Saturday, September 25, 2010

(၅၃) ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဗေဒင်ယတြာကို အယူသည်းစွာ ယုံကြည်သူဖြစ်ပါသည်။ ၁၉၅၈ ခု အစိုးရတက်စကာလ က ရွှေတိဂုံစေတီတော် ရှေ့မုခ်တန်ဆောင်းတခုတွင် တန်ဆောင်းပြည့် သင်ဖြူးများခင်းကာ ယတြာလှူဒါန်းပါသည်။ သတင်းတိကျစွာရသဖြင့် ကြေးမုံတွင် ဓာတ်ပုံနှင့် ဖော်ပြရာ၌ အလှူရှင် ဗိုလ်ချုပ်ကြီးဖြစ်သည်ဟု တိကျစွာ မရေးရဲစေကာမူ သူ အလှူရှင်ဖြစ်သည်ကို စာဖတ်သူတို့ သိသာအောင် ဖော်ပြနိုင်ခဲ့ပါသည်။
တော်လှန်ရေးအစိုးရခေတ်တွင် ယတြာဆင်ခြင်း၊ ယတြာပြုခြင်း၊ ယတြာချေခြင်းတို့ကို များစွာပြုလေ့ရှိပါသည်။ ငပလီဆိပ်ကမ်းသို့သွားကာ အောင်အမည်ပါသော အမျိုးသမီးနှင့် ယတြာလက်ထပ်ပွဲကျင်းပကာ မိမိ၏ အလောင်းအတုကို ပင်လယ်တွင်းသို့ မျောခဲ့သည်ဟု သတင်းကြားရပါ၏။ ငွေစက္ကူများ ထုတ်ဝေရာတွင် (၉၀) တန်၊ (၄၅) ကျပ်တန် စသည့် ငွေစက္ကူများ ထုတ်ဝေကာ ယတြာဆင်သည်မှာ ယုံချင်ယုံ မယုံချင်နေ ကမ္ဘာ့အဆန်းများ သမိုင်းဝင်ပြက်လုံးကြီး ဖြစ်ပါသည်။
ဦးနုသည်လည်း ဗေဒင်ယတြာ အယူသည်းသူ ဖြစ်ပါသည်။ ဦးနေ၀င်းက ကိုးကွယ်သော ဗေဒင်ဆရာ မည်သူဖြစ်သည်ကို လျှို့ဝှက်ပါသည်။ လူသိမခံလိုပါ။ “ရန်ကုန်မှာ နာမည်ကြီးတဲ့ ဗေဒင်ဆရာမှန်သမျှ ဦးနု မမေးဖူးသူ မရှိ” ဟု ဦးကျော်ငြိမ်းက ပြောဖူးပါသည်။ ဦးနုက ဗေဒင်ယတြာကို ယုံကြည်ကြောင်း ပွင့်လင်းစွာ ပြောရဲပါသည်။
ပထမ လွတ်လပ်ရေးနေ့မှ စတင်ကာ လွတ်လပ်ရေးနေ့တိုင်း အလံတင်ပွဲကို ဓာတ်ပုံရိုက်ရတိုင်း အေးစက်သော ရာသီဥတုကြောင့် ၀န်ကြီးချုပ်ဦးနု၏ ဗေဒင်ဆရာများကို မျက်စောင်းထိုးမိပါသည်။ ကြံကြံဖန်ဖန် နံနက်က (၄) နာရီ မိနစ် (၂၀) တွင် သူတို့က အခါတော်ပေးသဖြင့် သတင်းထောက်ငနဲများ ပင်ပန်းရသည်ဟု တင်မောင်တို့ ပြောလေ့ရှိပါသည်။
ဦးနုသည် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့က ဦးအောင်ဆန်းကျဆုံးရှာပြီးနောက် နာရီအနည်းငယ်အတွင်း ၀န်ကြီးချုပ်တာဝန်ကို လက်ခံယူစေကာမူ ဘုရင်ခံထံ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာဆိုရမည့် အချိန်ကို သြဂုတ်လ (၂) ရက်နေ့၊ ညနေ (၆) နာရီတွင်မှ အခါရပါသည်ဟု မေတ္တာရပ်သဖြင့် ဘုရင်ခံခမျာ မူလက ချိန်းဆိုထားသော ဂေါက်သီးပွဲကို ဖျက်ကာ အခမ်းအနားကျင်းပရသည်ဟု သိရပါသည်။ အလျင်လို အရေးကြီးသောကာလတွင် ဗေဒင်ဆရာတို့ကို အားကိုးသူဖြစ်ပါသည်။
ထိုခေတ်က ဒေါ်လာ (၆) သန်းကုန်သော လှိုဏ်ဂူတော်တွင် ကမ္ဘာ့သမိုင်းဝင် သင်္ဂါယနာတင်ပွဲကို နေ့ (၁၂) နာရီ (၁၂) မိနစ်တိတိတွင် စတင်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ်တွင် ၀န်ကြီးချုပ်ရာထူးကို ဦးဗဆွေသို့ လွှဲပေးစဉ်က နံနက် (၉) နာရီတိတိတွင်မှ ရုံးမှ ထွက်ပေးပါသည်။
ဤသို့သောအဖြစ်ကလေးများနှင့် အစိုးရအဖွဲ့က ဗလိနတ်စာကျွေးခြင်းစသည့်အမှုများကို ပြုသဖြင့် ဦးနုအား အယူသည်းဗုဒ္ဓ၀ါဒီကြီးဖြစ်သည်ဟု ဝေဖန်ကြပါသည်။ နိုင်ငံရေးနယ်သို့ ၀င်လာခါစ တကသဥက္ကဌခေတ်ကပင် ပုတီးစိပ်ခြင်းအလုပ်ကို အရေးတကြီးလုပ်ခဲ့သူဖြစ်သဖြင့် သူ၏ရဲဘော်များက သူ့ကို နားလည်ကြပါသည်။
ဗုဒ္ဓဘာသာဝင်တဦးအဖြစ် ဦးနုက ၀န်ကြီးချုပ်ဖြစ်ခိုက်တွင် နွားမသတ်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်ကို ဗိုလ်နေ၀င်းက မျက်စိဆံပင်မွှေး စူးနေဟန်တူပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် ဗိုလ်နေ၀င်း အာဏာရယူသည့်နေ့တွင် ပထမဆုံးထုတ်ပြန်သော အမိန့်မှာ နွားများသတ်နိုင်သည်ဟူသော အမိန့်ဖြစ်ပါသည်။ ထိုအမိန့်အတွက် ဦးနုက ဗိုလ်နေ၀င်း အပါယ်လားတော့မှာပဲဟု ကြီးစွာ ကရုဏာသက်ရှာသည်ဟု သိရပါသည်။ ရွေးကောက်ပွဲအနိုင်ရသဖြင့် ဗိုလ်ချုပ်ကြီးနေ၀င်းက ဦးနုကို ရာထူးပြန်လွှဲပေးရမည့်ရက်မတိုင်မီ (၇) ရက်အလိုတွင် ၀န်ကြီးချုပ်ဟောင်း ဦးနုက လက်ရှိ ၀န်ကြီးချုပ် ဗိုလ်နေ၀င်းအား အကြံပေးပါသည်။ နွားများသတ်စေအမိန့်သည် ဗိုလ်နေ၀င်းအဖို့ ငရဲပွားမည်ဖြစ်သောကြောင့် အာဏာမလွှဲမီ ကာလကလေးတွင် အမိန့်ကို ပြန်ပြင်ပါလား။ နောင်ဘ၀သို့ ဘ၀ကူးကောင်းနိုင်ပါသည်ဟု ဦးနုက မေတ္တာရပ် ပြောရှာသည်။ ဗိုလ်နေ၀င်းက (စိတ်ထဲမှ ကြိတ်ရယ်နေမည် ထင်ပါသည်) ခေါင်းရမ်းပါသည်။ ၁၉၆၀ ခု၊ ဧပြီလ (၄) ရက်နေ့တွင် ဦးနုက အာဏာကို ပြန်လည်လွှဲယူပြီး (၂) နာရီကြာသောအခါ ၀န်ကြီးချုပ်သစ် ဦးနုက ပထမဆုံး ထုတ်ပြန်သော အမိန့်မှာ နွားများမသတ်ရ အမိန့်ဖြစ်ပါသည်။
နိုင်ငံရေးလမ်းစဉ်တွင်မူ ဗိုလ်နေ၀င်းက တင်းမာပြတ်သားသည်နှင့်အမျှ ဦးနုကလည်း တင်းမာသည်။ သို့သော် နူးညံ့ပျော့ပြောင်းစွာ ကိုင်တွယ်ပါသည်။
၁၉၄၉ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့က ဦးအောင်ဆန်းတို့ ကျဆုံးပြီး နာရီအနည်းငယ်အတွင်း ဘုရင်ခံက ဖိတ်ခေါ်ကာ ၀န်ကြီးချုပ်ရာထူးကို ယူပါဟု တာဝန်ပေးသည်ကို လက်ခံခဲ့ပါသည်။ ထိုညတွင် ဖဆပလမှ ထုတ်ထားသော သခင်သန်းထွန်းနှင့် ကွန်မြူနစ်ခေါင်းဆောင်များကို သူ၏အိမ်သို့ ဖိတ်ခေါ်ကာ ဦးအောင်ဆန်းကျဆုံးသဖြင့် အရေးကြီးသောကြောင့် သွေးစည်းကာ ဖဆပလနှင့် ကွန်မြူနစ်ပါတီ ပူးပေါင်းကာ အစိုးရဖွဲ့ရန် ဆွေးနွေးအားထုတ် ပါသည်။ သခင်သန်းထွန်းက အာဏာပိုတောင်းသဖြင့် ပျက်ခဲ့ရသည်။
အခြေခံဥပဒေကြီးရေးစဉ်က ဦးနုက လူမျိုးစုများ၏ ဆန္ဒများကို ကြည်ဖြူကာ လိုက်လျောခဲ့ပါသည်။ ကချင်ခေါင်းဆောင်များက မြစ်ကြီးနားမြို့ကို ကချင်ပြည်နယ်သို့ ပေးပါဟု တင်ပြရာ ဦးနုက ဗန်းမော်မြို့ပါ ယူသင့်သည်ဟု လိုက်လျောသဖြင့် စေတနာကို နားလည်သောကြောင့် ကယားခေါင်းဆောင်များက ပြည်နယ်ခွဲခွင့် မတောင်းတော့ဟု သိရပါသည်။
အခြေခံဥပဒေရေးဆွဲရေး မူလမ်းစဉ်ကို ဦးအောင်ဆန်းက ၁၉၄၇ ခု၊ ဇွန်လ (၁၆) ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်တွင် တင်ခဲ့ပါသည်။ ထိုည၌ မိုင်းပွန်စော်ဘွားက ဦးနုအိမ်သို့သွားကာ (၁၀) နှစ်ကြာကာလတွင် မကျေနပ်ပါက ရှမ်းပြည်နယ်သည် ခွဲထွက်ပိုင်ခွင့်ရှိသည်ဟု အာမခံချက်ပုဒ်မ မပါလျှင် ဦးအောင်ဆန်း၏အဆိုကို ထောက်ခံမှုမပြုနိုင်ဟု အကြပ်ကိုင်ပါသည်။ “ဗျာ.. နိုင်ငံမှ မတည်ထောင်ရသေးဘူး ခွဲဖို့စကားပြောတာ မတော်ပါဘူး” ဦးအောင်ဆန်းက မှတ်ချက်ချပါသည်။ ဦးနုကမူ လိုက်လျောပါသည်။
“တို့တတွေက သူတို့လူမျိုးစုတွေ ကောင်းစားဖို့လည်း လုပ်ကြမှာပဲဟာ။ သူတို့အကျိုးစီးပွားကို တို့က (၁၀) နှစ် လက်တွေ့လုပ်ပြလိုက်လျှင် သူတို့တတွေ ခွဲစကားပြောမှာ မဟုတ်တော့ပါဘူး” ဟု ဦးနုက ဦးအောင်ဆန်းကို နှစ်သိမ့်ခဲ့သည် ဆိုပါသည်။
ဦးနုပြောသည့်အတိုင်း (၁၀) နှစ်လွန်သောအခါတွင် ရှမ်းခေါင်းဆောင်မျာက ပြည်နယ်ခွဲကြရေးကို တောင်းဆိုမှု မပြုခဲ့ပါ။ ပြည်နယ်၊ ပြည်မ ပိုမိုညီညွတ်ရေးအတွက် အခြေခံဥပဒေကြီး ပြင်ဆင်ရေးကိုသာ တောင်းဆိုခဲ့ပါသည်။ ပြည်နယ်ပြည်မ ပိုမိုညီညွတ်ပါက စစ်တပ်သြဇာမတက်နိုင်သောကြောင့် ပြင်ဆင်ရေးတောင်းဆိုချက်ကို ပြည်နယ်ခွဲရေးအဆိုသဖွယ် ၀ါဒဖြန့်ကာ အာဏာသိမ်းခဲ့ပါသည်။
ဦးအောင်ဆန်းမရှိသည့်နောက်တွင် ဦးနုက ဗိုလ်နေ၀င်းကို ယုံကြည်သူ၊ စေတနာ ကောင်းခဲ့သူ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲတွင် ဗိုလ်နေ၀င်း ပါဝင်မည်မဟုတ်ဟု ဦးနုက ယုံကြည်ပါသည်။ ဗိုလ်နေ၀င်း စေလွှတ်သဖြင့် လာရောက်ဖမ်းဆီးသော စစ်ဗိုလ်အား “ဗိုလ်နေ၀င်းကိုလည်း ဖမ်းကြသလား” ဟုပင် မေးသည်ဟု သိရပါသည်။
ပြဿနာမှာ ဗုဒ္ဓဘာသာကို အလေးအနက်ယုံကြည်သော ဦးနုတွင် လူသားတို့၏ စာရိတ္တနှင့် ပတ်သက်၍ ပြတ်သားသော ယုံကြည်ချက်ကို ခံယူထားပါသည်။ ဤလောကတွင် အရောင်များနှင့် စပ်လျဉ်း၍ အရောင်အဖျော့၊ အရောင်အရင့်၊ အရောင်မရင့်တရင့် စသည်ဖြင့် အဆင့်ဆင့်ခွဲနိုင်သည်။ အရာဝတ္ထုပစ္စည်းများတွင်လည်း ကောင်းသည်၊ နည်းနည်းကောင်းသည် စသည်ဖြင့် အဆင့်များ ခွဲ၍ရနိုင်သည်။ လူသားတဦးအဖို့မူ လူဆိုးနှင့် လူကောင်းဟု နှစ်မျိုးသာရှိသည်။ နည်းနည်းကောင်းသော လူကောင်း၊ များများကောင်းသော လူကောင်း၊ ပိုမိုကောင်းသော လူကောင်း၊ နည်းနည်းဆိုးသော လူဆိုး၊ များများဆိုးသော လူဆိုးဟု အဆင့်ခွဲရန် မလိုဟု သူက ယူဆပါသည်။ ဒီနေ့ဒီနေရာမှာ ကောင်းပြီး မနက်ဖြန် ဟိုနေရာတွင် ဆိုးသွမ်းသူဖြစ်ပါက ထိုသူသည် လူကောင်းမဟုတ်၊ လူဆိုးသာ ဖြစ်သည်။ လူကောင်းသည် အမြဲကောင်းသူဖြစ်ရမည်ဟု ဦးနုက ပြတ်သားစွာ ယုံကြည်ပါသည်။ စာရေးဆရာဘ၀က ဦးနုရေးသားသော နောင်တော်ချွတ်ခမ်း ၀တ္ထုတွင် ထိုခေတ်က အင်္ဂလိပ်အလိုတော်ရိ ခေါင်းဆောင်များ သူတပါးသားမယားတို့အပေါ် ဖောက်ပြန်ကြသည်ကို ပြင်းထန်စွာ ရှုတ်ချရေးသားခဲ့ပါသည်။ “သူတပါးရဲ့ သားမယားကိုမှ စိတ်မချရသူများကို အဘယ်မှာ နိုင်ငံ၏ အမှုကိစ္စများကို အပ်နှင်းရန် စိတ်ချနိုင်ပါမည်နည်း” ဟု ရေးသားခဲ့ပါသည်။
ထို့ကြောင့်လင်ကြီးငုတ်တုတ်ရှိသူ ဒေါ်ခင်မေသန်းအား ဗိုလ်ချုပ်ကြီးနေ၀င်းက လက်ထပ်သည်ကို ၀န်ကြီးချုပ်ဦးနုက နိုင်ငံအတွက် ကြီးစွာအရှက်ရသဖြင့် တပ်မတော်သေနာပတိရာထူးမှ ဖြုတ်ချရန် ၀န်ကြီးအဖွဲ့ အထူးအစည်းအဝေးသို့ တင်သွင်းဆုံးဖြတ်ခဲ့ပါသည်။ သာသနာရေးဝန်ကြီး ဦးဘစောက ဗိုလ်နေ၀င်းထံသို့ သွားရောက်သတင်းပေးသဖြင့် ဗိုလ်နေ၀င်းက ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ဒူးထောက်တောင်းပန်ခဲ့ပါသည်။ ဦးနုသည် သူ၏ ဆုံးဖြတ်ချက်ကြီးများကို ပြင်ဆင်လေ့ရှိသူမဟုတ်ပါ။ ယခုအမှုတွင်မူ ၀န်ကြီးအဖွဲ့အစည်းအဝေး ထပ်မံကျင်းပရာတွင် ၀န်ကြီးအများစုက တောင်းပန်ကြသောအခါတွင် ဒီမိုကရေစီအများဆန္ဒကို ယုံကြည်သူဖြစ်သဖြင့် သူ၏အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့ရပေသည်။
အကယ်၍ ဦးကျော်ငြိမ်းတို့အစုက တောင်းပန်သမှုမပြုပါလျှင် ၀န်ကြီးချုပ်ဦးနု၏ အဆိုသာ ဆက်လက်အတည် ဖြစ်ပါလျှင် မိမိထင်ရာလုပ်နိုင်သော စစ်ဝါဒမျိုးစေ့ မျိုးညှောက်သည် စောစောကပင် ကျေပျက်နေမည်သာ ဖြစ်သဖြင့် သမိုင်းဇာတ်ကြောင်း ပြောင်းလဲသွားကာ မြန်မာအမျိုးသားတို့ ယနေ့ခံစားနေရသော ဒုက္ခမီးမှ ကင်းလွတ်ပေမည်ဟု ယူဆနိုင်ပါသည်။ ။

Wednesday, September 15, 2010

(၅၂) ရာသက်ပန် အာဏာဆုပ်ကိုင်နည်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်း၏ လက်ရေးမူရင်းနှင့် စာတစောင်ကို တင်မောင်က မိတ္တူကူးကာ သိမ်းထားမိပါသည်။ ၁၉၄၃ ခု၊ အောက်တိုဘာလ (၂၆) ရက်နေ့စွဲနှင့် ရေးထားသော ထိုစာတွင် “တိုင်းပြည်တခု၏ ကြီးပွားမှု၊ တိုးတက်မှု၊ ခိုင်မြဲမှုသည် ထိုတိုင်းပြည်အင်အားတည်းဟူသော စစ်တပ်ပေါ်၌ အခြေတည်လျက်ရှိ၏” ဟု ရေးသားထားပါသည်။ ဂျပန်သို့ စစ်ပညာသင်ပို့ထားသော ကျောင်းသားများထံသို့ ပေးပို့သော ထိုစာကို “ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ်နေ၀င်း” ဟု လက်မှတ်ရေးထိုးထားပါသည်။
အလွန်မှားယွင်းသော စစ်ဝါဒဖြစ်ပါသည်။ ဂျပန်နိုင်ငံနှင့် ဂျာမနီပြည်တို့တွင် စစ်အင်အားကို ကြီးမားစွာ တည်ဆောက်မိရာက စစ်ဝါဒီများ ကြီးစိုးခံရသောကြောင့် ပျက်စီးခဲ့ရပါသည်။ ကမ္ဘာစစ်လွန်ကာလ၊ စစ်အင်အား တာဝန် ကင်းကွာသောကာလ၊ စစ်စားရိတ်မရှိမှ ကြီးပွားတိုးတက်နေသည်ကို မျက်မှောက်ခေတ်သမိုင်းက သက်သေပြနေပါသည်။ အထက်အမိန့်နာခံခြင်းကိုသာ အခြေပြုကာ တည်ဆောက်ရလေ့ရှိသော စစ်တပ်သည် နိုင်ငံတခု၏ ကြီးပွားမှုကို လုပ်ဆောင်နိုင်သော အရည်အချင်းမရှိနိုင်ပါ။
ယင်းစစ်ဝါဒီကြီးအဖို့ နိုင်ငံရေးအာဏာကို ကြာမြင့်စွာ သိမ်းပိုက်ထားနိုင်ခဲ့သည်မှာ ဘာကြောင့်နည်းဟု မေးခွန်းပေါ်လာပါသည်။ ဦးအုန်းခင်၊ ဦးညိုမြ၊ သခင်ဘသောင်း၊ ဦးစိန်ဝင်း၊ ဦးချစ်ထွန်း စသော မြန်မာသတင်းစာ ဆရာများသည် အခွင့်ကြုံတိုင်း ဘာကြောင့် နေ၀င်း စစ်ဝါဒအာဏာမြဲရသနည်းဟု ဆွေးနွေးလေ့ရှိရာ အောက်ပါ အချက်များကို သုံးသပ်မိကြပါသည်။
၁။ ကိုယ်ပိုင်စစ်စုံထောက်အဖွဲ့သည် ဗိုလ်နေ၀င်း၏ အင်အားတခုဖြစ်ပါသည်။ အတိုက်အခံပြုမည့် ဆန့်ကျင်သူ နိုင်ငံရေးခေါင်းဆောင်များကို မျက်လုံးဒေါက်ထောက်ကြည့်ကာ ကြည့်ရှုစုံစမ်းနေသကဲ့သို့ မိမိလက်အောက်ခံ စစ်ဗိုလ်ကြီးများကိုလည်း အမြဲစုံစမ်းနေသဖြင့် သူ့ကို လှန်ရဲသူ မရှိတော့ပါ။ ၁၉၆၁ ခုနှစ်က ဗိုလ်မှူးကြီး (၁၃) ဦးကို ရာထူးမှ ဖယ်ရှားစဉ်က စစ်စုံထောက်မှတ်တမ်းဖိုင်တွဲကြီးများကို တရွက်ချင်းလှန်ကာ မည်သူက စစ်ဆင်ရေးစားရိတ်ငွေအများ လာဘ်စားကြောင်း၊ မည်သူက မည်နှယ် လာဘ်ယူကြောင်း အသေးစိတ်ဖတ်ပြသဖြင့် တရားခံများ စောဒကမတက်နိုင်ဘဲ ခံခဲ့ရပါသည်။ ၁၉၇၅ ခုလောက်တွင် တဖန် မဆလ ၀န်ကြီးအားလုံးတို့ကို အိမ်တော်သို့ ဆင့်ခေါ်ကာ ဗိုလ်ချုပ်စန်းယုကတော်က ရာထူးတက်သူ စစ်ဗိုလ်ကလေးများ၏ စာရင်းကို တင်ကြိုရယူကာ ငွေတောင်းလေ့ရှိကြောင်းမှ စတင်ကာ ၀န်ကြီးအားလုံးတို့၏ ရာဇ၀တ်မှု ခွေးရေပုရပိုက် ကြီးကို ဖတ်ပြကာ ပြင်းထန်စွာ သတိပေးသဖြင့် သူ့ကို တုန်နေအောင် ကြောက်ကြရကာ သူခိုင်းသမျှ သစ္စာရှိစွာ လုပ်ကြရပါသည်။
၂။ ဗိုလ်ကြီးအဆင့်မှ စကာ စစ်တပ်တွင် ရာထူးအတက်အကျ၊ အရွေ့အပြောင်း အမိန့်များကို ကိုယ်တိုင်ကြည့်ကာ စွက်ဖက်ခြင်း၊ ပိုမိုရာထူးမြှင့်ပေးခြင်းတို့ပြုကာ သက်ဆိုင်ရာစစ်ဗိုလ်ကို သူက ရာထူးမြှင့်ပေးသည်ဟု သိစေကာ သစ္စာခံစေပါသည်။
၃။ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ထူးကဲစွာ မှတ်ဉာဏ်ကောင်းပါသည်။ တွေ့သိသမျှ လူအားလုံးကို အမှုကိစ္စ အကြောင်းအရာများ အသေးစိတ်မှတ်သားမိလေ့ရှိပါသည်။
၎။ ဓားခံရန်နှင့် သူ၏ သြဇာထက်ရန်အတွက် လူညံ့များကို မွေးလေ့ရှိပါသည်။ တပ်တွင် ရာထူးကြီးများ တိုးမြှင့်ပေးရာတွင် အနိမ့်မှလူကို သုံးဆင့်ခန့် တက်ပေးလေ့ရှိပါသည်။ မတန်မရာသော ရာထူးကို ရရှိသူက သူ့ကို ရှိခိုးနေမည်ဖြစ်ပါသည်။ သူ၏ အစိုးရအဖွဲ့တွင် ၀န်ကြီးခန့်ပါက ဆိုင်ရာဌာနတွင် ကျွမ်းကျင်မှုမရှိသူများကိုသာ တမင်ရွေးချယ်ကာ ခန့်ထားလေ့ရှိပါသည်။ စက်မှုကျွမ်းကျင်သူကို လယ်ယာပို့ကာ သတင်းစာကို လကြည့်ပင် ၀ယ်ယူဖတ်လေ့မရှိသူကို ပြန်ကြားရေးဌာနသို့ ပို့ပါသည်။ သို့မှသာ ၀န်ကြီးများတာဝန်ကို လုပ်ဆောင်ရာ၌ သူ့ကို အားကိုးနေရပါသည်။ ထို့ပြင် ပြဿနာပေါ်က ထိုသူ၏အပြစ်ဖြစ်သည်ဟု ဓားစာခံပြုကာ ချနင်းလေ့ရှိပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြုတ်ကျရသော ဓားစာခံ စစ်ဗိုလ်ဝန်ကြီးများ များပြားလှပါသည်။
၅။ ထီးမွေ နန်းမွေ ဆက်ခံရန် ဒုတိယလူ၊ အိမ်ရှေ့မင်းထားလေ့မရှိပါ။ သူက နံပါတ်တစ်တွင် နေရာယူကာ လက်အောက်တွင် နံပါတ်ငါးအဆင့်ရှိသူကိုသာ ခန့်ထားလေ့ရှိပါသည်။ နံပါတ်တစ်မှ လုံးဝမဆင်းလိုပါ။ တကြိမ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီရွေးချယ်ပွဲတွင် ထိပ်ပိုင်းမှ အရွေးခံရစေကာမူ ခေါင်းဆောင်နှစ်ဦးက သူ့ထက်မဲ ပိုမိုရရှိနေသဖြင့် စစ်ဗိုလ်ဟောင်းခေါင်းဆောင်နှစ်ဦးကို အပြစ်ရှာဖမ်းဆီးကာ ပါတီဝင်အများကို သန့်ရှင်းရေးပြု၍ ပါတီမှရော အစိုးရအဖွဲ့မှပါ ခေါင်းဆောင်များ၊ ၀န်ကြီးများကို ဖယ်ရှားခဲ့ပါသည်။
၆။ မာန်မာနပြင်းထန်သူ ဖြစ်စေကာမူ လိုအပ်ပါက ဒူးထောက်ရန် ၀န်မလေးသူ ဖြစ်ပါသည်။ လင်ရှိအမျိုးသမီး ဖြစ်သူ ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က တပ်မတော်စစ်ဦးစီးချုပ်က ကာမေသုမိစ္ဆာကံကို ကျူးလွန်သူဖြစ်သဖြင့် ၀န်ကြီးချုပ်ဦးနုက စိတ်ဆိုးရုံသာမက ကြီးစွာရှက်သဖြင့် ၀န်ကြီးအဖွဲ့အစည်းအဝေးသို့တင်ကာ သူ့အား ရာထူးဖြုတ်ချရန် ဆုံးဖြတ်ခဲ့ပါသည်။ ၀န်ကြီးချုပ်အား တွေ့ပါရစေဟု သူက အသနားခံသော်လည်း ဦးနုက အတွေ့မခံပါ။ ဗိုလ်ချုပ်နေ၀င်းသည် သခင်ချစ်မောင်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့အား တွေ့ဆုံကာ မျက်ရည်ခံထိုးသည်အထိ ၀န်ချသဖြင့် သူတို့က ဦးနုကို ၀ိုင်းကာတောင်းပန်သဖြင့် ရာထူးကို ပြန်လည်ရရှိခဲ့ပါသည်။
၇။ နိုင်ငံ၏ ဓနစွမ်းအားကို ရက်ရောစွာ ငယ်သားများကို ပေးပါသည်။ စစ်ဗိုလ်မှန်သမျှ ရာထူးပြုတ်စေကာမူ သံအမတ်ရာထူးမှ စတင်ကာ မဂ္ဂဇင်းထုတ်ဝေခွင့်အထိပေးခြင်း၊ ပါတီတွင် နိုင်ငံရေးတာဝန်ယူသူများကို အစိုးရ၀န်ထမ်းကဲ့သို့ပင် ပင်စင်လစာပေးခြင်း၊ နိုင်ငံရေးသမားမှန်သမျှကို နိုင်ငံ့ဂုဏ်ရည်ဆုပေးခြင်း … စသည်ဖြင့် သူ့ကိုအန်မတုစေရန် ချွေးသိပ်ပါ၏။
ဤဗိုလ်နေ၀င်း၏ အာဏာထိန်းနည်းအချက် (၇) ချက်မှာ ဆရာ့ဆရာများ၏ အမြင်ဖြစ်ပါသည်။ တင်မောင်မြင်သော အချက်နှစ်ချက် ရှိပါသေးသည်။
ဗိုလ်နေ၀င်း၏ ရန်သူကို အသေမသတ်ခြင်းသည် သူ၏အာဏာသက်ကို ရှည်စေသော ဆေးကောင်းတလက် ဖြစ်နေပါသည်။ ကမ္ဘာအရပ်ရပ် လက်နက်နှင့် အာဏာသိမ်းမှုများတွင် သွေးထွက်သံယိုသတ်ဖြတ်လေ့ရှိပါသည်။ အသက်သတ်ပါက လက်ငင်းရန်ရှင်းစေကာမူ ရန်သစ်လူ လာနိုင်ပါသည်။ သူ၏အသက်ကို မသတ်သည့်နည်းက ပိုပြီး ရက်စက်ယုတ်မာပါသည်။ သူအာဏာသိမ်းပြီးနောက် ဒီမိုကရေစီခေါင်းဆောင်များနှင့် အစိုးရ၀န်ထမ်းကြီး များ၏ အသက်ကို မသတ်ဘဲ အသက်မွေးမှုအခွင့်အရေးကို သတ်ဖြတ်ပါသည်။ သူ့ကို ရန်ပြုနိုင်သူများ၏ စီးပွားရှာဖွေစားသောက်ခွင့်ကို သတ်ဖြတ်ချုပ်ကိုင်ပါသည်။ သူ၏ လက်အောက်သို့ ခေါင်းလျှိုရသော သူကိုယ်ပိုင် အစိုးရ၀န်ထမ်းအလုပ်မှတပါး လုပ်ပိုင်ခွင့်မရှိသည့်စနစ်ကို တီထွင်ထားသဖြင့် ရန်သူမှန်သမျှ သူ့ကို “ကိုး” ကြရပါသည်။ ဥပမာ စာရေးသူ တင်မောင် တယောက်။
ဒုတိယ အာဏာထိန်းနည်းမှာ ပိုမိုရက်စက်ယုတ်မာပြီး သူ၏နောက်လိုက် စစ်အစိုးရများက ဆက်လက်သုံးစွဲ နေပါသည်။ ထိုနည်းမှာ အရပ်သားပြည်သူလူထုကြီး ဆင်းရဲငတ်မွတ်စေရန် တမင်အားထုတ်ပါသည်။ လူတွေငတ်မှ စစ်တပ်ကို ဦးကျိုးကြမည်။ ခေါင်းလျှိုးကြမည် ဖြစ်သဖြင့် တမင်ငတ်မွတ်စေမည့် လမ်းစဉ်ကို လုပ်ဆောင်ပါသည်။
သူအာဏာတောင်းစဉ်က နိုင်ငံတွင်းတွင် အစစအရာရာ ရှားပါးကြသည်ကို သူသိပါသည်။ တင်မောင်ကဲ့သို့ နိုင်ငံ၏ အခြေမှန်ကို တင်ပြသူများများ မရှိစေကာမူ လူထုကြီးရှားပါးနေသည်ကို သူကောင်းစွာ သိရှိပါသည်။ ဉာဏ်မတုံးပါ။ ထိုခေတ်က မကြာခဏ လူသုံးကုန်များ ပြတ်လေ့ရှိပါသည်။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ငြုတ်၊ ကြက်သွန်၊ မုတ်ဆိတ်ရိတ်ဓား … စသဖြင့် ပြတ်လပ်ပျောက်ကွယ်လေ့ရှိပါသည်။ ထိုအခါ ကမ္ဘာအရပ်ရပ်တွင်လည်း ထိုကုန်များ ရှားပါးနေသည်ဟု ပါတီက တန်ပြန်ဝါဒဖြန့်လေ့ရှိပါသည်။ ရုပ်ပြောင်တဦးက “ရှင်မရေ.. ကမ္ဘာအရပ်ရပ်မှာ ကြက်သွန်တွေ ပြတ်နေကြပြီထင်တယ်ဟေ့” ဟု သရော်သည်ကို သူနားလည်စွာ ရယ်မောခဲ့ပါသည်။
နောက်တက်လာသော စစ်အစိုးရများလည်း လူထုကြီးငတ်ပြတ်ခက်ခဲသည်ကို သိကြပါသည်။ လူထုကြီးအဖို့ ခက်ခဲရှားပါးလေလေ၊ စစ်တပ်ကို ဦးကျိုးလေလေမို့ ဗိုလ်နေ၀င်းနှင့် နောက်လိုက်များသည် လူထုကြီးအတွက် တမင်ငတ်ဆေးများ ဖော်ခဲ့ကြပါသည်။ လူထု မည်ရွေ့မည်မျှ ငတ်ပြတ်စေကာမူ သူတို့အာဏာစွဲကိုင်ရေးကို စောင့်ရှောက်ကာကွယ်ပေးမည့် စစ်တပ် မငတ်ရေးကိုသာ အလေးထား ဆောင်ရွက်ကြပါ၏။
ဗြိတိသျှယထာဘူတ ပညာရှင်သဘာဝတ္တဆရာကြီး Bertrand Russel ၏ အဆိုအမိန့်တခု ရှိပါသည်။ “သင့်အား လူတယောက်က ဒီမိုကရေစီကိုပေးကာ အခြားတဦးက ဆန်အိတ်တအိတ်ကို ပေးပါလျှင် သင့်အဖို့ ဆန်အိတ်ကို ယူမည်လော၊ ဆန္ဒမဲပြားကို ယူမည်လောဟု ရွေးချယ်ရန်မှာ သင်သည် မည်ရွေ့မည်မျှ ငတ်နေသနည်းဟူသော ငတ်မွတ်မှုအတိုင်းအတာအရ ဆုံးဖြတ်ရပေမည်” ဟု ဆိုပါသည်။ လမ်းစဉ်ပါတီဝင်တိုးတက်ခြင်းနှင့် ကြံ့ခိုင်ရေး အင်အားတက်ခြင်းတို့မှာ လူထုငတ်ကြသဖြင့် ဖြစ်ရပါသည်။
ဦးနေ၀င်းနှင့် နောက်လိုက်စစ်ဗိုလ်ကြီးများက “လူထုကြီးငတ်လေလေ - ဒီမိုကရေစီကို ကျောခိုင်းကာ သူတို့ကို ရှိခိုးလေလေ” လမ်းစဉ်ကို လုပ်ဆောင်နေကြသဖြင့် လူထုကြီးမှာ မီးလောင်သစ်တုံးကဲ့သို့ တမြည့်မြည့်ပျက်သုဉ်း နေသည်ကို ဟက်ဟက်ပက်ပက် ရယ်မောလုပ်ဆောင်ကြသည်မှာ အလွန်အကျူး ရက်စက်ယုတ်မာကြပါသည်။ ။

Friday, September 3, 2010

ဒိန်းမတ် ကို သူတို့ သိမ်းလိုက်ပြီ

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့က ဒိန်းမတ်နိုင်ငံအား သိမ်းပိုက်ခဲ့ကြသည်။ ထိုနာဇီတို့အား ဒိန်းမတ်လူမျိုးများက ရက်စက်စွာ ဖိနှိပ်မှုများကြားမှ ရွပ်ရွပ်ချွံချွံ တန်ပြန်တော်လှန်ရေးများ ဆောင်ရွက်ခဲ့ကြသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်သည့် စာတပုဒ်ကို မြန်မာရဟန်းတော်တပါး၏ ဘလော့ဂ်ဖြစ်သော “အတ္တလွင်ပြင်” စာမျက်နှာမှ ရယူဖတ်ရှုခဲ့ပြီး မိမိဘလော့ဂ်တွင် ထပ်ဆင့်တင်ပြအပ်ပါသည် ခင်ဗျား။ ။

Denmark