Monday, June 1, 2020

အမျိုးသားရေးဝါဒ ဝင်္ကပါ


အမျိုးသားရေးဝါဒ ဝင်္ကပါ


လွန်ခဲ့သည့်အပတ်က ကမ္ဘာကြီးသည် ဥရောပအမျိုးသားရေးဝါဒ၏ မျက်နှာနှစ်ခုကို မြင်ခဲ့ကြရသည်။ လျင်မြန်စွာ ပြိုကွဲပျက်စီးနေသော ဆိုဗီယက်ယူနီယံတွင် တက်ကြွနေသော လူအုပ်များသည် မျိုးဆက်တခုမျှ ပျောက်ကွယ်နေခဲ့သော
သူတို့၏ အမျိုးသားအလံများကို လွှင့်တင်ခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုသည့်အနေဖြင့် ဂုဏ်ယူဝင့်ကြွားသော အထိမ်းအမှတ်များကို ကျင်းပနေကြခြင်း ဖြစ်သည်။ မိုင်ရာအနည်းငယ်မျှသာ ကွာဝေးသော ယူဂိုဆလားဗီးယားတွင်မူ ခရိုအေးရှားနှင့် ဆာဘီးယား ပြည်သူ့စစ်အဖွဲ့ဝင်များသည် သွေးချောင်းစီးသော လူမျိုးစုစစ်ပွဲတပွဲတွင် တယောက်ကိုတယောက် သတ်ဖြတ်နေကြသည်။
လူများသည် မျိုးတူစုများအဖြစ် ဖွဲ့စည်းမိလာခဲ့သည့်အချိန်မှစ၍ အမျိုးသားရေးဝါဒဟူ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သဘောတရားတရပ်အနေဖြင့်မူ အမျိုးသားရေးဝါဒသည် ရိုမန်းတစ်လှုပ်ရှားမှု၏ အစိတ်အပိုင်းတရပ်အဖြစ် ဆယ့်ရှစ်ရာစုနှစ်တွင် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ အမျိုးသားရေးဝါဒ၏ အကောင်းဆုံးသော ပုံသဏ္ဍာန်သည် နွေးထွေးလှိုက်လှဲသော မျိုးချစ်ဝါဒ ဖြစ်သည်။ အိုလံပစ်ပွဲတော်များတွင် ကိုယ့်အမျိုးသားသီချင်းကို ကြားလိုက်သည်နှင့် လည်ချောင်းထဲတွင် တစ်ဆို့ကာ ကြက်သီး တဖြန်းဖြန်းထစေသော စိတ်ဓာတ်ဖြစ်သည်။ အမျိုးသားရေးဝါဒ၏ အဆိုးဆုံးပုံသဏ္ဍာန်မှာ မှားမှားမှန်မှန် ငါ့နိုင်ငံ၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဟူသော ဂျင်ဂိုအစ်ဇင်း ဖြစ်သည်။ တနည်းပြောရလျှင် ရှောဗင်နစ်ဇင်း ဖြစ်သည်။ ရှောဗင်နစ်ဇင်း ဆိုသည်မှာ ပြင်သစ်ပြည်ကြီး၏ ဘုန်းတန်ခိုးနှင့် အာဏာစက်ကို လက်နက်အင်အားသုံး၍ ထူထောင်ရမည်ဟူသော အယူအဆကို ထူထောင်ခဲ့သည့် နပိုလီယန်၏ စစ်ဗိုလ်ချုပ်တဦးဖြစ်သူ နစ်ကလတ်စ်ရှော်ဗင်၏ အယူအဆ ဖြစ်သည်။
သမိုင်းတလျှောက်တွင် နိုင်ငံရေးဝါဒ အမျိုးမျိုးရှိသည့်အနက် အမျိုးသားရေးဝါဒသည် အပြင်းထန်ဆုံး အားအကောင်းဆုံး ဖြစ်မည်ထင်သည်။ ဘာသာတရားကြောင့်မှလွဲလျှင် အခြားသော အကြောင်းအရာများထက် အမျိုးသားရေးဝါဒကြောင့် သွေးတွေ ချောင်းစီးခဲ့ဖူးသည်။ ရာစုနှစ်ပေါင်းများစွာပင် လှုံ့ဆော်ရေးသမားတို့သည် မိမိတို့၏ ဒုက္ခ၊ သုက္ခများအတွက် အိမ်နီးနားချင်း လူမျိုးများကို အပြစ်ဖို့ကာ သွေးဆူနေသော လူအုပ်များကို လှုံ့ဆော်ဖူးကြလေပြီ။ ဆားဘီးယားခေါင်းဆောင် မီလိုဆီဗစ်နှင့် ခရိုအေးရှားခေါင်းဆောင် ဖရန်ဂျိုတူဂျမန်းတို့သည် ဤလုပ်ငန်းတွင် နောက်ဆုံးပေါ်လာသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
လာမည့်လများတွင် အမျိုးသားရေးလှုံ့ဆော်မှုများ ပေါ်ပေါက်လာနေသည်မှာ ကံဆိုးသည်ဟုပင် ဆိုရတော့မည် ထင်သည်။ ဆိုဗီယက်ယူနီယံနှင့် အရှေ့ဥရောပတွင် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် အလုပ်လက်မဲ့ဖြစ်မှုကြီးနှင့် ရိက္ခာပြတ်လပ်မှုတို့ပေါ်ပေါက်ခဲ့ပါက အများထင်ထားသကဲ့သို့ ထိုကိစ္စများအတွက် အခြားသော လူမျိုးစုများအပေါ်တွင် ရမယ် ရှာရပေတော့မည်။ ပိုလန်သွေးစည်းညီညွတ်ရေးလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အဒမ်အစ်ရှနစ်က မကြာမီတွင် သွေးဒီရေကြီးတရပ် ပေါ် ပေါက်လာနိုင်သည်ဟု သတိပေးခဲ့သည်။ မရင့်ကျက်သေးတဲ့ ဒီမိုကရေစီတခုအတွက် ထောင်ချောက်ကတော့ အမျိုးသားရေးဝါဒပဲ ဖြစ်တယ်။ ဒီထောင်ချောက်ဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာလိမ့်မယ် ဟု သူကပြောခဲ့သည်။ အနောက်ဥရောပသည် ထိုထောင်ချောက်ကို ရှောင်ကွင်းနိုင်ခဲ့သည်။ ထိုနမူနာသည် အရှေ့ဥရောပအတွက် သင်ခန်းစာတရပ်ဖြစ်နိုင်သည်။
အမျိုးသားရေးဝါဒ၏ ဆွဲဆောင်မှုသည် လူ့သဘာဝလူ့စရိုက်အတွင်းတွင် နက်ရှိုင်းစွာ ဝင်ရောက်အမြစ်တွယ်လျက် ရှိသည်။ လူဆိုသည်မှာ မိမိနှင့် မျိုးရိုးဇာတိတူသောသူကို ခင်မင်တွယ်တာသော သဘောရှိသည်။ သူစိမ်းတရံဆံကို ဖယ်ထုတ်လိုသော သဘောရှိသည်။ အမျိုးသားရေးဝါဒသည် မျိုးရိုးသစ္စာရှိမှုကို ထိန်းသိမ်းမှုတွင် အခြေခံသည်ဟု ယူဆနိုင်သည်။ အခြားသော (နိုင်ငံရေး) သဘောတရားများသည် ပေါ်လာပြီး ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားကြမည်။ သို့ရာတွင် အမျိုးသားရေးဝါဒကား ပြင်းထန်အားကောင်း၍ မတိမ်ကောနိုင်သည့် ခွန်အားရှိသည်။
သမိုင်းပညာရှင်တဦးဖြစ်သူ အစ္စဗန်ဒီးယက်က လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ အတွင်းတွင် အရှေ့ဥရောပ၌ လစ်ဘရယ်အစိုးရ၊ ကွန်ဆာဗေးတစ်အစိုးရ၊ ဒီမိုကရက်တစ်အစိုးရ၊ အာဏာရှင်အစိုးရ၊ ဖက်ဆစ်အစိုးရ၊ ဘော်လရှီဗစ်အစိုးရတို့ တလှည့်စီ ကြီးစိုးလွှမ်းမိုးခဲ့ကြသည်။ သို့ရာတွင် ထိုအစိုးရများနှင့် ယင်းတို့၏ နိုင်ငံရေးသဘောတရား အားလုံးတို့သည် ယာယီမျှသာ ဖြစ်ခဲ့ ကြသည်။ ထာဝရဖြစ်သောအရာမှာ အမျိုးသားရေးဝါဒသာလျှင် ဖြစ်သည်ဟု ရေးခဲ့ဖူးသည်။
ကွန်မြူနစ်ဝါဒသည် အမျိုးသားရေးဝါဒထက် အားကောင်းသည်ဟု ထင်စရာဖြစ်သည်။ နိုင်ငံတကာ အလုပ်သမား လူတန်းစားစိတ်ဓာတ်သည် အဖနိုင်ငံအပေါ် သစ္စာရှိမှုထက်လည်းကောင်း၊ အလံတလံပေါ်တွင် သစ္စာရှိမှုထက်၎င်း ပို၍အားကောင်းသည်ဟု ကားလ်မတ် က ပြောခဲ့သည်။ သို့ရာတွင် ပထမကမ္ဘာစစ်အတွင်းက အလုပ်သမားများသည် လက်နက်များကို ချထားရန် ဟောပြောခဲ့ကြသော ဆိုရှယ်လစ်များနောက်သို့ မလိုက်ဘဲ စစ်တိုက်ရန် ဟောပြောခဲ့ကြသည့် အမျိုးသားရေး ခေါင်းဆောင်များနောက်သို့ လိုက်ခဲ့ကြသည့်အခါတွင် ကားလ်မတ်၏ သဘောတရားသည် သေဆုံးသွားခဲ့လေပြီ။ သို့တိုင်အောင် ဆိုဗီယက်ယူနီယံတွင် အနှစ်ခုနှစ်ဆယ်တိုင်တိုင်... အရှေ့ဥရောပတွင် အနှစ်လေးဆယ်တိုင်တိုင် ကွန်မြူနစ်ဝါဒသည် အမျိုးသားရေးဝါဒကို နှိပ်ကွပ်ခဲ့သည်။ သို့ရာတွင် အမျိုးသားရေးဝါဒသည် ပျောက်ကွယ်သွားခြင်း မရှိ၊ လှိုက်စားရုံ လှိုက်စားခဲ့သည်။
အရှေ့ဥရောပနှင့် အလယ်ဥရောပတို့တွင် အမျိုးသားရေးဝါဒကို လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းနေချိန်၌ အနောက်ဥရောပသည် အမျိုးသားရေးဝါဒကို ကျော်လွှားသွားရန် ကြိုးပမ်းနေသည်။ ဒုတိယကမ္ဘာစစ်၏ အပျက်အစီးပုံများထဲမှ အနောက်ဥရောပ ကမ္ဘာကြီး တွားသွားထွက်လာချိန်တွင်နောက်ထပ်ဤအဖြစ်မျိုး မဖြစ်စေရ‘ ဆိုသည့် အသံများကို နေရာတကာတွင် ကြားနေရသည်။ အနှစ်ခုနှစ်ဆယ်မရှိတရှိ အတွင်းတွင် ဂျာမဏီနှင့် ပြင်သစ်အမျိုးသားရေးဝါဒတို့ကြောင့် ကမ္ဘာစစ်ကြီး နှစ်ခုအပါအဝင် ဥရောပတွင် စစ်ပွဲကြီးသုံးပွဲ ဖြစ်ပွားခဲ့သည်။ ပြင်သစ်နှင့် ဂျာမဏီတို့၏ အားပြိုင်မှုကို ထိန်းချုပ်ပေးရန်အတွက် အချို့ သော စနစ်သစ်များ ပေါ်ပေါက်ခဲ့သည်။ ဥရောပလှုပ်ရှားမှုကို စတင်ခေါင်းဆောင်ခဲ့သူ ဖြစ်သည့် အီတလီအမျိုးသား အော်တီယာရို စပီနယ်လီက ထိုနှစ်ကာလများကို စောင်းငဲ့ကြည့်ကာ ကပ်ဆိုးကြီးကြောင့် အမျိုးသားရေးဝါဒသည် လူထုကြိုက် စိတ်ဓာတ်တခု အဖြစ်မှ စုတေသွားခဲ့လေပြီ ဟု ရေးခဲ့သည်။
အမျိုးသားရေးဝါဒကို မြေမြုပ်သဂြိုလ်ပစ်မည့် စနစ်သစ်၊ အဆောက်အအုံသစ်များကို ထူထောင်ရန် ကြိုးပမ်းအားထုတ်မှု များသည် လွန်စွာအရေးကြီးသည့်အချိန်တွင် ပေါ်ပေါက်လာခဲ့ကြသည်။ ထိုပုဂ္ဂိုလ်များမှ နယ်စပ်ဒေသတွင် ကြီးပြင်းလာခဲ့ကြပြီး မိမိတို့လူမျိုးစုအကြားတွင် မကြာခဏ တိုက်ခိုက်မှုများပေါ်ပေါက်နေသည်ကို တွေ့ခဲ့ကြရသူများဖြစ်သည်။ သူတို့သည် သူတို့ ဘာအတွက် တိုက်ခိုက်နေသည်ကို ကောင်းကောင်းသိကြသည်။ သူတို့၏ ယုံကြည်ချက်ကို သူတို့လို ဒုက္ခ သုက္ခများကို ခံစားခဲ့ ကြသူများမှ နားလည်နိုင်ပေလိမ့်မည်။ ၁၉၅၀ ပြည့်လွန်စောစောပိုင်းနှစ်ဖြစ်သော ထူးခြား၍ တိုတောင်းသော ကာလတဝိုက်တွင် ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည့် ပြင်သစ်ခေါင်းဆောင် ရောဗတ်ရူးမန်း၊ ဂျာမဏီခေါင်းဆောင် ကွန်းရတ်အဒီနော နှင့် အီတလီ ခေါင်းဆောင် အက်စီဒီ ဒီဂက်စပါရီ တို့သည် နိုင်ငံခြားအုပ်စိုးမှု (ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏ အုပ်စိုးမှု) အောက်တွင် နေခဲ့ကြရသည်။ သူတို့အားလုံးသည် ဂျာမန်စကားကို ရေလည်စွာ ပြောတတ်ကြသည်။
သူတို့သည် နောင်တွင် ဥရောပဘုံစျေးအဖွဲ့ဟု ခေါ်တွင်မည့် အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်များကို ချပေးခဲ့ကြသည်။ ဘယ်လ်ဂျီယံရှိ ဌာနချုပ်တွင် ဝန်ကြီးများစုဝေးကာ နို့စျေးနှုန်းသတ်မှတ်ရေးအတွက် အချင်းချင်း အမြဲလိုလို ရန်ဖြစ်နေကြသည့် ယနေ့အချိန်မျိုးတွင် ဥရောပဘုံစျေးအဖွဲ့ကို ဘေးဖယ်ပစ်ရန်လွယ်ပါသည်။ သို့ရာတွင် ဘုံစျေးအဖွဲ့၏ အောင်မြင်စွမ်းဆောင်မှုများသည်လည်း ကြီးမားပါသည်။ ဥရောပဘုံစျေးအဖွဲ့ကြီးရှိနေသဖြင့် ပြင်သစ်နှင့် ဂျာမဏီတို့ကြားတွင် နောက်ထပ်စစ်ပွဲတခု ဖြစ်လာစရာ အကြောင်းမရှိ။ ယနေ့လည်း ထိုအတိုင်းဖြစ်နေပါသည်။
ဥရောပဘုံစျေးအဖွဲ့သည် ထိုအလုပ်တွင်များစွာ အောင်မြင်လျက်ရှိရာ ယခုအချိန်တွင် အရှေ့ဥရောပတွင် တနိုင်ငံနှင့် တနိုင်ငံပြိုင်ဆိုင်ကြရန် တိုက်တွန်းနေသံများကို ကြားနေရသည်။ ယခင်တပတ်ကပင် အာမေးနီးယားသမ္မတ လီဗွန်တက်ပင် ထရိုစီယန်က ကျွန်တော်တို့ ဥရောပဘုံစျေးအဖွဲ့ရဲ့ နည်းအတိုင်း ဓနသဟာယအဖွဲ့ တခုကို ထူထောင်ဖို့အတွက် ရရှိနေတဲ့အခွင့်အရေးတွေကို အသုံးချကြရလိမ့်မည်ဟု ပြောခဲ့သည်။
သို့ရာတွင် သမိုင်းဆိုသည်မှာ တပတ်ပြန်ကျော့လေ့ရှိသည်ဟု ဆိုကြသော်လည်း ဘယ်တော့မှ ထပ်တူထပ်မျှ ဖြစ်လေ့ မရှိပါ။ ဥရောပအနောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူမျိုးစုအင်အားကြီးနိုင်ငံတခုဖြစ်သော ရုရှသည် အခြားသော လူမျိုးစုများအပေါ် တွင် လွှမ်းမိုးနေခြင်းဖြစ်ပါသည်။ အနောက်ဥရောပတွင်မူ ပြင်သစ်၊ အနောက်ဂျာမဏီနှင့် အီတလီတို့သည် ခပ်စောစောပိုင်းအထိ အရွယ်ပမာဏချင်း တူညီနေကြပြီး တဦးကိုတဦး ချိန်ခွင်လျှာညီအောင် ထိန်းထားနိုင်ကြပါသည်။
အရှေ့ဥရောပအဖို့ အနောက်ဥရောပထံမှ သင်ခန်းစာယူနိုင်စရာအချက်မှာ ကိုယ်ပိုင်အမျိုးသား ငွေစက္ကူစနစ်ရှိရုံ၊ ကိုယ်ပိုင် အမျိုးသားစစ်တပ်ရှိရုံမျှဖြင့် စစ်မှန်သော လွတ်လပ်မှုနှင့် စစ်မှန်သောလွတ်လပ်ရေးကို မရနိုင်ဆိုသည့် အချက်ဖြစ်ပါသည်။ မည်သူကမျှ ဗိုလ်မကျနိုင်သော နိုင်ငံတိုင်းပြောရေးဆိုခွင့်ရှိသော လူမျိုးစုံ အဖွဲ့အစည်းကြီးတခုအတွင်း၌သာလျှင် လူမျိုးစုတို့၏ အကျိုးစီးပွားကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါသည်။ ဥရောပဘုံစျေးအဖွဲ့ အောင်မြင်နေခြင်းမှာ အခြားကြောင့် မဟုတ်။ နိုင်ငံတိုင်း ပြောရေးဆိုခွင့်ရှိသော တခုနှင့်တခု ဆက်သွယ်နေကြသည့် ထာဝရ စေ့စပ်ဆွေးနွေးမှုကွန်ခြာကြီးကို ထူထောင်ထားနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ပိုလန်ခေါင်းဆောင် မစ်ရှနစ်က အလယ်နှင့် အရှေ့ဥရောပသည် ယဉ်ကျေးမှုဓလေ့ နှစ်ခုအနက် တခုခုကို ရွေးရတော့မည် ဟု ဆိုခဲ့ပါသည်။
ကျွန်ုပ်တို့ ပူးပေါင်းကြပါစို့၊ ဥရောပစံများကို လေးစားလိုက်နာကြပါစို့ လို့ ယဉ်ကျေးမှုတစ်ခုက ပြောနေတယ်၊ နောက် ယဉ်ကျေးမှုတခုကတော့ ကျွန်ုပ်တို့၏ မူလအမျိုးသားဇစ်မြစ်များဆီသို့ ပြန်သွားကြပါစို့ ... ကျွန်ုပ်တို့ အမျိုးသားများ၏ သီးခြားသောဟန်ဖြင့် စနစ်သစ်တရပ်ကို ထူထောင်ကြပါစို့ဟု ပြောနေတယ် ဟု သူကပြောခဲ့သည်။
ရှူးမန်း၊ အဒီနောနှင့် ဂတ်စပါရီ တို့သည် အနောက်ဥရောပတိုက်အား အမျိုးသားသီးခြားဆန်မှု နယ်နိမိတ်ကို ကျော်၍ ကြည့်ရန် အားထုတ်ကြိုးပမ်းခဲ့ကြပါသည်။
ပျက်စီးစေတတ်သော အမျိုးသားရေးဝါဒကို ကျော်လွှားရန်အတွက် ကွန်မြူနစ်နိုင်ငံဟောင်းများသည် အတိတ်မှ အမုန်း တရားများကို မေ့ပျောက်ပစ်နိုင်သော ခေါင်းဆောင်များရှိဖို့လိုပါသည်။
ရည်ညွှန်း ။ Time, September 9, 1991. 



No comments: