Saturday, October 30, 2010

(၅၆) ထွက်တော်မူ နန်းကခွာတယ် (ကြေးမုံဦးသောင်း)

ပြန်ကြားရေးဝန်ကြီးဌာနတွင် လုပ်သက် (၉) နှစ်ကျော် (၁၀) နှစ်ပြည့်လုလုတွင် ရပ်တန်းက ရပ်သင့်ပြီဟု တင်မောင်ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ဆရာတက်တိုးအား တိုင်ပင်သောအခါတွင် “ (၃) လလောက်ဆိုလျှင် (၁၀) နှစ်ပြည့်မှာမို့ ပင်စင်ရမယ်ကွ၊ (၃) လပဲ အောင့်အီးထားပါကွာ” ဟု ဆိုရှာပါ၏။ ခက်သည်မှာ နောက်ထပ် (၃) လ မဆိုထားဘိ နောက် (၃) ရက်ပင် မနေလိုတော့ပါ။ လုပ်သက် (၁၀) နှစ်ပြည့်ရန် (၃) လအလိုတွင် ထွက်စာတင်လိုက်ပါ၏။
တိုင်ပင်ရမည့်သူများကို တိုင်ပင်သောအခါ ဆရာဦးအုန်းခင်၊ ဦးညိုမြနှင့် မြသန်းတင့်တို့က တင်မောင်တယောက် မြန်မာနိုင်ငံတွင်ရှိနေသဖြင့် အကျိုးမရှိဟု သုံးသပ်ကာ အမြန်ဆုံးထွက်ရန် တိုက်တွန်းကြပါသည်။ ထောင်တွင်းရှိ သခင်စိုးကပင် တင်မောင်အား နိုင်ငံခြားသို့သွားကာ စာရေးသင့်သည်ဟု ဗျာဒိတ်ပေးပါသည်။
လမ်းစကလည်း ပေါ်နေပါသည်။ တော်လှန်ရေးအစိုးရ တက်လာချိန်မှစတင်ကာ အိန္ဒိယတိုင်းရင်းသားအများနှင့် အင်္ဂလိပ်သွေးပါသူများတို့ မြန်မာနိုင်ငံကို စွန့်ခွာပြေးကြစဉ်က “အပြီးပြန်များ” ဟု ဝေါဟာရအသစ်ဖြင့် ခွင့်ပြုခဲ့ရာတွင် သူတို့အိမ်ခန်းများကို သိမ်းယူခဲ့ပါသည်။ မြန်မာအစစ်များကိုမူ နိုင်ငံကူးလက်မှတ် လျှောက်ထားသည်နှင့် တပြိုင်နက် သစ္စာဖောက်ဟု တံဆိပ်တပ်ကာ မှုထမ်းရာထမ်းဖြစ်ပါက အလုပ်မှ ဖြုတ်လေ့ရှိပါသည်။ နိုင်ငံကူးလက်မှတ် ရရှိရန် ခက်ခဲလှပါသည်။
ပြည်ပသို့ ရောက်နေသော မြန်မာများသာမက မြန်မာပြည်တွင် ဖွားမြင်သူ မှန်သမျှကို ပြည်တွင်းသို့ အလည်လာရန် ဗီဇာမပေးဘဲ ပိတ်ထားခဲ့ပါသည်။ သံရုံးသို့ လာရောက်ကာ ဗီဇာလျှောက်ထားသူမှန်သမျှကို မြန်မာနိုင်ငံတွင် မွေးဖွားသူ ဖြစ်ပါက မည်သူ့ကိုမှ ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးရဟု ဦးနေ၀င်းက အမိန့်ချထားပါသည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဧ၀ရတ် တောင်ထိပ်ကို တက်ခဲ့နိုင်သူ ကမ္ဘာကျော် သူရဲကောင်းကြီး ဆာဟီလာရီက အာရှခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စီစဉ်သောအခါ မြန်မာနိုင်ငံတွင် မွေးဖွားသူဖြစ်သဖြင့် လာရောက်ခွင့်မပြုနိုင်ဟု ပြည်ဝင်ခွင့်ဗီဇာမပေးခဲ့ပါ။
ယင်းကဲ့သို့ တင်းကျပ်စွာ ရွှေတံခါးကြီးကို လုံခြုံစွာ ပိတ်ထားခဲ့ရာမှ ဇာတ်ကွက်ပြောင်းသွားပြန်ပါသည်။ ဦးနေ၀င်းက ဥရောပသို့ ဇိမ်ခံခရီးထွက်ရာမှ ပြည်မှ ထွက်နေသူ ဒေါ်ရတနာနတ်မယ်တို့ တွေ့ကြပြီး ချစ်ကြိုက်မိသည် ဆိုပါသည်။ သူထုတ်ခဲ့သော လူဝင်မှုဥပဒေများကို ချိုးဖောက်ကာ ဒေါ်ရတနာနတ်မယ်ကို အပါခေါ်ကာ နိုင်ငံတွင်းသို့ ပြန်ခေါ်လာပြီး လက်ဆက်ခဲ့ပါသည်။
ဦးနေ၀င်းက မိမိရေးထားသော ဗီဇာပိတ်ဥပဒေကို ဖျက်မိရာမှ မိမိကိုယ်တိုင် လက်နှင့် ရေးထားသည်ကို မိမိ၏ ခြေထောက်နှင့် ဖျက်မိသည်ကို ရှက်တော်မူဟန် တူပါသည်။ မြန်မာပြည်ဖွားများ ပြည်မှ ထွက်ခွင့်၊ ၀င်ခွင့် စည်းကမ်းကို လျှော့ပေးပါသည်။ မြန်မာပြည်ဖွားများ ၀င်ရောက်ခွင့်ပြုရာမှ ပြည်မှ ထွက်လိုသူများအား နိုင်ငံကူးလက်မှတ်များ ဖွင့်ပေးနေသဖြင့် ပြည်မှ ထွက်လိုသူများအဖို့ အခါတော်ကျနေပါသည်။
အမေရိကန်ပြည် တောမြို့ကလေးတမြို့မှ မိတ်ဆွေ သတင်းစာဆရာတဦးအား မိမိလာခဲ့တော့မည်ဟု အကြောင်းကြားပြီးနောက် ဗိုလ်ချုပ်စန်းယုထံ သွားရောက်တွေ့ဆုံကာ အမေရိကန်သို့ သွားလိုကြောင်း တင်ပြရာ ”သွားပါလေ၊ ဟိုကျတော့ ကျုပ်တို့ ဗမာနိုင်ငံကောင်းကြောင်းတွေ ရေးပါလေ” ဟု ရှောရှောရှူရှူ သဘောတူခဲ့ပါသည်။ တဆက်တည်း အမေရိကန်သံအမတ်ကို တွေ့ဆုံကာ ဗီဇာတောင်းပါသည်။ သံအမတ်ကြီးက ဆရာလှသမိန်ထ့ မြန်မာစာသင်ကြားနေရာ တင်မောင်ရေးသားသော သတင်းစာဆရာဝတ္ထုကို ကျောင်းသုံးစာအုပ် အဖြစ် သင်ကြားနေသူဖြစ်သဖြင့် စိတ်ချဟု အဖြေပေးပါသည်။ နိုင်ငံကူးလက်မှတ်မှာ (၁၃) ရက်အတွင်း ကျလာပြီး ရက် (၂၀) အတွင်း ဗီဇာရရှိပါသည်။ မဆိုင်းမတွ ထွက်ခဲ့ပါသည်။
ယခုကဲ့သို့ အလျင်အမြန် ထွက်ခဲ့သည်မှာ အကယ်၍ မထွက်ပါလျှင် တင်မောင်ကြောက်လှသော အင်းစိန်ထောင်ကြီးသို့ ပြန်သွားရမည့် နိမိတ်လက္ခဏာများကို မြင်တွေ့ရသဖြင့် ဖြစ်ပါ၏။ မိမိအဖို့ အထက်လူကြီးများဖြစ်သော ပြန်ကြားရေးဝန်ကြီး၊ ဒု-၀န်ကြီးတို့နှင့် ပြဿနာမရှိပါ။ ပြန်ကြားရေးဌာနတွင် စစ်ဗိုလ်များ၊ ကွန်မြူနစ်လူထွက်များနှင့် ကျောင်းဟောင်းများဟု ခေါ်ဝေါ်ကြသော သမရိုးကျ စာနယ်ဇင်းလောကသားများဟု သုံးစုရှိပါသည်။ ၀န်ကြီးများအပါအ၀င် စစ်ဗိုလ်များက တင်မောင်အား ဗိုလ်ချုပ်ကြီးက ခန့်ထားသူအဖြစ် လက်ဖျားနှင့် မတို့ကြပါ။ ဌာနအတွင်းသို့ ၀င်ရောက်အခြေချချိန်မှ စတင်ကာ ကွန်မြူနစ်လူထွက်များက တိုက်ခဲ့ကြရာတွင် နောက်ပိုင်းတွင် ရဲဘော်ရဲဘက် စာနယ်ဇင်းလောကသားတို့ကပါ တိုက်ခိုက်လာကြပါသည်။
နိုင်ငံခြားသို့ သွားခွင့်များများ ရရှိခဲ့ခြင်း၊ သံရုံးများနှင့် ၀င်ထွက်သွားလာနိုင်ခြင်း စသည့်အခွင့်အရေးများအပြင် အယ်ဒီတာအဖွဲ့၏ အတွင်းရေးမှူးရာထူးသည် ထိုခေတ်က ပြန်ကြားရေးဝန်ကြီးဌာနတွင် အကောင်းဆုံးရာထူး ဖြစ်သဖြင့် ပလ္လင်လုလိုသူ များပါသည်။
တင်မောင်၏ နေရာကို ရရှိရန်မှာ တင်မောင်အား အင်းစိန်ထောင်သို့ ပို့နိုင်မှသာ အောင်နိုင်မည်ဖြစ်သောကြောင့် စစ်အစိုးရခေတ်တွင် အထက်ဆုံးလက်နက်ဖြစ်သော ပစ်စာ လက်နက်ကို သုံးနေကြသည်ကို သိရပါသည်။ မိမိသည် ဆောင်းပါးများရေးရာတွင် မိမိ၏ ယူဆချက်အမှန်ကို ရေးသည်မှတပါး ဌာနဆိုင်ရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်ကို ၀န်ကြီးများက သိကြသဖြင့် တိုင်စာများကို တင်မောင်အားပြသကာ ဖြေရှင်းခွင့်ပေးကြပါသည်။ ယိုးစွပ်ချက်များကို ဖြေရှင်းပြနိုင်သဖြင့် ခေါင်းနှင့်ကိုယ် မြဲခဲ့ရပါသည်။
ဦးသန့်ဈာပန အရေးအခင်း ဆူပူကြစဉ်က ဆရာတင်မောင်၊ ဆရာတက်တိုးတို့က လူထုကို ထိန်းသိမ်းသော ဆောင်းပါးများ မရေးပါဟု ၀န်ကြီးများနှင့် အယ်ဒီတာချုပ်အစည်းအဝေးတွင် ဗိုလ်တထောင်အယ်ဒီတာချုပ် ကွန်မြူနစ်လူထွက် ဦးထိန်လင်းက လက်ညှိုးထိုးကာ တင်ပြပါသည်။ သူသည် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်သဖြင့် ပါတီ၏ သြဇာပါရှိပါသည်။ သူ၏ စွဲချက်သည် အန္တရာယ်ကြီးလှပါသည်။
“၀န်ကြီးများခင်ဗျား၊ လက်နက်ချကွန်မြူနစ်ကြီးက အခွင့်ကြုံသဖြင့် ချောက်တွန်းသည် ဖြစ်ပါတယ်” ဟု မဆိုင်းမတွ ပြန်ကာ ရှင်းရပါသည်။ ဗိုလ်တထောင်တွင် ကွန်မြူနစ်ထွက်များ စာမူပို့က ချက်ချင်းပုံနှိပ်စေကာမူ တင်မောင်တို့ ကျောင်းဟောင်းများ၏ စာမူကို (၄) ရက်ကြာမှ ပုံနှိပ်သဖြင့် လတ်တလောအရေးအခင်းများ ရေးရန် ခက်ခဲကြောင်းမှ စတင်ကာ ရွှေတိဂုံစေတီတော်တွင် ညတည၌ လျှို့ဝှက်စည်းဝေးကြ၍ အစိုးရဌာနများသို့ ရောက်လာကြသော ကွန်မြူနစ်လက်နက်ချများက ဌာနရှိ လူဟောင်းများကို ဖြိုကာ လက်နက်ချများ ပိုမိုနေရာရရှိရေးကို ဆောင်ရွက်ကြရမည်၊ အစိုးရစက်ယန္တရား အချက်အချာများကို ရကြမှ စစ်ဗိုလ်များကို ဖြိုရန် ဆုံးဖြတ်ကြောင်းကိုပါ အတိအလင်းချေပမှ လက်နက်ချအားလုံးတို့ပါ ငြိမ်သက်သွားပါသည်။
တဖန် ကျောင်းဟောင်းသတင်းစာလောကသား ဘ၀တူဖြစ်သူ ငတ်ဖော်ငတ်ဖက် ဆရာသာဂဒိုးက စွဲချက်တင်ပြန်ပါသည်။ ၁၉၇၅ ခုနှစ်က သမိုင်းချည်စက် အလုပ်သမားများ ဆန္ဒပြသဖြင့် ဆူပူမှုများ ဖြစ်ပေါ်ရာတွင် တင်မောင်ရေးသားထုတ်ပြန်သော ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေညာချက်က နှိုးဆွသောကြောင့် ပိုမိုဆူပူကြသည်ဟု သူက ပြောပါသည်။ စွဲချက်မှာ အရေးကြီးလှပါသည်။ နိုင်ငံတော်ကို သစ္စာဖောက်မှု ဖြစ်ပါသည်။ မှန်ကန်ပါက တင်မောင်အား ထောင်သို့ပြန်ပို့ရန်သာ ရှိပါသည်။ သူမသိသည်မှာ ယင်းကြေညာချက်ကို တင်မောင်ရေးသည်မှာ မှန်ကန်စေကာမူ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး၏ နှုတ်မိန့်ကို နှုတ်တိုက်ရေးရသည် ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးကိုပါ ဖတ်ပြပြီးမှ ၀န်ကြီးနှစ်ဦးတို့၏ အတည်ပြုချက်နှင့် ထုတ်ပြန်သည်ဖြစ်သဖြင့် တင်မောင်၏ အာဘော်မဟုတ်သောကြောင့် ခေါင်းမပြုတ်ခဲ့ရပါ။
အရေးထဲတွင် ၀န်ကြီးချုပ်ဟောင်းဦးနုက ထိုင်းနယ်စပ်တွင် တပ်စွဲပြီး သူပုန်ထပြန်ရာ သူက လွှတ်လိုက်သော ဆက်သားကြီး ကိုထွေးမြင့်ကို စစ်စုံထောက်များက ဖမ်းမိသောအခါတွင် ဦးနုက တင်မောင်နှင့် ဆက်သွယ်လှုပ်ရှားရန် ညွှန်သော စာရွက်စာတမ်းများကိုပါ ဖမ်းမိခဲ့ပါသည်။ တင်မောင်အား ဆက်ရန် လျှို့ဝှက်သင်္ကေတ ၁ နှင့် ဆက်သွယ်ရမည် စသည်ဖြင့် အသေးစိတ်မိပါသည်။ ဦးနုထံသို့ သတင်းစာမှ စာပြန်ရေးလိုက်ပါသည်။ “ဦးခင်ဗျား၊ ကျနော့်ကို ပါလီမန်ဒီမိုကရေစီပါတီ သူပုန်တပ်စာရင်းမှ ထုတ်လိုက်ပါ။ အစိုးရကို တိုက်ရန်ရှိပါက ကျနော့်နည်း၊ ကျနော်၏မူနှင့် တိုက်ပါမည်” ဟု ရေးသားရပါ၏။ “မဆလအစိုးရကို မတိုက်” ဟု မရေးခဲ့ပါ။
ထိုကြောင့် တင်မောင်၏ ဘ၀အခြေအနေမှာ စစ်မြေပြင်တွင် ရောက်နေသူကဲ့သို့ ဖြစ်နေပါသည်။ ကျည်ဆံများသည် အရှေ့ဘက်မှသာမက နောက်မှလည်း လာပါသည်။ ဘေးနှစ်ဘက်မှလည်း လာပါသည်။ ထောင်နှုတ်ခမ်း လမ်းလျှောက်နေရသော ဘ၀မှ လွတ်မြောက်အောင် ပြေးခဲ့ပါသည်။
ပြည်မှ ထွက်ရန် စီစဉ်နေချိန်တွင် စာပေနှီးနှောဖလှယ်ပွဲနှင့် ကြုံကြိုက်သဖြင့် စာတမ်းတင်ရာတွင် ပြန်ကြားရေးဝန်ကြီး ဦးလွင်သည် ရှေ့ဆုံးမှ ထိုင်နေပါသည်။ စစ်စုံထောက်ချုပ်ကြီး ဖြစ်ခဲ့သဖြင့် သတင်းစာလုပ်သက်တလျှောက်လုံး သူ့ကို ကြောက်ခဲ့ရသူဖြစ်ပါသည်။ သူ၏ မျက်နှာကို စူးစိုက်ကြည့်ပြီး လက်ညှိုး ထိုး၍ ဦးကုလားရာဇ၀င်တွင် ပုဂံခေတ်က နောင်တော်ကို လုပ်ကြံကာ နန်းတက်သူ ကုလားကျမင်းအား ပံ့တကူမထေရ်ကြီးက “ဟယ် - မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကို ရလျှင် နင်၏ ကိုယ်ခန္ဓာသည် မအိုမသေပြီမှတ်သည်လော။ လောကတွင် နင့်ထက် ပျက်သော မင်းမရှိ၊ မင်းဆိုးမင်းညစ်အောက်တွင် ငါမနေပြီ” ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ သီဟိုဠ်ပြည်သို့ ထွက်သွားကြောင်း ဌာန်ကရိုဏ်းကျကျ ဖတ်ရှုခဲ့ရသည့် အရသာမှာ ကြီးမားလှပါ၏။ ။

Monday, October 25, 2010

အ၀ါရောင်ရှည်ရှည်အသီး



ငှက်ပျောသီးကို အင်္ဂလိပ်လို banana ဒိန်းမတ်လိုတော့ banan လို့ ခေါ်ပါသည်။ အခုတော့ ဒိန်းမတ် စူပါမားကတ်တခုက banan လို့တောင် မရေးပဲ “အ၀ါရောင်ရှည်ရှည်အသီး” LANG GUL FRUGT လို့ အပြောင်အပျက်ရေးထားတာကို တွေ့ရပါတယ်။ တကယ်တော့ ဒိန်းမတ်မှာ ငှက်ပျောပင်မရှိပါဘူး။ သူတို့တွေ ငှက်ပျောသီးသာစားနေကြတာ ငှက်ပျောပင်မြင်ဘူးပုံမရဘူး။ ကျနော်တို့ ရွှေတွေအတွက်လည်း ငှက်ပျောပင် မရှိတော့ မုန့်ဟင်းခါးချက်တဲ့အခါ အင်္ဂါမစုံ ဖြစ်ရပါတယ်။
ဓါတ်ပုံထဲမှာ ငှက်ပျောသီးကို တစ်ခရိုနာနဲ့ ဈေးလျော့ရောင်းပေးနေပါတယ်။ ပုံမှန်ဈေးက ငှက်ပျောသီးတလုံးကို 2.50 ခရိုနာဝန်းကျင်ရှိပါတယ်။ ယူအက်စ်ဒေါ်လာနဲ့ဆို ပြားငါးဆယ်လောက်ရှိပါမယ်။
ငှက်ပျောပင်မပေါက်တဲ့နိုင်ငံမို့ ငှက်ပျောသီးကို “အ၀ါရောင်ရှည်ရှည်အသီး” လို့ နောက်ပြောင်ရေးရင်းနဲ့ ငှက်ပျောသီးရဲ့ မူလအမည်တောင် ပျောက်သွားနိုင်ကြောင်းပါ…။ ။

Friday, October 15, 2010

(၅၅) ဦးသန့်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်း (ကြေးမုံဦးသောင်း)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်သည် တင်မောင်နှင့် စာပေမိတ်ဆွေဖြစ်ပါသည်။ သူထုတ်ဝေသော ဒီမိုကရေစီဂျာနယ်တွင် မိမိက ဆောင်းပါးရှင်တဦးဖြစ်ပါသည်။ တင်မောင်တည်းဖြတ်သော ဗမာ့ခေတ် သတင်းစာတွင် အစိုးရ၏ အာဘော်ကို ၀န်ကြီးချုပ်ဦးနုနှင့်အတူ “သမိန်ဗရမ်း” ကလောင်အမည်နှင့် ဆောင်းပါးရေးသဖြင့် သူက မိမိ၏ ဆောင်းပါးရှင် ဖြစ်လာပြန်သည်။
ကြေးမုံစက်သစ်ကြီးဝယ်ရန် ကိစ္စကို အကြောင်းပြုကာ အမေရိကန်အစိုးရက ဖိတ်သဖြင့် အမေရိကန်သို့ စာရေးသူ ရောက်သွားပါသည်။ တော်လှန်ရေးအစိုးရ အရှိန်တက်နေပုံများကို နှစ်ဦးသားဆွေးနွေးကြရာမှ တင်မောင်က “စစ်တပ်က သတင်းစာတွေကို ရန်ရှာစပြုပါပြီ” ဟု ပြောကာ “သတင်းစာသမားများအဖို့ ဘေးအန္တရာယ် ထူပြောသော ဇာတိမြေကို မပြန်လိုတော့ဟု ညည်းမိပါတယ်”။ “ခင်ဗျားထောင်ထဲရောက်မှာ သေချာပါတယ်။ အတွေ့အကြုံစုံတာပေါ့။ ခင်ဗျားမပြန်တော့ဘူးဆိုရင် ဒီမှာ နေနိုင်ဖို့ ကူညီဖို့ အသင့်ရှိပါတယ်။ ဒါပေမယ့် ပြန်စေချင်ပါတယ်။ သတင်းစာဆရာတွေဟာ ရေးရဲရင် ခံရဲသူတွေဖြစ်ရမှာပေါ့။ ကိုယ်လည်း ပြန်ဖြစ်အောင် ပြန်ခဲ့မယ်။ ဗမာသတင်းစာတစောင်ဖြစ်အောင် ထောင်မယ်” ဟု တိုက်တွန်းခဲ့ပါသည်။
အမေရိကန်မှ ပြန်လာပြီးနောက် သူတွက်သည့်အတိုင်း ထောင်ထဲရောက်ခဲ့ရပါသည်။ ရေးရဲသဖြင့် ရဲရဲကြီး ကျောကော့ပြီးခံခဲ့ရပါသည်။
ဦးသန့်ကမူ ပြန်မလာနိုင်ရှာပါ။ အမေရိကန်တွင် ကွယ်လွန်ရှာပါသည်။ ဇာတိမြေကို ချစ်မြတ်နိုးသဖြင့် မြန်မာပြည်မှာ ခေါင်းချလိုသည်ဟု ဆန္ဒရှိသဖြင့် သူ၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့သို့ သယ်ယူလာပါသည်။ ဦးသန့်ကို လူထုကြီးတရပ်လုံးက နိုင်ငံ၏ ကျက်သရေဆောင် သားကောင်းသားမြတ်အဖြစ် ၀မ်းနည်းတသ ကြိုဆိုကြပါသည်။
သူ့အား ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ကြသည်မှာ ထိုကာလက မြန်မာနိုင်ငံအစိုးရ၏ တိကျသော ကြားနေ၀ါဒ နိုင်ငံရေးလမ်းစဉ်ကြောင့် ဖြစ်ပါသည်။ ရာထူးတင်မြှောက်ခံရသည်နှင့် ဘုန်းစွမ်းနှင့်လူစကို ပြသနိုင်ခဲ့ပါသည်။ ဦးသန့်ကို တင်မြှောက်စဉ်က ပြင်သစ်အစိုးရက လက်မခံဘဲ ကန့်ကွက်ရာတွင် ပြင်သစ်သံအမတ်ကြီးက ဦးသန့်အား အရပ်ကလည်းပုရန်ကော၊ ပြင်သစ်စကားလဲ တတ်မြောက်သူမဟုတ်ဟု ပြောလေရာ ဦးသန့်က မဆိုင်းမတွ မိမိသည် နပိုလီယံထက် အရပ်မြင့်ပါသည်။ နပိုလီယံသည် အင်္ဂလိပ်စကား မတတ်ဘဲ ပြင်သစ်အင်ပါယာတည်ထောင်ခဲ့ပါသည်ဟု ဖြေကြားခဲ့သည်ကို ကမ္ဘာ့ခေါင်းဆောင်များက သြဘာပေးကြပါသည်။
အတွင်းရေးမှူးချုပ် ဦးသန့်သည် ဆယ်နှစ်တိုင် တာဝန်ထမ်းရွက်ခဲ့ရာတွင် ကမ္ဘာ့ပြဿနာအမျာကို ဖြေရှင်းပေး နိုင်ခဲ့ပါသည်။ ဟော်လန်ပြည်နှင့် နယူးဂီနိကိစ္စ၊ အိန္ဒိယ-ပါကစ္စတန် စစ်ပြေငြိမ်းရေးကိစ္စမှ စတင်ကာ ဗီယက်နမ်စစ်မီးငြိမ်းအေးရေးအထိ အောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်ပါသည်။ တရုတ်နီ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာသည်မှာ သူ၏ခေတ်တွင် ဖြစ်ပါသည်။ ကျူးဘားကျွန်းတွင် ရုရှက ဒုံးပျံများ တပ်ဆင်ပေးသောကြောင့် အမေရိကန်က ရုရှသင်္ဘောမှန်သမျှကို တားဆီးရှာဖွေသဖြင့် အနုမြူကမ္ဘာစစ်ကြီး ဖြစ်လုလု ရန်ပြုကြသည်ကို ဖြေရှင်းရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါ၏။ ကုလသမဂ္ဂကြီး၏ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရသူ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အမှုထမ်းစဉ်က အတွင်းဝန်ဦးသန့်သည် ငြင်းခုံလေ့မရှိဘဲ သိမ်မွေ့နူးညံ့သူဖြစ်ပါသည်။ ကုလသမဂ္ဂ ခေါင်းဆောင်ဖြစ်လာသောအခါ မိမိမှန်ကန်သည်ယူဆပါက မကြောက်မညှာ မျက်နှာမရွေး ပွင့်လင်းစွာ ပြောသဖြင့် ကမ္ဘာက ပိုမိုလေးစားကြပါသည်။ ၁၉၆၁ ခုနှစ်က ရုရှသို့သွားစဉ်က ရေဒီယိုမှ မိန့်ခွန်းပေးရာတွင် အကယ်၍သာ ရုရှပြည်သူတို့သည် ကွန်ဂိုပြည်တွင် ဖြစ်ပျက်နေသည်များကို အမှန်အကန်အတိုင်း သိရှိပါက သူတို့၏ ခေါင်းဆောင်များ ချမှတ်သော လမ်းစဉ်များသည် မှားယွင်းနေပြီဟု ပြောကြပေမည် … စသည့်ဖြင့် ပြောကြားပါသည်။ ရုရှအစိုးရက ထိုမိန့်ခွန်းကို ကမ္ဘာအရပ်ရပ်သို့ လွှင့်ကြားပေးသော်လည်း ရုရှပြည်တွင်း ရေဒီယိုတွင် ဖြတ်တောက်ပါသည်။
၁၉၆၇ ခုနှစ်က ဗီယက်နမ်အရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်လူထုသည် ဗီယက်နမ်တွင် ဖြစ်ပွားနေသည့် သတင်းမှန်များကို သိရှိကြပါက သမ္မတဂျွန်ဆင် ချမှတ်လုပ်ဆောင်နေသော လမ်းစဉ်ကို ပြင်ဆင်ပါဟု တောင်းဆိုကြချေမည်ဟု ပြောခဲ့ပါသည်။
ဦးသန့်သည် မည်သူ၏ လက်ကိုင်တုတ်မှမဟုတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးတခုတည်းကိုသာ ရှေ့ရှုသူ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာပါသည်။ တခါက ရုရှသို့ ခရီးထွက်ရာ ခရူးရှက်က လေဆိပ်သို့ လာရောက်ကြိုဆိုပါသည်။ ပြင်သစ်တွင် ဒီဂေါက ကြိုဆိုပါသည်။ တဆက်တည်း မြန်မာနိုင်ငံသို့ လာသောအခါ လေဆိပ်၌ အင်္ဂလိပ်မင်းသမီးတဦးကို ပန်းကုံးစွပ်ကာ ကြိုဆိုနေသော ဦးနေ၀င်းက ဦးသန့်အားမကြိုဘဲ ရာထူးနိမ့်သော အရာရှိတဦးငယ်တဦးကိုသာ ကြိုစေပါသည်။
၁၉၆၄ ခုနှစ်က ဦးနေ၀င်းအမေရိကန်သို့ ခရီးထွက်စဉ်က ၀တ္တရားအရ ကုလသမဂ္ဂသို့သွားကာ ဦးသန့်ကို ဂါရ၀ပြုရပါသည်။ ထိုစဉ်က ဖမ်းဆီးထားသော ၀န်ကြီးချုပ်ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ကြာမြင့်စွာ ချုပ်နှောင်မထားသင့်ပါဟု ဦးသန့်က ဦးနေ၀င်းအား ပြောသည်ကို ဦးနေ၀င်းက မခံချင်ပါ။ သို့သော် အမေရိကန်က ပြန်လာသည်နှင့် ဦးနုတို့ကို လွှတ်ပေးခဲ့ပါသည်။
ဝန်တိုမစ္ဆေရိယစိတ်ကြီးမားသူ ဦးနေ၀င်းက ဦးသန့်ကို မကြည်ပါ။ “ဒီကောင်ကြီး” ဟု ခေါ်ဆိုသည်ကို ကြားရဖူးပါသည်။ ထိုအတွင်းရေးများကို သိပြီးဖြစ်စေကာမူ တင်မောင်က ဦးသန့်ဘွဲ့ ဆောင်းပါးရှည်တစောင် ရေးလိုက်ပါသည်။ နောက်တနေ့တွင် ပြန်ကြားရေးဌာန ဒု-၀န်ကြီးက ဆင့်ခေါ်ပါသည်။ “ခင်ဗျားရဲ့ ဆောင်းပါးကို သတင်းစာမှာ ထည့်ခွင့်မပြုနိုင်ပါ” ဟု ပြောပြီးမှ “ဒီစာမူပုံနှိပ်ရင် ကျုပ်ပါပြုတ်မှာ” ဟု ဆိုကာ အတွင်းရေးသတင်းများကို ပြောရှာပါ၏။
ဈာပနကော်မတီက ရုပ်ကလာပ်ကို အာဇာနည်ကုန်းတနေရာတွင်ဖြစ်စေ၊ ရွှေတိဂုံခြေတော်ရင်း မိဘုရားခေါင်ကြီး၏ ဂူအနီးတွင်ဖြစ်စေ မြုပ်နှံပါရစေဟု အစိုးရထံပန်ကြားသည်ကို ဦးနေ၀င်းက စိတ်ဆိုးကြောင်းသိရပါသည်။ “ငါ့မယားတောင်မှ ကြံတောမှာ မြုပ်ခဲ့တာ၊ ဒီကောင်ကြီးကိုလည်း ကြံတောမှာ မြုပ်ပစေပေါ့” ဟု အမိန့်ချပါသည်။ ဦးသန့်၏ ဂုဏ်ရည်ကို နားလည်သူ ပညာရေးဌာန ဒု-၀န်ကြီး ဦးအောင်တင်က ဦးသန့်၏ ဈာပနနေ့တွင် ၀မ်းနည်းကြောင်းနှင့် ကျောင်းပိတ်ပေးရန် ၀န်ကြီးအစည်းအဝေးတွင် အဆိုတင်သဖြင့် ထို ဒု-၀န်ကြီးကို ချက်ချင်း ရာထူးမှ ဖြုတ်ချလိုက်ပါသည်။
ဦးသန့်၏ ဈာပနသို့ နိုင်ငံတော်အစိုးရက လွမ်းသူ့ပန်းခွေမပို့ပါ။ အမည်မဖော်လိုသော အစိုးရ၀န်ထမ်း (၁၇) ဦး၏ လွမ်းသူ့ပန်းခွေဟု ဆန်းကြယ်သော ပန်းခွေတခုကို တွေ့ရပါသည်။ မူလတန်းကျောင်းတကျောင်းကလည်း ကျောင်းအမည်နှင့် လွမ်းသူ့ပန်းခွေပို့လေရာ စစ်စုံထောက်များက တရားခံများအဖြစ် လိုက်လံစုံစမ်းပါသည်။ ရာထူးမှ ပြုတ်ရသူ ဒု-၀န်ကြီးဦးအောင်တင်က သူ၏ အမည်ရေးထိုးထားသော လွမ်းသူ့ပန်းခွေပို့ပါသည်။ သူ၏ သတ္တိကို ချီးကျူးရပါမည်။
ဒု-၀န်ကြီးက တင်မောင်အား တိုးတိုးပြောသကဲ့သို့ အခြားဝန်ကြီးများကလည်း ပြောကြဟန်တူပါသည်။ ဦးနေ၀င်းက ဦးသန့်အား သူ၏ မယားနှင့် နှိုင်းယှဉ်သည်ကို လူထုကြီးက သိရှိကြပြီး ဒေါသူပုန်ထပါတော့သည်။
ဦးနေ၀င်းအမိန့်အရ ဦးသန့်၏ ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုလ်ရာတွင် အစိုးရက စစ်ထရပ်ကား (၁၅၀) လှူဒါန်းပါသည်။ စစ်စုံထောက်များက ဈာပနကို ထိန်းရန် စီစဉ်သည် ဖြစ်ပါသည်။ မရပါ။ ကျောင်းသားများနှင့် သံဃာများက ခေါင်းကို လုကြကာ ရန်ကုန်တက္ကသိုလ်သို့ သယ်သွားကြပါသည်။ ဈာပနအခမ်းအနားသစ်ကို ဒီမိုကရေစီနိုင်ငံရေးတရားပွဲများနှင့် ကျင်းပရာ လူထုကြီးက တက္ကသိုလ်ပရ၀ဏ်သို့ ကျိတ်ကျိတ်တိုးစည်းကားကာ တက်ကြပါ၏။
လေးရက်မျှ တရားပွဲများ ကျင်းပသောအခါ ဦးနေ၀င်းသည် လူထုကြီးအား အရှုံးပေးရပါသည်။ မူလက ဈာပနကော်မီတီပန်ကြားသည့်အတိုင်း ရွှေတိဂုံစေတီတော်၏ ခြေတော်ရင်းမှာ မြုပ်နှံခွင့်ပေးပါမည်။ ခေါင်းလုသူများကို အရေးမယူပါဟု ကြေညာပါသည်။ ကျောင်းသားများက လက်မခံပါ။ ဦးနေ၀င်း ဗုံးခွဲဖျက်ဆီးထားသော သမဂ္ဂမြေကွက်တွင် ဦးသန့်ဗိမာန်ကို တည်ဆောက်ကြပါသည်။
အစိုးရကို မကျေနပ်သည်မှာ ကြာပြီဖြစ်သည်ကို လူထုကြီးက သိသာထင်ရှားစွာ ဆန္ဒပြကြပါသည်။ တမြို့လုံး တရားပွဲသွားခြင်း၊ ထမင်းထုပ်ပို့ခြင်း၊ ရန်ပုံငွေလှူခြင်းတို့သာ လုပ်ဆောင်နေကြပါသည်။ အစိုးရရုံးများပင် ခြောက်ကပ်သွားပါသည်။ ထိုအချိန်က သတ္တိကောင်းသူ နိုင်ငံရေးခေါင်းဆောင် အနည်းငယ်မျှသာရှိပါက ဤအရေးအခင်းနှင့် နေ၀င်းအစိုးရကို ဖြုတ်ချနိုင်ဖွယ်ရှိသည်အထိ အင်အားကြီးပါသည်။ ဆယ်ရက်မြောက်သော နေ့တွင်မှ နယ်များမှ ခေါ်ယူလာသော ကြီးမားသည့် စစ်တပ်ကြီးဖြင့် တက္ကသိုလ်ဝင်းကို သိမ်းကာ၊ ဦးသန့်၏ ခေါင်းကို ဖော်ကာ ရွှေတိဂုံခြေရင်းတွင် ဂူသွင်းကြပါသည်။ အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားသဖြင့် လူ (၇၀၀၀) ကျော် ဖမ်းရပါသည်။ မန္တလေးတွင် လူ (၄၅၀) ဖမ်းရပါသည်။
ဦးနေ၀င်းပေးလျော်ရသော တန်ဖိုးမှာ ကြီးမားလှပါသည်။ သူရဲကောင်းကြီးကို ၀န်တိုဒေါသဖြင့် မတန်မရာ မိမိဇနီးနှင့် နှိုင်းယှဉ်မှု ပြုမိသည့်သတင်းသည် ကမ္ဘာ့သတင်းစာများတွင် ပါရှိခဲ့သဖြင့် စောစောက သူ့ကို အထင်ကြီးမိသူများပင် နှာခေါင်းရှုံ့ကြပါတော့သည်။ ။

Friday, October 1, 2010

(၅၄) မိမိ၏ ဆောင်းပါးများ ရှော်ကုန်ပြီ (ကြေးမုံဦးသောင်း)

“ခုတလော မင့်စာတွေ ငါမကြိုက်တော့ဘူး” ဟု မိတ်ဆွေရင်းတဦးက ပြောလာပါသည်။ အစိုးရနှင့် အဆင်မပြေ သဖြင့် ဘေးထိုင်နေသော မိတ်ဆွေက လေသံခပ်အေးအေးနှင့် ဖြည်းညှင်းစွာ ပြောပါသည်။ ခပ်တိုးတိုး သူ့အသံသည် တင်မောင်၏နားတွင် မိုးကြိုးကြီး ရှစ်စင်းပစ်မျှ ကျယ်လောင်စွာ မြည်ဟီးသွားပါသည်။
မိမိ၏ သတင်းစာသက်တမ်းနှစ်သုံးဆယ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲတွင် သူက ပြောခြင်းဖြစ်သည်။ ပြောမှ ပြောရက်ပလေဟု ဒေါသထွက်မိကာ စိတ်မထိန်းနိုင်ဘဲ ဘီလူးကြိမ်းသကဲ့သို့ ကြိမ်းမိသည်။ “သတင်းစာဆောင်းပါးနဲ့ ပတ်သက်လို့ ဒီနေ့ သတင်းစာလောက်မှာသာ မကဘူး။ သတင်းစာသမိုင်း တလျှောက်လုံးကို စိန်ခေါ်ဝံ့ပါတယ်။ ကျနော်ရဲ့ စာဖတ်ပရိသတ်အကြောင်းကို ကျနော်သိတယ်။ သြဇာ ဘယ်လောက်ထက်တယ်ဆိုတာကိုလည်း သိပါတယ်” ဟု မဆင်မခြင် ပြန်လည်ပြောမိသည်။
သူက ခေါင်းတညိတ်ညိတ်လှုပ်ကာ တင်မောင်အား သနားစဖွယ်သတ္တ၀ါတကောင် သဘောနှင့် ကြည့်သည်။ “ကိုယ်ပြောတာကို မင်းနားမလည်ပါလား၊ အရည်အသွေးကို ပြောနေတာ မဟုတ်ဘူးကွ။ ခုတလော မင်းရဲ့ဆောင်းပါးတွေမှာ လူထုကြီးရဲ့ ခံစားချက်တွေ မပါတော့ဘူးဆိုတာကို ပြောတာကွ” စာရေးသူ နားလည်သွားပါပြီ။ သူ့ကို ၀န်ချတောင်းပန်ရတော့သည်။
ပြည်သူပိုင်သတင်းစာလေးစောင်တွင် အပတ်စဉ်ဆောင်းပါး ရှစ်ပုဒ်၊ အကြောင်းအရာရှစ်ပုဒ် မိမိရေးလေသမျှတို့ကို ပြန်လည်စီစစ်မိပါတော့သည်။
၁၉၆၂ ခုနှစ်၊ စစ်အစိုးရ တက်လာချိန်မှ စတင်ကာ သတင်းစာဆရာများအဖို့ ဆောင်းပါးတပုဒ်ရေးမည်ပြုတိုင်း နှစ်ကြိမ်စဉ်းစားကြရသည်။ အများက အစိုးရကို ဝေဖန်ရေးသားခြင်း မပြုတော့ဘဲ ရန်ရှောင်ကြသည်။ တင်မောင်နှင့် မိမိ၏ သတင်းစာအဖွဲ့ကမူ ဝေဖန်သင့်သမျှကို ဝေဖန်သည်။ ဘေးမရှိတန်ဟု ယူဆတွက်ချက်ကာ စွန့်စားကြသည်။ တင်မောင်တို့အတွက် မှားခဲ့သည်။ အဖြေရလဒ်မှာ တင်မောင်နှင့်တကွ အယ်ဒီတာနှစ်ဦး၊ သတင်းထောက်တဦးတို့ ထောင်ထဲရောက်သွားကြသည်။
အများပြည်သူတို့၏ ထင်မြင်ယူဆချက်များကို အလိုရှိပါသည်။ ပွင့်လင်းစွာ ဝေဖန်ကြပါဟု အစိုးရက ကြေညာချက် ထုတ်ပြန်ကာ လူထုအော်သံ၊ အယ်ဒီတာထံပေးစာများမှ စတင်ကာ လွတ်လပ်စွာ ရေးကြပါဟု လှုံ့ဆော်သည်ကို တွေ့ကြသောအခါ ထောင်တွင်းရှိ စာပေလောကသားများသည် လက်ခမောင်းခတ်မိကြသည်။ အစိုးရကို ပြည်သူတွေက ထောက်ခံမှုမရှိသဖြင့် ကြေညာရလေပြီ၊ တို့အလှည့်တော့ လာလေပြီဟု အားတက်ကြသည်။ တရုတ်ပြည်တွင် မော်စီတုန်းက ပန်းမျိုးတရာ ပွင့်ပါစေဟု လွတ်လပ်စွာ ရေးသားခွင့်ပေးသော ခေတ်ကဲ့သို့ လွတ်လပ်စွာ ဆွေးနွေးချက်များကို သတင်းစာတို့တွင် ဖတ်ရှုရသဖြင့် အားတက်မိကြပါသည်။
များမကြာမီတွင် ထောင်မှ လွတ်လာပြီး ပြည်သူပိုင်သတင်းစာများတွင် ရေးသားခွင့်ရရှိသောအခါ နိုင်ငံရေး၊ လူမှုရေးကိစ္စများ ထင်မြင်ချက်တို့ကို စာရေးသူက ပွင့်လင်းစွာ ရေးခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါသည်။
သို့သော် သုံးနှစ်တိုင်ခံခဲ့သော အကျဉ်းသားဘ၀က တင်မောင်အား ပညာပေးထားပါသည်။ ဗိုလ်ချုပ်ကြီးကို စိတ်မချပါ။ စာရေးနည်းအသစ် ထွင်ရပါသည်။ ထောက်ကွက်ရေးနည်းဖြင့် ဝေဖန်ရသည်။ ပြဿနာတခုကို တင်ပြလျှင် ယင်းကိစ္စအတွက် အစိုးရ၏ အပြုအမူသည် မှန်ကန်သဖြင့် ထောက်ခံကြောင်းနှင့် အစချီပြီးမှ အဆုံးပိုင်းတွင် ပြုပြင်ပြောင်းလဲရန် တင်ပြရပါသည်။ ဥပမာ… “နိုင်ငံတော်အစိုးရက ကျနော့်အား ဖမ်းဆီးကာ ထောင်တွင်းသွင်း၍ ချုပ်နှောင်သည်မှာ တော်လှန်ရေးကြီးဆင်နွှဲချိန်တွင် အဖျက်သမားများကို ဖယ်ရှားရမည် ဖြစ်ရာ အပြုဘက်သားဟန်ဆောင်သူများ ရှိနိုင်ကြသဖြင့် အုတ်အရောရော၊ ကျောက်အရောရော ဖမ်းဆီးခဲ့ရပေရာ ကျနော့်ကို နိုင်ငံတော်အစိုးရက ထိန်းသိမ်းသည်မှာ မှန်ကန်သော လုပ်ဆောင်ချက်ဖြစ်သောကြောင့် ကျနော်က ထောက်ခံပါသည်” ဟု ဆောင်းပါးအစတွင် ရေးသားခဲ့ပါသည်။ “ဟေ့ကောင် ဒူးထောက်လှချည်လားကွ” ဟု ဖတ်ရှုရသူများကပါ မရိုးမရွဆဲရေးစေသည်အထိ အစိုးရကို ချီးမြောက်ရေးခဲ့ပါသည်။
နောက်ပိုင်းတွင်မှ ထိန်းသိမ်းခံရသူတို့၏ ဘ၀သရုပ်ဖော်ကာ လင်သားကို ဖမ်းထားသောကြောင့် အပြစ်မဲ့သော သားမယားတို့ စားဝတ်နေရေးခက်ခဲကြပုံတို့ကို ဖွဲ့နွဲ့ကာ ရေးသားရပါသည်။ ထိန်းသိမ်းခံတို့မှလည်း နိုင်ငံသားများ ဖြစ်ကြပါသည်။ အပြစ်ကင်းမဲ့သူများပါရှိပါက သူတို့အား ကြာမြင့်စွာ ချုပ်နှောင်စွာထားပါက ကြီးစွာ နစ်နာကြသည် ဖြစ်သောကြောင့် ထိန်းသိမ်းထားသူများကို အမြန်စစ်ဆေးစီစစ်ကာ လွှတ်သင့်သူများကို အဆောတလျင် လွှတ်ပေးသင့်ပါသည် … စသည့် မျက်ဖြေအလင်္ကာစပ်သီသကဲ့သို့ ရေးရပါသည်။
ဗိုလ်ချုပ်ကြီးက တင်မောင်၏ စာကို ဖတ်ရာမှ အမျက်တော်ပြေသွားဟန်တူပါသည်။ ရက်ပိုင်းအတွင်း ထိန်းသိမ်းထားသူ နှစ်ထောင်ကျော်ကို ထောင်မှ လွှတ်ပေးခဲ့ပါသည်။
ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်ဝေဖန်ချက်များ ရေးသားရာတွင် လူထုအကျိုးပြုဌာနများ သုံးစွဲငွေ နည်းပါးသည်ကို စာရင်းဇယားနှင့် ပြရသည်မို့ ရဲဝံ့စွာဝေဖန်နိုင်ခဲ့ပါသည်။ ရံဖန်ရံခါတွင်မူ ခပ်ကြမ်းကြမ်း ရေးမိသည်လည်း ရှိပါသည်။ ကျွန်းဆွယ်ပွဲကျင်းပစဉ်က ပွဲကြည့်လက်မှတ်များကို စစ်ဗိုလ်မိသားစုများကိုသာ လက်သိပ်ထိုးရောင်းခဲ့လေရာ ပွဲကျင်းပသောနေ့တွင် လက်မှတ်ရုံတို့၌ ရောင်းရန်လက်မှတ်မရှိသလောက် ဖြစ်သွားပါသည်။ လက်မှတ်ဝယ်မရနိုင်သူ အရပ်သားလူထုက မကျေနပ်သဖြင့် တိုးဝှေ့ကြရာမှ အဓိကရုဏ်း ဖြစ်ပွားပါသည်။
“ဘာမဆို သူတို့ချည်းပဲ” ဟု ခေါင်းစဉ်တပ်ကာ အစိုးရဌာနများမှ အရာရှိများနှင့် သားတော်သမီးတော်များက ပြပွဲကပွဲများတွင်ပါ ပွဲလမ်းရှိတိုင်း နေရာအရယူကြသဖြင့် ဤသို့ ဖြစ်ပွားရသည်။ စစ်ဗိုလ်များ မတရား အခွင့်အရေး ယူကြသဖြင့် ဆူပူမှု ဖြစ်ရသည်ဟု ပြင်းထန်စွာ ရေးခဲ့ပါသည်။ အဓိကရုဏ်းသည် ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ တင်မောင်၏ ဝေဖန်ချက်မှန်လွန်းသဖြင့် စစ်ဗိုလ်တဦးတလေကမှ တုံ့ပြန်မှုမပြုပါ။ ပညာရေးဌာနရောက်နေသော ကွန်မြူနစ်ကျောင်းသားခေါင်းဆောင်တဦးကသာ “ဒီဆောင်းပါးကြောင့် ပိုမိုဆူပူကြသည်။ ကျောင်းသားများ ထိန်းမရပါ” ဟု ဌာနအစည်းအဝေးသို့ တင်ကာ ကန့်ကွက်စေကာမူ တင်မောင်၏ အထက်မှ ၀န်ကြီးက အရေးယူခြင်းမပြုခဲ့ပါ။
နောက်ပိုင်းတွင်မူ စီးပွားရေးကျဆင်းလာခြင်းကြောင့် လူထုက လှုပ်ရှားစပြုလာရာမှ စာရေးသူ၏ စာမူအချို့ကို အယ်ဒီတာများက ပုံမနှိပ်မီ ၀န်ကြီးရုံးသို့ တင်စပြုလာပါသည်။
ဒေါက်တာဘမော်ကွယ်လွန်စဉ်က မှတ်တမ်းဆောင်းပါးတခုကို တင်မောင်က ရေးခဲ့ပါသည်။ မိမိငယ်စဉ်က ပထမဆုံးဟစ်ခဲ့ရသော နိုင်ငံရေးကြွေးကြော်သံမှာ “ဘမော် -- ဘမော် -- အို့ အို့ -- မီးတုတ်မီးတုတ် ရှို့ရှို့” ဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်၏ မိတ်ဆွေ၊ ဂျပန်၏ရုပ်သေးဖြစ်စေကာ မျိုးချစ်တဦးဟု တင်မောင်က မြင်ပါသည်။ စစ်ကြီးအစတွင် သခင်အောင်ဆန်းနှင့် ပူးပေါင်းကာ ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ကာ လွတ်လပ်ရေး အရေးဆိုခဲ့သော ချီးကျူးဖွယ် အစဉ်အလာလည်း ရှိပါသည်။
ထို့ပြင် တင်မောင်နှင့် ဆက်ဆံရာတွင် ချစ်ဖွယ်ကောင်းသော အပြုအမူကလေးများကိုလည်း တွေ့သိထားပါသည်။ ကြေးမုံဂျာနယ်တွင် ကိုယ်လုံးတီးပုံ (၄) ပုံ ဖော်ပြပြီး ရန်ကုန်လူကြီးလူကောင်းရပ်ကွက်မှ အမျိုးသမီးတဦးဟု ရေးသားသည်ကို ဗိုလ်စင်္ကြာက အသရေပျက်မှုနှင့် တရားစွဲပါသည်။ ယင်းကိစ္စအတွက် တောင်းပန်စာ ဖော်ပြပေးရမည်ဟု ၀တ်လုံကြီး ဒေါက်တာဘမော်က တောင်းဆိုသည်ကို တင်မောင်က ငြင်းဆိုပါသည်။
“လုပ်ပါဦး သတင်းထောက်ကြီးရယ်၊ မင်းတို့မှာ ဒီလိုတောင်းပန်တာကြောင့် ပွန်းပဲ့မသွားပါဘူးကွာ” ဟု သူက တင်မောင်အား သူ့အိမ်သို့ ဖိတ်ပြီး လက်ဖက်ရည်တိုက်ကာ ချော့ပါသည်။
“ဘာလို့တောင်းပန်ရမှာလဲ၊ ကျနော်တို့က ဘယ်သူဘယ်ဝါလို့ စွပ်စွဲတာမှ မဟုတ်ဘဲ။ ရုံးတော်သာ တင်ပါ၊ ကျနော်တို့က နိုင်ရမှာပါ။ ဦးလဲ သိပါတယ်”
“ကဲပါလေ၊ ငါကမေးပါမယ်။ ငါဟာဘာလဲ”
“အဓိကရ ၀တ်လုံကြီး၊ နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတဦးပါ”
“မင်းသတင်းစာရဲ့ ရှေ့နေက ဘယ်သူလဲ”
“သိသားနဲ့ ဘာလို့မေးရတာလဲ။ ဆရာကြီး ဒေါက်တာအေးမောင်လေ”
“သတင်းထောက်ကြီး စဉ်းစားပါကွာ၊ မြန်မာနိုင်ငံမှာ ထိပ်ဆုံးမှာရှိကြတဲ့ ၀တ်လုံတော်ရကြီးနှစ်ဦးဟာ အသက်ကလည်း ကြီးရင့်လှပြီကွ။ မင့်အမေကလွှား မင့်ပုံနှိပ်တဲ့ ၀တ်လစ်စလစ်ပုံကိစ္စအတွက် ဥပဒေပါရဂူကြီး နှစ်ဦးတို့ ရုံးတော်မှာ လျှောက်လဲကြမယ်ဆိုတာ အရပ်ရပ်နေပြည်တော်မှာ လူကြားလို့မှ မတော်ပါဘူးကွာ”
ဤသို့ ချစ်စဖွယ် အပြောကလေးကြောင့် ကြေးမုံက မုချနိုင်နေသော အမှုကို အရှုံးပေးကာ ၀န်ချတောင်းပန်ခဲ့ရပါသည်။
ဒေါက်တာဘမော် ကွယ်လွန်စဉ်က သူ့အတွက် နာရေးဆောင်းပါးကို ဖွဲ့နွဲ့စွာရေးမိပါသည်။ ဒု-၀န်ကြီးက တင်မောင်အား ဆင့်ခေါ်ကာ ပယ်ချပါ၏။ ဦးသန့်အရေးကို အကြောင်းပြကာ ခေါင်းဆောင်ဟောင်းကြီးများ၏ အကြောင်းကို မရေးလျှင်ကောင်းသည်ဆိုပါ၏။ ဤ၀န်ကြီး၊ ဤအစိုးရခေတ်တွင် စာကောင်းပေမွန်များ ရေးသားခွင့် အမြဲမရနိုင်ပါပေ။ ။