ရှင်လိင်ပြန်သောနေ့၊ အိမ်ထောင်ကျသောနေ့နှင့် ထောင်မှ လွတ်သောနေ့တို့သည် အပျော်ဆုံးနေ့များ ဖြစ်သည်ဟု ဆိုရိုးရှိ၏။ တင်မောင်မကြားချင်သည့် သံတိုင်၊ သံတံခါးကို သော့ခလောက်ကြီးနှင့် ရိုက်ခတ်သည့် အသံဆိုးကြီးကို မကြားရတော့ပါ။ နေ့စဉ် နှစ်ကြိမ်နှစ်ခါ ထောင်မှူးက လူစာရင်းစစ်တိုင်း အိပ်ရာထိပ်တွင် ထိုင်ပြီး “ကျနော်ရှိပါတယ် ခင်ဗျား” ဟု ပုံစံပြရသော ၀ဋ်ကြွေးမှ လွတ်မြောက်ပါပြီ။ ည (၁၂) နာရီ ချုပ်ထားမှုမရှိတော့ဘဲ သွားလိုရာ သွားနိုင်ပါပြီ။ ဘာမလုပ်ရ၊ ညာမလုပ်ရ ဟူသည့် ထောင်မိန့်၊ ထောင်စည်းကမ်းများ မရှိတော့ပြီ။ ညံ့ဖျင်းသော မနက်စာ၊ ညစာတို့ကို မမြင်ရသောကြောင့် လွတ်လပ်သည့် အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားစံစားနိုင်ပါပြီ။
“လွတ်ပြီတဲ့ ကျွတ်ပြီ
ကျွတ်ပြီတဲ့ လွတ်ပြီ၊
နေမင်းမောင် လင်းရောင်ညွတ်၊
ဒေါင်းလွတ်ခဲ့ပြီ”
ထောင်ကအထွက် ကားပေါ်တွင် အတူလွတ်ကြသူ ဆရာဒဂုန်တာရာ၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ဆရာမင်းသုဝဏ်၏ ကဗျာကလေးကို ရွတ်ဆိုကြည်နူးရသော ရသကို မေ့မရနိုင်ပေ။ ဖရဏာပီတိဂွမ်းဆီထိ မိမိ တကိုယ်လုံး အရည်ပျော်နေသည်ဟု ထင်မိသည်။ မိမိရင်ဘတ်ကို လက်နှင့်ဖေးပြီး ထိန်းထားမိသေးသည်။
ထောင်ကြီးပြန်များကို စစ်စုံထောက်များက ပက်လက်ထရပ်ကားကြီးနှင့် အိမ်အရောက်ပို့ပေးသည်။ ဆရာတာရာ အိမ်ပြီးမှ တင်မောင်၏အိမ်သို့ ရောက်သည်။ “ဟောဗျ” ညည်းညူရပြန်သည်။ တင်မောင်များစွာ မုန်းတီးလှသည့် သော့ခလောက်တခုက ၀င်းဝမှ မျက်စိမျက်နှာပျက်ပျက်နှင့် ဆီးကြိုနှုတ်ဆက်သည်ကို ရင်ဆိုင်ရပြန်သည်။ ခြံတံခါး မှာ သော့ခတ်ပြီး ပိတ်ထားသည်။
မိမိ၏ခြံဝ၌ ထိုင်ရမလို၊ ထရမလို ယောင်တီးယောင်န ဖြစ်နေမိတော့သည်။ တဘက်ခြံတွင်နေသူ ဗိုလ်ချုပ်ကြီး နေ၀င်း၏ ညီ ဦးသိန်းညွန့် မြင်သဖြင့် ကပျာကယာ ထွက်လာပါသည်။ “မွန်းတည့်နေပြီဗျ။ ကျနော်တို့ ထမင်းစားတော့မလို့၊ လာဗျာ ထမင်းစားလှည့်ပါ” ဟု ဖိတ်ခေါ်ပါသည်။ သူ၏ဇနီးသည် ထမင်းဟင်းအချက်ကောင်း သူ ဖြစ်သဖြင့် ပထမဆုံးစားရသည့် လွတ်လပ်သော နံနက်စာမှာ ဖွယ်ဖွယ်ရာရာ ရှိလှပါ၏။ သို့သော် ချို၏၊ ငံ၏ မသိလိုက်ရပါ။
တင်မောင်အဖို့ ရှင်လိင်ပြန်စဉ်ကကဲ့သို့ မပျော်နိုင်တော့ပါ။ ဒဂုန်တာရာ၏ အိမ်သို့ ရောက်စဉ်က သူ၏အိမ်သားများ တစုတရုံး ၀မ်းသာအယ်လဲ ကြိုဆိုကြပါသည်။ တင်မောင်မှာ ကိုယ်ပိုင် ခြံဝင်းတွင်းသို့ပင် မ၀င်နိုင်ပါ။
တင်မောင်၏ဘ၀သည် ပျက်စီးကြေမွသွားလေပြီ။ တင်မောင်သာမဟုတ်ပါ။ တင်မောင်နှင့်အတူ လွတ်လာကြသော ထောင်ထွက်အများတို့၏ ဘ၀များစွာတို့မှာလည်း ပျက်စီးသွားကြရှာပါသည်။
စစ်အစိုးရက အကြောင်းကြောင်းနှင့် ဖမ်းဆီးသူက များပြီး ပြန်လွှတ်သူဦးရေက နည်းပါးလှပါသည်။ မည်သူ့ကိုမှ သားမယားနှင့် တွေ့ဆုံခွင့် ထောင်ဝင်စာမပေးပါ။ အများစုမှာ စာအဆက်အသွယ်ပင် မပြုကြရပါ။ ထောင်တွင်း ရောက်သွားသည်နှင့် ပြင်ပတွင် ကျန်ရစ်သော မိမိ၏ မိသားစု၏ သတင်းကို မသိရတော့ပါ။ အလားတူပင် ပြင်ပ၌ ကျန်ရစ်သူ မိသားစုအဖို့လည်း မိမိ၏ ခင်ပွန်း၏အကြောင်းကို သေသည်ရှင်သည်ပင် မသိကြရပါ။ ရာဇ၀တ် ပြစ်ဒဏ်အရ ထောင်ကျသူများအဖို့ မည်သည့်နေ့၊ မည်သည့်ရက်တွင် လွက်မြောက်မည်ကို သိကြရသော်လည်း နိုင်ငံရေးနှင့် ထိန်းသိမ်းထားသူများမှာ မည်သည့်ရက်တွင်မှ လွတ်လေမည်ကို မသိကြရပါ။ ပြင်ပတွင် ကျန်ရစ်သူများအဖို့ စားဝတ်နေရေး အခက်အခဲကလည်း ကြီးမားလှပါသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စစ်တပ်က လက်တည့်စမ်းချိန်ဖြစ်သဖြင့် ပိုမို ခက်ခဲကြရပါသည်။
မျက်စိအောက်မှ ပျောက်ကွယ်သွားသော မိမိတို့ခင်ပွန်းများ၏ မျက်နှာကို ပြန်လည်မြင်ကြရဦးမည်လော၊ ပြန်လာဦးမည် ဆိုပါက မည်သည့်ရက်တွင် ပြန်လာမည်နည်းဟု မသိကြရခြင်းသည် လူထုက စစ်အစိုးရကို ပိုမို ကြောက်လန့်စေမည်ဟု ယူဆကာ ဖမ်းထားသူများနှင့် သားမယားဆက်သွယ်မှုကို တင်းကြပ်စွာ ပိတ်ပင်ခဲ့ပါသည်။ ထိုကြောင့် ထိန်းသိမ်းခံအများစုတို့ အိမ်ထောင်များ ပျက်ကြရပါတော့သည်။ စစ်တပ်က ဖျက်ဆီးချေမှုန်းလိုက်သော မိသားစုဦးရေ အထောင်အသောင်းတွင် တင်မောင်၏ မိသားစုတစုလည်း အပါအ၀င် ဖြစ်ရပါတော့သည်။
ထောင်ကလွတ်ပါလျက် အရှုံးပေါ်ရစေကာမူ အရှုံးတွေထဲတွင် အမြတ်ကြီးစွာ ရရှိသည်ကို မဲရပေတော့မည်။ မိမိ ဖတ်လိုရာ စာများကို ဖတ်နိုင်ခွင့် ပြန်လည်ရရှိပါပြီ။ ဤကမ္ဘာကြီးတွင် စာအုပ်များနှင့် မဂ္ဂဇင်းဂျာနယ် ထုတ်လုပ်မှု အင်အားက များစွာ ကြီးမားလွန်းပါသည်။ လူတဦး၏ တသက်တာအဖို့ မိမိဖတ်သင့်သော စာအုပ်များကို ဖတ်ရန်ပင် အချိန်မလုံလောက်ပါ။ လူ၏ သက်တမ်းက တိုနေပြီး ဖတ်ရမည့်စာအုပ်က များပြားလွန်းပါသည်။ ထိုကြောင့် မိမိအဖို့ အရသာအရှိဆုံးစာပေနှင့် မိမိဖတ်သင့်သော စာပေကို ရွေးချယ်ဖတ်ရှုနိုင်မှသာ လူတန်းစေ့ မီနိုင်ပါသည်။ ဘ၀ဟူသည်မှာ တိုတောင်းလှသဖြင့် စာဖတ်ချိန် မလုံမလောက်ဖြစ်နေသည့် အပေါ်တွင် တင်မောင်၏ စာဖတ်သက်တမ်းကို စစ်အစိုးရက သုံးနှစ်တိုင်တိုင် မျက်စိပိတ်ထားသည်မှာ တင်မောင်အဖို့ အထူးနစ်နာမှု ကြီးလှပါသည်။ သေတပန် သက်တဆုံး အဆွေခင်ပွန်းဖြစ်သည့် စာအုပ်များထံ အလျဉ်မီအောင် ချဉ်းကပ်ပြီး အလျင်အမြန် စာဝါလိုက်ရသည်မှာ အရသာ ကြီးမားပါတော့သည်။
ထောင်က လွှတ်ပြီး (၄) ရက်အကြာတွင် အာဏာရှင်ကြီး ဦးနေ၀င်းက တင်မောင်ကို တွေ့ခွင့်ပေးပါသည်။ ထောင်သွင်းထားခဲ့သူများကို မျက်နှာချင်း ဆုံတွေ့ခွင့် ပေးလေ့မရှိပါ။ စစ်ဗိုလ်ကြီးများက သူ့ထံ အသနားခံစာရေး ပါက မဂ္ဂဇင်းထုတ်ဝေခွင့်မှစပြီး အစိုးရရာထူး အမျိုးမျိုးမှ သံအမတ်ရာထူးအထိ ပေးကာ မျက်ဖြေလေ့ရှိပါသည်။ တင်မောင်က သူ့ကို တွေ့လိုသည်မှာ ရာထူးတောင်းရန်၊ အလုပ်တောင်းရန် တွေ့လိုသည်မဟုတ်။ မိမိခံရသမျှကို ကျောကိုလှန်ကာ ဒဏ်ရာပြသကဲ့သို့ ပြောပြချင်သည်။ လုပ်ရက်ပလေခင်ဗျားဟု ရန်တွေ့လိုပါသည်။ သူက ခေါ်ယူတွေ့ဆုံသည်မှာ တင်မောင်အား ဖမ်းလိုက်ပြီးနောက် သတင်းစာတိုက်ကို သိမ်းလိုက်သဖြင့် သန်းကြွယ်သူဌေးဘ၀မှ သူတောင်းစားဖြစ်သွားသည်အထိ ပျက်စီးရုံမျှမက အိမ်ထောင်စုပါ ကြေမွသွား သောကြောင့် လူတစုံတယောက်ကို လက်လွန်ခြေလွန် လွန်မိသဖြင့် တွေ့ဟန်တူပါသည်။
အိမ်တော်သို့ တင်မောင်သွားသောအခါ လှေကားထိပ်မှ ဆီးကြိုသည်။ ခရီးထွက်ရာမှ ပြန်လာသည့် သားငယ် ညီငယ်ကို ကြိုဆိုသော မျက်နှာထားနှင့် နှုတ်ဆက်ပါ၏။ တင်မောင်၏ ကျောကို သပ်ပြီး ရုံးခန်းတွင်းသို့ ခေါ်ပါသည်။
“မင်းကို င့ါကောင်တဦးဦးက နှိပ်စက်သေးသလား။ အမှန်ကို ပြောစမ်းကွာ။ မင်းကို ကောင်းကောင်းထားဖို့ သေသေ ချာချာ ငါမှာထားတယ်။ ဒါပေမယ့် ငါ့ကောင်တွေက လက်လွန်တတ်တယ်။”
ကရုဏာဒေါသနှင့် ရင်းရင်းနှီးနှီး ပွန်းပွန်းတီးတီး သူက ပြောလေသောအခါ မျက်နှာကို စေ့စေ့ကြည့်ပြီး ရန်တွေ့ရန် ပြင်ထားသော တင်မောင်အဖို့ ဒေါသစကားလုံးများ ပျောက်သွားရသည်။
“လက်ဖျားနဲ့မှ မတို့ကြပါဘူး။ ကောင်းကောင်းထားပါတယ်” ဟု ဖြေလိုက်ရသည်။ ထောင်ထဲ၌ ကောင်းကောင်း ထားသည်ဆိုစေကာမူ ရွှေခွက်၊ ငွေခွက်နှင့် ရွှေထမင်း၊ ငွေထမင်း ကျွေးထားသော်လည်း အချုပ်အချယ်ခံ ဘ၀၏ ဆင်းရဲခြင်းအကြောင်းကို မပြောနိုင်တော့ပါ။
“အေးကွာ မင့်ကို လွှတ်ချင်ပေမယ့် နိုင်ငံရေးအခြေအနေကိုလည်း ကြည့်ရတယ်ကွ” ဟု စကားပြေထိုးပြီး နိုင်ငံရေး အခြေအနေကို ပြောပြသည်။ “ကွာ… ငါ့ကောင်တွေကို မနိုင်ဘူးကွ။ ငါခိုင်းတာတွေကို အတိအကျ မလုပ်ကြဘူး” ဟု ညည်းညူပါသည်။
သူ၏ မျက်နှာမှာ တင်မောင်အား ချုပ်နှောင်ထားခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်ရပုံကို ပေါ်လွင်အောင် မြင်ရပါသည်။ ယခင်တွေ့စဉ်ကာလများက မှင်နှင့် မောင်းနှင့် လှုပ်ရှားခြင်း၊ ဒေါနှင့် မောနှင့် ပြောဆိုသည် တို့ကိုသာ မြင်ခဲ့ရသည့် တင်မောင်အဖို့ ရှေးက မမြင်ဖူးခဲ့သော စေတနာမျက်နှာထားကို မြင်ရသဖြင့် “ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်နိစ္စာ-ငါ့ခန္ဓာတည်း” ဟူသည့် အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာကို စိတ်ထဲမှ ရွတ်မိပါတော့သည်။ ခံရသူအဖို့ “အဟောင်းဝဋ်ကျွေး ကုန်ပါစေ။ ပြုတဲ့သူမှာ ၀ဋ်ကျွေးသစ် မဖြစ်ပါစေနဲ့” ဟု မေတ္တာပို့မိပါသည်။
“အခု မင်းဘာလုပ်မလဲ။”
“ရွာပြန်ပြီး မိဘတွေကို ကန်တော့ပါမယ်။ အသက်ကြီးလှကြပါပြီ”
“ငါသိတယ်။ ပုဂံဘက်သွားမှာပေါ့။ ဘယ်လိုသွားမှာလဲ။”
“ကားမောင်းသွားမှာပါ။”
“မင်းမှာ မိဘကို ကန်တော့ဖို့ ငွေလိုမှာပေါ့။ အောက်ထပ်ရောက်တော့ ရုံးခန်းထဲမှာ ၀င်ယူလိုက်ပါ”
“ကျေးဇူးတင်ပါတယ် ဦးရယ်”
“ရွာက ပြန်လာတော့ ဘာလုပ်မှာလဲ”
“စာရေးစားပါမယ်။ ရေးစရာတွေ အများကြီး ရှိပါတယ်”
“စာလည်းရေးပေါ့ကွာ။ ပြည်သူပိုင်သတင်းစာတွေကို ကြည့်လုပ်ပေးစေချင်တယ်။ ပြန်ကြားရေးဝန်ကြီးက မင်းကို ခေါ်ပါလိမ့်မယ်။”
ဖခင်တဦး၏ ကရုဏာမျက်လုံးနှင့် တင်မောင်အား ကြည့်ပြီး လာစဉ်ကကဲ့သို့ပင် တင်မောင်၏ ကျောကိုသပ်ပြီး လှေကားအထိ ပို့ပါသည်။ အောက်ထပ်တွင် အတွင်းဝန် ဗိုလ်မှူးကြီး ကိုကိုက ငွေ (၅၀၀) အထုပ်တခုနှင့် စောင့်နေ သည်။
တွေ့ဆုံပွဲတခုလုံး ငြိမ်းချမ်းသာယာပါသည်။ မေတ္တာစောင်း တီးခတ်သံပေ။ သို့သော် ထုံးစံအတိုင်း သူ၏ခါးတွင် သေနတ်ရှိသည်ကို သိသာမြင်တွေ့ရသည်။ သံရုံးဧည့်ခံပွဲက စပြီး မည်သည့်နေရာတွင် တွေ့တွေ့ သူ့မှာ သေနတ် တလက် အလွတ်ထိုးထားသည်ကို မြင်တွေ့ရလေ့ရှိပါသည်။ သူသေနတ်ထိုးပုံမှာ အခြား သေနတ်ကိုင်သူများနှင့် ခြားနားသည်။ လူမြင်သူမြင် ထင်ရှားစွာ ထိုးမထားဘဲ ဖုံးအုပ်ထားပါလျက် သူ့တွင် သေနတ်ပါသည်ကို လူသိသူသိ ဖြစ်အောင်၊ တစွန်းတစမြင်အောင် ပြထားလေ့ရှိပါသည်။ သူ၏ သေနတ်ထိုးနည်းက ‘ငါ့ကို မထိနဲ့ ပြန်ပေါက်မယ့် မြွေဟောက်ကွ” ဟု ဆိုင်းဘုတ်ရေးထားသကဲ့သို့ပေ။
မျက်နှာချင်းဆိုင်တွေ့မိကြရာတွင် တင်မောင်အား သူက သြဇာလွှမ်းမိုးနိုင်ခဲ့သည်။ တင်မောင်အဖို့ ဗိုလ်ချုပ်ကြီး နေ၀င်းအား ရန်သူတဦးအဖြစ် သဘောမထားနိုင်တော့ပြီ။ အကယ်၍သာ သူ့တွင် ရန်ရှိပါက ၀င်ရောက်ကယ်တင် မည့် မိတ်ဆွေရင်းတဦးအဖြစ် စေတနာ ထားမိခဲ့သည်။ ဤစေတနာသည် ယခုထက်တိုင် မိမိရင်တွင် ရှိနေသေးသည်။
တင်မောင်သည် လူမှန်းသိစကပင် သတင်းစာအလုပ်ကို ရွေးခဲ့သော ၀မ်းတွင်းပါ သတင်းစာသမားတဦး ဖြစ်သည်။ မိမိ၏ တာဝန်ကိုလည်း ရာသက်ပန် ကျေပွန်ရမည်ဖြစ်ရာ ဗိုလ်ချုပ်ကြီးနေ၀င်းက မိမိအား ပြုခဲ့သော အမှုမှန်သမျှကို ပြစ်တင်ရေးသားခြင်း မပြုတော့ရန် ဆုံးဖြတ်စေကာမူ သူက နိုင်ငံသားတို့အပေါ်တွင် ကျူးလွန်သည့် လူမှု ရာဇ၀တ်မှုများကိုမူ နိုင်ငံသားတို့ကိုယ်စား ကလောင်လက်နက်နှင့် ဆက်လက်တိုက်ပိုင်ခွင့်ရှိသည်။ တိုက်ရမည်ဟု ဆုံးဖြတ်ခဲ့မိပေသည်။ ။
No comments:
Post a Comment