Saturday, July 18, 2009

(၃၅) ရွှေနှင့်စက်ပြီး ၀ယ်ရတဲ့ စာအုပ် (ကြေးမုံဦးသောင်း)

“ကိုယ့်လူ အမေရိကန်စာပဒေသာ မဂ္ဂဇင်းဖတ်မလား” ဟု တဘက်ခန်းမှ မိတ်ဆွေက မေးသောအခါ တင်မောင်က ရယ်မောပြီး “မလှောင်ပါနဲ့ဗျာ” ဟု ပြန်ပြောမိပါသည်။
အမေရိကန်စာပဒေသာမဂ္ဂဇင်းတွင် ဘိန်းဘုရင်လော်စစ်ဟန်၏ အမှုကို ရန်ကုန်တွင် စစ်ဆေးကြောင်း ဆောင်းပါး ဖော်ပြရာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ အမည်ကို တနေရာမှာ ဖော်ပြထားပါသည်။ ဗိုလ်ချုပ်ကြီးက ဆတ်ဆတ်ခါ စိတ်ဆိုးသည်ဟု သတင်းရပြီးနောက် ဗဟုသူတစာပေဖြစ်သော အမေရိကန်စာပေမဂ္ဂဇင်းကို ဖောက်ပြန်သည့် အရင်းရှင်စာပေဟု သမုတ်ပြီး ပိတ်ထားသည်မှာ ကြာပြီဖြစ်ပါသည်။ ရန်ကုန်မြို့ထဲတွင် ၀ယ်မရနိုင်သော မဂ္ဂဇင်းကို ထောင်ထဲမှာ ရရှိဖို့က မဖြစ်နိုင်ပါဟု ထိုမိတ်ဆွေကို ပြောမိသည်။
သူက တင်မောင်၏ လက်ကိုဆွဲပြီး အဆောင်တွင်ရှိသော ထောင်ကျများ၏ သိုလှောင်ခန်းသို့ ခေါ်ကာ ပြသသည်။ သံတိုင်ကြားမှ လှမ်းကြည့်သောအခါ စားပွဲတခုပေါ်တွင် ဆေးရောင်စုံ ၀င်းလက်နေသည့် မဂ္ဂဇင်းကို မြင်ရသည်။ အဖမ်းခံထိသူ နိုင်ငံခြားခရီးသည်တဦး၏ ပစ္စည်းဟု ယူဆရသည်။ မည်သူ၏ ပစ္စည်းဖြစ်စေကာမူ တင်မောင်တို့ စာပေထောင်ကျများအဖို့ ယင်းစာအုပ်ကို လက်မလွတ်နိုင်။ ထိုစာအုပ်ကို ဖတ်ချင်လွန်းသဖြင့် သံတိုင်ကြားမှ မျှော်ကြည့်ပြီး ရူးမိကြတော့သည်။
ထောင်ထဲတွင် ဖတ်ချင်သည့်စာကို ဖတ်ခွင့်မပြုပါ။ ဘာသာရေးစာအုပ်များကိုသာ အိမ်မှ ပို့ခွင့်ရပါသည်။ တင်မောင် အဖို့ ပေးသည့်အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ရအောင်ယူပြီး သမ္မာကျမ်းစာ၊ ကိုရမ်ကျမ်းစာနှင့် ပိဋကတ်သုံး ပုံတစုံကို မှာယူပြီး ကြေညက်အောင် ဖတ်ခဲ့သည်။ မိမိအား ထောင်ပို့သူ ဦးနေ၀င်းအား ဤအချက်အတွက် နှစ်နှစ် ကာကာ ကျေးဇူးတင်မိပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တဦးဘ၀မှ ကျွတ်လွတ်ပြီး ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိရှိနားလည်သူ ဖြစ်လာခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင် လူကောင်းတဦးဖြစ်လာပြီး ကျမ်းတစောင် ပြုစုနိုင်ခဲ့ပါသည်။ တံခါးပိတ်ပြီး ညှဉ်းဆဲထားသောကြောင့် ရတောင့်ရခဲသော အခွင့်အရေးကို ရရှိသဖြင့် ကျေးဇူးကြီးလှပါသည်။
အမေရိကန်စာပဒေသာမဂ္ဂဇင်းကို မြင်ရသဖြင့် စာကြမ်းပိုး တစုတို့မှာ ဖတ်ချင်သည်မှာ တပိုင်းသေဖြစ်လာပါသည်။ ရနိုင်သောနည်းနှင့် ရယူရန် ကြိုးစားရတော့သည်။ ထောင်ကြပ်ဘချောကိုပင် ဆလံပေးရပါသည်။ ထောင်ထဲ၌ သမရိုးကျ ထောင်ကြပ်များအပြင် စစ်စုံထောက်တပ်က ခန့်ထားသည့် စစ်ထောင်ကြပ်တွေလည်း ရှိသည်။ စစ်တပ်မှ လာသူ ဘချောက အကျဉ်းသားများကို နိုင်ပေါက်တွေ့တိုင်း ညှဉ်းဆဲသည်။ သို့သော် အထက်ကမသိလျှင် ရဲဝံ့စွာ လာဘ်စားသူ ဖြစ်သည်။ တခါက သူ့ထံမှ မင်အိုးတလုံးကို အမေရိကန်မြားတံဆိပ် နိုင်လွန်ရှပ်အင်္ကျီတထည်နှင့် ၀ယ်ယူရရှိခဲ့ဖူးသောကြောင့် သူ့ကို ချည်းကပ်ရသည်။ သူက စာရေးသူအား စောင်းငန်းစောင်းငန်း ကြည့်ပြီးလျှင် “ခင်ဗျားကြီးမှာ ဘာတခုမှ မရှိဘဲနဲ့” ဟု လှောင်သည်။ သူက မဂ္ဂဇင်းကို ခိုးပြီးမပေးဘူး။ မရောင်းဘူးဟု အပြတ် ငြင်းလေသဖြင့် အဖိုးတန်ပစ္စည်း တခုခုရှိလျှင် ၀ယ်ယူရနိုင်မည်ဟု သိလိုက်သည်။
ဤတွင် စာပေထောင်ကျအားလုံး စည်းဝေးကြရပြန်ပါသည်။ မည်သူ့ထံမှာမှ အဖိုးတန်ပစ္စည်း မရှိကြပါ။ အိမ်က ပါလာသည့် အဖိုးတန်ပစ္စည်းမှန်သမျှ ထောင်က သိမ်းထားသည်။ အိမ်က ပို့သမျှ ငွေကိုလည်း ထောင်ကပဲ လက်ခံပြီး ဆေးလိပ်၊ သွားတိုက်ဆေး စသည်တို့ ၀ယ်ပေးသည်။ ငွေမကိုင်ကြရပါ။ မဂ္ဂဇင်းဝယ်ရန် အခက်အခဲ တွေ့နေကြရသည်။
ကံအားလျော်စွာ ရန်ပွဲတခုကို တင်မောင်က ၀င်ရောက်ဖျန်ဖြေမိခဲ့ပါသည်။ စစ်အစိုးရက သူဌေးသူကြွယ်အများကို ဖမ်းဆီးပါသည်။ ရည်ရွယ်ချက်မှာ ကျောက်သံပတ္တမြား၊ ရွှေ၊ ငွေ၊ မြေ၊ အိမ်၊ တိုက်တာများကို စစ်ဗိုလ်များက အချောင်သိမ်းယူရန် ဖြစ်ပါသည်။ တင်မောင်တို့ အဆောင်တွင် မဒါးဆပ်ပြာစက် သူဌေးကြီး၏သား မဒါးညီနောင် ရှိပါသည်။ မိုးကုတ်မှ ကျောက်သူဌေး ဦးမြမောင်လည်း ရှိသည်။ ဦးမြမောင်သည် များစွာ အေးဆေးသူ ဖြစ်သည်။ စာရေးသူနှင့်တကွ ရင်းနှီးသူ အနည်းငယ်ကိုသာ စကားပြောသည်။ ထောင်တွင်းစကားဝိုင်းများ၊ ငြင်းခုံပွဲများကို ရှောင်လေ့ရှိသည်။
မဒါးညီအစ်ကိုကမူ ပြဿနာအမျိုးမျိုး ဖော်ထုတ်လေ့ရှိသည်။ သူတို့က ပြဿနာများလျှင် လွှတ်ပေးမည်ဟု ထင်ရှာဟန် တူပါသည်။ အများသောက်သော သောက်ရေအိုးက ရေနှင့် ခြေဆေးသဖြင့် မခံချင်သူများနှင့် ရန်ဖြစ်ကြရသည်။ ပြဿနာမှာ ညီအစ်ကိုနှစ်ယောက်စလုံးက လူငယ်ငယ် တောင့်တောင့်များကို ပလူးပလဲ လုပ်လေ့ရှိသည်။ ကုတင်ချင်း ကပ်နေရသူ ဦးမြမောင်က မြင်သမျှကို မျက်စိရှက်သည်။ မျက်စိရှုပ်သည်။ ဦးမြမောင် က နဂိုကမှ မတရား အဖမ်းခံထားရ၍ စိတ်တိုနေသူဖြစ်သဖြင့် တနေ့တွင် ညီမဒါးကို ဆွဲထိုးမိရှာတော့သည်။
ထောင်ထဲ၌ ရန်ပွဲတွေ့လျှင် ၀င်ပြီး မဖျန်လေနှင့်ဟု ဆောင်ပုဒ်ရှိပါသည်။ အာဏာပိုင်များက အရေးယူလျှင် ဖျန်ဖြေသည့်သူကိုပါ အပြစ်ပေးလေ့ရှိသည်။ ဦးမြမောင်ရော ညီမဒါးနှင့်ပါ ရင်းနှီးလေသဖြင့် လက်လွန်ခြေလွန် မဖြစ်စေရန် တင်မောင်က ၀င်ပြီး ဖျန်ဖြေမိပါသည်။ ဦးမြမောင်မှာ တိုက်ပိတ်ခံရရှာပြီး ညီမဒါးက သွားနှစ်ချောင်း ကျိုးရှာပါသည်။ တင်မောင်က ၀င်မကယ်လျှင် ညီမဒါးလည်း သေနိုင်သောကြောင့် ဦးမြမောင်အဖို့ အမှုကြီး နိုင်ပါသည်။
ကျိုးသွားသည့် သွားနှစ်ချောင်းအနက် တချောင်းမှာ ရွှေထူထူ ကွပ်ထားသော ရွှေသွားကလေး ဖြစ်ပါသည်။ တင်မောင်သည် သူ၏အသက်ကို ကယ်သည့် ကျေးဇူးရှင်ဖြစ်ပါသည်။ “ရွှေသွားကလေးကို ငါ့ကို လှူပါလားကွာ၊ မင်းပါးစပ်မှာ နောက်ထပ် ရွှေသွားငါးချောင်းတောင် ရှိပါသေးတယ်” ဟု ချော့ပြီး အလှူခံခဲ့ပါသည်။ သန်းကြွယ် သူဌေးသားထံက ရွှေသွားကို အခမဲ့ ရရှိရန်မှာ မလွယ်ပါပေ။ ညီအစ်ကို နှစ်ယောက်လုံးက များစွာ စေးနှဲကြပါသည်။ တင်မောင်အား ကျေးဇူးတင်လှပါသည်ဟု ဆိုပြီး လွန်ခဲ့သော (၄) လက အစ်ပွဲအတွက် သူတို့ အိမ်က ပို့သည့် အချိုမုန့်တဖဲ့ကိုသာ ကန်တော့ပါသည်။ ရွှေသွားကလေးကိုမူ သူ၏ အင်္ကျီ၏ ထောင့်တွင် ကျစ်ကျစ် ပါအောင် ထုံးပြီး သိမ်းထားသည်ကို တွေ့ရပါသည်။
ဤတွင် တင်မောင်တို့ လူစုအစည်းအဝေး ကျင်းပကြရပြန်ပါသည်။ စာပဒေသာမဂ္ဂဇင်း ဖတ်ချင်ကြသဖြင့် ညီမဒါး ထံမှ ရွှေသွားကို ဖြစ်နိုင်သည့်နည်းနှင့် ရအောင်ယူကြရမည်ဟု ဆုံးဖြတ်ကြပါ၏။ ချောင်တွင်ပိတ်ပြီး သူ၏မျက်နှာ ကို အ၀တ်အုပ်ပြီး လုကြရန် အဆိုတင်သူရှိပါသည်။ တင်မောင်တို့တတွေသည် အကြမ်းသမားများမဟုတ်သဖြင့် ချက်ချင်းပယ်ချကြသည်။
“ဟေ့ မောင်မောင်ဝင်း၊ တလောက ညီမဒါးက မင့်ကျောကို ပုတ်ပြီး ချိုချဉ်ပေးတာ မြင်လိုက်တယ်” ဟု အထောက်တော် ကိုလှအောင်က တင်ပြသောအခါ လူငယ်ကဗျာဆရာ မောင်မောင်ဝင်းက မျက်နှာပျက်သွားပြီး “ကျနော်က ဒီကောင်ကို ရွံတာကြောင့် အကိုတို့ရှေ့မှာပဲ ချိုချဉ်ကို လွှင့်ပစ်လိုက်ပါတယ်” ဟု ဖြေရှာ၏။
ထိုအခါ တင်မောင်က လူကြီးအဖြစ် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်ပါသည်။ “မောင်မောင်ဝင်း၊ မင်း … ညီမဒါးကို ချည်းကပ်ရမယ်။ သူ့ဆီက ရွှေသွားတချောင်းကို ရအောင်ယူခဲ့ရမယ်။ မင်းက ဘယ်လိုနည်းနဲ့ ရအောင် ယူတယ်ဆိုတာ တို့များက မေးမည်မဟုတ်” ဟု ပြတ်သွားစွာ အမိန့်ပေးလိုက်ပါသည်။
မည်သို့မည်ပုံ ချော့ခဲ့သည်မသိလိုသဖြင့် မမေးမိပါ။ တပတ်ကြာသောအခါ ရွှေသွားရလာပါသည်။ ထောင်ကြပ် ကိုဘချောက စာအုပ်ကို ခိုးယူလာပြီး ရွှေသွားနှင့် ရောင်းပါသည်။ ရွှေနှင့်စက်ပြီး ၀ယ်ရသည့် စာအုပ်ပါပေ။
စာအုပ်တန်ဖိုးက ကြီးမားသည်နှင့်အမျှ စာတန်ဖိုးကလည်း ကြီးမြင့်ပေသည်။ တောင်အမေရိကန် အာဏာရှင် နိုင်ငံတခုမှ ကချေသည်မကလေးတဦး၏အကြောင်း ဆောင်းပါးကို စာအုပ်တွင် ဖတ်ကြရသည်။ သူမ၏ဖခင်သည် အာဏာရှင်အစိုးရ၏ ဖိနှိပ်မှုကို ခံရသောကြောင့် နောက်ဆုံးတွင် “ဒင်းတို့ကိုမနိုင်လျှင် သူတို့နဲ့ ပေါင်းလိုက်ပေါ့” ဟူသည့် လမ်းစဉ်နှင့် အနိုင်ယူသည်ဟု စာပိုဒ်တခုကို တွေ့ရသည်။ ထိုကြောင့် တင်မောင်တို့အစု စဉ်းစားကြရပြန် သည်။ တင်မောင်တို့တတွေသည် စစ်ဝါဒီကို မကြိုက်သည်မှာ အမှန်ဖြစ်သည်။ သို့ပေမယ့် သတင်းစာဆရာ၊ စာရေးဆရာတို့အဖို့ ဓမ္မကထိကများသာ ဖြစ်ကြသည်။ တရားဟောရန် ပလ္လင်မရှိလျှင် မည်သို့မှ မတတ်နိုင်။ စစ်အစိုးရကိုလည်း ထောင်တွင်းရှိ မိမိတို့အစုကလေးက အနိုင်မတိုက်နိုင်သေးဟူသည့် ဘ၀အခြေအနေမှန် တွေ့ကြပါသည်။ အများသဘောတူ မဆလပါတီထဲကို ပါဝင်ခွင့်လျှောက်လွှာ လက်မှတ်ထိုးမိကြသည်။ လွှတ်ပေးပါခင်ဗျားဟုလည်း အသနားခံစာ တင်ကြမိသည်။
ထောင်ထဲရှိသော ကွန်မြူနစ်များက တင်မောင်တို့လူစုကို အချောင်သမားတွေဟု သမုတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြသည်။ နိုင်ငံရေးသမားမဟုတ်သဖြင့် တင်မောင်တို့က မမှုပါ။ မိမိတို့ မှန်သည်ထင်ရာ လုပ်နိုင်ကြသည်မို့ “ပြောချင်သလို ပြောကြပါစေပေါ့” ဟု လျစ်လျူရှုခဲ့သည်။
နောက်ပိုင်း တင်မောင်တို့အား လွှတ်ပေးသည့်အခါတွင် တင်မောင်အဖို့ ဆောင်းပါးရေးခွင့် ရရှိသည်။ ဦးညိုမြကို အိုးဝေဂျာနယ်၊ ကိုလှအောင်ကို သတင်းဂျာနယ်၊ ကိုခင်မောင်ရီကို ဖြူနီညိုပြာမဂ္ဂဇင်း၊ သခင်လွင်ကို ရှုဒေါင့်ဂျာနယ် ထုတ်ခွင့်ပေးခဲ့သည်။ ပြည်သူပိုင်စာနယ်ဇင်းခေတ်တွင် ထောင်ပြန်များ၏ ခေတ်ငယ်တခု ထူထောင်နိုင်ခဲ့ကြသည်။ စစ်အစိုးရက အခိုက်အတန့်အားဖြင့် တရုတ်ပြည်က မော်စီတုန်း၏ ‘ပန်းတိုင်းပွင့်ပါစေ’ နိုင်ငံရေးလမ်းစဉ်ကို ကျင့်သုံးလေသဖြင့် တင်မောင်တို့ ထောင်ပြန်တစုအဖို့ အသင့်အတင့် လွတ်လပ်စွာ ရေးသားနိုင်ခဲ့ပါသည်။
သို့တစေလည်း စစ်တပ်ခေတ်တွင် အမြဲထာဝရ ပန်းပွင့်ရန်မှာ မလွယ်ပါ။ (၂) နှစ်ခန့် ကြာသောအခါတွင် ပွင့်လန်းသော ပန်းများတို့ ညှိုးရပြန်ပါလေသည်။ ။

1 comment:

Thet Oo said...

အမေရိကန်စာပေမဂ္ဂဇင်း ဆိုတာ ဘယ်မဂ္ဂဇင်းကို ဆိုလိုပါသလဲ။ ကျနော်ကတော့ ရီးဒါးစ်ဒိုင်ဂျက် ဟု ထင်ပါသည်။ သိသူများ ပြောကြားပေးပါ ခင်ဗျား။