Sunday, June 3, 2007

ဈေးဝယ်ထွက်သောနေ့...

ဒီအပတ်တင်မဲ့ပို့စ်ကတော့ ဒိန်းမတ်ရောက် မြန်မာအိမ်ရှင်မတွေ ဈေးဘယ်လိုဝယ်ကြသလဲဆိုတာပါ။ ကျနော်တို့ အာရှတိုက်သားတွေ ဥရောပရောက်လာတဲ့အခါ ကြုံရတဲ့ အခက်အခဲက အစားအသောက်မတူတာပါပဲ။ ကျနော်တို့က ဆန်ကို အဓိကစားတယ်။ ဥရောပတိုက်သားတွေက ပေါင်မုန့်၊ အာလူး၊ ပြောင်းဖူး စတာတွေ စားတယ်။ နောက်ကျနော်တို့အတွက် ငါးပိ (အဲဒါတော်တော်အရေးကြီးပါတယ်) ငံပြာရည်ကမရှိမဖြစ်။ သူတို့ကကျတော့ ချိစ်တို့ ဒိန်ခဲတို့ပေါ့။ သူတို့အစားအစာတွေကလည်း အများကြီးပါ။ စူပါမားကတ်တွေထဲဝင် သွားရင် စုံနေအောင်တွေ့ရပေမယ့် ကျနော်တို့ စားတာတွေကျတော့ မရှိပြန်ဘူး။ အဲဒီတော့ အာရပ်ဆိုင်၊ ဗီယက်နမ်ဆိုင်၊ ထိုင်းဆိုင် နဲ့ တမီလ်ဆိုင်တွေဖက် ခြေဦးလှည့်ကြရတယ်။

ကျနော်တို့စားတဲ့ အသီးအနှံတွေက ဒီကရာသီဥတုမှာ စိုက်လို့မရလေတော့ အာရှဖက်ကနေ လေယာဉ် နဲ့လာတာပါ။ လေယာဉ်စီးလာတဲ့ ငရုတ်သီးစိမ်း၊ ဟင်းနုနွယ်၊ မျှစ်၊ ချဉ်ပေါင်၊ ကန်ဇွန်းရွက် တွေက ဒီမှာ စိုက်လို့ရတဲ့ အာလူးတို့ ပြောင်းဖူးတို့ လိုတော့ ဘယ်မှာလာပြီး ပေါပေါများများ ၀ယ်စားနိုင်မလဲ။ ဈေးကြီးတာပေါ့။ ဒါပေမယ့်လဲ ကိုယ့်အစာဆိုတော့ ၀ယ်စားရတာပါပဲ။ တခါတလေ အိမ်မှာ ဗူးသီးနဲ့ ကြက်သားချက်ရင် ဗူးသီးက နည်းနေပြီး အဲဒါကိုပဲ အရင် ခပ်စားလိုက်ကြတော့ ဟင်းခွက်ထဲ ကြက်သားဖတ်တွေပဲ ကျန်ပါတယ်။

အခုနောက်ပိုင်းမှာ အာရှသားတွေအနေများတဲ့ ရပ်ကွက်တွေကို ကားတွေနဲ့ ဈေးလာရောင်းကြတာပါပဲ။ သောကြာနေ့ ညနေပိုင်းဆို ထိုင်းကား၊ ဗီယက်နမ်ကား နဲ့ တမီလ် ကားတွေပုံမှန်ဈေးလာရောင်းတဲ့ Bramming မြို့ကို ပြီးခဲ့တဲ့အပတ်က ကျနော်ရောက်သွားခဲ့တော့ ဓါတ်ပုံရိုက်ထားတာလေးတွေ တင်လိုက်ပါတယ်။ Bramming က ကျနော်နေတဲ့ Holsted ရဲ့ အနောက်ဖက် ၁၅ ကီလိုမီတာလောက်ဝေးတော့ ကျနော့် စကူတာ နဲ့ နာရီဝက်လောက် စီးရပါတယ်။ နွေရာသီဆိုတော့လည်း ဆိုင်ကယ်လေးနဲ့က အဆင်ပြေသား။ ဆောင်းတွင်း ဆိုရင်တော့ အေးလွန်းလို့ သွားနိုင်မှာမဟုတ်ဘူး။




ပထမလာတဲ့ကားက တမီလ်ကားပါ။ တမီလ်ဆိုတဲ့အတိုင်း ဈေးရောင်းတဲ့ သူက တမီလ်လူမျိုးပါပဲ။ ဈေးဝယ်သူတွေကတော့ မြန်မာတွေပေါ့။ အရောင်းဝယ်ဖြစ်နေကြတာကတော့ မြင်တဲ့အတိုင်း အိမ်ယာဝင်းတခု ရဲ့ ကား parking ရပ်တဲ့နေရာမှာပါ။


ခဏနေတော့ ဗီယက်နမ်ကားရောက်လာပါတယ်။ အဲဒီကားရောက်လာတော့ ဈေးဝယ်သူလည်း ပိုများလာပါပြီ။ ဦးထုပ်နဲ့ပုဂ္ဂိုလ်ကတော့ ဈေးဆစ်ရာမှာ နာမည်ကြီးတဲ့ ဦးသန်းဝင်း ဆိုသူ ဖြစ်ပါတယ်။


တချို့က ဈေးလည်းဝယ်ရင်း ခလေးလည်း ထိမ်းရင်းပေါ့။ ကားပေါ်မှာတော့ ကုန်စုံဆိုင်အသေးစားလေးတခု အလား ပစ္စည်းတွေက ကားအရှေ့အနောက် အပြည့်ပါပဲ။


အလည်က ပုဂ္ဂိုလ်က ဈေးရောင်းသူ ဗီယက်နမ်လူမျိုးပါ။ မလေးရှားမှာဆိုရင်တော့ “ထောင်ကဲ” ပေါ့။



ကားပေါ်က ရေခဲပုံးထဲမှာ ငါးမျိုးစုံပါပါတယ်။ ကြိုက်တာယူ သူဈေးနဲ့သူပေါ့။ ကားဘေးမှာ ကပ်ထားတာက Western Union လေ။ ငွေလွဲမယ်ဆိုလည်း တခါတည်းအဆင်ပြေအောင်လုပ်ပေးမယ်နဲ့တူတယ်။ ငွေတော့ ဘယ်သူမှလွဲတာမတွေ့ရပါဘူး။ ဈေးဝယ်သူတွေ အပြီးမှာတော့ ဗီယက်နမ်ကားဟာ ပြန်လည်ထွက်ခွာသွားပါပြီ။ ကျနော့်အိမ်ပြန်လာတော့ ဆိုင်ကယ်ပေါ်တင်လာတဲ့ ဈေးဝယ် ပစ္စည်းတွေဟာလည်း ဗီယက်နမ်ဈေးကားလို ပစ္စည်းတွေ ရှေ့နောက်အပြည့်နဲ့ပေါ့ (အင်း - အဲဒါကိုတော့ ဓါတ်ပုံမရိုက်လိုက်မိဘူး) ။ ဆောရီးပဲဗျာ၊ တွေ့ကြအုံးမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။

No comments: