Tuesday, December 30, 2008

သတင်းစာသမိုင်း တံခါးတချပ် ဖွင့်ဆိုခြင်း

ခရစ်စမတ်ပိတ်ရက်မှာ မိသားစုနဲ့အတူ ကျနော် ဂျာမနီနိုင်ငံ Frankfurt မြို့ကို ရောက်နေသည့်တိုင် ဆောင်းတွင်းကလည်းဖြစ်၊ ရာသီဥတုကလည်း အေးတာကြောင့် ဘယ်ကိုမှ သိပ်မသွားဖြစ်ပါ။ Frankfurt မြို့ မြန်မာဘုန်းတော်ကြီးကျောင်းမှာတော့ Hamburg တက္ကသိုလ်မှာ မဖွင့်ဖြစ်လိုက်တဲ့ မြန်မာစာဌာနအတွက် ရှာဖွေထားတဲ့ စာအုပ်တွေ ရောက်နေပါတယ်။ စာအုပ်တွေက မြန်မာစာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စတဲ့ ကျမ်းစာတွေ များပါတယ်။ အဲဒီထဲက “မောင်သစ်လွင် (လူထု)” ရေးတဲ့ “ရှေးဦးမြန်မာ သတင်းစာများ” စာအုပ်မှာ ကျနော်တို့ ရဲ့ သူရဲကောင်း သတင်းစာဆရာကြီး ဦးဝင်းတင် အမှာစာရေးထားတာကို ဖတ်ရပါတယ်။
“မောင်သစ်လွင်” ရဲ့ စာအုပ်ကို ၁၉၇၁ ခုနှစ်မှာ ပထမအကြိမ်အဖြစ် ပုဂံစာအုပ်တိုက်က ထုတ်ဝေတာ ဖြစ်ပါတယ်။ ဦးဝင်းတင် က အမှာစာကို “သတင်းစာသမိုင်း တံခါးတချပ်ဖွင့်ခြင်း” အမည်နဲ့ အောက်ပါ အတိုင်း ရေးသားခဲ့ပါတယ်။

သတင်းစာသမိုင်း တံခါးတချပ် ဖွင့်ဆိုခြင်း
ဦးဝင်းတင် (ဟံသာဝတီသတင်းစာ) - ရေးသည်။
(၁)
သတင်းစာများသည် သမိုင်းကို ပြောနေကြသည်ဟု အဆိုရှိသည်။ ယနေ့ သတင်းစာသည် နက်ဖြန် သမိုင်းဖြစ်သည်။ သို့ဖြစ်၍ ထိုစကားသည် လျောက်ပတ်သောစကားဖြစ်သည်။
ယနေ့သတင်းစာတို့သည် နိုင်ငံနှင့် လူမျိုး၏ အတိတ်သမိုင်းနှင့် ပစ္စပ္ပုန်သမိုင်းကို ပြောခဲ့သည်။ ပြောနေသည်။ သို့သော် ကိုယ့်သမိုင်းကိုမူ မပြောတတ်အောင် ဖြစ်နေသည်။
(၂)
မြန်မာသတင်းစာသမိုင်းသည် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ။ ထိုနှစ်ပေါင်း ၁၀၀ ကျော် ကာလသည် မြန်မာ့လူမှုစီးပွားအဆောက်အဦကို အပြောင်းလဲကြီး ပြောင်းလဲခဲ့သော ခေတ်အခါကြီး ဖြစ်သည်။ ထိုကာလသည် မြန်မာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘ၀ကို ပဒေသရာဇ်တို့ ကြီးစိုးခဲ့သည့် ခေတ်အခါ ဖြစ်သည်။ နယ်ချဲ့ကိုလိုနီသမားတို့ သွေးစုပ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။ ဖက်ဆစ်ဝါဒီတို့ ဖိနှိပ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။ အရင်းရှင် အင်အားစုကို ခေါင်းပုံဖြတ်ခဲ့သည့် ခေတ်အခါ ဖြစ်သည်။
သတင်းစာသည် ထိုခေတ်အခါများ၏ သမိုင်းကို မျက်ခြေမပြတ် မှတ်တမ်းတင်ခဲ့သည်။ မှတ်တမ်းတင်ရုံသာ မဟုတ်၊ ပြည်သူတို့၏ နယ်ချဲ့စနစ် တွန်းလှန်ရေး လှုပ်ရှားမှု၊ ဖက်ဆစ်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု၊ အရင်းရှင်စနစ် ဖျက်သိမ်းရေးလှုပ်ရှားမှု၊ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး လှုပ်ရှားမှု၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုစသော အမျိုးသားလှုပ်ရှားမှုကြီးများတွင်လည်း စည်းရုံးလှုံ့ဆော် ပါဝင်ရှေ့ဆောင်ခဲ့သည်။
ထိုအမျိုးသား လှုပ်ရှားမှုကြီးများကို ဖြိုခွဲလုပ်ကြံဖျက်ဆီးခဲ့သော သတင်းစာများလည်း မရှိဟု မဆိုပါ။ ရှိခဲ့ပါသည်။
သတင်းစာသည် ပြည်သူတို့၏ လက်နက်ဖြစ်ခဲ့သည်လည်း ရှိ၊ အုပ်စိုးသူတို့၏ လက်ကိုင်တုတ် ဖြစ်ခဲ့ သည်လည်း ရှိ၊ အလုပ်သမား လယ်သမားတို့၏ တပ်ဦးအောင်လံ ဖြစ်ခဲ့သည်လည်း ရှိ၊ ပြည်ရှင်၊ မြေရှင်၊ ငွေရှင်တို့၏ ဓားမနောက်ပိတ်ခွေးဖြစ်ခဲ့သည်လည်း ရှိသည်။ ဘ၀အထွေထွေ ကြုံခဲ့သည်။
သို့သော် သတင်းစာသမိုင်းဟူ၍ ခိုင်ခိုင်မာမာ ပြုစုနိုင်ခြင်း မရှိ၍ သတင်းစာ၏ ထွန်းပြောင်သော တိုးတက်မှု သမိုင်းအရောင်အသွေးတို့သည် မှေးမှိန်နေသည်။ ညစ်ထေးသော ဖောက်ပြန်မှု သမိုင်း အစွန်းအကွက်တို့သည်လည်း ငုတ်ကွယ်နေသည်။
သို့ဖြင့် သတင်းစာ၏ စွမ်းဆောင်မှု၊ ကျဆုံးမှု၊ တိုးတက်မှု၊ ဖောက်ပြန်မှုများသည် သမိုင်း အမှိုက်သရိုက် များပမာ အဟောသိကံ ဖြစ်နေသည်။ သတင်းစာသမိုင်းသည် တနေ့တခြား အထောက်အထား ပါးရှား ပျောက်ဆုံးလာသည်။ သမိုင်းမျက်ခြည် ပြတ်လာသည်။ သမိုင်းရှိလျက် သမိုင်းမသိသော အဖြစ်သို့ နိမ့်ကျလာသည်။
(၃)
ယနေ့ သတင်းစာများသည် ခေတ်ပြောင်းချိန်ကြီးတရပ်နှင့် ကြုံဆုံနေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ကာလအတွင်း ပေါ်ပေါက်ခဲ့သည့် အမျိုးသားလှုပ်ရှားမှုကြီးများ၌ ပါဝင်လှုပ်ရှားခဲ့သလို ယနေ့လည်း ပါဝင်လှုပ်ရှားနေသည်။
ပြည်သူကို ကိုယ်စားပြုသော သတင်းစာသည် ပြည်သူကို ရှေ့ဆောင်နိုင်ရမည်။ ရေသာခို အချောင်နှိုက် မင်းမြှောင်စိုးကြိုက် အရာရှိနောက်လိုက် သတင်းစာမဖြစ်အောင် ကိုယ့်ကိုယ်ကို ဝေဖန် ဆန်းစစ်မှု ရှိရမည်။ မနေ့က သတင်းစာ၊ တနေ့က သတင်းစာ၊ အတိတ်က သတင်းစာတို့၏ သမိုင်းဖြစ်ရပ်ကို သင်ခန်းစာယူကာ ဆင်ခြင်နှိုင်းချိန်မှု ရှိရမည်။
သို့မှသာ ယနေ့သတင်းစာသည် အားသစ်နိုင်မည်။ အသိမှန်နိုင်မည်။ အတွေးကျယ်နိုင်မည်။ အမြင် ကြည်နိုင်မည်။
သတင်းစာသည် အနာဂတ်တွင် နိုင်ငံသမိုင်းကို ပြောပြရန် ပစ္စုပ္ပန် နိုင်ငံသမိုင်းတွင် ပါဝင်လှုပ်ရှား ရမည်။ အတိတ်မှ နိုင်ငံ၏ သမိုင်းကိုသာမက အတိတ်မှ သတင်းစာသမိုင်းကိုလည်း သိမြင်နှံ့စပ်စွာ သင်ခန်းစာ ယူရမည်။
သို့မှသာ ပစ္စုပ္ပန်သမိုင်းတွင် ပါဝင်လှုပ်ရှားရာ၌ တိကျမှန်ကန်သော အတွေးအမြင် အသိကို ရရှိနိုင်မည်။ သို့မှသာ အနာဂတ်တွင် နိုင်ငံသမိုင်းကို ပြည့်ပြည့်၀၀ စုံစုံလင်လင် ပြောပြနိုင်သော အစွမ်း အာနိသင်ကို ရရှိနိုင်မည်။ လက်တဖက်တည်းနှင့် လက်ခုပ်တီး၍ မရနိုင်သကဲ့သို့ပင်တည်း။
(၄)
ကိုသစ်လွင်၏ ဤစာအုပ်သည် ယနေ့သတင်းစာများအား (လက်နှစ်ဖက်ဖြင့် လက်ခုပ်တီးသလို) နိုင်ငံ သမိုင်းရော ကိုယ့်သမိုင်းပါ ရှုမြင်သုံးသပ်နိုင်အောင် ထောက်ကူမည့် စာအုပ်ဖြစ်သည်။
သတင်းစာသမိုင်းဆိုင်ရာ စာအုပ်စာတန်းများ၊ ဆောင်းပါး တိုရှည်များ အတန်အသင့် ပေါ်ထွက်ခဲ့ပြီ။ သို့သော် ယနေ့အထိ ပြည့်စုံ ခိုင်လုံသော သမိုင်းတစောင်တဖွဲ့ ဟူ၍ကား မပေါ်ပေါက်သေး။
သတင်းစာသမားသည် သမိုင်းသုတေသီမဟုတ်၍ တကြောင်း၊ နက်ဖြန် သတင်းစာသမိုင်းအတွက် ယနေ့ပါဝင် လှုပ်ရှားနေသော ကာယကံရှင်များ ဖြစ်၍တကြောင်း၊ အတိတ်ထက် ပစ္စုပ္ပန်နှင့် ပိုမိုထိတွေ့ နေသူများ ဖြစ်၍ တကြောင်း၊ သမိုင်းပြုစုမှု တာဝန်ပိုင်းတွင် ပျက်ကွက်ခဲ့ကြသည်။ လစ်ဟင်းနေကြ သည်။ (ပြင်ပပုဂ္ဂိုလ်များ အထူးသဖြင့် တက္ကသိုလ်မှ ပုဂ္ဂိုလ်များသာ သတင်းစာ သမိုင်းပြုစုရာ၌ ၀ါယမ စိုက်နိုင်ကြသည်။)
ကိုသစ်လွင်ကား တဖက်က နေ့စဉ်သတင်းစာ တာဝန်များကို ထမ်းဆောင်ရင်း အခြားတဖက်က သတင်းစာသမိုင်း သုတေသန လုပ်ငန်းကို အပတ်တကုတ် အားထုတ်နိုင်ခဲ့သည်။ သူ့အားထုတ်မှု၏ ခက်ခဲကြီးမားသော အတိုင်းအတာကို ကျွန်တော်တို့ စာနာနှိုင်းဆ နိုင်ခဲ့သည်။ ကျွန်တော်တို့တွင် နှိုင်းဆစာနာ နိုင်သော အတွေ့အကြုံ ရှိခဲ့ပါသည်။ ထို့ကြောင့် သူ့ကို ချီးကျူး ကျေးဇူးတင်သည်။
၁၉၆၂ - ၆၄ ခုနှစ်များအတွင်းက မြန်မာနိုင်ငံ သတင်းစာဆရာအသင်းသည် သတင်းစာသမိုင်း ပြုစုရန် ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ သတင်းစာလောကမှ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များ၊ ပြင်ပ မှ စာပေ ပညာရှင်ကြီးများ ပါဝင် ကြိုးပမ်းခဲ့ကြသည်။ အများပြည်သူ အကူအညီကိုလည်း များစွာ ရခဲ့သည်။ သို့သော် မာတိကာစဉ်ရုံမှအပ၊ သတင်းစာသမိုင်းဆိုင်ရာ ဆောင်းပါး တိုရှည်များ ပေါ်ထွက်ခဲ့ရုံမှ အပ၊ သတင်းစာဘိုးအေကြီး ယူပီအိုင် ဦးဘသန်း၏ သတင်းစာ ခေတ်ဦးသမိုင်း စာမူတခုကို လက်နှိပ်စက်ရိုက်ပြီးခဲ့ရုံမှအပ ထိထိရောက်ရောက် အထမြောက်မှု မရှိခဲ့ပါ။ ကော်မရှင်တွင် ကျွန်တော်တို့သည် ဆော်သြသူ အဖြစ် ဆောင်ရွက်ခဲ့သည်။
ပညာရှင်ကြီးများနှင့် ပြည်သူလူထုက လမ်းညွှန်ခဲ့ကြ၊ ကူညီခဲ့ကြပါလျက် အကောင်အထည် မပေါ်နိုင်ခဲ့ သည်မှာ ကျွန်တော်တို့၏ အားထုတ်မှု လျော့ပါးခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကိုသစ်လွင်၏ ကြီးမားသော အားထုတ်မှုကို ကျွန်တော်တို့ စာနာနှိုင်းဆနိုင်ခြင်း ဖြစ်သည်။ အားရ ချီးကျူးခြင်း ဖြစ်သည်။

(၅)
ကိုသစ်လွင်၏ ယခုအားထုတ်ချက်သည် ပြည့်စုံသော သတင်းစာသမိုင်း မဟုတ်သေးပါ။ မြန်မာ့ သတင်းစာသမိုင်း ခေတ်ဦးကို လေ့လာသုံးသပ်ချက်မျှသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေ ဤမျှသော အတိုင်းအတာအထိ အပတ်တကုတ် အားထုတ်ပြုစုရသည်မှာပင် မလွယ်လှပါ။ သတင်းစာအသက် တမနက်ဖြစ်၍ အထောက်အကိုး ပါးရှားလှသည်။ ရှာရ ဖွေရ စုရ ဆောင်းရ ခက်ခဲ လှသည်။ သတင်းစာသမိုင်း ပြုစုရေးသည် လွယ်မရောင်နှင့် ခက်လှသည်။ မလွယ်၍ မလုပ်ပြန်သော် ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရသလို၊ တနေ့သောအခါ မြန်မာ့သတင်းစာသမိုင်းကို ကလောင်ကို ဓားမြှောင်လို မြမြချွန်၍ ပြောရမလို အခြေသို့ ဆိုက်နိုင်သည်။
ယခု ကိုသစ်လွင်က “မြန်မာသံတော်ဆင့်”၊ “လောကီသုတ”၊ “ဟံသာဝတီ” အစရှိသော ရှေးသတင်းစာကြီးများ၏ သမိုင်းဆိုင်ရာ လေ့လာသုံးသပ်ချက်များကို တင်ပြလိုက်သည်။ ဤလေ့လာ သုံးသပ်ချက်များသည် နောင်အခါ သတင်းစာ သမိုင်းကြီးတစောင်တဖွဲ့ ပြုစုရာ၌ ထောက်ကူနိုင်မည် မုချ ဖြစ်သည်။
သတင်းစာသမိုင်း တံခါးတချပ် ဖွင့်လိုက်ခြင်းပင်ဖြစ်၍ သတင်းစာသမိုင်း ပြုစုရေးအတွက် လည်းကောင်း၊ သတင်းစာနှင့် နေ့စဉ်ထိတွေ့နေသော ပြည်သူလူထု၏ သတင်းစာသမိုင်းဆိုင်ရာ အသိအမြင် တိုးပွားရေးအတွက် လည်းကောင်း များစွာအကျိုးရှိနိုင်မည့် အားထုတ်ချက် ဖြစ်သည်။
ဤသို့ပင် ကျွန်တော်တို့ ထင်မြင်ယူဆပါသည်။
ဧကန်အကျိုး ရှိလိမ့်မည်ဟူ၍လည်း ယုံကြည်သည်။

ဝင်းတင်
ဟံသာဝတီသတင်းစာတိုက်
၁၉၇၀ သြဂုတ် ၁၈ ရက်

Monday, December 29, 2008

(၂၀) စစ်အာဏာရှင်စနစ်အောက်မှ သတင်းစာလောက (ကြေးမုံဦးသောင်း)

`တော်လှန်ရေးအစိုးရသည် သတင်းစာလွတ်လပ်ခွင့်ကို အာမခံပါတယ်´ ဟု အစိုးရ တက်သောနေ့က ပြန်ကြားရေး ၀န်ကြီးက ပေးသောကတိသည် စကားလှသည်။ သို့ပင်သို့ငြားသော်လည်း အိမ်စောင့် အစိုးရခေတ်က သတင်းစာများကို နှိပ်စက်ခဲ့သော ဒဏ်ရာဒဏ်ချက်များ ရှိနေသေးသောကြောင့် သူတို့တက်လာချိန်မှ စတင်ကာ သတင်းစာများက သတိကြီးစွာထားကာ ရေးသားကြရရှာလေသည်။
သတင်းစာများကို ဖိနှိပ်သော ဥပဒေများကို ပြင်ဆင်ရန် ဦးနုအစိုးရခေတ်တွင် အားထုတ်နေကြစဉ်၌ သူတို့က တကျော့ပြန်လာသေသဖြင့် သတင်းစာဆရာများသည် မည်သည့် အကြောင်းကို ရေးသည်ဖြစ်စေ၊ နှစ်ကြိမ်စဉ်းစားပြီးမှ ရေးလေ့ရှိကြသည်။ စစ်တပ်နှင့် စပ်ဆိုင်သော သတင်းများကို ရှောင်ရှားကြသည်။
တော်လှန်ရေးအစိုးရ တက်လာသည်ကို သတင်းစာအားလုံးက တာဝန်ကျေပွန်စွာ ထောက်ခံကြစေကာမူ စိတ်ရောကိုယ်ပါ မဟုတ်သည်ကို စစ်ဗိုလ်ကြီးများက သိရှိကြသည်။ ပြန်ကြားရေးဌာနကို တာဝန်ယူသည့် စစ်ဗိုလ်များက အယ်ဒီတာများကို ဆင့်ခေါ်ပြီး `ဒီဟာရေးတာမှားတယ်၊ ဒီလိုမရေးနဲ့၊ ဟိုဟာကို ဟိုလိုရေးပါ´ စသဖြင့် တစတစ စွက်ဖက်လာပြီး အမိန့်ပေးစ ပြုလာသောကြောင့် စာနယ်ဇင်းတို့က ခံစစ်အတွက် ပြင်ဆင် ကြရတော့သည်။
အစဉ်အလာအားဖြင့် နှစ်စဉ်နှစ်တိုင်း နှစ်ဆန်း (၁) ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပမြဲဖြစ်သည့်အတိုင်း ၁၉၆၂ ခု၊ ဧပြီလ (၁၆) ရက်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သတင်းစာဆရာများအသင်း အစည်းအဝေး ကျင်းပသောအခါတွင် စာနယ်ဇင်းကောင်စီ အမည်နှင့် တပ်ဦးဖွဲ့စည်းကြသည်။ စာနယ်ဇင်းအားလုံး (၅၂) စောင် ပါဝင်လက်မှတ်ထိုးကြ၏။
`နိုင်ငံရေး ဦးဆောင်ပြောင်းလဲလာသည်နှင့် အညီ ပြည်သူတို့ ထင်မြင်ချက် ရယူခြင်းနှင့် ဖန်တီးခြင်း တာဝန်များအတွက် ကျနော်များတို့သည် တာဝန်သိ စာနယ်ဇင်းများ အဖြစ် ဆောင်ရွက်ကြပါမည်။ ယင်းတာဝန်ကြီးအတွက် ပီပြင်သော စာနယ်ဇင်းများ ကျင့်ဝတ်ကို ချမှတ်ပါသည်` စသည်ဖြင့် နိဒါန်းပျိုးကာ စာနယ်ဇင်းတို့၏ ကျင့်ဝတ်ကို ဆုံးဖြတ်ကြသည်။ အဓိပ္ပာယ်ကမူ စစ်အစိုးရကို ပူးပေါင်းဆောင်ရွက်ပါမည်ဟု အညံ့ခံသည်ဖြစ်၏။ မိမိတို့ တည်မြဲရေးအတွက် မိမိတို့ဘာသာ ဆင်ဆာလုပ်ကြရသည်။ နိုင်ငံရေး သတင်းမှန် သမျှကို အစိုးရပြန်ကြားရေးဌာနက ထုတ်ပေးသမျှသာ ပုံနှိပ်ကြသည်။ သူတို့ ချမှတ်မည့် စစ်ဗိုလ်များ၏ သတင်းစာ မူဝါဒကို စိတ်တထင့်တင့်နှင့် စောင့်မျှော်ကြရသည်။
စစ်ဗိုလ်ကြီးများမှာ သူတို့၏ နိုင်ငံရေးလမ်းစဉ်ကို ရေးသားချမှတ်ရန် အားထုတ်နေကြချိန် ဖြစ်သဖြင့် လှည့်မကြည့်နိုင်ကြသေးပေ။
`လူသားချင်း ခေါင်းပုံဖြတ်ခြင်းကင်း၍ တရားမျှတမှုရှိသော ဆိုရှယ်လစ်စီးပွားရေး စနစ်ကို တည်ဆောက်မည်´ ဟူသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ၁၉၆၂ ခု၊ ဧပြီလ (၃၀) ရက်နေ့ တပ်မှူးများ ညီလာခံက အတည်ပြုပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဇူလိုင်လ (၄) ရက်နေ့တွင် ပါတီဝင် (၂၀) နှင့် စတင်တည်ထောင်သည်။
ပြည်သူတို့နှင့် လက်တွဲချီတက်မည်ဟု ကြေညာတည်ထောင်သော ပါတီ၏ သက်တမ်း (၃) ရက်မြောက် သောနေ့တွင် ပြည်သူတို့၏ သားငယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် လူသတ်ပွဲကြီး ဆင်နွှဲ တော့သည်။ ဇူလိုင်လ (၇)ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ကျောင်သားငယ်များကို စစ်တပ်က ဂျီ (၃) လက်နက်သစ်များနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်သဖြင့် ရာနှင့်ချီကာ သေဆုံးခဲ့လေသည်။ ကျောင်းသား (၁၅) ဦးသေပြီး (၂၇) ဦး ဒဏ်ရာရသည် ဟု အစိုးရက ကြေညာသည့်အတိုင်း သတင်းစာများက ဖော်ပြကြရသည်။
အပ်တိုတချောင်းမှ မရှိသူ ကျောင်းသားကလေးများကို သတ်ဖြတ်သောညတွင် `တော်လှန်ရေး ကောင်စီကို တိုက်ကြလျှင် ဓားကိုဓားနဲ့၊ တုတ်ကိုတုတ်နဲ့ ပြန်လည်ခုခံမည်´ ဟု ဗိုလ်ချုပ်ကြီးနေ၀င်းက အသံလွှင့်ရုံမှ စစ်ကြေညာသေးသည်။
ဆက်လက်ပြီး သမိုင်းဝင် တက္ကသိုလ်သမဂ္ဂ အဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးလိုက်ပြန်သည်။ ဖျက်ရသည့် အကြောင်းတခုမှာ ပညာတတ်ကျောင်းသားများက ဦးစီးပြီး အင်္ဂလိပ်လက်အောက်က လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွှဲကြစဉ်က စစ်ဗိုလ်ကြီးများ မပါခဲ့လေသောကြောင့် မျက်မုန်းကျိုးသဖြင့် ဖြစ်သည်ဟု ယူဆကြ သည်။ နောက်တကြောင်းကမူ ကျောင်းသားခေါင်းဆောင်များနှင့် ဒဏ်ရာရရှိသူ ကျောင်းသားများ သမဂ္ဂ အဆောက်အအုံ မျက်နှာကျက်ပေါ်မှာ ပုန်းနေကြသဖြင့် သတ်ဖြတ်ရန် ဖြိုဖျက်သည်ဟု ဆိုသေးသည်။ မည်သည့် အကြောင်းကြောင့် ဖြိုသည်ဖြစ်စေ ရက်စက်ယုတ်မာ မှားယွင်းသည့် လုပ်ရပ်ဖြစ်၏။
ထိုညက ဂါးဒီးယန်းသတင်းစာတိုက်၌ တွေ့ကြသဖြင့် `မလွန်လွန်းဘူးလား´ ဟု တင်မောင်က စကားနာ ထိုးသောအခါတွင် ဗိုလ်အောင်ကြီးက `ရွှေအုတ်နဲ့ ပြန်ဆောက်ပေးပါ့မယ်ဗျာ´ ဟု ဖြေ၏။
သမိုင်းဝင် ကျောင်းသားလှုပ်ရှားမှုဓာတ်ပုံများ၊ မှတ်တမ်းများ ပျက်စီးရသည့်အထဲတွင် တင်မောင်၏ နှလုံးသားရတနာတခု ပါသွားသည်ဟု သိရသဖြင့် ကြေကွဲရသည်။ တင်မောင်၏ ဇာတိ ပုဂံမြေတွင် မနူဟာစေတီဟု ဘွဲ့မည်ရှိသော အဓိကရ စေတီတော်ကြီးတဆူ ရှိသည်။ ရှေးကာလက သထုံပြည်ကို ပုဂံ ဘုရင် အနော်ရထာက အနိုင်ရသောအခါတွင် သထုံဘုရင် မနူဟာမင်းကို ဖမ်းဆီးခေါ်ဆောင်လာပြီး ပုဂံတွင် အကျယ်ချုပ်နှင့် လွတ်လပ်စွာ ထားရှိခဲ့သည်။ အကျယ်ချုပ်စေကာမူ အကျဉ်းသားတို့မည်သည် လွတ်လပ်ခွင့် ဆုံးရှုံးရစမြဲ ဖြစ်သည်။ အကျဉ်းစံ မနူဟာမင်းက သူနှင့် အတူပါလာသော ဗိသုကာများကို အသုံးပြုပြီး စေတီတော်ကို တည်ဆောက်သောအခါတွင် ကြီးမားသည့် ရုပ်ထုတော်ကြီးပေါ်တွင် ကျဉ်းမြောင်းသော ပြာသာဒ် ဆောက်လုပ်ကာ သီးတင်းသုံးစေသည်။ ဗုဒ္ဓရုပ်ထုတော်ကြီးမှာ မလှုပ်မရှားနိုင်ဘဲ ကျဉ်းကြပ်စွာ သီတင်းသုံးတော်မူရသည်ကို ပေါ်လွင်အောင် တည်ဆောက်ထားသည်။ ကမ္ဘာအရပ်ရပ်မှ ရုပ်ထုတော်များနှင့် မတူစေဘဲ မျက်နှာတော် မကြည်မလင် ဖြစ်နေသည်ကို ပီပြင်အောင် ထုလုပ်ခဲ့သည်။
အနော်ရထာမင်းနှင့်တကွ နောင်လာနောက်သားတို့ကိုပါ သိစေသည်။ လောကမှာ အကျဉ်းခံရလျှင် ဘုရားသခင်ပင်လျှင် ညှိုးနွမ်းညစ်ညူးတော်မူသည်ဟု ကမ္ဗည်းကျောက်စာရေးသားခြင်း မပြုဘဲ အဓိပ္ပာယ် ပေါ်လွင်အောင် ပြသခဲ့သည်။
ထိုမနူဟာ ရုပ်ထုတော်ကို မိတ်ဆွေကြီး ဆရာကိုနန်းဝေက ပြောင်မြောက်စွာ ပန်းချီဆွဲထားသည်။ ရွှေသင်္ကန်းရောင်ကို ထူးခြားသောနည်းနှင့် ရရှိအောင် ဆေးစပ်ပြီး အကျဉ်းခံရုပ်ထုတော်ကြီး၏ မအီမသာ ရုပ်သွင်ကို ပေါ်လွင်အောင် ပုံဖော်ထားသည်။ ပန်းချီကား စုဆောင်းသော တင်မောင်က တချိန်က နိုင်ငံရေး ရဲဘော်ဖြစ်သည့် ကိုနန်းဝေထံ တောင်းခဲ့သည်။ `ခင်ဗျားက ထောင်နှုတ်ခမ်းလျှောက်နေတုန်း ရှိသေးတယ်၊ ထောင်မကျသေးဘူး။ တနေ့ထောင်ထဲသွားရမှာပါ။ ဒီတော့ ထောင်ကျခံရပြီး ပြန်ထွက်လာတဲ့အချိန်မှာ အမှတ်တရယူပါလေ´ ဟု သူက ဖြေခဲ့သည်။ ထိုအချိန်က တင်မောင်အဖို့ ထောင်ထဲသို့ မရောက်သေးသဖြင့် ပန်းချီကားကြီးကို လက်ခံရန် အရည်အသွေးမမီသေးသဖြင့် အောင့်အီးနေခဲ့ရသည်။ ပန်းချီကားကြီးမှာ စစ်ဗိုလ်ကြီးများ၏ မိုင်းဗုံးဒဏ်ဖြင့် ပျောက်ပျက်သွားရလေပြီ။
မိုင်းဗုံးခွဲစဉ်က သမဂ္ဂခန်းမ၌ ဆွဲချိတ်ထားသော ကိုနန်းဝေ၏ ပန်းချီကားများပါ ပြာကျရသည်။ ဗုံးဒဏ်ကြောင့် နိုင်ငံရေးနှင့် အနုပညာ ဆုံးရှုံးမှုမှာ များစွာ ကြီးမားသည်။ စစ်ဗိုလ်များ တွက်ကြသကဲ့သို့ ကျောင်းသားများ ခိုအောင်းနေကြသည်ဆိုပါက သနားစဖွယ် ပုန်းအောင်းနေရှာသူ ကျောင်းသားငယ်များကို မျက်နှာကြက်ပေါ် တက်ရောက်ဖမ်းဆီးခြင်း မပြုဘဲ ကလေးငယ်များ၏ အသက်ကို ကြီးမားသော ယမ်းဘီလူးများသုံးစွဲကာ ကြေကြေညက်ညက် အစရှာမတွေ့အောင် သတ်ဖြတ်သည်မှာ ရက်စက်လွန်းသည်။
ပိုပြီး ဇာတ်နာသည်မှာ တက္ကသိုလ်သမဂ္ဂကြီးကို ဆောက်လုပ်ရေးတွင် ဦးစီးလှူဒါန်းခဲ့သော သူဌေး ဦးညို၏ အမည်သည် သမိုင်းတွင် ကျန်ရစ်ခဲ့စေကာမူ တက္ကသိုလ်သမဂ္ဂကို ဖျက်ဆီးရန် မည်သူက ဆုံးဖြတ်ပြီး၊ မည်သူ က အမိန့်ပေးသည်ဟူသော အချက်မှာ သမိုင်းမှာ ပျောက်နေသည်။
တော်လှန်ရေးအစိုးရကို ထိပါးလျှင် တုတ်ကိုတုတ်ချင်း၊ ဓားကိုဓားချင်း ခုခံမည်ဟု အမိန့်ပေးခဲ့ပြီး မီးခြစ်ဆံပင် ကိုင်မထားသော လက်နက်မပါ ကျောင်းသားငယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရဲသည့် တော်လှန် ရေးကောင်စီ ဥက္ကဌကြီး၊ တပ်မတော်၏ တပ်ပေါင်းစု သေနာပတိ ဦးစီးဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းသည် တကသ အဆောက်အအုံကို ဖျက်သည်ကို သူမသိပါဟု သူရဲဘောကြောင်စွာ ခေါင်းရှောင်နေခဲ့သည်။
အထက်အမိန့်အရ မိုင်းဗုံးများကို ဓာတ်ကြိုးများနှင့် ချီတုတ်သူ အင်ဂျင်နီယာ စစ်ဗိုလ်များ၊ မိုင်းခလုတ်ကို နှိပ်သော စစ်ဗိုလ်များ၏ အမည်များ စာရင်း ကျန်ရစ်ခဲ့သည်။ အမိန့်ပေးသူ မည်သူဖြစ်သည်ကို မည်သူကမှ ဖော်မပြောဝံ့ဘဲ တဦးကိုတဦး လွှဲချနေကြသည်။
လူဆိုတာ လုပ်ရဲလျှင် ခံရဲရတယ်ဟု စကားရှိသည်။ တော်လှန်ရေးအစိုးရ တက်လာစ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် ၀န်ကြီးများ မာစီးဒီးကားသစ်ကြီးကို စီးနင်းကြစဉ်က ကဲ့ရဲ့ခံရမည်ကို ကြောက်ကြရှာသဖြင့် ကားနံပါတ် ဟောင်း တပ်ကာ အသုံးပြုကြသည်။ အာဏာသိမ်း စစ်ဗိုလ်ကြီးများသည် လွန်စွာ ကြောက်ရွံ့ကြသူများ ဖြစ်ကြသည်။
(တခေတ်က ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်စဉ်က ကားအသစ်ကို စီးရာတွင် နံပါတ် RCI ဟု နံပါတ်ယူကာ ရဲဝံ့စွာ စီးနင်းခဲ့သည်။)
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဗမာ့တပ်မတော် စစ်အာဏာရှင်တခေတ်မှ စစ်ဗိုလ်ကြီးများကဲ့သို့ သူရဲဘော ကြောင်သူ ခေါင်းဆောင်များ မပေါ်သေးပါ။ ထိုကြောင့် ဒင်းတို့တတွေသည် စစ်တပ်က ကျူးလွန်သော မကောင်းမှုမှန်သမျှကို တာဝန်မယူကြဘဲ တဦးကိုတဦး လွှဲချနေကြရာတွင် ဦးစီးဗိုလ်ချုပ်နေ၀င်းသည် သူရဲ ဘောကြောင်တို့၏ ထိပ်ခေါင်တင် ဗိုလ်ချုပ်ကြီး အဖြစ် ထိပ်ဆုံးမှ ဦးစီးနေလေတော့၏။ ။

Tuesday, December 23, 2008

ဘေဘီဂျွန်ဆင်ပေါင်ဒါနှင့် ဆဲဗင်းအပ် အချိုရည်

ဖတ်ခဲ့ဘူးသည့် မဂ္ဂဇင်းဝတ္ထုတိုလေး တပုဒ် ကို စိတ်ထဲ မှတ်မိနေသည်။ ဇာတ်လမ်းထဲမှာ မြန်မာပြည်ကို ပြန်မည့် သဘောင်္သားတယောက် ဘန်ကောက်လေဆိပ်မှာ လေယာဉ်ပေါ်တက်ရန် စောင့်ဆိုင်းနေသည်။ ၀ယ်လာတဲ့ ပစ္စည်းတွေထဲက သူ့အမေသေသေချာချာ မှာထားသည့် သူ့အမကမွေးသည့် သူ့တူကလေးအတွက် ဂျွန်ဆင်ဘေဘီပေါင်ဒါဗူးလေးကို ထုတ်ကိုင်ကြည့်ရင်း ဘာရယ်မဟုတ် ပေါင်ဒါဗူးဖင်မှာအင်္ဂလိပ်စာလုံးလေးတွေ သံချွန်နှင့် ရေးလိုက်မိသည်။ ရန်ကုန်ရောက်တော့ ပါလာတဲ့ ပစ္စည်းတွေ အမေ့ကိုအပ်၊ အမေကတဆင့် သင့်တော်သလို စီမံခန့်ခွဲလိုက်တော့ ပေါင်ဒါဗူးလေးက သူ့အမ လက်ထဲရောက်သွားသည်။
မြန်မာပြည်မှာ နားရက်စေ့တော့ သင်္ဘောပြန်တက်ရတော့မည်။ သွားဖို့လာဖို့ စီစဉ်နေရင်း အမေလုပ်သူက အမဖြစ်သူကို တဗျစ်တောက်တောက် ဆူပူနေတာ ကြားရလို့ မေးမြန်းကြည့်တော့ အမသည် ပေါင်ဒါဗူးကို သားဖြစ်သူ အတွက်မသုံးပဲ သူ့အထက်အရာရှိကို လက်ဆောင်ပေးလိုက်သည်။ သူတို့မောင်နှမတွေငယ်စဉ်က ဘေဘီဂျွန်ဆင်ပေါင်ဒါ သည် မြန်မာပြည်မှာတင်ဝယ်လို့ရသည့် ပစ္စည်းဖြစ်ခဲ့သည်။ လသားအရွယ်ခလေးငယ် မှာ ပေါက်တတ်သည့် ယားနာတွေကို ဘေဘီဂျွန်ဆင်ပေါင်ဒါသည်သာ အကောင်းဆုံးဖြစ်သည်ကို သူ့သားသမီးတွေကို လိမ်းပေးခဲ့ဘူးသည့် အမေက အသိဆုံး။ ခုတော့ သူ့မြေးမှာ ယားနာတွေက ပိုဆိုးလာနေ သည်။ မြေးအတွက် စိတ်ပူပြီး အမကို ဆူနေသည့် သူ့အမေ စိတ်ချမ်းသာစေရန် မြို့ထဲသွားရင်း လေဟာပြင် ဈေးမှာ ပေါင်ဒါဗူးကို ဈေးကြီးပေးပြီး ပြန်ဝယ်ခဲ့ရသည်။ အပြန်လမ်းမှာ အမှတ်တမဲ့ ပေါင်ဒါဗူးဖင်ကို လှန်ကြည့်လိုက်တော့ ဘန်ကောက်လေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ စောင့်နေရင်း သူရေးခဲ့တဲ့စာလုံး တွေကို မြင်လိုက်ရပြီး ပေါင်ဒါဘူး၏ သံသရာကို သူသွားတွေ့သည်။ ပေါင်ဒါဗူးကို သူ့အမ မသုံးခဲ့သလို သူ့အမ၏ အထက်အရာရှိသည်လည်း မသုံးခဲ့ပါ။

ကျနော့်မှာလည်း အလားတူ အဖြစ်မျိုးကြုံဘူးသည်။ ကျနော် စက်မှုသင်တန်းကျောင်း (ဆင်တဲ) တွင် သင်တန်းသားဘ၀၌ (၁၉၈၀ ခုနှစ်များဝန်းကျင်) ခေါင်းအုံးရိုက်အားကစားပြိုင်ပွဲဝင်သောအခါ နှစ်သိမ့်ဆုအဖြစ် ဆဲဗင်းအပ် ဖျော်ရည်တဗူး လက်ဆောင်ရသည်။ နေပူပူမှာ အမောပြေသွားအောင် ဆဲဗင်းအပ် ဖျော်ရည်ဗူးကို ဖောက်သောက်လိုက်တာ ပေါ့လို့ မထင်လိုက်ပါနဲ့။ ကျနော်မသောက်ရက်ပါ။ အချိုရည်ဗူးသည် နိုင်ငံခြားက လာသည့် ပစ္စည်းဖြစ်နေသည်က တကြောင်း၊ ကိုယ်ကိုယ်တိုင် ယှဉ်ပြိုင်၍ ရရှိလာသည့်ဆု ဖြစ်နေသည်က တကြောင်း၊ ရတောင့်ရခဲ အချိုရည်ဗူးလေးကို ကျနော်၏ စားအိမ်သောက်အိမ် ကျေးဇူးရှင် ဆင်တဲ ကပစ မှ အရာခံဗိုလ် ဦးစိန်မြင့်နှင့် ဒေါ်ညွှန့်တို့အား အမှတ်တရ လက်ဆောင်ပေးခဲ့ပါသည်။
သူတို့တွေတော့ သောက်လိုက်ကြမှာပဲဟု ထင်ထားခဲ့သော ကျနော် နောက်တကြိမ်သူတို့အိမ်ရောက်တော့ ဆဲဗင်းအပ်အချိုရည်ဗူးလေးက ဘုရားစင်ပေါ်မှာ ရှိနေပါသည်။ ထိုအချိုရည်ဘူးကို ကျနော်မသောက်ခဲ့သလို သူတို့လည်း မသောက်ခဲ့ကြပါ။ ။

Monday, December 22, 2008

(၁၉) ထာဝရစစ်အာဏာရှင်စနစ်ကို တည်ထောင်ခြင်း (ကြေးမုံဦးသောင်း)

၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့က နံနက် (၃) နာရီတိတိတွင် တယ်လီဖုန်းသံကြောင့် အိပ်ရာမှ နိုးရပါသည်။ `လူမျိုးစုခေါင်းဆောင်တွေကို ဗမာစစ်သားတွေက လိုက်ဖမ်းနေတယ်။ ကျနော်တို့ ၀န်ကြီးကို ဖမ်းသွားပြီ။ ဦးနု သစ္စာဖောက်တယ်´ အသံဝဲ၀ဲနှင့် ပြောလေ့ရှိသူ မိတ်ဆွေ ကချင်အတွင်းဝန်တဦးက မောကြီးပန်းကြီး နှင့် ပြောပါသည်။
`ဟုတ်မှဟုတ်ရဲ့လားဗျာ` ဟု မေးရသည်။ `ဟုတ်ပါတယ်၊ ကျနော်စုံစမ်းပြီးပြီ။ ချင်းဝန်ကြီးရော၊ ရှမ်းစော်ဘွား တွေပါ ဖမ်းသွားပြီ´ ဟု ဒေါသနှင့် ဖြေသည်။ `စိတ်အေးအေး ထားပါ၊ ကျနော်စုံစမ်းပြီး ပြန်ဆက်ပါမယ်´ ဟု နှစ်သိမ့်လိုက်ရပါသည်။
ဦးနုအစိုးရက လူမျိုးစုဝန်ကြီးတွေကို ဖမ်းးဆီးသည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ ယမန်နေ့ညက (၁၂) နာရီတွင် သတင်းစာတစောင်လုံးကို စာစီပြီးသည်ကို ဖတ်ရှုစစ်ဆေးပြီးမှ တိုက်က ပြန်လာခဲ့သည်။ သတင်းကောင်း မရှိသဖြင့် အနောက်မုခ်တွင် ကပြနေသည့် တရုတ်ယဉ်ကျေးမှု ကပွဲသို့ ဗိုလ်ချုပ်ကြီးနေ၀င်း လာရောက် ကြည့်ရှုသည့်သတင်းကို နေရာကောင်းပေးခဲ့သည်ကို သတိရမိသည်။
စဉ်းစားနေခိုက် ထူးဆန်းသော လူတယောက် ထူးထူးခြားခြား ဖုန်းဆက်ပါသည်။ မြန်မာစာနယ်ဇင်း လောကမှာ ဦးစောဦးတယောက်သည် ထူးဆန်းသည့် ဆရာတဦး ဖြစ်ပါသည်။ ဂျာနယ်ကျော်မှ ပြည်သူ့ဟစ် တိုင်သတင်းစာ အယ်ဒီတာချုပ်အဖြစ် သက်တမ်းရှည်သည့် သတင်းစာဆရာ ဖြစ်ပါသည်။ အရေးပါသော ဗမာပြည်ကွန်မြူနစ် ပါတီဝင်တဦးလည်း ဖြစ်သည်။ သခင်သန်းထွန်းနှင့် နီးစပ်သူ ဖြစ်သောကြောင့် လက်နက်ကိုင် ကွန်မြူနစ်တပ်သား သက်တော်စောင့်ပင် ရရှိထားခဲ့ဖူးသူဟု သိရပါသည်။ ၁၉၄၈ ခု၊ မတ်လ တော်လှန်ရေးနေ့က ကွန်မြူနစ်များ တောခိုကြသောအခါ အယ်ဒီတာစားပွဲကို စွန့်ပြီး တောထဲ လိုက်သွား သည်။ များမကြာမီမှာပင် မြို့ထဲပြန်ဝင်လာစေကာမူ သူ့ကို စစ်တပ်က အရေးမယူခဲ့ပါ။ နောက်ပိုင်းတွင် စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် သြဇာထက်သော အထူးအရာရှိကြီးတဦးအဖြစ် ပြင်းထန်သည့် ကွန်မြူနစ်ဆန့်ကျင်ရေး စာပေများ ရေးနေသူ ဖြစ်လာသည်။
`ခင်ဗျားတို့ သတင်းစာ စက်တင်ပြီး၊ စက်ရပ်သတင်းထူးကြီးနဲ့ အထူးထုတ်ချင်ရင် သတင်းအပြည့်အစုံ ပေးမယ်´ ဟု သူက ပြောပြီး တပ်မတော်၊ တော်လှန်ရေးကောင်စီအဖွဲ့က အာဏာသိမ်းလိုက်ကြောင်း ၀မ်းသာအားရ သတင်းပေးပါသည်။ `ခင်ဗျားတို့ စက်တွေက ချက်ချင်း စာပြင်ဖို့ လွယ်သားပဲ၊ အထူးကြေညာ ချက်တွေ ပို့လိုက်မယ်လေ´ ဟု သူက ပြောသော်လည်း `အခု သတင်းစာအားလုံး ပုံနှိပ်ပြီးလို့ စာစီတွေ၊ စက်ဆရာတွေ ပြန်သွားကြပြီ၊ မဖြစ်နိုင်ဘူး´ ဟု ငြင်းလိုက်မိသည်။
အခွင့်အရေးက ကောင်းပါသည်။ အထူးထုတ်ရလျှင် သတင်းစာတွင် စီးပွားရေး အကျိုးကြီးပါသည်။ သတင်းစာတို့၏ ၀တ္တရားကလည်း လူထုကို သတင်းအမြန်ပေးရမည် ဖြစ်သည်။ သို့စေကာမူလည်း ဒီမိုကရေ စီကို ချေမှုန်းကာ အောင်နိုင်သွားသည့် အမင်္ဂလာသတင်းဆိုးကြီးအတွက် မည်သို့ အထူးသတင်းစာ ထုတ်နိုင်ပါမည်နည်း။
ဂါးဒီးယန်း ဦးစိန်ဝင်းကို ဆက်ပြီး သတင်းပေးသောအခါ ချက်ချင်းပင် တင်မောင်၏ အိမ်သို့ ကူးလာပြီး နှစ်ယောက်သား တယ်လီဖုန်းနှင့် သတင်းလိုက်ရပါတော့သည်။
လိုင်းသံစုံသော ရေဒီယိုကလေးကို ဖွင့်ကြည့်သောအခါ `ငါးကြင်းကို မိပြီ၊ ပုစွန်ထုပ်ဆီကို သွားမယ်´ စသည်ဖြင့် လျှို့ဝှက်စကားနှင့် စစ်ဗိုလ်များ ဆက်သွယ်ပြောဆိုသံများ ဆူညံနေသည်။
ဝန်ကြီးများ၏ အိမ်များကို ဖုန်းဆက်မေးမြန်းသော်မှ သတင်းစုံရရှိပြီး ရုပ်လုံးပေါ်လာပါသည်။ ၀န်ကြီးချုပ် ဦးနုကို ဖမ်းစဉ်က အာဏာသိမ်းအုပ်စုတွင် ဗိုလ်ချုပ်ကြီးနေ၀င်း ပါရှိမည်မဟုတ်ဟု ယုံကြည်သောကြောင့် `မင်းတို့ ဗိုလ်နေ၀င်းကို သွားဖမ်းတော့ ခုခံသေးလား၊ သွေးထွက်သံယို ရှိလား´ ဟု မေးရှာသေးသည်။
ဝန်ကြီးတပါး၏ အိမ်ကို စစ်တပ်က ၀ိုင်းပြီး တံခါးခေါက်ပြီး မေးသောအခါ ၀န်ကြီးကတော်က `မင်းတို့ စစ်စုံထောက်တွေ တယ်ညံ့ပါလား၊ ကျောက်မြောင်းထဲက သူ့မယားငယ် အသစ်ကလေးအိမ်မှာ အိပ်တယ် လေ´ ဟု ဖြေသဖြင့် စစ်ကားပြန်လှည့်ကြရသည်။ `နေပါဦး၊ ဗိုလ်မှူး၊ နေပါဦး ဗိုလ်မှူး၊ အသေမိသလား၊ အရှင် မိတယ်၊ အသေမိတယ် ဆိုတာတော့ ဒေါ်ဒေါ့်ကို ပြန်ပြောလှည့်ပါဦး´ ဟု မှာကြားကြောင်း လူ့သဘာဝ ဇာတ်လမ်းကလေးများကိုလည်း သိကြရသည်။
သမ္မတဟောင်း စပ်ရွှေသိုက်၏ အိမ်ကို စစ်တပ်က ၀ိုင်းဖမ်းစဉ်က ပစ်ခတ်သဖြင့် သားငယ်တဦး ကျဆုံးရသည်မှာတပါး အာဏာသိမ်းပွဲမှာ သွေးထွက်သံယို မရှိခဲ့ပါ။ သမ္မတကြီး မန်းဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနုနှင့် ၀န်ကြီးများ၊ အာဏာစွန့်ပြီး ဖြစ်သော စော်ဘွားများနှင့် တရားဝန်ကြီးချုပ်များ အားလုံးတို့ကို ကြက်ငှက်များ ဖမ်းသကဲ့သို့ ဖမ်းလိုက်နိုင်ပါသည်။
ပထမအိမ်စောင့်အစိုးရ အာဏာသိမ်းစဉ်က တင်မောင်တို့ တင်ကြိုသတင်းရခဲ့ပါသည်။ ဤတချီတွင် အငိုက်မိ ခံရပါသည်။ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် အားလုံးတို့သည်လည်း အငိုက်မိသွားကြပါသည်။
`ပြည်ထောင်စုကြီး ယိုယွင်းနေတဲ့ အခြေအနေကြောင့် တပ်မတော်က အာဏာသိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ ပြည်သူတို့ မိမိတို့ ပြုမြဲအမှုကိစ္စများကို လွတ်လပ်စွာ ဆက်လက်လုပ်ကိုင်နိုင်ကြကြောင်း´ ကို ဗိုလ်ချုပ်နေ၀င်း က နံနက် (၈) နာရီတွင် ဗမာ့အသံမှ အသံလွှင့်ပါသည်။
နံနက် (၁၀) နာရီထိုးသောအခါ သတင်းစာဆရာအသင်း ဥက္ကဌ ဦးစိန်ဝင်း၊ ဒု-ဥက္ကဌ တင်မောင်နှင့် အတွင်းရေးမှူး ဟံသာဝတီ အယ်ဒီတာ ဦးဘသန်းတို့ကို စစ်ရုံးသို့ ဖိတ်သည်။ ဗိုလ်မှူးကြီးစောမြင့်က ပြန်ကြား ရေး ၀န်ကြီးအဖြစ် လက်ခံတွေ့ဆုံပြီး `သတင်းစာများ လွတ်လပ်စွာ ဆက်လက်ရေးသားပါ၊ တော်လှန်ရေး အစိုးရက သတင်းစာများ လွတ်လပ်ခွင့် ကို အာမခံပါတယ်´ ဟု ပြောပြပါသည်။
ညနေပိုင်းတွင် ဂါးဒီယန်းသတင်းစာတိုက်တွင် အားလုံး လူစုံတက်စုံ တွေ့ရပါသည်။ ဗိုလ်အောင်ကြီးက မိမိ မပါကြောင်း၊ အာဏာသိမ်းပြီးမှ သိရကြောင်း တီးတိုးပြောပါသည်။ စကားမပြတ်မီ `ဒါပေမယ့်´ ဟု ပြောခိုက် အခြားစစ်ဗိုလ်ကြီးများနှင့် ဦးစောဦးတို့ ရောက်လာသောကြောင့် စကားစပြတ်ခဲ့ရသည်။
အာဏာသိမ်းပွဲတွင် မည်သူတို့ကို မည်သည့်မြို့စစ်စခန်းမှ ခေါ်ပြီးသုံးကြောင်း၊ ဗိုလ်မှူးကြီး လှမြင့်၏ သံချပ်ကာကားတပ်က မည်နှယ်ချီတက်သည်၊ ဗိုလ်နေ၀င်းက စီစဉ်ပြီးမှ တရုတ်နီ ကပွဲ သွားကြည့်နေသည် … စသည်ဖြင့် စားမြုံ့ပြန်ကြသည့်ပွဲ၌ ဦးစိန်ဝင်းက စမူဆာနှင့် ဧည့်ခံသည်။ ဗိုလ်အောင်ကြီး၏ အတွင်းရေးမှူး ဗိုလ်ကြီးသောင်းက ၀ယ်ပေးသည်။ သူတို့ စကားများကို နားထောင်ရခြင်း ဆင်းရဲကြောင့် တင်မောင်မှာ မျက် ရည်လည်မိပါသည်။ တိုက်တိုက်ဆိုင်ဆိုင် စမူဆာက ထူးထူးခြားခြား စပ်လှသောကြောင့် `စမူဆာက တပ်စပ် ပါလားဗျို့´ ဟု စကားဖြေရပါတော့သည်။
နောက်တနေ့တွင် ၀န်ကြီး (၉) ဦးပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး သတင်းစာရှင်းလင်းပွဲကို ကုန်သွယ် ရေးနှင့် စီးပွားရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်ကြီးက ကျင်းပသောအခါ ဖက်ဒရယ်မူဟူသည့် အင်္ဂလိပ် စကားလုံးကို များများသုံးစွဲပြီး လူမျိုးစု ခေါင်းဆောင်များ၏ ပြုမူချက်များကြောင့် ပြည်ထောင်စုကြီး ပြိုကွဲ တော့မှာမို့ အာဏာသိမ်းရကြောင်း ရှင်းပြောပါသည်။
၁၉၆၁ ခုနှစ်က အတိအလင်း လူသိရှင်ကြား ကျင်းပသော တောင်ကြီးမြို့ လူထုအစည်းအဝေးမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးကိုင်ကော်မတီ ရှမ်းပြည်ကို ဖွဲ့စည်းခြင်း၊ အစိုးရ၀န်ကြီးချုပ်က ဒီမိုကရေစီစနစ်အရ နှီးနှောဖလှယ်ပွဲများမှ ပါလီမန်အထိ အဆင့်အဆင့် ပြင်ဆင်နေခြင်းများအားလုံးကို ဖက်ဒရယ်ပြည်နယ်ခွဲဖို့ ကြိုးစားနေကြသည်ဟု ၀ါးလုံးရှည်နှင့် ရမ်းကာ အပြစ်တင်ပါတော့သည်။
ပြည်သူလူထုကို နားမယဉ်သေးသည့် ဖက်ဒရယ်ဟူသည့် စကားလုံးနှင့် ခြိမ်းခြောက်ပြီး ၀ါဒဖြန့်သဖြင့် လူထု ထင်မြင်ချက်မှာ သို့လော သို့လော တွေဝေသွားပါသည်။ တည်မြဲတို့နှင့် ပမညတတို့က တော်လှန်ရေး စစ်အစိုးရအပေါ် သဘောထားတင်ပြချက်မပြုနိုင်ဘဲ စောင့်ကြည့်ကြပါသည်။ တည်မြဲတို့က စစ်အစိုးရကို ထောက်ခံသယောင်ယောင် လေသံပစ်ပါသည်။ နောက်ပိုင်း တည်မြဲခေါင်းဆောင်များကို ဖမ်းလေမှ ကျောချမှ ဓားပြမှန်းသိကြပါသည်။ ထိုအချိန်တွင် နိုင်ငံရေးပါတီအားလုံး ဖျက်သိမ်းပေးရလေပြီ ဖြစ်သဖြင့် သူတို့ ထင်မြင်ချက် ကြေညာခွင့် မရှိရှာတော့ပါ။ ပမညတနှင့် လက်ဝဲဆရာများက နောက်ပိုင်းတွင် တော်လှန်ရေး ကောင်စီက ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ထောင်မည် ဆိုသောအခါ ခြေစုံပစ်ပြီး ထောက်ခံကြရာမှ `လှေကားထစ်မှ နေရပါစေ၊ ပူးပေါင်းကူညီပါမယ်´ ဟုပင် ပြောကြပါ၏။
စစ်တပ်က အာဏာသိမ်းရခြင်း အကြောင်းအရင်းအမှန်က ဘာပါလိမ့်ဟု တွေးကြ၊ ရေးကြပါသည်။ ၁၉၆၂ ခုနှစ်၊ ဇန်န၀ါရီလမှာ ဦးနု အစိုးရက သွင်းကုန်လုပ်ငန်းမှန်သမျှ ပြည်သူပိုင် ပြုလိုက်ပါသည်။ စစ်တပ်၏ စီးပွားရေး ကော်ပိုရေးရှင်းကြီး အထိနာသွားသောကြောင့် အာဏာသိမ်းသည်ဟု ယူဆပြီး ဝေဖန်သူများ ရှိကြသည်။
အမှန်မှာ အာဏာနှင့် ငွေကို အငမ်းမရ ခုံမင်တွယ်တာလှသော ဗိုလ်ချုပ်ကြီးနေ၀င်း၏ လောဘသက္ကာရ ကြောင့်သာ အာဏာသိမ်းသည်ဟု ဝေဖန်သူများသာ မှန်ကန်သည်ကို သမိုင်းဆက်ကို မြင်ကြရမှ သိရှိကြ ရပါသည်။
တော်လှန်ရေး အစိုးရအဖွဲ့တွင် အဓိကအာဏာပိုင် ၀န်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် တရားရေးဌာနတို့ကို ဗိုလ်နေ၀င်းက မည်သူ့ကိုမှ တာဝန်မပေးဘဲ ကိုယ်တိုင် ရယူထားပါသည်။
မတ်လ (၉) ရက်နေ့တွင်မူ တော်လှန်ရေးကောင်စီက အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာတို့ကို ဗိုလ်ချုပ်ကြီးနေ၀င်း တဦးတည်း၏ လက်သို့ အပ်နှင်းလိုက်ပါသည်။ ။

Monday, December 15, 2008

(၁၈) ၀န်ကြီးချုပ်ဦးနု ပြန်လာပြီးနောက် (ကြေးမုံဦးသောင်း)

၁၉၆၀ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာလူထု၏ နိုင်ငံရေးအသိစိတ်ဓာတ်ကို မှတ်ကျောက်တင်သည့် ရွေးကောက်ပွဲအဖြစ် မှတ်တမ်းတင်သင့်ပါသည်။
အိမ်စောင့်စစ်အစိုးရက သူတို့ကို ထောက်ခံမှု မပြုသူမှန်သမျှ ဖမ်းဆီးပြီး တဲအိမ်များကို ဖျက်နေချိန်တွင် ဦးနုက `လူထုကြီးမှာ ဒူးနဲ့ မျက်ရည်သုတ်ကာ ခံနေကြရတယ်´ ဟု ပြတ်သားသည့် မိန့်ခွန်းကို စတင်ဟော ကြားပြီး စစ်အစိုးရ မတရားမှုတွေကို ဆန့်ကျင်သောအခါ လူထုက အားကိုးတကြီးနှင့် ဦးနု၏ နောက်မှ ရပ်တည် ကြပါသည်။ တင်မောင်လည်း သူ့ကို အားကိုးမိပါ၏။
အိမ်စောင့်အစိုးရခေတ်၌ ၀ရမ်းပြေးဘ၀က လွတ်လာသောအခါ ကြေးမုံကို ပိတ်ထားသောကြောင့် အိုးဝေသို့ သွားပြီး နေ့စဉ် ဆောင်းပါးရေးရသည်။ တည်မြဲ၊ သန့်ရှင်းအကွဲတော်ပုံ၏ အများပြည်သူတို့ ထင်မြင်ချက် စစ်မျက်နှာတွင် သန့်ရှင်းတို့ဘက်မှ အပြီးအပြတ် အနိုင်ရသောကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာ နေပါသည်။ ထိုအချိန်တွင် ဥက္ကဌကြီး ဦးနုက တင်မောင်ကို တွေ့ချင်တယ်ဟု ခေါ်ပါသည်။ ၀န်ကြီးချုပ်လောင်းကြီးက သူတို့ တက်လာသောအခါတွင် ဖမ်းထားသည့် အယ်ဒီတာကို လွှတ်ပေးပြီး သိမ်းထားသည့် သတင်းစာတိုက်ကို ပြန်ပေးရန် ကူညီလေမည်ဟု မျှော်လင့်ချက်ကြီးတခွဲသားနှင့် သွားမိသည်။
`မင်းအခု ရင်ဆိုင်နေရတာတွေက အရင်ဘ၀က ကံဝဋ်ကြွေးတွေကွ´ ဟု အစချီပြီး ကမ္မဖလနိယာမ တရားကို ရှည်လျားစွာ ဟောပါတော့သည်။ ဦးနုက နိုင်ငံရေးစကားတလုံးမှ မပြောဘဲ တရားဟောပြီး နောက်ဆုံးကျမှ ပါဠိစာနှင့် ရေးထားသော ဂါထာတပုဒ်ကို ပေးပါသည်။ `တနေ့ သုံးကြိမ် ရွတ်ပါလေ၊ မင်းသတင်းစာတိုက် ပြန်ရစေမည်´ ဟု ပြောလိုက်ပါ၏။ သူတော်ကောင်းတရား ဖြစ်သဖြင့် ပြန်မပြောဝံ့သော ကြောင့် ခေါင်းငုံ့ပြီး ပြန်ခဲ့ပါ၏။ ဦးနုက တင်မောင်ကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးစေကာမူ ရွေးကောက်ပွဲအတွက်မူ ပြတ်သားသော နိုင်ငံရေးလမ်းစဉ်ကို ချမှတ် ဆင်နွှဲခဲ့ပါသည်။
တည်မြဲ ခေါင်းဆောင်ကြီး ဦးဗဆွေကိုယ်တိုင်က `တည်မြဲအဖွဲ့သည် နိုင်လျှင်လည်း နိုင်ရမည်၊ ရှုံးလျှင်လည်း နိုင်ရမည်´ ဟု တရားဟောသောကြောင့် လူထုက စိုးရိမ်လာကြပါသည်။
ဦးဗဆွေ၏ စကားအရ တည်မြဲတို့က အရှုံးမခံလိုကြဘဲ အကယ်၍ ရှုံးခဲ့လျှင် မတရားသောနည်းနှင့် အနိုင်ယူ ရန် စီစဉ်ထားကြသည်ဟု ဦးနုက ဖွင့်ဟ ပြောကြားပါတော့သည်။ မတရားသောနည်းမှာ လက်ရှိ ဖိနှိပ် အုပ်ချုပ်နေသည့် အိမ်စောင့်အစိုးရ စစ်တပ်အကူအညီနှင့် စစ်အာဏာရှင်နိုင်ငံ တည်ဆောက်ရန်သာ ဖြစ်သည်ကို လူထုက သိရှိလာကြပါသည်။
ဦးနုက မဲဆန္ဒရှင်တို့ကို မေးခွန်းတခုသာ မေးပါသည်။ `ဒီမိုကရေစီကို ရွေးမည်လား၊ ဖက်ဆစ်စနစ်ကို ရွေးမည်လား´ ဟု မေးပြီး အသည်းကြားက မဲတပြားကို ကြိုက်ရာရွေးပြီး မဲပေးပါ ဟု ဟောပြောပါသည်။
ရွေးကောက်ပွဲတွင် တပ်မတော်သားများ မည်သည့် အဖွဲ့အစည်းဘက်ကိုမှ ဘက်မလိုက်ရဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက လူသိရှင်ကြား ကြေညာချက်ထုတ်သော်လည်း လက်တွေ့တွင်မူ `တို့စစ်သားတွေ ဘက်လိုက်ကြဟေ့´ ဟု တပ်လှန့်ပေးသည်ဟု ထင်ရပါသည်။ သေသေချာချာ ဘက်လိုက်ကြပါသည်။
မဲရုံတည်နေရာ မဲပုံးစားပွဲမှ စတင်ပြီး တည်မြဲတို့ဘက်က ကောင်းကျိုးရစေရန် စစ်တပ်က စီစဉ်ပါသည်။ တပြည်လုံးတွင် တပ်စွဲထားသည့် စစ်တပ်မှန်သမျှက တည်မြဲတို့ဘက်မှ အမျိုးမျိုးအားပေး ပါသည်။ ထို့ကြောင့် လူထုကြီးက စစ်တပ်ကို အလွန့်အလွန် ကြောက်လန့်လာကြပြီး သန့်ရှင်းကို အားကိုးတကြီး မဲပေး ကြရပါတော့သည်။ မဲရုံမရှိဘဲ ဟင်းလင်းပြင် ကွက်လပ်တွင် မဲပုံးချထားပြီး စစ်တပ်က သေနတ်နှင့် ချိန်ထားသည်ကိုပင် မဲဆန္ဒရှင်များက သန့်ရှင်းကို ရဲရဲဝံ့ဝံ့ မဲပေးကြသည်အထိ စစ်တပ်ကို ဆန့်ကျင်ကြ ပါသည်။
ရလဒ်မှာ ပြည်ထောင်စုအဖွဲ့ဟု အမည်ပြောင်းသည့် သန့်ရှင်းတို့က အမတ် (၁၅၉) ဦး အရွေးခံရပြီး တည်မြဲ တို့က (၄၂) ဦးသာ အရွေးခံရပါသည်။ မဲပေးသူ (၅၉) ရာနှုန်းရှိပြီး၊ (၅၂) ရာနှုန်းက သန့်ရှင်း၊ (၃၁) ရာနှုန်းက တည်မြဲ၊ (၅) ရာနှုန်းက ပမညတကို မဲပေးကြပါသည်။ စောစောက ပါလီမန်မှာ အမတ် (၄၄) ဦး ရထားသည့် ပမညတ အဖွဲ့မှ အမတ်လောင်း (၁၃၅) ဦး ၀င်ရောက်အရွေးခံရာ၌ တယောက်မှ အရွေးမခံရပါ။ မြန်မာ လူထုကြီးက လက်ဝဲ၀ါဒီတို့၏ ကွန်မြူနစ်စနစ်ကို လက်မခံကြကြောင်း ဆန္ဒမဲနှင့် သတ္တိပြောင်စွာ ပြသ ခဲ့ပါသည်။
တင်မောင်အဖို့ ဦးနုပေးသည့် ဂါထာကို ရွတ်ရန်မလိုတော့ပါ။ ပိတ်ထားသော သတင်းစာများကို ပြန်ဖွင့်ခွင့် ပေးပြီး ဖမ်းထားသူများကို ပြန်လွှတ်ပါသည်။ ကိုကိုးကျွန်းထောင်ကြီးကို ဖျက်ပေးရပါသည်။
ဦးနု၏ ပြည်ထောင်စုပါတီ အစိုးရ တက်လာသည်မှာ ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် ဖြစ်သဖြင့် သတင်းစာများက စတင်ကာ အခွင့်အရေးတောင်းကြသည်။ စာနယ်ဇင်းတို့ အဖို့ ပဝေသဏီခေတ်၊ အင်္ဂလိပ် နယ်ချဲ့ခေတ်က ဥပဒေများနှင့် အစိုးရ အစဉ်အဆက် ဖိနှိပ်သည်ကို ခံခဲ့ရပါသည်။ ၁၈၆၁ ခုနှစ်က ရေးသား အတည်ပြုခဲ့သည့် အိန္ဒိယ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ၁၈၇၆ ခုနှစ်က တည်ခဲ့သော ပုံနှိပ်တိုက်ဥပဒေ စသည့် ဥပဒေများနှင့် အိမ်စောင့်အစိုးရခေတ်တွင် ဗိုလ်မှူးချုပ် မောင်မောင် ပြင်ဆင်သော ဥပဒေများကို ပြင်ဆင်ပေးပါဟု တောင်းဆိုကြပါသည်။ သတင်းစာအားလုံးက အယ်ဒီတာ့အာဘော် (၇) ရက်မျှ မရေးဘဲ ဆန္ဒပြပြီး တောင်းပါသည်။ နှစ်ခါမတောင်းရပါ။ ပြင်သင့်သည်မှန် သမျှ ပြင်ကြပါလေဟု ကော်မီတီ ဖွဲ့ပေးလိုက်ပါသည်။ ဒီမိုကရေစီ ပွဲတော်ကြီး စတင်လာလေပြီ။
လူမျိုးစု ခေါင်းဆောင်များကလည်း ဦးနုကို ချဉ်းကပ်ကြပါသည်။ `ကျနော်တို့ ရွာမှာ ဗမာ စစ်သားတွေ တပ်စွဲ နေတာကြောင့် အရက်၊ ကြက်၊၀က် ကစပြီး သမီးကညာများအထိ ဗမာစစ်သားတွေက ဆွဲလေ့ရှိပါတယ်´ ဟု တင်ပြ ကြပါသည်။
မခံချင်သောကြောင့် လက်လွန် ခြေလွန် သူပုန်ထနေသည့် လူမျိုးစုများကလည်း ရှိနေသောကြောင့် `ဗမာ စစ်တပ်တွေ ပြန်စေလိုလျှင် ငြိမ်းချမ်းရေး ရှိမှ ဖြစ်မယ်၊ ငြိမ်းချမ်းဖို့က လူမျိုးစု ပြဿနာတွေ ဖြေရှင်းမှ ဖြစ်မယ်´ ဟု ကွင်းဆက်အကြောင်းအရင်းကို ရှာပြီး လူမျိုးစုတိုင်း ကျေနပ်အောင် ၁၉၄၇ ခု အခြေခံ ဥပဒေကြီးကို ပြင်ဆင်ကြစို့ဟု ဆုံးဖြတ်အားထုတ်ပါသည်။
၁၉၆၁ ခု၊ ဇွန်လမှ လူမျိုးပေါင်းစုံ ကွန်ဖရင့်ကို တောင်ကြီးမြို့မှာ ကျင်းပပြီး အခြေခံ ဥပဒေကြီး ပြင်ဆင်ရေးကို ညှိနှိုင်းကြပါသည်။ အလုပ်ကော်မတီက တနှစ်ကြာ ဆွေးနွေးပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် ထွက်လာပါသည်။
ပြည်နယ်ဖွဲ့စည်းရေး၊ လွှတ်တော်အာဏာ တူညီရေး၊ ကိုယ်စားလှယ်မျှတရေး၊ မျှတစွာ အခွန်တော် သုံးစွဲရေး စသည့် အချက်များနှင့် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး စသော အာဏာများကို ဗဟိုပြည်ထောင် စုက လုပ်ဆောင်ရေး စသည်ဖြင့် အသေးစိတ် အဆိုပြု ထားပါသည်။ မျှတပြီး သဘာဝကျသည်ဟု ပညာရှင်များက သုံးသပ်ကြပါသည်။
ထိုအဆိုပြုချက်များကို ၁၉၆၂ ခု၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ရန်ကုန်အသံလွှင်ရုံ နှီးနှောဖလှယ်ပွဲမှာ တင်ပါသည်။ အဆိုပြုချက်ကို ကန့်ကွက်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်ကြရန် နိုင်ငံရေးအဖွဲ့အားလုံးတို့နှင့် အဆင့် ဆင့် ညှိကြရန် စီစဉ်ထားပါသည်။ နောက်ဆုံး အတည်ပြုကြသောမူကို လွှတ်တော်မှာတင်ပြီး၊ အကျေ အလည် ဆွေးနွေးပြီး ဥပဒေပြင်ဆင်ထုံးအရ အသေးစိတ် အစီအစဉ်ကို မိန့်ကြားပါသည်။
တင်ပြသည့်မူတွင် မှားယွင်းမှု၊ တိမ်းပါးမှုများ ရှိနိုင်စေကာမူ အဆင့်ဆင့် ဆွေးနွေးတည်းဖြတ်ကြမည် ဖြစ်သဖြင့် သန့်စင်သော ပြင်ဆင်ချက်မူကြမ်းကြီး ပေါ်ပေါက်လာနိုင်သောကြောင့် နိုင်ငံရေးပါတီအားလုံးက ဒီမိုကရေစီအခွင့်အရေး ရရှိကြတော့မည် ဖြစ်သဖြင့် ၀မ်းသာကြသကဲ့သို့ လူမျိုးစုများက ကြက်ဝက်ဆွဲသော ဗမာ့စစ်တပ်ရန်က ကင်းဝေးတော့မည် ဖြစ်သောကြောင့် ကျေနပ်ကြပါသည်။ တည်မြဲတို့ကမူ ကန့်ကွက်ကြ၏။
ယင်းသို့ ဒီမိုကရေစီနည်းနှင့် ညီညီညွတ်ညွတ် ပြင်ဆင်ကြသည်ကို လက်မခံနိုင်သူမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါသည်။ ဥပဒေ ပြင်ဆင်ချက် အောင်မြင်လျှင် စစ်တပ်အဖို့ မေမြို့၊ မိတ္ထီလာနှင့် မင်္ဂလာဒုံ စစ်စခန်းများမှာသာ နေကြရမည့်ဘ၀ကို သူက လက်မခံနိုင်ပါ။
ထိုကြောင့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က စတင်သော ၀န်ကြီးချုပ်နှင့် လူမျိုးစုခေါင်းဆောင်များ ဆွေးနွေးပွဲ မပြီးမီ (၇) ရက်အကြာ မတ်လ (၂) ရက်နေ့တွင် ပြည်ထောင်စုကြီး ပြိုကွဲမည်မို့ တားဆီးသည်ဟု အကြောင်း ပြပြီး အာဏာသိမ်းလိုက်ပါတော့သည်။ အကြောင်းအရင်းကမူ ညီညွတ်ငြိမ်းချမ်းသည့် ဒီမိုကရေစီ နိုင်ငံတွင် စစ်တပ်က ထင်သလိုကြဲနိုင်ရန် အခွင့်အလမ်း မရှိလေသောကြောင့် အာဏာလုသည်သာ ဖြစ်ပါ၏ ။ ။

Saturday, December 13, 2008

ကျောင်းကပွဲ


ကြာသပတေးနေ့ ညနေ ၇ နာရီတိတိမှာ ကျနော် စာသင်ခန်းထဲကိုရောက်တော့ လူအတော် စုံနေပါပြီ။ တခန်းလုံးလည်း ဂျာမန်အလံလေးတွေ ချိတ်ထားကြတယ်။ သူတို့ (၇) တန်းအေ က အတန်းသားတွေရယ်၊ ကျောင်းသားမိဘတွေရယ် စာသင်ခန်းထဲမှာ နေရာယူပြီးချိန်မှာ ကျောင်းသားလေးတယောက်နဲ့ ကျောင်းသူတယောက်က အခန်းရှေ့ထွက်လာပြီး ကောင်မလေးက စာရွက်တရွက်ကိုင်ပြီး ဂျာမန်လို ပြောပါတယ်။ အခမ်းအနား စပြီ ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အစားအသောက်များကို စတင်သုံးဆောင်နိုင်ပါပြီ လို့ ပြောတယ်လို့ တော့ ကျနော်ထင်တာပဲ။ သူတို့တွေ (၇) တန်းရောက်မှ ဂျာမန်စာစသင်ရတာမို့ အဲဒါကိုပဲ အထင်ကရ ထားပြီး ဂျာမန်အလံတွေရယ် ဂျာမန်စကားနဲ့ မိတ်ဆက်တာရယ်ကို စီစဉ်ထားပုံ ရတယ်။
အစားအသောက်တွေက မိဘတွေကိုယ်တိုင် အိမ်က ချက်ယူလာရတာပါ။ ကိုယ့်အိမ်ကနေပဲ ထည့်စားဖို့ ပုဂံပြား၊ ဇွန်းခါးရင်း နဲ့ ရေခွက်စတာတွေ ယူသွားရပါတယ်။ ပွဲကတော့ နှစ်စဉ်ကျောင်းက စီစဉ်ပေးတဲ့ ပါတီပွဲပါ။ သူတို့အတွက် လုပ်ပေးတဲ့ ပါတီမို့ ကျောင်းသားကျောင်းသူအားလုံး ပွဲတက်တဲ့ ၀တ်ကောင်းစားလှတွေ ၀တ်စားထားကြပါတယ်။ ကောင်မလေးတွေဆိုလည်း လက်ကိုင် အိတ်တွေဘာတွေကိုင်လို့ လူကြီးပုံစံ ဖမ်းနေကြတာလဲ တွေ့ရပါတယ်။
ဆရာမရယ်၊ အတန်းသားတွေရယ်နဲ့ ကျောင်းသားမိဘတွေ အတူတကွ စားသောက်ပြီးတဲ့ အချိန်မှာတော့ သူတို့လေးတွေ အလျှိုလျှို ထွက်သွားကြတာ အခန်းထဲမှာ လူကြီးတွေပဲ ကျန်ပါတော့ တယ်။ ယောက်ျားလေး ၉ ယောက်၊ မိန်းခလေး ၁၅ ယောက် စုစုပေါင်း ၂၄ ယောက်ရှိတဲ့ သူတို့အတန်းမှာ ကျောင်းသားမိဘ ၁၉ ယောက် ပါတီကို လာတာ တွေ့ပါတယ်။
ကျနော့်သား ကိုရဲ (ခေါ်) ရဲဇာနီလွင်ဦး ဒိန်းမတ်ကို ရောက်ရောက်ချင်း လေးတန်းက စတက်ရပါတယ်။ ဒီမှာက တနှစ်ကုန်သွားရင်တတန်းအောင်တယ်။ စာမေးပွဲလည်း ဖြေစရာမလိုဘူး။ အတန်းပိုင်က ဆရာမကလည်း ဒီဆရာမပဲ။ ဘာသာရပ်ဆရာတွေကတော့ ပြောင်းနေတယ်။ အတန်းပိုင်ဆရာမ မပြောင်းတဲ့အခါကျတော့ သူ့ဆရာမနဲ့ သူ့တပည့်တွေ ရင်းနှီးပြီး တယောက်အကြောင်းတယောက် သိနေကြတယ်။ တကျောင်းလုံးမှာ ၇ တန်း ၂ ခန်းပဲရှိပြီး ကိုရဲတို့ ၇ တန်း (အေ) မှာတော့ ဒိန်းမတ် မဟုတ်တဲ့ နိုင်ငံခြားကလာသူ ၃ ဦး ရှိပါတယ်တဲ့။ “ပထမဆုံးရောက်လာတာက ကိုရဲ၊ ဒုတိယ ပိုလန်က မိန်းခလေးကျောင်းသူတဦးနဲ့ နောက်ဆုံးရောက်လာသူကတော့ Lithuania က ကောင်မလေး တယောက်ပေါ့” လို့ ဆရာမက ကျနော့်ကို ရှင်းပြပါတယ်။ ဆရာမက ကျောင်းဆရာ လုပ်သက် ၂၉ နှစ်ရှိပြီး သူ့မှာ သမီးတယောက်ရှိတယ်၊ သမီးက အခု ကျောင်းပြီးလို့ ကိုပင်ဟေဂင်မှာ အလုပ်လုပ်နေပါပြီ။ ဆရာမနေတဲ့ အိမ်က ကျောင်းနဲ့ သိပ်မဝေးလို့ ကျောင်းကို များသောအားဖြင့် စက်ဘီးနဲ့လာပြီး တခါတလေတော့လည်း ကားမောင်းလာပါတယ်တဲ့။ ဟုတ်ကဲ့ ဒိန်းမတ်မှာ ကျောင်းဆရာတွေ ကားစီးနိုင်ကြပါတယ်ခင်ဗျာ။
ကျောင်းခန်းထဲက နံရံမှာ ကပ်ထားတဲ့ အချိန်စာရင်းအရ မနက် ၇ နာရီ ၄၅ မိနစ်မှာ ကျောင်းစတက်ပြီး စာသင်ချိန် တချိန်ကို ၄၅ မိနစ်နဲ့ တနေ့ကို စာသင်ချိန် (၇) ချိန်ရှိတာ တွေ့ရပါတယ်။ ဘာသာရပ်အလိုက် သီတင်းတပတ်စာ ဒိန်းမတ်စာ ၆ ချိန်၊ သင်္ချာ ၄ ချိန်၊ အင်္ဂလိပ်စာ ၃ ချိန်၊ ဂျာမန်စာ ၃ ချိန်၊ အိမ်တွင်းမှု ၃ ချိန်၊ ရူပဗေဒ ၂ ချိန်၊ အားကစား ၂ ချိန်၊ သမိုင်း ၂ ချိန်၊ ဘိုင်အို ၂ ချိန် နဲ့ ပထ၀ီက ၁ ချိန် သတ်မှတ်ထားတာ တွေ့ရပါတယ်။
အရင်နှစ်တွေတုံးက ဘာသာရေးချိန်သတ်မှတ်ထားပြီး ခရစ်ယာန်ဘာသာအကြောင်းကို သင်ပေးတာ တွေ့ပေမယ့် ဒီနှစ်မှာတော့ တခြားဘာသာတွေတိုးလာပြီး ဘာသာရေးသင်ပေးတာ မရှိတော့ပါဘူး။ ခရစ်ယာန်ဘာသာသင်တဲ့နေတွေဆို ကိုရဲတယောက် ကျောင်းကို နောက်ကျမှ သွားရပါတယ်။ သူ့အကြိုက်ပေါ့။
ဒီစာရေးနေရင်း သထုံမြို့နယ်မှာ မူလတန်းပြဆရာ ၀င်လုပ်ခဲ့ဘူးတဲ့ ကျနော်… ကျနော် တာဝန်ကျခဲ့တဲ့ ချောင်းစောင့်ဆိုတဲ့ ကရင်ရွာကလေးကို သတိရမိပါတယ်။ အခုတော့ အဲဒီရွာလေး စစ်ကြောင်းမလွတ် လို့ဆိုပြီး အဖျက်ခံရတဲ့ အထဲ ပါသွားပလားမသိ။ မူလတန်းကျောင်း ၁၇ ကျောင်းပါတဲ့ ကျနော်တို့ရဲ့ အမှတ် (၆) အုပ်စုမှာ တာဝန်ခံက ကျောင်းအုပ်ကြီး ဆရာ ကိုဘညွန့်ပေါ့။ ကျနော်တို့ အုပ်စုမှာ ပါတဲ့ ရေဝေ မူလတန်းကျောင်းက ဆရာကိုစန်းဝေဆို သူ့အတန်းက ခလေးတွေကို ကျောင်းအလာမှာ ထင်းချောင်းတွေ သယ်လာခိုင်းတတ်တယ်။ အိမ်ပြန်ဖို့ ကျောင်းကားမှာ ဆုံကြတဲ့အခါ “ထင်းတစီးပါလာတော့ အိမ်အပြန် မျက်နှာပန်းလှတာပေါ့ဗျာ” လို့ ပြောလေ့ရှိတဲ့ ကိုစန်းဝေ ကိုလည်း ကျနော် သတိရနေသေးတယ်။
လူကြီးတွေကိုပဲ အတန်းထဲမှာ ထားခဲ့ပြီး အပြင်မှာအဖော်တွေနဲ့ လမ်းသလားနေတဲ့ ကျနော့်သားကို “အဖေ ပြန်တော့မယ် ဆိုတော့” သူက “အဖေပြန်နှင့် သားတို့ဒီည ဒစ်စကိုရှိတယ်၊ အဲဒီမှာသွားကရအုံးမယ်။ အမေ့ကို ပြောလိုက် သားအပြန်နောက်ကျမယ်” တဲ့။ ဒါနဲပဲ သူ့ကိုထားခဲ့ပြီး ည ကိုးနာရီ ကျော်ကျော်မှာ ကျနော် အိမ်ပြန်လာခဲ့ပါတော့တယ်။ မနက်ဖန် အလုပ်သွားရအုံးမယ်လေ။

(အပေါ်ဓာတ်ပုံ - ၆ တန်း-အေ၊ ၂၀၀၇ ခုနှစ်)

Monday, December 8, 2008

သပိတ်နှင့် စစ်ဗိုလ်

၈၈ အရေးအခင်းတုံးက သထုံမြို့မှာ သပိတ်မှောက်နေကြတုံး ကျနော်တို့ သပိတ်စခန်းကို စစ်ဗိုလ် တယောက် ရောက်လာခဲ့ဘူးတယ်။ ဖြစ်ပုံက ဒီလိုပါ။ ကျနော်တို့ သပိတ်စမှောက်တော့ ၀ိဇ္ဇာဘာဂီ ဘုန်းကြီးကျောင်းမှာ စခန်းချတဲ့ ကျောင်းသားသမဂ္ဂ သပိတ်စခန်းနဲ့ ပူးပေါင်းပါတယ်။ အဲဒီ အချိန်မှာ ကျောင်းသားသမဂ္ဂ ဆိုတာ အလွန်အလုပ်ရှုပ်တဲ့နေရာ ဖြစ်နေတယ်လေ။ အဲဒီတော့ ကျနော်တို့ အလုပ်သမားတွေက မနီးမဝေးက “နန်းတော်ရာ” ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ သပိတ်စခန်း ဖွင့်ကြ တယ်။ သပိတ်ကို စခန်းတာဝန်ခံ ကော်မတီငါးဦးက အုပ်ချုပ်ပါတယ်။ ခေါင်းဆောင် ငါးဦး (ဒါမှမဟုတ်) ငါးဦး ကော်မတီ ဆိုပါတော့။ သပိတ်စခန်းမှာ အမြဲနေ ၀န်ထမ်းအင်အားက တရာကျော် ရှိပြီး ဆန္ဒပြတဲ့နေ့ကျမှ ကျနော်တို့နဲ့ လာပူးပေါင်းပြီး ကိုယ့်အိမ်မှာပဲ ကိုယ်နေတဲ့ ၀န်ထမ်းတွေလည်း ရှိသေးတယ်။
သပိတ်တာဝန်ခံ ငါးဦးက ထိန်ဝင်း (ယခု ပြည်ပတွင် အလုပ်လုပ်နေသူ)၊ ဇော်ဝင်း (မြန်မာပြည်တွင်း တနေရာ)၊ ၀င်းမြင့်စိုး (ယခု- ကနေဒါ)၊ ထွန်းသိန်း (ယခု-ယူအက်စ်အေ) နဲ့ ယခုစာရေးသူ ကျနော် တို့ပါပဲ။ သပိတ် အရှိန်ရလာတော့ ကျနော်တို့ တာယာစက်ရုံသမဂ္ဂကပဲ ဦးဆောင်ပြီး မြို့နယ် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးတွေ လုပ်ကြတယ်။ မြို့ပေါ်က တခြားဝန်ထမ်းတွေကို လိုက်စုစည်းတဲ့အလုပ်ကို ကျနော်နဲ့ ထွန်းသိန်း တို့က လုပ်နေတော့ သပိတ်စခန်းကို သိပ်ဂရုမစိုက်နိုင်ဘူးဆိုပြီး နောက်ထပ် ခေါင်းဆောင် ၂ ဦး ကို ထပ်ရွေးဖြစ်တယ်။ အဲဒါ ကြည်ဌေး (ယခု - ယူအက်စ်အေ ဖို့ဝိန်း) နဲ့ ကိုကြည်ခင် (ဘယ်ရောက်နေမှန်း မသိ) တို့ပါပဲ။
သပိတ်မှောက်နေတုံးတရက် မနက်ပိုင်း ကျနော်တို့ လဘက်ရည်ဆိုင် ထိုင်နေတုံး သပိတ်စခန်းကို စစ်တပ်က ဗိုလ်ကြီးတယောက်ရောက်နေတယ် ဆိုတဲ့ သတင်းစကား ရောက်လာတယ်။ ဒီနေရာမှာ စကားဖြတ်ပြောချင်တာတခုက … လဘက်ရည်ဆိုင်ထိုင်တဲ့ ကိစ္စပါ။ သပိတ်မှောက်နေတုံးရော.. သပိတ် မဖြစ်ခင်ကပါ လဘက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု ကျနော်တို့မှာ စီးဝင်နေပါပြီ။ စစ်တပ် အာဏာသိမ်းလို့ တောထဲပြေးကြတဲ့အထိတောင် ကေအင်ယူရဲ့ မဲတရေ စခန်းက မရှိမဲ့ရှိမဲ့ လဘက်ရည်ဆိုင်လေးမှာ ကျောင်းသားတွေ တရုံးရုံးနဲ့ပေါ့။ မြန်မာပြည်မှာက ကိုယ့်အိမ် ဧည့်သည်လာရင်တောင် လဘက်ရည်ဆိုင်မှာပဲ ဧည့်ခံကြသလို… မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံး သမိုင်းဝင် အဖြစ်အပျက်ဟာလည်း လဘက်ရည်ဆိုင်က စခဲ့တယ်လေ။ ကျနော်တို့ ငယ်ငယ်က ကိုယ့်အိမ်မှာပဲ ကော်ဖီဖျော်သောက်ပြီး ဧည့်သည်လာရင် လည်း အိမ်မှာပဲ ဖျော်တိုက်ကြပေမယ့် ကျနော်တို့ အရွယ်ရလာတော့ ခေတ်ရဲ့ ကျပ်တည်းမှုကြောင့် နို့ဆီ၊ သကြားဆိုတာ ဇိမ်ခံပစ္စည်း ဖြစ်သွားခဲ့ရပါတယ်။ လဘက်ရည်တခွက်မှာမယ်၊ ရေနွေးကြမ်း တအိုးချခိုင်းမယ်၊ မုန့်တွေဘာတွေလည်း သိပ်မစားဖြစ်ကြဘူး၊ မုန့်စားရင် လဘက်ရည်အရသာ ပျက်တယ်၊ သူငယ်ချင်းတွေနဲ့ လေကန်မယ်၊ ချဲတွက်မယ်။ အဖော်တွေမရှိလဲ လဘက်ရည်ဆိုင်မှာ မဂ္ဂဇင်းတအုပ် ၀တ္ထုတပုဒ်နဲ့ အချိန်ဖြုန်းခဲ့တဲ့ ကာလတွေလည်း အများကြီးရှိခဲ့ဘူးပါတယ်။
စစ်ဗိုလ်ဇာတ်လမ်း ပြန်ဆက်ရရင်… အဲဒီ ဗိုလ်ကြီး က သထုံမှာရှိတဲ့ ထောက်ပို့ တပ်ကပါ။ သူ့ တာဝန်က ကရင်ပြည်နယ်မှာ ရှိတဲ့စစ်တပ်တွေကို ရိက္ခာပို့ပေးရမယ်။ သူ့တပ်မှာရှိတဲ့ စစ်ကားစီးရေ နဲ့ မလုံလောက်ရင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး (အာတီစီ) က တီအီးကားတွေ ငှားသုံးနေကျပဲ။ ဒါပေမယ့် လောလောဆယ် အစိုးရကို သပိတ်တိုက်ပွဲဝင်နေတဲ့အထဲမှာ အာတီစီက ကားသမားတွေ လည်း ပါနေတယ်လေ။ အဲဒီတော့ ကားသမားတွေကလည်း မမောင်းနိုင်ဘူးတဲ့။ ယာဉ်မောင်းမပါပဲ ကားတွေ ပေးလိုက်ဖို့ကိုလည်း အာတီစီ စခန်းတာဝန်ခံက သဘောမတူပြန်ဘူး။ နောက်ဆုံးတော့ ကြံရာမရအဆုံး ဗိုလ်ကြီးဟာ အာတီစီက အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ် ၂ ဦးနဲ့အတူ ကျနော်တို့ သပိတ်စခန်းကို ရောက်လာတော့တာပါပဲ။ ကျနော်တို့လည်း သပိတ်စခန်းကို စစ်ဗိုလ်ရောက်လာတယ်ဆိုတော့ ဘာလုပ်ရမှန်း မသိဖြစ်ကုန်တယ်။
ဗိုလ်ကြီးကတော့ ဘုန်းကြီးကျောင်းထဲအထိ ၀င်မလာပါဘူး။ အလုပ်သမားကိုယ်စားလှယ် ၂ ယောက်က အကျိုးအကြောင်းပြောပြတာ ကျနော်တို့ နားထောင်ပြီး စစ်လက်နက် ပစ္စည်း မဟုတ်ပဲ စားနပ်ရိက္ခာတွေပဲ ဆိုရင် ခွင့်ပြုတယ်ဆိုတဲ့ စာကို သပိတ်စခန်းက ထုတ်ပေးလိုက်ပါတယ်။ စစ်အာဏာလည်း သိမ်းရော ဗိုလ်ကြီးက ဘာဖြစ်လဲတော့ မသိ၊ ကျနော်တို့ သပိတ်အဖွဲ့တွေတော့ တောထဲကို ထွက်ပြေးခဲ့ရပါလေရော… တောထဲကို မသွားခင် သထုံမြို့ကို ထိန်းဖို့ ၀င်လာတဲ့ တပ်က တပ်ရင်းမှူး ဗိုလ်မှူးမြင့်အေးက ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျနော်တို့ကို အလက (၁) ဘီစီ ကျောင်းမှာ ခေါ်တွေ့ပြီး တောမခိုသင့်တဲ့အကြောင်း ရှင်းပြပါသေးတယ်… ဒါပေမယ့် ကျနော်တို့က ရှေ့ဆက်ရမယ့် ခရီးအတွက် စီစဉ်နေကြပါပြီ။ အဲဒီ အကြောင်းတွေကိုတော့ ကြုံရင် ပြောပြပါအုံးမယ်။ ။

Sunday, December 7, 2008

(၁၇) ဗိုလ်ချုပ်ကြီးနေ၀င်း၏ ပထမဆုံးနှင့် နောက်ဆုံးသတင်းစာရှင်းပွဲ (ကြေးမုံဦးသောင်း)

အိမ်စောင့်အစိုးရတက်လာသောအခါတွင် ဗိုလ်တထောင်၊ ကြေးမုံနှင့် ရန်ကုန်သတင်းစာ တို့ကို အပြစ်ရှာပြီး ပိတ်လေသည်။ အယ်ဒီတာများကို ထောင်ဒဏ်ပေးပြီး၊ သတင်းစာတိုက်များကို အစိုးရသိမ်းစေဟု စီရင် ချမှတ်၏။
ကြေးမုံပိတ်သောနေ့က တင်မောင်က မန္တလေးမြို့သို့ ရောက်နေသည်။ ရန်ကုန်တွင် နံနက် စောစော ရဲတို့ သတင်းစာ တိုက်သို့ ရောက်လာကာ ပုံနှိပ်စက်များကို ချိပ်ပိတ်သည်။ တယ်လီဖုန်းသတင်းရလျှင် ရချင်း မီးရထားနှင့် ရန်ကုန် ပြန်ခဲ့ရသည်။ အယ်ဒီတာ ဦးကြည်မြင့်ကို ဖမ်းသွားသည်ဟု တိုက်မှပြောသော သတင်းအရ မိမိကိုပါ ရန်ရှာလေမည်ဟု စိတ်ထဲ၌ စနိုးစနောင့် ရှိသောကြောင့် အိမ်သို့ တိုက်ရိုက်မပြန်ခဲ့ဘဲ ရှောင်ခဲ့သည်။
တင်မောင်၏ မိသားစုသည် သတင်းစာတိုက် အပေါ်ထပ်တွင်ပင် နေကြသည်။ အိမ်သို့ တိုက်ရိုက်မပြန်သေးသည် သာမက ရန်ကုန်ဘူတာအရောက်ပင် မစီးတော့ဘဲ သင်္ကန်းကျွန်းဘူတာတွင် ဆင်းခဲ့သည်။ ဘူတာမှ အငှားကားတစီး ကို ငှားကာ မြို့တွင်းရှိ မိတ်ဆွေတဦး၏ အိမ်တွင် ခိုနေခဲ့သည်။ မိမိထင်သည့်အတိုင်းပင် ရန်ကုန်ဘူတာကြီးတွင် စစ်စုံထောက်များ စောင့်နေကြပြီး သတင်းစာတိုက်ကိုလည်း စောင့်ကြည့်နေကြသည်ဟု သိရသည်။
တိုက်ကို ချိပ်ပိတ်ပြီး အယ်ဒီတာ ဖမ်းရုံနှင့် မပြီးဘဲ တင်မောင်ကိုပါ ဖမ်းရန် ရှာဖွေနေကြသည်ဆိုသဖြင့် အမှုမရှိသော တင်မောင်အား ကိုကိုးကျွန်းသို့ ပို့ရန် သေချာနေလေပြီ။
အိမ်စောင့်အစိုးရက တည်ဆောက်ဖွင့်လှစ်သော ကိုကိုးကျွန်းစခန်းတွင် မြောက်မြားစွာသော လက်ဝဲ၀ါဒ ယုံကြည်သူ နိုင်ငံရေးသမားများ၊ စာရေးဆရာများကို ချုပ်နှောင်ညှဉ်းဆဲ နေသည်။ ကိုကိုးကျွန်းထောင်စခန်းသို့ သင်္ဘောမှန်မှန် မသွားနိုင်သောကြောင့် အစာရေစာ မပြည့်စုံသဖြင့် အကျဉ်းသားများ ဆင်းရဲပင်ပန်းကြကြောင်း၊ ငါးဖမ်းပြီး စားသောက် ကြရကြောင်း သတင်းများကို သိထားသဖြင့် ထိုထောင်စခန်းသို့ မသွားလိုသည်မှာ အမှန်ဖြစ်သည်။
တင်မောင်ကလည်း တင်မောင်ပင်။ မှန်သည် ယူဆသည်ကို ရေးရုံမျှမက မှန်သည်ထင်ရာကို ပြောလေ့ ရှိသည်။ အိမ်စောင့် အစိုးရအဖွဲ့ တက်လာစက စစ်ဗိုလ်ကြီးများက သတင်းစာဆရာများကို ပြုစုသော ဧည့်ခံပွဲတခုတွင် `တပ်မတော်ရဲ့ အစွမ်းကို သိပါတယ်။ အစွမ်းထက်ပါလျက် (၁၁)နှစ် ကြာလာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အပြီးအပြတ် မတိုက်တာဟာ သူပုန်သူကန်တွေကို မွေးမြူထားသလို ဖြစ်နေပါတယ်´ ဟု ဝေဖန်မိသည်။
စားပွဲမျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ခပ်အေးအေးနားထောင်နေသူ အသားဖြူဖြူနွဲ့နွဲ့ စစ်ဗိုလ်က `၀ုန်းကနဲ´ စားပွဲကို ထုပြီး၊ `တပ်မတော်ကို ဒီလောက်စော်ကားတာကို မခံနိုင်ဘူး´ ဟု အော်ပါတော့သည်။ တင်မောင်ကလည်း အားကျမခံ စားပွဲကို သူ့ထက်ပြင်းအောင် ထုပြီး `သတင်းစာဆရာဆိုတာ မှန်တယ်ထင်တာကို ပြောရမှာပဲ´ ဟု အော်မိသည်။
နှစ်ယောက်သား စားပွဲကို တဖုံးဖုံး ထုနေကြသောအခါ အခြား စစ်ဗိုလ်ကြီးများက လာရောက် ဖျန်ဖြေပေးကြရသည်။
ဧည့်ခံပွဲမှာ ပြန်လာသောအခါ ဆရာဇ၀နက `ခင်ဗျားက ဗိုလ်မှူးချုပ်မောင်မောင်ကိုမှ သွားပြီး ရန်ဖြစ်လေတယ်ဗျာ´ ဟု ဆူတော့၏။ `သူက ပင်နီအင်္ကျီနဲ့ဆိုတော့ မသိဘူးလေ´ ဟု ဆရာ့ကို ထုချေရသည်။
ပြေးလွှားနေရာမှ ဆရာဇ၀နထံ ဖုန်းဆက်သောအခါ `အေးလေ၊ ကျောင်းတော်က ရန်စက ပြေးနိုင်မှ လွတ်ရမယ့် ဘ၀ရောက်နေပြီပေါ့´ ဟု သရော်၏။ ထိုစဉ်က ဆရာဇ၀နက ကြေးမုံအစုရှင်၊ ဆောင်းပါးရှင်ဆိုစေကာမူ မြ၀တီ မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ရာထူးကို ရယူထားသောကြောင့် စစ်တပ်၏ ၀န်ထမ်းလည်း ဖြစ်နေသည်။
ဝရမ်းပြေး လူဆိုးကြီးအဖြစ် ရှောင်နေရာမှ ကယ်နိုင်လိုကယ်နိုင်ငြား နိုင်ငံရေးငယ်ဆရာတဦး ဖြစ်ခဲ့သူ ဗိုလ်မှူးကြီး ကြည်ဝင်းအိမ်ကို သွားမိသည်။ သူက ကမ္ဘာအေးဘုရားလမ်းတွင် နေထိုင်သည်။ သူမရှိသောကြောင့် အိမ်သားများကို မှာကြားပြီး ထွက်လာခဲ့သောအခါ နံနက် (၈) နာရီ ရုံးတက်ချိန်ရောက်သဖြင့် ကားလမ်းမှာ စည်ကားလာသောကြောင့် သူ၏ အိမ်နှင့် ၀င်းချင်းကပ်နေသည့် အမေရိကန်သံရုံးမှ ပြန်ကြားရေးအရာရှိ မစ္စတာရှပ်၏ အိမ်ဝင်းထဲသို့ ၀င်ပြီးခိုနေရင်း နှုတ်ဆက်မိပါသည်။
တင်မောင်နှင့် မစ္စတာရှပ်တို့မှာ ပြဒါးတလမ်း၊ သံတလမ်း နိုင်ငံရေး အယူအဆ မတူညီကြသူများ ဖြစ်ကြသည်။ မိတ်ဆွေဟု ခေါ်ဆိုမည့်အစား ငြင်းခုံဖက် နှစ်ဦးဟု ဆိုသင့်၏။
ထိုနေ့က သူက တင်မောင်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေဟန်ရှိသည်။ `မင်း ကိုကိုးကျွန်း သွားရတော့မှာပဲ၊ မကြောက်ဖူးလား´ ဟု မေးသဖြင့် `ကြောက်တာပေါ့ဗျ´ ဟု အမှန်အတိုင်း ဖြေမိသည်။
မစ္စတာရှပ်က ပိုမို စိတ်မကောင်းဟန် တူသည်။ `ရှောင်လို့ရတဲ့ နည်းမရှိဘူးလား´ ဟု မေးပြန်သဖြင့် `နိုင်ငံသား မှန်သမျှ စစ်တပ်လက်ခုပ်ထဲက ရေဆိုတော့ သူတို့ ညှဉ်းသမျှ ခံကြရမှာပဲ´ ဟု ဖြေလိုက်သည်။
`မင်းအမေရိကန်သံရုံးမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းပါလား´ ဟု သူက တင်မောင်၏ မျက်နှာကို စေ့စေ့ကြည့်ပြီး လေးလေးနက်နက် ပြောသဖြင့် အံ့သြ၀မ်းသာဖြစ်မိသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း မစ္စတာရှပ်နှင့် တင်မောင်တို့ မည်သည့်နိုင်ငံရေးသတင်းမှ အမြင်မတူဘဲ ငြင်းဆိုဖက်သာ ဖြစ်ကြသည်။ အယူအဆများသည် အမြဲတမ်း ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်သူများ ဖြစ်ကြလေသည်။ သူ၏ စေတနာကြောင့် ပီတိဖြစ်သော်လည်း ဇာတိမြေကို စွန့်ခွာရန် တထိုင်တည်း ဆုံးဖြတ်ခြင်း မပြုနိုင်သောကြောင့် ကျေးဇူးတင်စွာနှင့် စဉ်းစာပါမည်ဟု ပြောက ပြန်ခဲ့သည်။
နောက်တနေ့နံနက် အထောက်တော်သတင်းစာတွင် `ကြေးမုံဦးသောင်း အမေရိကန်သံရုံးသို့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခြင်း´ ဟူသော သတင်းပါလာတော့သည်။
မဟုတ်မမှန်ကြောင်း ဖြေရှင်းချက်ကို ဗမာ့ခေတ်က ဖော်ပြပေးသည်။ ဂါးဒီယန်း ဦးစိန်ဝင်းထံ ဆက်သွယ်သောအခါတွင် `ခင်ဗျားကို မဲနေကြတယ်။ လုံခြုံတဲ့နေရာတခုမှာ ခိုနေပါလေ´ ဟု သူက ပြောရင်း `နေရာကောင်းရဖို့ကလဲ မလွယ် ပါလား၊ ဒီတော့ ကျနော့်အိမ်ကို လာခဲ့´ ဟု ခေါ်ရှာ၏။ သူ၏ အိမ်တွင် (၁၅) ရက်ခန့် ပုန်းအောင်းနေခဲ့ရသည်။
ဗိုလ်မှူးချုပ်မောင်မောင်နှင့် စစ်ဗိုလ်ကြီးများသည် ဂါးဒီယန်းတိုက်သို့ ညစဉ်လာပြီး ထိုင်လေ့ရှိကြသည်။ နေ့ပိုင်းလည်း ဦးစိန်ဝင်းအား ဗိုလ်မှူးချုပ်မောင်မောင်က ရုံးသို့ခေါ်ပြီး ဆွေးနွေးလေ့ရှိသည်။ သူက ညသန်းခေါင်ကျော် အိမ်ပြန်လာပြီး သိခဲ့ရသမျှသော နိုင်ငံရေးသတင်းများကို ပြန်လည် ဖောက်သည်ချသည်။
ဆန်းကြယ်သော တင်မောင်တို့၏ ဘ၀ကို ရယ်မိကြသည်။ သူ၏ တရားခံဝရမ်းပြေးဖြစ်သူ တင်မောင်အား ဦးစိန်ဝင်းက လက်ခံထားရုံသာမက သူပြောသည့်သတင်းများကို ဆွေးနွေးကြသည်ကို ဗိုလ်မှူးချုပ်မောင်မောင်သာ သိရှိပါလျှင် ဦးစိန်ဝင်းကို သတ်ပစ်မည်ကိုပင် ကြောက်ရသည်။ ဦးစိန်ဝင်းသည် စစ်တပ်ပိုင်သတင်းစာတွင် အလုပ်လုပ်နေသူ ဖြစ်ပါလျက် စစ်တပ်ထက် ရဲဘော်ရဲဘက် သတင်းစာ လောကသားများအပေါ် သစ္စာရှိသည်။ ဦးစိန်ဝင်း၏ သတ္တိက ကြီးမားလှပါသည်။ တင်မောင်သာ သူ၏နေရာမှာ ရှိနေလျှင် သူကဲ့သို့ ကူရဲပါမည်လောဟု မိမိကိုယ်မိမိ မကြာခဏ မေးခွန်းထုတ်မိသည်။
တလကျော်ကြာ ပုန်းအောင်းနေပြီးမှ တင်မောင်၏ အပေါ်၌ ထားရှိသော ဒေါသပြေစပြုပြီဟု ဦးစိန်ဝင်းထံမှ သိရသဖြင့် တောင်းပန်ပြီး လက်နက်ချဝင်ရသည်။ စစ်ရုံးချုပ်ကို သွားပြီး ဗိုလ်မှူးချုပ်မောင်မောင်ကို တွေ့ရသောအခါ `ခင်ဗျားက ကျုပ်နဲ့ ရန်ဖြစ်ထားတော့ ကိုကိုးကျွန်းကိုပို့လျှင် ရန်စကြောင့် ပို့တယ်ပြောကြမှာမို့ စာရင်းမှာ ဖျက်ထားလိုက်တယ်´ ဟု ပြောပြီး လွတ်ငြိမ်းခွင့် ပေးလိုက်သည်။
အိမ်စောင့်အစိုးရခေတ်က နေ့တနေ့တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်နေ၀င်း၏ သတင်းစာရှင်းပွဲကို စစ်ရုံးသို့ ဖိတ်သဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် ငါးဆယ်ခန့် တက်ကြသည်။
ဝန်ကြီးအမည်မခံဘဲ ၀န်ကြီးရာထူးကို ထမ်းရွက်နေသော တာဝန်ခံစစ်ဗိုလ်ကြီးများ ကြိုဆိုပြီး တင်မောင်တို့ သတင်းထောက်များကို အစည်းအဝေးခန်းမတွင် နေရာချပေးပါသည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း မလာသေး သဖြင့် စောင့်နေကြရသည်။ ဖိတ်ခေါ်သော အချိန်ထက် (၂) နာရီထက်နောက်ကျပြီး ဗိုလ်ချုပ်နေ၀င်း ရောက်လာ သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းသည် အစည်းအဝေးခန်းမထဲသို့ မလာသေးဘဲ အတွင်းခန်းထဲတွင် သူ၏၀န်ကြီး စစ်ဗိုလ်ကြီးများ အား အော်ဟစ်ကြိမ်းမောင်းသံများကို သတင်းထောက်များ ကြားကြရသည်။ တဖြည်းဖြည်း ဒေါသတိုးတက်လာကာ စစ်ဗိုလ်ဝန်ကြီးများ အားလုံးကို အော်ကြီးဟစ်ကြီး မအေ၊ နှစ်မ ပယ်ပယ်နယ်နယ် ဆဲရေးတော့သည်။ မအေတွေ၊ နှစ်မ တွေကို ငါကိုင်တုတ်ပြီး `မင်းတို့က ဘာလို့ သတင်းစာရှင်းလင်းပွဲ လုပ်ချင်ကြတာလဲ´ လို့ ဆူပူသံကိုလည်း ကြားနေရ သည်။ (၁၅) မိနစ်ခန့် အားရအောင် ဆဲနေရာမှ အစည်းဝေးခန်းမတွင်းသို့ ၀င်လာသည်။ စစ်ဗိုလ်ကြီးများ ခမျာတို့မှာ ရှက်ပြုံးကိုယ်စီနှင့် မချိုမချဉ်၊ လက်များကို နောက်သို့ပစ်ကာ နောက်မှ လိုက်လာကြသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက စင်မြင့်ပေါ်ရှိ သူ၏ ကုလားထိုင်မှာ နေရာယူသည်။ မိန့်ခွန်းတပါဒမှ မချွေဘဲ ငူငူကြီးထိုင် နေသည်။ တင်မောင်တို့ သတင်းထောက်အားလုံးတို့မှာလည်း မည်သို့ မျက်နှာထားရမည်မသိ၊ အူကြောင်ကြောင်နဲ့ ငိုင်ကြည့်နေမိကြသည်။
အတန်ကြာမှ … `ခင်ဗျားတို့ကကော ဘာမေးချင်တာလဲ´ ဟု ကျယ်လောင်သော ဒေါသသံကြီးနှင့် ဗိုလ်ချုပ်နေ၀င်းက နှုတ်ဆက်သည်။ ပြည်တွင်းပြည်ပ သတင်းထောက်ငါးဆယ်ကျော်တို့မှာ နှုတ်ပိတ်သွားသည်။ မည်သူကမှ မေးခွန်းမမေး ၀ံ့ဘဲ ငြိမ်သွားသည်။ စောစောက ဆူပွက်နေသော အခန်းကြီးမှာ အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ် သွားတော့သည်။
`မေးချင်တာ မေးကြလေ´ ဟု သူက နောက်တခွန်းထပ်ပြီး ဟောက်ပြန်သည်။ မေးခွန်းထုတ်ဝံ့သော သတင်းထောက် တယောက်မှ ထွက်မလာ။
ဤသို့ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ရှေ့ဆုံးတန်း၌ ထိုင်နေသူ ဗမာ့ခေတ် ဦးအုန်းခင်က ယဉ်ကျေးစွာ ထိုင်နေရာမှ ခြေထောက်တဖက်ကို ကုလားထိုင်ပေါ် တင်လိုက်သည်။ လုံချည်လျောကျသဖြင့် ပေါ်လာသည့် သူ၏ ဒူးကို တဖျပ်ဖျပ် ဖြည်းဖြည်းလေး ပုတ်လေသည်။ ဖျပ်ဖျပ်နှင့်၊ စည်းဝါးမှန်မှန်နှင့် ဒူးပုတ်သံကြီးက ခန်းမကို လွှမ်းမိုးသွား သောအခါ ဗိုလ်ချုပ်နေ၀င်းက ဦးအုန်းခင်ကို စိုက်ကြည့်တော့သည်။
`ဗိုလ်နေ၀င်း´ ဟု ဦးအုန်းခင်က စတင်ခေါ်လိုက်သည်။ တွေ့ဖူးသူများ သိကြသည်။ ဦးအုန်းခင်က အသံအောင်သည်။ ဗိုလ်ချုပ်ကြီး သို့မဟုတ် ၀န်ကြီးချုပ်ဟု ခေါ်ဆိုခြင်း မပြုသည်မှာ ဦးအုန်းခင်က သူ့ကို စိန်ခေါ်လိုက်သည်ဟု ဗိုလ်ချုပ်နေ၀င်းနှင့် တကွ တခန်းလုံးက သိလိုက်သည်။ နားလည်လိုက်ကြသည်။
`ကျုပ်တို့တတွေ လာကြရတာက ခင်ဗျားတို့က ပြောချင်တာရှိတယ်ဆိုပြီး ဖိတ်လို့လာကြတာ၊ မေးစရာ မရှိဘူး။ ခင်ဗျား ပြောချင်တာရှိရင် ပြောပါ။ မရှိရင် ပြန်ရုံပဲ။ ကျုပ်တို့ အချိန်ကုန်မခံနိုင်ဘူး´ ဦးအုန်းခင်က အသံကျယ်ကျယ်နှင့် ပီပီသသ တလုံးချင်း၊ တလုံးချင်း ပြောတော့သည်။
သူက ဒေါသမီးတောက်လာသော မျက်လုံးကြီးများနှင့် ဦးအုန်းခင်ကို စိုက်ကြည့်သည်။ လင်ရှိမယားနှင့် မင်္ဂလာဆောင် သောနေ့က ဓာတ်ပုံရိုက်မိသူ နေးရှင်းသတင်းထောက်၏ ကုပ်ပိုးကို တချက်တည်းနှင့် အလဲအုပ်ပြီး ကင်မရာကို ရိုက်ခွဲ သည်ကို မြင်ဖူးကြသော တင်မောင်တို့ သတင်းထောက်များမှာ ဦးအုန်းခင်အတွက် စိုးရိမ်မိကြသည်။ ပွဲကြီးပွဲကောင်း တခု ကြည့်ရတော့မည်ဟုလည်း ထင်မိကြသည်။
ဗိုလ်ချုပ်နေ၀င်းက ဦးအုန်းခင်၏ စကားလုံးများကို စဉ်းစားနေဟန်နှင့် (၅) မိနစ်ခန့် ထိုင်နေသေးသည်။ နောက်ဆုံးတွင် ဒေါသအိုး ဗိုလ်ချုပ်ကြီးသည် စကားတခွန်းမှ နောက်ထပ်မထွက်နိုင်ဘဲ စင်မြင့်ပေါ်မှ ဆင်းပြေးလေတော့သည်။
တပ်မတော်စစ်သေနာပတိ `၀န်ကြီးချုပ်´ ကြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းအဖို့ ရှမ်းနှင့်ဆင် လယ်ပြင်တွင် တွေ့ကြသော အခါ၌ သတင်းစာဆရာဦးအုန်းခင်ကို အညံ့ခံ အရှုံးပေးရရှာလေသည်။
ထိုသတင်းစာရှင်းပွဲသည် ဗိုလ်နေ၀င်း၏ ပထမဆုံးနှင့် နောက်ဆုံး သတင်းစာ တွေ့ဆုံရှင်းလင်းပွဲကြီး ဖြစ်တော့သည်။ သူ၏ တသက်တာတွင် သတင်းစာရှင်းပွဲ မလုပ်ရဲတော့ပေ။ နိုင်ငံခြား သွားသောအခါများတွင် မြန်မာနိုင်ငံခြားရေး ဌာနက အိမ်ရှင်နိုင်ငံထံ ပထမဆုံးမေတ္တာရပ်ခံချက်မှာ သတင်းထောက်များနှင့် မတွေ့ပါရစေနှင့် ဟူသော ပန်ကြားချက် ဖြစ်တော့သည်။
ဦးအုန်းခင်အား အရှုံးပေးရသောနေ့က စပြီး ဗိုလ်နေ၀င်းက သတင်းစာဆရာဟူသော ဝေါဟာရကို လုံးဝ အသုံး မပြုတော့ဘဲ `သတင်းရောင်းစားတဲ့ကောင်တွေ´ ဟု ခေါ်ဝေါ်လေ့ရှိသည်။
ဇာတ်ပေါင်းပြန်တော့လည်း ဗိုလ်နေ၀င်းကပင် အနိုင်ယူပါသည်။ ၁၉၆၂ ခုနှစ်၊ စစ်တပ်က အပြီးအပိုင် အာဏာသိမ်း သော တော်လှန်ရေး အစိုးရခေတ်တွင် ပထမဆုံး ဖမ်းခံထိသူမှာ ဦးအုန်းခင် ဖြစ်ရပြန်ရှာသည်။ ။

Friday, December 5, 2008

(၁၆) ဥပဒေနှင့် အညီ စစ်တပ်က အာဏာသိမ်းပုံ (ကြေးမုံဦးသောင်း)

တည်မြဲအုပ်စုနှင့် စစ်တပ်တို့ နီးစပ်ကြရာ၌ ပိုမို သွေးစည်းကြသည့် အကြောင်းရှိသေးသည်။ စစ်ဗိုလ်ကြီး အများမှာ တည်မြဲ ခေါင်းဆောင်များနှင့် ဆွေမျိုးတော်စပ်ကြသည်။ ဖဆပလခေတ်တွင် ကာကွယ်ရေး ၀န်ကြီး ဦးဗဆွေက စစ်ဗိုလ်ကြီးအားလုံးတို့၏ ရာထူးတိုးတက်ရေး၏ ရွေ့ပြောင်းရေးကိစ္စများကို စီမံခန့်ခွဲရသည်။ သူနှင့် မယားညီအစ်ကို ဖြစ်သူ ဗိုလ်မှူးကြီးတဦးဖြစ်နေသည်။ အခြား ညီအစ်ကို သမီးယောက်ဖ၊ ဆွေမျိုး များ အများရှိကြသည်။
တပ်နှင့် တည်မြဲခိုင်မာစွာ ဂဟေစွဲစေသည်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း၏ အိမ်ထောင်သစ်ထူပွဲ ဖြစ်လေသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက ဆေးရုံအုပ်ကြီး ဒေါက်တာဘသန်း၏သမီး ဒေါ်ခင်မေသန်းအား တရားရုံးတော်တွင် လက်မှတ်ထိုးပြီး ထက်ထပ်ခဲ့သည်။ ရုံးသို့အသွားတွင် နေးရှင်းသတင်းထောက် မစ္စတာ လာဇရိုးက `ဂုဏ်ပြုပါတယ် ဗိုလ်ချုပ်ကြီးခင်ဗျား´ ဟု မျက်နှာချိုသွေးကာ သတင်းဓာတ်ပုံရိုက်သောအခါ ဗိုလ်နေ၀င်းက သတင်းထောက်ကို သူကိုယ်တိုင် ရိုက်နှက်ပြီး ကင်မရာကို ရိုက်ခွဲလိုက်သောကြောင့် သူ၏ မင်္ဂလာသတင်းကို သတင်းစာများက မရေးဝံ့ကြဘဲ နှုတ်ပိတ်နေကြသည်။
နောက်တနေ့တွင် မူလမယားကြီး ဒေါ်တင်တင်က `ကျမသာလျှင် မယားကြီး ဖြစ်ပါတယ်´ ဟု ကြော်ငြာတို ကလေးကို သတင်းစာကြော်ငြာဌာနများသို့ အခကြေးငွေနှင့်အတူ ပေးပို့သည်။ ယင်းကြော်ငြာကိုလည်း သတင်းစာများက မထည့်ဝံ့ပါဟု ငြင်းပယ်ကြသည်။ မည်သည့်သတင်းစာကမှ မထည့်ဝံ့ဘဲ ရှောင်ကြ၏။
ထိုကြော်ငြာမှာ ထုံးတမ်းစဉ်လာ လူမှုရေးကြော်ငြာသာ ဖြစ်သည်။ မူလမယားကြီးက ကြော်ငြာပိုင်ခွင့် ရှိသည်ဟု ယူဆသောကြောင့် ဗမာ့ခေတ်မှာ အယ်ဒီတာချုပ်ဖြစ်နေသူ တင်မောင်က ထိုကြော်ငြာကို လက်ခံ ဖော်ပြရန် ဆုံးဖြတ်ခဲ့သည်။
ဆုံးဖြတ်ချက်ကို ပိုင်ရှင်ဦးအုန်းခင်ထံ တင်ပြသောအခါ `ထည့်ပေါ့ကွာ´ ဟု သူက သဘောတူသည်။ သူက ဆက်လက် ညွှန်ပြသေးသည်။ `ဒီကြော်ငြာတိုကလေးလောက်နဲ့ မဖြစ်စလောက်တော့ မလုပ်နဲ့။ မင်းတကယ် သတ္တိရှိရင် ကျကျနန ပြည့်ပြည့်စုံစုံ ချပေါ့ကွ´ ဟု သြ၀ါဒ ပေးသောကြောင့် ကြော်ငြာအပ်လာသူအား `အပြည့်အစုံ ရေးပေးပါ။ ဓာတ်ပုံလဲ ထည့်ချင်တယ်၊ ကြော်ငြာခ မယူပါဘူး´ ဟု မေတ္တာရပ်လိုက်လေသည်။
နောက်တနေ့ ဗမာ့ခေတ်တွင် `ကျမသာ မယားကြီး ဖြစ်ပါတယ်´ ဟု မယားကြီး ဒေါ်တင်တင်၏ ရေးသားချက် များကို အကျယ်တ၀င့် ပုံနှိပ်နိုင်ခဲ့သည်။

`သခင် ရှုမောင် နိုင်ငံရေးသမား ဘ၀၊ ငတ်ပြတ်နေစဉ်က ထောင်ထဲ ထမင်းအုပ်ပို့ပြီး ပေါင်းသင်းခဲ့ပါတယ်´ စသည်ဖြင့် စာမျက်နှာဝက်ခန့် ရှည်လျားစွာ ဖွဲ့နွဲ့ရေးသားထားသော ကြော်ငြာနှင့်အတူ ဗိုလ်ချုပ်ကြီးနေ၀င်း မယား ဒေါ်တင်တင်နှင့် ပေါင်းသင်းကြစဉ်က သားများနှင့်အတူ စုံတွဲရိုက်ထားသော ဓာတ်ပုံကို ဗမာ့ခေတ် တစောင်တည်းသာ ဖော်ပြနိုင်ခဲ့သည်။
ထိုအချိန်က ဗိုလ်နေ၀င်းက ၀ါးစားချင်လောက်အောင် စိတ်ဆိုးစေကာမူ တင်မောင်နှင့် ဗမာ့ခေတ်ကို လက်ဖျားနဲ့မှ မတို့ဝံ့ပါ။ အကြောင်းမှာ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်က သူ့အား များစွာစိတ်ဆိုးနေသဖြင့် ဖြစ်သည်။
ဗုဒ္ဓဘာသာ ဓမ္မသတ်အရ ယောက်ျားသားတဦးက မယားအများ လက်ထပ်ပေါင်းသင်းခွင့် ရှိသည်။ သို့သော် ကာမပိုင်လင်ရှိသူ အမျိုးသမီးကိုမူ မည်သည့်ယောက်ျားကမှ ပေါင်းသင်းခွင့် မရှိသည်သာမက ရာဇ၀တ်မှု မြောက်သည်။ လင်ရှိမယားတဦးကို လက်ထပ်ရန် မဆိုထားဘိ၊ လျှို့ဝှက်ပေါင်းသင်းလျှင်ပင် မယားခိုးမှု-ရာဇ ၀တ်မှု ဖြစ်သည်။ ခင်ပွန်းသည်က ရဲဌာနသို့ တိုင်ကြားမှု မပြုဝံ့စေကာမူ တပ်မတော်အကြီးအကဲက ရာဇ၀တ်မှု ကျူးလွန်သည်ကို ၀န်ကြီးချုပ်က လက်မခံနိုင်ဘဲ စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် မိမိကိုယ်တိုင်က အကျင့်စာရိတ္တဖြူစင်ပြီး သာမန် မင်းမှုထမ်းများကိုပင် စာရိတ္တ ကောင်းမွန် စေလိုသော ဆန္ဒရှိသူ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ သူ၏ အစိုးရအဖွဲ့၏ ၀န်ထမ်းတဦးဖြစ်သော တပ်မတော် သေနာပတိကြီးကို ၀န်ထမ်းများ ကျင့်ထုံးဥပဒေအရ အရေးယူရန် ဆုံးဖြတ်ခဲ့သည်။
တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းအား ရာထူးမှ ဖြုတ်ချရန် ၀န်ကြီးအဖွဲ့ လျှို့ဝှက်အစည်းအဝေး သို့ ဦးနုက တင်သောအခါ တက်ရောက်သူ ၀န်ကြီးအားလုံး သဘောတူကြသည်။ ကက်ဘိနက်ဝန်ကြီးများ အနက် သာသနာရေးဝန်ကြီး ဦးဘစောက အစည်းဝေးပြီးလျှင် ပြီးချင်း ဗိုလ်နေ၀င်း၏ အိမ်နောက်ဖေးပေါက် သို့ တက်ပြီး သတင်းပေးလေသည်။ (ဦးဘစောကို ဗိုလ်နေ၀င်းက ရာသက်ပန် မြှောက်စားသည်မှာ ထိုကြောင့် ဖြစ်၏။)
တင်မောင်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပါလီမန်အတွင်းဝန် မြန်အောင် သခင်ချစ်မောင်နှင့် ခင်မင်ရင်းနှီးသူ ဖြစ်သဖြင့် မကြာခဏ နံနက်စောစော သူ၏ အိမ်သွားကာ နံနက်စာ လက်ဖက်ရည် သောက်ရလေ့ ရှိသည်။ တနေ့တွင် နံနက် (၇)နာရီ မထိုးမီ သွားသောအခါ အစောင့်ကင်းတဲက တင်မောင် အား မ၀င်ရဟု တားဆီးသည်။ `စောစောစီးစီး အရေးကြီးတဲ့ ပုဂ္ဂိုလ်ရောက်နေလို့ပါ´ ဟု အစောင့်စစ်သားက ပြောရှာသည်။ မကျေမနပ်နှင့် ပြန်လှည့်ခဲ့ရ၏။
နောက်တနေ့ နံနက်သွားမှ သခင်ချစ်မောင်နှင့် တွေ့ရသည်။ `ဗိုလ်နေ၀င်း ပြဿနာပေါ့ကွ၊ သူက ကိုယ့်ဆီလာပြီး အပူကပ်နေတယ်´ ဟု ပြောပြသည်။ `ဗိုလ်နေ၀င်းက သူကိုယ်တိုင် ကိုဗဆွေနဲပ ကိုကျော် ငြိမ်းတို့ထံ မျက်နှာမပြ၀ံ့လို့ သူ့ကို ကယ်ကြပါဦးလို့ ကိုယ်ကတဆင့် တောင်းပန်နေတယ်ကွ။ ကိုယ့်ဆီလာတာ လေးရက်ရှိပြီ´ ဟု ပြောပြသည်။
ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က ဇွတ်တောင်းပန်ကြသောကြောင့် ဦးနုက လျှော့ပေးလိုက်သည်ဟု သိရသည်။ `ကွာ … ရဲဘော်ရဲဘက်တွေ မှားမိတော့လဲ ကူရမှာပေါ့´ ဟု ပြောပြီး ထိုစဉ်က ကူညီခဲ့သူ သခင်ချစ်မောင်က နောက်ပိုင်းမဆလ အစိုးရခေတ်သို့ ရောက်သောအခါ `ဒီကောင် ဗိုလ်နေ၀င်း ညှဉ်းဆဲနိုင်တာ င့ါပျော့ကွက် ကြောင့်ပေါ့´ ဟု ညည်းညူလေ့ ရှိရှာသည်။
မယားခိုးမှုကြောင့် ရာထူးမှ ဖြုတ်ချသည်ကို ခံရသူ ဗိုလ်ချုပ်ကြီးအား ရာထူးပြန်လည်ရရှိအောင် ဆောင်ရွက် ပေးလေသဖြင့် တည်မြဲတို့နှင့် စစ်တပ်သည် နှစ်ကိုယ့်တစိတ် ဖြစ်လာတော့၏။
နောက်ပိုင်းတွင် တည်မြဲနှင့် သန့်ရှင်းကွဲကြသောအခါတွင် ၁၉၅၈ ခု၊ ဇွန်လ (၉)ရက်နေ့တွင် သန့်ရှင်း ဖဆပလ အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုကို တည်မြဲတို့က တင်သွင်းသည်။ ပါလီမန်တွင် တည်မြဲ အင်အား (၉၇) မဲရှိစေကာမူ လက်ဝဲ၀ါဒီများ ဖြစ်သော ပမညတ အမတ် (၄၄) ဦးနှင့် လူမျိုးစု အမတ်များက သန့်ရှင်းကို မဲပေးကြသဖြင့် အင်အား (၅၁) ဦးသာ ရှိသော သန့်ရှင်းအဖွဲ့မှာ မဲ (၁၂၇)မဲ၊ (၁၁၉) မဲ နှင့် အနိုင် ရခဲ့သည်။
နိုင်ငံရေး အခြေအနေမှာ တည်မြဲတို့နောက်မှ ရပ်နေသော စစ်တပ်၏ လောင်းရိပ်သည် ကြီးသည်ထက် ကြီးလာပြီး တည်မြဲတို့ အာဏာ မရမချင်း ဖိအားပေးလေတော့သည်။ တည်မြဲ နှင့် စစ်တပ်ပေါင်းပြီး အာဏာ ရကြလျှင် စစ်တပ်ကွပ်ကဲသော ဖက်ဆက်နိုင်ငံဖြစ်နိုင်သည့် နိမိတ်လက္ခဏာများ သိသာထင်ရှားစွာ မြင်တွေ့ လာကြရသည်။ ထို့ကြောင့် ဦးနုဦးစီးသော သန့်ရှင်းအဖွဲ့နှင့် လူမျိုးစုခေါင်းဆောင်များတို့သည် ပမညတအဖွဲ့ နှင့်ပါ ညှိနှိုင်းကာ အားလုံးတို့က စစ်တပ် သြဇာတက်စေသည့် ပြည်တွင်းစစ်မီးကြီး ရပ်စဲရန် နည်းလမ်းရှာကြ လေတော့သည်။
တင်းမာနေသည့် နိုင်ငံရေး အခြေအနေများ ပြေပျောက်စေရေးအတွက် တည်မြဲသန့်ရှင်း တို့သာမက နိုင်ငံရေး အင်အားစု အားလုံးပါဝင်သော အမျိုးသားညီလာခံကြီး ကျင်းပမည်ဟု ၁၉၅၈ ခု၊ ဇွန်လတွင် ဦးနု က ကြေညာသည်။ နိုင်ငံရေးအင်အားစုများသာမက အလုပ်သမား၊ လယ်သမား၊ အမှုထမ်း အရာထမ်းများ၊ စာနယ်ဇင်း ကိုယ်စားလှယ်များ၊ ကျောင်းသားများ တို့ကို ဖိတ်ကြားရန် စီစဉ်သည်။
ထိုညီလာခံကြီးသို့ ပါဝင်တက်ရောက်နိုင်ကြရန် တောခိုသူအားလုံးကို ဖိတ်ခေါ်ပြီး လက်နက်ကိုင် သောင်းကျန်းသူမှန်သမျှကို သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဇူလိုင်လတွင် အစိုးရက ကြေညာ သည်။
ရေချမ်းအိုးကို အဖွဲ့တံဆိပ်သတ်မှတ်ကာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှုကို ဦးတည်ဖွဲ့စည်းထားသော ပမညတ အဖွဲ့ကြီးက အမျိုးသားညီလာခံကို ထောက်ခံကြသည်။ `တောတွင်း အင်အားစုများအား လက်နက်ကိုင် တိုက်ပွဲအသွင်မှ နိုင်ငံရေးတိုက်ပွဲစင်မြင့်သို့ တက်ခဲ့ကြပါ၊ လမ်းစဉ်ပြောင်းပါ´ ဟု ကြေညာဖိတ်ခေါ်သည်။
သူပုန်ထနေကြသော ရဲဘော်ဖြူအဖွဲ့၊ မွန်ပြည်သူ့တပ်ဦးနှင့် ပအို့ဝ်တပ်ပေါင်းစုတို့က အလင်းဝင်လာကြသည်။ ပါလီမန်တွင် ငြိမ်းချမ်းရေးလမ်းစဉ်ကို အမျိုးမျိုး ဆွေးနွေးကြသည်။ ပွင့်လင်းစွာ ဆွေးနွေးကြသောအခါ `ပြူစောထီးတပ်များကို ဖျက်ပေးပါ´ ဟု တောင်းဆိုကြတော့သည်။ ပြူစောထီးတပ်မှာ စစ်တပ်နှင့် တည်မြဲ တို့၏ လက်ကိုင်တုတ်တပ်ဖြစ်သည်။
ဓားပြမှုမှ နိုင်ငံရေးလူသတ်မှုများအထိ ကျူးလွန်ကြသည့် တည်မြဲတို့၏ ခါးပိုက်ဆောင်တပ်ဖြစ်သည့် ပြူစောထီးတပ်များ ဖျက်သိမ်းရေးကို တောင်းဆိုကြသဖြင့် ၀န်ကြီးချုပ်ဦးနုက တပ်မတော် အကြီးအကဲများ ကို ဆင့်ခေါ်ကာ ပြူစောထီးတပ်များကို ဖျက်ရန် အမိန့်ပေးလေသည်။
ပြူစောထီးတပ်များ ဖျက်ပေးရသည်ကို တပ်မတော်ဗိုလ်မှူးကြီးများက မကျေနပ်ကြပေ။ ထိုပြင် တွေ့ဆုံ ဆွေးနွေးသော နည်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်သည့်မူကို စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း က လုံးဝ မကျေနပ်ဖြစ်နေသည်။ သူက သူပုန်တို့ကို အပြတ်မတိုက်နိုင်စေကာမူ အပြုတ်တိုက်ရေးမူကို စွဲကိုင် ထားသည်။
ဂျပန်ဖက်ဆစ်စစ်တပ်က ဖွဲ့စည်းပေးသော တပ်မတော်တွင် ဗိုလ်နေ၀င်းတယောက်သည် ဂျပန်စစ်ဗိုလ်ကြီး များ၏ လက်ရွေးစင်အမာခံဖြစ်သည်။ ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာတို့ မရှိသောခေတ်တွင် တပ်မတော်တွင် သူ၏ သြဇာကြောင့် စစ်ဝါဒီ ထွန်းကားနေသည်။
ဂျပန်ကို စတင်တော်လှန်သူများသည် နိုင်ငံရေးခေါင်းဆောင်များနှင့် အလုပ်သမားလယ်သမားများသာ ဖြစ်သည်။ အင်္ဂလိပ်ထဲမှ လွတ်လပ်ရေးကို ရယူနိုင်သည်မှာ ကွန်မြူနစ်တို့ တဘက်မှ အကြမ်းတပ်လှန့်ပေး နေခိုက် နိုင်ငံရေး ခေါင်းဆောင်များက ဒီမိုကရေစီ တိုက်ပွဲဆင်နွှဲနိုင်သောကြောင့် ဖြစ်သည်ဟူသော အမှန်တရားကို ဖုံးကွယ်ပြီး တပ်ကသာ လွတ်လပ်ရေးကို တိုက်ခဲ့သည်ဟု ဦးနှောက်ဆေးထားလေသဖြင့် တပ်ဦးစီးများအဖို့ အမြင်မှန် မရနိုင်ဘဲ အသိမှားနေကြသည်။ လက်နက်ကိုင် လက်ဝဲ၀ါဒီများနှင့် စေ့စပ်ငြိမ်း ချမ်းရေးကို တပ်ခေါင်းဆောင် အချို့က လက်မခံနိုင်ဖြစ်နေကြသည်။
`ဗမာ့တပ်မတော်ဆိုတာ လကွယ် ဥပုသ်နေ့ညတညမှာ၊ ဘုရားဝတ်ကျောင်း အတွင်းမှာ … ပြည့်တန်ဆာမ တဦးကို သူခိုးတယောက်က မတရားကျင့်လို့၊ မုဒိမ်းကျင့်လို့ ရလာတဲ့သား ဖြစ်တယ်။ အမေနဲ့အဖေ ဇာတိ မမှန်ဘူး။ ပဋိသန္ဓေတည်တဲ့နေရာနဲ့ အချိန်ကလည်း မကောင်းဘူး။ အမှန်တခုမှ လုပ်မှာ မဟုတ်ဘူး´ ဟု သခင်စိုးက ဝေဖန်ခဲ့သည့်အတိုင်း တပ်မတော်တခုလုံး သမိုင်းတလျှောက်လုံး အမှားများကိုသာ ကျူးလွန်ခဲ့ သည်။
တည်မြဲတို့နှင့် စစ်တပ်မှ တပါး တနိုင်ငံလုံးက လိုလားအားထုတ်နေကြသော ပြည်တွင်း ငြိမ်းချမ်းရေး လမ်းစဉ်နှင့် ပတ်သက်ပြီး `နိုင်ငံရေးသမားတွေ ထင်ရာလုပ်နေလျှင် စစ်တပ်က ခံမည်မဟုတ်´ ဟူသော ခေါင်းစဉ်နှင့် စာတမ်းတခုကို စစ်တပ်နှင့်နီးစပ်သူ သခင်ကျော်စိန်က တင်မောင်ထံ ယူလာသည်။ ဦးနုထံ ပို့ပေးပါဟု ပြောသည်။ ကြေးမုံတွင် ပုံနှိပ်ရန် စီစဉ်ပြီးမှ ဗမာ့ခေတ် ဦးအုန်းခင်နှင့် တိုင်ပင်သည်။
`မင်းရှောင်နေ၊ ဒီစာကို ဗမာ့ခေတ်က ပုံနှိပ်မည်´ ဟု သူက ပြောသည်။ ထိုစာတမ်းကို ဗမာ့ခေတ်တွင် ဖော်ပြပြီးနောက်ပိုင်းတွင် ၀န်ကြီးချုပ်ဦးနုက တနိုင်ငံလုံးသို့ ခရီးထွက်သည်။ ရောက်သမျှ မြို့တွင် စစ်တပ် အရာရှိရိပ်သာများတွင် တည်းခိုကာ သတ္တိပြသည်။ `မင်းတို့ သတ်ရဲလျှင် ငါခံရဲတယ်ကွ` ဟု ကြွေးကြော်ကာ ရင်ကော့ပေးသည်။ ဦးနုအား စစ်တပ်က လက်ဖျားနှင့်ပင် မတို့ဝံ့၊ ဗြောင်ရင်ဆိုင်ဖြေရှင်းရေးကို ဗိုလ်နေ၀င်းနှင့် သူ၏ စစ်တပ်က များစွာ ကြောက်ရွံ့သည်။
ဦးနုကို ထိပါးခြင်းမပြုဝံ့သော စစ်တပ်က နယ်မြို့ငယ်တချို့တွင် သန့်ရှင်းဖဆပလရုံးများကို ၀င်ရောက် သိမ်းပိုက်ကာ အစိုးရကို အန်တုသည်။
၁၉၅၈ ခု၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင်မူ ၀င်ဒါမီယာရပ်ကွက်တွင်ရှိသော ၀န်ကြီးချုပ်ရုံးနှင့် အိမ်ကို အမြောက်နှင့် ချိန်ရွယ်ထားပြီး ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီး အောင်ကြီးနှင့် ဗိုလ်မှူးကြီး တင်ဖေတို့အား ကိုယ်စားလှယ်စေလွှတ်ကာ သန့်ရှင်းအစိုးရသည် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြီး၏ အနှစ်သာရကို ဖောက်ဖျက်နေသဖြင့် တပ်မတော်က သည့်းမခံနိုင်ပါဟု တင်ပြစေသည်။
ဝန်ကြီးချုပ်ဦးနုက ရှင်းလင်းလွယ်ကူသော အဖြေကို ပေးသည်။ သန့်ရှင်းအစိုးရ လမ်းမှားနေသည် ဆိုပါက ရွေးကောက်ပွဲသစ်ကျင်းပပြီး လူထု၏ အဆုံးအဖြတ်ကို ခံယူကြရမည် ဖြစ်သည်။ အာဏာလက်ရှိ သန့်ရှင်း အစိုးရက ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု စွပ်စွဲနိုင်သေးသည်။ ထိုကြောင့် တပ်မတော်ကပင် ယာယီကြားဖြတ်အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး တရားမျှတသော ရွေးကောက်ပွဲ ကို ကျင်းပပေးပါဟု ဒီမိုကရေစီ အစဉ်အလာကို တင်ပြသည်။
နိုင်ငံရေး အာဏာကို တပြိုင်နက်တည်း လုယူရန်စီစဉ်သော ဗိုလ်နေ၀င်းအကြံမှာ ပျက်သွားကာ စစ်တပ် အစိုးရသည် ဖွဲ့စည်းပုံ ဥပဒေအရ အိမ်စောင့်အစိုးရ အဖြစ် တက်လာရတော့သည်။ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန် တာဝန်ကြီးကို ယူလိုက်ရသေးသည်။
အကြောင်းရင်းမှန်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက လက်ဝဲသူပုန်များနှင့် စေ့စပ်ဆွေးနွေးသည့် ငြိမ်းချမ်းရေးမူကို မကျေနပ်သဖြင့် အာဏာတောင်းသည် မဟုတ်ပါ။ ဒီမိုကရေစီနှင့် အခြေခံဥပဒေကို ယုံကြည်မှုမရှိသဖြင့် စစ်အာဏာရှင် နိုင်ငံထူထောင်ရန် အာဏာလုသည်သာ ဖြစ်သည်။ တပ်မတော်က အစိုးရဖွဲ့ကာ ရွေးကောက်ပွဲ ကျင်းပပေးပါဟု ဦးနုက တင်ပြသော ဒီမိုကရေစီ လမ်းစဉ်ကို ပယ်ချရန် ဆင်ခြေလမ်းစဉ် တင်ပြခြင်း မပြုနိုင်သောကြောင့် လက်ခံရသည် ဖြစ်၏။
အကယ်၍ စစ်တပ်က စစ်အာဏာရှင် နိုင်ငံတည်ထောင်မည်ဟု စီစဉ်တောင်းဆိုပါကလည်း ဦးနုက အညံ့ခံမည် မဟုတ်၊ အာဏာလွှဲပေးမည် မဟုတ်၊ တနည်းနည်းနှင့် ပြန်လည် ခုခံမည် ဖြစ်သည်။
သေနတ်တလက်၊ ဓားတချောင်းကိုမှ ကိုင်ဆောင်ခြင်း မပြုခဲ့ဖူးသူ၊ နိုင်ငံခေါင်းဆောင် ဦးနုသည် လူသတ်ရဲသော စစ်သားကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးကြီးများထက် သတ္တိကြီးမားသူ ဖြစ်သည်ကို သူတို့သိကြသဖြင့် ပေးသမျှအာဏာကို ပေးအပ်သည့်နည်းနှင့် လက်ခံခဲ့ကြရသည် ဖြစ်၏။ ။

Sunday, November 30, 2008

ဘီယာလှည်း

ပြီးခဲ့တဲ့ သြဂုတ်လထဲ ကျနော် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ထဲ လှည့်ပတ်ကြည့်နေတုံး လူတွေကြားထဲ လှည်းကြီးတစီး မောင်းဝင်လာတာကို တွေ့တာနဲ့ လက်ထဲက ဗီဒီယိုကင်မရာနဲ့ ရိုက်ယူထားလိုက် ပါတယ်။ လှည်းရွေ့လျားဖို့အတွက် ထိုင်နေသူတွေက စက်ဘီးနင်းသလို နင်းနေကြပြီး လှည်းမှာ လည်း Bier Bike လို့ ဂျာမန်လို ရေးထားတော့ ကျနော့်စိတ်ထဲမယ် ဒါ… ဘီယာကုမ္မဏီတခုက အရောင်းမြှင့်တင်ရေး အတွက် စတန့်ထွင် ကြော်ငြာတာလို့ပဲ ထင်မိခဲ့ပါတယ်။
ပြီးခဲ့တဲ့ လထဲ အာအက်ဖ်အေက ဦးခင်မောင်စိုးတယောက် ဆရာဦးဝင်းတင်ဆုရတဲ့ပွဲ သတင်းယူဖို့ ဂျာမနီကို ရောက်လာရင်း ကိုလုံးမြို့ကို ရောက်တော့ သူလည်း ကျနော့်လိုပဲ ဘီယာလှည်းကို တွေ့ပါတယ်တဲ့။ အဲဒီအကြောင်းကို အာအက်ဖ်အေမှာ အသံလွှင့်တာ ကျနော် နားထောင်တော့မှ ကိုလုံးမြို့မှာနေတဲ့ ကိုအောင်သန်းဦး ရှင်းပြပုံအရ ကျနော်ထင်တာနဲ့ လွှဲနေတယ်ဆိုတာ သိရပါတယ်။ သူပြောတာက ဘီယာကုမ္မဏီက ကြော်ငြာတာမဟုတ် လူငယ်တွေ ဘီယာကို ဆိုင်မှာ ထိုင်သောက်တာထက် တခါတလေမှာ အသစ်အဆန်းဖြစ်အောင် လှည်းငှားပြီး လှည်းပေါ်မှာစက်ဘီးနင်းသလို နင်းပြီး ဘီယာသောက်ကြတာပါတဲ့။
ကဲ.. ဘယ်သူတွေ ပွဲခံပြီး ဘီယာကို လှည်းနဲ့ လိုက်သောက်နေသလဲဆိုတာကြည့်ရအောင် youtube မှာ တင်ထားပေးပါတယ် ခင်ဗျာ…

Saturday, November 22, 2008

(၁၅) ကြေးမုံနှင့် စစ်တပ်တို့ ထိပ်တိုက်တွေ့ကြခြင်း (ကြေးမုံဦးသောင်း)

၁၉၄၈ ခု၊ မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစဉ် ကာလက စစ်တပ်၏ အင်အားမှာ မြန်မာ၊ ကရင်၊ ချင်း၊ ကချင် တပ်ရင်း (၁၅) ခုနှင့် စစ်ရဲတပ်ရင်း (၁၅) ခုသာ ရှိလေသည်။ နောက် (၁၀) နှစ်ကြာကာလတွင် စစ်တပ်အင်အား သည် များစွာ ကြီးမားလာပြီး နိုင်ငံ၏ အသုံးစရိတ် အစုစု၏ လေးပုံတပုံကို စစ်စရိတ်တွင် သုံးကြရတော့သည်။
၁၉၄၉ ခုနှစ်က သူပုန်အမျိုးမျိုးတို့၏ အင်အားမှာ (၄၅၅၀၀) ရှိသည်ဟု စာရင်းရှိသည်။ စစ်တပ်နှင့် နှိမ်နင်းခြင်း၊ စေ့စပ်ဆွေးနွေးခြင်း၊ စေ့စပ်ဆွေးနွေးပြီး လက်နက်ချစေခြင်းတို့ကြောင့် ၁၉၅၈ ခုနှစ်တွင် သူပုန်အင်အား (၇၅၀၀) သာကျန်တော့သည်။ သို့သော်ငြားလည်း စစ်စရိတ်ကမူ လျှော့မသွားဘဲ တိုးလာလေသည်။ အစိုးရ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း ဘတ်ဂျက်တွင် ငြိမ်ဝပ်ပိပြားရေးစရိတ် (၅၂) ရာနှုန်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေးအတွက် (၂၃) ရာနှုန်းသုံးပြီး စီးပွားရေးအတွက် (၂၅) ရာနှုန်း သုံးခဲ့ရလေသည်။ ထိုအထဲတွင် စစ်တပ်က ကာကွယ်ရေးစရိတ်အပြင် စီးပွားရေးစရိတ်ထဲတွင် ၀င်နှိုက်ပြန်လေသည်။
ပြည်တွင်း စစ်ဦးကာလက တပ်မတော် သက်သာချောင်ချိရေးအဖွဲ့ကို ၀န်ကြီးချုပ်ကတော် ဒေါ်မြရီက ဦးစီးပြီး ဖွဲ့စည်းလေသည်။ တိုက်ပွဲစစ်မျက်နှာများသို့ သွားကာ ထမင်းထုပ်၊ မုန့်၊ ငှက်ပျော၊ သရေစာများ စသည်တို့နှင့် တပ်မတော်သားတို့ကို ပြုစုခဲ့ရာမှ အဖွဲ့ကို စစ်ဗိုလ်များ ပါဝင်လာကာ တိုးချဲ့လေတော့သည်။ စောစောကာလတွင် တပ်မတော်အရာရှိများအတွက် နိုင်ငံခြားမှ ကုန်စည်များ တင်သွင်းပြီး ဈေးချိုသာစွာ ရောင်းချသည်။ ၁၉၅၁ ခုတွင် ရဲဘော်စစ်သားများအတွက် ငါးပိ၊ ငါးခြောက်ရောင်းသည်အထိ တိုးချဲ့ ပြီး စီးပွားရေးလုပ်ငန်း အမျိုးမျိုး တို့ကို ချဲ့ ထွင်လုပ်ကိုင်ခဲ့ကြလေသည်။
၁၉၅၈ ခုနှစ် စစ်တပ် အိမ်စောင့်အစိုးရခေတ်တွင်မူ မြန်မာကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားပြီး တပ်မတော် သက်သာချောင်ချိရေးအဖွဲ့ကို အင်အားကြီးမားသော စီးပွားရေးလုပ်ငန်းကြီး အဖြစ် တိုးချဲ့ တော့သည်။ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ရေး ကော်ပိုရေးရှင်း BEDC အမည်နှင့် စီးပွားကုန်သွယ်မှု လုပ်ငန်းရှင်ကြီး ဖြစ်လာလေတော့သည်။
စစ်တပ်က စီးပွားရေးလောက ၀င်ရောက်လာရာတွင် ခေါင်းပုံဖြတ်စနစ်ကို အသုံးပြုသည်။ ဥပမာ မြန်မာနိုင်ငံ မီးရထားဌာနနှင့် ပြည်တွင်းရေကြောင်းဌာနအတွက် ကျောက်မီးသွေး နှစ်စဉ် တန်ချိန် (၃)သန်းခန့်ကို အိန္ဒိယက ၀ယ်ယူတင်သွင်းရာ၌ အစဉ်အဆက်က ဟဲလ်ဂါကုမ္ပဏီအမည်ရှိသည့် ဂျူးကုမ္ပဏီကတဆင့် အစိုးရက ၀ယ်ခဲ့သည်။ အိမ်စောင့်စစ်အစိုးရခေတ်တွင် စစ်တပ်က မီးသွေးကုမ္ပဏီအသစ် တည်ထောင်ပြီး သူတို့ကုမ္ပဏီ ကသာ ၀ယ်ယူစေသည်။ နိုင်ငံခြားသားကို ဖယ်ရှားပြီး စစ်တပ်က သွင်းကုန်ုလုပ်ငန်းကို ၀င်ရောက်လုပ်ကိုင် သည်မဟုတ်၊ မူလက ဂျူးတွေကိုပင် အိန္ဒိယမှ ကျောက်မီးသွေးများ တင်သွင်းရောင်းချစေပြီး စစ်တပ်က လုပ်ငန်းတွင် လက်ဖျားနှင့်မှ မတို့ဘဲ ကုမ္ပဏီအမည်သစ်ကို အသုံးပြုကာ ပွဲခယူသည်။ ခေါင်းပုံဖြတ်သည်။ အလားတူပင် ဆောက်လုပ်ရေးကုမ္ပဏီဖွဲ့ပြီး အစိုးရလုပ်ငန်းများ ကန်ထရိုက်နှင့် စစ်တပ်ကန်ထရိုက်လုပ်ငန်းများ ကို လွှဲပြောင်းလုပ်ကိုင်သည်။ အလားတူပင် ဆောက်လုပ်ရေးကုမ္ပဏီဖွဲ့ပြီး အစိုးရလုပ်ငန်းများ ကန်ထရိုက်နှင့် စစ်တပ်ကန်ထရိုက်လုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်သည်။ လုပ်ငန်းတွင် စစ်ဗိုလ်ကြီး ၀င်ရောက်လုပ်ကိုင်ခြင်း မပြုဘဲ မူလကန်ထရိုက်များကို ခိုင်းစားပြီး ပွဲခခေါင်းပုံဖြတ်၏။ ထိုစနစ်အရ အစိုးရအဖို့ ကုန်ဝယ်ရာ ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ရာတွင် တကယ်လုပ်သူတွေအတွက် အမြတ်အစွန်းအပြင် BEDC အတွက် ခေါင်းပုံဖြတ် စရိတ်ပါ ပေးရသဖြင့် အရပ်သားအခွန်ထမ်း လူထုမှာ များစွာနစ်နာရသည်။
စစ်ဗိုလ်ကြီးများကမူ စစ်တပ်က တပ်မတော်သက်သာချောင်ချိရေးအတွက် စီးပွားရေး လုပ်ကိုင်ရာ၌ သူတို့တတွေ တော်လွန်းသောကြောင့် ငွေတွေ မြတ်လှပြီဟု ကျေနပ်ပြီး လုပ်ငန်းအများကို တိုးချဲ့ ကြလေတော့ သည်။ စီးပွားရေးလုပ်ငန်းကြီး (၁၂)ခု ကို တည်ထောင်သည်။ ဘဏ်တိုက်ကြီးတခုနှင့် ပင်လယ်ရေကြောင်း လုပ်ငန်းအထိ တိုးချဲ့ လုပ်ကိုင်သည်။
သူတို့လုပ်ငန်းအတွက် အစိုးရက ငွေပင်ငွေရင်း ၁၂၀၀၀၀၀ (တသန်းနှစ်သိန်း) ထုတ်ပေးရသည်။ ထိုခေတ်က တသန်းတန်ဖိုးသည် န၀တခေတ် ကျပ်ကုဋေများစွာ တန်ဖိုးရှိသည်။ ထို့ပြင် နှစ်စဉ် သွင်းကုန်လိုင်စင် ကျပ်သုံးသန်းဖိုး ထုတ်ပေးရသေးသည်။ သွင်းကုန်လိုင်စင်ခေတ်က ပုဂ္ဂလိကကုန်သည်များ သွင်းကုန်လိုင်စင် ရလျှင် အဆတရာအထိ မြတ်နိုင်ရာ၌ သူတို့အဖို့ အကောက်တော်ခွန်၊ ရောင်းဝယ်ခွန်စသော အစိုးရ အခွန်တော်များ ကင်းလွတ်ခွင့်ရပြန်သေးသဖြင့် ကျပ်ကုဋေ (၃၀၀) အထိ မြတ်နိုင်သည်။ ယနေ့ န၀တငွေတန် ဖိုးအရ ကုဋေသန်းသုံးထောင်ခန့် ရှိနိုင်သည်။
စစ်တပ်ပိုင် ဘဏ်ရှိလာပြီဖြစ်သည့်အတွက် စစ်ဗိုလ်ကြီးတိုင်း လူတကိုယ် တိုက်ဆယ်လုံးပိုင်အောင် အမြတ်ထုတ် ကြတော့သည်။ အိမ်စောင့်အစိုးရခေတ်က တရားမ၀င်ဟုဆိုကာ ဖျက်ခဲ့သော တဲအိမ်ပေါင်း (၁၆၇၀၀၀) တို့မှ နေရာကောင်းမှန်သမျှ စစ်ဗိုလ်ကြီးများက တရားဝင် ရယူကြသည်။ အစိုးရထံမှ ဂရန်လျှောက် ကာ ရယူကြသည်။ မြေကွက်ဂရန်ရရှိသူ စစ်ဗိုလ်က စစ်တပ်ပိုင် အင်းဝဘဏ်တိုက်မှာ မြေကွက်ကို ပေါင်နှံပြီး၊ ငွေချေးပြီး တိုက်ဆောက်သည်။ တိုက်ပြီးသည်နှင့် BEDC လုပ်ငန်းများအတွက် ပြည်ပမှ ငှားရမ်းခေါ်ယူသော နိုင်ငံခြားသားများကို အိမ်ငှားချသည်။ မြေကွက်အလွတ်တွေရှာပြီး အိမ်စောင့်အစိုးရ အာဏာကို အသုံးပြုကာ ဂရန်ရယူပြီးသည်နှင့် မိမိအိတ်ထဲမှ ပိုက်ဆံတပြားမှ မထုတ်ရဘဲ တိုက်ရှင်များ ဖြစ်လာနိုင်လေရာ စစ်ဗိုလ်ကြီး များသည် တိုက်တလုံးမျှနှင့် မတင်းတိမ်နိုင်ကြတော့ဘဲ လေးငါးဆယ်လုံး အပိုင်ယူကြတော့သည်။ စစ်ဗိုလ် တိုက်များ ပါရမီရပ်ကွက်မှ စတင်တည်ထောင်သည်။
ကမ္ဘာအေးလမ်းပေါ်တွင် ထင်ရှားကြီးကျယ်သော ချင်းချောင်းစစ်ဗိုလ်တို့ ရိပ်သာကြီးသည် ဆင်းရဲသားတဲများကို မြေတူးစက်ကြီးများနှင့် ဖြိုဖျက်ပြီး ဂရန်ရယူကာ စစ်တပ်ဘက်ငွေများနှင့် ဆောက်ထားကြသည့် တိုက်ကြီးများ ဖြစ်ကြသည်။ ၀န်ကြီးချုပ်ဟောင်းဦးနုက အိမ်စောင့်စစ်အစိုးရအား စတင်ဝေဖန်သော မိန့်ခွန်းတွင် “ဆင်းရဲသား များ ဒူးနှင့်မျက်ရည်သုတ်နေရသည်” ဟု ပြောခဲ့သည်မှာ ချင်းချောင်းခြံဖျက်စဉ်က သတင်းကို ရည်ညွှန်းပြောခဲ့ သည်။ ထိုစဉ်က ကြေးမုံသတင်းစာတွင် ထမင်းစားနေခိုက် တဲဖျက်ခံရသော မိသားစု၏ ထမင်းဟင်း ပန်းကန်လေးများ မြေပုံပေါ်၌ ပစ်ထားသည်ကို ပေါ်လွင်အောင် ပြသသည့် သတင်းဓာတ်ပုံကို ဖော်ပြနိုင်ခဲ့သည်။
ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင်က အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်ဖြစ်သည့် အချိန်တွင် သားသမီးများအတွက် မြေကွက်များ ဂရန်ရယူပြီး သားသမီးတဦးတိုင်းအတွက် တိုက်တလုံးစီဆောက်ကာ သံရုံးများကို ငှားစားသည်။ ထို့ကြောင့် တိုက်အိမ်များသည် စစ်ဗိုလ်တိုင်း ရပိုင်ခွင့်ရှိသော အခွင့်အရေးဖြစ်လာသည်။ ဗိုလ်မှူးကြီးတင်ဖေ ကဲ့သို့ အပြစ်နှင့် ရာထူးထုတ်ခံရသူပင် မြို့လယ်မှ အကောင်းဆုံး မြေကွက်ကို ပေးခဲ့သည်။
ကြေးမုံအဖို့ အမေရိကန်က ခေတ်မီပုံနှိပ်စက်ကြီး ၀ယ်ယူတင်သွင်းစဉ်က အခြားဘဏ်များမှ ငွေမချေးကြ၍ အခက်ကြုံခိုက် အင်းဝဘဏ်တိုက်မှ ငွေချေးသောကြောင့် ကျေးဇူးရှင်ဟု ဆိုနိုင်ပေသည်။ မည်သို့ပင် ကျေးဇူးရှင်ကြီးစေကာမူ တပ်မတော် သက်သာချောင်ချိရေး အမည်ကို အသုံးပြုပြီး အရပ်သားအခွန်ထမ်းများ၏ အခွန်တော်ကို ငွေရင်းအဖြစ် သုံးစွဲကာ အရပ်သားတို့၏ စီးပွားရေးလုပ်ငန်းခွင်ကို ၀င်လုသည်ကို လက်မခံနိုင် ဘဲ စိတ်မချမ်းမသာ ဖြစ်ရသည်။ ထို့ပြင် သူတို့က အကောက်တော်ခွန်၊ ရောင်းဝယ်ခွန်နှင့် အခြားခွန်တော်များ တပြားတချပ်မှ မပေးလေသဖြင့် စီးပွားရေးဓားပြလုပ်ငန်းဟု မြင်မိသည်။
၁၉၄၇ ခု အခြေခံဖွဲ့စည်းပုံ ဥပဒေကြီး အပိုဒ် (၄၂) တွင် စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် သမ၀ါယမအဖွဲ့များ နှင့် အမြတ်အစွန်းအတွက် လုပ်ကိုင်ကြသည့် ပုဂ္ဂလိကမဟုတ်သော အဖွဲ့များကို အားပေးရမည်ဟု ပါရှိသည်။ ထိုကြောင့် ပါလီမန်တွင် စစ်တပ်၏ စီးပွားရေးလုပ်ပိုင်ခွင့်ကိစ္စ ဆွေးနွေးကြရန် ကြုံကြိုက်သော အခါများတွင် ကန့်ကွက်သူမရှိ ရှောရှောရှူရှူ အတည်ပြုလေ့ရှိသည်။ လက်ဝဲ၀ါဒီများက ပုဂ္ဂလိက စီးပွားရေးစနစ်ကို ဆန့်ကျင် သူများ ဖြစ်သောကြောင့် ထောက်ခံကြသည်။ တည်မြဲအမတ်များကမူ စစ်တပ်ပြုသမျှကို ထောက်ခံ ကြသည်။ သန့်ရှင်းအမတ်များကလည်း စစ်တပ်၏ နိုင်ငံရေးဖိအားကို တွန်းလှန်နေရသောကြောင့် စီးပွားရေးနယ်ချဲ့သည် ကို ဆန့်ကျင်သမှု မပြုကြပေ။
အရေးကြီးသည်မှာ စီးပွားရေးနယ်ချဲ့နေသော စစ်တပ်က နိုင်ငံရေးအာဏာနယ်ပယ်ကို ၀င်ရောက်လုယက် လာနိုင်သည်။ ကန့်ကွက်သူမရှိက တဆင့်ကဲလာလေမည်မှာ မုချ။
သတင်းစာလောကတွင် စစ်တပ်၏ လျှို့ဝှက်ရန်ပုံငွေနှင့် ထုတ်သော သတင်းစာနှင့် စစ်ဗိုလ်ကြီးများ၏ အိပ်ထဲမှ ထုတ်ပေးသော ငွေရင်းနှင့် လည်ပတ်သည့် သတင်းစာပါ စစ်တပ်ပိုင် သတင်းစာ နှစ်စောင်ရှိလာသည်။ ဤအချိန်တွင် စစ်တပ်၏ စီးပွားရေးနယ်ချဲ့လုပ်ငန်းများကို ဝေဖန်တင်ပြဖို့ တာဝန်ရှိသူ တစုံတယောက် လိုအပ်လာသည်ဟု ယူဆမိသည်။ ထိုကြောင့် ကြေးမုံက တာဝန်ယူပြီး စစ်တပ်စီးပွားရေးလုပ်ငန်းများ နယ်ကျယ် လာချိန်က စတင်ပြီး ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့သည်။
စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးအတွက် မြ၀တီမဂ္ဂဇင်း ထုတ်ဝေသည်ကို ကန့်ကွက်မှု မပြုပေမယ့် မြ၀တီမဂ္ဂဇင်းက ပြက္ခဒိန်ထုတ်ဝေခြင်းနှင့် စာအုပ်ဆိုင်ဖွင့်သည်က စတင်ပြီး ပြင်းထန်စွာ ဝေဖန်ချက်ရေးသား ကာ အယ်ဒီတာအာဘော်မှ ကန့်ကွက်ရေးသားခဲ့သည်။
မြန်မာပုံနှိပ်လောကတွင် သုဓမ္မ၀တီ ပုံနှိပ်တိုက်နှင့် အခြားဘာသာရေး ပုံနှိပ်တိုက်များက နိပါတ်တော်လာ ဆေးရောင်းစုံပန်းချီကားများနှင့် ပြက္ခဒိန်ထုတ်မြဲ ဖြစ်သည်။ မြန်မာ့အလင်း သတင်းစာက ရက်ရာဇာ ပြဿဒါး နေ့များကို ဖော်ပြခြင်း မပြုဘဲ “ကောင်းသောအကြံ၊ ကောင်းသောအမှု ပြုသူများအဖို့ နေ့မှန်သမျှသည် ရက်ရာဇာ ဖြစ်သည်။ မကောင်းသော အကြံ အမှုပြုသူများအဖို့ နေ့မှန်သမျှသည် ပြဿဒါးသာတည်း” ဟူသည့် ဆောင်ပုဒ်နှင့် ဆေးရောင်စုံ မျက်နှာဖုံးမပါဘဲ တ၀က်ဈေးနှင့် ပုံနှိပ်ရောင်းချလေ့ရှိသည်။
နောက်ပိုင်းတွင် ရှုမ၀မဂ္ဂဇင်းက ဆေးရောင်စုံ အမျိုးသမီးချောကလေးများ ပန်းချီပုံနှင့် ပြက္ခဒိန် စတင်ထုတ် သောအခါ လူကြိုက်များကာ ရောင်းကောင်းသည်။ တိုင်းရင်းမေ အမျိုးသမီး ဂျာနယ်တိုက်က မိန်းမချောကလေး များ၏ ဓာတ်ပုံနှင့် ဆေးရောင်စုံ ပြက္ခဒိန်ထုတ်သည်။ ၀ယ်သူများအဖို့ မိမိတို့ နှစ်သက်ရာကို ၀ယ်ယူသုံးစွဲကြ သည်။ ထိုပြက္ခဒိန် စီးပွားလောကတွင်းသို့ မြ၀တီမဂ္ဂဇင်းက ဆေးရောင်စုံအမျိုးသမီးဓာတ်ပုံနှင့် ၀င်လာသော အခါ မင်ကျမင်နသပ်ရပ်လှပသော်လည်း လူထုက စစ်တပ်ကို ဆန့်ကျင်ကြသဖြင့် ၀ယ်သူနည်းပါးသည်။ ဤတွင် အစိုးရဌာနများ မြ၀တီပြက္ခဒိန်ကို ၀ယ်ယူကြရမည်ဟု အမိန့်ထုတ်ကာ ရောင်းချသည်။
စစ်တပ်က အစိုးရအခွန်အတုတ် မပေးဘဲ စီးပွားရေးလုပ်ကာ အခွန်ပေးရသူ အရပ်သား ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် စီးပွားပြိုင်သည်မှာ မတရားပါဟု ပြင်းထန်စွာ ရေးသားကာ ကန့်ကွက်ဝေဖန်ခဲ့သည်။
စစ်တပ်လုပ်ငန်းများ၊ ဆိုင်များ၏ ဓာတ်ပုံဆောင်းပါးနှင့် ဝေဖန်ချက် ခေါင်းကြီးပိုင်းကို ဖော်ပြသောနေ့ နံနက် (၇) နာရီ (၁၅) မိနစ်တွင် တပ်မတော် သက်သာချောင်ချိရေး စီးပွားအဖွဲ့ဦးစီး ဗိုလ်မှူးကြီးက စစ်ရုံးသို့ လာရောက်ပြီး နံနက်စာ လက်ဖက်ရည်သောက်ကြွပါဟု ဖိတ်သဖြင့် ချက်ခြင်းပင် သွားခဲ့သည်။ မိမိကို ဖမ်းချင်ဖမ်းလေမည် လားဟု စိတ်မချသောကြောင့် ဓာတ်ပုံသတင်းထောက်ကို အတူခေါ်သွားခဲ့မိသည်။
စစ်ရုံးသို့ ရောက်သောအခါ တကယ်ပင် လက်ဖက်ရည်ပွဲ တည်ခင်းပြုစုသည်။ ကြေးမုံ၏ သတင်းဆောင်းပါး နှင့် ခေါင်းကြီး ဝေဖန်ချက်များအကြောင်း တလုံးတပါဒမျှ ဆွေးနွေးခြင်း မပြုဘဲ အလ္လာပသလ္လာပ စကားများသာ ပြောကြသည်။ မှန်ကန်လှသော ကြေးမုံ၏ တင်ပြချက်ကို ပြန်လည်ချေပရန် မလွယ်ပါ။ နံနက်စာစားကြရင်း စာပေကိစ္စ၊ အနုပညာကိစ္စ စသော အငြင်းမပွားနိုင်သည့် အကြောင်းအရာများကိုသာ ပြောကြသည်။ တင်မောင် ဘာကြောင့်ရေးသည်ဟူသော အကြောင်းအရင်းကို သူနားလည်ပါသည်။
ပြန်တော့မည်ဟု နှုတ်ဆက်ကြမှ “တခုတော့ ကတိပေးပါတယ်” ဟု လေးနက်သော ကတိစကားကို သူက ဆိုသည်။ “ကျနော်တို့ လူတစု တပ်မှာရှိသရွေ့ ကာလပတ်လုံး စစ်တပ်က လက်နက်နဲ့ ခြိမ်းခြောက်ပြီး နိုင်ငံရေး အာဏာ လုတာမျိုး မဖြစ်စေရပါဘူး” ဟူ၏။
တင်မောင်အဖို့ စိတ်ကျေနပ်ပြီး ပြန်လာခဲ့မိသည်။ သူတို့အုပ်စုတွင် စစ်ဝါဒပြင်းသူ ဗိုလ်မှူးချုပ်မောင်မောင် လည်း ပါဝင်သည်။ သူတို့ လူငယ်စစ်ဗိုလ်တစုက “မဟုတ်မတရား လက်နက်နှင့် အာဏာလုမှုကို မလိုလား” ဟု ဆိုသည်ကို ယုံကြည်စိတ်ချသောကြောင့် ပီတိပင်ဖြစ်ခဲ့မိသေးသည်။
သူတို့အပေါ်က ပုဂ္ဂိုလ်ကြီး၏ ၀သီစရိုက်ကို သိထားစေကာမူ သံဃာ့အား ဘုရားမလွန်သာ ဆိုသကဲ့သို့ လူငယ်တစု၏ အင်အားအရ နိုင်ငံရေးအာဏာကို မဟုတ်မတရား လုကြလေမည် မဟုတ်ဟု ယုံကြည်ခဲ့မိသည်။
သူ၏ ကတိက (၃) လတာမျှသာ ခံသည်။ ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလတွင်မူ လူထုက ရွေးကောက် တင်မြှောက်ထားသော သန့်ရှင်း ဖဆပလအစိုးရ၏ ၀န်ကြီးချုပ် ဦးနုအိမ်ကို အမြောက်နှင့်ချိန်ပြီး နိုင်ငံရေး အာဏာကို တောင်းသောအခါတွင် သူပင် ရှေ့တန်းမှ ပါလာသည်။
ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးတင်ဖေတို့သည် ဗိုလ်ချုပ်ကြီးနေ၀င်း၏ စေခိုင်းချက်အရ ဦးနုထံ အာဏာတောင်းကြသည်။ ကျနော်တို့ လူစု တပ်ထဲတွင် ရှိနေသရွေ့ လက်နက်နှင့် အာဏာမလုဟူသော ကတိမှာ အထက်က ဗိုလ်ချုပ်ကြီး၏ အမိန့်အရ ပျက်ရလေတော့သည်။ ။

Sunday, November 9, 2008

ရေခဲထဲမှာ ပိုက်ဆံရှာ



ကျနော့်ဇနီးမချို မြန်မာပြည်က မိဘတွေဆီ ငွေပို့တဲ့အခါ ဖုန်းဆက်ရပါတယ်။ တခါတော့ သူ့မောင်လူဆိုး အတွက် ငွေပို့ပေးရင်း “ပို့လိုက်တဲ့ငွေကို အလဟဿ မလုပ်လိုက်နဲ့၊ အကျိုးရှိတဲ့နေရာမှာသုံး” စသည်ဖြင့် ဆုံးမပြောဆိုနေရင်း နောက်ဆုံးပြောလိုက်တဲ့စကားက “ဒီမှာ နင့်အကိုလည်း ရေခဲထဲမှာ ပိုက်ဆံရှာရတာ” တဲ့။
ကျနော့်ယောက်ဖ စိတ်ထဲ “ရေခဲထဲမှာ ပိုက်ဆံရှာရတာ” ဆိုတာကို ဘယ်လိုနားလည်သွားမလဲလို့ ကျနော် ဆက်စဉ်းစားနေမိတယ်။ သူက မြန်မာပြည်ထဲမှာပဲ နေတာ၊ နိုင်ငံခြားဆိုတာလည်း မရောက်ဘူး၊ ဥရောပ ဆိုတာ က သူနဲ့အဝေးကြီးလေ။ ဥရောပမှာ နှင်းတွေကျတယ်ဆိုတာ ရုပ်ရှင်ထဲမှာတော့ သူမြင်ဘူးချင်မြင်ဘူး မယ်။ နောက်ဆုံး သူကောက်ချက်ချသွားနိုင်တာက “ငါ့ယောက်ဖ တယောက် ရေခဲစက်မှာ အလုပ်လုပ်တာ ဖြစ်မယ်၊ ရေခဲတုံးတွေ ဆိုက်ကားပေါ်တင်ပြီး ရေခဲခြစ်ရောင်းတဲ့ ဆိုင်တွေလိုက်ပို့ရတဲ့ အလုပ်ကို လုပ်တာမို့ ငါ့အမ က ဒီလို ပြောတာနေမှာပါ” လို့ ဆိုတာပဲ ဖြစ်ပါတယ်။
သူအဲလို ထင်ရင်တော့ မှားပါလိမ့်မယ်။ ကျနော်တို့ ဒိန်းမတ်ကို ရောက်လာတာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ပါ။ နှင်းမုန်တိုင်းတွေ တိုက်ပြီးကာစ တရက်မို့ ဘယ်နေရာပဲ ကြည့်ကြည့် ရေခဲတွေချည်းပါပဲ။ အေးလိုက်တာလည်း လွန်ပါရော။ ကွာလာလမ်ပူက ၀ယ်လာခဲ့တဲ့ အနွေးထည်တွေလောက်တော့ စကင်ဒီနေးဗီးယားဆောင်းက ရီတာပေါ့ ဖြစ်နေတာလေ။ မတ်လကုန်တော့ လမ်းပေါ်က ရေခဲတွေ အလိုလို ပျောက်ကုန်ပါတယ်။ နွေဦးရာသီ ရောက်လာတော့ မြေပေါ်က ထပေါက်လာတဲ့ ရောင်စုံပန်းလေးတွေက ချစ်စရာ ကောင်းနေပြန်ရော၊ နွေရာသီ ရောက်တော့ တေးဆိုတဲ့ ငှက်တွေရယ်၊ နေရောင်ခြည်ရယ်နဲ့ လူတွေလည်း အနွေးထည်ကြီးတွေ သိပ်မ၀တ်ရ တော့ဘူး။ မြန်မာပြည်က အညာဒေသလို ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်လာတာမျိုးတော့ မရှိဘူးပေါ့လေ။
၂၀၀၆ ဆောင်းတွင်းမှာ ကျနော် အလုပ်မ၀င်ရသေးပဲ ဒိန်းမတ်စာသင်ကျောင်းပဲ တက်နေရတာမို့ ဘတ်စ်ကားနဲ့ ကျောင်းကို အသွားလမ်းပေါ်က ရေခဲတွေ တက်နင်းသွားရတာမို့ လမ်းလျှောက်ရတာ တမျိုးအရသာ ဖြစ်လို့ နေပါတယ်။ ၂၀၀၆ ဂျူလိုင်လမှာ ကျနော့်ကို စက်ရုံက အလုပ်ခန့်လိုက်ပါတယ်။ အလုပ်နဲ့အိမ် အတန်ငယ် (၁၄ ကီလိုမီတာ) ဝေးတာမို့ စကူတာလေးနဲ့ အလုပ်သွားပါတယ်။ အလုပ်ချိန်က ကျောင်းအချိန်ထက် စောတာမို့ ဘတ်စ်ကားနဲ့ သွားလို့ မရတော့ပါ။ ကိုယ့်ကားရှိလို့ မောင်းသွားရင် ၁၅ မိနစ်နဲ့ ရောက်ပေမယ့် စကူတာက ကီလိုမီတာ ၃၀ ပဲ ပြေးတာမို့ သူနဲ့ဆို မိနစ်လေးဆယ်လောက်မှ အလုပ်ကို ရောက်ပါတယ်။
ကားမောင်းလိုင်စင်လည်း မရှိ၊ ကိုယ်ပိုင်ကားလည်း မရှိတာမို့ စကူတာလေးနဲ့ အလုပ်သွားနေရင်း ဆောင်းကိုဝင်လာပါ တော့တယ်။ ဆောင်းရောက်ပြီဆိုတာနဲ့ ရာသီဥတုက အေးလာသလို နေ့တာတိုပြီး ညတာ ရှည်လာတာမို့ မိုးလည်း အစောကြီးချုပ်ပြီးတော့ မနက်ဆို ၈ နာရီဝန်းကျင်မှ နေရောင်မြင်ရတာမျိုးပါ။ နှင်းတွေ ကျတဲ့ တမနက် အလုပ်သွားဖို့ အိပ်ရာထပြီး ပြူတင်းပေါက်က ကြည့်လိုက်တော့ လမ်းပေါ်မှာ ရေခဲတွေ ရောက်နေပါပြီ။ စောသေးလို့လားတော့မသိ၊ ရေခဲရှင်းတဲ့စက်တွေလည်း အဲဒီနေ့က အလုပ်မလုပ်ကြသေးပါ။ ရေခဲက သိပ်အထူကြီးလည်း မဟုတ်တော့ ကျနော်လည်း ဆိုင်ကယ်ကို ဖြေးဖြေးစီးမယ်ကွာ ဆိုပြီး အလုပ်ကို လာခဲ့ပါတယ်။ အေးကလည်း အေး၊ မှောင်ကလည်း မှောင်နဲ့ တချို့နေရာတွေမှာဆို ဆိုင်ကယ် လဲမှာစိုးလို့ ခြေထောက်နှစ်ခြောင်းကို အရံသင့် ကားထားရပါတယ်။ ဒီလိုနဲ့ လာလိုက်တာ စက်ရုံနားက ရထားလမ်း ကုန်းကျော်တံတားလေးနားမှာ ဆိုင်ကယ်မှောက်ပါလေရော၊ ရေခဲထဲ လျှောတိုက်ပါသွားပြီဆိုတာ သိလိုက်ပေမယ့် ဘယ်လိုမှ ထိန်းလို့ မရတော့ပါဘူး။ လူက လမ်းပေါ်ကို ကြောင်ကျမကျပဲ၊ ခွေးကျကျတာမို့ ရင်ပတ်ထဲအောင့်သွားတဲ့ ဝေဒနာနဲ့အတူ ဆိုင်ကယ်စီးဦးထုပ်နဲ့ ကတ္တရာလမ်းခြစ်တဲ့ကိုလည်း ကြားလိုက်ရပါ တယ်။ (ဆိုင်ကယ်စီးရင် ဦးထုပ်အမြဲတမ်းဆောင်းထားသင့်ပါတယ်) ပတ်ဝန်းကျင်ကလည်း မှောင်နေတယ်။ မနက်စောသေးတာမို့ ကားအသွားအလာလည်း မရှိသေးပါဘူး။ အဲဒါနဲ့ အာရုံတွေကို ပြန်စု၊ အသက်ကို ၀အောင်ရှုပြီးတော့ မတ်တပ်ရပ်လိုက်ပါတယ်။ ပြီးတော့ ခပ်ဝေးဝေးမှာ စက်သေနေတဲ့ ဆိုင်ကယ်ကို ပြန်ထောင်ပြီး ခရီးဆက်ခဲ့ရတာပေါ့။ အဲဒီနေ့ တနေ့လုံး အလုပ်ထဲမှာ ရင်ဘတ်အောင့်နေတာပါ။
အဲဒီနှစ်မှာပဲ ဒုတိယအကြိမ် ဆိုင်ကယ်မှောက်ပါသေးတယ်။. အဲဒီအခေါက်က ရေခဲတွေများတယ်၊ သွားလို့မဖြစ် တော့ပါဘူးဆိုပြီး အိမ်ကို ပြန်လှည့်အလာ အိမ်နားရောက်ခါနီးမှာ လဲတာပါ။ လဲနေတုံး နောက်မှာ ကားတစီး ရပ်လာပြီး ကားပေါ်က လူက ဆိုင်ကယ်ကို ၀ိုင်းထောင်ပေးပါတယ်။ လမ်းပေါ်ပြုတ်ကျသွားတဲ့ ထမင်းဘူးလေး ရယ်၊ ကော်ဖီဓါတ်ဗူးလေးရယ်ကိုတော့ ကိုယ့်ဟာကိုယ် ပြန်ကောက်ပြီး အိမ်ကိုပဲ ပြန်လာခဲ့ပါတယ်။
မနှစ်ကဆောင်းကတော့ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှုတွေကြောင့် ရေခဲတွေ မကျသ လောက်ပါပဲ။ ကျခဲ့ရင်လည်း ရေခဲအကြောင်းတော့ ကိုယ်လည်း နဲနဲတော့ နားလည်နေပါပြီ။
အဲဒီလို ရေခဲထဲ အလဲလဲအကွဲကွဲ အလုပ်သွားရတာမို့ ကျနော့် ဇနီးက သူ့မောင်ကို “ရေခဲထဲ ပိုက်ဆံရှာရတာ” လို့ တင်စားပြောလိုက်ကို ကျနော့်စိတ်ထဲ ဆက်စပ်စဉ်းစားနေရင်း ဒီစာကို ရေးဖြစ်တာပါ။
ပြီးတော့ အေးစက်နေတဲ့ ဆောင်းတွင်းကာလတွေမှာ ဆိုင်ကယ်နဲ့ အလုပ်သွားရတဲ့ ဘ၀က ကျွတ်အောင်၊ ကားလေးဘာလေးလည်း ၀ယ်နိုင်အောင် ယာဉ်မောင်းလိုင်စင်ရအောင် လုပ်အုံးမှပါလို့လည်း စဉ်းစားနေမိ ပါတယ်။ ။

(အပေါ်က ပုံက ကျနော်တို့ ဒိန်းမတ်ရောက်တဲ့နေ့မှာ ရိုက်ထားတဲ့ သမီးပုံပုံ ရဲ့ ပုံပါ)

Sunday, November 2, 2008

(၁၄) သတင်းစာတစောင်၏ မူဝါဒ (ကြေးမုံဦးသောင်း)

ကြေးမုံသတင်းစာ၏ နိုင်ငံခြားရေးမူဝါဒသည် အမေရိကန်သံ ရုံးမှ ဦးဆောင်နေသော လက်ျာဝါဒ မဟုတ်သော ကြောင့် အမေရိကန်သံရုံးက အားမပေးစေကာမူ အင်္ဂလိပ်သံရုံးက အားပေး အားမြှောက်ပြုခဲ့သည်။ ၁၉၅၇ ခု၊ ဧပြီလတွင် သတင်းစာထွက်ပြီး (၅) လကြာသော စက်တင်ဘာလ၌ ဘုရင်မ၏ ဧည့်သည်တော်အဖြစ် ဗြိတိန်ကျွန်းသို့ (၂) လတာမျှ လာရောက်လေ့လာပါဟု ဖိတ်ခေါ်ခဲ့သည်။ ထို့ပြင် အင်အားကြီးသော ပုံနှိပ်စက် သစ်ကြီးကို အင်္ဂလိပ် ကုမ္ပဏီကြီးတခုက ကြွေးစနစ်နှင့် ရောင်းချစေရန် သံရုံးက ကူညီခဲ့သည်။ ဖဆပလ အစိုးရ ဆိုရှယ်လစ် ပြန်ကြားရေးဝန်ကြီး သခင်ချစ်မောင် ကလည်း အာမခံကြောင်း သံရုံးကို ပြောပေးသေး၏။
မြန်မာသတင်းစာအများအဖို့ သူတို့ သံရုံးများကို ဂရုစိုက်ရန် မလိုပါပေ။ နိုင်ငံခြားရေးဝါဒထက် ပြည်တွင်း နိုင်ငံရေး မူဝါဒ မှန်ကန်မှသာ စာဖတ်ပရိသတ်က လက်ခံအားပေးသည်။ ကြေးမုံထွက်လာချိန်တွင် တချိန်က ဂျပန်ကို တညီတညွတ်တည်း တော်လှန်ကြပြီး အင်္ဂလိပ်ကို တစုတဝေးတည်း တိုက်ခဲ့ကြသည့် ဖဆပလ အဖွဲ့ကြီး၏ မြန်မာ့နိုင်ငံရေး စည်းလုံးမှုကြီး ပြိုကွဲပျက်စီးသွားသည်နှင့် ကြုံကြိုက်တိုက်ဆိုင် နေသည်။ ဤကဲ့သို့ နိုင်ငံရေးပဋိပက္ခနှင့် ကြုံကြိုက်ရသည်မှာ သတင်းစာအဖို့မူ အခွင့်အရေးကောင်းတခု ဖြစ်သည်။ နိုင်ငံရေး အင်အားစုများ၊ အကွဲအပြဲသတင်းများတို့သည် ပရိသတ်ကြိုက်သည့် သတင်းများ ဖြစ်ကြ၏။
အရေးကြီးသည်မှာ သတင်းစာအဖို့ မိမိတို့ပါ အကွဲအင်အားစုများနှင့် အတူ တဘက်ဘက်ကို ရောပါမသွားဘဲ ရှောင်နိုင်တိမ်းနိုင်ရန် ဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ရွေးကောက်ပွဲသည် တရားမျှတသည်။ အမတ် (၂၅၅) နေရာတွင် ဖဆပလ က (၂၄၈) ဦး အရွေးခံရပြီး ကွန်မြူနစ်အမတ် (၇) ဦး တက်လာခဲ့သည်။
ထိုအချိန်မှ စတင်ပြီး အမတ်ဦးရေအများဆုံး အရွေးခံရသဖြင့် အစိုးရအဖွဲ့အဖြစ် ရပ်တည်ခဲ့သော ဖဆပလ တပ်ပေါင်းစု အဖွဲ့ကြီးသည် ၁၉၅၀ ခုနှစ်မှာ စတင် အက်သံပါလာသည်။ ကွဲအက်ရခြင်း၏ အဓိကအကြောင်းရင်း မှာ အမေရိကန်နှင့် ရုရှတို့ တိုက်နေကြသော ၀ါဒတိုက်ပွဲ၊ စစ်အေးတိုက်ပွဲကြီး ဖြစ်သည်။
စစ်အေးတိုက်ပွဲမှ ပိုမို ပြင်းထန်လာပြီး ကိုးရီးယားပြည်တွင် တောင်နှင့်မြောက် စစ်ပွဲကြီး ဖြစ်ပွားသောကြောင့် မြန်မာ့နိုင်ငံရေး လှုပ်ရှားရသည်။ ဖဆပလ ဆိုရှယ်လစ်ပါတီဝင် အများက တောင်ကိုးရီးယားဘက်မှ ကုလသမဂ္ဂ စစ်တပ်အသွင်နှင့် ပါဝင်တိုက်ခိုက်သော အမေရိကန်ကို ထောက်ခံကြလေရာ ရုရှကွန်မြူနစ်ကို ထောက်ခံကြသူ လက်ဝဲ၀ါဒီများက ဖဆပလ တပ်ပေါင်းစုကြီးမှ ခွဲထွက်ကြသည်။ သူတို့တစုက အလုပ်သမား၊ လယ်သမား ပါတီဟူသော အမည်နှင့် ပါတီခွဲပြီး တည်ထောင်ကြသည်။ ပါတီ (၂) ခုလုံး ဆိုရှယ်လစ်ဝါဒီများ ဖြစ်သဖြင့် သတင်းစာများက ခပ်လွယ်လွယ်ပင် လက်ဝဲဆရာတို့ကို ဆိုရှယ်နီများဟု အမည်ပေးခေါ်ကြပြီး ဖဆပလ ဆိုရှယ် လစ်များကို ဆိုရှယ်ဖြူဟု ခေါ်ကြသည်။
၁၉၅၀ ခုနှစ်တွင် ပါလီမန်တွင် ဆိုရှယ်နီတို့က အမတ်နေရာ (၁၂) နေရာရှိသောကြောင့် ပါလီမန်အစည်း အဝေးများမှာ အတိုက်အခံအသံများနှင့် ဝေဆာလာသည်။
၁၉၅၁ - ၅၂ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသောအခါ အတိုက်အခံ အမတ် (၆၈) ဦး ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲမှ စတင်ကာ စစ်တပ်က နိုင်ငံရေးနယ်သို့ ၀င်လာသည်။ လက်ဝဲအမတ်လောင်းများ ဆောင်ရွက်သူများကို စစ်တပ်က သတ်ဖြတ်သည်အထိ နှိမ်နင်းပေးကာ သူတို့၏ မဟာမိတ် ဆိုရှယ်လစ်များ အရွေးခံရန် ကူညီသည်။
၁၉၅၇ ခုနှစ်မှ စတင်ကာ အမတ်ဦးရေ (၁၆၈) ဦး ရရှိသော ဖဆပလကြီးသည်လည်း ဆိုရှယ်လစ် ဦးကျော်ငြိမ်း၊ ဦးဗဆွေ ဦးစီးသော တည်မြဲအဖွဲ့နှင့် ဦးနု၊ သခင်တင် ခေါင်းဆောင်သည့် သန့်ရှင်းအဖွဲ့ဟူ၍ ကွဲသွားပြန်သဖြင့် နိုင်ငံရေးအင်အားစု သုံးစိတ်သုံးမွှာ ဖြစ်လာသည်။ ပြည်သူ့ညီညွတ်ရေးတပ်ဦးခေါ်သော ပမညတ အမတ်များ ကလည်း ရှိသေးလေရာ အင်အားကြီး ပါတီကြီး (၄) စု ကွဲကြတော့သည်။
ယင်းသို့ အစုစုကွဲနေသော နိုင်ငံရေးအုပ်စုများအဖို့ ပါလီမန်တွင် မည်သူမှ အင်အားခိုင်မာသည့် အဖွဲ့ဖြစ်မလာ ဘဲ အားနည်းသော အဖွဲ့ကလေးများအဖြစ် တကျက်ကျက် ဆူညံနေတော့သည်။ သန့်ရှင်းဖဆပလ က အင်အား အကြီးဆုံးဖြစ်သဖြင့် အစိုးရအဖွဲ့ကို ဖွဲ့နိုင်စေကာမူ အတိုက်အခံများ ညီညွတ်လျှင် ပြုတ်ကျနိုင်သည့် အခြေအနေ ရောက်နေသည်။ တချီတွင် နိုင်ငံ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဘတ်ဂျက်ကို ပါလီမန်မှာ တင်သွင်းအတည်ပြုရ စမြဲ ဖြစ်ပါလျက် အတိုက်အခံအမတ်များ ညီနေလျှင် အစိုးရပြုတ်ကျလေနိုင်သည်ကို စိုးရွံ့သောကြောင့် ၀န်ကြီးချုပ် ဦးနုဦးစီးသည့် သန့်ရှင်းအစိုးရက ပါလီမန်သို့ မတင်ဘဲ သမ္မတအမိန့်နှင့် အတည်ပြုလေသည်။ ဥပဒေအရ တရားဝင်သည်ဟု ဆိုနိုင်စေကာမူ ပါလီမန်ဒီမိုကရေစီ အစဉ်အလာအရ မပြုသင့်၊ မပြုထိုက်သော အမှုဖြစ်သည်။ ထိုအမှားကို အကြောင်းပြကာ စစ်တပ်က ပုံကြီးချဲ့ ပြီး အာဏာသိမ်းခဲ့သည်။
ဝန်ကြီးချုပ်ဦးနု၏ အိမ်ကို အမြောက်နှင့် ချိန်ထားပြီး စစ်ဗိုလ်ကြီး (၃) ဦးက အာဏာလွှဲပေးရန် တောင်းဆို ကြသည်။ သူတို့ သွားမည့်အချိန်ကို သူတို့က တိတိကျကျ တင်ကြိုသတင်း ပေးထားသောကြောင့် ဦးနု အိမ်ရှေ့ မှ ကင်းတဲထဲတွင် တင်မောင်နှင့်အတူ ဓာတ်ပုံသတင်းထောက် ကိုရွှေမောင်အပြင် စစ်တပ်ပိုင် သတင်းစာ ဂါးဒီယန်း အယ်ဒီတာချုပ် ဦးစိန်ဝင်းတို့ (၃) ဦး ရောက်ရှိနေနှင့်ကြသည်။ ဆွေးနွေးကြသော အခန်းထဲသို့ မ၀င်ကြရစေကာမူ အတွင်း၌ ဖြစ်သမျှတို့ကို အတိအကျ သိရသည်။
စစ်ဗိုလ်ကြီးများက ပါလီမန်မှာ ဒီမိုကရေစီ အစဉ်အလာ ပျက်ကွက်ခြင်းကို အကြောင်းပြပြီး ဒီမိုကရေစီမကျပါ ဟု စွပ်စွဲကြသည်။ ပါလီမန်တွင် သန့်ရှင်းဖဆပလက အင်အားခိုင်မာစွာ မရှိသဖြင့် ပမညတနှင့် ပေါင်းသည်မှာ ကွန်မြူနစ်အလိုကျ လုပ်ဆောင်သည်ဟုလည်း အပြစ်တင်သည်။
“ဒါဖြင့် စစ်တပ်က ယာယီအစိုးရဖွဲ့ပြီး စစ်တပ်ကပင် ဦးစီးပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပါ။ တည်မြဲတို့က အမတ်အင်အားများများရပါက အစိုးရဖွဲ့ပါစေ” ဟု ၀န်ကြီးချုပ်က သူတို့စကားနှင့် သူတို့ကို ပြန်ချီ တော့သည်။ စစ်တပ်ကို အာဏာအပ်ရမည်ဟု တောင်းဆိုရန် ဗိုလ်ချုပ်ကြီးနေ၀င်းက စေလွှတ်သည့် အဖွဲ့အဖို့ စစ်တပ်အစိုးရ ဖွဲ့ခွင့်မရှိတော့ဘဲ အိမ်စောင့်အစိုးရအဖြစ် အာဏာကို ရယူရတော့သည်။ စစ်တပ်အဖို့ ပါလီမန် ဒီမိုကရေစီ အစဉ်အလာအရ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပရေးရမည့် အခြေခံဥပဒေကြီး၏ အစောင့်အရှောက် တပ်မတော် ဖြစ်သွားသည်။ ဦးနု၏ နိုင်ငံရေးပရိယာယ်အရ ရာသက်ပန် အာဏာရယူရန် စီမံချက်မှာ တည်ဦးစကာလက ပျက်ခဲ့ရလေသည်။
အိမ်စောင့်အစိုးရ တက်ခဲ့စဉ်က ပါလီမန်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက “ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပေဒကြီးနှင့် ဒီမိုကရေ စီကို ပြည်ထောင်စုသား တယောက်အနေနှင့်လည်းကောင်း၊ စစ်သားတယောက်အနေနှင့်လည်းကောင်း ရောက်ရာအရပ်တွင် အသက်ပေးပြီး ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူပါသည်” ဟု ကျမ်းသစ္စာကျိန်ဆိုပြီး အာဏာကို သိမ်းယူခဲ့သည်။
အိမ်စောင့်အစိုးရခေတ်က တပ်မတော်အဖို့ သူတို့အာဏာရသည်မှာ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေကြီး၏ အကျိုးကျေးဇူးကြောင့် ဖြစ်သဖြင့် အခြေခံဥပဒေကြီးကို ရှိခိုးကိုးကွယ်ကြလေတော့သည်။ ပုံနှိပ်ထုတ်ဝေသမျှ ပုဂ္ဂလိကနှင့် အစိုးရထုတ် စာနယ်ဇင်းမှန်သမျှတို့တွင် ထုတ်ဝေသူအများက အခြေခံဥပဒေကြီးကို သစ္စာခံယူပါ သည်ဟု ကတိသစ္စာပြုကြောင်း လက်မှတ်ထိုး ကြေညာကြရသည်။
“အခြေခံဥပဒေကြီးကို အသက်ပေးပြီး စောင့်ထိန်းပါ့မည်” ဟု ပါလီမန် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုကာ အာဏာရယူခဲ့သူ ဗိုလ်ချုပ်ကြီးနေ၀င်းက ၁၉၆၂ ခုနှစ်တွင် ဒုတိယအကြိမ် အာဏာသိမ်းသောအခါ၌ ပထမဆုံး ထုတ်ပြန်သည့် အမိန့်တော်မှာ ၁၉၄၇ ခု၊ အခြေခံဥပဒေကြီးကို ဖျက်သိမ်းကြောင်း ဥပဒေဖြစ်သည်။
တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးပါမည်ဟူသော ကတိအရ ၁၉၆၀ ခုနှစ်၊ ရွေးကောက်ပွဲကို စစ်တပ် အိမ်စောင့်အစိုးရက ဦးစီးကျင်းပပေးရာတွင် တရားမျှတမှု မရှိဘဲ စစ်တပ်က မတရားဘက်လိုက်ခဲ့သည်။ ဖဆပလ အုပ်စုကြီး (၂) စုဖြစ်သော တည်မြဲနှင့် သန့်ရှင်းတို့ ပြိုင်ကြရာတွင် တည်မြဲတို့ဘက်မှ ဖိအားပေး ခဲ့သည်။
ကျောက်ဆည်ဘက်မှ ကျေးရွာတရွာတွင် လျှို့ဝှက်မဲပေးကြရမည့် မဲရုံတရုံ၏ အကာကို ဖြုတ်ချသည်။ ဟင်းလင်းပြင် စားပွဲပေါ်မှာ ရှိသော မဲပုံး (၂) ပုံး အနက် သန့်ရှင်းအမတ်လောင်း၏ မဲပုံးကို စားပွဲအောက်မှာ ချထားပြီး တည်မြဲအမတ်လောင်း၏ မဲပုံးကိုသာ စားပွဲပေါ် တင်ထားလိုက်သည်။ ထိုမျှမကသေး မဲပေးချိန်ရောက် သောအခါ စစ်သားများက တန်းစီကာ သေနတ်နှင့် ချိန်ထားကာ မဲဆန္ဒရှင်တို့အား မဲပေးစေသည်။ ယင်းကဲ့သို့ မတရား ဖိအားပေးစေကာမူ ထိုမဲဆန္ဒရုံတွင် သန့်ရှင်းက နိုင်၏။ သေနတ်ကို မကြောက်ကြဘဲ သန့်ရှင်းကို မဲပေးကြ၏။ ၁၉၆၀ ခု၊ ရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင်တို့က သတ္တိပြကြသည်မှာ အံ့ဖွယ်သူရဲ ထူးကဲလှတော့၏။
မန္တလေးတွင် တည်မြဲဝန်ကြီး ဗိုလ်ခင်မောင်ကလေးက “တည်မြဲနိုင်ရမယ်၊ လောင်းရဲတဲ့သူ လာခဲ့။ တရာနဲ့ တဆယ်လောင်းမည်” ဟု ဟောပြောသဖြင့် မန်းလူထုသတင်းစာ၏ အယ်ဒီတာအာဘော်တွင် “ဆတူပဲ လောင်းပါ့မယ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ မှန်လျှင် တည်မြဲ ရှုံးရမယ်” ဟု ရေးသည်။ ချက်ချင်း နေ့မဆိုင်း အယ်ဒီတာချုပ် ဆရာကြီး ရွှေဥဒေါင်းကို ဖမ်းပြီး ထောင်သို့ ပို့သည်။ တိုက်သွင်းလိုက်သေးသည်။
ဝန်ကြီး ဗိုလ်ခင်မောင်ကလေးကပင် မဲရွေးပွဲ တရားဟောရာ၌ တည်မြဲတို့သည် ရွေးကောက်ပွဲကြီးတွင် နိုင်ရမည်၊ အကယ်၍ ရှုံးလျှင်လည်း တည်မြဲတို့က နိုင်မည်သာဖြစ်သည်ဟု ပြောသည်။ တည်မြဲရှုံးပါက စစ်တပ်နှင့် အာဏာသိမ်းမည်ဟု ခြိမ်းခြောက်သည်ကို လူထုက လက်မခံ၊ နားမချမ်းသာ။
တည်မြဲတို့၏ နောက်ပါးမှ စစ်တပ်ကြီးက ရှိနေသည်ကို အားကိုးပြုကာ သူတို့က ထင်သလို ရမ်းကားကြသော ကြောင့် ၁၉၆၀ ပြည့်၊ ရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးရသည်။ သန့်ရှင်းအဖွဲ့က (၅၂) ရာခိုင်နှုန်း မဲရရှိပြီး တည်မြဲ အဖွဲ့က (၃၃) ရာနှုန်းရရှိကာ ပမညတတို့က (၅) ရာနှုန်းမဲ ရရှိခဲ့ကြ၏။
အမှန်ကို ဆိုရလျှင် တည်မြဲတို့ဘက်တွင် ပညာတတ်များ အများရှိပြီး သန့်ရှင်းဘက်၌ ပညာအရည်အသွေး နိမ့်သည်။ တည်မြဲ အမတ်လောင်းတို့ကို ကြိုက်သူများသော်လည်း တည်မြဲတို့က စစ်တပ်နှင့် ရင်းနှီးကြပြီး စစ်တပ်က မတရား ဖိအားပေးသောကြောင့် တည်မြဲတို့ ရှုံးရသည်။ ၁၉၅၁ ခုနှစ်၊ ရွေးကောက်ပွဲမှ စတင်ကာ စစ်တပ်က လက်နက်နှင့် ၀င်ရောက်စွက်ဖက်သည်ကို လူထုက ခါးသည်းစွာ ရွံရှာကြသည်ကို စစ်တပ်ရော၊ တည်မြဲတို့ပါ နားမလည်ကြရှာချေ။
စောစောက ကျင်းပသည့် ကြားရွေးကောက်ပွဲတို့တွင်လည်း ဆိုရှယ်နီများ အရွေးမခံကြရလေအောင် စစ်တပ်က ရန်ရှာခဲ့ကြသည်။ အချို့နေရာများတွင် လူသတ်မှုကြီးများ၊ ကျူးလွန်မိသည်အထိ စွက်ဖက်ခဲ့သည်။ အခြေအနေ မှန်မှာ စစ်တပ်က ကွန်မြူနစ်သူပုန်နှင့် လူမျိုးစုသူပုန်ကို တိုက်ရင်း ကျေးရွာအများတွင် တပ်စွဲထားလေသဖြင့် နိုင်ငံရေး မတရားဖိအားပေးမှုများအပြင် ကြက်ဆွဲ၊ ၀က်ဆွဲ၊ သမီးငယ်များကို ဆွဲ စသော အမှုများကြောင့် ပြည်သူလူထုကြီးက စစ်တပ်နှင့် နီးစပ်သူမှန်သမျှကို ဆန့်ကျင်ကြလေသဖြင့် တည်မြဲတို့ အရေးနိမ့်ရသည်။
ထိုရွေ့ထိုမျှ ပြင်းထန်သော နိုင်ငံရေးအကွဲတော်ပုံ၊ နိုင်ငံရေးပဋိပက္ခကြီးတွင် ကြေးမုံအဖို့ မည်သည့် အုပ်စုကိုမှ ဘက်မလိုက်မိစေရန် သတိကြီးစွာ ထားရသည်။ အပေါင်းအသင်းအဖြစ် တည်မြဲ ခေါင်းဆောင်များနှင့် များစွာ ရင်းနှီး၏။ ဦးကျော်ငြိမ်းက ညတည သန်းခေါင်ကျော်မှာ ဖုန်းဆက်ပြီး “ရဲကားတကား၊ အိမ်ရှေ့ထောင့်မှာ ရပ်ထားတာတွေ့တယ်။ ကိုနုက ကျုပ်ကို ဖမ်းတော့မယ် တင်တယ်။ ဖမ်းတဲ့အချိန်မှာ သက်သေလာခဲ့ဗျာ” ဟု ဖိတ်သောကြောင့် တညလုံးသူ၏ အိမ်ကို သွားပြီး လက်ဖက်ရည်ကြမ်းသောက်ရင်း နိုင်ငံရေး ဆွေးနွေးခဲ့ရသည်။
“သတင်းစာတွေ ခဲစာလုံးခွက် မှောက်တာတွေနဲ့ သာယာဝတီထောင်မှာ ဒေါက်တာဘမော်နဲ့ ဗိုလ်ရန်နိုင်ကို ချုပ်ထားချိန်မှာ သမီးဖြစ်သူက သွားတွေ့တော့ ဖခင်ဒေါက်တာဘမော် ကို ထောင်ဝင်စာတွေ့ခွင့်ပေးပြီး ခင်ပွန်း ဗိုလ်ရန်နိုင်ကို တွေ့ခွင့်ပေးတာ မလွန်ဘူးလား” ဟု မေးသောအခါ “ကျုပ်ကလဲ ငယ်သေးတော့ ရမ်းခဲ့တာပေါ့ဗျာ” ဟု ၀န်ခံရှာသည်။
ဦးကျော်ငြိမ်းတို့နှင့် ရင်းနှီးသည်ကို ဦးနုကလည်း ကြေးမုံကို မကြည်ပေ။ တကြိမ်တွင် မြိတ်ဘက်၌ ဦးနုခရီးထွက် ချိန် တရားထိုင်ရန် ဇရပ်တဆောင်ဆောက်ရန် အရာရှိများထံ အလှူခံကြောင်း သတင်းကို ကြေးမုံတွင် ဖော်ပြ ခဲ့သည်။ ထိုသတင်းသည် မိမိ၏ ဂုဏ်သရေကို ပျက်စေပါသည်။ တရားစွဲလိုပါသည်ဟု ဦးနုက ၀န်ကြီးအစည်း အဝေးတွင် တင်ကာ ခွင့်တောင်းသည်။
နံနက် (၁၁) နာရီ ၀န်ကြီးအဖွဲ့ အစည်းအဝေးပြီးသည်နှင့် သတင်းရသောကြောင့် ဦးနုထံ တောင်းပန်စာရေး ပြီး ညနေ (၂) နာရီ သွားပေးမိသည်။ “ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်ကို ၀န်ကြီးများထံ မဝေရသေးခင် မှာ ဘာလို့သိရတာလဲ” ဟု အကြံပေးအရာရှိ ဦးအုန်းက ပွက်ပွက်ညံ ဆူပူ ကြိမ်းမောင်းတော့သည်။ မူလ တရားထိုင်ရန် ဇရပ်အတွက် ငွေခံမှုထက် ကြီးမားသော နိုင်ငံတော် လျှို့ဝှက်မှုဥပဒေနှင့် အရေးယူမည် ဆိုသဖြင့် မည်သည့်သတင်းမဆို ဦးစွာ သိမိသူ “ဖိုးသိ” ဖြစ်မိသော တင်မောင်အဖို့ “မှားပါတယ်ခင်ဗျား” ဟု ဦးအုန်း ကို ဒူးထောက်ကာ တောင်းပန်ရတော့သည်။
၁၉၅၈ ခု၊ စစ်တပ်က အာဏာသိမ်းသောနေ့ မတိုင်မီ တရက်တွင် ဦးနုနှင့် တွေ့ခွင့်ရချိန်၌ ဦးနုက “မင့်ကို ကိုကျော်ငြိမ်းရဲ့ ဖျက်မျဉ်းလို့ ငါက ထင်မိတယ်” ဟု ပြောပြီး အခုအရေးကြုံမှ လွတ်လပ်တဲ့ သတင်းစာဆိုတာ သိပါတယ်ကွ ဟု ၀န်ခံရှာလေသည်။ ။

Sunday, October 26, 2008

အဖေလည်းဒီစာ၊ သားလည်းဒီစာ


၂၀၀၄ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရတော့ အပြာရောင်စာရွက်တရွက်ကို ရုံးက ထုတ်ပေးပါတယ်။ အဲဒီစာရွက် ထုတ်ပေးတဲ့နေ့မှာ ယူအမ်မှအမျိုးသမီးအရာရှိ ပြောလိုက်တာက “မင်းဟာ ဒုက္ခသည် တဦးမို့ ဒီရုံးရဲ့ အကာအကွယ်နဲ့ အစောင့်ရှောက်ကို ခံယူခွင့်ရှိတယ်၊ ရဲအဖမ်းခံရရင်၊ နေမကောင်းဖြစ် ရင် တို့ကို အကြောင်းကြားပါ၊ ပြီးတော့ မင်းကို တတိယနိုင်ငံတခုမှာ အခြေချနေထိုင်ခွင့်အတွက် လည်း စီစဉ်ပေးမယ်၊ ဒါပေမယ့် ဘယ်နိုင်ငံကို ဘယ်တော့သွားရမလဲ ဆိုတာ ခုချိန်မှာ မပြောနိုင်သေး ဘူး” တဲ့။
ယူအမ်က ထုတ်ပေးလိုက်တဲ့ လက်မှတ်ဟာ မလေးရှားလို နိုင်ငံထက် ပိုပြီး အဆင့်မြင့်တဲ့ နိုင်ငံတခုကို ရောက်နိုင်တဲ့ လက်မှတ်တစောင်ပဲ ဆိုတာ ကျနော်သိတာပေါ့။
ဒါနဲ့ မြန်မာပြည်က မိသားစုကို ပြည်ပခေါ်ထုတ်ဖို့ စီစဉ်ရပါတယ်။ အဲဒီအချိန်မှာ သမီးကြီးက မြောက်ဥက္ကလာပမှာရှိတဲ့ ဆေးဝါးတက္ကသိုလ်ဆိုလား တက်နေတယ်။ သမီးငယ်က ကိုးတန်းနဲ့ သားငယ်က လေးတန်း တက်နေကြတယ်။ ကျနော့် မိသားစုက မွန်ပြည်နယ်မှာ နေကြတာပါ။ သူတို့နဲ့ ဆုံဖို့ ချိန်းလိုက်တဲ့နေရာကတော့ မြ၀တီနယ်စပ်က မဲဆောက်ဖက်ခြမ်း တံတားထိပ်မှာပါပဲ။
ကျနော်လည်း ကွာလာလမ်ပူကနေ မဲဆောက်ဆင်းဖို့ လိုအပ်တာတွေ ပြင်ဆင်ရပါတယ်။ အဓိက ကတော့ လိုအပ်တဲ့ ငွေကြေးစုဆောင်းရတာပါ။ ကျနော့်ဇနီးက ပြည်တွင်းကနေ ငွေနဲနဲပါးပါး ပြန်လွှဲ ပေးသလို၊ မလေးရှားမှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့ သြစတေလျနိုင်ငံ ဆစ်ဒနီမှာ နေကြတဲ့ သူငယ်ချင်းတွေ ကလည်း ငွေပို့ပေးကြပါတယ်။
ကျနော့် ခရီးစဉ်က ကွာလာလမ်ပူကနေ ထိုင်းနယ်စပ်ကို ဖြတ်၊ အဲဒီကနေ ဘန်ကောက်ကိုရောက်။ ပြီးတော့ မဲဆောက်ကို ညကားစီးမယ်ပေါ့။ မဲဆောက်ရောက်တော့ ကားဂိတ်မှာ ကျနော့်ကို လာကြိုသူက ကျောင်းသားတပ်မတော်က ဘိုကျောက် (ကိုမိုးကျော်ဦး) ပါ။ မဲဆောက်မှာ ကျနော် တည်းခဲ့တာက ကိုလွမ်းဏီတို့အိမ်မှာပါပဲ။ မဲဆောက်ရောက်တဲ့ မနက် ကားဂိတ်မှာ စောစောစီးစီး ရဲက ရောက်နေပါပြီ။ မဲဆောက်မှာ ရဲတွေက မြန်မာပဲ လိုက်ရှာနေကြပါတယ်။ နောက်မှ သိရတာက ရဲတွေ လည်း မဲဆောက်ကို ပြောင်းခွင့်ရဖို့ အထက်ကို လာဘ်ငွေတွေ ပေးခဲ့ရတာပဲတဲ့။ အဲဒီတော့ သူတို့လည်း ပြန်ရှာနိုင်မှ တန်ကာကြမယ်လေ။ အဲဒီ မနက်မှာတော့ ဘိုကျောက်နဲ့ ကျနော် ရဲမေးတာ မခံခဲ့ရပါဘူး။
ကျနော့် မိသားစုက လမ်းမှာ ရေကြီးနေလို့ဆိုပြီး မြ၀တီကို ချိန်းထားတာထက် တရက်နောက်ကျ ပြီး ရောက်လာပါတယ်။ သူတို့ မြ၀တီမှာ တညအိပ်၊ နောက်နေ့မနက် တံတားကူးလက်မှတ်လုပ်ပြီး ထိုင်းဖက်ကမ်းကို ရောက်တော့ ကျနော်နဲ့ ဆုံကြပြီပေါ့။ ကိုလွမ်းဏီတို့ အိမ်မှာ တည်းရင်း သူတို့ကို ဘန်ကောက်ခေါ်ဖို့ စီစဉ်ရပါတယ်။ အဓိက စီစဉ်ပေးသူကတော့ မအေးအေးမာပါ။ ကျနော်ကတော့ မဲဆောက်ရောက်တုံး အေအေပီပီရုံး၊ NLD (LA)၊ မိုးကြိုးသတင်းစာ စတဲ့ မြန်မာအဖွဲ့အစည်းတွေကို လိုက်လည်ရင်း အလုပ်ရှုပ်နေပါတယ်။
ကျနော်တို့ မိသားစု တတိယနိုင်ငံ သွားတဲ့ အခါ စကင်ဒီနေးဗီးယား နိုင်ငံတွေဖက်ရောက်ရင်တော့ သူတို့စာကို အေဘီစီဒီကနေ ပြန်သင်ရတာမို့ “ဖအေလည်းဒီစာ၊ သားလည်းဒီစာ” ဖြစ်လိမ့်လို့ မဲဆောက်က အဖွဲ့တွေက တင်ကြိုဟောကိန်းထုတ်ပါတယ်။ မဲဆောက်က လူတွေက တတိယနိုင်ငံ တွေအကြောင်း ကောင်းကောင်းသိနေကြပြီလေ။
ကျနော့် မိသားစုဟာ ပထမဆုံးအကြိမ် ပြည်ပမြေနင်းရတာမို့ အစစအရာရာ ကျနော်က ဦးဆောင်ရ ပါတယ်။ ထိုင်းစကားကို သူတို့ နားမလည်သလို မလေးရှားရောက်တော့လည်း မလေးတွေဘာပြော နေလဲ သူတို့ မသိပါဘူး။ ယူအမ်က အင်တာဗျူးတွေ ဒိန်းမတ်မစ်ရှင်က အင်တာဗျူးတွေမှာလည်း သူတို့က ငုတ်တုတ်ပါပဲ။ ကျနော်ကပဲ ဦးဆောင်ခဲ့ရတာပါ။
အဲ… ဒိန်းမတ်ရောက်လို့ ဒိန်းမတ်စာစသင်ကြတော့ မဲဆောက်က ပြောလိုက်သလို ပါပဲ။ သူတို့လည်း a for apple နဲ့ ကျနော်လည်း a for apple ကနေ စသင်ကြပါတယ်။ ကျောင်းတော့ မတူပါဘူး။ ကျနော်ရယ်၊ ဇနီးရယ် နဲ့ သမီးကြီးရယ်က လူကြီးတွေတက်ရတဲ့ ဒိန်းမတ်စကားသင်ကျောင်းကို သွားရပြီး အငယ်နှစ်ယောက်ကတော့ အိမ်နားက အထက်တန်းကျောင်းကိုပါ။ သမီးကြီးက ဒိန်းမတ် စကားသင်တဲ့ကျောင်းကို တနှစ်ခွဲနဲ့ ပြီးသွားသလို အငယ်လေးတွေကလည်း စာသင်ကျောင်းမှာ ဒီက ကလေးတွေနဲ့ အတူတူ ဆော့ကစားရင်း အပေါင်းအသင်း လုပ်ရင်း သင်သွားကြတာမို့ ကျနော်တို့ထက် ကို ဒိန်းမတ်လို အများကြီး တတ်လို့ နေပါပြီ။
အခုတော့ ဒီရောက်တာလည်း သုံးနှစ်ခွဲရှိသွားပြီဆိုတော့ ဒိန်းမတ်တွေ နဲ့ ဆက်ဆံရမယ့် ကိစ္စတွေ ဆိုရင် သူတို့ပဲ ကောင်းကောင်း နားလည်တာမို့ သူတို့ကိုပဲ …
“ ဟဲ့.. တို့ကို ကူညီနေတဲ့ Birte ဆီ ဖုန်းဆက်လိုက်စမ်း”
“ဟဲ့.. ဟိုမှာဒိန်းမတ်တယောက်၊ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်းနဲ့တူတယ်၊ ဘာတွေလာမေးနေလဲ မသိဘူး၊ စကားသွားပြောလိုက်စမ်း”
“ဒီမှာ မြို့နယ်ရုံးက စာလာတာ ဘာရေးထားမှန်းမသိဘူး၊ လာဖတ်ကြည့်စမ်း”
စသည်ဖြင့် ခိုင်းရပါတယ်။
အဲလိုတွေ ဖြစ်လာတယ်ဆိုတော့ တဖြည်းဖြည်းနဲ့ သူတို့တွေက ဦးဆောင်နေပြီး ကျနော်က နောက်ကို ရောက်နေပါပြီ။
အဲဒါကြောင့် မဲဆောက်က အဖွဲ့တွေနဲ့ ခုနေ ပြန်ဆုံရင် “ဖအေလည်းဒီစာ၊ သားလည်းဒီစာ” ဆိုတာ ကျောင်းတက်ခါစမှာပဲ စာတူပြီး နှစ်ကြာလာတာနဲ့အမျှ သားတွေ သမီးတွေက မိဘတွေထက် ပိုတတ်၊ ပိုနားလည်လာတယ်ဆိုတဲ့ အကြောင်း ပြောပြလိုက်ချင်ပါသေးတယ် ခင်ဗျာ ။ ။

ဓါတ်ပုံ (အပေါ်) ဒိန်းမတ်စာသင်ကျောင်းနှင့် ဆရာမတဦး

Saturday, October 18, 2008

(၁၃) သတင်းစာအသစ်တခု တည်ထောင်ခြင်း (ကြေးမုံဦးသောင်း)

ကြေးမုံသတင်းစာ စတင်ထုတ်ဝေသော ၁၉၅၇ ခု၊ ဧပြီလ (၁၆) ရက်နေ့သည် ကမ္ဘာကြီး အဖို့ပါ ထူးခြားသော နေ့တနေ့ ဖြစ်သည်ဟု ဆိုပါလျှင် ကားလွန်းသည်၊ ကြွားလွန်းသည်ဟု အပြစ်မတင်နိုင် ပါပေ။ သဒ္ဒါစာပေ ဖွဲ့စည်းမှုစည်းကမ်းအရလည်း ဒေါသမသင့်ပေ။ ထိုနေ့က မြန်မာနှစ်ဆန်း (၁) ရက် နေ့ ဖြစ်၏။ ကြေးမုံနှင့်အတူ ဖွားဘက်တော်များအဖြစ် အထောက်တော်သတင်းစာနှင့် ပြည်တော်စိုး သတင်းစာတို့ပါ သတင်းစာ (၃) စောင် ပြိုင်တူ ထွက်လာခဲ့သည်။ မြန်မာပြည်တွင်မက ကမ္ဘာမှာပင် သတင်းစာအသစ်တစောင် စတင်ထုတ်ဝေသည့်နေ့ ဟူ၍ များများမရှိခဲ့ပေ။ ယခုကဲ့သို့ သတင်းစာ အသစ် (၃) စောင် တပြိုင်တည်းထွက်သောနေ့ဟူ၍ ကမ္ဘာတွင် မရှိသေးပေ။ နောက်နောင်ကာလများ တွင်လည်း ရှိရန်မလွယ်ပါပေ။
အမေရိကန်နှင့် ရုရှအုပ်စု စစ်အေးကြီးကြောင့် မြန်မာစာနယ်ဇင်းလောကကြီး ယိုယွင်းသွားသည်ကို ၀မ်းနည်းဖွယ် ကြုံတွေ့ရသဖြင့် ကြေးမုံကို ပျိုးထောင်ခဲ့သည်။ မြန်မာသတင်းစာများမှာ အမေရိကန် သြဇာခံ လက်ျာသတင်းစာများနှင့် ရုရှသစ္စာခံ လက်ဝဲသတင်းစာများ ဟူ၍ (၂) မျိုးသာရှိနေသည်။ လက်ဝဲသတင်းစာများက အမေရိကန်ဟူသော ဝေါဟာရစာလုံးကို အသုံးပြုတိုင်း “အမေရိကန် နယ်ချဲ့သမား” ဟု ဂုဏ်ထူးဝိသေသန တပ်ဆင်ရေးသားလေ့ ရှိသည်။ လက်ျာသတင်းစာများကလည်း လက်ဝဲနိုင်ငံများ၏ အနယုတ္တသတင်းများကို ပုံကြီးချဲ့ကာ ရေးသားကြသည်။
ဗမာ့ခေတ်သတင်းစာသည် ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းစာဖြစ်သည်။ သို့ငြားလည်း တင်မောင် အဖို့ ဗမာ့ခေတ်တွင် အယ်ဒီတာချုပ်အဖြစ်အထိ တာဝန်ယူ လုပ်ကိုင်ခဲ့စဉ်က များစွာ လွတ်လပ်သည်။ ဗမာ့ခေတ်၏ မဟာမိတ်ဖြစ်သူ အမေရိကန် ဒီမိုကရေစီကို ဝေဖန်ရေးသားနိုင်သည်။ သို့သော် အမေရိကန်သံရုံးမှ ပို့ပေးသော ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းဆောင်းပါးများကို အများအပြား ဖော်ပြပေးရသည်ကိုမူ ဘ၀င်မကျ ဖြစ်မိသည်။
ဗမာ့ခေတ်မှာ မပျော်နိုင်သည့် အချက်တခု ရှိပါသေးသည်။ လစာနှုန်းထားကို မကျေမနပ်ဖြစ်မိသည်။ မြန်မာသတင်းစာလောကမှ အယ်ဒီတာချုပ်များကို ပေးသော လစာနှုန်းမှာ နေရှင်းအယ်ဒီတာချုပ် ဦးလောရုံ ရယူသော လစာ၏ လေးပုံတပုံသာ ရှိသည်ကိုလည်း မခံချင် ဖြစ်မိသည်။
ထိုအချိန်က တင်မောင်၏ ကိုယ်ပိုင် အပိုလုပ်ငန်းအဖြစ် သောကြာဟာသစာစောင်ကို ဆရာဇ၀နနှင့် ရှုမ၀ဦးကျော်၏ အကူအညီနှင့် ထုတ်ဝေရာ ရောင်းမလောက်အောင် လူကြိုက်များသည်အထိ ထူးထူး ခြားခြား အောင်မြင်မှု ရခဲ့သည်။ သတင်းစာတစောင်အရွယ် စက္ကူကို (၄) ခေါက် ခေါက်ကာ ချူပ်ပြီး တအုပ်တကျပ်နှုန်း ရောင်းခဲ့သည်။ စာမူအများကို မိမိဘာသာ ရေးသောကြောင့် ဆရာဇ၀န၏ စာမူအတွက် ဘီယာပုလင်းဖိုးမှ တပါး စရိတ်မကုန်လေသဖြင့် အချိန်အနည်းငယ်အတွင်းတွင် ငွေအစုလိုက် အပုံလိုက် ကိုင်နိုင်ခဲ့သည်။
ငွေကလေး ကြေးကလေး အိတ်ထဲရှိလာသောအခါတွင် ပြောရဲဆိုရဲ ရှိလာသည်။ ပိုင်ရှင် ဦးအုန်းခင် ထံ အရေးဆိုသည်။ ဗမာ့ခေတ်အမှုထမ်း အားလုံး လစာနှုန်း နိမ့်နေပါသည်။ ထိုကြောင့် တင်မောင်ကို သာမက စာစီကစပြီး သတင်းထောက်များ၊ အယ်ဒီတာများအထိ လစာတိုးပေးပါဟု လစာစာရင်းသစ် ကို တင်ပြကာ အရေးဆိုသည်။ တင်မောင်၏ လစာကို လက်ရှိ တလ (၄၀၀) နှုန်းမှ (၁၀၀၀) ကျပ် အထိ တက်ပေးရမည်ဟုလည်း တောင်းသည်။
“တယ်ဆိုတဲ့ ကောင်ပါလားကွ။ လစာ (၄၀၀) ကျပ်ရတဲ့ သူတယောက်က ပိုတောင်းနိုင်လှ (၅၀၀) ကျပ် ပေါ့” ဟု ဆရာကြီး ရွှေဥဒေါင်းက မှတ်ချက်ချသည်။
“နောက်ပြီးတော့ အမှုထမ်းအားလုံးအတွက် မင်းက လူမိုက်လုပ်တာကိုး” ဟု ပြောသေးသည်။ ဆရာကြီး ယူဆသည့်အတိုင်း ပိုင်ရှင်ဦးအုန်းခင်က လစာကို (၅၀၀) ကျပ်အထိ တိုးပေးရှာသည်။ လစာနှုန်းကို ထိုက်သင့်သလို ပေးပါဟု တောင်းစဉ်က မပေးလျှင် ဘာလုပ်မည်ဟု အစီအစဉ်မရှိ စေကာမူ မိမိတောင်းသည့်အတိုင်း မရသောအခါ တင်မောင်က လက်မခံဘဲ ဗမာ့ခေတ်အယ်ဒီတာချုပ် ရာထူးမှ ထွက်လိုက်မိသည်။ မိမိတွင် ၀င်ငွေရှိနေပြီဖြစ်သော်လည်း တန်ခိုးသြဇာကြီးမားသော အကြီးဆုံးသတင်းစာ၏ အယ်ဒီတာချုပ်ရာထူးမှ ထွက်လိုက်သောအခါတွင် မိမိကိုယ်မိမိ သိမ်ငယ်သူ တဦးအဖြစ် ခံစားမိသည်။ ထွန်းနေ့စဉ်နှင့် အိုးဝေတို့တွင် ၀င်ရောက်ပြီး ဆောင်းပါးများ ရေးမိရာမှ ဖြေသာသည်။
ဗမာ့ခေတ်မှ ထွက်ခြဲ့ပီးနောက် လအနည်းငယ်အတွင်းတွင် ကြေးမုံဂျာနယ်ကို စတင် တည်ထောင် သည်။ စောင်ရေ (၄၀၀၀) အထိ ရောင်းရသဖြင့် အောင်မြင်စေကာမူ သတင်းများ၊ ဆောင်းပါးများကို (၇) ရက် စောင့်ဆိုင်းပြီးမှ ရေးသားရသည်မှာ အားမလို အားမရ ဖြစ်လာသည်။ သတင်းကောင်းများ ရှာနိုင်ပါလျက် မရေးနိုင်သည်မှာ ခြေတုပ်ထားသကဲ့သို့ ခံရခက်သည်။
ကြေးမုံဂျာနယ်ထွက်ပြီး မကြာမီအတွင်း ဂျာနယ်မှတဆင့် နေ့စဉ်သတင်းစာသို့ ကူးပြောင်း တည်ထောင်ခဲ့လေသည်။
သောကြာစာစောင်က ရရှိထားသည့် ငွေရင်းအပြင် ဆွေမျိုးမိတ်ဆွေ (၅) ဦးနှင့် အိုးဝေကြော်ငြာ မန်နေဂျာ ဦးသော်ထံမှ ငွေရင်းအနည်းငယ် တောင်းခဲ့ပြီး ငွေရင်း အစုစု ကျပ်သုံးသောင်းမျှနှင့် တည်ထောင်သောအခါတွင် ဆရာဇ၀နနှင့် ကိုခင်မောင်ရီတို့ကိုလည်း အစုဝင် လာနိုင်ရန် လစာပိုပေးပြီး အစုရှင်များအဖြစ် ပါဝင်စေသည်။ ပထမဆုံးသော အယ်ဒီတာများ စုပေါင်းပိုင်ဆိုင်သည့် သတင်းစာဖြစ်ပြီး ထိုအချိန်က အတော်ဆုံး သတင်းထောက်များကို စည်းရုံးခေါ်ယူထားသဖြင့် တဟုန်ထိုး တိုးတက်ရောင်းချရတော့သည်။
နှစ်ဆန်း (၁) ရက်၊ ပထမနေ့က ကြေးမုံစောင်ရေ (၇၀၀၀) ပုံနှိပ်သည်ကို (၃၀၀၀) ရောင်းရသည်။ ဒုတိယနေ့တွင် (၃၈၀၀) ရောင်းရပြီး၊ တတိယနေ့တွင် (၄၅၀၀)၊ ပဉ္စမနေ့၌ (၇၀၀၀) ရောင်းရသဖြင့် (၅) ရက်အတွင်း သတင်းစာကြီးများနှင့် ရင်ပေါင်တန်းလိုက်နိုင်ခဲ့သည်။ တလကြာသောအခါတွင် စောင်ရေ (၁၃၀၀၀) ရောင်းရကာ သုံးလအကြာတွင် စောင်ရေ (၂၀၀၀၀) ရောင်းရသောကြောင့် မိခင် ဗမာ့ခေတ်ကို ကျော်လွန်ပြီး အကြီးဆုံး သတင်းစာ ဖြစ်လာခဲ့သည်။
ကြေးမုံကို လူထုက လက်ခံအားပေးသည်မှာ သတင်းထူး သတင်းဦးကို ရဲဝံ့စွာ ဖော်ပြနိုင်ခြင်းနှင့် မြန်မာ့ရှုထောင့်ကို ရှေ့ရှုသောမူဝါဒကြောင့် ဖြစ်သည်ဟု စာနယ်ဇင်းလောကက ယူဆကြသည်။ ထိုခေတ်က ဗမာ့ခေတ်မှတပါး သတင်းစာအများကို ငွေရှင်ကြေးရှင်များက ပိုင်ဆိုင်ပြီး သတင်းစာ လုပ်ငန်းကို ရှေးခေတ်ပုံစံအတိုင်း လုပ်ကိုင်ကြလေသည်။ အန္တရာယ်များမည့် သတင်းဆောင်းပါးများ ကို ရှောင်လေ့ရှိ၏။ ကြေးမုံနှင့် ဗမာ့ခေတ်ကမူ လူထုသိသင့်သည့် သတင်းကို ရရှိကြပါက မိမိတို့ ရင်ဆိုင်ကြရမည့် ဘေးရန်များကို သိကြပါလျက် တာဝန်ကျေပွန်စွာ ပုံနှိပ်ဖော်ပြလေ့ ရှိကြသည်။ ထို့ကြောင့် ကြေးမုံနှင့် ဗမာ့ခေတ်က ရှေ့က ပြေးခဲ့သည်။
“ဦးထုပ်နီကြီးတွေ အများကြီး၊ ကြယ်တွေ ကြွေကုန်ကြပြီ” ဟု မိတ်ဆွေ အယ်ဒီတာတဦးက သတင်းစ တခုကို ပေးသည်။ သူက စစ်တပ်ပိုင် သတင်းစာတွင် လုပ်ကိုင်သောကြောင့် သတင်းကို ဖော်ပြရန် မသင့်သဖြင့် တင်မောင်အား ပေးသည်။ တင်မောင်အဖို့ ထိုသတင်းကို ပုံနှိပ်ရန် မ၀ံ့မရဲဖြစ်ပြီး တရက် နှစ်ရက်တိုင်တိုင် ဆိုင်းငံကာ စဉ်းစားရပါသည်။
သတင်းမှာ “တပ်မတော် ထိပ်သီးစစ်ဗိုလ်ကြီး (၁၂) ဦးတို့ကို တပ်မတော်က အနားယူကြစေ။ တဦးကိုမူ ပြည်ပသို့ သံအမတ်အဖြစ် ထွက်စေ” ဟု ဗိုလ်ချုပ်ကြီးနေ၀င်းက ပြစ်ဒဏ်ခတ်သည့် သတင်းဖြစ်သည်။
၁၉၅၈ ခုနှစ်က ပထမဆုံး စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထိုစဉ်က ၀န်ကြီးအမည်မခံဘဲ ၀န်ကြီးရာထူးများကို ထမ်းရွက်ကြရသူ ဗိုလ်မှူးကြီးများ အပါအ၀င် ထိပ်သီးစစ်ဗိုလ်ကြီး အများကို ဗိုလ်ချုပ်ကြီးနေ၀င်းက မကျေနပ်သောကြောင့် အရေးယူသည်။ သူက နောက်တကြိမ် အာဏာသိမ်း ရန် အစီအစဉ်ကို အကွက်ရိုက်နေရာ၌ အာဏာသိမ်းချိန် ပိုင်ပိုင်နိုင်နိုင် ရှိစေရန်အတွက် သူ့ကို ပြန်ပြောဝံ့သူ စစ်ဗိုလ်ကြီးများကို ဖယ်ရှားသည်လည်း ဖြစ်၏။
ဗိုလ်ချုပ်နေ၀င်း၏ လုပ်နည်းလုပ်ဟန်မှာ လက်အောက်မှာရှိသော စစ်ဗိုလ်ကြီးအားလုံးကို သူ၏ လူယုံတော်၊ သူ့ကိုယ်ပိုင် စစ်စုံထောက်များနှင့် စောင့်ကြည့်နေလေ့ ရှိသည်။ သူက ကျေနပ်နေသည့် အချိန်တွင် မည်ရွေ့မည်မျှပင် ကြီးလေးသော ရာဇ၀တ်မှုကို ကျူးလွန်မိစေကာမူ မှတ်တမ်းမှာသာ တေးထားပြီး မည်သို့မျှ အရေးမယူဘဲ စောင့်ကြည့်နေလေသည်။ ထိုပုဂ္ဂိုလ်ကို သူမလိုလားသော အခါကျမှ အမှုတွဲကို လှန်ပြပြီး အရေးယူလေ့ရှိသည်။
တပ်မှူးများ ညီလာခံတွင် ဗိုလ်မှူးကြီးတဦးပြီးတဦး စင်မြင့်ပေါ်ခေါ်ပြီး မင်းက စစ်ဆင်ရေး ရန်ပုံငွေ တွေ ပြန်မအပ်ဘူး။ မင်းက ရွေးကောက်ပွဲမှာ ဘက်လိုက်တယ်။ မင်းက အမေရိကန် စီအိုင်အေနဲ့ ပလူးတယ် … စသည်ဖြင့် အသေးစိတ်ပြောပြပြီး တပ်မှ ထုတ်လေသဖြင့် အထုတ်ခံရသူများ မည်သူမှ ပြန်မလှန်နိုင်ဘဲ ခံကြရသော သတင်းကို အစုံရခဲ့သည်။
သတင်းအပြည့်အစုံကို ကြေးမုံမှာ တစောင်တည်း ဖော်ပြနိုင်ခဲ့သောနေ့က အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ပင် မသိကြသေးသောကြောင့် ၀န်ကြီးများက လူယုံတော်များကို စာရေးသူထံ စေလွှတ်ပြီး မေးကြရှာ သည်။ သတင်းမှန်၏ အောင်ပွဲနှင့်အတူ ဆက်တိုက်လာနိုင်သည့် ဂယက်ကို မြင်မိသောကြောင့် တင်မောင့်အဖို့ ရင်လှိုက်သည်းဖို တုန်လှုပ်ချောက်ချား ရပါသည်။ ဤသို့သော ခံစားချက်မျိုး ကြုံရ ခဲတော့သည်။
၁၉၅၈ ခုက အိမ်စောင့်အစိုးရ အမည်နှင့် စစ်တပ်က အာဏာသိမ်းစဉ်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း၏ မိန့်ခွန်းကို သူပြောသည့်အတိုင်း လုံးစေ့ပတ်စေ့ ပုံနှိပ်ဖော်ပြခြင်း မပြုဘဲ အတိုချုပ်ကာ ရေးသား ဖော်ပြခဲ့သည်။ ယင်းသို့ ဖော်ပြသဖြင့် တပ်မတော်အရာရှိများ စိတ်ဓာတ်ကျစေသည်ဟု ရုံးတော်သို့ အမှုတင်ကာ ကြေးမုံကို ပိတ်စေ၊ စက်သိမ်းစေ၊ အယ်ဒီတာ ထောင်ဒဏ်ကျခံစေဟု တရားစီရင်ခဲ့သည်။ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အစိုးရတက်လာမှ အမှုပြယ်သွားပါသည်။ ခဲမှန်ဖူး သည့် စာသူငယ်ဖြစ်သဖြင့် ဤတချီမှာ ဗိုလ်ချုပ်ကြီး စိတ်ဆိုးလျှင် မသက်သာဘူးဟု တွေးမိသော ကြောင့် များစွာ တုန်လှုပ်ခဲ့မိလေသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက တုန်နေအောင် စိတ်ဆိုးစေကာမူ သတင်းက မှန်သောကြောင့် တကြောင်း၊ ဖယ်ရှားလိုက်သူ စစ်ဗိုလ်ကြီးများက ပြန်တိုက်နိုင်သည့် အခွင့်အလမ်း ပေါ်လာမည်ကို စိုးရွံ့သဖြင့် တကြောင်း၊ ရာသက်ပန် အာဏာသိမ်းရန် မဟာစီမံကိန်းကြီး ရေးနေချိန်ဖြစ်သောကြောင့် တကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် အာဏာပြန်ပြီး ရယူသည့် သန့်ရှင်းဖဆပလ အစိုးရနှင့် ပဋိပက္ခ မဖြစ်လိုသော ကြောင့် တကြောင်းတို့ကြောင့် အရေးမယူရဲဘဲ အံခဲနေသည်ဟု ကြားသိရသည်။
ကြေးမုံအာဘော်နှင့် ပတ်သက်၍ မြန်မာ့ရှုထောင့်က မြင်ကြည့်သည့် သတင်းစာဖြစ်ရမည်။ ဘက်မလိုက်သည့် သတင်းစာ ဖြစ်ရစေမည်ဟု ကြိုးစားစေကာမူ သတင်းဖြစ်ပေါ် သမျှကို တင်ပြ ဝေဖန်ရာ၌ လွတ်လွတ်လပ်လပ် ရေးလေသဖြင့် လက်ဝဲ လက်ျာအင်အားစု (၂) ဘက်စလုံးက မကြည် ကြပါပေ။ “မင်းတို့က အနောက်အုပ်စုကို အသားပေးလွန်းတယ်” ဟု ဆရာ ဦးသိန်းဖေမြင့် က ဝေဖန်သည်။ ဆရာဦးညိုမြက တဖန် “ကြေးမုံက လက်ဝဲဘက်ကို ဘေးတီးပေးတယ်” ဟု အပြစ်တင် ပြန်သည်။ ။

Saturday, October 11, 2008

ကိုပင်ဟေဂင်



အမေရိကန် သမ္မတ ဂျော့ခ်ျဘုရှ်တို့ ဇနီးမောင်နှံ မြန်မာ့အရေး အားပေးဆောင်ရွက် နေကြတယ် ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် အမေရိကန် သမ္မတကြီး ဒိန်းမတ်ကို လာသွားတုံးက သူ့ကို ဆန္ဒပြတဲ့ အုပ်စုထဲ မြန်မာပြည် ဒီမိုကရေစီရဖို့ လိုလားတဲ့ ကျနော်ပါသွားခဲ့ဘူးပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
UNHCR ရဲ့ အစီအစဉ်နဲ့ ဒိန်းမတ်အစိုးရက လက်ခံတဲ့ ဒုက္ခသည်တွေကို ဒိန်းမတ်နိုင်ငံရဲ့ လူစည်ကား တဲ့ မြို့တော်နဲ့ မြို့ကြီးတွေမှာ နေရာ ချထားပေးလေ့ မရှိပါဘူး။ လူနေကျဲပါးတဲ့ ဒေသတွေမှာ သုံးနှစ် အနည်းဆုံးနေပြီးမှ ကိုယ်ပြောင်းချင်တဲ့နေရာကို ပြောင်းရမယ်ဆိုတဲ့ စည်းကမ်းရှိပါတယ်။ အဲဒါကြောင့် ဒိန်းမတ်ကိုရောက်ပြီး လအတန်ကြာတဲ့အထိ မြို့တော်ကိုပင်ဟေဂင် ကို ကျနော် မရောက်ဘူးသေးပါ။ မြို့တော် နဲ့ ကျနော့်နေရာက ကီလိုမီတာ ၂၆၄ ဝေးကွာပြီးတော့ ပုံမှန်ပြေးဆွဲတဲ့ ဘတ်စကားလိုင်း မရှိပါဘူး။ အမြန်ရထားနဲ့သွားရမှာ ဖြစ်ပြီး အသွားအပြန် ရထားခ Kr. 600 (Danish Crown) နီးပါးရှိပြီး ယူအက်စ်ဒေါ်လာနဲ့ ဆို ၁၀၀ ကျော်ပါတယ်။ ဒိန်းမတ်ရောက်ခါစဆိုတော့ အလုပ်ကလည်း မရှိသေး၊ အစိုးရပေးတဲ့ ထောက်ပံ့ကြေးကလည်း နေရေးစားရေးအတွက်ပဲ လုံလောက်တာမို့ သွားရေးလာရေး အတွက် အပိုအလျှံမရှိပါ။
ဒီလိုနဲ့ ၂၀၀၅ ခုနှစ် ဂျူလိုင်လ ၅ ရက် ၆ ရက်တွေမှာ အမေရိကန်သမ္မတကြီးနဲ့ ဇနီးမောင်နှံ ဒိန်းမတ်ကို လာလည်မယ့် ခရီးစဉ်ရှိကြောင်း အင်တာနက်ကနေတဆင့် သိရပါတယ်။ တဆက်တည်းမှာပဲ အင်တာနက် ပေါ်က Group တွေက တဆင့် အမေရိကန်သမ္မတကို ဆန္ဒပြကြမယ်ဆိုတဲ့ စည်းရုံးလှုံ့ ဆော်မှုတွေကိုလည်း ဖတ်ရပါတယ်။ အဲဒီမှာ နိုင်ငံအနှံ့အပြားကနေ လာကြမယ့် ဆန္ဒပြသူတွေဟာ ဘယ်နေရာမှာ ဆုံကြမယ်၊ ဘယ်လိုလာကြမယ် ဆိုတာတွေလည်း သိနေရပါတယ်။ သူတို့တွေက ဘတ်စကားစုငှားပြီး မြို့တော်ကို သွားကြမှာ၊ ကားခကလည်း သက်သာတယ်ဆိုတော့ ကျနော်လည်း စိတ်ဝင်စားတာနဲ့ ကျနော့် မိတ်ဆွေကိုမိုက်ကယ်နဲ့ တိုင်ပင်တော့ သူကလည်း လိုက်မယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ တောမှာ နေတဲ့ ကျနော်တယောက် မြို့တော်ကို ပထမအကြိမ်ရောက်ဘူးပါတော့ တယ်။ ဆန္ဒပြသူတွေနဲ့ အတူသွားတာမို့ ဘတ်စကားက အမေရိကန်သံရုံးနဲ့ အနီးဆုံးနေရာမှာ သွားရပ် ပါတယ်။ ကားပေါ်က ဆင်းပြီး နဲနဲပဲ လမ်းလျှောက်ရသေးတယ်၊ စက်ဘီးအတိုက်ခံရတော့မလို့ဖြစ်သွား ရသေးတယ်။ တောသားမြို့ရောက်တာဆိုတော့ ဒီလိုပဲပေါ့နော်။ စက်ဘီးတွေကလည်း ဥဒဟိုသွား နေတယ်၊ စက်ဘီးလမ်း သီးသန့်ပေးထားတယ် ဆိုတာလည်း သတိမထားလိုက်မိဘူးလေ။ ကျနော် တို့ တောပိုင်းမှာက အဲလိုမှ မဟုတ်တာ။
သူတို့ဆီက ဆန္ဒပြတာကလည်း ကျနော်တို့မြန်မာပြည်မှာ တန်ဆောင်တိုင်မီးထွန်းပွဲလိုပါပဲ။ စတိတ်ခုံနဲ့ တီးဝိုင်းနဲ့ပါ။ အမေရိကန်သံရုံးရှေ့မှာ လူစုနေကြတာပါ။ အဲဒီမှာ အခုဧရာဝတီမှာ ဆောင်းပါးရေးနေတဲ့ ဝေမိုး၊ ကိုပင်ဟေဂင်မှာ နေကြတဲ့ ဘီးထော်နဲ့ ကိုဗညားတို့နဲ့လည်း ဆုံကြပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတဲ့ နိုင်ငံတွေဆိုတော့ လုံခြုံရေးရဲတွေ အသင့်အနေအထား ရှိနေသည့်တိုင် ဆန္ဒပြသူ တွေက အကြောက်အလန့်မရှိ ဥဒဟို သွားလာလှုပ်ရှားနေကြတာပါပဲ။ (ရွှေဝါရောင်တော်လှန်ရေး နှိမ်နှင်းစဉ် ရန်ကုန်မြို့က မြင်ကွင်းတွေနဲ့တော့ တခြားစီပါ)သတ်မှတ်ထားတဲ့ အချိန်ကိုရောက်တော့ အမေရိကန်သံရုံးရှေ့နေကနေ လွှတ်တော်အဆောက်အဦးဆီကို စီတန်းလမ်းလျှောက်ကြပါတယ်။ လွှတ်တော်ရှေ့ က ရင်ပြင်ရောက်ရင် စစ်ဆန့်ကျင်ရေးတရားပွဲတွေ လုပ်ကြပါလိမ့်မယ်။ ကျနော်တို့က အဲဒီတရားတွေနာဖို့ထက် မြို့တော်ကို လိုက်ကြည့်ချင်စိတ်က များနေတာမို့ လူအုပ်ကြီးနဲ့ လမ်းခွဲလိုက် ကြပါတယ်။ ကျနော်တို့ နဲ့ အတူပါလာတာက Danish Burma Committee မှာ လုပ်အားပေးလုပ်နေ တဲ့ ဒိန်းမတ်လူငယ် သောမတ်စ် ပါ။ သူက အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တာမို့ သူရှင်းပြတာ နားထောင်ရင်း ကိုပင်ဟေဂင်ကို အချိန်ရသလောက် လည်ခဲ့ကြပါတယ်။ အသွားအပြန်ကားခ သက်သာတယ်ဆိုပေမယ့် အဲဒီနေ့က နေ့ချင်းပြန် ခရီးနှင်ရတာမို့ လူလည်း အတော်ပင်ပန်းသွားခဲ့ရ ကြောင်းပါ ခင်ဗျား ။ ။

ဓါတ်ပုံ (အပေါ်) ကိုပင်ဟေဂင် အမေရိကန်သံရုံးရှေ့ (သောမတ်(စ်)၊ ကိုဂျွန်၊ ဒိန်းရှစ်ရှ်ဘားမားမှ လူငယ်တဦး၊ ကိုဗညား၊ ကိုဘီးထော်၊ ကိုမိုက်ကယ်)
ဓါတ်ပုံ (အောက်) Google map direction (from my house to Copenhagen)



View Larger Map