Saturday, September 27, 2008

ဒိန်းမတ်စာတွေ မသင်ရတော့ဘူး

ကျနော့် ဘလော့ဂ်ရဲ့ စီဘောက်မှာ အသိတယောက် လာနှုတ်ဆက်သွားသည်။ သူက ကာတွန်းဆရာ ကိုမင်းကျော်ခိုင်၊ အရင်က ခေတ်ပြိုင်မှာ ကာတွန်းဆွဲသူမို့ သူ့ကို လူသိအတော်များကြသည်။ လူချင်းလည်း ဘန်ကောက်မှ နှစ်ခါလောက်ဆုံဘူးသည်မို့ ကျနော့်ကို သူမှတ်မိနေပုံရသည်။ ကျနော်သိသလောက်တော့ သူအခု နယူးယောက်မှာ ရောက်နေပြီ။
ဘလော့ဂ်မှာ သူလာနှုတ်ဆက်ချိန် ကျနော်ဒိန်းမတ်စာသင်တန်းတွေ တက်နေတုံး။ အလုပ်တဖက် ကျောင်းစာတဖက်၊ ဘလော့ဂ်တဖက်နှင့်မို့ စိတ်ဖိစီးမှု အတန်အသင့် ရှိနေသည့်အချိန်။ ဘလော့တွေ ကို စိတ်ဝင်တစားဖတ်၊ ကွန်မန့်တွေရေး၊ ကိုယ့်ဘလော့မှာ ဘာရေးရင် ကောင်းမလဲဆိုတာကိုလည်း စဉ်းစားရသည်။ အလုပ်က ပြန်လာလျှင် တပတ်နှစ်ရက် ညနေသင်တန်းကို ပြေးရသည်။ ကျောင်းက ပေးသည့် စာတွေ၊ လုပ်ရမည့် ပရောဂျက်တွေ၊ ဖတ်ရမည့် စာအုပ်တွေနှင့် အလုပ်တွေ ရှုပ်နေရသည်။
သူနှင့် အပြန်အလှန်နှုတ်ဆက်ကြပြီး တရက် ကျနော် အိမ်မက်မက်ပါသည်။ အိမ်မက်ထဲမှာ နယူးယောက်က သူ့အလုပ်ရုံဟု ထင်ရသည့်နေရာလေးမှာ ကျနော်ရောက်နေပြီး သူနဲ့ စကားတွေ ပြောနေကြသည်။ သူက ကျနော့်ကို အမေရိကကို ဘယ်တုန်းက ရောက်လဲ၊ မိသားစုတွေလည်း ပါလာတယ်ပေါ့၊ နေဖို့ အိမ်တွေ ဘာတွေ ငှားပြီးပလား၊ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ စသည်ဖြင့် သူသိလိုသည်များကို မေးနေသည်။ ကျနော်က သူမေးတာတွေ ဖြေနေရင်း ၀မ်းသာအားရ စကားတခွန်းပြောဖြစ်လိုက်သည်။ “ကျနော် ဒီကိုရောက်လာတာ ၀မ်းသာလိုက်တာဗျာ၊ ဒိန်းမတ်စာတွေ မသင်ရတော့ဘူး” ဟူ၍ ဖြစ်သည်။ သူ့ကို ပြောနေရင်း စိတ်ထဲပေါ့သွားတာကိုလည်း ခံစားလိုက်ရသည်။
အိမ်မက်က နိုးလာတော့ ၀မ်းသာတာလေးတွေ ပျောက်ကုန်သည်။
ထိုအကြောင်းကို မိသားစု ထမင်းဝိုင်းမှာ ကျနော် ပြောပြတော့ သမီးကြီးက “အဖေရယ် … ဒီလောက်တောင်ပဲလား” တဲ့။ သူကတော့ ပြောမှာပေါ့။ လူငယ်တွေဆိုတာက ဘာပဲသင်သင် အတတ် မြန်နေသည့် အချိန်။ ကျနော်တို့နှင့် သူတို့ မှတ်ညာဏ်ကွာခြားပုံမှာ ၀င်းဒိုးပေါ်ကာစ ကွန်ပြူတာ အဟောင်းတလုံးနှင့် နောက်ဆုံးပေါ် ၀င်းဒိုး ဗစ်စတာ သုံးနေသည့် ကွန်ပြူတာအသစ်တလုံးလို ဖြစ်နေသည်။ ကျနော်တို့ လူကြီးတွေမှာ စာတွေ ရှေ့ကသင် နောက်ကမေ့ကုန်လေသည်။
မည်သို့ပင် ရှိစေကာမူ … ကိုယ့်မိသားစုကို လက်ခံထားတာက ယူအက်စ်မဟုတ်၊ အော်စီ မဟုတ်၊ ယူကေ မဟုတ်။ ဒိန်းမတ်က လက်ခံထားတာဆိုတော့ သူတို့စာကို မသင်မနေရ သင်ကြရပါသည်။ ကျနော် အရင်က လေ့လာနေကျ ပိုလန်က ရေးသည့် အင်္ဂလိပ်စာသင်ပေးသည့် ၀က်ဘ်ဆိုဒ်တခု၏ ရေးသားချက်အရ ကမ္ဘာပေါ်က ဘာသာစကားတွေမှာ အင်္ဂလိပ်စာလောက် လေ့လာရ လွယ်တာ မရှိပါတဲ့။ အခုလည်း ကြည့်လေ ဒိန်းမတ်စာမှာ ဆိုရင် Ø, Å, Æ ဆိုတဲ့ စာလုံးသုံးလုံးက ကျနော်တို့အတွက် အသစ်အဆန်းဖြစ်နေသည်။ ပြီးတော့ G ကို ဂီ၊ H ကို ဟုတ်၊ I ကို အီ၊ J ကို ယော်၊ K ကို ခုတ် စသည်ဖြင့် အသံမတူတာတွေ အသစ်ထပ်မှတ်ရသည်။ Y ကလည်း အွီ ဆိုသည့် အသံ နှင့် သရ ဖြစ်လို့ ဖြစ်နေပြန်သည်။ ဒိန်းမတ် အသံထွက်တွေက ကျနော့်တို့ အတွက် ခက်နေရသည်။ Module Test တခုမှာ နှုတ်ဖြေ ဖြေပြီးတော့ စာစစ်သူ ဆရာမက ကျနော့်ကို “နင်ပြောတဲ့ ဒိန်းမတ်စကားက ငါတောင် မနဲ နားထောင်ရတယ်။ ငါ့အဖေဆို နားကိုလည်မှာ မဟုတ်ဘူး” တဲ့။ ဒါကြောင့်လည်း အသက်ကြီးမှ ရောက်လာသူ မြန်မာတချို့ က ဘာပြောလည်းဆိုတော့ “ငါ့ကို သတ်ချင်သတ်လိုက်၊ နင်တို့ ဒိန်းမတ်စာတော့ မသင်ပရစေနဲ့” ဟူ၏။
အဲဒီတော့ ကျနော် အိမ်မက်ထဲမှာ ကိုမင်းကျော်ခိုင်ကို “၀မ်းသာလိုက်တာဗျာ၊ ဒိန်းမတ်စာတွေ မသင်ရတော့ဘူး” လို့ ပြောတာ ကျနော်မမှားပါဘူးနော် …. ။ ။

2 comments:

Kay said...

အင်း..ဘာသာစကားတခု ကို ဖြတ်သင်ရတာ..လွယ်တာတော့မဟုတ်နော်။ ပြင်သစ်သင်ဖူးတယ်။ နောက်တော့..တွေးတယ်..။ အပျော်သင်နေသလိုပဲ..။ ပီအောင်လည်း ပြောနိုင်မှာ မဟုတ်တဲ့အတူ..အဲဒီအချိန်တွေ..common language ဖြစ်တဲ့ english ပဲ လုပ်တော့မယ် ဆိုပြီး..ဖြတ်ပြစ်ခဲ့ ဘူးတယ်။

ခု - ကိုသက်ဦး တို့ကျတော့..နေထိုင်သွားလာဖို့က..လိုအပ်နေပြန်တာကိုး။ လွယ်ဘူးနော်-

ဒူကဘာ said...

အင်း ဒီမှာလဲ လူကြီးတွေ Value Village ကို ဘလူဘလက်၊ Good Well ဂုတ်ဝဲ တို့ ပြောတာတွေ ရှိနေတာပဲ ကသက်ဦး ရေးးးးးးးးးးး