Sunday, July 27, 2008

(၇) ပြည်တွင်းစစ်မီးကြီးစတင်တောက်လောင်ခြင်း (ကြေးမုံဦးသောင်း)

မြန်မာနိုင်ငံတွင် ယနေ့အထိ တောက်လောက်နေသော ပြည်တွင်းစစ်မီးကြီးကို စတင်ပြီး မီးရှို့ ခဲ့သူမှာ နိုင်ငံရေး အစွန်းထွက်ပြီး များစွာ အယူသည်းသူ အလံနီကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုး ဖြစ်သည်။
ကမ္ဘာစစ်ဦးကာလကမူ အင်္ဂလိပ်အစိုးရ၏ အကျဉ်းသားအဖြစ် မြင်းခြံထောင်တွင် ထောင်နန်းစံနေသူ ဖြစ်ပါ လျက် “အခုဖြစ်ပေါ်နေတဲ့ ကမ္ဘာစစ်ကြီးမှာ ဖက်ဆစ်အင်အားစုနှင့် ဒီမိုကရေစီအားအင်တို့ ရင်ဆိုင်တိုက်ကြရ သည်သာ ဖြစ်သောကြောင့် မြန်မာများ ဒီမိုကရေစီ အင်္ဂလိပ်အစိုးရကို ကူညီကြပါစို့” ဟု နိုင်ငံရေး စစ်တမ်း ထုတ်ခဲ့သည်။ ဂျပန်ကို အကူအညီမပေးကြရန် လမ်းစဉ်ချမှတ်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက် ရေး အဖွဲ့ကြီးကို ၁၉၄၁ ခုနှစ်က မျိုးစေ့ချ တည်ထောင်ခဲ့သည်။
ဂျပန်စစ်တပ်နှင့် ပူးပေါင်းပြီး အင်္ဂလိပ်တို့ကို တိုက်ခိုက်နေကြသူတို့လည်း စိုးကြီး၏ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လက်ခံအားပေးခဲ့သဖြင့် ဖဆပလအဖွဲ့ချုပ်ကြီး ပေါ်ထွန်းလာခဲ့သည်။ စိုးက နိုင်ငံရေးခေါင်း ဆောင်၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူကာ လှုပ်ရှားခဲ့ကြသည်။
စစ်ကြီးပြီးသွားသောအခါတွင် ဖဆပလအဖွဲ့ကြီးသည် ကြီးမားသော နိုင်ငံရေးတပ်ပေါင်းစုကြီးအဖြစ် လွတ်လပ် ရေးတိုက်ပွဲကို ဆက်လက်တိုက်ခဲ့ကြသည်။ ဒီမိုကရေစီနည်းကို အသုံးပြုပြီး အင်္ဂလိပ်အစိုးရထံ လွတ်လပ်ရေး ဈေးဆစ်ခဲ့ကြသည်။ ခက်သည်မှာ သခင်စိုးက အင်္ဂလိပ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးတောင်းဆိုသော လမ်းစဉ်ကို မယုံကြည်၊ လက်နက်နှင့် တော်လှန်ခြားနားမှသာ စစ်မှန်သည့် လွတ်လပ်ရေးကို ရရှိနိုင်မည်ဟု သူက ယူဆသည်။
ပြင်းထန်တင်းမာသော သူ၏ အယူအဆများ လက်မခံနိုင်ကြသဖြင့် သခင်စိုးကို ကွန်မြူနစ်ပါတီကရော၊ ဖဆပလ အဖွဲ့ချုပ်ကပါ ထုတ်ပယ်ခဲ့ကြသည်။ သူက ငြိမ်ခံသူမဟုတ်၊ အလံနီ ကွန်မြူနစ်ပါတီအမည်နှင့် စင်ပြိုင် ပါတီတရပ် တည်ထောင်ပြီး မြန်မာ့နိုင်ငံရေးလောကတခုလုံး ခလောက်ဆန်အောင် ပြင်းထန်စွာ လှုပ်ရှားခဲ့လေ သည်။
အိုးအိမ်မဲ့များအဖို့ တွေ့ရာ၊ မြင်ရာ မြေကွက်မှာ နေပိုင်ခွင့်ရှိသည်ဟု ဆိုကာ အစိုးရပိုင် မြေကွက်များနှင့် ပိုင်ရှင် ရှိသော အခြားမြေကွက်များတွင် သူကိုယ်တိုင် တူရွင်းတချောင်းနှင့် တွင်းတူး၊ တိုင်စိုက်ပြီး တဲများ ဆောက် ပေးခဲ့သည်။ အလံနီပါတီက ဦးစီးကာ ရန်ကုန်မြို့လယ်တွင် ပစ္စည်းမဲ့တို့၏ ရပ်ကွက်များ တည်ထောင်ပေးခဲ့ သည်။ နယ်ချဲ့အစိုးရနှင့် လက်ပါးစေများသည် ပစ္စည်းမဲ့လူတန်းစားကို မုချအရှုံးပေးစေရမည်ဟု သခင်စိုးက ကြွေးကြော်ပြီး တည်ဆောက်သော ရပ်ကွက်မှာ အလံပြဘုရားလမ်းမှ မင်းမနိုင်ရပ်ကွက်ဖြစ်လေသည်။ ဖဆပလ ရပ်ကွက်၊နောက်အစိုးရက ဆောက်သော ဖဆပလ တိုက်တန်းမှာလည်း သခင်စိုး၏ တူရွင်းဖျားမှ ပေါ်လာ ခဲ့လေသည်။
အိုးမဲ့အိမ်မဲ့ ပြဿနာမှ အလုပ်သမားပြဿနာအထိ ပြဿနာအ၀၀ကို အလံနီကွန်မြူနစ်ပါတီက ၀င်ရောက် ဖြေရှင်းလေ့ရှိသဖြင့် ထိုအချိန်က နေ့စဉ်သတင်းစာတို့တွင် မည်သည့်ရုံး၊ မည်သည့်ဆိုင်ကို အလံနီဝိုင်းခြင်း စသော သတင်းများကို နေ့စဉ် သတင်းစာတို့တွင် အထပ်ထပ် ဖတ်ရှုနေကြရသည်။
တနေ့တွင် ခေါင်းဆောင်ကြီး သခင်စိုးက နောက်မယားယူသဖြင့် မယားကြီးဖြစ်သူ ဒေါ်ခင်စီက (၃၃) လမ်းရှိ အလံနီဌာနချုပ်သို့ သွားကာ ရန်တွေ့လေသည်။ ထိုသတင်းကို ဗမာ့ခေတ်သတင်းစာက ဟာသပြုကာ ခေါင်းစဉ် တပ်သည်မှာ ပွဲကျသွားခဲ့လေသည်။ ဗမာ့ခေတ်၏ သတင်းခေါင်းစဉ်မှာ “အလံနီဌာနချုပ်ကို ဒေါ်ခင်စီ ၀ိုင်းခြင်း” ဟူ၏။
ဖဆပလအဖွဲ့ကြီးက ဆွေးနွေးဈေးဆစ်နေကြချိန်တွင် စိုးကြီးက မင်းမဲ့တိုက်ပွဲများ ဆင်နွှဲနေသောကြောင့် ဖဆပလ အစိုးရပင် ဖြစ်စေကာမူ အင်္ဂလိပ်အစိုးရအဖို့ ပိုမိုအလုပ်များရလေသည်။ ဖဆပလနှင့် အင်္ဂလိပ်အစိုးရ တို့ ဆွေးနွေးမှုတွင်လည်း မြန်မာဘက်မှ အထောက်အကူ ရခဲ့လေသည်။ အလံနီတို့က ရန်ကုန်တမြို့လုံးတွင် တဲဆောက်ပွဲများ ဆန္ဒပြပွဲများ ဆက်တိုက် ကျင်းပလာရာမှ တနေ့တွင် “အင်္ဂလိပ်တို့၏ အုပ်ချုပ်မှု စက်ယန္တရား ကြီးကို အသက်အသေခံပြီး ရပ်ဆိုင်းကြမည်” ဟု ကြွေးကြော်ပြီး အတွင်းဝန်များရုံးကို ၀ိုင်းကြလေတော့သည်။ “သေရဲတာ အလံနီဟေ့” ဟု အော်ဟစ်ပြီး အတွင်းဝန်ရုံးကို ၀ိုင်းပြီး ဆန္ဒပြကြသည်။ အလံနီတို့အား ပုလိပ်များ က မီးသတ်ရေပိုက်များနှင့် လူစုခွဲကြရလေသည်။ ပွဲကြည့်ပရိသတ်က “ရေရွှဲတာ အလံနီဟေ့” ဟု အော်ဟစ် လှောင်ပြောင်ရင်း အားပေးကြ၏။ ဘေးလူများအဖို့ အန္တရာယ်မရှိသောကြောင့် ဒီမိုကရေစီခေတ်က ဆန္ဒပြပွဲ များကို လူထုက ၀ိုင်းကြည့်လေ့ရှိကြသည်။ ရယ်ကြ၊ မောကြ၊ လက်ခုပ်လက်ဝါးတီးကြနှင့် အားပေးလေ့ရှိကြ သည်။ ရန်ကုန်လူထုအဖို့ ပျော်ပွဲရွှင်ပွဲ တမျိုးပင်။
အလံနီများ သောင်းကျန်းလွန်းသဖြင့် ထိုနေ့တွင်ပင် အလံနီပါတီကို အစိုးရက မတရားအသင်း ကြေညာပြီး ခေါင်းဆောင်များကို လိုက်လံဖမ်းဆီးတော့သည်။ စိုးကြီးနှင့် အလံနီများတို့သည် အပြေးကလည်း ကောင်းပေ သည်။ အတွင်းဝန်များရုံးမှ တပ်ခေါက်ပြီး ရွှေတိဂုံကုန်းတော်ပေါ်အရောက် ပြေးနိုင်ကြသည်။
စေတီတော်၏ အရိပ်ကို ခိုမိကြသည်နှင့် တပြိုင်နက် ဘေးမဲ့သတ္တ၀ါများ ဖြစ်သွားကြတော့သည်။ ဒီမိုကရေစီ ခေတ်က အစိုးရတို့သည် သာသနာတော်ကို ရိုသေပြီး လူ့အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ပေးလေသဖြင့် ကုန်းတော်ပေါ်သို့ တက်ပြီး ဖမ်းလေ့ဆီးလေ့ မရှိစေကာမူ နိုင်ငံတော်အစိုးရက မတရားသင်းကြေညာထားသဖြင့် သခင်စိုးနှင့် နောက်လိုက်များကို ဖမ်းဆီးရန် ကုန်းတော်ပေါ် ခြေတော်ရင်းတွင် ပုလိပ်တပ်များ တပ်စွဲပြီး ၀ိုင်းထား ကြပါလေသည်။ မုခ်ကြီးလေးမုခ်တွင် ပုလိပ်စခန်းဖွင့်ပြီး ဆင်းသူတက်သူများကို စစ်ဆေးနေလေသည်။
ထိုအချိန်က တင်မောင်၏ တာဝန်မှာ မတရားသင်းခေါင်းဆောင်ကြီး ဆင်းလာသဖြင့် ဖမ်းမိလျှင် သတင်းဓာတ်ပုံ ရိုက်ပြီး သတင်းယူရန် ဖြစ်သည်။ စိုးကြီးဆင်းလာမည်ဟု ယူဆသော စောင်းတန်း၌ ပုလိပ်အရာရှိများနှင့်အတူ စခန်းချပြီး ပုလိပ်မင်းရော၊ သတင်းထောက်များပါ မအိပ်မနေ လူလဲနှင့် စောင့်ခဲ့ကြရသည်။ (၅) ရက်တိုင်တိုင် ဆက်တိုက်စောင့်ကြရာတွင် တရုတ်ကဲ့သို့ ၀တ်ဆင်ကာ ဆင်းလာသူ တတိယတန်းခေါင်းဆောင် (၂) ဦးကို ဖမ်းမိသည့် သတင်းသာ ရေးနိုင်ခဲ့သည်။
(၆) ရက်မြောက်သောနေ့ နံနက်တွင်မူ သခင်စိုး လွတ်သွားပြီဟု သတင်းထူးကြီးကို တင်မောင်တို့ ဗမာ့ခေတ် သတင်းစာတွင် ဖော်ပြလိုက်လေသည်။ သခင်စိုးကြီး ခေါင်းတုံးတုံးပြီး စကောတချပ်ကို ရွက်ကာ မယ်သီလရှင် အသွင်နှင့် ၀တ်ဆင်ပြီး ဆင်းခဲ့သည်ကို ပုလိပ်များနှင့်တကွ သတင်းထောက်များပါ မသိလိုက်ကြဟု အသေး စိတ် ဖွဲ့နွဲ့ပြီး ရေးသားထားသည်။ ပုလိပ်များရော၊ သတင်းထောက်များကပါ စိတ်ဓာတ်ကျသွားတော့ကာ အထက်အမိန့်အရ ပုလိပ်တပ်များ ရုပ်သိမ်း သွားတော့သည်။
ထိုသတင်းသည် သတင်းမှန်မဟုတ်။ အယ်ဒီတာချုပ် ဦးအုန်းခင်က စိတ်ကူးနှင့် ဖန်တီးရေးသားသည်ဟု နောက် မှ သိကြရသည်။ သတင်းလိမ်ကြောင့် ပုလိပ်များ ရုပ်သိမ်းသွားတော့မှ စိုးကြီးနှင့် အဖွဲ့တို့သည် ကုန်းတော်ပေါ်က လွယ်ကူစွာ ဆင်းပြေးနိုင်ခဲ့သည်။
ဦးအုန်းခင်နှင့်တကွ ဗမာ့ခေတ်သတင်းစာတို့သည် ကွန်မြူနစ်ဝါဒကို လက်မခံဟု အတိအလင်း ကြေညာပြီး လက်ဝဲဆန့်ကျင်ရေးကို ရေးသားနေသော သတင်းစာဖြစ်သော်လည်း ဦးအုန်းခင်နှင့် သခင်စိုးတို့သည် များစွာ ရင်းနှီးသည့် မိတ်ဆွေများ ဖြစ်ကြသည်က တကြောင်း၊ အလံနီတို့ ဇွဲ၊ သတ္တိကို လေးစားသည်က တကြောင်းတို့ ကြောင့် တတ်နိုင်သမျှ ကူညီလေ့ရှိသည်။ အလံနီခေါင်းဆောင်များသည် အဖမ်းခံရလျှင် အစာငတ်ခံ တိုက်ပွဲ ကို ဆင်နွှဲလေ့ရှိသည်။ သူတို့ထောင်ထဲမှာ သေလေမည်ကို အစိုးရက စိုးရိမ်သောကြောင့် တိုက်ပွဲဝင် အလံနီများ အားအင် အထူးဆုတ်ယုတ်နေချိန်တို့၌ နံနက်စောစောတို့တွင် ထောင်ပြင်ပလက်ဖောင်းများပေါ် စွန့်ပစ်ထားလေ့ ရှိသည်။ အဖမ်းခံရသူ အလံနီများနှင့် ထောင်ဆရာဝန်တွေပါ ပြင်ပလောကနှင့် အချိတ်အဆက်ကောင်းသော ကြောင့် ဗမာ့ခေတ်က အမြဲကြိုတင်သိပြီး ထိုသို့ စွန့်ထားသူ လမ်းဘေးပလက်ဖောင်းပေါ်မှ လူနာများကို ဗမာ့ခေတ်သို့ သယ်ယူပြီး တိုက်အပေါ်ထပ်၌ တင်ကာ ဆေးကုပေးလေ့ရှိသည်။ ပုလိပ်များက သိကြစေကာမူ မျက်စိမှိတ်ထားကြသည်။
ပုလိပ်တို့သည်လည်း လွတ်လပ်ရေးတိုက်ပွဲဝင်များ ဖြစ်ကြသည်။ ဒီမိုကရေစီခေတ်က နိုင်ငံရေးလှုပ်ရှားမှုများ သည် ကြည်နူးဖွယ်၊ ပျော်ဖွယ်၊ ချစ်စဖွယ်ကောင်းလှပေသည်။ ဤတချီတွင် ဦးအုန်းခင်က အကျဉ်းအကျပ်တွေ့ နေသော သူ၏ မိတ်ဆွေကို မဟုတ်သတင်းရေးပြီး ကယ်တင်လိုက်လေရာ ယင်းလုပ်ကြံသတင်းသည် အမေရိ ကန် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြရလေသည်အထိ ကမ္ဘာကျော်သွားတော့သည်။
တင်မောင်အဖို့ ဘ၀င်မကျသဖြင့် သတင်းစာကျင့်ဝတ်ကို ချိုးဖောက်သည်ဟု ဦးအုန်းခင်အား စွပ်စွဲကာ ဝေဖန်သောအခါတွင် သူ၏အဖြေမှာ “ငါ့လခွေး၊ တို့က အင်္ဂလိပ်ကို တိုက်နေတာကွ၊ အလံနီတွေ ခလောက်ဆန် တာတွေက အောင်ဆန်းတို့ ဖဆပလကို အထောက်အကူ ဖြစ်စေတယ်ကွ” ဟူ၏။
မည်သို့ပင် သူက ထုချေနိုင်စေကာမူ မဟုတ်မမှန်သတင်းကို ရေးသားမှုသည် သတင်းစာအဖို့ ပါရာဇိက ကံထိုက်သည်။ ထို့ပြင် နောက်ပိုင်းဖြစ်ပျက်လာသော ကွင်းဆက်သတင်းများကိုလည်း ပြန်ပြီး သုံးသပ်သင့်ပေ သည်။
သခင်စိုးနှင့် အလံနီများအဖို့ ဗမာ့ခေတ်သတင်းလိမ်၏ အကူအညီနှင့် ၁၉၄၇ ခု၊ ဇန်န၀ါရီလ (၂၆) ရက်နေ့က ရွှေတိဂုံကုန်းတော်ပေါ်မှ ဆင်းပြီး တိုက်ရိုက်တောခိုကြသည်။ ပြည်တွင်းစစ်မီးကြီး၏ အမွန်အစ မီးပွားများ ဖြစ်လာခဲ့သည်။ သူတို့သည် (၁၅)နှစ်တိုင်တိုင် လက်နက်ကိုင် သူပုန်များအဖြစ် တောတွင်းသို့ ရောက်သွားကြ သည်။ ၁၉၆၂ ခု၊ နိုဝင်ဘာလတွင်မှ ဗိုလ်နေ၀င်း၏ တော်လှန်ရေးအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်လေမှ ရက်အနည်းငယ်သာ မြို့ပေါ်ပြန်ကာ ရက်အနည်းငယ်မျှ ခြေချနိုင်ခဲ့သည်။ အလံနီ တောခိုပြီးနောက် အလံဖြူများ နှင့် လူမျိုးစုများပါ သူပုန်ထခဲ့ကြသည်။ စစ်တပ်က အပြီးအနိုင် မတိုက်နိုင်သကဲ့သို့ သူပုန်များကလည်း အနိုင် မတိုက်နိုင်ခဲ့သောကြောင့် ပြည်တွင်းစစ်မီးကြီး ကြာရှည်လာပြီး စစ်အာဏာရှင်စနစ် ပေါက်ဖွားလာခဲ့ရသည်။
သခင်စိုးအဖို့ ပထမအင်္ဂလိပ်အစိုးရကို တိုက်သည်ဖြစ်သော်လည်း နောက်ပိုင်းတွင် မြန်မာဒီမိုကရေစီ အစိုးများကို တိုက်ခဲ့သည်။ ပစ္စည်းမဲ့များကို အစစ်အမှန် ချစ်မြတ်နိုးကာ နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုသည် မှာ မှန်ကန်သည်ဆိုစေကာမူ ဆင်စွယ်ရွာအမည်ရှိ ရွာစွန်ကလေးတခုမှ ဆင်းရဲသော လယ်သမားအားလုံး တို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်မိသည်လည်း ရှိသည်။
၁၉၇၇ ခုက ဦးအုန်းခင်နှင့်တွေ့စဉ်က သူ၏ သတင်းလိမ်တခု၏ အကျိုးဆက်ကို ဆွေးနွေးမိပြန်သည်။ ဇွဲအင်းဂူ တွင် တရားထိုင်နေပြီဖြစ်သော ဦးအုန်းခင်က ဟေတုပစ္စယော အဘိဓမ္မာကို ရွတ်ဆိုပြပြီး ပြောပြသည်။ “ဒီ အဖြစ်အပျက် အကျိုးဆက်တွေမှာ ငါရေးတဲ့ သတင်းက တစိတ်တမှုန့်သော အကြောင်းတရားတခု အဖြစ် ပါဝင် နိုင်ပါတယ်။ ဒါပေမယ့် အကျိုးတရားမှန်သမျှတို့ဟာ အကြောင်းတရားတခုအပေါ်မှာသာ မတည်ဘူး၊ မြောက်မြား လှတဲ့ အကြောင်းတရားများကို အခြေခံပါတယ်” ဟု ဖြေလေသည်။ ။

Saturday, July 19, 2008

သုခ (လူထုဦးလှ)

၁၉ ဇူလိုင်မတိုင်မီ တရက်ကျနော့်ထံရောက်လာသည့် စာတပုဒ်အား ဖတ်ရှုပြီး နှစ်ချိုက်သဖြင့် ဘလော့ မိတ်ဆွေ “ကေ” အား ဆက်လက်ဝေမျှ ဖတ်ရှုစေပါသည်။
“ကေ” က
“ကျေးဇူးပါပဲ။ တထိုင်တည်း ဖတ်ဖြစ် သွားတယ်။ သိပ်လည်းမရှည်တာနဲ့။ ပြန်ရိုက်ပြီး တင်နိုင်ရင် ကောင်းမယ်။ ဒါမှမဟုတ်..လင့် ကိုပဲ..post လုပ်ပါလား။ ဖတ်ချင် တဲ့သူ ဖတ် ရတာပေါ့။ ဗမာ လူမျိုး စရိုက် တွေ ကို ပြန်မြင် ရတယ်။ အတော် ရင်နာစရာပဲ။”
“ကေ” ထံ ပို့လိုက်သော စာမှာ လူထုဦးလှ ၏ ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆုရ “ထောင်နှင့်လူသား” စာအုပ်မှ … အာဇာနည်နေ့ လုပ်ကြံမှုကြီးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့် တရားခံ တဦးဖြစ်သော “သုခ” ၏ အကြောင်း ဖြစ်ပါသည်။


ကိုသုခ
(အသက် ၄၁ နှစ်တွင်း)
(လုပ်ကြံမှုကြီးတွင် ပါဝင်သူတစ်ဦး)

ဗမာပြည်နိုင်ငံရေးရာဇ၀င်တွင် မကြုံဘူး၊ မကြားဘူးအောင် အထိနာလိုက်ရသည့် လုပ်ကြံမှုကြီးကို လူတိုင်း လတ်လတ်ဆတ်ဆတ် မှတ်မိနေကြဦးမည်ဟု ယူဆပါသည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော တိုင်းပြည်ခေါင်းဆောင်ဝန်ကြီးများကို ဦးစောတို့ လူစုက ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်သည့် အမှုအခင်းကြီးကို ဆိုလိုပါသည်။
ဤအမှုကြီးနှင့် ပတ်သက်၍ လူတိုင်းလိုလို စိတ်ဝင်စားကြသည့် နည်းတူ ကျွန်တော်လည်းအမှန်ကို သိလို သဖြင့် ရန်ကုန်ထောင်ကြီးအတွင်း ၃ နှစ်ကျော်မျှ နေထိုင်ရစဉ် ထိုအမှုနှင့် ပတ်သက်၍ တသက်တကျွန်း အပြစ် ပေးခံနေကြရသော ခင်မောင်ရင်၊ ကိုနီ၊ ကိုသုခ တို့နှင့် စကားစမည်ပြောခွင့်၊ ၎င်းတို့အား မေးမြန်းခွင့် ရရှိခဲ့ သဖြင့် သတင်းစာများတွင် မပါသေးသည့် ထိုလုပ်ကြံမှုကြီးနှင့် တစ်ဆက်တည်းဖြစ်သော အကြောင်းအရာ အချက်အလက်များကို ထပ်မံသိရှိခဲ့ရပါသည်။
ထို့ပြင် လူတစ်ယောက်သည် ဤကဲ့သို့သော မှုကြီးခင်းကြီးတွင် ဘယ်သို့သော အကြောင်းများကြောင့် ပါဝင်ခဲ့ရသည်ဆိုသည့် အကြောင်းကိုလည်း လေ့လာလိုသဖြင့် ကိုသုခအား မိဘမျိုးရိုးမှ စ၍ လူ့ဘ၀ ရောက်လာပုံ၊ ဤအမှုကြီးတွင် မည်သို့ မည်ပုံ ပါဝင်လာခဲ့ရပုံများကို ပြောပြရန် တောင်းပန်သဖြင့် ကိုသုခသည် စိတ်ရှည်လက်ရှည် ပြောပြရှာပါသည်။
ကိုသုခ ပြောပြသည်များကို ကျွန်တော်က ကြိုတင်ဝေဘန်ခြင်းမပြုလိုပါ။ မူရင်းအတိုင်း ယခုတင်ပြလိုက်သည် ဖြစ်ရာ စာဖတ်သူမိတ်ဆွေများသည် လူတစ်ယောက်ဘ၀ကို လေ့လာသောသဘောဖြင့် အချိန်ယူ၍ ကျကျနန ဖတ်စေလိုပါသည်။

လူထုဦးလှ

အပြည့်အစုံဖတ်ရန်

Read this document on Scribd: ThuKha by LuduUHla

Tuesday, July 15, 2008

ပါရီ ခရီးသည်

ဒိန်းမတ် မှ ည ၈ နာရီတွင် ထွက်သော ဘတ်စ်ကားသည် ပါရီ သို့ မနက် ၁၀ နာရီခွဲခန့်တွင် ဆိုက်ရောက်ပါသည်။ လမ်းတွင် ဂျာမနီ နှင့် ဘယ်လ်ဂျီယံ နိုင်ငံများကို ဖြတ်ကျော်မောင်းနှင်ခဲ့သော်လည်း နယ်စပ်ဂိတ်များ မရှိသည့် အတွက် စစ်ဆေးမေးမြန်းခြင်း အလျှင်းမရှိခဲ့ပါ။ ပြင်သစ် နယ်ထဲအရောက် ခြောက်လမ်းသွား အမြန်လမ်းမ ကြီးကို သုံးရသည့်အတွက် ဖြတ်သန်းမောင်းနှင်ခပေးရသည့် ဂိတ်တခုကိုတော့ ဖြတ်ရပါသည်။
ပါရီရှိ Gare de I’est ဘူတာဘေးမှာ ဘတ်စ်ကားဆိုက်တော့ လာကြိုသူ မောင်အောင်ချိမ့်က အသင့်ရောက်နေ ပါသည်။ သို့နှင့် အထုတ်အပိုးများကို လမ်းတနေရာတွင် ခေတ္တအပ်နှံထားကာ ဦးဇင်းဦးကုမာရ ၏ ကျောင်းသင်္ခန်းသို့ ချီတက်ကြပါသည်။ ကျနော်နှင့် ခရီးသွားဖော် မိတ်ဆွေ ဦးထွေးသောင်းတို့၏ ပါရီခရီးစဉ်ကို အိမ်ရှင်အဖြစ်စပွန်ဆာပေးသူမှာ ဦးဇင်းဦးကုမာရ ပင်ဖြစ်ပါသည်။ ကျနော်တို့ ရောက်သည့်အချိန် ဦးဇင်းကျောင်း တွင် အာဂန္တုဆရာတော် နှစ်ပါးအလည်ရောက်သည်နှင့် တိုက်ဆိုင်နေသဖြင့် ပါရီရှိ ကျောင်းဆရာ ဦးလှအောင် ထံတွင် တည်းခိုရန် ဦးဇင်းက စီစဉ်ပေးထားပါသည်။ ဦးလှအောင်သည် မြန်မာမွတ်ဆလင်တဦးဖြစ်ပြီး ပြင်သစ် သို့ ၂၀၀၂ ခုနှစ်တွင် ရောက်ရှိသည်ဟု ဆိုပါသည်။
ကျနော်တို့ ရောက်သည့်နေ့မှာပင် ပါရီရှိ မြေအောက်ရထား၊ ဘတ်စ်ကားနှင့် ဆင်ခြေဖုံးရပ်ကွက်များအထိ ပြေးဆွဲသည့် RER ရထားများ စီးနင်းရန်အတွက် ကျနော်တို့ နေထိုင်မည့် ငါးရက်စာ လက်မှတ်တစောင်ကို ယူရိုငွေ ၂၇.၅၀ ဖြင့် ၀ယ်ယူရပါသည်။ ထိုလက်မှတ်တစောင်သာ ၀ယ်ရပြီး သွားရေးလာရေးအတွက် ပါရီမြို့တွင် ဇုံသုံးဇုံအတွက် နောက်ထပ်လက်မှတ်ထပ်ဝယ်ရခြင်း မရှိတော့ပါ။
ပါရီရောက်ပြီး နောက်တနေ့ ကျနော်တို့ အလည်ရောက်သွားသည့်နေရာမှာ မွန်မာ့ Montmartre ရပ်ကွက်မှ Basilique ရှေးဟောင်းဘုရားကျောင်း ဖြစ်ပါသည်။ ကျနော်တို့ကို လိုက်ပို့ပေးသူမှာ ပါရီမြို့သူ မခင်နှင်းယု ဖြစ်ပါသည်။ တောင်ကုန်းလေးတခုပေါ်တွင်ရှိသော ရှေးဟောင်းဘုရား ကျောင်းတွင်းအ၀င်တံခါးဝတွင် ဘုရားကျောင်းအတွင်း တိတ်ဆိတ်စွာနေရန်နှင့် ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ခွင့် မပြုဟု သတိပေးစာ ကပ်ထားသည်ကို တွေ့ရပါသည်။ ဘုရားကျောင်းမှာ ရှေးဟောင်းဗိသုကာ လက်ရာဖြင့် အလွန်ကြီးကျယ် ခမ်းနားလှပါသည်။ ကျနော်တို့လည်း အခြား နိုင်ငံတကာမှ ခရီးသွားများနည်းတူ ဘုရား ကျောင်းတောင်ကုန်းပေါ်မှနေ၍ ကမ္ဘာ့အလှဆုံးမြို့တော် ပါရီကို ဓါတ်ပုံရိုက်ကြပါသည်။
ထိုနေ့က ဒုတိယ ရောက်သွားသည့်နေရာမှာ ကမ္ဘာကျော် လုဖ်ပြတိုက် Musee Du Louvre ဖြစ်ပါသည်။ ပြတိုက်ပိတ်သည့်ရက် အင်္ဂါနေ့ ဖြစ်နေသဖြင့် ပြတိုက်သို့ဝင်ရန် တန်းစီနေသူများ မရှိဘဲ အ၀င်ဝရှေ့ ဓါတ်ပုံ လာရိုက်သူများလောက်သာ ရှိပါသည်။ လုဖ်ပြတိုက်တွင် မိုနာလီဇာ ပန်းချီကားအပါအ၀င် အနုပညာ ပစ္စည်း လေးထောင်ကျော်ရှိသည်ဟု သိရပြီး အချိန်ယူကာ လေ့လာရမည့် နေရာတခုဟုသာ မှတ်သားခဲ့ပါသည်။ လုဖ် ပြတိုက်မှ နပိုလီယံ၏ အောင်မြင်ခြင်း မုခ်ဦးဆီသို့သွားရာလမ်းတလျှောက်တွင် ပန်းခြံများ၊ ရုပ်ထုများကို တွေ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် ပြင်သစ်အမျိုးသားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်နေ သည်ကိုလည်း တွေ့ခဲ့ရသည်။
ထိုနေ့ညက အိမ်ပြန်အရောက် လမ်းလျှောက်ခဲ့တာ များ၍ အလွန်ညောင်းညာနေပြီး ရေချိုးထမင်းစားပြီးသည် နှင့် အိပ်ပျော်သွားပါတော့သည်။
နောက်တနေ့ အိပ်ရာနိုးတော့ ပါရီမြို့ ကြီးကို ထပ်မံကြည့်ရှုရန် တက်ကြွနေသည်ဟု ကိုယ့်ကိုယ်ကိုယ် ခံစားရ ပါသည်။ ပါရီမြို့ ကြီးက ကြည့်ရှုစရာ များသည်လေ။ “အကိုတို့ ဒီမှာနေတုံး ရသမျှအားခဲပြီး ကြည့်သွားကြပါ၊ နောက်တခါ လာဖို့က လွယ်တာမဟုတ်ဘူး” ဟု ကိုလှအောင်အိမ်မှ ကိုမျိုးကလည်း အားပေးစကား ပြောပါသည်။
ဒီနေ့တော့ ဦးဇင်းဦးကုမာရကျောင်းတွင် ဦးထွေးသောင်းက သံဃာသုံးပါးအား ဆွမ်းလုပ်ကြွေးပါသည်။ ဆွမ်းကပ်ပြီးတော့ ကျနော်တို့လည်း ထမင်းစားကာ ကျန်ရှိနေသည့် အချိန်မှာ လှည့်လည်ကြည့်ရှုသည့် လုပ်ငန်း စတင်ဖို့ ထွက်ခွာလာခဲ့ပါသည်။ ဒီနေ့တော့ အီဖယ်မျှော်စင်ကို တက်ကြမှာ ဖြစ်သည်။ ဦးဇင်း ဦးကုမာရ ထံမှ ရယူခဲ့သည့် အီဖယ်မျှော်စင်ဆီသွားရမည့် လမ်းညွှန်အတိုင်း မက်ထရိုနှစ်ဆင့်ပြောင်းစီးကာ အီဖယ်တာဝါ အောက် ကျနော်တို့ ရောက်သွားချိန်မှာတော့ “အားပါးပါး၊ လာလိုက်ကြသည့်လူတွေ” ကမ္ဘာအရပ်ရပ်က ခရီးသည်တွေ မျှော်စင်အောက်မှာ တန်းစီနေကြသည်။ ကျနော်တို့လည်း ၀င်တန်းစီပြီး ဘာမှမကြာ ကျနော်တို့နောက်မှာ ထပ်တန်းစီသည်တွေနှင့် လူတန်းကြီးကား ရှည်လျားလှသည်။ မျှော်စင်၏ အောက်ခြေတိုင်လေးခု အနက်နှစ်ခုမှာ ဓါတ်လှေခါးများဖြင့် လူအတင်အချ လုပ်ပေးနေပါသည်။ မျှော်စင်အပေါ်ဆုံးသို့ တက်သည့်အတွက် ယူရိုငွေ ၁၂.၀၀ ပေးရသည်။ မျှော်စင်ပေါ်တက်သည့် နှုန်းထားများမှာ ပထမအထပ်၊ ဒုတိယထပ် နှင့် အပေါ်ဆုံးထပ် ဟူ၍ ခွဲခြားထားသည်။ ဓါတ်လှေခါးမှာ တန်းမစီလိုသူများ ပထမထပ်နှင့် ဒုတိယထပ်အထိ ခြေသလုံးအားကိုး ထက်နိုင်ပါသည်။ ထိုသို့ တက်သူများအတွက် နှုန်းထားတမျိုးယူသည်။
အီဖယ်မျှော်စင်ကို ၁၈၈၉ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲနှင့် ပြင်သစ်တော်လှန်ရေးနှစ်တရာပြည့်အထိမ်းအမှတ် အတွက် ဆောက်လုပ်ခဲ့သည်။ သို့သော် မျှော်စင်ကြီးမှာ သံချောင်းများထိုးထိုးထောင်ထောင်နှင့် အရုပ်ဆိုးလှ ပါသည်၊ မြို့အတွက်လည်း ကျက်သရေမရှိပါ စသည့် ကန့်ကွက်မှုများကို ကြုံခဲ့ရပြီး ဖျက်ချလုလုနီးနီး ကြုံခဲ့ရ သော်လည်း ယခုတော့ တနှစ်လျှင် ကမ္ဘာအရပ်ရပ်မှ မျှော်စင်သို့ လာတက်သူ တနှစ်လျှင် ၅.၈ သန်းရှိပါသည်။
မျှော်စင်ပေါ်မှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့များနှင့် ဆုံကြရာတွင် မလေးရှားမှ စစ်သားများလည်း ပါလာသဖြင့် ကျနော်တို့က မလေးစကားဖြင့် သူတို့ကို နှုတ်ဆက်ပါသည်။ မလေးစစ်သားများ အပြင် အင်ဒိုနီးရှား၊ အာဂျင်တီးနားနှင့် နိုင်ဂျီးရီးယား စသော နိုင်ငံများမှ စစ်သားများကိုလည်း တွေ့ရပါသည်။ ထိုနိုင်ငံတကာ တပ်ဖွဲ့မှ စစ်သားများကို မြန်မာပြည်ရှိ ရဟန်းရှင်လူကို ညှဉ်းပန်းသတ်ဖြတ်နေသော မြန်မာစစ်တပ်အားချေမှုန်းရန် ရင်ဆိုင်တိုက်ပွဲ ၀င်ခိုင်းရရင်ဖြင့် သိပ်ကောင်းမှာပဲဟုလည်း တွေးမိ လိုက်ပါသေးသည်။ မျှော်စင်ပေါ်မှ အဆင်း ရေဆာသဖြင့် နားနားနေနေနှင့် အပေါ့အပါးသွားရန် လမ်းဘေး ကော်ဖီဆိုင် ၀င်ထိုင်ကာ ကိုကာကိုလာ မှာသောက်ကြသည်။ ဘေလ်ကိုကြည့်လိုက်တော့ ကိုလာကိုလာ နှစ်ပုလင်း အတွက် ယူရိုငွေ ၁၀.၀၀ ကျသည်ကို တွေ့ရသည်။ ဒါတောင် စားပွဲထိုးက ဘာစားမလဲ မေးတော့ သိတဲ့အတိုင်း ဘာမှ မစားဘူးပဲ ဖြေလိုက်ရပါသည်။ အင်း တခုခုများ စားလိုက်မိရင်တော့ …
နောက်တနေ့ လည်ပတ်ရာတွင် ကျနော်တို့အား လမ်းညွှန်အဖြစ် လိုက်လံပို့ဆောင်မည့်သူကား မောင်အောင်ချိမ့် ဖြစ်သည်။ သူသည် မကြာသေးခင်က ပြင်သစ်အစိုးရမှ ထုတ်ပေးသည့် နေထိုင်ခွင့် လက်မှတ်ရထားပြီးဖြစ်သည်။ မောင်အောင်ချိမ့်နှင့် အခြားမြန်မာလူငယ်နှစ်ဦးကား ပွဲစားဖြင့် အမေရိကားသွား ရန်ထွက်လာပြီး ချားလ်စ်ဒီဂေါ လေဆိပ်အရောက် ခရီးစဉ်အပြောင်းတွင် အမေရိကသို့ ပါမသွားပဲ သောင်တင်ကျန်ရစ်ခဲ့သူများဖြစ်ကြသည်။ ပတ်စ်ပို့ စာအုပ်နှင့် လေယာဉ်လက်မှတ်များ ပွဲစားဆိုသူနှင့် ပါသွားပြီး လေယာဉ်ကွင်းမှာပင် လေဆိပ်အာဏာပိုင်များက စကားပြန် ခေါ်ကာ သူတို့ကို စစ်ဆေးမေးမြန်းပါသည်။ “မင်းတို့ အမေရိကား ဘာသွားလုပ်မှာလဲ” ဆိုသည့် မေးခွန်းကို “ကျနော်တို့ ခိုလှုံခွင့် သွားလျှောက်မလို့ပါ” ဟု ဖြေတော့ “ဟာ… ဒါဆို ခိုလှုံခွင့်က ဒီမှာလျှောက်လည်း ရတာပဲ” ဟုဆိုကာ သူတို့ကို လေဆိပ်မှ ထွက်ခွင့်ပေးလိုက်သဖြင့် ပါရီကို ခြေချခွင့် ရခဲ့သူများဖြစ်ကြသည်။ အခုတော့ ပါရီမှာ နေထိုင်ခွင့်ရထားပြီဖြစ်သော်လည်း ရှေ့ဘ၀ခရီးကို လျှောက်လှမ်း ကြရပါအုံးမည်။
မောင်အောင်ချိမ့်က ကျနော်တို့ကို နာမည်ကျော်အဆောက်အဦးတခုဖြစ်သည့် နော်တာဒိမ်း Notre Dame ဘုရားရှစ်ခိုးကျောင်းကို လိုက်ပို့ပါသည်။ ဥရောပ၏ နွေရာသီဖြစ်သည့်အလျောက် စိန်းမြစ်ကမ်းဘေးတွင် ရှိသည့် ရှေးဟောင်းဘုရားကျောင်းသည် နေရောင်အောက်တွင် လှပနေပါသည်။ ခရီးသွားများ လာသည့် ရာသီဖြစ်သည်နှင့်အညီ ပါရီရှိ ထင်ရှားသည့် နေရာတိုင်းမှာ လူတွေ ကြိတ်ကြိတ်တိုးနေကြသဖြင့် ဘုရားကျောင်း ထဲဝင်ဖို့ ကျနော်တို့ တန်းမစီဖြစ်တော့ပါ။ စိန်းမြစ်ကမ်းဘေးတလျှောက် ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ပြီး La Defense ဟု ခေါ်သော ခေတ်မှီအဆောက်အဦးများဖြင့် စီးပွားရေးအချက်အချာ ကုမ္ပဏီများ ရုံးစိုက် ရာ နေရာသို့ မက်ထရိုဖြင့် ရောက်သွားကြသည်။
ညနေစောင်းမှာတော့ ပါရီတွင်နေထိုင်သူ ကိုထင်ကျော်နှင့် တွေ့ဆုံရန် သူချိန်းထားသည့် မက်ထရို (၈) နှင့် (၁၃) ဆုံသည့် နေရာ Invalides ဘူတာသို့ ကျနော်တို့လာခဲ့ကြပါသည်။ ကိုထင်ကျော်နှင့်အတူ ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင်လည်း ပြင်သစ်သို့ ရောက်နေပါသည်။ ကိုထင်ကျော်က ကျနော်တို့ကို နပိုလီယံ၏ အုတ်ဂူထားရှိရာ နပိုလီယံတက်ခဲ့သည့် စစ်ကျောင်းကို ပြသပါသည်။
စစ်ကျောင်းမှ အထွက် ပြင်သစ်နှင့် ရုရှချစ်ကြည်ရေးတံတား Pont Alexandre III ဖက်သို့ လမ်းလျှောက် လာကြပါသည်။ ထိုမှ ကိုထင်ကျော်၏ ဦးဆောင်မှုဖြင့် တခုခု စားကြသောက်ကြရန် Latin Quarter သို့ ချီတက် ခဲ့ကြပါသည်။ ထိုနေရာသည် Sorbonne University မှ ကျောင်းသားများ ကျက်စားရာနေရာဟု သိရပြီး ဈေးသက်သာသော စားသောက်ဆိုင်များကြောင့် တိုးရစ်များလည်း လာရောက်ကြပြီး အလွန်စည်ကားသော ရပ်ကွက်လေးတခု ဖြစ်၍နေပါသည်။ တရုတ်စားသောက်ဆိုင်တခုမှာ ကျနော်တို့ထိုင်လိုက်ကြပြီး ထိုဆိုင်မှာပင် ဦးနွယ်အောင်၊ ကိုထင်ကျော်နှင့် ကျနော်တို့ တဦးနှင့်တဦးအပြန်အလှန် ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်များ လဲလှယ်ကြသည်။ မြန်မာ့နိုင်ငံရေး လက်ရှိအနေအထားများနှင့် ရှေ့အလားအလာများကိုလည်း သုံးသပ်ဆွေးနွေးကြပါသည်။ အပြန်တွင် အားလုံးအတူ မက်ထရိုစီးကြပြီး ဦးနွယ်အောင်က အရင်ဆင်းသွားပါ သည်။ ကျနော်တို့က ကိုထင်ကျော်နှင့်အတူ မက်ထရိုဂိတ်ဆုံးနားထိစီးကာ ဘတ်စ်ကားပြောင်းစီးပြီး ကိုထင်ကျော်နေသည့် ရပ်ကွက်မှ Tram ဂိတ်ဆုံးတွင် ကျနော်တို့ ဘတ်စ်ကားပေါ်မှ ဆင်းကြပါသည်။ ထိုရပ်ကွက်ရှိ Tram ဂိတ်ဆုံးမှတ်တိုင်တွင် ပါရီ၏ မျက်ရည်ဟု ခေါ်ရမည့် လူမဲအများအပြားနေထိုင်သည်ကို တွေ့ရပါသည်။ ကျနော် ပါရီတွင် လှည့်လည် ကြည့်ရှုစဉ်အတွင်း အထက်တန်းကျကျ အလုပ်များဖြင့် အဆင်ပြေ နေသော ပြင်သစ်များကို တွေ့ရသလို ဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်လျှက် ရထားလက်မှတ်ခ မပေးနိုင် သဖြင့် ဘူတာအ၀င်ဂိတ်ကို ခုန်ပျံကျော်လွှားနေသူ လူမဲများကိုလည်း တွေ့ခဲ့ရပါသည်။ လူတန်းစား မညီမျှမှု၊ အလုပ်လက်မဲ့ ပြဿနာများကြောင့်လည်း ပြင်သစ်တွင် ၂၀၀၅ ခုနှစ်က အဓိကရုဏ်းများ ဖြစ်ခဲ့သည် မဟုတ်ပါလော။
ပါရီမြို့သည် ဒုတိယကမ္ဘာစစ်က လူဦးရေ သုံးသန်းသာရှိသော်လည်း ယခုအခါ လူဦးရေ ၁၁ သန်းထိရှိကာ ဥရောပ၏ လူဦးရေအများဆုံးသော မက်ထရိုပိုလီတန်မြို့ကြီးဖြစ်နေပါပြီ။ ပါရီ၏ လူဦးရေ နှင့် ကမ္ဘာ့အလှဆုံး မြို့တော်ကို လာရောက်ကြည့်ရှုသည့် ခရီးသွားဦးရေပါ ပေါင်းလိုက်တော့ ကျနော်ရောက်သွားသည့် ပါရီသည် လူပင်လယ်ကြီး ဖြစ်နေပါတော့သည်။ ကိုထင်ကျော်တို့နှင့် လမ်းခွဲပြီး နောက်တနေ့ကား ကျနော်တို့ ပြန်မည့်နေ့ ဖြစ်သည်။ တည်းခိုသည့်အိမ်မှ အ၀တ်အစားအိတ်များပါယူလာခဲ့ပြီး တရုတ်တန်းရှိ ဦးဇင်းဦးကုမာရ ကျောင်းသို့ ထွက်လာခဲ့ကြသည်။ တရုတ်တန်းမှ အာရှကုန်တိုက်ကြီးများတွင် အိမ်ရှင်မမှာလိုက်သည့် ပစ္စည်းများနှင့် အခြား ကောင်းနိုးရာရာ စားသောက်ကုန်များ ၀ယ်ကြသည်။ ဒိန်းမတ်ထက်စာလျှင် ပါရီမှာ အာရှပစ္စည်းတွေက အလျှံ ပယ်ဖြစ်နေသည်။ ပစ္စည်းတွေဝယ်ပြီးနောက် နေ့လည်စာကို ဦးဇင်းကျောင်းတွင်စားကာ ကားဂိတ်သို့ ထွက်လာ ခဲ့ကြသည်။ ကားဂိတ်အနီး ကျနော်တို့ တည်းခိုသည့်အိမ်ရှင် ဦးလှအောင် အလုပ်လုပ်သည့် အင်တာနက်ဆိုင် တွင် ကျနော်တို့ အိတ်တွေ အပ်ကာ အနီးအနား လျှောက်ကြည့်ကြသည်။ ဦးလှအောင်၏ အင်တာနက်ဆိုင် က ပါရီ၏ အဓိက ဘူတာကြီးနှစ်ခုဖြစ်သည့် Gare de Nord နှင့် Gare de I’est ကြားတွင် ရှိသည်မို့ အလွန်အချက် အချာ ကျသည့်နေရာပင်။ ဦးလှအောင်က ကျနော်နှင့် ဦးထွေးသောင်းကို လဖက်ရည်ကောင်းကောင်း တိုက်မယ် ဟု ဆိုကာ သူ့ဆိုင်အနီးက သီရိလင်္ကာရပ်ကွက်အတွင်းရှိ သူသောက်နေကျ လက်ဖက်ရည်ဆိုင်ကို ခေါ်သွားပါသည်။ ထိုရပ်ကွက်ကြီးတခုလုံးသည် သီရိလင်္ကာနိုင်ငံအနွယ်ဖွားများ နေထိုင်ကြသည့် ရပ်ကွက်ဖြစ် သည့်အလျောက် လမ်းဘေး ၀ဲယာ ဆိုင်ခန်းများကိုငေးမောရင်း အိန္ဒိယတိုက်ဖက်ပြန်ရောက်နေသလား အမှတ် မှားရပါသည်။ ထိုနေ့ညနေက ညရှစ်နာရီထွက်မည့်ကားကို ကျနော်က ညကိုးနာရီမှထွက်မည်အထင်ဖြင့် အရောက် နောက်ကျသွားသဖြင့် ဘတ်စ်ကားက ကျနော့်ကို ပြန်စောင့်နေခဲ့ရသည့် အဖြစ်အပျက်မှ လွှဲ၍ ကျနော်တို့ အပြန်ခရီးသည် အဆင်ပြေ ချောမွေ့ခဲ့ပါသည်။ ။
(ဤပို့စ်ဖြင့် ပါရီမြို့တွင် နေထိုင်သူများဖြစ်သည့် ဦးဇင်းဦးကုမာရ၊ မခင်နှင်းယု၊ မောင်အောင်ချိမ့်၊ ဦးလှအောင်၊ ကိုမျိုး၊ ဘိုဘို နှင့် အခြား ကျေးဇူးတင် ထိုက်သူအားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်)

Paris

Sunday, July 6, 2008

(၆) သည်းဖိုတုန်လှုပ် ဆွတ်ပျံ့ ကြည်နူး ရသမျိုးစုံ (ကြေးမုံဦးသောင်း)

ဂျပန်စစ်အစိုးရသည် (၃)နှစ် (၂)လနှင့် (၁၀)ရက်တိုင်တိုင် မြန်မာနိုင်ငံကို အုပ်စိုးခဲ့လေသည်။ ထိုခေတ်က နိုင်ငံရေးလုပ်ငန်းမှန်သမျှတို့ကို လျှို့ဝှက်လုပ်ဆောင်ကြရသဖြင့် စာနယ်ဇင်းတို့၏ကဏ္ဍ ငြိမ်သက်နေကြလေ သည်။ ဗိုလ်ချုပ်ကြီးစလင်း ကွပ်ကဲသည့် အင်္ဂလိပ်စစ်တပ်များ ပြန်ဝင်လာကြပြီး ဂျပန်စစ်တပ်များ ထွက်ပြေးကြ ရသောအခါတွင်မှ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများ အသက်ဝင်လာပြန်ရာတွင် “လွတ်လပ်ရေးကလွဲလို့ ဘာကိုမှ လက်မခံဘူးဟေ့” ဟု တိကျပြတ်သားသော တောင်းဆိုချက်ကြီး ပေါ်ထွန်းလာခဲ့တော့သည်။ ယခင်က နိုင်ငံရေး အရ အရေးတော်ပုံများတွင် ခေါင်းကြီးများ၊ အာဘော်များ၊ ဆောင်းပါးများ၊ စာအုပ်များ၊ စာတမ်းများနှင့် အင်္ဂလိပ် အစိုးရကို တိုက်ခဲ့ကြသော စာရေးဆရာ၊ သတင်းစာဆရာများတို့သည် နိုင်ငံရေးစင်မြင့်ပေါ်တက်လာ ခဲ့ကြသည်။ သူရိယသတင်းစာကို စတင်ဦးစီးခဲ့သူ ဦးဘဖေ၊ ဒီးဒုတ်ဂျာနယ် အယ်ဒီတာ ဦးဘချို၊ ဂျာနယ်ကျော် အယ်ဒီတာ ဦးချစ်မောင်၊ စာရေးဆရာ သခင်နု၊ တက်ဘုန်းကြီးသိန်းဖေ စသော စာပေ၀န်ထမ်းများသည် ဖဆပလ အဖွဲ့ချုပ်ကြီး၏ ခေါင်းဆောင်များ ဖြစ်လာကြတော့သည်။
ကာလဒေသ အခြေအနေအရ မြန်မာသတင်းစာများ၏ သြဇာသည် ပိုမိုကြီးထွားလာလေသည်။ သတင်းစာအသစ်များလည်း ပေါ်ထွန်းလာကြသည်။ လွတ်လပ်ရေးရရှိသော ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက် နေ့က မြန်မာပြည်တွင် သတင်းစာပေါင်း (၃၉) စောင် ရှိကြသည်။ အများစုက စောင်ရေများပြားသော မြန်မာ ဘာသာသတင်းစာများ ဖြစ်ကြသည်။ (၇) စောင်က အင်္ဂလိပ်ဘာသာနှင့် ထုတ်ပြီး တရုတ်သတင်းစာ (၅) စောင်၊ ဂူဂျရတီ၊ အူရဒူ၊ တမယ်လ်၊ တယ်လဂူနှင့် ဟင်ဒီ စသော ကုလားသတင်းစာများ ရှိကြသည်။
တင်မောင်အဖို့ ကံကောင်းပါသည်။ နိုင်ငံရေးရာသီဥတု အပြင်းထန်ဆုံးဖြစ်သော ၁၉၄၇ ခုနှစ်တွင် သတင်းစာ လောကတွင်းသို့ ရောက်ရှိခဲ့သောကြောင့် တသက်တွင် တကြိမ်သာ ဖြစ်ပွားနိုင်သည့် သတင်းကြီးများကို ထောက်လှမ်းခွင့်၊ ရေးသားခွင့်၊ ဝေဖန်ခွင့် ရရှိကြုံကြိုက်ခဲ့ရပါသည်။ ဗမာ့ခေတ် သတင်းစာတိုက်တွင် သတင်းထောက်နေရာ (၃) ဦး လစ်လပ်နေသဖြင့် ကြော်ငြာခေါ်ယူသည်ကို လျှောက်ထားရာမှ ၁၉၄၇ ခု၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အရံသတင်းထောက်ခန့်ထားခြင်းကို ခံခဲ့ရသည်။
အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်က အရပ်သားများ အုပ်ချုပ်ရေးကို စတင်သောအခါတွင် အတိုင်ပင်ခံ ကောင်စီအဖွဲ့ကို ခန့်ထားဖွဲ့စည်းလေသည်။ အတွေးအခေါ်အယူအဆ မတူသူ နိုင်ငံရေးပါတီဝင်များကို ရွေးချယ် ခန့်ထားလေသဖြင့် မကျေမလည် ဖြစ်ခဲ့ရလေသည်။ ထို့ပြင် အင်္ဂလိပ်စစ်တပ်ကြီးကလည်း ရှိနေသေးပြန်သည်။ အင်္ဂလိပ်စစ်တပ်မှ အင်အားစုအချို့တို့က ၀င်ရောက်စွက်ဖက်မှု ပြုကြသောကြောင့် နိုင်ငံရေးအခြေအနေ ပိုမို တင်းမာခဲ့ရလေသည်။
တနေ့တွင် တင်မောင်တို့ ဗမာ့ခေတ်သတင်းစာတွင် သတင်းဦးကြီးတခုကို ဖော်ပြနိုင်ခဲ့လေသည်။ အင်္ဂလိပ် စစ်တပ်က လက်နက်သိုလှောင်ရေးစခန်းတခုမှ ဘရင်းဂန်းသေနတ် (၂၀၀) နှင့်တကွ ကျည်ဆံအများပါ ပျောက်ဆုံးကြောင်း ကြောက်မက်ဖွယ်သတင်းကြီးကို တစောင်တည်း ဖော်ပြနိုင်ခဲ့သည်။ အင်္ဂလိပ်စစ်တပ် ဗိုလ်ကြီးများ၏ အကူအညီမပါဘဲ လက်နက်ကြီးများ ပျောက်ဖို့ရန် မလွယ်ပါပေ။ ထိုလက်နက်များ မည်သည့် နိုင်ငံရေးအဖွဲ့၏ လက်ထဲရောက်သွားသနည်း ဟူသော မေးခွန်းများကို မည်သူမျှ မဖြေနိုင်ပါပေ။ ဂျပန်တော်လှန် ရေးအပြီးတွင် ကွန်မြူနစ်တို့က လက်နက်ပုန်းများ သိုဝှက်ထားကြသည်။ ပြည်သူ့ရဲဘော်များတွင်လည်း လက်နက်ပုန်းများ ရှိနေကြသည်။ ယခု အကောင်းစားလက်နက်ကြီးများ ပျောက်သွားပြန်လေပြီ။
ပျောက်သွားသော လက်နက်များကို ရှာဖွေနေစဉ်တွင် ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်သူ ဂဠုန် ဦးစော ကို လုပ်ကြံမှု ဖြစ်ပွားလေသည်။ ဦးစောသည် ၀န်ကြီးချုပ်ဟောင်းဖြစ်သည်။ သူရိယသတင်းစာ၏ အုပ်ချုပ်မှု အယ်ဒီတာချုပ်လည်း မှန်၏။ ပါတီရုံးမှ အိမ်သို့အပြန်တွင် အပစ်ခံရရာတွင် ကံအားလျော်စွာ ကျည်ဆံက တိုက်ရိုက်မထိဘဲ ကား၏ရှေ့ မှန်ဘောင်ကို ထိပြီးမှန်ကွဲသဖြင့် ဦးစော၏ မျက်လုံးကို မှန်စတစ ထိမှန်ခဲ့သည်။
စစ်ခေတ်တလျှောက်လုံး အာဖရိကတွင် အချုပ်ခံနေခဲ့သော ဦးစောက မြန်မာဆေးရုံကိုပင် စိတ်မချသော ကြောင့် အိန္ဒိယဆေးရုံသို့ သွားကာ ကုသလေသည်။ ပြန်လာသောအခါတွင် ဗမာ့ခေတ် အယ်ဒီတာချုပ်ကို တွေ့ခွင့်ပေးသဖြင့် ဓာတ်ပုံရိုက်ရန် တင်မောင်လိုက်ပါသွားရလေသည်။ ဦးစောက “ကွာ… ပတ်တီးကြီးနဲ့ ဓာတ်ပုံ တော့ မရိုက်ပါနဲ့ကွာ” ဟု ပြောသဖြင့် သူပြောပြသမျှကိုသာ မှတ်ခဲ့ရပါ၏။
“ကျနော် ဗုဒ္ဓဘာသာကောင်းတယောက်ပါ ကိုအုန်းခင်ရယ်။ ရန်ပြုသူကို ခွင့်လွှတ်ရမယ်ဆိုတာ ကျနော်ယုံကြည် ပါတယ်။ ဒါပေမယ့် မျက်စိက ကိုက်လာတဲ့အခါမှာ ဒီကောင်တွေကို ခွင့်မလွှတ်နိုင်ဘူး။ မခံနိုင်အောင် နာတဲ့အခါ မှာ သည်းမခံနိုင်ဘူး”
ဒဏ်ရာက နာကျင်သောကြောင့် မျက်နှာကို လက်ကိုင်ပ၀ါနှင့် အုပ်ပြီး အက်ကွဲသော အသံကြီးနှင့် ကြုံးဝါးသည် ကို တင်မောင်၏ နားတွင်းမှ မထွက်တော့ပါ။ နောက်များ မကြာမီပင် ဦးစောက စေလွှတ်လိုက်သော လက်နက် ကိုင် တစုက ၀န်ကြီးချုပ် ဦးအောင်ဆန်းနှင့် ၀န်ကြီးအဖွဲ့ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတော့သည်။
ထိုနေ့နံနက်က ရေနံအလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် ၀န်ကြီးချုပ် ဦးအောင်ဆန်းတို့ တွေ့ဆုံရန် ချိန်းဆိုထားကြသည်ကို သတင်းယူရန် ဦးအောင်ဆန်း၏ ရုံးသို့ တင်မောင်သွားခဲ့ရသည်။
ဝန်ကြီးချုပ်၏ ရုံးခန်းသို့ ရောက်သောအခါတွင် ၀န်ကြီးအဖွဲ့ အစည်းအဝေးရှိသဖြင့် တွေ့ဆုံပွဲကို ရွှေ့လိုက်သည် ဟု သိရသောကြောင့် တင်မောင်ပြန်ဆင်းလာခဲ့သည်။ အခြားရုံးတခုအရောက်တွင် ပစ်ခတ်မှုများအကြောင်းကို ကြားရသဖြင့် အလျင်အမြန် ပြန်တက်သွားသော အခါ၌ ဒဏ်ရာရရှိသူ ၀န်ကြီးများကို မီးသတ်သူနာပြုကားနှင့် သယ်နေလေပြီ။
မိတ်ဆွေ မီးသတ်ဝန်ထမ်းတဦး၏ အကူနှင့် သူနာပြုကားတစီးပေါ်မှာ လိုက်သွားခဲ့သည်။ ထိုခေတ်က မီးသတ် သူနာပြုကားအချို့တွင် လူနာသယ်သော ပုခက်စင်များမှာ အတားအဆီးမရှိပါ။ အသက်မသေသေးသူ ၀န်ကြီး တဦး၏ ခြေထောက်က တင်မောင်၏ ရင်ဘတ်ပေါ်သို့ မကြာခဏ ကျလာသောကြောင့် ပြန်တင်ပြီး ထိန်းပေးရပါ ၏။ ဆယ်ကျော်သက်ရွယ်သာ ရှိသေးသူ တင်မောင်အဖို့ ထိုကဲ့သို့သော အတွေ့အကြုံများတို့ကို ရင်ဆိုင်ရသည် မှာ မလွယ်ပါပေ။ ရံဖန်ရံခါ အယ်ဒီတာ၏ ဆူပွက်ပြစ်တင်မှုကိုလည်း ခံရသေးသည်။
၁၉၄၈ ခု၊ ဇန်န၀ါရီလ (၄) ရက်နေ့က လွတ်သဘင်တွင် ဗမာ့ခေတ်သတင်းစာက အထူးထုတ်ရန် စီစဉ်သည်။ အင်္ဂလိပ်ဘုရင်ခ့ ပြည်ပြန်ရသည်ကို အဆင့်ဆင့် ဓာတ်ပုံနှင့် ဖော်ပြရန် စီစဉ်၏။ သင်္ဘောနှင့် ထွက်သွားမည် ဖြစ်ရာ ထိုအချိန်က ရေတပ်ဗိုလ်များဖြစ်ကြသူ ဗိုလ်ခင် နှင့် ဗိုလ်ခင်လေးမောင်တို့က တာဝန်ယူကြသည်။ တင်မောင်ကိုမူ တာဝန်တခုသာပေးသည်။ နံနက် (၇) နာရီ အိမ်တော်ဝင်းမှာ ထွက်တော်မူပုံကို ဓာတ်ပုံရိုက်ရန် တာဝန်ယူရသည်။
အင်္ဂလိပ်ဘုရင်ခံ ထွက်တော်မူ နန်းမှခွာခန်းကို မြန်မာအများက စိတ်ဝင်စားကြလှသောကြောင့် အိမ်တော်ဝင်း တွင် ပရိသတ်စည်ကားလှသည်။ တင်မောင်အဖို့ အချိန်စောစော ရောက်ပါလျက် ဓာတ်ပုံကို အနီးကပ် ရိုက်ရမည်လော၊ အဝေးမှ မြင်ကွင်းကျယ် ရိုက်ရမည်လော စဉ်းစားပြင်ဆင်နေမိသဖြင့် ဓာတ်ပုံမရလိုက်ပါ။ အယ်ဒီတာက ဆူလိုက်သည်မှာ ပွက်လောညံသွားတော့သည်။ နောက်တကြိမ် အဆူအပူခံရသေးသည်။
တနေ့တွင် ဗမာ့ခေတ်သို့ ကြော်ငြာခနှင့်အတူ ကြော်ငြာတိုကလေးတခု ရောက်လာသည်။ ဖူးစာရှင်အလိုရှိသည် ဟု ကြော်ငြာက ဆို၏။ အသက် (၂၃) နှစ်၊ ရုပ်ရည်အသင့်အတင့်၊ ပစ္စည်းအသင့်အတင့် ရှိပါသည်။ မိဘ မရှိပါ။ သင့်လျော်သော ဖူးစာရှင် အလိုရှိပါသည်။ ဗမာ့ခေတ်မှ တဆင့် ဓာတ်ပုံနှင့် အကြောင်းစုံ ဆက်သွယ်ပါ ဟူ၏။ ၁၉၄၇ ခုနှစ်ကာလ အင်္ဂလိပ်ကျွန်ခေတ်တွင် ကြော်ငြာတိုမှာ များစွာ ထူးဆန်းနေသည်။ အခြားသတင်းစာတိုက် များက ဗမာ့ခေတ်က တီထွင်သည်ဟု စွပ်စွဲသေး၏။
ကြော်ငြာကို ယုံကြည်သူတို့ကမူ သူ့ထက်ငါ ဦးအောင် လျှောက်လွှာတင်ကြလေသည်။ ဗမာ့ခေတ်ငွေစာရင်း ဌာနမှာ စာရေးတဦးကလည်း လျှောက်သေးသည်။ တယောက်ကမူ လံကွတ်တီကိုဝတ်ထားကာ တကိုယ်လုံး ဆီသုတ်ပြီး ကြွက်သားများညှစ်၍ ကိုယ်ဟန်ပြဓာတ်ပုံနှင့် လျှောက်လေသည်။
ရက်စေ့သောအခါတွင် ကြော်ငြာရှင်က ဆက်သွယ်သည်။ သူက တယ်လီဖုန်းဆက်သည်။
“အယ်ဒီတာနဲ့ ပြောပါရစေရှင်”
“ဘာကိစ္စပါလဲ၊ ကျနော် အယ်ဒီတာပါ”
“ကျမက ဖူးစာရှင်ရှာတဲ့ ကြော်ငြာရှင်ပါ”
“အော် … ဟုတ်ပြီ၊ ဟုတ်ပြီ။ လျှောက်လွှာ (၃၁၂) စောင်ရပါတယ်။ အထုပ်လိုက်ရှိပါတယ်။ တိုက်ကို လာပြီး ယူပါလား။ လာခဲ့ပါ။ လာခဲ့ပါ”
“ဘာရမလဲ အကိုကြီးရယ်၊ တိုက်ကိုလာရင် ဓာတ်ပုံရိုက်ယူမှာပေါ့”
“အဲလေ၊ ဒါဖြစ်လဲ လာပို့ပေးမယ်၊ လိပ်စာကို ပြောလေ”
“အကိုကြီးတို့ကို မယုံဘူး”
“ဟောဗျာ၊ ဒါဖြင့် ဘယ်လိုယူမလဲ”
“ကျမက ဗဟိုဈေးအလယ် အထည်တန်းမှာ ညနေ (၃)နာရီမှာ စောင့်နေပါမယ်။ ပန်းရောင်ဝတ်စုံကို ၀တ်ထားပြီး နှင်းဆီပန်းအ၀ါကို ပန်ထားပါမယ်။ လာပို့ပေးပါ။ တောင်းပန်ချင်တာကတော့ သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ လိုက်မလာကြပါနဲ့”
“စိတ်ချပါ၊ စိတ်ချပါ။ ကတိပေးပါတယ်”
တယ်လီဖုန်းချသွားသည်နှင့် တပြိုင်နက် အယ်ဒီတာက ကတိဖျက်ပါတော့သည်။ အယ်ဒီတာအဖွဲ့ အစည်း အဝေးခေါ်ပြီး ဖူးစာရှင် သတင်းစီမံကိန်း ဆွေးနွေးကြသည်။ “ရာဇ၀တ်မှုကြီးတွေကို စုံထောက်တွေ အများကြီး မလွှတ်ရဘူး။ ဒီတော့ မင်းတို့ထဲက အတော်ဆုံး (၂) ကောင်ပဲ သွားကြပေတော့” ဟု အမိန့်ပေး၏။
တင်မောင်အား အတော်ဆုံးသတင်းထောက်တဦးအဖြစ် တာဝန်ပေးသဖြင့် ၀မ်းသာလုံးဆို့သွားမိသည်။ တင်မောင်နှင့် မှုခင်းသတင်းထောက်ကြီးတို့ (၂) ယောက်သည် တနာရီစောပြီး သွားကြသည်။ မိုးက တဖွဲဖွဲ လာလေသဖြင့် မိုးကာအင်္ကျီကို လည်ပင်းထိ ကော်လံကြယ်သီးပါတပ်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထား သည်။ ကျနော့်အဖို့ မိမိကိုယ်မိမိ ကိုယ်ပျောက်နေပြီဟုပင် ထင်မိခဲ့၏။
ချိန်းဆိုသော အချိန်ရောက်သောအခါ အထုပ်ကြီးနှင့် စောင့်နေသော ကြော်ငြာမန်နေဂျာထံကို အမျိုးသမီး တဦးပေါက်လာပါသည်။ မခင်နှင်းဆီက ကြော်ငြာစဉ်က ရုပ်ရည်အသင့်အတင့်ဟု ဆိုသည်မှာ မမှန်ကန်ပါ။ များစွာ ချောမောလှပပါပေသည်။ “ဟယ် - တကယ့်ကို ချောပါလား၊ ငါ ဘာလို့များ လျှောက်လွှာမတင်မိပါလိမ့်” ဟု နောင်တကြီးစွာ ရမိသည်အထိ ချောမောလှပသည်။
မခင်နှင်းဆီက အထုပ်ကို ယူပြီး အထည်ဆိုင်တွင်း ၀င်သွားသည်။ အထည်များ ခင်းထားသည်ကို သူကြည့်နေ စဉ်တွင် တင်မောင်တို့ ကိုယ်ပျောက်သတင်းထောက်ကြီးနှစ်ဦးက ဆိုင်ရှေ့မှ ချောင်းနေကြပါသည်။ အတန်ကြာ ၍ ထွက်မလာသောကြောင့် ဆိုင်ထဲဝင်ကြည့်ကြသောအခါ ဆိုင်မှာ နောက်ဖေးဘက်တွင် တံခါးပေါက်ကြီးတခု ရှိနေသည်ကို တွေ့ရပါတော့သည်။
ထိုခေတ်က ဗဟိုဈေးမှာ တထောင်ကျော်ရှိပြီး ၀င်္ကပါကဲ့သို့ လမ်းမြှောင်များက ရှုပ်ထွေးလှသည်။ ဆင်ခြေ ဆင်လက်များ မည်သို့ ပေးစေကာမူ ထိပ်သီးသတင်းထောက်ကြီး (၂) ယောက်ကို အယ်ဒီတာမင်းက ဆူလိုက် ဆဲလိုက်သည်မှာ ရစရာ မရှိတော့ပြီ။
ဆူပူနေဆဲမှာ မခင်နှင်းဆီက ဖုန်းဆက်ပြန်သေးသည်။ “အကိုကြီးတို့ မကောင်းဘူး။ သတင်းထောက်ကြီးတွေ လိုက်လာတာ သိပါတယ်။ ဘာရမလဲ ဆိုင်အောက်ဝင်ပြေးတာပေါ့ .. ဟီ ဟိ”
ထိုကြော်ငြာ၏ သတင်းဆက်မှာ လျှောက်လွှာရှင် ရုံးဝန်ထောက်တဦးနှင့် လက်ထပ်လိုက်ကြသည်ဟု မခင်နှင်းဆီက စာရေးအကြောင်းပြန်ကြားပါသည်။
ဆူသည်၊ ပူသည်ကို ခံခဲ့ရစေကာမူ ပျော်ရွှင်စွာ ပေါင်းသင်းကြလေသတည်းဟု နိဂုံးသတ်ရသည့် ဆွတ်ပျံ့ ကြည်နူးသော သတင်းကလေးကိုတော့ မမေ့နိုင်တော့ပါ။ ။