Tuesday, January 27, 2009

စီးပွားပျက်ကပ်နှင့်အတူ

၂၀၀၉ ခုနှစ်၏ ဇန်န၀ါရီလ ပထမပတ်၌ ကျနော့်စက်ရုံမှာ အလုပ်တွေ ပါးနေသည်။ သံပြားခေါက်သည့် စက်ပျက်နေသောကြောင့် ကျနော်တို့ ဂဟေဆော်သည့် ဖက်သို့ ပစ္စည်းတွေ ရောက်မလာ။ ကျနော်လည်း စက်ရုံမှာ လုပ်စရာ မရှိလျှင် အိမ်ကို စောစောပြန်လေသည်။ အဲလိုစောစောပြန်ပေမယ့် ကျနော့်လစာကတော့ ပုံမှန်ပဲ ဖြစ်သည်။ တပတ်လျှင် ၃၇ နာရီဆင်းရမည်ဖြစ်သော်လည်း အလုပ်မရှိ၍ အိမ်စောစောပြန်သည့်အခါ ကျနော်လိုသွားသည့် နာရီတွေကို စက်ရုံက မှတ်ထားသည်။ နောက်တော့မှ အနုတ်ပြနေသည့် နာရီတွေကို ပြန်ဖြည့်ဆင်းပေးရတော့မည်။
ဒုတိယပတ်မှာ လုပ်စရာနည်းနည်းပါးပါး ရောက်လာပြီဆိုတော့ အိမ်ကိုစောပြန်စရာ မလိုတော့။ သို့သော်လည်း ထိုဒုတိယပတ်၏ ဒုတိယနေ့ဖြစ်သည့် အင်္ဂါနေ့မှာ ပြဿနာပေါ်တော့သည်။ မနက်ကိုးနာရီ အလုပ်နားချိန် စက်ရုံ ကင်တင်းမှာ အလုပ်သမားသမဂ္ဂ၏ ကိုယ်စားလှယ် (ဒိန်းမတ်အခေါ် Tillidsmand) က စကားထပြောသည်။ သူပြောနေတာ တွေကို ကျနော် နားမလည်ပါ။ ကိုယ့်အလုပ်နေရာကို ပြန်ရောက်မှ ကျနော့်ဘေးက ဒိန်းမတ် အလုပ်သမားတယောက်ကို ခုနက ဟိုလူ ဘာတွေပြောနေတာလဲဟု မေးရသည်။ ဒီတော့ သူက ဒီနေ့ အလုပ်သမား ၁၇ ယောက် အလုပ်ဖြုတ်တော့ မယ်လို့ ပြောနေတာ။ ဘယ်သူတွေ ပြုတ်မလဲဆိုတာ ဒီညနေမှာ ဌာနတာဝန်ခံတွေက ပြုတ်မဲ့သူကို လာအကြောင်း ကြားလိမ့်မယ်ဟု ဆိုလေသည်။ ဒီနေ့ အလုပ်ပြုတ်မည့်သူ ၁၇ ယောက်ထဲမှာ ကိုယ်လည်း ပါနိုင်တယ်ဆိုတာကို စိတ်က သိလိုက်ပေမယ့် ကိုယ်လုပ်စရာ ရှိတာကိုပဲ ဟန်မပျက် လုပ်နေလိုက်သည်။ ပတ်ဝန်းကျင်မှာတော့ အလုပ်သမားတချို့ ဟိုနား တစု ဒီနားတစု စကားစမြည် ရပ်ပြောနေတာကလွဲလို့ ထူးထူးခြားခြား ဘာမှမရှိ။ အားလုံးပုံမှန်ပင်။ ဒီလိုနှင့် ညနေ အလုပ်ဖြုတ်ခါနီး လက်ဆေးနေသည့် အချိန်အထိ ဘယ်သူတွေ အလုပ်ပြုတ်သွားပြီလဲ၊ ငါတို့ဌာနက ဘယ်သူတွေ ပါသွားပြီလဲ ကျနော်မသိသေး။ မကောင်းသတင်းကို တယောက်ချင်းလိုက်မေးနေလို့ကလည်း မကောင်း။ လက်ဆေးပြီးလို့ ပြန်ခါနီး အချိန်ကျမှ ကျနော့်ဘေးမှ အလုပ်ပြုတ်မည့်သတင်း ကျနော့်ကို ပြန်ရှင်းပြသည့်သူက `မနက်ဖန် ငါလာစရာ မလိုတော့ဘူး။ ငါအလုပ်နားသွားပြီ´ Jeg er fri i morgen. Jeg kommer ikke mere. ဟု ပြောလေသည်။
အခုတလော နေရာတိုင်းမှာ လူတွေလျှော့နေသည်မို့ အလုပ်ပြုတ်သွားသူတွေ အလုပ်ပြန်ရှာဖို့ ခက်ပေတော့မည်။ အလုပ်သမားသမဂ္ဂတွေမှာ အလုပ်ပြုတ်အာမခံ A’ kasse ၀င်ထားသူတွေအတွက် ခံသာသော်လည်း တချို့နေရာတွေ မှာ အလုပ်ပြုတ်အာမခံ မရှိကြဟုလည်း ကြားနေရသည်။ ယခင် ဒိန်းမတ်မှာ အလုပ်အကိုင်တွေကောင်းစဉ်ကတော့ ဂျာမန်တွေ၊ ပိုလန်တွေ အလုပ်လာလုပ်ကြသည်။ ယခုလို ဒိန်းမတ်တွေပါ အလုပ်တွေ ပြုတ်ကုန်ပြီဆိုတော့ နိုင်ငံခြားက အလုပ်လာလုပ်သူတွေ အိမ်ပြန်ကြရတော့မည်။
တိုင်းပြည်မှာ လူအများ ကြုံတွေ့ခံစားနေရသည်များကို ဖြေရှင်းပေးရန် တာဝန်ရှိသူများ ဖြစ်သည့် ၀န်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့၊ အတိုက်အခံ ပါတီခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမား သမဂ္ဂများ အစရှိသူများက စီးပွားရေးကျဆင်းနေသည့် ကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြသည် များကို ဒိန်းမတ်သတင်းများ အရ သိနေရသည်။
မြန်မာပြည်မှာရော တာဝန်ရှိသူ အစိုးရအဖွဲ့မှ ဖြေရှင်းပေးပါသလား။ လက်ရှိအုပ်ချုပ်နေသည့် အစိုးရ သက်တမ်းကရော ဘယ်တော့ကုန်မှာလဲ။ စစ်တပ်က ဘယ်တော့မှ ဘားတိုက်ကို မပြန်တော့ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ကိုရော တသက်လုံးဖမ်းထားတော့မှာလား။ နိုင်ငံရေးအကျဉ်းသားများနှင့် ရွှေဝါရောင်သံဃာတွေကိုရော နယ်စွန်နယ်ဖျားပို့ပြီး အသေသတ်နေပြီလား။ တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေသူများ၌ တာဝန်ရှိပါသည်။ ဘားတိုက်ကို မပြန်ချင်တော့သည့် စစ်တပ်ကို စီးပွားရေးကပ်နှင့်အတူ တပါတည်း တွန်းချလိုက်နိုင်လိုက်မည် ဆိုလျှင်တော့… မြန်မာပြည် ပြန်လည် ဦးမော့ လာနိုင်သေးသည် ဟု မျှော်လင့်မိပါသည်။ ။

5 comments:

ဒူကဘာ said...

သြော်...ဒိန်းမတ်လဲ ဘာသားနဲ့ ထုထားတာမှတ်လို့ ပြုတ်စော် နံနေပြီကိုးးးးးးးးးး

အောင်သာငယ် said...

အတူတူတွေချည်းပဲ...း)

Kay said...

အားလုံး အဆင်ပြေသွားမှာပါ။ အဟဲ သီချင်းဆိုပြတာ။

pandora said...

မကေပြောသလိုပဲ.. ဟဲ

မျှော်လင့်ရင်း လုပ်နိုင်သမျှ လုပ်ကြတာပေါ့ဗျာ..
ဒါမျိုးက တသက်မှာ တခါ ဆိုသလို. ကိုယ့်လက်ထက်ကျမှ ကြုံကြိုက်ရပြန်တော့လည်း..

ဖုန်း မြင်. said...

အို. ... အသင်လောက ... အဲ့လိုပဲ အော်လိုက်တော့မယ် အကိုရာ