Friday, June 25, 2010

ကျနော် ယာဉ်မောင်းလိုင်စင်ဖြေစဉ်က

ကျနော် ဒိန်းမတ်မှာ ယာဉ်မောင်းလိုင်စင်ယူတုံးက ဖြေရတဲ့စာမေးပွဲ အတွေ့အကြုံလေး ပြောပြချင်ပါတယ်။ လိုင်စင်ရဖို့ သင်တန်းတက်ဖြစ်တဲ့အကြောင်းကိုတော့ “တတိယနိုင်ငံရောက် တတိယကမ္ဘာကလူ” ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဘူးပါတယ်။ အခုဟာက စာမေးပွဲအတွေ့အကြုံပါ။
သင်တန်းကာလမှာ တပတ်ကို တရက် စာတွေ့တွေ သင်ပေးသလို လက်တွေ့လည်း မောင်းနေရပါတယ်။ စာတွေ့ကိုတော့ အိမ်မှာလည်း အွန်လိုင်းကနေလေ့ကျင့်ဖို့ စီစဉ်ပေးထားပါတယ်။ စာတွေ့ဖြေတဲ့အခါမှာ မေးခွန်း အပုဒ်ကြီး (၂၅) ပုဒ်မေးမယ်။ အပုဒ်ကြီးတပုဒ်မှာ အပုဒ်သေး ၃ ပုဒ် (သို့) လေးပုဒ် ပါနိုင်ပြီး အပုဒ်သေးအားလုံးမှန်မှ အပုဒ်ကြီး တပုဒ်မှန်ပါတယ်။ မေးခွန်း (၂၅) ပုဒ်မှာတော့ အကုန်မှန်စရာ မလိုပါဘူး။ (၅) ပုဒ်အထိ မှားခွင့်ပေးတာကြောင့် အပုဒ် (၂၀) မှန်ရင် အောင်ပါတယ်။
အွန်လိုင်းမှာ အစမ်းဖြေကြည့်တဲ့အခါ အစပိုင်းမှာ အမှားတွေများပေမယ့် လေ့ကျင့်ရင်းနဲ့ အမှားနဲလာပြီး ၂ ပုဒ်မှား၊ ၃ ပုဒ်မှား၊ ၄ ပုဒ်မှား၊ ၅ ပုဒ်မှားတွေနဲ့ အောင်တာများလာပါတယ်။ အဲဒီလိုဖြစ်လာတော့ ဖြေဖို့ အဆင်သင့်ဖြစ်ပြီလို့ အွန်လိုင်းက မီးစိမ်းပြပေးပါတယ်။
ဒီလိုနဲ့ စာမေးပွဲဖြေရမယ့် နေ့ကို ရောက်လာရော ဆိုပါတော့။ စိတ်ကိုငြိမ်ငြိမ်ထား၊ အသက်ကို မှန်မှန်ရှု၊ မကြောက်နဲ့ ဖြေသာဖြေ - ဒါက ကိုယ့်ဖာသာကိုယ်အားပေးတာပါ။ ခက်တာက စာမေးပွဲမှာ မေးတဲ့ မေးခွန်းပါ ဓာတ်ပုံတွေက အွန်လိုင်းမှာ လေ့ကျင့်ထားတဲ့ ဓါတ်ပုံတွေနဲ့မတူပါဘူး။ စာတွေ အသံတွေက သဘောတရားချင်းအတူတူမို့ ဓါတ်ပုံမတူလည်း ဖြေနိုင်မယ်ဆိုပေမယ့် ဘာသာစကားမှာ အားနဲတဲ့ ကျနော်တို့မှာ ဓါတ်ပုံတွေအားကိုးပြီး မှတ်ထားရတာမို့ စာမေးပွဲခန်းထဲမှာ ချွေးပြန်ခဲ့ရပါတယ်။
အဲဒါကြောင့်ပဲ အောင်စာရင်းထွက်လာတော့ (၆) ပုဒ်မှားပြီး မအောင်ပါဘူး။ အဲဒါနဲ့ နောက်တကြိမ်ထပ်ဖြေဖို့ စာပြန်လုပ်ရပြန်ပါတယ်။ ညနေပိုင်းသင်ပေးတဲ့ စာတွေ့သင်တန်းကိုလည်း ပြန်တက်ရပါတယ်။ ဒီတခါတော့ ဆရာမအသစ်နဲ့ သင်ရပါတယ်။ အဲဒီမှာ ဆရာမက ဘာပြောလဲဆိုတော့ ကျနော်တို့လို ဒိန်းမတ်လူမျိုးမဟုတ်သူ နိုင်ငံခြားသားများဟာ အွန်လိုင်းမှာ လေ့ကျင့်တဲ့အခါ (၂၅) ပုဒ်လုံးအောင်နေအောင် ဖြေထားရပါမယ်တဲ့။ အဲဒီလို ဖြေထားနိုင်မှ တကယ့်စာမေးပွဲမှာ (၅) ပုဒ်မှားနဲ့ အောင်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိဘာသာစကား မဟုတ်တဲ့အတွက်ကြောင့်ပါတဲ့။
အဲဒါနဲ့ ဒီတခါတော့ ကျနော်လည်း အွန်လိုင်းမှာ လေ့ကျင့်တဲ့အခါ ဖြေလိုက်တိုင်း အကုန်မှန်၊ အပုဒ်တိုင်းမှန်၊ အမှားလုံးဝမရှိအောင် ဆက်တိုက်လေ့ကျင့်ပါတော့တယ်။ နောက်ဆုံးဝက်ဘ်ဆိုဒ်ကတောင် ကျနော့်ကို မသင်္ကာဖြစ်လာပြီး မေးလားမြန်းလားလုပ်ပါတော့တယ်။ အကောင့်တခုနဲ့ လူ (၂) ဦးသုံးနေတယ်လို့ ထင်သွားလား မသိပါဘူးဗျာ။
ဒါပေမယ့်လည်း အွန်လိုင်းမှာ အဲဒီလို လေ့ကျင့်လိုက်တဲ့အတွက်ကြောင့်ပဲ ဒီတခါ ဖြေတော့ (၅) ပုဒ်မှားပြီး ယာဉ်မောင်းလိုင်စင်အတွက် စာတွေ့ကို အောင်လာခဲ့ရပါတယ်။
စာတွေ့အောင်ပြီးလို့ လက်တွေ့ဖြေတဲ့အခါမှာတော့ ကျနော်မောင်းပြတာကို ရဲက တကြိမ်တည်းနဲ့ အအောင်ပေးလိုက်တာကြောင့် ယာဉ်မောင်းလိုင်စင် ရခဲ့ပါတော့တယ်။
အဲဒါကြောင့် ကျနော့် အတွေ့အကြုံအရ ကျနော်တို့တတွေဟာ ကျောင်းတွေ သင်တန်းတွေ တက်တဲ့အခါ ဉာဏ်အလွန်ထက်သူများအတွက် သိပ်ကြိုးစားစရာ မလိုပေမယ့် သာမာန်လောက်သာ ဉာဏ်ကောင်းသူများအဖို့ ၀ီရိယ ပိုစိုက်ဖို့ လိုအပ်ကြောင်း ဖောက်သည်ချလိုက်ရပါတယ်ခင်ဗျား…။

Saturday, June 19, 2010

(၄၇) စစ်ဗိုလ်တို့၏ လောဘနှင့်ဒေါသ (ကြေးမုံဦးသောင်း)

ပြည်သူပိုင်သတင်းစာများ အုပ်ချုပ်ရေးဘုတ်အဖွဲ့တွင်းသို့ သတင်းစာများ ကြီးကြပ်ရေးမှူးအဖြစ် တင်မောင်စတင် ၀င်ရောက်အမှုထမ်းစဉ်က ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌမှာ လေတပ်မှ ဗိုလ်ကြီးအဆင့်ရှိသော လူငယ်စစ်ဗိုလ်ကလေး ဖြစ်ပါသည်။ အရပ်သားအစိုးရ ၀န်ထမ်းအဖွဲ့များသို့ စေလွှတ်သော စစ်ဗိုလ်များကို အရပ်သားတို့ထက် အဆင့်မြင့်စေရန် ရာထူးတိုးမြှင့်ပြီးမှ စေလွှတ်လေ့ရှိသော စစ်တပ်၏ ပြောင်းတလုံးပို၍ရှုစေဟူသော မူအရ ပြန်ကြားရေးဌာနသို့ ဗိုလ်မှူးအဖြစ် ၀င်လာပါသည်။
အမှန်အားဖြင့်လည်း သူသည် ရာထူးတက်နိုင်သော အရည်အသွေး တင်းပြည့်ကျပ်ပြည့် ရှိပါသည်။ သူ၏ အထက်မှ စစ်ဗိုလ်ကြီးများ သည်းခြေကြိုက်လုပ်ငန်းများကို သွက်လက်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ပါသည်။
သူ၏ ပထမဆုံးသော လုပ်ရပ်မှာ အိမ်တွင်းရုပ်ရှင်ပြသရေးအဖွဲ့ကလေးများ ဖွဲ့ပါသည်။ ပြန်ကြားရေးဌာနက နိုင်ငံခြားရုပ်ရှင်၊ အမေရိကန်ရုပ်ရှင်များကို ငှားရမ်းကာ ပြည်သူပိုင်ရုံများသို့ ရုံတင်သော စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ဆောင်ပါသည်။ သူက ပြည်သူတို့ကို မပြရသေးသော ရုပ်ရှင်များကို ၀န်ကြီးများအိမ်များသို့ သွားရောက်ပြသပေးသည်။ “ခေါင်းဆောင်ကြီးများသည် နိုင်ငံတော်၏ တာဝန်များကို ပင်ပန်းစွာ ထမ်းဆောင်နေပါ သဖြင့် အပန်းဖြေရန် လိုအပ်ပါသည်။ ရုပ်ရှင်ရုံများသို့ မိသားစုနှင့် သွားရောက်၍ အရပ်သားပရိသတ်တို့နှင့် တိုးဝှေ့ကာ လက်မှတ်ဝယ်ယူကြည့်ရှုရန် မသင့်ပါ” ဟု စာတစောင်ရေးကာ တင်ပြသောအခါ ၀န်ကြီးတိုင်းက သူ၏ ပုခုံးကို သပ်ကြပါသည်။ ၀န်ကြီးကတော်များ၊ သားတော်သမီးတော်များက ဂျိမ်းစ်ဘွန်းအသစ် မရောက်သေးဘူးလားဟု တရင်းတနှီး ဖုန်းဆက်ကြပါသည်။ ၀န်ကြီးတချို့အား ယောက်ျားသားများသာစုကာ သီးသန့်ပွဲအဖြစ် ခပ်ကြမ်းကြမ်း၊ ခပ်ပြာပြာရုပ်ရှင်ကားများကို သီးသန့်ပွဲ ပြသသေးလေရာ ဗိုလ်မှူးကလေးသည် တော်လှန်ရေးကောင်စီ၏ သည်းခြေကြိုက် ဗိုလ်မှူးဖြစ်လာပါသည်။
အပြောကလည်း သွက်လှပါ၏။ အထက်စစ်ဗိုလ်များက တစုံတရာပြောလျှင် ယင်းစစ်ဗိုလ်ကြီးပါးစပ်မပိတ်မီ “ဟုတ်ကဲ့ဗိုလ်ချုပ်” ဟု တစက္ကန့်၏ အပုံတရာပုံ တပုံခန့် ကာလအတွင်း မဆိုင်းမတွ ပြောနိုင်သူဖြစ်ပါသည်။ အထက်စစ်ဗိုလ်ကြီးများကို “ဟုတ်ကဲ့” ဟူသော စကားလုံးကိုသာ ပြန်ပြောရာတွင် အသံက မြန်လွန်းသဖြင့် “ယောက်” သို့မဟုတ် “ဟုတ်” ဟု အသံမပီမသ ထွက်ပါသည်။ သို့သော် အထက်လူကြီးက ဟုတ်ကဲ့ဟု ဖြေကြား ကြောင်း နားလည်စေအောင် ပြောနိုင်သည်မှာ ထူးကဲသော အရည်အချင်းဖြစ်၏။
အထက်လူကြီးများကို ဟုတ်တလုံးနှင့် ဖြေလေ့ရှိသော်လည်း အောက်လူများကို ဆက်ဆံရာတွင် ညစ်ညမ်းစုတ်ပဲ့စွာ ဆဲရေးလေ့ရှိပါသည်။
သူတို့စစ်တပ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက စတင်ကာ ဖရုဿဝါစာ ညစ်ညမ်းသော စကားများကို တစ်တစ်ခွခွ နားမချမ်းသာအောင် ပြောဆိုဆဲရေးလေ့ရှိပါသည်။ တော်လှန်ရေးကောင်စီဝင် ထိပ်သီးဗိုလ်မှူးကြီး မှန်သမျှကို ဗိုလ်နေ၀င်းက မကြားဝံ့မနာသာ ဆဲရေးသည်ကို မကြာခဏ ကြုံတွေ့ရပါသည်။ အရပ်သားတင်မောင်တို့ သတင်းစာဆရာများ မျက်မှောက်တွင် အဆဲခံရသော ဗိုလ်မှူးကြီးများသည် ရှက်ရှက်နှင့် ပြုံးဖြဲဖြဲ ခံကြရသည်ကို တွေ့ရသဖြင့် အားတုံ့အားနာ ဖြစ်မိပါသည်။
ဗိုလ်နေ၀င်းဆဲသည်ကို ခံနေကြရသော ဗိုလ်မှူးကြီးများကလည်း သူတို့လက်အောက်ရှိ ဗိုလ်မှူးများ၊ ဗိုလ်ကြီးများကို ဆဲရေးကြပြန်ပါသည်။ နောက်တဆင့် ဗိုလ်မှူးများ၊ ဗိုလ်ကြီးများကတဖန် လက်အောက်ငယ်သားများကို ဆဲရေး ဆက်ဆံလေ့ရှိပါသည်။ ဗိုလ်နေ၀င်းက အရပ်သားအရာရှိများကို မဆဲဝံ့ပါ။ ပြန်ကန်ပါက အရှက်ကွဲလေမည်ကို ကြောက်ဟန်တူပါ၏။
သတင်းစာများကို အုပ်ချုပ်ရသော ဗိုလ်မှူးကလည်း ရိုင်းပျစွာ ဆဲရေးလေ့ရှိရာတွင် ခံပုံမပေါ်သူတို့ကို ရှောင်လေ့ရှိပါသည်။ လူကြီးများ ဖြစ်ကြသဖြင့် ဆရာခေါ်ကာ ရိုသေရသည်မို့ တိုက်ရိုက်မဆဲဝံ့ပါ။ တနေ့တွင် သတင်းစာများ ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးသို့ အစည်းအဝေးမတက်နိုင်သူ မန္တလေးမှ အယ်ဒီတာချုပ်၏ အစီရင်ခံစာတွဲကြီး ရောက်လာသောအခါ ဗိုလ်မှူးက ဖိုင်တွဲကြီးကို လွှင့်ပစ်ပြီး ရက်ရက်စက်စက်၊ ပယ်ပယ်နယ်နယ် ဆဲရေးပါတော့သည်။ အဖွဲ့ဝင် အယ်ဒီတာချုပ်ကြီးများနှင့် မန်နေဂျာများပါ အရာရှိကြီးနှစ်ဆယ်တို့မှာ နားမချမ်းသာ ကြစေကာမူ မိမိတို့ကို ဆဲရေးသည်မဟုတ်သဖြင့် ခေါင်းငုံ့ကာ မျက်နှာလွှဲနေကြရရှာပါသည်။
နောက်တပတ် မန္တလေးမှ အယ်ဒီတာချုပ်ရောက်လာသောအခါ သီးသန့်တွေ့ဆုံပြီး “ခင်ဗျားကို ဆဲတာမဟုတ်ဘူးဗျို့၊ ဟိုကောင်ကြီးတွေကို ဆဲချင်လွန်းလို့ ဆဲခဲ့ရတာပါ” ဟု နှစ်ကိုယ်ကြား ချွေးသိပ်ပြန်သည်။ မန္တလေးနှင့် ရန်ကုန်အယ်ဒီတာများကို သွေးကွဲအောင် ဆဲရေးသည် ဖြစ်ပါသည်။ တခွန်းတခါတည်း ဆဲရုံနှင့် နှစ်ဦး နှစ်ဘက်တို့ကို နစ်နာစေရန်၊ နှစ်ကြိမ်နှစ်ခါဆဲသကဲ့သို့ ထိရောက်အောင် ဆဲနိုင်သည်အထိ ယုတ်မာသူ ဖြစ်သည်။
လာဘ်ခေါ် လာဘ်တောင်းပညာကိုလည်း ကျွမ်းကျင်သူ ဖြစ်ပါသည်။ အယ်ဒီတာချုပ်တဦးက ကြော်ငြာ ကိုယ်စားလှယ်ထံမှ ဆန်အိတ်ကို ရယူကာ ပေးဆက်ရပါသည်။
ပြန်ကြားရေးဝန်ကြီး လက်အောက်မှာရှိသော ကြက်ခြေနီအဖွဲ့ကို မကြာခဏသွားလေ့ရှိပါသည်။ လေဘေး၊ ရေဘေး၊ မီးဘေးဒုက္ခသည်များအတွက် အမေရိကန်မှ ပေးပို့သော ဂွမ်းစောင်များကို ဗိုလ်မှူးက ဗိုလ်ချုပ်ကြီးကို ပြသသောအခါ “ကောင်းလွန်းတယ်၊ လူထုနဲ့မတန်ဘူး။ မပေးနဲ့၊ တပ်က ဆေးရုံတွေမှာသုံး” ဟု အမိန့်ချခဲ့ပါသည်။
တခါတွင် မြန်မာနိုင်ငံ၌ ကျောက်ရောဂါဖြစ်ပွားရာ၊ ရုရှမှ လေယာဉ်ပျံနှင့် ကျောက်ရောဂါထိုးဆေးများ လှူဒါန်းရာ အသစ်လာသော ရုရှကျောက်ဆေးများကို တပ်မတော်က သုံးစေပြီး လူထုကို မြန်မာပြည်တွင် ထုတ်လုပ်သော ကျောက်ဆေးများသာ သုံးစေပါသည်။ မြန်မာနိုင်ငံလုပ် ကျောက်ဆေးမှာ ဆေးထိုးသူအဖို့ ဂယက်မပြန်ပါ။ ရုရှ ကျောက်ဆေးမှာ ဆေးထိုးသူတိုင်း ဖျားစေသည့် ဂယက်ရှိလေရာ တပ်မတော်တခုလုံး အပြင်းဖျားကြရဖူးပါသည်။
ယင်းသို့ စစ်ဗိုလ်ပီသစွာ လောဘထူပြီး အောက်လူများကို ဆဲရေးလေ့ရှိသည့် ဗိုလ်မှူးနှင့် ခပ်ခွာခွာနေသော တင်မောင်ပင် သူ၏ လာဘ်ပွဲစားဖြစ်ရပါသေးသည်။ တင်မောင်၏ တာဝန်အရပ်ရပ်မှာ နိုင်ငံခြားသံရုံးများက ဧည့်ခံပွဲများ၊ သတင်းစာရှင်းပွဲများ ကျင်းပလိုပါက ဆက်သွယ်စီစဉ်ပေးရပါသည်။ ဖိတ်စာများသည် တင်မောင်၏ ရုံးမှတဆင့် တက်ရောက်သင့်သူများကို ဝေငှရပါသည်။ “နာတာလူးပွဲကာလ” သံရုံးနိုင်ငံတို့၏ နေ့ထူးနေ့မြတ်ကာလတို့တွင် သတင်းစာဆရာများကို လက်ဆောင်များပေးကြရာတွင်လည်း တင်မောင်၏ ရုံးမှတဆင့် ပေးလေ့ရှိပါသည်။ ဗိုလ်မှူးအတွက် ရရှိသော အရက်ပုလင်းများကို သွားရောက်ပေးပို့တိုင်း “ဆရာက အရက်မသောက်တော့ နားမလည်တာခက်တာပဲ။ ဂျော်နီဝါ့ကားဝီစကီဆိုတာ Black Label မှ ကောင်းတာဗျ” ဟု အကြိမ်ကြိမ် ပြောသဖြင့် သံရုံးများသို့ Black Label ကိုသာ ပေးရန်၊ ဧည့်ခံပွဲ ညစာစားပွဲတို့တွင် Black Label နှင့် ဧည့်ခံပါရန် ပွဲစားလုပ်ခဲ့ရပါသည်။
တနေ့တွင် မြောက်ကိုရီးယားသံရုံးမှ သံတဦး တင်မောင်ထံရောက်လာပြီး သူတို့နိုင်ငံ၏ ခေါင်းဆောင်ကြီး ကင်အီဆွန်က သတင်းစာကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်မှူးအတွက် လက်ဆောင်တော်ပေးဆက်လိုသဖြင့် အခမ်းအနားတခု စီစဉ်ပေးပါဟု ပြောပါသည်။ အစည်းအဝေးတွင် တင်ပြသောအခါ လက်ဆောင်ဟူသော စကားလုံးကို ရွတ်ဆိုလိုက်သည်နှင့် ဗိုလ်မှူးက ပြုံးသွားပါသည်။ “ဘာလက်ဆောင်လဲဗျ” ဟု မေးရှာပါ၏။ “သံမှူးက ထုတ်ဖော်မပြောပါ၊ သံအမတ်ကြီးကိုယ်တိုင်က ပေးလိုပါတယ်လို့ ပြောသည်မှာ ထူးခြားသည်” ဟု ရှင်းပြရပါသည်။ “ပြည်သူ့ကိုးရီးယားနိုင်ငံမှာ တိုးတက်နေတယ်။ မော်တော်ကားတွေ ထွက်နေပြီတဲ့၊ ဗိုလ်မှူးကို မော်တော်ကားများ ပေးမယ်ထင်တယ်” ဟု လက်နက်ချ ကွန်မြူနစ် အယ်ဒီတာချုပ်ကြီးက ထင်မြင်ချက်ပေးသည်။ ရေဒီယိုပေးမှာပါဟု တဦးက မှန်းဆပါသည်။ အဖြေကို တင်မောင်လည်း မသိပါ။
လက်ဆောင်တော်ပေးပွဲကို အဖွဲ့ခန်းမတွင် အဖွဲ့က လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံကာ ကျင်းပပါသည်။ မြောက်ကိုရီးယားသံရုံးတဖွဲ့လုံး ကြွလာပါသည်။ ကြီးမားသော အထုပ်ကြီးတထုပ်ကို သံအမတ်ကြီးကိုယ်တိုင် တရိုတသေ သယ်ဆောင်လာပါသည်။
မိန့်ခွန်းရှည်ကြီးများပေးပြီးမှ လက်ဆောင်မွန်ကို ပေးအပ်ပါသည်။ လက်ဆောင်ထုပ်ကြီးကို ဖွင့်လိုက်သောအခါ ခေါင်းဆောင်ကြီး ကင်အီဆွန်က သူ၏ ကိုယ်စား ထွင်းထုထားသော ရုပ်ပွားတော်တဆူဖြစ်နေပါသည်။ တင်ခုံကလေးပါ ပါသေးပြီး ထိုခုံ၌ ခေါင်းဆောင်ကြီး ကင်အီဆွန်၏ အဆိုအမိန့်တပိုဒ် ရေးသားထားပါသည်။
ကျောက်ရုပ်ထုမှာ ပြောင်မြောက်သော ပန်းပုဆရာတဦး၏ လက်ရာဖြစ်သဖြင့် ကောင်းမွန်လှပပါသည်။ အနုပညာ တန်ဖိုးမြင့်ပါသည်။ ဗိုလ်မှူးက သဘောမကျပါ။ သံအဖွဲ့ ပြန်သွားသည်နှင့် “ဒီအရုပ်ကြီးကို ကျုပ်က ဘယ်မှာ သုံးရမှာလဲဗျ” ဟု ဒေါသူပုန်ထကာ ကိုရီးယားတို့အား မိုးမွှန်အောင် ဆဲရေးပါတော့သည်။ ။

Friday, June 11, 2010

(၄၆) လွှတ်တော်မှ ဘ၀သံသရာပြက်လုံး (ကြေးမုံဦးသောင်း)

ဖြစ်ချင်တာတွေလဲ မဖြစ်ရတာ - မဖြစ်ချင်တာတွေလဲ ဖြစ်ရတာ - ဟူသော ဆရာသုခ၏ ဘ၀သံသရာ တေးသဘောတရားကို အာဏာရှင်ကြီး၊ ပင်စင်စားကြီး ဦးနေ၀င်း ရင်ဆိုင်ရရှာသည်ကို သူ၏ ပုဂ္ဂလိကပိုင် ပြည်သူ့ လွှတ်တော်ခန်းမရင်ပြင်တွင် တွေ့မြင်ရသဖြင့် တရားကျမိသည်။ နောက်တီးနောက်တောက် လှောင်ပြောင်လေ့ရှိသော လာကော လောကကြီး၏ ပြက်လုံးကို `အုန်းကနဲ` ရယ်မိသည်။
၁၉၇၄ ခု အခြေခံဥပဒေကြီးကို လူထုကြီးက တခဲနက်ထောက်ခံမဲပေးကြပြီးနောက် ပြည်သူ့လွှတ်တော်အတွက် ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများ ရွေးကောက်ပွဲကို ကျင်းပပါသည်။ ရွေးကောက်ပွဲမတိုင်မီတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက တပ်မတော်မှ အနားယူရာတွင် နောက်တော်ပါ ဗိုလ်မှူးကြီး (၂၀) တို့ကပါ အနားယူကာ အရပ်သား ပင်စင်စားကြီးများ ဖြစ်လာကြပါသည်။
ခေတ်ဟောင်းကကဲ့သို့ ဖောက်ပြန်သူအမတ်မဖြစ်နိုင်စေရန် စီစဉ်ထားပါသည်။ လူထုအဖို့လည်း ပင်ပင်ပန်းပန်း လူရွေးရန်မလိုရအောင် မည်သူမည်ဝါသည် ပြည်သူ့ကိုယ်စားလှယ် ဖြစ်သင့်သည်ဟု အမတ်လောင်းများကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရွေးချယ်ပေးပါသည်။ လူထုကြီးတာဝန်မှာ (၉၉) ရာခိုင်နှုန်း ထောက်ခံမဲပေးကြရန် ဖြစ်ပါသည်။
စစ်တပ်မှ အနားယူခဲ့သော ဦးနေ၀င်းနှင့် ဗိုလ်လူထွက် (၂၀) အပါအ၀င် သင့်လျော်သူများကို ပါတီက ရွေးပြီး အရွေးခံစေပါသည်။ ယင်းသို့ လူထုက မဲပေးတင်မြှောက်သော အမတ်မင်း (၄၅၁) ဦးတို့သည် ပြည်သူ့လွှတ်တော် ခန်းမဆောင်တွင် တနှစ်သုံးကြိမ် ညီလာခံကြပြီး ဥပဒေပြုကြပါသည်။ ၁၅ ရာခိုင်နှုန်းက အရပ်သားကျောင်းဆရာများ၊ ဆရာဝန်များနှင့် လူမျိုးစုကိုယ်စားလှယ်များ ဖြစ်ကြပါသည်။ (၈၅) ရာခိုင်နှုန်းသော အမတ်မင်းများက စစ်ဝတ်စုံကို ချွတ်ပြီးတောင်ရှည်ပုဆိုးဝတ်ထားသည့် ဗိုလ်လူထွက်များ ဖြစ်ပါသည်။ ထိုကြောင့် အစည်းအဝေးများသည် အသက်မပါသော အခမ်းအနားများ ဖြစ်နေသည်။ ၀န်ကြီးများ တင်ပြသော အဆိုမှန်သမျှ တို့ကို ထောက်ခံကြသဖြင့် စိတ်ဝင်စားစရာတကွက်မှ မရှိပါ။ သတင်းစာဦးစီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ပြီး လေ့လာကြရပါသည်။
အမတ်များက ထောက်ခံကြမည့် မိန့်ခွန်းမှန်သမျှကို လွှတ်တော်ရုံးကို (၇) ရက် တင်ကြိုပေးရပါသည်။ ပြောခွင့်ပြုသည်တို့ကို တည်းဖြတ်ပြီး စာမူကို သတင်းစာများက (၂) ရက် တင်ကြိုရရှိလေရာ အိမ်၌ အိပ်နေရင်း သတင်းရေးနိုင်ပါသည်။ ဝေဖန်ချက်ရေးနိုင်ပါသည်။
ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ပါလီမန်အစည်းအဝေးကို တက်ရောက်သတင်းယူကြရသည့် နားထောင်ကြရသည့် ပရိသတ်များအဖို့ လွန်စွာ သနားစရာကောင်းပါသည်။ တော်ပါသေးသည်။ ဧည့်သည်တော်များကို ခန်းမကြီး၏ နောက်ပိုင်းတွင် နေရာပေးထားသဖြင့် တင်မောင်တို့ လူတစုမှာ ဇိမ်ကျကျနှင့် ၀တ္ထုဖတ်နိုင်ကြပါသည်။
ထိုထက်ကောင်းသည်များ ရှိပါသေးသည်။ လွှတ်တော်အမတ်မင်းများအတွက် အထူးဖွင့်ပေးထားသော ကုန်သွယ်ရေးကော်ပိုရေးရှင်း စားသောက်ဆိုင်နှင့် အထူးကုန်စုံဆိုင်တွင် စာရေးသူတို့ ၀ယ်ယူစားသောက်ခွင့် ရရှိကြသည်မှာ မဟာအခွင့်အရေးဖြစ်ပါ၏။
နံနက်စာ တရုတ်၊ကုလား၊ မြန်မာဟင်းထမင်းမှာ ဆီစိုစို၊ နံနွင်းစိုစို၊ ဆန်ကောင်းကောင်းနှင့် ချက်ထားပါသည်။ သမ္မတကြီး ဦးနေ၀င်းနှင့် ၀န်ကြီးများပါ ၀ယ်ယူစားသောက်ကြသဖြင့် ဈေးနှုန်းကလည်း အပြင်ကနှုန်းထက် အဆများစွာ သက်သာပါသည်။ နေ့လည်စာ ကော်ဖီလက်ဖက်ရည်ကလည်း ကောင်းလှပါသည်။ ထိုအချိန်က ပြင်ပလောကတွင် သကြားပြတ်နေသောကြောင့် လက်ဖက်ရည်ဆိုင်များက ချိုချဉ်များကို မှောင်ခိုဝယ်ပြီး ဖျော်ကြရလေသဖြင့် ကော်ဖီ၊ လက်ဖက်ရည် နီပြာဝါစိမ်းများကို သောက်နေကြရပါသည်။ ကမ္ဘာမှာ အံမခန်း ဖြစ်စေသည့် အစိမ်းရောင်ကော်ဖီ၊ အပြာရောင်လက်ဖက်ရည် စသည်တို့ကို မြန်မာနိုင်ငံ၌ တီထွင်နေသည့် အချိန် ဖြစ်ပါသည်။ သမ္မတကြီးနှင့်တကွ ၀န်ကြီးများ၊ အမတ်မင်းများ၊ သတင်းစာဆရာများတို့တတွေမှာ သကြားဖြူဖြူနှင့် ဖျော်ထားသော ကော်ဖီလက်ဖက်ရည် မုန့်ကောင်းပဲကောင်းများကို တမူးတမတ်နှင့် ၀ယ်ယူစားကြရသည့် စည်းစိမ်ကမူ ကြီးမားပါ၏။
ထိုထက်ကောင်းသည်မှာ အထူးကုန်စုံဆိုင်၌ အမတ်မင်းများအတွက် သွားပွတ်တံ၊ သွားတိုက်ဆေး၊ မိလ္လာစက္ကူ စသော အပြင်တွင် ၀ယ်လို့မရနိုင်သည့် ပစ္စည်းများ ရောင်းချသည်ကို တင်မောင်တို့ပါ ၀ယ်ခွင့်ရပါသည်။
မုတ်ဆိတ်ရိတ်ဓား ပြတ်တောက်သွားသောကြောင့် မြန်မာယောက်ျားမှန်သမျှ ဗိုလ်မုတ်ဆိတ်များ ဖြစ်နေရသည့် အချိန်တွင် မုတ်ဆိတ်ရိတ်ဓား သုံးချောင်းစီ ရောင်းသဖြင့် ပွဲတော်ကြီး ဖြစ်နေသည်။
အမှန်ကို ၀န်ခံရလျှင် တင်မောင်၏ အလုပ်ဝတ္တရားအရ သံရုံးများသို့ ၀င်ထွက်သွားလာနေသဖြင့် အမေရိကန်သံရုံးနှင့် ရုရှသံရုံးမှ မိတ်ဆွေများက လိုသမျှပစ္စည်းကို သံတမန်ဆိုင်က ၀ယ်ပေးလေ့ရှိကြပါသည်။ နိုင်ငံခြားသို့ မကြာခဏသွားရသဖြင့် ထိုပစ္စည်းများ မလိုပါ။ လွှတ်တော်နှင့် ညီလာခံကြီးများတွင် ရောင်းသော ပစ္စည်းမှန်သမျှကို ၀ယ်ယူပြီး ရုံးမှုထမ်းတွေကို တဆင့်ခွဲဝေပေးလေ့ရှိသောကြောင့် ရုံးအုပ်ကြီးမှ လက်နှိပ်စက် စာရေးမများ၊ ရုံးစေများအထိ တင်မောင်၏ အမှုကိစ္စမှန်သမျှကို ပြုံးရွှင်သွက်လက်စွာ လုပ်ကိုင်ပေးလေ့ ရှိကြပါသည်။
တနေ့တွင် `စောင်တွေရမယ်တဲ့၊ ဆရာသမားတို့` ဟု သတင်းထောက်ကြီးတဦးက သတင်းပေးပါသည်။ အိန္ဒိယမှ တင်သွင်းသော စောင်အကောင်းစားများကို ပါလီမန်တွင် ရောင်းမည်ဟု ပြောသံကြားရသောအခါ `ရွာရှိမိဘများကို ကန်တော့ရန်အတွက် တစုံဝယ်ခွင့်ရအောင် ကြိုးစားကွာ` ဟု ပြောမိပါသည်။ အယ်ဒီတာချုပ်ကြီးများကလည်း နှစ်ထည်စီ လိုချင်ကြရှာပါသည်။ အားလုံးစုပြီး လွှတ်တော်တွင်းတွင် ဖွင့်ထားသော အထူးဆိုင်သို့ သွားကြပါသည်။
`မလွယ်ဘူးဆရာတို့` ဟု ဆိုင်မန်နေဂျာက ရှင်းပြပါသည်။ ရုံးချုပ်က အမတ် (၄၅၁) ဦးအတွက် စောင် (၄၅၁) စောင်သာ ကွက်တိပို့ပေးတယ်။ စောင်မလိုသဖြင့် မ၀ယ်လိုသော အမတ်မင်းများ ရှိမှသာ သတင်းစာဆရာများကို ရောင်းပါမည်ဟု ဆိုရှာပါသည်။ တင်မောင်သည် စိတ်ပျက်မိပါသည်။ မြန်မာတနိုင်ငံလုံးတွင် စောင်ပျောက်နေသည် မှာ ကြာပြီ ဖြစ်သည်။ အညာဒေသတွင် စောင်မခြုံနိုင်သဖြင့် ဂုန်နီအိတ်ကို ခြုံကြရရှာသဖြင့် ဂုန်နီအိတ်များကို `နေ၀င်းစောင်` ဟု ခေါ်ဝေါ်နေကြပါသည်။ အမတ်မင်းများလည်း စောင်များ လိုချင်ကြမည် ဖြစ်ပါသည်။ ၀န်ကြီးများကမူ အထူးထက်ထူးသော စပါယ်ရှယ်အထူးဆိုင်မှာ စောင်ဝယ်နိုင်ကြသဖြင့် ၀ယ်ကောင်းမှ ၀ယ်ပါမည်။ သူတို့ မ၀ယ်ကြစေကာမူ သတင်းစာဆရာများ အားလုံးကို ရောင်းချနိုင်မည်မဟုတ်ပါ။ ထိုကြောင့် ၀န်ကြီးများ၊ အမတ်များ မ၀ယ်သော စောင်များရှိပါက ကျန်ကောက်ဝယ်ယူခွင့်ပေးရန် သတင်းစာဆရာများ အဆင့်ဆင့်ဦးစားပေး မဟာဒုတ်မဲပင် နှိုက်ကြပါသေးသည်။ တင်မောင်၏ မဲအဆင့်မှာ အမှတ်ငါးဖြစ်သဖြင့် အမတ် ငါးပါးက စောင်မ၀ယ်ပါက စောင်တထည်ဝယ်ခွင့်ရရန် သေချာနေပါသည်။
ထူထဲသော သက္ကလပ်စောင်ကို နှစ်ထည်တွဲ ပလတ်စတစ်အိတ်နှင့် ထည့်ထားပြီး အလွယ်တကူ သယ်နိုင်ရန် လက်ကိုင်ကွင်းနှင့် လှပစွာ တံဆိပ်ရိုက်ထားသော တပေခန့်မြင့်သည့် စောင်ထုပ်များကို မျှော်တလင့်လင့် ကြည့်မိပါသည်။
အမတ်မင်းများထံမှ စာရင်းရောက်လာသောအခါ စောင်မ၀ယ်လိုသူ တဦးတယောက်မှ မရှိပါ။ အစည်းအဝေး နားချိန်တွင် လာရောက်ကြကာ အားလုံးဝယ်ကြပါသည်။ ပြဿနာမှာ စောင်ဝယ်ပြီးနောက် စောင်ထုပ်ကြီးများကို ထားစရာမရှိဖြစ်နေရှာပါသည်။ လုံခြုံရေးအရ အိမ်တော်၊ လွှတ်တော်ဝင်းအတွင်းသို့ ကားနှင့် မ၀င်ကြရဘဲ ၀င်းဝမှ ခြေလျင်ဝင်ကြရပါသည်။ ထိုကြောင့် စောင်ထုပ်ကြီးများကို ခေါင်းပေါင်းများ တလူလူနှင့် အစည်းအဝေးခန်းမတွင်း သို့ သယ်ကြကာ မိမိတို့ ကုလားထိုင်များတွင် ချကာ ထိုင်ကြပါသည်။ သတင်းစာဆရာများက မနာလိုစွာ မျက်စောင်းထိုးမိကြပါသည်။
လွှတ်တော်အစည်းဝေးခန်းမဆောင်တွင် ကုလားထိုင် (၆၀၀) ရှိပါသည်။ အားလုံးညီတူ ဖြစ်ပါသည်။ သို့သော် ရှေ့တန်းမှ ကုလားထိုင်တလုံးမှာ (၉) လက်မ ပိုမို မြင့်ပါသည်။ အမတ်မင်း ဦးနေ၀င်း ထိုင်ရန် ထားရှိပါသည်။
၁၉၆၂ ခုနှစ်၊ အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းတွင် လက်သမားကျော်များကို ဆင့်ခေါ်ကာ သာမန်ကုလားထိုင်များထက် ခြေထောက် (၉) လက်မမြင့်သော အထူးကုလားထိုင်ကြီးတလုံးကို ဆောက်လုပ်စေ ပါသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အရာရှိများ၊ စစ်ဗိုလ်များနှင့် တွေ့ဆုံတိုင်း ကုလားထိုင်အမြင့်ကြီးနှင့် ထိုင်ကာ အားလုံးထက် (၉) လက်မ မြင့်အောင်နေပြီး ခေါင်းငုံ့ကြည့်လေ့ရှိပါသည်။ နယ်သို့ ခရီးထွက်တိုင်း ကုလားထိုင်မြင့် ကြီးကို သယ်သွားပါသည်။ တခါတရံကားနှင့် ခရီးထွက်သွားရာမှ လိုရာဒေသသို့ရောက်သောအခါ ကုလားထိုင်သယ်သည့် ကားနောက်ကျနေပါက ဗိုလ်ချုပ်ကြီးက မထိုင်သေးဘဲ မတ်တပ်စောင့်နေကာ ကုလားထိုင် ရောက်လာမှ အပေါ်စီးမှ ထိုင်လေ့ရှိပါသည်။ ထိုကုလားထိုင်မြင့်ကြီးကို မည်သူမှ ထိုင်ခွင့်မရှိအောင် တလုံးသာ လုပ်ထားပါသည်။ လွှတ်တော်ဆောက်သောအခါတွင် ခန်းမ၌ ဦးနေ၀င်းထိုင်ရန် (၉) လက်မအမြင့် ကုလားထိုင်တလုံး လုပ်ရပြန်ပါသည်။ ဦးနေ၀င်း အစည်းအဝေးမတက်သော နေ့များတွင် ထိုအထူး (၉) လက်မမြင့် ကုလားထိုင်ကြီးကို အ၀တ်အုပ်ထားပါသည်။
ယင်းကဲ့သို့ ဦးနေ၀င်းက သူတကာထက် အမြဲတစေ (၉) လက်မမြင့်အောင် စီစဉ်ထားသော်ငြားလည်း အမတ်မင်းများ စောင်ဝယ်ကြသောနေ့က အမတ်မင်းများအားလုံးတို့က စောင်ထုပ်ကြီးများကို ဖင်ခုထိုင်ကြသောကြောင့် ဦးနေ၀င်းတယောက်မှ လူပုလေးတဦး ဖြစ်သွားရှာသည်ကို စာနယ်ဇင်းဆရာကြီးများ ကျိတ်ကျိတ် တိုးတိုး ဟက်ဟက်ပက်ပက် ရယ်မိကြပါသည်။
ငါကိုယ်တော်သည် လူအများထက် အမြင့်မှာ ရှိစေရမည်ဟု ဖြစ်ချင်သလို ဖြစ်ရအောင် တိတိကျကျ စီစဉ်ထားစေကာမူ ဘ၀ဟူသည်မှာ ဖြစ်ချင်တိုင်း မဖြစ်ရသည်များလည်း ရှိတတ်ပါပေ၏။ ။

Friday, June 4, 2010

သားဖွားငှက်

ကျနော်လည်း ဘလော့ဂ်မှာ ဟုတ်တိပတ်တိ ပို့စ်မရေးဖြစ်ပဲ ဘီလူးတို့ရွာကိုပဲ ရိုက်တင်နေမိတယ်။ လုံးဝမရေးချင်လို့ မရေးပဲနေတာတော့ မဟုတ်ပါဘူး။ ရေးဖြစ်တာလေးတွေတော့ ရှိပါတယ်။ သိပ်မကြိုက်တာနဲ့ မတင်ဖြစ်တာပါ။ သူများတွေ ရေးထားတာကို “နတ်ကရာ ကြည့်မောရင်း” ကိုယ့်ဟာကိုယ်တော့ မရေးဖြစ်ဘူး ဖြစ်နေပါတယ်။ ပြီးတော့ ဘလော့ဂ်လောကမှာလည်း အရင်က ရေးအားကောင်းသူတွေတောင် စာရေးကျဲလာတာကို တွေ့ရတယ်။ သူတို့ကို ကြည့်ရင်း ကိုယ်ပါအချောင်ခိုသလို ဖြစ်နေတာလည်း တကယ်တော့ သိပ်မဟုတ်သေးပါဘူး။ ဒါနဲ့ ရေးအုံးမှပါ ဆိုပြီး အကြောင်းအရာ ရှာလိုက်တော့ “သားဖွားငှက်” ကို သွားတွေ့ပါတယ်။
“သားဖွားငှက်” ဆိုတာက ကျနော့်ဖာသာ နာမည်ပေးထားတာပါ။ တကယ်တော့ “ငှက်ကျား” ပါ။ ဒိန်းမတ်မှာ တခါတရံ အိမ်ရှေ့မှာ ငှက်ရုပ်တခုကို တွေ့ရတတ်ပါတယ်။


ငှက်နှုတ်သီးမှာ ပုခက်အသေးလေးတခုရယ်၊ ပုခက်ထဲမှာ ခလေးအရုပ်တခုရယ် ရှိပါတယ်။ ခလေးအရုပ်ကို ချိတ်တာဆိုတော့ ကျနော်က သားဆုပန်တယ်လို့ ထင်နေတာ၊ နောက်မေးကြည့်တော့မှ ခလေးမွေးဖွားကြောင်း အထိမ်းအမှတ်နဲ့ ချိတ်ဆွဲထားတာလို့ သိရပါတယ်။ “ငှက်ကျား” ရဲ့ သင်္ကေတကိုက လူဦးရေပွားစီးကြောင်းကို ပြတာပါတဲ့။ ငှက်လည်ပင်းမှာ စီးထားတဲ့ ဖဲကြိုးက အပြာရောင်ဆိုရင် ယောက်ျားလေး၊ ပန်းရောင်ဆိုရင် မိန်းခလေး မွေးဖွားကြောင်းပါတဲ့။
တကယ်တော့ ဒိန်းမတ်နိုင်ငံမှာ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၅ သန်းခွဲ ရှိပြီး ဧရိယာအားဖြင့် မြန်မာနိုင်ငံရဲ့ ပြည်နယ်တခုစာလောက်သာ ကျယ်ဝန်းပါတယ်။ မိသားစု တစုချင်းစီအလိုက် သားသမီးယူတဲ့နှုန်းက ၁.၇ ရာနှုန်းသာ ရှိတော့တာမို့ တအိမ်ထောင်မှာ ခလေးက ၂ ယောက်တောင်မပြည့်ချင်တော့ပါဘူး။ ခလေးမွေးဖွားနှုန်းရယ် သက်ကြီးရွယ်အို သေဆုံးမှုနှုန်းရယ်က မတိမ်းမယိမ်းဖြစ်လာတဲ့အခါ ရေရှည် ဒီနိုင်ငံမှာ လူဦးရေက နည်းသထက်နည်းလာဖို့သာ ရှိပါတော့တယ်။ အဲဒါကြောင့်လည်း ဒိန်းမတ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်အရ တနှစ်ကို လူငါးရာ လက်ခံနေရဆဲပါ။ ဒါကလည်း လူကို မွေးစားယူတဲ့ သဘောပါပဲ။
အခုနောက်ပိုင်း တခြားနိုင်ငံကနေ ၀င်လာသူတွေကတော့ ယခင်အရှေ့ဥရောပနိုင်ငံဟောင်းများမှ ဖြစ်ပါတယ်။ ပိုလန်နဲ့ ရိုမေးနီးယားအစရှိတဲ့နိုင်ငံများဟာ အီးယူအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်လာတာမို့ အနောက်ဥရောပကို လာတဲ့အခါ ဗီဇာတွေဘာတွေ ယူစရာမလိုတော့ပါဘူး။ ဒိန်းမတ်မှာ ပိုလန်တွေနဲ့ ရိုမေးနီးယားတွေ အလုပ်လာလုပ် ကြတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း အလုပ်ရှာရခက်တာရယ်၊ လူနေမှုစားရိတ်ကြီးမြင့်တာတွေရယ်ကြောင့် ကိုပင်ဟေဂင်မြို့တော်နားတ၀ိုက်က သစ်ပင်တွေရှိတဲ့ တောအုပ်တွေကြားထဲမှာ ရိုမေးနီးယားတွေ တဲထိုးပြီး အိပ်နေတာကို ရဲတွေက မောင်းထုတ်ကြောင်း သတင်းစာမှာ တွေ့ရပါတယ်။ တောထဲကနေပဲ မောင်းထုတ်လို့ရပါတယ်။ အီးယူအဖွဲ့ဝင်ထဲကဖြစ်တာကြောင့် နိုင်ငံကနေတော့ မောင်းထုတ်လို့ မရပါဘူး။
အခြားနိုင်ငံများမှ အလည်ဗီဇာနဲ့ဝင်လာပြီး နေထိုင်ခွင့်လျှောက်ထားသူကတော့ ကမ့်မှာသွားနေရပါတယ်။ မြန်မာတယောက် ကမ့်ဝင်တဲ့အကြောင်းကိုတော့ “အဝေးဆုံးနေရာ (သို့) Sandholm ကမ့်” ဆိုတဲ့ ပို့စ်မှာ ကျနော် ရေးခဲ့ဘူးပါသေးတယ်။
ကျနော်လည်း ဒိန်းမတ်တွေ သားသမီးရတနာရတဲ့အခါ အိမ်ရှေ့မှာ ငှက်ရုပ်ချိတ်ဆွဲတဲ့ ဓလေ့ကို ရေးရင်းနဲ့ လူဦးရေနဲ့ လူဝင်မှုအကြောင်းရောက်သွားတယ်။ တကယ်တော့ ဒိန်းမတ်တွေရဲ့ ယဉ်ကျေးမှုတွေကို လေ့လာတင်ပြသင့်ပေမယ့် ကျနော့်မှာ သူတို့ဆက်ဆံတဲ့အခါ ဘာသာစကားတံတိုင်းက ခံနေသေးတာမို့ အခက်အခဲတွေ ရှိနေသေးပါကြောင်း ပြောရင်းနဲ့ ဒီတပတ်တော့ ဒီမျှသာ ဟု …. ။ ။