Saturday, June 16, 2007

ဗိုက်ကင်း မြန်မာ

ကဒေါင်းညင်သာရဲ့ ပို့စ် ကိုဖတ်ပြီး ကျနော်အတွေးတခုပေါ်လာပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့တွေ မညံ့ဘို့တော့လိုပါတယ်။ ဘာဖြစ်လို့ ဒီစကားပြောရသလဲဆိုတော့ ကျနော်အခုရောက်နေတဲ့ စကင်ဒီနေးဗီးယား ဒေသဆိုတာ ဟိုးအရင်က ဗိုက်ကင်း (Viking) တွေ နေခဲ့တဲ့နေရာပါ။ ကျနော်အရင်က သိထားခဲ့တာ ဗိုက်ကင်း တွေဟာ ပင်လယ်ဓားပြတွေပဲပေါ့။ ဟုတ်ပါတယ်။ သူတို့ဟာ ပင်လယ်ပျော်တွေ၊ ကိုတံငါတွေပါ။ ပင်လယ်ထွက် ပြီးဓားပြထွက်တိုက်သူတွေလည်း ရှိမှာပေါ့လေ။ ဒါပေမယ့် သူတို့ဟာ လယ်ယာမြေကို ထွန်ယက်စိုက်ပျိုးတာ မလုပ်တတ်ကြဘူး။ မြေအောက် သယံဇာတတွေကို ထုတ်ယူသုံးစွဲတာတွေ မလုပ်တတ်ခဲ့ကြဘူးတဲ့။ အဲဒါကြောင့် အခုလက်ရှိနေထိုင်သူတွေက သူတို့ကို မောင်းထုတ်လိုက်ကြတာကို ခံခဲ့ရပြီး။ အခုဆို ပြတိုက်မှာပဲ ရှိပါတော့တယ်။ အခုဒီဒေသမှာနေထိုင်သူတွေဟာ တချို့က ဂျာမန်အနွယ်၊ တချို့က အင်္ဂလိပ်အနွယ်တွေပါ။

ကျနော်တို့ မြန်မာတွေကရော၊ သယံဇာတတွေရှိတာကို ထုတ်ယူပြီးတိုင်းပြည်အကျိုးရှိအောင် သုံးစွဲနိုင်ပါသ လား။ ဟင့်အင်း။ ကိုယ့်ဆီက ပညာရှင်တွေတောင် သူများနိုင်ငံမှာ အလုပ်သွားလုပ်နေရတာ။ ပြီးတော့ မြန်မာ နိုင်ငံမှာ လူသုံးကုန်ပစ္စည်းဆို ဂက်စ်မီးခြစ်က အစ နိုင်ငံခြားက သွင်းရပါတယ်။ (ဒါပေမယ့် မြန်မာက မညံ့ပါဘူး။ ဂက်စ်မီးခြစ်မထုတ်ပေမယ့် မီးခြစ်ကို ဂက်စ်ထည့်တဲ့လုပ်ငန်းကတော့ အတော်တွင်ကျယ်ပါတယ်)

လယ်ယာစိုက်ပျိုးရေးဆိုတာလည်း စက်မှုလယ်ယာကို တက်မလာနိုင်တဲ့အပြင် တချိန်က အာရှတိုက်ရဲ့စပါးကျီ နိုင်ငံက လူတွေ ဆန်ဈေးကြီးလို့ ဆန်ကောင်းမစားနိုင်တာ ကြာပေါ့။ (ကျနော် နယ်မှာ ကျောင်းဆရာလုပ်တုံးက ၀န်ထမ်းဆန်သွားထုတ်တော့ ဆန်က စကွဲတွေရောထားတယ်။ ကျနော်က “ခင်ဗျားတို့ ဆန်ကလည်းဗျာ” ဆိုတော့ ဆန်ထုတ်ပေးသူ ကျောင်းဆရာက “ဒါလည်း ဆန်ပဲဗျ။ ရေထည့်ပြီး ကြာကြာချက်ရင် ထမင်းဖြစ်တာပဲ” တဲ့။ သူတို့ အတွက်ကျန်အောင်ဆိုပြီး ဆန်ကောင်းတ၀က်ကိုရောင်းပြီး စကွဲတွေဝယ်ထည့်ထားတာ ကျနော်သိတာ ပေါ့)။

ပြီးတော့ ထိုင်းတို့ မလေးရှားတို့မှာ ဂက်စ်အိုးတွေတွင်တွင်ကျယ်ကျယ် သုံးပြီး ချက်ပြုတ်စားသောက်ကြတယ်။ မြန်မာပြည်မှာက အစိုးရက ဂက်စ်ကို နိုင်ငံခြားရောင်းစားနေတယ်။ ပြည်တွင်းမှာ ဂက်စ်အိုးသုံးခွင့်ကို ပြန်တမ်းဝင်အရာရှိမှ ရတယ်တဲ့။ (ပြန်တမ်းတင်အရာရှိတွေကလည်း တချို့က မသုံးပါဘူး။ ခွဲတမ်းရတာကို ရောင်းစားပြီး အမြတ်ပဲယူတာပါ) သာမာန်လူတွေက ထင်း၊ မီးသွေး အဆင့်က မတက်တော့ဘူး။ တော်သေးတာပေါ့။ မြန်မာပြည်မှာက တောထူထပ်လို့။

ပြောရရင်တော့ အများကြီးပါ။ လိုရင်းကို ပြန်ကောက်ရရင် လူမျိုးတမျိုး သိပ်ညံ့သွားပြီဆိုရင် တခြားလူမျိုးတွေ ၀င်ရောက်လာနိုင်တယ်ဆိုတာ စကင်ဒီနေးဗီးယားက ဗိုက်ကင်းတွေအကြောင်း ဖတ်မိလို့ ကျနော်စဉ်းစားနေ တာ ကြာပါပြီ။ ရာဟူးက ကွန်ဖရင့်မှာ အဲဒီအကြောင်းကျနော်ပြောတော့ တယောက်က စာရေးပါလားလို့ အကြံပြုဘူးပါတယ်။ အခုမှပဲ ကျနော် ကဒေါင်းညင်သာရဲ့ ပို့စ်ကြောင့် ရေးဖြစ်သွားပါပြီ။

ကျနော်တို့ ညံ့ရင် ဒီစစ်အစိုးရ လုပ်ပုံနဲ့ လူမျိုးပါပျောက်ပါတော့မယ်။ အဲဒါကြောင့် အမျိုးပျောက်မှာ စိုးကြောက်သူတိုင်း မညံ့ကြဖို့ ရေးသားလိုက်ရပါတယ်။

No comments: