Monday, December 29, 2008

(၂၀) စစ်အာဏာရှင်စနစ်အောက်မှ သတင်းစာလောက (ကြေးမုံဦးသောင်း)

`တော်လှန်ရေးအစိုးရသည် သတင်းစာလွတ်လပ်ခွင့်ကို အာမခံပါတယ်´ ဟု အစိုးရ တက်သောနေ့က ပြန်ကြားရေး ၀န်ကြီးက ပေးသောကတိသည် စကားလှသည်။ သို့ပင်သို့ငြားသော်လည်း အိမ်စောင့် အစိုးရခေတ်က သတင်းစာများကို နှိပ်စက်ခဲ့သော ဒဏ်ရာဒဏ်ချက်များ ရှိနေသေးသောကြောင့် သူတို့တက်လာချိန်မှ စတင်ကာ သတင်းစာများက သတိကြီးစွာထားကာ ရေးသားကြရရှာလေသည်။
သတင်းစာများကို ဖိနှိပ်သော ဥပဒေများကို ပြင်ဆင်ရန် ဦးနုအစိုးရခေတ်တွင် အားထုတ်နေကြစဉ်၌ သူတို့က တကျော့ပြန်လာသေသဖြင့် သတင်းစာဆရာများသည် မည်သည့် အကြောင်းကို ရေးသည်ဖြစ်စေ၊ နှစ်ကြိမ်စဉ်းစားပြီးမှ ရေးလေ့ရှိကြသည်။ စစ်တပ်နှင့် စပ်ဆိုင်သော သတင်းများကို ရှောင်ရှားကြသည်။
တော်လှန်ရေးအစိုးရ တက်လာသည်ကို သတင်းစာအားလုံးက တာဝန်ကျေပွန်စွာ ထောက်ခံကြစေကာမူ စိတ်ရောကိုယ်ပါ မဟုတ်သည်ကို စစ်ဗိုလ်ကြီးများက သိရှိကြသည်။ ပြန်ကြားရေးဌာနကို တာဝန်ယူသည့် စစ်ဗိုလ်များက အယ်ဒီတာများကို ဆင့်ခေါ်ပြီး `ဒီဟာရေးတာမှားတယ်၊ ဒီလိုမရေးနဲ့၊ ဟိုဟာကို ဟိုလိုရေးပါ´ စသဖြင့် တစတစ စွက်ဖက်လာပြီး အမိန့်ပေးစ ပြုလာသောကြောင့် စာနယ်ဇင်းတို့က ခံစစ်အတွက် ပြင်ဆင် ကြရတော့သည်။
အစဉ်အလာအားဖြင့် နှစ်စဉ်နှစ်တိုင်း နှစ်ဆန်း (၁) ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပမြဲဖြစ်သည့်အတိုင်း ၁၉၆၂ ခု၊ ဧပြီလ (၁၆) ရက်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သတင်းစာဆရာများအသင်း အစည်းအဝေး ကျင်းပသောအခါတွင် စာနယ်ဇင်းကောင်စီ အမည်နှင့် တပ်ဦးဖွဲ့စည်းကြသည်။ စာနယ်ဇင်းအားလုံး (၅၂) စောင် ပါဝင်လက်မှတ်ထိုးကြ၏။
`နိုင်ငံရေး ဦးဆောင်ပြောင်းလဲလာသည်နှင့် အညီ ပြည်သူတို့ ထင်မြင်ချက် ရယူခြင်းနှင့် ဖန်တီးခြင်း တာဝန်များအတွက် ကျနော်များတို့သည် တာဝန်သိ စာနယ်ဇင်းများ အဖြစ် ဆောင်ရွက်ကြပါမည်။ ယင်းတာဝန်ကြီးအတွက် ပီပြင်သော စာနယ်ဇင်းများ ကျင့်ဝတ်ကို ချမှတ်ပါသည်` စသည်ဖြင့် နိဒါန်းပျိုးကာ စာနယ်ဇင်းတို့၏ ကျင့်ဝတ်ကို ဆုံးဖြတ်ကြသည်။ အဓိပ္ပာယ်ကမူ စစ်အစိုးရကို ပူးပေါင်းဆောင်ရွက်ပါမည်ဟု အညံ့ခံသည်ဖြစ်၏။ မိမိတို့ တည်မြဲရေးအတွက် မိမိတို့ဘာသာ ဆင်ဆာလုပ်ကြရသည်။ နိုင်ငံရေး သတင်းမှန် သမျှကို အစိုးရပြန်ကြားရေးဌာနက ထုတ်ပေးသမျှသာ ပုံနှိပ်ကြသည်။ သူတို့ ချမှတ်မည့် စစ်ဗိုလ်များ၏ သတင်းစာ မူဝါဒကို စိတ်တထင့်တင့်နှင့် စောင့်မျှော်ကြရသည်။
စစ်ဗိုလ်ကြီးများမှာ သူတို့၏ နိုင်ငံရေးလမ်းစဉ်ကို ရေးသားချမှတ်ရန် အားထုတ်နေကြချိန် ဖြစ်သဖြင့် လှည့်မကြည့်နိုင်ကြသေးပေ။
`လူသားချင်း ခေါင်းပုံဖြတ်ခြင်းကင်း၍ တရားမျှတမှုရှိသော ဆိုရှယ်လစ်စီးပွားရေး စနစ်ကို တည်ဆောက်မည်´ ဟူသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ၁၉၆၂ ခု၊ ဧပြီလ (၃၀) ရက်နေ့ တပ်မှူးများ ညီလာခံက အတည်ပြုပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဇူလိုင်လ (၄) ရက်နေ့တွင် ပါတီဝင် (၂၀) နှင့် စတင်တည်ထောင်သည်။
ပြည်သူတို့နှင့် လက်တွဲချီတက်မည်ဟု ကြေညာတည်ထောင်သော ပါတီ၏ သက်တမ်း (၃) ရက်မြောက် သောနေ့တွင် ပြည်သူတို့၏ သားငယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် လူသတ်ပွဲကြီး ဆင်နွှဲ တော့သည်။ ဇူလိုင်လ (၇)ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ကျောင်သားငယ်များကို စစ်တပ်က ဂျီ (၃) လက်နက်သစ်များနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်သဖြင့် ရာနှင့်ချီကာ သေဆုံးခဲ့လေသည်။ ကျောင်းသား (၁၅) ဦးသေပြီး (၂၇) ဦး ဒဏ်ရာရသည် ဟု အစိုးရက ကြေညာသည့်အတိုင်း သတင်းစာများက ဖော်ပြကြရသည်။
အပ်တိုတချောင်းမှ မရှိသူ ကျောင်းသားကလေးများကို သတ်ဖြတ်သောညတွင် `တော်လှန်ရေး ကောင်စီကို တိုက်ကြလျှင် ဓားကိုဓားနဲ့၊ တုတ်ကိုတုတ်နဲ့ ပြန်လည်ခုခံမည်´ ဟု ဗိုလ်ချုပ်ကြီးနေ၀င်းက အသံလွှင့်ရုံမှ စစ်ကြေညာသေးသည်။
ဆက်လက်ပြီး သမိုင်းဝင် တက္ကသိုလ်သမဂ္ဂ အဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးလိုက်ပြန်သည်။ ဖျက်ရသည့် အကြောင်းတခုမှာ ပညာတတ်ကျောင်းသားများက ဦးစီးပြီး အင်္ဂလိပ်လက်အောက်က လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွှဲကြစဉ်က စစ်ဗိုလ်ကြီးများ မပါခဲ့လေသောကြောင့် မျက်မုန်းကျိုးသဖြင့် ဖြစ်သည်ဟု ယူဆကြ သည်။ နောက်တကြောင်းကမူ ကျောင်းသားခေါင်းဆောင်များနှင့် ဒဏ်ရာရရှိသူ ကျောင်းသားများ သမဂ္ဂ အဆောက်အအုံ မျက်နှာကျက်ပေါ်မှာ ပုန်းနေကြသဖြင့် သတ်ဖြတ်ရန် ဖြိုဖျက်သည်ဟု ဆိုသေးသည်။ မည်သည့် အကြောင်းကြောင့် ဖြိုသည်ဖြစ်စေ ရက်စက်ယုတ်မာ မှားယွင်းသည့် လုပ်ရပ်ဖြစ်၏။
ထိုညက ဂါးဒီးယန်းသတင်းစာတိုက်၌ တွေ့ကြသဖြင့် `မလွန်လွန်းဘူးလား´ ဟု တင်မောင်က စကားနာ ထိုးသောအခါတွင် ဗိုလ်အောင်ကြီးက `ရွှေအုတ်နဲ့ ပြန်ဆောက်ပေးပါ့မယ်ဗျာ´ ဟု ဖြေ၏။
သမိုင်းဝင် ကျောင်းသားလှုပ်ရှားမှုဓာတ်ပုံများ၊ မှတ်တမ်းများ ပျက်စီးရသည့်အထဲတွင် တင်မောင်၏ နှလုံးသားရတနာတခု ပါသွားသည်ဟု သိရသဖြင့် ကြေကွဲရသည်။ တင်မောင်၏ ဇာတိ ပုဂံမြေတွင် မနူဟာစေတီဟု ဘွဲ့မည်ရှိသော အဓိကရ စေတီတော်ကြီးတဆူ ရှိသည်။ ရှေးကာလက သထုံပြည်ကို ပုဂံ ဘုရင် အနော်ရထာက အနိုင်ရသောအခါတွင် သထုံဘုရင် မနူဟာမင်းကို ဖမ်းဆီးခေါ်ဆောင်လာပြီး ပုဂံတွင် အကျယ်ချုပ်နှင့် လွတ်လပ်စွာ ထားရှိခဲ့သည်။ အကျယ်ချုပ်စေကာမူ အကျဉ်းသားတို့မည်သည် လွတ်လပ်ခွင့် ဆုံးရှုံးရစမြဲ ဖြစ်သည်။ အကျဉ်းစံ မနူဟာမင်းက သူနှင့် အတူပါလာသော ဗိသုကာများကို အသုံးပြုပြီး စေတီတော်ကို တည်ဆောက်သောအခါတွင် ကြီးမားသည့် ရုပ်ထုတော်ကြီးပေါ်တွင် ကျဉ်းမြောင်းသော ပြာသာဒ် ဆောက်လုပ်ကာ သီးတင်းသုံးစေသည်။ ဗုဒ္ဓရုပ်ထုတော်ကြီးမှာ မလှုပ်မရှားနိုင်ဘဲ ကျဉ်းကြပ်စွာ သီတင်းသုံးတော်မူရသည်ကို ပေါ်လွင်အောင် တည်ဆောက်ထားသည်။ ကမ္ဘာအရပ်ရပ်မှ ရုပ်ထုတော်များနှင့် မတူစေဘဲ မျက်နှာတော် မကြည်မလင် ဖြစ်နေသည်ကို ပီပြင်အောင် ထုလုပ်ခဲ့သည်။
အနော်ရထာမင်းနှင့်တကွ နောင်လာနောက်သားတို့ကိုပါ သိစေသည်။ လောကမှာ အကျဉ်းခံရလျှင် ဘုရားသခင်ပင်လျှင် ညှိုးနွမ်းညစ်ညူးတော်မူသည်ဟု ကမ္ဗည်းကျောက်စာရေးသားခြင်း မပြုဘဲ အဓိပ္ပာယ် ပေါ်လွင်အောင် ပြသခဲ့သည်။
ထိုမနူဟာ ရုပ်ထုတော်ကို မိတ်ဆွေကြီး ဆရာကိုနန်းဝေက ပြောင်မြောက်စွာ ပန်းချီဆွဲထားသည်။ ရွှေသင်္ကန်းရောင်ကို ထူးခြားသောနည်းနှင့် ရရှိအောင် ဆေးစပ်ပြီး အကျဉ်းခံရုပ်ထုတော်ကြီး၏ မအီမသာ ရုပ်သွင်ကို ပေါ်လွင်အောင် ပုံဖော်ထားသည်။ ပန်းချီကား စုဆောင်းသော တင်မောင်က တချိန်က နိုင်ငံရေး ရဲဘော်ဖြစ်သည့် ကိုနန်းဝေထံ တောင်းခဲ့သည်။ `ခင်ဗျားက ထောင်နှုတ်ခမ်းလျှောက်နေတုန်း ရှိသေးတယ်၊ ထောင်မကျသေးဘူး။ တနေ့ထောင်ထဲသွားရမှာပါ။ ဒီတော့ ထောင်ကျခံရပြီး ပြန်ထွက်လာတဲ့အချိန်မှာ အမှတ်တရယူပါလေ´ ဟု သူက ဖြေခဲ့သည်။ ထိုအချိန်က တင်မောင်အဖို့ ထောင်ထဲသို့ မရောက်သေးသဖြင့် ပန်းချီကားကြီးကို လက်ခံရန် အရည်အသွေးမမီသေးသဖြင့် အောင့်အီးနေခဲ့ရသည်။ ပန်းချီကားကြီးမှာ စစ်ဗိုလ်ကြီးများ၏ မိုင်းဗုံးဒဏ်ဖြင့် ပျောက်ပျက်သွားရလေပြီ။
မိုင်းဗုံးခွဲစဉ်က သမဂ္ဂခန်းမ၌ ဆွဲချိတ်ထားသော ကိုနန်းဝေ၏ ပန်းချီကားများပါ ပြာကျရသည်။ ဗုံးဒဏ်ကြောင့် နိုင်ငံရေးနှင့် အနုပညာ ဆုံးရှုံးမှုမှာ များစွာ ကြီးမားသည်။ စစ်ဗိုလ်များ တွက်ကြသကဲ့သို့ ကျောင်းသားများ ခိုအောင်းနေကြသည်ဆိုပါက သနားစဖွယ် ပုန်းအောင်းနေရှာသူ ကျောင်းသားငယ်များကို မျက်နှာကြက်ပေါ် တက်ရောက်ဖမ်းဆီးခြင်း မပြုဘဲ ကလေးငယ်များ၏ အသက်ကို ကြီးမားသော ယမ်းဘီလူးများသုံးစွဲကာ ကြေကြေညက်ညက် အစရှာမတွေ့အောင် သတ်ဖြတ်သည်မှာ ရက်စက်လွန်းသည်။
ပိုပြီး ဇာတ်နာသည်မှာ တက္ကသိုလ်သမဂ္ဂကြီးကို ဆောက်လုပ်ရေးတွင် ဦးစီးလှူဒါန်းခဲ့သော သူဌေး ဦးညို၏ အမည်သည် သမိုင်းတွင် ကျန်ရစ်ခဲ့စေကာမူ တက္ကသိုလ်သမဂ္ဂကို ဖျက်ဆီးရန် မည်သူက ဆုံးဖြတ်ပြီး၊ မည်သူ က အမိန့်ပေးသည်ဟူသော အချက်မှာ သမိုင်းမှာ ပျောက်နေသည်။
တော်လှန်ရေးအစိုးရကို ထိပါးလျှင် တုတ်ကိုတုတ်ချင်း၊ ဓားကိုဓားချင်း ခုခံမည်ဟု အမိန့်ပေးခဲ့ပြီး မီးခြစ်ဆံပင် ကိုင်မထားသော လက်နက်မပါ ကျောင်းသားငယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရဲသည့် တော်လှန် ရေးကောင်စီ ဥက္ကဌကြီး၊ တပ်မတော်၏ တပ်ပေါင်းစု သေနာပတိ ဦးစီးဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းသည် တကသ အဆောက်အအုံကို ဖျက်သည်ကို သူမသိပါဟု သူရဲဘောကြောင်စွာ ခေါင်းရှောင်နေခဲ့သည်။
အထက်အမိန့်အရ မိုင်းဗုံးများကို ဓာတ်ကြိုးများနှင့် ချီတုတ်သူ အင်ဂျင်နီယာ စစ်ဗိုလ်များ၊ မိုင်းခလုတ်ကို နှိပ်သော စစ်ဗိုလ်များ၏ အမည်များ စာရင်း ကျန်ရစ်ခဲ့သည်။ အမိန့်ပေးသူ မည်သူဖြစ်သည်ကို မည်သူကမှ ဖော်မပြောဝံ့ဘဲ တဦးကိုတဦး လွှဲချနေကြသည်။
လူဆိုတာ လုပ်ရဲလျှင် ခံရဲရတယ်ဟု စကားရှိသည်။ တော်လှန်ရေးအစိုးရ တက်လာစ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် ၀န်ကြီးများ မာစီးဒီးကားသစ်ကြီးကို စီးနင်းကြစဉ်က ကဲ့ရဲ့ခံရမည်ကို ကြောက်ကြရှာသဖြင့် ကားနံပါတ် ဟောင်း တပ်ကာ အသုံးပြုကြသည်။ အာဏာသိမ်း စစ်ဗိုလ်ကြီးများသည် လွန်စွာ ကြောက်ရွံ့ကြသူများ ဖြစ်ကြသည်။
(တခေတ်က ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်စဉ်က ကားအသစ်ကို စီးရာတွင် နံပါတ် RCI ဟု နံပါတ်ယူကာ ရဲဝံ့စွာ စီးနင်းခဲ့သည်။)
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဗမာ့တပ်မတော် စစ်အာဏာရှင်တခေတ်မှ စစ်ဗိုလ်ကြီးများကဲ့သို့ သူရဲဘော ကြောင်သူ ခေါင်းဆောင်များ မပေါ်သေးပါ။ ထိုကြောင့် ဒင်းတို့တတွေသည် စစ်တပ်က ကျူးလွန်သော မကောင်းမှုမှန်သမျှကို တာဝန်မယူကြဘဲ တဦးကိုတဦး လွှဲချနေကြရာတွင် ဦးစီးဗိုလ်ချုပ်နေ၀င်းသည် သူရဲ ဘောကြောင်တို့၏ ထိပ်ခေါင်တင် ဗိုလ်ချုပ်ကြီး အဖြစ် ထိပ်ဆုံးမှ ဦးစီးနေလေတော့၏။ ။

No comments: