ၀င်ရောက်ဆော့ကစားသောအခါ ဆိုင်းဝိုင်းမှ ဗုံကို ဖောက်ခဲ့သူဖြစ်သဖြင့် “ဗုံပေါက်သာကျော်” ဟု ခေါ်တွင်ပါသည်။ ဗိုလ်နေ၀င်းကိုလည်း “ဘင်ဖောက်နေ၀င်း” ဟု ခေါ်ဆိုကြပါသည်။ “သမ္မတလူကြမ်းအဖွဲ့” ဟုလည်း ခေါ်ကြပါသည်။
မည်သည့်အတွက် ထိုရွေ့ထိုမျှ ထိုဒေါသထွက်ရသည်ကို စုံစမ်းကြရာတွင် အရေးကြီးသော စစ်ရေးအစည်းအဝေး ကျင်းပနေစဉ်တွင် တီးဝိုင်းသံက နှောက်ယှက်သဖြင့် စိတ်ဆိုးရရှာသည်ဟု စစ်စုံထောက်တပ်က ၀ါဒဖြန့်ပါ၏။ အစည်းအဝေးရှိပါက အခြားစစ်ဗိုလ်ကြီးများ သူ၏အပါးတွင် ရှိနေရမည်ဖြစ်သဖြင့် ထိုသတင်းမမှန်နိုင်ပါ။ အိမ်တော်အစည်းအဝေးခန်းတို့မှာ အသံလုံပါသည်။ သတင်းစတခုကမူ သူ၏ သမီးတယောက် ထိုနာတာလူးကပွဲသို့ သွားရောက်ကာ စုံတွဲကကြသဖြင့် စိတ်ဆိုးရသည်ဟု ဆိုပါသည်။ အကြောင်းရင်းမှန်ကို မသိနိုင်စေကာမူ သူ၏ ဒေါသမှာ ကမ္ဘာကျော်သွားပါသည်။
ဗိုလ်နေ၀င်းသည် သူ၏ မိသားစုအရေးကိစ္စပေါ်ပေါက်တိုင်း ဒေါသကို မထိန်းနိုင်ခဲ့ပါ။ တကြိမ်တွင် မေမြို့ဂေါက်ကွင်းတွင် ဂေါက်သီးရိုက်နေခိုက် သူ၏ဇနီး ဒေါ်ခင်မေသန်းနှင့် ခင်မင်နီးစပ်သူ အရပ်သားကုန်သည်ကြီးတဦးကို မြင်တွေ့ရာမှ ဒေါသထွက်ကာ ဂေါက်တံနှင့် ပြင်းထန်စွာ ရိုက်ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်အား ချက်ချင်းရန်ကုန်ပို့ကာ ကုသပြီး နိုင်ငံခြားသို့ လေယာဉ်ပျံပေါ်တင်ပြီး ပြည်မှ နှင်ခဲ့ပါသည်။
တခါတွင် သုတေသနနှီးနှောပွဲအပြီးတွင် သုတေသီတို့အား ဂုဏ်ပြုဧည့်ခံပွဲကို အိမ်တော်တွင် ခမ်းနားစွာ ကျင်းပပါသည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်မှ ဆရာ ဆရာမများ အများကို ဖိတ်ကြားကာ ညစာစားပွဲဖြင့် ပြုစုရာတွင် ဧည့်သည်တစုံတဦးက ဒေါ်ခင်မေသန်းအား တို့ထိသည်ဟု ယူဆကာ အိမ်တော်ဝင်းတံခါးကြီးကို ပိတ်လိုက်ပါသည်။ သူက မသင်္ကာသူကို ရှာဖွေပြီး သူကိုယ်တိုင် ရိုက်နှက်ထိုးကြိတ်ပါတော့သည်။ သူက အိမ်ရှင်အဖြစ် နိုင်ငံတော်၏ အကြီးအကဲအဖြစ် ဖိတ်ကြားသော ဧည့်ခံပွဲကြီးမှာ သွေးထွက်သံယို ၀ရုန်းသုန်းကားနှင့် ပွဲပျက်ရပါသည်။ နောက်ပိုင်းတွင် သူထိုးကြိတ်သူများသည် သူထင်သကဲ့သို့သော အမှုများကို ပြုသူများမဟုတ်သည်ကို စစ်ဆေးသိရှိရသဖြင့် တိုးတိုးတိတ်တိတ်နှင့် တောင်းပန်ရသည်ဟု သိရပါသည်။
ဇနီးဒေါ်နီနီမြင့်နှင့် ပေါင်းသင်းနေစဉ် နိုင်ငံခြားသို့ ခရီးထွက်ရာမှ နိုင်ငံမှလွင့်နေသူ ဒေါ်ရတနာနတ်မယ်ကို ပြန်တွေ့ရာမှ ခေါ်ဆောင်လာခဲ့ပါသည်။ ဒေါ်ရတနာနတ်မယ်မှာ ၁၉၄၇-၄၈ ခုနှစ်က ရန်ကုန်မြို့တွင် ကျော်ကြားသော အလှမယ်တဦးဖြစ်ပါသည်။ ရန်ကုန်မြင်းပွဲမှ စွတ်ဒိုင်ဖွင့်သူ အင်္ဂလိပ်တဦးနှင့် ဇနီး မြန်မာမင်းမျိုး မင်းနွယ် မင်းသမီးတဦးတို့မှ ပေါက်ဖွားသူဖြစ်သဖြင့် မင်းမျိုးဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ဓမ္မသတ်အရ တရားဝင် လက်ထပ်ပွဲကို အိမ်တော်တွင် ကျင်းပခဲ့ပါသည်။ ဥရောပတွင် အနေကြာပြီး မြန်မာ့ထီးသုံးနန်းသုံး ဓလေ့များ ကျွမ်းကျင်သူ ဇနီးသစ်ကို ပွဲတက်မယားအဖြစ် မြှောက်စားခဲ့ပါသည်။ ဗိုလ်နေ၀င်းက ထီးရေးနန်းရာများကို စိတ်ပါဝင်စားစွာ လေ့လာဆွေးနွေးပါသည်။ အခမ်းအနားတို့တွင် တောင်ရှည်ပုဆိုးကို အမြဲဝတ်ဆင်လာပါသည်။ ကုန်းဘောင်မင်းဆက် အသစ်တည်ထောင်ပြန်လေပြီဟု သတင်းစာဆရာများက တီးတိုးပြောပါသည်။ တရုတ်ပြည် သို့ ခရီးထွက်ရာတွင် နိုင်ငံတော် သမ္မတကတော်အဖြစ် လိုက်ပါစေခဲ့ပါသည်။
ဒေါသကဲသော ဦးနေ၀င်းက သူ၏ဇနီးမှန်သမျှကို စိတ်မထင်တိုင်း ရိုက်နှက်လေ့ရှိရာ တချီတွင် နိုင်ငံခြားသံတမန် များရှေ့၌ ဒေါ်ရတနာနတ်မယ်ကို ဆေးလိပ်ပြာခွက်နှင့် ပေါက်သဖြင့် မင်းစိတ်မင်းမာန်ရှိသူ ဒေါ်ရတနာနတ်မယ်က ချက်ချင်းကွာရှင်းခွင့်တောင်းကာ ဥရောပသို့ ပြန်သွားပါသည်။
သူသည် စာများများ ဖတ်သူဖြစ်ပါသည်။ စာပေဗိမာန်မှ အမျိုးသားစာပေဆုပေးကော်မတီတွင် အဖွဲ့ဝင်တဦး လစ်လပ်နေသောကြောင့် ဆရာငွေဥဒေါင်း (ဦးကြီးမောင်) ကို ဖြည့်စွက်ခန့်ထားမည်ဟု တင်ပြရာ ဗိုလ်ချုပ်ကြီး နေ၀င်းက “ငွေဥဒေါင်းဝေဖန်ချက်ကောင်းလို့ စာအုပ်တအုပ် ဖတ်ကြည့်တယ်။ သူဝေဖန်ထားသလို ကောင်းလှချည် မဟုတ်ပါဘူးကွာ” မှတ်ချက်ပေးသဖြင့် အဆိုမှာ ပျက်သွားခဲ့၏။ ထိုအဖွဲ့ဝင် လစ်လပ်သောနေရာကို တင်မောင်အား ဖြည့်စွက်ခန့်ထားခြင်း ခံခဲ့ရပါသည်။ တင်မောင်ကလည်း စာအုပ်ဝေဖန်ချက်များ ရေးလေ့ရှိရာ တင်မောင်၏ ဝေဖန်ချက်များကို သူသဘောတူဟန် တူပါ၏။
သူ၏ စားပွဲတွင် မြန်မာစာအုပ်များ တွေ့ရပါသည်။ မည်သည့်စာအုပ်က မည်နှယ်ဟု ကိုးကားပြောပြသည်ကို ကြားရပါသည်။ သူ၏ အတွင်းလူ ဗိုလ်မှူးကြီးတဦးကို ပြောပြမိသောအခါ “ဗိုလ်ချုပ်ကြီးက ဘယ်စာအုပ်ကိုမှ အစက အဆုံးအထိ ဖတ်တာမဟုတ်ဘူး၊ အစနည်းနည်း၊ အလယ်နည်းနည်း၊ အဆုံးနည်းနည်းသာ ဖတ်တာ။ စာအုပ်အကြောင်း သိရုံ၊ ပြောနိုင်ရုံသာ ဖတ်တာ” ဟု ပြောပါ၏။ သူ့တွင် ထူးခြားသော မှတ်ဉာဏ်ရှိသဖြင့် ဖတ်လေသမျှ မေ့ဟန်မတူပါ။
သေချာသည်မှာ ဗိုလ်ချုပ်နေ၀င်းသည် သတင်းစာဆရာများကို ရွံ့မုန်းသူ ဖြစ်ပါသည်။ သတင်းစာဆရာဟူသော ဝေါဟာရစကားလုံးကို လက်မခံဘဲ “သတင်းစာရောင်းစားတဲ့ကောင်တွေ” ဟု ခေါ်လေ့ရှိပါသည်။ ပြည်တွင်းစစ် အဦးပိုင်းကာလက သတင်းထောက်များနှင့် ရင်းနှီးစွာ ဆက်ဆံပါသည်။ နောက်ပိုင်းတွင် ပုဂ္ဂလိက ခေတ်သတင်းစာ ဆရာများကို လက်တကမ်း ခပ်လှမ်းလှမ်းမှ ဆက်ဆံလေ့ရှိပါသည်။
တော်လှန်ရေးအစိုးရခေတ် သတင်းစာများကို ပြည်သူပိုင်ပြုပြီးချိန်တွင်မူ သတင်းစာဆရာမှန်သမျှ သူ၏ လက်အောက်အလုပ်သမားများသာ ဖြစ်လာကြသောအခါတွင်မူ ရင်းနှီးစွာ ဆက်ဆံလေ့ရှိပါသည်။ ဦးသိန်းဖေမြင့်ကို ရုရှသြဇာလွှမ်းသူ၊ ဦးလှကို တရုတ်သြဇာခံသူဟု သူက ယူဆစေကာမူ လေးစားစွာ ဆက်ဆံပါသည်။ ဆရာဇ၀နကိုမူ ပြည်မြို့နယ်သားချင်းအဖြစ် ရင်းနှီးပါသည်။ ဆရာက အရက်မူးသဖြင့် ရိသည်ကိုပင် သည်းခံပါသည်။
ဒေါက်တာမောင်မောင်အဖို့ အမေရိကသို့ ပညာတော်သင်သွားချိန်မှ စတင်ကာ ဂါးဒီးယန်းသတင်းစာကို ဗိုလ်မှူးကြီး သုံးဦးတို့က စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ၀ယ်ယူကာ စစ်တပ်အာဘော်အဖြစ် ထုတ်ဝေသည်ကို ဗိုလ်နေ၀င်းက မကြိုက်သဖြင့် သတင်းစာကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပါသည်။ ကြေးမုံသိမ်းချိန်တွင် ဂါးဒီးယန်းသတင်းစာ ကိုလည်း ပြည်သူပိုင် ပြုလိုက်ပါသည်။
နိုင်ငံခြားစာနယ်ဇင်းများတွင် သူ့အမည်ကို ကောင်းသတင်းသာ ပါစေလိုပါသည်။ ထိုင်းအစိုးရက ပြန်အပ်သော ဘိန်းဘုရင် လော်စစ်ဟန်ကို ရန်ကုန်တရားရုံးတွင် စစ်ဆေးရသည့် အမှုအကြောင်း သတင်းဆောင်းပါးကို Readers Digest မဂ္ဂဇင်းတွင် ဖော်ပြပါသည်။ ထိုစာမူ၌ သူ၏ အမည်ကို တနေရာတွင် ဖော်ပြရမည်လောဟု ပြင်းထန်စွာ စိတ်ဆိုးသဖြင့် ကုန်သွယ်ရေး (၉) မှ တင်သွင်းရောင်းချနေသော အမေရိကန် စာပဒေသာ မဂ္ဂဇင်းကို မြန်မာပြည်တွင်းသို့ မသွင်းရဟု ပိတ်လိုက်ပါသည်။ ။