ကျနော့်ဘလော့မှာ တရားဝင်မရေးရသေးတဲ့ အကြောင်းအရာတခုက ကျနော်အလုပ်ပြုတ်နေခဲ့တဲ့ အကြောင်းပါ။ ကုမ္ပဏီရဲ့ စီးပွားရေးအခက်အခဲတွေကြောင့် လုပ်သားအင်အားလျှော့ချတဲ့အထဲ ပါပြီး အလုပ်ပြုတ်နေတာ နိုဝင်ဘာလ ၂၅ ရက်က စတယ်ဆိုတော့ ခုဆိုရင် သုံးလကျော်ကျော်လောက်ရှိနေပါပြီ။ အလုပ်မရှိတော့ ရပ်တည်ဖို့အတွက် အလုပ်ပြုတ်အာမခံသွင်းထားတဲ့ဆီက လစာပြန်ထုတ်ပေးပါတယ်။ အလုပ်လုပ်သလောက် မရပေမယ့် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့လောက်အတွက်တော့ ပြန်ရပါတယ်။ Shopping တွေ ဘာတွေတော့ မထွက်နိုင်တော့ဘူးပေါ့။
အလုပ်နားနေရတဲ့အချိန်တွေမှာ စာတွေဟိုဖတ်ဒီဖတ်လုပ်ရင်း ဒိန်းမတ်ရာဇ၀င်ထဲက ဂျာမန်လူမျိုးတဦးကို သွားတွေ့ပါတယ်။ သူဟာဆရာဝန်တဦးဖြစ်ပြီး နာမည်က Johann Friedrich Struensee ဖြစ်ပါတယ်။ ၁၇ ရာစုနှစ်နောက်ပိုင်းမှာ ထီးနန်းစံတဲ့ ဒိန်းမတ်ဘုရင် သတ္တမမြောက် ခရစ်စတင်း ဟာ Schizophrenia ရောဂါရှိသူမို့ ဆရာဝန်ရှာတဲ့အခါ ဂျာမန်ဆရာဝန်နဲ့ ဆက်သွယ်မိပြီး Struensee ဟာ ဘုရင့်သမားတော် ဖြစ်လာခဲ့ပါတယ်။ ဘုရင်ကို ဆေးကုရင်းနဲ့ သမားတော်ဟာ မိဖုရားကြီးနဲ့ ဇတ်လမ်းရှုပ်ခဲ့ပါသတဲ့။ မိဖုရားကြီး ဒုတိယခလေးဟာ ဆရာဝန်နဲ့ ရတာလို့ ဆိုပါတယ်။ ဘုရင်ကလည်း နေမကောင်း၊ မိဖုရားကြီးနဲ့လည်း အဆင်ပြေနေတဲ့ ဂျာမန်ဆရာဝန်ဟာ အာဏာစက်ဝိုင်းရဲ့ ဗဟိုချက်မှာ တဖြည်းဖြည်း နေရာရလာပြီး ဒိန်းမတ်နိုင်ငံကို နောက်ကွယ်ကနေ အုပ်ချုပ်နေပါတော့တယ်။
၂ နှစ်လောက်အကြာမှာ အဲဒီလို ဖြစ်နေတာကို ရိပ်မိလာတဲ့ မှူးကြီးမတ်ရာများ၊ ဘုရင့်ဆွေမျိုးများက ဆရာဝန်ကို ဖမ်းဆီး တရားစွဲပြီး သေဒဏ်ပေးလိုက်ပါသတဲ့။
ကျနော်က လတ်တလောဖတ်ထားတဲ့ အဲဒီအကြောင်းကို မိသားစု ထမင်းဝိုင်းမှာ ကျနော်ပြောတာကို သားအငယ်က နားထောင်နေပြီး အဲဒီဂျာမန်ဟာ ဂျာမနီ ကလာတာဆိုပေမယ့် အဲဒီအချိန်မှာ ဂျာမနီမှာ ပြည်နယ်တွေ အကွဲကွဲ အပြားပြားနဲ့ ဖြစ်နေပြီး ဂျာမနီတနိုင်ငံထဲ စည်းစည်းလုံးလုံး မရှိသေးပါဘူးလို့ ၀င်ပြောတယ်။ သားအငယ်က ၁၄ နှစ်၊ အခု ရှစ်တန်းတက်နေပါတယ်။ ကျောင်းမှာ သမိုင်းတွေ ဘာတွေ သင်ရတော့ ခလေးတွေဟာ ဒိန်းမတ်ရာဇ၀င်ကို ကျနော်တို့ လူကြီးတွေထက်တောင် သိနေပါသေးတယ်။
ဟိုတလောကလည်း ဒိန်းမတ်ရောက် မြန်မာမိတ်ဆွေမိသားစု ကျနော်တို့ အိမ်ကို တညအိပ်လာလည်ကြပါတယ်။ ဧည့်သည် မိသားစုမှာ ၆ တန်းနဲ့ ၄ တန်းတက်နေတဲ့ သားနှစ်ယောက်ပါလာတယ်။ သူတို့က ဒိန်းမတ်ရောက်တာ ကျနော်တို့ထက် နောက်ကျပေမယ့် သားနှစ်ယောက်က အချင်းချင်း စကားပြောရင် ဒိန်းမတ်လိုပဲ ပြောနေကြပါတယ်။
ကျနော့်သားကလည်း အိမ်မှာ ဒိန်းမတ်စကားကို သူပဲအပြောနိုင်ဆုံးဆိုတော့ ခလေး ၃ ယောက် အတူကစားရင် ဒိန်းမတ်လို မိုးမွှန်နေတော့မှာပဲလို့ ကျနော်က ထင်နေခဲ့တယ်။ နောက်တနေ့ ဧည့်သည်တွေ ပြန်သွားတော့ ကျနော့်သားကို သူအမကြီးက မေးတယ်။ နင် ဟိုခလေးနှစ်ယောက်နဲ့ အတူဆော့တုန်းက မြန်မာလိုပဲ ပြောတယ်နော်၊ ဘာလို့ ဒိန်းမတ်လို မပြောတာလဲတဲ့။
အဲဒီတော့ ကျနော့်သားက မြန်မာဟာ အချင်းချင်း မြန်မာလိုပဲ ပြောသင့်တယ်၊ မြန်မာတွေဖြစ်ပြီး ဒိန်းမတ်စကား ပြောနေရတာ သဘာဝမကျဘူးလို့ သူထင်တယ်တဲ့။ ကျနော်လည်း သူုပြန်ဖြေတာ ကြားလိုက်တော့ ငါ့သား တယ်ဟုတ်ပါလား စိတ်ထဲ အမှတ်ပေးလိုက်မိတယ်။
ကျနော်လည်း ဒိန်းမတ်ရာဇ၀င်ထဲက ဂျာမန်တယောက် အကြောင်းပြောရင်း ကျနော့်သားအကြောင်းကို ရောက်သွားတယ်။ ဘာရယ် မဟုတ်ဘူး စိတ်ထဲရှိတာ ရေးလိုက်တာပါလို့ ပြောရင်း နားပါဦးမယ်။ ။