Tuesday, June 5, 2007

ရှေးခေတ်ဆိုးကို လွမ်းမိတယ်...

ဆရာမြသန်းတင့်၏လက်ရာနောက်တပုဒ်ဖြစ်ပါသည်။ ဆရာ့ဘာသာပြန်အား သေချာလေ့လာနိုင်ရန် မူရင်းစာမူပါ ဖေါ်ပြလိုက် ပါသည်။

ရှေးခေတ်ဆိုးကို လွမ်းမိတယ်

အရှေ့ဥရောပနိုင်ငံများအနက် ဟန်ဂေရီသည် ကွန်မြူနစ်လွန်ခေတ်ကို ကူးပြောင်းရာတွင် အညင်သာဆုံးဖြစ်သည်။ ဂြိုလ်တုအသံ ဖမ်းခွက်များသည် ဘူဒါတောင်ကုန်းပေါ်မှ အိမ်များပေါ်တွင် မှိုပွင့်တွေလို အလျှိုလျှိုပေါ်လာကြသည်။ တိုင်းရင်းသား လုပ်ငန်းရှင် များကြားတွင် ဖက်စ်သတင်းစက်များသည် အိမ်ဦးခန်းတွင်တင်၍ ကိုးကွယ်ရမည့် အဆင့်သို့ ရောက်လာခဲ့ကြသည်။ ဥရောပအဖွဲ့ ၀င်နိုင်ငံများနှင့် အမေရိကန်နိုင်ငံသားတို့အတွက် ဟန်ဂေရီနိုင်ငံသည် တံတိုင်းကြီးကာရံထားသည့် တိုင်းပြည်မဟုတ်တော့ပြီ။ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ရန်မလိုတော့ပြီ။

ယခုအချိန် ဘူဒါပက်မြို့တော်တွင် နိုင်ငံခြားသားနေထိုင်သူပေါင်း ၂၅၀၀၀ ကျော်ရှိနေလေပြီ။ အများစုမှာ ဟန်ဂေရီ၏အရင်းရှင် အနာဂတ်အတွက် အရင်းအနှီးများစွာကို မြှပ်နှံထားကြသည့် လုပ်ငန်းရှင်များဖြစ်ကြသည်။ သူတို့သည် ဘူဒါပက်မြို့တော်ကြီး၏ စတိုင်ကို သဘောကျကြသည်။ အသစ်ဖွင့်လှစ်လိုက်သော ပျော်ပွဲစားရုံများကို သဘောကျကြသည်။ ဥရောပတိုက်တွင် မည်သည့်နေရာသို့ သွားသွား သွားရလာရလွယ်သည်ကို သဘောကျကြသည်။ ဗီယင်နာသည် ကီလိုမီတာ ၂၀၀ သာဝေးပြီး မော်တော်ကားဖြင့်သွားလျှင် သုံးနာရီသာကြာသည်။ အသစ်ဖွင့်လှစ်လိုက်သော လေဆိပ်ကြီးတွင်လည်း အနောက်နိုင်ငံက လေယာဉ်တွေ တပုံကြီးရှိသည်။ မီးရထားနှင့် တယ်လီဖုန်းဆက်သွယ်ရေးတို့ကလည်း တိုးတက်ကောင်းမွန်လာသည်။ အလွန် တိုတောင်းလှသည့် အချိန်ကလေးအတွင်းတွင် ဟန်ဂေရီနိုင်ငံသည် ကမ္ဘာ့ရွာကြီး၏ တင်းပြည့်ကျပ်ပြည့် ရွာသားကြီးတဦး ဖြစ်လာခဲ့သည်။

မကြာသေးမီတုံးကမူ ဟန်ဂေရီနိုင်ငံသည် ဥရောပတိုက်ကြီး၏ အမှောင်ဘက်တွင် ရောက်နေခဲ့သည်။ မြို့တော်တွင်ရှိသည့် တယ်လီဖုန်းလမ်းညွန်စာအုပ်ကို ပိုင်ဆိုင်ရခြင်းသည် ထောက်လှမ်းရေးအာဏာသိမ်းမှု တရပ်လိုဖြစ်နေသည်။ ဘူဒါပက်မှ ဗီယင်နာသို့လာသည့် မီးရထားများပေါ်တွင် အနောက်တိုင်းမှ အေးဂျင့်များသည် ဟန်ဂေရီသတင်းစာများကို အလောသုံးဆယ် လိုက်ရှာတတ်ကြသည်။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည့် အခြေအနေများကို အရိပ်အမြွက် သိနိုင်ရန်ဖြစ်သည်။

သို့ရာတွင် ထိုခေတ်ဆိုးများတွင် အလုပ်လုပ်ခဲ့ကြသည့် သတင်းစာဆရာမျိုးဆက်တို့ အဖို့ကား ၉၀ ပြည့်လွန်နှစ်များမှ ဘူဒါပက် မြို့တော်သည် ဘရပ်ဆဲမြို့တော်ကဲ့သို့ပင် တော်တော်ဒုက္ခတွေ့ရသည့် နေရာဖြစ်နေသည်။ စရိတ်ကြီးလွန်းသည်။ ယဉ်ပါးလွန်း သည်။ မရေမရာနိုင်လွန်းသည်။ ကွန်မြူနစ်လွန်ခေတ်၏ အကျိုးတရားများကား များပြားလှပါ၏ ။သို့ရာတွင် ငရုတ်သီး၏ စပ်ရှိန်း ရှိန်း အရသာကလေးကား ပျောက်ဆုံးသွားလေမည်။

ဘယ်နှစ်ကြိမ်ပဲရောက်ရောက်၊ ဘယ်နှစ်ခေါက်ပဲသွားသွား၊ သံကန့်လန့်ကာတွင်းသို့ ၀င်ရသည်မှာ ကောင်းပါသည်။ အတွင်းသို့ ရောက်သွားသည်နှင့် လေသည်ပင်လျှင် ကွဲပြားခြားနားသွားပါသည်။ အတန်ကြာသည့်တိုင် အ၀တ်ပေါ်တွင် စွဲနေသော ကျောက်မီးသွေးကျပ်ခိုးနံ့၊ ဒီဇယ်နံ့နှင့် တူရကီဆေးလိပ်နံ့တို့ဖြင့် မွှန်နေပါသည်။

သံကန့်လန့်ကာနောက်ကွယ်က လောကသည် တရားဝင်ထုတ်ပြန်သော မင်္ဂလာရှိသည့် သတင်းများ၊ ကြွေးကြော်သံများနှင့် တလူလူလွင့်နေသော အလံများ၊ လျာထားချက်ပြည့်မီသော စီမံကိန်းများ၊ ပါတီသတင်းစာမှ ခေါင်းကြီးများကို ဖတ်ကြားခြင်းများ စသည်တို့ဖြင့် ပြိုးပြွမ်းနေသောနေရာဖြစ်ပါသည်။ ရုပ်မြင်သံကြားမှာလည်း ထို့အတူဖြစ်သည်။ ကုန်ထုတ်သမ၀ါယမများမှ ပျော်ရွှင်နေသော လယ်သမားများကိုသာ ပြသလေ့ရှိပါသည်။ သို့ရာတွင် ထိုသို့သော အသံများသည် တိတ်ဆိတ်သွားကြလေပြီ။ အဖြစ်အပျက်ကြီးများ တခုပြီးတခု ပေါ်ပေါက်သွားခဲ့ကြလေပြီ။ လပေါင်းများစွာအကြာတွင် အနောက်တိုင်းသို့ ပြန်လည်ရောက်ရှိ ပြီး ထင်ရှားသူတဦးကွယ်လွန်သွားပြီး အစိုးရအဖွဲ့လည်း ပြုတ်ကျသွားလေပြီ။

သို့ရာတွင် သတင်းစာဆရာတယောက်အဖို့ကား ထိုသို့သော လျော်ကြေးများသည် ထိုက်တန်သော လျော်ကြေးများပင် ဖြစ်သည်။ စစ်အေးတိုက်ပွဲတလျှောက်လုံးတွင် အရှေ့ဥရောပတိုက်သည် ဖိနှိပ်မှုနှင့် ဖိနှိပ်ခံရသူတို့ ကပြရာ ဇတ်ရုံကြီးဖြစ်ခဲ့ပါ သည်။ ထိုဇတ်ရုံကြီးထဲက ဇတ်ခုံပေါ်တွင် ခမ်းနားစွာ ကပြခဲ့ကြပါသည်။ တခါတခါတွင်လည်း ထိုပြဇတ်ထဲတွင် ကွန်မြူနစ်ဆန့် ကျင်ရေး အဓိကရုဏ်းများပါခဲ့ပါသည်။ (၁၉၅၃ ခုနှစ် ဘာလင်အဓိကရုဏ်း၊ ၁၉၅၆ ခုနှစ်က ပိုဇညန် အဓိကရုဏ်း စသည်) ထိုပြဇတ်ထဲတွင် ကွန်မြူနစ်ဆန့်ကျင်ရေး ပုန်ကန်မှုများလည်း ပါခဲ့ပါသည်။ (၁၉၅၆ ဟန်ဂေရီ) တံတိုင်းကြီးတည်ဆောက်ခန်း လည်း ပါခဲ့ပါသည်။ (ဘာလင် ၁၉၆၁) တပ်နီတော် ၀င်ရောက်တိုက်ခိုက်မှုလည်း ပါခဲ့ပါသည်။ (၁၉၆၈ ခုနှစ် ပရတ်)

ထိုများပြားလှသော အဖြစ်အပျက်များကြားတွင် အာဏာရှင်စနစ်တခုအောက်တွင် နေရသည့် နေ့စဉ်ဘ၀ ဆင်းရဲမှု ဒုက္ခတွေ ကလည်း တပုံကြီးရှိသေးသည်။ သစ္စာရှိကွန်မြူနစ်များအဖို့ပင်လျှင် ဖမ်းဆီးမှုများ၊ စုံစမ်းစစ်ဆေးမှုများ၊ စွဲဆိုမှုများ ရှိနေသေး သည်။ ထိုအဖြစ်အပျက်ကို လိုက်လံသတင်းယူသည့် အနောက်တိုင်း သတင်းစာဆရာများအဖို့ သူတို့ရောက်နေသည့် နေရာ သည် နေရာမှန်ဟုတ်ရဲ့လားဟု အမြဲတန်းလိုလို ဒွိဟဖြစ်နေကြရသည်။ သတင်းဖြစ်ပွားသည့်နေရာသို့ရောက်နေသည့် သတင်းစာ ဆရာတယောက်သည် ပြင်ပမှ သတင်းစာဆရာတယောက်လောက်ပင် မသိဘဲ ၀ိုးတိုးဝါးတားဖြစ်နေတတ်သည်။ ဤသည်မှာ စစ်အေးတိုက်ပွဲကာလ သတင်းစာအတတ်ပညာ၏ ရေးဆွဲထားခြင်းမရှိသော ဥပဒေဟုပင် ဆိုရတော့မည်ထင်သည်။

အများအားဖြင့်မူ အရှေ့ဥရောပ အာဏာပိုင်များသည် နိုင်ငံခြားသတင်းထောက်များအား သူလျှိုအသေးစား သတင်းစုဆောင်း သူများဟု သဘောထားလေ့ရှိကြသည်။ ယင်းတို့ သဘောထားသည်မှာလည်း အဆိုးမဆိုသင့်ပါ။ ကွန်မြူနစ်များသည် သူလျှိုလုပ် ငန်းကို အထင်ကြီးတတ်ပြီး သတင်းစာလုပ်ငန်းကို အထင်သေးကြသောကြောင့် ဖြစ်ပါသည်။ ချဉ်းကပ်ပုံမှာ နိုင်ငံတခုနှင့် တခုတော့ ကွဲပြားပါသည်။ သို့ရာတွင် နေရာတိုင်းမှာလိုလိုပင် လျှို့ဝှက်ပုလိပ်၏ ကိုယ်စားလှယ်တယောက်သည် သတင်းစာဆရာ များကို လာတွေ့လေ့ရှိပါသည်။ ထိုသူများမှာ အများအားဖြင့် “ကိုယ်ဟန်ပြမယ်များ” နှင့် “ကချေသည်များ” ဖြစ်လေ့ရှိပါသည်။ အရှေ့ဥရောပသည် တယောက်ယောက်နှင့် အမှတ်တမဲ့ချိန်းပြီး ကပွဲသွားဖို့ကောင်းမည့် နေရာမဟုတ်ပါ။

ထိုနေရာသည် အချက်အလက်ရှာဖွေဖို့လည်း ကောင်းသည့်နေရာမဟုတ်ပါ။ ထို့ကြောင့် ထိုဒေသရှိ နိုင်ငံခြားသတင်းထောက်များ သည် သူတို့၏ “နေထိုင်ဟန်” ကြည့်၍သာ သတင်းကို မှန်းဆရေးကြရပါသည်။ ဘေးသတင်းများကို အားကိုးရပါသည်။ သို့ရာတွင် ထိုသတင်းရေးရာ ရပ်ကွက်ကိုမူ လုံခြုံစွာ ထိန်းသိမ်းထားနိုင်ဖို့ လိုပါသည်။ တခါတလေတွင် ကျောင်းသားများနှင့် လိုက်၍ လုပ်အားပေးရင်း သတင်းယူရပါသည်။ တခါတလေတွင် သဘောကွဲလွဲသူများနှင့် တွေ့ဆုံရပါသည်။ တခါတလေတွင် လည်း စက်ရုံများသို့ လည်ပတ်ရပါသည်။ တခါကမူ စက်ရုံများမှ ခိုးယူထားသည့် ပစ္စည်းများဖြင့် ဆောက်ထားသော အပန်းဖြေ ရိပ်သာတခုတွင် တည်းခို၍ သတင်းယူခဲ့ရသည့်အခါပင် ရှိပါသည်။ တခါတရံတွင်လည်း ဧည့်ခံပွဲများတွင် သတင်းယူရတတ်ပါ သည်။ ဘဲလေးကချေသည်တဦးနှင့် ချိန်းတွေ့ခြင်း၊ ၀ါဆောရှိ နှစ်သစ်ကူးပါတီတခုသို့ တက်ရောက်ခြင်း စသည်တို့ကိုလည်း လုပ်ရတတ်ပါသည်။ ထိုပွဲတွင် မျက်လှည့်ပြလိုက်သလို ဒေါ်လာတွေအောက်ခံဘောင်းဘီခါးပတ်ကြားမှ ထွက်လာသည်ကို မြင်ခဲ့ဖူးပါသည်။

ယင်းသို့ သတင်းယူရသည့် နေရာများအနက် ဘူခါရက် (ရူမေးနီးယား) သည် အဆိုးဆုံးဖြစ်ပါသည်။ ဘူခါရက်သို့ သီတင်းကုန် ရက်တွင် သွားနေရခြင်းသည် ဂျေဆုဘုန်းကြီးတွေပြောလေ့ရှိသည့် ထာဝရကာလကြီး တခုလောက်ကြာသည်ဟု ထင်ရသည်။ ရူမေးနီးယားမြို့တော် ဘူခါရက်သည် အယ်ဘေးနီးယားမြို့တော် တီရန်နာနှင့် မနီးရိုးစွဲပင် ဖြစ်ပါသည်။ သူတို့ နှစ်မြို့သည် ချိတ်ပိတ်ထားသော လူ့အဖွဲ့အစည်းကြီးတည်းဟူသော သရဖူကြီးထဲက ကျောက်မျက်ရတနာကြီးများ ဖြစ်ကြပါသည်။ ထိုမြို့နှစ်မြို့ သည် အ၀င်အထွက်အလွန်ခက်ခဲပါသည်။ ညဆိုလျှင် မြို့တော်ကြီးသည် ၀ပ်လေးဆယ်သာရှိသည့် မီးလုံးကလေးတလုံး ထွန်းထားသလို ဖြစ်နေပါသည်။ နေ့ဆိုလျှင်လည်း လျှပ်စစ်ဓာတ်အားလုံးဝ မရှိသလောက်ပင် ဖြစ်ပါသည်။ အပူငွေ့လည်း မရှိပါ။ အစားအသောက်ဟူသမျှသည်လည်း ကြက်သွန်ဖြူနံ့ချည်းထွက်နေတတ်ပါသည်။ အင်တာဗျူးတွေ့ဆုံမေးမြန်းခွင့်တွေ မရှိပါ။ လေးကီလိုမီတာအကွာတိုင်းတွင် ပုလိပ်တို့၏ စစ်ဆေးရေးစခန်းများ ရှိနေပါသည်။ ဘူခါရက်သို့ သွားသည့် သတင်းစာဆရာ တို့သည် အထုပ်ခြောက်ထုပ်ပါ အရေးပေါ်ပစ္စည်းအိတ်၊ လက်နှိပ်ဓာတ်မီး နှင့် ဓာတ်ခဲများ ယူသွားရပါသည်။

ထုံးစံအားဖြင့်ဆိုလျှင် အရှေ့ဥရောပသည် မမျှော်လင့်သည့်အရာတွေကို တွေ့ရသည့် ၀တ္ထုကြီးဖြစ်ပါသည်။ သုံကျင်းဂေါက်ကွင်း၊ “ကယ်တော်မူကြပါ၊ ကယ်တော်မူကြပါ” ဆိုသည့် ခပ်အုပ်အုပ်အော်သံ၊ လမ်းလယ်ခေါင်ပေါ်တွင် အိပ်နေသော မြင်းတကောင်၊ အနီးရှိစားပွဲမှ ထိုးပေးလိုက်သည့် စာရွက်လေးတရွက်၊ စာရွက်ပေါ်တွင် “ဗီယက်နမ်မှာ နိုင်အောင်တိုက်ပါ၊ ကွန်မြူနစ်ဝါဒ ကျဆုံး ပါစေ” ဆိုသည့် လက်ရေး။

တခါတရံတွင်လည်း အန္တရယ်ကြီးပါသည်။ အရက်ဆိုင်တဆိုင်ထဲတွင် တီးတိုးနှင့် ပတ်သက်၍ပြောလိုက်သော “လက်ထိပ်လွတ် မှတ်ချက် စကားတခွန်း၊ ဆေးခတ်ခံရပြီး ကိုယ်တုံးလုံးဖြင့် ဂျုံခင်းတခုထဲတွင် သတိမေ့နေရာမှ သတိပြန်ရလာသည့် အဖြစ်၊ “နိုင်ငံအကြီးအကဲကို စော်ကားသည်” ဆိုသည့် စွဲချက်ဖြင့် ကိုယ်တုံးလုံးအစစ်ခံရခြင်း။

အဆိုးဆုံးအနေဖြင့် ကြည့်လျှင် ထိုခေတ်ဆိုးကာ၏ နေ့ရက်များသည် စိတ်ပျက်ညစ်ညူးဖွယ်ကောင်းသော မန္တာန်တေး ဖြစ်ပါသည်။ အကောင်းဆုံးအနေဖြင့် ကြည့်လျှင် ဆယ့်နှစ်ရာသီပတ်လုံး သတင်းဦးရအောင် လိုက်ရသည့်နေရာ ဖြစ်ပါသည်။ ယခုခေတ်သစ် ဘူဒါပက်တွင်မူ စစ်အေးကာလတလျှောက်လုံး ဘယ်အခါကမျှ မရှိခဲ့ဖူးသည့် စိုးရိမ်မှုကြီးတခုကိုတော့ အနည်းဆုံး တွေ့နေရပါသည်။ ယင်းမှာ တညဟိုတယ်စားရိတ် ဒေါ်လာနှစ်ရာဖြစ်ပါသည်။ ဘရပ်ဆဲနှင့် အတူတူပါ။



Posted by Picasa

No comments: