Saturday, December 13, 2008

ကျောင်းကပွဲ


ကြာသပတေးနေ့ ညနေ ၇ နာရီတိတိမှာ ကျနော် စာသင်ခန်းထဲကိုရောက်တော့ လူအတော် စုံနေပါပြီ။ တခန်းလုံးလည်း ဂျာမန်အလံလေးတွေ ချိတ်ထားကြတယ်။ သူတို့ (၇) တန်းအေ က အတန်းသားတွေရယ်၊ ကျောင်းသားမိဘတွေရယ် စာသင်ခန်းထဲမှာ နေရာယူပြီးချိန်မှာ ကျောင်းသားလေးတယောက်နဲ့ ကျောင်းသူတယောက်က အခန်းရှေ့ထွက်လာပြီး ကောင်မလေးက စာရွက်တရွက်ကိုင်ပြီး ဂျာမန်လို ပြောပါတယ်။ အခမ်းအနား စပြီ ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အစားအသောက်များကို စတင်သုံးဆောင်နိုင်ပါပြီ လို့ ပြောတယ်လို့ တော့ ကျနော်ထင်တာပဲ။ သူတို့တွေ (၇) တန်းရောက်မှ ဂျာမန်စာစသင်ရတာမို့ အဲဒါကိုပဲ အထင်ကရ ထားပြီး ဂျာမန်အလံတွေရယ် ဂျာမန်စကားနဲ့ မိတ်ဆက်တာရယ်ကို စီစဉ်ထားပုံ ရတယ်။
အစားအသောက်တွေက မိဘတွေကိုယ်တိုင် အိမ်က ချက်ယူလာရတာပါ။ ကိုယ့်အိမ်ကနေပဲ ထည့်စားဖို့ ပုဂံပြား၊ ဇွန်းခါးရင်း နဲ့ ရေခွက်စတာတွေ ယူသွားရပါတယ်။ ပွဲကတော့ နှစ်စဉ်ကျောင်းက စီစဉ်ပေးတဲ့ ပါတီပွဲပါ။ သူတို့အတွက် လုပ်ပေးတဲ့ ပါတီမို့ ကျောင်းသားကျောင်းသူအားလုံး ပွဲတက်တဲ့ ၀တ်ကောင်းစားလှတွေ ၀တ်စားထားကြပါတယ်။ ကောင်မလေးတွေဆိုလည်း လက်ကိုင် အိတ်တွေဘာတွေကိုင်လို့ လူကြီးပုံစံ ဖမ်းနေကြတာလဲ တွေ့ရပါတယ်။
ဆရာမရယ်၊ အတန်းသားတွေရယ်နဲ့ ကျောင်းသားမိဘတွေ အတူတကွ စားသောက်ပြီးတဲ့ အချိန်မှာတော့ သူတို့လေးတွေ အလျှိုလျှို ထွက်သွားကြတာ အခန်းထဲမှာ လူကြီးတွေပဲ ကျန်ပါတော့ တယ်။ ယောက်ျားလေး ၉ ယောက်၊ မိန်းခလေး ၁၅ ယောက် စုစုပေါင်း ၂၄ ယောက်ရှိတဲ့ သူတို့အတန်းမှာ ကျောင်းသားမိဘ ၁၉ ယောက် ပါတီကို လာတာ တွေ့ပါတယ်။
ကျနော့်သား ကိုရဲ (ခေါ်) ရဲဇာနီလွင်ဦး ဒိန်းမတ်ကို ရောက်ရောက်ချင်း လေးတန်းက စတက်ရပါတယ်။ ဒီမှာက တနှစ်ကုန်သွားရင်တတန်းအောင်တယ်။ စာမေးပွဲလည်း ဖြေစရာမလိုဘူး။ အတန်းပိုင်က ဆရာမကလည်း ဒီဆရာမပဲ။ ဘာသာရပ်ဆရာတွေကတော့ ပြောင်းနေတယ်။ အတန်းပိုင်ဆရာမ မပြောင်းတဲ့အခါကျတော့ သူ့ဆရာမနဲ့ သူ့တပည့်တွေ ရင်းနှီးပြီး တယောက်အကြောင်းတယောက် သိနေကြတယ်။ တကျောင်းလုံးမှာ ၇ တန်း ၂ ခန်းပဲရှိပြီး ကိုရဲတို့ ၇ တန်း (အေ) မှာတော့ ဒိန်းမတ် မဟုတ်တဲ့ နိုင်ငံခြားကလာသူ ၃ ဦး ရှိပါတယ်တဲ့။ “ပထမဆုံးရောက်လာတာက ကိုရဲ၊ ဒုတိယ ပိုလန်က မိန်းခလေးကျောင်းသူတဦးနဲ့ နောက်ဆုံးရောက်လာသူကတော့ Lithuania က ကောင်မလေး တယောက်ပေါ့” လို့ ဆရာမက ကျနော့်ကို ရှင်းပြပါတယ်။ ဆရာမက ကျောင်းဆရာ လုပ်သက် ၂၉ နှစ်ရှိပြီး သူ့မှာ သမီးတယောက်ရှိတယ်၊ သမီးက အခု ကျောင်းပြီးလို့ ကိုပင်ဟေဂင်မှာ အလုပ်လုပ်နေပါပြီ။ ဆရာမနေတဲ့ အိမ်က ကျောင်းနဲ့ သိပ်မဝေးလို့ ကျောင်းကို များသောအားဖြင့် စက်ဘီးနဲ့လာပြီး တခါတလေတော့လည်း ကားမောင်းလာပါတယ်တဲ့။ ဟုတ်ကဲ့ ဒိန်းမတ်မှာ ကျောင်းဆရာတွေ ကားစီးနိုင်ကြပါတယ်ခင်ဗျာ။
ကျောင်းခန်းထဲက နံရံမှာ ကပ်ထားတဲ့ အချိန်စာရင်းအရ မနက် ၇ နာရီ ၄၅ မိနစ်မှာ ကျောင်းစတက်ပြီး စာသင်ချိန် တချိန်ကို ၄၅ မိနစ်နဲ့ တနေ့ကို စာသင်ချိန် (၇) ချိန်ရှိတာ တွေ့ရပါတယ်။ ဘာသာရပ်အလိုက် သီတင်းတပတ်စာ ဒိန်းမတ်စာ ၆ ချိန်၊ သင်္ချာ ၄ ချိန်၊ အင်္ဂလိပ်စာ ၃ ချိန်၊ ဂျာမန်စာ ၃ ချိန်၊ အိမ်တွင်းမှု ၃ ချိန်၊ ရူပဗေဒ ၂ ချိန်၊ အားကစား ၂ ချိန်၊ သမိုင်း ၂ ချိန်၊ ဘိုင်အို ၂ ချိန် နဲ့ ပထ၀ီက ၁ ချိန် သတ်မှတ်ထားတာ တွေ့ရပါတယ်။
အရင်နှစ်တွေတုံးက ဘာသာရေးချိန်သတ်မှတ်ထားပြီး ခရစ်ယာန်ဘာသာအကြောင်းကို သင်ပေးတာ တွေ့ပေမယ့် ဒီနှစ်မှာတော့ တခြားဘာသာတွေတိုးလာပြီး ဘာသာရေးသင်ပေးတာ မရှိတော့ပါဘူး။ ခရစ်ယာန်ဘာသာသင်တဲ့နေတွေဆို ကိုရဲတယောက် ကျောင်းကို နောက်ကျမှ သွားရပါတယ်။ သူ့အကြိုက်ပေါ့။
ဒီစာရေးနေရင်း သထုံမြို့နယ်မှာ မူလတန်းပြဆရာ ၀င်လုပ်ခဲ့ဘူးတဲ့ ကျနော်… ကျနော် တာဝန်ကျခဲ့တဲ့ ချောင်းစောင့်ဆိုတဲ့ ကရင်ရွာကလေးကို သတိရမိပါတယ်။ အခုတော့ အဲဒီရွာလေး စစ်ကြောင်းမလွတ် လို့ဆိုပြီး အဖျက်ခံရတဲ့ အထဲ ပါသွားပလားမသိ။ မူလတန်းကျောင်း ၁၇ ကျောင်းပါတဲ့ ကျနော်တို့ရဲ့ အမှတ် (၆) အုပ်စုမှာ တာဝန်ခံက ကျောင်းအုပ်ကြီး ဆရာ ကိုဘညွန့်ပေါ့။ ကျနော်တို့ အုပ်စုမှာ ပါတဲ့ ရေဝေ မူလတန်းကျောင်းက ဆရာကိုစန်းဝေဆို သူ့အတန်းက ခလေးတွေကို ကျောင်းအလာမှာ ထင်းချောင်းတွေ သယ်လာခိုင်းတတ်တယ်။ အိမ်ပြန်ဖို့ ကျောင်းကားမှာ ဆုံကြတဲ့အခါ “ထင်းတစီးပါလာတော့ အိမ်အပြန် မျက်နှာပန်းလှတာပေါ့ဗျာ” လို့ ပြောလေ့ရှိတဲ့ ကိုစန်းဝေ ကိုလည်း ကျနော် သတိရနေသေးတယ်။
လူကြီးတွေကိုပဲ အတန်းထဲမှာ ထားခဲ့ပြီး အပြင်မှာအဖော်တွေနဲ့ လမ်းသလားနေတဲ့ ကျနော့်သားကို “အဖေ ပြန်တော့မယ် ဆိုတော့” သူက “အဖေပြန်နှင့် သားတို့ဒီည ဒစ်စကိုရှိတယ်၊ အဲဒီမှာသွားကရအုံးမယ်။ အမေ့ကို ပြောလိုက် သားအပြန်နောက်ကျမယ်” တဲ့။ ဒါနဲပဲ သူ့ကိုထားခဲ့ပြီး ည ကိုးနာရီ ကျော်ကျော်မှာ ကျနော် အိမ်ပြန်လာခဲ့ပါတော့တယ်။ မနက်ဖန် အလုပ်သွားရအုံးမယ်လေ။

(အပေါ်ဓာတ်ပုံ - ၆ တန်း-အေ၊ ၂၀၀၇ ခုနှစ်)

No comments: