Sunday, July 29, 2007

Killer ကိုသန်းရွှေ

“သန်းရွှေ လူသတ်သမား” ကြော်ငြာ မြန်မာတိုင်းမ်မှာပါ
ကိုစိုး | ဇူလိုင် ၂၄၊ ၂၀၀၇

မြန်မာပြည်တွင်း၌ ထုတ်ဝေနေသော နောက်ဆုံးထုတ် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်) တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လူသတ်သမားဟု စကားဝှက်ထည့်ထားသည့် ကြော်ငြာတခု ပါဝင်ကြောင်း သိရသည်။

အဆိုပါကြော်ငြာကို ဒိန်းမတ်အခြေစိုက် Surrend အဖွဲ့က ထည့်သွင်း ကြော်ငြာခြင်းဖြစ်ပြီး ဖိနှိပ်တင်းကြပ်သော စစ်အစိုးရ လက်အောက်တွင် ယခုကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်သည်ဟူသော အတွေ့အကြုံကို ယူခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ဝင်တဦးဖြစ်သူ ပီယာ ဘာတယ်လ်ဆန် က အေပီသတင်းဌာနသို့ ပြောသည်။

ကြော်ငြာ ဒီဇိုင်းမှာ အုန်းပင် တပင်၊ နေရောင်တောက်နေသည့် နေလုံး တခုပါဝင်ပြီး “ခင်မင်နှစ်လိုဖွယ်ရာ မိတ်ဆွေများနှင့် လှပသောနိုင်ငံ” စာတန်းပါ စကင်ဒီနေးဗီးယား နိုင်ငံများက ဧည့်သည်များကို မြန်မာ နိုင်ငံသို့ အလည်လာရောက်ပါရန် ဖိတ်ခေါ်ထားသည့် ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံမျိုး ဖြစ်သည်။

ကြော်ငြာဒီဇိုင်း၏ အောက်ခြေရှိ The Board of Islandic Travel Agencies Ewhsnahtrellik and the Denish Industry BesoegDanmark ဟူသော စာတန်းတွင် Killerthanshwe ဟု ပြောင်းပြန်ရေးထားသော စာလုံးများကို ထည့်သွင်းထားခြင်း ဖြစ်သည်။

စစ်အာဏာရှင်များကို ဝေဖန်တိုက်ခိုက်နိုင်သော နည်းလမ်းတခုကို ထုတ်ဖော်ပြသခြင်းဖြစ်သည်ဟုလည်း ပီယာ ဘာတယ်လ်ဆန်က ပြောသည်။

“ဖိနှိပ်တင်းကြပ်တဲ့ စိစစ်ရေးအောက်မှာ အလွန်ဆိုးဝါးတဲ့ စစ်အစိုးရအကြောင်းကို ထုတ်ဖော်ပြသနိုင်ဖို့ အနုပညာ နည်းလမ်း တွေကို ရှာဖွေအသုံးပြုနိုင်တယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်”ဟု လည်း ၎င်းက ပြောသည်။

ယင်းကြော်ငြာနှင့်ပတ်သက်၍ မြန်မာတိုင်းမ်ဂျာနယ်သို့ မေးမြန်းစုံစမ်းရာတွင် ချက်ခြင်းအကြောင်း မပြန်ကြားနိုင်ကြောင်း ပြောသည်ဟုလည်း ဆိုသည်။

“သူတို့ကို အရေးယူလိမ့်မယ်လို့ မထင်ဘူး၊ မြန်မာတိုင်းမ် ဂျာနယ်ကလည်း စစ်အစိုးရလိုလားတဲ့ ကျမတို့က ဝေဖန်နေတဲ့ စစ်အစိုးရရဲ့ ဂျာနယ် ဖြစ်နေတာမဟုတ်လား”ဟု ၎င်းက ဆိုသည်။

Surrend အဖွဲ့သည် ယခုကြော်ငြာ မတိုင်ခင် ပြီးခဲ့သည့် ဒီဇင်ဘာလက အစိုးရအထိန်းချုပ်ခံ တဟီရန် တိုင်းစ် သတင်းစာ၌ အီရန်သမ္မတ မာမွတ် အာမက်၏ ဓာတ်ပုံအောက်တွင် “လူယုတ်မာ”ဟု အမည်ရသော စာတန်းထိုး၍ ထည့်သွင်းဖော်ပြ ခဲ့ဖူးသည်။

အလားတူ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကိုလည်း ဝေဖန်ခဲ့သည်ဟု ဆိုသည်။

“အနုပညာနဲ့ တော်လှန်ရေးလုပ်တာတော့ မဟုတ်ပါဘူး၊ အာဏာရှင်တွေကို ရယ်စရာဖြစ်အောင် လုပ်ချင်တဲ့သဘောပါ”ဟု ပီယာ ဘာတယ်လ်ဆန်က ပြောသည်။

ဧရာဝတီသတင်း မြန်မာစာမျက်နှာ မှ ကူးယူဖေါ်ပြသည်။

Saturday, July 28, 2007

ပို့စ်အသစ်

ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်သည့်အကြောင်းရေးပြီး အသစ်တင်လိုက်ပါတယ်။ ဒီနှစ်နွေရာသီမှာ အလုပ် ၂ ပတ် နားရပါတယ်။ ဘယ်မှ ခရီးမသွားပဲ အိမ်မှာပဲ နေဖြစ်ပေမယ့် ဧည့်သည်တွေလာလည်တာရယ်၊ စိတ်ဝင်စားစရာ လေ့လာစရာ ပစ္စည်းလေးတခု ၀ယ်လိုက်တာကြောင့် အလုပ်နဲနဲရှုပ်သွားပါတယ်။

ဧည့်သည်တွေ လာလည်တာက ဖင်လန်က ကိုသားဆွေတို့ ဇနီးမောင်နှံပါ။ ကိုသားဆွေရဲ့ သူငယ်ချင်း ကျနော်တို့နဲ့ တမြို့တည်းနေတဲ့ လင်းလင်းထွန်းကလည်း မင်္ဂလာဧည့်ခံပွဲလေးလုပ်ပါတယ်။ ဘာပဲပြောပြော တိတ်ဆိတ်ငြိမ်သက်တဲ့ ကျနော်တို့မြို့လေးဟာ နဲနဲတော့ အလုပ်များသွားတယ်။

စိတ်ဝင်စားစရာ ပစ္စည်းလေးက လက်ကိုင်ကွန်ပြူတာလေးပါ။ လက်ကိုင်ဖုန်းရယ်၊ desktop ကွန်ပြူတာတွေရယ်ကို ၀ယ်ဖူး သုံးဖူးပေမယ့် laptop က အခုမှ ကိုယ်ပိုင် ၀ယ်သုံးဖူးတာပါ။ ဈေးနဲနဲကြီးပေမယ့် ကျောင်းစာလုပ်ရင်း သုံးမယ်၊ အင်တာနက်မှာ စာဖတ်မယ်၊ သူငယ်ချင်းတွေနဲ့ ချတ်တင်းလုပ်မယ် ဘလော့လေးဘာလေးလည်း ရေးမယ် ဆိုတော့ ဈေးကြီးပေမယ့် မျက်စိမှိတ်ဝယ်လိုက်ရတာပါပဲ။ နောက် သူ့မှာ ပါလာတဲ့ ၀င်းဒိုးကလည်း ဗစ်စတာ ဆိုတော့ အသစ်ဖြစ်နေတယ်။ ကွန်ပြူတာ အဟောင်းကို သမီးကြီးက သုံးမယ်ဆိုတော့ သူ့ကို မပေးခင် ဖိုင်အဟောင်းတွေကို အသစ်ထဲပြောင်းဖို့ လုပ်ရပါတယ်။ File size နဲတဲ့ ဟာတွေက ပြဿနာ မဖြစ်ပေမယ့် ဗီဒီယို ဖိုင်တွေရွေ့တဲ့အခါ အခက်အခဲ ရှိတာကို တွေ့ရပါတယ်။ မသိတာတွေ၊ ကိုယ်မလုပ်တတ်တာတွေကို ဟိုမေးဒီမေးလုပ်ရတာပေါ့။ ကိုယ်က မသိလို့ မေးရသလို၊ ကိုယ့်လောက်မသိလို့ ကိုယ်ကို ပြန်မေးတာတွေကိုလည်း သိသလောက်ပြောပြရင်း အလုပ်တွေ ရှုပ်နေပါတော့တယ်။

အခုတော့ အလုပ်ပြန်ဆင်းနေပြီမို့ ပုံမှန်ပြန်လည် လည်ပတ်ရင်း တပတ်တခါ နားရက်တွေမှာ ရောက်တတ်ရာရာနဲ့ စိတ်ကူးတည့်ရာလေးတွေ ပြန်ရေးပါအုံးမယ်။

Wednesday, July 11, 2007

တိုးတက်ကြီးပွား မလေးရှား

တိုးတက်ကြီးပွား မလေးရှား

ကျနော်တို့ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေတွေက လူငယ်တွေကို နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ဖန်တီးပေးနေသလို ဖြစ်နေတော့ မလေးရှားကို အလုပ်လာလုပ်တဲ့ လူငယ်တွေဟာ တနေ့တခြားတိုးပွားလို့ လာနေပါတယ်။ တချို့အိမ်ကို ငွေပြန်ပို့နိုင်ပေမယ့် တချို့မပို့နိုင်၊ တချို့ အဆင်ပြေပေမယ့် တချို့ အဆင်မပြေ၊ တချို့ပါမစ်ရှိပေမယ့် တချို့ မကြာခဏ အဖမ်းခံရ။ ဟိုတလောလေးက ကျနော့်လိုပဲ မလေးရှားမှာ အကြာကြီးနေခဲ့ဘူးပြီး ဒိန်းမတ်ရောက်နေတဲ့ မြန်မာတယောက်နဲ့ စကားလက်ဆုံကျမိတယ်။ သူက သူဟာ “ကိုရဲချစ်” ပါတဲ့။ (မကြာခဏရဲအဖမ်းခံရသူကို မြန်မာတွေက “ရဲချစ်” လို့ နာမည်ပြောင်ပေးလေ့ရှိသည်) နှစ်စဉ်လို ရဲမိလိုက်၊ ပိုက်ဆံပေးလိုက်၊ ထောင်ကျလိုက်၊ နယ်စပ်ကို အသွန်ခံလိုက်၊ ပြန်ဝင်လိုက်နဲ့ နေခဲ့ရင်း နောက်ဆုံးအဖမ်းခံရတဲ့ အခေါက်မှာ အသစ်ပြဌာန်းလိုက်တဲ့ ကြိမ်ဒဏ်နဲ့ မိသွားလို့ တင်ပါးမှာ သုံးချက်မိလာတဲ့အတွက် သူဟာ တပ်ကြပ်ကြီး အဆင့်ရှိပါသတဲ့။ ကျနော်က ခင်ဗျားကို ကြိမ်ဒဏ်ပေးတဲ့နေ့က တခြားမြန်မာဘယ်နှစ်ယောက်အရိုက်ခံရသလဲလို့ မေးလိုက်တော့ “အယောက် လေးဆယ်”လောက်ရှိသတဲ့။ မလေးရှားမှာ ကြိမ်ဒဏ်မိသူတွေနဲ့၊ စင်္ကာပူကို ခိုးဝင်အလုပ်လုပ်လို့ မိသွားပြီး ကြိမ် ရိုက်ခံရသူတွေ အားလုံးဟာ တိုင်းပြည်ရဲ့အနာဂတ်တွေပါ။ ကိုယ်ထိလက်ရောက်နှိပ်စက်ခံထားရရင် မြန်မာတွေ ပြောလေ့ရှိတဲ့စကားတခု ရှိပါတယ်။ ဘာတဲ့ “သုမနကျောမှာ ဒဏ်ရာတွေနဲ့” ဆိုတာလေ။ အခုတော့ “ရဲချစ်တင်ပါးမှာ ကြိမ်ဒဏ်တွေနဲ့” လို့ ပြင်ရတော့မယ်နဲ့တူပါတယ်။

အခုဆို နိုင်ငံခြားထွက် အလုပ်လုပ်ပြီး ကြိမ်ဒဏ်မိထားတဲ့ မြန်မာလူငယ်တွေ ဘယ်နှစ်ယောက် လောက်ရှိနေပြီလဲ။ ကျနော် မသိပါ။ ကျနော်သိတဲ့ မြန်မာလူငယ်လေး တယောက်အကြောင်းကို ခံစားရေးဖွြဲ့ပီး မဟေသီမဂ္ဂဇင်း အတိုဆုံးဝတ္ထုတိုစာတွဲ ကဏ္ဍကို ပို့လိုက်တော့ စာမူလေး အရွေးခံရပါတယ်။ နောက်ထပ်လည်း ဖော်ပြခံရတဲ့စာမူလေးတွေ ရှိပါသေးတယ်။ ကြုံရင် ကြုံသလို တင်ပေးသွားပါမယ်။

(စာကြွင်း။ ။ ကွာလာလမ်ပူမှာ ကျနော့်အသိ တွေထဲက “ရဲနိုင်” ဆိုသူ တယောက်ရှိပါသည်။ တခါ သူနဲ့ဆုံတော့ သူ့မှာချွေးတွေပြန်ပြီး မောနေလို့ မေးကြည့် တော့ လမ်းမှာ မီးတန်းပါသည့် ရဲကားက သူ့နောက်က လိုက်လာ၍ တိုက်တန်းလျားတွေကြားဖြတ်၊ ဟိုင်းဝေးလမ်းကို ကျော်ကာ ပြေးလာရကြောင်း နှင့် ထိုသို့ မကြာခဏ ပြေးရကြောင်း ပြောပြပါသည်။ ထိုအခါ ကျနော်က “မင်းက “ရဲနိုင်” ဆိုတဲ့ နာမည်က စီးနေတယ်ကွ၊ နာမည်ပြောင်းလိုက်ပါလား” ဟု စတော့ သူရီနေ ပါသည်။ နောက်တဦးကိုလည်း တွေ့ဘူးပါသေးသည်။ ထိုစဉ်က သူက လူလတ်ပိုင်းကျော် လူကြီးပိုင်းအရွယ် နားရောက်နေပြီ။ စကားလက်ဆုံကျနေရင်း သူက “ကျနော်တော့မလေးရှားမှာ ပါမစ်မရှိရင် မနေရဲဘူးဗျာ။ ရဲဖမ်းခံရမှာ သိပ်ကြောက်တာပဲ” ဟု ဆိုသည်။ ကျနော်က “နေပါဦး နောင်ကြီးက မြန်မာပြည်မှာတုံးက ဘာလုပ်သလဲ” မေးလိုက်တော့ သူက “ကျနော် ဒု-ရဲအုပ် နဲ့ အလုပ်ထွက်လာတာပါ” ဟု ဆို၍ ပြုံးစရာ ဖြစ်ခဲ့ရပါသေးသည်။)

ဘာပဲဖြစ်ဖြစ် ကလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ တိုင်းပြည်တိုးတက်ဖို့ ကြိုးစားနေတဲ့ မလေးရှားနိုင်ငံ အတွက် လုပ်အားလာပေးမယ့် မြန်မာတွေကတော့ ၀င်လာမစဲ တသဲသဲ ဖြစ်နေဆဲပါခင်ဗျား ။

Sunday, July 1, 2007

ဒိန်းမတ် ဂျာမဏီ ချစ်ကြည်ရေး တံတားသစ်

ဒိန်းမတ် နှင့် ဂျာမဏီ ကို ဆက်သွယ်မည့် တံတားသစ်

Fehmarn ရေလက်ကြားကို ဖြတ်ကာ နှစ်နိုင်ငံဆက်သွယ်ပေးမည့် တံတားသစ်တည်ဆောက်မည့်အစီအစဉ်ကို ဂျာမဏီနှင့် ဒိန်းမတ်အစိုးရတို့ သဘောတူလိုက်ကြပြီဖြစ်သည်။ ထိုအစီအစဉ်အတွက် နှစ်နိုင်ငံအစိုးရကြား ခြောက်နှစ်ကြာ ဆွေးနွေးခဲ့ကြပြီး ပြီးခဲ့သည့် သောကြာနေ့က သဘောတူကြောင်း ဆုံးဖြတ်ချက်ချလိုက်ကြခြင်း ဖြစ်သည်။ သို့သော် တံတားတည်ဆောက်ရာတွင် ကုန်ကျမည့် လျာထားငွေ ဒိန်းနစ်ခရိုနာ ၃၅ ဘီလီယံ ကိုမူ ဒိန်းမတ် အစိုးရကသာ ကုန်ကျခံရမည်ဖြစ်သည်။

ဒိန်းမတ်တို့သည် သက္ကရာဇ် ၂၀၀၁ မှစ၍ တံတားစီမံကိန်းကို ရေးဆွဲကာ နိုဝင်ဘာ ၂၀၀၅ တွင် ဂျာမဏီ အစိုးရကို တင်ပြခဲ့သော်လည်း လွန်ခဲ့သည့် နှစ်များအတွင်းက ဂျာမန်တို့ဖက်မှ စိတ်ဝင်စားမှု သိပ်မပြခဲ့ပါ။ ယခုနှစ်မတ်လကမူ ကုန်ကျငွေအားလုံးကို ဒိန်းမတ်တာဝန်ယူလျှင် တံတားဆောက်မည့် ကိစ္စသဘောတူမည် ဖြစ်ကြောင်း ဂျာမန်တို့က ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ဒိန်းမတ် ပို့ဆက်ဝန်ကြီး Flemming Hansen က ယခုသဘောတူညီချက်သည် သမိုင်းတင်ရမည့် နေ့တနေ့ ဖြစ်ကြောင်းပြောဆိုသကဲ့သို့ ဂျာမန်ဝန်ကြီးက ယခုစီမံကိန်းသည် ဒိန်းမတ်တို့ လုံးဝတာဝန်ယူလိမ့်မည်ဟု ပြောဆို၏။

ဂျာမဏီဖက်မှ Puttgarden မြို့နှင့် ဒိန်းမတ်ဖက်မှ Rødby မြို့တို့ကို ဆက်သွယ်မည့် ၁၉ ကီလိုမီတာ ရှည်လျား သည့် တံတားကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းသည်။ တံတားတည်ဆောက်ရာတွင် ကုန်ကျသည့်ငွေအတွက် တံတားကို အသုံးပြုသည့် မော်တော်ယာဉ်များအပေါ် တံတားဖြတ်သန်းခ ပြန်လည်ကောက်ယူသွားမည်ဖြစ်သည်။

ဒိန်းမတ် ပို့ဆက်ဝန်ကြီးက ဥရောပတိုက်နှင့် စကင်ဒီနေးဗီးယားဒေသကို ဆက်သွယ်မည့် ဤတံတားကို နှစ်ပေါင်းများစွာကပင် မျှော်လင့်ခဲ့ရကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းပါဝင်မည့် စီမံကိန်းတခုကို အောင်မြင်စွာ သဘောတူလက်မှတ်ရေးထိုးလိုက်ရသည့်အတွက် မိမိဂုဏ်ယူကြောင်း၊ ယခု စီမံကိန်းသည် ဥရောပသမဂ္ဂအဖွဲ့ဝင်အချင်းချင်း အကျိုးတူ ပူးပေါင်းဆောင်ရွက်သည်ကို ပြသရာလည်းရောက်ကြောင်း ပြောကြားသွားပါသည်။

ရည်ညွှန်း။ ။ ကိုပင်ဟေဂင်ပို့စ် သတင်းစာ (အွန်လိုင်း) ၂၉ ဇွန်လ ၂၀၀၇။