တင်မောင်တို့လူစု မဆလပါတီဝင်ခွင့်လျှောက်လွှာနှင့် လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာတင်ကြသည်ကို ချက်ချင်းအဖြေမရပါ။ လွတ်ရက်ကို မမြင်ရနိုင်သဖြင့် စိတ်ပျက်ကြရပြန်သည်။ တင်မောင်၏ ထောင်သက်မှာ လပေါင်း (၃၀) ရှိလာလေပြီ။ စောစောပိုင်းကာလ (၁၄) လတိုင် မည်သူနှင့်မျှ စကားမပြောရဟု ချုပ်ချယ်ထားသည် ကို ခိုးဝှက်ပြီး စကားပြောရုံသာမက ထောင်သတင်းစာထုတ်ဝေသည်အထိ ထောင်စည်းကမ်းကို ဖောက်ရသည့် အရသာတို့ကြောင့် ပျော်ခဲ့သော်လည်း တစတစ ငြီးငွေ့လာပါသည်။ အထူးသဖြင့် သော့ခလောက်ကြီးနှင့် သံတံခါး ကို ရိုက်သည့် အသံဆိုးကြီးများက မင့်ကို ချုပ်ထားတယ်ဟေ့ဟု ကြေညာနေသောကြောင့် စိတ်ဆင်းရဲရပါသည်။
ဤအတွင်းတွင် တနေ့၌ တုန်လှုပ်ချောက်ချားသော ဖြစ်ရပ်တခုကို ကြုံတွေ့ရပြန်သည်။ မျက်စိကု အထူး ဆရာဝန်ကြီး ဒေါက်တာကိုကိုကြီးက အကျဉ်းသားများ၏ မျက်စိရောဂါများကို ကုသရန်၊ လိုအပ်လျှင် မျက်မှန်ပေးရန် အင်းစိန်ထောင် ဆေးရုံသို့ လာရောက်စစ်ဆေးသည်။ ထောင်ထဲမ၀င်မီက မျက်စိကောင်းသူ ဖြစ်သော်လည်း မီးရောင်မှိန်မှိန်တွင် စာဖတ်ရသဖြင့် တင်မောင်၏ မျက်စိမှုန်နေသောကြောင့် စစ်ဆေးခွင့်ရခဲ့သည်။
တင်မောင် မိခင်ကြီး၏ မျက်စိကို ခွဲပေးစဉ်က ရင်းနှီးနေသူ ဆရာကြီးက ညှိုးနွမ်းနေသော အကျဉ်းသားဘ၀ကို မြင်ရသဖြင့် စိတ်မကောင်းဟန်ပြသည်။ စစ်စုံထောက်၊ စစ်ဗိုလ်တွေက ရှိနေသဖြင့် “စောစောက နေးရှင်းလောရုံရဲ့ မျက်စိကို စစ်ပေးလိုက်တယ်။ မင်းတို့ သတင်းစာဆရာတွေက မိုက်လုံးကြီးပါတယ်ကွာ။ ဆိုရှယ်လစ် လောကနိဗ္ဗာန် တည်ဆောက်တာကို မင်းတို့က မဟုတ်မတရားရေးကြတော့ မင်းတို့ကောင်တွေ ခံကြပေါ့ကွာ” ဟု အဓိပ္ပာယ် နှစ်ခွ ထွက်သော စကားလုံးများနှင့် မြည်တွန်တောက်တီးရှာသည်။
ဒေါက်တာဦးကိုကိုကြီးက တတွတ်တွတ်ပြောပြီး အချိန်ဆွဲပြီး စစ်ဆေးသဖြင့် နာရီဝက်နီးပါး ကြာသွားသည်။
တင်မောင်၏ ပြဿနာမှာ ဆရာဝန်ကြီးနှင့် ပါလာသော သူနာပြုဆရာမကလေး ဖြစ်ပါသည်။ အသားညိုညို၊ နှာခေါင်းပြားပြား၊ မျက်ခုံးထူထူ၊ ပါးစပ်ကျဉ်းကျဉ်း ဆရာမကလေးသည် မိန်းမချောကလေး မဟုတ်လေသဖြင့် ပြင်ပလောကတွင် တွေ့ကြလျှင် နှစ်ခါကြည့်မိမည်မဟုတ်။ ရေမွှေးကလည်း ရေမွှေးအပေါစား ဆွတ်ထားသည်။ ထိုရေမွှေးရနံ့နှင့် ဆေးရုံဆေးနံ့ ဖက်စပ်ထားသောအခါ လတ်ဆတ်သည့် တောရိုင်းပန်းရနံ့တမျိုး ရရှိသည်။ များစွာ ကြိုင်မွှေးလှသည်။ ရနံ့၏ ဂန္ဓာရုံရသက တင်မောင်အား ဖမ်းစားတော့သည်။ ထို့ပြင် တင်မောင်၏ မျက်စိအတွက် စစ်ဆေးသော မျက်မှန်ကိုင်းကြီးကို တပ်ပေးပြီး မှန်တချပ်ပြီး တချပ် လဲလှယ်ပေးသောအခါ သူကလေး၏ လက်ဖျား ကလေးများက နားထင်နှင့် နားရွက်တို့ကို ထိရုံမျှသာ ထိသည်မှာ ကျင်စက်နှင့် တို့လိုက်သကဲ့သို့ တင်မောင်တွင် ဆတ်ကနဲ ဆတ်ကနဲ တုန်လှုပ်သွားရှာသည်။ ဖောဋ္ဌဗ္ဗာအာရုံ အတွေ့က အင်အားကြီးမားစွာ ဖမ်းစားလေပြန်သည်။
ဖိုဓာတ်နှင့် မဓာတ်တို့၏ တခုက တခုကို အထောက်အကူပြုသော အညမည စွမ်းအားသည် များစွာ ကြီးမား ပြင်းထန်သည်။ မာတုဂါမတို့၏ အတွေ့၊ အဆင်းနှင့် ရနံ့ကို လပေါင်း (၃၀) ကျော် ကင်းကွာနေသည့် တင်မောင်အဖို့ အဖိုအင်အား ထုထည်ကြီးများသော ဖဿဝေဒနာကို အဆုံးစွန်အထိ စံစား၊ ခံစားရမိပါတော့သည်။
သုခဝေဒနာပင်ဖြစ်စေကာမူ များစွာ ကြောက်ဖို့ကောင်းသည်။ စွဲကပ်သည်နှင့် တပြိုင်နက် ဥပက္ခောပြုရန် ခက်ခဲ လှသည်။ ဆရာမကလေးနှင့် ဆရာဝန်ကြီးက တင်မောင်၏ ခံစားချက်ကို မည်သို့မှ မသိကြရှာပေ။ သူတို့ကို အနိုင် နိုင် နှုတ်ဆက်ပြီး ခေါင်းငိုက်စိုက်နှင့် အဆောင်သို့ ပြန်ခဲ့ရသည်။
အဆောင်ပြန်ရောက်သည်နှင့် စာအုပ်များကို လှန်ကာ အားကိုးရှာရသည်။
‘ဤသဘောတရားတို့သည် ငါ၏ ဥစ္စာတည်း၊ ဤသဘောတရားသည် သုခတည်းဟု တောင့်တခြင်းကို ဒုက္ခဟု အဖန်တလဲလဲ ရှုလေမှာသာ ကိလေသာဖြစ်ရန် အကြောင်းမှ ကင်းသော လွတ်မြောက်ခြင်း မဂ်ဖိုလ်သို့ ရောက်ကြောင်းဖြစ်သည်’ ဟု ရေးသားထားသည့် အဘိဓမ္မတ္တသင်္ဂဟကျမ်းဘာသာပြန် ဋီကာကျော်ကို ကျေညက် အောင် ဖတ်ရှုပြီး ကမ္မဋ္ဌာန်းရှုရပါသည်။
နောက်တပတ်ခန့်ကြာသောအခါ ဖြစ်ရပ်တခု ကြုံရပြန်သည်။ ထောင်ထဲတွင် မူဂျာဟစ်တွေဟု ခေါ်ကြသည့် နယ်စပ်ဒေသမှ ကုလားတရာကျော်ရှိသည်။ လူဝင်မှု ဥပဒေအရ ဖမ်းလာသည်မှာ (၁၃) နှစ် ရှိလေပြီ။ ဒီမိုကရေစီ အစိုးရက စစ်ဆေးပြီး လွှတ်ပေးရန် စီစဉ်ဆဲတွင် စစ်အစိုးရတက်လာသဖြင့် သူတို့အမှုကို မကိုင်တော့သောကြောင့် သောင်တင်နေကြရှာသည်။ မိသားစုလိုက်ဖမ်းလာခဲ့စေကာမူ အမျိုးသမီးများကို မိန်းမထောင်မှာ ခွဲထားသည်။ အရွယ်ရောက်လာသူ ယောက်ျားကလေးများကို မိခင်နှင့်ခွဲပြီး ယောက်ျားဆောင်တွင် ချုပ်ပါသည်။ သူတို့အစုက မြို့ထဲ၌ အဆက်အသွယ်မရှိသဖြင့် နိုင်ငံရေးအကျဉ်းသမားများ ထားရှိသည့် အဆောင်များတွင် သန့်ရှင်းရေး လုပ်ကြရန် တာဝန်ပေးထားသဖြင့် အပျင်းပြေစကားပြောလေ့ ရှိကြသည်။ ထောင်ထဲမှာပင် လူလားမြောက် လာသည့် လူငယ်ဆယ်ဦးခန့်ရှိသည်ကို စေတနာကောင်းသူတို့က စာသင်ပေးသည်။
သူတို့အစုမှ မြီးကောင်ပေါက် လူငယ်သုံးဦးကို စာသင်ပေးနေသည်ကို အမှတ်တမဲ့ ၀င်ထိုင်မိသည်။ ဆရာက မိန်းမနှင့် ယောက်ျားကွဲပြားကြောင်း လက်တွေ့ကျကျ သံမံတလင်းပေါ်၌ မီးသွေးနှင့် ပိုရေးပြီး ရှင်းပြနေသည်ကို ကလေးများက တအံ့တသြနားထောင်နေကြသည်ကို တွေ့ရပါသည်။ ကြည့်ပြီး ကလေးများက မယုံတယုံရှိဟန်နှင့် ပြုံးစိစိ နားထောင်နေကြသည်ကို မြင်ရသဖြင့် တင်မောင်မှာ ရင်နင့်သွားလေသောကြောင့် ရှောင်ထွက်ခဲ့မိပါသည်။
အသက် (၁၆) နှစ်၊ (၁၇) နှစ် အရွယ်ရောက်နေသည့် လူပျိုပေါက်လေးများ ဖြစ်ကြပါလျက် မိန်းမဟူသော သတ္တ၀ါကို မမြင်ဖူး၊ မတွေ့ဖူးကြရသော သူတို့လူစုအတွက် ရင်နာမိသည်။ ယခု မတွေ့ဖူးပေမယ့် မည်မျှကြာမြင့်သော ကာလတွင်မှ ထောင်ကလွတ်ပြီး တွေ့ကြရမည် ဆိုသည်ကိုလည်း မသိကြရသောကြောင့် သူတို့တတွေအဖို့ လူစင်စစ် ဖြစ်ပါလျက် လူ့ဘ၀ကို မတွေ့မမြင်ရဘဲ ဇာတ်သိမ်းနိုင်သဖြင့် ဖြေမဆည်နိုင်အောင် ၀မ်းနည်းမိခဲ့သည်။
မိမိထောင်မှ လွတ်ပြီး အစိုးရရာထူးရသောအခါတွင် သူတို့နှင့် မာကျောက်ကစားမှုအတွက် ဖမ်းထားသူတွေ လွတ်မြောက်ရေးကို စစ်ဗိုလ်ကြီးများထံ ရှင်းပြပြီး တောင်းပန်သဖြင့် မာကျောက်တို့သာ လွတ်လာသည်။ မူဂျာဟစ် များခမျာမှာလည်း ထောင်ထဲမှာပင် ကျန်ရစ်ရှာသည်။ တင်မောင်၏ အမှုထမ်းသက် ဆယ်နှစ်လွန်ပြီး အမေရိကန်သို့ ရောက်လာသည့်တိုင် လွတ်သတင်းကို မကြားရပါ။ ၁၉၈၄ ခု၊ ဒီဇင်ဘာ (၁၉) ရက်နေ့တွင်မှ သူတို့ကို လွှတ်ပေးကြောင်း သတင်းကို ဖတ်ရပါသည်။ ထောင်ထဲမှာ နှစ်ပေါင်း (၄၀) ခံခဲ့ရသည်ဟု သတင်းက ဆိုပါသည်။ သူတို့ဘ၀အတွက် တင်မောင်တုန်လှုပ်ခဲ့မိသည်မှာ မလွန်ပါ။
ထိုကဲ့သို့ မိန်းမကိုပင် မမြင်ရဘဲ ထောင်ထဲတွင် ရာသက်ပန်နေရပုံပေါ်သည့် ကလေးတို့အတွက် ၀မ်းနည်းမိရာက “ငါကလဲ ဘာကောင်မို့လဲ၊ သူတို့လို မလွှတ်ဘဲ ပစ်ထားလျှင် သူတို့လို ခံရမှာပါလား” ဟု တုန်လှုပ်မိပါသည်။
တင်မောင်ထောင်ထဲ ရောက်စက တလမ်းတည်းနေခဲ့သူ အသိတဦးက ဆက်သွယ်ပြီးသူအဖို့ ထောင်ထဲ ရောက်သည်မှာ (၂) နှစ်ရှိပြီ။ အိမ်ကို ဆက်သွယ်ခွင့်မရသဖြင့် မိသားစုအကြောင်း မသိရပါ။ ထိုကြောင့် သူ၏ သားမယားများကို မြင်ခဲ့ပါ၏လားဟု မေးရှာသည်။ ကံအားလျော်စွာ သူ၏မိသားစုကို မြင်တွေ့ခဲ့ရသဖြင့် ကျန်းမာ ကြောင်း သတင်းကောင်းပေးနိုင်ခဲ့ပါသည်။ ထိုမိတ်ဆွေလည်း ယခုတိုင် မလွတ်သေးသဖြင့် စာရေးသူအဖို့ လွတ်ရက်က မသေချာဟူသည်ကို ရိပ်စားမိလာသည်။
ထောင်ကလွတ်လျှင် ပြီးရောဟူသည့် ဦးတည်ချက်နှင့် နည်းအမျိုးမျိုး ကြံဆအားထုတ်ရလေရာ “ဒင်းတို့ကို မနိုင်တော့၊ ဒင်းတို့နဲ့ ပေါင်းရတော့မှာပေါ့” ဟု အံကြိတ်ပြီး ညည်းမိပါသည်။
“ဗိုလ်ချုပ်ကြီးခင်ဗျား၊ ကျနော်တို့တတွေကို ဖမ်းထားတာက ဟုတ်ပါပြီ။ အစိုးရက ထုတ်တဲ့ ပြည်သူပိုင် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာကြီး လုပ်နေပုံက အမှားတွေရှိနေပါတယ်။ သတင်းစာ ဝေဖန်ချက် စစ်တမ်းကို ရေးပါရစေ” ဟု သိသာထင်ရှားသော အမှားသုံးလေးခုကို ညွှန်းပြီး စာတင်လိုက်ပါသည်။
ထောင်မှူးက ဗလာစာအုပ်ကြီးတခု လာပေးပြီး စစ်တမ်းရေးခွင့်ပြုပါသည်။ လုပ်သားသတင်းစာမှာ ‘ဆရာကြီး ရွှေဥဒေါင်းက ပင်တိုင်ဆောင်းပါးသာ ရေးပြီး သတင်းစာဆိုတာကို လကြည့်ဝယ်၍ပင် မှန်မှန်တောင် မဖတ်ဖူးသူ’။ စာဝေးပေဝေး လက်နက်ချများနှင့် စစ်ဗိုလ်များတို့က ထင်သလို လုပ်နေကြသဖြင့် သတင်းစာမှာ သတင်းစာပညာ နှင့် မညီသည်များ အများတွေ့ရသည်။ မဂ္ဂဇင်းနှင့်မတူ၊ ဂျာနယ်လည်း မဆန်၊ သတင်းစာမပီသသည်တို့ကို ပုံကြီးချဲ့ ပြီး စစ်တမ်းကြီးတစောင်ရေးကာ တင်သွင်းလိုက်ပါသည်။
တလမကြာမီ အင်းစိန်ထောင်က လွတ်လာပါသည်။ ဦးညိုမြ၊ ဒဂုန်တာရာ၊ ဂျာနယ်ကျော်မမလေး၊ အောင်လင်း၊ ကိုလှထွေး၊ ကိုလှအောင်တို့ တပြုံကြီး လွတ်လာပါသည်။ ထောင်က လွတ်ပြီး တလမကြာမီတွင် သတင်းစာဆောင်းပါး ရေးခွင့်ရသည်။ ယခင်က ရေးနည်းအတိုင်း မှန်သည်ဟု ယူဆသည်များကိုသာ ပြတ်ပြတ် သားသား ရေးသောအခါ ဆရာဇ၀နက “ခင်ဗျားကတော့ လယ်ပုဇွန်လုံးပါပဲ။ သဲပုံအောက်က လက်မထောင်ပြီး ထွက်လာသကိုး” ဟု မှတ်ချက်ပြုသဖြင့် “သဲပုံအောက်မှာ ခံခဲ့ရတာတွေရဲ့ ရလဒ်ပါဆရာ” ဟု ဖြေမိပါ၏။ ။
No comments:
Post a Comment