Showing posts with label ၀ိပဿနာ. Show all posts
Showing posts with label ၀ိပဿနာ. Show all posts

Sunday, September 13, 2009

VZO မှာ တရားနာ


ကမ္ဘာအရပ်ရပ်ရှိ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ အစရှိသော တရားတော်များကို စိတ်ဝင်စားသော ဗုဒ္ဓဘာသာ ကလျာဏ အနွယ်ဝင် သူတော်စင်များသည် လန်ဒန်မြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာက လန်ဒန်စံတော်ချိန် ည ၇ နာရီခွဲမှ စတင်ကာ အပတ်စဉ်စနေနေ့တိုင်း ဟောကြားပေးနေသော ၀ိပဿနာတရားကို VZO မှတဆင့် နာယူနိုင်ပါသည်။
တရားနာမည့်ပုဂ္ဂိုလ်သည် VZO တွင် ID တခု ရှိရမည်ဖြစ်ပြီး မိမိကွန်ပြူတာတွင်လည်း VZO ကို အနည်းဆုံး ဗားရှင်း 6.2 အထက် install လုပ်ထားရမည်ဟု ဆိုသည်။ ထို့နောက် မိမိ VZO ၏ Address Book တွင် mogoktalk ကို add လုပ်ရမည်။ တရားပွဲ စီစဉ်သူများက မိမိအား သိရှိနိုင်ရန်အတွက် လန်ဒန် မိုးကုတ်ဝိပဿနာ ရိပ်သာသို့ ဖုန်းဖြင့် ဖြစ်စေ၊ အီးမေးလ်ပို့၍ ဖြစ်စေ မိမိ တရားနာ နာယူလိုကြောင်းနှင့် မိမိ နေထိုင်ရာအရပ်၊ အသက်အရွယ်၊ အမည်နာမ နှင့် VZO ID တို့ကို အကြောင်းကြားထားရန်လိုအပ်ပါသည်။ ဖုန်းနံပါတ်နှင့် ဆက်သွယ်ရန် အီးမေးလိပ်စာများကို လန်ဒန်မိုးကုတ်ရိပ်သာ၏ အင်တာနက် စာမျက်နှာ www.mogok.co.uk တွင် ရယူနိုင်ပါသည်။ သံသရာမှ လွတ်ကြောင်း တရားကောင်းကို အားထုတ်နိုင်သူများ ဖြစ်ကြပါစေ။ ။

Saturday, July 25, 2009

ဖားအောက်တရားစခန်း (ဂျာမနီ)

နွေရာသီတွင် ကျနော့် စက်ရုံသည် ထုံးစံအတိုင်း (၂) ပတ် ပိတ်ပါသည်။ အလုပ်သမားများကမူ အားလပ်ရက် (၃) ပတ်စီ နားကြရသည်။ ကျနော် ပထမတော့ တခြားလည်း ဘယ်မှ အထူးအထွေ သွားစရာ လာစရာမရှိသဖြင့် စက်ရုံပိတ်သည့် (၂) ပတ်ပဲ နားမည်ဟု စိတ်ကူးသေးသည်။ သုံးပတ်နားလေ့ရှိသော ဒိန်းမတ်များကမူ နွေရာသီအားလပ်ရက်များတွင် နိုင်ငံခြားသို့ခရီးသွားသူသွား၊ Summer house ခေါ် နွေရာသီအနားယူရန် သက်သက် ဆောက်ထားသည့် အိမ်များတွင် သွားရောက် အနားယူသူကယူ၊ မိမိကားနောက်တွင် camping ထွက်သည့် နောက်တွဲကို ဆွဲ၍ နေရာအနှံ့လျှောက်သွားသူကသွား၊ စသည်ဖြင့် အလုပ်များကြပေရော့မည်။
ကျနော်တို့မှာတော့ နိုင်ငံခြားလည်း ခရီးဝေးဝေး မသွားနိုင်၊ Summer house မှာ သွားနေရသည့် အရသာကိုလည်း ဘယ်လိုခံစားရမှန်းမသိ၊ camping နောက်တွဲရော၊ သူ့ကို ဆွဲသည့်ကားပါ မရှိသဖြင့် နွေရာသီအားလပ်ရက်သည် ဘာမှ သိပ်ထူးခြားလှသည်မရှိ။ ဟိုနားဒီနား ခရီးသွားဖို့ကျတော့လည်း ဘတ်ဂျက်ကို ကြည့်ရသေးသည်။
အိမ်မှာနေပြီးတော့ အလုပ်ပိတ်ရက်မှာ တနေကုန် တီဗီကြည့်၊ အင်တာနက်သုံး၊ ညဥ့်နက်မှ အိပ်ပြီး မနက်ကျ မထနိုင်၊ အချိန်တန်တော့ မနက်စာ၊ နေ့လည်စာ၊ ညစာတွေစား၊ လူက လှုပ်လှုပ်ရှားရှား သိပ်မရှိပဲ ကိုယ်အလေးချိန်တိုးပြီး အလုပ်လည်း ပြန်ဖွင့်ရော လေးလံထိုင်းမှိုင်းနေတာမျိုးလည်း မဖြစ်လိုပါ။
ထိုကဲ့သို့ မည်သို့လုပ်ရမည်မသိဖြစ်နေစဉ် ဂျာမနီမှာ တရားစခန်းဖွင့်နေသည့် ဖားအောက်ဆရာတော် အကြောင်း သတိရမိပြီး ဖရန့်ဖုကို လှမ်းဆက်သွယ်တော့ သက်ဆိုင်သည့် ဖုန်းနံပါတ်များနှင့် ၀က်ဘ်ဆိုက်လိပ်စာများကို ရလိုက်သည်။ သို့နှင့် တရားစခန်းဝင်မည်ဟု ဆုံးဖြတ်ကာ အလုပ်ကိုလည်း သုံးပတ်နားမည်ဟု အကြောင်းကြား လိုက်သည်။
ဂျာမနီတွင် တလဖွင့်ထားသည့် တရားစခန်းကို တတိယပတ်မှ စ၍၀င်ဖြစ်သည်။ တပတ်စာအတွက် စားစားရိတ်၊ နေစားရိတ် ယူရိုငွေ (၃၅၀) သတ်မှတ်ထားသော်လည်း ကျနော့်အား မြန်မာဖြစ်သည့်အတွက် စီစဉ်သူများက (၂၁၀) သာ ယူပါသည်။ တရားစခန်းစီစဉ်သူများမှာ ဖရန့်ဖု အခြေစိုက် ဗီယက်နမ်ဗုဒ္ဓဘာသာ အသင်းမှ ဖြစ်ကြသည်။ သူတို့သည် မြန်မာဆရာတော်ကြီးကို ပင့်ထားခြင်း၊ ဖရန့်ဖုတွင်နေထိုင်သူ မြန်မာများကလည်း တတပ်တအား ပါဝင်ကူညီလုပ်ဆောင်ပေးနေခြင်းကြောင့် ကျနော့်ကို ဈေးလျှော့ယူသည်ဟု ထင်ပါသည်။
တရားစခန်းကျင်းပရာ နေရာသို့ ဖရန့်ဖုမှာ လာလျှင် တောင်ဘက်ရှိ Weinheim ဘူတာသို့ ရထားစီးလာရပြီး ထိုဘူတာမှ ဘတ်စကား ထပ်စီးရပါသေးသည်။ ယခင်က ဟော်တယ်အဖြစ် ဆောက်လုပ်ခဲ့သော အဆောက်အဦးတခုကို ဗီယက်နမ်ဗုဒ္ဓဘာသာအသင်းက ၀ယ်ယူပြီး တရားစခန်းများ စတင်ဖွင့်လှစ်နေခြင်း ဖြစ်၏။ တရားထိုင်သူ ယောဂီငါးဆယ်ခန့် ရှိပြီး အများစုမှာ ဂျာမန်လူမျိုးများ ဖြစ်ကြသည်။
ဖားအောက်ဆရာတော်ကြီး တရားဟောသည့်အခါ အင်္ဂလိပ်လို ဟောပြီး အမျိုးသမီးယောဂီတဦးက ဂျာမန်ဘာသာ ပြန်ပေးပါသည်။ ယောဂီများကို သက်သတ်လွတ်အစားအစာများ ကျွေးမွေးပြီး တနေ့လျှင် လေးကြိမ် တရားထိုင်ရ ပါသည်။
ကျနော် ယခင်က တရားစခန်းဝင်ရာတွင် တရားပြဆရာတော်က နှာသီးဖျားတွင် ထိခိုက်ဝင်ထွက်နေသော ၀င်လေ ထွက်လေကို ပုံသေမှန်ရန် အားမပေးပါ။ ၀င်လေ၊ ထွက်လေ အပြင် ၀မ်းဗိုက်ပိန်မှု ဖောင်းမှု၊ ထိုင်မှုထိမှု၊ တွေးကြံသိမှု၊ အသံကြားခြင်း၊ နာကျင်ကိုက်ခဲခြင်းများမှ ထင်ရှားရာ အာရုံကို ပြောင်း၍ မှတ်ခိုင်းပါသည်။
ယခု ဖားအောက်ဆရာတော်ကြီးကမူ ထိုင်နေစဉ်ကာလရော ကျန်သည့်အချိန်များ၌တွင်ပါ အာနာပါနကိုသာ သင်ပေးသဖြင့် ကျနော်လည်း ယခင်နည်းကို စွန့်လွှတ်ပြီး နည်းသစ်ကို ပြောင်းမှတ်ပါသည်။
တရားစခန်းကာလအတွင်း ရှစ်ပါးသီလ ဥပုသ်စောင့်ခဲ့ခြင်း၊ ဘာဝနာ တရားပွားများနိုင်ခဲ့ခြင်းတို့အား ဘလော့ဂ် ဖတ်သူမိတ်ဆွေများကို အမျှပေးဝေအပ်ပါသည်။ အမျှ ရကြသည်ဖြစ်၍ သူတော်ကောင်းတရားကို အားထုတ်နိုင် သူများ ဖြစ်ကြပါစေ။
နောင်နှစ်နွေရာသီများတွင်လည်း ဂျာမဏီကဲ့သို့ ဥရောပနိုင်ငံများတွင် တရားစခန်းများရှိခဲ့ပါက ယခုထက်ပို၍ အချိန်ကြာကြာ တရားစခန်းဝင်ချင်ပါသေးသည်။ ။