Sunday, November 30, 2008

ဘီယာလှည်း

ပြီးခဲ့တဲ့ သြဂုတ်လထဲ ကျနော် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ထဲ လှည့်ပတ်ကြည့်နေတုံး လူတွေကြားထဲ လှည်းကြီးတစီး မောင်းဝင်လာတာကို တွေ့တာနဲ့ လက်ထဲက ဗီဒီယိုကင်မရာနဲ့ ရိုက်ယူထားလိုက် ပါတယ်။ လှည်းရွေ့လျားဖို့အတွက် ထိုင်နေသူတွေက စက်ဘီးနင်းသလို နင်းနေကြပြီး လှည်းမှာ လည်း Bier Bike လို့ ဂျာမန်လို ရေးထားတော့ ကျနော့်စိတ်ထဲမယ် ဒါ… ဘီယာကုမ္မဏီတခုက အရောင်းမြှင့်တင်ရေး အတွက် စတန့်ထွင် ကြော်ငြာတာလို့ပဲ ထင်မိခဲ့ပါတယ်။
ပြီးခဲ့တဲ့ လထဲ အာအက်ဖ်အေက ဦးခင်မောင်စိုးတယောက် ဆရာဦးဝင်းတင်ဆုရတဲ့ပွဲ သတင်းယူဖို့ ဂျာမနီကို ရောက်လာရင်း ကိုလုံးမြို့ကို ရောက်တော့ သူလည်း ကျနော့်လိုပဲ ဘီယာလှည်းကို တွေ့ပါတယ်တဲ့။ အဲဒီအကြောင်းကို အာအက်ဖ်အေမှာ အသံလွှင့်တာ ကျနော် နားထောင်တော့မှ ကိုလုံးမြို့မှာနေတဲ့ ကိုအောင်သန်းဦး ရှင်းပြပုံအရ ကျနော်ထင်တာနဲ့ လွှဲနေတယ်ဆိုတာ သိရပါတယ်။ သူပြောတာက ဘီယာကုမ္မဏီက ကြော်ငြာတာမဟုတ် လူငယ်တွေ ဘီယာကို ဆိုင်မှာ ထိုင်သောက်တာထက် တခါတလေမှာ အသစ်အဆန်းဖြစ်အောင် လှည်းငှားပြီး လှည်းပေါ်မှာစက်ဘီးနင်းသလို နင်းပြီး ဘီယာသောက်ကြတာပါတဲ့။
ကဲ.. ဘယ်သူတွေ ပွဲခံပြီး ဘီယာကို လှည်းနဲ့ လိုက်သောက်နေသလဲဆိုတာကြည့်ရအောင် youtube မှာ တင်ထားပေးပါတယ် ခင်ဗျာ…

Saturday, November 22, 2008

(၁၅) ကြေးမုံနှင့် စစ်တပ်တို့ ထိပ်တိုက်တွေ့ကြခြင်း (ကြေးမုံဦးသောင်း)

၁၉၄၈ ခု၊ မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစဉ် ကာလက စစ်တပ်၏ အင်အားမှာ မြန်မာ၊ ကရင်၊ ချင်း၊ ကချင် တပ်ရင်း (၁၅) ခုနှင့် စစ်ရဲတပ်ရင်း (၁၅) ခုသာ ရှိလေသည်။ နောက် (၁၀) နှစ်ကြာကာလတွင် စစ်တပ်အင်အား သည် များစွာ ကြီးမားလာပြီး နိုင်ငံ၏ အသုံးစရိတ် အစုစု၏ လေးပုံတပုံကို စစ်စရိတ်တွင် သုံးကြရတော့သည်။
၁၉၄၉ ခုနှစ်က သူပုန်အမျိုးမျိုးတို့၏ အင်အားမှာ (၄၅၅၀၀) ရှိသည်ဟု စာရင်းရှိသည်။ စစ်တပ်နှင့် နှိမ်နင်းခြင်း၊ စေ့စပ်ဆွေးနွေးခြင်း၊ စေ့စပ်ဆွေးနွေးပြီး လက်နက်ချစေခြင်းတို့ကြောင့် ၁၉၅၈ ခုနှစ်တွင် သူပုန်အင်အား (၇၅၀၀) သာကျန်တော့သည်။ သို့သော်ငြားလည်း စစ်စရိတ်ကမူ လျှော့မသွားဘဲ တိုးလာလေသည်။ အစိုးရ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း ဘတ်ဂျက်တွင် ငြိမ်ဝပ်ပိပြားရေးစရိတ် (၅၂) ရာနှုန်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေးအတွက် (၂၃) ရာနှုန်းသုံးပြီး စီးပွားရေးအတွက် (၂၅) ရာနှုန်း သုံးခဲ့ရလေသည်။ ထိုအထဲတွင် စစ်တပ်က ကာကွယ်ရေးစရိတ်အပြင် စီးပွားရေးစရိတ်ထဲတွင် ၀င်နှိုက်ပြန်လေသည်။
ပြည်တွင်း စစ်ဦးကာလက တပ်မတော် သက်သာချောင်ချိရေးအဖွဲ့ကို ၀န်ကြီးချုပ်ကတော် ဒေါ်မြရီက ဦးစီးပြီး ဖွဲ့စည်းလေသည်။ တိုက်ပွဲစစ်မျက်နှာများသို့ သွားကာ ထမင်းထုပ်၊ မုန့်၊ ငှက်ပျော၊ သရေစာများ စသည်တို့နှင့် တပ်မတော်သားတို့ကို ပြုစုခဲ့ရာမှ အဖွဲ့ကို စစ်ဗိုလ်များ ပါဝင်လာကာ တိုးချဲ့လေတော့သည်။ စောစောကာလတွင် တပ်မတော်အရာရှိများအတွက် နိုင်ငံခြားမှ ကုန်စည်များ တင်သွင်းပြီး ဈေးချိုသာစွာ ရောင်းချသည်။ ၁၉၅၁ ခုတွင် ရဲဘော်စစ်သားများအတွက် ငါးပိ၊ ငါးခြောက်ရောင်းသည်အထိ တိုးချဲ့ ပြီး စီးပွားရေးလုပ်ငန်း အမျိုးမျိုး တို့ကို ချဲ့ ထွင်လုပ်ကိုင်ခဲ့ကြလေသည်။
၁၉၅၈ ခုနှစ် စစ်တပ် အိမ်စောင့်အစိုးရခေတ်တွင်မူ မြန်မာကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားပြီး တပ်မတော် သက်သာချောင်ချိရေးအဖွဲ့ကို အင်အားကြီးမားသော စီးပွားရေးလုပ်ငန်းကြီး အဖြစ် တိုးချဲ့ တော့သည်။ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ရေး ကော်ပိုရေးရှင်း BEDC အမည်နှင့် စီးပွားကုန်သွယ်မှု လုပ်ငန်းရှင်ကြီး ဖြစ်လာလေတော့သည်။
စစ်တပ်က စီးပွားရေးလောက ၀င်ရောက်လာရာတွင် ခေါင်းပုံဖြတ်စနစ်ကို အသုံးပြုသည်။ ဥပမာ မြန်မာနိုင်ငံ မီးရထားဌာနနှင့် ပြည်တွင်းရေကြောင်းဌာနအတွက် ကျောက်မီးသွေး နှစ်စဉ် တန်ချိန် (၃)သန်းခန့်ကို အိန္ဒိယက ၀ယ်ယူတင်သွင်းရာ၌ အစဉ်အဆက်က ဟဲလ်ဂါကုမ္ပဏီအမည်ရှိသည့် ဂျူးကုမ္ပဏီကတဆင့် အစိုးရက ၀ယ်ခဲ့သည်။ အိမ်စောင့်စစ်အစိုးရခေတ်တွင် စစ်တပ်က မီးသွေးကုမ္ပဏီအသစ် တည်ထောင်ပြီး သူတို့ကုမ္ပဏီ ကသာ ၀ယ်ယူစေသည်။ နိုင်ငံခြားသားကို ဖယ်ရှားပြီး စစ်တပ်က သွင်းကုန်ုလုပ်ငန်းကို ၀င်ရောက်လုပ်ကိုင် သည်မဟုတ်၊ မူလက ဂျူးတွေကိုပင် အိန္ဒိယမှ ကျောက်မီးသွေးများ တင်သွင်းရောင်းချစေပြီး စစ်တပ်က လုပ်ငန်းတွင် လက်ဖျားနှင့်မှ မတို့ဘဲ ကုမ္ပဏီအမည်သစ်ကို အသုံးပြုကာ ပွဲခယူသည်။ ခေါင်းပုံဖြတ်သည်။ အလားတူပင် ဆောက်လုပ်ရေးကုမ္ပဏီဖွဲ့ပြီး အစိုးရလုပ်ငန်းများ ကန်ထရိုက်နှင့် စစ်တပ်ကန်ထရိုက်လုပ်ငန်းများ ကို လွှဲပြောင်းလုပ်ကိုင်သည်။ အလားတူပင် ဆောက်လုပ်ရေးကုမ္ပဏီဖွဲ့ပြီး အစိုးရလုပ်ငန်းများ ကန်ထရိုက်နှင့် စစ်တပ်ကန်ထရိုက်လုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်သည်။ လုပ်ငန်းတွင် စစ်ဗိုလ်ကြီး ၀င်ရောက်လုပ်ကိုင်ခြင်း မပြုဘဲ မူလကန်ထရိုက်များကို ခိုင်းစားပြီး ပွဲခခေါင်းပုံဖြတ်၏။ ထိုစနစ်အရ အစိုးရအဖို့ ကုန်ဝယ်ရာ ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ရာတွင် တကယ်လုပ်သူတွေအတွက် အမြတ်အစွန်းအပြင် BEDC အတွက် ခေါင်းပုံဖြတ် စရိတ်ပါ ပေးရသဖြင့် အရပ်သားအခွန်ထမ်း လူထုမှာ များစွာနစ်နာရသည်။
စစ်ဗိုလ်ကြီးများကမူ စစ်တပ်က တပ်မတော်သက်သာချောင်ချိရေးအတွက် စီးပွားရေး လုပ်ကိုင်ရာ၌ သူတို့တတွေ တော်လွန်းသောကြောင့် ငွေတွေ မြတ်လှပြီဟု ကျေနပ်ပြီး လုပ်ငန်းအများကို တိုးချဲ့ ကြလေတော့ သည်။ စီးပွားရေးလုပ်ငန်းကြီး (၁၂)ခု ကို တည်ထောင်သည်။ ဘဏ်တိုက်ကြီးတခုနှင့် ပင်လယ်ရေကြောင်း လုပ်ငန်းအထိ တိုးချဲ့ လုပ်ကိုင်သည်။
သူတို့လုပ်ငန်းအတွက် အစိုးရက ငွေပင်ငွေရင်း ၁၂၀၀၀၀၀ (တသန်းနှစ်သိန်း) ထုတ်ပေးရသည်။ ထိုခေတ်က တသန်းတန်ဖိုးသည် န၀တခေတ် ကျပ်ကုဋေများစွာ တန်ဖိုးရှိသည်။ ထို့ပြင် နှစ်စဉ် သွင်းကုန်လိုင်စင် ကျပ်သုံးသန်းဖိုး ထုတ်ပေးရသေးသည်။ သွင်းကုန်လိုင်စင်ခေတ်က ပုဂ္ဂလိကကုန်သည်များ သွင်းကုန်လိုင်စင် ရလျှင် အဆတရာအထိ မြတ်နိုင်ရာ၌ သူတို့အဖို့ အကောက်တော်ခွန်၊ ရောင်းဝယ်ခွန်စသော အစိုးရ အခွန်တော်များ ကင်းလွတ်ခွင့်ရပြန်သေးသဖြင့် ကျပ်ကုဋေ (၃၀၀) အထိ မြတ်နိုင်သည်။ ယနေ့ န၀တငွေတန် ဖိုးအရ ကုဋေသန်းသုံးထောင်ခန့် ရှိနိုင်သည်။
စစ်တပ်ပိုင် ဘဏ်ရှိလာပြီဖြစ်သည့်အတွက် စစ်ဗိုလ်ကြီးတိုင်း လူတကိုယ် တိုက်ဆယ်လုံးပိုင်အောင် အမြတ်ထုတ် ကြတော့သည်။ အိမ်စောင့်အစိုးရခေတ်က တရားမ၀င်ဟုဆိုကာ ဖျက်ခဲ့သော တဲအိမ်ပေါင်း (၁၆၇၀၀၀) တို့မှ နေရာကောင်းမှန်သမျှ စစ်ဗိုလ်ကြီးများက တရားဝင် ရယူကြသည်။ အစိုးရထံမှ ဂရန်လျှောက် ကာ ရယူကြသည်။ မြေကွက်ဂရန်ရရှိသူ စစ်ဗိုလ်က စစ်တပ်ပိုင် အင်းဝဘဏ်တိုက်မှာ မြေကွက်ကို ပေါင်နှံပြီး၊ ငွေချေးပြီး တိုက်ဆောက်သည်။ တိုက်ပြီးသည်နှင့် BEDC လုပ်ငန်းများအတွက် ပြည်ပမှ ငှားရမ်းခေါ်ယူသော နိုင်ငံခြားသားများကို အိမ်ငှားချသည်။ မြေကွက်အလွတ်တွေရှာပြီး အိမ်စောင့်အစိုးရ အာဏာကို အသုံးပြုကာ ဂရန်ရယူပြီးသည်နှင့် မိမိအိတ်ထဲမှ ပိုက်ဆံတပြားမှ မထုတ်ရဘဲ တိုက်ရှင်များ ဖြစ်လာနိုင်လေရာ စစ်ဗိုလ်ကြီး များသည် တိုက်တလုံးမျှနှင့် မတင်းတိမ်နိုင်ကြတော့ဘဲ လေးငါးဆယ်လုံး အပိုင်ယူကြတော့သည်။ စစ်ဗိုလ် တိုက်များ ပါရမီရပ်ကွက်မှ စတင်တည်ထောင်သည်။
ကမ္ဘာအေးလမ်းပေါ်တွင် ထင်ရှားကြီးကျယ်သော ချင်းချောင်းစစ်ဗိုလ်တို့ ရိပ်သာကြီးသည် ဆင်းရဲသားတဲများကို မြေတူးစက်ကြီးများနှင့် ဖြိုဖျက်ပြီး ဂရန်ရယူကာ စစ်တပ်ဘက်ငွေများနှင့် ဆောက်ထားကြသည့် တိုက်ကြီးများ ဖြစ်ကြသည်။ ၀န်ကြီးချုပ်ဟောင်းဦးနုက အိမ်စောင့်စစ်အစိုးရအား စတင်ဝေဖန်သော မိန့်ခွန်းတွင် “ဆင်းရဲသား များ ဒူးနှင့်မျက်ရည်သုတ်နေရသည်” ဟု ပြောခဲ့သည်မှာ ချင်းချောင်းခြံဖျက်စဉ်က သတင်းကို ရည်ညွှန်းပြောခဲ့ သည်။ ထိုစဉ်က ကြေးမုံသတင်းစာတွင် ထမင်းစားနေခိုက် တဲဖျက်ခံရသော မိသားစု၏ ထမင်းဟင်း ပန်းကန်လေးများ မြေပုံပေါ်၌ ပစ်ထားသည်ကို ပေါ်လွင်အောင် ပြသသည့် သတင်းဓာတ်ပုံကို ဖော်ပြနိုင်ခဲ့သည်။
ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင်က အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်ဖြစ်သည့် အချိန်တွင် သားသမီးများအတွက် မြေကွက်များ ဂရန်ရယူပြီး သားသမီးတဦးတိုင်းအတွက် တိုက်တလုံးစီဆောက်ကာ သံရုံးများကို ငှားစားသည်။ ထို့ကြောင့် တိုက်အိမ်များသည် စစ်ဗိုလ်တိုင်း ရပိုင်ခွင့်ရှိသော အခွင့်အရေးဖြစ်လာသည်။ ဗိုလ်မှူးကြီးတင်ဖေ ကဲ့သို့ အပြစ်နှင့် ရာထူးထုတ်ခံရသူပင် မြို့လယ်မှ အကောင်းဆုံး မြေကွက်ကို ပေးခဲ့သည်။
ကြေးမုံအဖို့ အမေရိကန်က ခေတ်မီပုံနှိပ်စက်ကြီး ၀ယ်ယူတင်သွင်းစဉ်က အခြားဘဏ်များမှ ငွေမချေးကြ၍ အခက်ကြုံခိုက် အင်းဝဘဏ်တိုက်မှ ငွေချေးသောကြောင့် ကျေးဇူးရှင်ဟု ဆိုနိုင်ပေသည်။ မည်သို့ပင် ကျေးဇူးရှင်ကြီးစေကာမူ တပ်မတော် သက်သာချောင်ချိရေး အမည်ကို အသုံးပြုပြီး အရပ်သားအခွန်ထမ်းများ၏ အခွန်တော်ကို ငွေရင်းအဖြစ် သုံးစွဲကာ အရပ်သားတို့၏ စီးပွားရေးလုပ်ငန်းခွင်ကို ၀င်လုသည်ကို လက်မခံနိုင် ဘဲ စိတ်မချမ်းမသာ ဖြစ်ရသည်။ ထို့ပြင် သူတို့က အကောက်တော်ခွန်၊ ရောင်းဝယ်ခွန်နှင့် အခြားခွန်တော်များ တပြားတချပ်မှ မပေးလေသဖြင့် စီးပွားရေးဓားပြလုပ်ငန်းဟု မြင်မိသည်။
၁၉၄၇ ခု အခြေခံဖွဲ့စည်းပုံ ဥပဒေကြီး အပိုဒ် (၄၂) တွင် စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် သမ၀ါယမအဖွဲ့များ နှင့် အမြတ်အစွန်းအတွက် လုပ်ကိုင်ကြသည့် ပုဂ္ဂလိကမဟုတ်သော အဖွဲ့များကို အားပေးရမည်ဟု ပါရှိသည်။ ထိုကြောင့် ပါလီမန်တွင် စစ်တပ်၏ စီးပွားရေးလုပ်ပိုင်ခွင့်ကိစ္စ ဆွေးနွေးကြရန် ကြုံကြိုက်သော အခါများတွင် ကန့်ကွက်သူမရှိ ရှောရှောရှူရှူ အတည်ပြုလေ့ရှိသည်။ လက်ဝဲ၀ါဒီများက ပုဂ္ဂလိက စီးပွားရေးစနစ်ကို ဆန့်ကျင် သူများ ဖြစ်သောကြောင့် ထောက်ခံကြသည်။ တည်မြဲအမတ်များကမူ စစ်တပ်ပြုသမျှကို ထောက်ခံ ကြသည်။ သန့်ရှင်းအမတ်များကလည်း စစ်တပ်၏ နိုင်ငံရေးဖိအားကို တွန်းလှန်နေရသောကြောင့် စီးပွားရေးနယ်ချဲ့သည် ကို ဆန့်ကျင်သမှု မပြုကြပေ။
အရေးကြီးသည်မှာ စီးပွားရေးနယ်ချဲ့နေသော စစ်တပ်က နိုင်ငံရေးအာဏာနယ်ပယ်ကို ၀င်ရောက်လုယက် လာနိုင်သည်။ ကန့်ကွက်သူမရှိက တဆင့်ကဲလာလေမည်မှာ မုချ။
သတင်းစာလောကတွင် စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ထုတ်သော သတင်းစာနှင့် စစ်ဗိုလ်ကြီးများ၏ အိပ်ထဲမှ ထုတ်ပေးသော ငွေရင်းနှင့် လည်ပတ်သည့် သတင်းစာပါ စစ်တပ်ပိုင် သတင်းစာ နှစ်စောင်ရှိလာသည်။ ဤအချိန်တွင် စစ်တပ်၏ စီးပွားရေးနယ်ချဲ့လုပ်ငန်းများကို ဝေဖန်တင်ပြဖို့ တာဝန်ရှိသူ တစုံတယောက် လိုအပ်လာသည်ဟု ယူဆမိသည်။ ထိုကြောင့် ကြေးမုံက တာဝန်ယူပြီး စစ်တပ်စီးပွားရေးလုပ်ငန်းများ နယ်ကျယ် လာချိန်က စတင်ပြီး ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့သည်။
စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးအတွက် မြ၀တီမဂ္ဂဇင်း ထုတ်ဝေသည်ကို ကန့်ကွက်မှု မပြုပေမယ့် မြ၀တီမဂ္ဂဇင်းက ပြက္ခဒိန်ထုတ်ဝေခြင်းနှင့် စာအုပ်ဆိုင်ဖွင့်သည်က စတင်ပြီး ပြင်းထန်စွာ ဝေဖန်ချက်ရေးသား ကာ အယ်ဒီတာအာဘော်မှ ကန့်ကွက်ရေးသားခဲ့သည်။
မြန်မာပုံနှိပ်လောကတွင် သုဓမ္မ၀တီ ပုံနှိပ်တိုက်နှင့် အခြားဘာသာရေး ပုံနှိပ်တိုက်များက နိပါတ်တော်လာ ဆေးရောင်းစုံပန်းချီကားများနှင့် ပြက္ခဒိန်ထုတ်မြဲ ဖြစ်သည်။ မြန်မာ့အလင်း သတင်းစာက ရက်ရာဇာ ပြဿဒါး နေ့များကို ဖော်ပြခြင်း မပြုဘဲ “ကောင်းသောအကြံ၊ ကောင်းသောအမှု ပြုသူများအဖို့ နေ့မှန်သမျှသည် ရက်ရာဇာ ဖြစ်သည်။ မကောင်းသော အကြံ အမှုပြုသူများအဖို့ နေ့မှန်သမျှသည် ပြဿဒါးသာတည်း” ဟူသည့် ဆောင်ပုဒ်နှင့် ဆေးရောင်စုံ မျက်နှာဖုံးမပါဘဲ တ၀က်ဈေးနှင့် ပုံနှိပ်ရောင်းချလေ့ရှိသည်။
နောက်ပိုင်းတွင် ရှုမ၀မဂ္ဂဇင်းက ဆေးရောင်စုံ အမျိုးသမီးချောကလေးများ ပန်းချီပုံနှင့် ပြက္ခဒိန် စတင်ထုတ် သောအခါ လူကြိုက်များကာ ရောင်းကောင်းသည်။ တိုင်းရင်းမေ အမျိုးသမီး ဂျာနယ်တိုက်က မိန်းမချောကလေး များ၏ ဓာတ်ပုံနှင့် ဆေးရောင်စုံ ပြက္ခဒိန်ထုတ်သည်။ ၀ယ်သူများအဖို့ မိမိတို့ နှစ်သက်ရာကို ၀ယ်ယူသုံးစွဲကြ သည်။ ထိုပြက္ခဒိန် စီးပွားလောကတွင်းသို့ မြ၀တီမဂ္ဂဇင်းက ဆေးရောင်စုံအမျိုးသမီးဓာတ်ပုံနှင့် ၀င်လာသော အခါ မင်ကျမင်နသပ်ရပ်လှပသော်လည်း လူထုက စစ်တပ်ကို ဆန့်ကျင်ကြသဖြင့် ၀ယ်သူနည်းပါးသည်။ ဤတွင် အစိုးရဌာနများ မြ၀တီပြက္ခဒိန်ကို ၀ယ်ယူကြရမည်ဟု အမိန့်ထုတ်ကာ ရောင်းချသည်။
စစ်တပ်က အစိုးရအခွန်အတုတ် မပေးဘဲ စီးပွားရေးလုပ်ကာ အခွန်ပေးရသူ အရပ်သား ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် စီးပွားပြိုင်သည်မှာ မတရားပါဟု ပြင်းထန်စွာ ရေးသားကာ ကန့်ကွက်ဝေဖန်ခဲ့သည်။
စစ်တပ်လုပ်ငန်းများ၊ ဆိုင်များ၏ ဓာတ်ပုံဆောင်းပါးနှင့် ဝေဖန်ချက် ခေါင်းကြီးပိုင်းကို ဖော်ပြသောနေ့ နံနက် (၇) နာရီ (၁၅) မိနစ်တွင် တပ်မတော် သက်သာချောင်ချိရေး စီးပွားအဖွဲ့ဦးစီး ဗိုလ်မှူးကြီးက စစ်ရုံးသို့ လာရောက်ပြီး နံနက်စာ လက်ဖက်ရည်သောက်ကြွပါဟု ဖိတ်သဖြင့် ချက်ခြင်းပင် သွားခဲ့သည်။ မိမိကို ဖမ်းချင်ဖမ်းလေမည် လားဟု စိတ်မချသောကြောင့် ဓာတ်ပုံသတင်းထောက်ကို အတူခေါ်သွားခဲ့မိသည်။
စစ်ရုံးသို့ ရောက်သောအခါ တကယ်ပင် လက်ဖက်ရည်ပွဲ တည်ခင်းပြုစုသည်။ ကြေးမုံ၏ သတင်းဆောင်းပါး နှင့် ခေါင်းကြီး ဝေဖန်ချက်များအကြောင်း တလုံးတပါဒမျှ ဆွေးနွေးခြင်း မပြုဘဲ အလ္လာပသလ္လာပ စကားများသာ ပြောကြသည်။ မှန်ကန်လှသော ကြေးမုံ၏ တင်ပြချက်ကို ပြန်လည်ချေပရန် မလွယ်ပါ။ နံနက်စာစားကြရင်း စာပေကိစ္စ၊ အနုပညာကိစ္စ စသော အငြင်းမပွားနိုင်သည့် အကြောင်းအရာများကိုသာ ပြောကြသည်။ တင်မောင် ဘာကြောင့်ရေးသည်ဟူသော အကြောင်းအရင်းကို သူနားလည်ပါသည်။
ပြန်တော့မည်ဟု နှုတ်ဆက်ကြမှ “တခုတော့ ကတိပေးပါတယ်” ဟု လေးနက်သော ကတိစကားကို သူက ဆိုသည်။ “ကျနော်တို့ လူတစု တပ်မှာရှိသရွေ့ ကာလပတ်လုံး စစ်တပ်က လက်နက်နဲ့ ခြိမ်းခြောက်ပြီး နိုင်ငံရေး အာဏာ လုတာမျိုး မဖြစ်စေရပါဘူး” ဟူ၏။
တင်မောင်အဖို့ စိတ်ကျေနပ်ပြီး ပြန်လာခဲ့မိသည်။ သူတို့အုပ်စုတွင် စစ်ဝါဒပြင်းသူ ဗိုလ်မှူးချုပ်မောင်မောင် လည်း ပါဝင်သည်။ သူတို့ လူငယ်စစ်ဗိုလ်တစုက “မဟုတ်မတရား လက်နက်နှင့် အာဏာလုမှုကို မလိုလား” ဟု ဆိုသည်ကို ယုံကြည်စိတ်ချသောကြောင့် ပီတိပင်ဖြစ်ခဲ့မိသေးသည်။
သူတို့အပေါ်က ပုဂ္ဂိုလ်ကြီး၏ ၀သီစရိုက်ကို သိထားစေကာမူ သံဃာ့အား ဘုရားမလွန်သာ ဆိုသကဲ့သို့ လူငယ်တစု၏ အင်အားအရ နိုင်ငံရေးအာဏာကို မဟုတ်မတရား လုကြလေမည် မဟုတ်ဟု ယုံကြည်ခဲ့မိသည်။
သူ၏ ကတိက (၃) လတာမျှသာ ခံသည်။ ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလတွင်မူ လူထုက ရွေးကောက် တင်မြှောက်ထားသော သန့်ရှင်း ဖဆပလအစိုးရ၏ ၀န်ကြီးချုပ် ဦးနုအိမ်ကို အမြောက်နှင့်ချိန်ပြီး နိုင်ငံရေး အာဏာကို တောင်းသောအခါတွင် သူပင် ရှေ့တန်းမှ ပါလာသည်။
ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးတင်ဖေတို့သည် ဗိုလ်ချုပ်ကြီးနေ၀င်း၏ စေခိုင်းချက်အရ ဦးနုထံ အာဏာတောင်းကြသည်။ ကျနော်တို့ လူစု တပ်ထဲတွင် ရှိနေသရွေ့ လက်နက်နှင့် အာဏာမလုဟူသော ကတိမှာ အထက်က ဗိုလ်ချုပ်ကြီး၏ အမိန့်အရ ပျက်ရလေတော့သည်။ ။

Sunday, November 9, 2008

ရေခဲထဲမှာ ပိုက်ဆံရှာ



ကျနော့်ဇနီးမချို မြန်မာပြည်က မိဘတွေဆီ ငွေပို့တဲ့အခါ ဖုန်းဆက်ရပါတယ်။ တခါတော့ သူ့မောင်လူဆိုး အတွက် ငွေပို့ပေးရင်း “ပို့လိုက်တဲ့ငွေကို အလဟဿ မလုပ်လိုက်နဲ့၊ အကျိုးရှိတဲ့နေရာမှာသုံး” စသည်ဖြင့် ဆုံးမပြောဆိုနေရင်း နောက်ဆုံးပြောလိုက်တဲ့စကားက “ဒီမှာ နင့်အကိုလည်း ရေခဲထဲမှာ ပိုက်ဆံရှာရတာ” တဲ့။
ကျနော့်ယောက်ဖ စိတ်ထဲ “ရေခဲထဲမှာ ပိုက်ဆံရှာရတာ” ဆိုတာကို ဘယ်လိုနားလည်သွားမလဲလို့ ကျနော် ဆက်စဉ်းစားနေမိတယ်။ သူက မြန်မာပြည်ထဲမှာပဲ နေတာ၊ နိုင်ငံခြားဆိုတာလည်း မရောက်ဘူး၊ ဥရောပ ဆိုတာ က သူနဲ့အဝေးကြီးလေ။ ဥရောပမှာ နှင်းတွေကျတယ်ဆိုတာ ရုပ်ရှင်ထဲမှာတော့ သူမြင်ဘူးချင်မြင်ဘူး မယ်။ နောက်ဆုံး သူကောက်ချက်ချသွားနိုင်တာက “ငါ့ယောက်ဖ တယောက် ရေခဲစက်မှာ အလုပ်လုပ်တာ ဖြစ်မယ်၊ ရေခဲတုံးတွေ ဆိုက်ကားပေါ်တင်ပြီး ရေခဲခြစ်ရောင်းတဲ့ ဆိုင်တွေလိုက်ပို့ရတဲ့ အလုပ်ကို လုပ်တာမို့ ငါ့အမ က ဒီလို ပြောတာနေမှာပါ” လို့ ဆိုတာပဲ ဖြစ်ပါတယ်။
သူအဲလို ထင်ရင်တော့ မှားပါလိမ့်မယ်။ ကျနော်တို့ ဒိန်းမတ်ကို ရောက်လာတာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ပါ။ နှင်းမုန်တိုင်းတွေ တိုက်ပြီးကာစ တရက်မို့ ဘယ်နေရာပဲ ကြည့်ကြည့် ရေခဲတွေချည်းပါပဲ။ အေးလိုက်တာလည်း လွန်ပါရော။ ကွာလာလမ်ပူက ၀ယ်လာခဲ့တဲ့ အနွေးထည်တွေလောက်တော့ စကင်ဒီနေးဗီးယားဆောင်းက ရီတာပေါ့ ဖြစ်နေတာလေ။ မတ်လကုန်တော့ လမ်းပေါ်က ရေခဲတွေ အလိုလို ပျောက်ကုန်ပါတယ်။ နွေဦးရာသီ ရောက်လာတော့ မြေပေါ်က ထပေါက်လာတဲ့ ရောင်စုံပန်းလေးတွေက ချစ်စရာ ကောင်းနေပြန်ရော၊ နွေရာသီ ရောက်တော့ တေးဆိုတဲ့ ငှက်တွေရယ်၊ နေရောင်ခြည်ရယ်နဲ့ လူတွေလည်း အနွေးထည်ကြီးတွေ သိပ်မ၀တ်ရ တော့ဘူး။ မြန်မာပြည်က အညာဒေသလို ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်လာတာမျိုးတော့ မရှိဘူးပေါ့လေ။
၂၀၀၆ ဆောင်းတွင်းမှာ ကျနော် အလုပ်မ၀င်ရသေးပဲ ဒိန်းမတ်စာသင်ကျောင်းပဲ တက်နေရတာမို့ ဘတ်စ်ကားနဲ့ ကျောင်းကို အသွားလမ်းပေါ်က ရေခဲတွေ တက်နင်းသွားရတာမို့ လမ်းလျှောက်ရတာ တမျိုးအရသာ ဖြစ်လို့ နေပါတယ်။ ၂၀၀၆ ဂျူလိုင်လမှာ ကျနော့်ကို စက်ရုံက အလုပ်ခန့်လိုက်ပါတယ်။ အလုပ်နဲ့အိမ် အတန်ငယ် (၁၄ ကီလိုမီတာ) ဝေးတာမို့ စကူတာလေးနဲ့ အလုပ်သွားပါတယ်။ အလုပ်ချိန်က ကျောင်းအချိန်ထက် စောတာမို့ ဘတ်စ်ကားနဲ့ သွားလို့ မရတော့ပါ။ ကိုယ့်ကားရှိလို့ မောင်းသွားရင် ၁၅ မိနစ်နဲ့ ရောက်ပေမယ့် စကူတာက ကီလိုမီတာ ၃၀ ပဲ ပြေးတာမို့ သူနဲ့ဆို မိနစ်လေးဆယ်လောက်မှ အလုပ်ကို ရောက်ပါတယ်။
ကားမောင်းလိုင်စင်လည်း မရှိ၊ ကိုယ်ပိုင်ကားလည်း မရှိတာမို့ စကူတာလေးနဲ့ အလုပ်သွားနေရင်း ဆောင်းကိုဝင်လာပါ တော့တယ်။ ဆောင်းရောက်ပြီဆိုတာနဲ့ ရာသီဥတုက အေးလာသလို နေ့တာတိုပြီး ညတာ ရှည်လာတာမို့ မိုးလည်း အစောကြီးချုပ်ပြီးတော့ မနက်ဆို ၈ နာရီဝန်းကျင်မှ နေရောင်မြင်ရတာမျိုးပါ။ နှင်းတွေ ကျတဲ့ တမနက် အလုပ်သွားဖို့ အိပ်ရာထပြီး ပြူတင်းပေါက်က ကြည့်လိုက်တော့ လမ်းပေါ်မှာ ရေခဲတွေ ရောက်နေပါပြီ။ စောသေးလို့လားတော့မသိ၊ ရေခဲရှင်းတဲ့စက်တွေလည်း အဲဒီနေ့က အလုပ်မလုပ်ကြသေးပါ။ ရေခဲက သိပ်အထူကြီးလည်း မဟုတ်တော့ ကျနော်လည်း ဆိုင်ကယ်ကို ဖြေးဖြေးစီးမယ်ကွာ ဆိုပြီး အလုပ်ကို လာခဲ့ပါတယ်။ အေးကလည်း အေး၊ မှောင်ကလည်း မှောင်နဲ့ တချို့နေရာတွေမှာဆို ဆိုင်ကယ် လဲမှာစိုးလို့ ခြေထောက်နှစ်ခြောင်းကို အရံသင့် ကားထားရပါတယ်။ ဒီလိုနဲ့ လာလိုက်တာ စက်ရုံနားက ရထားလမ်း ကုန်းကျော်တံတားလေးနားမှာ ဆိုင်ကယ်မှောက်ပါလေရော၊ ရေခဲထဲ လျှောတိုက်ပါသွားပြီဆိုတာ သိလိုက်ပေမယ့် ဘယ်လိုမှ ထိန်းလို့ မရတော့ပါဘူး။ လူက လမ်းပေါ်ကို ကြောင်ကျမကျပဲ၊ ခွေးကျကျတာမို့ ရင်ပတ်ထဲအောင့်သွားတဲ့ ဝေဒနာနဲ့အတူ ဆိုင်ကယ်စီးဦးထုပ်နဲ့ ကတ္တရာလမ်းခြစ်တဲ့ကိုလည်း ကြားလိုက်ရပါ တယ်။ (ဆိုင်ကယ်စီးရင် ဦးထုပ်အမြဲတမ်းဆောင်းထားသင့်ပါတယ်) ပတ်ဝန်းကျင်ကလည်း မှောင်နေတယ်။ မနက်စောသေးတာမို့ ကားအသွားအလာလည်း မရှိသေးပါဘူး။ အဲဒါနဲ့ အာရုံတွေကို ပြန်စု၊ အသက်ကို ၀အောင်ရှုပြီးတော့ မတ်တပ်ရပ်လိုက်ပါတယ်။ ပြီးတော့ ခပ်ဝေးဝေးမှာ စက်သေနေတဲ့ ဆိုင်ကယ်ကို ပြန်ထောင်ပြီး ခရီးဆက်ခဲ့ရတာပေါ့။ အဲဒီနေ့ တနေ့လုံး အလုပ်ထဲမှာ ရင်ဘတ်အောင့်နေတာပါ။
အဲဒီနှစ်မှာပဲ ဒုတိယအကြိမ် ဆိုင်ကယ်မှောက်ပါသေးတယ်။. အဲဒီအခေါက်က ရေခဲတွေများတယ်၊ သွားလို့မဖြစ် တော့ပါဘူးဆိုပြီး အိမ်ကို ပြန်လှည့်အလာ အိမ်နားရောက်ခါနီးမှာ လဲတာပါ။ လဲနေတုံး နောက်မှာ ကားတစီး ရပ်လာပြီး ကားပေါ်က လူက ဆိုင်ကယ်ကို ၀ိုင်းထောင်ပေးပါတယ်။ လမ်းပေါ်ပြုတ်ကျသွားတဲ့ ထမင်းဘူးလေး ရယ်၊ ကော်ဖီဓါတ်ဗူးလေးရယ်ကိုတော့ ကိုယ့်ဟာကိုယ် ပြန်ကောက်ပြီး အိမ်ကိုပဲ ပြန်လာခဲ့ပါတယ်။
မနှစ်ကဆောင်းကတော့ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှုတွေကြောင့် ရေခဲတွေ မကျသ လောက်ပါပဲ။ ကျခဲ့ရင်လည်း ရေခဲအကြောင်းတော့ ကိုယ်လည်း နဲနဲတော့ နားလည်နေပါပြီ။
အဲဒီလို ရေခဲထဲ အလဲလဲအကွဲကွဲ အလုပ်သွားရတာမို့ ကျနော့် ဇနီးက သူ့မောင်ကို “ရေခဲထဲ ပိုက်ဆံရှာရတာ” လို့ တင်စားပြောလိုက်ကို ကျနော့်စိတ်ထဲ ဆက်စပ်စဉ်းစားနေရင်း ဒီစာကို ရေးဖြစ်တာပါ။
ပြီးတော့ အေးစက်နေတဲ့ ဆောင်းတွင်းကာလတွေမှာ ဆိုင်ကယ်နဲ့ အလုပ်သွားရတဲ့ ဘ၀က ကျွတ်အောင်၊ ကားလေးဘာလေးလည်း ၀ယ်နိုင်အောင် ယာဉ်မောင်းလိုင်စင်ရအောင် လုပ်အုံးမှပါလို့လည်း စဉ်းစားနေမိ ပါတယ်။ ။

(အပေါ်က ပုံက ကျနော်တို့ ဒိန်းမတ်ရောက်တဲ့နေ့မှာ ရိုက်ထားတဲ့ သမီးပုံပုံ ရဲ့ ပုံပါ)

Sunday, November 2, 2008

(၁၄) သတင်းစာတစောင်၏ မူဝါဒ (ကြေးမုံဦးသောင်း)

ကြေးမုံသတင်းစာ၏ နိုင်ငံခြားရေးမူဝါဒသည် အမေရိကန်သံ ရုံးမှ ဦးဆောင်နေသော လက်ျာဝါဒ မဟုတ်သော ကြောင့် အမေရိကန်သံရုံးက အားမပေးစေကာမူ အင်္ဂလိပ်သံရုံးက အားပေး အားမြှောက်ပြုခဲ့သည်။ ၁၉၅၇ ခု၊ ဧပြီလတွင် သတင်းစာထွက်ပြီး (၅) လကြာသော စက်တင်ဘာလ၌ ဘုရင်မ၏ ဧည့်သည်တော်အဖြစ် ဗြိတိန်ကျွန်းသို့ (၂) လတာမျှ လာရောက်လေ့လာပါဟု ဖိတ်ခေါ်ခဲ့သည်။ ထို့ပြင် အင်အားကြီးသော ပုံနှိပ်စက် သစ်ကြီးကို အင်္ဂလိပ် ကုမ္ပဏီကြီးတခုက ကြွေးစနစ်နှင့် ရောင်းချစေရန် သံရုံးက ကူညီခဲ့သည်။ ဖဆပလ အစိုးရ ဆိုရှယ်လစ် ပြန်ကြားရေးဝန်ကြီး သခင်ချစ်မောင် ကလည်း အာမခံကြောင်း သံရုံးကို ပြောပေးသေး၏။
မြန်မာသတင်းစာအများအဖို့ သူတို့ သံရုံးများကို ဂရုစိုက်ရန် မလိုပါပေ။ နိုင်ငံခြားရေးဝါဒထက် ပြည်တွင်း နိုင်ငံရေး မူဝါဒ မှန်ကန်မှသာ စာဖတ်ပရိသတ်က လက်ခံအားပေးသည်။ ကြေးမုံထွက်လာချိန်တွင် တချိန်က ဂျပန်ကို တညီတညွတ်တည်း တော်လှန်ကြပြီး အင်္ဂလိပ်ကို တစုတဝေးတည်း တိုက်ခဲ့ကြသည့် ဖဆပလ အဖွဲ့ကြီး၏ မြန်မာ့နိုင်ငံရေး စည်းလုံးမှုကြီး ပြိုကွဲပျက်စီးသွားသည်နှင့် ကြုံကြိုက်တိုက်ဆိုင် နေသည်။ ဤကဲ့သို့ နိုင်ငံရေးပဋိပက္ခနှင့် ကြုံကြိုက်ရသည်မှာ သတင်းစာအဖို့မူ အခွင့်အရေးကောင်းတခု ဖြစ်သည်။ နိုင်ငံရေး အင်အားစုများ၊ အကွဲအပြဲသတင်းများတို့သည် ပရိသတ်ကြိုက်သည့် သတင်းများ ဖြစ်ကြ၏။
အရေးကြီးသည်မှာ သတင်းစာအဖို့ မိမိတို့ပါ အကွဲအင်အားစုများနှင့် အတူ တဘက်ဘက်ကို ရောပါမသွားဘဲ ရှောင်နိုင်တိမ်းနိုင်ရန် ဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ရွေးကောက်ပွဲသည် တရားမျှတသည်။ အမတ် (၂၅၅) နေရာတွင် ဖဆပလ က (၂၄၈) ဦး အရွေးခံရပြီး ကွန်မြူနစ်အမတ် (၇) ဦး တက်လာခဲ့သည်။
ထိုအချိန်မှ စတင်ပြီး အမတ်ဦးရေအများဆုံး အရွေးခံရသဖြင့် အစိုးရအဖွဲ့အဖြစ် ရပ်တည်ခဲ့သော ဖဆပလ တပ်ပေါင်းစု အဖွဲ့ကြီးသည် ၁၉၅၀ ခုနှစ်မှာ စတင် အက်သံပါလာသည်။ ကွဲအက်ရခြင်း၏ အဓိကအကြောင်းရင်း မှာ အမေရိကန်နှင့် ရုရှတို့ တိုက်နေကြသော ၀ါဒတိုက်ပွဲ၊ စစ်အေးတိုက်ပွဲကြီး ဖြစ်သည်။
စစ်အေးတိုက်ပွဲမှ ပိုမို ပြင်းထန်လာပြီး ကိုးရီးယားပြည်တွင် တောင်နှင့်မြောက် စစ်ပွဲကြီး ဖြစ်ပွားသောကြောင့် မြန်မာ့နိုင်ငံရေး လှုပ်ရှားရသည်။ ဖဆပလ ဆိုရှယ်လစ်ပါတီဝင် အများက တောင်ကိုးရီးယားဘက်မှ ကုလသမဂ္ဂ စစ်တပ်အသွင်နှင့် ပါဝင်တိုက်ခိုက်သော အမေရိကန်ကို ထောက်ခံကြလေရာ ရုရှကွန်မြူနစ်ကို ထောက်ခံကြသူ လက်ဝဲ၀ါဒီများက ဖဆပလ တပ်ပေါင်းစုကြီးမှ ခွဲထွက်ကြသည်။ သူတို့တစုက အလုပ်သမား၊ လယ်သမား ပါတီဟူသော အမည်နှင့် ပါတီခွဲပြီး တည်ထောင်ကြသည်။ ပါတီ (၂) ခုလုံး ဆိုရှယ်လစ်ဝါဒီများ ဖြစ်သဖြင့် သတင်းစာများက ခပ်လွယ်လွယ်ပင် လက်ဝဲဆရာတို့ကို ဆိုရှယ်နီများဟု အမည်ပေးခေါ်ကြပြီး ဖဆပလ ဆိုရှယ် လစ်များကို ဆိုရှယ်ဖြူဟု ခေါ်ကြသည်။
၁၉၅၀ ခုနှစ်တွင် ပါလီမန်တွင် ဆိုရှယ်နီတို့က အမတ်နေရာ (၁၂) နေရာရှိသောကြောင့် ပါလီမန်အစည်း အဝေးများမှာ အတိုက်အခံအသံများနှင့် ဝေဆာလာသည်။
၁၉၅၁ - ၅၂ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသောအခါ အတိုက်အခံ အမတ် (၆၈) ဦး ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲမှ စတင်ကာ စစ်တပ်က နိုင်ငံရေးနယ်သို့ ၀င်လာသည်။ လက်ဝဲအမတ်လောင်းများ ဆောင်ရွက်သူများကို စစ်တပ်က သတ်ဖြတ်သည်အထိ နှိမ်နင်းပေးကာ သူတို့၏ မဟာမိတ် ဆိုရှယ်လစ်များ အရွေးခံရန် ကူညီသည်။
၁၉၅၇ ခုနှစ်မှ စတင်ကာ အမတ်ဦးရေ (၁၆၈) ဦး ရရှိသော ဖဆပလကြီးသည်လည်း ဆိုရှယ်လစ် ဦးကျော်ငြိမ်း၊ ဦးဗဆွေ ဦးစီးသော တည်မြဲအဖွဲ့နှင့် ဦးနု၊ သခင်တင် ခေါင်းဆောင်သည့် သန့်ရှင်းအဖွဲ့ဟူ၍ ကွဲသွားပြန်သဖြင့် နိုင်ငံရေးအင်အားစု သုံးစိတ်သုံးမွှာ ဖြစ်လာသည်။ ပြည်သူ့ညီညွတ်ရေးတပ်ဦးခေါ်သော ပမညတ အမတ်များ ကလည်း ရှိသေးလေရာ အင်အားကြီး ပါတီကြီး (၄) စု ကွဲကြတော့သည်။
ယင်းသို့ အစုစုကွဲနေသော နိုင်ငံရေးအုပ်စုများအဖို့ ပါလီမန်တွင် မည်သူမှ အင်အားခိုင်မာသည့် အဖွဲ့ဖြစ်မလာ ဘဲ အားနည်းသော အဖွဲ့ကလေးများအဖြစ် တကျက်ကျက် ဆူညံနေတော့သည်။ သန့်ရှင်းဖဆပလ က အင်အား အကြီးဆုံးဖြစ်သဖြင့် အစိုးရအဖွဲ့ကို ဖွဲ့နိုင်စေကာမူ အတိုက်အခံများ ညီညွတ်လျှင် ပြုတ်ကျနိုင်သည့် အခြေအနေ ရောက်နေသည်။ တချီတွင် နိုင်ငံ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်ကို ပါလီမန်မှာ တင်သွင်းအတည်ပြုရ စမြဲ ဖြစ်ပါလျက် အတိုက်အခံအမတ်များ ညီနေလျှင် အစိုးရပြုတ်ကျလေနိုင်သည်ကို စိုးရွံ့သောကြောင့် ၀န်ကြီးချုပ် ဦးနုဦးစီးသည့် သန့်ရှင်းအစိုးရက ပါလီမန်သို့ မတင်ဘဲ သမ္မတအမိန့်နှင့် အတည်ပြုလေသည်။ ဥပဒေအရ တရားဝင်သည်ဟု ဆိုနိုင်စေကာမူ ပါလီမန်ဒီမိုကရေစီ အစဉ်အလာအရ မပြုသင့်၊ မပြုထိုက်သော အမှုဖြစ်သည်။ ထိုအမှားကို အကြောင်းပြကာ စစ်တပ်က ပုံကြီးချဲ့ ပြီး အာဏာသိမ်းခဲ့သည်။
ဝန်ကြီးချုပ်ဦးနု၏ အိမ်ကို အမြောက်နှင့် ချိန်ထားပြီး စစ်ဗိုလ်ကြီး (၃) ဦးက အာဏာလွှဲပေးရန် တောင်းဆို ကြသည်။ သူတို့ သွားမည့်အချိန်ကို သူတို့က တိတိကျကျ တင်ကြိုသတင်း ပေးထားသောကြောင့် ဦးနု အိမ်ရှေ့ မှ ကင်းတဲထဲတွင် တင်မောင်နှင့်အတူ ဓာတ်ပုံသတင်းထောက် ကိုရွှေမောင်အပြင် စစ်တပ်ပိုင် သတင်းစာ ဂါးဒီယန်း အယ်ဒီတာချုပ် ဦးစိန်ဝင်းတို့ (၃) ဦး ရောက်ရှိနေနှင့်ကြသည်။ ဆွေးနွေးကြသော အခန်းထဲသို့ မ၀င်ကြရစေကာမူ အတွင်း၌ ဖြစ်သမျှတို့ကို အတိအကျ သိရသည်။
စစ်ဗိုလ်ကြီးများက ပါလီမန်မှာ ဒီမိုကရေစီ အစဉ်အလာ ပျက်ကွက်ခြင်းကို အကြောင်းပြပြီး ဒီမိုကရေစီမကျပါ ဟု စွပ်စွဲကြသည်။ ပါလီမန်တွင် သန့်ရှင်းဖဆပလက အင်အားခိုင်မာစွာ မရှိသဖြင့် ပမညတနှင့် ပေါင်းသည်မှာ ကွန်မြူနစ်အလိုကျ လုပ်ဆောင်သည်ဟုလည်း အပြစ်တင်သည်။
“ဒါဖြင့် စစ်တပ်က ယာယီအစိုးရဖွဲ့ပြီး စစ်တပ်ကပင် ဦးစီးပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပါ။ တည်မြဲတို့က အမတ်အင်အားများများရပါက အစိုးရဖွဲ့ပါစေ” ဟု ၀န်ကြီးချုပ်က သူတို့စကားနှင့် သူတို့ကို ပြန်ချီ တော့သည်။ စစ်တပ်ကို အာဏာအပ်ရမည်ဟု တောင်းဆိုရန် ဗိုလ်ချုပ်ကြီးနေ၀င်းက စေလွှတ်သည့် အဖွဲ့အဖို့ စစ်တပ်အစိုးရ ဖွဲ့ခွင့်မရှိတော့ဘဲ အိမ်စောင့်အစိုးရအဖြစ် အာဏာကို ရယူရတော့သည်။ စစ်တပ်အဖို့ ပါလီမန် ဒီမိုကရေစီ အစဉ်အလာအရ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပရေးရမည့် အခြေခံဥပဒေကြီး၏ အစောင့်အရှောက် တပ်မတော် ဖြစ်သွားသည်။ ဦးနု၏ နိုင်ငံရေးပရိယာယ်အရ ရာသက်ပန် အာဏာရယူရန် စီမံချက်မှာ တည်ဦးစကာလက ပျက်ခဲ့ရလေသည်။
အိမ်စောင့်အစိုးရ တက်ခဲ့စဉ်က ပါလီမန်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက “ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပေဒကြီးနှင့် ဒီမိုကရေ စီကို ပြည်ထောင်စုသား တယောက်အနေနှင့်လည်းကောင်း၊ စစ်သားတယောက်အနေနှင့်လည်းကောင်း ရောက်ရာအရပ်တွင် အသက်ပေးပြီး ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူပါသည်” ဟု ကျမ်းသစ္စာကျိန်ဆိုပြီး အာဏာကို သိမ်းယူခဲ့သည်။
အိမ်စောင့်အစိုးရခေတ်က တပ်မတော်အဖို့ သူတို့အာဏာရသည်မှာ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေကြီး၏ အကျိုးကျေးဇူးကြောင့် ဖြစ်သဖြင့် အခြေခံဥပဒေကြီးကို ရှိခိုးကိုးကွယ်ကြလေတော့သည်။ ပုံနှိပ်ထုတ်ဝေသမျှ ပုဂ္ဂလိကနှင့် အစိုးရထုတ် စာနယ်ဇင်းမှန်သမျှတို့တွင် ထုတ်ဝေသူအများက အခြေခံဥပဒေကြီးကို သစ္စာခံယူပါ သည်ဟု ကတိသစ္စာပြုကြောင်း လက်မှတ်ထိုး ကြေညာကြရသည်။
“အခြေခံဥပဒေကြီးကို အသက်ပေးပြီး စောင့်ထိန်းပါ့မည်” ဟု ပါလီမန် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုကာ အာဏာရယူခဲ့သူ ဗိုလ်ချုပ်ကြီးနေ၀င်းက ၁၉၆၂ ခုနှစ်တွင် ဒုတိယအကြိမ် အာဏာသိမ်းသောအခါ၌ ပထမဆုံး ထုတ်ပြန်သည့် အမိန့်တော်မှာ ၁၉၄၇ ခု၊ အခြေခံဥပဒေကြီးကို ဖျက်သိမ်းကြောင်း ဥပဒေဖြစ်သည်။
တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးပါမည်ဟူသော ကတိအရ ၁၉၆၀ ခုနှစ်၊ ရွေးကောက်ပွဲကို စစ်တပ် အိမ်စောင့်အစိုးရက ဦးစီးကျင်းပပေးရာတွင် တရားမျှတမှု မရှိဘဲ စစ်တပ်က မတရားဘက်လိုက်ခဲ့သည်။ ဖဆပလ အုပ်စုကြီး (၂) စုဖြစ်သော တည်မြဲနှင့် သန့်ရှင်းတို့ ပြိုင်ကြရာတွင် တည်မြဲတို့ဘက်မှ ဖိအားပေး ခဲ့သည်။
ကျောက်ဆည်ဘက်မှ ကျေးရွာတရွာတွင် လျှို့ဝှက်မဲပေးကြရမည့် မဲရုံတရုံ၏ အကာကို ဖြုတ်ချသည်။ ဟင်းလင်းပြင် စားပွဲပေါ်မှာ ရှိသော မဲပုံး (၂) ပုံး အနက် သန့်ရှင်းအမတ်လောင်း၏ မဲပုံးကို စားပွဲအောက်မှာ ချထားပြီး တည်မြဲအမတ်လောင်း၏ မဲပုံးကိုသာ စားပွဲပေါ် တင်ထားလိုက်သည်။ ထိုမျှမကသေး မဲပေးချိန်ရောက် သောအခါ စစ်သားများက တန်းစီကာ သေနတ်နှင့် ချိန်ထားကာ မဲဆန္ဒရှင်တို့အား မဲပေးစေသည်။ ယင်းကဲ့သို့ မတရား ဖိအားပေးစေကာမူ ထိုမဲဆန္ဒရုံတွင် သန့်ရှင်းက နိုင်၏။ သေနတ်ကို မကြောက်ကြဘဲ သန့်ရှင်းကို မဲပေးကြ၏။ ၁၉၆၀ ခု၊ ရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင်တို့က သတ္တိပြကြသည်မှာ အံ့ဖွယ်သူရဲ ထူးကဲလှတော့၏။
မန္တလေးတွင် တည်မြဲဝန်ကြီး ဗိုလ်ခင်မောင်ကလေးက “တည်မြဲနိုင်ရမယ်၊ လောင်းရဲတဲ့သူ လာခဲ့။ တရာနဲ့ တဆယ်လောင်းမည်” ဟု ဟောပြောသဖြင့် မန်းလူထုသတင်းစာ၏ အယ်ဒီတာအာဘော်တွင် “ဆတူပဲ လောင်းပါ့မယ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ မှန်လျှင် တည်မြဲ ရှုံးရမယ်” ဟု ရေးသည်။ ချက်ချင်း နေ့မဆိုင်း အယ်ဒီတာချုပ် ဆရာကြီး ရွှေဥဒေါင်းကို ဖမ်းပြီး ထောင်သို့ ပို့သည်။ တိုက်သွင်းလိုက်သေးသည်။
ဝန်ကြီး ဗိုလ်ခင်မောင်ကလေးကပင် မဲရွေးပွဲ တရားဟောရာ၌ တည်မြဲတို့သည် ရွေးကောက်ပွဲကြီးတွင် နိုင်ရမည်၊ အကယ်၍ ရှုံးလျှင်လည်း တည်မြဲတို့က နိုင်မည်သာဖြစ်သည်ဟု ပြောသည်။ တည်မြဲရှုံးပါက စစ်တပ်နှင့် အာဏာသိမ်းမည်ဟု ခြိမ်းခြောက်သည်ကို လူထုက လက်မခံ၊ နားမချမ်းသာ။
တည်မြဲတို့၏ နောက်ပါးမှ စစ်တပ်ကြီးက ရှိနေသည်ကို အားကိုးပြုကာ သူတို့က ထင်သလို ရမ်းကားကြသော ကြောင့် ၁၉၆၀ ပြည့်၊ ရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးရသည်။ သန့်ရှင်းအဖွဲ့က (၅၂) ရာခိုင်နှုန်း မဲရရှိပြီး တည်မြဲ အဖွဲ့က (၃၃) ရာနှုန်းရရှိကာ ပမညတတို့က (၅) ရာနှုန်းမဲ ရရှိခဲ့ကြ၏။
အမှန်ကို ဆိုရလျှင် တည်မြဲတို့ဘက်တွင် ပညာတတ်များ အများရှိပြီး သန့်ရှင်းဘက်၌ ပညာအရည်အသွေး နိမ့်သည်။ တည်မြဲ အမတ်လောင်းတို့ကို ကြိုက်သူများသော်လည်း တည်မြဲတို့က စစ်တပ်နှင့် ရင်းနှီးကြပြီး စစ်တပ်က မတရား ဖိအားပေးသောကြောင့် တည်မြဲတို့ ရှုံးရသည်။ ၁၉၅၁ ခုနှစ်၊ ရွေးကောက်ပွဲမှ စတင်ကာ စစ်တပ်က လက်နက်နှင့် ၀င်ရောက်စွက်ဖက်သည်ကို လူထုက ခါးသည်းစွာ ရွံရှာကြသည်ကို စစ်တပ်ရော၊ တည်မြဲတို့ပါ နားမလည်ကြရှာချေ။
စောစောက ကျင်းပသည့် ကြားရွေးကောက်ပွဲတို့တွင်လည်း ဆိုရှယ်နီများ အရွေးမခံကြရလေအောင် စစ်တပ်က ရန်ရှာခဲ့ကြသည်။ အချို့နေရာများတွင် လူသတ်မှုကြီးများ၊ ကျူးလွန်မိသည်အထိ စွက်ဖက်ခဲ့သည်။ အခြေအနေ မှန်မှာ စစ်တပ်က ကွန်မြူနစ်သူပုန်နှင့် လူမျိုးစုသူပုန်ကို တိုက်ရင်း ကျေးရွာအများတွင် တပ်စွဲထားလေသဖြင့် နိုင်ငံရေး မတရားဖိအားပေးမှုများအပြင် ကြက်ဆွဲ၊ ၀က်ဆွဲ၊ သမီးငယ်များကို ဆွဲ စသော အမှုများကြောင့် ပြည်သူလူထုကြီးက စစ်တပ်နှင့် နီးစပ်သူမှန်သမျှကို ဆန့်ကျင်ကြလေသဖြင့် တည်မြဲတို့ အရေးနိမ့်ရသည်။
ထိုရွေ့ထိုမျှ ပြင်းထန်သော နိုင်ငံရေးအကွဲတော်ပုံ၊ နိုင်ငံရေးပဋိပက္ခကြီးတွင် ကြေးမုံအဖို့ မည်သည့် အုပ်စုကိုမှ ဘက်မလိုက်မိစေရန် သတိကြီးစွာ ထားရသည်။ အပေါင်းအသင်းအဖြစ် တည်မြဲ ခေါင်းဆောင်များနှင့် များစွာ ရင်းနှီး၏။ ဦးကျော်ငြိမ်းက ညတည သန်းခေါင်ကျော်မှာ ဖုန်းဆက်ပြီး “ရဲကားတကား၊ အိမ်ရှေ့ထောင့်မှာ ရပ်ထားတာတွေ့တယ်။ ကိုနုက ကျုပ်ကို ဖမ်းတော့မယ် တင်တယ်။ ဖမ်းတဲ့အချိန်မှာ သက်သေလာခဲ့ဗျာ” ဟု ဖိတ်သောကြောင့် တညလုံးသူ၏ အိမ်ကို သွားပြီး လက်ဖက်ရည်ကြမ်းသောက်ရင်း နိုင်ငံရေး ဆွေးနွေးခဲ့ရသည်။
“သတင်းစာတွေ ခဲစာလုံးခွက် မှောက်တာတွေနဲ့ သာယာဝတီထောင်မှာ ဒေါက်တာဘမော်နဲ့ ဗိုလ်ရန်နိုင်ကို ချုပ်ထားချိန်မှာ သမီးဖြစ်သူက သွားတွေ့တော့ ဖခင်ဒေါက်တာဘမော် ကို ထောင်ဝင်စာတွေ့ခွင့်ပေးပြီး ခင်ပွန်း ဗိုလ်ရန်နိုင်ကို တွေ့ခွင့်ပေးတာ မလွန်ဘူးလား” ဟု မေးသောအခါ “ကျုပ်ကလဲ ငယ်သေးတော့ ရမ်းခဲ့တာပေါ့ဗျာ” ဟု ၀န်ခံရှာသည်။
ဦးကျော်ငြိမ်းတို့နှင့် ရင်းနှီးသည်ကို ဦးနုကလည်း ကြေးမုံကို မကြည်ပေ။ တကြိမ်တွင် မြိတ်ဘက်၌ ဦးနုခရီးထွက် ချိန် တရားထိုင်ရန် ဇရပ်တဆောင်ဆောက်ရန် အရာရှိများထံ အလှူခံကြောင်း သတင်းကို ကြေးမုံတွင် ဖော်ပြ ခဲ့သည်။ ထိုသတင်းသည် မိမိ၏ ဂုဏ်သရေကို ပျက်စေပါသည်။ တရားစွဲလိုပါသည်ဟု ဦးနုက ၀န်ကြီးအစည်း အဝေးတွင် တင်ကာ ခွင့်တောင်းသည်။
နံနက် (၁၁) နာရီ ၀န်ကြီးအဖွဲ့ အစည်းအဝေးပြီးသည်နှင့် သတင်းရသောကြောင့် ဦးနုထံ တောင်းပန်စာရေး ပြီး ညနေ (၂) နာရီ သွားပေးမိသည်။ “ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်ကို ၀န်ကြီးများထံ မဝေရသေးခင် မှာ ဘာလို့သိရတာလဲ” ဟု အကြံပေးအရာရှိ ဦးအုန်းက ပွက်ပွက်ညံ ဆူပူ ကြိမ်းမောင်းတော့သည်။ မူလ တရားထိုင်ရန် ဇရပ်အတွက် ငွေခံမှုထက် ကြီးမားသော နိုင်ငံတော် လျှို့ဝှက်မှုဥပဒေနှင့် အရေးယူမည် ဆိုသဖြင့် မည်သည့်သတင်းမဆို ဦးစွာ သိမိသူ “ဖိုးသိ” ဖြစ်မိသော တင်မောင်အဖို့ “မှားပါတယ်ခင်ဗျား” ဟု ဦးအုန်း ကို ဒူးထောက်ကာ တောင်းပန်ရတော့သည်။
၁၉၅၈ ခု၊ စစ်တပ်က အာဏာသိမ်းသောနေ့ မတိုင်မီ တရက်တွင် ဦးနုနှင့် တွေ့ခွင့်ရချိန်၌ ဦးနုက “မင့်ကို ကိုကျော်ငြိမ်းရဲ့ ဖျက်မျဉ်းလို့ ငါက ထင်မိတယ်” ဟု ပြောပြီး အခုအရေးကြုံမှ လွတ်လပ်တဲ့ သတင်းစာဆိုတာ သိပါတယ်ကွ ဟု ၀န်ခံရှာလေသည်။ ။

Sunday, October 26, 2008

အဖေလည်းဒီစာ၊ သားလည်းဒီစာ


၂၀၀၄ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရတော့ အပြာရောင်စာရွက်တရွက်ကို ရုံးက ထုတ်ပေးပါတယ်။ အဲဒီစာရွက် ထုတ်ပေးတဲ့နေ့မှာ ယူအမ်မှအမျိုးသမီးအရာရှိ ပြောလိုက်တာက “မင်းဟာ ဒုက္ခသည် တဦးမို့ ဒီရုံးရဲ့ အကာအကွယ်နဲ့ အစောင့်ရှောက်ကို ခံယူခွင့်ရှိတယ်၊ ရဲအဖမ်းခံရရင်၊ နေမကောင်းဖြစ် ရင် တို့ကို အကြောင်းကြားပါ၊ ပြီးတော့ မင်းကို တတိယနိုင်ငံတခုမှာ အခြေချနေထိုင်ခွင့်အတွက် လည်း စီစဉ်ပေးမယ်၊ ဒါပေမယ့် ဘယ်နိုင်ငံကို ဘယ်တော့သွားရမလဲ ဆိုတာ ခုချိန်မှာ မပြောနိုင်သေး ဘူး” တဲ့။
ယူအမ်က ထုတ်ပေးလိုက်တဲ့ လက်မှတ်ဟာ မလေးရှားလို နိုင်ငံထက် ပိုပြီး အဆင့်မြင့်တဲ့ နိုင်ငံတခုကို ရောက်နိုင်တဲ့ လက်မှတ်တစောင်ပဲ ဆိုတာ ကျနော်သိတာပေါ့။
ဒါနဲ့ မြန်မာပြည်က မိသားစုကို ပြည်ပခေါ်ထုတ်ဖို့ စီစဉ်ရပါတယ်။ အဲဒီအချိန်မှာ သမီးကြီးက မြောက်ဥက္ကလာပမှာရှိတဲ့ ဆေးဝါးတက္ကသိုလ်ဆိုလား တက်နေတယ်။ သမီးငယ်က ကိုးတန်းနဲ့ သားငယ်က လေးတန်း တက်နေကြတယ်။ ကျနော့် မိသားစုက မွန်ပြည်နယ်မှာ နေကြတာပါ။ သူတို့နဲ့ ဆုံဖို့ ချိန်းလိုက်တဲ့နေရာကတော့ မြ၀တီနယ်စပ်က မဲဆောက်ဖက်ခြမ်း တံတားထိပ်မှာပါပဲ။
ကျနော်လည်း ကွာလာလမ်ပူကနေ မဲဆောက်ဆင်းဖို့ လိုအပ်တာတွေ ပြင်ဆင်ရပါတယ်။ အဓိက ကတော့ လိုအပ်တဲ့ ငွေကြေးစုဆောင်းရတာပါ။ ကျနော့်ဇနီးက ပြည်တွင်းကနေ ငွေနဲနဲပါးပါး ပြန်လွှဲ ပေးသလို၊ မလေးရှားမှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့ သြစတေလျနိုင်ငံ ဆစ်ဒနီမှာ နေကြတဲ့ သူငယ်ချင်းတွေ ကလည်း ငွေပို့ပေးကြပါတယ်။
ကျနော့် ခရီးစဉ်က ကွာလာလမ်ပူကနေ ထိုင်းနယ်စပ်ကို ဖြတ်၊ အဲဒီကနေ ဘန်ကောက်ကိုရောက်။ ပြီးတော့ မဲဆောက်ကို ညကားစီးမယ်ပေါ့။ မဲဆောက်ရောက်တော့ ကားဂိတ်မှာ ကျနော့်ကို လာကြိုသူက ကျောင်းသားတပ်မတော်က ဘိုကျောက် (ကိုမိုးကျော်ဦး) ပါ။ မဲဆောက်မှာ ကျနော် တည်းခဲ့တာက ကိုလွမ်းဏီတို့အိမ်မှာပါပဲ။ မဲဆောက်ရောက်တဲ့ မနက် ကားဂိတ်မှာ စောစောစီးစီး ရဲက ရောက်နေပါပြီ။ မဲဆောက်မှာ ရဲတွေက မြန်မာပဲ လိုက်ရှာနေကြပါတယ်။ နောက်မှ သိရတာက ရဲတွေ လည်း မဲဆောက်ကို ပြောင်းခွင့်ရဖို့ အထက်ကို လာဘ်ငွေတွေ ပေးခဲ့ရတာပဲတဲ့။ အဲဒီတော့ သူတို့လည်း ပြန်ရှာနိုင်မှ တန်ကာကြမယ်လေ။ အဲဒီ မနက်မှာတော့ ဘိုကျောက်နဲ့ ကျနော် ရဲမေးတာ မခံခဲ့ရပါဘူး။
ကျနော့် မိသားစုက လမ်းမှာ ရေကြီးနေလို့ဆိုပြီး မြ၀တီကို ချိန်းထားတာထက် တရက်နောက်ကျ ပြီး ရောက်လာပါတယ်။ သူတို့ မြ၀တီမှာ တညအိပ်၊ နောက်နေ့မနက် တံတားကူးလက်မှတ်လုပ်ပြီး ထိုင်းဖက်ကမ်းကို ရောက်တော့ ကျနော်နဲ့ ဆုံကြပြီပေါ့။ ကိုလွမ်းဏီတို့ အိမ်မှာ တည်းရင်း သူတို့ကို ဘန်ကောက်ခေါ်ဖို့ စီစဉ်ရပါတယ်။ အဓိက စီစဉ်ပေးသူကတော့ မအေးအေးမာပါ။ ကျနော်ကတော့ မဲဆောက်ရောက်တုံး အေအေပီပီရုံး၊ NLD (LA)၊ မိုးကြိုးသတင်းစာ စတဲ့ မြန်မာအဖွဲ့အစည်းတွေကို လိုက်လည်ရင်း အလုပ်ရှုပ်နေပါတယ်။
ကျနော်တို့ မိသားစု တတိယနိုင်ငံ သွားတဲ့ အခါ စကင်ဒီနေးဗီးယား နိုင်ငံတွေဖက်ရောက်ရင်တော့ သူတို့စာကို အေဘီစီဒီကနေ ပြန်သင်ရတာမို့ “ဖအေလည်းဒီစာ၊ သားလည်းဒီစာ” ဖြစ်လိမ့်လို့ မဲဆောက်က အဖွဲ့တွေက တင်ကြိုဟောကိန်းထုတ်ပါတယ်။ မဲဆောက်က လူတွေက တတိယနိုင်ငံ တွေအကြောင်း ကောင်းကောင်းသိနေကြပြီလေ။
ကျနော့် မိသားစုဟာ ပထမဆုံးအကြိမ် ပြည်ပမြေနင်းရတာမို့ အစစအရာရာ ကျနော်က ဦးဆောင်ရ ပါတယ်။ ထိုင်းစကားကို သူတို့ နားမလည်သလို မလေးရှားရောက်တော့လည်း မလေးတွေဘာပြော နေလဲ သူတို့ မသိပါဘူး။ ယူအမ်က အင်တာဗျူးတွေ ဒိန်းမတ်မစ်ရှင်က အင်တာဗျူးတွေမှာလည်း သူတို့က ငုတ်တုတ်ပါပဲ။ ကျနော်ကပဲ ဦးဆောင်ခဲ့ရတာပါ။
အဲ… ဒိန်းမတ်ရောက်လို့ ဒိန်းမတ်စာစသင်ကြတော့ မဲဆောက်က ပြောလိုက်သလို ပါပဲ။ သူတို့လည်း a for apple နဲ့ ကျနော်လည်း a for apple ကနေ စသင်ကြပါတယ်။ ကျောင်းတော့ မတူပါဘူး။ ကျနော်ရယ်၊ ဇနီးရယ် နဲ့ သမီးကြီးရယ်က လူကြီးတွေတက်ရတဲ့ ဒိန်းမတ်စကားသင်ကျောင်းကို သွားရပြီး အငယ်နှစ်ယောက်ကတော့ အိမ်နားက အထက်တန်းကျောင်းကိုပါ။ သမီးကြီးက ဒိန်းမတ် စကားသင်တဲ့ကျောင်းကို တနှစ်ခွဲနဲ့ ပြီးသွားသလို အငယ်လေးတွေကလည်း စာသင်ကျောင်းမှာ ဒီက ကလေးတွေနဲ့ အတူတူ ဆော့ကစားရင်း အပေါင်းအသင်း လုပ်ရင်း သင်သွားကြတာမို့ ကျနော်တို့ထက် ကို ဒိန်းမတ်လို အများကြီး တတ်လို့ နေပါပြီ။
အခုတော့ ဒီရောက်တာလည်း သုံးနှစ်ခွဲရှိသွားပြီဆိုတော့ ဒိန်းမတ်တွေ နဲ့ ဆက်ဆံရမယ့် ကိစ္စတွေ ဆိုရင် သူတို့ပဲ ကောင်းကောင်း နားလည်တာမို့ သူတို့ကိုပဲ …
“ ဟဲ့.. တို့ကို ကူညီနေတဲ့ Birte ဆီ ဖုန်းဆက်လိုက်စမ်း”
“ဟဲ့.. ဟိုမှာဒိန်းမတ်တယောက်၊ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်းနဲ့တူတယ်၊ ဘာတွေလာမေးနေလဲ မသိဘူး၊ စကားသွားပြောလိုက်စမ်း”
“ဒီမှာ မြို့နယ်ရုံးက စာလာတာ ဘာရေးထားမှန်းမသိဘူး၊ လာဖတ်ကြည့်စမ်း”
စသည်ဖြင့် ခိုင်းရပါတယ်။
အဲလိုတွေ ဖြစ်လာတယ်ဆိုတော့ တဖြည်းဖြည်းနဲ့ သူတို့တွေက ဦးဆောင်နေပြီး ကျနော်က နောက်ကို ရောက်နေပါပြီ။
အဲဒါကြောင့် မဲဆောက်က အဖွဲ့တွေနဲ့ ခုနေ ပြန်ဆုံရင် “ဖအေလည်းဒီစာ၊ သားလည်းဒီစာ” ဆိုတာ ကျောင်းတက်ခါစမှာပဲ စာတူပြီး နှစ်ကြာလာတာနဲ့အမျှ သားတွေ သမီးတွေက မိဘတွေထက် ပိုတတ်၊ ပိုနားလည်လာတယ်ဆိုတဲ့ အကြောင်း ပြောပြလိုက်ချင်ပါသေးတယ် ခင်ဗျာ ။ ။

ဓါတ်ပုံ (အပေါ်) ဒိန်းမတ်စာသင်ကျောင်းနှင့် ဆရာမတဦး

Saturday, October 18, 2008

(၁၃) သတင်းစာအသစ်တခု တည်ထောင်ခြင်း (ကြေးမုံဦးသောင်း)

ကြေးမုံသတင်းစာ စတင်ထုတ်ဝေသော ၁၉၅၇ ခု၊ ဧပြီလ (၁၆) ရက်နေ့သည် ကမ္ဘာကြီး အဖို့ပါ ထူးခြားသော နေ့တနေ့ ဖြစ်သည်ဟု ဆိုပါလျှင် ကားလွန်းသည်၊ ကြွားလွန်းသည်ဟု အပြစ်မတင်နိုင် ပါပေ။ သဒ္ဒါစာပေ ဖွဲ့စည်းမှုစည်းကမ်းအရလည်း ဒေါသမသင့်ပေ။ ထိုနေ့က မြန်မာနှစ်ဆန်း (၁) ရက် နေ့ ဖြစ်၏။ ကြေးမုံနှင့်အတူ ဖွားဘက်တော်များအဖြစ် အထောက်တော်သတင်းစာနှင့် ပြည်တော်စိုး သတင်းစာတို့ပါ သတင်းစာ (၃) စောင် ပြိုင်တူ ထွက်လာခဲ့သည်။ မြန်မာပြည်တွင်မက ကမ္ဘာမှာပင် သတင်းစာအသစ်တစောင် စတင်ထုတ်ဝေသည့်နေ့ ဟူ၍ များများမရှိခဲ့ပေ။ ယခုကဲ့သို့ သတင်းစာ အသစ် (၃) စောင် တပြိုင်တည်းထွက်သောနေ့ဟူ၍ ကမ္ဘာတွင် မရှိသေးပေ။ နောက်နောင်ကာလများ တွင်လည်း ရှိရန်မလွယ်ပါပေ။
အမေရိကန်နှင့် ရုရှအုပ်စု စစ်အေးကြီးကြောင့် မြန်မာစာနယ်ဇင်းလောကကြီး ယိုယွင်းသွားသည်ကို ၀မ်းနည်းဖွယ် ကြုံတွေ့ရသဖြင့် ကြေးမုံကို ပျိုးထောင်ခဲ့သည်။ မြန်မာသတင်းစာများမှာ အမေရိကန် သြဇာခံ လက်ျာသတင်းစာများနှင့် ရုရှသစ္စာခံ လက်ဝဲသတင်းစာများ ဟူ၍ (၂) မျိုးသာရှိနေသည်။ လက်ဝဲသတင်းစာများက အမေရိကန်ဟူသော ဝေါဟာရစာလုံးကို အသုံးပြုတိုင်း “အမေရိကန် နယ်ချဲ့သမား” ဟု ဂုဏ်ထူးဝိသေသန တပ်ဆင်ရေးသားလေ့ ရှိသည်။ လက်ျာသတင်းစာများကလည်း လက်ဝဲနိုင်ငံများ၏ အနယုတ္တသတင်းများကို ပုံကြီးချဲ့ကာ ရေးသားကြသည်။
ဗမာ့ခေတ်သတင်းစာသည် ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းစာဖြစ်သည်။ သို့ငြားလည်း တင်မောင် အဖို့ ဗမာ့ခေတ်တွင် အယ်ဒီတာချုပ်အဖြစ်အထိ တာဝန်ယူ လုပ်ကိုင်ခဲ့စဉ်က များစွာ လွတ်လပ်သည်။ ဗမာ့ခေတ်၏ မဟာမိတ်ဖြစ်သူ အမေရိကန် ဒီမိုကရေစီကို ဝေဖန်ရေးသားနိုင်သည်။ သို့သော် အမေရိကန်သံရုံးမှ ပို့ပေးသော ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းဆောင်းပါးများကို အများအပြား ဖော်ပြပေးရသည်ကိုမူ ဘ၀င်မကျ ဖြစ်မိသည်။
ဗမာ့ခေတ်မှာ မပျော်နိုင်သည့် အချက်တခု ရှိပါသေးသည်။ လစာနှုန်းထားကို မကျေမနပ်ဖြစ်မိသည်။ မြန်မာသတင်းစာလောကမှ အယ်ဒီတာချုပ်များကို ပေးသော လစာနှုန်းမှာ နေရှင်းအယ်ဒီတာချုပ် ဦးလောရုံ ရယူသော လစာ၏ လေးပုံတပုံသာ ရှိသည်ကိုလည်း မခံချင် ဖြစ်မိသည်။
ထိုအချိန်က တင်မောင်၏ ကိုယ်ပိုင် အပိုလုပ်ငန်းအဖြစ် သောကြာဟာသစာစောင်ကို ဆရာဇ၀နနှင့် ရှုမ၀ဦးကျော်၏ အကူအညီနှင့် ထုတ်ဝေရာ ရောင်းမလောက်အောင် လူကြိုက်များသည်အထိ ထူးထူး ခြားခြား အောင်မြင်မှု ရခဲ့သည်။ သတင်းစာတစောင်အရွယ် စက္ကူကို (၄) ခေါက် ခေါက်ကာ ချူပ်ပြီး တအုပ်တကျပ်နှုန်း ရောင်းခဲ့သည်။ စာမူအများကို မိမိဘာသာ ရေးသောကြောင့် ဆရာဇ၀န၏ စာမူအတွက် ဘီယာပုလင်းဖိုးမှ တပါး စရိတ်မကုန်လေသဖြင့် အချိန်အနည်းငယ်အတွင်းတွင် ငွေအစုလိုက် အပုံလိုက် ကိုင်နိုင်ခဲ့သည်။
ငွေကလေး ကြေးကလေး အိတ်ထဲရှိလာသောအခါတွင် ပြောရဲဆိုရဲ ရှိလာသည်။ ပိုင်ရှင် ဦးအုန်းခင် ထံ အရေးဆိုသည်။ ဗမာ့ခေတ်အမှုထမ်း အားလုံး လစာနှုန်း နိမ့်နေပါသည်။ ထိုကြောင့် တင်မောင်ကို သာမက စာစီကစပြီး သတင်းထောက်များ၊ အယ်ဒီတာများအထိ လစာတိုးပေးပါဟု လစာစာရင်းသစ် ကို တင်ပြကာ အရေးဆိုသည်။ တင်မောင်၏ လစာကို လက်ရှိ တလ (၄၀၀) နှုန်းမှ (၁၀၀၀) ကျပ် အထိ တက်ပေးရမည်ဟုလည်း တောင်းသည်။
“တယ်ဆိုတဲ့ ကောင်ပါလားကွ။ လစာ (၄၀၀) ကျပ်ရတဲ့ သူတယောက်က ပိုတောင်းနိုင်လှ (၅၀၀) ကျပ် ပေါ့” ဟု ဆရာကြီး ရွှေဥဒေါင်းက မှတ်ချက်ချသည်။
“နောက်ပြီးတော့ အမှုထမ်းအားလုံးအတွက် မင်းက လူမိုက်လုပ်တာကိုး” ဟု ပြောသေးသည်။ ဆရာကြီး ယူဆသည့်အတိုင်း ပိုင်ရှင်ဦးအုန်းခင်က လစာကို (၅၀၀) ကျပ်အထိ တိုးပေးရှာသည်။ လစာနှုန်းကို ထိုက်သင့်သလို ပေးပါဟု တောင်းစဉ်က မပေးလျှင် ဘာလုပ်မည်ဟု အစီအစဉ်မရှိ စေကာမူ မိမိတောင်းသည့်အတိုင်း မရသောအခါ တင်မောင်က လက်မခံဘဲ ဗမာ့ခေတ်အယ်ဒီတာချုပ် ရာထူးမှ ထွက်လိုက်မိသည်။ မိမိတွင် ၀င်ငွေရှိနေပြီဖြစ်သော်လည်း တန်ခိုးသြဇာကြီးမားသော အကြီးဆုံးသတင်းစာ၏ အယ်ဒီတာချုပ်ရာထူးမှ ထွက်လိုက်သောအခါတွင် မိမိကိုယ်မိမိ သိမ်ငယ်သူ တဦးအဖြစ် ခံစားမိသည်။ ထွန်းနေ့စဉ်နှင့် အိုးဝေတို့တွင် ၀င်ရောက်ပြီး ဆောင်းပါးများ ရေးမိရာမှ ဖြေသာသည်။
ဗမာ့ခေတ်မှ ထွက်ခြဲ့ပီးနောက် လအနည်းငယ်အတွင်းတွင် ကြေးမုံဂျာနယ်ကို စတင် တည်ထောင် သည်။ စောင်ရေ (၄၀၀၀) အထိ ရောင်းရသဖြင့် အောင်မြင်စေကာမူ သတင်းများ၊ ဆောင်းပါးများကို (၇) ရက် စောင့်ဆိုင်းပြီးမှ ရေးသားရသည်မှာ အားမလို အားမရ ဖြစ်လာသည်။ သတင်းကောင်းများ ရှာနိုင်ပါလျက် မရေးနိုင်သည်မှာ ခြေတုပ်ထားသကဲ့သို့ ခံရခက်သည်။
ကြေးမုံဂျာနယ်ထွက်ပြီး မကြာမီအတွင်း ဂျာနယ်မှတဆင့် နေ့စဉ်သတင်းစာသို့ ကူးပြောင်း တည်ထောင်ခဲ့လေသည်။
သောကြာစာစောင်က ရရှိထားသည့် ငွေရင်းအပြင် ဆွေမျိုးမိတ်ဆွေ (၅) ဦးနှင့် အိုးဝေကြော်ငြာ မန်နေဂျာ ဦးသော်ထံမှ ငွေရင်းအနည်းငယ် တောင်းခဲ့ပြီး ငွေရင်း အစုစု ကျပ်သုံးသောင်းမျှနှင့် တည်ထောင်သောအခါတွင် ဆရာဇ၀နနှင့် ကိုခင်မောင်ရီတို့ကိုလည်း အစုဝင် လာနိုင်ရန် လစာပိုပေးပြီး အစုရှင်များအဖြစ် ပါဝင်စေသည်။ ပထမဆုံးသော အယ်ဒီတာများ စုပေါင်းပိုင်ဆိုင်သည့် သတင်းစာဖြစ်ပြီး ထိုအချိန်က အတော်ဆုံး သတင်းထောက်များကို စည်းရုံးခေါ်ယူထားသဖြင့် တဟုန်ထိုး တိုးတက်ရောင်းချရတော့သည်။
နှစ်ဆန်း (၁) ရက်၊ ပထမနေ့က ကြေးမုံစောင်ရေ (၇၀၀၀) ပုံနှိပ်သည်ကို (၃၀၀၀) ရောင်းရသည်။ ဒုတိယနေ့တွင် (၃၈၀၀) ရောင်းရပြီး၊ တတိယနေ့တွင် (၄၅၀၀)၊ ပဉ္စမနေ့၌ (၇၀၀၀) ရောင်းရသဖြင့် (၅) ရက်အတွင်း သတင်းစာကြီးများနှင့် ရင်ပေါင်တန်းလိုက်နိုင်ခဲ့သည်။ တလကြာသောအခါတွင် စောင်ရေ (၁၃၀၀၀) ရောင်းရကာ သုံးလအကြာတွင် စောင်ရေ (၂၀၀၀၀) ရောင်းရသောကြောင့် မိခင် ဗမာ့ခေတ်ကို ကျော်လွန်ပြီး အကြီးဆုံး သတင်းစာ ဖြစ်လာခဲ့သည်။
ကြေးမုံကို လူထုက လက်ခံအားပေးသည်မှာ သတင်းထူး သတင်းဦးကို ရဲဝံ့စွာ ဖော်ပြနိုင်ခြင်းနှင့် မြန်မာ့ရှုထောင့်ကို ရှေ့ရှုသောမူဝါဒကြောင့် ဖြစ်သည်ဟု စာနယ်ဇင်းလောကက ယူဆကြသည်။ ထိုခေတ်က ဗမာ့ခေတ်မှတပါး သတင်းစာအများကို ငွေရှင်ကြေးရှင်များက ပိုင်ဆိုင်ပြီး သတင်းစာ လုပ်ငန်းကို ရှေးခေတ်ပုံစံအတိုင်း လုပ်ကိုင်ကြလေသည်။ အန္တရာယ်များမည့် သတင်းဆောင်းပါးများ ကို ရှောင်လေ့ရှိ၏။ ကြေးမုံနှင့် ဗမာ့ခေတ်ကမူ လူထုသိသင့်သည့် သတင်းကို ရရှိကြပါက မိမိတို့ ရင်ဆိုင်ကြရမည့် ဘေးရန်များကို သိကြပါလျက် တာဝန်ကျေပွန်စွာ ပုံနှိပ်ဖော်ပြလေ့ ရှိကြသည်။ ထို့ကြောင့် ကြေးမုံနှင့် ဗမာ့ခေတ်က ရှေ့က ပြေးခဲ့သည်။
“ဦးထုပ်နီကြီးတွေ အများကြီး၊ ကြယ်တွေ ကြွေကုန်ကြပြီ” ဟု မိတ်ဆွေ အယ်ဒီတာတဦးက သတင်းစ တခုကို ပေးသည်။ သူက စစ်တပ်ပိုင် သတင်းစာတွင် လုပ်ကိုင်သောကြောင့် သတင်းကို ဖော်ပြရန် မသင့်သဖြင့် တင်မောင်အား ပေးသည်။ တင်မောင်အဖို့ ထိုသတင်းကို ပုံနှိပ်ရန် မ၀ံ့မရဲဖြစ်ပြီး တရက် နှစ်ရက်တိုင်တိုင် ဆိုင်းငံကာ စဉ်းစားရပါသည်။
သတင်းမှာ “တပ်မတော် ထိပ်သီးစစ်ဗိုလ်ကြီး (၁၂) ဦးတို့ကို တပ်မတော်က အနားယူကြစေ။ တဦးကိုမူ ပြည်ပသို့ သံအမတ်အဖြစ် ထွက်စေ” ဟု ဗိုလ်ချုပ်ကြီးနေ၀င်းက ပြစ်ဒဏ်ခတ်သည့် သတင်းဖြစ်သည်။
၁၉၅၈ ခုနှစ်က ပထမဆုံး စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထိုစဉ်က ၀န်ကြီးအမည်မခံဘဲ ၀န်ကြီးရာထူးများကို ထမ်းရွက်ကြရသူ ဗိုလ်မှူးကြီးများ အပါအ၀င် ထိပ်သီးစစ်ဗိုလ်ကြီး အများကို ဗိုလ်ချုပ်ကြီးနေ၀င်းက မကျေနပ်သောကြောင့် အရေးယူသည်။ သူက နောက်တကြိမ် အာဏာသိမ်း ရန် အစီအစဉ်ကို အကွက်ရိုက်နေရာ၌ အာဏာသိမ်းချိန် ပိုင်ပိုင်နိုင်နိုင် ရှိစေရန်အတွက် သူ့ကို ပြန်ပြောဝံ့သူ စစ်ဗိုလ်ကြီးများကို ဖယ်ရှားသည်လည်း ဖြစ်၏။
ဗိုလ်ချုပ်နေ၀င်း၏ လုပ်နည်းလုပ်ဟန်မှာ လက်အောက်မှာရှိသော စစ်ဗိုလ်ကြီးအားလုံးကို သူ၏ လူယုံတော်၊ သူ့ကိုယ်ပိုင် စစ်စုံထောက်များနှင့် စောင့်ကြည့်နေလေ့ ရှိသည်။ သူက ကျေနပ်နေသည့် အချိန်တွင် မည်ရွေ့မည်မျှပင် ကြီးလေးသော ရာဇ၀တ်မှုကို ကျူးလွန်မိစေကာမူ မှတ်တမ်းမှာသာ တေးထားပြီး မည်သို့မျှ အရေးမယူဘဲ စောင့်ကြည့်နေလေသည်။ ထိုပုဂ္ဂိုလ်ကို သူမလိုလားသော အခါကျမှ အမှုတွဲကို လှန်ပြပြီး အရေးယူလေ့ရှိသည်။
တပ်မှူးများ ညီလာခံတွင် ဗိုလ်မှူးကြီးတဦးပြီးတဦး စင်မြင့်ပေါ်ခေါ်ပြီး မင်းက စစ်ဆင်ရေး ရန်ပုံငွေ တွေ ပြန်မအပ်ဘူး။ မင်းက ရွေးကောက်ပွဲမှာ ဘက်လိုက်တယ်။ မင်းက အမေရိကန် စီအိုင်အေနဲ့ ပလူးတယ် … စသည်ဖြင့် အသေးစိတ်ပြောပြပြီး တပ်မှ ထုတ်လေသဖြင့် အထုတ်ခံရသူများ မည်သူမှ ပြန်မလှန်နိုင်ဘဲ ခံကြရသော သတင်းကို အစုံရခဲ့သည်။
သတင်းအပြည့်အစုံကို ကြေးမုံမှာ တစောင်တည်း ဖော်ပြနိုင်ခဲ့သောနေ့က အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ပင် မသိကြသေးသောကြောင့် ၀န်ကြီးများက လူယုံတော်များကို စာရေးသူထံ စေလွှတ်ပြီး မေးကြရှာ သည်။ သတင်းမှန်၏ အောင်ပွဲနှင့်အတူ ဆက်တိုက်လာနိုင်သည့် ဂယက်ကို မြင်မိသောကြောင့် တင်မောင့်အဖို့ ရင်လှိုက်သည်းဖို တုန်လှုပ်ချောက်ချား ရပါသည်။ ဤသို့သော ခံစားချက်မျိုး ကြုံရ ခဲတော့သည်။
၁၉၅၈ ခုက အိမ်စောင့်အစိုးရ အမည်နှင့် စစ်တပ်က အာဏာသိမ်းစဉ်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း၏ မိန့်ခွန်းကို သူပြောသည့်အတိုင်း လုံးစေ့ပတ်စေ့ ပုံနှိပ်ဖော်ပြခြင်း မပြုဘဲ အတိုချုပ်ကာ ရေးသား ဖော်ပြခဲ့သည်။ ယင်းသို့ ဖော်ပြသဖြင့် တပ်မတော်အရာရှိများ စိတ်ဓာတ်ကျစေသည်ဟု ရုံးတော်သို့ အမှုတင်ကာ ကြေးမုံကို ပိတ်စေ၊ စက်သိမ်းစေ၊ အယ်ဒီတာ ထောင်ဒဏ်ကျခံစေဟု တရားစီရင်ခဲ့သည်။ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အစိုးရတက်လာမှ အမှုပြယ်သွားပါသည်။ ခဲမှန်ဖူး သည့် စာသူငယ်ဖြစ်သဖြင့် ဤတချီမှာ ဗိုလ်ချုပ်ကြီး စိတ်ဆိုးလျှင် မသက်သာဘူးဟု တွေးမိသော ကြောင့် များစွာ တုန်လှုပ်ခဲ့မိလေသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက တုန်နေအောင် စိတ်ဆိုးစေကာမူ သတင်းက မှန်သောကြောင့် တကြောင်း၊ ဖယ်ရှားလိုက်သူ စစ်ဗိုလ်ကြီးများက ပြန်တိုက်နိုင်သည့် အခွင့်အလမ်း ပေါ်လာမည်ကို စိုးရွံ့သဖြင့် တကြောင်း၊ ရာသက်ပန် အာဏာသိမ်းရန် မဟာစီမံကိန်းကြီး ရေးနေချိန်ဖြစ်သောကြောင့် တကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် အာဏာပြန်ပြီး ရယူသည့် သန့်ရှင်းဖဆပလ အစိုးရနှင့် ပဋိပက္ခ မဖြစ်လိုသော ကြောင့် တကြောင်းတို့ကြောင့် အရေးမယူရဲဘဲ အံခဲနေသည်ဟု ကြားသိရသည်။
ကြေးမုံအာဘော်နှင့် ပတ်သက်၍ မြန်မာ့ရှုထောင့်က မြင်ကြည့်သည့် သတင်းစာဖြစ်ရမည်။ ဘက်မလိုက်သည့် သတင်းစာ ဖြစ်ရစေမည်ဟု ကြိုးစားစေကာမူ သတင်းဖြစ်ပေါ် သမျှကို တင်ပြ ဝေဖန်ရာ၌ လွတ်လွတ်လပ်လပ် ရေးလေသဖြင့် လက်ဝဲ လက်ျာအင်အားစု (၂) ဘက်စလုံးက မကြည် ကြပါပေ။ “မင်းတို့က အနောက်အုပ်စုကို အသားပေးလွန်းတယ်” ဟု ဆရာ ဦးသိန်းဖေမြင့် က ဝေဖန်သည်။ ဆရာဦးညိုမြက တဖန် “ကြေးမုံက လက်ဝဲဘက်ကို ဘေးတီးပေးတယ်” ဟု အပြစ်တင် ပြန်သည်။ ။

Saturday, October 11, 2008

ကိုပင်ဟေဂင်



အမေရိကန် သမ္မတ ဂျော့ခ်ျဘုရှ်တို့ ဇနီးမောင်နှံ မြန်မာ့အရေး အားပေးဆောင်ရွက် နေကြတယ် ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် အမေရိကန် သမ္မတကြီး ဒိန်းမတ်ကို လာသွားတုံးက သူ့ကို ဆန္ဒပြတဲ့ အုပ်စုထဲ မြန်မာပြည် ဒီမိုကရေစီရဖို့ လိုလားတဲ့ ကျနော်ပါသွားခဲ့ဘူးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
UNHCR ရဲ့ အစီအစဉ်နဲ့ ဒိန်းမတ်အစိုးရက လက်ခံတဲ့ ဒုက္ခသည်တွေကို ဒိန်းမတ်နိုင်ငံရဲ့ လူစည်ကား တဲ့ မြို့တော်နဲ့ မြို့ကြီးတွေမှာ နေရာ ချထားပေးလေ့ မရှိပါဘူး။ လူနေကျဲပါးတဲ့ ဒေသတွေမှာ သုံးနှစ် အနည်းဆုံးနေပြီးမှ ကိုယ်ပြောင်းချင်တဲ့နေရာကို ပြောင်းရမယ်ဆိုတဲ့ စည်းကမ်းရှိပါတယ်။ အဲဒါကြောင့် ဒိန်းမတ်ကိုရောက်ပြီး လအတန်ကြာတဲ့အထိ မြို့တော်ကိုပင်ဟေဂင် ကို ကျနော် မရောက်ဘူးသေးပါ။ မြို့တော် နဲ့ ကျနော့်နေရာက ကီလိုမီတာ ၂၆၄ ဝေးကွာပြီးတော့ ပုံမှန်ပြေးဆွဲတဲ့ ဘတ်စကားလိုင်း မရှိပါဘူး။ အမြန်ရထားနဲ့သွားရမှာ ဖြစ်ပြီး အသွားအပြန် ရထားခ Kr. 600 (Danish Crown) နီးပါးရှိပြီး ယူအက်စ်ဒေါ်လာနဲ့ ဆို ၁၀၀ ကျော်ပါတယ်။ ဒိန်းမတ်ရောက်ခါစဆိုတော့ အလုပ်ကလည်း မရှိသေး၊ အစိုးရပေးတဲ့ ထောက်ပံ့ကြေးကလည်း နေရေးစားရေးအတွက်ပဲ လုံလောက်တာမို့ သွားရေးလာရေး အတွက် အပိုအလျှံမရှိပါ။
ဒီလိုနဲ့ ၂၀၀၅ ခုနှစ် ဂျူလိုင်လ ၅ ရက် ၆ ရက်တွေမှာ အမေရိကန်သမ္မတကြီးနဲ့ ဇနီးမောင်နှံ ဒိန်းမတ်ကို လာလည်မယ့် ခရီးစဉ်ရှိကြောင်း အင်တာနက်ကနေတဆင့် သိရပါတယ်။ တဆက်တည်းမှာပဲ အင်တာနက် ပေါ်က Group တွေက တဆင့် အမေရိကန်သမ္မတကို ဆန္ဒပြကြမယ်ဆိုတဲ့ စည်းရုံးလှုံ့ ဆော်မှုတွေကိုလည်း ဖတ်ရပါတယ်။ အဲဒီမှာ နိုင်ငံအနှံ့အပြားကနေ လာကြမယ့် ဆန္ဒပြသူတွေဟာ ဘယ်နေရာမှာ ဆုံကြမယ်၊ ဘယ်လိုလာကြမယ် ဆိုတာတွေလည်း သိနေရပါတယ်။ သူတို့တွေက ဘတ်စကားစုငှားပြီး မြို့တော်ကို သွားကြမှာ၊ ကားခကလည်း သက်သာတယ်ဆိုတော့ ကျနော်လည်း စိတ်ဝင်စားတာနဲ့ ကျနော့် မိတ်ဆွေကိုမိုက်ကယ်နဲ့ တိုင်ပင်တော့ သူကလည်း လိုက်မယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ တောမှာ နေတဲ့ ကျနော်တယောက် မြို့တော်ကို ပထမအကြိမ်ရောက်ဘူးပါတော့ တယ်။ ဆန္ဒပြသူတွေနဲ့ အတူသွားတာမို့ ဘတ်စကားက အမေရိကန်သံရုံးနဲ့ အနီးဆုံးနေရာမှာ သွားရပ် ပါတယ်။ ကားပေါ်က ဆင်းပြီး နဲနဲပဲ လမ်းလျှောက်ရသေးတယ်၊ စက်ဘီးအတိုက်ခံရတော့မလို့ဖြစ်သွား ရသေးတယ်။ တောသားမြို့ရောက်တာဆိုတော့ ဒီလိုပဲပေါ့နော်။ စက်ဘီးတွေကလည်း ဥဒဟိုသွား နေတယ်၊ စက်ဘီးလမ်း သီးသန့်ပေးထားတယ် ဆိုတာလည်း သတိမထားလိုက်မိဘူးလေ။ ကျနော် တို့ တောပိုင်းမှာက အဲလိုမှ မဟုတ်တာ။
သူတို့ဆီက ဆန္ဒပြတာကလည်း ကျနော်တို့မြန်မာပြည်မှာ တန်ဆောင်တိုင်မီးထွန်းပွဲလိုပါပဲ။ စတိတ်ခုံနဲ့ တီးဝိုင်းနဲ့ပါ။ အမေရိကန်သံရုံးရှေ့မှာ လူစုနေကြတာပါ။ အဲဒီမှာ အခုဧရာဝတီမှာ ဆောင်းပါးရေးနေတဲ့ ဝေမိုး၊ ကိုပင်ဟေဂင်မှာ နေကြတဲ့ ဘီးထော်နဲ့ ကိုဗညားတို့နဲ့လည်း ဆုံကြပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတဲ့ နိုင်ငံတွေဆိုတော့ လုံခြုံရေးရဲတွေ အသင့်အနေအထား ရှိနေသည့်တိုင် ဆန္ဒပြသူ တွေက အကြောက်အလန့်မရှိ ဥဒဟို သွားလာလှုပ်ရှားနေကြတာပါပဲ။ (ရွှေဝါရောင်တော်လှန်ရေး နှိမ်နှင်းစဉ် ရန်ကုန်မြို့က မြင်ကွင်းတွေနဲ့တော့ တခြားစီပါ)သတ်မှတ်ထားတဲ့ အချိန်ကိုရောက်တော့ အမေရိကန်သံရုံးရှေ့နေကနေ လွှတ်တော်အဆောက်အဦးဆီကို စီတန်းလမ်းလျှောက်ကြပါတယ်။ လွှတ်တော်ရှေ့ က ရင်ပြင်ရောက်ရင် စစ်ဆန့်ကျင်ရေးတရားပွဲတွေ လုပ်ကြပါလိမ့်မယ်။ ကျနော်တို့က အဲဒီတရားတွေနာဖို့ထက် မြို့တော်ကို လိုက်ကြည့်ချင်စိတ်က များနေတာမို့ လူအုပ်ကြီးနဲ့ လမ်းခွဲလိုက် ကြပါတယ်။ ကျနော်တို့ နဲ့ အတူပါလာတာက Danish Burma Committee မှာ လုပ်အားပေးလုပ်နေ တဲ့ ဒိန်းမတ်လူငယ် သောမတ်စ် ပါ။ သူက အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တာမို့ သူရှင်းပြတာ နားထောင်ရင်း ကိုပင်ဟေဂင်ကို အချိန်ရသလောက် လည်ခဲ့ကြပါတယ်။ အသွားအပြန်ကားခ သက်သာတယ်ဆိုပေမယ့် အဲဒီနေ့က နေ့ချင်းပြန် ခရီးနှင်ရတာမို့ လူလည်း အတော်ပင်ပန်းသွားခဲ့ရ ကြောင်းပါ ခင်ဗျား ။ ။

ဓါတ်ပုံ (အပေါ်) ကိုပင်ဟေဂင် အမေရိကန်သံရုံးရှေ့ (သောမတ်(စ်)၊ ကိုဂျွန်၊ ဒိန်းရှစ်ရှ်ဘားမားမှ လူငယ်တဦး၊ ကိုဗညား၊ ကိုဘီးထော်၊ ကိုမိုက်ကယ်)
ဓါတ်ပုံ (အောက်) Google map direction (from my house to Copenhagen)



View Larger Map