Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Thursday, February 25, 2010

ဆွီဒင်သို့ အလည်တခေါက်

ဟိုတလောက ဂျာမနီနိုင်ငံနှင့် ပတ်သက်သည့် သတင်းတခု ဖတ်လိုက်ရသည်။ ဂျာမနီ၌ လူရှစ်ဦးတွင် တဦးသည် စားနိုင်သောက်နိုင်ရုံအဆင့်သာ ရှိသည်ဟူ၍ ဖြစ်သည်။ တကယ်တော့ ဂျာမနီနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော်လည်း လတ်တလော ကမ္ဘာ့စီးပွားပျက်ကပ်၏ ဒါဏ်ကို ခံနေရသောကြောင့်သာ အလုပ်လက်မဲ့ဦးရေ များပြားလာပြီး လူတဦးချင်းဝင်ငွေ ကျဆင်းလာပုံရ၏။
စာရေးသူ ယမန်နှစ် ဧပြီလက ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့သို့ အလည်ရောက်ရှိနေသည်။ စာရေးသူ တည်းခိုသည့် အိမ်ရှင် ကိုဗလကြီး (ခေါ်) ကိုသောင်းညွှန့်က သူနေသည့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များ၊ ကုန်တိုက်များကို လိုက်လံပြသစဉ် မိမိအား ပြောသည့် စကားတခွန်းကို အမှတ်ရနေသည်။ ကိုဗလကြီး ဂျာမနီကို ရောက်နေတာ ၇ နှစ် ရှစ်နှစ်ဝန်းကျင်ခန့်ရှိပြီဖြစ်သည်။ `ကျနော်တို့ ရောက်ကာစ ဂျာမနီမှာ အိမ်တွေက အသုံးမလိုတော့လို့ လွှင့်ပစ်တဲ့ ရေခဲသေတ္တာ၊ တီဗီ၊ အောက်စက် တွေဟာ နေရာအနှံ့တွေ့ရတယ်။ အခုတော့ အဲဒီလိုလွှင့်ပစ်တာမျိုး သိပ်မတွေ့ရတော့ဘူး` ဟု ကိုဗလကြီး ပြောပြဖူးသည်။
ပြီးခဲ့သည့် လက ကျနော်ဆွီဒင်နိုင်ငံသို့ ကိစ္စတခုဖြင့် အလည်ရောက်ရှိသည်။ ကျနော်အဓိက သွားသည့် ကိစ္စ ဆောင်ရွက်ပြီး၍ ဒိန်းမတ်သို့ အပြန်၌ မြန်မာတွေနေသည့် Hallsberg မြို့တွင် တညအိပ်ဖြစ်သည်။ ကျနော်တည်းသည့် အိမ်ရှင် ကိုသိန်းစိုး (ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း) က သူတို့မြို့ရှိ မြန်မာမိသားစုတွေ နေထိုင်ရာ အခန်းများသို့ ကျနော်ကို အလည်ခေါ်သွား မိတ်ဆက်ပေးသည်။ Hallsberg တွင် မြန်မာမိသားစု ၁၀ စုခန့်ရှိကြောင်း ကျနော်တို့အား ထမင်းစားဖိတ်ထားသည့် အိမ်သို့သွားရင်း ကိုသိန်းစိုးက လမ်းတွင် ရှင်းပြသည်။ ထမင်းစားဖိတ်ထားသည့် အိမ်တွင် စားသောက်ပြီးနောက် နှုတ်ဆက်စကားများပြောကြားပြီး ဒုတိယအိမ်သို့ အလည်သွားကြသည်။ ဒုတိယအိမ်တွင်လည်း အိမ်ရှင်များက လက်ဘက်ရည်ချော၊ လက်ဘက်သုတ်၊ ရေနွေးကြမ်းများဖြင့် ဧည့်ခံသည်။ ဒုတိယအိမ်မှ တတိယအိမ်သို့အ၀င် အပတ်မင့်၏ အောက်ထပ်တွင် ပစ်ထားသော ပစ္စည်းများက ကျနော့်အား ကင်မရာကို ထုတ်၍ ဓါတ်ပုံရိုက်ရန် ဆွဲဆောင်လျှက် ရှိသည်။



ပုံတွင် မြင်ရသည့်အတိုင်း အခန်းအပြင်တွင် ပစ်ထားသည့် ပစ္စည်းများသည် ဂျာမနီက ကိုဗလကြီးတို့ဆီမှာပင် မမြင်ရတော့သည့် မြင်ကွင်းဖြစ်နေသည်။ တီဗီအဟောင်းနှင့် အောက်စက်ကို လွှင့်ပစ်ထားနိုင်သော ဆွီဒင်နိုင်ငံ၏ စီးပွားရေးကား ဥရောပ၏စက်မှုအင်အားကြီး ဂျာမနီထက်ပင် ပို၍ သာနေသေးတော့သည်။
ထိုနေ့က အိမ်လည်ပြီး ကိုသိန်းစိုးတို့အိမ်အပြန် လမ်းတွင် ချထားသည့် ဆွီဒင်စာနှင့် ဆိုင်းဘုတ်အကြောင်း မေးကြည့်ရာ တိုက်အမြင့်များပေါ်တွင် ရှိနေသောရေခဲများ အောက်သို့ ပြုတ်ကျကာ အန္တရာယ်ရှိနိုင်သဖြင့် သတိထားရန် ဖြစ်ကြောင်းနှင့် တခါတရံတွင် ထိုသို့ ရေခဲများပြုတ်ကျသဖြင့် လူအသေအပျောက်ရှိကြောင်း ကိုသိန်းစိုးက ရှင်းပြပါသည်။



နောက်တနေ့ Hallsberg မှ Stockholm သို့ မီးရထားဖြင့် ဒိန်းမတ်သို့ပြန်ရန် ရောက်ရှိလာပြီး၊ လေယာဉ်ကွင်းဆင်းရန် အချိန်စောသေးသဖြင့် စတော့ဟုမ်းမြို့တွင် ဟိုဟိုဒီဒီ လျှောက်ကြည့်မည် ကြံစည်ထားသော်လည်း ရေခဲတမျှ အေးစက်နေသော မြို့တော်မှာ အထူးတလည် ကြည့်စရာ ဘူတာအနီးအနား တွင် ရှာမတွေ့သဖြင့် ဘူတာကြီးနှင့် ကားဂိတ်အတွင်းမှာပဲ အချိန်အတန်ကြာ နေခဲ့ရပါတော့သည်။ ။


စတော့ဟုမ်းမြို့က ဆူရှီဆိုင်


ရေခဲတမျှ အေးစက်နေသောမြို့တော်


အဝေးပြေးကားဂိတ် (စတော့ဟုမ်း)

Tuesday, July 15, 2008

ပါရီ ခရီးသည်

ဒိန်းမတ် မှ ည ၈ နာရီတွင် ထွက်သော ဘတ်စ်ကားသည် ပါရီ သို့ မနက် ၁၀ နာရီခွဲခန့်တွင် ဆိုက်ရောက်ပါသည်။ လမ်းတွင် ဂျာမနီ နှင့် ဘယ်လ်ဂျီယံ နိုင်ငံများကို ဖြတ်ကျော်မောင်းနှင်ခဲ့သော်လည်း နယ်စပ်ဂိတ်များ မရှိသည့် အတွက် စစ်ဆေးမေးမြန်းခြင်း အလျှင်းမရှိခဲ့ပါ။ ပြင်သစ် နယ်ထဲအရောက် ခြောက်လမ်းသွား အမြန်လမ်းမ ကြီးကို သုံးရသည့်အတွက် ဖြတ်သန်းမောင်းနှင်ခပေးရသည့် ဂိတ်တခုကိုတော့ ဖြတ်ရပါသည်။
ပါရီရှိ Gare de I’est ဘူတာဘေးမှာ ဘတ်စ်ကားဆိုက်တော့ လာကြိုသူ မောင်အောင်ချိမ့်က အသင့်ရောက်နေ ပါသည်။ သို့နှင့် အထုတ်အပိုးများကို လမ်းတနေရာတွင် ခေတ္တအပ်နှံထားကာ ဦးဇင်းဦးကုမာရ ၏ ကျောင်းသင်္ခန်းသို့ ချီတက်ကြပါသည်။ ကျနော်နှင့် ခရီးသွားဖော် မိတ်ဆွေ ဦးထွေးသောင်းတို့၏ ပါရီခရီးစဉ်ကို အိမ်ရှင်အဖြစ်စပွန်ဆာပေးသူမှာ ဦးဇင်းဦးကုမာရ ပင်ဖြစ်ပါသည်။ ကျနော်တို့ ရောက်သည့်အချိန် ဦးဇင်းကျောင်း တွင် အာဂန္တုဆရာတော် နှစ်ပါးအလည်ရောက်သည်နှင့် တိုက်ဆိုင်နေသဖြင့် ပါရီရှိ ကျောင်းဆရာ ဦးလှအောင် ထံတွင် တည်းခိုရန် ဦးဇင်းက စီစဉ်ပေးထားပါသည်။ ဦးလှအောင်သည် မြန်မာမွတ်ဆလင်တဦးဖြစ်ပြီး ပြင်သစ် သို့ ၂၀၀၂ ခုနှစ်တွင် ရောက်ရှိသည်ဟု ဆိုပါသည်။
ကျနော်တို့ ရောက်သည့်နေ့မှာပင် ပါရီရှိ မြေအောက်ရထား၊ ဘတ်စ်ကားနှင့် ဆင်ခြေဖုံးရပ်ကွက်များအထိ ပြေးဆွဲသည့် RER ရထားများ စီးနင်းရန်အတွက် ကျနော်တို့ နေထိုင်မည့် ငါးရက်စာ လက်မှတ်တစောင်ကို ယူရိုငွေ ၂၇.၅၀ ဖြင့် ၀ယ်ယူရပါသည်။ ထိုလက်မှတ်တစောင်သာ ၀ယ်ရပြီး သွားရေးလာရေးအတွက် ပါရီမြို့တွင် ဇုံသုံးဇုံအတွက် နောက်ထပ်လက်မှတ်ထပ်ဝယ်ရခြင်း မရှိတော့ပါ။
ပါရီရောက်ပြီး နောက်တနေ့ ကျနော်တို့ အလည်ရောက်သွားသည့်နေရာမှာ မွန်မာ့ Montmartre ရပ်ကွက်မှ Basilique ရှေးဟောင်းဘုရားကျောင်း ဖြစ်ပါသည်။ ကျနော်တို့ကို လိုက်ပို့ပေးသူမှာ ပါရီမြို့သူ မခင်နှင်းယု ဖြစ်ပါသည်။ တောင်ကုန်းလေးတခုပေါ်တွင်ရှိသော ရှေးဟောင်းဘုရား ကျောင်းတွင်းအ၀င်တံခါးဝတွင် ဘုရားကျောင်းအတွင်း တိတ်ဆိတ်စွာနေရန်နှင့် ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ခွင့် မပြုဟု သတိပေးစာ ကပ်ထားသည်ကို တွေ့ရပါသည်။ ဘုရားကျောင်းမှာ ရှေးဟောင်းဗိသုကာ လက်ရာဖြင့် အလွန်ကြီးကျယ် ခမ်းနားလှပါသည်။ ကျနော်တို့လည်း အခြား နိုင်ငံတကာမှ ခရီးသွားများနည်းတူ ဘုရား ကျောင်းတောင်ကုန်းပေါ်မှနေ၍ ကမ္ဘာ့အလှဆုံးမြို့တော် ပါရီကို ဓါတ်ပုံရိုက်ကြပါသည်။
ထိုနေ့က ဒုတိယ ရောက်သွားသည့်နေရာမှာ ကမ္ဘာကျော် လုဖ်ပြတိုက် Musee Du Louvre ဖြစ်ပါသည်။ ပြတိုက်ပိတ်သည့်ရက် အင်္ဂါနေ့ ဖြစ်နေသဖြင့် ပြတိုက်သို့ဝင်ရန် တန်းစီနေသူများ မရှိဘဲ အ၀င်ဝရှေ့ ဓါတ်ပုံ လာရိုက်သူများလောက်သာ ရှိပါသည်။ လုဖ်ပြတိုက်တွင် မိုနာလီဇာ ပန်းချီကားအပါအ၀င် အနုပညာ ပစ္စည်း လေးထောင်ကျော်ရှိသည်ဟု သိရပြီး အချိန်ယူကာ လေ့လာရမည့် နေရာတခုဟုသာ မှတ်သားခဲ့ပါသည်။ လုဖ် ပြတိုက်မှ နပိုလီယံ၏ အောင်မြင်ခြင်း မုခ်ဦးဆီသို့သွားရာလမ်းတလျှောက်တွင် ပန်းခြံများ၊ ရုပ်ထုများကို တွေ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် ပြင်သစ်အမျိုးသားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်နေ သည်ကိုလည်း တွေ့ခဲ့ရသည်။
ထိုနေ့ညက အိမ်ပြန်အရောက် လမ်းလျှောက်ခဲ့တာ များ၍ အလွန်ညောင်းညာနေပြီး ရေချိုးထမင်းစားပြီးသည် နှင့် အိပ်ပျော်သွားပါတော့သည်။
နောက်တနေ့ အိပ်ရာနိုးတော့ ပါရီမြို့ ကြီးကို ထပ်မံကြည့်ရှုရန် တက်ကြွနေသည်ဟု ကိုယ့်ကိုယ်ကိုယ် ခံစားရ ပါသည်။ ပါရီမြို့ ကြီးက ကြည့်ရှုစရာ များသည်လေ။ “အကိုတို့ ဒီမှာနေတုံး ရသမျှအားခဲပြီး ကြည့်သွားကြပါ၊ နောက်တခါ လာဖို့က လွယ်တာမဟုတ်ဘူး” ဟု ကိုလှအောင်အိမ်မှ ကိုမျိုးကလည်း အားပေးစကား ပြောပါသည်။
ဒီနေ့တော့ ဦးဇင်းဦးကုမာရကျောင်းတွင် ဦးထွေးသောင်းက သံဃာသုံးပါးအား ဆွမ်းလုပ်ကြွေးပါသည်။ ဆွမ်းကပ်ပြီးတော့ ကျနော်တို့လည်း ထမင်းစားကာ ကျန်ရှိနေသည့် အချိန်မှာ လှည့်လည်ကြည့်ရှုသည့် လုပ်ငန်း စတင်ဖို့ ထွက်ခွာလာခဲ့ပါသည်။ ဒီနေ့တော့ အီဖယ်မျှော်စင်ကို တက်ကြမှာ ဖြစ်သည်။ ဦးဇင်း ဦးကုမာရ ထံမှ ရယူခဲ့သည့် အီဖယ်မျှော်စင်ဆီသွားရမည့် လမ်းညွှန်အတိုင်း မက်ထရိုနှစ်ဆင့်ပြောင်းစီးကာ အီဖယ်တာဝါ အောက် ကျနော်တို့ ရောက်သွားချိန်မှာတော့ “အားပါးပါး၊ လာလိုက်ကြသည့်လူတွေ” ကမ္ဘာအရပ်ရပ်က ခရီးသည်တွေ မျှော်စင်အောက်မှာ တန်းစီနေကြသည်။ ကျနော်တို့လည်း ၀င်တန်းစီပြီး ဘာမှမကြာ ကျနော်တို့နောက်မှာ ထပ်တန်းစီသည်တွေနှင့် လူတန်းကြီးကား ရှည်လျားလှသည်။ မျှော်စင်၏ အောက်ခြေတိုင်လေးခု အနက်နှစ်ခုမှာ ဓါတ်လှေခါးများဖြင့် လူအတင်အချ လုပ်ပေးနေပါသည်။ မျှော်စင်အပေါ်ဆုံးသို့ တက်သည့်အတွက် ယူရိုငွေ ၁၂.၀၀ ပေးရသည်။ မျှော်စင်ပေါ်တက်သည့် နှုန်းထားများမှာ ပထမအထပ်၊ ဒုတိယထပ် နှင့် အပေါ်ဆုံးထပ် ဟူ၍ ခွဲခြားထားသည်။ ဓါတ်လှေခါးမှာ တန်းမစီလိုသူများ ပထမထပ်နှင့် ဒုတိယထပ်အထိ ခြေသလုံးအားကိုး ထက်နိုင်ပါသည်။ ထိုသို့ တက်သူများအတွက် နှုန်းထားတမျိုးယူသည်။
အီဖယ်မျှော်စင်ကို ၁၈၈၉ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲနှင့် ပြင်သစ်တော်လှန်ရေးနှစ်တရာပြည့်အထိမ်းအမှတ် အတွက် ဆောက်လုပ်ခဲ့သည်။ သို့သော် မျှော်စင်ကြီးမှာ သံချောင်းများထိုးထိုးထောင်ထောင်နှင့် အရုပ်ဆိုးလှ ပါသည်၊ မြို့အတွက်လည်း ကျက်သရေမရှိပါ စသည့် ကန့်ကွက်မှုများကို ကြုံခဲ့ရပြီး ဖျက်ချလုလုနီးနီး ကြုံခဲ့ရ သော်လည်း ယခုတော့ တနှစ်လျှင် ကမ္ဘာအရပ်ရပ်မှ မျှော်စင်သို့ လာတက်သူ တနှစ်လျှင် ၅.၈ သန်းရှိပါသည်။
မျှော်စင်ပေါ်မှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့များနှင့် ဆုံကြရာတွင် မလေးရှားမှ စစ်သားများလည်း ပါလာသဖြင့် ကျနော်တို့က မလေးစကားဖြင့် သူတို့ကို နှုတ်ဆက်ပါသည်။ မလေးစစ်သားများ အပြင် အင်ဒိုနီးရှား၊ အာဂျင်တီးနားနှင့် နိုင်ဂျီးရီးယား စသော နိုင်ငံများမှ စစ်သားများကိုလည်း တွေ့ရပါသည်။ ထိုနိုင်ငံတကာ တပ်ဖွဲ့မှ စစ်သားများကို မြန်မာပြည်ရှိ ရဟန်းရှင်လူကို ညှဉ်းပန်းသတ်ဖြတ်နေသော မြန်မာစစ်တပ်အားချေမှုန်းရန် ရင်ဆိုင်တိုက်ပွဲ ၀င်ခိုင်းရရင်ဖြင့် သိပ်ကောင်းမှာပဲဟုလည်း တွေးမိ လိုက်ပါသေးသည်။ မျှော်စင်ပေါ်မှ အဆင်း ရေဆာသဖြင့် နားနားနေနေနှင့် အပေါ့အပါးသွားရန် လမ်းဘေး ကော်ဖီဆိုင် ၀င်ထိုင်ကာ ကိုကာကိုလာ မှာသောက်ကြသည်။ ဘေလ်ကိုကြည့်လိုက်တော့ ကိုလာကိုလာ နှစ်ပုလင်း အတွက် ယူရိုငွေ ၁၀.၀၀ ကျသည်ကို တွေ့ရသည်။ ဒါတောင် စားပွဲထိုးက ဘာစားမလဲ မေးတော့ သိတဲ့အတိုင်း ဘာမှ မစားဘူးပဲ ဖြေလိုက်ရပါသည်။ အင်း တခုခုများ စားလိုက်မိရင်တော့ …
နောက်တနေ့ လည်ပတ်ရာတွင် ကျနော်တို့အား လမ်းညွှန်အဖြစ် လိုက်လံပို့ဆောင်မည့်သူကား မောင်အောင်ချိမ့် ဖြစ်သည်။ သူသည် မကြာသေးခင်က ပြင်သစ်အစိုးရမှ ထုတ်ပေးသည့် နေထိုင်ခွင့် လက်မှတ်ရထားပြီးဖြစ်သည်။ မောင်အောင်ချိမ့်နှင့် အခြားမြန်မာလူငယ်နှစ်ဦးကား ပွဲစားဖြင့် အမေရိကားသွား ရန်ထွက်လာပြီး ချားလ်စ်ဒီဂေါ လေဆိပ်အရောက် ခရီးစဉ်အပြောင်းတွင် အမေရိကသို့ ပါမသွားပဲ သောင်တင်ကျန်ရစ်ခဲ့သူများဖြစ်ကြသည်။ ပတ်စ်ပို့ စာအုပ်နှင့် လေယာဉ်လက်မှတ်များ ပွဲစားဆိုသူနှင့် ပါသွားပြီး လေယာဉ်ကွင်းမှာပင် လေဆိပ်အာဏာပိုင်များက စကားပြန် ခေါ်ကာ သူတို့ကို စစ်ဆေးမေးမြန်းပါသည်။ “မင်းတို့ အမေရိကား ဘာသွားလုပ်မှာလဲ” ဆိုသည့် မေးခွန်းကို “ကျနော်တို့ ခိုလှုံခွင့် သွားလျှောက်မလို့ပါ” ဟု ဖြေတော့ “ဟာ… ဒါဆို ခိုလှုံခွင့်က ဒီမှာလျှောက်လည်း ရတာပဲ” ဟုဆိုကာ သူတို့ကို လေဆိပ်မှ ထွက်ခွင့်ပေးလိုက်သဖြင့် ပါရီကို ခြေချခွင့် ရခဲ့သူများဖြစ်ကြသည်။ အခုတော့ ပါရီမှာ နေထိုင်ခွင့်ရထားပြီဖြစ်သော်လည်း ရှေ့ဘ၀ခရီးကို လျှောက်လှမ်း ကြရပါအုံးမည်။
မောင်အောင်ချိမ့်က ကျနော်တို့ကို နာမည်ကျော်အဆောက်အဦးတခုဖြစ်သည့် နော်တာဒိမ်း Notre Dame ဘုရားရှစ်ခိုးကျောင်းကို လိုက်ပို့ပါသည်။ ဥရောပ၏ နွေရာသီဖြစ်သည့်အလျောက် စိန်းမြစ်ကမ်းဘေးတွင် ရှိသည့် ရှေးဟောင်းဘုရားကျောင်းသည် နေရောင်အောက်တွင် လှပနေပါသည်။ ခရီးသွားများ လာသည့် ရာသီဖြစ်သည်နှင့်အညီ ပါရီရှိ ထင်ရှားသည့် နေရာတိုင်းမှာ လူတွေ ကြိတ်ကြိတ်တိုးနေကြသဖြင့် ဘုရားကျောင်း ထဲဝင်ဖို့ ကျနော်တို့ တန်းမစီဖြစ်တော့ပါ။ စိန်းမြစ်ကမ်းဘေးတလျှောက် ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ပြီး La Defense ဟု ခေါ်သော ခေတ်မှီအဆောက်အဦးများဖြင့် စီးပွားရေးအချက်အချာ ကုမ္ပဏီများ ရုံးစိုက် ရာ နေရာသို့ မက်ထရိုဖြင့် ရောက်သွားကြသည်။
ညနေစောင်းမှာတော့ ပါရီတွင်နေထိုင်သူ ကိုထင်ကျော်နှင့် တွေ့ဆုံရန် သူချိန်းထားသည့် မက်ထရို (၈) နှင့် (၁၃) ဆုံသည့် နေရာ Invalides ဘူတာသို့ ကျနော်တို့လာခဲ့ကြပါသည်။ ကိုထင်ကျော်နှင့်အတူ ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင်လည်း ပြင်သစ်သို့ ရောက်နေပါသည်။ ကိုထင်ကျော်က ကျနော်တို့ကို နပိုလီယံ၏ အုတ်ဂူထားရှိရာ နပိုလီယံတက်ခဲ့သည့် စစ်ကျောင်းကို ပြသပါသည်။
စစ်ကျောင်းမှ အထွက် ပြင်သစ်နှင့် ရုရှချစ်ကြည်ရေးတံတား Pont Alexandre III ဖက်သို့ လမ်းလျှောက် လာကြပါသည်။ ထိုမှ ကိုထင်ကျော်၏ ဦးဆောင်မှုဖြင့် တခုခု စားကြသောက်ကြရန် Latin Quarter သို့ ချီတက် ခဲ့ကြပါသည်။ ထိုနေရာသည် Sorbonne University မှ ကျောင်းသားများ ကျက်စားရာနေရာဟု သိရပြီး ဈေးသက်သာသော စားသောက်ဆိုင်များကြောင့် တိုးရစ်များလည်း လာရောက်ကြပြီး အလွန်စည်ကားသော ရပ်ကွက်လေးတခု ဖြစ်၍နေပါသည်။ တရုတ်စားသောက်ဆိုင်တခုမှာ ကျနော်တို့ထိုင်လိုက်ကြပြီး ထိုဆိုင်မှာပင် ဦးနွယ်အောင်၊ ကိုထင်ကျော်နှင့် ကျနော်တို့ တဦးနှင့်တဦးအပြန်အလှန် ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်များ လဲလှယ်ကြသည်။ မြန်မာ့နိုင်ငံရေး လက်ရှိအနေအထားများနှင့် ရှေ့အလားအလာများကိုလည်း သုံးသပ်ဆွေးနွေးကြပါသည်။ အပြန်တွင် အားလုံးအတူ မက်ထရိုစီးကြပြီး ဦးနွယ်အောင်က အရင်ဆင်းသွားပါ သည်။ ကျနော်တို့က ကိုထင်ကျော်နှင့်အတူ မက်ထရိုဂိတ်ဆုံးနားထိစီးကာ ဘတ်စ်ကားပြောင်းစီးပြီး ကိုထင်ကျော်နေသည့် ရပ်ကွက်မှ Tram ဂိတ်ဆုံးတွင် ကျနော်တို့ ဘတ်စ်ကားပေါ်မှ ဆင်းကြပါသည်။ ထိုရပ်ကွက်ရှိ Tram ဂိတ်ဆုံးမှတ်တိုင်တွင် ပါရီ၏ မျက်ရည်ဟု ခေါ်ရမည့် လူမဲအများအပြားနေထိုင်သည်ကို တွေ့ရပါသည်။ ကျနော် ပါရီတွင် လှည့်လည် ကြည့်ရှုစဉ်အတွင်း အထက်တန်းကျကျ အလုပ်များဖြင့် အဆင်ပြေ နေသော ပြင်သစ်များကို တွေ့ရသလို ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်လျှက် ရထားလက်မှတ်ခ မပေးနိုင် သဖြင့် ဘူတာအ၀င်ဂိတ်ကို ခုန်ပျံကျော်လွှားနေသူ လူမဲများကိုလည်း တွေ့ခဲ့ရပါသည်။ လူတန်းစား မညီမျှမှု၊ အလုပ်လက်မဲ့ ပြဿနာများကြောင့်လည်း ပြင်သစ်တွင် ၂၀၀၅ ခုနှစ်က အဓိကရုဏ်းများ ဖြစ်ခဲ့သည် မဟုတ်ပါလော။
ပါရီမြို့သည် ဒုတိယကမ္ဘာစစ်က လူဦးရေ သုံးသန်းသာရှိသော်လည်း ယခုအခါ လူဦးရေ ၁၁ သန်းထိရှိကာ ဥရောပ၏ လူဦးရေအများဆုံးသော မက်ထရိုပိုလီတန်မြို့ကြီးဖြစ်နေပါပြီ။ ပါရီ၏ လူဦးရေ နှင့် ကမ္ဘာ့အလှဆုံး မြို့တော်ကို လာရောက်ကြည့်ရှုသည့် ခရီးသွားဦးရေပါ ပေါင်းလိုက်တော့ ကျနော်ရောက်သွားသည့် ပါရီသည် လူပင်လယ်ကြီး ဖြစ်နေပါတော့သည်။ ကိုထင်ကျော်တို့နှင့် လမ်းခွဲပြီး နောက်တနေ့ကား ကျနော်တို့ ပြန်မည့်နေ့ ဖြစ်သည်။ တည်းခိုသည့်အိမ်မှ အ၀တ်အစားအိတ်များပါယူလာခဲ့ပြီး တရုတ်တန်းရှိ ဦးဇင်းဦးကုမာရ ကျောင်းသို့ ထွက်လာခဲ့ကြသည်။ တရုတ်တန်းမှ အာရှကုန်တိုက်ကြီးများတွင် အိမ်ရှင်မမှာလိုက်သည့် ပစ္စည်းများနှင့် အခြား ကောင်းနိုးရာရာ စားသောက်ကုန်များ ၀ယ်ကြသည်။ ဒိန်းမတ်ထက်စာလျှင် ပါရီမှာ အာရှပစ္စည်းတွေက အလျှံ ပယ်ဖြစ်နေသည်။ ပစ္စည်းတွေဝယ်ပြီးနောက် နေ့လည်စာကို ဦးဇင်းကျောင်းတွင်စားကာ ကားဂိတ်သို့ ထွက်လာ ခဲ့ကြသည်။ ကားဂိတ်အနီး ကျနော်တို့ တည်းခိုသည့်အိမ်ရှင် ဦးလှအောင် အလုပ်လုပ်သည့် အင်တာနက်ဆိုင် တွင် ကျနော်တို့ အိတ်တွေ အပ်ကာ အနီးအနား လျှောက်ကြည့်ကြသည်။ ဦးလှအောင်၏ အင်တာနက်ဆိုင် က ပါရီ၏ အဓိက ဘူတာကြီးနှစ်ခုဖြစ်သည့် Gare de Nord နှင့် Gare de I’est ကြားတွင် ရှိသည်မို့ အလွန်အချက် အချာ ကျသည့်နေရာပင်။ ဦးလှအောင်က ကျနော်နှင့် ဦးထွေးသောင်းကို လဖက်ရည်ကောင်းကောင်း တိုက်မယ် ဟု ဆိုကာ သူ့ဆိုင်အနီးက သီရိလင်္ကာရပ်ကွက်အတွင်းရှိ သူသောက်နေကျ လက်ဖက်ရည်ဆိုင်ကို ခေါ်သွားပါသည်။ ထိုရပ်ကွက်ကြီးတခုလုံးသည် သီရိလင်္ကာနိုင်ငံအနွယ်ဖွားများ နေထိုင်ကြသည့် ရပ်ကွက်ဖြစ် သည့်အလျောက် လမ်းဘေး ၀ဲယာ ဆိုင်ခန်းများကိုငေးမောရင်း အိန္ဒိယတိုက်ဖက်ပြန်ရောက်နေသလား အမှတ် မှားရပါသည်။ ထိုနေ့ညနေက ညရှစ်နာရီထွက်မည့်ကားကို ကျနော်က ညကိုးနာရီမှထွက်မည်အထင်ဖြင့် အရောက် နောက်ကျသွားသဖြင့် ဘတ်စ်ကားက ကျနော့်ကို ပြန်စောင့်နေခဲ့ရသည့် အဖြစ်အပျက်မှ လွှဲ၍ ကျနော်တို့ အပြန်ခရီးသည် အဆင်ပြေ ချောမွေ့ခဲ့ပါသည်။ ။
(ဤပို့စ်ဖြင့် ပါရီမြို့တွင် နေထိုင်သူများဖြစ်သည့် ဦးဇင်းဦးကုမာရ၊ မခင်နှင်းယု၊ မောင်အောင်ချိမ့်၊ ဦးလှအောင်၊ ကိုမျိုး၊ ဘိုဘို နှင့် အခြား ကျေးဇူးတင် ထိုက်သူအားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်)

Paris

Sunday, April 27, 2008

ပီနန်ကျောင်း နှစ် ၂၀၀ ပြည့်

ပီနန်မြန်မာဘုန်းတော်ကြီးကျောင်း နှစ် ၂၀၀ ပြည့်ပွဲတော်ကို ၂၀၀၃ ခုနှစ်က ပီနန် ဓမ္မိကာရာမဘုန်းတော်ကြီး ကျောင်းမှာ အကြီးအကျယ် ကျင်းပဖြစ်ခဲ့ပါတယ်။ ကျနော်တို့ ကွာလာလမ်ပူက အဖွဲ့တွေလည်း ပီနန်ကို ရောက်သွားခဲ့ကြတယ်။ အဲဒီမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတချို့ ကို ကြည့်ကြရအောင် ....

ပီနန်ဆရာတော်ကြီးနှင့် ပင့်သံဃာများ


ကွာလာလမ်ပူ - ဆူဘန်းဂျာယာ က ဆရာတော်ဦးရေ၀တ ကိုသိကြလား မသိဘူး...


တိုက်ပုံနဲ့ ပုဂ္ဂိုလ်က Beyond Rangoon ရုပ်ရှင်သရုပ်ဆောင်တဦးဖြစ်တဲ့ အန်ကယ်ဦးကျော်ဝင်း လေ...


ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (မလေးရှားဌာနခွဲ) က အဖွဲ့ဝင်များ ...


ဘုန်းကြီးကျောင်းဝင်းအတွင်းက စတိတ်စင်


ဘုန်းကြီးကျောင်းဝင်း တနေရာ (ပုံထဲက ပုဂ္ဂိုလ်က ပီနန်လွှတ်တော်အမတ် ကိုမြင့်ဝေ (ဒိန်းမတ်) ရဲ့ အကို ကိုလတ် ပါ။)


သံဃာများ စုပေါင်းရွတ်ဆိုနေကြစဉ်...


လာရောက်ကြည်ညိုနေသော ပရိတ်သတ် ...


မတ်ရပ်ရုပ်ပွားတော်ရှေ့အမှတ်တရ ...


ပီနန်တောင် တက်ရာလမ်းတနေရာ ...


ပီနန်တောင်ပေါ်မှာ ...


ပီနန်တောင်ပေါ်မှ ဗုဒ္ဓရုပ်ပွားတော်များ ...


ပီနန်တောင် ကွမ်ယင်မယ်တော် ရင်ပြင်တနေရာ ...


ပီနန်တောင် ကွမ်ယင်မယ်တော် ရုပ်ထု ...


ပီနန်တောင်ပေါ် တနေရာ ...

Saturday, March 29, 2008

အမ်စတာဒမ်၊ သည်ဟိဂ်နှင့် မီးအိမ်နီရပ်ကွက်

ပထမနေ့
တညလုံးခုတ်မောင်းလာသော ညရထားသည် အမ်စတာဒမ် ဘူတာကြီးသို့ အချိန်မှန်ဆိုက် ရောက်ပါသည်။ အမ်စတာဒမ်မရောက်ခင် ကိုလုံးဘူတာမှာ ခရီးသည်အတော်များများ ဆင်းသွားသဖြင့် ခြောက်ယောက်အိပ်ခန်းတွဲမှာ ကျနော်နှင့်ကိုတင်ထူး နှစ်ဦးသား ချောင်ချောင်ချိချိစီးလာခဲ့ရသည်။ ဘူတာမှာ လာကြိုသူ ကိုမြတ်သီဟနှင့်အတူ ကျနော်တို့တည်းခိုရန် စီစဉ်ထားသော ကိုဆန်နီအိမ်ကို ဘတ်စ်ကားဖြင့် လာခဲ့ကြသည်။ ဘတ်စ်ကားခမှာ ဇုံနှစ်ဇုံစီးရမည်ဖြစ်သောကြောင့် တယောက်စာအတွက် အတွဲလိုက် လက်မှတ်မှ သုံးကွက်ကို ကားမောင်းသူက တုံးထုပေးပါသည်။ လက်မှတ်တကွက်စာအတွက် ကျသင့်ငွေမှာ ယူရို ၀.၈ ဖြစ်ပြီး တဇုံစာခရီးသွားလျှင် အနည်းဆုံး ယူရို ၁.၆ ပေးရပါမည်။ နှစ်ဇုံကိုတော့ သုံးကွက်သာတုံးထု သဖြင့် ယူရို ၂.၄ သာပေးရသဖြင့် တခေါက်စာလက်မှတ်ဝယ်သည်ထက် ယူရို ၀.၈ သက်သာပါသည်။ လက်မှတ် အတွဲမှာ အတိုနှင့် အရှည် နှစ်မျိုးရောင်းသည်ဟု ကိုမြတ်သီဟက ရှင်းပြပါသည်။
တည်းခိုသည့် အိမ်မှာ ရေမိုးချိုး၍ ထမင်းစားကြပါသည်။ အိမ်ရှင် ကိုဆန်နီ အိမ်ရသည်မှာ မကြာသေး သဖြင့် အိမ်မှာ ဖုန်း၊ အင်တာနက်နှင့် တီဗီလိုင်းများ မတတ်ဆင်ရသေးပါ။ ထမင်းစားပြီး ဟိုဟိုဒီဒီ ကြည့်ရန် အမ်စတာဒမ် စင်ထရယ်ကို ကားပြန်စီးလာကြပါသည်။ ဘူတာကြီးရှေ့နားတွင် ဆိုင်တွေ၊ အဆောက်အဦတွေ၊ လူတွေနှင့် စည်ကားနေပါသည်။ လိင်မှုပြတိုက်ကို ၃ ယူရိုပေး၍ ၀င်ကြည့်ကြသည်။ ပန်းချီကားများ၊ အရုပ်များ၊ ရှေးဟောင်း လိင်မှုဆိုင်ရာ ဗီဒီယိုခွေများ ပြသထားပြီး တချို့သောပြကွက်များကို ကြည့်ကာ မိန်းခလေးများ တခွီးခွီးနှင့် ရီနေကြသည်။
ပြတိုက်မှအထွက် မိုးကရွာလာသဖြင့် လှည့်ပတ်ကြည့်ရှုခြင်းကို ရပ်နားကာ အိမ်ပြန်ကြဖို့ ဆုံးဖြတ်ကြ ပါသည်။ အိမ်မပြန်ခင် နာမည်ကျော် မီးအိမ်နီရပ်ကွက်အတွင်းမှ တရုတ်စားသောက်ဆိုင်မှာ သုံးယောက်သား တမင်းနှင့်ဟင်းများမှာစားကြပြီး ကျသင့်ငွေမှာ ယူရိုငါးဆယ် ဖြစ်လေသည်။
ဒုတိယနေ့
ယမန်နေ့ညက အိမ်ရှင်ကိုဆန်နီ ပြန်ရောက်လာပြီး မအိပ်ခင် စကားပြောကြသေးသည်။ ဒီမနက်အိပ်ရာ ထတော့ မနေ့ညက စကားဝိုင်းကို ဆက်ကြသည်။ ကိုဆန်နီက တရားဝင်နေထိုင်ခွင့်ရသည်မှာ မကြာသေး။ နယ်သာလန်ရောက်တာတော့ ဆယ်လလောက်ရှိပြီ။ ကိုဆန်နီ အသက် ၂၂ နှစ်မှာ ဂျပန်မှာ အလုပ်သွားလုပ် သည်။ လေးနှစ်အလုပ်လုပ်ပြီး ဖမ်းမိသွားကာ မြန်မာပြည်ပြန်ပို့ခံရသည်။ ရန်ကုန်မှာ တနှစ်လောက်နေပြီး ဂျပန်ကို နောက်တကြိမ်ပြန်သွားကာ အလုပ်လုပ်သည်။ လေးနှစ်အကြာမှာ ထပ်အဖမ်းခံရကာ မြန်မာပြည်ပြန် ရောက်သည်။ တတိယအကြိမ်ပြည်ပထွက်တော့ ဂျပန်ကိုမဟုတ်တော့ဘဲ ပွဲစားဖြင့် အမေရိကကို ၀င်ရန် ကြိုးစားသည်။ ပွဲစားစီစဉ်ပေးလိုက်သည့် ပတ်စ်ပို့အတုကို တောင်ကိုးရီးယားလေဆိပ်မှ လ၀ကများက ဖော်ထုတ်လိုက်နိုင်သဖြင့် အမေရိကန် အစီအစဉ်ပျက်သွားသည်။ တကြိမ်မအောင်မြင်လျှင် နောက်တကြိမ် ကြိုးစားခွင့်ရှိသည်ဟု ပွဲစားက ဆိုသည်။ ဒုတိယအကြိမ်မှာတော့ နယ်သာလန်ကို ရောက်လာခြင်းဖြစ်သည်။
ကိုဆန်နီပြောပြသည်များကို ကော်ဖီသောက် နားထောင်ရင်း အပြင်သွားကြဖို့ ကိုမြတ်သီဟက နှိုးဆော်သည်။ သူ့အစီအစဉ်အရ ဒီနေ့ ကမ္ဘာ့တရားရုံးရှိရာ သည်ဟိဂ် မြို့ကို သွားကြမည်။ အဲဒီမှာ ညအိပ်ကြ မည်ဖြစ်သည်။ အားလုံးအဆင်သင့်ဖြစ်တော့ ဘတ်စ်ကားဖြင့် အမ်စတာဒမ် စင်ထရယ်ကို ပြန်လာကြသည်။ ဘတ်စ်ကားပေါ်မှ ခရီးသည်များသည်လည်းကောင်း၊ လမ်းများပေါ်တွင်သွားလာနေသော လူများသည်လည်း ကောင်း ကျနော်တွေ့ရသည်မှာ ဒတ်ခ်ျလူဖြူများ မဟုတ်ကြ။ အညိုရောင်များ၊ အမဲရောင်များ၊ အ၀ါရောင်များကို တွေ့ရသည်သာများသည်။ ခေါင်းမြီးခြုံထားသူ အမျိုးသမီးအတော်များများကိုတွေ့တော့ `ဟ၊ ငါရောက်နေတာ ဟော်လန်မှ ဟုတ်ရဲ့လား။ တီဟီရန်များရောက်နေသလား´ အောက်မေ့ရသည်။ တကယ်တော့ အမ်စတာဒမ် သည် ကမ္ဘာအရပ်ရပ်မှ အခြေချနေထိုင်ရန် ပြောင်းရွေ့လာသူများဖြင့် မက်ထရိုပိုလီတန်မြို့ဖြစ်နေပုံရပြီး ဘတ်စ်ကားဒရိုင်ဘာများကလည်း အင်္ဂလိပ်စကားအတော်ပြောနိုင်ကြပါသည်။
အမ်စတာဒမ်မှာ သည်ဟိဂ်ကို အမြန်ရထား မိနစ်လေးဆယ်ခန့် စီးရပါသည်။ လက်မှတ်ခမှာ တဦးလျှင် ယူရို ၁၀။ ရထားလမ်းဝဲယာတွင် ရေသွင်းတူးမြောင်းများ၊ ပန်းစိုက်ခင်းများကို တွေ့ရသည်။ ဟော်လန်မှ ပြည်ပ ပို့ကုန်များတွင် ပန်းများလည်းပါသည်။ နွေရာသီပန်းတွေပွင့်ချိန်ဒီရထားကို ပြန်စီးလျှင် ရောင်စုံပန်းခင်းကို ဖြတ်သွားရသလိုဖြစ်နေလိမ့်မည်။ `ဟော်လန်နိုင်ငံသားတွေဟာ ရေကို ပြုပြင်ရာမှာ အထူးကျွမ်းကျင်တယ်၊ မကျွမ်းကျင်လို့လည်း မရဘူး။ အမ်စတာဒမ်မြို့ကြီးက ပင်လယ်ရေမျက်နှာပြင်ရဲ့အောက်မှာရှိနေတာ။ ပင်လယ်ရေတွေကိုသာ ထိန်းမထားနိုင်ရင် ရေအောက်ရောက်နေလိမ့်မယ်´ ဟု ကိုမြတ်သီဟ ရှင်းပြသည်။ တဆက်တည်းသူက `ကျနော်လည်း ဒီရောက်တာ ၇ နှစ်ရှိပြီ။ နော်ဝေးလေး ဘာလေး အဆင်ပြေရင် သွားလည်ချင်တယ်။ တောတွေ တောင်တွေ မြင်ချင်လို့ပါ။ ဒီနိုင်ငံမှာက တောင်မမြင်ရဘူးဗျ´ ဟုဆိုသည်။
သည်ဟိဂ်ဘူတာမှာ လာကြိုနေသူက ကျော်မိုးသူ။ သူ့အစီအစဉ်အရ Madurodam ဟုခေါ်သောနေရာကို ဓါတ်ရထားဖြင့်ရောက်သွားကြသည်။ ၀င်ကြေးငွေ ၁၃ ယူရိုပေးရသော ထိုနေရာတွင် နယ်သာလန်နိုင်ငံအတွင်း ရှိ အထင်ကရနေရာများဖြစ်သည့် ရဲတိုက်များ၊ နန်းတော်များ၊ ဆိပ်ကမ်းများ၊ အစိုးရရုံးဆိုက်ရာအဆောက်အဦး များ၊ လေယာဉ်ကွင်း စသည့်နေရာများကို တနေရာတည်းမှာ တွေ့ရအောင် ပုံစံတူဆောက်လုပ်ထားခြင်း ဖြစ်သည်။ လူငယ်များ၊ ခလေးများ အထူးစိတ်ဝင်စားမည့်နေရာတခု ဖြစ်သည်။
ထိုနေရာမှအပြန် နယ်သာလန်လွှတ်တော်ဘေးမှ ဖြတ်၍ တရုပ်တန်းသို့ရောက်ပြီး တရုတ်ဆိုင်မှာ စားကြသောက်ကြ၏။ စားသောက်ပြီး ကျော်မိုးသူတို့အိမ်ကို မသွားခင် ကမ္ဘာ့တရားရုံးကို သွားကြည့်ကြသည်။ တရားရုံးရှေ့မှာတော့ ဖလန်ဂေါင်ဂိုဏ်းသားတဦး တကိုယ်တော် ဆန္ဒပြနေသည်။
ထိုညက ကျော်မိုးသူတို့ညီအကို နေထိုင်ရာ တိုက်ခန်းတွင် ဂစ်တာတီး သီချင်းဆိုသူကဆို၊ ထမင်းဟင်း ချက်သူကချက်၊ ဟိုမေးသည်မေး လုပ်သူကလုပ်နှင့် အချိန်က ကုန်မှန်းမသိ။ ထိုမြို့တွင် ကျော်မိုးသူတို့ ညီအကို အပြင် ကိုမန်းခေါ် ချင်းလူငယ်တဦးလည်း နေထိုင်သည်။ ကိုမန်းဆီ လာလည်သူ ကချင်လူငယ် ဆန်းကြာ ကိုလည်း ထိုညက ကျော်မိုးသူတို့အခန်းတွင် ဆုံခဲ့ရပါသည်။

တတိယနေ့
တတိယမြောက်နေ့တွင် ဥထရက်မြို့သို့ သွားလည်ကြမည်ဟု ကိုမြတ်သီဟ စီစဉ်ထားပါသည်။ လမ်းတွင် အမ်စတာဒမ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၀င်ကြည့်ကြသည်။ နိုင်ငံတကာ အဆင့်မှီ ခေတ်မီလေဆိပ်ကြီး ဖြစ်သည်။ အမ်စတာဒမ်လေဆိပ်မှ တဆင့် အခြားဥရောပမြို့ကြီးများသို့ အမြန်ရထားဖြင့် ခရီးဆက်သွားလိုပါက အဆင်ပြေအောင်စီစဉ်ပေးထားသည်။ သို့သော် ရထားများအကြောင်း၊ ခရီးစဉ်အကြောင်း လက်ကမ်းစာစောင်ကိုတော့ ဒတ်ခ်ျဘာသာတခုတည်းဖြင့်သာတွေ့ရသည်။ လေဆိပ်မှ ဥထရက်သို့အသွားတွင် အမ်စတာဒမ်စင်ထရယ်ကို မ၀င်ရတော့ပါ။ နယ်သာလန်တွင် ရထားများဖြင့် ခရီးသွားရာတွင် အဆင်ပြေအောင် စီစဉ်ထားသည်ကို တွေ့ရပါသည်။ ဥထရက်ဘူတာတွင် မြန်မာပြည်သားဆွေမျိုးများကိုတွေ့ကြ၊ နှုတ်ဆက်စကား ပြောကြသေးသည်။ ပြီးတော့ ကိုဇော်ကြီး (ခေါ်) ကိုမျိုးဇော် နှင့် ကိုခင်မောင်အေး တို့စီစဉ်ထားသည့် နေရာကို ချီတက်ကြသည်။ ထိုနေရာကို ရထားတဘူတာ ထပ်စီးရသည်။ လမ်းက စူပါမားကပ်တခုမှာ စားစရာသောက် စရာတွေဝယ်ရသည်။ ထိုမြို့မှာနေသော လူများစုမှာ ဒေသခံဟော်လန်သားများ ဖြစ်ကြသည်။ ကိုမြတ်သီဟ၊ ကိုမျိုးဇော်နှင့် ကိုခင်မောင်အေးတို့မှာ နယ်သာလန်သို့ ရှေ့ဆင့်နောက်ဆင့် အတူရောက်သူများဖြစ်ကြသည်။ ကိုခင်မောင်အေးက ရှစ်ဆယ့်ရှစ်တုံးက ဆန္ဒပြခဲ့သည့် လေတပ်ရဲဘော်ဟောင်းတဦးဖြစ်သည်။ သူတို့အားလုံး နယ်စပ်ကျောင်းသားစခန်းများနှင့် မနီလွိုင်ကျောင်းသားစခန်းများကို ဖြတ်သန်းခဲ့ကြသူများဖြစ်သည်။ ယခု လက်ရှိလည်း နယ်သာလန်ရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများမှာတက်တက်ကြွကြွ ပါဝင်နေသူများ ဖြစ်လေတော့ သူတို့နှင့် စကားတွေ အများကြီး ပြောဖြစ်ကြသည်။ ကျနော်တို့ တည်းသည့် ကိုဆန်နီအိမ်အပြန် မှာတော့ ကိုခင်မောင်အေးက ကျနော်တို့နှင့် အတူလိုက်လာခဲ့သည်။
စတုတ္ထနေ့
ဒီနေ့ညနေရထားဖြင့် ကျနော်တို့ပြန်ကြမည်ဆိုတော့ အိမ်ကထွက်ကတည်းက အ၀တ်အစားအိတ်များ တပါတည်း ယူလာခဲ့ရန် ကိုမြတ်သီဟက အကြံပေးသည်။ ဘူတာကြီးမှာ အိတ်တွေအပ်တော့ ကျသင့်ငွေ ၇ ယူရိုကို ခရက်ဒစ်ကပ်ဖြင့်ပေးရသဖြင့် လုံခြုံရေးအတွက်ပါ တပါတည်း စီစဉ်ထားပြီး ဖြစ်နေပုံရသည်။ ဒီနေ့ အစီအစဉ်အရ ဟော်လန်နိုင်ငံသားပန်းချီပညာရှင် ဗင့်ဆင့်ဗင်ဂိုး ပြတိုက်ကို သွားကြမည်ဖြစ်သည်။ အမှတ် (၅) ဓါတ်ရထားဖြင့် ဗင့်ဂိုးပြတိုက်ကိုရောက်တော့ လူတွေတန်းစီနေကြပြီ။ ၀င်ကြေးက ယူရို ၁၀။ အထဲမှာ လိုက်ကြည့်စဉ် ရှင်းပြတာကို နားထောင်နားကြပ်ဖုန်းလေးတွေအတွက် ၄ ယူရို ထပ်ပေးရသည်။ ဘာသာစကား ရွေးချယ်ရန် ပေးထားသည့် ဆယ်မျိုးခန့်တွင် ဂျပန်သာသာကိုလည်းတွေ့ရသည်။ ဗင့်ဂိုးပြတိုက်အသစ်ကို ဂျပန်က ဒီဇိုင်းထုတ်၍ ဆောက်လုပ်ပေးထားကြောင်း သိရသည်။ ပန်းချီကားများဘေးမှ ရှင်းပြထားသော ပိုစတာများတွင်တော့ ဒတ်ခ်ျဘာသာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးသာ တွေ့ရသည်။ ပန်းချီကားနှင့်ပတ်သက်တာ ကို သိလိုလျှင် သူနှင့်သက်ဆိုင်သည့် နံပါတ်ကို နားကြပ်စက်တွင် နှိပ်လိုက်လျှင် အင်္ဂလိပ်လို ရှင်းပြပါသည်။ ပြတိုက်အတွင်း ကျနော်တို့ရှေ့မှ ရောက်နေသူများ၊ ကျနော်တို့နောက်မှ တဖွဲဖွဲဝင်လာနေသူများကို ကြည့်ကာ အသက် ၃၇ နှစ်အရွယ်မှာကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် ပန်းချီကျော်ဗင်ဂိုးသည် နယ်သာလန် နိုင်ငံသားကောင်းပီသစွာ သူ့နိုင်ငံကို အလုပ်အကြွေးပြုပေသကားဟု တွေးနေမိပါသည်။ ပြတိုက်မှာ တနာရီ ကျော်နေပြီး၍ ကျနော်တို့ ပြန်ထွက်လာသည်အထိ နောက်ထပ်ဝင်လာသူတွေကို တန်းစီနေကြတုံးပါ။ နောက်ရက် နောက်ရက်တွေမှာလည်း ဒီလိုပဲ တန်းစီပြီး ဗင်ဂိုးရဲ့လက်ရာတွေကို လူတွေလာကြည့်နေကြလိမ့် အုံးမည်မှာ ဖြစ်လေတော့ ဗင်ဂိုးပြတိုက်ရယ် အမ်စတာဒမ်လေဆိပ်ရယ်က ရတဲ့ဝင်ငွေနဲ့တင် အမ်စတာဒမ်မြို့ သားတွေ ထိုင်စားနေလို့ရလောက်သည်။ `နှစ်စဉ်လွှတ်တော်မှာ ဘတ်ဂျက်ခွဲရင် တခြားပြည်နယ်တွေက ၀င်ငွေ ပိုကောင်းတဲ့ အမ်စတာဒမ်ကို အမြဲပဲ ဝေစုတောင်းလေ့ရှိတယ်´ ဟု အမ်စတာဒမ်မြို့သားကြီး ကိုမြတ်သီဟ က ရှင်းပြသည်။
ပြတိုက်မှ အထွက် နှင်းတွေကျလာသည်။ ဥရောပမှာ နွေဦးရာသီဝင်တော့မှာမို့ ဆောင်းကိုနှုတ်ဆက်သည့် နှင်းတွေပဲ ဖြစ်မည်။ စင်္ကာပူမှာလာသည့် အင်ဂျင်နီယာကိုတင်ထူးကတော့ ကျလာသည့်နှင်းတွေကို အမိအရ ဓါတ်ပုံရိုက်နေသည်။ သူ့အဖို့တော့ နှင်းဆိုတာ မြင်ရခဲသည့်အရာဖြစ်နေမည်။
ဒမ်စကွဲယားကိုရောက်တော့ နှင်းတွေကြားထဲကပဲ ဓါတ်ပုံရိုက်ကြသည်။ နေ့လည်စာကို ထိုင်းဆိုင်မှာစားသည်။ ကိုမြတ်သီဟ က ခေါက်ဖတ်၊ ကျန်သုံးယောက်က ဖတ်ကဖောင်ကိုင်၊ အအေးတခွက်စီသောက်ပြီး ပိုက်ဆံရှင်း တော့ ယူရို ၆၀ ကျသည်။ ကိုခင်မောင်အေးက ထိုနေ့လည်စာကို ဒကာခံသည်။ ကျနော်တို့ ဆိုင်ထဲဝင်လာတော့ ဆိုင်ရှင်အန်တီကြီးနဲ့ အလုပ်သမားတွေက ထိုင်းတွေဟု ထင်နေသည်။ ကျနော်တို့ ထိုင်းမဟုတ်မှန်းသိတော့ အမ်စတာဒမ်ကို လာလည်နိုင်တာ အတော်ချမ်းသာတဲ့မြန်မာတွေ ဖြစ်မယ်ဟု သူတို့ အချင်းချင်း ထိုင်းလို အတင်းချနေကြသည်။ အမ်စတာဒမ်က အစစအရာရာ ဈေးကြီးသည်ဆိုတော့ သူတို့ထင်မယ်ဆိုလည်း ထင်စရာ။ နောက်မှ ကိုမြတ်သီဟက သူအမ်စတာဒမ်မှာနေကြောင်း ပြောပြမိတ်ဆက်သည်။
စားသောက်ပြီးတော့ ဗိုက်တင်းတင်းရှိသည်နှင့် မီးအိမ်နီရပ်ကွက်ကို လမ်းလျှောက်ရင်း ပတ်ကြည့်ကြသည်။ အတော်ကြီးသည့် ရပ်ကွက်ကြီးဖြစ်ပြီး လိင်မှုဆိုင်ရာ စူပါမားကတ်၊ ရုပ်ရှင်ရုံ၊ လိုက်ဖ်ရှိုး (၀င်ကြေး ယူရို ၂၀ မှ ၂၅၊ တရုံနှင့်တရုံ ဈေးမတူ)၊ နှစ်ယူရိုပေး၍ ကြည့်ရသည့်နေရာ စသည်ဖြင့် စုံလှသည်။ ကော်ဖီဆိုင်တွေမှာတော့ ဆေးခြောက်ကို တရားဝင်ရှုနေကြသူတွေနှင့် ပြည့်ကျပ်နေသည်။ လမ်းလျှောက်ရင်း ညောင်းလာသည်နှင့် ဘူတာသို့ပြန်လာကာ ကော်ဖီသောက်ရင်း ရထားမထွက်ခင်အနားယူကြသည်။ လိုက်ပို့သူများနှင့် လမ်းမခွဲခင် ကိုခင်မောင်အေးက လာမည့်နွေရာသီမှာ သူဖင်လန်နိုင်ငံ ဟယ်ဆင်ကီးကိုသွားမည့်အကြောင်း၊ ဖင်လန်ရောက် တုံး စုစုနွေးစာသင်ကျောင်းကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ နယ်သာလန်မှာလည်း မြန်မာစာ သင်သည့်ကျောင်းလေး ဖြစ်လာအောင်တည်ထောင်ဖို့ ရည်ရွယ်ထားသည့်အကြောင်းများ ပြောပြနေပါသည်။
ရထားဝင်လာတော့ ကိုပင်ဟေဂင်၊ ဘာလင်၊ မော်စကို၊ ပရာဟာ့ စသည့် ခရီးလမ်းဆုံးမတူသည့် မြို့များကို မမှားအောင် ကိုယ်နှင့်သက်ဆိုင်သည့်တွဲကို တက်ကာ အိပ်စက်လိုက်ပါလာခဲ့ပါတော့သည်။ ။
(ခရီးစဉ်အတွင်းကူညီပေးခဲ့သောသူများအားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်။ ဤပို့စ်ကို ဘလော့ဂ်၏ ဆိုဒ်ဘား တွင်တင်ထားသည့် `အမ်စတာဒမ်၊ သည်ဟိဂ်နှင့် မီးအိမ်နီရပ်ကွက်´ ဓါတ်ပုံအယ်လ်ဘမ်နှင့်အတူ ဖတ်ရှုပါက ပိုအဆင်ပြေပါလိမ့်မည်။)

Friday, March 21, 2008

ကိုမြတ်သီဟ အမ်စတာဒမ်မှာနေသည်

နယ်သာလန်ကအဖွဲ့တွေနှင့် အွန်လိုင်းမှာတွေ့တိုင်း သူတို့ဆီ လာလည်ဖို့ အမြဲခေါ်တတ်သည်။ ဒိန်းမတ်ကနေ အမ်စတာဒမ် ကို ညရထားရှိသည်။ ကောလင်း Kolding ဘူတာမှ ည ကိုးနာရီ တွင်ထွက်သော City Night Line ရထားသည် အမ်စတာဒမ်ဘူတာကြီးကို နောက်တနေ့ မနက်ဆယ်နာရီခွဲတွင်ရောက်မည်။ ရထားလက်မှတ်ခက နှစ်ယောက်အတူသွားလျှင် တယောက်တည်းသွားသည်ထက် ဈေးပိုသက်သာသည်။ အသွားအပြန်လက်မှတ်ခ တဦးကို ခရိုနာ ၈၀၀ (US$ 160) ခန့်နှင့် အိပ်စင်လက်မှတ်အတွက် တဦးကို အသွား အပြန် ခရိုနာ ၃၀၀ (US$ 60) ခန့် ထပ်ပေးရသည်။ လေယာဉ်လက်မှတ် ကြိုတင်ဘွတ်ကင်လုပ်နိုင်ရင်လည်း သက်သာသော လေကြောင်းလိုင်းတွေ ရှိသည်။ ရထားလက်မှတ်ခနှင့် ဈေးသိပ်မကွာ။
အမ်စတာဒမ်မှာနေသော ကိုမြတ်သီဟကို ၁၉၉၉ ခုနှစ် မနီလွိုင်ကျောင်းသားစခန်းမှာဆုံဘူးသည်။ ညနေဖက် ဘော်လီဘောအတူကစားနေကျမို့ ကျနော်ကသူ့ကိုသိသော်လည်း သူကကျနော့်ကို ကောင်းကောင်း မမှတ်မိ။ ကျနော်ကလည်း ကျောင်းသားစခန်းမှာနေတာ သိပ်မကြာလိုက်တာကြောင့်လည်း ဖြစ်မည်။
နယ်သာလန်ကို လာလည်ဖို့ ခေါ်တတ်သူ နောက်တဦးက ညီညီထွေး၊ သူက ဥထရက်မြို့ Utrecht မှာ ကျောင်းတက်နေသည်။ ကျနော့်ဘလော့ဂ်မှတဆင့် မိတ်ဆက်လာသူ မိသင်းသင်း ကလည်း ဥထရက်မှာ နေသည်။ သူကလည်း သူတို့ဆီလာရင် လည်စရာတွေ လိုက်ပို့ပေးဖို့ တာဝန်ယူမည့်သူ။ သို့သော် ကျနော်ရထားလက်မှတ်ဝယ်ပြီးကြောင်း အီးမေးလ်ပို့လိုက်တော့ သူလည်း ပိတ်ရက်မှာ ချက်နိုင်ငံ ပရာဟာ့ နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့ တွေကို သွားလည်ဖို့ စီစဉ်ထားပြီပြီဟု ပြန်စာလာသည်။ ကိစ္စတော့ မရှိ။ သူမရှိပေမယ့် တခြားသူတွေ ရှိမည်။ သူ့ကိုလည်း ချက်ရောက်ရင် ဆက်သွယ်ဖို့ မစပယ်စိုး ဖုန်းနံပါတ်ပေးလိုက်သည်။
ကျနော်နှင့်အတူ နယ်သာလန်သို့ ခရီးထွက်လာသူမှာလည်း ကျနော့်ကို ဘလော့ဂ်မှ ဆက်သွယ်လာသည့် နော်ဝေးမှာ သင်တန်းလာတက်နေသည့် စင်္ကာပူမှ အင်ဂျင်နီယာ ကိုတင်ထူး ဖြစ်သည်။ သူကလည်း အလုပ်ပိတ်ရက်မှာ ရောက်တုန်းရောက်ခိုက် ဥရောပကို အလည်ခရီးထွက်ချင်သည်။ အမ်စတာဒမ် အဖွဲ့တွေကလည်း အလည်ခေါ်ထားသည် ဆိုတော့ အလုပ်ပိတ်ရက်မှာ ရထားလက်မှတ်ဝယ်ပြီး တူးမြောင်းများ၊ စက်ဘီးများ ပေါများပြီး မြန်မာနိုင်ငံသားတွေလည်း နေထိုင်ကြသော အမ်စတာဒမ်မြို့ကြီးကို ကြည့်ရန် ကျနော် လာခဲ့ပါပြီ ။ ။

Saturday, January 19, 2008

ပိုလန် မှာ

ပိုလန်ရောက်ပြီး နောက်တနေ့ ဟိုတယ်မှာ မနက်စာစားပြီး မြို့တွင်းသို့ လှည့်လည်ကြည့်ရှုရန် နှစ်ဦးသား အဆင်သင့် ဖြစ်နေပါပြီ။ ရာသီဥတုကတော့ နှင်းမြူတွေဆိုင်းနေတာမို့ ကိုယ့်ဖက်မှာ မရှိပါ။ ဘာပဲဖြစ် ဖြစ် ရောက်ဘူးချင်၍ လာခဲ့သည်မို့ လိုက်ကြည့်ရမှာက ကိုယ့်တာဝန်။ ဟော်တယ်မှ ပေးလိုက်သည့် မြေပုံကိုင် ကာ လမ်းပေါ် ဆင်းလိုက်ပြီးနောက် မြေပုံလမ်းညွှန်အတိုင်း ခရီးဆက်ဖို့ လမ်းနာမည်တွေ ရေးထားသလားကြည့် လိုက်တော့ လမ်းပေါ်မှာ လမ်းနာမည်ရေးထားသော ဆိုင်းဘုတ်များက ရှိမနေကြ။ အရပ်မျက်နှာကို မှန်းကာ မြေပုံပေါ်က အဆောက်အဦတွေကို ရှာရင်း လျှောက်လာရင်း အတန်ငယ်ခရီးပေါက်မှ မြေပုံပေါ်မှ အနီစက် တွေအတိုင်း လမ်းပေါ်မှာလည်း သဘောင်္ဆေးနှင့် ရေးထားသည်ကို တွေ့ရတော့သည်။


လမ်းပေါ်က ဆေးသားတွေအတိုင်းလျှောက်ရင် လမ်းမပျောက်နိုင်…


နှင်းတွေဝေနေသော Stettin မြို့


ဓါတ်ရထားမှတ်တိုင်… ဟိုနားဒီနားစီး လက်မှတ်ခ ပိုလန်ငွေ 2.4 PLN (US$ 1.00 or 5.00 DKr)


ကားဂိတ်က ကွမ်းယာဆိုင်လေး…


သွားဆေးခန်း၊ တချို့ဒိန်းမတ်တွေ ပိုလန်မှာ ဈေးသက်သာ၍ သွားလာနှုတ်ကြသည်။

နှစ်ဦးသား လျှောက်လာကြတော့ လူလည်း အတော်ညောင်းလာသည်။ မြေပုံညွှန်းအရ ဘုရားရှစ်ခိုးကျောင်း ၂ ခုကို သွားရအုံးမှာဆိုပေမယ့် ဖြတ်လမ်းကနေ ဟိုတယ်ကို ပြန်ချင်နေပါပြီ။ လမ်းလည်ခေါင် မြေပုံတကိုင်ကိုင် လုပ်နေတုံး Are you guys lost? ဆိုပြီး အကူအညီပေးဖို့ မေးလာတဲ့ မြို့ခံပိုလန်သား တဦးကြောင့် ဟိုတယ်အမြန်ပြန်ရောက်မယ့် လမ်းကိုသိလိုက်ရ၏။ သူက တဆက်တည်း မင်းတို့ ဖိလစ်ပိုင်က သင်္ဘောသား တွေလားဟု မေးလာရာ ကျနော်တို့က မဟုတ်ပါ… We’re from Burma ဆိုတော့ ခေါင်းခါ၍ သူမသိပါဟု ဆိုလေသည်။ Burma ကို မသိသည့် ဥရောပတိုက်သားတဦးကို Myanmar ဟု ထပ်မံရှင်းပြရန်လိုမည်ဟု ကျနော်မထင်ပါ။ ဟိုတယ် အပြန်လမ်း၌ လမ်းဘေးတချို့နေရာတွင် တောင်းစားနေသူ အချို့ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။ ချမ်းချမ်းစီးစီးမှာ အနွေးထည်တွေဝတ်ပြီး တောင်းစားနေသူများကို လမ်းသွားလမ်းလာများ က ပေးကမ်းနေတာကိုတော့ မတွေ့ရ။ ပိုလန်သည် ဆိုဗီယက် အုပ်စုဝင် နိုင်ငံဟောင်း၊ ဘာလင်တံတိုင်းပြိုပြီး နောက်ပိုင်း ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးလမ်းကြောင်းပေါ်အတက် စီးပွားရေးကို ရှော့ခ်ရိုက်ကုသခဲ့ရသည် ဟု အဆိုရှိသည်။ ရှော့ခ်ရိုက်ကုသခြင်းကြောင့် မည်သူတွေကို နစ်နာထိခိုက်စေခဲ့သလဲ။ ဘာပဲဖြစ်ဖြစ် မှားနေတာကို မှန်အောင်ပြင်နိုင်စွမ်းရှိသည့် ပိုလန်နိုင်ငံခေါင်းဆောင်များကိုတော့ ချီးကျူးရပါမည်။
ဟိုတယ်ပြန်ရောက်တော့ ခဏတဖြုတ်နားပြီး ဈေးဝယ်ထွက်ဖို့ ပြင်ဆင်ရသည်။ ခရစ်စမတ်အကြိုနေ့ ဖြစ်လေတော့ဆိုင်တွေ အစောကြီးပိတ်မှာမို့ အချိန်ရသလောက်မှာ လဲထားတဲ့ ပိုလန်ငွေတွေ ကုန်အောင် ၀ယ်မယ်ဟု စိတ်ကူးရင်း ရှော့ပင်းစင်တာများဆီသို့ ခြေဦးလှည့်ခဲ့ပါတော့သည်။ ။

Wednesday, December 26, 2007

ပိုလန် သို့

ဒိန်းမတ်စာသင်တန်းများတွင် ဖတ်ရန်ပြဌာန်းထားသည့် စာအုပ်များအနက် ကျနော်ဖတ်ခဲ့သည့် စာအုပ် တအုပ်မှာ ပိုလန်နိုင်ငံသို့ ဘတ်စ်ကားဖြင့် အလည်သွားသည့် ဒိန်းမတ်ကျောင်းသူ ၂ ဦး၏ ခရီးသွားမှတ် တမ်းအကြောင်းရေးထားသည့် စာအုပ်ဖြစ်သည်။ ထိုခရီးစဉ်ကို များသောအားဖြင့် ပင်စင်စား သက်ကြီး ရွယ်အိုများ သာသွားလေ့ရှိပြီး ကျောင်းသူနှစ်ဦးမှာ လက်မှတ်ဝယ်ပြီး ခရီးမသွားဖြစ်သည့် အဖွားထံမှ လက်မှတ်ရသဖြင့်လိုက်ဖြစ်သွားခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း ကားဒရိုင်ဘာက ကျောင်းသူတဦးအပေါ် ဖွန်ကြောင်လာပြီး ပိုလန်အရောက် တောင်ပေါ်ရေအိုင် တခုတွင် ရေကူးကြရာ အလိုမတူပဲ ကိုယ်ထိလက်ရောက် ဟိုကိုင် ဒီကိုင် လုပ်သည် အထိ ကျူးလွန်လာသဖြင့် ခရီးသွားအဖွဲ့ခေါင်းဆောင်အားတိုင်ကြားကာဒရိုင်ဘာအသစ်မှာယူခဲ့ရသည်။
ဒိန်းမတ်ကျောင်းသူ နှစ်ယောက်အနက် တဦးမှာ သူနာပြုသင်တန်းကျောင်းသူ ဖြစ်သောကြောင့် ခရီး သည်တဦး နေထိုင်မကောင်းဖြစ်၍ ဆေးရုံတင်ရာတွင် အကူအညီပေးရင်း ဆေးရုံမှ ပိုလန် လူငယ် ဆရာဝန်တဦးနှင့်ငြိတိတိဖြစ်လာခဲ့ပြီးဇတ်သိမ်းပါသည်။
ယခုနှစ် ခရစ်စမတ်နှင့် နှစ်သစ်ကူးပိတ်ရက်များတွင် ခရီးသွားမည်ဟု စိတ်ကူးရကာ သတင်းစာပါ ခရီးသွားကြော်ငြာများကို လိုက်ဖတ်ရင်း ဟိုကြည့်သည်ကြည့်နှင့် နောက်ဆုံး ပိုလန်သို့ ဘတ်စ်ကားဖြင့် သွားသည့် ခရီးစဉ်ကို ရွေးဖြစ်သွားပါသည်။ နှစ်ညအိပ် သုံးရက်ခရီး ဟော်တယ်ခအပါအ၀င် ခရိုနာ တထောင် (အမေရိကန်ဒေါ်လာ ၂၀၀ ခန့်) သာ ကျသဖြင့် ဈေးသက်သာသည့် ခရီးဟု ဆိုနိုင်ပါသည်။
ဇနီးဖြစ်သူက ဘတ်စ်ကားဖြင့် သွားလျှင် ပင်ပန်းမည် မလိုက်လိုပါဟု ဆိုလာသဖြင့် ခရီးသွားရန် အမြဲ စိတ်အားထက်သန်နေသည့် မိတ်ဆွေကြီး ဦးသောင်းကို အဖေါ်ပြုကာ ပိုလန်ခရီးစဉ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်တွင်စတင်ခဲ့ပါသည်။
ကောလင်း Kolding ကားဂိတ်မှ မနက် ၆ နာရီ ၄၅ မိနစ်တွင် ထွက်ခွာလာသော ကျနော်တို့ လိုက်ပါ လာသည့် ဘတ်စ်ကားသည် လမ်းတွင် နှစ်နေရာ လူတင်ပြီးနောက် ဒိန်းမတ် နှင့် ဂျာမဏီ နယ်စပ်မြို့ ဖြစ်သည့် Padborg သို့ မနက် ၈ နာရီတွင် ရောက်ရှိပါသည်။ ဆောင်းတွင်းအခါ ဖြစ်သည့်အလျောက် ၀န်းကျင်တွင် အလင်းရောင် မရှိသေးပါ။ Padborg တွင် ကားရပ်ပေးသဖြင့် နှစ်ဦးသား ကော်ဖီဝယ် သောက်ကြပါသည်။ ကော်ဖီတခွက်ကို ၁၅ ခရိုနာပေးရသဖြင့်ယူအက်စ်သုံးဒေါ်လာနီးပါးရှိပါသည်။
ရာသီဥတု အပူချိန်ကား ရေခဲမှတ်အောက် အနုတ် တစ်ဒီဂရီ စင်တီဂရိတ်ဝန်းကျင်တွင် ရှိသဖြင့် ကော်ဖီဆိုင်ရှေ့ ကွန်ကရစ်ပေါ်တွင်ရေခဲများတင်နေသဖြင့်ချော်မလဲရန်ဂရုစိုက်ရပါသည်။
ဟစ်တလာ၏အဖဂျာမဏီနိုင်ငံသို့ အ၀င်တွင် မည်သည့် စစ်ဆေးရေးဂိတ်မှ ရှိမနေပါ။ ကားပေါ်မှ မိုဘိုင်းတယ်လီဖုန်းများ sms လက်ခံရရှိသည့် အသံများ တတီတီမြည်နေပါသည်။ ခဏနေတော့ ကျနော့် ဟန်းဖုန်းလည်း sms ၀င်လာ၍ ကြည့်လိုက်ရာ ဂျာမဏီနယ်ထဲရောက်ပြီဖြစ်၍ ဟန်းဖုန်းပြောခ ပုံမှန်မဟုတ်တော့ပဲ ဈေးပို ပေးရတော့မည်ဖြစ်ကြောင်း ဖုန်းကုမ္မဏီမှ ပို့သည့် မက်ဆေ့ခ်ျ ဖြစ်နေပါသည်။ အလင်းရောင်လည်း တဖြည်းဖြည်း ရလာပြီဖြစ်၍ လမ်းဘေးဝဲယာသို့ ကြည့်လိုက်ရာ အရွက်မရှိသော သစ်ကိုင်းတွေပေါ်မှာ ရေခဲမှုန်တို့ တင်နေပုံမှာ ဆံပင်ဖွေးဖွေးဖြူနေသော အဖိုးအို တယောက်ကို ကြည့်ရသည်နှင့်တူနေပါသည်။
အဒေါ့ဖ်ဟစ်တလာရုံးစိုက်ရာ ဘာလင်မြို့အဝေးပြေး ကားဂိတ်ကိုရောက်တော့ နေ့လည် တနာရီ ကျော် ဖြစ်ပါသည်။ ဒိန်းမတ်မှ စီးလာသော ဘတ်စ်ကားက ဆက်မသွားတော့ပဲ ပိုလန်တွင် ကျနော်တို့ တည်းမည့် ဟော်တယ်တံဆိပ်ပါ မီနီဘတ်စ် လာကြိုပါသည်။ ယာဉ်မောင်းသူက ဆက်ရမည့် ခရီးစဉ်ကို ဂျာမန်လိုရှင်းပြရာတွင် လမ်းတွင် ၁၀ မိနစ်နားမည်ဆိုတာကိုတော့ ဒိန်းမတ်စကားဖြင့် တူနေသဖြင့် နားလည်လိုက်ပါသည်။ သို့ဖြင့် ဘာလင်၏အရှေ့မြောက်ဖက်သို့ ဆက်၍ခရီးထွက်လာကြပြီးနောက် ပိုလန်နယ်စပ်သို့ ရောက်ပါသည်။ လွန်ခဲ့သည့် ၂ ရက်ကပင် ရှင်းဂန်းဇုံ အဖွဲ့ဝင်သစ်ဖြစ်လာသည့် အတွက် ပိုလန်အ၀င် စစ်ဆေးရေးဂိတ်မှာ ပတ်စ်ပို့ပြစရာ မလိုတော့ပါ။ ကျနော်တို့၏ ခရီးဆုံးမြို့သည် နယ်စပ်မှ သိပ်မဝေးလှပါ။ Stettin မြို့ထဲအ၀င် ဟော်တယ်မရောက်ခင် တိုးရစ်ဂိုက်အမျိုးသမီး ကားပေါ် တက်လာပြီး ဒိန်းမတ်ဘာသာဖြင့် သူ့ကိုယ်သူ မိတ်ဆက်ပါသည်။ ပိုလန်သံဝဲ၀ဲဖြင့် ဒိန်းမတ်လို ရှင်းပြနေတာ နားထောင်ရင်း ဒိန်းမတ်စာအတူသင်ခဲ့ရသည့် အရှေ့ဥရောပနိုင်ငံများမှ ကျောင်းသားများကို သတိရမိပါသည်။ ဘာပဲပြောပြော သူတို့က ဥရောပတိုက်သားအချင်းချင်းဆိုတော့ ဒိန်းမတ်အသံထွက်ကို ကျနော်တို့ထက် ပို၍ နီးစပ်အောင် ပြောနိုင်ပါသည်။
ဟိုတယ်မှာ ရေချိုးပြီး ဟိုနားဒီနား လျှောက်ကြည့်ရင်း ကုန်တိုက်တခုကို ရောက်သွားသည့်အခါ ခရစ်စမတ် ရှော့ပင်းကာလဖြစ်နေသည့်အတွက် လူတွေ ကြိတ်ကြိတ်တိုးနေပါသည်။ ကုန်တိုက်မှာ ပစ္စည်းတွေလည်း အစုံအလင် ရှိ၍ ဒိန်းမတ်ထက်စာလျှင် ဈေးသက်သာပါသည်။ ကုန်ဈေးနှုန်း ဆိုသည် မှာလည်း သူ့နိုင်ငံသားတို့၏ ၀င်ငွေနှင့် ၀ယ်လိုအားပေါ်မှာ အခြေခံသည်မို့ နိုင်ငံသားတို့ ၀င်ငွေထွက် ငွေ မျှတပါက နိုင်ငံခြားထွက် အလုပ်လုပ်စရာ လိုမည်မဟုတ်ပါ။ ဒိန်းမတ်မှာတော့ ပိုလန်လူမျိုး အတော်များများ အလုပ်လာလုပ်ကြပါသည်။
ဟိုတယ်ပြန်ရောက်တော့ ခရီးပန်းလာသည်မို့ အနားယူ အိပ်စက်လိုက်ပါတော့သည်။ ။


ဘာလင် အဝေးပြေးကားဂိတ်

ဟော်တယ်မှ လာကြိုသည့်ကား


ဒိန်းမတ်လိုပြောတတ်သည့် ပိုလန်သူ တိုးရစ်လမ်းညွှန်

Sunday, November 25, 2007

ဥရောပအင်တာနက်ကဖေးဆိုင်နှင့် ယူရိုငွေ

ကျနော်တို့မိသားစု ဒိန်းမတ်မှာ နေစရာ အိမ်ရတော့ ဖုန်းကို ပထမဦးစားပေးလျှောက်ပါတယ်။ အိမ်ဖုန်းရတော့ ဆက်သွယ်ရေး ပိုကောင်းလာပေမယ့် ကွန်ပြူတာမ၀ယ်နိုင်သေးတော့ အင်တာနက် မရသေးပါဘူး။ ကွန်ပြူတာ တလုံးဝယ်လိုက်တော့လဲ သုံးမယ့်သူကများနေလို့ ကွန်ပြူတာက မလောက်ပြန်ပါဘူး။ အခုတော့ ဒီရောက်တာ လည်း သုံးနှစ်နီးပါးဆိုတော့ အိမ်မှာလူငါးယောက်ရှိတာ ကွန်ပြူတာ လေးလုံးဖြစ်နေပါပြီ။
အိမ်မှာ အင်တာနက်မရှိသူတွေကတော့ အင်တာနက်အငှားဆိုင်တွေကို အားကိုးနေရအုံးမှာသေချာ ပါတယ်။ စာကြည့်တိုက်တွေမှာလည်း ကွန်ပြူတာ အင်တာနက်တွေ သုံးလို့ရပါတယ်။ ခရီးသွားရင်း သုံးချင်တဲ့ သူတွေအတွက်လည်း ဘူတာရုံတွေမှာ အင်တာနက်ကဖီးတွေ ရှိပါတယ်။ အင်တာနက်ဆိုင် ဆိုပေမယ့် ဆိုင်ဝန်ထမ်းမရှိ၊ ပိုက်ဆံအကြွေ (သို့) ခရက်ဒစ်ကဒ် နဲ့ စက်မှာ လက်မှတ်ဝယ်၊ ကွန်ပြူတာမှာ PIN ရိုက်ထည့် ပြီး သုံးရတဲ့ ဆိုင်တဆိုင် ဆွီဒင်နိုင်ငံ Malmo ဘူတာရုံမှာ တွေ့ခဲ့လို့ ဓါတ်ပုံ ရိုက်လာခဲ့တာ တင်လိုက်ပါတယ်။ ကိုပင်ဟေဂင်ဘူတာကြီးမှာလည်း အလားတူဆိုင်မျိုးတွေရှိပါတယ်။




မိနစ်ကိုးဆယ်ကို ၃ ယူရိုပေးရမှာဖြစ်ပြီး ဒိန်းမတ် (သို့) ဆွီဒင်ငွေနဲ့ ဆိုရင်တော့ ၂၉ ခရိုနာ ပေးရမှာ ဖြစ်ပါတယ်။



ဒိန်းမတ်မှာလည်း ယူရိုငွေကိုပဲ အသုံးပြုကြဖို့ မကြာခင်မှာ ထပ်မံ မဲခွဲဆုံးဖြတ်ကြအုံးမယ်လို့ ကြားနေရတာမို့ ကျနော်ဆိုရင်တော့ ယူရိုငွေကိုပဲ သုံးဖို့ မဲပေးပါမယ်။ အဲဒါဆို ခေါင်းထဲမှာ ငွေဈေးနှုံးတွေ မှတ်ရတဲ့ အလုပ် အများကြီးသက်သာသွားမှာပဲ။ ။