Saturday, June 25, 2011

ဘလော့ဂ်စပေါ့ မိုဘိုင်းဗားရှင်း

ဘလော့ဂ်စပေါ့မှာ မိမိဘလော့ဂ်ကို လွယ်လွယ်ကူကူနဲ့ မိုဘိုင်းဗားရှင်း လုပ်လို့ရနေပါပြီ။ သင့်ဘလော့ဂ်ကို ဟန်းဖုန်းကနေပါ ၀င်ဖတ်လို့ရအောင် အောက်ပါအတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။
မိမိဘလော့ဂ်ကို ဆိုင်းအင်ဝင်ပြီး dashboard ကို သွားပါ။
Setting ကို ၀င်ပါ။
အပေါ်က tab တွေမှာ Email & Mobile ကို တွေ့ရင် ၀င်လိုက်ပါ။
အဲဒီမှာ တွေ့ရမယ့် Show mobile template ကို Yes လုပ်ပေးလိုက်ရင် ပြီးပါပြီ။
ဖုန်းနဲ့ဖတ်မည့်သူဖက် က ဇော်ဂျီဖောင့်ရှိဖို့အတွက်ကိုတော့ အိုင်ဖုန်းမှာ အိုင်မြန်မာ install လုပ်ထားရင် ဖတ်လို့ရပါပြီ။
အသေးစိတ်ထပ်မံသိရှိလိုလျှင်၊ အကူအညီလိုလျှင် ကျနော့်အား thetoodk@gmail.com ဆက်သွယ်နိုင်ပါသည်ခင်ဗျား။

Friday, December 3, 2010

တရုတ်တွေလာနေပြီ



အီတလီနိုင်ငံက Prato ဆိုတဲ့မြို့လေးမှာ တရုတ်ကုမ္ပဏီ စုစုပေါင်း ၃၀၀၀ လောက် ရောက်ရှိစီးပွားရှာနေကြပါပြီ။ အီတလီရဲ့ပိုးထည်လုပ်ငန်းကို တရုတ်တွေက မျက်စိကျနေတာပါ။ မိတ်အင်အီတလီအစစ် ဖျင်ထည်တွေဟာ လက်ရာကောင်းသော်လည်း ထုတ်လုပ်စားရိတ်ကြီးမားတဲ့အတွက် ရောင်းဈေးလည်း မြင့်ပါတယ်။ ဈေးပေါပေါနဲ့ ရောင်းနိုင်တဲ့ တရုတ်စက်ရုံထွက်ပစ္စည်းတွေက ဈေးကွက်ထဲက မူလလက်ဟောင်းအီတလီအထည်တွေကို ချိမ်းခြောက်လာပါတယ်။ ဈေးကွက်ထဲမှာ သူတို့ပစ္စည်းတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ တရုတ်တွေသုံးတဲ့နည်းတွေထဲမှာ တရားမ၀င် အလုပ်သမားတွေကိုသုံးတာ၊ လုပ်ငန်းခွင် လုံခြုံရေးအစီအစဉ်တွေ ပေါ့လျော့တာ၊ ၀င်ငွေခွန်ရှောင်တာတွေ ရှိနေတာကိုလည်း အီတလီအာဏာပိုင်တွေက သိထားတာမို့ စက်ရုံတွေကို ရှောင်တခင်ဝင်စစ်တာမျိုးတွေ မကြာခဏလုပ်နေရပါတယ်။ တချိန်ထဲမှာ ဈေးကွက်မှာ မတွင်ကျယ်တာကြောင့် ဒေသခံလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းတွေ စွန့်လွှတ်ရောင်းချနေတာကို တရုတ်တွေက ၀ယ်ယူရင်းနှီးမြုပ်နှံလုပ်ကိုင်လာတာကြောင့် မြို့ရဲ့ စီးပွားရေးကို ကယ်တင်လိုက်တာပဲလို့ မြင်သူတွေလည်း ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် အီတလီက ပရာတိုမြို့လေးမှာတော့ လူဦးရေရဲ့ လေးပုံတပုံက တရုတ်တွေဖြစ်နေပြီမို့ ဥရောပကို “တရုတ်တွေ လာနေပြီ” လို့ ဆိုရမလို ဖြစ်နေပါပြီ။

ဥရောပက အီတလီ အ၀တ်အထည်လုပ်ငန်းတခုတည်းကိုသာ တရုတ်က စိတ်ဝင်စားတာ မဟုတ်ပါဘူး။ အခြားလုပ်ငန်းတွေဖြစ်တဲ့ ဂရိနိုင်ငံက Pireas မြို့ ဆိပ်ကမ်းဆောက်လုပ်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ အီတလီနိုင်ငံ နာပိုလီဆိပ်ကမ်းပြုပြင်ရေးလုပ်ငန်း၊ စပိန်နှင့် အိုင်ယာလန်နိုင်ငံများမှ စက်မှုဓါတုဗေဒလုပ်ငန်းများနှင့် ဆက်သွယ်ရေးလုပ်ငန်းများအပြင် ဟန်ဂေရီနိုင်ငံကိုလည်း တရုတ်တွေက စိတ်ဝင်စားနေပါသတဲ့။
ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပက်က အထက်ကျောင်းတကျောင်းမှာ တရုတ်စာပါသင်ပေးနေပါပြီ။ တရုတ်ရဲ့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုကလည်း အရင်နှစ်တွေက အမေရိကန်ဒေါ်လာသန်းတရာလောက်သာ ရှိပေမယ့် အခုဆိုရင် သန်း ၇၀၀ လောက်ရှိလာပြီလို့လည်း ဆိုပါတယ်။ ဘူဒါပက်လေယာဉ်ကွင်း ပြုပြင်ရေးနဲ့ အိုင်တီလုပ်ငန်းတွေမှာ တရုတ်တွေ ၀င်ရောက်လုပ်ကိုင်နေပါတယ်။

တရုတ်တွေဟာ ဥရောပမှာ စီးပွားရေးတင်မက နိုင်ငံရေးမှာပါ ရွှေလမ်းငွေလမ်း ဖောက်လာတာပါ။ ၂၀၁၀ တနှစ်အတွင်းမှာပဲ တရုတ်ခေါင်းဆောင်တွေ ဥရောပနိုင်ငံအများအပြားကို အလည်ရောက်ရှိခဲ့ပြီး စီးပွားရေးစာချုပ်တွေလည်း ချုပ်ဆိုခဲ့ပါသေးတယ်။
အီးယူစီမံကိန်းတခုဖြစ်တဲ့ ပိုလန်နိုင်ငံက ဟိုင်းဝေးလမ်းမ ဆောက်လုပ်ရေးမှာလည်း တရုတ်ကုမ္ပဏီက ကန်ထရိုက်ရပါတယ်။ စီမံကိန်းကို အချိန်မှီပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပြီး ဈေးအသက်သာဆုံးလည်း ဖြစ်တာမို့ တရုတ်ကုမ္ပဏီက ကန်ထရိုက်ရသွားတာဖြစ်ပါတယ်။
ယေဘူယျအားဖြင့် တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးမှတ်တမ်းတွေကြောင့် နာမည်ပျက်တွေ ရှိတယ်ဆိုပေမယ့်လည်း ဥရောပမှာလည်း စီးပွားရေးတွေ မကောင်းလို့ အလုပ်လက်မဲ့ဦးရေ ရာခိုင်နှုန်းမြင့်မားနေတာမို့ တရုတ်တွေလာနေတာကို ဥရောပတိုက်သားတွေက သတိထား စောင့်ကြည့်နေကြပါတယ်။ ။

(မှတ်ချက်) ဒိန်းမတ် တယ်လီဗေးရှင်း DR မှ 29/11/10 နေ့တွင် ထုတ်လွှင့်သွားသော Horisont : Kineserne kommer အား မိမိနားလည်သလောက် တင်ပြခြင်း ဖြစ်ပါသည်။ မူရင်းထုတ်လွှင့်ချက်အား http://www.dr.dk/DR1/horisont/ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Friday, November 19, 2010

နိဂုံး (ဘီလူးတို့ရွာ - ကြေးမုံဦးသောင်း)

တင်မောင်၏ စာအုပ် ပြီးသွားပြီဖြစ်လေရာ နိဂုံးချုပ်အဖြစ် အဘယ်ကြောင့် ဤစာအုပ်ကို ရေးရသနည်းကို ရှင်းလင်းတင်ပြလိုပါသည်။
ပထမအချက်မှာ တင်မောင်သည် စစ်တပ်ဆန့်ကျင်ရေးသမားတဦးမဟုတ်ပါ။ နိုင်ငံ၏ လွတ်လပ်ရေးကို တိုက်ခိုက်ချိန်လည်းကောင်း၊ နိုင်ငံသစ်ကို တည်ထောင်ရာတွင်လည်းကောင်း ဗမာ့တပ်မတော်သည် ကျနော်နှင့် ဖွားဘက်တော်များ ဖြစ်ကြပါသည်။ တင်မောင်၏ နိုင်ငံရေးဆရာသာမက သူငယ်ချင်းများ ဆွေမျိုးများတို့သည် တပ်မတော်အတွင်းတွင် ပါရှိကြပါသည်။ တပ်မတော်ကို ချစ်သူဖြစ်သဖြင့် လူထုအကျိုးကို ထမ်းရွက်သော ပြည်သူချစ် တပ်မတော် ဖြစ်မြောက်ရေးကို လိုလားသူဖြစ်သည်။
(၄၃) သန်းသော လူထုကြီးတွင် ပါဝင်သော လူတဦးအနေနှင့် အားနွဲ့သေးငယ်သော သာမန်နိုင်ငံသားတဦးဖြစ်သူ တင်မောင်အဖို့ ဦးနေ၀င်းနှင့် သူ၏လက်ကိုင်တုတ်စစ်တပ်ကြီးကို ထိပ်တိုက်တွေ့မိသောကြောင့် မိသားစုပါ ဘ၀တခုလုံး ပျက်သွားကာ နေထိုင်ရန် မြေ၊ မှီတင်းရန် နိုင်ငံပင်မရှိတော့သည့် နိုင်ငံရေးဒုက္ခသည်တဦး ဖြစ်စေကာမူ ဦးနေ၀င်းကိုလည်းကောင်း၊ တပ်မတော်ကိုလည်းကောင်း၊ စိတ်ဆိုးခြင်း၊ ဒေါသသိုခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စိတ်ထားများ စိုးစိမှ မရှိပါ။ ကမ္ဘာသူ၊ ကမ္ဘာသားတို့အဖို့ ပုလိပ်ရောဂါ၊ ကျောက်ရောဂါ၊ ကင်ဆာရောဂါ စသည်တို့က ဖိစီးနှိပ်စက်သတ်ဖြတ်ခြင်းကို ခံကြရရာတွင် ထိုရောဂါများကို မုန်းတီးနေခြင်းဖြင့် အကျိုးမရှိပါ။ ရောဂါကာကွယ်ရေး၊ ကုသရေး၊ အောင်နိုင်ရေးကိုသာ အားထုတ်နေခဲ့ကြသကဲ့သို့ တပ်မတော်ပြုပြင်ရေးကိုသာ အားထုတ်လိုပါသည်။
“ခိုက်ကြုံဝိဘက်၊ သံသာဆက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို” ဟု အနန္ဒသူရိယ အမတ်ကြီး ရေးသားသကဲ့သို့ ရန်မတုံ့လိုပါ။ အကယ်၍ ဦးနေ၀င်းတယောက် တင်မောင်ရှိရာဒေသသို့ ဒုက္ခနှင့် ပြေးလာရသောအဖြစ်နှင့် ကြုံပါက ကယ်တင်ကူညီမည့်သူမှာ တင်မောင်ပင် ဖြစ်ပါသည်။ ဦးနေ၀င်းနှင့် သူ၏ စစ်တပ်ကို မုန်းတီးမှုမရှိခဲ့ဖူးသောကြောင့် တပ်မတော်ပြုပြင်သင့်သည်များကို ပြုပြင်ရန် အကြံပေးချက်များကို တပ်မတော်အကြီးအကဲများထံသို့ အတွင်းစာများ ပေးပို့လေ့ရှိသည်ကို သူတို့သိကြပါသည်။
တပ်မတော်ပြုပြင်ရေးအတွက် တပ်မတော်၏ အပြစ်အနာများကို ဝေဖန်ရေးသားသည်ဖြစ်ပါသည်။ ဦးနေ၀င်းနှင့် သူ၏တပ်မတော်က ကျူးလွန်သော ရာဇ၀တ်မှုကြီးများသည် ကြီးမားများပြားလွန်းပါသည်။ သူတို့ ကျင့်ကြံသော ရာဇ၀တ်မှုကြီးများသည် ကမ္ဘာ့သမိုင်းတွင် မကြားစဖူး၊ မကြုံစဖူး၊ ယုံကြည်ဖွယ်မရှိသလောက် ထူးခြား၊ ဆိုးရွား၊ ဆန်းပြားလှပါသည်။ ထိုသို့ ရက်စက်မှု ကမ်းကုန်အောင် နှိပ်စက်ခဲ့သော အမှုမျိုးများ ထပ်မံမပေါ်စေရန် နောင်လာနောက်သားတို့အတွက် မှတ်တမ်းတင်သင့်သဖြင့် ဤစာအုပ်ကို ရေးသားသည်သာ ဖြစ်ပါသည်။
တင်မောင်ထွက်ခွာပြီးသည့် နောက်ပိုင်းဖြစ်ရပ်များကို စာဖတ်သူများ ကောင်းစွာ သိရှိကြပါသည်။ ကျမ်းလေးမည် စိုးသဖြင့် အထူးအကျယ်ရေးသားရန် မလိုပါ။
အာဏာစက်သည် ကိုင်စွဲသူတို့ကို ပျက်စီးစေပါသည်။ အာဏာရှင်တစုက မိမိတို့သာ အာဏာကို အမြဲအစဉ် ထိန်းသိမ်းဆုပ်ကိုင်ထားနိုင်ရေးအတွက် တပ်မတော်၏ စစ်အင်အား၊ လက်နက်အင်အားတို့ကို လိုအပ်သည်ထက် ပိုမိုတိုးချဲ့သည့် စရိတ်စက ကြီးမားခြင်းနှင့် စစ်ဗိုလ်ချုပ်ကြီးတစု၏ အမြတ်ကြီးစား လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ဖြင့် ခိုးဝှက်လုယက်နေသောကြောင့် နိုင်ငံတခုလုံး စီးပွားပျက်ကပ်ကြီး ဆိုက်နေပါသည်။ မီးလောင်သစ်တုံးကဲ့သို့ ပြာပူအုံးပြီး တရွေ့ရွေ့တိုတောင်းနေလေရာ နိုင်ငံကြီးပျက်စီးကာ လူမျိုးခြားတို့၏ ကျွန်နိုင်ငံအဖြစ်သို့ သက်ရောက်နိုင်သည့်တိုင် အခြေအနေဆိုးရွားနေပါသည်။
ပြည်သူတို့ မည်ရွေ့မည်မျှ နစ်နာဆင်းရဲ ကျပ်တည်းငတ်မွတ်နေစေကာမူ လူထုကြီး၏ ဝေဒနာကို လျစ်လျူရှုကာ မိမိတို့အာဏာရရှိရေး ရည်ရွယ်ချက်တခုသာ ရှိသော စစ်ဝါဒီအုပ်စုတို့က အာဏာလွှဲမပေးလိုသဖြင့် ပြည်သူတို့အား ဖိနှိပ်နေရာတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို လုံးဝပိတ်ပင်ထားပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် အများသဘောတူ ဟူသော စကားလုံးကိုပင် သုံးခွင့်မရှိတော့ပါ။ သတင်းစာများအဖို့ ရေလျှံခြင်း၊ ငလျင်လှုပ်ခြင်း၊ သဘာဝ သတင်းများပင် ရေးသားခွင့်မရှိတော့ပါ။ သူတို့လက်မှ လွတ်မြောက်ရေးမှာ လူထုကြီးတရပ်လုံး အားထုတ်မှသာ ဖြစ်မြောက်နိုင်မည်ဖြစ်ပါသည်။
၁၉၆၂ ခုနှစ်က တော်လှန်ရေးအစိုးရဟု ကြေညာကာ လက်နက်နှင့် အာဏာသိမ်းချိန်မှ စတင်ကာ စစ်ဝါဒီကြီး ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာကို ပြန်လည်ပေးရန် စိုးစိမျှ ရည်မှန်းချက်မရှိပါ။ စစ်ဝါဒနှင့် အုပ်ချုပ်ကာ စစ်ဗိုလ်များသာ နိုင်ငံတော်၏ ဓနစွမ်းအားမှန်သမျှကို ခံစားစေမည်။ အကြီးအကဲဖြစ်သော မိမိ၏ မိသားစုက နိုင်ငံ၏ သယံဇာတပစ္စည်းမှန်သမျှနှင့် အရပ်သားလူထုကြီး၏ ကုန်ထုတ်စွမ်းအားမှန်သမျှကို အလိုရှိသလို စားသုံးခံစားခွင့် ရှိသည်ဟု ယုံကြည်လုယက်နေသည် ဖြစ်ပါသည်။
ယင်းသို့ လုယက်သည်ကို ပြည်သူတို့က ကြည်ဖြူနိုင်သည်မဟုတ်သည်ကို ရှေးမဆွကပင် သိရှိသူဖြစ်သဖြင့် ဦးနေ၀င်းသည် အာဏာမသိမ်းမီကပင် စစ်အင်အားကို တိုးချဲ့ခဲ့ပါသည်။ ဂျာမနီနိုင်ငံမှ ဂျီ (၃) သေနတ်များ စသည့် လက်နက်များနှင့် မြို့တွင်း၊ ရပ်ကွက်တွင်း ဆူပူသူများကို နှိမ်နင်းရန် အသေးစားသံချပ်ကာကားများ၊ စစ်သားတင်ယာဉ်များ စသည်တို့ကို ၀ယ်ယူကာ စစ်အင်အားကို ဖြည့်တင်းပြီးမှ အာဏာသိမ်းသည် ဖြစ်ပါ၏။
စစ်တပ်က သိမ်းယူထားသော အာဏာကို လက်နက်နှင့် ထိန်းသိမ်းထားရုံသာမက တဘက်ကလည်း ၀ါဒဖြန့် ကိရိယာများနှင့် ထိန်းထားပါသေးသည်။ သတင်းဆက်သွယ်မှု လွယ်ကူသော ဤခေတ်ကြီးတွင် စာနယ်ဇင်း၊ ရေဒီယို ၀ါဒဖြန့်ယန္တရားကောင်းများကို သုံးပိုင်ခွင့်ရှိသော အာဏာရှင်စနစ်တို့သည် သက်ဆိုးရှည်လေ့ရှိပါသည်။ ထိုအချက်ကို သိရှိသူ ဦးနေ၀င်းက ၀ါဒဖြန့်ဆောင်ပုဒ်များနှင့် လူထုမကျေနပ်မှုများကို ဟန့်တားနိုင်ခဲ့ပါသည်။
အာဏာလုပြီး (၄) နှစ် ကြာသောအခါတွင် နိုင်ငံတော်၏ အာဏာကို မူလပိုင်ရှင် ပြည်သူလူထုကြီး၏ လက်သို့ ပြန်လည်အပ်နှင်းခဲ့ပါမည်ဟု ဗိုလ်ချုပ်နေ၀င်းက ၁၉၆၆ ခုနှစ် ကျိက္ကဆံကွင်း လယ်သမားညှိနှိုင်းပွဲတွင် စတင်ပြောကာ လိမ်လည်မုသားနှင့် လူထုကို မျက်စိလှည့်စားခဲ့ပါသည်။
အခြေခံဖွဲ့စည်းပုံဥပဒေသစ် ရေးသားပြီး ရွေးကောက်ပွဲကျင်းပ၍ လွှတ်တော်သစ် ဖွဲ့စည်းသည်မှာလည်း လိမ်လည် မျက်လှည့်များသာ ဖြစ်ပါသည်။ ဇာတ်ပေါင်းသောအခါတွင် စစ်ဝတ်စုံဝတ်ထားသူ ဗိုလ်ချုပ်ကြီးနေ၀င်းက သူ၏လက်မှ အာဏာကို တောင်ရှည်ပုဆိုးဆင်ထားသော အရပ်သားကြီး ဦးနေ၀င်းအဖြစ် ပြောင်းလဲယူငင်ထားသည်သာ ဖြစ်ပါသည်။
နိုင်ငံ၏ ဓနများကို မတရားခိုးဝှက်လွန်းသဖြင့် ပြည်သူအလုံးတို့က အုံကြွဆူပူကြသောအခါ ၀ယ်ယူသိုမှီးထားသော ဂျီ (၃) သေနတ်များနှင့်ပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်အစိုးရသစ်အသွင် အာဏာကို လုယူခဲ့ပြန်ပါသည်။ အမည်သစ်များနှင့် တက်လာသော စစ်အစိုးရများက အမျိုးသားညီလာခံကြီး ကျင်းပကာ ဖွဲ့စည်းပုံဥပဒေသစ် ရေးသားပြီး ပါတီစုံဒီမိုကရေစီနိုင်ငံ တည်ထောင်မည်ဟု အော်ဟစ်နေသည်မှာလည်း လိမ်လည်နေသော မုသားများသာ ဖြစ်ပါသည်။ စစ်ဗိုလ်တစုက ရယူထားသော အာဏာကို မည်သည့်အရပ်သား ကိုမှ လွှဲပြောင်းမည်မဟုတ်ပါ။ ပြည်ပဖိအားပေးမှုကို ကာကွယ်ရန်အတွက် မုသားအမျိုးမျိုး ပြောနေမည်သာ ဖြစ်ပါသည်။
စစ်အာဏာရှင်တစုတို့က တပ်မတော်ကြီးကို လက်ကိုင်တုတ်ပြုလုပ်ရန် ရည်ရွယ်ချက်နှင့် တပ်မတော်သည် နိုင်ငံ၏ လွတ်လပ်ရေးကို တိုက်ပေးသော ကျေးဇူးရှင်ဖြစ်သဖြင့် လွတ်လပ်ရေးတည်မြဲရန်အတွက် တပ်မတော်သာ တာဝန်ရှိသည်ဟု ၀ါဒဖြန့်သည်မှာလည်း မုသားသာ ဖြစ်ပါသည်။ တပ်မတော်သည် လွတ်လပ်ရေးတိုက်ပွဲတွင် နောက်တန်းမှ ပါလာသော အဖွဲ့အစည်းအငယ်စားတခုသာ ဖြစ်ပါသည်။
နောက်ဆုံး နိဂုံးအဖြစ် စာဖတ်သူ၏ စာဖတ်ပရိသတ်ကြီးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွင်လန်းကြပါစေဟု မေတ္တာပို့ကာ ဆုမွန်ကောင်းတောင်းလိုသော်လည်း မပြုနိုင်ပါ။ အဘယ်ကြောင့်ဟူမူ မြန်မာပြည်သူတို့အဖို့ စစ်ဝါဒီ သွေးစုပ်တစုကို ဖယ်ရှားခြင်းမပြုနိုင်သမျှ ကာလပတ်လုံး လူထုကြီးအဖို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း တို့ကို ရရှိနိုင်မည် မဟုတ်လေသောကြောင့် ဖြစ်ပါသည်။
မြန်မာ့စစ်အင်အား လေးသန်းကျော်ရှိစေကာမူ တပ်မတော်ကြီးတခုလုံးသည် လူထုကြီး၏ အသွေးအသားကို စုပ်မျိုလိုသော စစ်ဝါဒီများမဟုတ်ကြပါ။ တပ်မတော်မိသားစုများနှင့် ဆွေမျိုးများတို့သည်လည်း စစ်ဝါဒီတို့ သွေးစုပ်မှုကြောင့် ဆင်းရဲတွင်း နစ်နေကြပါသည်။ မြန်မာနိုင်ငံတ၀ှမ်း တန်ခိုးကြီးဘုရားများတွင် ချိပ်ဆွဲထားသော ဓာတ်ပုံကြီး (၅) ခုမှ စစ်ခေါင်းဆောင်ကြီး (၅) ဦးနှင့် လက်ဝေခံ စစ်တပ်စီးပွားရေးလုပ်ငန်းများ ပိုင်ရှင်တစုတို့ကိုသာ ဖယ်ရှားရန်လိုပါသည်။ သူတို့ကို ဖယ်ရှားရန်အတွက် ပြည်ပနိုင်ငံကြီးငယ်များတို့ကို မျှော်လင့်အားထားနေသည်မှာ အကျိုးမရှိပါ။ မည်သူကမှ၊ မည်သည့်နိုင်ငံကမှ မြန်မာပြည်အတွက် သွေးနှင့်ချွေးကို အသုံးပြုကာ တိုက်ခိုက်ပေးမည် မဟုတ်ပါ။ သူတို့ကို ဖယ်ရှားရန်မှာ ပြည်တွင်းရှိ မြန်မာတိုင်းရင်းသားတို့သာ တတ်စွမ်းနိုင်ပါသည်။ ပြည်သူတို့က အားမထုတ်လျှင် ပြည်သူတို့သာ ခံကြရမည် ဖြစ်ပါသည်။
ထို့ကြောင့် တပ်မတော်သားများနှင့် ပြည်သူလူထုကြီးတို့က သွေးစုပ် စစ်ဝါဒီတစုကို ဖယ်ရှားနိုင်ကာ စိတ္တသုခ၊ ကာယသုခနှင့် ပြည့်စုံကြပါစေဟု မေတ္တာပို့ ဆုတောင်း နေပါကြောင်း။ ။

ဦးသောင်း

Friday, November 12, 2010

(၅၈) ပြုချင်ရာပြုနိုင်သော ဦးနေ၀င်း၏ ဒေါသ

ပြည်မှ မထွက်မီတွင် အစိုးရက ပြည်သူပိုင်သိမ်းပိုက်ထားသော ကြေးမုံသတင်းစာ လျော်ကြေးရရှိရေးကို ကြိုးစားခဲ့ပါသည်။ ဗိုလ်ချုပ်စန်းယုကိုပင် ပန်ကြားရာက အမြန်ပေးချေရန် အမိန့်ထုတ်ပေးသဖြင့် ကြေးမုံသာမက အခြားသတင်းစာများပါ လျော်ကြေးရပါသည်။
ကုန်စုံဆိုင်မှ စတင်ကာ ကျောင်းများအထိ လုပ်ငန်းပေါင်းထောင်သောင်းကို ပြည်သူပိုင်ပြုခဲ့ရာတွင် နိုင်ငံခြားပိုင်ရှင်ကြီးများမှ တပါး နိုင်ငံသားများကို လျော်ကြေးမပေးခဲ့ပါ။ သို့သော် ဒေါ်ခင်မေသန်းနှင့် ဆွေမျိုးတော်သူ မြန်မာလုပ်ငန်းရှင်တဦးမူ နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးခဲ့ပါ၏။ ကုဋေများစွာတန်သော မြန်မာနိုင်ငံသားများပိုင်သော လုပ်ငန်းများကို ပြည်သူပိုင်ပြုရာတွင် ၄၀ ရာခိုင်နှုန်းမှာ ပြည်သူပိုင်ပြုစဉ်က တာဝန်ယူသော စစ်ဗိုလ်များ၏ အိတ်များအတွင်းသို့ ရောက်သွားပြီး (၂၀) ရာခိုင်နှုန်းမှာ လေလွင့်ပျောက်ပျက်ကာ အစိုးရ၏ ဘဏ္ဍာတိုက်သို့ (၄၀) ရာနှုန်းခန့် ရောက်ရှိလေမည်ဟု အများက ခန့်မှန်းကြသည်။ စာရင်းအင်းများ မရှိတော့ပါ။
မြန်မာနိုင်ငံတွင် ၁၈၈၆ ခုနှစ်က အခြေစိုက်သော ဘီအိုစီ ရေနံကုမ္ပဏီကို ပြည်သူပိုင်ပြုရာ၌ ပေါင်စတာလင် (၆၂) သန်းခွဲ လျော်ကြေးပေးခဲ့ပါသည်။ ယင်းလုပ်ငန်း၏ အစုရှယ်ယာ (၃၃.၃၃) ရာနှုန်းကို ၁၉၅၄ ခု၊ ဒီမိုကရေစီ အစိုးရခေတ်က ၀ယ်ယူထားပြီး ဖြစ်ပါသည်။ နိုင်ငံခြားသုံးငွေရှားပါးချိန်တွင် ထိုရွေ့ထိုမျှ အလုံးအခဲနှင့် ပေးသည်မှာ ဘီအိုစီကုမ္ပဏီအရာရှိကြီးများနှင့် ဦးနေ၀င်းနှင့် ခင်မင်ခြင်း၊ ဦးနေ၀င်းက ဘိလပ်သို့ မကြာခဏ သွားရောက်အပန်းဖြေသဖြင့် အားနာခြင်း၊ မျက်နှာပူခြင်းတို့ကြောင့် ပေးသည်ဟု ဆိုပါ၏။ ဘီအိုစီသို့ ဆောလျင်စွာ လျော်ကြေးပေးသည်မှာ ဦးနေ၀င်းကို ကော်မရှင်ပွဲခပေးသဖြင့်လည်း ဖြစ်နိုင်ပါသည်။
ကြေးမုံသတင်းစာလုပ်ငန်းကို တင်မောင်က အစုရှယ်ယာ (၆၀) ရာနှုန်း ပိုင်ပါသည်။ တည်ထောင်စက ဦးပွင့်ကောင်းက လိုလေသမျှ ငွေစိုက်ခဲ့ပါသည်။ ဒေါက်တာအေးမောင်က အစုဝယ်ရန် စီစဉ်ပြီးမှ သူနှင့် တွဲဖက် ၀တ်လုံ မွန်စံလှိုင်အား လွှဲပေးပါသည်။ ကျန်အစုရှင်များမှာ ကျနော်၏ ဆွေမျိုးမျာသာ ဖြစ်ပါသည်။ ဆရာဇ၀န၊ အယ်ဒီတာ ကိုခင်မောင်ရီနှင့် မန်နေဂျာ ဦးသော်တို့ကို အစုငွေမ၀ယ်နိုင်စေကာမူ စေတနာ အစုများပေးကာ ပိုင်ဆိုင်စေပါသည်။ ကြေးမုံသည် ရောင်းမလောက်ဖြစ်သောကြောင့် ထွက်ပြီးတနှစ်အကြာတွင် အစုရှင်တို့ အသီးအပွင့်များ ခံစားကြရပါသည်။
စတင်ထွက်စဉ်က ခေတ်မီစက်သစ်ကြီးများနှင့် ရိုက်နှိပ်မည်ဟု ကြေညာခဲ့သော်လည်း စက်သစ်ဟု ဆိုသည်မှာ မှန်ကန်သည် ဆိုစေကာမူ သတင်းစာရိုက်သော စက်များမဟုတ်ကြပါ။ စာအုပ်စာမျက်နှာရိုက်သော စက်သစ်သာ ဖြစ်ပါ၏။ ဦးဟန်ရှိန်နှင့်သားများ ကုမ္ပဏီက ၀ယ်ပါသည်။ နိုင်ငံတော်အစိုးရက ပြည်နယ်များ ဖွံ့ဖြိုးရေးအတွက် သွင်းကုန်လိုင်စင်များကို ပြည်နယ်များသို့ ထုတ်ပေးရာ ကယားပြည်နယ်ဖွံ့ဖြိုးစေရန် တင်သွင်းသော ပုံနှိပ်စက်များကို ပြည်နယ်ဝန်ကြီး စပ်ဝဏ္ဏက မှောင်ခိုရောင်းသော စက်များဖြစ်ပါသည်။
ကယားပြည်နယ်အစိုးရက အသုံးပြုရန်ပေးသော ဂျစ်ကားအသစ်စက်စက်များကိုလည်း မှောင်ခိုရောင်းသဖြင့် သတင်းစာသုံးရန် နှစ်စီးဝယ်လိုက်ရပါသည်။ ထိုအချိန်က ပြည်နယ်ခေါင်းဆောင်အများတို့သည် ပြည်နယ်ဖွံ့ဖြိုးရေး အတွက်ရရှိသော နိုင်ငံခြားကုန်စည်တင်သွင်းခွင့် လိုင်စင်များကို ပြည်နယ်လူထုအတွက် အသုံးမပြုဘဲ မှောင်ခိုရောင်းစားလေ့ရှိပါသည်။ ထိုမှောင်ခိုကုန်များကို ၀ယ်ယူပါက ပြည်နယ်များကမှ လူထုတို့ တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်လေမည်လောဟု တွေးတောမိကာ မ၀ယ်ဘဲ ဆိုင်းငံ့နေခဲ့ပါသေးသည်။ “ခင်ဗျားမ၀ယ်လို့ ကြားပွဲစားတဦးကို ရောင်းလိုက်ပြီ။ အခုမှ လိုချင်လျှင် ငါးရာခိုင်နှုန်းအမြတ်ပေးရမယ်” ဟု စက်ရောင်းသူ ကြားပွဲစားက ပြောပါသည်။ စေတနာအတွက် ဆိုင်းငံ့မိသောကြောင့် ဈေးပိုပေးခဲ့ရပါသေးသည်။
သတင်းစာထွက်ပြီး တနှစ်မရှိမီကပင် စက်အားလိုလာပါ၏။ စာအုပ်ရိုက်သော စက်ကလေးများနှင့် ပုံနှိပ်ရန် မလုံလောက်တော့ပါ။ ထိုအချိန်တွင် သတင်းစာတန်ခိုး ကြီးလာပြီဖြစ်သဖြင့် ၀န်ကြီးဦးကျော်ငြိမ်းက ကူပါသည်။ ပြန်ကြားရေးဝန်ကြီး သခင်ချစ်မောင်က အင်္ဂလိပ်သံရုံးသို့ ထောက်ခံချက်ပေးသဖြင့် John Dickson Co. အင်္ဂလိပ် ကုမ္ပဏီက လိပ်လည်စက်ကြီးတခုကို အကြွေးပေးပါသည်။ မလုံလောက်သေးပါ။
ကြေးမုံ၏ စောင်ရေမှာ များစွာတိုးတက်နေသဖြင့် စက်သစ်ဝယ်ရန် လိုအပ်နေပြန်ပါသည်။ လိပ်လည်စက်နှင့် မနိုင်တော့ပါ။ ဗမာ့ခေတ်တွင် ရှိစဉ်က နိုင်ငံကြီးများတွင် အသုံးပြုသော Rotary ပတ်လည်စက်ကြီးများကို တပ်ဆင်စဉ်က အခက်တွေ့သဖြင့် မသုံးရဲ ဖြစ်နေပါသည်။
နှစ်လတိုင်တိုင် တပ်ဆင်ရသော ထိုစက်ကြီးများကို ဗမာ့ခေတ်တွင် စမ်းသပ်ပုံနှိပ်စဉ်က အသင့်အတင့် ကောင်းမွန်သော သတင်းစာထွက်ခဲ့ပါသည်။ သို့သော် သတင်းစာထုတ်မည့်နေ့ညသို့ ရောက်သည့်အခါတွင် ပုံနှိပ်မရတော့ပါ။ စက်သစ်နှင့်ထွက်ရန် ကြေညာပြီး စောင်ရေများ ပိုမိုလက်ခံထားပါသည်။ မထွက်မီ တနေ့တညလုံး ပြင်ဆင်သော်လည်း မည်းနက်ညစ်ပေသော သတင်းစာသာ ထွက်လာပါသည်။ ဇွဲနပဲကြီးမားသူ ဦးအုန်းခင်ပင် နံနက် (၄) နာရီ ထိုးသောအခါ “မင်းလုပ်ချင်သလိုလုပ်တော့” ဟု ဆိုကာ ထွက်သွားပါသည်။ ဖြစ်နိုင်သောနည်းနှင့် ရိုက်နှိပ်ရသဖြင့် ပွဲဦးထွက်သတင်းစာကို မလှမပ ထုတ်ခဲ့ရပါ၏။
စက်သဘောမှာ ခဲစာလုံးများ စာစီပြီးဖွဲ့ထားသော ခဲစာလုံးစာမျက်နှာကို စက္ကူပလတ်စတစ်ပြားပေါ်သို့ ပုံစံကူးရပါသည်။ ထိုမှ ခဲရည်လောင်းကာ ရရှိသော စာမျက်နှာပြားကြီးကို စက်သို့တင်ကာ ရိုက်ရပါသည်။ လေးလံသော ဖိတုံးကြီးနှင့် ဖိနှိပ်ကာ ပုံစံကူးလေတိုင်း မလှမပထွက်နေပါသည်။ နောက်ဆုံးတွင် ခဲစာလုံးများ ထွင်းထုသော စက်တွင်ခဲသားများ မာကျောစေရန် ထည့်ရသော သတ္တုတမျိုးကို စက်ဆရာတဦးက ခိုးကာ ရောင်းစားနေသောကြောင့် ဖြစ်သည်ကို သိရှိရသောအခါ တင်မောင်များစွာ စိတ်ဆိုးမိပါသည်။ သူတပါးထိနာစေရန် တသက်ပတ်လုံးမပြုခဲ့ပါလျက် စိတ်ကို မထိန်းနိုင်ဘဲ “ဒီကောင်ကို ထောင်ချမည်” ဟု အော်ဟစ်ကာ ရဲဌာနသို့ ခိုးမှုနှင့် တိုင်တန်းမိပါ၏။ ဦးအုန်းခင်က ဖြေသိမ့်ပါသည်။ “တို့ညံ့လို့ ခံရတာပါကွာ။ မလုပ်ပါနှင့်” ဟု သူကဆိုကာ အမှုကို ရုပ်သိမ်းစေပါသည်။
၁၉၆၂ ခုနှစ်တွင် ကြေးမုံအတွက် စက်ဝယ်ရန် လိုင်စင်လျှောက်ရာ ၀န်ကြီးဦးရာရှစ်က မေးမြန်းမှုပင် မပြုဘဲ လိုင်စင်ကျပ်တသန်းဖိုး ချပေးရှာပါသည်။ လိုင်စင်ရခိုက် တော်လှန်ရေးအစိုးရတက်လာသဖြင့် ပြည်သူပိုင်ပြုမည့် ဘေးရန်ကို မြင်ကြသော အစုရှင်များက လိုင်စင်ကို ရောင်းစားရန် စိတ်ကူးကြပါသည်။ တင်မောင်က လန်ဒန်မြို့တွင် သတင်းစာတစောင် Offset စက်သစ်စနစ်နှင့် ရိုက်နှိပ်သည်ကို မြင်ခဲ့ရသဖြင့် ထိုစက်ကို ၀ယ်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ကာ အမေရိကန်သို့ ထွက်ခဲ့ပါသည်။
ဤတချီတွင် မိမိကိုယ်တိုင် စက်ထုတ်လုပ်သော စက်ရုံကြီးနှင့် စက်ကိုသုံးနေသော သတင်းစာများသို့ သွားရောက်သင်ကြားပြီးမှ ၀ယ်ခဲ့ပါသည်။ အခက်အခဲတွေ့ပါသေးသည်။ တင်မောင်က စက်ကိုသာ သင်ကြားခဲ့ပြီး ပုံနှိပ်ရန် ခဲပြားဓာတ်ပုံရိုက်သော နည်းကို မသင်ခဲ့မိသောကြောင့် ပုံနှိပ်၍မရဘဲ ဒုက္ခရောက်ပါသေးသည်။ ရန်ကုန်တွင် အတော်ဆုံးစက်ဆရာ ကိုပိုက်ကြီးဆိုသူကို ပုံနှိပ်လောကတခုလုံးက အားကိုးကြရပါသည်။ သူနှင့် အယ်ဒီတာ ဦးဝင်းတင်တို့ အားထုတ်မှ လှပသော သတင်းစာထွက်လာပါသည်။ ကြေးမုံသည် အာရှတွင် ပထမဆုံးသော Offset ပုံနှိပ်စက် သတင်းစာဖြစ်ခဲ့ပါသည်။
ကြေးမုံသတင်းစာကို ပြည်သူပိုင်ပြုစဉ်က တိုက်ရော၊ မြေရော၊ စက်နှင့် ကားများပါ တန်ဖိုးမှာ ထိုစဉ်က ငွေကျပ်တသန်းခန့် တန်ရှိပါသည်။ လျော်ကြေးအဖွဲ့က ကျပ် (၄၀၀၀၀၀) လေးသိန်းတန်သည်ဟု ဆုံးဖြတ်ပြီး အစိုးရက ရရန် အခွန်တော် ကျပ် (၂၀၀၀၀၀) နှစ်သိန်းရရန် ရှိသည်ဆိုကာ ကျပ်နှစ်သိန်းတန် ဒီဘင်ချာငွေချေး စာချုပ်ကို ထုတ်ပေးပါသည်။ တကြိမ်တည်းပေးသည်မဟုတ်ပါ။ နှစ်ပေါင်း (၂၀) အလီလီ ပေးချေမည်ဟု စာချုပ် (၂၀) ကို ထုတ်ပေးပါသည်။ မိမိတန်ဖိုးထက် အဆများစွာ နည်းပါးစေကာမူ ထိုစဉ်က ငွေဈေးနှင့် တန်ဖိုးရှိသေးသဖြင့် လက်ခံခဲ့ပါ၏။
ငွေပေးဒီဘင်ချာ စာချုပ်များကို ပိုက်ကာ အမေရိကန်သို့ ထွက်လာပြီး နှစ်စဉ် ငွေကျပ်နှစ်သောင်းထုတ်ကာ အစုရှင်များကို ခွဲပေးရပါသည်။ တင်မောင်ရရှိသော ငွေကို ဆွေမျိုးများအား ထောက်ပံ့ပြီး အချို့ကို ရွှေတိဂုံစေတီတော်သို့ လှူဒါန်းပါသည်။ နှစ်အနည်းငယ် ကြာသောအခါတွင်မူ အမေရိကနှင့် ထိုင်းနိုင်ငံသတင်းစာများတွင် တင်မောင်ရေးသော ဆောင်းပါးများကို ဦးနေ၀င်းက စိတ်ဆိုးသဖြင့် အပြစ်ပေးရန် ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းတင်က အမိန့်ထုတ်လိုက်သည်ဟု ဆိုပါသည်။ ပထမငွေစုဘဏ်တွင် အပ်နှံထားသော တင်မောင်ပိုင် စုငွေများကို သိမ်းပိုက်ပါသည်။
ထိုနောက် ငွေထုတ်ရန် တင်မောင်က ပေးပို့သော တနှစ်တွက် လျော်ကြေးငွေ ကျပ်နှစ်သောင်းတန်ဒီဘင်ချာ စာချုပ် လက်မှတ်ကို အစိုးရငွေစုဘဏ်ငွေ ကျပ်နှစ်သောင်း မထုတ်ပေးဘဲ ကျပ်ရှစ်ထောင်သာ ထုတ်ပေးပါသည်။ ကြံကြံဖန်ဖန် ငွေပေးစာချုပ်မှ တင်မောင်ရရှိမည့် လျော်ကြေးကျပ် (၁၂၀၀၀၀) ကို သိမ်းကာ အခြားအစုရှင်များကိုသာ ငွေပေးချေသည်ဟု ဆိုပါသည်။
ငွေစုဘဏ်က ငွေစုစာချုပ်ကို အပြည့်မပေးဘဲ ကပ်သီးကပ်သပ် အချို့တ၀က်ကိုသာ ထုတ်ပေးသည်ဟု မည်သည့် ကမ္ဘာတွင်မှ မကြုံဖူးပါ။ မြန်မာနိုင်ငံတွင်သာ ပြုဝံ့ပြုရဲသော ကိစ္စဖြစ်ပါသည်။ ဦးနေ၀င်း၏ အာဏာစက်နှင့် ဒေါသစက်သည် ပြင်းထန်လှပါ၏။ ။

Friday, November 5, 2010

(၅၇) နိုင်ငံမရှိသော ဒုက္ခသည်တယောက် (ကြေးမုံဦးသောင်း)

ဇာတိမြေမှ ထွက်လာစဉ်က (၃) နှစ်ခန့်ကြာလျှင် ပြည်တော်ပြန်နိုင်လေမည်ဟု မျှော်လင့်ခဲ့ပါသည်။ “ကျုံးပတ်လည်ပြ မြို့ရိုးတွေနဲ့ ပြအိုးပါ တဆယ့်နှစ် တံခါးပါနော်၊ မမြင်ရအတန်ကြာမှာမို့ ပြန်ကာရှုစား” ဟူသော တေးကို ညည်းဆိုရင်း ၁၉၇၇ ခုနှစ်၊ ဇူလိုင်လက ပြည်မှ ထွက်လာခဲ့ပါသည်။
“တို့နိုင်ငံကို ၀င်ကြည့်စမ်းပါ” ဟု သံအမတ်ကြီးက ဖိတ်သဖြင့် ယူဂိုဆလပ်နိုင်ငံသို့ ၀င်ရောက်ရန် ဘိလပ်တွင် ခေတ္တနားရန် စီစဉ်ခဲ့သော်လည်း မ၀င်နိုင်ပါ။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် အမေရိကန်သို့ အရှေ့ဘက်လမ်းမှသာ သွားရမည်။ အခြားနိုင်ငံများသို့ ၀င်ခွင့်မပြုဟု ရေးထားပါသည်။ ပြည်မှထွက်ခဲ့ရာတွင်ပင် နှောင်ကြိုးများမလွတ်ရသေးပါ။ အကြောင်းမရှိအကြောင်းရှာကာ စည်းကမ်းတင်းထားသည့် ချုပ်ချယ်မှုကလေးကို ကသိကအောက် “ခံ” ရပါသေးသည်။
ဦးနေ၀င်း ချမှတ်သော ချုပ်ချယ်မှု ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်က ဒေါ်ခင်မေသန်း၏မောင် ဦးဂျော်ဂျီဘသန်းသည် ဂျာမနီနိုင်ငံသို့ ခရီးထွက်ရာမှ အမေရိကန်သို့ ခရီးဆက်လိုသောကြောင့် ဘွန်းမြို့၊ မြန်မာသံရုံးတွင် လျှောက်ထားရာ နိုင်ငံကူးလက်မှတ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခွင့်ရှိသည်ဟု ဖြည့်စွက်ပေးခဲ့ပါသည်။ ရွှေယောက်ဖကို စိတ်ဆိုးရာမှ နိုင်ငံခြားသို့ သွားသူများ နိုင်ငံတခုမှ အခြားနိုင်ငံတခုသို့ ကူးခွင့်ပိတ်စေဟု အမိန့်ထုတ်ခဲ့ပါသည်။
အမေရိကန်သို့ တိုက်ရိုက်သွားရမည်ဟု အမိန့်ရှိစေကာမူ လေယာဉ်အဆင်မပြေသဖြင့် ထိုင်းနှင့် ဟောင်ကောင်သို့ ၀င်ရောက်နားရပါသည်။ မိသားစုလေးဦးတို့ ခရီးထွက်ခဲ့ရာ၌ ကျပ်ငွေလေးရာနှင့် ညီမျှသော နိုင်ငံခြားငွေကိုသာ ယူဆောင်ခွင့်ပြုလေရာ ထိုငွေမှာ ထိုင်းလေဆိပ်တွင် ပေးရသော ကူလီခနှင့် ကုန်သွားပါ၏။ သတင်းစာလောကသားတို့သည် ၀ံသာနုရက္ခိတတရားရှိကြပါသည်။ မြန်မာနိုင်ငံတွင်းသို့ ရောက်လာပြီးမှ ငွေပြတ်သွားသဖြင့် တင်မောင်က ငွေချေးလိုက်ရသော သတင်းထောက်များ ရှိခဲ့ပါသည်။ ယခုမိမိတွင် အရေးကြုံသောအခါ၌ အမေရိကန်၊ ဂျပန်၊ ထိုင်းသတင်းထောက်စသည်တို့က ကူညီကြသဖြင့် အခက်အခဲ မရှိခဲ့ပါ။
အမေရိကန်ပြည်၊ မစ်ဇူရီပြည်နယ်၊ ၀ါရှင်တန်မြို့ကလေးသို့ ရောက်သွားသောအခါတွင်လည်း သတင်းစာအယ်ဒီတာပိုင်ရှင်က နေထိုင်ရန်အိမ်ခန်း အသင့်ငှားထားကာ ကြိုဆိုပါသည်။ သူရန်ကုန်သို့ လာရောက်စဉ်က မိတ်ဆွေဖြစ်ခဲ့ကာ အမေရိကန်သွားတိုင်း သူ၏ အိမ်သို့ ၀င်ရောက်တည်းခိုခဲ့ပါသည်။ စာရေးသဖြင့် ထောင်ကျရသောအဖြစ်ကို သူက စိတ်မကောင်းပါ။ ထောင်မှ ထွက်စကာလက “မင်းတို့နိုင်ငံမှာ သတင်းစာအလုပ်ကို လုပ်ရတာက မလွယ်ပါလားကွာ” ဟု ပြောကာ အရေးကြုံက သူ့ထံသို့ ပြေးခဲ့ပါဟု ဖိတ်ခေါ်ထားခဲ့သည့်အတိုင်း သူ့ထံသို့လာခဲ့ရာတွင် လိုလေသေးမရှိ ကူညီပါသည်။ သူ၏ သတင်းစာတွင် ဆောင်းပါးရေးခွင့် ပြုပါသည်။ နိုင်ငံရေးမပါသော မြန်မာ့ယဉ်ကျေးမှုအကြောင်းများကို စတင်ရေးခဲ့ပါသည်။
သတင်းစာမှာ တောမြို့ငယ်တွင် အခြေစိုက်ကာ ရွာနီးချုပ်စပ်သို့ ရောင်းရသဖြင့် စောင်ရေမများပါ။ သတင်းစာတွင် ဆောင်းပါးရေးရာ၌ ကော်လံကြေးများများ မပေးနိုင်ပါ။ မိသားစုလေးဦးတွင် သားကြီးက ကောလိပ်ကျောင်း၌ ၀င်ခွင့်ရသောအခါ စားစရိတ်က ကြီးမားလာစေကာမူ မိတ်ဆွေက လိုသမျှကူညီရှာပါသည်။ မိမိကလည်း စာရေးခြင်းအလုပ်တွင် ဓာတ်ပုံဘလောက်လုပ်ငန်းကိုပါ လုပ်ကိုင်မှ ကရုဏာနှင့်ကူညီသောငွေကို မလိုတော့ဘဲ မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်ခဲ့ပါသည်။ ဘ၀တလျှောက်လုံး စာရေးခြင်း၊ စာဖတ်ခြင်း၊ သတင်းထောက်လုပ်ခြင်းကိုသာ လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် ယခုလက်ကြောတင်းအောင် လုပ်ကိုင်ရသောအခါ ပင်ပန်းလှပါ၏။ မည်သူကိုမှ မကြောက်ရသော စိတ်ချမ်းသာမှုက ကြီးမားသောကြောင့် မောသည်ပန်းသည် မရှိခဲ့ပါ။
ထိုအတောအတွင်း အမေရိကန်တက္ကသိုလ်များမှ မြန်မာမှုသိသင်အဖွဲ့နှင့် အဆက်အသွယ်ရကာ နှီးနှောဖလှယ်ပွဲများ တက်ခွင့်ရရှိခဲ့ပါသည်။ တခေတ်က ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ အမေရိကန်သို့ လာကာ မြန်မာစာသင်တန်းများဖွင့်ခဲ့ပါသည်။ ထိုစဉ်က ကျောင်းသုံးစာအုပ်ဖြင့် ရှုမ၀မှ တင်မောင်၏ ၀တ္ထုများ၊ ပြဇာတ်များကို ရွေးခဲ့ပါသည်။ “အရပ်သားသုံးဝေါဟာရများ ကြွယ်ဝသဖြင့် ရွေးခဲ့သည်” ဟု ဆရာကြီးများက ပြောပါသည်။ စာရေးသူ၏ ၀တ္ထုများကို ဖတ်ကာ မြန်မာစာတတ်လာသော အမေရိကန်ပညာရှင်များက မြန်မာစာပေစာတမ်းများ တင်သွင်းရန် တိုက်တွန်းကြသောကြောင့် မြန်မာစာပေရေးရာ စာတမ်းများ တင်ခဲ့ပါသည်။ နေးရှင်းဦးလောရုံကလည်း မိန့်ခွန်းများ ပေးလေ့ရှိပါသည်။ “ဒီအဖွဲ့ဝင်တွေအားလုံးက ဒေါက်တာဘွဲ့ရထားတဲ့ ပညာရှင်တွေဗျ၊ တက္ကသိုလ်ဘွဲ့မရှိတာ ကျုပ်တို့နှစ်ယောက်ပဲ ပါတယ်” ဟု ဦးလောရုံကပြောကာ ရယ်မောလေ့ရှိပါသည်။
စာပေကိစ္စကို ဆွေးနွေးသောအခါတွင် မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ရေးသားခွင့်မရှိသော ဖိနှိပ်မှုများကို ဖော်ပြရပါတော့သည်။ “အကြောင်းတရာတရပ်သည် မှန်ကန်သော အကြောင်းဖြစ်စေကာမူ အခြေအနေနှင့် မကိုက်ညီက ရေးသားပုံနှိပ်ခြင်းမပြုရ” ဟု စာပေစီစစ်ရေးအဖွဲ့၏ ကြေညာချက်အမိန့်ကို ချန်လှပ်ထားရန် မသင့်သဖြင့် ပွင့်လင်းစွာ တင်ပြခဲ့ပါ၏။ ယင်းနှီးနှောပွဲများမှာ စာတမ်းများသည် မြန်မာနိုင်ငံသို့ ရောက်လေမည်မဟုတ်ဟု ယူဆကာ မြန်မာ့နိုင်ငံရေးအခြေအနေကို ပွင့်လင်းစွာ ဝေဖန်ဆွေးနွေးသောအခါ တချို့က လက်မခံကြပါ။ အထူးသဖြင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ တက်လာသူများက တင်မောင်၏ ဝေဖန်ချက်များကို ချေပဆွေးနွေးလေ့ရှိပါသည်။ ထိုကာလက စစ်အေးတိုက်ပွဲကြီး ဆင်နွှဲနေသော ခေတ်ဖြစ်လေရာ အမေရိကန်အစိုးရက ကွန်မြူနစ်ကို ဆန့်ကျင်တိုက်ခိုက်သူ ဦးနေ၀င်းအား မဟာမိတ်ကြီးအဖြစ် လိုလားမြှောက်စားနေသောကြောင့် သူ့ကို ဆန့်ကျင်သောအယူအဆကို လက်မခံကြပါ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဦးနေ၀င်း၏ ဘီလူးဇာတိပေါ်လာမှ မြန်မာ့စစ်ဝါဒကို ဆန့်ကျင်ကြပါတော့သည်။
နှီးနှောပွဲများတွင် မြန်မာအစိုးရကို ဝေဖန်ပြောဆိုသူကို ဦးနေ၀င်း၏ နားသို့ရောက်သွားဟန် တူပါသည်။ နှီးနှောပွဲများတွင် မြန်မာပညာရှင်အချို့ကို တွေ့ရရာတွင် အမျိုးသမီးတဦးကို သတိထားမိပါသည်။ သူက “စစ်အစိုးရစနစ်သာ နိုင်ငံငယ်များ တည်ငြိမ်ကြွယ်ဝရေးအတွက် ဆောင်ရွက်နိုင်သည်” ဟူသော စာတမ်းတင်သွင်းရာ ပါရဂူဘွဲ့ယူရန် စာသင်နေပါသည်။ ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ ဦးနေ၀င်းကတော် ဒေါ်နီနီမြင့်မှ စေလွှတ်သူဟု ပြောပါ၏။ နောင်တခေတ်တွင် အစိုးရ၀န်ထမ်းမှန်သမျှ ဆေးအတတ်ဖြစ်စေ၊ စက်မှုအတတ်ဖြစ်စေ၊ တက္ကသိုလ်တွင် သမိုင်းနှင့် နိုင်ငံရေးရာဘာသာကို ဘာသာတွဲယူကာ သင်ကြားရမည်။ စစ်အစိုးရစနစ်သာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်သည်ကို သင်ကြားပြီး စာမေးပွဲဖြေဆိုနိုင်မှသာ အစိုးရ အမှုထမ်းဖြစ်စေခွင့် ရှိမည်ဟု စီမံကိန်းရှိသည်ဟု ပြောပါသည်။ မည်သို့ဆိုစေကာမူ မိမိယူဆချက်များကို လျှော့မပေးခဲ့ပါ။
“ခင်ဗျားရေးတဲ့ ဆောင်းပါးတွေနဲ့ စာတမ်းတွေကို ဗိုလ်ချုပ်ကြီးက စိတ်ဆိုးနေတယ်။ ပြန်လာဖို့မလွယ်ဘူး။ အဖမ်းခံရမှာပဲ။ ဒီတခါဆိုရင် ထောင်တသက်ပေါ့” ဟု ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒု-ညွှန်မှူးဖြစ်လာသူ ကြေးမုံအယ်ဒီတာဟောင်း ဦးတင်ထွေး အမေရိကန်ရောက်လာစဉ်တွင် စိတ်မကောင်းစွာနှင့် သတိပေးပါသည်။
ထိုအတွင်းတွင် ဇနီးဖြစ်သူက သူ၏ ဒုတိယသားကို ဖွားမြင်သောအခါ နိုင်ငံခြားတွင် ဖွားမြင်စေကာမူ သားကလေးကို မြန်မာနိုင်ငံသားသာ ဖြစ်စေလိုသဖြင့် မိခင်၏နိုင်ငံကူးလက်မှတ်တွင် သား၏အမည် ဖြည့်စွက်ပေးပါဟု ၀ါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးသို့ လျှောက်ထားပါသည်။ ဖြည့်စွက်ပေးရန် ငြင်းဆိုပါသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် စီးပွားရေးအခြေအနေ ဆုတ်ယုတ်ပျက်ပြားနေသော သတင်းများကို ဆက်တိုက်ကြားသိ ရပြန်ပါ၏။ စီးပွားပျက်သော သတင်းများကို ဖုံးအုပ်ကာ အမှောင်ချထားပါသည်။ ထိုကြောင့် မြန်မာပြည်သူတို့ သိရှိရန် လိုအပ်သဖြင့် “မြန်မာ့ သံတော်ဆင့်သတင်းစာ” ကို ၁၉၇၉ ခု၊ အောက်တိုဘာလ (၁၅) ရက်နေ့မှ စတင်ကာ ထုတ်ဝေလိုက်ပါသည်။ သတင်းစာပီသစွာ သတင်းများ၊ ဆောင်းပါးများနှင့် အယ်ဒီတာ၏ အာဘော်ခေါင်းကြီးပိုင်းကိုပါ ရေးသားပြီး စာရေးသူ၏ အသံနှင့် ကက်ဆက်ပေါ်တွင် အသံသွင်းပါသည်။ ထိုင်းတွင်ရှိနေသော ဆရာဦးရဲခေါင်က ကက်ဆက်ခွေအများကူးကာ မြန်မာပြည်တွင်းသို့ ခိုးဝှက်တင်သွင်းခဲ့ပါသည်။
တဖန် ထိုင်းတွင်ခိုလှုံနေသော အလံနီဟောင်း၊ ပထစဟောင်း ဦးသွင်က ဒီမိုကရေစီဂျာနယ်ကို ထုတ်ဝေသောအခါတွင်မူ မြန်မာ့နိုင်ငံရေးကိစ္စများကို ပြတ်သားမှန်ကန်စွာ ရေးမိပါတော့သည်။
ဇာတ်ပေါင်းလိုက်သောအခါ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးသဖြင့် မြန်မာသံရုံးသို့ လျှောက်ထားသည်ကို သက်တမ်းတိုးမပေးသဖြင့် တင်မောင်မှာ နိုင်ငံမရှိသော လူသားတယောက် ဖြစ်သွားပါတော့သည်။ သန်းနှင့်ချီသော ကမ္ဘာကြီး၏ နိုင်ငံရေးဒုက္ခသည်စာရင်းတွင် ဂဏန်းတလုံးတက်ကာ နိုင်ငံရေးဒုက္ခိတ နံပါတ်တခုသာ တင်မောင်ပိုင်ဆိုင်ပါတော့သည်။
စင်စစ်အားဖြင့် တင်မောင်အဖို့ နိုင်ငံမရှိသူ ဖြစ်နေသကဲ့သို့ ဇာတိမြန်မာနိုင်ငံအဖို့လည်း တင်မောင်တယောက် မရှိသော နိုင်ငံဖြစ်ရရှာပါသည်။ နှစ်ဘက်နှစ်ဝ ဆုံးရှုံးကြပါသည်။ တောင်ပြုန်းဆုတောင်းပြည့်စေတီတော်တွင် အုတ်နှစ်ချပ်လပ်သကဲ့သို့ မြန်မာနိုင်ငံတံတိုင်းကြီးတွင် နိုင်ငံသားကြီး တင်မောင်၏နေရာ အုတ်တချပ် လပ်နေမည် ဖြစ်ပါသည်။ ။

Saturday, October 30, 2010

(၅၆) ထွက်တော်မူ နန်းကခွာတယ် (ကြေးမုံဦးသောင်း)

ပြန်ကြားရေးဝန်ကြီးဌာနတွင် လုပ်သက် (၉) နှစ်ကျော် (၁၀) နှစ်ပြည့်လုလုတွင် ရပ်တန်းက ရပ်သင့်ပြီဟု တင်မောင်ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ဆရာတက်တိုးအား တိုင်ပင်သောအခါတွင် “ (၃) လလောက်ဆိုလျှင် (၁၀) နှစ်ပြည့်မှာမို့ ပင်စင်ရမယ်ကွ၊ (၃) လပဲ အောင့်အီးထားပါကွာ” ဟု ဆိုရှာပါ၏။ ခက်သည်မှာ နောက်ထပ် (၃) လ မဆိုထားဘိ နောက် (၃) ရက်ပင် မနေလိုတော့ပါ။ လုပ်သက် (၁၀) နှစ်ပြည့်ရန် (၃) လအလိုတွင် ထွက်စာတင်လိုက်ပါ၏။
တိုင်ပင်ရမည့်သူများကို တိုင်ပင်သောအခါ ဆရာဦးအုန်းခင်၊ ဦးညိုမြနှင့် မြသန်းတင့်တို့က တင်မောင်တယောက် မြန်မာနိုင်ငံတွင်ရှိနေသဖြင့် အကျိုးမရှိဟု သုံးသပ်ကာ အမြန်ဆုံးထွက်ရန် တိုက်တွန်းကြပါသည်။ ထောင်တွင်းရှိ သခင်စိုးကပင် တင်မောင်အား နိုင်ငံခြားသို့သွားကာ စာရေးသင့်သည်ဟု ဗျာဒိတ်ပေးပါသည်။
လမ်းစကလည်း ပေါ်နေပါသည်။ တော်လှန်ရေးအစိုးရ တက်လာချိန်မှစတင်ကာ အိန္ဒိယတိုင်းရင်းသားအများနှင့် အင်္ဂလိပ်သွေးပါသူများတို့ မြန်မာနိုင်ငံကို စွန့်ခွာပြေးကြစဉ်က “အပြီးပြန်များ” ဟု ဝေါဟာရအသစ်ဖြင့် ခွင့်ပြုခဲ့ရာတွင် သူတို့အိမ်ခန်းများကို သိမ်းယူခဲ့ပါသည်။ မြန်မာအစစ်များကိုမူ နိုင်ငံကူးလက်မှတ် လျှောက်ထားသည်နှင့် တပြိုင်နက် သစ္စာဖောက်ဟု တံဆိပ်တပ်ကာ မှုထမ်းရာထမ်းဖြစ်ပါက အလုပ်မှ ဖြုတ်လေ့ရှိပါသည်။ နိုင်ငံကူးလက်မှတ် ရရှိရန် ခက်ခဲလှပါသည်။
ပြည်ပသို့ ရောက်နေသော မြန်မာများသာမက မြန်မာပြည်တွင် ဖွားမြင်သူ မှန်သမျှကို ပြည်တွင်းသို့ အလည်လာရန် ဗီဇာမပေးဘဲ ပိတ်ထားခဲ့ပါသည်။ သံရုံးသို့ လာရောက်ကာ ဗီဇာလျှောက်ထားသူမှန်သမျှကို မြန်မာနိုင်ငံတွင် မွေးဖွားသူ ဖြစ်ပါက မည်သူ့ကိုမှ ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးရဟု ဦးနေ၀င်းက အမိန့်ချထားပါသည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဧ၀ရတ် တောင်ထိပ်ကို တက်ခဲ့နိုင်သူ ကမ္ဘာကျော် သူရဲကောင်းကြီး ဆာဟီလာရီက အာရှခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စီစဉ်သောအခါ မြန်မာနိုင်ငံတွင် မွေးဖွားသူဖြစ်သဖြင့် လာရောက်ခွင့်မပြုနိုင်ဟု ပြည်ဝင်ခွင့်ဗီဇာမပေးခဲ့ပါ။
ယင်းကဲ့သို့ တင်းကျပ်စွာ ရွှေတံခါးကြီးကို လုံခြုံစွာ ပိတ်ထားခဲ့ရာမှ ဇာတ်ကွက်ပြောင်းသွားပြန်ပါသည်။ ဦးနေ၀င်းက ဥရောပသို့ ဇိမ်ခံခရီးထွက်ရာမှ ပြည်မှ ထွက်နေသူ ဒေါ်ရတနာနတ်မယ်တို့ တွေ့ကြပြီး ချစ်ကြိုက်မိသည် ဆိုပါသည်။ သူထုတ်ခဲ့သော လူဝင်မှုဥပဒေများကို ချိုးဖောက်ကာ ဒေါ်ရတနာနတ်မယ်ကို အပါခေါ်ကာ နိုင်ငံတွင်းသို့ ပြန်ခေါ်လာပြီး လက်ဆက်ခဲ့ပါသည်။
ဦးနေ၀င်းက မိမိရေးထားသော ဗီဇာပိတ်ဥပဒေကို ဖျက်မိရာမှ မိမိကိုယ်တိုင် လက်နှင့် ရေးထားသည်ကို မိမိ၏ ခြေထောက်နှင့် ဖျက်မိသည်ကို ရှက်တော်မူဟန် တူပါသည်။ မြန်မာပြည်ဖွားများ ပြည်မှ ထွက်ခွင့်၊ ၀င်ခွင့် စည်းကမ်းကို လျှော့ပေးပါသည်။ မြန်မာပြည်ဖွားများ ၀င်ရောက်ခွင့်ပြုရာမှ ပြည်မှ ထွက်လိုသူများအား နိုင်ငံကူးလက်မှတ်များ ဖွင့်ပေးနေသဖြင့် ပြည်မှ ထွက်လိုသူများအဖို့ အခါတော်ကျနေပါသည်။
အမေရိကန်ပြည် တောမြို့ကလေးတမြို့မှ မိတ်ဆွေ သတင်းစာဆရာတဦးအား မိမိလာခဲ့တော့မည်ဟု အကြောင်းကြားပြီးနောက် ဗိုလ်ချုပ်စန်းယုထံ သွားရောက်တွေ့ဆုံကာ အမေရိကန်သို့ သွားလိုကြောင်း တင်ပြရာ ”သွားပါလေ၊ ဟိုကျတော့ ကျုပ်တို့ ဗမာနိုင်ငံကောင်းကြောင်းတွေ ရေးပါလေ” ဟု ရှောရှောရှူရှူ သဘောတူခဲ့ပါသည်။ တဆက်တည်း အမေရိကန်သံအမတ်ကို တွေ့ဆုံကာ ဗီဇာတောင်းပါသည်။ သံအမတ်ကြီးက ဆရာလှသမိန်ထ့ မြန်မာစာသင်ကြားနေရာ တင်မောင်ရေးသားသော သတင်းစာဆရာဝတ္ထုကို ကျောင်းသုံးစာအုပ် အဖြစ် သင်ကြားနေသူဖြစ်သဖြင့် စိတ်ချဟု အဖြေပေးပါသည်။ နိုင်ငံကူးလက်မှတ်မှာ (၁၃) ရက်အတွင်း ကျလာပြီး ရက် (၂၀) အတွင်း ဗီဇာရရှိပါသည်။ မဆိုင်းမတွ ထွက်ခဲ့ပါသည်။
ယခုကဲ့သို့ အလျင်အမြန် ထွက်ခဲ့သည်မှာ အကယ်၍ မထွက်ပါလျှင် တင်မောင်ကြောက်လှသော အင်းစိန်ထောင်ကြီးသို့ ပြန်သွားရမည့် နိမိတ်လက္ခဏာများကို မြင်တွေ့ရသဖြင့် ဖြစ်ပါ၏။ မိမိအဖို့ အထက်လူကြီးများဖြစ်သော ပြန်ကြားရေးဝန်ကြီး၊ ဒု-၀န်ကြီးတို့နှင့် ပြဿနာမရှိပါ။ ပြန်ကြားရေးဌာနတွင် စစ်ဗိုလ်များ၊ ကွန်မြူနစ်လူထွက်များနှင့် ကျောင်းဟောင်းများဟု ခေါ်ဝေါ်ကြသော သမရိုးကျ စာနယ်ဇင်းလောကသားများဟု သုံးစုရှိပါသည်။ ၀န်ကြီးများအပါအ၀င် စစ်ဗိုလ်များက တင်မောင်အား ဗိုလ်ချုပ်ကြီးက ခန့်ထားသူအဖြစ် လက်ဖျားနှင့် မတို့ကြပါ။ ဌာနအတွင်းသို့ ၀င်ရောက်အခြေချချိန်မှ စတင်ကာ ကွန်မြူနစ်လူထွက်များက တိုက်ခဲ့ကြရာတွင် နောက်ပိုင်းတွင် ရဲဘော်ရဲဘက် စာနယ်ဇင်းလောကသားတို့ကပါ တိုက်ခိုက်လာကြပါသည်။
နိုင်ငံခြားသို့ သွားခွင့်များများ ရရှိခဲ့ခြင်း၊ သံရုံးများနှင့် ၀င်ထွက်သွားလာနိုင်ခြင်း စသည့်အခွင့်အရေးများအပြင် အယ်ဒီတာအဖွဲ့၏ အတွင်းရေးမှူးရာထူးသည် ထိုခေတ်က ပြန်ကြားရေးဝန်ကြီးဌာနတွင် အကောင်းဆုံးရာထူး ဖြစ်သဖြင့် ပလ္လင်လုလိုသူ များပါသည်။
တင်မောင်၏ နေရာကို ရရှိရန်မှာ တင်မောင်အား အင်းစိန်ထောင်သို့ ပို့နိုင်မှသာ အောင်နိုင်မည်ဖြစ်သောကြောင့် စစ်အစိုးရခေတ်တွင် အထက်ဆုံးလက်နက်ဖြစ်သော ပစ်စာ လက်နက်ကို သုံးနေကြသည်ကို သိရပါသည်။ မိမိသည် ဆောင်းပါးများရေးရာတွင် မိမိ၏ ယူဆချက်အမှန်ကို ရေးသည်မှတပါး ဌာနဆိုင်ရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်ကို ၀န်ကြီးများက သိကြသဖြင့် တိုင်စာများကို တင်မောင်အားပြသကာ ဖြေရှင်းခွင့်ပေးကြပါသည်။ ယိုးစွပ်ချက်များကို ဖြေရှင်းပြနိုင်သဖြင့် ခေါင်းနှင့်ကိုယ် မြဲခဲ့ရပါသည်။
ဦးသန့်ဈာပန အရေးအခင်း ဆူပူကြစဉ်က ဆရာတင်မောင်၊ ဆရာတက်တိုးတို့က လူထုကို ထိန်းသိမ်းသော ဆောင်းပါးများ မရေးပါဟု ၀န်ကြီးများနှင့် အယ်ဒီတာချုပ်အစည်းအဝေးတွင် ဗိုလ်တထောင်အယ်ဒီတာချုပ် ကွန်မြူနစ်လူထွက် ဦးထိန်လင်းက လက်ညှိုးထိုးကာ တင်ပြပါသည်။ သူသည် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်သဖြင့် ပါတီ၏ သြဇာပါရှိပါသည်။ သူ၏ စွဲချက်သည် အန္တရာယ်ကြီးလှပါသည်။
“၀န်ကြီးများခင်ဗျား၊ လက်နက်ချကွန်မြူနစ်ကြီးက အခွင့်ကြုံသဖြင့် ချောက်တွန်းသည် ဖြစ်ပါတယ်” ဟု မဆိုင်းမတွ ပြန်ကာ ရှင်းရပါသည်။ ဗိုလ်တထောင်တွင် ကွန်မြူနစ်ထွက်များ စာမူပို့က ချက်ချင်းပုံနှိပ်စေကာမူ တင်မောင်တို့ ကျောင်းဟောင်းများ၏ စာမူကို (၄) ရက်ကြာမှ ပုံနှိပ်သဖြင့် လတ်တလောအရေးအခင်းများ ရေးရန် ခက်ခဲကြောင်းမှ စတင်ကာ ရွှေတိဂုံစေတီတော်တွင် ညတည၌ လျှို့ဝှက်စည်းဝေးကြ၍ အစိုးရဌာနများသို့ ရောက်လာကြသော ကွန်မြူနစ်လက်နက်ချများက ဌာနရှိ လူဟောင်းများကို ဖြိုကာ လက်နက်ချများ ပိုမိုနေရာရရှိရေးကို ဆောင်ရွက်ကြရမည်၊ အစိုးရစက်ယန္တရား အချက်အချာများကို ရကြမှ စစ်ဗိုလ်များကို ဖြိုရန် ဆုံးဖြတ်ကြောင်းကိုပါ အတိအလင်းချေပမှ လက်နက်ချအားလုံးတို့ပါ ငြိမ်သက်သွားပါသည်။
တဖန် ကျောင်းဟောင်းသတင်းစာလောကသား ဘ၀တူဖြစ်သူ ငတ်ဖော်ငတ်ဖက် ဆရာသာဂဒိုးက စွဲချက်တင်ပြန်ပါသည်။ ၁၉၇၅ ခုနှစ်က သမိုင်းချည်စက် အလုပ်သမားများ ဆန္ဒပြသဖြင့် ဆူပူမှုများ ဖြစ်ပေါ်ရာတွင် တင်မောင်ရေးသားထုတ်ပြန်သော ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေညာချက်က နှိုးဆွသောကြောင့် ပိုမိုဆူပူကြသည်ဟု သူက ပြောပါသည်။ စွဲချက်မှာ အရေးကြီးလှပါသည်။ နိုင်ငံတော်ကို သစ္စာဖောက်မှု ဖြစ်ပါသည်။ မှန်ကန်ပါက တင်မောင်အား ထောင်သို့ပြန်ပို့ရန်သာ ရှိပါသည်။ သူမသိသည်မှာ ယင်းကြေညာချက်ကို တင်မောင်ရေးသည်မှာ မှန်ကန်စေကာမူ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး၏ နှုတ်မိန့်ကို နှုတ်တိုက်ရေးရသည် ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးကိုပါ ဖတ်ပြပြီးမှ ၀န်ကြီးနှစ်ဦးတို့၏ အတည်ပြုချက်နှင့် ထုတ်ပြန်သည်ဖြစ်သဖြင့် တင်မောင်၏ အာဘော်မဟုတ်သောကြောင့် ခေါင်းမပြုတ်ခဲ့ရပါ။
အရေးထဲတွင် ၀န်ကြီးချုပ်ဟောင်းဦးနုက ထိုင်းနယ်စပ်တွင် တပ်စွဲပြီး သူပုန်ထပြန်ရာ သူက လွှတ်လိုက်သော ဆက်သားကြီး ကိုထွေးမြင့်ကို စစ်စုံထောက်များက ဖမ်းမိသောအခါတွင် ဦးနုက တင်မောင်နှင့် ဆက်သွယ်လှုပ်ရှားရန် ညွှန်သော စာရွက်စာတမ်းများကိုပါ ဖမ်းမိခဲ့ပါသည်။ တင်မောင်အား ဆက်ရန် လျှို့ဝှက်သင်္ကေတ ၁ နှင့် ဆက်သွယ်ရမည် စသည်ဖြင့် အသေးစိတ်မိပါသည်။ ဦးနုထံသို့ သတင်းစာမှ စာပြန်ရေးလိုက်ပါသည်။ “ဦးခင်ဗျား၊ ကျနော့်ကို ပါလီမန်ဒီမိုကရေစီပါတီ သူပုန်တပ်စာရင်းမှ ထုတ်လိုက်ပါ။ အစိုးရကို တိုက်ရန်ရှိပါက ကျနော့်နည်း၊ ကျနော်၏မူနှင့် တိုက်ပါမည်” ဟု ရေးသားရပါ၏။ “မဆလအစိုးရကို မတိုက်” ဟု မရေးခဲ့ပါ။
ထိုကြောင့် တင်မောင်၏ ဘ၀အခြေအနေမှာ စစ်မြေပြင်တွင် ရောက်နေသူကဲ့သို့ ဖြစ်နေပါသည်။ ကျည်ဆံများသည် အရှေ့ဘက်မှသာမက နောက်မှလည်း လာပါသည်။ ဘေးနှစ်ဘက်မှလည်း လာပါသည်။ ထောင်နှုတ်ခမ်း လမ်းလျှောက်နေရသော ဘ၀မှ လွတ်မြောက်အောင် ပြေးခဲ့ပါသည်။
ပြည်မှ ထွက်ရန် စီစဉ်နေချိန်တွင် စာပေနှီးနှောဖလှယ်ပွဲနှင့် ကြုံကြိုက်သဖြင့် စာတမ်းတင်ရာတွင် ပြန်ကြားရေးဝန်ကြီး ဦးလွင်သည် ရှေ့ဆုံးမှ ထိုင်နေပါသည်။ စစ်စုံထောက်ချုပ်ကြီး ဖြစ်ခဲ့သဖြင့် သတင်းစာလုပ်သက်တလျှောက်လုံး သူ့ကို ကြောက်ခဲ့ရသူဖြစ်ပါသည်။ သူ၏ မျက်နှာကို စူးစိုက်ကြည့်ပြီး လက်ညှိုး ထိုး၍ ဦးကုလားရာဇ၀င်တွင် ပုဂံခေတ်က နောင်တော်ကို လုပ်ကြံကာ နန်းတက်သူ ကုလားကျမင်းအား ပံ့တကူမထေရ်ကြီးက “ဟယ် - မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကို ရလျှင် နင်၏ ကိုယ်ခန္ဓာသည် မအိုမသေပြီမှတ်သည်လော။ လောကတွင် နင့်ထက် ပျက်သော မင်းမရှိ၊ မင်းဆိုးမင်းညစ်အောက်တွင် ငါမနေပြီ” ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ သီဟိုဠ်ပြည်သို့ ထွက်သွားကြောင်း ဌာန်ကရိုဏ်းကျကျ ဖတ်ရှုခဲ့ရသည့် အရသာမှာ ကြီးမားလှပါ၏။ ။

Monday, October 25, 2010

အ၀ါရောင်ရှည်ရှည်အသီး



ငှက်ပျောသီးကို အင်္ဂလိပ်လို banana ဒိန်းမတ်လိုတော့ banan လို့ ခေါ်ပါသည်။ အခုတော့ ဒိန်းမတ် စူပါမားကတ်တခုက banan လို့တောင် မရေးပဲ “အ၀ါရောင်ရှည်ရှည်အသီး” LANG GUL FRUGT လို့ အပြောင်အပျက်ရေးထားတာကို တွေ့ရပါတယ်။ တကယ်တော့ ဒိန်းမတ်မှာ ငှက်ပျောပင်မရှိပါဘူး။ သူတို့တွေ ငှက်ပျောသီးသာစားနေကြတာ ငှက်ပျောပင်မြင်ဘူးပုံမရဘူး။ ကျနော်တို့ ရွှေတွေအတွက်လည်း ငှက်ပျောပင် မရှိတော့ မုန့်ဟင်းခါးချက်တဲ့အခါ အင်္ဂါမစုံ ဖြစ်ရပါတယ်။
ဓါတ်ပုံထဲမှာ ငှက်ပျောသီးကို တစ်ခရိုနာနဲ့ ဈေးလျော့ရောင်းပေးနေပါတယ်။ ပုံမှန်ဈေးက ငှက်ပျောသီးတလုံးကို 2.50 ခရိုနာဝန်းကျင်ရှိပါတယ်။ ယူအက်စ်ဒေါ်လာနဲ့ဆို ပြားငါးဆယ်လောက်ရှိပါမယ်။
ငှက်ပျောပင်မပေါက်တဲ့နိုင်ငံမို့ ငှက်ပျောသီးကို “အ၀ါရောင်ရှည်ရှည်အသီး” လို့ နောက်ပြောင်ရေးရင်းနဲ့ ငှက်ပျောသီးရဲ့ မူလအမည်တောင် ပျောက်သွားနိုင်ကြောင်းပါ…။ ။