Saturday, March 21, 2009

(၂၇) အင်းစိန်ထောင်မှ ထောင်မင်းသား (ကြေးမုံဦးသောင်း)

အကျဉ်းသားတယောက် ထောင်ထဲသို့ ရောက်လာသည်နှင့် တပြိုင်နက် အကျဉ်းသားကို ဦးကျိုးစေရန် အတွက် ပထမဆုံး တိုက်ထောင်ငယ်များတွင် တိုက်ပိတ်ကာ ညှဉ်းဆဲလေ့ရှိသည်ကို သိထားသည်။ အရေးထဲမှာ ထောင်မှူးနှင့် မျက်နှာကြောမတည့်မိပြန်။ မိမိအဖို့ အဆိုးဆုံး အခြေအနေကို မျှော်လင့်မိခဲ့သည်။ ထောင်မှူးကမူ တယ်လီဖုန်းတလုံးနှင့် အလုပ်ရှုပ်နေသည်။
“ခင်ဗျားကံကောင်းတယ်။ အများဆောင်မှာ ထားဖို့ စစ်ဗိုလ်က အမိန့်ချတယ်။ အဆောင်အမှတ် (၄)၊ အခန်း (၇) မှာ နေရမယ်။”
ထောင်မှူးစကားဆုံးသည်နှင့် ထောင်ကြပ် (၂) ဦးက စောင်တထည်နှင့် စာရေးသူ၏ ခေါင်းကို အုပ်သောကြောင့် “ဘာလဲ၊ ဘယ်လိုလုပ်တာလဲ” ဟု အော်ဟစ် ရုန်းကန်မိသည်။
“ဒီထောင်ထဲမှာ အကျဉ်းသားတွေ သွားလာတာကို တခြားအကျဉ်းသားတွေ မမြင်စေရဘူး။ အေးအေး လိုက်ခဲ့ပါ” ဟု ထောင်မှူးက ပြောပြီး ထောင်ကြပ်များက နှစ်ဖက်ညှပ်ကာ ဆွဲခေါ်သွားကြသည်။ မမြင်မကန်းနှင့် လိုက်ခဲ့ရသည်။ ပထမဆုံးခန်းနှင့် မလှမ်းမကမ်းတွင်ရှိသော အဆောင်ဝင်းဆီ ခေါ်သွားသောအခါ အဆောင်ဝင်းက သံတံခါးကြီး ပိတ်ထားသဖြင့် သော့နှစ်လုံးဖွင့်ပြီး ၀င်ရသည်။ အတွင်းရောက်သည်နှင့် ၀င်းတံခါးကို ပြန်ပိတ်ကာ သော့ပြန်ခတ်ရပြန်သည်။ အနည်းငယ်လျှောက်မိတော့ လှေကားသုံးထပ်တက်ရပြီး သံတိုင်တံခါးကြီးတခု တွေ့ပြန် သဖြင့် သော့နှစ်ချက်ကို ဖွင့်ပြန်၊ ပိတ်ပြန်ရသည်။ ပြင်ပလေကင်းသဖြင့် အဆောင်စင်္ကြန်အတွင်းသို့ ရောက်ပြီဟု သိလိုက်ရသည်။ ကိုက်တရာခန့် စင်္ကြန်မှာ လျှောက်ပြီး ပြန်သောအခါ အဆောင်တခုနှင့်တခု ကာထားသည့် တံခါးကို တွေ့ရပြီး သော့နှစ်ချက်ကို ဖွင့်ရပြန်၊ ပိတ်ရပြန်သည်။ ဆက်လျှောက်လာပြီး အခန်း (၇) တံခါးရှေ့ ရောက်မှ စောင်ကြီးကို ဖယ်ပေးသည်။ င်္ကြီးမားသော သစ်သားတံခါးဝတွင် ကပ်ထားသည့် အကျဉ်းသား (၅၉) ဦး ရှိသည်ဟု ရေးထားသော စာရင်းကို ထောင်မှူးက လက်မှတ်ထိုးပြီးမှ သော့ကြီးနှစ်လုံးကို ဖွင့်ပြန်၊ ပိတ်ပြန်လေမှ အဆောင်အခန်းထဲသို့ ရောက်ရသည်။
အဆောင်ထဲတွင်ရှိသည့် အကျဉ်းသားများအားလုံး မိမိတို့၏ ကုတင်စွန်းတွင် ငြိမ်သက်စွာ ထိုင်နေကြရသည်။ ထောင်မှူးက အကျဉ်းသားစာရင်းကို လက်ညှိုးထိုးရေတွက်ပြီး လှုပ်ရှားခွင့်ပြုသည်။ တင်မောင်အား ဦးအောင်အမည်ရှိ အကျဉ်းသားအခန်းလူကြီးထံ အပ်ပြီး ထောင်မှူးနှင့်အဖွဲ့ ပြန်သွားသည့်အခါတွင်လည်း သော့ဖွင့် သော့ပိတ် အဆင့်ဆင့်ပြုကြပြန်သည်။ တံခါးတွင် ကပ်ထားသော အခန်းတွင်းရှိ အကျဉ်းသားဦးရေစာရင်းကို ပြင်ဆင်ရေးပြီး လက်မှတ်ထိုးပြီးမှ ထွက်သွားကြလေသည်။ အကျဉ်းသားဦးတိုးသဖြင့် (၆၀) ဟု စာရင်းကို ပြင်၏။
ဤကဲ့သို့ စောင်အုပ်ပြီး ခေါ်ခြင်း၊ သော့အထပ်ထပ်ဖွင့်ခြင်း၊ ပိတ်ခြင်း၊ ထောင်မှူးက လူရေတွက်ချိန်တွင် ထိုင်ပြရခြင်း အ၀၀တို့ကို ထောင်ဝေါဟာရအရ “ပုံစံ” ဟု ခေါ်သည်။ ထိုင်သည့်အခါတွင်လည်း ထောင်မှူးမြင်စေရန် ခြေလက်နှစ်ဖက်စလုံးကို ရှေ့မှာချထားပြီး ယဉ်ကျေးစွာ ထိုင်ရသည်။ ထမင်းဟင်းရသမျှကို ပေးခြင်းကိုလည်း “ပုံစံ” ဟု ခေါ်သည်။ မည်သည့်အရာမဆို “ပုံစံ” အရ လုပ်ရသည်ဟု ဆိုသည်။
တင်မောင်အဖို့ ထောင်ပုံစံများထဲမှ မကျေမနပ်ဆုံး ပုံစံမှာ ထောင်မှူးထောင်ကြပ်များ အဆောင်တွင်း ၀င်လာလေတိုင်း သော့အထပ်ထပ် ဖွင့်ကြ၊ ပိတ်ကြရသည့်အခါများတွင် သော့ကြီးများနှင့် သံတိုင်သံပြားများကို ရိုက်ဆွဲသည့် စနစ်ဖြစ်သည်။ လုံခြုံရေးအတွက် သော့များ သေသေချာချာ ခတ်ထား၏။ မခတ်ဘဲထား၏။ သော့များ ကောင်း၏။ မကောင်း၏ စစ်ဆေးရသည်ဟု ဆိုသည်။
ပထမသော့ကြီးကို မဖွင့်မီတွင် ခိုင်စွာခတ်ထား၏လောဟု စစ်ဆေးရန် သော့ခလောက်ကြီးကို သံပြားတံခါးတိုင်များ နှင့် ဆွဲဆောင့်ရိုက်ခတ်ပြီး စစ်ဆေးရလေ့ရှိသည်။ သော့ပိတ်ပြီးသည့်အခါတွင်လည်း ခိုင်မာစွာ ပိတ်မိ၏။ မပိတ်မိ၏ သိစေရန် သော့ကြီးကို ဆွဲရိုက်စစ်ဆေးရပြန်လေသည်။ ထောင်မှူးက နံနက်တကြိမ်၊ ညနေတကြိမ် လူစစ်ရန် အဆောင်ထဲလာရသည်။ ဆီဝေရန်၊ ဆေးပေးရန်၊ တိုလီမိုလီကိစ္စများ အတွက်လည်း မကြာခဏ လာလေ့ရှိသည်။ သူတို့ လာလေတိုင်း “ဂျလောင်း ချပ်-ချပ်-ချပ်” ဟု အထပ်ထပ် မြည်ဟီးသည့် အသံဆိုးကြီးများကို စာရေးသူ၏ နားများက မခံနိုင်ကြပါ။ ထိုအသံဆိုးကြီးများကို ကြားရတိုင်း မိမိအဖို့ သော့အထပ်ထပ်ခတ်ထားခြင်း ခံရသည့် အကျဉ်းသားတဦးသာ ဖြစ်သည်ဟူသော အသိကြောင့် ဒေါသမီးတောက်ရသည်။ နားကွဲသွားလေပြီဟုပင် ထင်မိသည်။
အဆောင်ကြီးမှာ ပေ (၁၅၀) ခန့် ရှည်ပြီး ပေ (၂၀) ခန့် ကျယ်သည်။ သုံးပေရှိသည့် သံကုတင် (၆၀) ကို နှစ်တန်းစီ ထားသည်။ ကုတင်များကို မရွှေ့နိုင်စေရန် ကုတင်ခြေထောက် သံတိုင်များကို အင်္ဂတေကြမ်းပြင်နှင့် အသေစွဲထား သည်။ အဆောင်တဘက်စွန်း ကွက်လပ်ရှိ ကျင်ငယ်အိုးကြီးတလုံးနှင့် မလုံမလဲ အိမ်သာထားပြီး မလှမ်းမကမ်းတွင် သောက်ရေအိုးထားသဖြင့် ကျန်းမာရေးနှင့် မညီညွတ်သည်မှာ သေချာ၏။ အကျဉ်းသားအဖော် (၅၉) ဦး၏ မျက်စေ့ အောက်မှာ အိမ်သာတက်ရသည့် ဘ၀ဖြစ်သဖြင့် လူ့သိက္ခာမရှိကြတော့ပြီ။
“ကျုပ်တို့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ အားလုံးကို ထောင်ထဲရောက်တာနဲ့ (၁) လမှ (၄) လအထိ တိုက်ပိတ်ပြီး ပုံစံပြတယ်။ ဦးချိုးတာပေါ့။ အချိုးမခံတဲ့ ကျောင်းသားတယောက် တိုက်ထဲမှာ (၃) နှစ်ထားတယ်။ ကုတင်မရှိ၊ ဖျာကြမ်းတချပ်နဲ့ အိပ်ရတာမို့ အောက်ပိုင်းသေသွားရှာတယ်” ဟု နိုင်ငံရေး ဆရာတဦးက ပြောသည်။ သတင်းထောက်များကို ဦးချိုးမခံရစေကာမူ ခံရချက်မှာ မသက်သာပါပေ။
အဆောင်ထဲရောက်ပြီး မကြာမီတွင် နံနက်စာစားရန်အတွက် အားလုံး အပြင်အဖီတွင် ရှိသည့် စားပွဲများသို့ သွားကြသည်။ စာရေးသူမှာ သူတို့နှင့် လိုက်ခွင့်မရှိ။ အဆောင်တွင်းမှ ထွက်ခွင့်မပြုဟု စည်းကမ်း သတ်မှတ်ထား သည်။ ခေါင်းရင်းကအခန်းတွင် ရောက်နေနှင့်ကြသော ကြေးမုံ စိန်ခင်မောင်ရီ၊ ကိုစိုးနိုင်၊ အထောက်တော် ကိုလှအောင်၊ နေးရှင်း ကိုလှထွေးတို့ကို တဆောင်တည်းနေစေကာမူ စကားမပြောရဟု ပညတ်ထားသည်။
ကိုလှထွေးခမျာ သူသတိပေးသဖြင့် ရှောင်တိမ်းခဲ့နိုင်သောကြောင့် လအနည်းငယ် လွတ်လပ်ခွင့်ရခဲ့စေကာမူ နောက်ဆုံး ထောင်တွင်းသို့ ရောက်ဖြစ်အောင် ရောက်လာသည်ကို စိတ်မကောင်းဖြစ်နေရှာသည်။
ထမင်းလာပို့သည်။ ဆန်ဖြူထမင်း၊ ငါးပိကျော်၊ ပဲဟင်းနှင့် ကန်ဇွန်းရွက်အတို့ ကျွေးသည်။ မဆိုးလှ။ ညစာတွင် အသားဟင်းပါ ပါလာသည်။ လက်ဖက်ရည် နှစ်ကြိမ်တိုက်သည်။ “ဒီမိုကရေစီခေတ်က ထောင်ဆိုလျှင် အထူးတန်း ရှိတယ်။ ရိုးရိုးတန်းကလည်း ဒီထက်အဆများစွာ သာတယ်” ဟု နိုင်ငံရေးဆရာတဦးက နှိုင်းယှဉ်ပြပါသည်။
ခက်သည်မှာ “ဒင်းတို့ ထမင်း၀၀စားထားကြဟေ့၊ တနေ့မှာ မတရားတာတွေ ရေးလိုက်မယ်ဟေ့” ဟု အမြဲ အော်ဟစ်နေသည့် တင်မောင်အဖို့ ထောင်ထမင်း၊ ထောင်ဟင်းကို စားမရပါ။ မြိုမကျပါ။ တင်မောင်သည် အသက် (၄၀) အရွယ် ထောင်ထဲရောက်သွားသည်အထိ လက်ဖက်ရည်၊ ကော်ဖီ အမြဲသောက်သူတဦး မဟုတ်။ ရံဖန်ရံခါ အဖော်ကောင်းမှ သောက်ဖြစ်သည်။ အညာသားတဦး ဖြစ်သဖြင့် ငံပြာရည်ချက်နှင့် ငါးပိရည်လည်း စားလေ့မရှိ။ စားနေကျ အစားအစာများ မဟုတ်သဖြင့်တကြောင်း၊ စိတ်ကြောင့်တကြောင်း အစာမစားနိုင်ပါ။ ထောင်သက်ကြာ လာမှ ငံပြာရည်ချက်နှင့် ပဲဟင်းကို လျှာလည်လာရာက ယနေ့တိုင် မကြာခဏ ထောင်ပုံစံ ပဲဟင်းနှင့် ငံပြာရည်ချက် တို့ကို တမင်ချက်ကာ စားမိသည်။ ထောင်က သင်ပေးလိုက်သောကြောင့် ကော်ဖီကို စွဲနေလေပြီ။
(၄) ရက်ကြာသောအခါတွင် အစာမစားနိုင်သောကြောင့် အိပ်ရာထက်၌ ခွေနေသော တင်မောင်အား ဗိုလ်ကြီးနှင့် တွေ့ရမည်ဆိုကာ ထောင်ဗဟိုတွင်ရှိသည့် ရုံးခန်းသို့ ခေါ်သွားသည်။ ပုံစံအတိုင်း စောင်ခေါင်းမြီးခြုံပြီး ခေါ်ကြသည်။
ရုံးခန်းတွင်းတွင် စစ်ဗိုလ်နှင့် နှစ်ဦးတည်း တွေ့ရသည်။ “ကျနော်က ထောက်လှမ်းရေးက ဗိုလ်ကြီးသိန်းတိုးပါ” ဟု နှုတ်ဆက်ပြီးသောအခါ ပြုံးပြသည်ကို ထူးထူးခြားခြား မြင်ရသည်။ ထောင်ထဲတွင် အပြုံးဆိုသည်မှာ များစွာ ရှားပါးသည်။ အကျဉ်းသားများက စိတ်မချမ်းသာကြသဖြင့် မပြုံးနိုင်ကြပါပေ။ ရောက်လာစက ဆရာဒဂုန်တာရာက ပြုံးပြီး နှုတ်ဆက်သည်မှာ မချိပြုံး။ ထောင်မှူးထောင်ကြပ်များက ပြုံးလေ့မရှိ။ စစ်ဗိုလ်က ရက်ရက်ရောရော ပြုံးသည် ကို အံ့သြမိသည်။
“ဗိုလ်ချုပ်ကြီးက သူ့ထံကို ပေးခဲ့တဲ့စာ ရရှိတယ်လို့ အကြောင်းပြန်ဖို့ ညွန်ကြားပါတယ်” လိုရင်းကို ပြောပြီး ပြုံးလေမှ ဒါကြောင့်ကိုးဟု သိလိုက်သည်။
“ဒါဖြင့် ကျနော့်ကို လွတ်စေတဲ့လား”
“ဒီလိုမဆိုပါဘူး။ ဒီမှာပဲ ခဏတော့ နေလိုက်ပါလို့သာ မှာပါတယ်။ အဲအဲ … ဒီမှာ နေခိုက်ကို သက်သာ ချောင်ချိအောင် ထားဖို့ ညွန်ကြားပါတယ်။ လိုတာကို ပြောပါ”
“ကျနော်ယူလာတဲ့ စာအုပ်တွေကို သိမ်းထားတယ်။ ရပါရစေ။ ဇွန်းခက်ရင်းတစုံ ပါလာတာ ထောင်မှူးက ခက်ရင်းကို သိမ်းထားပါတယ်။ ရေမွှေးပုလင်းကိုလဲ သိမ်းပါတယ်”
“စုံထောက် မောင်စံရှား အင်္ဂလိပ်ဝတ္ထုပေါင်းချုပ်ကြီးကတော့ ထောင်ထဲမှာ ဖတ်ခွင့်မပြုပါဘူး။ တခြား စာအုပ်တွေကလည်း နိုင်ငံရေးတွေ ဖြစ်လို့ မပေးနိုင်ပါဘူး။ ခါးပတ်တို့၊ ခက်ရင်းတို့ ဆိုတာက အသက်အန္တရာယ် ပြုနိုင်တာမို့ သိမ်းထားရပါတယ်”
“ကျနော့်အိမ်ရှင်မကို တွေ့ခွင့်ပေးပါလား”
“ရာဇ၀တ်မှု ထောင်ကျတွေမှာသာ ထောင်ဝင်စာ ရှိပါတယ်။ ထိန်းသိမ်းထားသူတွေများ ဘယ်သူမှ အိမ်သားနဲ့ တွေ့ခွင့်မရှိပါဘူး။ စာရေးဆက်သွယ်ခွင့်တောင် မပေးနိုင်ပါဘူး”
“ဒါဖြင့် ခင်ဗျားက ဘာလုပ်နိုင်တာလဲ”
“သက်သာ ချောင်ချိအောင် ကြိုးစားပါမယ်” ဟူသော ကတိနှင့် ပြန်ခဲ့ရသည်။
ဗိုလ်ကြီးက ကူရှာသည်။ ညနေပိုင်းတွင် ထောင်မှူးတဦးနှင့် ထောင်ဆရာဝန်ရောက်လာပြီး ဆရာဝန်က “နေမကောင်းဘူးဆိုလို့ လာကြည့်တာ” ဟု ပြောသည်။
“နေကောင်းပါတယ်၊ ဘာမှ မဖြစ်ပါဘူး” ဟု ဖြေသောအခါ ဆရာဝန်ရော ထောင်မှူးကပါ ရယ်ကြသည်။ ပြုံးရုံသာမက ရယ်သံကိုပါ ကြားရလေပြီ။ “ခဏနေလိုက်ဦး” ဟု ဗိုလ်ချုပ်ကြီးက ပြောလိုက်သည့် စကားတခွန်းက တင်မောင်၏ အခြေအနေ ပြောင်းလဲလိုက်လေပြီ။
ဆရာဝန်က တင်မောင်အား စစ်ဆေးခြင်းမပြုဘဲ မကျန်းမာသူဟု သတ်မှတ်ပြီး ဗီတာမင်ဆေးပြားပေးရန် လက်မှတ်နှင့်အတူ လူမမာစာ ကျွေးရမည်ဟု ဆေးစာရေးပေးသည်။ နေ့စဉ် နွားနို့်တပုလင်း၊ ပေါင်မုန့်လေးချပ်၊ ကြက်ဥနှစ်လုံးနှင့် ဆန်ပြုတ်တဇလုံ အပိုရသည်။ မိတ်ဆွေများပါ ဝေငှပြီး ၀၀လင်လင် စားကြရသည်။
အိမ်မှာ ပါလာသော အောဒီကလုံး ရေမွှေးပုလင်းကိုလည်း ထုတ်ပေးသည်။ အရက်ဓာတ်အများ ပါသည်ဟု ဆိုကာ စိန်ခင်မောင်ရီက တောင်းသဖြင့် ပေးလိုက်ရလေသည်။ ။

Sunday, March 15, 2009

တတိယနိုင်ငံရောက် တတိယကမ္ဘာကလူ

ဒိန်းမတ်ရောက်နေသူ မြန်မာနိုင်ငံသားများထဲတွင် ကျနော်တို့အရင်ရောက်သူများ၊ ကျနော်တို့နှင့် အတူ ရောက်သူများနှင့် ကျနော့်တို့နောက်မှ ရောက်သူအချို့ ကိုယ်ပိုင်ကားနှင့် ဖြစ်နေကြပြီ။ တချို့လည်း အိမ်ပိုင်ပါ ၀ယ်ထားကြသည်။
ဒိန်းမတ်နိုင်ငံသည် သွားရေးလာရေးအတွက် ကားရှိမှ အဆင်ပြေသည့် နိုင်ငံမျိုးဖြစ်သည်။ ကားဝယ်နိုင်ဖို့အတွက် ယာဉ်မောင်းလိုင်စင်ရရန် အရင်ကြိုးစားကြရသည်။ ဒိန်းမတ်ဥပဒေအရ ကားမောင်းမည့်သူသည် လက်မှတ်ရ ယာဉ်မောင်းသင်ပေးသည့်ဆရာနှင့် သင်ထားသူကိုသာ လိုင်စင်ဝင်ဖြေခွင့်ရှိသည်ဟု အတိအလင်း ပြဌာန်းထား သည်။ ယခင်ကတည်းက ကားမောင်းတတ်ခဲ့ပြီးသူများပင်လျှင် စာတွေ့ဖြေဖို့ ကျောင်းအပ်ရသည်။ မောင်းတတ်ပြီးသားမို့ လက်တွေ့မောင်းချိန်တွေ ယူစရာမလိုသည့်အတွက် သင်တန်းကြေးတ၀က် သက်သာသည်။ ကျနော်ကတော့ တတိယကမ္ဘာမှ လာသူပီပီ ကားမမောင်းတတ်ခဲ့ပါ။
သို့နှင့် ယခု ကျနော်လိုင်စင်ယူရန် ကျောင်းအပ်တော့ စာတွေ့ရော လက်တွေ့ပါ သင်ရန်အတွက် သင်တန်းကြေး ပတမအရစ် ခရိုနာ ငါးထောင် အရင် သွင်းရသည်။ သီအိုရီဖြေပြီးချိန်လောက်မှာ ဒုတိယအရစ် နောက်ထပ် ခရိုနာ ငါးထောင်ငါးရာ ထပ်သွင်းရပါဦးမည်။ သင်တန်းကြေးစုစုပေါင်းက ဒိန်းမတ်ခရိုနာ တသောင်းငါးထောင်မို့ ယူအက်စ် ဒေါ်လာ (၁၈၀၀) ခန့်နှင့် ညီမျှပါသည်။
သင်တန်းမှာ ယာဉ်မောင်းလာသင်သူ ကျနော်အပါအ၀င် (၁၂) ဦးရှိပြီး ကျနော်တယောက်သာ နိုင်ငံခြားသားဖြစ်ပြီး လူလတ်ပိုင်းအရွယ်ဖြစ်နေပြီး ကျန်သူများကတော့ ဆယ်ကျော်သက်ရွယ် ဒိန်းမတ်လူငယ်လေးများ ဖြစ်ကြ၏။ သူတို့တွေ (၁၈) နှစ်မပြည့်ခင် (၃) လအလိုမှာကတည်းက ကားမောင်းသင်နေကြပြီဖြစ်၏။ ကျနော်တို့ငယ်ငယ်က (၁၈) နှစ်ပြည့်တော့ မှတ်ပုံတင် လုပ်သလို သူတို့တွေလည်း (၁၈) နှစ်ပြည့်သည်နှင့် ယာဉ်မောင်းလိုင်စင် လုပ်ကြသည်။ ကျောင်းပြီး၍အလုပ်ရသည်နှင့် ကားဆိုတာကလည်း အလိုအလျောက်ဖြစ်လာလိမ့်မည်။ သူတို့အတွက်ကတော့ အရာရာသည် အဆင်ပြေဖို့အတွက် ခူးပြီးခပ်ပြီးသား ဖြစ်နေသည်သာ။
အတန်းထဲမှာ ဆရာမက ဒိန်းမတ်လိုသင်သည်။ ကျနော့် ဒိန်းမတ်စာက တီးမိခေါက်မိအဆင့်သာ ရှိသည်မို့ နားလည်အောင် အတော် ကြိုးစားရသည်။ (ဒိန်းမတ်စာနှင့် စကား မကျွမ်းကျင်သူများအဖို့ စကားပြန်ဖြင့် ယာဉ်မောင်း လိုင်စင်ယူကြသည်များလည်း ရှိသည်)
စာတွေ့ (၂) ရက်သင်ပြီးတော့ ကွင်းထဲမှာ လက်တွေ့မောင်းတာ သင်ပေးသည်။ ယခုတော့ လမ်းပေါ်မှာ ဆရာမနှင့် အတူ မောင်းနေတာ (၂) ကြိမ်ရှိသွားပြီ။ လမ်းပေါ်မှာ မောင်းသည့်အခါ မောင်းနေသည့်ကားသည် အမောင်းသင်သူ မောင်းသည့်ကားဖြစ်ကြောင်း ကားခေါင်မိုးပေါ်မှာ စာတမ်းပါသည်။ ကိုယ့်ဘေးမှာလည်း ဆရာမ ရှိနေသည်မို့ ရဲရဲသာ မောင်းကွာ ဟု ကိုယ့်ကိုယ်ကိုယ် အားပေးကာ ဆရာမညွှန်ကြားသည့်အတိုင်း မောင်းပါသည်။ စာတွေ့သင် သည့်အခါမှာ ကိုယ်က ဒိန်းမတ်မဟုတ်လေတော့ သင်တာကို အကုန်နားမလည်။ သို့သော် အွန်လိုင်းမှာ လေ့ကျင့်ရန် စီစဉ်ပေးထားသည်မို့ ကိုယ့်အိမ်မှာ သင်ခန်းစာတွေကို ထပ်ခါထပ်ခါ လေ့ကျင့်နေရသည်။
အကယ်၍ ယာဉ်မောင်းလိုင်စင်ရပြီး ကားလေးတစီးလောက်လည်း ၀ယ်နိုင်ပြီဆိုရင်တော့ အလုပ်သွားအလုပ်ပြန် အချိန်တွေ ပိုလာနိုင်သည့်အတွက် စာရေးစာဖတ် ပိုလုပ်နိုင်လာမလား၊ ဒါမှမဟုတ် ကားတ၀ီဝီ လိုက်မောင်းနေရမှာမို့ အင်တာနက်တို့ ဘလော့တို့ကို အချိန်သိပ်မပေးနိုင်ပဲဖြစ်လာမလား ဆိုတာကိုတော့ဖြင့် စောင့်ကြည့်ရဦးမည် ဖြစ်ပါကြောင်း …. ။ ။


ကားမောင်းသင်ပေးသည့်ကွင်း


ကွင်းထဲမှာ မောင်းခဲ့ရသည့်ကား


လမ်းမပေါ်မှာ အမောင်းသင်ပေးသည့်ကား