Saturday, September 13, 2008

အမေရိက အိမ်မက်

၁၈၄၀ နှင့် ၁၉၁၄ ခုနှစ်များအတွင်း စကင်ဒီနေးဗီးယားဒေသမှ လူ ၂ သန်းခန့် အမေရိက သို့ ထွက်ခွာ ခဲ့ကြသည်ဟု ဆိုသည်။ ထိုအထဲတွင် တသန်းကျော်မှာ ဆွီဒင်များ၊ နော်ဝေးမှ ၇ သိန်းခွဲနှင့် ဒိန်းမတ် မှ သုံးသိန်း အသီးသီးပါဝင်ကြသည်။ ၁၈၄၀ တွင် ဒိန်းမတ်လူဦးရေမှာ ၁.၃ သန်းခန့်သာ ရှိသေးသဖြင့် နိုင်ငံတွင်းမှ လူသုံးသိန်း ထွက်ခွာသည်ဆိုသည်မှာ လူအစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုဟု ဆိုနိုင်သည်။
အဓိက ထွက်ခွာရခြင်း အကြောင်းရင်းမှာ ဆင်းရဲမွဲတွေမှုကြောင့် ဖြစ်၏။ ထိုခေတ်က တောနေလူတန်း စားနှင့် လက်လုပ်လက်စားများ အများစု အမေရိကသို့ ထွက်ခွာကြပြီး နော်ဝေးနှင့် ဆွီဒင်မှ လူများသည် ဒိန်းမတ်တို့ထက် ပို၍ ဆင်းရဲခဲ့ကြသည်။
တချိန်တည်းမှာ အမေရိကန် အစိုးရ၏ ဖိတ်ခေါ်မှုများကလည်း ခရီးသွားများအတွက် မက်လောက်စရာ။ အမေရိက ရောက်လျှင် အရွယ်ရောက်သူတိုင်း မြေယာအခမဲ့ရရှိမည်။ ထိုအခမဲ့ရမည့် မြေယာသည် ဒိန်းမတ်က လယ်မြေများထက် ကျယ်ဝန်းသည်။ နောက် အမေရိက ရောက်နေသူများထဲမှ မိသားစုဝင်များ သူငယ်ချင်းများက ရေးလာသည့် စာများကလည်း အခြေအနေကောင်းသည်၊ လိုက်လာလျှင် အဆင်ပြေမည် ဆိုတော့လည်း နောက်လူတွေက လိုက်လာကြသည်ပင်။
၁၈၉၇ ခုနှစ်က ဒိန်းမတ်မှ အမေရိကအသွား သဘောင်္ခမှာ ဒိန်းနစ်ရှ် ခရိုနာ ၂၀၀ ခန့် (ယူအက်စ်ဒေါ်လာ ၅၀ ခန့်) ပေါက်ဈေးရှိသည်။ ထိုစဉ်က ငွေ ၂၀၀ သည် အခုခေတ်ငွေ ၂၀၀ နှင့်တော့ အဆပေါင်းများစွာ ကွာခြားနေလိမ့်မည်။
ဒိန်းမတ်တွေ အမေရိက သွားကြသကဲ့သို့ ဆွီဒင်တွေ ဒိန်းမတ်မှာ အလုပ်လာလုပ်ကြသည်လည်း ရှိသည်။ ဟိုတလောက ကျနော် စာကြည့်တိုက်မှ ငှားကြည့်သည့် Pelle Erobreren ဆိုသည့် DVD အခွေသည် ထိုအကြောင်းကို ဇတ်လမ်းဆင် ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်သည်။
၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့ မနက်ခင်း နှင်းမှုန်တွေကျနေသည့် အချိန် ဒိန်းမတ်နိုင်ငံ ဘွန်ဟောင်းကျွန်း (Bornholm) သို့ ဆွီဒင် နိုင်ငံ Ystad မြို့မှ ထွက်လာသော သဘောင်္တစီး ဆိုက်ရောက် လာသည်။ သဘောင်္ပေါ်တွင် အလုပ်လာရှာကြသည့် ဆွီဒင်လူမျိုး ၂၀၀ ကျော် ပါလာ သည်။ သူတို့ကိုင်ဆောင်လာသည့် အထောက်အထား စာရွက်ပေါ်မှာ ဆိပ်ကမ်းရဲက အ၀င်တုံး ထုပေးနေသည်။ အလုပ်ရှင်တွေတဖွဲဖွဲရောက်လာပြီး သူတို့လိုချင်သည့် အလုပ်သမားကို ရွေးချယ် သည်။
ဇတ်လိုက်သားအဖကတော့ နောက်ဆုံးလာခေါ်သည့် အလုပ်ရှင်နှင့် ပါသွားသည်။ သားဖြစ်သူ Pelle က ကိုးနှစ်အရွယ်၊ အဖေဖြစ်သူက မုဆိုးဖို၊ လူဆင်းရဲတဦး၊ ဇနီးသည်ဆုံးပြီး နောက်ဆုံးကျန်သည့် ငွေစ အနည်းငယ်ဖြင့် သဘောင်္လက်မှတ်ဝယ်စီးကာ သူတို့သားအဖ ဒိန်းမတ်သို့ ထွက်လာ ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ သားအဖ နှစ်ယောက် အလုပ်ရှင်၏ ယာတောနှင့် မွေးမြူရေးခြံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြ ရသည်။ အလုပ်ချိန်က ရှည်လျားပြီး အစားအသောက်က ညံ့ဖျင်းသလို လစာကလည်း မကောင်းလှ။ ဘာသာစကားကလည်း အခက်အခဲ ရှိသည်။ ဒိန်းမတ်တွေက ဆွီဒင်မှ အလုပ်လာလုပ်သူတွေကို နိုင်ငံခြားသားတွေဆိုပြီး နှိမ်ကြသည်။ ဒီနေရာမှာတော့ လူမွှေးမပြောင်နိုင်တာကို Pelle ကသိသည်။ သူတို့နှင့်ဘ၀တူ ဆွီဒင် အလုပ်သမားတယောက်က Pelle အား American dream ကို ပြောပြသည်။ ငွေကိုစုထား၊ သင်္ဘော လက်မှတ်ရတာနဲ့ ဒိုးပြီပဲ။ ခက်တာက Pelle ရဲ့ အဖေ။ သူက အသက်ကြီးပြီ။ ဒီကနေ ဘယ်မှ မသွား ချင်တော့။ နောက်ဆုံး သူ့အဖေကို နှုတ်ဆက်ကာ Pelle က အမေရိကန် အိမ်မက် ဆက်မက်ဖို့ ထွက်လာခဲ့တော့သည်။
ထိုရုပ်ရှင်သည် ၁၉၈၈ ခုနှစ်၏ Academy Award for Best Foreign Language Film ဆုကို ရရှိခဲ့ ပါသည်။ ။
နောက်ဆက်တွဲ ။ ။ ပြီးခဲ့သည့် အပတ်က ကြည့်သည့် ရုပ်ရှင်တကားမှာလည်း (အခုတလော ရုပ်ရှင်တွေ ကြည့်ဖြစ်နေသည်) အမေရိက ရောက်သွားသည့် အစ္စရေး လူငယ်တဦး နယူး ရောက်လေဆိပ်မှ မြို့ထဲအလာ တက်စီ ကားမောင်းသူ လူမည်းက သူ့ကို မိတ်ဆက်ရင်း “အမေရိက ကို ပထမအကြိမ်လာတာနဲ့တူတယ်။ ဘာလာလုပ်တာလဲ” လို့ အမေးခံရ၏။ အစ္စရေးလူငယ်က ‘ I have a dream’ ဟု ပြန်ဖြေရာ ကားမောင်းသူက ‘I have a dream too’ ဟု ပြန်ဖြေပါသည်။ ထိုအခါ မင်းအိမ်မက်တွေ ဘယ်လိုတုံး ဟု လူသစ်က မေးတော့ “ဒီလိုပါပဲ၊ လုပ်နေရတုံးပါ” ဟု ဆိုသည်။ တကယ်တော့လည်း တတိယကမ္ဘာနှင့် ဖွံဖြိုးဆဲ နိုင်ငံများမှ လူများအနေဖြင့် အမေရိကပဲ ရောက်ရောက် ဥရောပပဲရောက်ရောက် “နတ်ရေကန်ထဲ ပစ်ချလိုက်သလို” နေ့ချင်းကြီး ကောင်းစား သွားသည် မဟုတ်တာတော့ သေချာသည်။ ကြိုးကြိုးစားစား ရုန်းကန်နိုင်မှသာ အိမ်မက်တွေ အကောင်အထည်ပေါ်လာနိုင်မည် ဆိုသည့်အကြောင်း ရေးသားလိုက်ရပါသည်။ ။

2 comments:

Kay said...

ဟုတ်ပါတယ်လေ- American Dream ဆိုတာလည်း.. တနေရာရာ က ထွင်လိုက် ရင်း သုံးကောင်းနေကြ တာပါ။ အိမ်မက် ကတော့..နေရာတိုင်း မှာ မက်လို့ရပါတယ်။ အမေရိကန်မှာ မက်ရင်တော့..တကယ်ဖြစ်လာ နိုင် ချေ များတယ်ပေါ့။ ဒါပါပဲ။
ကြည့်ကောင်းတဲ့ ရုပ်ရှင် များ လည်း..ရှဲပါဦး။

နတ်လူ said...

တရားမျှတမှု ရှိတဲ့ နိုင်ငံတိုင်းမှာ ဘာကိုပဲ ကြိုးစားပြီး ရုန်းကန်ရ ရုန်းကန်ရ ရလဒ်တစ်ခုတော့ ကျန်ခဲ့တာပဲ။ တရားမျှတမှု မရှိတဲ့ နိုင်ငံမှာ ငပျင်းတွေကောင်းစားပြီး တကယ်ကြိုစားတဲ့သူက ဘေးရောက်သွားတာမျိုး ကြားရမြင်ရရင်တော့ ရင်နာတယ်။