Monday, December 31, 2007

ကရင်နှစ်သစ်ကူးပွဲတော်

ကရင်နှစ်သစ်ကူးပွဲတော်ကို ဒိန်းမတ်နိုင်ငံတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ပါသည်။ ပွဲတော်ကျင်းပရာ Fyn ကျွန်းဆွယ်ပေါ်ရှိ Ringe မြို့သို့ ပွဲတော်မကျင်းပမီ တရက်အလိုကပင် ပရိသတ်အတော်များများ ရောက်ရှိလာသည်ကို တွေ့ရပါသည်။
အခမ်းအနားအစီအစဉ်တွင် ဘာသာရေး ဆုတောင်းပွဲ၊ ကရင်နှစ်သစ်ကူးနေ့ ပေါ်ပေါက်လာပုံ၊ ကရင်ဒုံးယိမ်းအက၊ အခြားတိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ ကချင် နှင့် မွန်တို့၏ ရိုးရာအကများ ပါဝင်ပါသည်။
အထူးအစီအစဉ်အဖြစ် ကရင်ဒုက္ခသည်တဦးဖြစ်သည့် မတင်တင်မိုးက သူမ၏ မိခင်နေထိုင်ရာ အုန်းဖျန် ဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ် ဓါတ်ပုံမှတ်တမ်းကို ဆလိုက်ရှိုးဖြင့် ပြသပါသည်။
မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့သော အခမ်းအနားအစီအစဉ်ကို ရှုစားကြည့်ပါ။


အဖွင့်သီချင်း


ဒုံးယိမ်းအက


ရှမ်းရိုးရာအက


ကချင် နှင့် မွန် ရိုးရာအက

ဟုတ်ကဲ့၊ ပြောဖို့မေ့သွားတယ်။ အကျွေးအမွေးက မုန့်ဟင်းခါး၊ ကော်ပြန့်လိပ်၊ ကြက်သားကင်၊ ထမင်းနဲ့ ဟင်း တွေလည်း ပါသမို့ စားကောင်းကောင်းနဲ့ ဗိုက်ကားသွားပါတယ်ခင်ဗျား။ ။

Wednesday, December 26, 2007

ပိုလန် သို့

ဒိန်းမတ်စာသင်တန်းများတွင် ဖတ်ရန်ပြဌာန်းထားသည့် စာအုပ်များအနက် ကျနော်ဖတ်ခဲ့သည့် စာအုပ် တအုပ်မှာ ပိုလန်နိုင်ငံသို့ ဘတ်စ်ကားဖြင့် အလည်သွားသည့် ဒိန်းမတ်ကျောင်းသူ ၂ ဦး၏ ခရီးသွားမှတ် တမ်းအကြောင်းရေးထားသည့် စာအုပ်ဖြစ်သည်။ ထိုခရီးစဉ်ကို များသောအားဖြင့် ပင်စင်စား သက်ကြီး ရွယ်အိုများ သာသွားလေ့ရှိပြီး ကျောင်းသူနှစ်ဦးမှာ လက်မှတ်ဝယ်ပြီး ခရီးမသွားဖြစ်သည့် အဖွားထံမှ လက်မှတ်ရသဖြင့်လိုက်ဖြစ်သွားခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း ကားဒရိုင်ဘာက ကျောင်းသူတဦးအပေါ် ဖွန်ကြောင်လာပြီး ပိုလန်အရောက် တောင်ပေါ်ရေအိုင် တခုတွင် ရေကူးကြရာ အလိုမတူပဲ ကိုယ်ထိလက်ရောက် ဟိုကိုင် ဒီကိုင် လုပ်သည် အထိ ကျူးလွန်လာသဖြင့် ခရီးသွားအဖွဲ့ခေါင်းဆောင်အားတိုင်ကြားကာဒရိုင်ဘာအသစ်မှာယူခဲ့ရသည်။
ဒိန်းမတ်ကျောင်းသူ နှစ်ယောက်အနက် တဦးမှာ သူနာပြုသင်တန်းကျောင်းသူ ဖြစ်သောကြောင့် ခရီး သည်တဦး နေထိုင်မကောင်းဖြစ်၍ ဆေးရုံတင်ရာတွင် အကူအညီပေးရင်း ဆေးရုံမှ ပိုလန် လူငယ် ဆရာဝန်တဦးနှင့်ငြိတိတိဖြစ်လာခဲ့ပြီးဇတ်သိမ်းပါသည်။
ယခုနှစ် ခရစ်စမတ်နှင့် နှစ်သစ်ကူးပိတ်ရက်များတွင် ခရီးသွားမည်ဟု စိတ်ကူးရကာ သတင်းစာပါ ခရီးသွားကြော်ငြာများကို လိုက်ဖတ်ရင်း ဟိုကြည့်သည်ကြည့်နှင့် နောက်ဆုံး ပိုလန်သို့ ဘတ်စ်ကားဖြင့် သွားသည့် ခရီးစဉ်ကို ရွေးဖြစ်သွားပါသည်။ နှစ်ညအိပ် သုံးရက်ခရီး ဟော်တယ်ခအပါအ၀င် ခရိုနာ တထောင် (အမေရိကန်ဒေါ်လာ ၂၀၀ ခန့်) သာ ကျသဖြင့် ဈေးသက်သာသည့် ခရီးဟု ဆိုနိုင်ပါသည်။
ဇနီးဖြစ်သူက ဘတ်စ်ကားဖြင့် သွားလျှင် ပင်ပန်းမည် မလိုက်လိုပါဟု ဆိုလာသဖြင့် ခရီးသွားရန် အမြဲ စိတ်အားထက်သန်နေသည့် မိတ်ဆွေကြီး ဦးသောင်းကို အဖေါ်ပြုကာ ပိုလန်ခရီးစဉ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်တွင်စတင်ခဲ့ပါသည်။
ကောလင်း Kolding ကားဂိတ်မှ မနက် ၆ နာရီ ၄၅ မိနစ်တွင် ထွက်ခွာလာသော ကျနော်တို့ လိုက်ပါ လာသည့် ဘတ်စ်ကားသည် လမ်းတွင် နှစ်နေရာ လူတင်ပြီးနောက် ဒိန်းမတ် နှင့် ဂျာမဏီ နယ်စပ်မြို့ ဖြစ်သည့် Padborg သို့ မနက် ၈ နာရီတွင် ရောက်ရှိပါသည်။ ဆောင်းတွင်းအခါ ဖြစ်သည့်အလျောက် ၀န်းကျင်တွင် အလင်းရောင် မရှိသေးပါ။ Padborg တွင် ကားရပ်ပေးသဖြင့် နှစ်ဦးသား ကော်ဖီဝယ် သောက်ကြပါသည်။ ကော်ဖီတခွက်ကို ၁၅ ခရိုနာပေးရသဖြင့်ယူအက်စ်သုံးဒေါ်လာနီးပါးရှိပါသည်။
ရာသီဥတု အပူချိန်ကား ရေခဲမှတ်အောက် အနုတ် တစ်ဒီဂရီ စင်တီဂရိတ်ဝန်းကျင်တွင် ရှိသဖြင့် ကော်ဖီဆိုင်ရှေ့ ကွန်ကရစ်ပေါ်တွင်ရေခဲများတင်နေသဖြင့်ချော်မလဲရန်ဂရုစိုက်ရပါသည်။
ဟစ်တလာ၏အဖဂျာမဏီနိုင်ငံသို့ အ၀င်တွင် မည်သည့် စစ်ဆေးရေးဂိတ်မှ ရှိမနေပါ။ ကားပေါ်မှ မိုဘိုင်းတယ်လီဖုန်းများ sms လက်ခံရရှိသည့် အသံများ တတီတီမြည်နေပါသည်။ ခဏနေတော့ ကျနော့် ဟန်းဖုန်းလည်း sms ၀င်လာ၍ ကြည့်လိုက်ရာ ဂျာမဏီနယ်ထဲရောက်ပြီဖြစ်၍ ဟန်းဖုန်းပြောခ ပုံမှန်မဟုတ်တော့ပဲ ဈေးပို ပေးရတော့မည်ဖြစ်ကြောင်း ဖုန်းကုမ္မဏီမှ ပို့သည့် မက်ဆေ့ခ်ျ ဖြစ်နေပါသည်။ အလင်းရောင်လည်း တဖြည်းဖြည်း ရလာပြီဖြစ်၍ လမ်းဘေးဝဲယာသို့ ကြည့်လိုက်ရာ အရွက်မရှိသော သစ်ကိုင်းတွေပေါ်မှာ ရေခဲမှုန်တို့ တင်နေပုံမှာ ဆံပင်ဖွေးဖွေးဖြူနေသော အဖိုးအို တယောက်ကို ကြည့်ရသည်နှင့်တူနေပါသည်။
အဒေါ့ဖ်ဟစ်တလာရုံးစိုက်ရာ ဘာလင်မြို့အဝေးပြေး ကားဂိတ်ကိုရောက်တော့ နေ့လည် တနာရီ ကျော် ဖြစ်ပါသည်။ ဒိန်းမတ်မှ စီးလာသော ဘတ်စ်ကားက ဆက်မသွားတော့ပဲ ပိုလန်တွင် ကျနော်တို့ တည်းမည့် ဟော်တယ်တံဆိပ်ပါ မီနီဘတ်စ် လာကြိုပါသည်။ ယာဉ်မောင်းသူက ဆက်ရမည့် ခရီးစဉ်ကို ဂျာမန်လိုရှင်းပြရာတွင် လမ်းတွင် ၁၀ မိနစ်နားမည်ဆိုတာကိုတော့ ဒိန်းမတ်စကားဖြင့် တူနေသဖြင့် နားလည်လိုက်ပါသည်။ သို့ဖြင့် ဘာလင်၏အရှေ့မြောက်ဖက်သို့ ဆက်၍ခရီးထွက်လာကြပြီးနောက် ပိုလန်နယ်စပ်သို့ ရောက်ပါသည်။ လွန်ခဲ့သည့် ၂ ရက်ကပင် ရှင်းဂန်းဇုံ အဖွဲ့ဝင်သစ်ဖြစ်လာသည့် အတွက် ပိုလန်အ၀င် စစ်ဆေးရေးဂိတ်မှာ ပတ်စ်ပို့ပြစရာ မလိုတော့ပါ။ ကျနော်တို့၏ ခရီးဆုံးမြို့သည် နယ်စပ်မှ သိပ်မဝေးလှပါ။ Stettin မြို့ထဲအ၀င် ဟော်တယ်မရောက်ခင် တိုးရစ်ဂိုက်အမျိုးသမီး ကားပေါ် တက်လာပြီး ဒိန်းမတ်ဘာသာဖြင့် သူ့ကိုယ်သူ မိတ်ဆက်ပါသည်။ ပိုလန်သံဝဲ၀ဲဖြင့် ဒိန်းမတ်လို ရှင်းပြနေတာ နားထောင်ရင်း ဒိန်းမတ်စာအတူသင်ခဲ့ရသည့် အရှေ့ဥရောပနိုင်ငံများမှ ကျောင်းသားများကို သတိရမိပါသည်။ ဘာပဲပြောပြော သူတို့က ဥရောပတိုက်သားအချင်းချင်းဆိုတော့ ဒိန်းမတ်အသံထွက်ကို ကျနော်တို့ထက် ပို၍ နီးစပ်အောင် ပြောနိုင်ပါသည်။
ဟိုတယ်မှာ ရေချိုးပြီး ဟိုနားဒီနား လျှောက်ကြည့်ရင်း ကုန်တိုက်တခုကို ရောက်သွားသည့်အခါ ခရစ်စမတ် ရှော့ပင်းကာလဖြစ်နေသည့်အတွက် လူတွေ ကြိတ်ကြိတ်တိုးနေပါသည်။ ကုန်တိုက်မှာ ပစ္စည်းတွေလည်း အစုံအလင် ရှိ၍ ဒိန်းမတ်ထက်စာလျှင် ဈေးသက်သာပါသည်။ ကုန်ဈေးနှုန်း ဆိုသည် မှာလည်း သူ့နိုင်ငံသားတို့၏ ၀င်ငွေနှင့် ၀ယ်လိုအားပေါ်မှာ အခြေခံသည်မို့ နိုင်ငံသားတို့ ၀င်ငွေထွက် ငွေ မျှတပါက နိုင်ငံခြားထွက် အလုပ်လုပ်စရာ လိုမည်မဟုတ်ပါ။ ဒိန်းမတ်မှာတော့ ပိုလန်လူမျိုး အတော်များများ အလုပ်လာလုပ်ကြပါသည်။
ဟိုတယ်ပြန်ရောက်တော့ ခရီးပန်းလာသည်မို့ အနားယူ အိပ်စက်လိုက်ပါတော့သည်။ ။


ဘာလင် အဝေးပြေးကားဂိတ်

ဟော်တယ်မှ လာကြိုသည့်ကား


ဒိန်းမတ်လိုပြောတတ်သည့် ပိုလန်သူ တိုးရစ်လမ်းညွှန်

Saturday, December 22, 2007

အမျိုးသားရေး ၀ါဒ ၀င်္ကပါ

ကျနော်တို့ ဒိန်းမတ်ရောက်ခါစ အိမ်မှာကွန်ပြူတာ မ၀ယ်နိုင်သေးတော့ စာကြည့်တိုက်ကို ချောင်းပေါက်အောင် ရောက်ပါတယ်။ စာအုပ်ငှားဖို့ မဟုတ်ပါ။ အင်တာနက်သွားသုံးကြတာပါ။ စာအုပ်တွေကလည်း ဒိန်းမတ်စာအုပ် တွေချည်း စာကြည့်တိုက်အပြည့်ဆိုတော့ မဖတ်တတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဖတ်ချင်တဲ့ အင်္ဂလိပ်စာအုပ် လိုချင်ရင် သူတို့မှာပေးပါတယ်။ သူငယ်ချင်းတယောက်က ဖတ်ဖို့ညွှန်းလို့ United States of Europe ဆိုတဲ့ စာအုပ်ကို မှာဖတ်ဘူးပါတယ်။ အမေရိကန်စာရေးဆရာတယောက်ရဲ့ ဥရောပအကြောင်းရေးထားတဲ့ စာအုပ်ပါ။
နောက်ဆရာမြသန်းတင့် ဘာသာပြန်ဆောင်းပါးတွေမှာ ရည်ညွန်းထားတဲ့ မူရင်းဆောင်းပါးပါ မဂ္ဂဇင်းအဟောင်း တွေ စာကြည့်တိုက်မှာရှာခိုင်းကြည့်တုန်းကလည်း တိုင်းမ်စ်နဲ့ နယူးဝိခ်စ် မဂ္ဂဇင်းအဟောင်းတွေ ရလာခဲ့ပါတာပါပဲ။ အဲဒီကျတော့မှ ဆရာမြသန်းတင့် ဘာသာပြန်နဲ့ မူရင်းဆောင်းပါးကို တွဲဖတ်လို့ ရသွားပြီး ဘလော့မှာလည်း တင်ပေးနိုင်တာ ဖြစ်ပါတယ်ခင်ဗျား။ ။

အမျိုးသားရေး ၀ါဒ ၀င်္ကပါ

လွန်ခဲ့သည့်အပတ်က ကမ္ဘာကြီးသည် ဥရောပအမျိုးသားရေးဝါဒ၏ မျက်နှာနှစ်ခုကို မြင်ခဲ့ကြရသည်။ လျင်မြန်စွာ ပြိုကွဲပျက်စီးနေသော ဆိုဗီယက်ယူနီယံတွင် တက်ကြွနေသော လူအုပ်များသည် မျိုးဆက်တခုမျှ ပျောက်ကွယ်နေခဲ့သော
သူတို့၏ အမျိုးသားအလံများကို လွှင့်တင်ခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုသည့်အနေဖြင့် ဂုဏ်ယူဝင့်ကြွားသော အထိမ်းအမှတ်များကို ကျင်းပနေကြခြင်း ဖြစ်သည်။ မိုင်ရာအနည်းငယ်မျှသာ ကွာဝေးသော ယူဂိုဆလားဗီးယားတွင်မူ ခရိုအေးရှားနှင့် ဆာဘီးယား ပြည်သူ့စစ်အဖွဲ့ဝင်များသည် သွေးချောင်းစီးသော လူမျိုးစုစစ်ပွဲတပွဲတွင် တယောက်ကို တယောက် သတ်ဖြတ်နေကြသည်။
လူများသည် မျိုးတူစုများအဖြစ် ဖွဲ့စည်းမိလာခဲ့သည့်အချိန်မှ စ၍ အမျိုးသားရေးဝါဒဟူ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သဘောတရားတရပ်အနေဖြင့်မူ အမျိုးသားရေးဝါဒသည် ရိုမန်းတစ်လှုပ်ရှားမှု၏ အစိတ်အပိုင်းတရပ် အဖြစ် ဆယ့်ရှစ်ရာစုနှစ် တွင် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ အမျိုးသားရေးဝါဒ၏ အကောင်းဆုံးသော ပုံသဏ္ဍာန်သည် နွေးထွေးလှိုက်လှဲသော မျိုးချစ်ဝါဒ ဖြစ်သည်။ အိုလံပစ်ပွဲတော်များတွင် ကိုယ့်အမျိုးသားသီချင်းကို ကြားလိုက်သည်နှင့် လည်ချောင်းထဲတွင် တစ်ဆို့ကာ ကြက်သီး တဖြန်းဖြန်းထစေသော စိတ်ဓာတ်ဖြစ်သည်။ အမျိုးသားရေးဝါဒ၏ အဆိုးဆုံးပုံသဏ္ဍာန်မှာ မှားမှားမှန်မှန် ငါ့နိုင်ငံ၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဟူသော ဂျင်ဂိုအစ်ဇင်း ဖြစ်သည်။ တနည်းပြောရလျှင် ရှောဗင်နစ်ဇင်း ဖြစ်သည်။ ရှောဗင်နစ်ဇင်း ဆိုသည်မှာ ပြင်သစ် ပြည်ကြီး၏ ဘုန်းတန်ခိုးနှင့် အာဏာစက်ကို လက်နက်အင်အားသုံး၍ ထူထောင်ရမည်ဟူသော အယူအဆကို ထူထောင်ခဲ့သည့် နပိုလီယန်၏ စစ်ဗိုလ်ချုပ် တဦးဖြစ်သူ နစ်ကလတ်စ် ရှော်ဗင်၏ အယူအဆ ဖြစ်သည်။
သမိုင်းတလျှောက်တွင် နိုင်ငံရေးဝါဒ အမျိုးမျိုးရှိသည့်အနက် အမျိုးသားရေးဝါဒသည် အပြင်းထန်ဆုံး အားအကောင်း ဆုံး ဖြစ်မည်ထင်သည်။ ဘာသာတရားကြောင့်မှလွဲလျှင် အခြားသော အကြောင်းအရာများထက် အမျိုးသားရေးဝါဒကြောင့် သွေးတွေ ချောင်းစီးခဲ့ဖူးသည်။ ရာစုနှစ်ပေါင်းများစွာပင် လှုံ့ဆော်ရေးသမားတို့သည် မိမိတို့၏ ဒုက္ခ၊ သုက္ခများအတွက် အိမ်နီးနား ချင်း လူမျိုးများကို အပြစ်ဖို့ကာ သွေးဆူနေသော လူအုပ်များကို လှုံ့ဆော်ဖူးကြလေပြီ။ ဆားဘီးယားခေါင်းဆောင် မီလိုဆီဗစ်နှင့် ခရိုအေးရှားခေါင်းဆောင် ဖရန်ဂျိုတူဂျမန်းတို့သည် ဤလုပ်ငန်းတွင် နောက်ဆုံးပေါ်လာသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
လာမည့်လများတွင် အမျိုးသားရေးလှုံ့ဆော်မှုများ ပေါ်ပေါက်လာနေသည်မှာ ကံဆိုးသည်ဟုပင် ဆိုရတော့မည် ထင်သည်။ ဆိုဗီယက်ယူနီယံနှင့် အရှေ့ဥရောပတွင် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် အလုပ်လက်မဲ့ဖြစ်မှုကြီးနှင့် ရိက္ခာပြတ်လပ် မှုတို့ပေါ်ပေါက်ခဲ့ပါက အများထင်ထားသကဲ့သို့ ထိုကိစ္စများအတွက် အခြားသော လူမျိုးစုများအပေါ်တွင် ရမယ် ရှာရပေတော့ မည်။ ပိုလန်သွေးစည်းညီညွတ်ရေးလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အဒမ်အစ်ရှနစ်က မကြာမီတွင် သွေးဒီရေကြီးတရပ် ပေါ် ပေါက်လာနိုင်သည်ဟု သတိပေးခဲ့သည်။ မရင့်ကျက်သေးတဲ့ ဒီမိုကရေစီတခုအတွက် ထောင်ချောက်ကတော့ အမျိုးသားရေးဝါဒ ပဲ ဖြစ်တယ်။ ဒီထောင်ချောက်ဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာလိမ့်မယ် ဟု သူကပြောခဲ့သည်။ အနောက်ဥရောပသည် ထိုထောင်ချောက်ကို ရှောင်ကွင်းနိုင်ခဲ့သည်။ ထိုနမူနာသည် အရှေ့ဥရောပအတွက် သင်ခန်းစာတရပ်ဖြစ်နိုင်သည်။
အမျိုးသားရေးဝါဒ၏ ဆွဲဆောင်မှုသည် လူ့သဘာဝလူ့စရိုက်အတွင်းတွင် နက်ရှိုင်းစွာ ၀င်ရောက်အမြစ်တွယ်လျက် ရှိသည်။ လူဆိုသည်မှာ မိမိနှင့် မျိုးရိုးဇာတိတူသောသူကို ခင်မင်တွယ်တာသော သဘောရှိသည်။ သူစိမ်းတရံဆံကို ဖယ်ထုတ်လို သော သဘောရှိသည်။ အမျိုးသားရေးဝါဒသည် မျိုးရိုးသစ္စာရှိမှုကို ထိန်းသိမ်းမှုတွင် အခြေခံသည်ဟု ယူဆနိုင်သည်။ အခြား သော (နိုင်ငံရေး) သဘောတရားများသည် ပေါ်လာပြီး ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားကြမည်။ သို့ရာတွင် အမျိုး သားရေးဝါဒကား ပြင်းထန်အားကောင်း၍ မတိမ်ကောနိုင်သည့် ခွန်အားရှိသည်။
သမိုင်းပညာရှင်တဦးဖြစ်သူ အစ္စဗန်ဒီးယက်က လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ အတွင်းတွင် အရှေ့ဥရောပ၌ လစ်ဘရယ် အစိုးရ၊ ကွန်ဆာဗေးတစ်အစိုးရ၊ ဒီမိုကရက်တစ်အစိုးရ၊ အာဏာရှင်အစိုးရ၊ ဖက်ဆစ်အစိုးရ၊ ဘော်လရှီဗစ်အစိုးရတို့ တလှည့်စီ ကြီးစိုးလွှမ်းမိုးခဲ့ကြသည်။ သို့ရာတွင် ထိုအစိုးရများနှင့် ယင်းတို့၏ နိုင်ငံရေးသဘောတရား အားလုံးတို့သည် ယာယီမျှသာ ဖြစ်ခဲ့ ကြသည်။ ထာဝရဖြစ်သောအရာမှာ အမျိုးသားရေးဝါဒသာလျှင် ဖြစ်သည် ဟု ရေးခဲ့ဖူးသည်။
ကွန်မြူနစ်ဝါဒသည် အမျိုးသားရေးဝါဒထက် အားကောင်းသည်ဟု ထင်စရာဖြစ်သည်။ နိုင်ငံတကာ အလုပ်သမား လူတန်းစားစိတ်ဓာတ်သည် အဖနိုင်ငံအပေါ် သစ္စာရှိမှုထက်လည်းကောင်း၊ အလံတလံပေါ်တွင် သစ္စာရှိမှုထက်၎င်း ပို၍အားကောင်းသည်ဟု ကားလ်မတ် က ပြောခဲ့သည်။ သို့ရာတွင် ပထမ ကမ္ဘာစစ်အတွင်းက အလုပ်သမားများသည် လက်နက်များကို ချထားရန် ဟောပြောခဲ့ကြသော ဆိုရှယ်လစ်များနောက်သို့ မလိုက်ဘဲ စစ်တိုက်ရန် ဟောပြောခဲ့ကြသည့် အမျိုးသားရေး ခေါင်းဆောင်များနောက်သို့ လိုက်ခဲ့ကြသည့်အခါတွင် ကားလ်မတ်၏ သဘောတရားသည် သေဆုံးသွားခဲ့လေပြီ။ သို့တိုင်အောင် ဆိုဗီယက်ယူနီယံတွင် အနှစ်ခုနှစ်ဆယ်တိုင်တိုင်။ အရှေ့ဥရောပတွင် အနှစ်လေးဆယ်တိုင်တိုင် ကွန်မြူနစ်ဝါဒသည် အမျိုးသားရေးဝါဒကို နှိပ်ကွပ်ခဲ့သည်။ သို့ရာတွင် အမျိုးသားရေးဝါဒသည် ပျောက်ကွယ်သွားခြင်း မရှိ။ လှိုက်စားရုံ လှိုက်စားခဲ့သည်။
အရှေ့ဥရောပနှင့် အလယ်ဥရောပတို့တွင် အမျိုးသားရေးဝါဒကို လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းနေချိန်၌ အနောက် ဥရောပသည် အမျိုးသားရေးဝါဒကို ကျော်လွှားသွားရန် ကြိုးပမ်းနေသည်။ ဒုတိယ ကမ္ဘာစစ်၏ အပျက်အစီးပုံများထဲမှ အနောက် ဥရောပ ကမ္ဘာကြီး တွားသွားထွက်လာချိန်တွင် ‘နောက်ထပ်ဤအဖြစ်မျိုး မဖြစ်စေရ‘ ဆိုသည့် အသံများကို နေရာတကာတွင် ကြားနေရသည်။ အနှစ်ခုနှစ်ဆယ်မရှိတရှိ အတွင်းတွင် ဂျာမဏီနှင့် ပြင်သစ်အမျိုးသားရေးဝါဒတို့ကြောင့် ကမ္ဘာစစ်ကြီး နှစ်ခုအပါ အ၀င် ဥရောပတွင် စစ်ပွဲကြီးသုံးပွဲ ဖြစ်ပွားခဲ့သည်။ ပြင်သစ်နှင့် ဂျာမဏီတို့၏ အားပြိုင်မှုကို ထိန်းချုပ်ပေးရန်အတွက် အချို့ သော စနစ်သစ်များ ပေါ်ပေါက်ခဲ့သည်။ ဥရောပလှုပ်ရှားမှုကို စတင်ခေါင်းဆောင်ခဲ့သူ ဖြစ်သည့် အီတလီအမျိုးသား အော်တီယာရှိ စပီနယ်လီက ထိုနှစ်ကာလများကို စောင်းငဲ့ကြည့်ကာ ကပ်ဆိုးကြီးကြောင့် အမျိုးသားရေးဝါဒသည် လူထုကြိုက် စိတ်ဓာတ်တခု အဖြစ်မှ စုတေသွားခဲ့လေပြီ ဟု ရေးခဲ့သည်။
အမျိုးသားရေးဝါဒကို မြေမြုပ်သဂြိုလ်ပစ်မည့် စနစ်သစ်၊ အဆောက်အအုံသစ်များကို ထူထောင်ရန် ကြိုးပမ်းအားထုတ်မှု များသည် လွန်စွာအရေးကြီးသည့်အချိန်တွင် ပေါ်ပေါက်လာခဲ့ကြသည်။ ထိုပုဂ္ဂိုလ်များမှ နယ်စပ်ဒေသတွင် ကြီးပြင်းလာခဲ့ကြပြီး မိမိတို့လူမျိုးစုအကြားတွင် မကြာခဏ တိုက်ခိုက်မှုများပေါ်ပေါက်နေသည်ကို တွေ့ခဲ့ကြရသူများဖြစ်သည်။ သူတို့သည် သူတို့ ဘာအတွက် တိုက်ခိုက်နေသည်ကို ကောင်းကောင်းသိကြသည်။ သူတို့၏ ယုံကြည်ချက်ကို သူတို့လို ဒုက္ခ သုက္ခများကို ခံစားခဲ့ ကြသူများမှ နားလည်နိုင်ပေလိမ့်မည်။ ၁၉၅၀ ပြည့်လွန်စောစောပိုင်းနှစ်ဖြစ်သော ထူးခြား၍ တိုတောင်းသော ကာလတ၀ိုက်တွင် ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည့် ပြင်သစ်ခေါင်းဆောင် ရောဗတ်ရူးမန်း၊ ဂျာမဏီခေါင်းဆောင် ကွန်း၇တ်အဒီနော နှင့် အီတလီ ခေါင်းဆောင် အက်စီဒီ ဒီဂက်စပါရီ တို့သည် နိုင်ငံခြားအုပ်စိုးမှု (ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏ အုပ်စိုးမှု) အောက်တွင် နေခဲ့ကြရသည်။ သူတို့အားလုံးသည် ဂျာမန်စကားကို ရေလည်စွာ ပြောတတ်ကြသည်။
သူတို့သည် နောင်တွင် ဥရောပဘုံဈေးအဖွဲ့ဟု ခေါ်တွင်မည့် အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်များကို ချပေးခဲ့ကြ သည်။ ဘယ်လ်ဂျီယံရှိ ဌာနချုပ်တွင် ၀န်ကြီးများစုဝေးကာ နို့ဈေးနှုန်းသတ်မှတ်ရေးအတွက် အချင်းချင်း အမြဲလိုလို ရန်ဖြစ်နေကြ သည့် ယနေ့အချိန်မျိုးတွင် ဥရောပဘုံဈေးအဖွဲ့ကို ဘေးဖယ်ပစ်ရန်လွယ်ပါသည်။ သို့ရာတွင် ဘုံဈေးအဖွဲ့၏ အောင်မြင်စွမ်းဆောင် မှုများသည်လည်း ကြီးမားပါသည်။ ဥရောပဘုံဈေးအဖွဲ့ကြီးရှိနေသဖြင့် ပြင်သစ်နှင့် ဂျာမဏီတို့ကြားတွင် နောက်ထပ်စစ်ပွဲတခု ဖြစ်လာစရာ အကြောင်းမရှိ။ ယနေ့လည်း ထိုအတိုင်းဖြစ်နေပါသည်။
ဥရောပဘုံဈေးအဖွဲ့သည် ထိုအလုပ်တွင်များစွာ အောင်မြင်လျက်ရှိရာ ယခုအချိန်တွင် အရှေ့ဥရောပတွင် တနိုင်ငံနှင့် တနိုင်ငံပြိုင်ဆိုင်ကြရန် တိုက်တွန်းနေသံများကို ကြားနေရသည်။ ယခင်တပတ်ကပင် အာမေးနီးယားသမ္မတ လီဗွန်တက်ပင် ထရိုစီယန်က ကျွန်တော်တို့ ဥရောပဘုံဈေးအဖွဲ့ရဲ့ နည်းအတိုင်းဓနသဟာယအဖွဲ့ တခုကို ထူထောင်ဖို့အတွက် ရရှိနေတဲ့အခွင့် အရေးတွေကို အသုံးချကြရလိမ့်မည်ဟု ပြောခဲ့သည်။
သို့ရာတွင် သမိုင်းဆိုသည်မှာ တပတ်ပြန်ကျော့လေ့ရှိသည်ဟု ဆိုကြသော်လည်း ဘယ်တော့မှ ထပ်တူထပ်မျှ ဖြစ်လေ့ မရှိပါ။ ဥရောပအနောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူမျိုးစုအင်အားကြီးနိုင်ငံတခုဖြစ်သော ရုရှသည် အခြားသော လူမျိုးစုများအပေါ် တွင် လွှမ်းမိုးနေခြင်းဖြစ်ပါသည်။ အနောက်ဥရောပတွင်မူ ပြင်သစ်၊ အနောက်ဂျာမဏီနှင့် အီတလီတို့သည် ခပ်စောစောပိုင်းအထိ အရွယ်ပမာဏချင်း တူညီနေကြပြီး တဦးကိုတဦး ချိန်ခွင်လျှာညီအောင် ထိန်းထားနိုင်ကြပါသည်။
အရှေ့ဥရောပအဖို့ အနောက်ဥရောပထံမှ သင်ခန်းစာယူနိုင်စရာအချက်မှာ ကိုယ်ပိုင်အမျိုးသား ငွေစက္ကူစနစ်ရှိရုံ၊ ကိုယ်ပိုင် အမျိုးသားစစ်တပ်ရှိရုံမျှဖြင့် စစ်မှန်သော လွတ်လပ်မှုနှင့် စစ်မှန်သောလွတ်လပ်ရေးကို မရနိုင်ဆိုသည့် အချက်ဖြစ်ပါ သည်။ မည်သူကမျှ ဗိုလ်မကျနိုင်သော နိုင်ငံတိုင်းပြောရေးဆိုခွင့်ရှိသော လူမျိုးစုံ အဖွဲ့အစည်းကြီးတခုအတွင်း၌သာလျှင် လူမျိုးစု တို့၏ အကျိုးစီးပွားကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါသည်။ ဥရောပဘုံဈေးအဖွဲ့ အောင်မြင်နေခြင်းမှာ အခြားကြောင့် မဟုတ်။ နိုင်ငံတိုင်း ပြောရေးဆိုခွင့်ရှိသော တခုနှင့်တခု ဆက်သွယ်နေကြသည့် ထာဝရ စေ့စပ်ဆွေးနွေးမှုကွန်ခြာကြီးကို ထူထောင်ထားနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ပိုလန်ခေါင်းဆောင် မစ်ရှနစ်က အလယ်နှင့် အရှေ့ဥရောသည် ယဉ်ကျေးမှုဓလေ့ နှစ်ခုအနက် တခုခုကို ရွေးရတော့မည် ဟု ဆိုခဲ့ပါသည်။
ကျွန်ုပ်တို့ ပူးပေါင်းကြပါစို့၊ ဥရောပစံများကို လေးစားလိုက်နာကြပါစို့ လို့ ယဉ်ကျေးမှုတစ်ခုက ပြောနေတယ်၊ နောက် ယဉ်ကျေးမှုတခုကတော့ ကျွန်ုပ်တို့၏ မူလအမျိုးသားဇစ်မြစ်များဆီသို့ ပြန်သွားကြပါစို့။ ကျွန်ုပ်တို့ အမျိုးသားများ၏ သီးခြားသော ဟန်ဖြင့် စနစ်သစ်တရပ်ကို ထူထောင်ကြပါစို့ဟု ပြောနေတယ် ဟု သူကပြောခဲ့သည်။
ရှူးမန်း၊ အဒီနောနှင့် ဂတ်စပါရီ တို့သည် အနောက်ဥရောပတိုက်အား အမျိုးသားသီးခြားဆန်မှု နယ်နိမိတ်ကို ကျော်၍ ကြည့်ရန် အားထုတ်ကြိုးပမ်းခဲ့ကြပါသည်။
ပျက်စီးစေတတ်သော အမျိုးသားရေးဝါဒကို ကျော်လွှားရန်အတွက် ကွန်မြူနစ်နိုင်ငံဟောင်းများသည် အတိတ်မှ အမုန်း တရားများကို မေ့ပျောက်ပစ်နိုင်သော ခေါင်းဆောင်များရှိဖို့လိုပါသည်။
ရည်ညွှန်း ။ Time, September 9, 1991.

Saturday, December 15, 2007

အိုဘယ့် မြန်မာ... အို မြန်မာ တို့...

ကျနော်တို့ မြန်မာတွေ မလေးရှားလာကြတာ အလုပ်လုပ်ဖို့ လာကြတာပါ။ ပတ်စ်ပို့နဲ့ပဲလာလာ၊ တောင်ကျော် ရေကျော်နဲ့ပဲလာလာ မလေးရှားရောက်ရင် အလုပ်ဝင်လုပ် အချိန်ပိုဆင်း အိမ်ကိုငွေပို့၊ အားရင် မြန်မာကားကြည့်၊ အပတ်စဉ် မဂ္ဂနမ်(မလေးရှားထီ)ထိုး၊ ပိတ်ရက်ဆိုရင် ဘီယာသောက်သူသောက်၊ ပေါ်ကာဒေါင်းသူဒေါင်းပေါ့။ အဲလိုနဲ့ နေလာလိုက်ကြတာ မြန်မာ့နိုင်ငံရေးကလည်း ကောင်းမလာ၊ မလေးရှားမှာလည်း လုပ်လုပ်စားစားနဲ့ဆိုတော့ မလေးရှားရောက် မြန်မာတွေရဲ့အနာဂတ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်လိုပဲ မရေမရာ ဖြစ်နေပါတော့တယ်။ တချို့လည်း မလေးရှားမှာ အခြေအနေမကောင်းဘူးဆို မြန်မာပြည်ပြန်သွားလိုက် ဟိုရောက်တော့ ပိုဆိုးနေတော့ ပြန်ရောက်လာနဲ့ တချို့ဆို ၂ ခေါက်ပြန် သုံးခေါက်ပြန်တွေတောင်ရှိလာပါပြီ။
ကျနော်လည်း အများထဲက တယောက်မို့ မလေးရှားသံသရာလည်နေရင်း ၂၀၀၃ ခုနှစ်အရောက် ဒီပဲယင်း အရေးအခင်းဆိုပြီး ပြည်တွင်းမှာ အန်တီစု နဲ့ ဦးတင်ဦးတို့ အဖွဲ့ကို လုပ်ကြံတဲ့ ကြံစည်မှုကြီး ဖြစ်ပါလေ ရော။ အဲဒီအရေးအခင်းကို မကျေနပ်လို့ဆိုပြီး ကျနော်တို့ မြန်မာတစု ကွာလာလမ်ပူက မြန်မာသံရုံးရှေ့ကို သွားပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီကစလို့ မလေးရှားမှာ နိုင်ငံရေးအရ စုဖွဲ့လှုပ်ရှားမှုတွေ စတင်ခဲ့တယ် ဆိုပါတော့။
တချိန်တည်းမှာ နိုင်ငံရေးကို အခြေခံပြီး ယူအမ်လျှောက်တာတွေလည်း ပေါ်လာပါတယ်။ မလေးရှား မှာ လမ်းပေါ်မှာ ဆန္ဒပြရင် ဥပဒေနဲ့ ငြိစွမ်းတာမို့ ရဲက ဖမ်းပြီး အရေးယူပါတယ်။ အဲဒီလိုအခါမျိုးမှာ မြန်မာ တွေအဖို့ ယူအမ်ကိုပဲ အားကိုးရတာပါ။ ဒါကြောင့်လည်း တနေ့တော့ ကျနော်လည်း ဒုက္ခသည် လျှောက်ထားဖို့ ယူအမ်ရုံးကို ရောက်သွားခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR (မလေးရှားဌာနခွဲ) ဟာ ကွာလာလမ်ပူရဲ့ စိတ်ငြိမ်ရပ်ကွက်တခုထဲမှာ ရှိပြီး အဲဒီနေရာကို အများပြည်သူ အသုံးပြုလို့အဆင်ပြေတဲ့ ဘတ်စကား၊ မီးရထားတို့နဲ့ သွားလို့ မရပါဘူး။ တက္ကစီငှားပြီးသွားရတဲ့ သီးသန့်နေရာ တခုပါ။
ကျနော်ရောက်တဲ့ မနက်က ဒုက္ခသည် လာလျှောက်သူ ဦးရေ လူနှစ်ရာကျော်ရှိပါတယ်။ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး အင်ဒိုနီးရှားက ခွဲထွက်ဖို့ကြိုးစားနေတဲ့ Aceh ပြည်နယ်သားတချို့ကိုလည်း တွေ့ရပါတယ်။ ရုံးပေါက်ဝမှာ တိုကင်တွေထုတ်ပေးတော့ ကျနော်ရတဲ့ စာရွက်မှာ တိုကင်နံပါတ်တခုနဲ့ အတူ Myanmar (O) လို့ရေးထားတာတွေ့ပါတယ်။ ချင်းတွေကို ထုတ်ပေးတဲ့စာရွက်မှာတော့ CHIN လို့ရေးထားပြီး၊ အာချီးပြည်နယ်သားတွေကိုတော့ Aceh လို့ရေးထားတော့ မှတ်ပုံတင်တဲ့နေရာမှာ လွယ်ကူအောင် အုပ်စုခွဲထား ပုံရတယ်လို့ နားလည်လိုက်ပေမယ့် မြန်မာမှာ ဘာဖြစ်လို့ O (အို) ပါနေရတာလဲ။ ငါ အိုဗာစတေးဖြစ်နေတာ သူတို့က ဘယ်လိုလုပ်သိနေတာလဲ စသဖြင့် ကျနော့်မှာ အတွေးတွေ ပွားနေမိပါတယ်။ အဲဒါနဲ့ မေးစရာလူ လိုက်ရှာတော့ သံဆူးကြိုးကာထားတဲ့ ခြံစည်းရိုးနားမှာ စားပွဲလေးချပြီး ထိုင်နေတဲ့ ယူအမ်ဝန်ထမ်းအမျိုးသမီး ကို တွေ့ပါတယ်။ What does this mean O here? လို့ မေးလိုက်တော့ It means other. လို့ ဖြေပါတယ်။ ဟာ.. ဒါဆို ငါက မြန်မာဆိုပေမယ့် အမျိုးအမည်မသိတဲ့ အခြားအုပ်စုဝင် ဖြစ်နေပါလားလို့ သဘော ပေါက်လိုက်ပါတယ်။ ခဏနေတော့ ကျနော်နောက်က Myanmar ဆိုပြီး ကွင်းစကွင်းပိတ် အို မပါတဲ့ တိုကင် ကိုင်ထားသူတွေ ၀င်လာတာ ကြည့်လိုက်တော့ ရိုဟင်ဂျာအဖွဲ့ တွေဖြစ်နေပါတော့တယ်။ သူတို့ကို ယူအမ်က မြန်မာလို့ သိထားပြီး မြန်မာလိုမွှတ်နေတဲ့ ကျနော်တို့ကတော့ အခုမှ ယူအမ်လာတင်ကြတာမို့ Myanmar (O) မရေမရာ မြန်မာအုပ်စုလို့ သတ်မှတ်ထားကြောင်း ကျနော်လည်း နားလည်လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့က ယူအမ်က ထုတ်ပေးလိုက်တဲ့ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားကြောင်း စာရွက်ကိုတော့ ရလာခဲ့တာ မို့ မြန်မာမှာ အိုပါသူရော အိုမပါသူပါ ယူအမ်စာရွက်ကိုင်တာချင်းတော့ အတူတူ ဖြစ်ခဲ့ရကြောင်းပါခင်ဗျား ။ ။

Saturday, December 8, 2007

ဆောင်းရယ် နှင်းရယ် ကိုယ့်အလုပ်ရယ် ...

အအေးပိုင်းရာသီဥတုကို ရကြတဲ့ ဥရောပ၊ မြောက်အမေရိက၊ အာရှ စတဲ့ ဒေသတွေမှာ ဆောင်းတွင်းမို့ နှင်းတွေကျလာပြီဆိုရင် နေရာတကာ သူတို့ မင်းမူနေတော့တာပဲ။ အဲဒါကြောင့် နှင်းကျတဲ့ရာသီမှာ သွားဖို့လာဖို့ အဆင်ပြေအောင် လမ်းပေါ်က နှင်းတွေကို ရှင်းပေးရတာကလည်း အလုပ်တခုပါ။ အလွန်ကို ငွေကုန်ကြေးကျ လည်း များလှပါတယ်။
ကျနော်အခုလက်ရှိ အလုပ်လုပ်နေတဲ့ စက်ရုံက အဲဒီလမ်းပေါ်က နှင်းတွေကို ရှင်းတဲ့ စက်တွေထုတ် လုပ်ရောင်းချပါတယ်။ စက်ရုံသက်တမ်းက အနှစ်ငါးဆယ်ကျော် ကြာမြင့်ခဲ့ပြီး အခုလက်ရှိ အလုပ်သမားဦးရေ ၂၀၀ ကျော်ရှိပါတယ်။ ထုတ်လုပ်လိုက်တဲ့စက်တွေကို ဥရောပတခွင်၊ ကနေဒါနဲ့ အမေရိကတို့ကို ရောင်းပါတယ်။ တရုတ်ကိုလည်းရောင်းမယ်ဆိုပြီး ဈေးကွက်ထိုးဖောက်တာ ပေါက်ဖော်ကြီးက စက်တလုံး နှစ်လုံးလား ၀ယ်ပြီး နောက် မယူတော့ပါဘူး။ ဒါပေမယ့် တရုတ်ပြည်က လမ်းတွေပေါ်မှာ နှင်းရှင်းတဲ့ စက်တွေကတော့ များများလာ တာကို ကြည့်ပြီး ကုမ္မဏီက သဘောပေါက်သွားပါတယ်။ လစဉ်လုပ်တဲ့ ထုတ်လုပ်ရေး အစည်းအဝေးတခုမှာ `တော်ပြီ၊ နောက်ဆို တရုတ်ကို ဘာမှ သွားမရောင်းတော့ဘူး´ လို့ စက်ရုံတာဝန်ခံက ပြောခဲ့ဘူးပါတယ်။ သူတို့လည်း `လူ့အကြောင်းပေါင်းကြည့်မှသိ´ ဆိုတာလို တရုတ်အကြောင်းပေါင်းကြည့်ပြီးတော့သိသွားပုံ ရပါတယ်။
စက်ရုံကထုတ်လုပ်တဲ့ စက်အမျိုးအစားတွေက အရွယ်အစားအမျိုးမျိုးပါ။ လူသွားလမ်းပလက်ဖောင်း၊ မြို့တွင်းကားလမ်း၊ ဟိုင်းဝေးလမ်း နဲ့ လေယာဉ်ကွင်း သုံးမယ့် နေရာပေါ်မူတည်ပြီး စက်အမျိုးအစားတွေ ကွာပါတယ်။ ကျနော် အလုပ်လုပ်တဲ့ ဌာနက ဂဟေဌာနပါ။ ဖြတ်တောက်ပြီးသား၊ ခေါက်ပြီးသား၊ အပေါက်ဖောက်ပြီးသား ပစ္စည်းတွေဟာ စက်မှုပုံကြမ်းစာရွက်နဲ့အတူ ကျနော့်ဆီရောက်လာပါတယ်။ အဲဒါတွေကို သူ့ပုံစံအတိုင်းဖြစ်သွားအောင် အရင် ဂဟေစက်နဲ့ တွဲပေးရပါတယ်။ ပြီးရင် မှန်မမှန်စစ်၊ အိုကေပြီဆိုရင် ဂဟေဆော်ပေတော့ပဲ။ ဂဟေဆော်တဲ့ နေရာမှာသုံးတဲ့ စက်အမျိုးအစားက အမ်အိုင်ဂျီ လို့ ခေါ်တဲ့ စီအိုတူးဓာတ်ငွေ့နဲ့သုံးတဲ့ စက်တွေပါ။
ကျနော်ရတဲ့ လစာကတော့ ဥရောပတိုက်သားတွေဖြစ်တဲ့ ဒိန်းမတ်တွေ ရတဲ့ လစာနှုန်းအတိုင်းပါပဲ။ အလုပ်စ၀င် ကာစကတော့ ခံစားခွင့်တွေ၊ ခွင့်ရက်တွေ အပြည့်မရသေးပေမယ့် အခုတနှစ်ကျော်လာပြီဆိုတော့ သူ့စည်းကမ်း သတ်မှတ်ချက်တွေအတိုင်း အကျိုးခံစားခွင့်တွေရလာတာကို တွေ့ရပါတယ်။ ပြီးတော့ ဒီမှာ အလုပ်သမားတိုင်း သမဂ္ဂတခုခုကို အသင်းဝင်ကြရပါတယ်။ အလုပ်သမားတွေရဲ့လစာ အခွင့်အရေးကို သမဂ္ဂတွေက တောင်းဆို ပေးပါတယ်။ နောက် အသင်းဝင် ဖြစ်နေတဲ့အတွက် အလုပ်ထုတ်ခံရမှာကို ပူစရာမလိုအောင် စီစဉ်ပေးထား တာလည်း တွေ့ရပါတယ်။
ကျနော်ကို အလုပ်မခန့်ခင် တလအရင်လုပ်အားပေးဝင်ရပါတယ်။ လစာမရပါဘူး။ ကိုယ့်ထမင်းကိုယ်စားပေါ့ (တကယ်တော့ သူ့ထမင်းပါပဲ)။ လူမှုဖူလုံရေးစံတွေအရ ထောက်ပံ့ကြေးယူထားသူတွေကို စက်ရုံက လုပ်အားပေးခိုင်းခွင့်ရှိပါတယ်။ လုပ်အားပေးကာလမှာ ကုမ္မဏီကကြိုက်ရင် အလုပ်ခန့်ပါတယ်။ ကျနော် အလုပ်စ၀င်တဲ့ ၂၀၀၆ ဆောင်းတွင်းမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့်လားမသိ ဥရောပတတိုက် လုံး နှင်းမကျပါဘူး။ နှင်းလည်းမကျ နှင်းရှင်းတဲ့စက်တွေအလုပ်မလုပ်ကြရတော့ ကုမ္မဏီက စက်အပိုပစ္စည်းတွေ မရောင်းရတဲ့အတွက် လူ ၂၀ လောက် အလုပ်ပြုတ်ပါတယ်။ ကံကောင်းချင်တော့ ပြုတ်တဲ့အထဲ ကျနော် ပါမသွားပါ။ ဒီနှစ်တော့ ဘယ်လိုလာအုံးမလဲ မသိ၊ ရာသီဥတုဆိုတာက ကြိုတင်ပြောလို့ရတာမျိုးလည်း မဟုတ် လေတော့ ကျနော်လည်း မခန့်မှန်းတတ်ပါ။ အခုဆို ဒီဇင်ဘာလထဲဝင်လာပြီ၊ နှင်းက အရိပ်အရောင်တောင် မတွေ့ရသေးပေမယ့် နှင်းရှင်းမယ့် အဖွဲ့တွေကတော့ အသင့်ဖြစ်နေတာ အောက်ကပုံတွေကိုသာ ကြည့်ပါတော့။ ။





Saturday, December 1, 2007

ဆရာက ကျွမ်းပါတယ်၊ ဒါပေမယ့် ...

ကျနော် ဆယ်တန်းနှစ်မှာ စက်မှုသင်တန်းကျောင်း သွားတက်ရပါတယ်။ ကျနော်တို့ စက်မှုကျောင်းဆင်းတွေ ၈၈ အရေးအခင်း နောက်ပိုင်း စင်္ကာပူ နဲ့ မလေးရှားကို အလုပ်ထွက်လုပ်ကြတော့ အဆင်ပြေကြသူများ ပါတယ်။ ကျောင်းတုံးက စာတွေ့လက်တွေ့သင်ပေးလိုက်တာရယ်၊ စက်ရုံတွေမှာ လုပ်သက် အနည်းဆုံးလုပ်သက် လေးငါးနှစ် ရှိခဲ့ကြတာကြောင့်လည်း ပါတာပေါ့လေ။ ကျနော်တို့ ကျောင်းဆင်းတွေတင် နိုင်ငံခြားထွက်တာ မဟုတ်ပါ။ စီးပွားရေးက တစတစ ကျပ်တည်းလာတာကြောင့် ကျနော်တို့ကို သင်ပြပေးခဲ့တဲ့ ဆရာတွေလည်း နိုင်ငံခြားထွက် အလုပ်လုပ်ကြရပါတယ်။ တချို့ အဆင်ပြေသလို တချို့ကျတော့ အဆင်မပြေကြပါဘူး။ အဆင်ပြေတဲ့ဆရာတယောက်ကတော့ အခုထိ စင်္ကာပူမှာ အလုပ်လုပ်နေဆဲပါ။ ဆရာတယောက်ကတော့ မလေးရှားမှာ အလုပ်တွေအဆင်မပြေပါဘူး။ ဆရာက မလေးရှားကို ပွဲစားနဲ့ထွက်လာတယ်။ ပွဲစားသွင်းပေးတဲ့ စက်ရုံမှာ သူမလုပ်ချင်တော့ မလေးရှားရောက်နေတဲ့ တပည့်တွေကို အဆက်အသွယ်လုပ်ပြီး တခြားစက်ရုံ ပြောင်းပါတယ်။ အဲဒီစက်ရုံမှာလည်း အလုပ်ရှင်ကြိုက်အောင် သူလုပ်မပြနိုင်ပါဘူး။ ဆရာ့အတွက် စိတ်ညစ်ရတာတော့ မလေးရှားမှာ အီးပီနဲ့နေပြီး မိသားစုပါခေါ်ထားနိုင်တဲ့ ကျနော့်သူငယ်ချင်းပါ။ ဆရာက သူ့ကို အပူကပ်နေတော့ သူမှာ လုံးလုံးတာဝန်ရှိနေသလိုဖြစ်နေတာပေါ့။
တရက်တော့ သူ့အိမ်မှာ အလှူလုပ်တုံး ကျနော်တို့ သူငယ်ချင်းတွေ ဆုံကြပါတယ်။ သူငယ်ချင်းတွေ ဆုံတုံး စားကြ သောက်ကြနဲ့ စကားကောင်းနေတုံး ဆရာ့အကြောင်း ရောက်သွားပါတယ်။ ဆရာအလုပ်တွေ အဆင်မ ပြေတာနဲ့ ပတ်သက်ပြီး ဟိုတလောကပဲ သူ့အိမ်မှာ လာ `ဂိန်´သွားကြောင်း၊ အလုပ်တခု ရှာသွင်းပေးလိုက် ပြန်ရောက်လာလိုက် ဖြစ်နေကြောင်းကို အိမ်ရှင်သူငယ်ချင်းက အားလုံးရှေ့မှာ ညည်းပြတော့၊ တယောက် က ရုတ်တရက် ထမေးလိုက်တာက `ဆရာက မကျွမ်းလို့လား´ တဲ့။ သူဆိုလိုတာက ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်မှာ တကယ်တတ်ရင် အဆင်ပြေရမယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် အားလုံးက ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဖြစ်သွားစေတဲ့ မေးခွန်းပါ။ ကိုယ့်ကို သင်ပြပေးထားတဲ့ ဆရာကို မကျွမ်းကျင်ဘူးလို့ ဘယ်တပည့်က ပြောရက်ပါ့မလဲ။ ကျွမ်းတယ်လို့ပြောရအောင်လည်း လက်တွေ့မှာက ဆရာက အလုပ်မမြဲဘူး လေ။ အားလုံးချောင်ပိတ်မိနေတဲ့ အချိန်မှာ ကျနော်တို့ဘေးနားမှာ ခလေးထမင်းခွန့်နေတဲ့ အိမ်ရှင်အမျိုးသမီး ၀င်ပြောလိုက်မှပဲ အားလုံး အသက်ရှုချောင်သွားရပါတယ်။ သူဝင်ပြောလိုက်တာက `ဆရာက ကျွမ်းပါတယ်၊ ဒါပေမယ့် မေ့ကုန်ပြီ´ တဲ့။ `ကျွမ်းတော့ ကျွမ်းတယ်၊ ဒါပေမယ့် မေ့ကုန်ပြီ´ ကဲ . ဘယ်လောက်များ သံတမန် ဆံတဲ့ စကားလဲ။ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေမှာ အခုလို ထွက်ပေါက်ပေးတဲ့ စကားမျိုးကို ပြောလိုက်တာ အိမ်ရှင်မတဦးဖြစ်နေတာကို ကျနော် အံ့သြ၍မဆုံးတော့ပါ။
ဒါကြောင့်လည်း တချို့နိုင်ငံတွေမှာ ပုခက်လွှဲတဲ့လက်ကို အိမ်တွင်းမှုကိစ္စမှာတင်မထားပဲ နိုင်ငံအုပ်ချုပ်ရေး နေရာတွေမှာ တာဝန်ပေးနေရတာပါလားလို့ တဆက်တည်း တွေးနေမိပါတယ်။ ။

Sunday, November 25, 2007

ဥရောပအင်တာနက်ကဖေးဆိုင်နှင့် ယူရိုငွေ

ကျနော်တို့မိသားစု ဒိန်းမတ်မှာ နေစရာ အိမ်ရတော့ ဖုန်းကို ပထမဦးစားပေးလျှောက်ပါတယ်။ အိမ်ဖုန်းရတော့ ဆက်သွယ်ရေး ပိုကောင်းလာပေမယ့် ကွန်ပြူတာမ၀ယ်နိုင်သေးတော့ အင်တာနက် မရသေးပါဘူး။ ကွန်ပြူတာ တလုံးဝယ်လိုက်တော့လဲ သုံးမယ့်သူကများနေလို့ ကွန်ပြူတာက မလောက်ပြန်ပါဘူး။ အခုတော့ ဒီရောက်တာ လည်း သုံးနှစ်နီးပါးဆိုတော့ အိမ်မှာလူငါးယောက်ရှိတာ ကွန်ပြူတာ လေးလုံးဖြစ်နေပါပြီ။
အိမ်မှာ အင်တာနက်မရှိသူတွေကတော့ အင်တာနက်အငှားဆိုင်တွေကို အားကိုးနေရအုံးမှာသေချာ ပါတယ်။ စာကြည့်တိုက်တွေမှာလည်း ကွန်ပြူတာ အင်တာနက်တွေ သုံးလို့ရပါတယ်။ ခရီးသွားရင်း သုံးချင်တဲ့ သူတွေအတွက်လည်း ဘူတာရုံတွေမှာ အင်တာနက်ကဖီးတွေ ရှိပါတယ်။ အင်တာနက်ဆိုင် ဆိုပေမယ့် ဆိုင်ဝန်ထမ်းမရှိ၊ ပိုက်ဆံအကြွေ (သို့) ခရက်ဒစ်ကဒ် နဲ့ စက်မှာ လက်မှတ်ဝယ်၊ ကွန်ပြူတာမှာ PIN ရိုက်ထည့် ပြီး သုံးရတဲ့ ဆိုင်တဆိုင် ဆွီဒင်နိုင်ငံ Malmo ဘူတာရုံမှာ တွေ့ခဲ့လို့ ဓါတ်ပုံ ရိုက်လာခဲ့တာ တင်လိုက်ပါတယ်။ ကိုပင်ဟေဂင်ဘူတာကြီးမှာလည်း အလားတူဆိုင်မျိုးတွေရှိပါတယ်။




မိနစ်ကိုးဆယ်ကို ၃ ယူရိုပေးရမှာဖြစ်ပြီး ဒိန်းမတ် (သို့) ဆွီဒင်ငွေနဲ့ ဆိုရင်တော့ ၂၉ ခရိုနာ ပေးရမှာ ဖြစ်ပါတယ်။



ဒိန်းမတ်မှာလည်း ယူရိုငွေကိုပဲ အသုံးပြုကြဖို့ မကြာခင်မှာ ထပ်မံ မဲခွဲဆုံးဖြတ်ကြအုံးမယ်လို့ ကြားနေရတာမို့ ကျနော်ဆိုရင်တော့ ယူရိုငွေကိုပဲ သုံးဖို့ မဲပေးပါမယ်။ အဲဒါဆို ခေါင်းထဲမှာ ငွေဈေးနှုံးတွေ မှတ်ရတဲ့ အလုပ် အများကြီးသက်သာသွားမှာပဲ။ ။

Sunday, November 18, 2007

မော်စီတုန်းနှင့် YouTube တို့ တွေ့ကြလေပြီ

ခေတ်မီနည်းပညာအစွမ်းဖြင့် ကမ္ဘာက အလျင်အမြန်သိသွားခဲ့သော မြန်မာနိုင်ငံမှ ရွှေဝါရောင် တော်လှန်ရေးတွင် မြန်မာစစ်အစိုးရသည် အမှတ်တမဲ့ အငိုက်မိသွားသည်ဟု ဆိုပါလျှင် ယခု သိသိကြီးနှင့် ခံရတော့မည် နောက်အစိုးရမှာ နအဖတို့၏ ဆရာ တရုတ်အစိုးရဖြစ်နေသည်ကို နိုဝင်ဘာ ၁၉ နေ့ထုတ် Newsweek မဂ္ဂဇင်းပါ ဆောင်းပါးအရ သိရှိရပါသည်။ ဆောင်းပါး ခေါင်းစဉ်မှာ When Mao Meets YouTube ဖြစ်သည်။

`မော်စီတုန်းနှင့် YouTube တို့ တွေ့ကြလေပြီ´

အိုလံပစ် အားကစားပွဲများတွင် ပြန်လည်ပြောပြစရာ ပုံပြင်များစွာ ကျန်ရစ်တတ်ပါသည်။ လာမည့် နွေရာသီ ပီကင်းအိုလံပစ်ပွဲမှာလည်း စိတ်ဝင်စားဖွယ်ရာ တီဗီထုတ်လွှင့်မှုများနှင့် အမှတ်ရစရာ ဇတ်လမ်းများ ပေါ်လာပါတော့မည်။ သို့သော် ထိုဇတ်လမ်းများသည် အားကစားရုံများအတွင်းက လှုပ်ရှားမှုများထက် လမ်းများပေါ်တွင် ဖြစ်လာဖို့ရှိနေသည်။ ကမ္ဘာတ၀ှမ်းမှ လာရောက်ကြမည့် တက်ကြွသူများ၏ ဆန္ဒပြမှုများကို တရုတ်ရဲများက နှိမ်နင်းပါလိမ့်မည်။ ထိုနှိမ်နင်းမှုများကို ကမ္ဘာတ၀ှမ်း ထုတ်လွှင့်တင်ဆက်မည့်သူများက နာမည်ကျော် သတင်းဌာနကြီးများဟု သင်မထင်လိုက်ပါနှင့်။ ကင်မရာ ဟန်းဖုန်းကိုင်ထားသော အိုလံပစ်ပွဲလာ ပရိသတ်များသာ ဖြစ်မည်။
အိုလံပစ်ပွဲသည် အားကစားသမားများ၏ စွမ်းဆောင်ရည်ကို စမ်းသပ်သည့်ပွဲ ဖြစ်သကဲ့သို့ ခေတ်မီ ဆက်သွယ်ရေးကရိယာများ ကိုင်ဆောင်လာမည့် ပွဲကြည့်ပရိသတ်ကလည်း တရုတ်အစိုးရ၏ ဆန္ဒပြမှု နှိမ်နင်းရေးစွမ်းဆောင်ရည်ကိုလည်း စမ်းသပ်ပါလိမ့်မည်။ ၂၀ ရာစုအဆောင်အယောင်သာရှိသည့် တရုတ် အစိုးရယန္တရားသည် ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ရင်ဆိုင်ရမည့်ပွဲမို့ `မော်စီတုန်းနှင့် YouTube တို့ တွေ့ကြလေပြီ´ ဟု ဆိုနိုင်ပါသည်။
အိုလံပစ်ပွဲပါဝင်ဆင်နွဲမည့် အားကစားသမားများ အပြင်းအထန်လေ့ကျင့်နေသကဲ့သို့ ခန့်မှန်းခြေ ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံအကုန်အကျခံကာ အိုလံပစ်ပွဲ ကျင်းပမည့် တရုတ်အစိုးရကလည်း ပြည်တွင်းပြည်ပ အဖျက်သမားများကို ပြင်းထန်စွာချေမှုန်းရန် ရဲများကို လေ့ကျင့်ပေးနေ ပြီဖြစ်သည်။
တချိန်တည်းတွင် ထိုအဖျက်သမားများကလည်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နေပြီ ဖြစ်သည်။ တရုတ်၏ တိဘက်ဗုဒ္ဓဘာသာအပေါ်နှိပ်ကွပ်မှုများ၊ အဓမ္မလုပ်အားပေးစခန်းများ၊ သေဒဏ်ပေးမှုနှင့် လွတ်လပ် စွာပြောဆိုခွင့်ကို ပိတ်ပင်မှုများကို ကမ္ဘာက သိမြင်လာနိုင်ရေးအတွက် အိုလံပစ်ပွဲနှင့် ချိန်ကိုက် ဖေါ်ထုတ်နိုင်ရန် ချက်သမ္မတနိုင်ငံ ပရာ့ဟ် အခြေစိုက် အိုလံပစ်စောင့်ကြည့်ရေး အစိုးရမဟုတ်သည့် အဖွဲ့က ၂၀၀၁ ခုနှစ် မှစကာ ဆောင်ရွက်နေပြီ ဖြစ်သည်။ Darfur အရေးလှုပ်ရှားသူများကလည်း တရုတ်၏ ဆူဒန်အစိုးရအပေါ် ထောက်ပံ့ နေမှုများ ရပ်ဆိုင်းရန်အတွက် Genocide Olympics ဟု ကြွေးကြော်ထားသည်။ ထို့အတူ မြန်မာ့အရေးလှုပ်ရှား သူများကလည်း လတ်တလော မြန်မာပြည်တွင် သံဃာတော်များ သတ်ဖြတ်ခံရမှုတွင် တရုတ်နိုင်ငံ၏ တာဝန် ရှိမှုကို ဖေါ်ထုတ်ရန်အတွက် Saffron Olympics အမည်ဖြင့် စတင်လှုပ်ရှားလာပြီ ဖြစ်သည်။
နွေရာသီနီးကပ်လာသည်နှင့်အတူ ထိုလှုပ်ရှားမှုများမှ ပိုမိုအရှိန်အဟုန်မြင့်လာမည် ဖြစ်သည်။ အားကစားပွဲများ စတင်သည်နှင့် တပြိုင်နက် တရုတ်အစိုးရအနေဖြင့် ပီကင်းသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသားများထဲမှ လူ့အခွင့်အရေး လှုပ်ရှားသူများကို ခွဲခြားဖော်ထုတ်ရန် ခက်ခဲလိမ့်မည်။ ခရစ်ယာန် ဘာသာရေး အုပ်စုနှင့်အတူပါလာမည့် တရုတ်၏ ကိုယ်ဝန်သားဖျက်ချမှုအပေါ် ဆန့်ကျင်ဆန္ဒပြမည့် ဒိန်းမတ် အမျိုးသမီးကိုသော်လည်းကောင်း၊ သာမာန် ဇနီးမောင်နှံဟု ထင်ရသော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ အဖွဲ့ဝင်ဖြစ်နေမည့် သြစတေလျစုံတွဲကိုသော်လည်းကောင်း တရုတ်အစိုးရအနေနှင့် ခွဲခြားစောင့်ကြည့်ရန် ခက်ခဲပါလိမ့်မည်။
သက္ကရာဇ် ၂၀၀၀ ခုနှစ် အိုလံပစ်ပွဲ ကျင်းပခွင့်ရရန် ယှဉ်ပြိုင်လျှောက်ထားစဉ်က လက်ရှိအနေအထား တွေကို တရုတ်အစိုးရ ကြိုတင်မြင်နိုင်စွမ်းမရှိခဲ့ပါဟု ဆိုလျှင် မှားမည်မဟုတ်ပါ။ ၇ နှစ်အတွင်း ကမ္ဘာကြီး လျင်မြန်စွာ ပြောင်းလဲလာခဲ့ပါသည်။ လွန်ခဲ့သည့် ၇ နှစ်အတွင်းက တရုတ်ကုမ္မဏီများလည်း မကောင်းဆိုးဝါး နိုင်ငံများအပေါ် ရင်းနှီးမြုပ်နှံမှု များစွာ မရှိသေးပါ။ နောက်တခု လျင်မြန်စွာပြောင်းလဲခြင်းမှာ တရုတ်ပြည်တွင်း မိုဘိုင်းဖုန်း သုံးစွဲသူ အလွန်အမင်း များပြားလာခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ဆဲလ်ဖုန်းသုံးစွဲသူ သန်း ၁၄၀ ခန့်ရှိရာမှ ယခုအခါ သန်း ၆၀၀ ထိ တိုးတက်လာခဲ့သည်။ အင်တာနက်သုံးစွဲသူဦးရေမှာလည်း ၂၀၀၀ ခုနှစ်တွင် ၁၇ သန်းသာရှိခဲ့ရာမှ ယခုအခါ ၁၆၂ သန်းထိ များပြားလာနေသည်။ ဘလော့ဂ်များ၊ chat rooms များ၊ social networks များနှင့် အခြား အွန်လိုင်းဆိုင်ရာ ကွန်ယက်များမှာလည်း ရေတွက်၍မရနိုင်လောက်အောင်ပင်။ လွန်ခဲ့သည့် သုံးနှစ်က မပေါ်သေးသည့် Youtube ဆိုသည်မှာလည်း ယခုအချိန်မှာ အာဏာရှင် အစိုးရများ အတွက်တော့ မရဏ ထောင်ချောက်သဖွယ်ဖြစ်နေသည်။ ထို့ကြောင့်လည်း ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက် လာပါက တကမ္ဘာလုံးက အချိန်တိုအတွင်း သိရှိသွားမည်ကို တရုတ်အစိုးရအနေဖြင့် မည်သို့မျှ တားဆီးနိုင် တော့မည် မဟုတ်ပါ။
တရုတ်အစိုးရမှာ ရွေးချယ်စရာတခုတော့ ရှိပါသည်။ တောင်းဆိုမှုများကို တတ်နိုင်သမျှ ငြင်သာစွာ လိုက်လျောပေးရန်ဖြစ်သည်။ ထိုလမ်းကို တရုတ်တို့လည်း မြင်ပါသည်။ ဒါကြောင့်လည်း Darfur တွင် အပြည် ပြည်ဆိုင်ရာငြိမ်းချမ်းရေးတပ်များ ချထားခြင်းကို လက်ခံရန် ဆူဒန်အစိုးရအား တရုတ်က နားချနေခြင်း ဖြစ်သည်။ တောင်းဆိုမှုတိုင်းကို လိုက်လျောရန်တော့ မဖြစ်နိုင်ပါ။ အစိုးရနှင့် နိုင်ငံရေးစနစ် ပြောင်းလဲရန် တောင်းဆိုလာပါက တရုတ်အစိုးရအနေဖြင့် ဖြိုခွင်းရန်မှတပါး အခြားရွေးစရာ လမ်းမရှိပါ။ အများပြည်သူ၏ အာရုံဖမ်းစားမှုကို ရယူနိုင်စွမ်းရှိသည့် တသီးပုဂ္ဂများ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ သည် ဗဟိုချုပ်ကိုင်မှုဖြင့် အုပ်ချုပ်ထားသော တရုတ်ကွန်မြူနစ်အစိုးရအား စိတ်အနှောက်အယှက် ဖြစ်စေမှာတော့ သေချာနေပါသည်။
၂၀၀၈ အိုလံပစ်သည် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်ရမည့် ပွဲဖြစ်သည်ဟု ကျင်းပသူများက ကတိပေးထားသည့်အတိုင်း ကမ္ဘာကြီးက စောင့်ကြည့်နေပါတော့မည်။ ။


စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးဖြစ်သည်ဟု ယူဆပါသဖြင့် မိမိဘလော့တွင် ပို့စ်တင်ရန် ကြိုးစား ဘာသာပြန် လိုက်ခြင်း ဖြစ်ပါသည်။

Sunday, November 11, 2007

ရှင်ဂန်း ခရီးသွားဇုံ အဖွဲ့ဝင်သစ်ဖြစ်လာသော နိုင်ငံများ

ဒီဇင်ဘာ ၂၀ ရက်နေ့ ညမှစ၍ ပိုလန်၊ ဟန်ဂေရီ၊ ချက်သမတနိုင်ငံ အစရှိသော အီးယူနိုင်ငံသစ် ကိုးနိုင်ငံမှ နိုင်ငံသားများသည် အိမ်နီးချင်း အီးယူအဖွဲ့ဝင်ဟောင်း နိုင်ငံများသို့ တံခါးမရှိ ဓားမရှိ ၀င်ရောက်သွားလာ နိုင်တော့မည်ဖြစ်သည်။
ဗီဇာမလိုပဲ သွားလာနိုင်သော ရှင်ဂန်းသဘောတူညီချက် လက်မှတ်ထိုးထားသည့် နိုင်ငံများမှာ လက်ရှိတွင် အီးယူ ၁၃ နိုင်ငံနှင့် အီးယူအဖွဲ့ဝင်မဟုတ်သည့် နော်ဝေ နှင့် အိုက်စလန် အပါအ၀င် စုစုပေါင်း ၁၅ နိုင်ငံရှိသည်။ မကြာသေးမီက အဖွဲ့ဝင်ဖြစ်လာသော အီးယူနိုင်ငံသစ် ကိုးနိုင်ငံနှင့် ပေါင်းလျှင် ရှင်ဂန်း နိုင်ငံ ၂၄ နိုင်ငံဖြစ်လာ တော့မည်။ အီးယူနိုင်ငံအသစ် ကိုးနိုင်ငံမှာ Czech Republic, Estonia, Hungary, Latvia, Lithuania, Malta, Poland, Slovakia နှင့် Slovenia တို့ ဖြစ်ကြသည်။

Source: http://www.urban.dk/article/20071108/pcudland/711080375/

ရွှေဝါရောင်တော်လှန်ရေး နှင့် ရွှေဝါရောင် သတင်းကွန်ယက်

အာဟာရစာစောင် အမှတ်စဉ် (၈၁) တွင် ဆရာဇင်လင်းက `ရွှေဝါရောင်တော်လှန်ရေး နှင့် ရွှေဝါရောင် သတင်းကွန်ယက်´ အမည်ဖြင့် အထူးဆောင်းပါး ရေးထားသည်ကို ဖတ်ရှုရပါသည်။ `ရွှေဝါရောင် တော်လှန်ရေး´ တွင် တတတ်တအား ပါဝင်ခဲ့သည့် မြန်မာဘလော့ဂါများအား မှတ်တမ်းတင် ဂုဏ်ပြုရေးသားသည် ဟု ဆရာက ဆိုသည်။ ဆောင်းပါးအစတွင် နိုင်ငံရေးအကျဉ်းသားဘ၀ဖြင့် အင်းစိန်ထောင်တွင်း သတင်းစာ ထုတ်သည့် အတွက် စစ်ခွေးတိုက်တွင် အပြစ်ပေးခံရပုံကို ရေးထားသည်။ ထောင်တွင်းနေစဉ်က သတင်း ငတ်မွတ်ခဲ့ပုံ၊ တိုင်းပြည်တပြည်အတွက် သတင်းအရေးကြီးပုံတို့ကို ဆောင်းပါး ပထမပိုင်းတွင် ဖတ်ရပါသည်။ ယခု ထိုဆောင်းပါးကို ကျနော့်ဘလော့တွင် ပြန်ဖော်ပြသည့်အခါ ဇော်ဂျီဖြင့် စာပြန်ရိုက်ရမည်ဖြစ်သည့် အတွက် ဆောင်းပါးဒုတိယပိုင်းဟု ဆိုရမည့် ရွှေဝါရောင် တော်လှန်ရေးကြီးတွင် မြန်မာဘလော့ဂါတို့၏ အခန်းကဏ္ဍကိုသာ ကူးယူဖော်ပြပါသည်။ ဆောင်းပါး တခုလုံးကို ဖတ်ရှုလိုလျှင် အာဟာရစာစောင်များကို အင်တာနက် စာမျက်နှာ http://www.aaharasazaung.com/ သွားယူနိုင်ပါသည်။

ရွှေဝါရောင်တော်လှန်ရေး နှင့် ရွှေဝါရောင် သတင်းကွန်ယက်

စစ်အာဏာရှင်နှင့် ရဟန်းရှင်လူပြည်သူလူထု၏ ထိပ်တိုက်အားပြိုင်ပွဲတွင် သင်ဘယ်ဘက်က ရပ်မှာလဲဟု အမေးခံရသကဲ့သို့ သမိုင်းအဖြစ်အပျက်တို့က တွန်းပို့လိုက်သည်။ စစ်တပ်က သေနတ်လည်း သုံးသည်။ ဗာလနံ လူမိုက်အုပ်စုကိုလည်း တုတ်ဓားလက်နက် တတ်ဆင်ပေးကာ လူထုကို တိုက်ခိုက်စေသည်။ လူထုက ဘာလက် နက်မျှ မကိုင်ဆောင်၊ အကြမ်းမဖက်ရေးလက်နက်နှင့် သတင်းနည်းပညာလက်နက်ကိုသာ ကိုင်ဆောင်ကြ သည်။ နိုင်ငံတကာတွင် မကြုံဘူးသော ကိစ္စဟုဆိုနိုင်သည်။ ခေတ်ပေါ်အိုင်တီ ပစ္စည်းများဖြစ်သော လက်ကိုင် ဖုန်း၊ ဒစ်ဂျစ်တယ်ကင်မရာ၊ ကမ်ကော့ဒါတို့ကို အသုံးပြု၍ လူထုကိုယ်တိုင် စစ်မြေပြင်သတင်းထောက်များ သဖွယ် သတင်းများ သက်စွန့်ဆံဖျား ရယူခဲ့ကြသည်။ ပရော်ဖက်ရှင်နယ်သတင်းထောက်ကြီးများကပင် ထိုလူထု သတင်းထောက်တို့ထံမှ သတင်းဦး သတင်းထူးများ ပြန်လည် ရယူခဲ့ကြရသည်။ ဤနေရာတွင် ကွန်ပျူ တာနှင့် အင်တာနက်၏ ထိရောက်မှုအစွမ်းကို အံ့မခမ်းတွေ့ကြရသည်။ စစ်ရေးကျွမ်းကျင်သူ ဗိုလ်ချုပ်ကြီးတို့ အလစ်အငိုက်မိကာ အလဲထိုးခံလိုက်ရသည်။ အလဲထိုးတိုက်ပွဲတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြသူများမှာ မြန်မာ ဘလော့ဂါ များ ဖြစ်သည်။
`ရွှေဝါရောင်တော်လှန်ရေး´ မတိုင်မီကတည်းက အင်တာနက်လှိုင်းပေါ်၌ နိုင်ငံတကာ ဘလော့ဂါများ နှင့် အတူ မြန်မာဘလော့ဂါများလည်း ရာနှင့်ချီ၍ နေရာယူနေကြပြီဖြစ်သည်။ ဘလော့ဂ်များသည် ပရော်ဖက်ရှင် နယ် မီဒီယာများနှင့်မတူ၊ ပိုမို၍ လွတ်လွတ်လပ်လပ်ရှိပေသည်။ ခေတ်လူငယ် အများစုသည် သူတို့၏ အတွေး အခေါ် အယူအဆခံစားချက်များကို လွတ်လွတ်လပ်လပ် တင်ပြနိုင် အမြင်ဖလှယ်နိုင်ရန် ကိုယ်ပိုင်ဘလော့ဂ်များ တည်ဆောက်ထားကြသည်။ လူငယ်ပီပီ တတ်နိုင်သမျှ အမှန်တရားကို ဖေါ်ထုတ်ရန် အားထုတ်ထားကြသည်။ သတင်းအချက်အလက် အမှန်များကိုလည်း တတ်နိုင်သမျှ ရှာဖွေကြ၊ ဖလှယ်ကြကာ သူတို့ ဘလော့များ၌ တင်ထားကြသည်။
`ရွှေဝါရောင်တော်လှန်ရေး´ ဖြစ်လာသောအခါ မြန်မာဘလော့ဂါအများစုမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော် အရှင်သူမြတ်အပေါင်း၏ မေတ္တာကို အရင်းခံသော `ပတ္တနိက္ကုဇ္ဇန´ကံဆောင် သပိတ်ထောက်ခံရေးဘက်က ရပ်တည်ခဲ့ကြသည်။ သပိတ်တိုက်ပွဲပြင်းထန်လာချိန် တွင် မြန်မာပြည်တွင်းမှ သတင်းအချက်အလက်အမှန်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ မိနစ်တိုင်း၊ နာရီတိုင်း၌ လူထုသတင်းထောက်များထံမှတဆင့် မြန်မာဘလော့ဂါများထံ ရောက်ရှိလာသည်။
ဤသို့ဖြင့် တက်ကြွလှုပ်ရှားသူများ၊ လူထုသတင်းထောက်များ၊ ဘလော့ဂါများ အချိတ်အဆက်မိမိ သတင်းအင်တာနက်ကို လူထုတိုက်ပွဲလက်နက်သဖွယ် အသုံးပြုနိုင်ခဲ့သည်။ နောက်ဆုံးသတင်း အခြေအနေမှန် ကို သိရှိရန် အင်တာနက်ကို လက်လှမ်းမှီသော လူထုနှင့်တကွ နိုင်ငံတကာ သတင်းအေဂျင်စီများကပါ မြန်မာ ဘလော့ဂါများ၏ ဘလော့များကို အချိန်ပြည့် အာရုံစိုက်ခဲ့ကြရသည်။ `ရှစ်ဆယ့်ရှစ်အရေးတော်ပုံ´ နှင့် မတူ ခြားနားသည့် `ရွှေဝါရောင်တော်လှန်ရေး´ ၏ ထူးခြားချက်မှာ သတင်းမီဒီယာခေတ်၏ အထောက်အပံ့ကို ကောင်းစွာရရှိခြင်းဖြစ်သည်။ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း စစ်အာဏာရှင်တို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုး ဖောက်မှုများကို အထောက်အထားခိုင်လုံစွာ နိုင်ငံတကာသို့ တင်ပြနိုင်ခဲ့သည်။ လူထုသတင်းထောက်များ၏ လက်ကိုင်ဖုန်းများမှ တဆင့် စစ်တပ်၏ အကြမ်းဖက်ဖြိုခွဲသည့် သေနတ်သံ မျက်ရည်ယိုဗုံးသံ ရိုက်သံနှက်သံ ဆဲဆိုသံများကို ကမ္ဘာက ကြားခဲ့ရသည်။ အသက်ငါးဆယ်အရွယ် ဂျပန်ဓာတ်ပုံသတင်းထောက် Kenji Nagai အား စစ်သားတဦးက သွေးအေးအေးဖြင့် ပစ်သတ်ခဲ့ပုံကိုလည်း CNN, BBC, Al Jazeera သတင်းဌာနများနှင့် အတူ မြန်မာဘလော့ဂါများက လျှင်မြန်စွာ တင်ပြနိုင်သည့်အတွက် ကမ္ဘာက သတင်းအမှန်ကို ချက်ချင်း သိကြရသည်။ မြန်မာစစ်အာဏာရှင်တို့ နိုင်ငံတကာအား လိမ်၍မရ လှည့်၍မရ ဖြစ်ခဲ့ရသည်။
ထို့ကြောင့်ပင် ယနေ့မြန်မာ့ပြဿနာအား ကမ္ဘာက ဥပေက္ခာပြု၍ မရသည့် အခြေအနေသို့ ရောက်ရှိ လာခြင်းဖြစ်သည်။ ဤသည်ကို အငြိုးထား၍ နအဖက သတင်းသမားများကို ရန်သတ္တုပြုခဲ့သည်။ `ရွှေဝါရောင် တော်လှန်ရေး` ကို စစ်တပ်ကဖြိုခွဲသောအခါ ပရော်ဖက်ရှင်နယ် သတင်းထောက်များကိုသာမက၊ လူထု သတင်းထောက်များကိုပါ ပစ်မှတ်ထား ချေမှုန်းခဲ့သည်။ ကင်မရာပါသူ၊ လက်ကိုင်ဖုန်းပါသူများကို အဓိက ပစ်မှတ်ထားကြောင်း တွေ့ရသည်။ အင်တာနက်ကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်။ သို့သော် မြန်မာဘလော့ဂါ များက မလျော့သောဇွဲဖြင့် အင်တာနက် ရနိုင်သည့် နေရာဌာနများနှင့် ဆက်သွယ်ကာ သတင်းအမှန်စီးကြောင်း မပြတ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ တချိန်တည်းတွင် စစ်အုပ်စုဘက်သား ဘလော့ဂါတချို့ကလည်း သတင်း အမှားများနှင့် တန်ပြန်ရန် ကြိုးစားသည်ကို တွေ့ရသည်။
သို့သော် နိုင်ငံတကာမြန်မာ ဘလော့ဂါများက ထိုအလိုတော်ရိ ဘလော့ဂါများ၏ မရိုးသားမှုကို ဖွင့်ချနိုင် ခဲ့သည်။ ထို့ကြောင့် မြန်မာဘလော့ဂါတို့၏ အခန်းကဏ္ဍကို CNN, BBC, Al Jazeera စသော သတင်းအေဂျင်စီ များကပင် အသိအမှတ်ပြုကြရသည်။ မြန်မာဘလော့ဂါ ကိုထိုက် အား တီဗီအင်တာဗျူး လုပ်၍ မှတ်တမ်းတင်ခဲ့ ကြသည်။ ဤသည်ကို ထောက်၍ `ရွှေဝါရောင်တော်လှန်ရေး´ နှင့် အတူ မြန်မာသတင်းမီဒီယာ တခေတ်ဆန်း ခဲ့သည်ဟု ဆိုနိုင်ပေသည်။ အထူးသဖြင့် တက်ကြွလှုပ်ရှားသူများ၊ လူထုသတင်းထောက်များ၊ ဘလော့ဂါများ၏ အချိတ်အဆက်မိမိ သတင်းအင်တာနက်ကွန်ယက် ဖွဲ့၍ လူထု၏ နားမျက်စိသဖွယ် ဆောင်ရွက်သွားနိုင်မှုမှာ မြန်မာနိုင်ငံ၏ Freedom of Expression လှုပ်ရှားမှုအတွက် မှတ်သားဖွယ် အချက်ဖြစ်သည်။
အကျိုးဆက်မှာ ပြည်တွင်းရော ပြည်ပတွင်ပါ လူထု သတင်းထောက်များနှင့် ဘလော့ဂါများ၏ ကြိုးပမ်း ချက်ကြောင့် `နအဖ´ အထီးကျန်ဖြစ်သွားခဲ့သည်။ `ရွှေဝါရောင်တော်လှန်ရေး´ စိတ်ဓါတ်ကို စစ်အာဏာရှင်တို့ က သေနတ်ဖြင့် ပစ်သတ်ရန် ကြိုးပမ်းချက်မှာလည်း အချည်းနှီးဖြစ်သွားသည်။ လူထုသတင်းထောက်များနှင့် ဘလော့ဂါများ၏ သတင်းမှန်များ၏ သက်ရောက်မှုကြောင့် စစ်တပ်အတွင်း၌လည်း စိတ်ဓါတ်ရေးရာအရ အကြီးအကျယ် ကွဲပြဲအထိနာခဲ့ရပြီ။ နအဖတပ်မှ ဗိုလ်မှုးတဦးနှင့် လန်ဒန်မြန်မာသံရုံးမှ ဒုတိယအတွင်းဝန်တဦး တို့ ဘက်ပြောင်းလာသည့် သာဓက၏ နောက်ကွယ်တွင် ထောက်ခံသူမဲ့နေသော စစ်အာဏာရှင်စနစ်၏ ကျဆုံးခန်းကို မြင်နေရသည်။ ထိုအခြေအနေသို့ ရောက်မှ အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ပါမည်ဟု ဆိုလာသည်။ အာဏာရှင်အဖို့ သူလုံးဝမလိုလားသော တွေ့ဆုံဆွေးနွေးရေးကို စကားစပျိုး လာရခြင်းမှာ သူ့ဘက်၌ နောက်ဆုတ်စရာ လမ်းမရှိတော့၍ ဖြစ်သည်။
`ရွှေဝါရောင်တော်လှန်ရေး´နှင့် အတူ မြန်မာသတင်းသမားများ မြန်မာဘလော့ဂါများ၊ လူထုသတင်း ထောက်များက အာဏာရှင့် မျက်နှာဖုံးကို ခွာချနိုင်ခဲ့၍လည်းဖြစ်သည်။ ဂုဏ်သိက္ခာမဲ့ စက်ဆုတ်ဖွယ်ရာ စစ်အာ ဏာရှင်၏ ဘီးလူးရုပ်လုံးကို အထင်းသားပေါ်အောင် ခွာချနိုင်ခဲ့သည်။
`ရွှေဝါရောင်သတင်းကွန်ယက်´ တွင် တက်တက်ကြွကြွ ပါဝင်ခဲ့သူအပေါင်းအား ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။ ။

Saturday, November 3, 2007

မြန်မာပြည်မှ သံဃာတော်များ လမ်းပေါ်ပြန်ထွက်လာကြပြီ


ဗုဒ္ဓဟူးနေ့က ပခုက္ကူမှာ သံဃာတစ်ရာကျော်ခန့် ဆန္ဒပြလမ်းလျှောက်ခဲ့ကြသည်ဟု သတင်းဌာနများမှ ကြေညာသွားသည့်အတိုင်း နိုဝင်ဘာလ ၁ ရက် ကြာသာပတေးနေ့ထုတ် ဒိန်းမတ်သတင်းစာများတွင် လည်း ဖေါ်ပြခဲ့သည်ကို တွေ့ရပါသည်။
ပခုက္ကူတွင် ဖြစ်ပွားခဲ့သည့်အတွက် သတင်းဓာတ်ပုံဖေါ်ပြနိုင်သည်ကိုတော့ မတွေ့ရပါ။ ဘာပဲဖြစ်ဖြစ် ရဲစွမ်းသတ္တိရှိ၍ တိုင်းပြည်ကိုကယ်တင်လိုသော သံဃာတော်တို့၏ လှုပ်ရှားမှုကို ကမ္ဘာကြီးက စောင့်ကြည့်နေကြောင်း အလွန်ထင်ရှားနေပါသည်။

Saturday, October 27, 2007

အိမ်နီးချင်းကောင်း မရှိလေသော...

ရွှေဝါရောင်တော်လှန်ရေးကြီး ကမ္ဘာကို ပြန့်ထွက်လာတော့ ဒိန်းမတ်က သတင်းစာတွေမှာ အဲဒီအကြောင်းကို ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ သတင်းရေးပါတယ်။ FM ရေဒီယိုကလည်း ကြေညာနေသလို တယ်လီဗေးရှင်း မှာလည်း ပြသနေပါတယ်။ အလုပ်ထဲက ကင်တင်းမှာ ဒိန်းမတ်အလုပ်သမားတွေနဲ့ အဲဒီအကြောင်း ပြောဖြစ်တော့ တယောက်က `မင်းဒီကို ရောက်နေတာ ကံကောင်းတာပေါ့´ တဲ့။ ကိုယ့်မိသားစု တခုတည်းပဲ အတွက်ဆိုရင် ဟုတ်တာပေါ့လေ။ ကိုယ့်နိုင်ငံကိုလည်း ကောင်းစေချင်သူဆိုတော့ မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်စေချင်ပါတယ်။ နောက်အလုပ်သမားတယောက်ကတော့ `၈၈ တုံးက ပစ်တာ လူသုံးထောင် သေတယ်၊ အခုလည်း ပစ်လိမ့်မယ်နဲ့ တူတယ်´ လို့ သူ့အမြင်ကို ပြောပါတယ်။ နောက်တဦးက တော့ မင်းတို့ကို ကူညီမယ့် အိမ်နီးနားချင်း မရှိဘူးလား´ လို့ မေးပါတယ်။ သူဆိုလိုတာတော့ အခုလို လက်နက် နဲ့ မတရား ဖိနှိပ်တာကို အိမ်နီးချင်း စစ်တပ်က ၀င်လာပြီး ပြည်သူကို ကာကွယ်ပေးတာမျိုး ဆိုလိုတာပါ။ အားလုံး သိတဲ့အတိုင်း မြန်မာပြည်တည်ရှိရာ အရှေ့တောင်အာရှမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထက် စီးပွားရေး အမြတ်အစွန်းကိုသာ အဓိက ထားကြတာဆိုတော့ ခက်သားပဲ။
ရဟန်းရှင်လူ ပြည်သူကို သတ်ဖို့ ရန်ကုန်မြို့ထဲဝင်လာတဲ့ စစ်ကားတွေဟာ တရုတ်က လုပ်တာပါ။ တရုတ်နဲ့ စစ်လက်နက်ပစ္စည်းအရောင်းအ၀ယ် လုပ်တိုင်း စင်္ကာပူဘဏ်တွေကတဆင့် ငွေချေရပါတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ကုန်သည်ကြီးများအသင်းကလည်း ကုန်မသွယ်ရရင် စိတ်မကောင်းတွေ ဖြစ်လို့။ မလေးရှားကတော့ မြန်မာကို အာဆီယံထဲဦးဆောင်ပြီး သွင်းခဲ့သူ၊ အိန္ဒိယကလည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေ စီနိုင်ငံသာ ဆိုတယ် မြန်မာပြည်က စွမ်းအင်ရင်းမြစ်တွေကို အမြတ်ထုတ်ချင်နေပြန်ရော ဆိုတော့ အဖိနှိပ်ခံ ပြည်သူတွေမှာ အမိမဲ့သား ရေနဲငါး လိုဖြစ်နေရတာ ကြာပါပြီ။
အခု နိုင်ငံတကာရှေ့မှာ လူသတ်ပြလိုက်တော့မှ အာဆီယံလည်း စစ်အစိုးရ ဘယ်လောက်မိုက်ရိုင်းသလဲဆိုတာ မျက်ဝါးထင်ထင် ရှိလာပြီမို့ အခုနောက်ပိုင်း မလေးရှားရောက် မြန်မာတွေ သံရုံးရှေ့တွေမှာ ဆန္ဒပြတဲ့အခါ ရဲက မဖမ်းတော့တာပါ။ စင်္ကာပူ လွှတ်တော်ထဲမှာလည်း အမတ်သုံးယောက်ကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စင်္ကာပူ နိုင်ငံဂုဏ်သိက္ခာထိခိုက်နိုင်တာကို မေးခွန်းထုတ်ပြီလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် စင်္ကာပူအစိုးရ ကတော့ မြန်မာပြည်က ဗိုလ်ချုပ်ကြီးတွေ ဆေးလာကုရင် လက်ခံနေအုံးမယ်၊ ဗိုလ်ချုပ်ကြီးတွေ ပါလာတဲ့ ဒေါ်လာတွေကို လက်ခံသိမ်းဆည်းထားပေးမယ်၊ ခိုးလာတဲ့ ကျောက်မျက်ရတနာတွေကို ထုခွဲပေးမယ်။ ဒါတွေကို လုပ်နေအုံးမှာပါပဲ။
အိမ်နီးချင်း မကောင်းပေမယ့်လည်း မြန်မာ့အရေးကို ထောက်ခံအားပေးနေတဲ့ ကမ္ဘာ့ပြည်သူတွေရှိပါသေးတယ်။ မြန်မာပြည်ဟာ ကိုယ့်ကိုယ်မွေးဖွားရာ တိုင်းပြည်ဖြစ်လေတော့ ကျနော်တို့တွေလည်း ပြည်ပရောက်နေပေမယ့် မြန်မာ့အရေးဆိုရင်တော့ အမြဲအသင့်ရှိနေအုံးမှာပါပဲ။ ။
(အလုပ်တဖက်၊ ကျောင်းကတက်နဲ့ သတင်းတွေဖတ် ဘလော့တွေဖတ်ရင်း ကိုယ့်ဘလော့မှာတော့ ဘာမှ မရေးဖြစ်တာကို စာရေးဖို့ သတိပေးတဲ့ `ဇာမဏီရိုင်း´ ကို ကျေးဇူးတင်ရှိပါကြောင်း)

Wednesday, October 3, 2007

International Bloggers' Day for Burma




Free Burma!

ဒိန်းမတ် မှ ပင်စင်စုငွေများ

ဒိန်းမတ်ပင်စင်စုငွေများမြန်မာစစ်အစိုးရကိုသွယ်ဝိုက်ထောက်ပံ့နေ


ဒိန်းမတ်နိုင်ငံ၏ လူဦးရေ ၄.၄ သန်းသည်
Arbejdsmarkedets Tillægspension (ATP) ခေါ် ပင်စင်စုငွေများ လစဉ်ထည့်ဝင်ကြရသည်။ ယခုအခါ ထိုစုငွေများသည် ပြင်သစ်ပိုင် တိုတယ်ရေနံကုမ္မဏီ၌ အစုရှယ်ယာ ၀င်ထားသဖြင့် ထိုမှရရှိသော အမြတ်အစွန်းသည် မစားထိုက်သောငွေဖြစ်ကြောင်း ဝေဖန်ပြောကြားချက်များ ပေါ်ထွက်လာနေပါသည်။
အကျယ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Tuesday, October 2, 2007

ဒိန်းမတ်မှ ထောက်ခံပွဲ

သက္ကရာဇ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက် စနေနေ့ နေ့လည် ၁၂ နာရီမှာ စတင်ကျင်းပတဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးပွဲကို ကျနော်ရောက်သွားခဲ့ပါတယ်။ ကိုပင်ဟေဂင်မှာရှိတဲ့ ဒိန်းနစ်ရှ် ဘားမား ကော်မတီက ကြီးမှူးကျင်းပတဲ့အတွက် ဒိန်းမတ်ရောက် မြန်မာနိုင်ငံသားတွေအပြင် ဒိန်းမတ်လူမျိုးတွေလည်း လာရောက် ပူးပေါင်းပါဝင်တာကို တွေ့ရပါတယ်။
အခန်းအနားစတော့ ဒိန်းနစ်ရှ် ဘားမားကော်မတီ က နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ နောက်တော့ ဒီနေ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေမှာ စစ်အစိုးရ ရဲ့ မတရားဖိနှိပ်မှုတွေကို ရှုတ်ချကြောင်းပြောဆိုပါတယ်။ မြန်မာနိုင်ငံအရေးကို ဒိန်းမတ်လူမျိုးတွေက ဘာလုပ်ပေးနိုင်မလဲ၊ အပြည်ပြည်ဆိုင်ရာကရော ဘာတွေ ကူညီနိုင်မလဲ ဆိုတာကိုလည်း ထည့်ပြောသွားပါတယ်။
တယ်လီဗေးရှင်းဌာနတွေက လာရောက်ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ ပြီးတော့ ဗီအိုအေ၊ ဘီဘီစီ စတဲ့ သတင်းဌာနတွေနဲ့ အင်တာဗျူးနေတာတွေလည်း ကြားရပါတယ်။ ကျနော်ကတော့ အခမ်းအနား ကျင်းပရာ ကိုပင်ဟေဂင် မြို့တော်ခန်းမရှေ့မှာ လက်ကိုင်ကွန်ပြူတာနဲ့ ၀ါယာလက်စ်အင်တာနက်ကို ချိတ်ဆက် အသုံးပြုနိုင်ဖို့ ကြိုးစားရင်း တဖက်ကလည်း အခမ်းအနားကို ဓါတ်ပုံ နဲ့ ဗီဒီယို ရိုက်ကူးရင်း အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။ ၀ါယာလက်စ် ကိုလည်း လေဟာပြင်မှာ တခါမှ မသုံးဘူးလေတော့ ဟိုမေးဒီမေး လုပ်နေရပါသေးတယ်။ ၀ါယာလက်စ် လည်းရ မိုးကလည်း ရွာချလေတော့ ဘာမှ မလုပ်လိုက်ရပါဘူး။ ဗီဒီယို ရိုက်လာလေးတွေကိုလည်း အင်တာနက်မှာ တင်ဘို့ အချိန် နှစ်ရက်လောက် ယူရပါတယ်။ အရင်က လုပ်ဘူးတာလည်း မဟုတ်တော့ စမ်းတ၀ါးဝါးပဲပေါ့။ ဒီကြားထဲမှာ ပြည်တွင်း သတင်းတွေကိုလည်း မပြတ်စောင့်ကြည့်နေရသေးတယ်လေ။
အခုတော့ တတ်သမျှမှတ်သမျှနဲ့ လုပ်ထားတာကို အများပြည်သူကြည့်နိုင်အောင် တင်လိုက်ပါပြီခင်ဗျား ။ ။



Wednesday, September 26, 2007

ဦးတင်လှ

ကျနော့်ငယ်သူချင်း သက်လွင်၊ ကိုးတန်းစာမေးပွဲတွေအပြီး ကျနော်တို့ ညီအကို ကိုရင်ဝတ်ကြတော့ သူကလည်း သင်္ကန်းစီးချင်သည်။ သူ့မိဘက နွမ်းပါးလေတော့ ကျနော့် မိခင်ကြီးကပဲ ကမကထလုပ်ကာ ကိုရင်ဝတ်ပေးသည်။ နောက် ကျနော်တို့ လူထွက်တော့ သူက လောကီကို ပြန်မလာတော့ပြီ။ ရဟန်းတက်တော့လည်းး ကျနော့် မိခင်ကြီးကပဲ ရဟန်းဒကာ၊ နောက်သူ့ဆွေမျိုးထဲက တတ်နိုင်သူတွေကလည်း သိက္ခာထပ်ပေးကြသည်။ ကိုရင်ဘ၀က ရှင်သုန္ဒရသည် ဦးသုန္ဒရဖြစ်လာသည်။ ရင်းနှီးသူတွေက ဦးသုန်ဟု ခေါ်ကြသည်။ ကျနော်အိမ်နှင့် အဝေးရောက်နေစဉ် ဦးသုန် အငယ်တန်း အောင်သွားပြီ၊ ဦးသုန် အလတ်တန်းဖြေဖို့ စာသင်တိုက်ပြောင်းသွားပြီ၊ ဦးသုန် ပထမကြီး ဖြေတော့မယ်၊ စသည့် သတင်းများ စဉ်ဆက်မပြတ်ကြားနေခဲ့ရသည်။ တခါတလေ ကျနော် မိဘရပ်ထံ ပြန်ရောက်သည့်အခါ ဦးသုန်နှင့် ဆုံသည့်အခါ ငယ်သူငယ်ချင်းမို့ ရင်းရင်းနှီးနှီး စကားပြောဖြစ်ကြသည်။ သူလိုက်နေသည့် စာတွေအကြောင်းပြောပြသည်။ သူတက်နေသည့် အလုံ အောင်မင်္ဂလာ စာသင်တိုက်ကိုလည်း ကျနော်ရောက်ဘူးသည်။ သူ့ရဟန်းမိတ်ဆွေတွေနှင့် ကျနော့်ကို မိတ်ဆက်ပေးသည်။ သူ့ထံမှ တဆင့် ရွာမပရိယတ္တိစာသင်တိုက်နှင့် စာချဆရာတော် ဦးတိလောက အကြောင်း ကြားဘူးသည်။ ရွာမပရိယတ္တိစာသင်တိုက်၏ အောင်မြင်မှုများနှင့် ဦးတိလောက ကို သူကြည်ညိုသည့် အကြောင်းများဖြစ်သည်။ နောက် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း ဦးသုန်နှင့် တွေ့သည့်အခါ စာချဆရာတော် ဦးတိလောက သံဃာများကံဆောင်သည့် အရေးတွင် လက်မှတ်ထိုးလိုက်သည့်အတွက် နရသိမ်တွင် ၀ါဆိုနေသည့်အကြောင်း၊ တပည့်များ ပစ္စည်းလေးပါး ဒကာများက ထောင်ဝင်စာ သွားတွေ့သည့်အခါ ဦးတိလောက ကို တွေ့လိုသည်ဟု ပြောလျှင်မရ ဦးတင်လှ ဟု ပြောရကြောင်းများ သိရသည်။ နောက် ဆရာတော် ထောင်က လွတ်လာတော့ ဦးတိလောက ပြန်ဖြစ်ကာ စာချ ဆရာတော် အဖြစ် ကျောင်းပြန်ထိုင်သည်။ အဲဒီကျတော့မှ ဒကာအပေါင်းက အတိုးချက သိက္ခာထပ်ပွဲများ ချိမ့်ချိမ့်သဲ ကျင်းပကြသည်ဟု ဦးသုန်ပြောပြ၍ ရွာမပရိယတ္တိဆရာတော် ဦးတိလောက အကြောင်း ကျနော် ကြားဘူးနေသော်လည်း လူကိုယ်တိုင် ဖူးမြှော်ခွင့်တော့ မကြုံခဲ့ဘူးပါ။
လွန်ခဲ့သည့် ၂ ရက်လောက် ခေတ်ပြိုင်ဂျာနယ်အင်တာနက်စာမျက်နှာတွင် ဆောင်းပါးရှင် လွန်းနွေငြိမ်း ၏ `အ၀ီဇိဆိုတာ ကြားဖူးလား´ ဆောင်းပါးသည် ဆရာတော် ဦးတိလောကအကြောင်းကျနော်မသိသေးသည့် အချက်များ ပါသဖြင့် အထူးစိတ်ဝင်စားမိပါသည်။
ထိုနောက် ဦးတိလောကနှင့်အတူ အဖမ်းခံရသည့် ပိဋကတ် ၃ ပုံဆောင် ဦးသုမင်္ဂလ သည် အမရပူရ မဟာဂန္ဓာရုံတိုက်ထွက်ဟု သိရသည်။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသ ဆိုသည်မှာလည်း သာသနာတော်တွင် ထင်ရှားသူ၊ `တဘ၀ သာသနာ´၊ `တဘ၀ သံသရာ´ စာအုပ်များဖတ်ကာ ကျနော် လေးစားကြည်ညိုရသည့် ဆရာတော်ကြီး ဖြစ်လေသည်။ ထိုသို့သာသနာတော်တွင် ထင်ရှားသည့် ဆရာတော်များ၏ ထောင်တွင်းအတွေ့အကြုံများကို သိလိုသော ကျနော့်ဆန္ဒ တစိတ်တပိုင်းကို ပြည့်ဝစေသည့် ဆရာလွန်းနွေငြိမ်းအား အထူးကျေးဇူးတင်မိခြင်းနှင့်အတူ ဆရာ့ ဆောင်းပါးအားလည်း ကျနော့်ဘလော့ဂ်တွင် ထပ်ဆင့်ဖေါ်ပြလိုက်ပါသည်။ ။

Sunday, September 23, 2007

ဒီ အုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး


ဒို့ဗမာပြည်မှာ လက်ရှိ ဒီအုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံးမသွားနိုင်ဘူး။ သွားလို့ရမှာ မဟုတ်ဘူး။ ဒီဗမာပြည်ကြီး ဟာ အင်္ဂလိပ်ဗြိတိသျှလက်အောက်နဲ့ ဂျပန်လက်အောက်တွေမှာ ကျွန်ခံခဲ့ရဖူးတယ်။ ဖဆပလ တို့ မဆလ တို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အဲဒီ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေက သူတို့ ခိုင်မြဲမယ် ထင်သလောက် ဒီမိုကရေစီ ပေးခဲ့ကြတယ်။ ဥပမာ ဗြိတိသျှအင်္ဂလိပ်တွေက သူတို့ခိုင်မြဲမယ် ထင်သလောကလ ဒီမိုကရေစီ ၆၀ ကျပ်သား ၇၀ ကျပ်သား ပေးခဲ့ကြတယ်။ အဲဒါကြောင့် ငါတို့က ဒီမိုကရေစီ အရသာကို ဘယ်လောက်ပေးရင် ဘယ်လောက်ခံစားရတယ်ဆိုတာကို သိလာခဲ့တယ်။ သိလာတော့ တိုးရအောင်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်က တိုက်ယူ တတ်ရမှာပေါ့။ အခုလို ဘယ်လောက်သားမှ မပေး တော့ပဲ ဖိနှိပ်တာမျိုးကိုတော့ အကြာကြီး ခံနိုင်ကြမှာ မဟုတ်ဘူး။

ဒို့မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ အတွေ့အကြုံမျိုးကလည်း ရသင့်သလောက် ရခဲ့ပြီးသား၊ တန်ဖိုးရှိ၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီးသား။ အဲဒါကြောင့် ဒီလက်ရှိ အုပ်ချုပ်ရေး မျိုးက အတိုင်းအတာ တခုထိသာ ခံလိမ့်မယ်။ အတိုင်းအတာမရှိ ခံနေလိမ့်မယ်လို့ မထင်နဲ့။ မျက်မှောက်ခေတ် ကမ္ဘာကြီးကလည်း လုံးလုံး ပိတ်ဆို့ထားလို့ ရတော့တာ မဟုတ်ဘူး။ ဆက်သွယ်ရေး သတင်းနည်းပညာခေတ် ကြီးထဲကို ရောက်လို့နေပြီ။ ကမ္ဘာကြီးထဲက နိုင်ငံအသီးသီးမှာ ဒီနိုင်ငံလို ဒီမိုကရေစီ မရှိတဲ့ နိုင်ငံဆိုတာက လက်ချိုးရေလို့ရတယ်။ ကမ္ဘာ့လူသားတွေကလည်း အဲဒီနိုင်ငံမျိုးကို မျက်လုံးဒေါက်ထောက် ကြည့်နေကြမှာ။

လူထုဒေါ်အမာ

အာဟာရစာစောင် အမှတ် (၇၉) မှ ကူးယူ ဖော်ပြအပ်ပါသည်။ ဒီလို အုပ်ချုပ်ရေးမျိုးနဲ့ ဆက်သွားနိုင်၊ မသွားနိုင် အဆုံးအဖြတ်ပေးရန် အချိန် နီးကပ်နေပြီဟု မျှော်လင့်မိပါကြောင်း ....

Sunday, September 16, 2007

စစ်အေးလွန်ခေတ်မှိုင်းမှုန်ဝေညည်းချင်း

ဆရာမြသန်းတင့် ရဲ့ ဘာသာပြန်လက်ရာတပုဒ်ပါ။

စစ်အေးလွန်ခေတ်မှိုင်းမှုန်ဝေညည်းချင်း

ယခုအချိန်သည် အမေရိကန်ပြည်ထောင်စုနှင့် အရေးကြီးသော အနောက်ဥရောပနိုင်ငံများတွင် ရွေးကောက်ပွဲ နတ်ဖမ်းစားနေချိန်ဖြစ်သည်။ ထိုအချိန်တွင် စစ်အေးတိုက်ပွဲပြီးဆုံးခြင်းကြောင့် ရရှိလာသော ပျော်စရာ အခြေအ နေလေးသည် အငွေ့ဖြစ်ကာ ပျောက်ကွယ်သွားလေပြီ။ အတ္တလန္တိတ် သမုဒ္ဒရာကြီး၏ ကမ်းခြေနှစ်ဖက် (ဥရောပ တိုက်နှင့် အမေရိကတိုက်) တို့သည် တပြိုင်နက်တည်းတွင် ပေါင်းလည်းပေါင်းပြီး ကွဲလည်းကွဲနေကြသည်။ သူတို့နှစ်ဦးသည် သူတို့၏ အနာဂါတ်နှင့် ပတ်သက်၍ အဆိုးမြင်နေကြသည်။ သို့ရာတွင် ထိုသို့သော စိတ်မကောင်းစရာ အခြေအနေသည် သူတို့နှစ်ဦး၏ ပဋိပက္ခကို ဖုံးကွယ်ပေးသကဲ့သို့ ရှိနေသည်။

အမေရိကန်ပြည်ထောင်စုဘက်မှ ကြည့်လျှင် ဥရောပတိုက်သည် စိတ်မချမ်းမြေ့ဖွယ်နှင့် စိတ်အနှောက်အယှက် ဖြစ်ဖွယ်အပေါင်းတို့၏ ရေသောက်မြစ်ဖြစ်နေသည်။ အမှန်အားဖြင့် အမေရိကန်ပြည်ထောင်စုသည် တခုနှင့်တခု ပဋိပက္ခဖြစ်နေသော စိုးရိမ်မှုနှစ်ခုကြားတွင် ဗျာများနေသည်။ အမေရိကန်ပြည်ထောင်စုသည် ဥရောပတိုက်တွင် မည်သည့် အရာအား အကြောက်ဆုံးဖြစ်ရမည်ကို မသိဘဲဖြစ်နေသည်။ ဥရောပတိုက်၏ စီးပွားရေးအင်အားနှင့် အရေးပါမှုကို ကြောက်ရမည်လော၊ အဖျက်စွမ်းအားရှိသည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် အားနည်းမှုကို ကြောက်ရ မည်လော။ အမေရိကန်သည် ဥရောပ၏ ညီညွတ်ရေးကို အားပေးမိလျှင် စည်းလုံးညီညွတ်သော ဥရောပသည် ဖရင်ကင်စတိန်းဖုတ်ကောင်ကြီးဖြစ်လာကာ ကိုယ့်ကို ပြန်စားမည်ကို စိုးရိမ်နေရသည်။ တဖက်တွင်လည်း ဖရိုဖရဲဖြစ်ကာ အကွဲကွဲဖြစ်နေသော ဥရောပသည် စွမ်းအားမဲ့သွားသော အဖြစ်သို့ရောက်သွားလျှင် ဥရောပ၏ တာဝန်အားလုံးသည် သူ့အပေါ်တွင် စုပြုံကျလာမည်ကို အမေရိကန်တို့ စိုးရိမ်ကြောက်လန့်နေကြသည်။

ပင်လယ်ကွေ့စစ်ပွဲနှင့် ယခုဖြစ်ပွားနေသော ယူဂိုဆလားဗီးယားပြည်တွင်းစစ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် သိနိုင် သည်။ ယူဂိုဆလားဗီးယား ပြည်တွင်းစစ်၌ ဥရောပတိုက်သားများသည် ထိုပြည်တွင်းစစ်ကို ရပ်စဲအောင် မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေကြသည်။ ထိုအခါ အမေရိကန်တို့အဖို့ စဉ်းစားစရာ နှစ်ချက်ပေါ်လာသည်။ ပထမ အချက်မှာ အမေရိကန်နိုင်ငံတကာဝါဒသမားတို့၏ အမြင်ဖြစ်သည်။ သူတို့က အမေရိကန်သည် ဥရောပရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်နေဖို့ကောင်းသည်ဟူသော အမြင်ဖြစ်သည်။ နောက်အမြင်တခုမှာ မစွက်ဖက်ရေး ၀ါဒီတို့၏ အမြင်ဖြစ်ပြီး အမေရိကန်သည် ဥရောပရေးရာများတွင် လက်ရှောင်နေဖို့ကောင်းသည်၊ ဥရောပရေးရာ များတွင် ပါဝင်စွက်ဖက်နေခြင်းဖြင့် အကျိုးမထူးနိုင်၊ အမေရိကန်တို့လိုချင်နေသော ဒီမိုကရေစီကို မရနိုင်၊ ဒီမိုကရေစီအစား အကွဲကွဲအပြားပြားဖြစ်နေသော အမျိုးသားရေးဝါဒ၊ လူမျိုးစုဝါဒနှင့် အကြမ်းဖက်မှုတို့ကိုသာ ရနိုင်သည်ဆိုသော အမြင်ဖြစ်သည်။

ဘာလင်တံတိုင်းကြီးပြိုကျသွားစဉ်နှင့် ပင်လယ်ကွေ့စစ်ပွဲ ဖြစ်ပွားစဉ်ကာလတုန်းက အမေရိကန်ပြည်ထောင်စု သည် ယခင်က ပျောက်ဆုံးခဲ့သော သမတ၀ီလဆင်၏လမ်းစဉ်နှင့် ခေါင်းဆောင်မှုကို ပြန်လည်တွေ့ရှိခဲ့ပြီးဟု ထင်စရာရှိသည်။ သို့ရာတွင် ယခုမူ အမေရိကန်သည် အခြားသောကိစ္စများကို ဦးစားပေးနေပြန်လေပြီ။ အမေ ရိကန်ပြည်ထောင်စုသည် ဥရောပတိုက်တွင် လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူပုဂ္ဂိုလ်တို့၏ လွတ်လပ်ခွင့် ကို ဦးစားပေး ရှေ့နေလိုက်ပေးရမည့်အစား (ယခင် ယူဂိုဆလားဗီးယားနိုင်ငံရှိစဉ်ကကဲ့သို့) ငြိမ်ဝပ်ပိပြားမှု နှင့် ယခင်ကကဲ့သို့ ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းရန် စိတ်စောနေသည်။

အမှန်အားဖြင့် အမေရိကန်လိုချင်နေသော အရာမှာ ကိုယ်ကဘာတာဝန်မှ မယူရသော တည်ငြိမ်မှုမျိုး၊ စနစ်ကျမှုမျိုး၊ ငြိမ်ဝပ်မှုမျိုး ဖြစ်ပါသည်။ အချို့သော အမေရိကန်လူမျိုးများက အကန့်အသတ်မရှိသော အမေရိ ကန်၏ အင်အားမျိုးကို စိတ်ကူးယဉ်ကောင်း ယဉ်ကြပါလိမ့်မည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုတွင် ထိုသို့သော တန်ခိုးအာဏာမျိုးကို ထူထောင်ရန်အင်အား မရှိတော့ပါ။ ထူထောင်ရန် ဆန္ဒလည်း မရှိတော့ပါ။ အမေရိကန်သည် ကမ္ဘာတွင် တခုတည်းသော မဟာမိတ်အင်အားကြီးနိုင်ငံအဖြစ် ကျန်ရှိနေခဲ့ခြင်းမှာ မတော် တဆ ဖြစ်ခြင်းသာ ဖြစ်ပါသည်။ ဆိုဗီယက်ယူနီယံ ပြိုကျသွားခြင်း၊ ဂျပန်က မိမိစီးပွားရေး အင်အားကို နိုင်ငံရေး အင်အားအဖြစ် မပြောင်းလဲနိုင်သေးခြင်း၊ ဥရောပနိုင်ငံများက ကမ္ဘာ့ရေးရာများတွင် စည်းစည်းလုံးလုံး မပါဝင်နိုင် သေးခြင်းတို့ကြောင့်သာ ဖြစ်ပါသည်။

တဖက်တွင် ဥရောပနိုင်ငံများသည် အမေရိကန်ပြည်ထောင်စု၏ စိတ်မရှည်မှုနှင့် ဥရောပတိုက်အား လျစ်လျူရှု ထားမှု တို့ကို သတိပြုမိကြသည်။ သို့ရာတွင် သူတို့လည်း အမေရိကန်ပြည်ထောင်စုအပေါ်တွင် မည်သို့ သဘောထားသင့်သနည်း ဆိုသော ကိစ္စ၌ တဦးနှင့်တဦး မညီညွတ်နိုင်ဘဲ အကွဲကွဲအပြဲပြဲ ဖြစ်နေကြသည်။ သူတို့သည် ဥရောပမှ အမေရိကန်တို့ ထွက်ခွာသွားမည်ကို သိနေကြကာ ထိုကိစ္စနှင့် ပတ်သက်၍ သဘောကွဲ နေကြသည်။ တဖက်တွင် သူတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ဥရောပကာကွယ်ရေးစနစ်တရပ်ကို ထူထောင်ရန် ကန့်ကွက်ဆန့်ကျင်နေသည့် အမေရိကန်ပြည်ထောင်စုကို မကျေမနပ် ဖြစ်နေကြသည်။ အခြားတဖက်တွင်မူ ဥရောပတွင် အမေရိကန်ပြည်ထောင်စု အကူအညီမရှိဘဲ သူတို့ဘာသာ အထီးတည်း ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေကြသည်။ အထူးသဖြင့် ပြင်သစ်ပြည်သည် အမေရိကန်နှင့် ပတ်သက်၍ `တွေးတော မရ ကြံဒွိဟဖြင့်´ ဆိုသကဲ့သို့ ဖြစ်နေသည်။ တဖက်တွင် အင်အားတောင့်တင်းသည့် ဂျာမဏီကို ချိန်ခွင်လျှာ ညှိပေးရသည့်အတွက် ဥရောပတိုက်တွင် အမေရိကန်တို့ ရှိနေစေချင်သည်။ အခြားတဖက်တွင်မူ `နယ်ချဲ့လွှမ်း မိုးလိုသည့် အမေရိကန်´ ကို ချိန်ခွင်လျှာညှိပေးရန် အတွက် တောင့်တင်းသော ဥရောပကို မြင်လိုသည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်း၊ ကွန်မြူနစ်စနစ် ပြိုကွဲသွားခြင်းနှင့် ဥရောပတိုက် ပြန်လည်ပေါင်းစည်းသွားခြင်း တို့ကြောင့် ကောင်းသည့်အချက်တွေရှိသလို ဆိုးသည့်အချက်တွေလည်း ရှိနေသည်။ ထိုဖြစ်ရပ်များကြောင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးသည် ပို၍နက်ရှိုင်း၊ ပို၍ရှုပ်ထွေး၊ ပို၍သိမ်မွေ့လာခဲ့သည်။ ယခင်က ဥရောပတိုက်တွင် ၀ါဒရေးရာတွေ ကွဲပြားနေခဲ့သဖြင့် အတ္တလန္တိတ်မဟာမိတ်များသည် ခိုင်မာတောင့် တင်းခဲ့သည်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် တသားတည်းဖြစ်ခဲ့ကြသည်။ ယနေ့တွင်မူ ဥရောပသည် သူ့ ဇာတိသဘောကို ထူထောင်လာခဲ့ကာ အမေရိကန်နှင့် အလှမ်းဝေးလာခဲ့သည်။ ဥရောပသမိုင်း၏ ၀မ်းနည်းကြေ ကွဲဖွယ် အစဉ်အလာသည် ဥရောပတိုက်နိုင်ငံရေးနယ်သို့ ပြန်လာစပြုလေပြီ။ ထိုသို့သော အခြေအနေသည် ဥရောပတိုက်အတွက် ကြီးကျယ်မှုကိုလည်း ဖြစ်စေနိုင်သည်။ စိတ်ညစ်ညူးဖွယ်ကိုလည်း ဖြစ်စေနိုင်သည်။ ကိုယ့်တာဝန်ကိုယ် သိနားလည်ဖို့ ဆော်သြနေခြင်းလည်း ဖြစ်နိုင်သည်။

မကြာမီတွင် နှစ်ဆယ်ရာစုနှစ်ကြီးလည်း ကုန်တော့မည်။ ဥရောပတိုက်သည် ဘယ်လမ်းကို သွားမည်နည်း။ ယခင်က ကဲ့သို့ပင် အင်အားချိန်ခွင်လျာ ညှိရသော ဥရောပတိုက်မျိုးကို ပြန်သွားမည်လော။ သာတူညီမျှ လွတ် လပ်သော ကမ္ဘာကြီး၏ ခေတ်သစ်နိုင်ငံတကာဝါဒ အခြေခံပေါ်တွင် ရပ်တည်နေသော ဥရောပတိုက်မျိုးကို ထူထောင်မည်လော။ လက်တွေ့ကျသော ဥရောပတိုက်သားတို့ကမူ ဂျာမနီကို ဦးချိုးထားသည့်နည်း သို့မဟုတ် အင်အားချိန်ခွင်လျှာကို ညှိထားသည့်နည်းကို သုံးချင်ကြသည်။ သို့ရာတွင် ဥရောပစည်းလုံးညီညွတ်ရေးကို ဆော်သြနေသူတို့ကမူ ထိုနည်းသည် ခေတ်မမီတော့သောနည်း၊ အန္တရာယ်များသောနည်းဟု ယူဆနေကြသည်။

မည်သို့ပင်ဖြစ်စေ မနေ့က ၀ါဒရေးရာတွင် ပေါင်းစည်းညီညွတ်ခဲ့ကြသော အတ္တလန္တိတ်မဟာမိတ်များသည် ပထ၀ီဝင်အရ၊ ယဉ်ကျေးမှုအရ မနက်ဖြန်တွင် ကွဲပြဲနေကြမည်ဆိုလျှင် ဒီမိုကရေစီက အာဏာရှင်စနစ်ကို အနိုင် ရခဲ့သည့် ရလာဒ်သည် ဘာမျှ အဓိပ္ပာယ်မရှိတော့ဘဲ ၀မ်းနည်းစရာပင် ကောင်းနေပေလိမ့်မည်။

သို့ရာတွင် သွေးစည်းမှုအဟောင်း၏ နေရာတွင် သွေးစည်းမှုအသစ်ကို အစားထိုးရပေလိမ့်မည်။ ကွန်မြူနစ်ဝါဒ ပြိုကွဲပြီးသည့်နောက်တွင် ယခင်က အရှေ့အနောက်ထိပ်တိုက်ရင်ဆိုင်မှုသည် ပျောက်ကွယ်သွားကာ ထိုနေရာ တွင် တောင်၊ မြောက် ပဋိပက္ခဖြစ်မည့် အရိပ်နိမိတ်များ မြင်နေရလေပြီ။

အတ္တလန္တိတ် သမုဒ္ဒရာ၏ တဖက်တချက်တွင် ရှိနေကြသည့် မဟာမိတ်များသည် သွေးစည်းညီညွတ်မှု အသစ်ကို ဖန်တီးမည်လော၊ ပဋိပက္ခဟောင်းထဲတွင် ဆက်လက်နေကြမည်လော။

Time, May 18 1992

Diminique Moisi (The Post Cold War Blues)

မူရင်းကို ဒီမှာ ဖတ်ပါ။


Saturday, September 8, 2007

ဆီပုံးတွေ ဆီပုံးတွေ

တကယ်တော့ ဆီပုံးလုပ်ရတာ သိပ်မလွယ်ပါဘူး။ ဆီက အပေါက်ရှာပြီး ယိုတတ်တဲ့သဘောရှိတော့ သူ့ကို ဆီလုံရေလုံ လုပ်ပေးရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆီပုံးအလုံးလေးဆယ်လုပ်ဖို့ အော်ဒါကျလာပါတယ်။ သောကြာနေ့အထိ တပတ်လုံးလုပ်တာတောင် အလုံးသုံးဆယ် မပြီးတတ်သေးပါဘူး။ ဆီပုံးအလုံးလေးဆယ်စာ ဖြတ်တောက်ပြီးသား သံပြားတွေကို တခုချင်း ကောက်ဆင်၊ ဂဟေတို့၊ တခြားတတ်စရာ ပစ္စည်းတွေတတ် အားလုံးအိုကေပြီးဆိုမှ ဂဟေအပြီးဆော်ပါတယ်။ ပြီးမှ ဆော်ထားတဲ့ ဂဟေသားကို ယိုစိမ့်နိုင်မယ့်နေရာ ရှိမရှိရှာ၊ တွေ့ရင် အဲဒီနေရာကို ဂဟေနဲ့ ထပ်ပိတ်ရပါတယ်။ အားလုံးပြီးပြီဆိုရင် ဆေးမှုတ်ဌာနကို ပို့လို့ရပါပြီ။

ဆီပုံးလုပ်နေရင်း ဘလော့တွေက ဆီပုံးတွေအကြောင်းလည်း စဉ်းစားနေမိပါသေးတယ်။ ဘလော့ဆိုတာ ကလည်း ရပ်ကွက်ကြီးတခု ဖြစ်လေတော့ ထုံးစံအတိုင်း လူကောင်းသူကောင်းတွေ ရှိသလို လူဆိုးလူမိုက် တွေလည်း ရှိမှာပါပဲ။ လူ့သဘာဝကိုက ရှုပ်ထွေးတဲ့သဘောရှိတယ်မို့လား။ ဆီပုံးတွေမှာ ပေါက်ကရ လျှောက်ရေးတာ ခံရရုံနဲ့ ဘလော့လောကကိုတော့ စွန်ခွာသွားစရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်။ လူကောင်းတွေကို တမျိုးဆက်ဆံ လူဆိုးတွေကိုတော့ တမျိုး ဆက်ဆံနိုင်ကြမယ်လို့ မျှော်လင့်မိပါကြောင်း ။


ဆီပုံးတွေ လုပ်နေတဲ့ ဘလော့ဂါတဦး၏ လုပ်ငန်းခွင်






Sunday, September 2, 2007

ကိုသောင်းအေးနဲ့ သွားကြမယ်

ထိုင်း နှင့် မလေးရှားနယ်စပ်တွင် Bukit Kayu Hitam ဟု ခေါ်သော နယ်စပ်ဖြတ်သည့် immigration ဂိတ်ကြီး ရှိသည်။ (ပုံတွင် ကြည့်ပါ)

ထိုဂိတ်ကြီးသည် မိုးလင်းမိုးချုပ် လူတို့ ဥဒဟို ၀င်ထွက်ဖြတ်သန်းရာ နေရာဖြစ်သည်။ ထို ဖြတ်သန်းသွားနေ သော လူသားများတွင် မြန်မာပတ်စ်ပို့ ကိုင်ထားသော ကျနော်တို့ ရွှေမြန်မာများ ၀င်ခွင့်မရပါ။ မြန်မာဆိုလျှင် ပွဲစားနှင့်ဝင်ရပါသည်။ ပွဲစားက ကားနှင့် ခေါ်လျှင်လည်း ကားနှင့် ၀င်ရ၍ လမ်းကြောင်းမကောင်း ကားနှင့် ၀င်မရလျှင် ညဖက် နယ်စပ် ခြံစည်းရိုးကို ခွေးတိုးသလို တိုးဝင်ရပါသည်။ ညအခါ လူခြေတိတ်ချိန် ခြံစည်းရိုးကို ဖြတ်ကာ လူအုပ်စုလိုက်ဝင်ကြရပါသည်။ ထိုအချိန်တွင် ဒေသခံလမ်းပြသာ ပါ၍ ပွဲစားပါမလာပါ။ လမ်းမှာ လမ်းပြက ငွေထပ်ညှစ်တာ၊ လမ်းမှာထားခဲ့တာတွေလည်း ရှိပါသည်။

Bukit Kayu Hitam ဂိတ်ကြီးကို အသုံးများကြသော်လည်း အရှေ့ဖက် Kelantan ပြည်နယ်တွင် Rantau Panjang ဂိတ်လည်း ရှိသေးသည်။ (ပုံတွင် ကြည့်ပါ) ဂိတ်ကြီးဖက်မှာ မချောင်လျှင် ပွဲစားများက Rantau Panjang ဂိတ်ဖက် လှည့်သွင်းကြသည်။ ထိုဂိတ်ဖက်မှ ၀င်လျှင် ညအချိန်မှာ ချောင်းကို လှေကလေးနှင့် ခိုးဖြတ်ရသည်။ ချောင်းကျော်လိုက်လျှင် မလေးရှားနယ်ထဲရောက်ပြီ။ မှောင်နှင့်မဲမဲ ခြုံပုတ်တွေကြားထဲမှာ ဘယ်ကို သွားရမလဲ သင်မသိနိုင်သေးပါ။ လမ်းပြခေါ်ရာကို ကုန်းကုန်း ကုန်းကုန်းနဲ့ လိုက်ရမည်။ တချို့လည်း တောထဲမှာ သေနပ်နှင့် လှမ်းပစ်တာ ခံရသည်ဟု သိရသည်။ ကျနော်ကတော့ မလေးရှားကို ကုန်းလမ်း၊ ရေလမ်း နှင့် လေလမ်းကပါ ၀င်ဘူးသည်။ ၁၉၉၅ ခုနှစ် Rantau Panjang ဖက်မှ ၀င်စဉ်က နယ်စပ်မှ ကွာလာလမ်ပူအထိ ခရီးတွင် ဆလွန်းကားလေးတစီးပေါ်မှာ လူရှစ်ယောက်စီတင်၍ ကားသုံးစီးဖြင့် ခရီးနှင်ခဲ့ရဖူးသည်။

မြန်မာတွေ မလေးရှားခိုးဝင်ရသည့် ဇတ်လမ်းတွေ ကိုယ်တွေ့ရော တဆင့်ပြန်ပြောတာကိုပါ ကြုံဘူးပါသည်။ ယခု ပို့စ်တွင် တင်ပေးမည့် ဟာသဇတ်လမ်းတိုမှာ ကျနော့်ကို သူငယ်ချင်းတယောက်က ပြန်ပြောခဲ့တာ ဖြစ်ပါသည်။ ထိုအကြောင်းလေး ရယ်စရာ မဂ္ဂဇင်းမှာ ပါလာသည်ကို ဒီအပတ်အတွက် တင်ပေးလိုက်ရပါသည်။


Sunday, August 26, 2007

ပုရေနိသင်

ပုရေနိသင် ကို စာပေးစာယူ သင်တန်း (မြန်မာစာ) ပထမနှစ် မှာ အနီးကပ် တက်ရတုံးက သင်ရပါတယ်။ သင်ခန်းစာ ပို့ချချက်မှာလည်းပါ၊ ရတုလေးကလည်း ဆိုလို့ကောင်းတော့ ကျနော်မှတ်မိနေပါတယ်။ ကံကောင်း ချင်တော့ စာမေးပွဲမေးခွန်းမှာပါလာပြန်တယ်။ ကျနော် ကောင်းကောင်းဖြေလိုက်နိုင်တယ်ပေါ့။

ရတုရဲ့ ခေါင်းစဉ်က `ပုရေနိသင်´ ဆိုတဲ့ အတိုင်း ပုရေ=ပုဗ္ဗေ (ရှေးရှေးဘ၀) နဲ့ နိသင် = အာနိသင် ကို ပေါင်းထားတာဆိုတော့ ရှေးဘ၀က အာနိသင်၊ ရှေးဘ၀က အကြောင်းကံလို့ ပြောရမယ်လို့ထင်ပါတယ်။

ပုရေနိသင် ကိုတော့ မေဓာဝီ ရဲ့ ပို့စ်မှာ တင်ပေးထားပါတယ်။ သူ့ဆီမှာ နောက်ထပ်လိုချင်တာလေးတွေ ထပ်တောင်းထားပါသေးတယ်။

ကျနော် ဆယ်တန်းရောက်တော့ ရောက်တဲ့နှစ်မှာ ဆယ်တန်းကို မဖြေဖြစ်ခဲ့ပါ။ သင်တန်းတခုကို သုံးနှစ်ကြာ သွားတက်ရပါတယ်။ သင်တန်းပြီးတော့ ကော်ပိုရေးရှင်းတခုမှာ ၀န်ထမ်းဘ၀နဲ့ ဆယ်တန်းပြန်ဖြေပြီး မှ စာပေးစာယူသင်တန်း တက်ရတာပါ။ တကယ်တော့ စာပေးစာယူ သင်တန်းဆိုတာ ပို့ချချက်တွေဖတ်၊ စာစဉ် တွေဖြေ (တချို့လည်း သူများကို ဖြေခိုင်းကြတယ်) ၊ ပြီးတော့ အနီးကပ် တလ သွားတက်ပြီး စာမေးပွဲဖြေရတာ မို့ စာကို ထိထိရောက်ရောက်လေ့လာရတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်လည်း မြန်မာပြည်မှာ ဘွဲ့ရ ပညာတတ်တွေများပြီး အရည်အချင်းကျတော့ နိုင်ငံတကာကို ဘယ်လိုမှ ယှဉ်လို့ မရတော့တာပါ။

ဘာပဲဖြစ်ဖြစ် လူတယောက်ဟာ တက္ကသိုလ်ပညာကိုတော့ သင်ခဲ့ဖူးသင့်တယ်ဆိုတာ ရန်ကုန် တက္ကသိုလ်မှာ အနီးကပ်သွားတက်တော့မှ သဘောပေါက်ခဲ့ရပါတယ်။ တက္ကသိုလ်နယ်မြေဆိုတာ စာဖွဲ့လောက်တဲ့နေရာ၊ ပန်းပေါင်းစုံပွင့်တဲ့နေရာပါ။ ဘယ်သူပြောခဲ့တာလဲတော့ မသိဘူး။ ဆိုရိုးစကားတခု ကြားဖူးတာက ယောက်ျား တယောက်ဟာ တက္ကသိုလ်ပညာသင်ဖူးရမယ်၊ ပင်လယ်ခရီးသွားဖူးရမယ်၊ ထောင်ကျဖူးရမယ် တဲ့။ အဲဒီစကား အတိုင်းဆိုရင်တော့ ကျနော် တက္ကသိုလ်ပညာ သင်ဖူးခဲ့ပါတယ် (ဘွဲ့တော့ မရခဲ့ပါ၊ ကျနော် စတုတ္တနှစ်အရောက် မှာ ၈၈ အရေးအခင်းဖြစ်ခဲ့ရလို့ပါ)။ ပင်လယ်ခရီးတော့ ဟုတ်တိပတ်တိ မသွားဖူးပေမယ့် ထောင်ထဲတော့ ရောက်သွားခဲ့ဘူးပါတယ်။ နောက်ပို့စ်တွေကျမှ အချိန်ရရင် ထောင်ထဲက အတွေ့အကြုံလေးတွေ ရေးပါအုံးမယ်။




ပုရေနိသင်

လယ်တီဆရာတော်ဆုံးမစာပို့စ်ရဲ့ ကွန်မန့်မှာ ကိုသက်ဦးက ရှင်မဟာရဋ္ဌသာရ ရဲ့ “ပုရေနိသင်” အစချီ ရတုကို လိုချင်ကြောင်း ရေးခဲ့တာနဲ့ ကျမလည်း စာအုပ်ဗီရို ဖွင့်ပြီး ပြန်ရှာဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်တော့ ဟံသာဝတီတိုက်က ထုတ်တဲ့ “မြန်မာကဗျာရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက်” ဆိုတဲ့စာအုပ်ကလေးက ကျမ ဗီရိုထဲမှာ ရှိနေပါတယ်။ အမှန်တကယ် ကျမရှာတာက ရှင်မဟာရဋ္ဌသာရရဲ့ ရတုပေါင်းချုပ် စာအုပ်ပါ။ ဒါပေမဲ့ ဒီရတုရွေးချယ်ချက် စာအုပ်လေးကို အရင် တွေ့တာနဲ့ ဒီစာအုပ်ထဲမှာ ရှိလိုရှိငြား မာတိကာမှာ ရှာကြည့်တော့ …
“ပုရေနိသင် (သျှင်ရဋ္ဌသာရ) ………….. ၉၂”
ဆိုပြီးတွေ့ပါတယ်။ ဒါနဲ့ပဲ ၀မ်းသာအားရ ကျမဘလော့မှာ တင်ပေးလိုက်ပါတယ်။ ကိုသက်ဦးနှင့်တကွ မြန်မာရတုကဗျာ နှစ်သက်သူများ အားလုံးအတွက်ပါပဲ။ ကြုံကြိုက်တာနဲ့ ရှင်မဟာရဋ္ဌသာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကိုပါ ဖော်ပြလိုက် ပါတယ်။ စာလုံးပေါင်းများကိုတော့ အဲဒီစာအုပ်ထဲကအတိုင်းသာ ရိုက်ထားခြင်း ဖြစ်ပါတယ်။
***
သျှင်မဟာရဋ္ဌသာရ

ပုရေနိသင်-ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတုရေးသူ သျှင်မဟာရဋ္ဌသာရမှာ ၈၃၀- ပြည့်နှစ် ၀ါဆိုလ အတွင်း အင်းဝနေပြည်တော်တွင် ဖွားမြင်တော်မူ၍ ငယ်မည်မှာ မောင်မောက်ဖြစ်သည်၊ ဗညားအိမ်နှင့် ရှင်စောပု၏ သမီးတော်တို့မှ ဆင်းသက် ဆက်နွယ်လာသော မြေးတော် ဓမ္မပါလသည် မောင်မောက်၏ ဖခင်ဖြစ်၍ မိခင် မှာ သတိုးမင်းဖျား၏ အနွယ်တော်ဖြစ်သည်။

မောင်မောက်သည် ငယ်ရွယ်စဉ်အခါကာလမှစ၍ နန်းတော်တွင်း၌ ကြီးပြင်း လာရသူ ဖြစ်သဖြင့် ဘုရင်မင်းခေါင်ကိုယ်တော်တိုင် တအူတုံဆင်း ညီအရင်း ကဲ့သို့ အရေးပေးခြင်းကို ခံတော်မူရသည်၊ မောင်မောက်သည် နန်းတော်တွင်း ပညာရှိပုဂ္ဂိုလ်များထံမှ၎င်း၊ ကျန်းဂန်တတ် မထေရ်မြတ်များထံမှ၎င်း၊ ဖခင်ဖြစ်သူ ပညာရှိ အမတ်ကြီးထံမှ၎င်း၊ နောင်တော်ရင်း သျှင်ဝရစက္ကပါလ မထေရ်ထံမှ၎င်း၊ လောကီ လောကုတ္တရာ ကဗျာလင်္ကာများကို သင်ကြားတတ်မြောက်သော ကြောင့် ၁၆-နှစ်သား အရွယ်ကပင် ဘူရိဒတ်လင်္ကာကြီးကို စတင် ရေးသားပြုစု လေသည်။ အသက် ၂၀-ပြည့် ရဟန်းဘ၀ရောက်မှ ဘူရိဒတ်လင်္ကာကြီး အပြီး သတ်သည်။

သက္ကရာဇ် ၈၈၇-ခုနှစ်လောက် ကျသောအခါ သျှင်မဟာရဋ္ဌသာရသည် အင်းဝ မငြိမ်မသက်ဖြစ်သောကြောင့်၎င်း၊ သတိုးမင်းစောက ပြည်မြို့သို့ ပင့်သောကြောင့် ၎င်း ပြည်မြို့သို့ရောက်တော်မူသည်။ ရောက်၍ မကြာမီပင် ဇာတ်ပေါင်းခန်းကို ရေးသားတော်မူသည်၊ ဆင်ဖြူရှင် သတိုးမင်းစောလည်း သျှင်မဟာရဋ္ဌသာရအား ပုထိုးကျောင်း, တောင်ခွင်ကျောင်း, မင်းတုန်းကျောင်း ဤကျောင်း ၃-ကျောင်းကို ဆောက်လုပ် လှူဒါန်းတော်မူသည်။

သတိုးမင်းစော နတ်ရွာစံလွန်၍ သားတော် ဘုရင်ထွေး နန်းတက်သောအခါတွင် လည်း ခမည်းတော် လက်ထက်တော်က ကဲ့သို့ပင် ကြည်ညိုရင်းစွဲ ရှိသဖြင့် ပြည်မြို့နှင့် ရွှေတောင်အကြား အခွန်တသောင်းထွက်သည့် ဥယျာဉ်တော် ၅-ရပ် အတွင်း တံတိုင်း မီးတားနှင့်တကွ ဆုတောင်းပြည့်ဘုရား, မင်္ဂလာစေတီတော်, အရံကျောင်းပေါင်းများစွာနှင့် ရွှေဗိမာန်ကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းတော်မူသည်။ သက္ကရာဇ် ၈၉၂-ခုနှစ် သက်တော် ၆၂-နှစ်အရွယ်တွင် ပျံလွန်တော်မူသည်။
***
“ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု”

(ပ) ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ် လက်သင်၊ ထုံးစတွင်နှိုက်၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမ လည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေ ဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျန်းဂန်သိမြောက်၊ ပဉ္စင်ရောက်က၊ ထပ်လှောက်ကြင်ဘွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးရှာ လေတော့မည်။ … ။

(ဒု) လူ့မြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချ စေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းရှက်၊ မွေးမယ်ရက်သည်၊ အသက်တို့က၊ ဆက်လှာရသား၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ တဆံဖျားမျှ၊ မမှားအာရုံ၊ ကာမဂုဏ်ကို၊ မမြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်မချွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ စက်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ အနိစ္စဟူ၊ နှလုံးမူစွ၊ ပေးလှူစွန့်ကြ၊ ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရွက်ဟုံကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသ မြှေးထူ၊ ရံမက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။ …. ။

(တ) ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည် သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုးနှိုက်၊ ပုဆိုးကြာညွန့်၊ ပိတ်လှပ် တွန့်ကို၊ ဖြန့်၍တတည်၊ ရစ်ဖွဲ့ချည်မျှ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမျှနှင့်၊ ခက်မ တထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုဘူးပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဘွယ်တိ၊ ရှေးနှယ် ကျိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီး ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူးလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည် ထပ်ဆင့်၊ ဖူးချိန်သင့်ကို။ မျှော်လင့် ခိုးရှာလေတော့သည်။ … ။
***

မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၀၇
တနင်္ဂနွေနေ့
နံနက် ၆ နာရီ ၁၅

ကိုးကား။ … ။
မြန်မာကဗျာရွေးချယ်နှင့် ရတုရွေးချယ်ချက် … (ဟံသာဝတီ)
(ဒုတိယအကြိမ်ပုံနှိပ်ခြင်း … ၁၉၇၂၊ ဒီဇင်ဘာလ)

posted by Maydarwii at 12:58 AM

Sunday, August 19, 2007

ခေတ်ကို ကောင်းအောင်လုပ်မည့်သူများ

မြန်မာပြည်က လောင်စာဆီဈေးနှုံးတွေ မြှင့်တင်လိုက်တဲ့သတင်းကို BBC World News မှာ စတွေ့တာပါ။ ပြီးတော့ မေဓါဝီ၊ ဘာညာနဲ့ ကိုမောင်လှ တို့ရဲ့ ဘလော့တွေမှာလည်း လတ်လတ်ဆတ်ဆတ်သတင်းကို အခြေခံပြီး ပို့စ်တင်ထားတာတွေ ဆက်တိုက် ဖတ်ရပါတယ်။ ပြီးတော့ ဘီဘီစီ (မြန်မာပိုင်း)ကို ဖွင့်နားထောင် လိုက်တယ်ပေါ့။ ဒါက တကယ်တိကျ ခိုင်မာတဲ့သတင်းပါ။ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေလည်း ဆက်တိုက်ပေါ်ပေါက်လာနိုင်တာမို့ စိတ်ဝင်တစား စောင့်ကြည့်နေရပါတယ်။

လောင်စာဆီ သတင်းလာပြီး နောက်တနေ့ ဘလော့ဂါ မိတ်ဆွေတဦးက `သန်းရွှေ သေသွားတာ ကြားပြီးပလား´ တဲ့။ ဂျီတော့ကနေ ပြောလာပါတယ်။ ပြီးတော့ သူ့ဆီဝင်လာတဲ့ အီးမေးလ်ကို forward လုပ်လိုက်ပါသေးတယ်။ အီးမေးလ်မှာ ပါလာတဲ့သတင်းက လုံးဝ ရေရာမှုမရှိပါဘူး။ ဒါပေမယ့် အင်တာနက် သုံးသူတွေ ကြားထဲမှာ တောမီးလို ပြန့်နှံ့သွားပါသေးတယ်။ ဒွေးသေတဲ့ သတင်း၊ တာရာမင်းဝေ ဆုံးတဲ့ သတင်းတွေကို လောလောလတ်လတ် ကြားထားရလေတော့ သန်းရွှေသေတယ်ဆိုတော့ ဟုတ်များ ဟုတ်လေမလားလို့ ထင်ကောင်းထင်နိုင်ကြပေမယ့် အခြေအမြစ်မရှိတဲ့ သတင်းမို့ ကောလာဟာလ ဖြစ်သွားခဲ့ ပါတယ်။

ကျနော်တော့ အခုနောက်ပိုင်းအရေးကြီးတဲ့ သတင်းဆိုရင် အရမ်းမယုံသလို၊ အရမ်းလည်း ပြန်မဖြန့်ပါဘူး။ သတင်းလာရာ ခိုင်မာမှု ရှိမရှိ အရင် စုံစမ်းပါတယ်။ ဟုတ်ပြီဆိုမှ အသိပေးသင့်သူကို အသိပေးပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကောလာဟာလ ဆိုတာ တောမီးလို ပြန့်နှံ့တတ်ပြီး အလဟဿအချိန်ကုန်လို့ပါ။

ပြီးတော့ အခုခေတ် ဆက်သွယ်ရေးစနစ်က လွန်ခဲ့တဲ့ ၁၉ နှစ်ကလို မဟုတ်တော့ပါဘူး။ ကိုမင်းကိုနိုင်တို့ လှုပ်ရှားမှုတွေကို တကမ္ဘာလုံးက သိနေမြင်နေရပါတယ်။ အခုအချိန် တော်လှန်ရေးတခုဖြစ်မယ်ဆိုရင် အချိန်အနည်းငယ်အတွင်း သတင်းတွေ ဖြန့်ချီနိုင်မယ့် အင်တာနက်၊ အီးမေးလ်၊ SMS တွေက သိပ်အရေးပါ လာပါပြီ။ တချိန်တည်းမှာ ပြည်တွင်းက ဘလော့ရေးသူတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်တန်ဖိုးရှိလာပါ တယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် သိုသိုသိပ်သိပ်နဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေကို ပြင်ပ ကမ္ဘာက သိအောင် ရေးပေးကြပါ။ ဒါဟာ ဘယ်သူကမှ ပေးတာမဟုတ်တဲ့ ပြည်တွင်းက ဘလော့ဂါတွေရဲ့ တာဝန်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်ဟာ ပြည်တွင်းက အခြေအနေတွေကို အားလုံးက စိတ်ဝင်စားစွာစောင့်ကြည့် နေကြတဲ့ အချိန်မို့လို့ပါပဲ။

ဒီနေရာမှာ `သောမတ်စ်ကာလိုင်းစ်´ ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ အဆိုအမိန့်လေးကို ကိုးကားပါရစေ။

`ခေတ်ကြီးက မကောင်းဘူးပဲ ထားပါတော့။ ကောင်းအောင်လုပ်ဖို့ မင်းရှိနေတာပဲ´ တဲ့။

ခေတ်ကြီးကို ကောင်းအောင် လုပ်မည့် ဘလော့ဂါအများအပြား တိုင်းပြည်မှ လိုအပ်နေပါကြောင်း။

Tuesday, August 14, 2007

ခွန်ထိုင်း မိုက်ပင်လိုင်း

မလေးရှားသွားတော့မယ်ဆိုတော့ ခရီးလမ်းပန်းကို ဟိုမေးဒီမေး လုပ်ရသည်။ ရောက်ဖူးသူများက အကြံပေးသည်မှာ မလေးရှားသွားချင်ရင် ဟတ်ယိုင် Hat Yai ကိုသာ ရောက်အောင်သွား။ ဟတ်ယိုင် ရောက်လို့ကတော့ မလေးရှားရောက်ပြီ။ သာကေတ သွားတာကမှ ခက်အုံးမည်တဲ့။ ဟတ်ယိုင် ဆိုတာက ထိုင်း နိုင်ငံတောင်ဖက်က ရထားလမ်းဆုံမြို့ကြီးတခု။ အဲဒီကို ရောက်တော့မှ ဟိုလူတွေပြောလိုက်တာ တယ်မှန်ပါ လားဟု ကိုယ်တွေ့သိရသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ နိုင်ငံရဲ့ မြို့ကြီးတခု ဖြစ်သည်နှင့်အညီ ဟတ်ယိုင်မှာ ခရီး သွား အေဂျင်စီရုံးခန်းတွေ တမြို့လုံးအပြည့်ဖြစ်နေသည်။ ပြီးတော့ တချို့က ရုံးခန်းရှေ့မှာ မြန်မာလို ရေးထား လိုက်သေးသည်။ `မလေးရှား တလဗီဇာ ဘတ် ၆၀၀၊ သုံးလ ဗီဇာ ဘတ် ၁၅၀၀´ တဲ့။

ကြားပွဲစားတွေ ဘာတွေမလို၊ ဘတ် ၆၀၀ နှင့် ပတ်စပို့ပေးလိုက်လျှင် ဘတ်တာဝပ် (ပီနန်) အထိ ကားဖြင့် လိုက်ပို့ပေးသည်။ နယ်စပ်အ၀င် မလေးရှား လ၀က မှာ တုံးထုပေးလိုက်တာလည်း အမှန်အကန် ဆိုတော့ ဘတ်တာဝပ်ကနေ ဘတ်စကား ၆ နာရီ ထပ်စီးလျှင် ကွာလာလမ်ပူ ရောက်ပြီပဲ။

ထိုအချိန်ကား မြန်မာတို့အတွက် မလေးရှားခေတ်ဦးဟု ပြော၍ရသည်။ မလေးရှားရဲကလည်း အခုလို ဒုက္ခပေး ရမှန်းမသိသေး။ ရဲမေးလျှင် စာအုပ်ထဲမှာ တလဗီဇာနှင့် ဆိုတော့ အလုပ်မလုပ်ဘူး။ ဟော်တယ်မှာနေတယ် ဟု ပြောရသည်။ တကယ်တမ်းကျတော့ ဘယ်မှာလာပြီး ဟော်တယ်တည်းနိုင်မှာတုံး။ အလုပ်လာလုပ်ပါတယ် ဆိုမှ။

သို့သော် တလဆိုသော အချိန်သည် အကုန်မြန်လေ၏။ ဗီဇာရက် မကုန်ခင် တိုင်ပတ်ရသည်။ အများနည်းတူ ကျနော်လည်း တိုင်ပတ်ခဲ့ဖူးပါသည်။ ကွာလာလမ်ပူမှ ဟတ်ယိုင်သွားမည့် ဘတ်စကားက Puduraya ကားဂိတ် မှ ညဆယ်နာရီခန့်ထွက်လာ၏။ ကားပေါ်မှာ ကိုယ့်လိုပဲ စတေးရှောင်မည့် မြန်မာတွေ ပါလာသည်။ ကားက ဟိုင်းဝေးလမ်းပေါ်ရောက်သည်နှင့် အကွေ့အကောက်မရှိတော့ပဲ တောက်လျှောက်မောင်းသည်မို့ ကားပေါ်မှာ အိပ်လိုက်လာခဲ့သည်။

လမ်းမှာ မီးတွေထိန်လင်းနေသော စားသောက်ဆိုင်တခုတွင် ဗိုက်ဆာသူများ စားသောက်နိုင်ရန် နှင့် ခရီးသည်များ တပိုတပါးသွားရန် ကားရပ်ပေးသည်။ နောက်တော့ ကားက အမှောင်ထုကို ဖြတ်ကာ ခရီးဆက် ထွက်လာခဲ့သည်။ နယ်စပ်ဂိတ်များ ဖွင့်ချိန်ကိုမှန်းကာ မောင်းလာသည်မို့ ကျနော်တို့ကားနယ်စပ်ရောက်တော့ စစ်ဆေးရေးဂိတ်မှာ ခရီးသည်တွေ ဖြတ်သန်းနေကြပြီ။ မလေး လ၀က မှာ အထွက်တုံးထုပြီး ကားပေါ်ပြန်တက်၊ လူစုံတော့ ကားက ပြန်ထွက်သည်။ ထိုင်းအ၀င်က သိပ်ပြဿနာ မရှိ၊ ပြဿနာမရှိဆိုပေမယ့် မြန်မာ စာအုပ်ဆိုရင်တော့ ထိုင်းက ရစ်သည့်အတွက် လာဘ်ငွေတော့ ပေးရတာပါပဲ။ မလေးအ၀င်မှာ ပေးရသလို ထိုင်းအ၀င်မှာလည်း ပေးနေရတာကတော့ မြန်မာဖြစ်သည့် အတွက် မထူးဆန်းတော့ပါ။

ကားက နဲနဲပဲ မောင်းရသေးပြီး ထိုးရပ်သွားကာ စပယ်ယာက All Burmese come down ဟု အော်လေသည်။ တချို့က ဟာ ထိုင်းမှ မ၀င်သေးတာ၊ မလေးအထွက်တုံးလည်း ထုပြီးပြီ၊ ဘာဖြစ်တာလဲဟ ဆိုတော့ `အဲဒါ ရဲဂိတ်က ရစ်နေတာ ပိုက်ဆံတောင်းလိမ့်မယ်´ ဟု မြန်မာတဦးက ပြောပြောဆိုဆို ကားပေါ်မှ ဆင်းသွားသည်။ ကျနော်တို့ ပတ်စ်ပို့ တွေက စပယ်ယာလက်ထဲမှာဆိုတော့ မဆင်းလို့ကလည်း မရသဖြင့် ကျနော်က ဆင်းမည် ပြင်သည်။ ထိုအခါ ကျနော့်ဘေးကပါစင်ဂျာ ထိုင်းလူငယ်က အူကြောင်ကြောင်ဖြင့် ကျနော်ထတော့ သူလည်း ထမည်ပြင်သည်။ ဟာ သူက ထိုင်းပဲ၊ အခုဟာက မြန်မာတွေကိုပဲ ခေါ်ဆင်းတာ၊ အင်္ဂလိပ်လိုပြောသွားလို့ သူမသိတာပဲ ဖြစ်ရမယ်။ နေ နေ မောင်ရင် ဆင်းစရာမလိုဘူး၊ အော် သူနားလည်အောင် ဘယ်လိုပြောရပါ့။

`ခွန်ထိုင်း မိုက်ပင်လိုင်း´ ဟု ကျနော်က လက်ဟန်ခြေဟန်နှင့် တတ်သမျှ မှတ်သမျှ ပြောလိုက်တော့ သူ သဘောပေါက်သွားပုံရကာ ပြန်ထိုင်သွားသည်။ သို့သော် သူကျတော့ မဆင်းရပဲ ကျနော်တို့တွေက ကားပေါ်က ခေါ်ချခံရတာကိုတော့ သူနားလည်ပုံမရ။

အခုဟာက မင်းတို့ ထိုင်းတွေကို ပိုက်ဆံတောင်းနေတာမဟုတ်ဘူး။ ငါတို့ မြန်မာတွေပဲ ငွေညှစ်ခံ နေရတာ`ခွန်ထိုင်း မိုက်ပင်လိုင်း´ `ခွန်ဖမာ့ ပင်လိုင်း´ ဟု စိတ်ထဲမှာပဲ သူ့ကို ရှင်းပြကာ ပိုက်ဆံပေးရန် ကားအောက်သို့ ဆင်းခဲ့ပါတော့သည်။

မိုက်ပင်လိုင်း = ကိစ္စမရှိ

Saturday, August 11, 2007

ရာဟူးမက်ဆင်ဂျာ

ကျနော် ဘလော့မလုပ်ခင်က ရာဟူးမက်ဆင်ဂျာမှာ စီအက်ဖ် တက်ပါတယ်။ စီအက်ဖ်ဆိုတာက conference ကို အတိုကောက်ခေါ်တာပါ။ ကွန်ဖရင့်ဆိုတဲ့ အတိုင်း လူအများဝိုင်းစကားပြောကြတာပါပဲ။ ကမ္ဘာအရပ်ရပ်ကို ရောက်နေတဲ့ မြန်မာတွေကို စီအက်ဖ်မှာ တွေ့နိုင်ပါတယ်။ ကျနော် စတက်ခါစက အိုင်ဒီတွေကို ဗလာစာအုပ် မှာချရေးပြီး ဘယ်နိုင်ငံက မောင်ဘယ်သူ မဘယ်သူ ။ အသက်ဘယ်လောက်။ ဘာလုပ်သလဲ။ ရောက်တာ ဘယ်လောက်ကြာပြီလဲ စသဖြင့် မှတ်သားရပါတယ်။ စကားတွေက အကြောင်းအရာ မျိုးစုံကို ပြောကြတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေ။ နောက် အတင်းတွေ။ ရုပ်ရှင်အကြောင်း၊ စာအုပ်အကြောင်း၊ သီချင်းအကြောင်း အစုံပြောကြပါတယ်။ ဘလော့ဂ်မှာ စာရေးကောင်းသူတွေ ရှိသလို၊ စီအက်ဖ်မှာ စကားပြောကောင်းသူတွေ ရှိကြပါတယ်။ ပုံမှန် စီအက်ဖ် တက်သူတွေရှိသလို နောက်ပိုင်းမှာ ပျောက်သွားသူတွေလည်း ရှိကြပါတယ်။

တကယ်တော့ စီအက်ဖ်ဟာလည်း ဘလော့ဂ်လောကလိုပါပဲ။ လူချင်းမြင်ဘူးတာမဟုတ်ပဲ အသံနဲ့ ရင်းနှီးနေကြ တာပါ။ တယောက်ကို တယောက် ၀က်ဘ်ကမ် ပြတာ ဓါတ်ပုံပို့တာတွေတော့ ရှိကြတာပေါ့။

တခါတလေလည်း ပြောစရာအကြောင်းအရာ ထွေထွေထူးထူး မရှိတဲ့အခါ ကာရာအိုကေဆိုသူကဆို ဂစ်တာတီး သူက တီးကြပါတယ်။ အခုနောက်ပိုင်းကြတော့လည်း ပုံမှန်လိုတွေ့နေသူ ရှိလာပြီး သူ့အကြောင်း ကိုယ့်အကြောင်းလည်း စကားပြောရင်း ရင်းနှီးသိကျွမ်းလာကြပါတယ်။

တခုတော့ရှိပါတယ်။ ဘလော့ဂ်ကို မြန်မာပြည်တွင်းက ရေးလို့ရပေမယ့် စီအက်ဖ်ကို မြန်မာပြည်ထဲက တက်လို့ မရပါဘူး။ ရာဟူးမက်ဆင်ဂျာမှာစကားပြောနေသူဟာ ပြည်တွင်းက မဟုတ်တာ သေချာပါတယ်။ အင်တာနက် ရှိရင် အခမဲ့ အဆက်အသွယ်လုပ်လို့ရတဲ့ ရာဟူးတို့ ဟော့မေးလ်တို့ သုံးလို့မရတဲ့ နိုင်ငံဟာ ကမ္ဘာမှာ မြန်မာတနိုင်ငံပဲ ရှိသလားပဲ။

စီအက်ဖ်မှာ ရန်ဖြစ်ကြ၊ ဆဲကြတာတွေလည်း ကြုံဘူးပါတယ်။ ငယ်ရွယ်သူတွေကတော့ အပြန်အလှန် `ကျူ´ ကြပါတယ်။ စီအက်ဖ်မှာပဲ သမီးရည်းစားဖြစ်သွားသူတွေလည်း ရှိပါတယ်။

စီအက်ပုံမှန်တက်တဲ့ ဘိုးတော်တယောက်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ စီအက်ဖ်တက်မယ်ဆိုရင်တော့ သူ့ကို မသိလို့ မဖြစ်ပါဘူး။ သူက ဆွီဒင်နိုင်ငံမှာ နေတဲ့ ကိုဘွိုင်းစီ လို့ အများးခေါ်ကြတဲ့ ကိုအင်ဒရူးစိုး ပါပဲ။ သူဟာ အကြောင်းအရာမျိုးစုံကို ဒိုင်ခံပြောနိုင်တဲ့ ထူးခြားတဲ့သူတဦးပါ။ နှစ်ပေါင်းများစွာ စီအက်ဖ် တက်လာသူတဦးဆို တော့ သူ့မှာ မိတ်ဆွေတွေအများကြီးရှိပါတယ်။ သူ့မှာ ထူးခြားတာတွေကတော့ ယောက်ျားလေးဆိုရင် အသံထွက် စကားပြောခိုင်းပြီး မိန်းခလေးတွေဆို ၀က်ဘ်ကမ်ပြခိုင်းတတ်ပါတယ်။ စကားတွေကိုလည်း မနားတမ်း နာရီပေါင်းများစွာ မငြီးတမ်းပြောနိုင်သူတဦးပါ။

စနေ တနင်္ဂနွေ အားလပ်ရက်တွေမှာ လူစီတတ်တာမို့ သင့်အနေနဲ့ စိတ်ဝင်စားလို့ စီအက်ဖ်ကိုလာမယ်ဆိုရင် ကျနော့်ရဲ့ ရာဟူးအိုင်ဒီ kthetoo@yahoo.com ကိုသာ မက်ဆင်ဂျာစာရင်းမှာ add ထားလိုက်ပါ။ စကားတွေ တ၀ကြီးပြောဖို့ မိုက်ခရိုဖုန်းကောင်းကောင်းလေးတခုလည်း အသင့်ဆောင်ထားဖို့ မှာလိုက်ပရစေ။ ဆုံကြမယ်လေ။

ပျော်ပျော်ပါးပါးပေါ့။

Sunday, July 29, 2007

Killer ကိုသန်းရွှေ

“သန်းရွှေ လူသတ်သမား” ကြော်ငြာ မြန်မာတိုင်းမ်မှာပါ
ကိုစိုး | ဇူလိုင် ၂၄၊ ၂၀၀၇

မြန်မာပြည်တွင်း၌ ထုတ်ဝေနေသော နောက်ဆုံးထုတ် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်) တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လူသတ်သမားဟု စကားဝှက်ထည့်ထားသည့် ကြော်ငြာတခု ပါဝင်ကြောင်း သိရသည်။

အဆိုပါကြော်ငြာကို ဒိန်းမတ်အခြေစိုက် Surrend အဖွဲ့က ထည့်သွင်း ကြော်ငြာခြင်းဖြစ်ပြီး ဖိနှိပ်တင်းကြပ်သော စစ်အစိုးရ လက်အောက်တွင် ယခုကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်သည်ဟူသော အတွေ့အကြုံကို ယူခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ဝင်တဦးဖြစ်သူ ပီယာ ဘာတယ်လ်ဆန် က အေပီသတင်းဌာနသို့ ပြောသည်။

ကြော်ငြာ ဒီဇိုင်းမှာ အုန်းပင် တပင်၊ နေရောင်တောက်နေသည့် နေလုံး တခုပါဝင်ပြီး “ခင်မင်နှစ်လိုဖွယ်ရာ မိတ်ဆွေများနှင့် လှပသောနိုင်ငံ” စာတန်းပါ စကင်ဒီနေးဗီးယား နိုင်ငံများက ဧည့်သည်များကို မြန်မာ နိုင်ငံသို့ အလည်လာရောက်ပါရန် ဖိတ်ခေါ်ထားသည့် ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံမျိုး ဖြစ်သည်။

ကြော်ငြာဒီဇိုင်း၏ အောက်ခြေရှိ The Board of Islandic Travel Agencies Ewhsnahtrellik and the Denish Industry BesoegDanmark ဟူသော စာတန်းတွင် Killerthanshwe ဟု ပြောင်းပြန်ရေးထားသော စာလုံးများကို ထည့်သွင်းထားခြင်း ဖြစ်သည်။

စစ်အာဏာရှင်များကို ဝေဖန်တိုက်ခိုက်နိုင်သော နည်းလမ်းတခုကို ထုတ်ဖော်ပြသခြင်းဖြစ်သည်ဟုလည်း ပီယာ ဘာတယ်လ်ဆန်က ပြောသည်။

“ဖိနှိပ်တင်းကြပ်တဲ့ စိစစ်ရေးအောက်မှာ အလွန်ဆိုးဝါးတဲ့ စစ်အစိုးရအကြောင်းကို ထုတ်ဖော်ပြသနိုင်ဖို့ အနုပညာ နည်းလမ်း တွေကို ရှာဖွေအသုံးပြုနိုင်တယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်”ဟု လည်း ၎င်းက ပြောသည်။

ယင်းကြော်ငြာနှင့်ပတ်သက်၍ မြန်မာတိုင်းမ်ဂျာနယ်သို့ မေးမြန်းစုံစမ်းရာတွင် ချက်ခြင်းအကြောင်း မပြန်ကြားနိုင်ကြောင်း ပြောသည်ဟုလည်း ဆိုသည်။

“သူတို့ကို အရေးယူလိမ့်မယ်လို့ မထင်ဘူး၊ မြန်မာတိုင်းမ် ဂျာနယ်ကလည်း စစ်အစိုးရလိုလားတဲ့ ကျမတို့က ဝေဖန်နေတဲ့ စစ်အစိုးရရဲ့ ဂျာနယ် ဖြစ်နေတာမဟုတ်လား”ဟု ၎င်းက ဆိုသည်။

Surrend အဖွဲ့သည် ယခုကြော်ငြာ မတိုင်ခင် ပြီးခဲ့သည့် ဒီဇင်ဘာလက အစိုးရအထိန်းချုပ်ခံ တဟီရန် တိုင်းစ် သတင်းစာ၌ အီရန်သမ္မတ မာမွတ် အာမက်၏ ဓာတ်ပုံအောက်တွင် “လူယုတ်မာ”ဟု အမည်ရသော စာတန်းထိုး၍ ထည့်သွင်းဖော်ပြ ခဲ့ဖူးသည်။

အလားတူ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကိုလည်း ဝေဖန်ခဲ့သည်ဟု ဆိုသည်။

“အနုပညာနဲ့ တော်လှန်ရေးလုပ်တာတော့ မဟုတ်ပါဘူး၊ အာဏာရှင်တွေကို ရယ်စရာဖြစ်အောင် လုပ်ချင်တဲ့သဘောပါ”ဟု ပီယာ ဘာတယ်လ်ဆန်က ပြောသည်။

ဧရာဝတီသတင်း မြန်မာစာမျက်နှာ မှ ကူးယူဖေါ်ပြသည်။