Saturday, April 12, 2008

မျက်မှန်တလက်

ကျနော့်အသက် လေးဆယ်ကျော်မှာ မျက်မှန်စတပ်ရသည်။ မျက်မှန်တပ်ဖြစ်သွားရပုံ အကြောင်းခံက ဤသို့ဖြစ်သည်။ ဒိန်းမတ်သို့ အခြေချနေထိုင်ရန် ရောက်ရှိလာသူ ဒုက္ခသည်များနှင့် ဒိန်းမတ်အစိုးရတို့ နှစ်ဦးသဘောတူ လက်မှတ်ထိုးရသည့် စာချုပ်ရှိသည်။ စာချုပ်အမည်ကား အင်္ဂလိပ်လို Integration contract ဖြစ်သဖြင့် မြန်မာလို “ပေါင်းစည်းပျော်ဝင်ရေးသဘောတူညီချက်” ဟု ခေါ်ရမလားမသိ။ အကြမ်းဖျင်းအားဖြင့် ဒိန်းမတ်လူ့ဘောင်တွင် ၀င်ဆန့်နိုင်ရေးအတွက် လိုအပ်သည့် အကူအညီအထောက်အပံ့များရမည်။ ကိုယ့်ဖက်ကလည်း ဖြည့်ဆည်းပေးရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ပေးရမည် ဟု နှစ်ဦးနှစ်ဖက် သဘောတူကြရခြင်းဖြစ်သည်။
စာချုပ်သက်တမ်းကာလမှာ သုံးနှစ်ဖြစ်သည်။ ထိုကာလအတွင်း မြို့နယ်ရုံးမှ သုံးလတခါ ခေါ်၍ တွေ့ဆုံမေးမြန်းသည်များရှိ၏။ ရောက်ကာစ ပထမနှစ်အတွင်း တပတ်ကိုသုံးရက် ဒိန်းမတ်စကားသင်ကျောင်းတက် ရသည်။ ဘာမှ လုပ်စရာမလိုပဲ လကုန်လျှင် အိမ်လခနှင့် စားဖို့သောက်ဖို့ရသည် ဆိုတော့ ဘာမှ ပူစရာမလို။ သူတို့ တက်ခိုင်းသည့် ကျောင်းကိုတော့ မှန်မှန်သွားရသည်။ လူတွေ့ခေါ်မေးသည့်အခါ နေကောင်းလား၊ အဆင်ပြေလား၊ ဘာလိုလဲ၊ ဘာပြောစရာရှိလဲ စသည်ဖြင့် မေးတတ်သည်။ မိသားစုတဦးစီကို သီးသန့်ခေါ်တွေ့၍ မေးခြင်းဖြစ်သည်။ မိသားစု ပြဿနာများရှိလျှင် အမျိုးသမီး (သို့မဟုတ်) သားသမီးက ခင်ပွန်း (သို့မဟုတ်) ဖခင်အပေါ် မကျေနပ်တာ ကို ထုတ်ပြောလိုက်လို့ ရအောင် လမ်းခင်းပေးထားသည်။ ကျနော်တို့မှာက အခြားပြဿနာ ဘာမှမရှိ၊ လိုအပ်သည့် ကွန်ပြူတာကျတော့လည်း သူတို့က၀ယ်ပေးတာ မဟုတ်တော့ လူတွေ့ခေါ်လျှင် ဘာမှ သိပ်ပြောစရာမရှိပါ။ လူတွေ့ကလည်း သုံးလတခါ ပုံမှန်လာနေတာဆိုတော့ တကြိမ်မှာ မျက်လုံးသိပ်မကောင်း မျက်စိ စစ်ဆေးချင်သည်ဟု ပြောလိုက်သဖြင့် မျက်မှန်ဆိုင် ရောက်သွားကာ မျက်စိစမ်းတော့ အဝေးရော အနီးပါ မှုန်နေသဖြင့် မျက်မှန်တပ်ရတော့သည်။ မျက်မှန်ရပြီးတော့ နောက်တကြိမ် သုံးလတခါ အင်တာဗျူးမှာ သွားဆေးခန်း ပြချင်သည်ပြောရာ သွားဆရာဝန်နှင့်တွေ့ခွင့်ရပြီး သွားတွေခြစ်ပေးလိုက် သည်။ သွားဆေးခန်းက ဘေလ်ကို ဘယ်ပို့ရမလဲမေးတော့ မြို့နယ်ရုံးသာ ပို့လိုက်ပါဟု ပြောလိုက်ရသည်။ ကိုယ်မှာ အလုပ်မရှိသေး သည့်အတွက် သွားဆေးခန်းပြတာရော၊ မျက်မှန်ဖိုးပါ ဘာမှ ပေးစရာမလိုပါ။
အခုတော့ မျက်မှန်တပ်တာပင် ၂ နှစ်ကျော်လာပြီ။ အခုတပ်နေသည့် မျက်မှန်က စာကြည့်လို့ သိပ်မကောင်းတော့။ ဒါနဲ့ပဲ မျက်မှန်အသစ်ထပ်လုပ်ရသည်။ မနေ့က မျက်မှန်ဆိုင်မှာ ကျသင့်ငွေတွက်တော့ အနီးအဝေးပါကြည့်လို့ရသည့် (ဘိုင်ဖိုကယ်) မှန်နှင့် မျက်မှန်ကိုင်းအတွက် ခရိုနာ ရှစ်ထောင်ကျော် ကျလေသည်။ မျက်မှန်တလက်ဖိုးကလည်း မနည်းလှပါလား။ ၂ နှစ်ဆိုင်းနှင့် ပေးမည်ဆိုတော့ တလကို ခရိုနာ ၃၅၀ သွင်းရချိမ့် မည်။ အခု ကိုယ့်မှာလည်း ရောက်ကာစကလို မဟုတ်၊ အလုပ်ရနေပြီဆိုတော့ ကိုယ့်ဟာကိုယ်ပေးရမှာပဲ ဖြစ်သည်။
အော် ချမ်းသာတဲ့နိုင်ငံတွေမှာ လူတွေက တတ်နိုင်ရင်တတ်နိုင်သလို ပစ္စည်းကောင်းတွေ သုံးရပြီး မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ...

လက်ရှိငွေပေါက်ဈေးများအရ ... US$ 100 = 483,82 Dkr
€ 100 = 758,95 Dkr

2 comments:

Anonymous said...

I feel something wrong with the figures. The first one is the exchange rate.

1 US$ = 5.7 Dkr
Thus, 100 US$ = 570+ Dkr

Second is the price of eyeglass frame.

1 eyeglass frame = 8000+ Dkr
Thus, 1 eyeglass frame =1400+ US$

This is extremely expensive. And if I follow your exchange rate. The price is

100 US$ = 483,82 Dkr
8000+ Dkr = 16 + US$

The glasses are damn cheap. Please clarify the price.

Thet Oo said...

အမည်မဖော်လိုသူခင်ဗျား... မျက်မှန်တလက် ရှစ်ထောင်ဟုသာ သိရပါသည်။ ကိုင်းက ဘယ်လောက်၊ မှန်က ဘယ်လောက် ခွဲခြားမသိပါ။ ထို ခရိုနာ ရှစ်ထောင်တန် မျက်မှန်ကို လပေးနှင့် ရရင် လုပ်မယ်ဟု ပြောခဲ့သော်လည်း ဆိုင်က လဆိုင်းနှင့် မရောင်းနိုင်ဆိုသဖြင့် ထိုဆိုင်မှာ မလုပ်ဖြစ်တော့ပဲ လက်ငင်းပေးရပြီး ဈေးသက်သာသော ဆိုင်တွင်သာ လုပ်ဖြစ်ခဲ့ပါကြောင်း...