မြန်မာလိုမွှတ်နေအောင် ပြောနိုင်တဲ့သူ
ဘလော့ဂ်တွေရေပန်းစားလာတော့ ဘလော့တွေဖတ်၊ ကွန်မန့်တွေရေးနဲ့ ကိုယ်ပိုင်ဘလော့လေးလည်း လုပ်ချင်ပေမယ့် အစတုံးကတော့ မရေးသေးဘူးလို့ ဆုံးဖြတ်ထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တပတ်ကို ငါးရက် အလုပ်ဆင်းရပါတယ်။ ညနေပိုင်းကျောင်းက တပတ်ကို ၂ ရက်တက်ရပါတယ်။ စနေ၊ တနင်္ဂနွေမှာ ကျောင်းက စာလည်း နဲနဲပါးပါးလုပ်ရပါသေးတယ်။ အဲဒါကြောင့်ပါ။ အခုသင်နေရတဲ့ ဒိန်းမတ်စာသင်တဲ့ကျောင်း ပြီးတဲ့အခါကျမှ အားရပါးရ စိတ်ကြိုက်ရေးတော့မယ်လို့ စိတ်ကူးထားသည့်တိုင် ကျောင်းမပြီးခင် ဘလော့ဂ် လုပ်ဖြစ်သွားခဲ့ပါတယ်။ ဘလော့ဂ်တွေ ဆွဲဆောင်မှုအားကောင်းတာလည်း ပါတာပေါ့လေ။ တချို့ဆို ဘလော့ဂ် နာတောင် ကျသတဲ့။ နောက်ဆို ဘလော့ဂ်မှာ အိမ်ထောင်ကျတာတို့ သားမွေးတာတို့တောင် ဖြစ်လာမလားပဲ။
ကျနော်လုပ်နေရတဲ့ အလုပ်ကလည်း စက်ရုံတခုက ထုတ်လုပ်ရေးဌာနမှာပါ။ ကွန်ပြူတာကိုင်ရတဲ့ အလုပ်လည်း မဟုတ်တော့ အလုပ်လုပ်နေရင်း စိတ်ကူးရလို့ ကွန်ပြူတာလေးဖွင့်ပြီး စာရေးလို့ရတာမျိုးလည်း မဟုတ်၊ အလုပ် ပြီးလို့ အိမ်ပြန်အရောက် ကွန်ပြူတာရှေ့ထိုင်တော့ ရုတ်တရက်ဘာရေးရမှန်းမသိတာမျိုးလည်း ဖြစ်တတ်ပါသေး တယ်။ တခါတလေလည်း အရေးအသားကောင်းတဲ့ ဘလော့ဂါတွေရေးတာ ဖတ်ထားပြီးရင် ကိုယ်သူတို့လို ရေးနိုင်ပါ့မလားလို့ အားငယ်မိတာမျိုးလည်း ရှိရဲ့။ “ကိုယောဟန်အောင်ကတော့ ဘလော့ဂိုပိုးဝက် ၂ ပို့စ်မှာ ဘလော့ဂ်တွေမှာ ကိုယ်ရေးကိုယ်ဖတ် ကြိုက်တာလုပ်လို့ ရနေပါပြီ။ စိတ်တူသူတွေက ရှာဖတ်လာလိမ့်မယ်။ ရေးဖို့သာ လိုပါတယ်” တဲ့။
ကဲ စိတ်တူသူတွေရော မတူသူတွေပါ ဖတ်ဖို့အတွက် ရေးပါပြီ။
၁၉၉၁ ခုနှစ်က ကျနော်မလေးရှားသွားပြီး အလုပ်လုပ်ဖို့ ပတ်စ်ပို့လျှောက်ပါသည်။ ပတ်စ်ပို့ရပြီး ယူဘီ ၂၂၁ လေယာဉ်ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်လာခဲ့တော့ လေဆိပ်မှာ ကျနော့်ကို လာကြိုမည့် သူ တယောက်မှ မရှိပါ။ လေယာဉ်ပေါ်မှာ အတူထိုင်သည့် မြန်မာတဦးနှင့် မိတ်ဆွေဖွဲ့ကာ သူတည်းသည့် အပတ်မင့်သို့ လိုက်သွားခဲ့ပါသည်။ ထိုနေရာမှတဆင့် ဆက်သွယ်ရန် လိပ်စာပါလာသည့် ကျနော်နှင့် တရပ်ကွက်တည်းသား ကျော်ဇေယျ ထံဖုန်းဆက်ရပါသည်။ ကျော်ဇေယျနှင့် အဆက်အသွယ်ရတော့ သူနေသည့် ဟွေ့ကွမ်ဈေးနားက အပတ်မင့်သို့ လာနေခွင့် ပြုပါသည်။ ထိုစဉ်က ကျော်ဇေယျက World Trade Center ရှေ့က စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေပါသည်။ ကျော်ဇေယျဆီမှာ နေရင်း မလေးရှားသို့သွားရန် လမ်းကြောင်းစနဲနာနေစဉ် တနေ့ ဟွေ့ကွမ်ဈေးထဲမှာ အဆက်အသွယ်ပြတ်နေသော သူငယ်ချင်းများနှင့် သွားတွေ့လေသည်။ ထိုသူငယ်ချင်းများကား ရှစ်ဆယ့်ရှစ် အရေးတော်ပုံကာလအတွင်း သပိတ်စခန်းတခုထဲမှာ သပိတ်အတူမှောက်ခဲ့ကြပြီး၊ စစ်အာဏာသိမ်းသောအခါ လက်နက်ကိုင် တော်လှန်ရေးအတွက် ကေအင်ယူစခန်းသို့ အတူထွက်လာခဲ့ကြသော သူငယ်ချင်းဖြစ်ပါသည်။ အေဘီအက်စ်ဒီအက်ဖ် တပ်ဖွဲ့များမဖွဲ့ခင် ကျနော် ပြည်တွင်းသို့ ပြန်ဆင်းသွားသဖြင့် အဆက်အသွယ် ပြတ်ခဲ့ကြသော သူငယ်ချင်းများနှင့် ဆုံသောအခါ ကျနော်မလေးရှားသွားအလုပ်လုပ်မည့် ကိစ္စလည်း မေ့သွားခဲ့ရသည်။
ထိုသူငယ်ချင်းများ၏ အစီအစဉ်အရ တောတွင်းပြန်မည့် လူကြုံဖြင့် အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း ၂၀၇ သို့ ကျနော်လိုက်သွားဖြစ်ခဲ့၏။
(ဓါတ်ပုံ - ဖော်ဖားထ စခန်း ဆေးရုံရှေ့) တောတွင်းစခန်းမှာ သူငယ်ချင်းအချို့ကျန်နေသေးသော်လည်း ၈၈ က ကျနော်ရောက်ခဲ့သော စခန်းတော့ မဟုတ်တော့ပါ။ န၀တ စစ်တပ်၏ ထိုးစစ်များကြောင့် နေရာသစ်သို့ ပြောင်းရွေ့လာခဲ့သည့်အကြောင်း ကျနော့်ကို ပြောပြကြပါသည်။ ကျနော်လည်း သူငယ်ချင်းဖြစ်သူ တပ်ရေးဗိုလ်ကြီး သောင်းထိုက်ကို သတင်းပို့ရပါသည်။ သူက ကျနော့်ကို ယူနီဖောင်းနှင့် သေနတ်ထုတ်ပေးတော့ စက်ပစ်ကွင်းမှာ မောင်းပြန်သေနတ် အမ် ၁၆ ကို ပစ်ခဲ့ရသေးသည်။
တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးနှင့် ကျနော် ရေစက်ကြာကြာမဆုံခဲ့ရ။ လုပ်စရာ ကိစ္စများရှိနေသဖြင့် သူငယ်ချင်းများကို နှုတ်ဆက်ကာ ဘန်ကောက်သို့ ပြန်တက်ခဲ့ရပါသည်။ (ဓါတ်ပုံ - မကဒတ ရင်း ၂၀၇) ကျနော် ပြောချင် သည့် အကြောင်းအရာသည် ထိုအပြန်လမ်းတွင် ကြုံခဲ့ရသည့် အဖြစ်အပျက်ဖြစ်ပါသည်။ အပြန်မှာတော့ ကျနော် တယောက်တည်းဖြစ်သည်။ စခန်းမှ မဲဆောက်သို့ ကားစီး၊ မဲဆောက်မှ ထွက်သည့် ညကားဖြင့် ဘန်ကောက်သို့ ပြန်တက်ရန်ဖြစ်သည်။ စခန်းမှ မဲဆောက်သွားသည့် ခရီးသည်တင်ကားမှာ ဟိုင်းလတ်ကား ဖြစ်ပြီး ကားပေါ်မှာ ထိုင်းလူမျိုးများနှင့် တိုင်းရင်းသူများ ခရီးသည်များအဖြစ်ပါလာသည်။ အရှေ့အလယ်ပိုင်း ဒေသမှ အစ္စရေးလူမျိုး တိုးရစ်တဦးလည်း ပါလာသည်ကို တွေ့ရ၏။ ကားမောင်းလာ၍ လမ်းတ၀က်ခန့် အရောက်တွင် ထိုတိုးရစ်က သူဆင်းရမည့်ရွာအမည်ကို ပြောကာ ဘယ်အချိန်ရောက်မလဲဟု စုံစမ်းလာသည်။ ကျနော်ကပဲ စကားပြန်လုပ်ကာ ခရီးသည်များကို မေးပေးရ၏။ ကျနော်က “အမတို့ခင်ဗျား၊ ဒီလူက သူသွားမယ့် ရွာကို မေးနေပါတယ်။ အမတို့ထဲက သိတဲ့လူများပါပါသလား” ဟု မေး၏။ အမျိုးသမီးတယောက်က သူလည်း အဲဒီရွာမှာဆင်းမှာပဲ ဟု ပြောသည်ကို ကျနော်က ကိုရွှေတိုးရစ်ကို ပြောပြလိုက်တော့ သူကျေနပ်သွားလေ၏။ ခဏနေတော့ အမျိုးသမီးတယောက်က ကျနော့်ကိုကြည့်ကာ “ဗမာစကားပြောတာ မွှတ်နေတာပဲနော်၊ ဘယ်မှာနေသလဲ” ဟုမေးရာ ကျနော်လည်း ဘာပြောရမှန်းမသိဖြစ်သွားရပါသည်။ အမှန်တော့ ထိုနယ်စပ်ဒေသများရှိ တိုင်းရင်းသားများမှာ ထိုင်းလိုပြော၊ ကရင်လိုပြော၊ ပအို့ဝ် လိုပြောနေကြသဖြင့် မြန်မာစကားပြောလျှင် အသံဝဲပါသည်။ သူတို့ဒေသသုံးစကားကိုပဲ အပြောများကာ မြန်မာစကားသိပ်မပြောသဖြင့် မြန်မာလိုပြောလျှင် အသံဝဲ၀ဲနှင့် ဖြေးဖြေးသာပြောပါသည်။ ကျနော်ပြောသည့် မြန်မာစကားသည် သူတို့အနေဖြင့် ကြည့်လျှင် အလွန်ကောင်းမွန်နေပုံရပါသည်။
ကျနော် ဘန်ကောက်ရောက်တော့ သူငယ်ချင်းများကို “မင်းတို့ငါ့ကို ဘာမှတ်သလဲ။ မြန်မာလို မွှတ်နေအောင် ပြောနိုင်တဲ့ကောင်ကွ” လို့ ပြောရင် သူတို့ ရီကြပါသည်။
ပျော်ရွင်ကြပါစေ။ ။
2 comments:
ကျွန်တော်လည်း မွှတ်နေအောင် ပြောတတ်တယ် ထင်တာပဲ။။ အရေးမှာတော့ ဟီး.. သိမှာပါ ကို သက်ဦး..မလေးစကားရော ပြောတတ်မှာပေါ့ ဒါဆို.. ထိုင်းကနေ ရပ်သွားလို့.. မလေးကို ဘယ်လိုရောက်သွားတယ်လည်း ပြောပြရင် ကောင်းမယ်ထင်ပါ၏
ပြန်လာနှူတ်ဆက်ပါတယ်..ဒါပေမဲ့..Many Thanks ဆိုလို့..ကိုသက်ဦးနဲ့ ဖုန်းဆိုးဆိုတာ..တဦးတည်းလားလို့..စိတ်ဝင်စားသွားတယ်..ဟုတ်တယ်ဆိုရင်တော့..သိရတာ..၀မ်းသာပါတယ်..မဟုတ်လည်း..စကားပြေခြင်းတူတဲ့ဘလော့ဂါမိတ်ဆွေတွေပေါ့..လင့်ထားလိုက်ပါတယ်..
Post a Comment