Thursday, January 1, 2009

Frankfurt-Hahn Airport



Frankfurt-Hahn Airport သည် လေယာဉ်ကွင်းနာမည်တွင် Frankfurt ဟု ပါနေသော်လည်း ဖရန့်ဖု(တ်) မြို့၏ အနောက်ဖက် ကီလိုမီတာ ၁၂၀ (၇၅ မိုင်) အကွာတွင် တည်ရှိနေပါသည်။ စစ်အေးတိုက်ပွဲကာလများ အတွင်း နေတိုးအဖွဲ့ဝင် အမေရိကန်၏ စစ်လေယာဉ်အခြေစိုက်စခန်းဖြစ်ခဲ့သော်လည်း ၁၉၉၃ ခုနောက်ပိုင်း အရပ်ဖက်လေယာဉ်များ အသုံးချခွင့်ရခဲ့သည်။ အကယ်၍ သင့်အနေဖြင့် ဥရောပ၏ Budget Airline ဖြစ်သည့် Ryanair ဖြင့် ဖရန့်ဖု(တ်) သို့လာမည် ဆိုပါက ထိုလေဆိပ်သို့ရောက်ရှိမည် ဖြစ်ပြီး ထိုလေဆိပ်မှ တဆင့် ဖရန့်ဖု(တ်) ၊ ကိုလုံး အစရှိသော မြို့ကြီးများသို့ ပုံမှန်ပြေးဆွဲနေသော ဘတ်စကားများဖြင့် ရောက်ရှိနိုင်လိမ့်မည်။ ထိုလေဆိပ်သို့ သွားသည့် မီးရထားလမ်း မရှိပါ။
ဖရန့်ဖု(တ်) မြို့ မီးရထားဘူတာရုံကြီး (ဂျာမန်အခေါ် Frankfurt Haupbahnhof) ၏ ဘေးတွင်ရှိသော Mannheimer Str. လမ်းပေါ်တွင် Hahn လေဆိပ်သို့ သွားသည့် ကားဂိတ်ရှိပါသည်။ ထိုဂိတ်မှနေ၍ ဘတ်စကားစီးလျှင် ၂ နာရီခန့်ကြာပြီး ကားခမှာ လူတဦးလျှင် ၁၂ ယူရို နှင့် အသွားအပြန် လက်မှတ်ဖြတ်လျှင် ၁၈ ယူရိုပေးရပါသည်။ တနာရီလျှင် တစီးပုံမှန်ပြေးဆွဲပေးနေသော ထိုဘတ်စကားလက်မှတ်ကို အွန်လိုင်းမှ ၀ယ်၍မရ ခရီးသည်ကိုယ်တိုင် ယာဉ်မောင်းထံမှ ၀ယ်ရပါသည်။ Hahn လေယာဉ်ကွင်းမှာတော့ ဘတ်စကားလိုင်း၏ လက်မှတ်ရုံရှိပါသည်။
Ryanair ကို ကျနော်ကိုယ်တိုင် မစီးဘူးသေးသော်လည်း စီးဘူးသူများအဆိုအရ SAS, Lufthansa အစရှိသော လေကြောင်းလိုင်းများနှင့် စာလျှင် ဈေးသက်သာသည်ဟု ဆိုပါသည်။ SAS, Lufthansa အစရှိသော လေယာဉ်များသည် ဖရန့်ဖု(တ်) အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသို့ ဆင်းသက်ပြီး ဖရန့်ဖု(တ်) လေယာဉ် ကွင်းသည် ဖရန့်ဖု(တ်) မြို့မှ ဆယ်မိနစ်ခန့်သာ ရထားစီးရပြီး လက်မှတ်ခမှာ မြို့ထဲမှ စီးလျှင် တခေါက်စာ အတွက် 3.7 EUR ကျသင့် ပါသည်။
ဥရောပတခွင် ဈေးသက်သက်သာသာဖြင့် ခရီးသွားလိုပါက Ryanair လက်မှတ်များကို www.ryanair.com တွင် ကြိုတင်ဝယ်ယူနိုင်သည်။ Ryanair ဖြင့် ခရီးသွားလျှင် ခရီးစထွက်မည့် နေရာနှင့် ဆိုက်ရောက်မည့် နေရာတို့၏ လေယာဉ်ကွင်းများကိုတော့ ဂရုစိုက်ရန်လိုပါမည်။ ဥပမာ နော်ဝေးနိုင်ငံမှ Ryanair ကို စီးမည် ဆိုပါက အော်စလိုမြို့၏ တောင်ဘက် ၁၁၀ ကီလိုမီတာအကွာရှိ Torp လေဆိပ်သို့ သွားရမည် ဖြစ်သည်။ ထိုလေဆိပ်သို့ သွားရမည့် အချိန်၊ ကားခ စသည်များကိုလည်း သိထားရန်လိုပါလိမ့်မည်။
လူအများအားလပ်ရက် ရာသီများတွင် ခရီးသွားများပြားသည့်အလျောက် ကြိုတင်ပြင်ဆင်ထားသည့်တိုင် နှောင့်နှေးကြန့်ကြာမှုများလည်း ရှိနိုင်ပါကြောင်း … ။ ။

No comments: