Friday, June 26, 2020

ဖရိုလန်းပန်းခြံနှင့် နော်ဝေးခရီးစဉ်


ဖရိုလန်းပန်းခြံနှင့် နော်ဝေးခရီးစဉ်

ကိုဗစ်ပြီးလို့ ခရီးသွားတာမဟုတ်ပေမယ့် ခရီးသွားခွင့်ပြုလို့ ကိုဗစ်အစီအမံတွေကြားထဲကနေ ကျွန်တော်တို့ ဇနီးမောင်နှံ နော်ဝေးကို အလည်ရောက်သွားခဲ့ကြတာပါ။ ‌ပထမတခေါက် လေယာဉ်ခရီးစဉ်နဲ့ အော်စလိုကို ရောက်စဉ်က မြို့အနှံ့လိုက်ပြသူက ကိုသက်ထွန်းဦး၊ အခုတခေါက်မှာတော့ ဒိန်းမတ်မြောက်ပိုင်းကနေ သင်္ဘောဖြင့် သွားကြမှာ ဖြစ်ပြီး ဦးတည်ရာက ဖရိုလန်း Froland မြို့မှာရှိတဲ့ “ဂျွန်မန်း”ဆီသို့ ဖြစ်ပါတယ်။ ကိုသက်ထွန်းဦးနဲ့ ဂျွန်မန်းတို့က မိမိနှင့်အတူ မလေးရှားမှာကတည်းက နိုင်ငံရေး တက်ကြွသူများအ‌ဖြစ် ဆက်သွယ်မှုတွေ ရှိခဲ့ကြသူများပါပဲ။ အခုတော့ မင်းတပ်မြို့သား ဆလိုင်းဂျွန်မန်းဟာ နော်ဝေးနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကော်မတီရဲ့ ဥက္ကဌ ဖြစ်နေပါပြီ။ ကျွန်တော်တို့ လာမည့်အကြောင်း သတင်းပါးလိုက်ပြီး ဒိန်းမတ်ဘက်ခြမ်း Hirtshals မြို့နဲ့ နော်ဝေးဘက်ခြမ်း Kristiansand မြို့ကို တစ်နေ့ နှစ်ခေါက် ပုံမှန် ပြေးဆွဲနေတဲ့ သင်္ဘောလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူလိုက်ပါတယ်။ ခရီးသည် နှစ်ဦးနဲ့ ကားတစ်စီး အသွားအပြန်ခရီးအတွက် ဒိန်းမတ်ခရိုနာ ၂၀၀၀ (ယူအက်စ် ဒေါ်လာ ၃၀၀ ခန့်) ကျသင့်ပါတယ်။ ဇွန်လ (၁၉) ရက်နေ့မှာ စတင်ခရီးထွက်ခဲ့ပြီး အိမ်ကနေ သင်္ဘောဆိပ်‌‌ရောက်အောင် ၃ နာရီ ကားမောင်းရပါတယ်။ သင်္ဘောကုမ္ပဏီ နှစ်ခု ရှိပြီး ကျနော်တို့ စီးနင်းလိုက်ပါမယ့်လိုင်းက color line ပါ။ သင်္ဘောကြီးကို တွေ့လို့ ဓါတ်ပုံရိုက်ပြီး အွန်လိုင်းတင်လိုက်တာနဲ့ ဖေ့ဘွတ်မှာ “လိုက်”တွေ စရနေပါပြီ။
သင်္ဘောပေါ်မှာ ခရီးသည်က သိပ်မများလို့ နေရာတွေလည်း ချောင်ပါတယ်။ ဖြတ်သန်းခုတ်မောင်းချိန် လေးနာရီဝန်းကျင်ရှိပြီး သင်္ဘောပေါ်မှာ စားသောက်ဆိုင်တွေ ရှိတာမို့ ထိုင်ခုံလက်မှတ်မဝယ်ဘဲ စီးနင်းလိုက်ပါလို့လည်း ရပါတယ်။ အခွန်လွတ်အရောင်းဆိုင်လည်း ရှိတာမို့ အချိုရည်ဗူး၊ ဘီယာ၊ အယ်လ်ကိုဟောနဲ့ စီးကရက်တွေ စျေးသက်သာစွာ ဝယ်ယူနိုင်ပါတယ်။ နော်ဝေးငွေနဲ့ ဒိန်းမတ်ပိုက်ဆံက ဘတ်တိုက်ကျပ်တိုက် မဟုတ်ဘဲ လောလောဆယ်မှာ ဒိန်းမတ်က မြင့်နေပါတယ်။ သင်္ဘောပေါ်က ၂၅ ခရိုနာတန် ကော်ဖီဟာ ဒိန်းမတ်ငွေနဲ့ ၁၈  ခရိုနာပဲ ကျသင့်ပါတယ်။
နော်ဝေးဘက်ကမ်းကို ‌ရောက်ပြီး ဖရိုလန်းမြို့ကို ကားတစ်နာရီကျော်လောက် မောင်းရပါတယ်။ နော်ဝေးက ကားလမ်းတွေ ဒိန်းမတ်နဲ့ မတူတာကတော့ တောတောင်သစ်ပင်တွေကြား ဖောက်ထားရတာဖြစ်လို့ လမ်းတွေ ကျဉ်းနေတာပါပဲ။ ဆလိုင်းဂျွန်မန်းနဲ့ သူ့အိမ်မှာပဲ ဆုံကြပါတယ်။ ခေတ္တအနားယူပြီး ညအိပ်မယ့် ပန်းခြံကို ရောက်တော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ တက်မယ့် ဧည့်သည်တွေလည်း ‌ရောက်လာကြပါပြီ။ အနီးနားမြို့ဖြစ်တဲ့ သင်္ဘောဆိပ်မြို့ ခရစ်စတန်ဆန်းက ကိုကျော်စိုးတို့ အဖွဲ့တွေပဲ ဖြစ်ကြပါတယ်။ မွေးနေ့ပွဲကို နောက်တစ်နေ့မှာကျင်းပမှာဆိုတော့ တညကြိုလာကြပြီး ပန်းခြံမှာပဲ တဲထိုး ညအိပ်ကြဖို့ စီစဉ်ခဲ့ကြတာပါ။ ပန်းခြံက ရေကန်ထဲမှာပဲ နှစ်ထပ်ဖောင်စီးဖို့နဲ့ တစ်ယောက်စီး လက်လှော်လှေလေးတွေ စီးဖို့ကိုလည်း ဂျွန်မန်းက စီစဉ်ထားပါသေးတယ်။ ဖောင်ပေါ်မှာပဲ မွေးနေ့ရှင်အတွက် ဆုတောင်းစကားတွေ ပြောကြပြီး ဗီဒီယိုဖိုင်ကို တိုက်ရိုက် အွန်လိုင်းပေါ်တင်ပေးပါတယ်။ မွေးနေ့ပွဲ အကြိုညခင်းလေးဟာ အပြင်မှာနေလို့ မရလောက်အောင် အနှောက်အယှက်ပေးနေတဲ့ မွှားကောင်လေးတွေကြောင့် သာသာယာယာတော့ မဖြစ်ခဲ့ပါဘူး။
တကယ်တော့ ဝှဲချီးကျင်းပဖို့ ကြံရွယ်ထားတဲ့ အမေစုရဲ့ (၇၅) နှစ်မြောက် စိန်ရတု မွေးနေ့ပွဲဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ဖျက်သိမ်းလိုက်ရတာပါ။ ဇွန်လ (၁၅) ရက်နေ့ ‌နောက်ပိုင်း ဒိန်းမတ်နဲ့ နော်ဝေးနယ်စပ်ကို ပြန်ဖွင့်ပေးတာကြောင့် ကျွန်တော်တို့ ရောက်လာသလို ဖျက်သိမ်းလိုက်ရတဲ့ မွေးနေ့ပွဲကို သစ်ပင် (၇၅) ပင်စိုက်ခြင်းအားဖြင့် အစားထိုးကျင်းပဖို့ ပန်းခြံကော်မတီက ဆုံးဖြတ်ခဲ့တာမို့ ဇွန်လ (၂၀) ရက်နေ့ နေ့လည် တစ်နာရီမှာ ချင်းတိုင်းရင်းသားတွေ အများစုဖြစ်တဲ့ ဖရိုလန်မြို့ခံတွေရယ်၊ ကိုကျော်စိုးတို့ အဖွဲ့ရယ်၊ ရောက်လာနိုင်သမျှသော ဧည့်သည် အနည်းငယ်နဲ့ပဲ ကျင်းပဖြစ်ခဲ့ပါတယ်။ အခမ်းအနားဓါတ်ပုံများနဲ့ ဗီဒီယိုများကိုတော့ ဖေ့စ်ဘွတ်ခ်ရဲ့ ပန်းခြံစာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။
မွေးနေ့အခန်းအနားပြီးတော့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ရီဆောမြို့ Risør က ကိုငယ်ဇော်ဆီကို ထွက်လာခဲ့ပါတယ်။ သူ့တိုက်ခန်းမှာ တည်းခိုရင်း၊ သူချက်ပြုတ်ကျွေးမွေးတာကို စားသောက်ရင်း စကားတွေလည်း ပြောကြ၊ မြို့ကို လှည့်ပတ်ကြည့်ရှုပြီး ဓါတ်ပုံရိုက်ကြနဲ့ အချိန်ဟာ တိုတောင်းလွန်းပါတယ်။ မြန်မာပြည်က ဇာတ်မင်းသားတဖြစ်လဲ ပန်းချီဆရာနေတဲ့ မြို့ကလေးကလည်း သူ့သဘာဝကိုက အနုပညာဆန်နေတော့တာပါပဲ။
တနင်္ဂနွေနေ့ နေ့လည် ကိုငယ်ဇော်တို့ မြို့ကနေ နှုတ်ဆက်ထွက်ခွာလာတဲ့ ကျွန်တော်တို့ ဇနီးမောင်နှံဟာ ဒိန်းမတ်က လာတုံးက ဆိုက်ရောက်ရာ ဖြစ်တဲ့ သင်္ဘောဆိပ်မြို့ Kristiansand ကို ကားပြန်မောင်းလာခဲ့ကြပါတယ်။ ကိုကျော်စိုး စီစဉ်ပေးတဲ့ မြန်မာအိမ်တစ်အိမ်မှာ တည်းရင်း သူတို့တွေရဲ့ အလုပ်အကိုင်နဲ့ အိမ်ပိုင်နဲ့ အဆင်ပြေတဲ့ မိသားစုဘဝတွေကို မြင်ခွင့်ရခဲ့ပါတယ်။  
နောက်တနေ့မှာတော့ ကားသုံးနာရီကျော်မောင်းရတဲ့ စတာဗန်ဂါ Stavanger ကို ထွက်လာခဲ့ကြပါတယ်။ ‌‌နော်ဝေးနဲ့ ဒိန်းမတ်ဟာ ဟိုဖက်ကမ်းဒီဖက်ကမ်းဆိုပေမယ့် ရေမြေတောတောင် သဘာဝတွေက မတူကြပါဘူး။ ဒိန်းမတ်က မြေပြန့်ပြီး စိုက်ခင်းတွေက မျက်စိတဆုံးရှိပေမယ့် နော်ဝေးကတော့ တောင်ထူထပ်ပါတယ်။ တကယ်တော့လည်း သဘာဝလို့ ဆိုလိုက်ရင် ရေမြေတောတောင်တွေကိုသာ မြင်ယောင်တတ်ကြပြီး၊ လူသားတွေရဲ့ စိတ်ဓါတ်ကိုတော့ သဘာဝထဲ ထည့်သွင်းလေ့မရှိပါဘူး။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟာလည်း သဘာဝပါပဲလို့ သိထားမှ မြင်ကွင်းက ကျယ်ပြောရှင်းလင်းမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နော်ဝေးနိုင်ငံရဲ့ အလှအပကို ပြောရင် ရေမြေတောတောင် ရှုခင်းတွေအပြင် နော်ဝေးလူမျိုးတွေရဲ့ စိတ်နေသဘောထားကိုပါ ပြောမှ ပြည့်စုံပါလိမ့်မယ်။ ဒါကလည်း နော်ဝေးမှာနေတဲ့သူတွေကမှ ပိုပြီးပြည့်စုံ‌အောင် ပြောနိုင်မှာမို့ သူတို့ပြောဖို့ ချန်ထားလိုက်ပါဦးမယ်။
စတာဗန်ဂါမြို့မှာ ကြိုတင်ဘွတ်ကင်တင်ထားတဲ့နေရာကို အခန်းသော့ယူပြီးမှ မချိုက မကြိုက်ဘူးဆိုတာနဲ့ နောက်တနေရာကို ထပ်ငှားရပါတယ်။ ရာသီဥတုက ကောင်းနေတော့ တဲထိုးအိပ်လို့ရတဲ့ စခန်းချနေရာတစ်ခုမှာ နှစ်ရက်စာ ထပ်ယူလိုက်တာပါ။ နောက်တစ်နေ့မှာတော့ တောင်တက်ခရီးစဉ်တစ်ခုမှာပဲ တနေကုန်ပြီး စတာဗန်ဂါ ခရီးစဉ် ပြီးဆုံးခြင်းနှင့်အတူ အိမ်ပြန်ခရီးကို စတင်ခဲ့ပါတော့တယ်။
ဤခရီးစဉ် ဖြစ်မြောက်ရေး မတည်ပေးသူများနှင့် ခရီးစဉ်အတွင်း ဆုံတွေ့ကူညီခဲ့သူများအားလုံးကို ဤစာစုဖြင့် မှတ်တမ်းတင်အပ်ပါသည်။ ပြန်လာခဲ့ဦးမည် နော်ဝေးပြည်....



























No comments: