Saturday, November 22, 2008

(၁၅) ကြေးမုံနှင့် စစ်တပ်တို့ ထိပ်တိုက်တွေ့ကြခြင်း (ကြေးမုံဦးသောင်း)

၁၉၄၈ ခု၊ မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစဉ် ကာလက စစ်တပ်၏ အင်အားမှာ မြန်မာ၊ ကရင်၊ ချင်း၊ ကချင် တပ်ရင်း (၁၅) ခုနှင့် စစ်ရဲတပ်ရင်း (၁၅) ခုသာ ရှိလေသည်။ နောက် (၁၀) နှစ်ကြာကာလတွင် စစ်တပ်အင်အား သည် များစွာ ကြီးမားလာပြီး နိုင်ငံ၏ အသုံးစရိတ် အစုစု၏ လေးပုံတပုံကို စစ်စရိတ်တွင် သုံးကြရတော့သည်။
၁၉၄၉ ခုနှစ်က သူပုန်အမျိုးမျိုးတို့၏ အင်အားမှာ (၄၅၅၀၀) ရှိသည်ဟု စာရင်းရှိသည်။ စစ်တပ်နှင့် နှိမ်နင်းခြင်း၊ စေ့စပ်ဆွေးနွေးခြင်း၊ စေ့စပ်ဆွေးနွေးပြီး လက်နက်ချစေခြင်းတို့ကြောင့် ၁၉၅၈ ခုနှစ်တွင် သူပုန်အင်အား (၇၅၀၀) သာကျန်တော့သည်။ သို့သော်ငြားလည်း စစ်စရိတ်ကမူ လျှော့မသွားဘဲ တိုးလာလေသည်။ အစိုးရ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း ဘတ်ဂျက်တွင် ငြိမ်ဝပ်ပိပြားရေးစရိတ် (၅၂) ရာနှုန်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေးအတွက် (၂၃) ရာနှုန်းသုံးပြီး စီးပွားရေးအတွက် (၂၅) ရာနှုန်း သုံးခဲ့ရလေသည်။ ထိုအထဲတွင် စစ်တပ်က ကာကွယ်ရေးစရိတ်အပြင် စီးပွားရေးစရိတ်ထဲတွင် ၀င်နှိုက်ပြန်လေသည်။
ပြည်တွင်း စစ်ဦးကာလက တပ်မတော် သက်သာချောင်ချိရေးအဖွဲ့ကို ၀န်ကြီးချုပ်ကတော် ဒေါ်မြရီက ဦးစီးပြီး ဖွဲ့စည်းလေသည်။ တိုက်ပွဲစစ်မျက်နှာများသို့ သွားကာ ထမင်းထုပ်၊ မုန့်၊ ငှက်ပျော၊ သရေစာများ စသည်တို့နှင့် တပ်မတော်သားတို့ကို ပြုစုခဲ့ရာမှ အဖွဲ့ကို စစ်ဗိုလ်များ ပါဝင်လာကာ တိုးချဲ့လေတော့သည်။ စောစောကာလတွင် တပ်မတော်အရာရှိများအတွက် နိုင်ငံခြားမှ ကုန်စည်များ တင်သွင်းပြီး ဈေးချိုသာစွာ ရောင်းချသည်။ ၁၉၅၁ ခုတွင် ရဲဘော်စစ်သားများအတွက် ငါးပိ၊ ငါးခြောက်ရောင်းသည်အထိ တိုးချဲ့ ပြီး စီးပွားရေးလုပ်ငန်း အမျိုးမျိုး တို့ကို ချဲ့ ထွင်လုပ်ကိုင်ခဲ့ကြလေသည်။
၁၉၅၈ ခုနှစ် စစ်တပ် အိမ်စောင့်အစိုးရခေတ်တွင်မူ မြန်မာကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားပြီး တပ်မတော် သက်သာချောင်ချိရေးအဖွဲ့ကို အင်အားကြီးမားသော စီးပွားရေးလုပ်ငန်းကြီး အဖြစ် တိုးချဲ့ တော့သည်။ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ရေး ကော်ပိုရေးရှင်း BEDC အမည်နှင့် စီးပွားကုန်သွယ်မှု လုပ်ငန်းရှင်ကြီး ဖြစ်လာလေတော့သည်။
စစ်တပ်က စီးပွားရေးလောက ၀င်ရောက်လာရာတွင် ခေါင်းပုံဖြတ်စနစ်ကို အသုံးပြုသည်။ ဥပမာ မြန်မာနိုင်ငံ မီးရထားဌာနနှင့် ပြည်တွင်းရေကြောင်းဌာနအတွက် ကျောက်မီးသွေး နှစ်စဉ် တန်ချိန် (၃)သန်းခန့်ကို အိန္ဒိယက ၀ယ်ယူတင်သွင်းရာ၌ အစဉ်အဆက်က ဟဲလ်ဂါကုမ္ပဏီအမည်ရှိသည့် ဂျူးကုမ္ပဏီကတဆင့် အစိုးရက ၀ယ်ခဲ့သည်။ အိမ်စောင့်စစ်အစိုးရခေတ်တွင် စစ်တပ်က မီးသွေးကုမ္ပဏီအသစ် တည်ထောင်ပြီး သူတို့ကုမ္ပဏီ ကသာ ၀ယ်ယူစေသည်။ နိုင်ငံခြားသားကို ဖယ်ရှားပြီး စစ်တပ်က သွင်းကုန်ုလုပ်ငန်းကို ၀င်ရောက်လုပ်ကိုင် သည်မဟုတ်၊ မူလက ဂျူးတွေကိုပင် အိန္ဒိယမှ ကျောက်မီးသွေးများ တင်သွင်းရောင်းချစေပြီး စစ်တပ်က လုပ်ငန်းတွင် လက်ဖျားနှင့်မှ မတို့ဘဲ ကုမ္ပဏီအမည်သစ်ကို အသုံးပြုကာ ပွဲခယူသည်။ ခေါင်းပုံဖြတ်သည်။ အလားတူပင် ဆောက်လုပ်ရေးကုမ္ပဏီဖွဲ့ပြီး အစိုးရလုပ်ငန်းများ ကန်ထရိုက်နှင့် စစ်တပ်ကန်ထရိုက်လုပ်ငန်းများ ကို လွှဲပြောင်းလုပ်ကိုင်သည်။ အလားတူပင် ဆောက်လုပ်ရေးကုမ္ပဏီဖွဲ့ပြီး အစိုးရလုပ်ငန်းများ ကန်ထရိုက်နှင့် စစ်တပ်ကန်ထရိုက်လုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်သည်။ လုပ်ငန်းတွင် စစ်ဗိုလ်ကြီး ၀င်ရောက်လုပ်ကိုင်ခြင်း မပြုဘဲ မူလကန်ထရိုက်များကို ခိုင်းစားပြီး ပွဲခခေါင်းပုံဖြတ်၏။ ထိုစနစ်အရ အစိုးရအဖို့ ကုန်ဝယ်ရာ ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ရာတွင် တကယ်လုပ်သူတွေအတွက် အမြတ်အစွန်းအပြင် BEDC အတွက် ခေါင်းပုံဖြတ် စရိတ်ပါ ပေးရသဖြင့် အရပ်သားအခွန်ထမ်း လူထုမှာ များစွာနစ်နာရသည်။
စစ်ဗိုလ်ကြီးများကမူ စစ်တပ်က တပ်မတော်သက်သာချောင်ချိရေးအတွက် စီးပွားရေး လုပ်ကိုင်ရာ၌ သူတို့တတွေ တော်လွန်းသောကြောင့် ငွေတွေ မြတ်လှပြီဟု ကျေနပ်ပြီး လုပ်ငန်းအများကို တိုးချဲ့ ကြလေတော့ သည်။ စီးပွားရေးလုပ်ငန်းကြီး (၁၂)ခု ကို တည်ထောင်သည်။ ဘဏ်တိုက်ကြီးတခုနှင့် ပင်လယ်ရေကြောင်း လုပ်ငန်းအထိ တိုးချဲ့ လုပ်ကိုင်သည်။
သူတို့လုပ်ငန်းအတွက် အစိုးရက ငွေပင်ငွေရင်း ၁၂၀၀၀၀၀ (တသန်းနှစ်သိန်း) ထုတ်ပေးရသည်။ ထိုခေတ်က တသန်းတန်ဖိုးသည် န၀တခေတ် ကျပ်ကုဋေများစွာ တန်ဖိုးရှိသည်။ ထို့ပြင် နှစ်စဉ် သွင်းကုန်လိုင်စင် ကျပ်သုံးသန်းဖိုး ထုတ်ပေးရသေးသည်။ သွင်းကုန်လိုင်စင်ခေတ်က ပုဂ္ဂလိကကုန်သည်များ သွင်းကုန်လိုင်စင် ရလျှင် အဆတရာအထိ မြတ်နိုင်ရာ၌ သူတို့အဖို့ အကောက်တော်ခွန်၊ ရောင်းဝယ်ခွန်စသော အစိုးရ အခွန်တော်များ ကင်းလွတ်ခွင့်ရပြန်သေးသဖြင့် ကျပ်ကုဋေ (၃၀၀) အထိ မြတ်နိုင်သည်။ ယနေ့ န၀တငွေတန် ဖိုးအရ ကုဋေသန်းသုံးထောင်ခန့် ရှိနိုင်သည်။
စစ်တပ်ပိုင် ဘဏ်ရှိလာပြီဖြစ်သည့်အတွက် စစ်ဗိုလ်ကြီးတိုင်း လူတကိုယ် တိုက်ဆယ်လုံးပိုင်အောင် အမြတ်ထုတ် ကြတော့သည်။ အိမ်စောင့်အစိုးရခေတ်က တရားမ၀င်ဟုဆိုကာ ဖျက်ခဲ့သော တဲအိမ်ပေါင်း (၁၆၇၀၀၀) တို့မှ နေရာကောင်းမှန်သမျှ စစ်ဗိုလ်ကြီးများက တရားဝင် ရယူကြသည်။ အစိုးရထံမှ ဂရန်လျှောက် ကာ ရယူကြသည်။ မြေကွက်ဂရန်ရရှိသူ စစ်ဗိုလ်က စစ်တပ်ပိုင် အင်းဝဘဏ်တိုက်မှာ မြေကွက်ကို ပေါင်နှံပြီး၊ ငွေချေးပြီး တိုက်ဆောက်သည်။ တိုက်ပြီးသည်နှင့် BEDC လုပ်ငန်းများအတွက် ပြည်ပမှ ငှားရမ်းခေါ်ယူသော နိုင်ငံခြားသားများကို အိမ်ငှားချသည်။ မြေကွက်အလွတ်တွေရှာပြီး အိမ်စောင့်အစိုးရ အာဏာကို အသုံးပြုကာ ဂရန်ရယူပြီးသည်နှင့် မိမိအိတ်ထဲမှ ပိုက်ဆံတပြားမှ မထုတ်ရဘဲ တိုက်ရှင်များ ဖြစ်လာနိုင်လေရာ စစ်ဗိုလ်ကြီး များသည် တိုက်တလုံးမျှနှင့် မတင်းတိမ်နိုင်ကြတော့ဘဲ လေးငါးဆယ်လုံး အပိုင်ယူကြတော့သည်။ စစ်ဗိုလ် တိုက်များ ပါရမီရပ်ကွက်မှ စတင်တည်ထောင်သည်။
ကမ္ဘာအေးလမ်းပေါ်တွင် ထင်ရှားကြီးကျယ်သော ချင်းချောင်းစစ်ဗိုလ်တို့ ရိပ်သာကြီးသည် ဆင်းရဲသားတဲများကို မြေတူးစက်ကြီးများနှင့် ဖြိုဖျက်ပြီး ဂရန်ရယူကာ စစ်တပ်ဘက်ငွေများနှင့် ဆောက်ထားကြသည့် တိုက်ကြီးများ ဖြစ်ကြသည်။ ၀န်ကြီးချုပ်ဟောင်းဦးနုက အိမ်စောင့်စစ်အစိုးရအား စတင်ဝေဖန်သော မိန့်ခွန်းတွင် “ဆင်းရဲသား များ ဒူးနှင့်မျက်ရည်သုတ်နေရသည်” ဟု ပြောခဲ့သည်မှာ ချင်းချောင်းခြံဖျက်စဉ်က သတင်းကို ရည်ညွှန်းပြောခဲ့ သည်။ ထိုစဉ်က ကြေးမုံသတင်းစာတွင် ထမင်းစားနေခိုက် တဲဖျက်ခံရသော မိသားစု၏ ထမင်းဟင်း ပန်းကန်လေးများ မြေပုံပေါ်၌ ပစ်ထားသည်ကို ပေါ်လွင်အောင် ပြသသည့် သတင်းဓာတ်ပုံကို ဖော်ပြနိုင်ခဲ့သည်။
ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင်က အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်ဖြစ်သည့် အချိန်တွင် သားသမီးများအတွက် မြေကွက်များ ဂရန်ရယူပြီး သားသမီးတဦးတိုင်းအတွက် တိုက်တလုံးစီဆောက်ကာ သံရုံးများကို ငှားစားသည်။ ထို့ကြောင့် တိုက်အိမ်များသည် စစ်ဗိုလ်တိုင်း ရပိုင်ခွင့်ရှိသော အခွင့်အရေးဖြစ်လာသည်။ ဗိုလ်မှူးကြီးတင်ဖေ ကဲ့သို့ အပြစ်နှင့် ရာထူးထုတ်ခံရသူပင် မြို့လယ်မှ အကောင်းဆုံး မြေကွက်ကို ပေးခဲ့သည်။
ကြေးမုံအဖို့ အမေရိကန်က ခေတ်မီပုံနှိပ်စက်ကြီး ၀ယ်ယူတင်သွင်းစဉ်က အခြားဘဏ်များမှ ငွေမချေးကြ၍ အခက်ကြုံခိုက် အင်းဝဘဏ်တိုက်မှ ငွေချေးသောကြောင့် ကျေးဇူးရှင်ဟု ဆိုနိုင်ပေသည်။ မည်သို့ပင် ကျေးဇူးရှင်ကြီးစေကာမူ တပ်မတော် သက်သာချောင်ချိရေး အမည်ကို အသုံးပြုပြီး အရပ်သားအခွန်ထမ်းများ၏ အခွန်တော်ကို ငွေရင်းအဖြစ် သုံးစွဲကာ အရပ်သားတို့၏ စီးပွားရေးလုပ်ငန်းခွင်ကို ၀င်လုသည်ကို လက်မခံနိုင် ဘဲ စိတ်မချမ်းမသာ ဖြစ်ရသည်။ ထို့ပြင် သူတို့က အကောက်တော်ခွန်၊ ရောင်းဝယ်ခွန်နှင့် အခြားခွန်တော်များ တပြားတချပ်မှ မပေးလေသဖြင့် စီးပွားရေးဓားပြလုပ်ငန်းဟု မြင်မိသည်။
၁၉၄၇ ခု အခြေခံဖွဲ့စည်းပုံ ဥပဒေကြီး အပိုဒ် (၄၂) တွင် စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် သမ၀ါယမအဖွဲ့များ နှင့် အမြတ်အစွန်းအတွက် လုပ်ကိုင်ကြသည့် ပုဂ္ဂလိကမဟုတ်သော အဖွဲ့များကို အားပေးရမည်ဟု ပါရှိသည်။ ထိုကြောင့် ပါလီမန်တွင် စစ်တပ်၏ စီးပွားရေးလုပ်ပိုင်ခွင့်ကိစ္စ ဆွေးနွေးကြရန် ကြုံကြိုက်သော အခါများတွင် ကန့်ကွက်သူမရှိ ရှောရှောရှူရှူ အတည်ပြုလေ့ရှိသည်။ လက်ဝဲ၀ါဒီများက ပုဂ္ဂလိက စီးပွားရေးစနစ်ကို ဆန့်ကျင် သူများ ဖြစ်သောကြောင့် ထောက်ခံကြသည်။ တည်မြဲအမတ်များကမူ စစ်တပ်ပြုသမျှကို ထောက်ခံ ကြသည်။ သန့်ရှင်းအမတ်များကလည်း စစ်တပ်၏ နိုင်ငံရေးဖိအားကို တွန်းလှန်နေရသောကြောင့် စီးပွားရေးနယ်ချဲ့သည် ကို ဆန့်ကျင်သမှု မပြုကြပေ။
အရေးကြီးသည်မှာ စီးပွားရေးနယ်ချဲ့နေသော စစ်တပ်က နိုင်ငံရေးအာဏာနယ်ပယ်ကို ၀င်ရောက်လုယက် လာနိုင်သည်။ ကန့်ကွက်သူမရှိက တဆင့်ကဲလာလေမည်မှာ မုချ။
သတင်းစာလောကတွင် စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ထုတ်သော သတင်းစာနှင့် စစ်ဗိုလ်ကြီးများ၏ အိပ်ထဲမှ ထုတ်ပေးသော ငွေရင်းနှင့် လည်ပတ်သည့် သတင်းစာပါ စစ်တပ်ပိုင် သတင်းစာ နှစ်စောင်ရှိလာသည်။ ဤအချိန်တွင် စစ်တပ်၏ စီးပွားရေးနယ်ချဲ့လုပ်ငန်းများကို ဝေဖန်တင်ပြဖို့ တာဝန်ရှိသူ တစုံတယောက် လိုအပ်လာသည်ဟု ယူဆမိသည်။ ထိုကြောင့် ကြေးမုံက တာဝန်ယူပြီး စစ်တပ်စီးပွားရေးလုပ်ငန်းများ နယ်ကျယ် လာချိန်က စတင်ပြီး ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့သည်။
စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးအတွက် မြ၀တီမဂ္ဂဇင်း ထုတ်ဝေသည်ကို ကန့်ကွက်မှု မပြုပေမယ့် မြ၀တီမဂ္ဂဇင်းက ပြက္ခဒိန်ထုတ်ဝေခြင်းနှင့် စာအုပ်ဆိုင်ဖွင့်သည်က စတင်ပြီး ပြင်းထန်စွာ ဝေဖန်ချက်ရေးသား ကာ အယ်ဒီတာအာဘော်မှ ကန့်ကွက်ရေးသားခဲ့သည်။
မြန်မာပုံနှိပ်လောကတွင် သုဓမ္မ၀တီ ပုံနှိပ်တိုက်နှင့် အခြားဘာသာရေး ပုံနှိပ်တိုက်များက နိပါတ်တော်လာ ဆေးရောင်းစုံပန်းချီကားများနှင့် ပြက္ခဒိန်ထုတ်မြဲ ဖြစ်သည်။ မြန်မာ့အလင်း သတင်းစာက ရက်ရာဇာ ပြဿဒါး နေ့များကို ဖော်ပြခြင်း မပြုဘဲ “ကောင်းသောအကြံ၊ ကောင်းသောအမှု ပြုသူများအဖို့ နေ့မှန်သမျှသည် ရက်ရာဇာ ဖြစ်သည်။ မကောင်းသော အကြံ အမှုပြုသူများအဖို့ နေ့မှန်သမျှသည် ပြဿဒါးသာတည်း” ဟူသည့် ဆောင်ပုဒ်နှင့် ဆေးရောင်စုံ မျက်နှာဖုံးမပါဘဲ တ၀က်ဈေးနှင့် ပုံနှိပ်ရောင်းချလေ့ရှိသည်။
နောက်ပိုင်းတွင် ရှုမ၀မဂ္ဂဇင်းက ဆေးရောင်စုံ အမျိုးသမီးချောကလေးများ ပန်းချီပုံနှင့် ပြက္ခဒိန် စတင်ထုတ် သောအခါ လူကြိုက်များကာ ရောင်းကောင်းသည်။ တိုင်းရင်းမေ အမျိုးသမီး ဂျာနယ်တိုက်က မိန်းမချောကလေး များ၏ ဓာတ်ပုံနှင့် ဆေးရောင်စုံ ပြက္ခဒိန်ထုတ်သည်။ ၀ယ်သူများအဖို့ မိမိတို့ နှစ်သက်ရာကို ၀ယ်ယူသုံးစွဲကြ သည်။ ထိုပြက္ခဒိန် စီးပွားလောကတွင်းသို့ မြ၀တီမဂ္ဂဇင်းက ဆေးရောင်စုံအမျိုးသမီးဓာတ်ပုံနှင့် ၀င်လာသော အခါ မင်ကျမင်နသပ်ရပ်လှပသော်လည်း လူထုက စစ်တပ်ကို ဆန့်ကျင်ကြသဖြင့် ၀ယ်သူနည်းပါးသည်။ ဤတွင် အစိုးရဌာနများ မြ၀တီပြက္ခဒိန်ကို ၀ယ်ယူကြရမည်ဟု အမိန့်ထုတ်ကာ ရောင်းချသည်။
စစ်တပ်က အစိုးရအခွန်အတုတ် မပေးဘဲ စီးပွားရေးလုပ်ကာ အခွန်ပေးရသူ အရပ်သား ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် စီးပွားပြိုင်သည်မှာ မတရားပါဟု ပြင်းထန်စွာ ရေးသားကာ ကန့်ကွက်ဝေဖန်ခဲ့သည်။
စစ်တပ်လုပ်ငန်းများ၊ ဆိုင်များ၏ ဓာတ်ပုံဆောင်းပါးနှင့် ဝေဖန်ချက် ခေါင်းကြီးပိုင်းကို ဖော်ပြသောနေ့ နံနက် (၇) နာရီ (၁၅) မိနစ်တွင် တပ်မတော် သက်သာချောင်ချိရေး စီးပွားအဖွဲ့ဦးစီး ဗိုလ်မှူးကြီးက စစ်ရုံးသို့ လာရောက်ပြီး နံနက်စာ လက်ဖက်ရည်သောက်ကြွပါဟု ဖိတ်သဖြင့် ချက်ခြင်းပင် သွားခဲ့သည်။ မိမိကို ဖမ်းချင်ဖမ်းလေမည် လားဟု စိတ်မချသောကြောင့် ဓာတ်ပုံသတင်းထောက်ကို အတူခေါ်သွားခဲ့မိသည်။
စစ်ရုံးသို့ ရောက်သောအခါ တကယ်ပင် လက်ဖက်ရည်ပွဲ တည်ခင်းပြုစုသည်။ ကြေးမုံ၏ သတင်းဆောင်းပါး နှင့် ခေါင်းကြီး ဝေဖန်ချက်များအကြောင်း တလုံးတပါဒမျှ ဆွေးနွေးခြင်း မပြုဘဲ အလ္လာပသလ္လာပ စကားများသာ ပြောကြသည်။ မှန်ကန်လှသော ကြေးမုံ၏ တင်ပြချက်ကို ပြန်လည်ချေပရန် မလွယ်ပါ။ နံနက်စာစားကြရင်း စာပေကိစ္စ၊ အနုပညာကိစ္စ စသော အငြင်းမပွားနိုင်သည့် အကြောင်းအရာများကိုသာ ပြောကြသည်။ တင်မောင် ဘာကြောင့်ရေးသည်ဟူသော အကြောင်းအရင်းကို သူနားလည်ပါသည်။
ပြန်တော့မည်ဟု နှုတ်ဆက်ကြမှ “တခုတော့ ကတိပေးပါတယ်” ဟု လေးနက်သော ကတိစကားကို သူက ဆိုသည်။ “ကျနော်တို့ လူတစု တပ်မှာရှိသရွေ့ ကာလပတ်လုံး စစ်တပ်က လက်နက်နဲ့ ခြိမ်းခြောက်ပြီး နိုင်ငံရေး အာဏာ လုတာမျိုး မဖြစ်စေရပါဘူး” ဟူ၏။
တင်မောင်အဖို့ စိတ်ကျေနပ်ပြီး ပြန်လာခဲ့မိသည်။ သူတို့အုပ်စုတွင် စစ်ဝါဒပြင်းသူ ဗိုလ်မှူးချုပ်မောင်မောင် လည်း ပါဝင်သည်။ သူတို့ လူငယ်စစ်ဗိုလ်တစုက “မဟုတ်မတရား လက်နက်နှင့် အာဏာလုမှုကို မလိုလား” ဟု ဆိုသည်ကို ယုံကြည်စိတ်ချသောကြောင့် ပီတိပင်ဖြစ်ခဲ့မိသေးသည်။
သူတို့အပေါ်က ပုဂ္ဂိုလ်ကြီး၏ ၀သီစရိုက်ကို သိထားစေကာမူ သံဃာ့အား ဘုရားမလွန်သာ ဆိုသကဲ့သို့ လူငယ်တစု၏ အင်အားအရ နိုင်ငံရေးအာဏာကို မဟုတ်မတရား လုကြလေမည် မဟုတ်ဟု ယုံကြည်ခဲ့မိသည်။
သူ၏ ကတိက (၃) လတာမျှသာ ခံသည်။ ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလတွင်မူ လူထုက ရွေးကောက် တင်မြှောက်ထားသော သန့်ရှင်း ဖဆပလအစိုးရ၏ ၀န်ကြီးချုပ် ဦးနုအိမ်ကို အမြောက်နှင့်ချိန်ပြီး နိုင်ငံရေး အာဏာကို တောင်းသောအခါတွင် သူပင် ရှေ့တန်းမှ ပါလာသည်။
ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးတင်ဖေတို့သည် ဗိုလ်ချုပ်ကြီးနေ၀င်း၏ စေခိုင်းချက်အရ ဦးနုထံ အာဏာတောင်းကြသည်။ ကျနော်တို့ လူစု တပ်ထဲတွင် ရှိနေသရွေ့ လက်နက်နှင့် အာဏာမလုဟူသော ကတိမှာ အထက်က ဗိုလ်ချုပ်ကြီး၏ အမိန့်အရ ပျက်ရလေတော့သည်။ ။

No comments: