Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Friday, June 25, 2010

ကျနော် ယာဉ်မောင်းလိုင်စင်ဖြေစဉ်က

ကျနော် ဒိန်းမတ်မှာ ယာဉ်မောင်းလိုင်စင်ယူတုံးက ဖြေရတဲ့စာမေးပွဲ အတွေ့အကြုံလေး ပြောပြချင်ပါတယ်။ လိုင်စင်ရဖို့ သင်တန်းတက်ဖြစ်တဲ့အကြောင်းကိုတော့ “တတိယနိုင်ငံရောက် တတိယကမ္ဘာကလူ” ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဘူးပါတယ်။ အခုဟာက စာမေးပွဲအတွေ့အကြုံပါ။
သင်တန်းကာလမှာ တပတ်ကို တရက် စာတွေ့တွေ သင်ပေးသလို လက်တွေ့လည်း မောင်းနေရပါတယ်။ စာတွေ့ကိုတော့ အိမ်မှာလည်း အွန်လိုင်းကနေလေ့ကျင့်ဖို့ စီစဉ်ပေးထားပါတယ်။ စာတွေ့ဖြေတဲ့အခါမှာ မေးခွန်း အပုဒ်ကြီး (၂၅) ပုဒ်မေးမယ်။ အပုဒ်ကြီးတပုဒ်မှာ အပုဒ်သေး ၃ ပုဒ် (သို့) လေးပုဒ် ပါနိုင်ပြီး အပုဒ်သေးအားလုံးမှန်မှ အပုဒ်ကြီး တပုဒ်မှန်ပါတယ်။ မေးခွန်း (၂၅) ပုဒ်မှာတော့ အကုန်မှန်စရာ မလိုပါဘူး။ (၅) ပုဒ်အထိ မှားခွင့်ပေးတာကြောင့် အပုဒ် (၂၀) မှန်ရင် အောင်ပါတယ်။
အွန်လိုင်းမှာ အစမ်းဖြေကြည့်တဲ့အခါ အစပိုင်းမှာ အမှားတွေများပေမယ့် လေ့ကျင့်ရင်းနဲ့ အမှားနဲလာပြီး ၂ ပုဒ်မှား၊ ၃ ပုဒ်မှား၊ ၄ ပုဒ်မှား၊ ၅ ပုဒ်မှားတွေနဲ့ အောင်တာများလာပါတယ်။ အဲဒီလိုဖြစ်လာတော့ ဖြေဖို့ အဆင်သင့်ဖြစ်ပြီလို့ အွန်လိုင်းက မီးစိမ်းပြပေးပါတယ်။
ဒီလိုနဲ့ စာမေးပွဲဖြေရမယ့် နေ့ကို ရောက်လာရော ဆိုပါတော့။ စိတ်ကိုငြိမ်ငြိမ်ထား၊ အသက်ကို မှန်မှန်ရှု၊ မကြောက်နဲ့ ဖြေသာဖြေ - ဒါက ကိုယ့်ဖာသာကိုယ်အားပေးတာပါ။ ခက်တာက စာမေးပွဲမှာ မေးတဲ့ မေးခွန်းပါ ဓာတ်ပုံတွေက အွန်လိုင်းမှာ လေ့ကျင့်ထားတဲ့ ဓါတ်ပုံတွေနဲ့မတူပါဘူး။ စာတွေ အသံတွေက သဘောတရားချင်းအတူတူမို့ ဓါတ်ပုံမတူလည်း ဖြေနိုင်မယ်ဆိုပေမယ့် ဘာသာစကားမှာ အားနဲတဲ့ ကျနော်တို့မှာ ဓါတ်ပုံတွေအားကိုးပြီး မှတ်ထားရတာမို့ စာမေးပွဲခန်းထဲမှာ ချွေးပြန်ခဲ့ရပါတယ်။
အဲဒါကြောင့်ပဲ အောင်စာရင်းထွက်လာတော့ (၆) ပုဒ်မှားပြီး မအောင်ပါဘူး။ အဲဒါနဲ့ နောက်တကြိမ်ထပ်ဖြေဖို့ စာပြန်လုပ်ရပြန်ပါတယ်။ ညနေပိုင်းသင်ပေးတဲ့ စာတွေ့သင်တန်းကိုလည်း ပြန်တက်ရပါတယ်။ ဒီတခါတော့ ဆရာမအသစ်နဲ့ သင်ရပါတယ်။ အဲဒီမှာ ဆရာမက ဘာပြောလဲဆိုတော့ ကျနော်တို့လို ဒိန်းမတ်လူမျိုးမဟုတ်သူ နိုင်ငံခြားသားများဟာ အွန်လိုင်းမှာ လေ့ကျင့်တဲ့အခါ (၂၅) ပုဒ်လုံးအောင်နေအောင် ဖြေထားရပါမယ်တဲ့။ အဲဒီလို ဖြေထားနိုင်မှ တကယ့်စာမေးပွဲမှာ (၅) ပုဒ်မှားနဲ့ အောင်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိဘာသာစကား မဟုတ်တဲ့အတွက်ကြောင့်ပါတဲ့။
အဲဒါနဲ့ ဒီတခါတော့ ကျနော်လည်း အွန်လိုင်းမှာ လေ့ကျင့်တဲ့အခါ ဖြေလိုက်တိုင်း အကုန်မှန်၊ အပုဒ်တိုင်းမှန်၊ အမှားလုံးဝမရှိအောင် ဆက်တိုက်လေ့ကျင့်ပါတော့တယ်။ နောက်ဆုံးဝက်ဘ်ဆိုဒ်ကတောင် ကျနော့်ကို မသင်္ကာဖြစ်လာပြီး မေးလားမြန်းလားလုပ်ပါတော့တယ်။ အကောင့်တခုနဲ့ လူ (၂) ဦးသုံးနေတယ်လို့ ထင်သွားလား မသိပါဘူးဗျာ။
ဒါပေမယ့်လည်း အွန်လိုင်းမှာ အဲဒီလို လေ့ကျင့်လိုက်တဲ့အတွက်ကြောင့်ပဲ ဒီတခါ ဖြေတော့ (၅) ပုဒ်မှားပြီး ယာဉ်မောင်းလိုင်စင်အတွက် စာတွေ့ကို အောင်လာခဲ့ရပါတယ်။
စာတွေ့အောင်ပြီးလို့ လက်တွေ့ဖြေတဲ့အခါမှာတော့ ကျနော်မောင်းပြတာကို ရဲက တကြိမ်တည်းနဲ့ အအောင်ပေးလိုက်တာကြောင့် ယာဉ်မောင်းလိုင်စင် ရခဲ့ပါတော့တယ်။
အဲဒါကြောင့် ကျနော့် အတွေ့အကြုံအရ ကျနော်တို့တတွေဟာ ကျောင်းတွေ သင်တန်းတွေ တက်တဲ့အခါ ဉာဏ်အလွန်ထက်သူများအတွက် သိပ်ကြိုးစားစရာ မလိုပေမယ့် သာမာန်လောက်သာ ဉာဏ်ကောင်းသူများအဖို့ ၀ီရိယ ပိုစိုက်ဖို့ လိုအပ်ကြောင်း ဖောက်သည်ချလိုက်ရပါတယ်ခင်ဗျား…။

Monday, February 15, 2010

စက်မှုသင်တန်းကျောင်း (ဆင်တဲ) တက်စဉ်က

(ကျနော်တို့ စက်မှုသင်တန်းကျောင်း (ဆင်တဲ) ကျောင်းဆင်းများ၏ ဖိုရမ်အတွက် ရေးသားခြင်းဖြစ်သော်လည်း ဘလော့ဂ်အတွက် သီးသန့်ရေးနိုင်ခြင်း မရှိသေးသည့်အချိန် ပို့စ်တခုနှင့်တခုကြား အချိန်အရမ်းမကြာစေလိုသည့် ဆန္ဒဖြင့် ဘလော့ဂ်တွင်လည်း ဖော်ပြလိုက်ပါသည်)

၁၉၆၄ ခု ဖေဖေါ်ဝါရီလမှာ မွေးတဲ့ စာရေးသူဟာ စက်မှုသင်တန်းကျောင်း (ဆင်တဲ) ကိုတက်တော့ ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ ဒါပေမယ့် ဘ၀တခုလုံးအတွက် အရေးပါမယ့် ဆုံးဖြတ်ချက်တခုကို မိမိဖာသာ ဆုံးဖြတ်ခဲ့ရဘူးပါတယ်။ အဲဒါကတော့ စက်မှုကျောင်းတက်ပြီးလို့ လေးလအကြာ Basic Training ကာလအတွင်းမှာပဲ ဖြစ်ပါတယ်။ (သုံးနှစ်တက်ရတဲ့ စက်မှုသင်တန်းကျောင်း (ဆင်တဲ) မှာ ပထမခြောက်လကို Basic Training လို့ သတ်မှတ်ပြီး စက်မှုအခြေခံလုပ်ငန်းတွေဖြစ်တဲ့ တံစဉ်းတိုက်ခြင်း၊ လွှဖြတ်ခြင်း၊ အပေါက်ဖောက်ခြင်း စတာတွေကို သင်ပေးတာပါ)
တချို့သင်တန်းတွေက Basic Training ကို လေးလပဲ တက်ကြမှာမို့ ဘယ်သူတွေ ဘယ်ဘာသာရပ်ကို အဓိကသင်မလဲဆိုတာ ဆုံးဖြတ်ကြဖို့ ဆရာဦးဟန်စိန်က အားလုံးကို အလှည့်ကျခေါ်ယူပြီး သီအိုရီဆောင်မှာ ရှင်းပြပေးပါတယ်။ အဲဒီမှာ အများစု စိတ်ဝင်စားနေတာကတော့ အော်တိုမက္ကင်းနစ် လို့ခေါ်တဲ့ မော်တော်ယာဉ်သင်တန်းပါပဲ။ စာရေးသူတို့ဟာ အိမ်ကိုလည်း ဆက်သွယ်လို့ရတာမဟုတ်တော့ သင်တန်းတွေနဲ့ ရှေ့အလားအလာတွေကို ဆရာတွေကိုပဲ ချဉ်းကပ်မေးမြန်းကြရပါတယ်။ တချို့လည်း ကစလ (အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း) မိသားစုတွေထဲက လာတာဆိုတော့ သူတို့ကတဆင့် ပြန်ပြောပြတာတွေကိုလည်း ထည့်စဉ်းစားရပါတယ်။ စာရေးသူက ကစလ ကဖွင့်တဲ့ သင်တန်းကျောင်းကိုသာ တက်ဖြစ်တာ မိဘတွေက ကစလ က မဟုတ်ပါဘူး။
စာရေးသူဟာ လူကြိုက်များနေတဲ့ မော်တော်ယာဉ်သင်တန်းကို အဓိကထား မလျှောက်ဘူးလို့ ဆုံးဖြတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူအများစုမှာ ၀င်တိုးရမှာရယ်၊ Basic Training က အမှတ်တွေကို ကြည့်ပြီး လူရွေးမယ်ဆိုရင်လည်း ကိုယ့်လက်ရာတွေက သိပ်ကောင်းတာမဟုတ်လို့ရယ်ပါ။ နောက်တခုက ကစလ မှာ မော်တော်ယာဉ်နဲ့ နိုင်ငံခြားသွားရတာ အရမ်းနဲတယ်လို့ ကြားတဲ့အချက်ကိုလည်း ထည့်စဉ်းစားလိုက်လို့ပါ။ နိုင်ငံခြားသွားချင်တဲ့စိတ်က အဲဒီမှာကတည်းက ရှိနေခဲ့ပါတယ်။
နောက်တခါ တွင်ခုံနဲ့ Tools and Die ကို ကျပြန်တော့လည်း အလုပ်သမားဖြစ်တဲ့အခါ တနေကုန် ခြေညောင်းခံပြီး စက်ကိုင်ရမှာမို့ မလိုချင်ပြန်ဘူး။ တနေရာထဲ အပြောင်းအလဲမရှိ နေရတာကို စာရေးသူရဲ့ အတွင်းစိတ်သဘာဝက မလိုလားခဲ့တာပါ။
လျှပ်စစ်ကို ကျပြန်တော့လည်း လျှပ်စစ်ဆိုတာ ကိုယ်မြင်ရတာမဟုတ်ဘူး။ ဓာတ်တွေဘာတွေ လိုက်ရင် မလွယ်ဘူး ဆိုတဲ့ ခလေးသာသာ အတွေးနဲ့ပယ်လိုက်ပြန်တယ်။
စာရေးသူတို့ အပတ်စဉ် (၁) မှာ Pattern Maker နဲ့ ပုံဆွဲဘာသာရပ်တွေက အဆင်သင့်မဖြစ်သေးလို့ သင်တန်းတွေ မစသေးပါဘူး။
အဲဒါကြောင့် စာရေးသူ ရွေးချယ်ဖို့ကျန်တာကတော့ Machinery Fitter လို့ခေါ်တဲ့ စက်ရုံပစ္စည်းဖစ်တာ သင်တန်းပါပဲ။ ဆရာဦးဟန်စိန်ရှင်းပြတဲ့ ဖစ်တာအတွက် သင်ရိုးညွှန်းတန်းမှာ ဂဟေဆော်တာရယ်၊ sheet metal နဲ့ forging လုပ်ငန်းတွေအပြင် တွင်ခုံ ၃ လ၊ အခြေခံ လျှပ်စစ် ၃ လ၊ မော်တော်ယာဉ်မှာ ၃ လ သင်ကြားရမှာဖြစ်ပြီး စက်ရုံလက်တွေ့ မသွားခင် ခြောက်လအလိုမှာ Productive repair ဆိုပြီး စက်ပစ္စည်းတွေပြုပြင်တာကို သင်ကြားရမယ်ဆိုတာတွေ ပါပါတယ်။ တနေရာထဲ ငြိမ်ငြိမ်မနေချင်တဲ့ စာရေးသူနဲ့တော့ အကိုက်မို့ အဲဒါကိုပဲ ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် စာရေးသူတို့ နှစ်မှာ Productive repair ခြောက်လက ဘာမှန်းမသိပဲ ကျောင်းသူတွေ နေမယ့် အပျိုဆောင်ကို ရေပိုက်ဆင်ပေးခဲ့ရတာပါပဲ။ နောက်တော့ ဆရာတွေအိမ်မှာ ရေပိုက်ပြင်တာ၊ အဆောင်တွေမှာ အိမ်သာရေဆွဲရင် ရေမကျတာတွေကို ပြင်ရင်း စက်ရုံပစ္စည်းဖစ်တာကနေ ပိုက်ဖစ်တာ ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရပါသေးတယ်။ ဒါပေမယ့် တွင်ခုံ၊ လျှပ်စစ်၊ မော်တော်ယာဉ် စတဲ့ သင်တန်းတွေကို အခြေခံ နဲနဲစီ သိထားတဲ့ စာရေးသူတို့တွေဟာ သင်တန်းပြီးလို့ သထုံတာယာစက်ရုံကို တာဝန်ကျတဲ့အခါ ထွန်းဦး၊ ကံကောင်း၊ စောဝင်းမော် (ကျောင်းသားတပ်မတော် ABSDF ကျဆုံး) နဲ့ စာရေးသူတို့က ပိုက်လိုင်းတွေဆင်ရတဲ့ ပိုက်ဖစ်တာ၊ ထိန်ဝင်းက structure တွေဆင်ရတဲ့ steel fabricator ၊ သန်းညွှန့်က Ventilation လိုင်းတွေလုပ်ရတဲ့ sheet metal expert နဲ့ ၀ါဇီပြောင်းသွားတဲ့ ထွန်းထွန်းဦးက Machine tools မှာ တာဝန်ကျပြီး machine expert ၊ ခင်မောင်အေး၊ စိုးနိုင် (ကွယ်လွန်) တို့ကတော့ စက်တွေ installation လုပ်ရတဲ့ ဖစ်တာတွေ ဖြစ်လာကြပြီး၊ ထူးခြားသူ အောင်နိုင်ဦးတယောက်ကတော့ ဟိုဌာနရောက်ဒီဌာနရောက်နဲ့မို့ ယောင်နိုင်ဦး လို့ပဲ ဆိုရပါလိမ့်မယ်။ (အောင်နိုင်ဦးကို ထူးခြားသူလို့ ဆိုရတာက သူဟာ အိုင်တီစီကို စိတ်နာလို့ပါ၊ နောက်မှ သူ့အကြောင်းရေးပါအုံးမယ်)
တကယ်တော့လည်း စာရေးသူအနေနဲ့ ငယ်စဉ်ဘ၀ ဘာသာရပ်တွေ ရွေးချယ်စဉ်က ဘာကိုမှ သေသေချာချာသိလို့ ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ အခုနေပြန်တွေးတော့ ဒီသင်တန်းကို ယူမိလို့ ဒီလိုတွေ ဖြစ်ခဲ့တာ၊ တခြားဟာတခုခုဆို ဒီလိုတွေဖြစ်လာချင်မှ ဖြစ်လာလိမ့်မယ်လို့ စဉ်းစားမိပြန်ပါတယ်။
ဘ၀မှာ အ၀ိဇ္ဇာတည်းဟူသော မသိမှုနဲ့ ရမ်းလာလိုက်တာ နောင်ကိုလည်း ဘယ်လောက်အထိ ကြုံသလိုစခန်းသွားနေရအုံးမလဲ ဆိုတာကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာသာ စောင့်ကြည့်ကြပါလို့ ပြောရင်း နားပါအုံးမည်။ ။

Tuesday, December 23, 2008

ဘေဘီဂျွန်ဆင်ပေါင်ဒါနှင့် ဆဲဗင်းအပ် အချိုရည်

ဖတ်ခဲ့ဘူးသည့် မဂ္ဂဇင်းဝတ္ထုတိုလေး တပုဒ် ကို စိတ်ထဲ မှတ်မိနေသည်။ ဇာတ်လမ်းထဲမှာ မြန်မာပြည်ကို ပြန်မည့် သဘောင်္သားတယောက် ဘန်ကောက်လေဆိပ်မှာ လေယာဉ်ပေါ်တက်ရန် စောင့်ဆိုင်းနေသည်။ ၀ယ်လာတဲ့ ပစ္စည်းတွေထဲက သူ့အမေသေသေချာချာ မှာထားသည့် သူ့အမကမွေးသည့် သူ့တူကလေးအတွက် ဂျွန်ဆင်ဘေဘီပေါင်ဒါဗူးလေးကို ထုတ်ကိုင်ကြည့်ရင်း ဘာရယ်မဟုတ် ပေါင်ဒါဗူးဖင်မှာအင်္ဂလိပ်စာလုံးလေးတွေ သံချွန်နှင့် ရေးလိုက်မိသည်။ ရန်ကုန်ရောက်တော့ ပါလာတဲ့ ပစ္စည်းတွေ အမေ့ကိုအပ်၊ အမေကတဆင့် သင့်တော်သလို စီမံခန့်ခွဲလိုက်တော့ ပေါင်ဒါဗူးလေးက သူ့အမ လက်ထဲရောက်သွားသည်။
မြန်မာပြည်မှာ နားရက်စေ့တော့ သင်္ဘောပြန်တက်ရတော့မည်။ သွားဖို့လာဖို့ စီစဉ်နေရင်း အမေလုပ်သူက အမဖြစ်သူကို တဗျစ်တောက်တောက် ဆူပူနေတာ ကြားရလို့ မေးမြန်းကြည့်တော့ အမသည် ပေါင်ဒါဗူးကို သားဖြစ်သူ အတွက်မသုံးပဲ သူ့အထက်အရာရှိကို လက်ဆောင်ပေးလိုက်သည်။ သူတို့မောင်နှမတွေငယ်စဉ်က ဘေဘီဂျွန်ဆင်ပေါင်ဒါ သည် မြန်မာပြည်မှာတင်ဝယ်လို့ရသည့် ပစ္စည်းဖြစ်ခဲ့သည်။ လသားအရွယ်ခလေးငယ် မှာ ပေါက်တတ်သည့် ယားနာတွေကို ဘေဘီဂျွန်ဆင်ပေါင်ဒါသည်သာ အကောင်းဆုံးဖြစ်သည်ကို သူ့သားသမီးတွေကို လိမ်းပေးခဲ့ဘူးသည့် အမေက အသိဆုံး။ ခုတော့ သူ့မြေးမှာ ယားနာတွေက ပိုဆိုးလာနေ သည်။ မြေးအတွက် စိတ်ပူပြီး အမကို ဆူနေသည့် သူ့အမေ စိတ်ချမ်းသာစေရန် မြို့ထဲသွားရင်း လေဟာပြင် ဈေးမှာ ပေါင်ဒါဗူးကို ဈေးကြီးပေးပြီး ပြန်ဝယ်ခဲ့ရသည်။ အပြန်လမ်းမှာ အမှတ်တမဲ့ ပေါင်ဒါဗူးဖင်ကို လှန်ကြည့်လိုက်တော့ ဘန်ကောက်လေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ စောင့်နေရင်း သူရေးခဲ့တဲ့စာလုံး တွေကို မြင်လိုက်ရပြီး ပေါင်ဒါဘူး၏ သံသရာကို သူသွားတွေ့သည်။ ပေါင်ဒါဗူးကို သူ့အမ မသုံးခဲ့သလို သူ့အမ၏ အထက်အရာရှိသည်လည်း မသုံးခဲ့ပါ။

ကျနော့်မှာလည်း အလားတူ အဖြစ်မျိုးကြုံဘူးသည်။ ကျနော် စက်မှုသင်တန်းကျောင်း (ဆင်တဲ) တွင် သင်တန်းသားဘ၀၌ (၁၉၈၀ ခုနှစ်များဝန်းကျင်) ခေါင်းအုံးရိုက်အားကစားပြိုင်ပွဲဝင်သောအခါ နှစ်သိမ့်ဆုအဖြစ် ဆဲဗင်းအပ် ဖျော်ရည်တဗူး လက်ဆောင်ရသည်။ နေပူပူမှာ အမောပြေသွားအောင် ဆဲဗင်းအပ် ဖျော်ရည်ဗူးကို ဖောက်သောက်လိုက်တာ ပေါ့လို့ မထင်လိုက်ပါနဲ့။ ကျနော်မသောက်ရက်ပါ။ အချိုရည်ဗူးသည် နိုင်ငံခြားက လာသည့် ပစ္စည်းဖြစ်နေသည်က တကြောင်း၊ ကိုယ်ကိုယ်တိုင် ယှဉ်ပြိုင်၍ ရရှိလာသည့်ဆု ဖြစ်နေသည်က တကြောင်း၊ ရတောင့်ရခဲ အချိုရည်ဗူးလေးကို ကျနော်၏ စားအိမ်သောက်အိမ် ကျေးဇူးရှင် ဆင်တဲ ကပစ မှ အရာခံဗိုလ် ဦးစိန်မြင့်နှင့် ဒေါ်ညွှန့်တို့အား အမှတ်တရ လက်ဆောင်ပေးခဲ့ပါသည်။
သူတို့တွေတော့ သောက်လိုက်ကြမှာပဲဟု ထင်ထားခဲ့သော ကျနော် နောက်တကြိမ်သူတို့အိမ်ရောက်တော့ ဆဲဗင်းအပ်အချိုရည်ဗူးလေးက ဘုရားစင်ပေါ်မှာ ရှိနေပါသည်။ ထိုအချိုရည်ဘူးကို ကျနော်မသောက်ခဲ့သလို သူတို့လည်း မသောက်ခဲ့ကြပါ။ ။

Monday, December 8, 2008

သပိတ်နှင့် စစ်ဗိုလ်

၈၈ အရေးအခင်းတုံးက သထုံမြို့မှာ သပိတ်မှောက်နေကြတုံး ကျနော်တို့ သပိတ်စခန်းကို စစ်ဗိုလ် တယောက် ရောက်လာခဲ့ဘူးတယ်။ ဖြစ်ပုံက ဒီလိုပါ။ ကျနော်တို့ သပိတ်စမှောက်တော့ ၀ိဇ္ဇာဘာဂီ ဘုန်းကြီးကျောင်းမှာ စခန်းချတဲ့ ကျောင်းသားသမဂ္ဂ သပိတ်စခန်းနဲ့ ပူးပေါင်းပါတယ်။ အဲဒီ အချိန်မှာ ကျောင်းသားသမဂ္ဂ ဆိုတာ အလွန်အလုပ်ရှုပ်တဲ့နေရာ ဖြစ်နေတယ်လေ။ အဲဒီတော့ ကျနော်တို့ အလုပ်သမားတွေက မနီးမဝေးက “နန်းတော်ရာ” ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ သပိတ်စခန်း ဖွင့်ကြ တယ်။ သပိတ်ကို စခန်းတာဝန်ခံ ကော်မတီငါးဦးက အုပ်ချုပ်ပါတယ်။ ခေါင်းဆောင် ငါးဦး (ဒါမှမဟုတ်) ငါးဦး ကော်မတီ ဆိုပါတော့။ သပိတ်စခန်းမှာ အမြဲနေ ၀န်ထမ်းအင်အားက တရာကျော် ရှိပြီး ဆန္ဒပြတဲ့နေ့ကျမှ ကျနော်တို့နဲ့ လာပူးပေါင်းပြီး ကိုယ့်အိမ်မှာပဲ ကိုယ်နေတဲ့ ၀န်ထမ်းတွေလည်း ရှိသေးတယ်။
သပိတ်တာဝန်ခံ ငါးဦးက ထိန်ဝင်း (ယခု ပြည်ပတွင် အလုပ်လုပ်နေသူ)၊ ဇော်ဝင်း (မြန်မာပြည်တွင်း တနေရာ)၊ ၀င်းမြင့်စိုး (ယခု- ကနေဒါ)၊ ထွန်းသိန်း (ယခု-ယူအက်စ်အေ) နဲ့ ယခုစာရေးသူ ကျနော် တို့ပါပဲ။ သပိတ် အရှိန်ရလာတော့ ကျနော်တို့ တာယာစက်ရုံသမဂ္ဂကပဲ ဦးဆောင်ပြီး မြို့နယ် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးတွေ လုပ်ကြတယ်။ မြို့ပေါ်က တခြားဝန်ထမ်းတွေကို လိုက်စုစည်းတဲ့အလုပ်ကို ကျနော်နဲ့ ထွန်းသိန်း တို့က လုပ်နေတော့ သပိတ်စခန်းကို သိပ်ဂရုမစိုက်နိုင်ဘူးဆိုပြီး နောက်ထပ် ခေါင်းဆောင် ၂ ဦး ကို ထပ်ရွေးဖြစ်တယ်။ အဲဒါ ကြည်ဌေး (ယခု - ယူအက်စ်အေ ဖို့ဝိန်း) နဲ့ ကိုကြည်ခင် (ဘယ်ရောက်နေမှန်း မသိ) တို့ပါပဲ။
သပိတ်မှောက်နေတုံးတရက် မနက်ပိုင်း ကျနော်တို့ လဘက်ရည်ဆိုင် ထိုင်နေတုံး သပိတ်စခန်းကို စစ်တပ်က ဗိုလ်ကြီးတယောက်ရောက်နေတယ် ဆိုတဲ့ သတင်းစကား ရောက်လာတယ်။ ဒီနေရာမှာ စကားဖြတ်ပြောချင်တာတခုက … လဘက်ရည်ဆိုင်ထိုင်တဲ့ ကိစ္စပါ။ သပိတ်မှောက်နေတုံးရော.. သပိတ် မဖြစ်ခင်ကပါ လဘက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု ကျနော်တို့မှာ စီးဝင်နေပါပြီ။ စစ်တပ် အာဏာသိမ်းလို့ တောထဲပြေးကြတဲ့အထိတောင် ကေအင်ယူရဲ့ မဲတရေ စခန်းက မရှိမဲ့ရှိမဲ့ လဘက်ရည်ဆိုင်လေးမှာ ကျောင်းသားတွေ တရုံးရုံးနဲ့ပေါ့။ မြန်မာပြည်မှာက ကိုယ့်အိမ် ဧည့်သည်လာရင်တောင် လဘက်ရည်ဆိုင်မှာပဲ ဧည့်ခံကြသလို… မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံး သမိုင်းဝင် အဖြစ်အပျက်ဟာလည်း လဘက်ရည်ဆိုင်က စခဲ့တယ်လေ။ ကျနော်တို့ ငယ်ငယ်က ကိုယ့်အိမ်မှာပဲ ကော်ဖီဖျော်သောက်ပြီး ဧည့်သည်လာရင် လည်း အိမ်မှာပဲ ဖျော်တိုက်ကြပေမယ့် ကျနော်တို့ အရွယ်ရလာတော့ ခေတ်ရဲ့ ကျပ်တည်းမှုကြောင့် နို့ဆီ၊ သကြားဆိုတာ ဇိမ်ခံပစ္စည်း ဖြစ်သွားခဲ့ရပါတယ်။ လဘက်ရည်တခွက်မှာမယ်၊ ရေနွေးကြမ်း တအိုးချခိုင်းမယ်၊ မုန့်တွေဘာတွေလည်း သိပ်မစားဖြစ်ကြဘူး၊ မုန့်စားရင် လဘက်ရည်အရသာ ပျက်တယ်၊ သူငယ်ချင်းတွေနဲ့ လေကန်မယ်၊ ချဲတွက်မယ်။ အဖော်တွေမရှိလဲ လဘက်ရည်ဆိုင်မှာ မဂ္ဂဇင်းတအုပ် ၀တ္ထုတပုဒ်နဲ့ အချိန်ဖြုန်းခဲ့တဲ့ ကာလတွေလည်း အများကြီးရှိခဲ့ဘူးပါတယ်။
စစ်ဗိုလ်ဇာတ်လမ်း ပြန်ဆက်ရရင်… အဲဒီ ဗိုလ်ကြီး က သထုံမှာရှိတဲ့ ထောက်ပို့ တပ်ကပါ။ သူ့ တာဝန်က ကရင်ပြည်နယ်မှာ ရှိတဲ့စစ်တပ်တွေကို ရိက္ခာပို့ပေးရမယ်။ သူ့တပ်မှာရှိတဲ့ စစ်ကားစီးရေ နဲ့ မလုံလောက်ရင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး (အာတီစီ) က တီအီးကားတွေ ငှားသုံးနေကျပဲ။ ဒါပေမယ့် လောလောဆယ် အစိုးရကို သပိတ်တိုက်ပွဲဝင်နေတဲ့အထဲမှာ အာတီစီက ကားသမားတွေ လည်း ပါနေတယ်လေ။ အဲဒီတော့ ကားသမားတွေကလည်း မမောင်းနိုင်ဘူးတဲ့။ ယာဉ်မောင်းမပါပဲ ကားတွေ ပေးလိုက်ဖို့ကိုလည်း အာတီစီ စခန်းတာဝန်ခံက သဘောမတူပြန်ဘူး။ နောက်ဆုံးတော့ ကြံရာမရအဆုံး ဗိုလ်ကြီးဟာ အာတီစီက အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ် ၂ ဦးနဲ့အတူ ကျနော်တို့ သပိတ်စခန်းကို ရောက်လာတော့တာပါပဲ။ ကျနော်တို့လည်း သပိတ်စခန်းကို စစ်ဗိုလ်ရောက်လာတယ်ဆိုတော့ ဘာလုပ်ရမှန်း မသိဖြစ်ကုန်တယ်။
ဗိုလ်ကြီးကတော့ ဘုန်းကြီးကျောင်းထဲအထိ ၀င်မလာပါဘူး။ အလုပ်သမားကိုယ်စားလှယ် ၂ ယောက်က အကျိုးအကြောင်းပြောပြတာ ကျနော်တို့ နားထောင်ပြီး စစ်လက်နက် ပစ္စည်း မဟုတ်ပဲ စားနပ်ရိက္ခာတွေပဲ ဆိုရင် ခွင့်ပြုတယ်ဆိုတဲ့ စာကို သပိတ်စခန်းက ထုတ်ပေးလိုက်ပါတယ်။ စစ်အာဏာလည်း သိမ်းရော ဗိုလ်ကြီးက ဘာဖြစ်လဲတော့ မသိ၊ ကျနော်တို့ သပိတ်အဖွဲ့တွေတော့ တောထဲကို ထွက်ပြေးခဲ့ရပါလေရော… တောထဲကို မသွားခင် သထုံမြို့ကို ထိန်းဖို့ ၀င်လာတဲ့ တပ်က တပ်ရင်းမှူး ဗိုလ်မှူးမြင့်အေးက ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျနော်တို့ကို အလက (၁) ဘီစီ ကျောင်းမှာ ခေါ်တွေ့ပြီး တောမခိုသင့်တဲ့အကြောင်း ရှင်းပြပါသေးတယ်… ဒါပေမယ့် ကျနော်တို့က ရှေ့ဆက်ရမယ့် ခရီးအတွက် စီစဉ်နေကြပါပြီ။ အဲဒီ အကြောင်းတွေကိုတော့ ကြုံရင် ပြောပြပါအုံးမယ်။ ။

Saturday, February 16, 2008

ကျနော်သိသော `ဗဒို´တဦး

မဲဆောက်မှာ လုပ်ကြံခံလိုက်ရတဲ့ ဗဒိုမန်းရှာကို လူချင်းမသိပါဘူး။ ဒါပေမယ့် သူပြောတာ ဆိုတာ နားထောင် ကြည့်တော့ အတွေ့အကြုံရှိတဲ့ တော်လှန်ရေး သမားတဦးဆိုတာရယ် ရပ်တည်ချက်မှန်ကန်တဲ့နိုင်ငံရေးသမား တဦးဆိုတာရယ် သိသာထင်ရှားစွာ တွေ့နေရပါတယ်။ အဲလိုလူမျိုး လုပ်ကြံခံလိုက်ရတယ်ဆိုတာ ကရင့်တော် လှန်ရေးအတွက်ရော မြန်မာ့ ဒီမိုကရေစီအရေးအတွက်ပါ ၀မ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခုပါပဲ။
ဗဒိုမန်းရှာကို မဆုံလိုက်ရပေမယ့် ကိုယ်တောခိုတုံးကတော့ ဗဒိုတဦးဖြစ်တဲ့ ဗဒိုသန်းအောင်ကို သိခဲ့ရပါတယ်။ ကိုယ်တို့ရောက်နေတဲ့ ကရင်တပ်မဟာ (၇) တပ်ရင်း (၂၁) ဖြစ်တဲ့ မဲတရေ စခန်းကို ကေအင်ယူ ဒု ဥက္ကဋ္ဌ အဖြစ် ဗဒိုသန်းအောင် ရောက်လာခဲ့တာပါ။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်က စပြီး နယ်စပ်ကို တဖွဲဖွဲ ထွက်လာခဲ့ကြတာဆိုတော့ ကိုယ်တို့ မဲတရေ ရောက်တဲ့ အောက်တိုဘာ (၁) ရက်နေ့ မဲတရေစခန်းမှာ ကျောင်းသား (၅၀၀) ကျော်လောက်ရောက်နေကြပါပြီ။ အများစုက ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်းစတဲ့ မြို့နယ်က တက်လာခဲ့တဲ့ ကျောင်းသားသပိတ်က အဖွဲ့တွေ များပါတယ်။ နောက်တခြား ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်းက ထွက်လာခဲ့တဲ့သူတွေ ရှိကြပါတယ်။ လက်နက်နဲ့ စစ်ပညာ ရရင် ပြည်တွင်း ပြန်ဝင်ဖို့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့ကြပေမယ့် ကေအင်ယူစခန်းမှာ ပိတ်မိသလို ဖြစ်နေပြီး ရှေ့ကို ဘာဆက် လုပ်ရမှန်းမသိ ဖြစ်နေတဲ့ အချိန်ပါ။ တချို့က ထိုင်းကို ကူးမယ်၊ တခြားစခန်းတွေကို ရောက်သွားတဲ့ အသိတွေ နဲ့ အဆက်အသွယ်ရှာမယ်။ နိုင်ငံတကာကို အကူအညီတောင်းမယ် စသဖြင့် စိတ်ကူးကြသူတွေလည်း ရှိကြတယ်။ နယ်စပ်စခန်းတွေကို ပြည်တွင်းက ကျောင်းသားတွေ အလုံးအရင်းနဲ့ ရောက်နေတာကို ကမ္ဘာ့သတင်း ဌာနတွေကလည်း စိတ်ဝင်စားတယ်လေ။ တနေ့ တနေ့ ရောက်လာတဲ့ သတင်းထောက်တွေက လည်း မနဲဘူး။ သတင်းထောက်တွေက မြင်သမျှကို တီဗီရိုက်၊ တွေ့သမျှလူကို အင်တာဗျူးတာ ဆိုတော့ ကိုယ်တောင် သြစတေးလျက သတင်းဌာန တခုဖြစ်တဲ့ အေဘီစီ နဲ့ အမေးအဖြေလုပ်လိုက်သေးတယ်။ ကိုယ်ပြောတဲ့ အင်္ဂလိပ်စကားက တောင်တလုံးမြောက်တလုံးပါ။ အဲဒီမှာ တချို့ အင်္ဂလိပ်လို အတော်လေး ပြောနိုင်သူတွေပါတယ်။ အဲဒီထဲက တယောက်က သတင်းထောက်တယောက်ကို ဘာပြောလိုက်သလဲ ဆိုတော့ ကေအင်ယူက ပိတ်ပင်ထားလို့ သွားချင်တဲ့နေရာ သွားလို့မရဘူးဖြစ်နေတဲ့အကြောင်း ပြောလိုက်တာပါပဲ။
နောက်နေ့ကျတော့ အဲဒီသတင်းက ဘန်ကောက်ပို့စ် မှာပါလာတယ်ဆိုတော့ ကေအင်ယူရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်တဲ့ ဗဒိုသန်းအောင် ကိုယ်တိုင် စခန်းကိုရောက်လာပြီး အဲဒီကိစ္စကို ဖြေရှင်းပါတော့တယ်။ မဲတရေစခန်းမှာ ကိုယ်တို့အဖွဲ့တွေ ယာယီစခန်းချနေတာက အလယ်တန်းကျောင်းတခုမှာ၊ အဲဒီကျောင်းရဲ့ နှစ်ထပ်ဆောင် အောက်ထပ်ခန်းမ လူစုပြီးတော့ မြန်မာလိုကောင်းကောင်းမိန့်ခွန်းချွှေပါတော့တယ်။ သူက မြန်မာစကားပြော နိုင်ပေမယ့် တပ်ရင်းမှူးဗိုလ်မှူးလားမူက ကျနော်တို့ကို စကားပြောရင် ကရင်လိုပဲ ပြောပါတယ်။ သူက ကရင်လို ပြော.. တယောက်က မြန်မာလို ဘာသာပြန်တယ်ပေါ့။ အဲဒါကို ညဖက်အဆောင်မှာ အခုသြစီရောက်နေတယ် လို့သိရတဲ့ ကိုပေါ က ဗိုလ်မှူးလားမူ လုပ် နောက်တယောက်က စကားပြန်လုပ်ပြီဆိုရင် ပြဇတ်ထွက်သလို ဖြစ်နေတာမို့ တ၀ါးဝါးနဲ့ ရီနေရပါတယ်။ လူတွေကလည်း ဘာမှ အလုပ်ရှိတာ မဟုတ်၊ အားနေကြတယ် မို့လား။
ဗဒိုသန်းအောင်က ကေအင်ယူရဲ့ရပ်တည်ချက်၊ ဖြတ်သန်းမှုသမိုင်းကြောင်း၊ လမ်းစဉ် နဲ့ လုပ်ငန်းစဉ်တွေကို အကျယ်တ၀င့်ရှင်းပြပါတယ်။ ပြီးတော့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပါလာတဲ့ ကိစ္စ အစာမကြေတဲ့အကြောင်း၊ ကျောင်းသားတွေကို ထိုင်းဖက်ကမ်းကူးခွင့်မပြုတာက တဖက်နိုင်ငံရဲ့ လူဝင်မှု ဥပဒေနဲ့ ငြိစွန်းမှာမို့ တားမြစ်ရတာ ဖြစ်ကြောင်း ပြောပါတယ်။ ကျောင်းသားကိုယ်စားလှယ်ကလည်း ကျောင်းသားတွေရဲ့ ဆန္ဒကို ရိုးသားစွာ တင်ပြတော့မှ အားလုံးကိုတော့ သွားခွင့်မပြုနိုင်၊ အားလုံးကိုယ်စား ကျောင်းသား (၇)ယောက်ကို အဆက်အသွယ်ရှာဖို့ မဲဆောက်သွားခွင့်ပြုမယ်လို့ ပြောပြီး ဗဒိုသန်းအောင် ပြန်သွားပြီးနောက်ပိုင်း ကျနော်လည်း တော်လှန်ရေး နယ်မြေမှာ မရှိတော့တာမို့ နောက်ထပ် တွေ့ဆုံခြင်း မရှိတော့ပါ ခင်ဗျား... ။ ။


(ထိုင်းဖက်ကမ်းကူးရန်ပြင်နေသည့် ကျောင်းသားများ၏ နောက်တွင် သောင်ရင်းမြစ်၊ သောင်ရင်းမြစ်နောက်က မဲတရေ စခန်းဖြစ်သည်)

Friday, January 11, 2008

ကျနော် နှင့် ဆေးပေါ့လိပ်

ကျနော် နှင့် ဆေးပေါ့လိပ်

ကျနော် ဆေးလိပ်စသောက်ခဲ့သည်မှာ ကိုးတန်းအောင်ပြီးစ နယ်မှာ သင်တန်းကျောင်းတခု သွားတက်စဉ်က ဖြစ်သည်။ အပျံသင်စငှက်လို အိမ်နှင့်စတင်ခွဲခဲ့ရသည့်အတွက် မိသားစု၊ သူငယ်ချင်းများနှင့် မိမိရပ်ကွက်ကို သတိရသည်။ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်ကလည်း အသစ်ဖြစ်နေသည်။ အနောက်ကိုကြည့်လိုက်ရင် ရခိုင်ရိုးမကို မြင်ရပြီး အရှေ့ဖက်မှာတော့ ဧရာဝတီမြစ်နှင့် ပြည်တောင်တန်းကို မြင်နေရသည်။ သင်တန်းကျောင်းမှာ ဧရာဝတီအနောက်ဖက်ကမ်းရှိ တောင်ကုန်း တခုပေါ်မှာရှိပြီး ထိုတောင်ကုန်းပေါ်မှာပင် ဘုန်းကြီးကျောင်းနှင့် စေတီလေးတဆူလည်း ရှိနေခဲ့သည်။ ညနေလမ်းလျှောက် ထွက်ကြသည့်အခါ ဧရာဝတီမြစ်ကို စီးမြင်နေရသည့် တောင်ကုန်းထိပ်ရှိ စေတီလေး ပရ၀ုဏ်မှာ ဟိုငေးဒီငေးနှင့် ဆေးပေါ့လိပ်လေး ဖွာကာ အိမ်ကို လွမ်းခဲ့ရသည်။
သင်တန်းမှာ သုံးနှစ်တက်ရမည့်သင်တန်း၊ အိမ်နှင့်လည်း ဝေးနေသည်ဆိုတော့ ဆေးလိပ်သောက်လို့ ဆူမည့် မိဘတွေကလည်း အနားမှာမရှိ။ ကျနော့်အခန်းဖော်မှာ ရွှေတောင်သားဖြစ်ပြီး လူချင်းလည်း သိပ်မရင်းနှီးကြသေးသည့် အတွက် အခန်းမှာ တယောက်တည်းရှိသည့်အခါ ကျားပျံမကောက်နှင့်သာ အဖေါ်လုပ်ရသည်။
ကျားပျံမကောက် ဆေးပေါ့လိပ်မှာ ပြည်မြို့အနီးတ၀ိုက်တွင် ဖေးဘရိတ်ဖြစ်သော်လည်း ရန်ကုန်မှာ ၀ယ်မရပါ။ ရန်ကုန်မှာလည်း ကျနော်နေသည့် အင်းစိန်ဖက်တွင် နွားဆေးလိပ်၊ ကမာရွတ်တွင် နှင်းဆီ၊ တောင်ဥက္ကလာမှာ လမင်း၊ မြောက်ဥက္ကလာ မှာ ရွှေပြည်စိုး၊ မင်္ဂလာဒုံတွင် သဘာဝ စသည်ဖြင့် ကွဲပြားနေသည်။
“တို့ ဂျာမနီသွားတုံးက ဘီယာက တမြို့ရောက်ရင် နာမည်တမျိုးဆိုတော့ တို့ဗမာပြည်က ဆေးလိပ်ခုံတွေလိုပဲကွ” ဂျာမနီက ဘီယာကုမ္ပဏီများအကြောင်း ပညာတော်သင်ပြန်လာသည့်ဆရာတဦးပြောပြတာကြားတော့ ဘီယာတော့ အတော်ပေါမှာပဲဟု စဉ်းစားမိပြီး သရေယိုခဲ့ရသေးသည်။
သင်တန်းကျောင်းတက်ခဲ့ရသည့် သုံးနှစ်တာကာလကို ယခုပြန်တွေးလိုက်တော့ ခဏလေးလို့ ထင်ရသော်ငြား ထိုစဉ်က တရက်ပြီးတရက်၊ တလပြီးတလ ပြီးတော့ တနှစ်ပြီးတနှစ် ကျော်ဖြတ်ခဲ့ရသည်။ ပိုဆိုးတာက စစ်ပညာသင်သည့် သင်တန်းမဟုတ်ပဲ စစ်စည်းကမ်းဖြင့် အုပ်ချုပ်ခံရသည့်အတွက် လူငယ်ဘ၀ပျော်ရွှင်မှုတို့ သင်းသပ်ခံရသလိုဖြစ်ခဲ့သည်။ သင်္ကြန်ကျောင်းပိတ်ရက် အိမ်ပြန်သည့်အခါ ရှေ့တလက်မနောက်ပြောင်နေသော ပုံစံကေကြောင့် “ဘယ်လေ့ကျင့်ရေးမှာ လဲ” “တပ်ထဲဘယ်တုန်းက၀င်လိုက်သလဲ” အမေးခံရသည်။ စက်မှုပညာသင်သည့် ကျောင်းသားကို စစ်စည်းကမ်းနှင့် အုပ်ချုပ်သည့်အတွက် လိုအပ်လို့လားဟု ဂျာမန်သင်တန်းဆရာတို့၏ အမေးကို ပေါ်လစီကြောင့်ပါဟု ကျောင်းအုပ်ကြီးက ဖြေသည်။ အဲဒီပေါ်လစီကို တော်လှန်သည့်အခါ ရှေ့တန်းမှပါဖို့အတွက် စိတ်ခံစားမှုတို့သည် ထိုစဉ်ကတည်းက အုံဖွဲ့ခဲ့ သည်ကို အခုချိန်ပြန်တွေးတော့ ရေးရေးပေါ်သည်။
သင်တန်းဆင်းတော့ ကျွမ်းကျင်လုပ်သားတဦးအဖြစ် မွန်ပြည်နယ်ရှိ အစိုးရကော်ပိုရေးရှင်း လက်အောက်ခံ စက်ရုံတရုံတွင် အလုပ်ဝင်ရသည်။ သောက်သည့်ဆေးလိပ်မှာကျားပျံမကောက်မဟုတ်တော့ပဲ မြို့ခံလူအများ သောက်သုံးသည့် ဆေးလိပ်ဖြစ်နေပြီ။ ထိုမြို့မှာပင် အိမ်ထောင်ကျ၍ ၀န်ထမ်းဘ၀နှင့် ဆယ်တန်းအောင်သည့်နှစ်တွင် သမီးကြီးကို မွေး၏။ လုပ်သက်ငါးနှစ်ပြည့်တော့ ရှစ်လေးလုံးအရေးအခင်းဖြစ်လေသည်။ သပိတ်စုံတော့ သူပုန်ထ စကားအတိုင်း စစ်တပ်အာဏာသိမ်းတော့ ကျွန်တော်တို့ အလုပ်သမားသပိတ်စခန်းမှ တောခိုကြလေသည်။
ကျနော်တို့ တောခိုလာကြရာတွင် ဖားအံမြို့အထက်ဘက် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ မင်းစီရွာလေးကို ဖြတ် ရသည်။ ထိုရွာမှ ကျနော်တို့ အလုပ်သမားတပ်ကို ထမင်းထုပ်တွေကမ်းသည်။ ကေအင်ယူစခန်းကိုရောက်တော့ ကျနော် တို့မှာ ပါလာသည့် ငွေဖြင့် သုခိတာဆေးပေါ့လိပ် ၀ယ်သောက်နိုင်သေးသည်။ ငွေကုန်တော့ ဆေးပေါ့လိပ် မ၀ယ်နိုင်တော့ ပဲ ကေအင်ယူကပေးသည့် ဆေးရွက်ကြီးအမှုန့်ကို သတင်းစာစက္ကူဖြင့် လိပ်သောက်ရသည်။ ဆေးပေါ့လိပ်လို သောက်မ ကောင်းပေမယ့် သူတို့လည်း ရှိတာပေးရတာဆိုတော့ စောဒကတက်လို့ကလည်း မဖြစ်နိုင်။ နောက်တော့ ရိက္ခာရှာဖွေရေး၊ နောက်တန်းမှာကျန်နေခဲ့သူများနှင့် အဆက်အသွယ်ပြန်ရရေးအတွက် ကျနော် ပြည်တွင်းသို့ ပြန်ဝင်ရသည်။
စစ်ထောက်လှမ်းရေးတွေ ကျနော့်ကို ဖမ်းဖို့လာသည့် ညက ကျနော်က ငြိမ်းကျော်၏ `မြက်ဖျားနှင်း´ ကို ဖတ်နေသည်။ “ကျနော် ရ၀တ ဥက္ကဋ္ဌပါ၊ ဧည့်စာရင်းစစ်ချင်လို့” ဟူသောအသံနှင့်အတူ သူတို့ အိမ်ကိုဝိုင်းထားလိုက်ကြပြီ။ တအိမ်လုံးကို ရှာဖွေပြီးတော့ “အဒေါ့်သားကို ကျနော်တို့ခေါ်သွားမယ်” ဆိုတော့ ကျနော်အိမ်ခန်းထဲဝင်ပြီး အနွေးထည်ဝတ်သည်။ အင်္ကျီ အိတ်ထဲသို့ ငွေစက္ကူအချို့၊ မှတ်ပုံတင်၊ ဆေးပေါ့လိပ်သုံးလိပ်နှင့် မီးခြစ်ထည့်လိုက်သည်။ ဟိုရောက်ရင် အေးအေးဆေးဆေး ဆေးလိပ်ဖွာရင်း သူတို့မေးတာ ဖြေမည်ဟု စိတ်ကူး၏။ စစ်ကြောရေးကို ရောက်တော့ ဆေးလိပ်သောက်ဖို့ နေနေသာ အ၀တ်နက်ကြီးခေါင်းပေါ်တချိန်လုံး အုပ်ထားတာ ဘာကို မမြင်ရ။ အမေးတွေဖြေရလွန်း၍ အာခြောက်လာတော့ ရေတိုက်ရန် အကြိမ်ကြိမ်တောင်းပန်မှ ရေအနည်းငယ် လာတိုက်သည်။
စစ်ကြောရေးမှာကိစ္စ၀ိစ္စတွေအပြီး ရဲစခန်းကိုအရွှေ့ ပစ္စည်းတွေပြန်ပေးတော့ ဆေးပေါ့လိပ်သုံးလိပ် ပြန်မရတော့။ “ဆေးလိပ်တွေတော့ ငါတို့သောက်လိုက်ပြီ” ဆိုကာ ကျန်သည့်ပစ္စည်းများကို ပြန်ပေးသည်။ အင်းစိန်ရဲစခန်းကနေ ထောင်ကို အချုပ်နဲ့သွားရမယ်ဆိုတော့ ဘာမှ ကြိုတင်ပြင်ဆင်ချိန်မရ။ အရင်က အင်းစိန်ဈေး ကားမှတ်တိုင်မှာ ကားစောင့်ရင် အချုပ်ကားအပြာကြီးတွေပေါ်ပါသွားသူတွေကို ငေးကြည့်ခဲ့ဘူးသည်။ အခုတော့ အချုပ်ကားပေါ်ကနေ ဈေးသည်ဈေးဝယ်တွေနှင့် စည်ကားနေသော အင်းစိန်ဈေးကို ကားပြာကြီးပေါ်မှ ပြန်ငေးကြည့်ရင်း ထောင်ဗူးဝသို့ ရောက် သွားသည်။
ဗူးဝမှာ တလာစီ၊ ရုံးခန်းရှေ့ မှာ ငုတ်တုတ်ထိုင်ရင်း ထိုညနေက ထမင်းမစားရတော့။ ထောင်ဝါဒါတွေ တန်းစီးတွေ က ထောင်ပုံစံသင်ပေးသလို ထောင်ကျဖက်တွေက ဆေးလိပ်ဘယ်လိုဝယ်ရလဲ သင်ပေး၏။ ထောင်ထဲမှာ နွားဆေးလိပ် က အသပြာအခြင်းအရာကို ဆောင်ရွက်သည်။ ဆေးလိပ်ဖြင့် မုန့်ဝယ်စားလို့ရသည်။ အရောင်းအ၀ယ်ဟူသမျှကို ဆေးလိပ် ဖြင့် တန်ဖိုးသတ်မှတ်ကာ ငွေပေးချေရသည်။
ထောင်ကရုံးထုတ်သည့်နေ့ တရားရုံးရှေ့မှာ အမေလာစောင့်နေသည်။ အမေနဲ့တွေ့တော့ ပထမဆုံးပြောသည့် စကားက “သားကို ဆေးလိပ်ပေးပါ”။ အမေက သူလွယ်လာသည့် လွယ်အိတ်လေးထဲမှာ သဘာဝ သုံးလိပ် ထုတ်ပေး သည်။ အခုတော့ အမေလည်း မရှိတော့ပြီ။
၁၉၉၁ ခုနှစ် မလေးရှားကို အလုပ်လုပ်ဖို့ရောက်လာတော့ ကွာလာလမ်ပူမှာအခုလို မြန်မာစတိုးဆိုင်တွေ မရှိသေးသည့်အတွက် ဆေးပေါ့လိပ်ဝယ်မရပါ။ ပီနန်စက်လှေတွေမှာ ၀ယ်လို့ရသည်ဆိုတော့ ကေအယ်လ်မှ ပီနန်အထိ ဆေးပေါ့လိပ်သွားဝယ်ဘူးသည်။ ကိုယ်သောက်ချင်သည့် ဆေးလိပ်တော့မရ၊ လှေသမားတွေသောက်သည့် သူတို့ဒေသ ထွက် ဆေးလိပ်တွေမို့ နာမည်တွေက ကိုယ်လည်း တခါမှ မကြားဖူးပါ။ ဒါပေမယ့် စီးကရက်ထက်စာရင် မီးညှိလိုက်၊ ဖွာလိုက်၊ ချထားလိုက် လုပ်လို့ရသည့် ဆေးပေါ့လိပ်ကို ပိုနှစ်သက်လေတော့ လှေသမားတွေဆီက ဆေးလိပ်ဝယ်ရတာကို ပဲ ကျေးဇူးတင်နေခဲ့သည်။ ဘန်ကောက်မှာလည်း ဆေးပေါ့လိပ်ရောင်းသည့်ဆိုင်ကို စုံစမ်းထားရသည်။ စင်္ကာပူမှာလည်း လှေဆိပ်ဆင်းကာ မွန်စက်လှေတွေဆီမှာ ဆေးလိပ်သွားဝယ်သောက်ဖူးသည်။ ရောက်လေရာမှာ ဆေးပေါ့လိပ် ရှာလို့ရခဲ့ ပေမယ့် ဒိန်းမတ်ကို လာရတော့မည်ဆိုတော့ စဉ်းစားရပြီ။ ဥရောပမှာ ဆေးပေါ့လိပ် လွယ်လွယ်မရနိုင်သည့် အတူ ဒီဆေးလိပ်ကို ဖြတ်လိုက်တော့မည်ဟု ဆုံးဖြတ်ကာ အနှစ်နှစ်ဆယ်ကျော် သောက်လာခဲ့သည့် ဆေးလိပ်ကို ဖြတ်လိုက်ပါ တော့သည်။ ဆေးလိပ်သောက်နေစဉ်က တကြိမ်ဖြတ်ခဲ့ဘူးပြီး နောက်ပိုင်းပြန်သောက်ဖြစ်ခဲ့သော်လည်း အခုတော့ မသောက်ပဲ နေလိုက်သည်နှင့် ဆေးလိပ်ပြတ်သွားသည်မို့ အရင်ကလို ကရိကထလည်းမများ ဆေးလိပ်ဖိုးလည်း ငွေအပို မကုန်တော့ကာ ကျန်းမာရေးလည်း ပိုကောင်းလာပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။ ။

Saturday, December 1, 2007

ဆရာက ကျွမ်းပါတယ်၊ ဒါပေမယ့် ...

ကျနော် ဆယ်တန်းနှစ်မှာ စက်မှုသင်တန်းကျောင်း သွားတက်ရပါတယ်။ ကျနော်တို့ စက်မှုကျောင်းဆင်းတွေ ၈၈ အရေးအခင်း နောက်ပိုင်း စင်္ကာပူ နဲ့ မလေးရှားကို အလုပ်ထွက်လုပ်ကြတော့ အဆင်ပြေကြသူများ ပါတယ်။ ကျောင်းတုံးက စာတွေ့လက်တွေ့သင်ပေးလိုက်တာရယ်၊ စက်ရုံတွေမှာ လုပ်သက် အနည်းဆုံးလုပ်သက် လေးငါးနှစ် ရှိခဲ့ကြတာကြောင့်လည်း ပါတာပေါ့လေ။ ကျနော်တို့ ကျောင်းဆင်းတွေတင် နိုင်ငံခြားထွက်တာ မဟုတ်ပါ။ စီးပွားရေးက တစတစ ကျပ်တည်းလာတာကြောင့် ကျနော်တို့ကို သင်ပြပေးခဲ့တဲ့ ဆရာတွေလည်း နိုင်ငံခြားထွက် အလုပ်လုပ်ကြရပါတယ်။ တချို့ အဆင်ပြေသလို တချို့ကျတော့ အဆင်မပြေကြပါဘူး။ အဆင်ပြေတဲ့ဆရာတယောက်ကတော့ အခုထိ စင်္ကာပူမှာ အလုပ်လုပ်နေဆဲပါ။ ဆရာတယောက်ကတော့ မလေးရှားမှာ အလုပ်တွေအဆင်မပြေပါဘူး။ ဆရာက မလေးရှားကို ပွဲစားနဲ့ထွက်လာတယ်။ ပွဲစားသွင်းပေးတဲ့ စက်ရုံမှာ သူမလုပ်ချင်တော့ မလေးရှားရောက်နေတဲ့ တပည့်တွေကို အဆက်အသွယ်လုပ်ပြီး တခြားစက်ရုံ ပြောင်းပါတယ်။ အဲဒီစက်ရုံမှာလည်း အလုပ်ရှင်ကြိုက်အောင် သူလုပ်မပြနိုင်ပါဘူး။ ဆရာ့အတွက် စိတ်ညစ်ရတာတော့ မလေးရှားမှာ အီးပီနဲ့နေပြီး မိသားစုပါခေါ်ထားနိုင်တဲ့ ကျနော့်သူငယ်ချင်းပါ။ ဆရာက သူ့ကို အပူကပ်နေတော့ သူမှာ လုံးလုံးတာဝန်ရှိနေသလိုဖြစ်နေတာပေါ့။
တရက်တော့ သူ့အိမ်မှာ အလှူလုပ်တုံး ကျနော်တို့ သူငယ်ချင်းတွေ ဆုံကြပါတယ်။ သူငယ်ချင်းတွေ ဆုံတုံး စားကြ သောက်ကြနဲ့ စကားကောင်းနေတုံး ဆရာ့အကြောင်း ရောက်သွားပါတယ်။ ဆရာအလုပ်တွေ အဆင်မ ပြေတာနဲ့ ပတ်သက်ပြီး ဟိုတလောကပဲ သူ့အိမ်မှာ လာ `ဂိန်´သွားကြောင်း၊ အလုပ်တခု ရှာသွင်းပေးလိုက် ပြန်ရောက်လာလိုက် ဖြစ်နေကြောင်းကို အိမ်ရှင်သူငယ်ချင်းက အားလုံးရှေ့မှာ ညည်းပြတော့၊ တယောက် က ရုတ်တရက် ထမေးလိုက်တာက `ဆရာက မကျွမ်းလို့လား´ တဲ့။ သူဆိုလိုတာက ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်မှာ တကယ်တတ်ရင် အဆင်ပြေရမယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် အားလုံးက ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဖြစ်သွားစေတဲ့ မေးခွန်းပါ။ ကိုယ့်ကို သင်ပြပေးထားတဲ့ ဆရာကို မကျွမ်းကျင်ဘူးလို့ ဘယ်တပည့်က ပြောရက်ပါ့မလဲ။ ကျွမ်းတယ်လို့ပြောရအောင်လည်း လက်တွေ့မှာက ဆရာက အလုပ်မမြဲဘူး လေ။ အားလုံးချောင်ပိတ်မိနေတဲ့ အချိန်မှာ ကျနော်တို့ဘေးနားမှာ ခလေးထမင်းခွန့်နေတဲ့ အိမ်ရှင်အမျိုးသမီး ၀င်ပြောလိုက်မှပဲ အားလုံး အသက်ရှုချောင်သွားရပါတယ်။ သူဝင်ပြောလိုက်တာက `ဆရာက ကျွမ်းပါတယ်၊ ဒါပေမယ့် မေ့ကုန်ပြီ´ တဲ့။ `ကျွမ်းတော့ ကျွမ်းတယ်၊ ဒါပေမယ့် မေ့ကုန်ပြီ´ ကဲ . ဘယ်လောက်များ သံတမန် ဆံတဲ့ စကားလဲ။ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေမှာ အခုလို ထွက်ပေါက်ပေးတဲ့ စကားမျိုးကို ပြောလိုက်တာ အိမ်ရှင်မတဦးဖြစ်နေတာကို ကျနော် အံ့သြ၍မဆုံးတော့ပါ။
ဒါကြောင့်လည်း တချို့နိုင်ငံတွေမှာ ပုခက်လွှဲတဲ့လက်ကို အိမ်တွင်းမှုကိစ္စမှာတင်မထားပဲ နိုင်ငံအုပ်ချုပ်ရေး နေရာတွေမှာ တာဝန်ပေးနေရတာပါလားလို့ တဆက်တည်း တွေးနေမိပါတယ်။ ။

Wednesday, September 26, 2007

ဦးတင်လှ

ကျနော့်ငယ်သူချင်း သက်လွင်၊ ကိုးတန်းစာမေးပွဲတွေအပြီး ကျနော်တို့ ညီအကို ကိုရင်ဝတ်ကြတော့ သူကလည်း သင်္ကန်းစီးချင်သည်။ သူ့မိဘက နွမ်းပါးလေတော့ ကျနော့် မိခင်ကြီးကပဲ ကမကထလုပ်ကာ ကိုရင်ဝတ်ပေးသည်။ နောက် ကျနော်တို့ လူထွက်တော့ သူက လောကီကို ပြန်မလာတော့ပြီ။ ရဟန်းတက်တော့လည်းး ကျနော့် မိခင်ကြီးကပဲ ရဟန်းဒကာ၊ နောက်သူ့ဆွေမျိုးထဲက တတ်နိုင်သူတွေကလည်း သိက္ခာထပ်ပေးကြသည်။ ကိုရင်ဘ၀က ရှင်သုန္ဒရသည် ဦးသုန္ဒရဖြစ်လာသည်။ ရင်းနှီးသူတွေက ဦးသုန်ဟု ခေါ်ကြသည်။ ကျနော်အိမ်နှင့် အဝေးရောက်နေစဉ် ဦးသုန် အငယ်တန်း အောင်သွားပြီ၊ ဦးသုန် အလတ်တန်းဖြေဖို့ စာသင်တိုက်ပြောင်းသွားပြီ၊ ဦးသုန် ပထမကြီး ဖြေတော့မယ်၊ စသည့် သတင်းများ စဉ်ဆက်မပြတ်ကြားနေခဲ့ရသည်။ တခါတလေ ကျနော် မိဘရပ်ထံ ပြန်ရောက်သည့်အခါ ဦးသုန်နှင့် ဆုံသည့်အခါ ငယ်သူငယ်ချင်းမို့ ရင်းရင်းနှီးနှီး စကားပြောဖြစ်ကြသည်။ သူလိုက်နေသည့် စာတွေအကြောင်းပြောပြသည်။ သူတက်နေသည့် အလုံ အောင်မင်္ဂလာ စာသင်တိုက်ကိုလည်း ကျနော်ရောက်ဘူးသည်။ သူ့ရဟန်းမိတ်ဆွေတွေနှင့် ကျနော့်ကို မိတ်ဆက်ပေးသည်။ သူ့ထံမှ တဆင့် ရွာမပရိယတ္တိစာသင်တိုက်နှင့် စာချဆရာတော် ဦးတိလောက အကြောင်း ကြားဘူးသည်။ ရွာမပရိယတ္တိစာသင်တိုက်၏ အောင်မြင်မှုများနှင့် ဦးတိလောက ကို သူကြည်ညိုသည့် အကြောင်းများဖြစ်သည်။ နောက် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း ဦးသုန်နှင့် တွေ့သည့်အခါ စာချဆရာတော် ဦးတိလောက သံဃာများကံဆောင်သည့် အရေးတွင် လက်မှတ်ထိုးလိုက်သည့်အတွက် နရသိမ်တွင် ၀ါဆိုနေသည့်အကြောင်း၊ တပည့်များ ပစ္စည်းလေးပါး ဒကာများက ထောင်ဝင်စာ သွားတွေ့သည့်အခါ ဦးတိလောက ကို တွေ့လိုသည်ဟု ပြောလျှင်မရ ဦးတင်လှ ဟု ပြောရကြောင်းများ သိရသည်။ နောက် ဆရာတော် ထောင်က လွတ်လာတော့ ဦးတိလောက ပြန်ဖြစ်ကာ စာချ ဆရာတော် အဖြစ် ကျောင်းပြန်ထိုင်သည်။ အဲဒီကျတော့မှ ဒကာအပေါင်းက အတိုးချက သိက္ခာထပ်ပွဲများ ချိမ့်ချိမ့်သဲ ကျင်းပကြသည်ဟု ဦးသုန်ပြောပြ၍ ရွာမပရိယတ္တိဆရာတော် ဦးတိလောက အကြောင်း ကျနော် ကြားဘူးနေသော်လည်း လူကိုယ်တိုင် ဖူးမြှော်ခွင့်တော့ မကြုံခဲ့ဘူးပါ။
လွန်ခဲ့သည့် ၂ ရက်လောက် ခေတ်ပြိုင်ဂျာနယ်အင်တာနက်စာမျက်နှာတွင် ဆောင်းပါးရှင် လွန်းနွေငြိမ်း ၏ `အ၀ီဇိဆိုတာ ကြားဖူးလား´ ဆောင်းပါးသည် ဆရာတော် ဦးတိလောကအကြောင်းကျနော်မသိသေးသည့် အချက်များ ပါသဖြင့် အထူးစိတ်ဝင်စားမိပါသည်။
ထိုနောက် ဦးတိလောကနှင့်အတူ အဖမ်းခံရသည့် ပိဋကတ် ၃ ပုံဆောင် ဦးသုမင်္ဂလ သည် အမရပူရ မဟာဂန္ဓာရုံတိုက်ထွက်ဟု သိရသည်။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသ ဆိုသည်မှာလည်း သာသနာတော်တွင် ထင်ရှားသူ၊ `တဘ၀ သာသနာ´၊ `တဘ၀ သံသရာ´ စာအုပ်များဖတ်ကာ ကျနော် လေးစားကြည်ညိုရသည့် ဆရာတော်ကြီး ဖြစ်လေသည်။ ထိုသို့သာသနာတော်တွင် ထင်ရှားသည့် ဆရာတော်များ၏ ထောင်တွင်းအတွေ့အကြုံများကို သိလိုသော ကျနော့်ဆန္ဒ တစိတ်တပိုင်းကို ပြည့်ဝစေသည့် ဆရာလွန်းနွေငြိမ်းအား အထူးကျေးဇူးတင်မိခြင်းနှင့်အတူ ဆရာ့ ဆောင်းပါးအားလည်း ကျနော့်ဘလော့ဂ်တွင် ထပ်ဆင့်ဖေါ်ပြလိုက်ပါသည်။ ။

Sunday, August 26, 2007

ပုရေနိသင်

ပုရေနိသင် ကို စာပေးစာယူ သင်တန်း (မြန်မာစာ) ပထမနှစ် မှာ အနီးကပ် တက်ရတုံးက သင်ရပါတယ်။ သင်ခန်းစာ ပို့ချချက်မှာလည်းပါ၊ ရတုလေးကလည်း ဆိုလို့ကောင်းတော့ ကျနော်မှတ်မိနေပါတယ်။ ကံကောင်း ချင်တော့ စာမေးပွဲမေးခွန်းမှာပါလာပြန်တယ်။ ကျနော် ကောင်းကောင်းဖြေလိုက်နိုင်တယ်ပေါ့။

ရတုရဲ့ ခေါင်းစဉ်က `ပုရေနိသင်´ ဆိုတဲ့ အတိုင်း ပုရေ=ပုဗ္ဗေ (ရှေးရှေးဘ၀) နဲ့ နိသင် = အာနိသင် ကို ပေါင်းထားတာဆိုတော့ ရှေးဘ၀က အာနိသင်၊ ရှေးဘ၀က အကြောင်းကံလို့ ပြောရမယ်လို့ထင်ပါတယ်။

ပုရေနိသင် ကိုတော့ မေဓာဝီ ရဲ့ ပို့စ်မှာ တင်ပေးထားပါတယ်။ သူ့ဆီမှာ နောက်ထပ်လိုချင်တာလေးတွေ ထပ်တောင်းထားပါသေးတယ်။

ကျနော် ဆယ်တန်းရောက်တော့ ရောက်တဲ့နှစ်မှာ ဆယ်တန်းကို မဖြေဖြစ်ခဲ့ပါ။ သင်တန်းတခုကို သုံးနှစ်ကြာ သွားတက်ရပါတယ်။ သင်တန်းပြီးတော့ ကော်ပိုရေးရှင်းတခုမှာ ၀န်ထမ်းဘ၀နဲ့ ဆယ်တန်းပြန်ဖြေပြီး မှ စာပေးစာယူသင်တန်း တက်ရတာပါ။ တကယ်တော့ စာပေးစာယူ သင်တန်းဆိုတာ ပို့ချချက်တွေဖတ်၊ စာစဉ် တွေဖြေ (တချို့လည်း သူများကို ဖြေခိုင်းကြတယ်) ၊ ပြီးတော့ အနီးကပ် တလ သွားတက်ပြီး စာမေးပွဲဖြေရတာ မို့ စာကို ထိထိရောက်ရောက်လေ့လာရတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်လည်း မြန်မာပြည်မှာ ဘွဲ့ရ ပညာတတ်တွေများပြီး အရည်အချင်းကျတော့ နိုင်ငံတကာကို ဘယ်လိုမှ ယှဉ်လို့ မရတော့တာပါ။

ဘာပဲဖြစ်ဖြစ် လူတယောက်ဟာ တက္ကသိုလ်ပညာကိုတော့ သင်ခဲ့ဖူးသင့်တယ်ဆိုတာ ရန်ကုန် တက္ကသိုလ်မှာ အနီးကပ်သွားတက်တော့မှ သဘောပေါက်ခဲ့ရပါတယ်။ တက္ကသိုလ်နယ်မြေဆိုတာ စာဖွဲ့လောက်တဲ့နေရာ၊ ပန်းပေါင်းစုံပွင့်တဲ့နေရာပါ။ ဘယ်သူပြောခဲ့တာလဲတော့ မသိဘူး။ ဆိုရိုးစကားတခု ကြားဖူးတာက ယောက်ျား တယောက်ဟာ တက္ကသိုလ်ပညာသင်ဖူးရမယ်၊ ပင်လယ်ခရီးသွားဖူးရမယ်၊ ထောင်ကျဖူးရမယ် တဲ့။ အဲဒီစကား အတိုင်းဆိုရင်တော့ ကျနော် တက္ကသိုလ်ပညာ သင်ဖူးခဲ့ပါတယ် (ဘွဲ့တော့ မရခဲ့ပါ၊ ကျနော် စတုတ္တနှစ်အရောက် မှာ ၈၈ အရေးအခင်းဖြစ်ခဲ့ရလို့ပါ)။ ပင်လယ်ခရီးတော့ ဟုတ်တိပတ်တိ မသွားဖူးပေမယ့် ထောင်ထဲတော့ ရောက်သွားခဲ့ဘူးပါတယ်။ နောက်ပို့စ်တွေကျမှ အချိန်ရရင် ထောင်ထဲက အတွေ့အကြုံလေးတွေ ရေးပါအုံးမယ်။ ။




ပုရေနိသင်

လယ်တီဆရာတော်ဆုံးမစာပို့စ်ရဲ့ ကွန်မန့်မှာ ကိုသက်ဦးက ရှင်မဟာရဋ္ဌသာရ ရဲ့ “ပုရေနိသင်” အစချီ ရတုကို လိုချင်ကြောင်း ရေးခဲ့တာနဲ့ ကျမလည်း စာအုပ်ဗီရို ဖွင့်ပြီး ပြန်ရှာဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်တော့ ဟံသာဝတီတိုက်က ထုတ်တဲ့ “မြန်မာကဗျာရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက်” ဆိုတဲ့စာအုပ်ကလေးက ကျမ ဗီရိုထဲမှာ ရှိနေပါတယ်။ အမှန်တကယ် ကျမရှာတာက ရှင်မဟာရဋ္ဌသာရရဲ့ ရတုပေါင်းချုပ် စာအုပ်ပါ။ ဒါပေမဲ့ ဒီရတုရွေးချယ်ချက် စာအုပ်လေးကို အရင် တွေ့တာနဲ့ ဒီစာအုပ်ထဲမှာ ရှိလိုရှိငြား မာတိကာမှာ ရှာကြည့်တော့ …
“ပုရေနိသင် (သျှင်ရဋ္ဌသာရ) ………….. ၉၂”
ဆိုပြီးတွေ့ပါတယ်။ ဒါနဲ့ပဲ ၀မ်းသာအားရ ကျမဘလော့မှာ တင်ပေးလိုက်ပါတယ်။ ကိုသက်ဦးနှင့်တကွ မြန်မာရတုကဗျာ နှစ်သက်သူများ အားလုံးအတွက်ပါပဲ။ ကြုံကြိုက်တာနဲ့ ရှင်မဟာရဋ္ဌသာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကိုပါ ဖော်ပြလိုက် ပါတယ်။ စာလုံးပေါင်းများကိုတော့ အဲဒီစာအုပ်ထဲကအတိုင်းသာ ရိုက်ထားခြင်း ဖြစ်ပါတယ်။
***
သျှင်မဟာရဋ္ဌသာရ

ပုရေနိသင်-ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတုရေးသူ သျှင်မဟာရဋ္ဌသာရမှာ ၈၃၀- ပြည့်နှစ် ၀ါဆိုလ အတွင်း အင်းဝနေပြည်တော်တွင် ဖွားမြင်တော်မူ၍ ငယ်မည်မှာ မောင်မောက်ဖြစ်သည်၊ ဗညားအိမ်နှင့် ရှင်စောပု၏ သမီးတော်တို့မှ ဆင်းသက် ဆက်နွယ်လာသော မြေးတော် ဓမ္မပါလသည် မောင်မောက်၏ ဖခင်ဖြစ်၍ မိခင် မှာ သတိုးမင်းဖျား၏ အနွယ်တော်ဖြစ်သည်။

မောင်မောက်သည် ငယ်ရွယ်စဉ်အခါကာလမှစ၍ နန်းတော်တွင်း၌ ကြီးပြင်း လာရသူ ဖြစ်သဖြင့် ဘုရင်မင်းခေါင်ကိုယ်တော်တိုင် တအူတုံဆင်း ညီအရင်း ကဲ့သို့ အရေးပေးခြင်းကို ခံတော်မူရသည်၊ မောင်မောက်သည် နန်းတော်တွင်း ပညာရှိပုဂ္ဂိုလ်များထံမှ၎င်း၊ ကျန်းဂန်တတ် မထေရ်မြတ်များထံမှ၎င်း၊ ဖခင်ဖြစ်သူ ပညာရှိ အမတ်ကြီးထံမှ၎င်း၊ နောင်တော်ရင်း သျှင်ဝရစက္ကပါလ မထေရ်ထံမှ၎င်း၊ လောကီ လောကုတ္တရာ ကဗျာလင်္ကာများကို သင်ကြားတတ်မြောက်သော ကြောင့် ၁၆-နှစ်သား အရွယ်ကပင် ဘူရိဒတ်လင်္ကာကြီးကို စတင် ရေးသားပြုစု လေသည်။ အသက် ၂၀-ပြည့် ရဟန်းဘ၀ရောက်မှ ဘူရိဒတ်လင်္ကာကြီး အပြီး သတ်သည်။

သက္ကရာဇ် ၈၈၇-ခုနှစ်လောက် ကျသောအခါ သျှင်မဟာရဋ္ဌသာရသည် အင်းဝ မငြိမ်မသက်ဖြစ်သောကြောင့်၎င်း၊ သတိုးမင်းစောက ပြည်မြို့သို့ ပင့်သောကြောင့် ၎င်း ပြည်မြို့သို့ရောက်တော်မူသည်။ ရောက်၍ မကြာမီပင် ဇာတ်ပေါင်းခန်းကို ရေးသားတော်မူသည်၊ ဆင်ဖြူရှင် သတိုးမင်းစောလည်း သျှင်မဟာရဋ္ဌသာရအား ပုထိုးကျောင်း, တောင်ခွင်ကျောင်း, မင်းတုန်းကျောင်း ဤကျောင်း ၃-ကျောင်းကို ဆောက်လုပ် လှူဒါန်းတော်မူသည်။

သတိုးမင်းစော နတ်ရွာစံလွန်၍ သားတော် ဘုရင်ထွေး နန်းတက်သောအခါတွင် လည်း ခမည်းတော် လက်ထက်တော်က ကဲ့သို့ပင် ကြည်ညိုရင်းစွဲ ရှိသဖြင့် ပြည်မြို့နှင့် ရွှေတောင်အကြား အခွန်တသောင်းထွက်သည့် ဥယျာဉ်တော် ၅-ရပ် အတွင်း တံတိုင်း မီးတားနှင့်တကွ ဆုတောင်းပြည့်ဘုရား, မင်္ဂလာစေတီတော်, အရံကျောင်းပေါင်းများစွာနှင့် ရွှေဗိမာန်ကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းတော်မူသည်။ သက္ကရာဇ် ၈၉၂-ခုနှစ် သက်တော် ၆၂-နှစ်အရွယ်တွင် ပျံလွန်တော်မူသည်။
***
“ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု”

(ပ) ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ် လက်သင်၊ ထုံးစတွင်နှိုက်၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမ လည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေ ဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျန်းဂန်သိမြောက်၊ ပဉ္စင်ရောက်က၊ ထပ်လှောက်ကြင်ဘွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးရှာ လေတော့မည်။ … ။

(ဒု) လူ့မြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချ စေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းရှက်၊ မွေးမယ်ရက်သည်၊ အသက်တို့က၊ ဆက်လှာရသား၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ တဆံဖျားမျှ၊ မမှားအာရုံ၊ ကာမဂုဏ်ကို၊ မမြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်မချွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ စက်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ အနိစ္စဟူ၊ နှလုံးမူစွ၊ ပေးလှူစွန့်ကြ၊ ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရွက်ဟုံကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသ မြှေးထူ၊ ရံမက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။ …. ။

(တ) ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည် သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုးနှိုက်၊ ပုဆိုးကြာညွန့်၊ ပိတ်လှပ် တွန့်ကို၊ ဖြန့်၍တတည်၊ ရစ်ဖွဲ့ချည်မျှ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမျှနှင့်၊ ခက်မ တထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုဘူးပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဘွယ်တိ၊ ရှေးနှယ် ကျိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီး ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူးလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည် ထပ်ဆင့်၊ ဖူးချိန်သင့်ကို။ မျှော်လင့် ခိုးရှာလေတော့သည်။ … ။
***

မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၀၇
တနင်္ဂနွေနေ့
နံနက် ၆ နာရီ ၁၅

ကိုးကား။ … ။
မြန်မာကဗျာရွေးချယ်နှင့် ရတုရွေးချယ်ချက် … (ဟံသာဝတီ)
(ဒုတိယအကြိမ်ပုံနှိပ်ခြင်း … ၁၉၇၂၊ ဒီဇင်ဘာလ)

posted by Maydarwii at 12:58 AM

Sunday, June 24, 2007

မြန်မာလိုမွှတ်နေသော

မြန်မာလိုမွှတ်နေအောင် ပြောနိုင်တဲ့သူ

ဘလော့ဂ်တွေရေပန်းစားလာတော့ ဘလော့တွေဖတ်၊ ကွန်မန့်တွေရေးနဲ့ ကိုယ်ပိုင်ဘလော့လေးလည်း လုပ်ချင်ပေမယ့် အစတုံးကတော့ မရေးသေးဘူးလို့ ဆုံးဖြတ်ထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တပတ်ကို ငါးရက် အလုပ်ဆင်းရပါတယ်။ ညနေပိုင်းကျောင်းက တပတ်ကို ၂ ရက်တက်ရပါတယ်။ စနေ၊ တနင်္ဂနွေမှာ ကျောင်းက စာလည်း နဲနဲပါးပါးလုပ်ရပါသေးတယ်။ အဲဒါကြောင့်ပါ။ အခုသင်နေရတဲ့ ဒိန်းမတ်စာသင်တဲ့ကျောင်း ပြီးတဲ့အခါကျမှ အားရပါးရ စိတ်ကြိုက်ရေးတော့မယ်လို့ စိတ်ကူးထားသည့်တိုင် ကျောင်းမပြီးခင် ဘလော့ဂ် လုပ်ဖြစ်သွားခဲ့ပါတယ်။ ဘလော့ဂ်တွေ ဆွဲဆောင်မှုအားကောင်းတာလည်း ပါတာပေါ့လေ။ တချို့ဆို ဘလော့ဂ် နာတောင် ကျသတဲ့။ နောက်ဆို ဘလော့ဂ်မှာ အိမ်ထောင်ကျတာတို့ သားမွေးတာတို့တောင် ဖြစ်လာမလားပဲ။

ကျနော်လုပ်နေရတဲ့ အလုပ်ကလည်း စက်ရုံတခုက ထုတ်လုပ်ရေးဌာနမှာပါ။ ကွန်ပြူတာကိုင်ရတဲ့ အလုပ်လည်း မဟုတ်တော့ အလုပ်လုပ်နေရင်း စိတ်ကူးရလို့ ကွန်ပြူတာလေးဖွင့်ပြီး စာရေးလို့ရတာမျိုးလည်း မဟုတ်၊ အလုပ် ပြီးလို့ အိမ်ပြန်အရောက် ကွန်ပြူတာရှေ့ထိုင်တော့ ရုတ်တရက်ဘာရေးရမှန်းမသိတာမျိုးလည်း ဖြစ်တတ်ပါသေး တယ်။ တခါတလေလည်း အရေးအသားကောင်းတဲ့ ဘလော့ဂါတွေရေးတာ ဖတ်ထားပြီးရင် ကိုယ်သူတို့လို ရေးနိုင်ပါ့မလားလို့ အားငယ်မိတာမျိုးလည်း ရှိရဲ့။ “ကိုယောဟန်အောင်ကတော့ ဘလော့ဂိုပိုးဝက် ၂ ပို့စ်မှာ ဘလော့ဂ်တွေမှာ ကိုယ်ရေးကိုယ်ဖတ် ကြိုက်တာလုပ်လို့ ရနေပါပြီ။ စိတ်တူသူတွေက ရှာဖတ်လာလိမ့်မယ်။ ရေးဖို့သာ လိုပါတယ်” တဲ့။

ကဲ စိတ်တူသူတွေရော မတူသူတွေပါ ဖတ်ဖို့အတွက် ရေးပါပြီ။

၁၉၉၁ ခုနှစ်က ကျနော်မလေးရှားသွားပြီး အလုပ်လုပ်ဖို့ ပတ်စ်ပို့လျှောက်ပါသည်။ ပတ်စ်ပို့ရပြီး ယူဘီ ၂၂၁ လေယာဉ်ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်လာခဲ့တော့ လေဆိပ်မှာ ကျနော့်ကို လာကြိုမည့် သူ တယောက်မှ မရှိပါ။ လေယာဉ်ပေါ်မှာ အတူထိုင်သည့် မြန်မာတဦးနှင့် မိတ်ဆွေဖွဲ့ကာ သူတည်းသည့် အပတ်မင့်သို့ လိုက်သွားခဲ့ပါသည်။ ထိုနေရာမှတဆင့် ဆက်သွယ်ရန် လိပ်စာပါလာသည့် ကျနော်နှင့် တရပ်ကွက်တည်းသား ကျော်ဇေယျ ထံဖုန်းဆက်ရပါသည်။ ကျော်ဇေယျနှင့် အဆက်အသွယ်ရတော့ သူနေသည့် ဟွေ့ကွမ်ဈေးနားက အပတ်မင့်သို့ လာနေခွင့် ပြုပါသည်။ ထိုစဉ်က ကျော်ဇေယျက World Trade Center ရှေ့က စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေပါသည်။ ကျော်ဇေယျဆီမှာ နေရင်း မလေးရှားသို့သွားရန် လမ်းကြောင်းစနဲနာနေစဉ် တနေ့ ဟွေ့ကွမ်ဈေးထဲမှာ အဆက်အသွယ်ပြတ်နေသော သူငယ်ချင်းများနှင့် သွားတွေ့လေသည်။ ထိုသူငယ်ချင်းများကား ရှစ်ဆယ့်ရှစ် အရေးတော်ပုံကာလအတွင်း သပိတ်စခန်းတခုထဲမှာ သပိတ်အတူမှောက်ခဲ့ကြပြီး၊ စစ်အာဏာသိမ်းသောအခါ လက်နက်ကိုင် တော်လှန်ရေးအတွက် ကေအင်ယူစခန်းသို့ အတူထွက်လာခဲ့ကြသော သူငယ်ချင်းဖြစ်ပါသည်။ အေဘီအက်စ်ဒီအက်ဖ် တပ်ဖွဲ့များမဖွဲ့ခင် ကျနော် ပြည်တွင်းသို့ ပြန်ဆင်းသွားသဖြင့် အဆက်အသွယ် ပြတ်ခဲ့ကြသော သူငယ်ချင်းများနှင့် ဆုံသောအခါ ကျနော်မလေးရှားသွားအလုပ်လုပ်မည့် ကိစ္စလည်း မေ့သွားခဲ့ရသည်။

ထိုသူငယ်ချင်းများ၏ အစီအစဉ်အရ တောတွင်းပြန်မည့် လူကြုံဖြင့် အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း ၂၀၇ သို့ ကျနော်လိုက်သွားဖြစ်ခဲ့၏။

(ဓါတ်ပုံ - ဖော်ဖားထ စခန်း ဆေးရုံရှေ့) တောတွင်းစခန်းမှာ သူငယ်ချင်းအချို့ကျန်နေသေးသော်လည်း ၈၈ က ကျနော်ရောက်ခဲ့သော စခန်းတော့ မဟုတ်တော့ပါ။ န၀တ စစ်တပ်၏ ထိုးစစ်များကြောင့် နေရာသစ်သို့ ပြောင်းရွေ့လာခဲ့သည့်အကြောင်း ကျနော့်ကို ပြောပြကြပါသည်။ ကျနော်လည်း သူငယ်ချင်းဖြစ်သူ တပ်ရေးဗိုလ်ကြီး သောင်းထိုက်ကို သတင်းပို့ရပါသည်။ သူက ကျနော့်ကို ယူနီဖောင်းနှင့် သေနတ်ထုတ်ပေးတော့ စက်ပစ်ကွင်းမှာ မောင်းပြန်သေနတ် အမ် ၁၆ ကို ပစ်ခဲ့ရသေးသည်။

တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးနှင့် ကျနော် ရေစက်ကြာကြာမဆုံခဲ့ရ။ လုပ်စရာ ကိစ္စများရှိနေသဖြင့် သူငယ်ချင်းများကို နှုတ်ဆက်ကာ ဘန်ကောက်သို့ ပြန်တက်ခဲ့ရပါသည်။ (ဓါတ်ပုံ - မကဒတ ရင်း ၂၀၇) ကျနော် ပြောချင် သည့် အကြောင်းအရာသည် ထိုအပြန်လမ်းတွင် ကြုံခဲ့ရသည့် အဖြစ်အပျက်ဖြစ်ပါသည်။ အပြန်မှာတော့ ကျနော် တယောက်တည်းဖြစ်သည်။ စခန်းမှ မဲဆောက်သို့ ကားစီး၊ မဲဆောက်မှ ထွက်သည့် ညကားဖြင့် ဘန်ကောက်သို့ ပြန်တက်ရန်ဖြစ်သည်။ စခန်းမှ မဲဆောက်သွားသည့် ခရီးသည်တင်ကားမှာ ဟိုင်းလတ်ကား ဖြစ်ပြီး ကားပေါ်မှာ ထိုင်းလူမျိုးများနှင့် တိုင်းရင်းသူများ ခရီးသည်များအဖြစ်ပါလာသည်။ အရှေ့အလယ်ပိုင်း ဒေသမှ အစ္စရေးလူမျိုး တိုးရစ်တဦးလည်း ပါလာသည်ကို တွေ့ရ၏။ ကားမောင်းလာ၍ လမ်းတ၀က်ခန့် အရောက်တွင် ထိုတိုးရစ်က သူဆင်းရမည့်ရွာအမည်ကို ပြောကာ ဘယ်အချိန်ရောက်မလဲဟု စုံစမ်းလာသည်။ ကျနော်ကပဲ စကားပြန်လုပ်ကာ ခရီးသည်များကို မေးပေးရ၏။ ကျနော်က “အမတို့ခင်ဗျား၊ ဒီလူက သူသွားမယ့် ရွာကို မေးနေပါတယ်။ အမတို့ထဲက သိတဲ့လူများပါပါသလား” ဟု မေး၏။ အမျိုးသမီးတယောက်က သူလည်း အဲဒီရွာမှာဆင်းမှာပဲ ဟု ပြောသည်ကို ကျနော်က ကိုရွှေတိုးရစ်ကို ပြောပြလိုက်တော့ သူကျေနပ်သွားလေ၏။ ခဏနေတော့ အမျိုးသမီးတယောက်က ကျနော့်ကိုကြည့်ကာ “ဗမာစကားပြောတာ မွှတ်နေတာပဲနော်၊ ဘယ်မှာနေသလဲ” ဟုမေးရာ ကျနော်လည်း ဘာပြောရမှန်းမသိဖြစ်သွားရပါသည်။ အမှန်တော့ ထိုနယ်စပ်ဒေသများရှိ တိုင်းရင်းသားများမှာ ထိုင်းလိုပြော၊ ကရင်လိုပြော၊ ပအို့ဝ် လိုပြောနေကြသဖြင့် မြန်မာစကားပြောလျှင် အသံဝဲပါသည်။ သူတို့ဒေသသုံးစကားကိုပဲ အပြောများကာ မြန်မာစကားသိပ်မပြောသဖြင့် မြန်မာလိုပြောလျှင် အသံဝဲ၀ဲနှင့် ဖြေးဖြေးသာပြောပါသည်။ ကျနော်ပြောသည့် မြန်မာစကားသည် သူတို့အနေဖြင့် ကြည့်လျှင် အလွန်ကောင်းမွန်နေပုံရပါသည်။

ကျနော် ဘန်ကောက်ရောက်တော့ သူငယ်ချင်းများကို “မင်းတို့ငါ့ကို ဘာမှတ်သလဲ။ မြန်မာလို မွှတ်နေအောင် ပြောနိုင်တဲ့ကောင်ကွ” လို့ ပြောရင် သူတို့ ရီကြပါသည်။

ပျော်ရွင်ကြပါစေ။ ။