အလုပ်ဝင်ပြီးနောက် မကြာမီတွင် အစိုးရပိုင်လုပ်ငန်းများကို စီးပွားရေးဆန်ဆန် ဖွဲ့ရန် အစိုးရက လမ်းစဉ်ချမှတ် သဖြင့် သတင်းစာကော်ပိုရေးရှင်း ပေါ်လာသည်။ ဆရာတက်တိုးက ညွှန်ကြားရေးမှူးချုပ်ဖြစ်လာပြီး တင်မောင်အား သတင်းဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး ခန့်ထားသည်။ တင်မောင်တို့ သတင်းစာဆရာများကို လွှတ်မပေးပေ။ သူတို့အား စောင့်ကြည့်ရန် ရေတပ်ဗိုလ်မှူးတဦးကို အုပ်ချုပ်ရေးဆိုင်ရာ ဒု-ညွှန်ကြားရေးမှူးအဖြစ် ခန့်ထားလေသည်။
ဆရာတက်တိုးက စာများများရေးရန်သာ အမြဲကြိုးစားသူ ဖြစ်သည်ကြောင့် တကြောင်း၊ တင်မောင်၏ စာရိတ္တနှင့် အရည်အသွေးကို စိတ်ချသောကြောင့် တကြောင်းတို့ကြောင့် အလုပ်တာဝန်များတို့ကို ပုံလွှဲပေးသဖြင့် သတင်းစာ များ တိုးတက်ကောင်းမွန်ရေးကို အသင့်အတင့် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် တင်မောင်၏ အရေးကြီးသည့် တာဝန်ကြီးတရပ်မှာ ‘ဒေါက်ဖြုတ်’ အလုပ်ဖြစ်သဖြင့် ရံဖန်ရံခါတို့တွင် စိတ်မချမ်းသာ ဖြစ်ရသည်။
စစ်အစိုးရ စစ်ဗိုလ်များ၏ စိတ်ကြိုက်သတင်းစာ ထုတ်ရသည်မှာ မလွယ်ပါ။ ဇာတ်ပွဲထဲမှ မင်းသားရူးကို ခစားရသည့် အမတ်ကဲ့သို့ မင်းလိုလိုက် မင်းကြိုက်ကို ဆောင်ရွက်ရသည်မှာ များစွာ ခက်ခဲပါသည်။ စစ်ဗိုလ်များက အာဏာထက်သည်။ အယ်ဒီတာ တဦးတယောက်၊ တစုံတခု အမှားပြုလုပ်သည်ဟု ထင်ကြေးရှိသည်နှင့် ထိုသူကို “ဖြုတ်ပစ်လိုက်” ဟု အမိန့်ပေးလိုက်လေ့ရှိသည်။ အမိန့်အရ ဖြုတ်ရသည်မှာ တင်မောင်တယောက် ဖြစ်နေသဖြင့် တင်မောင်၏ တာဝန်တရပ်မှာ ကြိုးစင်ဒေါက်ဖြုတ်ရသည့်အလုပ်ဖြစ်နေသည်။
တနေ့တွင် လွှတ်တော်အစည်းအဝေး၌ နိုင်ငံ၏ ဘတ်ဂျက်ငွေစာရင်းကို တင်သွင်း အတည်ပြုစဉ်တွင် နိုင်ငံတော် သမ္မတကြီး ဦးနေ၀င်းအတွက် အသုံးစရိတ်များကို အသေးစိတ် ဖော်ပြထားပါသည်။ တောင်ရှည်ပုဆိုးဝယ်ရန် ကျပ် (၂၀၀၀) … စသည်ဖြင့် သမ္မတအတွက် သုံးလေသမျှ စာရင်းတင်သည်ကို ပြည်သူ့လွှတ်တော်က အဖြတ်အတောက်မရှိ အတည်ပြုလိုက်ပါသည်။ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးလွင်က တင်မောင်ထံ ဖုန်းဆက်ပြီး “ဒီစရိတ်အသေးစိတ်တွေ အသေးစိတ် ရေးတာကို သမ္မတကြီး ကြိုက်မှာမဟုတ်ဘူး။ သတင်းစာတွေ မှာ မပါစေနဲ့ ပိတ်လိုက်ပါ” ဟု အမိန့်ပေးပါသည်။ ၀န်ကြီးအမိန့်ကို တင်မောင်က ပြည်သူပိုင် သတင်းစာ အယ်ဒီတာချုပ်ကြီး (၇) ဦးတို့ထံ ထပ်ဆင့်ပြောကြားရပါသည်။
နောက်တနေ့တွင်မူ ကြေးမုံသတင်းစာ၏ လွှတ်တော်သတင်းတွင် နိုင်ငံတော် သမ္မတကြီး၏ အသုံးစရိတ် တောင်ရှည်ပုဆိုးဖိုး ကျပ် (၂၀၀၀) ရော၊ ဧည့်ခံစရိတ်ပါ အတိအကျ ပုံနှိပ်ဖော်ပြထားသည်ကို တွေ့ရသည်။ နံနက် (၇) နာရီတွင် ဗိုလ်မှူးကြီးလွင်က ဖုန်းဆက်ပြီး “ဘယ်လိုဖြစ်တာလဲ သမ္မတကြီးက ဒီသတင်းကို တွေ့ရင် ကျူပ်ကို ဘယ်လိုပြောမယ်မသိဘူး” ဟု စိုးရိမ်သံနှင့် ပြောပါသည်။ “ဒီနေ့ နံနက် (၉) နာရီမှာ ရုံးကိုလာပြီး အသေးစိတ် အစီရင်ခံပါ” ဟု အမိန့်ပေးပါသည်။
အစိုးရအရာရှိတိုင်း ထူထဲသော နေ့စဉ်မှတ်တမ်းစာအုပ်ကြီးများကို ဆောင်ကြရပါသည်။ ၀န်ကြီးထံမှ ‘အမိန့်လာ နေ့ (၂) နာရီ၊ ကြေးမုံအယ်ဒီတာချုပ် ဦးလှကွန်းသို့ ပြောချိန် (၂.၁၅) နာရီ’ စသည်ဖြင့် အသေးစိတ် မှတ်ထားရသဖြင့် တင်မောင်တွင် တာဝန်မရှိပါ။
ဦးလှကွန်းထံသို့ ဖုန်းဆက်မေးသောအခါ “ကိုယ်ညက နယ်လွန်နေတယ်၊ တိုက်ကို ပြန်မရောက်ဘူး၊ ဒု-အယ်ဒီတာချုပ် ကိုမြတ်သူလည်း သတင်းပိတ်တဲ့အမိန့်ကို သိပြီးမို့ စိတ်ချခဲ့မိတယ်။ ကြည့်လုပ်လိုက်ပါ ကိုယ့်လူရယ်” ဟု ဖြေ၏။
ဝန်ကြီးက နံနက် (၈) နာရီတွင် ဖုန်းဆက်ပြန်သဖြင့် သူ၏ ရုံးသို့ မသွားရတော့ပါ။ “ဒီသတင်းမပါစေနဲ့လို့ ပြောခဲ့တယ်ဆိုတော့ အယ်ဒီတာချုပ်မှာ တာဝန်ရှိတယ်။ သူ့ကို ဒီနေ့ကစပြီး ရာထူးက ဖြုတ်လိုက်ပါ” ဟု အမိန့်ပေး ပြီး တယ်လီဖုန်းကို ချသွားပါသည်။
ကြေးမုံအယ်ဒီတာချုပ် သခင်လှကွန်းမှာ အစစ်အဆေးမရှိ၊ အယူခံမရှိ၊ စက္ကန့်မဆိုင်း ရာထူးပြုတ်ရရှာပါသည်။ အယ်ဒီတာချုပ်ရာထူးမှာ ညွှန်ကြားရေးမှူး ရာထူးအဆင့်တွင် ရှိသဖြင့် အစိုးရစက်ယန္တရားတွင် နံပါတ် (၂) ရာထူး ဖြစ်ပါသည်။ စစ်တပ်က စိတ်ချရသည့်သူများကိုသာ ခန့်ထားမြဲဖြစ်သည်။ ဖြုတ်လိုသည့်အခါတွင် ခြင်ကောင်၊ ယင်ကောင်ကို သတ်သကဲ့သို့ အလွယ်တကူ ဖယ်ရှားလေ့ရှိပါသည်။ ဤသို့ပင် အယ်ဒီတာချုပ်အများအဖို့ ‘ထီကနဲ’ အဖြုတ်ခံရလေ့ရှိပါသည်။ ဆရာဇ၀န၊ ဆရာ ဦးခင်မောင်လတ်၊ ဗိုလ်တထောင် အယ်ဒီတာချုပ် ဗိုလ်ထိန်လင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဟံသာဝတီ ဦးဝင်းတင်နှင့် ဆရာကိုမြတ်သူ တို့ကိုလည်း ဤနှယ် ဖယ်ရှားခံခဲ့ကြရသည်။
သခင်လှကွန်း ပြုတ်ရသည်မှာ မိုင်းဗုံးထောင်သည်ကို ခံရသည်ဟု ဆိုပါ၏။ ဒု-အယ်ဒီတာချုပ် ကိုမြတ်သူက သတင်းပိတ်သည့် အမိန့်ကို သိပါလျက်နှင့် တမင်ပုံနှိပ်သည်ဟု သိရပါသည်။
သူ၏ လုပ်ကြံမှုက အောင်မြင်ပါသည်။ ချက်ချင်း ရာထူးတက်ပြီး ကြေးမုံအယ်ဒီတာချုပ်ရာထူးကို ဆက်ခံရပါသည်။ ထုံးစံအတိုင်း သူ့ခမျာလည်း သက်ဆိုးမရှည်ပါ။ သူ့ကိုလည်း စစ်တပ်က ဖြုတ်ချခဲ့သည်။ နောက်တကြောင်း ရှိသေးသည်။ သခင်လှကွန်းက စစ်ဗိုလ်ကတော်ဟောင်း မုဆိုးမကလေးတဦးနှင့် ငြိတွယ်နေသည်ကို စစ်စုံထောက်ကြီးက တေးထားသောကြောင့် အမှားတွေ့သည်နှင့် အပျောက်ရှင်းလိုက်သည်ဟုလည်း သိရပါသည်။ သူတို့က ဗိုလ်ကတော်ကျများကို အရပ်သားအရာရှိများနှင့် ငြိကြလျှင် များစွာ စိတ်ဆိုးလေ့ရှိပါသည်။
နောက်တမှုက ပိုပြီး ဇတ်နာပါသည်။ တနေ့တွင် ၀န်ကြီးရုံးမှ ပြန်လာသည့် ညွှန်ကြားရေးမှူးချုပ် ဆရာတက်တိုးက မြ၀တီအယ်ဒီတာချုပ် ဦးထွန်းလွင်ဟု ရေးထားသော စာရွက်ကလေးကို ပေးပြီး “ဒီကောင်ကို ရာထူးက ဖြုတ်တဲ့ အမိန့်ထုတ်လိုက်ကွာ” ဟု ပြောသည်။ ဒီလူ လူကောင်း လူအေး အမှုထမ်းသက်လည်း ကြာပြီ” ဟု တင်မောင်က စောဒကတက်သောအခါ ဆရာက “ဟေ့ကောင် - ခိုင်းတာလုပ်ပါကွာ။ ဒီကောင်လူကောင်းဆိုတာ မင့်ထက်ငါ သိတယ်ကွ” ဟု စိတ်မကောင်းသဖြင့် စိတ်တိုနေသည့်အသံနှင့် ဆူရှာပါသည်။
ဆရာက စာအုပ်တအုပ်ပေးဖတ်ပါသည်။ ဦးထွန်းလွင်၏ဇနီး ယုဝတီမာလာသိန်း ရေးသော ၀တ္ထုဖြစ်ပါသည်။ ပုဂ္ဂိုလ်ကြီးတဦး ဇနီးကွယ်လွန်သောကြောင့် နောက်အိမ်ထောင်ပြုရာ၌ သမီးငယ်များကို မိထွေးက နှိပ်စက်သည်ဟု ဇတ်လမ်းဖွဲ့ထားသည်။ ခေါင်းဆောင်ကြီး ဦးနေ၀င်းက ဒေါ်နီနီမြင့်နှင့် အိမ်ထောင်သစ်ထူသဖြင့် ‘သမီးများက မကြည်ကြတာကို စောင်းမြောင်းရေးထားတာ ဖြစ်နိုင်တယ်။ ဒီဝတ္ထုကို ဦးနေ၀င်း၊ ဒေါ်နီနီမြင့်တို့ မြင်လျှင် စိတ်မကောင်းဖြစ်ကြမယ်’ ဟု စစ်ဗိုလ်ဝန်ကြီးက ယူဆသောကြောင့် စာရေးဆရာမ၏ ခင်ပွန်းကို ရာထူးက ဖြုတ်စေသည်ဟု သိရပါသည်။ “ဒီစာအုပ်ကို ဆင်ဆာအဖွဲ့က ခွင့်ပြုလို့ ပုံနှိပ်တာပါ။ မာလာသိန်းနဲ့ ကိုထွန်းလွင် အိမ်ထောင်သက်က နှစ် (၂၀) ကျော်ပါပြီ။ မယားက ၀တ္ထုရေးတာကြောင့် လင်ကို ရာထူးက ဖြုတ်တယ်ဆိုတာ မတရားပါဘူး။ ဇတ်ကွက်တူတိုင်းသာ အရေးယူရမယ်ဆိုရင်” တင်မောင်က အယူခံသောအခါ စကားဆုံးအောင်ပင် မပြောရပါ။ ဆရာက ကရုဏာဒေါသောနှင့် ဆူတော့သည်။ “တော်ကွာ - မင်း ငါခိုင်းတာ လုပ်ရင်လုပ်၊ မလုပ်ရင် မင့်ကို ငါက ဖြုတ်မယ်ကွ” တဲ့။ နောက်ဆုံးတွင် ကိုထွန်းလွင်အား ရာထူးမှ ဖြုတ်မိန့်ထုတ်ပေးရပါသည်။
တင်မောင်အဖို့ အစိုးရအမှုထမ်းများကိုသာမက ဗိုလ်ချုပ်ကြီးနှင့် စစ်ဗိုလ်ကြီးများက မလိုလားသော နိုင်ငံခြား သတင်းထောက်များကိုလည်း နှင်ထုတ်ပေးခဲ့ရပါသည်။ နိုင်ငံခြားသတင်းဌာနများတွင် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သား သတင်းထောက်များကိုလည်း ဒေါက်ဖြုတ်ပေးရလေ့ ရှိပါသည်။
ရန်ကုန်၌ ရုံးဖွင့်ကြသည့် နိုင်ငံခြားသတင်းထောက်များကို တဦးပြီးတဦး နှင်ခဲ့သည်။ အေပီအမေရိကန် သတင်းထောက်ကို ပထမနှင်ပါသည်။ ရိုက်တာတွင် လုပ်ကိုင်သူ မက်ဂရဖ်ဆိုသူသည် မြန်မာကပြားဖြစ်ပါလျက် နှင်ထုတ်သောကြောင့် လန်ဒန်မှာပင် ခေါင်းချရရှာသည်။ ပြင်သစ်ကိုယ်စားလှယ်သည် ကြားနိုင်ငံမှ ဖြစ်သည်။ မြန်မာသတင်းကို ဝေဖန်ချက်မပါဘဲ ရေးသဖြင့် အကြာဆုံးနေရပါသည်။ နောက်ဆုံးတွင် သူ့ကိုလည်း နှင်လိုက်သဖြင့် နိုင်ငံခြားသတင်းထောက်အားလုံးတို့သည် ဒေသခံမြန်မာများ ဖြစ်လာကြပါသည်။
တနေ့တွင် ဒု - ၀န်ကြီးက တင်မောင်အားခေါ်ပြီး ထိပ်တန်းလျှို့ဝှက်ဖိုင်ကြီးတခု ပေးပါသည်။ ‘ထိပ်တန်းလျှို့ဝှက်’ ဟု ရေးထားစေကာမူ သတင်းစာလောကတွင် လူတိုင်းသိနေသည့် ကိစ္စ၊ မထူးသတင်းဖြစ်နေပါသည်။ ရိုက်တာ သတင်းထောက် ကိုမင်းသူသည် အရက်မူးလျှင် လူကြီးလူငယ်မရှောင် ဆဲရေးတိုင်းထွာသည်ဟု စစ်စုံထောက် အစီရင်စာတွင် နေရာ၊ နေ့စွဲနှင့် တကွ ရေးထားသည်။ “ဒါဘာဖြစ်သလဲ ၀န်ကြီး၊ ဒီငနဲက ဒီလိုပဲ ရမ်းတာကို လူတိုင်း သိပါတယ်။ သတင်းထောက်တွေက သူနဲ့အတူ အရက်မသောက်ဘဲ ရှောင်ကြပါတယ်” ဟု တင်မောင်က ပြောလျှင် “၀န်ကြီးနှစ်ဦးက သူတို့ကို ဆဲရေးတိုင်းထွာတယ်လို့ ၀န်ကြီးကို တိုင်တယ်ဗျ” ဟု ဖြေပါသည်။
တင်မောင်က ပြန်ပြောပါသည်။ “အလွယ်ကလေးပါ၊ သူနဲ့ အရောမ၀င်နဲ့၊ သူနဲ့အတူ အရက်မသောက်နဲ့ပေါ့။ ကျနော်ဆိုရင် အရက်မသောက်တော့ ကိုမင်းသူ ဆဲတာ တခါမှ မခံရဖူးပါ”
“ကျုပ်က ဒု - ၀န်ကြီးဗျ၊ ၀န်ကြီးတွေကို ဒီလူနဲ့ အရက်မသောက်နဲ့လို့ မပြောဝံ့ဘူး” ဟု ဒု - ၀န်ကြီးက ပြောပြီး “၀န်ကြီးက အမိန့်ချပြီးပြီ၊ ဒီလူကို ဖယ်ပေးပါ” ဟု တချက်လွှတ် အမိန့်ပေးတော့သည်။
အစိုးရ၀န်ထမ်းမဟုတ်သည့် နိုင်ငံခြားသတင်းဌာန ၀န်ထမ်းကို ရာထူးမှ ဖြုတ်ရသည်မှာ လက်ဝင်သည်။ ပထမ အင်္ဂလိပ်သံရုံးမှ ပြန်ကြားရေးအတွင်းဝန်အား ရုံးသို့ဖိတ်ပြီး ရိုက်တာသတင်းထောက် ကိုမင်းသူကို သတင်းထောက် လုပ်ပိုင်ခွင့် ပိတ်မည်ဖြစ်ကြောင်း ပြောရသည်။ ထိုအခါ “ဘာကြောင့် ပိတ်တာလဲ” ဟု အကြောင်းရင်းကို သူက မေးပါသည်။ ကိုမင်းသူတယောက် နိုင်ငံတော်သစ္စာဖောက်မှုကြီးကို ကျူးလွန်နေလေသယောင်ယောင် မရေမရာ ပြောရပါသည်။
အင်္ဂလိပ်သံရုံးက လက်ခံမှ သတင်းဌာန၏ ကိုယ်စားလှယ်ရှေ့နေကို ခေါ်ပြီး ပြောရပါသည်။ သတင်းထောက်သစ် အလိုရှိကြောင်း ကြေညာစေပြီး လျှောက်ထားသူများထဲမှ တဦးကို စစ်စုံထောက်ရုံးနှင့် ညှိပြီး သဘောတူကြောင်း အတည်ပြုပေးရပါသည်။
ကိုမင်းသူနှင့် ပုလင်းတူ ဘူးဆို့သောက်မိကြသောကြောင့် အရက်ဝိုင်းတွင် အဆဲခံကြရသူ စစ်ဗိုလ်ဝန်ကြီးနှစ်ပါးက ထိပ်တန်းလျှို့ဝှက်အဖြစ် တိုင်သည်ဖြစ်သောကြောင့် ကိုမင်းသူကို ဖြုတ်ခဲ့ရသည်ကို မသိကြပါ။ အဘယ်ကြောင့် ဖယ်ခဲ့သည်ဟူသည့် အဖြေကို စာနယ်ဇင်းလောကက မသိကြသဖြင့် အမျိုးမျိုးတွေးကြပါသည်။
ကိုမင်းသူ ကိုယ်တိုင်ကလည်း သူ့အား အဘယ်ကြောင့် သတင်းထောက်လိုင်စင် ပြုတ်ရသည်ကို မသိရှာသဖြင့် သူ၏ အမှုကို ဆောင်ရွက်သူ တင်မောင်အား ငြိုးပါသည်။ အရက်ဂျိုး ကိုမင်းသူက ဆဲရေးသည်ကို ရှေးက မခံခဲ့ရ သော ဒေါက်ဖြုတ်ကြီး တင်မောင်အဖို့ ကိုမင်းသူတယောက် အရက်မူးလေတိုင်း တယ်လီဖုန်းဆက်ပြီး ဆဲရေးသည် ကို အမြဲခံရရှာပါတော့သည်။ ။
No comments:
Post a Comment