Thursday, December 24, 2009
ဥရောပတိုက်သုံးစာလုံးများ ကီးဘုတ်မလို အလွယ်ရိုက်နိုင်မည်
Ø (အိုဒေါင့်ဖြတ်) စတဲ့ ဒိန်းမတ်စာလုံးအက္ခရာတွေနဲ့ ဆုံတွေ့ရပါတယ်။ မြန်မာပြည်ကို အိမ်လိပ်စာပေးတော့ လမ်းနာမည်ကို Nørregade လို့ရေးလိုက်ပေမယ့် ဟိုကစာထည့်တဲ့အခါမှာတော့ Nrregade ဆိုပြီး လိပ်စာရေးပါတယ်။ Ø ကို မမြင်ဘူးတော့ မှားလို့ခြစ်ထားတယ်ထင်ပြီး ချန်ထားလိုက်ပုံရပါတယ်။
ကွန်ပြူတာဝယ်တဲ့အခါမှာလည်း ကီးဘုတ်က Danish ကီးဘုတ်ပါ။ အဲဒါကို အင်္ဂလိပ်လိုနဲ့ မြန်မာလိုပါ ရိုက်လို့ရအောင် လုပ်ထားရပါတယ်။ ကျနော်တို့တင်ဆိုလားတော့ မဟုတ်ပါဘူး။ ကျနော် အလည်ရောက်ဘူးခဲ့တဲ့ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ချက် စတဲ့ နိုင်ငံရောက် မြန်မာတွေလည်း သူတို့ သုံးတဲ့ကွန်ပြူတာတွေမှာ သက်ဆိုင်ရာစာနဲ့ကီးဘုတ်ကို သုံးကြရပါတယ်။ တချို့လည်း ကွန်ပြူတာမှာ သက်ဆိုင်ရာသာသာစကားနဲ့ (ဂျာမန်၊ နယ်သာလန် (ဒတ်ခ်ျ)၊ ပြင်သစ်၊ ချက်) ၀င်းဒိုး(စ်)တွေ သုံးကြတာတွေ့ပါတယ်။
မိမိနေထိုင်ရာ နိုင်ငံမှာတော့ ကွန်ပြူတာသုံးရတာ ပြဿနာမရှိပေမယ့် အခြားနိုင်ငံတခုကို အလည်သွားရင်း ကွန်ပြူတာသုံးတော့မယ်ဆိုရင် အဆင်မပြေဖြစ်နိုင်တာမို့ ကျနော်သိထားတဲ့ ၀က်ဘ်ဆိုဒ်လေးတခု မျှဝေလိုက်ရပါတယ်။
အင်္ဂလိပ်ကီးဘုတ်နဲ့ ရိုက်ဖို့မဖြစ်နိုင်တဲ့ ဆွီဒင်စာ ä å é ö ၊ ဖင်လန်စာ ä å ö ၊ ဂျာမန်စာ ä ö ü ß ၊ နယ်သာလန်စာ é ë ï ó ö ü အစရှိတဲ့ ဥရောပနိုင်ငံသုံး ဘာသာစကားတွေရဲ့ စာလုံးအပိုတွေကို ကီးဘုတ်မလို အလွယ်တကူရိုက်လို့ရတဲ့ အောက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်တခုသာ မှတ်သားထားလိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျား ။
http://www.typeit.org/
ကျနော့်ဘလော့ရဲ့ ဆိုဒ်ဘားမှာလည်း အလွယ်သုံးလို့ရအောင် တင်ထားပေးပါ့မယ်။
Tuesday, January 27, 2009
စီးပွားပျက်ကပ်နှင့်အတူ
ဒုတိယပတ်မှာ လုပ်စရာနည်းနည်းပါးပါး ရောက်လာပြီဆိုတော့ အိမ်ကိုစောပြန်စရာ မလိုတော့။ သို့သော်လည်း ထိုဒုတိယပတ်၏ ဒုတိယနေ့ဖြစ်သည့် အင်္ဂါနေ့မှာ ပြဿနာပေါ်တော့သည်။ မနက်ကိုးနာရီ အလုပ်နားချိန် စက်ရုံ ကင်တင်းမှာ အလုပ်သမားသမဂ္ဂ၏ ကိုယ်စားလှယ် (ဒိန်းမတ်အခေါ် Tillidsmand) က စကားထပြောသည်။ သူပြောနေတာ တွေကို ကျနော် နားမလည်ပါ။ ကိုယ့်အလုပ်နေရာကို ပြန်ရောက်မှ ကျနော့်ဘေးက ဒိန်းမတ် အလုပ်သမားတယောက်ကို ခုနက ဟိုလူ ဘာတွေပြောနေတာလဲဟု မေးရသည်။ ဒီတော့ သူက ဒီနေ့ အလုပ်သမား ၁၇ ယောက် အလုပ်ဖြုတ်တော့ မယ်လို့ ပြောနေတာ။ ဘယ်သူတွေ ပြုတ်မလဲဆိုတာ ဒီညနေမှာ ဌာနတာဝန်ခံတွေက ပြုတ်မဲ့သူကို လာအကြောင်း ကြားလိမ့်မယ်ဟု ဆိုလေသည်။ ဒီနေ့ အလုပ်ပြုတ်မည့်သူ ၁၇ ယောက်ထဲမှာ ကိုယ်လည်း ပါနိုင်တယ်ဆိုတာကို စိတ်က သိလိုက်ပေမယ့် ကိုယ်လုပ်စရာ ရှိတာကိုပဲ ဟန်မပျက် လုပ်နေလိုက်သည်။ ပတ်ဝန်းကျင်မှာတော့ အလုပ်သမားတချို့ ဟိုနား တစု ဒီနားတစု စကားစမြည် ရပ်ပြောနေတာကလွဲလို့ ထူးထူးခြားခြား ဘာမှမရှိ။ အားလုံးပုံမှန်ပင်။ ဒီလိုနှင့် ညနေ အလုပ်ဖြုတ်ခါနီး လက်ဆေးနေသည့် အချိန်အထိ ဘယ်သူတွေ အလုပ်ပြုတ်သွားပြီလဲ၊ ငါတို့ဌာနက ဘယ်သူတွေ ပါသွားပြီလဲ ကျနော်မသိသေး။ မကောင်းသတင်းကို တယောက်ချင်းလိုက်မေးနေလို့ကလည်း မကောင်း။ လက်ဆေးပြီးလို့ ပြန်ခါနီး အချိန်ကျမှ ကျနော့်ဘေးမှ အလုပ်ပြုတ်မည့်သတင်း ကျနော့်ကို ပြန်ရှင်းပြသည့်သူက `မနက်ဖန် ငါလာစရာ မလိုတော့ဘူး။ ငါအလုပ်နားသွားပြီ´ Jeg er fri i morgen. Jeg kommer ikke mere. ဟု ပြောလေသည်။
အခုတလော နေရာတိုင်းမှာ လူတွေလျှော့နေသည်မို့ အလုပ်ပြုတ်သွားသူတွေ အလုပ်ပြန်ရှာဖို့ ခက်ပေတော့မည်။ အလုပ်သမားသမဂ္ဂတွေမှာ အလုပ်ပြုတ်အာမခံ A’ kasse ၀င်ထားသူတွေအတွက် ခံသာသော်လည်း တချို့နေရာတွေ မှာ အလုပ်ပြုတ်အာမခံ မရှိကြဟုလည်း ကြားနေရသည်။ ယခင် ဒိန်းမတ်မှာ အလုပ်အကိုင်တွေကောင်းစဉ်ကတော့ ဂျာမန်တွေ၊ ပိုလန်တွေ အလုပ်လာလုပ်ကြသည်။ ယခုလို ဒိန်းမတ်တွေပါ အလုပ်တွေ ပြုတ်ကုန်ပြီဆိုတော့ နိုင်ငံခြားက အလုပ်လာလုပ်သူတွေ အိမ်ပြန်ကြရတော့မည်။
တိုင်းပြည်မှာ လူအများ ကြုံတွေ့ခံစားနေရသည်များကို ဖြေရှင်းပေးရန် တာဝန်ရှိသူများ ဖြစ်သည့် ၀န်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့၊ အတိုက်အခံ ပါတီခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမား သမဂ္ဂများ အစရှိသူများက စီးပွားရေးကျဆင်းနေသည့် ကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြသည် များကို ဒိန်းမတ်သတင်းများ အရ သိနေရသည်။
မြန်မာပြည်မှာရော တာဝန်ရှိသူ အစိုးရအဖွဲ့မှ ဖြေရှင်းပေးပါသလား။ လက်ရှိအုပ်ချုပ်နေသည့် အစိုးရ သက်တမ်းကရော ဘယ်တော့ကုန်မှာလဲ။ စစ်တပ်က ဘယ်တော့မှ ဘားတိုက်ကို မပြန်တော့ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ကိုရော တသက်လုံးဖမ်းထားတော့မှာလား။ နိုင်ငံရေးအကျဉ်းသားများနှင့် ရွှေဝါရောင်သံဃာတွေကိုရော နယ်စွန်နယ်ဖျားပို့ပြီး အသေသတ်နေပြီလား။ တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေသူများ၌ တာဝန်ရှိပါသည်။ ဘားတိုက်ကို မပြန်ချင်တော့သည့် စစ်တပ်ကို စီးပွားရေးကပ်နှင့်အတူ တပါတည်း တွန်းချလိုက်နိုင်လိုက်မည် ဆိုလျှင်တော့… မြန်မာပြည် ပြန်လည် ဦးမော့ လာနိုင်သေးသည် ဟု မျှော်လင့်မိပါသည်။ ။
Sunday, August 3, 2008
မိုဘိုင်းဖုန်းဖြင့် ဘလော့ ဖတ်နည်း
အားလုံးအိုကေပြီးတဲ့နောက် Save as မှာ ပီဒီအက်ဖ် ဖိုင်အနေနဲ့ သိမ်းလိုက်မယ်ဆိုရင် မိုဘိုင်းနဲ့ဖတ်လို့ရမယ့် ဖော်မက် တခု ဖြစ်သွားပါပြီ ဆိုတဲ့ အကြောင်း လက်တို့လိုက်ရပါတယ်ခင်ဗျား။
မှတ်ချက် ။ ။ MS Word ကနေ ပီဒီအက်ဖ်လုပ်တဲ့ software မရှိသေးရင် ကိုညီလင်းဆက် ရဲ့ ဘလော့မှာ သွားယူလို့ရပါတယ်။ အဲဒီမှာ ဘယ်လိုသုံးရသလဲ ဆိုတာပါ ရှင်းပြပေးထားပါတယ်။ လင့်ခ်က ဒီမှာပါ။ http://nyilynnseck.blogspot.com/2008/01/office-2007-pdf.html
Saturday, July 19, 2008
သုခ (လူထုဦးလှ)
“ကေ” က
“ကျေးဇူးပါပဲ။ တထိုင်တည်း ဖတ်ဖြစ် သွားတယ်။ သိပ်လည်းမရှည်တာနဲ့။ ပြန်ရိုက်ပြီး တင်နိုင်ရင် ကောင်းမယ်။ ဒါမှမဟုတ်..လင့် ကိုပဲ..post လုပ်ပါလား။ ဖတ်ချင် တဲ့သူ ဖတ် ရတာပေါ့။ ဗမာ လူမျိုး စရိုက် တွေ ကို ပြန်မြင် ရတယ်။ အတော် ရင်နာစရာပဲ။”
“ကေ” ထံ ပို့လိုက်သော စာမှာ လူထုဦးလှ ၏ ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆုရ “ထောင်နှင့်လူသား” စာအုပ်မှ … အာဇာနည်နေ့ လုပ်ကြံမှုကြီးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့် တရားခံ တဦးဖြစ်သော “သုခ” ၏ အကြောင်း ဖြစ်ပါသည်။
ကိုသုခ
(အသက် ၄၁ နှစ်တွင်း)
(လုပ်ကြံမှုကြီးတွင် ပါဝင်သူတစ်ဦး)
ဗမာပြည်နိုင်ငံရေးရာဇ၀င်တွင် မကြုံဘူး၊ မကြားဘူးအောင် အထိနာလိုက်ရသည့် လုပ်ကြံမှုကြီးကို လူတိုင်း လတ်လတ်ဆတ်ဆတ် မှတ်မိနေကြဦးမည်ဟု ယူဆပါသည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော တိုင်းပြည်ခေါင်းဆောင်ဝန်ကြီးများကို ဦးစောတို့ လူစုက ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်သည့် အမှုအခင်းကြီးကို ဆိုလိုပါသည်။
ဤအမှုကြီးနှင့် ပတ်သက်၍ လူတိုင်းလိုလို စိတ်ဝင်စားကြသည့် နည်းတူ ကျွန်တော်လည်းအမှန်ကို သိလို သဖြင့် ရန်ကုန်ထောင်ကြီးအတွင်း ၃ နှစ်ကျော်မျှ နေထိုင်ရစဉ် ထိုအမှုနှင့် ပတ်သက်၍ တသက်တကျွန်း အပြစ် ပေးခံနေကြရသော ခင်မောင်ရင်၊ ကိုနီ၊ ကိုသုခ တို့နှင့် စကားစမည်ပြောခွင့်၊ ၎င်းတို့အား မေးမြန်းခွင့် ရရှိခဲ့ သဖြင့် သတင်းစာများတွင် မပါသေးသည့် ထိုလုပ်ကြံမှုကြီးနှင့် တစ်ဆက်တည်းဖြစ်သော အကြောင်းအရာ အချက်အလက်များကို ထပ်မံသိရှိခဲ့ရပါသည်။
ထို့ပြင် လူတစ်ယောက်သည် ဤကဲ့သို့သော မှုကြီးခင်းကြီးတွင် ဘယ်သို့သော အကြောင်းများကြောင့် ပါဝင်ခဲ့ရသည်ဆိုသည့် အကြောင်းကိုလည်း လေ့လာလိုသဖြင့် ကိုသုခအား မိဘမျိုးရိုးမှ စ၍ လူ့ဘ၀ ရောက်လာပုံ၊ ဤအမှုကြီးတွင် မည်သို့ မည်ပုံ ပါဝင်လာခဲ့ရပုံများကို ပြောပြရန် တောင်းပန်သဖြင့် ကိုသုခသည် စိတ်ရှည်လက်ရှည် ပြောပြရှာပါသည်။
ကိုသုခ ပြောပြသည်များကို ကျွန်တော်က ကြိုတင်ဝေဘန်ခြင်းမပြုလိုပါ။ မူရင်းအတိုင်း ယခုတင်ပြလိုက်သည် ဖြစ်ရာ စာဖတ်သူမိတ်ဆွေများသည် လူတစ်ယောက်ဘ၀ကို လေ့လာသောသဘောဖြင့် အချိန်ယူ၍ ကျကျနန ဖတ်စေလိုပါသည်။
လူထုဦးလှ
အပြည့်အစုံဖတ်ရန်
Saturday, March 15, 2008
ဘာမီတွန်ပေးပါ
`ကဲ ဘာဖြစ်လဲ ပြော..´
`ညက အအေးမိသွားလို့ အခုကိုယ်ပူနေတယ် ဆရာ´
`ဟုတ်လား.. ရော့ ဘာမီတွန်ယူသွား´
နောက်တယောက်ဝင်လာသည်။
`ဘာဖြစ်သလဲ´
`ဗိုက်အောင့်နေတယ် ဆရာ´
`အော်.. ဟုတ်ပြီ ဘာမီတွန်ယူသွားလိုက်နော်´
နောက်တဦးအလှည့်ဖြစ်သည်။
`ဘာဖြစ်သလဲ ပြောပါ´
`ကျနော် ခေါင်းတွေမူးနေတယ်ဆရာ´
`ဟုတ်လား … ဒါဆို ဘာမီတွန်လေး သောက်လိုက်နော်´
ပြာလောင့်အလှည့် ရောက်လာသည်။
`ကဲ .. ဘာဖြစ်လဲပြော´
`ဘာမီတွန် ပေးပါ´
`ဘာကွ၊ မင်းက ဆရာဝန်လား ငါက ဆရာဝန်လား´
ပြာလောင်က ဘာဖြစ်သည်ကို မပြောဘဲ ဘာမီတွန်ပေးပါ ဆိုတော့ ဆရာဝန် စိတ်တွေဆိုးတော့သည်။
သက္ကရာဇ် ၂၀၀၃ ခုနှစ် စက်တင်ဘာလ မလေးရှား ယူအမ်ဒုက္ခသည်ရုံးမှာ ကျနော် မှတ်ပုံတင်တော့ ထုတ်ပေးလိုက်သည့် စာရွက်တွင် ၂၀၀၄ ခု မတ်လတွင် ရုံးသို့ပြန်လာရန် ရေးထားသည်။ ခြောက်လဆိုသော အချိန်သည် ဘာမှ မကြာလိုက်။ ချိန်းထားသည့် ရက်မှာ ကျနော့်လိုပဲ စာရွက်လေးတွေကိုင်ပြီး ရောက်နေသူ အများကို တွေ့ရသည်။ ကျနော့်ရှေ့က ၀င်သွားသူများ ပြန်ထွက်လာသည်။ `ဘယ်လိုလဲ၊ ဘာထူးလဲ၊ ဘာတွေ မေးလဲ´ ကျနော်က စပ်စုသည်။ `ဘာမှ သိပ်မမေးပါဘူး၊ နောက်ခြောက်လ ထပ်ချိန်းလိုက်တယ်´။ နောက်တယောက်မေးလိုက်တော့လည်း အဖြေက `နောက်ခြောက်လ ချိန်းလိုက်တယ်ဗျ´။ ဆိုတော့ ယူအမ်က `ဘာမီတွန်´ တွေပေးနေပြီ။ ကျနော့်အလှည့် ရောက်ရင် ပြာလောင်လို `ဘာမီတွန်ပေးပါ´ ပြောရမလား၊ `နောက် ခြောက်လနေတော့ ပြန်လာမယ်နော်´ ဟု ပြောရမလား စဉ်းစားနေရင်း ကျနော့်နာမည် ခေါ်သံ ကြားရသည်။
ရုံးခန်းအတွင်း စားပွဲတွင်ထိုင်နေသူက မလေးအမျိုးသမီး တဦး၊ ယူအမ်မှ ခန့်ထားသည့် ဒေသခံ ၀န်ထမ်းဖြစ်မည်၊ အဆုံးအဖြတ်ပေးနိုင်သည့် အရာရှိအဆင့်မရှိဟု ကျနော်တွက်မိသည်။ `ကဲ.. ထိုင်၊ ဘယ်မှာ နေလဲ၊ ဘာတွေလုပ်လဲ´ ဟု ဆိုကာ ပဋိသန္ဓာရ စကားကို အရင်ဆိုသည်။ အရေးမပါသော မေးခွန်းများ၊ ပြီးရင် ဘာမီတွန်လာမည်။
ကျနော့်အိတ်ထဲမှာ အင်တာဗျူးလျှင်ပြမည့် စာရွက်စာတမ်းများပါလာသည်။ ထိုထဲမှာ သတင်းစာ ဖြတ်ပိုင်းတခုကို ထုတ်ကာ `ဒီမှာ မိန်းခလေး၊ ပြောစရာလေးတခုရှိလို့ပါ´ ဆိုတော့ `ပြောလေ´ တဲ့။ ဒါနဲ့ပဲ ကျနော်က `ဒီသတင်းစာ ဖြတ်ပိုင်းလေးဟာ စတားသတင်းစာကပါ၊ ကိုယ်တို့အဖွဲ့တွေ ဒီပဲယင်းလုပ်ကြံမှုကို မကျေနပ်လို့ ကွာလာလမ်ပူက မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတဲ့အကြောင်းရေးထားတာပါ။ အဲဒီကိစ္စကို ဟောဒီ ယူအမ်ရုံးကြီးက စိတ်ဝင်စားမလားလို့ပါ´ ဆိုတော့ `ဒီထဲမှာ ယူ ပါလို့လား´တဲ့။ `သတင်းထောက်တွေမေးတာ ကို ဖြေခဲ့တာ ကိုယ်ပါပဲ။ ကိုယ့်နာမည် သတင်းထဲမှာ ပါပါတယ်´ ဆိုလိုက်တော့ သူဖတ်ကြည့်လိုက်ပြီး `ခဏ စောင့်ပါ´ ဆိုပြီး အခန်းအပြင်ကို သတင်းစာဖြတ်ပိုင်းနဲ့အတူ ထွက်သွားသည်။
သိပ်မကြာပါ။ ပြန်ရောက်လာတော့ `ယူ့ကို အင်တာဗျူးလိမ့်မယ်၊ ဟောဒီမှာ အင်တာဗျူးမယ့် နေ့စွဲ၊ အဲဒီနေ့ကျရင် လိုအပ်မယ်ထင်တဲ့ စာရွက်စာတမ်းတွေ ယူလာပေါ့´ ဆိုလေသည်။ သို့ဖြင့် ကျနော်လည်း ထိုနေ့က ယူအမ်မှ ပေးသည့် ဘာမီတွန်နှင့် လွဲခဲ့ရပါသည်။
(ကျနော် ယူအမ်တွင်ပြခဲ့သည့် သတင်းစာဖြတ်ပိုင်းကို အောက်တွင် ကြည့်နိုင်ပါသည်။ ခွပ်ဒေါင်းအလံ ကိုင်ထားသူ နှစ်ဦးအနက် တဦးမှာ ယခုတလော ဘလော့ဂ် လောကတွင်ရေပန်းစားနေသော ပျူနိုင်ငံ ဘလော့ ရေးသားသူ ဖြစ်ပါကြောင်း…)
တိုက်တိုက်ဆိုင်ဆိုင်
အစည်းအဝေး နှစ်ခုအနက် တခုကတော့ ဘင်္ဂလားဒေ့ရှ် ဒါကာမြို့တော်တွင်ကျင်းပနေသော အိုအိုင်စီ ခေါ် အစ္စလာမ်နိုင်ငံများပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့ချုပ်၏ အစည်းအဝေး ဖြစ်ပါသည်။ ထိုအစည်းအဝေးတွင် တမန် တော် မိုဟာမက်အား ကာတွန်းရေးသည့် ဒိန်းမတ်နိုင်ငံအား စီးပွားရေးသပိတ်မှောက်ရန်ကိစ္စနှင့် နယ်သာလန် နိုင်ငံတွင် ရုံတင်ပြသမည့် အစ္စလာမ်ဘာသာအား ဝေဖန်သည့် ရုပ်ရှင်အား အရေးယူရန် ကိစ္စများ တိုင်ပင်နေ သည်ဟု ဖတ်ရပါသည်။ နောက်အစည်းအဝေး တခုက ဥရောပနိုင်ငံများ၏ အီးယူစည်းဝေးပွဲဖြစ်ပါသည်။ ဥရောပနိုင်ငံများကတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်ပြောင်းလဲလာမည့် ရာသီဥတုဖောက်ပြန်မှုများ ကြောင့် အပူပိုင်းဒေသအာဖရိကမှ လူများ ပူလွန်းသောကြောင့် သူတို့ နေရာမှာ မနေနိုင်ပဲ အစုလိုက်အပြုံလိုက် အလုံးအရင်းနှင့် ဥရောပတိုက်ကို ၀င်ရောက်လာနိုင်သည့်အရေး ဆွေးနွေးနေကြပါသည်။
`ပယ်ချမှု´ နှစ်ခုသည်လည်းကောင်း၊ `အစည်းအဝေး´ နှစ်ခုမှ ဆုံးဖြတ်များသည်လည်းကောင်း သက်ဆိုင်ရာ နိုင်ငံများတွင်မှီတင်းနေထိုင်သူများနှင့် ကမ္ဘာပေါ်ရှိ လူသားများအပေါ် မည်သို့ အကျိုးသက်ရောက် မှုရှိလာမည်ဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်ပါကြောင်း …
Sunday, November 11, 2007
ရှင်ဂန်း ခရီးသွားဇုံ အဖွဲ့ဝင်သစ်ဖြစ်လာသော နိုင်ငံများ
ဗီဇာမလိုပဲ သွားလာနိုင်သော ရှင်ဂန်းသဘောတူညီချက် လက်မှတ်ထိုးထားသည့် နိုင်ငံများမှာ လက်ရှိတွင် အီးယူ ၁၃ နိုင်ငံနှင့် အီးယူအဖွဲ့ဝင်မဟုတ်သည့် နော်ဝေ နှင့် အိုက်စလန် အပါအ၀င် စုစုပေါင်း ၁၅ နိုင်ငံရှိသည်။ မကြာသေးမီက အဖွဲ့ဝင်ဖြစ်လာသော အီးယူနိုင်ငံသစ် ကိုးနိုင်ငံနှင့် ပေါင်းလျှင် ရှင်ဂန်း နိုင်ငံ ၂၄ နိုင်ငံဖြစ်လာ တော့မည်။ အီးယူနိုင်ငံအသစ် ကိုးနိုင်ငံမှာ Czech Republic, Estonia, Hungary, Latvia, Lithuania, Malta, Poland, Slovakia နှင့် Slovenia တို့ ဖြစ်ကြသည်။
Source: http://www.urban.dk/article/20071108/pcudland/711080375/
Saturday, August 11, 2007
ရာဟူးမက်ဆင်ဂျာ
ကျနော် ဘလော့မလုပ်ခင်က ရာဟူးမက်ဆင်ဂျာမှာ စီအက်ဖ် တက်ပါတယ်။ စီအက်ဖ်ဆိုတာက conference ကို အတိုကောက်ခေါ်တာပါ။ ကွန်ဖရင့်ဆိုတဲ့ အတိုင်း လူအများဝိုင်းစကားပြောကြတာပါပဲ။ ကမ္ဘာအရပ်ရပ်ကို ရောက်နေတဲ့ မြန်မာတွေကို စီအက်ဖ်မှာ တွေ့နိုင်ပါတယ်။ ကျနော် စတက်ခါစက အိုင်ဒီတွေကို ဗလာစာအုပ် မှာချရေးပြီး ဘယ်နိုင်ငံက မောင်ဘယ်သူ မဘယ်သူ ။ အသက်ဘယ်လောက်။ ဘာလုပ်သလဲ။ ရောက်တာ ဘယ်လောက်ကြာပြီလဲ စသဖြင့် မှတ်သားရပါတယ်။ စကားတွေက အကြောင်းအရာ မျိုးစုံကို ပြောကြတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေ။ နောက် အတင်းတွေ။ ရုပ်ရှင်အကြောင်း၊ စာအုပ်အကြောင်း၊ သီချင်းအကြောင်း အစုံပြောကြပါတယ်။ ဘလော့ဂ်မှာ စာရေးကောင်းသူတွေ ရှိသလို၊ စီအက်ဖ်မှာ စကားပြောကောင်းသူတွေ ရှိကြပါတယ်။ ပုံမှန် စီအက်ဖ် တက်သူတွေရှိသလို နောက်ပိုင်းမှာ ပျောက်သွားသူတွေလည်း ရှိကြပါတယ်။
တကယ်တော့ စီအက်ဖ်ဟာလည်း ဘလော့ဂ်လောကလိုပါပဲ။ လူချင်းမြင်ဘူးတာမဟုတ်ပဲ အသံနဲ့ ရင်းနှီးနေကြ တာပါ။ တယောက်ကို တယောက် ၀က်ဘ်ကမ် ပြတာ ဓါတ်ပုံပို့တာတွေတော့ ရှိကြတာပေါ့။
တခါတလေလည်း ပြောစရာအကြောင်းအရာ ထွေထွေထူးထူး မရှိတဲ့အခါ ကာရာအိုကေဆိုသူကဆို ဂစ်တာတီး သူက တီးကြပါတယ်။ အခုနောက်ပိုင်းကြတော့လည်း ပုံမှန်လိုတွေ့နေသူ ရှိလာပြီး သူ့အကြောင်း ကိုယ့်အကြောင်းလည်း စကားပြောရင်း ရင်းနှီးသိကျွမ်းလာကြပါတယ်။
တခုတော့ရှိပါတယ်။ ဘလော့ဂ်ကို မြန်မာပြည်တွင်းက ရေးလို့ရပေမယ့် စီအက်ဖ်ကို မြန်မာပြည်ထဲက တက်လို့ မရပါဘူး။ ရာဟူးမက်ဆင်ဂျာမှာစကားပြောနေသူဟာ ပြည်တွင်းက မဟုတ်တာ သေချာပါတယ်။ အင်တာနက် ရှိရင် အခမဲ့ အဆက်အသွယ်လုပ်လို့ရတဲ့ ရာဟူးတို့ ဟော့မေးလ်တို့ သုံးလို့မရတဲ့ နိုင်ငံဟာ ကမ္ဘာမှာ မြန်မာတနိုင်ငံပဲ ရှိသလားပဲ။
စီအက်ဖ်မှာ ရန်ဖြစ်ကြ၊ ဆဲကြတာတွေလည်း ကြုံဘူးပါတယ်။ ငယ်ရွယ်သူတွေကတော့ အပြန်အလှန် `ကျူ´ ကြပါတယ်။ စီအက်ဖ်မှာပဲ သမီးရည်းစားဖြစ်သွားသူတွေလည်း ရှိပါတယ်။
စီအက်ပုံမှန်တက်တဲ့ ဘိုးတော်တယောက်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ စီအက်ဖ်တက်မယ်ဆိုရင်တော့ သူ့ကို မသိလို့ မဖြစ်ပါဘူး။ သူက ဆွီဒင်နိုင်ငံမှာ နေတဲ့ ကိုဘွိုင်းစီ လို့ အများးခေါ်ကြတဲ့ ကိုအင်ဒရူးစိုး ပါပဲ။ သူဟာ အကြောင်းအရာမျိုးစုံကို ဒိုင်ခံပြောနိုင်တဲ့ ထူးခြားတဲ့သူတဦးပါ။ နှစ်ပေါင်းများစွာ စီအက်ဖ် တက်လာသူတဦးဆို တော့ သူ့မှာ မိတ်ဆွေတွေအများကြီးရှိပါတယ်။ သူ့မှာ ထူးခြားတာတွေကတော့ ယောက်ျားလေးဆိုရင် အသံထွက် စကားပြောခိုင်းပြီး မိန်းခလေးတွေဆို ၀က်ဘ်ကမ်ပြခိုင်းတတ်ပါတယ်။ စကားတွေကိုလည်း မနားတမ်း နာရီပေါင်းများစွာ မငြီးတမ်းပြောနိုင်သူတဦးပါ။
စနေ တနင်္ဂနွေ အားလပ်ရက်တွေမှာ လူစီတတ်တာမို့ သင့်အနေနဲ့ စိတ်ဝင်စားလို့ စီအက်ဖ်ကိုလာမယ်ဆိုရင် ကျနော့်ရဲ့ ရာဟူးအိုင်ဒီ kthetoo@yahoo.com ကိုသာ မက်ဆင်ဂျာစာရင်းမှာ add ထားလိုက်ပါ။ စကားတွေ တ၀ကြီးပြောဖို့ မိုက်ခရိုဖုန်းကောင်းကောင်းလေးတခုလည်း အသင့်ဆောင်ထားဖို့ မှာလိုက်ပရစေ။ ဆုံကြမယ်လေ။
ပျော်ပျော်ပါးပါးပေါ့။
Saturday, July 28, 2007
ပို့စ်အသစ်
ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်သည့်အကြောင်းရေးပြီး အသစ်တင်လိုက်ပါတယ်။ ဒီနှစ်နွေရာသီမှာ အလုပ် ၂ ပတ် နားရပါတယ်။ ဘယ်မှ ခရီးမသွားပဲ အိမ်မှာပဲ နေဖြစ်ပေမယ့် ဧည့်သည်တွေလာလည်တာရယ်၊ စိတ်ဝင်စားစရာ လေ့လာစရာ ပစ္စည်းလေးတခု ၀ယ်လိုက်တာကြောင့် အလုပ်နဲနဲရှုပ်သွားပါတယ်။
ဧည့်သည်တွေ လာလည်တာက ဖင်လန်က ကိုသားဆွေတို့ ဇနီးမောင်နှံပါ။ ကိုသားဆွေရဲ့ သူငယ်ချင်း ကျနော်တို့နဲ့ တမြို့တည်းနေတဲ့ လင်းလင်းထွန်းကလည်း မင်္ဂလာဧည့်ခံပွဲလေးလုပ်ပါတယ်။ ဘာပဲပြောပြော တိတ်ဆိတ်ငြိမ်သက်တဲ့ ကျနော်တို့မြို့လေးဟာ နဲနဲတော့ အလုပ်များသွားတယ်။
စိတ်ဝင်စားစရာ ပစ္စည်းလေးက လက်ကိုင်ကွန်ပြူတာလေးပါ။ လက်ကိုင်ဖုန်းရယ်၊ desktop ကွန်ပြူတာတွေရယ်ကို ၀ယ်ဖူး သုံးဖူးပေမယ့် laptop က အခုမှ ကိုယ်ပိုင် ၀ယ်သုံးဖူးတာပါ။ ဈေးနဲနဲကြီးပေမယ့် ကျောင်းစာလုပ်ရင်း သုံးမယ်၊ အင်တာနက်မှာ စာဖတ်မယ်၊ သူငယ်ချင်းတွေနဲ့ ချတ်တင်းလုပ်မယ် ဘလော့လေးဘာလေးလည်း ရေးမယ် ဆိုတော့ ဈေးကြီးပေမယ့် မျက်စိမှိတ်ဝယ်လိုက်ရတာပါပဲ။ နောက် သူ့မှာ ပါလာတဲ့ ၀င်းဒိုးကလည်း ဗစ်စတာ ဆိုတော့ အသစ်ဖြစ်နေတယ်။ ကွန်ပြူတာ အဟောင်းကို သမီးကြီးက သုံးမယ်ဆိုတော့ သူ့ကို မပေးခင် ဖိုင်အဟောင်းတွေကို အသစ်ထဲပြောင်းဖို့ လုပ်ရပါတယ်။ File size နဲတဲ့ ဟာတွေက ပြဿနာ မဖြစ်ပေမယ့် ဗီဒီယို ဖိုင်တွေရွေ့တဲ့အခါ အခက်အခဲ ရှိတာကို တွေ့ရပါတယ်။ မသိတာတွေ၊ ကိုယ်မလုပ်တတ်တာတွေကို ဟိုမေးဒီမေးလုပ်ရတာပေါ့။ ကိုယ်က မသိလို့ မေးရသလို၊ ကိုယ့်လောက်မသိလို့ ကိုယ်ကို ပြန်မေးတာတွေကိုလည်း သိသလောက်ပြောပြရင်း အလုပ်တွေ ရှုပ်နေပါတော့တယ်။
အခုတော့ အလုပ်ပြန်ဆင်းနေပြီမို့ ပုံမှန်ပြန်လည် လည်ပတ်ရင်း တပတ်တခါ နားရက်တွေမှာ ရောက်တတ်ရာရာနဲ့ စိတ်ကူးတည့်ရာလေးတွေ ပြန်ရေးပါအုံးမယ်။