အိန္ဒိယပြည်တွင်သာမက ကမ္ဘာ့သမိုင်းမှာပါ နေသို့ လသို့ ထင်ရှားခဲ့သည့် အသောကမင်းကြီး၏ ရာဇ၀င်ထဲတွင် မပါခဲ့သော သမိုင်း၏အပြင်ဘက်မှ ပုံပြင်ကလေးတခု ဖတ်ဖူးခဲ့သည်။
ဘုရင်ကြီးနန်းတက်စကာလက စစ်တိုက်ပြီး တက်ခဲ့ရသဖြင့် ရန်သူများကို ဒဏ်ခတ်ရန် များစွာ ဆိုးသွမ်းရက်စက် သော အကျဉ်းထောင်ကြီးတခု ရှိခဲ့ရသည်။ ထောင်ကျသူ မှန်သမျှ အရှင်မထွက်ရဘဲ သေသည်အထိ ညှဉ်းဆဲသည် ဟု ဆိုသည်။ တနေ့တွင် အကျင့်သီလ ပြည့်စုံသော ဗုဒ္ဓဘာသာ ရဟန်းတပါးထောင်ထဲရောက်လာသည်။ ထိုအခါ ထောင်အမှုထမ်းများက ပြုမြဲအတိုင်း ညှဉ်းဆဲကြသည်။
သံဃာတော်အား မည်သို့ ညှဉ်းဆဲစေကာမူ ပိန်းကြာရွက်ပေါ်တွင် ရေမတင်သကဲ့သို့ ဘေးမရှိ ရန်မရှိ ကြည်လင် နေသည်ကို တွေ့ကြရသည်။ မီးပုံထဲ ချ၍ မသေ၊ ရေနွေးအိုးကြီးထဲ တည့်စေကာမူ မပန်းသည့် ဖြစ်ရပ်ကို သတင်းပို့ ကြသောကြောင့် ဘုရင်ကြီးကိုယ်တော်တိုင် ထောင်ထဲဝင်ပြီး ဘုန်းတော်ကြီးကို ဖူးမြော်သည်ဆို၏။
အံ့မခန်းတန်ခိုးကြီးသော သံဃာတော်၏ တရားကို နာယူပြီးနောက် ဆရာတော်ကို လွှတ်စေဟု အမိန့်ချပြီး ဘုရင်ကြီးထောင်မှ ထွက်တော်မူရန် ပြင်ဆင်သောအခါတွင် ထောင်မှူးက “ဒီထောင်တွင်းဝင်လာသူမှန်သမျှ အရှင် ထွက်ခွင့်မပြုရလို့ ဘုရင် အမိန့်တော်ရှိပါတယ်” ဟု ဆိုကာ ဘုရင်ကြီးကို တားဆီးသည် ဆိုသည်။ ထိုအခါ ဘုရင်ကြီးက အခြား ထောင်မှုထမ်းများကို ဆင့်ခေါ်ပြီး “ဟောဒီ ထောင်မှူးကို ဟောဟို မီးပုံကြီးထဲ ထည့်လိုက်ကြ ဟေ့” ဟု အမိန့်သစ်ပေးပြီး ထွက်လာခဲ့ရလေသည်။ “ထောင်ကြီးကိုလည်း ဖျက်စေ” ဟု အမိန့်ပေးခဲ့သည်။ ထိုနေ့မှ စတင်ပြီး သာသနာပြု မင်းကောင်းမင်းမြတ်တပါး ဖြစ်လာသည်ဟု ဖတ်ရှုရသည်။
ထောင်ဟူသည်မှာ ရန်သူနှင့် ရာဇ၀တ်သားများကို ညှဉ်းပန်းနှိပ်စက်သော ဒေသဖြစ်သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ် များ သိမ်းပိုက်စကာလတွင် အင်းစိန်ထောင်ကြီး ဆောက်လုပ်စဉ်က အင်္ဂလန်တွင် အကျဉ်းထောင် ပြုပြင်ရေး လှုပ်ရှားမှုများ အကြိမ်ကြိမ်ပြုခဲ့ပြီ ဖြစ်သောကြောင့် အသင့်အတင့် ကောင်းမွန်အောင် ဆောက်လုပ်ထားလေသည်။
လေ၀င်လေထွက်ကောင်းစေရန် အကျဉ်းသားများ ကျန်းမာရေး မထိခိုက်စေရန် ဆောက်လုပ်ထားခဲ့သည်။ အကျဉ်းသားများကို လူစဉ်မီအောင် ထားရှိသည်။ ‘ရှေးခေတ်က သျှောင်ကြီးဗွေ အကျဉ်းသားများအတွက် အုန်းဆီ ပုံစံပေးရမည်ဆိုသော ဥပဒေရှိသည်’။ တင်မောင်တို့ ထောင်ထဲရောက်သော ၁၉၆၅ ခုနှစ်အထိ အုန်းဆီပေးနေ သေးသည်။ ဆပ်ပြာမှ စပြီး အစစပေးသည်။ ကျန်းမာရေးအတွက် ဆရာဝန်များ ထားရှိပေးသည်။
အင်းစိန်ထောင်အတွက် ဆရာဝန်တဦး ပေးထားသော်လည်း အကျဉ်းသားဦးရေက များပြားလွန်းသောကြောင့် တကြောင်း၊ ဆရာဝန်ကိုယ်တိုင် စေတနာ ခေါင်းပါးသောကြောင့် တကြောင်း အကျဉ်းသားများအဖို့ နာမကျန်း ဖြစ်လျှင် မလွယ်ကြပါ။
ဆရာဝန်က တပတ်တကြိမ် အဆောင်သို့လာသည်။ အကျဉ်းသား (၆၀) တို့ အနက် (၄) ဦးခန့်ကိုသာ ကြည့်နိုင် သည်။ ဆရာဝန်ပြသခွင့်ကို အချင်းချင်း ညှိနှိုင်းပြီး တကယ်ဝေဒနာရှိသူကို ရွေးကြရသည်။ ဆရာဝန်က ကြည့်ခွင့် ရစေကာမူ ၀တ်ကျေဝတ်ကုန်သာ ကြည့်လေ့ရှိသည်။ တခါက ခြေထောက်နာသောကြောင့် ဆရာဝန်ပြခဲ့သည့် လူနာကို ဤတချီ၌ ခေါင်းနာပါသည်ဟု ပြောပြသော်လည်း ဆရာဝန်က Repeat all ယခင်က ပေးသောဆေးကို ဆက်လက်ပေးစေဟုသာ ဆေးစာလွယ်လွယ် ရေးပေးလေ့ရှိသည်။ ရောဂါပြင်းလွန်းသည့် လူနာများကိုသာ ထောင်ဆေးရုံသို့ တင်ရသည်။
ကျန်းမာရေး ဒေါင်ဒေါင်မြည်သည့် တင်မောင်ကိုမူ အထူးအခွင့်အရေးအဖြစ် လူမမာစာကျွေးစေဟု အထူးဆေး လက်မှတ်ရရှိခဲ့သည်။ ထိုဆေးလက်မှတ်မျိုးကို ထောင်သို့ ရောက်လာသော စစ်ဗိုလ်မှန်သမျှတို့ကို ပေးလေ့ရှိသည်။ စစ်အစိုးရတို့၏ မူလမ်းစဉ်ဖြစ်သော မတရားမှုသည် ထောင်ထဲတွင် ပိုမို ကြီးထွားသည်။ ထောင်တွင်းတွင် မည်သည့်အရာမှ မကောင်း။
ကိုလိုနီခေတ်က အကျဉ်းထောင်စနစ်ဆိုးရွားပုံကို ဖွဲ့ဆိုခဲ့သော ‘ရက်စက်ပါပေ့ကွယ်’ ၀တ္ထုကြီးသည် ‘စာရေးဆရာ သခင်နု’ ၏ အကောင်းဆုံးလက်ရာ ဖြစ်၏။ စာရေးဆရာ ၀န်ကြီးချူပ်ဖြစ်လာသောအခါတွင် မြန်မာနိုင်ငံ အကျဉ်းထောင်ပြုပြင်ရေးကို ဆောင်ရွက်ခဲ့ပ့ါသည်။ အကျဉ်းထောင် ပြုပြင်ရေး စတင်လုပ်ဆောင်ခိုက်တွင် ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ တက်လာသောခေတ်တွင် ရပ်ဆိုင်းသွားပြီး အကျဉ်းထောင်များမှ နှိပ်စက်မှုများ ပိုမိုဆိုးရွား လာသည်။ ကိုကိုးကျွန်းနှင့် ပုသိမ်ကျွန်းတွင် အကျဉ်းထောင်ကြီးများ လုပ်ပြီး စစ်အစိုးရအား ဆန့်ကျင်သူ နိုင်ငံရေး ခေါင်းဆောင်များကို လွန်လွန်ကျူးကျူး နှိပ်စက်ခဲ့လေသည်။
ရက်စက်ပါပေ့ကွယ် ၀တ္ထုအပြင် ‘ထောင်အရသာ’ အမည်နှင့် စာအုပ်တအုပ် ထွက်ခဲ့သေးသည်။ ‘လူထုဦးလှ’ ၏ ‘ထောင်နှင့်လူသား’ စာအုပ်နှင့် ‘ထောင်မှတ်တမ်းများ’ သည်လည်း သမိုင်းဝင်စာပေအဖြစ် ကျန်ရစ်ခဲ့သည်။ စစ်အစိုးရ ဆက်တိုက်တက်နေသဖြင့် ကိုကိုးကျွန်းထောင်စာပေ နည်းပါးနေပါသည်။
ထောင်အကြောင်း၊ ထောင်သတင်းကြားလေတိုင်း တင်မောင်၏စိတ်သည် တုန်လှုပ်ချောက်ချားလေ့ ရှိပါသည်။ အကြောင်းမှာ တင်မောင်၏ နဂိုဗီဇဉာဉ် ထောင်ကို ကြောက်တတ်သူဖြစ်နေသည်။ ထောင်ကို ကြောက်သည်ဟု ဆိုသည်နှင့် သတ္တိနည်းသည် မဆိုသင့်ပါပေ။ ထောင်ကို ကြောက်စေကာမူ စစ်အစိုးရများ ဓားမိုးနေသောခေတ် တွင် ထောင်နှုတ်ခမ်းပေါ် လျှောက်ပြေးနေရသည့် စာပေ၀န်ထမ်းလုပ်ငန်းကို စွန့်လွှတ်ခြင်း မပြုခဲ့ပါ။ အရေးအသား ဆန့်ကျင်လျော့ပေါ့ ရေးသားသည် ရှိစေကာမူ ထောင်ကို ကြောက်သောကြောင့် စစ်အစိုးရ ဖက်ဆစ်စနစ်ကို ထောက်ခံရေးသားမှု မပြုခဲ့။
တင်မောင် ကြောက်အားပိုပုံမှာ တဘာသာဖြစ်သည်။ လူသားတို့တွင် ကြောက်လန့်သော အရာတခု ရှိတတ်သည်။ အချို့က အမြင့်တက်ရန် ကြောက်သည်။ တချို့က ရေကို ကြောက်၏။ စက်ဘီးစီးရန် ကြောက်သူ၊ လေယာဉ်ပျံ စီးရန် ကြောက်သူ … စသည်ဖြင့် ရှိတတ်သည်။ တင်မောင်ကြောက်ရွံ့သည်မှာ ပိတ်ပင်ချုပ်ချယ်မှု ဖြစ်သည်။ ငယ်စဉ်ကစပြီး ခေါင်းမြီးခြုံကာ မအိပ်ဝံ့သူဖြစ်သည်။ ပိတ်ခြင်ထောင်ကို ကြောက်သည်။ အလုံပိတ်ထားသည့် အခန်းကို ကြောက်သည်။ ချုပ်နှောင်ပိတ်ပင်ထားလျှင် မွန်းတတ်သည်။ အသက်ရှုကျပ်သည်။
၁၉၅၈ ခုနှစ်က ဟံသာဝတီ ဦးပေါ်ဦး၊ မန်းသူရိယ ဦးသန်းမောင်နှင့်အတူ သတင်းစာ လေ့လာရေးအဖွဲ့အဖြစ် ဘိလပ်သွားခဲ့သည်။ အိမ်ရှင်များက ရေတပ်သား (၅)ဦးသာ စီးနင်းနိုင်သော နောက်ဆုံးပေါ် ရေငုပ်သင်္ဘောကို ပြသသောအခါ အမှတ်တမဲ့ ရှေ့ဆုံးမှ ၀င်ကြည့်မိသည်။ အထဲရောက်မှ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့် အခါ၌ ပြသသူ ဧည့်ကြိုနှင့် မိမိတို့အဖွဲ့ဝင် သုံးယောက်က ပိတ်နေသည်ကို မြင်တွေ့ရသဖြင့် ချွေးစီးပြန်လာပြီး အသက်ရှုရပ်သွားသည်။ “လုပ်ကြပါဦး၊ ကျနော်မူးနေပြီ၊ ခင်ဗျားတို့ထွက်ပေးပါ။ ကျနော် ထွက်ပါရစေ” ဟု အော်ဟစ်မိသည်။ ပြသသူရော အဖွဲ့ဝင်များပါ နားမလည်နိုင်ဘဲ ထွက်ပေးကြမှ တင်မောင် ထွက်လာနိုင်သည်။ အသက်ပြန်ရှုနိုင်သည်။
၁၉၆၁ ခုနှစ်က ၀န်ကြီးချုပ်ဦးနု အီဂျစ်ပြည်သို့ ခရီးထွက်စဉ်က တင်မောင်သည် အဖွဲ့ဝင် တဦးအဖြစ် လိုက်ပါခဲ့ရသည်။ တနေ့တွင် ကြီးမားသော သုံးချွန်းထောင့် ပိရမစ်သင်္ချိုင်းဂူကြီးတခုသို့ သွားရောက်ကြည့်ကြသော အခါ ဧည့်သည်တော် မြန်မာဝန်ကြီးချုပ်ကို သာမန်ခရီးသည်များ မ၀င်ရသည့် ဂူတွင်းသို့ ၀င်ရောက် ကြည့်ရှုရန် ပြသသည်။
မြန်မာအဖွဲ့ဝင်ရော အိမ်ရှင်တွေပါ လူသုံးဆယ်ခန့် တန်းစီပြီး ဂူတွင်းသို့ ၀င်ကြသည်။ စောစောက ဂူပေါက်တွင် ဓာတ်ပုံရိုက်နေသည့် တင်မောင်မှာ ရှေ့ဆုံးမှ ရောက်နေသည်။ ပေနှစ်ဆယ်ခန့် ဂူတွင်းဝင်မိလျှင် ဂူလိုဏ်လမ်း ကြောင်းမှာ ပိုမိုကျဉ်းမြောင်းသွားသည်ကို တွေ့ရသည်။
ရှေ့သို့ လှမ်းကြည့်သောအခါ လျှပ်စစ်မီးထွန်းထားသည့် ဂူလမ်းက ပိုမိုကျဉ်းသည်ကို မြင်ရသည်။ နောက်သို့ ပြန်ကြည့်သောအခါ ငါးပေခန့်အကွာမှ ဦးနုလိုက်လာသည်ကိုသာ မြင်ရကာ သူ၏ နောက်မှ အခြားအဖွဲ့ဝင်များက ဂူဝကို ပိတ်နေသည်ကို တွေ့ရသည်။ ဤတွင် တင်မောင်၏ အကြောက်ရောဂါ ထလာသည်။ ကြောက်စိတ်မွှန် လာပြီး ဇောချွေးပြန်လာသည်။ တပ်ဦးက ချီခဲ့သည့် တင်မောင်က စိတ်မထိန်းနိုင်ဘဲ ၀ရုန်းသုန်းကား ပြန်လှည့်ပြီး ၀န်ကြီးချုပ်ရော၊ အဖွဲ့ဝင်တွေကိုပါ တိုးဝှေ့ကာ ထွက်ပြေးသောကြောင့် ပွဲပျက်ခဲ့ရဖူးသည်။
‘ကျဉ်းကျပ်မှုကို ကြောက်သော စိတ်ရောဂါ’ ဟု ဆရာဝန်တဦးက ဆိုသည်။ ယခင်ဘ၀က မသေမီ ဂူပိတ်ခံရပြီးမှ သေခဲ့ဟန်တူသည်ဟု အချို့က မှတ်ချက်ချသည်။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ တင်မောင်သည် ပိတ်ဆို့မှု ကို ကြောက်သည်။ ရုပ်ရှင်ကြည့်တိုင်း မီးနီကလေး ပြထားသော ထွက်ပေါက်ကို သတိထားလေ့ရှိသည်။
ထိုကဲ့သို့ တံခါးအပိတ်ခံရသည်ကို ကြောက်လန့်သူ တင်မောင်မှာ ထောင်တွင်းသို့ရောက်သောအခါ ကျယ်ဝန်းသည့် အခန်းကြီးမှာ နေရစေကာမူ ပိတ်လှောင်ထားခြင်းခံနေရသည် ဟူသော အသိကို သတိရမိတိုင်း အသက်ရှုမှား မိသည်။ ထောင်မှူးများက သံသော့ကြီးများကို ကောင်းစွာ ခတ်မခတ် ဂျိုင်းကနဲ ရိုက်ကာ စစ်ဆေးလေတိုင်း အသက်ရှုမှားရသဖြင့် ကြီးစွာ စိတ်ဆင်းရဲရသည်။ ဘိန်းစားခြင်းအတူတူ တမူးသားပိုရှုသည် မဟုတ်ပါ။ ‘ကြောက်ပါ တယ်ဆို ကြောင်ကလေးနဲ့ အတို့ခံရသူ’ ဖြစ်ပါသည်။
တင်မောင်အဖို့ ထောင်ချခံနေရသည်က အခြားသူတွေထက် ပိုပြီး ‘နာ’ ပါသည်ဟု ဆိုရပေမယ့် ထောင်ထဲတွင် စစ်အစိုးရက ချမှတ်ထားသည့် စည်းကမ်းဥပဒေများကို ချိုးဖျက်ရသည့် အရသာက ထူးကဲကြီးမားသည်။ စကား မပြောရဟု ပိတ်ပင်ထားသူနှင့် စကားပြောရခြင်း၊ မင်၊ ဖောင်တိန်၊ စက္ကူမကိုင်ရ၊ စာရွက်စာတမ်း ရေးသားဝေငှ သည်ကို တွေ့ရလျှင် တိုက်ပိတ်မည်ဟု ဆိုနေသည့်အကြားမှ သတင်းစာထုတ်ရခြင်း စသည်တို့မှာ သင်တုန်းဓား ပေါ်တွင် လူးထားသော ပျားရည်ကို လျက်ရသကဲ့သို့ အသည်းတလှပ်လှပ်ဖိုကာ အရသာထူးသည်။ ထိုကြောင့် ထောင်ထဲ၌ ပျော်သယောင်ယောင် ဖြစ်လာတော့သည်။ ။
No comments:
Post a Comment