Sunday, April 6, 2008

ဗန်းမော်တင်အောင် (သော်တာဆွေ)

ကျနော်ကြိုက်နှစ်သက်တဲ့ စာရေးဆရာတွေထဲမှာ “သော်တာဆွေ” လည်း ပါပါတယ်။ သူစာရေးတာ ဖတ်လို့ သိပ်ကောင်းပါတယ်။ အခု သူ့လက်ရာတပုဒ်ကို ဘလော့မှာတင်ချင်လို့ ဇော်ဂျီဖောင့်နဲ့ ကူးရေးနေတာ အခု ပြီးသွားပါပြီ။ ကျနော့်မှာရှိတဲ့ ပြည်သူ့ဘက်တော်သားများက ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း အနှစ်နှစ်ဆယ် ပြည့်ထုတ်ဝေတဲ့ “ဗန်းမော်တင်အောင် တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ”ဆိုတဲ့ စာအုပ်ကနေ ပြန်ကူးထားတာပါ။ ဖတ်ကြည့်ကြပါအုံး။ ။

ဗန်းမော်တင်အောင် (သော်တာဆွေ)

ထိုနေ့ နေ့လယ်ခင်းဝယ် ကျွန်တော်သည် ရှူမ၀တိုက်မှ ပြန်ခဲ့၍ ဗိုလ်ချူပ်ဈေးကို ဖြတ်ခဲ့ပြီး အနော်ရထာလမ်း ရောက်သည်၌ အမှတ် (၁၂) ဘတ်စ်ကားမှတ်တိုင်တွင် အခြား ကားစောင့်ခရီးသည်တွေ တပုံတပင်ကြီးထဲမှာ ဗန်းမော်တင်အောင်အား တွေ့ရသဖြင့် ကျွန်တော်သူ့ဆီ လျှောက်သွားကာ …
`ဟေ့လူကြီး … ခင်ဗျား ဘုန်းမောင်တကောင်ထဲလား။ ဘယ်သွားမလို့လဲ´
သူသည် ကျွန်တော့်အသံကြားမှ ကျွန်တော့်ကိုမြင်၍ ကျွန်တော့်လက်ကိုဆွဲကိုင်ကာ …
`ဟာ… ကိုဆွေ၊ ခင်ဗျားနဲ့တွေ့ရတာ ၀မ်းသာလိုက်တာဗျာ၊ နေကောင်းတယ်နော်´
`ကျွန်တော်ကတော့ နေကောင်းပါတယ်ဗျ။ ခင်ဗျားသာ ဆေးရုံနဲ့ ကူးသန်းနေတဲ့ လူ၊ အခု ဆေးရုံက ဆင်းလာတာ ဘယ်လောက်ကြာပြီလဲ´
`အရက် ၂၀ လောက်ရှိသွားပြီဗျ။ ကျွန်တော် ဆေးရုံတက်နေတုန်းက ခင်ဗျား ငွေ ၅၀ လာပေးတာ သိပ် ကျေးဇူးတင်ပါတယ်ဗျာ´
`ခင်ဗျားကို လာပေးတာ မဟုတ်ဘူးဗျို့၊ အော် ဒီလူကြီး ဆေးရုံတက်နေရတာလဲ ကြာပြီ။ စာလဲ မရေး နိုင်တော့ ဘိုင်ကျမှာဘဲဆိုပြီး အိတ်ထဲငွေလေး ၁၅၀ ပါခဲ့တာက ခင်ဗျားကို ၅၀ ပေးခဲ့တာ၊ တယ်ပြီး ပေးချင်လှ လို့ မဟုတ်ဘူးဗျို့၊ ခုတောင် တွေးတွေးပြီး ပြန်နှမြောနေသေးတယ်ဗျ´
သူသည် တဟီးဟီးရယ်မောလျက် …
`ကောင်းတယ်ဗျာ၊ ခင်ဗျားနဲ့တွေ့ရတာ ရီရတယ်´
`အော် … ဒါ ရီစရာပြောတာမဟုတ်ဘူး။ တကယ်ပြောနေတာ၊ နောက်ကို ခင်ဗျား ဆေးရုံလဲ မတက် ပါနဲ့၊ ကျုပ် ငွေလဲ လာမပေးပါရစေနဲ့၊ ကျန်းကျန်းမာမာသာ နေစမ်းပါ သိလား။ ခင်ဗျားကို သတိထားမိတယ်၊ ခင်ဗျားဟာ ထောင်ထဲမှာ နေရင်နေမယ်၊ ဒါမှမဟုတ် ဆေးရုံမှာနေမယ်ဆိုတဲ့လူ၊ အိမ်မှာကို နေတယ်မရှိဘူး။ ဘာလဲ ခင်ဗျား သားမယားနဲ့ အဆင်မပြေလို့လား´
သူသည် တဟီးဟီး ရယ်မောပြန်လျက် …
`ဟုတ်တယ်ဗျာ၊ ကျူပ်ကလဲ ခင်ဗျားပြောမယ်ဆို ပြောစရာဘဲ´
ထိုစဉ်က သူသည် (လပိုင်းမျှ လိုတော့သည်) နောက်တကြိမ် ဆေးရုံသွားပြီး ဘ၀ဇာတ်သိမ်းတော့ မည်ကို ကျွန်တော် ပသို့ တွေးထင်နိုင်ပါအံ့နည်း။ ကျွန်တော့် ၀ါသနာအလျောက် ကိုယ်နှင့်ခင်မင်သူကို ကလိတိတိ ပြော၍ ရယ်မောစေခြင်းသာ ဖြစ်ပါသည်။
`ကိုယ့် အခုလက်ရှိအိမ်ထောင် အဆင်မပြေလဲ ကျွန်တော့်လိုဘဲ နောက်တမယားယူပေါ့ဗျာ၊ ဘာလို့ ထောင်ထဲသွားလိုက် ဆေးရုံတက်လိုက် လုပ်နေရမှာလဲ´
ယင်းသို့ ပြောနေစဉ်မှာပင် ဘတ်စ်ကားရောက်လာ၍ လူပြွတ်သိပ်ခဲထဲမှာ သူကားပေါ်တက်ဘို့ ကြိုးစား သည်။ သို့သော် သူမရပါ။ သူ၏ ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေမှာလည်း အခြားလူများကဲ့သို့ လက်တဖ၀ါး ခြေတဖ၀ါးမျှနှင့် ဘတ်စ်ကားကို တွယ်လိုက်သွားနိုင်လောက်အောင် အင်အားမရှိရှာပါ။
`မောင်းမယ် အကိုရေ့၊ ကျန်တဲ့လူတွေ နောက်ကားလိုက်´
ဟူသော စပယ်ယာ၏ အသံနှင့်အတူ ဘတ်စ်ကားထွက်သွားသောအခါ သူသည် သက်ပြင်းကြီး ချလိုက်ပြီး အားနည်းသော မျက်နှာလေးနှင့် ကျွန်တော့်ကို ကြည့်၏။ ဒီတော့ ကျွန်တော်က သူ့ကို ပြန်၍ ရွှင်လန်းစေရန် …
`ဒီမှာ ကိုတင်အောင်၊ ခုနှယ် ဘတ်စ်ကားစီးရတာက ခင်ဗျား ထောင်ထဲသွားရတာလို၊ ဆေးရုံတက်ရ တာလို လွယ်တာ မဟုတ်ဘူးဗျ။ ကဲ … ခင်ဗျား ဘယ်သွားမလို့လဲဆိုတာကို ကျွန်တော့်မပြောသေးဘူး´
`ဟံသာဝတီလမ်းကိုဗျ´
`ဟာ … ဟံသာဝတီဆို … ကြံတောရောက်ရင် ရောက်တာပေါ့ဗျ´
ကြံတော ဆိုသည်မှာ ရန်ကုန်မြို့တော်၏ သင်္ချိုင်းဖြစ်နေ၍
`ခင်ဗျားကလဲ ပြောရော့မယ်´
`အော်… အဲဒါ ခင်ဗျားကို အကောင်းပြောတာ ကြံတောသုသာန်နဲ့ ဟံသာဝတီလမ်းဟာ ကပ်နေတယ် မဟုတ်လား၊ လာ… လာ… ခင်ဗျား အဲဒီကို လွယ်ကူစွာရောက်အောင် ကျွန်တော်ပို့ပေးမယ်။ သက်တောင့် သက်သာ ကားစီးရမယ်။ အဆင်သင့်ရင် မှန်ကားအကောင်းစားကို စီးရမယ်´
ဆိုပြီး ကျွန်တော် သူ့အား သိမ်ကြီးဈေးဘက်သို့ လက်ဆွဲ၍ ခေါ်ခဲ့တော့သည်။ သူ မလိုက်ချင် လိုက်ချင် နှင့် ပါလာလျက်။
`ဟုတ်မှလဲ လုပ်စမ်းပါဗျ´
`အို… ခင်ဗျား ဒုက္ခိတကို ကျုပ်ကူညီမလို့ပါ။ ခင်ဗျား ခန္ဓာကိုယ်ဟာ ခုနှယ်မှာ ဘတ်စ်ကားစီးဘို့ကို မကောင်းဘူး´
ထိုအချိန်တွင် အမှန်ပဲ ဗန်းမော်တင်အောင်၏ ကျန်းမာရေးမှာ မကောင်းတော့ပါ။ လူမှာ ပိန်ညှော်လျက်။ မျက်တွင်းဟောက်ပက်နှင့် နားထင်နားရင်းချိုင့်၍ နေချေသည်။ သူ၏ နဂိုမူလရုပ်နှင့် များစွာကွာခြားလျက် ရှိလေပြီ။
စင်စစ် ဗန်းမော်တင်အောင်သည် လူချောလူခန့် တယောက်ဖြစ်၏။ အရပ်အမောင်း ကောင်းသည်။ မျက်လုံး မျက်ဖန်၊ နှာတံ၊ နှုတ်ခမ်း လှပသူဖြစ်သည်။ သူ့ကို ဆရာသုခက ရုပ်ရှင်မင်းသားလုပ်ဘို့ ပြောခဲ့ဘူး သည်။ ရွှေလင်းယုန်၏ `သူ´ ၀တ္ထုကို ဗန်းမော်တင်အောင်နှင့် ရိုက်ရန် ဆရာသုခ ကြံစည်ခဲ့သည်။ သို့သော် ဗန်းမော်ကြီးက သူရုပ်ရှင်မင်းသား မလုပ်ချင်ပါဘူးဟု ငြင်းခဲ့၍ ထိုဇတ်ကားကို မောင်သင်နှင့် ဆရာသုခ ရိုက်ခဲ့ ခြင်းဖြစ်၏။ ကျွန်တော်က ဗန်းမော်တင်အောင်အား …
`ခင်ဗျားက ဘာဖြစ်လို့ ရုပ်ရှင်မင်းသား မလုပ်ချင်ရတာလဲ´
မေးတော့ သူက ရီကျဲကျဲနှင့်
`ကျွန်တော်က ရှက်တတ်တယ်ဗျ´
ဒါကို ကျွန်တော်က မကျေနပ်၊ သူ့အား စာရေးဆရာ ရုပ်ရှင်မင်းသားဖြစ်စေချင်သော စေတနာရှိ၍…
“ရှက်တယ်ဆိုတာ အကြောင်းမဟုတ်သေးပါဘူးဗျာ၊ ဘာမဆို ကိုယ်မလုပ်ဖူးတဲ့အလုပ်ကို အစမှာ တော့ ရှက်သလို ရှိကြတာချည်းပါဘဲ။ သို့သော် ဒါကို ငါမဖြစ်မနေလုပ်တော့မဟေ့လို့ အားမာန်တင်းလိုက်တယ် ဆိုရင် ဒီအပရိက ဖြစ်တတ်တဲ့အရှက်ဟာ သူ့အလိုလို ပျောက်သွားတော့တာပါဘဲ”
ကျနော်အလေးအနက်ပြောမှန်းသိတော့ သူ့မျက်နှာ တည်သွားကာ …
“ကိုဆွေပြောတာ ဟုတ်ပါတယ်၊ သို့သော် ကျွန်တော်က ဒီရုပ်ရှင်အလုပ်ကို ၀ါသနာ မပါဘူးဗျ”
“အေး၊ ဒါတော့ ဟုတ်ပြီ၊ လူဆိုတာ ကိုယ်ဝါသနာမပါတဲ့အလုပ်ကို ဘယ်လိုမှ မလုပ်ချင်ကြဘူး”
စင်စစ် ဗန်းမော်တင်အောင် ၀ါသနာပြင်းသည်က စာပေနှင့် နိုင်ငံရေး။ သည်နှစ်ခုတွင် သူ့ဘ၀ကို အပ်နှင်းမြုပ်နှံထားသူ ဖြစ်သည်။ ဗန်းမော်တင်အောင်၏ နိုင်ငံရေးအမြင်၊ နိုင်ငံရေးအယူအဆ ဘယ်လိုနေ သနည်း။ ကျွန်တော်လုံးဝ မသိ။ ကျွန်တော်က သူ့လို နိုင်ငံရေးဝါသနာပါသူ မဟုတ်သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ဖြင့် တခါမှ စကားမစပ်မိခဲ့ကြ။ အေး … သူ့စာပေ လက်ရာတော့ ကျွန်တော်အများကြီး သတိထား ခဲ့ဘူးသည်။
ဗန်းမော်တင်အောင်သည် လူ့အသက်အားဖြင့် ကျွန်တော့်ထက် တနှစ်ထက်ငယ်သော်လည်း စာပေသက်တွင် သူက ကျွန်တော့်ထက် တနှစ်လောက်ကြီးသည်။ သူ၏ ပထမဦးဆုံးသော လုံးချင်းဝတ္တု “ဘုန်းမောင်တယောက်ထဲရယ်” ရွှန်းရွှန်းဝေနေချိန်မှာ ကျွန်တော်သည် မန္တလေးမြို့ ဆရာကြီး ရွှေဥဒေါင်းအိမ် တွင် ကလောင်ကိုင်စ တာစူရုံမျှရှိသေးသည်။
ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်ထဲရယ်၊ ထိုစဉ် ၁၉၄၇ ခုနှစ်က နာမည်အကြီးဆုံး လူပြောအများဆုံးဖြစ်နေ၍ ဆရာကြီး ရွှေဥဒေါင်းက ကျွန်တော့်အား
“ဟေ့ကောင် မင်းမှာ အဲဒီစာအုပ်ရှိလား၊ ငါ့ဖတ်ပြစမ်းကွာ”
ဆိုသဖြင့် ကျွန်တော်က ဖတ်ပြလိုက်ရသည်။
ထိုစာအုပ်ထဲတွင် ဗန်းမော်တင်အောင်၏ အရေးအသားမှာ အခြားဘယ်စာအုပ်ထဲတွင်မှ ကျွန်တော်တို့ မတွေ့ခဲ့ဘူးသေးသော “တော့ကာသာဖြင့်ရယ်ဘဲ” တွေ ထပ်တလဲလဲ တွေ့ရသည်။ “ဘဲ”နှင့် “အား” စာလုံးတွေ ကို အများကြီးသုံးသည်။ “ကို”ဆိုတာ သူမသုံးတတ်သလောက်။ ဥပမာ - အထက်၌ အမဲစာလုံးဖြင့် ကျွန်တော် ပြထားသည်ကို ကြည့်ပါ။ သူသာဆိုလျင် (“ဘဲ”နှင့် “အား” စာလုံးတွေအား အများကြီးသုံးသည်) ဟု ရေးပေ လိမ့်မည်။ သူစာတွေသည် ၀က်နင်းတွေများလှသည်။ ထောင့်ထောင့်အောင့်အောင့် ရှိလှသည်။ ထို့ကြောင့် ဤစာအုပ်ကို ဆရာကြီးအား ကျွန်တော်ကြာကြာပင် ဖတ်မပြလိုက်ရပါ။ ဆယ့်လေးငါးမျက်နှာလောက်ဖြင့် ဆရာကြီးမှာ သည်းမခံနိုင်တော့ဘဲ
“ဟေ့ကောင် တော်တော့ကွာ၊ တော်တော့ နားကလောလှတယ်”
ဟု ကျွန်တော့်ကို အော်ငေါက်ပါတော့သည်။
သို့သော် ထိုခေတ် ထိုအခါက ဘုန်းမောင်တယောက်ထဲရယ် သည် လူငယ်တို့၏ အသဲစွဲ။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဂျပန်ခေတ်၌ ကျွန်တော်တို့ မြန်မာပြည်တွင် စာပေအလျှင်ပြတ်နေရာမှ စစ်ကြီးအပြီး ဝေါကနဲ ပေါ်လာသော ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်ထဲရယ်သည် ထိုစဉ်က ၀တ္ထုဖတ်ရမှန်း သိစ လူငယ်ပိုင်းနှင့် တန်းတိုးခြင်းဖြစ်ပေတော့သည်။
ထိုအချိန်က ဗန်းမော်တင်အောင်၏ စာပေသြဇာ မည်မျှသက်ရောက်သွားပါသနည်း။ ဤ ဘုန်းမောင် တယောက်ထဲရယ် ၀တ္ထုထဲက ဇတ်လိုက်သည် “ဘုန်းနိုင်” ဖြစ်လေရာ၊ ဟော .. ယခု နာမည်ကြီး စာရေးဆရာ “တက္ကသိုလ်ဘုန်းနိုင်” သည် ဤနာမည်ယူကြောင်း ၀န်ခံပေသည်။
သို့သော် ထိုစဉ်က ဗန်းမော်တင်အောင်၏ အရေးအသားကို ကျွန်တော်တို့အရွယ် စာဖတ်သက် တော်တော်ရင့်နေသူများ အနေနှင့်ကား မကြိုက်၊ မနှစ်သက်ကြပါ။ ဆရာကြီးပြောသလို “နားကလော” လှပါ သည်။ ထို့ကြောင့် ဗန်းမော်တင်အောင်လည်း နာမည်ကြီးစာရေးဆရာ၊ သော်တာဆွေလည်း နာမည်ရ စာရေးဆရာ၊ နှစ်ယောက်သား ရင်ဘောင်တန်းမိကြသောအခါ ကျွန်တော်သည သူ့အရေးအသာကို သရော် သော စာတွေ ကျွန်တော့်ဝတ္ထုတွေများထဲ၌ တော်တော်များများ ရေးခဲ့ဘူးပါသည်။ သူ့စာအရေးအသားတွင် “ဘဲ” တွေ “အား” တွေ များလွန်းအားကြီး၍ သူ့ကို “ဘဲကျီးကန်းကြီး” ဟု ကျွန်တော်က ကင်ပွန်းတပ်ခဲ့ဘူး သည်။
ဤသို့ ကျွန်တော်ရေးသားရာတွင် ကျွန်တော်က မုန်းတီးစိတ်၊ မလိုတမာစိတ် လုံးဝမရှိခဲ့ပါ။ ကျွန်တော် ကလည်း သူ့ကို မနာကြည်းစေရန် ဟာသဖြင့် သရော်ခြင်းသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျွန်တော်၏ “ဖြူဝါပူစီ” ၀တ္ထုတွင် အပျိုကလေးနှစ်ယောက် အိမ်ပေါ်တွင် စာဖတ်နေကြစဉ် အိမ်အောက်က အောင်နက်က ဆောင့်ကြောင့်ထိုင်ကာ ပါးစပ်ကြီးပြဲ၍ သွားရည် တမြားမြားကျနေသည်။ ထိုစဉ် ဂုတ်ကျားရောက်လာလျက် …
“ဟေ့ အောင်နက်ရ၊ မင်းက သွားရည်တမြားမြားနဲ့ ဘာတွေ သဘောကျနေတာလဲကွ”
မေးတော့၊ အောင်နက်က …
“ရှီး … နားထောင်စမ်း၊ ကျီးကန်းသံတွေလို တအားအားနဲ့ ဘဲတွေ အများကြီး ကြားရတယ်ကွ၊ ဧကန္တ ငါ့အိမ်သားတွေဟာ နက်ဖန်ခါ ဘဲသားဟင်း ၀ယ်ချက်တော့မယ် ထင်တယ်ကွ။ ဒီတော့ ငါဘဲသား အရိုးအရင်း စားရတော့မယ်ကွ”
ဟုပြောသဖြင့် ဂုတ်ကြားက ခေတ္တမျှနားစွင့်၍ထောင်ပြီးနောက် ရယ်မောလျက်။
“ဘယ်ကလာပြီး ကျီးကန်းသံနဲ့ ဘဲသားဝယ်ချက်မှာ ဟုတ်မလဲကွ၊ အဲဒါ နှုတ်ခမ်းနီ ပါးနီလေးတွေရဲ့ အသဲစွဲ ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ကောင်မလေးတွေက တယောက် တယောက် ဖတ်ပြနေတာကွ”
ကျွန်တော်ရေးတာက ဒါမျိုးတွေဘဲ ဖြစ်သည်။ စင်စစ် ဗန်းမော်တင်အောင်သည် လူပုဂ္ဂိုလ်အနေ အားဖြင့် အင်မတန် သဘောသကာယကောင်းမွန်သူဖြစ်ရကား သူ့ကို ကျွန်တော် ဘယ်လိုပင်ရေးရေး၊ ဘယ်တော့မှ စိတ်ဆိုးသူမဟုတ်သည့်ပြင် ဖဆပလခေတ်၌ သူသည် သူ့ထုံးစံအတိုင်း ထောင်ထဲသို့ နှစ်ပေါင်း များစွာ သွားရောက်နေထိုင်ခဲ့ပြီး ပြန်ထွက်လာသောအခါ ကျွန်တော်အား ပြောဘူး၏။
“ကိုဆွေ … ခင်ဗျား ကျွန်တော့်ကို သရော်စာတွေရေးခဲ့တာ မှန်တယ်ဗျ။ ကျွန်တော် အခု ထောင်ထဲ ရောက်သွားတော့မှ မြန်မာစာတွေကို တော်တော်များများ ဖတ်ရှုလေ့လာခွင့် ရခဲ့တယ်။ ဟုတ်တယ်ဗျ။ ကျွန်တော့စာ အရေးအသားတွေဟာ အများကြီး ညံ့ဖျင်းခဲ့တယ်။ အခု ကျွန်တော် ပြင်တော့မယ်”
ဟုတ်ပါသည်။ နောက်ပိုင်း၌ သူ့အရေးအသားသည် အတော်ကောင်းမွန်လာပါသည်။
ကျွန်တော်၏ စိတ်သဘောမှာလည်း တစုံတယောက်အကြောင်းကို ရေးလျှင် ထိုသူကို ချစ်ခင်လို့သာ ဖြစ်၏။ ဗန်းမော်တင်အောင်၏ အရေးအသားနောက်လိုက်၍ ၀ါကျတွေ ချို့ယွင်းနေခဲ့သော တက္ကသိုလ်ဘုန်းနိုင် ကိုလည်း မြ၀တီမဂ္ဂဇင်းတွင် ဆောင်းပါးတပုဒ်ဖြင့် သူ့ဝတ္ထုတွေ ကျွန်တော်ဝေဖန်ခဲ့ဘူးသည်။ ဘုန်းနိုင်လည်း နှစ်သက်လက်ခံ၍ ၀ီစကီတပုလင်းဖြင့်ပင် လာ၍ ကန်တော့ခဲ့ပါ၏။ ထိုနောက် သူ၏ ၀ါကျတွေလည်း လှပ၍ လာခဲ့ပေတော့သည်။
စင်စစ် စာပေအနုပညာ၌ အဘယ်မှာလျှင် “ပြီးပြည့်စုံပြီ” ရှိပါအံ့နည်း။ တစုံတယောက်သည် တခုခု၌ ချို့ယွင်းချက်ရှိမည်သာ။ ကျွန်တော့်မှာလည်း ရှိပါလိမ့်မည်။ ကျွန်တော်၏ ချို့ယွင်းချက်ကို ပြသပြုပြင်ပေးမည် ဆိုပါက ကျွန်တော်သည် ၀မ်းသာအားရ လက်ခံဘို့ အသင့်ပင်။
ဗန်းမော်တင်အောင်သည် စာပေအရာ၌လည်းကောင်း၊ သူယုံကြည်သော နိုင်ငံရေးရာ၌လည်းကောင်း၊ မည်သို့ပင် ရှိလင့်ကစား လူပုဂ္ဂိုလ်အနေအားဖြင့်ကား အင်မတန်ချစ်စရာကောင်းသူဖြစ်၏။ စိတ်နှလုံး သိမ်မွေ့ နူးညံ့၏။ မည်သူနှင့်မဆို ပြုံးရွှင်ဖော်ရွှေစွာ နေတတ်သူဖြစ်၏။
သူသည် သေရည်သေရက် သောက်စားခြင်း၊ လောင်းကစားခြင်းနှင့် အခြားအပျော်အပါးတွင် လုံးဝ ကင်းရှင်းသူဖြစ်၏။ ဖော်ပြခဲ့သည့်အတိုင်း သူ၏ဘ၀ကို စာပေနှင့် နိုင်ငံရေးတွင်သာ မြုပ်နှံထားသူ ဖြစ်၏။ သို့နှင့် သူ အသက် ၅၀ ကျော်သည့်အပိုင်း ရောက်သည်၌ ကျန်းမာရေး ချို့ယွင်းလာခဲ့သည်။ ကုသရန် ခဲယဉ်းသော ကင်ဆာရောဂါ စွဲကပ်ခဲ့သည်။
ကျွန်တော်၏ ယခု စာအစ၌ ဖော်ပြခဲ့သောအချိန်မှာ သူ့ကျန်းမာရေးသည် လွန်စွာ ချို့ယွင်းခဲ့၍ ဘတ်စ်ကားတွင် တိုးလျှိုးတွယ်ကပ်စီးနိုင်သော အခြေပင် မရှိတော့ပါ။ ထို့ကြောင့် သူသွားလိုသည့် ဟံသာဝတီ လမ်းသို့ လွယ်ကူစွာ သွားရောက်နိုင်သော နည်းလမ်းကို ကျွန်တော် စဉ်းစားမိသဖြင့် သူ့အား ၁၂ ကားမှတ်တိုင် မှ အနော်ရထာ လမ်းတလျှောက် အရှေ့ဘက်သို့ ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။
လေဟာပြင်ဈေးထောင့် ရောက်သည်၌ ရွှေတိဂုံဘုရားလမ်းကို ဖြတ်၍ ဆေးရုံကြီးဝင်းထဲ သူ့ကို ခေါ်ခဲ့သည်၌ သူက …
“ဟေ့လူ ကျွန်တော်တို့ အခု ဘယ်သွားမလို့လဲ”
“ခင်ဗျား သွားချင်တဲ့ ဟံသာဝတီလမ်းကို ရောက်အောင်လဗျာ၊ ဟောဒီမှာ ကြည့်လိုက်စမ်း၊ အဲဒီ ကားကြီးကားငယ်အသွယ်သွယ်တွေဟာ ကြံတော သုဿန်ကို မသာပို့သွားကြမှာချည်းဘဲ၊ ခင်ဗျား ကြိုက်တဲ့ ကား တက်စီးသွား”
ရုတ်တရက် သူ့မျက်နှာ ကြောင်အမ်းအမ်းဖြစ်လျက် …
“ဟာ … ဖြစ်ပါ့မလားဗျ”
“ဘာဖြစ်လို့ မဖြစ်ရမှာလဲ၊ ဒီမသာ တို့ချည်းပို့မယ်၊ မင်းမပို့ရဘူးလို့ ဘယ်သူကမှ မတားဘူး။ ဘာမှ မစိုးရိမ်နဲ့၊ ကျွန်တော်လဲ ခင်ဗျားနဲ့အတူ လိုက်ခဲ့မှာဘဲ။ အစဦးတော့ နံပါတ် ၉ စီး အိမ်ပြန်တော့မလို့ဘဲ။ ခုတော့ ခင်ဗျားနဲ့ ကြုံတာနဲ့ ကျွန်တော်လဲ ကြံတောလိုက်ပြီး နောက်နာနတ်တောဖြတ်ပြီး ပြည်လမ်းရိပ်သာက အမကြီးခင်မျိုးချစ် အိမ် သွားမယ်။ ခင်ဗျားကတော့ ဟံသာဝတီလမ်း သွားပေရော့”
ဒီတော့မှ သူ့မျက်နှာ ပြုံးရွှင်လာကာ..
“ဟုတ်ဗျာ”
“ဒါနဲ့ ခဏနေအုံး၊ ဒီကားအုပ်စု ကြံတော မဟုတ်ဘဲ တာမွေသုဿန်ဖြစ်နေမှာလဲ စိုးရသေးတယ်၊ ကျွန်တော်သွားစုံစမ်းလိုက်အုံးမယ်”
ဆိုပြီး ဘတ်စ်ကားဒရိုင်ဘာတယောက်ထံ သွားမေးလိုက်ရသည်။
“ဟုတ်တယ်ဗျို့၊ ကြံတောဘဲ၊ လာ … လာ၊ လူချောင်တဲ့ကား တက်စီးရုံဘဲ၊ အား.. အား နေအုံးဗျို့၊ အလောင်းက အသုဘယာဉ်ပေါ်တင်သေးတာ မဟုတ်ဘူး။ အချိန်ရှိသေးတယ်။ ပရိုက်ဗိတ်ဆလွန်းကား စီးရ အောင် ကျွန်တော့်အသိကားများ လာမလားကြည့်လိုက်အုံးမယ်”
ဆိုပြီး ကျွန်တော်မျက်စိကစားလိုက်တော့ အဆင်သင့်ပင် ကျွန်တော်မိတ်ဆွေ ဆရာဝန်လင်မယား သူတို့ ချက်ပလက်ကား ကြီးကြီးရှည်ရှည်ကြီး လင်မယားနှစ်ယောက်ထဲ ရှေ့ခန်းထိုင်လာတာ မြင်တော့ ကျွန်တော် ဗန်းမော်တင်အောင်အား လက်ဆွဲခေါ်သွားလျက်…
“ဟဲလို ဒေါက်တာ၊ ခင်ဗျားတို့ ဒီဒေါ်မြဇင်မသာ ပို့ရအောင်ဘဲလား”
ဘတ်စ်ကားနံရံပေါ်မှာ ဒေါ်မြဇင် အသက်(၇၅)နှစ် ဆိုသည်ကို ကျွန်တော်က ဖတ်ပြီးသား။ ဆရာဝန် ကလည်း…
“ဟုတ်တယ်ဆရာ၊ ဆရာတို့ကော”
“ဒီအဖွားကြီး ကျွန်တော်တို့နဲ့ အင်မတန် ခင်တာ ခင်ဗျာ”
“ဆရာတို့ ကားပါလား”
“မပါဘူး၊ ကြုံရာကားနဲ့ လိုက်မလို့ဘဲ”
“ဒါဖြင့် လာဆရာ၊ ကျွန်တော်တို့က နှစ်ယောက်ထဲရှိတာဘဲ”
ဟု ဆိုပြီး သူ့ကားနောက်တံခါးဖွင့်ပေးလေတော့ ကျွန်တော်တို့မှာ အကြီးအကျယ်ငြိမ်ကျသွား လေသတည်း။ ချက်ပလက် ဘဲလ်အဲယား ကားကြီးဗျ။
ထိုဆရာဝန်အား ကျွန်တော်က ဗန်းမော်တင်အောင်ကို မိတ်ဆက်ပေးလိုက်တော့ ဆရာဝန်ကလည်း စာဖတ်သမားဖြစ်လေရာ..
“ဟာ … ကျွန်တော်တို့ ငယ်ငယ်က ဆရာရဲ့ “ဘုန်းမောင်တယောက်ထဲရယ်” ကို အသဲစွဲပေါ့ဆရာ”
ဤဆရာဝန်လည်း ယခု တက္ကသိုလ်ကျောင်းဆရာကြီးဖြစ်နေသော တက္ကသိုလ်ဘုန်းနိုင်၏ အရွယ် ပေတည်း။ စင်စစ် ဗန်းမော်တင်အောင်၏ စာဖတ်ပရိသတ်ဖြစ်လျှင် ဘုန်းမောင်တယောက်ထဲကို ရှေ့ ဦးစွာ သတိရရမည်။ နောက် ကွန်ဗင့်ကျောင်းသူ ဂါဝန်ပြာမလေးဆီက မုန့်ဘိုးတောင်းစားသော ပါမောက္ခ။ သူအင်္ဂလိပ်စာ သင်ပေးသော ကျောင်းသားလေးတွေထံမှ “ပေါ့ကက်မန်းနီး” တောင်းလေ့ရှိသော ဒေါက်တာ အုန်းကျော်၊ တော၏ သမီးပျို၊ ဆန့်ကျင်ဘက်၏ သမီးပျို၊ “ကျွန်တော်ကဘာတတ်နိုင်တော့ဦးမည်နည်း” ဟူသော ဗန်းမော်တင်အောင်ဝတ္ထုထဲက ဇတ်လိုက်၏ ညည်းညူသံ။
ကျွန်တော်တို့ ချက်ပလက်ကားကြီးပေါ်ရောက်ပြီး မကြာမီမှာပင် ဒေါ်မြဇင်၏ အသုဘယာဉ်သည် ဆေးရုံကြီးဝင်းထဲမှ ထွက်ပြီဖြစ်၍ ကားတွေ တသီတသန်းကြီး လိုက်ကြလေရာ ကျွန်တော်တို့ကားလည်း ငြိမ့်ညောင်းစွာပင် များစွာသော ကားယာဉ်ကြော၌ မျောလေပြီ။
ဤကားကြီးက ကိုယ်ထည်ရှည်လျားလှသဖြင့် ဆရာဝန်လင်မယားနှင့် ကျွန်တော်တို့သည် တော်တော် လှမ်းနေ၏။ သည်လို ကားမောင်းနေစဉ်မှာ စကားခပ်တိုးတိုး ပြောလျှင် ရှေ့နှင့်နောက် မကြားနိုင်။ ထို့ကြောင့် ကျွန်တော်က ဗန်းမော်တင်အောင်အား ပညာပေး၏။
“နောက်မှတ်ထား၊ တာမွေသွားချင်တယ်ဆိုရင် နေ့လယ် (၁၂)နာရီကျော် မသာချချိန်တွေမှာ ဒီဆေးရုံ ၀င်းထဲကိုသာ လာခဲ့၊ အသုဘပို့တဲ့ ကားတွေဟာ မပြတ်ရှိနေတာဘဲ။ ကားလဲ မကြပ်ဘူး၊ ပိုက်ဆံလဲ တပြားမှ မပေးရဘူး”
သူသည် ကျွန်တော့်လက်ကို ဖျစ်ညှစ်လျက်…
“ခင်ဗျား ပြောတာ ဟုတ်တယ်ဗျာ”
“ဒါတင် မကသေးဘူး။ ဒီမသာ ဘယ်နေ့ရက်လည်ဆွမ်းသွပ်မလဲဆိုတာ မေးထားပြီး သွားလဲ စားနိုင်သေးတယ်ဗျ။ ဒီလို ပရိုက်ဗိတ်ကားများများနဲ့ လူချမ်းသာပုံပေါ်တဲ့ မသာကို သတိထား၊ ဒန်ပေါက်နဲ့ အိုက်စ်ကရင်တောင် စားရတတ်တယ်ဗျ”
ဗန်းမော်တင်အောင်သည် ရယ်မောလျက် …
“နှိပ်လိုက်လေဗျာ … ခင်ဗျားအကြံ”
“အဲဒါ ခင်ဗျားအတွက် ပြောနေတာ၊ အခု ခင်ဗျားဆေးရုံက ဆင်းစ၊ နာလန်ထမှာ အစားကောင်း အသောက်ကောင်း လိုနေတယ်မဟုတ်လား။ ဒါကို ဘိုင်ကျလို့ “ကျွန်တော်က ဘာတတ်နိုင်တော့ဦးမည်နည်း” တွေ ဘာတွေ ညည်းမနေနဲ့၊ အဲဒီမသာမျိုးတွေသာ ရှာကြံစား၊ နေ့တိုင်း မနက်စာတနပ်တော့ အိုကေဘဲ၊ နေ့စဉ် သတင်းစာတွေမှာ နာရေး ကြော်ငြာတွေ ဖတ်ဗျာ၊ ဘယ်မသာ ဘယ်လောက်ချမ်းသာတယ်၊ ဘယ်နေ့ ရက်လည် ဆွမ်းသွပ်မယ် ဆိုတာ သိနိုင်တာဘဲ။ ဖိတ်စာနဲ့တကွ ကြွပါဆိုတာ ဘယ်မသာမှ မရှိဘူး။ ကျုပ်တို့ စာရေးဆရာတွေ စာပေ ဆုပေးပွဲမှာသာ ရှိတာဗျ”
ဗန်းမော်တင်အောင်သည် သဘောကျစွာ ရယ်မောလျက်ရှိ၏။ ကိုတင်အောင်၏ ပင်ကိုယ်စရိုက်မှာ သည်လို ရယ်စရာ မောစရာမျိုးတွင် သူများနှင့် စကားပြိုင်ပြောလေ့မရှိ။ ဆိတ်ငြိမ်စွာသာ နားထောင် နေတတ် သူဖြစ်သည်။ ကျွန်တော် စကားပြောနေစဉ် ပြုံးရွှင်လျက်ရှိ၍ ကျွန်တော်စကားပြတ်လျှင် သူ့မျက်နှာညှိုးငယ် သွားတတ်သည်ကို ကျွန်တော်သတိထားမိသည်။ ထိုစဉ်မှာ သူ၏ ကျန်းမာရေးသည်လည်းကောင်း၊ စာရေးဆရာ မကျန်းမာတော့ ငွေရေးကြေးရေးသည်လည်းကောင်း ချို့တဲ့လျက်ရှိမည်ကို အထူးစဉ်းစားပြီး မျက်နှာ မရွှင်လမ်း နိုင်ဖြင်းဖြစ်ပေသည်။ ဒါကို ကျွန်တော်က တွေးတောမိလေတော့ ကျွန်တော့ သူငယ်ချင်းအတွက် ရယ်မောစရာ ဖြစ်အောင် ကြိုးစားရပါသည်။
ကျွန်တော်တို့ မသာပို့ကားများသည် ဘုရားလမ်းမှ ဦးဝိစာရလမ်းချိုး၊ န၀ရတ်ရိပ်သာရောက်တော့ ကျွန်တော် ခေတ္တစကားပြတ်ခဲ့ပြီးနောက် ဟံသာဝတီအ၀ိုင်းနားရောက်တော့မှ ကျွန်တော်ပြောစရာ တွေ့ပြန်ပါ သည်။ ကြံတောသုဿန်နှင့် ပတ်သက်သော ကာရန်တွေ စဉ်းစားမိ၍ ..
“ဒီမှာဗျ ကိုတင်အောင်”
သူ့မျက်နှာသည် အမှုမဲ့ အမှတ်မဲ့ ငေးကြောင် ကြောင်နေရာမှ …
“အမှန်ပြောရမှာဖြင့် ကြံတောက သုဿန်ဗျ”
သူက ကျွန်တော် ဘာရည်ရွယ်သည်ကို မသိသေးပဲ…
“ဟုတ်တာပေါ့ဗျ”
“မြုပ်နှံတာက လူသေများဗျ။ အပူတွေ ပွားတာက မသာ့ရှင်၊ ကျမလင် ဆိုတာက သူ့မယား”
ဒီတော့မှ ကျွန်တော်ရယ်စရာ ပြောပြီကို သူသိလာ၍ သူ့မျက်နှာ ပြုံးရွှင်လာပါသည်။ ကျွန်တော်က ဆက်လက်၍
“ကျမလင်ဆိုတာက သူ့မယား၊ မုသားဆိုတာက မဟုတ်တာအပြော၊ သမုဒ္ဒရာမျောတာက ဆင်သေနဲ့ ကျီးကန်း၊ ဟင်… လင်သေလို့ မပြီးစတမ်းဆိုရင်ဖြင့် မုဆိုးမချည်းပေါ့ဗျ။ ကျုပ်တို့ဂိုးရမယ့် ခရီးလမ်းကလဲ ဒါဘဲ။ အနှေးနဲ့ အမြန်ဆိုတော့ အတွေးနဲ့ ကြံလိုက်ရင် ဒီမှာ ကိုတင်အောင်ရေ.. ခင်ဗျားတို့ သျှင်ဥက္ကဋ္ဌ က လူသေရင် ဘာဖြစ်သတဲ့ဗျ”
ဒီတော့မှ သူရွှင်ပြီး စကားတလုံးထွက်လာ၏။
“လူသေ လူဖြစ်သတဲ့ဗျာ”
“အဲဒါ မသေချာဘူး၊ ပြာဖြစ်တာကတော့ မသာအစစ်ပဲဗျို့၊ အခုကြည့်ပါလား ဒေါ်မြဇင် မသာ မီးသင်္ဂြိုလ် တဲ့ စက်ရှေ့မှာရပ်ပြီး”
မှန်ပါသည်။ ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့ မိတ်ဆွေကြီး ဗန်းမော်တင်အောင်လည်း ၁၉၇၈ ခု အောက်တိုဘာလ (၂၃) ရက်နေ့တွင် သေဆုံး၍၊ ထိုလ (၂၇) ရက်နေ့၌ ဤကြံတောသုဿန်မှာပဲ ပြာဖြစ်သွား ပါပြီတည်း။ ။

4 comments:

နတ်လူ said...

သော်တာဆွေရဲ့ ဝတ္ထုကို စေတနာနဲ့  အချိန်ကုန်ခံပြီး ရိုက်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာသော်တာဆွေက စာရေးကောင်းတယ်။ ဆရာ ဗန်းမော်တင်အောင်ရဲ့ အဖြစ်ကလည်း သနားစရာကောင်းတယ်။ ရေတဲ့သူကလည်း ပီပီပြင်ပြင် ကွက်ကွက်ကွင်းကွင်းရေတတ်တယ်။ နောက်ဘဝ သူတို့ လူပြန်ဖြစ်ရင် စာရေးဆရာတွေပဲ ပြန်ဖြစ်ပါစေလို့  ဆုတောင်းနေတော့တယ်။

ရှင်မင်းညို said...

ကျေးဇူးပါ. ဒီဝတ္တုလေးကိုတကူးတကရိုက်တင်ပေးလို့
ဖတ်ခွင့်ရတာ

SHWE ZIN U said...

သော်တာဆွေ ရဲ့ ဒီဆောင်းပါးလေးကို မဖတ်ဘူးသေးဘူး ကျေးဇူးအထူးတင်ပါတယ်၊ ကျနော်ရဲ့ blog ထဲမှာ ကူးယူဖော်ပြခွင့်ပြုပါ၊

Thet Oo said...

ကူးယူဖော်ပြနိုင်ပါတယ်၊ ကိုရွှေစင်ဦးခင်ဗျား..