Saturday, June 9, 2007

ဟင်းလင်းပြင်ကောင်းကင်အောက်ဝယ်




ဆရာမြသန်းတင့် ဘာသာပြန်တွေပြီးတော့ ကိုယ်တိုင်ဘာသာပြန်ထားတာလေးတခု တင်ဖို့စိတ်ကူးရပါတယ်။ ဒိန်းမတ်ဝတ္ထုတိုလေး တပုဒ်ပါ။ ဒိန်းမတ်ကို ရောက်လာခါစသူတွေ သာသာစကားသင်တဲ့ကျောင်းမှာ စာသင်တဲ့အခါ module တခုကို စာအုပ်သုံးအုပ်ဖတ်ပြီး project နှစ်ခု လုပ်ရပါတယ်။ အဲဒီမှာ ဖတ်ဖို့ ပြဌာန်းထားတဲ့စာအုပ်တွေက ဖတ်ရလွယ်တဲ့ အရေးအသားတွေနဲ့ ရေးထားတာပါ။ ကျနော်အင်္ဂလိပ်စာကို self study လုပ်တုံးကလည်း အဲဒီလိုစာအုပ်မျိုးတွေဖတ်ဖို့ ဆရာတွေက လမ်းညွှန်ပါတယ်။ အင်္ဂလိပ်စာမှာတော့ graded reader ဆိုရင် ဖတ်ဖူးသူတွေသိမှာပါ။

အခုကျနော်ရောက်နေတဲ့ module အတွက် စာသုံးအုပ်ဖတ်ရမှာ တအုပ်တော့ပြီးသွားပါပြီ။ ခက်တာက ဒိန်းမတ် စာအုပ်တွေထက် ဘလော့ဂ်တွေပဲ ဖတ်ချင်တော့ စာလေးဘာလေးလည်း လုပ်အုံးဟလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရတယ်။ နို့မို့ဆို စာမေးပွဲမှာ ဖြေနိုင်မှာ မဟုတ်ဘူး။ ကဲ… ဇတ်လမ်းလေး စလိုက်ကြရအောင်။

ဟင်းလင်းပြင်ကောင်းကင်အောက်ဝယ်

သူ့နာမည်က ဆီမွန်၊ အသက်က ၁၅ နှစ်ကျော်ကျော်၊ သူ့အဖေနဲ့ အမေက အိမ်ထောင်ကွဲနေတော့ သူက အမေနဲ့နေသည်။ အမေက ဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်သည်။ သူ့အဖေက ဒိန်းမတ်နိုင်ငံသားမဟုတ်။ တူရကီ ကနေ ဒိန်းမတ်မှာ အလုပ်လာလုပ်ရင်း ဆီမွန်အမေနှင့် တွေ့ကြခြင်းဖြစ်ပေမယ့် သူ့နိုင်ငံမှာ အရင်အိမ်ထောင် ရှိလေတော့ ဆီမွန့်အမေကို မယူနိုင်ခဲ့။ ဆီမွန့်အပေါ်မှာလည်း သားရယ်လို့ သတ်သတ်မှတ်မှတ် မရှိလှ။ ဆီမွန် က ကျောင်းမှာလည်း အပေါင်းအသင်းသိပ်မရှိသူအဖြစ် ကြီးပြင်းလာခဲ့ရ၏။ ဆီမွန့်အမေက နောက်အိမ်ထောင် ပြုဖို့ စီစဉ်နေတာကိုလည်းသူသိပ်သဘောမကျ။ ဘာပဲဖြစ်ဖြစ် ဂီတပွဲတော်ကို သွားဖို့ လက်မှတ်ဝယ်ထားပြီးပြီ။ သူ့အမေကို ပြောရင် ငယ်သေးတယ်ဆိုပြီး ခွင့်ပြုမှာ မဟုတ်သည်က သေချာသည်။ သူငယ်ချင်းနဲ့လည်း ချိန်းထားပြီးပြီ။ သူငယ်ချင်းက အွန်လိုင်းသူငယ်ချင်း၊ အပြင်မှာ တခါမှ မဆုံဘူးကြသေး။ သူငယ်ချင်းနာမည်က အန်ဂျလို၊ သူကလည်း အွန်လိုင်းမှာတော့ သူ့နာမည်က ဆီမွန်မဟုတ် တခြားနာမည်တခုနဲ့ပါ။ ဘာပဲဖြစ်ဖြစ် အန်ဂျလိုကို သူယုံသည်။ အန်ဂျလိုက ဂီတပွဲတော်မှာစောင့်နေတော့မည်။ အမေပြန်မလာခင် အိမ်က ထွက်မှ ဖြစ်မည်။ စားပွဲပေါ်မှာ စာအတိုလေးရေးပြီး ဆီမွန်ဘူတာသို့ဆင်းခဲ့တော့သည်။

ဘူတာကို ရထားမထွက်ခင်အချိန်မီရောက်လာသည်။ စီးရမည့် ရထားတွဲကို ရှာနေတုံး။ ကောင်မလေး တယောက် သူ့ကို ၀င်တိုက်သည်။ သူဒေါသထွက်သွားသည်။ လူတယောက်က သူ့ကို တောင်းပန်သည်။ ရထား တွဲပေါ်ရောက်တော့ တလမ်းလုံး နားကျပ်ကက်ဆက်ဖြင့် သီချင်းနားထောင်လာခဲ့သည်။ ဂီတပွဲတော်သို့ ရထား ပြောင်းစီးရသေးသည်။ ပွဲတော်အ၀င်ဝတွင် လူတွေတိုးကြိတ်နေသည်။ လူတွေက ပင်လယ်လှိုင်းလုံးတွေလို ဖြစ်နေသည်။ စတိတ်ရှိုးတွေကလည်း ဖျော်ဖြေနေလေတော့ လူတွေအားလုံး ဂီတဖြင့် မြောက်နေကြသည်။ အွန်လိုင်းမှာ ပြောထားတဲ့အတိုင်း အန်ဂျလိုရှိမည့်တဲကို ရှာရမည်။ လောလောဆယ် ရေငတ်သည်။ ဘီယာဝယ် သောက်ဖို့ ပိုက်ဆံအိတ်ရှာလိုက်တော့ … သွားပြီ … ဘယ်လိုမှ ရှာမတွေ့.. ပါသွားပြီ.. ဘူတာမှာ သူ့ကို ၀င်တိုက်တာ သတိရလိုက်သည်။ အဲဒါ ဆေးသမားတွေပဲ။ သူ့ကို ခါးပိုက်နှိုက်လိုက်ပြီ။ အဲဒါမှ ဒုက္ခ။ အသိလည်း တယောက်မှာ မရှိ။ ငွေကလည်း ဂျင်းဘောင်းဘီအိပ်ကပ်ထဲက အကြွေနဲနဲပါးပါးသာ ကျန်တော့သည်။ ဟိုလျှောက်၊ ဒီလျှောက်နှင့် မိုးကချုပ်လာပြီ။ လမ်းဘေးမှာ ထိုင်နေတုံး သူ့ခြေထောက်ကို တယောက်ယောက် က ၀င်တိုက်သည်။

“ဒီမှာ မထိုင်ရဘူးလေ၊ မသိဘူးလား”

ကောင်မလေးတယောက်ဖြစ်သည်။ “နေစရာတဲ မရသေးဘူးလား။ အရင်တခါမှ မရောက်ဘူးသေးဘူးနဲ့ တူတယ်။ အဖေါ်တွေရော မပါဘူးလား” မေးခွန်းတွေက ဆက်တိုက်မေးလာသည်။ မထူးတော့ဘူး။ သူ့ကို ပြောပြ အကူအညီတောင်းမှ ဖြစ်မည်ဟု ဆုံးဖြတ်ကာ အဖြစ်အပျက်ကို ပြောပြလိုက်သည်။

“ဒါဆိုလည်းလာ၊ တခုခုအရင်စားလိုက်ရအောင်၊ တို့နာမည် အီလီစာ” ကောင်မလေးက သူ့ဈေးရောင်းနေသည့် တဲကို ခေါ်သွားကာ ဆီမွန်ကို အလကားကျွေးမွေးပြီး အန်ဂျလိုကို ဘယ်လိုရှာရမလဲဆိုတာ ပြောပြပေးသည်။ ဂီတပွဲတော်အလည် လူအများဖြတ်သန်းရာ နေရာမှာ ကြော်ငြာသင်ပုန်းတခုရှိသည်။ အဲဒီမှာ သွားရေးပေတော့ ဟု နတ်လမ်းညွန် လေသည်။

ဆီမွန်ဆိုင်းဘုတ်သွားရေးပြီး ဟိုလည်ဒီလည်နဲ့ အီလီစာတို့ဆိုင်ကို ပြန်ရောက်လာသည်။ အီလီစာတို့မရှိကြ။ တခြားကောင်မလေးတယောက်ကိုတွေ့သည်။ အီလီစာအပြင်ထွက်သွားကြောင်း ထိုကောင်မလေးက ပြောပြ သည်။ ကောင်မလေးကြည့်ရတာ ခြေထောက်တဖက်မသန်ဘူးနဲ့တူတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ် ထားရသည့် ရုပ်ဆိုးဆိုးကောင်မလေးပဲ ဟု ဆီမွန်စိတ်ထဲက မှတ်ချက်ချမိသည်။

ခဏနေတော့ အီလီစာ ပြန်ရောက်လာသည်။ အန်ဂျလို လာသေးလားဟု ဆီမွန်က အီလီစာကို မေးတော့ သူမ ခေါင်းခါသည်။ အန်ဂျလို တယောက်သူစာကပ်ထားတာကို မမြင်သေးဘူးဟု ဆီမွန်က တွေးသည်။ နောက်သူ အိပ်ဖို့ တဲမငှားရသေးတာကို သတိရသည်။ တဲသွားငှားသည့် နေရာကို သူမသိ။ ခြေတဖက်မသန်သည့် ကောင်မလေးက သူလိုက်ပို့မည်ဆိုကာ လိုက်လာသည်။ သူ့နာမည်ကလည်း ခပ်ဆန်းဆန်း၊ ဘယ်မှာနေလဲ မေးကြည့်တော့ မြို့တော်ကိုပင်ဟေဂင်နားက နာမည်ကျော် ပျံကျရပ်ကွက်တခု။ မူးယစ်ဆေးစွဲသူတွေ၊ အလုပ်အကိုင်အတည် တကျမရှိသူ ဟစ်ပီတွေနေသည့် ရပ်ကွက်ဖြစ်သည်။ ကောင်မလေးက သူ့မိဘတွေကတော့ လူကောင်းတွေပါ ဟု ဆို၏။

သူတို့နှစ်ယောက် လူအုပ်ကြီးကြားထဲမှာ တဲငှားဖို့ လိုက်ရှာရင်း စတိတ်ရှိုးတခုနားအရောက် တဖြည်းဖြည်း ပိဆင်းလာသော လူအုပ်ကြီးကြောင့် လူကွဲသွားကြသည်။ ဆီမွန်တယောက်လူအုပ်ပိသည့် ဒဏ်ဖြင့် ကံကောင်း ၍ မသေ။ တချို့လည်း မိုးရွာထားသဖြင့် ဗွက်ပေါက်နေသည့် နေရာထဲမှာ လူတက်နင်းခံရပြီး သေကုန်ကြသည်။

အနင်းခံရသည့် လူတွေထဲမှာ အန်ဂျလိုကို သူတွေ့လိုက်သည်။ ဟုတ်သည်။ အန်ဂျလို မှ အန်ဂျလိုအစစ်။ ဆံပင် အစိမ်းရောင်နှင့် သူနှင့် ရွယ်တူကောင်လေးတယောက်။ အန်ဂျလိုက ဆံပင်ကိုအစိမ်းရောင် ဆေးဆိုးလာခဲ့မယ် ဟု သူ့ကို ပြောထားခဲ့သည်။ အန်ဂျလိုကို သူလှမ်းဆွဲဖို့ ကြိုးစားသေးသည်။ ဘယ်လိုမှ မရတော့သည့်အပြင် ဆီမွန်ကိုယ်တိုင်လည်း အလောင်းတခုနင်းမိတော့ သူအတော်တုန်လှုပ်သွားသည်။ သူ့ကို လှမ်းဆွဲလိုက်သူက ဟိုကောင်မလေး။ ကောင်မလေးက သူ့ကို ဘေးလွတ်ရာ အတင်းဆွဲခေါ်လာခဲ့သည်။

ကောင်မလေးရင်ခွင်ထဲမှာ “အန်ဂျလို… အန်ဂျလို… အန်ဂျလို သေပြီ” ဟု ဆိုကာ သူငိုသည်။ ကောင်မလေးက “နင်မှားနေပြီ အဲဒါ အန်ဂျလိုမှ မဟုတ်တာ”ဆိုတော့ သူကြောင်သွားသည်။ “နင်မသိပါဘူးဟာ” ဆိုတော့ “ဘာလို့ မသိရမှာလဲ၊ အန်ဂျလိုဟာ ငါပဲ” ဆိုတော့ ဆီမွန်ထခုန်သည်။ ကောင်မလေးက ခေါင်းကို ငုံ့ကာ “ငါ့ကို ခွင့်လွှတ်ပါ၊ တကယ်တော့ အစောကြီးကတည်းက ဖွင့်ပြောခဲ့သင့်ပါတယ်။ အခုတော့နင့်ကို ငါညာနေ သလိုဖြစ်ခဲ့ရပြီ” ဟု ဆိုသည်။ ဆီမွန်တယောက် ပုံမှန်စဉ်းစား၍ရအောင် အတော်ဆောက်တည်ယူရသည်။

နောက်သူက “အော်ငါလည်း အန်ဂျလိုကို ငါ့နာမည် ဆီမွန်လို့ပေးခဲ့တာမှ မဟုတ်ပဲ။ အန်ဂျလို ကိုရှာရင်း သွားကပ်တဲ့ ကြော်ငြာကို ဒီကောင်မလေးတွေ့ပြီးကတည်းက ငါ့နောက်ကို တကောက်ကောက်လိုက်နေခဲ့တာ ထောက်ရင် သူဟာ အန်ဂျလိုပဲ ဖြစ်ရမယ်” ဟု စဉ်းစားလေသည်။

တချိန်တည်းမှာပင် ကောင်မလေးကလည်း “အေးလေ သူငါ့လို အင်္ဂါချို့တဲ့ပြီး ရုပ်ဆိုးနေတဲ့သူလေးကို ဘယ်မှာ လာပြီး ခင်ချင်မှာလဲ။ နားလည်ပါတယ်လေ” ဟု စိတ်ထဲတွေးကာ အသာလှည့်ထွက်လာခဲ့သည်။

ခပ်လှမ်းလှမ်းရောက်တော့ ဆီမွန်က နောက်မှ ပြေးလိုက်လာကာ နင်အခု ဘယ်မှာအိပ်သလဲဟုမေးရာ ကောင်မလေးက ကောင်းကင်အောက် မြက်ခင်းပြင်ပေါ်မှာ ဖြေကာ နင်လည်း တို့နဲ့ လိုက်အိပ်လို့ရတယ် ဟု ဆီမွန်ကို ဖိတ်ခေါ်လိုက်သည်။

ဆီမွန်နောက်နေ့ မနက်သူ့အမေဆီဖုန်းဆက်တော့ သူ့အမေက ဂီတပွဲတော်မှ မတော်တဆမှုသတင်းကို သိနှင့်နေကာ စိတ်ပူ၍နေလေသည်။ ဆီမွန်က စိတ်မပူရန်နှင့် သူဘာမှ မဖြစ်ကြောင်း၊ သူပြန်မလာသေးပဲ သူငယ်ချင်းနှင့်အတူ ကိုပင်ဟေဂင်သို့ လိုက်သွားဦးမှာဖြစ်ကြောင်း သူ့အမေကို အသိပေးလိုက်လေသည်။

(ဒိန်းမတ်ဘာသာဖြင့်ရေးထားသော Under Åben Himmel ကို မြန်မာလိုအကျဉ်းချုံး၍ ဆီလျော်အောင် ပြန်ဆိုပါသည်။ Roskilde festival သည် ဒိန်းမတ်နိုင်ငံ Roskilde မြို့တွင်နှစ်စဉ်ကျင်းပသည့် ဂီတပွဲတော် ဖြစ်သည်။)



No comments: