Wednesday, July 11, 2007

တိုးတက်ကြီးပွား မလေးရှား

တိုးတက်ကြီးပွား မလေးရှား

ကျနော်တို့ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေတွေက လူငယ်တွေကို နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ဖန်တီးပေးနေသလို ဖြစ်နေတော့ မလေးရှားကို အလုပ်လာလုပ်တဲ့ လူငယ်တွေဟာ တနေ့တခြားတိုးပွားလို့ လာနေပါတယ်။ တချို့အိမ်ကို ငွေပြန်ပို့နိုင်ပေမယ့် တချို့မပို့နိုင်၊ တချို့ အဆင်ပြေပေမယ့် တချို့ အဆင်မပြေ၊ တချို့ပါမစ်ရှိပေမယ့် တချို့ မကြာခဏ အဖမ်းခံရ။ ဟိုတလောလေးက ကျနော့်လိုပဲ မလေးရှားမှာ အကြာကြီးနေခဲ့ဘူးပြီး ဒိန်းမတ်ရောက်နေတဲ့ မြန်မာတယောက်နဲ့ စကားလက်ဆုံကျမိတယ်။ သူက သူဟာ “ကိုရဲချစ်” ပါတဲ့။ (မကြာခဏရဲအဖမ်းခံရသူကို မြန်မာတွေက “ရဲချစ်” လို့ နာမည်ပြောင်ပေးလေ့ရှိသည်) နှစ်စဉ်လို ရဲမိလိုက်၊ ပိုက်ဆံပေးလိုက်၊ ထောင်ကျလိုက်၊ နယ်စပ်ကို အသွန်ခံလိုက်၊ ပြန်ဝင်လိုက်နဲ့ နေခဲ့ရင်း နောက်ဆုံးအဖမ်းခံရတဲ့ အခေါက်မှာ အသစ်ပြဌာန်းလိုက်တဲ့ ကြိမ်ဒဏ်နဲ့ မိသွားလို့ တင်ပါးမှာ သုံးချက်မိလာတဲ့အတွက် သူဟာ တပ်ကြပ်ကြီး အဆင့်ရှိပါသတဲ့။ ကျနော်က ခင်ဗျားကို ကြိမ်ဒဏ်ပေးတဲ့နေ့က တခြားမြန်မာဘယ်နှစ်ယောက်အရိုက်ခံရသလဲလို့ မေးလိုက်တော့ “အယောက် လေးဆယ်”လောက်ရှိသတဲ့။ မလေးရှားမှာ ကြိမ်ဒဏ်မိသူတွေနဲ့၊ စင်္ကာပူကို ခိုးဝင်အလုပ်လုပ်လို့ မိသွားပြီး ကြိမ် ရိုက်ခံရသူတွေ အားလုံးဟာ တိုင်းပြည်ရဲ့အနာဂတ်တွေပါ။ ကိုယ်ထိလက်ရောက်နှိပ်စက်ခံထားရရင် မြန်မာတွေ ပြောလေ့ရှိတဲ့စကားတခု ရှိပါတယ်။ ဘာတဲ့ “သုမနကျောမှာ ဒဏ်ရာတွေနဲ့” ဆိုတာလေ။ အခုတော့ “ရဲချစ်တင်ပါးမှာ ကြိမ်ဒဏ်တွေနဲ့” လို့ ပြင်ရတော့မယ်နဲ့တူပါတယ်။

အခုဆို နိုင်ငံခြားထွက် အလုပ်လုပ်ပြီး ကြိမ်ဒဏ်မိထားတဲ့ မြန်မာလူငယ်တွေ ဘယ်နှစ်ယောက် လောက်ရှိနေပြီလဲ။ ကျနော် မသိပါ။ ကျနော်သိတဲ့ မြန်မာလူငယ်လေး တယောက်အကြောင်းကို ခံစားရေးဖွြဲ့ပီး မဟေသီမဂ္ဂဇင်း အတိုဆုံးဝတ္ထုတိုစာတွဲ ကဏ္ဍကို ပို့လိုက်တော့ စာမူလေး အရွေးခံရပါတယ်။ နောက်ထပ်လည်း ဖော်ပြခံရတဲ့စာမူလေးတွေ ရှိပါသေးတယ်။ ကြုံရင် ကြုံသလို တင်ပေးသွားပါမယ်။

(စာကြွင်း။ ။ ကွာလာလမ်ပူမှာ ကျနော့်အသိ တွေထဲက “ရဲနိုင်” ဆိုသူ တယောက်ရှိပါသည်။ တခါ သူနဲ့ဆုံတော့ သူ့မှာချွေးတွေပြန်ပြီး မောနေလို့ မေးကြည့် တော့ လမ်းမှာ မီးတန်းပါသည့် ရဲကားက သူ့နောက်က လိုက်လာ၍ တိုက်တန်းလျားတွေကြားဖြတ်၊ ဟိုင်းဝေးလမ်းကို ကျော်ကာ ပြေးလာရကြောင်း နှင့် ထိုသို့ မကြာခဏ ပြေးရကြောင်း ပြောပြပါသည်။ ထိုအခါ ကျနော်က “မင်းက “ရဲနိုင်” ဆိုတဲ့ နာမည်က စီးနေတယ်ကွ၊ နာမည်ပြောင်းလိုက်ပါလား” ဟု စတော့ သူရီနေ ပါသည်။ နောက်တဦးကိုလည်း တွေ့ဘူးပါသေးသည်။ ထိုစဉ်က သူက လူလတ်ပိုင်းကျော် လူကြီးပိုင်းအရွယ် နားရောက်နေပြီ။ စကားလက်ဆုံကျနေရင်း သူက “ကျနော်တော့မလေးရှားမှာ ပါမစ်မရှိရင် မနေရဲဘူးဗျာ။ ရဲဖမ်းခံရမှာ သိပ်ကြောက်တာပဲ” ဟု ဆိုသည်။ ကျနော်က “နေပါဦး နောင်ကြီးက မြန်မာပြည်မှာတုံးက ဘာလုပ်သလဲ” မေးလိုက်တော့ သူက “ကျနော် ဒု-ရဲအုပ် နဲ့ အလုပ်ထွက်လာတာပါ” ဟု ဆို၍ ပြုံးစရာ ဖြစ်ခဲ့ရပါသေးသည်။)

ဘာပဲဖြစ်ဖြစ် ကလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ တိုင်းပြည်တိုးတက်ဖို့ ကြိုးစားနေတဲ့ မလေးရှားနိုင်ငံ အတွက် လုပ်အားလာပေးမယ့် မြန်မာတွေကတော့ ၀င်လာမစဲ တသဲသဲ ဖြစ်နေဆဲပါခင်ဗျား ။

4 comments:

Min Min said...

အရမ်းရမ်းကို
ကောင်းတာပဲဗျာ
အစစ်အမှန်တွေ ရေးသားထာတယ်

ကလိုစေးထူး said...

အကိုသက်ဦးရေ… ဟိုတနေ့ကတင် ဒီဗွီဘီ ရုပ်သံမှာ မလေးရောက် မြန်မာတွေရဲ့ အခြေအနေကို ကြည့်လိုက်သေးတယ်။ အခု အကို့ ဘလော့ဂ်ကို လာတော့ ထပ်ဖတ်ရတယ်။ အကိုလဲ မကြည့်ရသေးရင် သွားကြည့်လိုက်ပါဦး။ ရေးစရာ တခုခုတော့ အကို့အတွက် ထပ်ရမယ်ထင်ပါတယ်။ :)

Thyda said...

ပြုံးမိပြီး၊ရင်နာရတဲ့ဝတ္ထုတိုတပုဒ်လို့ခံစားရပါတယ်
ထပ်ရေးပါလို့တိုက်တွန်းပါတယ်

Thet Oo said...

အားပေးသူများကို ကျေးဇူးတင်ပါသည်။ ထပ်မံကြိုးစားပါဦးမည်။