စစ်အစိုးရခေတ်တွင် အရပ်သားအများတို့ အဖမ်းခံကြရသည်။ စစ်ဗိုလ်ကြီးများသည်လည်း သိကြားသားများ မဟုတ်လေသဖြင့် ထောင်ထဲသို့ နယ်ကျွံပြီး ရောက်ရှိလာတတ်ကြသည်။ တော်လှန်ရေး အစိုးရ - မဆလ အစိုးရ လမ်းစဉ်ကို ဆန့်ကျင်သော နိုင်ငံရေးပြစ်မှုနှင့် လာကြသည်မဟုတ် များသောအားဖြင့် လာဘ်စားမှု၊ ခိုးဝှက်မှု … စသည့် မကောင်းမှုများနှင့် ရောက်လာတတ်ကြသည်။ အမှန်ကို ဆိုရလျှင် စစ်တပ်၏ ဦးစီးပိုင်း ထိပ်သီးအရာရှိပိုင်း တွင် ရိုးသားသူ တဦးတလေမှ မရှိပါ။ ဗိုလ်နေ၀င်းကိုယ်တော်တိုင်က သူခိုးဗိုလ်ချုပ်ကြီး ဖြစ်သည်ကို စစ်ဗိုလ်ကြီးတိုင်း သိကြသည်။ သို့သော်ငြားလည်း မလှန်ဝံ့သောကြောင့် သူပြုသမျှ နုနေကြရရှာသည်။ သူခိုးကြီး လက်အောက်တွင် ခစားကြရင်း သူခိုးကလေးများ ဖြစ်လာကြသည်။
စစ်ဗိုလ်ကြီးများ ကျူးလွန်သည့်အမှုများကို စစ်စုံထောက်များက သိသောကြောင့် ဗိုလ်နေ၀င်းက သိထားသည်။ အပြစ်ရှိသူ စစ်ဗိုလ်များအား သူတို့ ကျူးလွန်မိသောအမှုများကို ဗိုလ်နေ၀င်း သိရှိနေကြောင်းကိုလည်း နားလည် သိရှိစေကာ သူ့ကို သစ္စာစောင့်စေသည်။ သူခိုင်းသမျှကို မလုပ်ဘဲ မနေ၀ံ့အောင် ခြောက်လှန့်နေလေ့ရှိသည်။ များစွာ ရိုးသားသည်ဟု ဆိုကာ ဂေါ်ရခါးကြီးဟု ခေါ်ကြသော ဗိုလ်စန်းယုကိုပင် “မင်းမယားက ရာထူးတက်မည့် စစ်ဗိုလ်ကလေးများရဲ့ စာရင်းကို ခိုးကြည့်ပြီး … မောင်လေးရေ … မင်းရာထူးတက်နေပြီဟေ့လို့ ပြောပြီး ငွေတောင်း တယ်” ဟု အခြား စစ်ဗိုလ်များရှေ့တွင် ပြောဆိုသတိပေးသည်။
စစ်ဗိုလ်ကြီးများအားလုံးအဖို့ ဗိုလ်နေ၀င်းက မျက်နှာတော်ညိုရာက မျက်နှာတော်လွဲသည့် အချိန်တွင် ထောင်ထဲသို့ ရောက်လာတတ်သည်။ ထောင်မှ လွတ်သည်နှင့် ဗိုလ်နေ၀င်းကို ရှိခိုးပြီး မျက်ဖြေအလင်္ကာ တင်သွင်းကြလျှင် အစိုးရ ရာထူးကြီးများ၊ စီးပွားရေးလုပ်ပိုင်ခွင့်များကို ဆုလာဘ်အဖြစ် ပေးလေ့ရှိသည်။
ကုန်သွယ်ရေး ၀န်ကြီးအဖြစ် အမှုထမ်းရာက အဖမ်းခံထိသူ ဗိုလ်ချစ်မြိုင်ဆိုလျှင် ထောင်ထဲ၌ ခေတ္တခဏသာ နေရပြီး လွတ်သောအခါတွင် အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် သူကောင်းပြုသည်။ ဗိုလ်ကြည်မောင်ကဲ့သို့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို သာမက စစ်တပ်ကြီးစိုးသော ဖက်ဆစ်ဝါဒကိုပါ ပြတ်သားစွာ ဆန့်ကျင်သူ ဖြစ်သောကြောင့် ဒူးမထောက်သဖြင့် မ၀တ၀ ပင်စင်ကလေးနှင့် နေကြရသည်။
ထောင်ထဲသို့ ရောက်လာသော စစ်ဗိုလ်များကို အရပ်သား ထိန်းသိမ်းခံများနှင့်အတူ အတူမထားဘဲ သီးသန့် အိမ်ကလေးများ၊ သီးသန့်အခန်းများတွင် ထားရှိသည်။ အကျဉ်းသားချင်း အတူတူ လူတန်းစားခွဲသေးသည်။ စစ်ဗိုလ်များကို ချောင်ချောင်ချိချိထားပြီး အစားကောင်းကောင်းကျွေးသည်။ ဗိုလ်လူထွက်များကိုသာ တင်မောင်တို့ နှင့် အတူထားသည်။
တင်မောင်တို့ သတင်းထောက်များအတွက် ကံကောင်းသည်မှာ မိမိတို့၏ အဆောင်ထဲတွင် ဂိုဒေါင်သိုလှောင်ခန်း တခု ရှိနေသည်။ ထောင်ထဲရောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့တွင် အိမ်မှာ ပါလာသော ပစ္စည်းပစ္စယများမှ ထောင်တွင်းတွင် သုံးစွဲခွင့်မရှိသည့် အရာများကို သိမ်းယူပြီး သိုလှောင်သော အခန်းဖြစ်သဖြင့် ပစ္စည်းကို မြင်သည်နှင့် မည်သို့ ပုဂ္ဂိုလ်ရောက်လာသည်ကို တင်ကြိုသိရသည်။
စစ်ဗိုလ်များကို ဖမ်းသောအခါတွင် များသောအားဖြင့် အလုပ်ခွင်က ဖမ်းလာသဖြင့် သူတို့ စစ်ဝတ်စုံများကို ထုပ်ပိုးပြီး ဤအခန်းတွင် သိမ်းပါသည်။ စင်တခုတွင် စစ်ဗိုလ်ဦးထုပ်များကို စီပြီး တင်ထားသဖြင့် ဗိုလ်ကြီးတဦး ရောက်လာသည်။ ဗိုလ်မှူးတဦးရောက်လာသည်၊ လွတ်သွားသည် … စသည်တို့ကို ဦးထုပ်များ၊ တံဆိပ်များကို ကြည့်သည်နှင့် သိနိုင်လေသည်။
“ဦးထုပ်နီကြီးတလုံး ရောက်လာပြီဗျို့” ဟု ဂိုဒေါင်ခန်းကို ချောင်းကြည့်လာသူက သတင်းပေးသောအခါ “ဘယ်သူပါလိမ့်” ဟု တင်မောင်တို့ သတင်းထောက်များက မေးခွန်းထုတ်ရင်း ၀မ်းသာအားရ ဖြစ်မိကြသည်။
စင်စစ် အမင်္ဂလာသတင်းဖြစ်သည်။ လူသစ်တဦး ထောင်ထဲ ရောက်လာတိုင်း ‘၀ဋ်ကျွေးရှိတဲ့ မောင်ကံဆိုး တယောက်တော့ တို့များလိုပဲ ခံရပေဦးမည်’ ဟု စိတ်မချမ်းမသာနှင့် ၀မ်းနည်းကြလေ့ရှိကြပါ၏။ သို့စေကာမူ တင်မောင်တို့ အားလုံးကို မတရားထောင်ချသော စစ်တပ်အစိုးရဘက်သား စစ်ဗိုလ်ကြီးတယောက် ထောင်ထဲ ရောက်လာသည်ဆိုလျှင် တထောင်လုံး ၀မ်းသာအားရ အော်ဟစ်ကြလေ့ရှိသည်။ အကျဉ်းကျလာသူ ဘ၀တူ အကျဉ်းသားအတွက် ၀မ်းသာမိကြသည်မှာ မှားသည်ဟု သိကြသော်လည်း သူတို့ နိုင်စဉ်တွင် ညှဉ်းဆဲခံနေကြရသူ များဘက်က ကြည့်ပြန်ပါလျှင် အဆိုးမဆိုသင့်ပါပေ။
ဦးထုပ်နီကြီး၏ထိပ်မှ တံဆိပ်မှာ ဗိုလ်မှူးကြီးတံဆိပ်ကြယ်တွေ ပါလာသောကြောင့် တော်လှန်ရေးကောင်စီဝင် (၁၇) ဦးထဲက တဦးကို ဖမ်းလာမည်ဟု သေချာသည်။
မည်သူမည်ဝါဟု မသိနိုင်သဖြင့် အမျိုးမျိုးစုံစမ်းကြရသည်။ တင်မောင်အဖို့ သတင်းရနိုင်သည့် သတင်းဆက်တို့မှာ မီးဖိုမှ နံနက်စာ၊ ညစာနှင့် မိလ္လာအိုး သယ်ထမ်းပေးသော ထောင်ကျများသာ ဖြစ်ကြသည်။ သတင်းများကို စီးကရက်ဘူးများ ပေးပြီး ၀ယ်ကြရလေ့ရှိသည်။
“ဗိုလ်မှူးကြီးစောမြင့်ကို ထောင်ခြံ အဆောင်ငယ်မှာ ချုပ်ထားတယ်” ဟု သူ့ထံသို့ ထမင်းပို့ရသူ ထောင်ကျတဦးက တိတိကျကျ သတင်းရောင်းသည်။ တော်လှန်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်၊ တော်လှန်ရေးအစိုးရ ပြန်ကြားရေးဌာန ၀န်ကြီး၊ ဗမာ့တပ်မတော်မှ ထိပ်သီးဗိုလ်မှူးကြီးကို ဖမ်းဆီးထားကြောင်းနှင့် တင်မောင်တို့၏ ထောင်သတင်းစာတွင် သတင်းထူး ဖော်ပြနိုင်ပါသည်။
အမှုမှာ အလွန်အမင်း အရုပ်ဆိုးသည်။ နိုင်ငံတော် တော်လှန်ရေးစစ်အစိုးရက ထုတ်ဝေထားသဖြင့် နိုင်ငံသားတို့ လက်ထဲ၌ လှည့်ပတ်သုံးစွဲနေသော ငွေစက္ကူများအနက် ကျပ်တရာတန်နှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများကို တရားမ၀င်ဟု အစိုးရက ပယ်ဖျက်ရန် ဆုံးဖြတ်စဉ်က တရားမ၀င်ဖြစ်လုဆဲဆဲ အချိန်ပိုင်းကလေးတွင် မိမိပုဂ္ဂလိကပိုင် တရာတန်ငွေစက္ကူများနှင့် သတင်းကို မသိသေးသူ အရပ်သားဈေးဆိုင်များမှ ကုန်စည်များ ၀ယ်ယူက ကိုယ်ကျိုးရှာမှု ဖြစ်သည်။ မိမိ၏ ရုံးတွင်းရှိ အစိုးရပိုင် တရာတန် ငွေစက္ကူများကိုလည်း သုံးစွဲသေးသည်။ အစိုးရ၏ ငွေကို ခိုးယူမှုလည်း ဖြစ်သည်။
အမှုသွားမှာ ၁၉၆၄ ခု၊ မေလ (၁၇) ရက်နေ့၊ နံနက် (၈) နာရီက ဗိုလ်ချုပ်ကြီးနေ၀င်း၏ အိမ်တော်၌ တော်လှန်ရေး ကောင်စီ အထူးအစည်းအဝေးကျင်းပပါသည်။ အစိုးရ အခွန်တော် ၀င်ငွေထက်၊ သုံးငွေထွက်များသည့် ပြဿနာကို ဖြေရှင်းရန် တနေကုန်ဆွေးနွေးကြပြီး အရပ်သားများ လက်ထဲတွင် လှည့်ပတ်သုံးစွဲနေသော ကျပ်တရာတန်နှင့် ကျပ်ငါးဆယ်တန် ငွေစက္ကူများကို တရားဝင် သုံးစွဲခွင့် ပယ်ဖျက်ရန် ဆုံးဖြတ်ကြပါသည်။
ချက်ချင်းပင် ဒေါက်တာမောင်မောင်က အမိန့်ဥပဒေကို ရေးပြီး ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်ကို ကြေညာချက် ရေးစေပါသည်။ ည (၇) နာရီတွင်မှ ပြည်သူလူထုသို့ မြန်မာ့အသံမှ ကြေညာရန် ဗိုလ်မှူးကြီးစောမြင့် အား တာဝန်ပေးကာ ညနေ (၂) နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
ဗိုလ်မှူးကြီးစောမြင့်က အလျင်အမြန် အသံလွှင့်ရုံတွင် ရှိသော သူ၏ ရုံးခန်းသို့ ပြန်လေရာ (၂) နာရီ၊ (၃၀) မိနစ်ခန့် တွင် ပြန်ရောက်သည်။ ကြေညာချက်ကို သိမ်းထားပြီး သူ၏ စားပွဲမှာ ရှိသည့် သူပိုင် ရာတန်ငွေစက္ကူထုပ်ကြီးနှင့် အစိုးရပိုင်ငွေများမှ ရာတန်ငွေစက္ကူများကို ထုတ်ယူသည်။ ရုံးတွင်ရှိသော စစ်ဗိုလ်အရာရှိလေးဦးကို ရုံးခန်းတွင်းသို့ ခေါ်ယူပြီး “မင်းတို့လေးဦး ဟောဒီတရာတန် ငွေစက္ကူတွေနဲ့ ရနိုင်သမျှ ပစ္စည်းသွားဝယ်ပေးကြ။ ဘာတွေရရ ရသမျှ ၀ယ်ချင်ရာဝယ်ခဲ့ကြ။ ပြန်အမ်းတဲ့ ဆယ်တန်၊ ငါးကျပ်တန်တွေ ပြန်ယူခဲ့။ ဥပမာ ဆိုင်တဆိုင်မှာ ငါးကျပ်ဖိုးဝယ်လို့ (၉၅) ကျပ်ပြန်အမ်းလျှင် ပြန်ယူခဲ့၊ နောက်တဆိုင်မှာ နောက်ထပ် ရာတန်ကို သုံးကြပါ။ ပြန်အမ်းသမျှ တဆယ်တန်၊ ငါးကျပ်တန် စက္ကူတွေကိုသာ ပြန်ယူခဲ့” ဟု တိကျစွာ မှာကြားစေခိုင်းပါသည်။
စစ်ဗိုလ်လေးဦးလည်း ဘုမသိဘမသိနှင့် ဈေးဝယ်ထွက်ကြပါတော့သည်။ ကုန်မျိုးစုံ ၀ယ်ခဲ့နိုင်ပါသည်။ အဖိုးတန် ကုန်စည်များလည်း ပါပါသည်။ ပုဆိုးကြမ်း၊ ငှက်ပျောသီး … စသည့် ဆင်းရဲသားသုံးကုန်များလည်း ပါသည်။ အားလုံးတို့ကို ဆင်းရဲသားဆိုင်များမှ ၀ယ်ယူလာကြပြီး ပြန်အမ်းသည့် ဆယ်တန်၊ ငါးကျပ်တန်တွေကို ဗိုလ်မှူးကြီးအား ပြန်အပ်ကြရပါသည်။
ညနေ (၇) နာရီကျမှ ရာတန်၊ ငါးဆယ်တန်တွေကို တရားမ၀င်ကြောင်း ကြေညာလေသည်။ အရပ်သားအားလုံး အခြေပျက်ကြရသည်။ လူထုလက်ထဲတွင် လှည့်လည်သုံးစွဲသော ကျပ်ရာတန်နှင့် ငါးဆယ်တန်ငွေစက္ကူများ၏ တန်ဖိုးမှာ ကျပ် (၉၁၅.၈) သန်း ရှိသည်။ လူထုကြီးမှာ သန်းတထောင်နီးပါး ကျပ်ငွေစက္ကူ (၉၁၅) သန်းနှင့် (၈) သိန်း ဆုံးရှုံးရသည်။ မွဲကြရပါသည်။
ဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်အဖို့ ပြန်အမ်းငွေများကို အိတ်မှာ ပိုက်ပြီး ၀ယ်လာသော ပစ္စည်းများကို ပြန်ရောင်း ရသောကြောင့် အရှုံးမရှိ၊ အစိုးရပိုင်ရာတန်များနှင့် ၀ယ်ယူရရှိသော ကုန်များနှင့် ပြန်အမ်းငွေများကိုလည်း ခိုးယူပြီး တန်ဖိုးမရှိသော ရာတန်ငွေစက္ကူများကို တရွက်ငါးကျပ်နှုန်းနှင့် ၀ယ်ပြီး အစားထိုးစာရင်းပြသောကြောင့် များစွာ အမြတ်ပေါ်သေးသည်ဟု သိရပါသည်။
အမှုမှာ မျက်စိမှုန်သူ ဈေးသည်ထံ ငွေစက္ကူတုနှင့် ဈေးဝယ်သော လိမ်လည်မှုဖြစ်ပါသည်။ သူခိုးဓားပြများထက် နိမ့်ကျသော၊ ယုတ်မာသော ရာဇ၀တ်မှုဖြစ်ပါသည်။ အမှုကရှင်းလင်းပြီး တော်လှန်ရေးကောင်စီ ခေါင်းဆောင်ကြီး၊ မဆလ အစိုးရ၀န်ကြီး၊ ဗမာ့တပ်မတော် ဗိုလ်မှူးကြီး၊ စစ်ဗိုလ်ကြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အတွင်းရေးမှူးကြီးက ကျူးလွန်သည် ဖြစ်လေရာ သူ့အား သေဒဏ်ပေးသင့်သည့်တိုင် ရာဇ၀င်ရိုင်းသော အမှုဖြစ်ပါသည်။
သူ့ကို ထောင်ဒဏ်အပြစ်ပေးပြီး လအနည်းငယ်ကြာသောအခါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးပါသည်။ မဂ္ဂဇင်းထုတ်ဝေခွင့်နှင့် အစိုးရ ရာထူးတခုပေးပါသေးသည်။ အစိုးရအိမ်နှင့် အစိုးရကားကို စီးနင်းခွင့် စသော အခွင့် အရေးများ ပေးပါသည်။ စစ်ဗိုလ်တဦးအဖို့ မည်မျှယုတ်နိမ့်သော ရာဇ၀တ်မှု ကျူးလွန်သည်ဖြစ်စေ၊ အရပ်သားများ၏ ခေါင်းပေါ်မှာပင် အမြဲနေနိုင်ခွင့်ရှိသည့်စနစ် ဗိုလ်နေ၀င်းက ချမှတ်ထားပါသည်။
ဤမည်သော လူယုတ်မာ သူခိုးအနိမ့်စားကြီးအဖို့ န၀တ-နအဖ အစိုးရ တက်လာသောအခါ စစ်ဗိုလ်များသာ ပိုင်ဆိုင်ခွင့်ရှိသော ဦးပိုင်စီးပွားရေးလုပ်ငန်းကြီးတွင် အစုပိုင်ရှင်ကြီးအဖြစ် ကြွယ်ဝနေပြန်ပါသည်။
နအဖအစိုးရခေတ်တွင် သူ၏ သိက္ခာကို စစ်အစိုးရက မြှင့်တင်ပေးပြန်ပါသည်။ နိုင်ငံတော်အစိုးရ ဗုဒ္ဓသာသနာအဖွဲ့မှာ ဥပသကာခေါင်းဆောင်ခန့်ထားပြန်ပါသည်။ ။
No comments:
Post a Comment