Sunday, July 29, 2007

Killer ကိုသန်းရွှေ

“သန်းရွှေ လူသတ်သမား” ကြော်ငြာ မြန်မာတိုင်းမ်မှာပါ
ကိုစိုး | ဇူလိုင် ၂၄၊ ၂၀၀၇

မြန်မာပြည်တွင်း၌ ထုတ်ဝေနေသော နောက်ဆုံးထုတ် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်) တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လူသတ်သမားဟု စကားဝှက်ထည့်ထားသည့် ကြော်ငြာတခု ပါဝင်ကြောင်း သိရသည်။

အဆိုပါကြော်ငြာကို ဒိန်းမတ်အခြေစိုက် Surrend အဖွဲ့က ထည့်သွင်း ကြော်ငြာခြင်းဖြစ်ပြီး ဖိနှိပ်တင်းကြပ်သော စစ်အစိုးရ လက်အောက်တွင် ယခုကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်သည်ဟူသော အတွေ့အကြုံကို ယူခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ဝင်တဦးဖြစ်သူ ပီယာ ဘာတယ်လ်ဆန် က အေပီသတင်းဌာနသို့ ပြောသည်။

ကြော်ငြာ ဒီဇိုင်းမှာ အုန်းပင် တပင်၊ နေရောင်တောက်နေသည့် နေလုံး တခုပါဝင်ပြီး “ခင်မင်နှစ်လိုဖွယ်ရာ မိတ်ဆွေများနှင့် လှပသောနိုင်ငံ” စာတန်းပါ စကင်ဒီနေးဗီးယား နိုင်ငံများက ဧည့်သည်များကို မြန်မာ နိုင်ငံသို့ အလည်လာရောက်ပါရန် ဖိတ်ခေါ်ထားသည့် ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံမျိုး ဖြစ်သည်။

ကြော်ငြာဒီဇိုင်း၏ အောက်ခြေရှိ The Board of Islandic Travel Agencies Ewhsnahtrellik and the Denish Industry BesoegDanmark ဟူသော စာတန်းတွင် Killerthanshwe ဟု ပြောင်းပြန်ရေးထားသော စာလုံးများကို ထည့်သွင်းထားခြင်း ဖြစ်သည်။

စစ်အာဏာရှင်များကို ဝေဖန်တိုက်ခိုက်နိုင်သော နည်းလမ်းတခုကို ထုတ်ဖော်ပြသခြင်းဖြစ်သည်ဟုလည်း ပီယာ ဘာတယ်လ်ဆန်က ပြောသည်။

“ဖိနှိပ်တင်းကြပ်တဲ့ စိစစ်ရေးအောက်မှာ အလွန်ဆိုးဝါးတဲ့ စစ်အစိုးရအကြောင်းကို ထုတ်ဖော်ပြသနိုင်ဖို့ အနုပညာ နည်းလမ်း တွေကို ရှာဖွေအသုံးပြုနိုင်တယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်”ဟု လည်း ၎င်းက ပြောသည်။

ယင်းကြော်ငြာနှင့်ပတ်သက်၍ မြန်မာတိုင်းမ်ဂျာနယ်သို့ မေးမြန်းစုံစမ်းရာတွင် ချက်ခြင်းအကြောင်း မပြန်ကြားနိုင်ကြောင်း ပြောသည်ဟုလည်း ဆိုသည်။

“သူတို့ကို အရေးယူလိမ့်မယ်လို့ မထင်ဘူး၊ မြန်မာတိုင်းမ် ဂျာနယ်ကလည်း စစ်အစိုးရလိုလားတဲ့ ကျမတို့က ဝေဖန်နေတဲ့ စစ်အစိုးရရဲ့ ဂျာနယ် ဖြစ်နေတာမဟုတ်လား”ဟု ၎င်းက ဆိုသည်။

Surrend အဖွဲ့သည် ယခုကြော်ငြာ မတိုင်ခင် ပြီးခဲ့သည့် ဒီဇင်ဘာလက အစိုးရအထိန်းချုပ်ခံ တဟီရန် တိုင်းစ် သတင်းစာ၌ အီရန်သမ္မတ မာမွတ် အာမက်၏ ဓာတ်ပုံအောက်တွင် “လူယုတ်မာ”ဟု အမည်ရသော စာတန်းထိုး၍ ထည့်သွင်းဖော်ပြ ခဲ့ဖူးသည်။

အလားတူ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကိုလည်း ဝေဖန်ခဲ့သည်ဟု ဆိုသည်။

“အနုပညာနဲ့ တော်လှန်ရေးလုပ်တာတော့ မဟုတ်ပါဘူး၊ အာဏာရှင်တွေကို ရယ်စရာဖြစ်အောင် လုပ်ချင်တဲ့သဘောပါ”ဟု ပီယာ ဘာတယ်လ်ဆန်က ပြောသည်။

ဧရာဝတီသတင်း မြန်မာစာမျက်နှာ မှ ကူးယူဖေါ်ပြသည်။

3 comments:

ရွက်ဝါ said...

သိပ်တော့မထိရောက်လှပါဘူးဗျာ။ အစိုးရကိုကလိရုံလောက်ပဲနေမှာပါ။ အင်တာနက်ကရလို့ အဲဒီပုံ သူငယ်ချင်းတစ်ယောက် ဆီပို့ဘူးတယ်။ လူသတ်ကောင် သန်းရွှေဆိုတာကြီးကို မင်နီနဲ့လည်းဝိုင်းထားတယ်။ သူကပြန်မေးတာက " ခရီးသွားလုပ်ငန်းကြော်ငြာကြီး ဘာလို့ပို့ပေးတာလဲ” တဲ့။ သူတို့အဲဒီလိုလုပ်တာနဲ့ ဂျာနယ်တိုက်တာဝန်ရှိသူတွေများ ဘာမသိညာမသိ ဒုက္ခရောက် တော့မှာလား ဆိုပြီးစိုးရိမ်နေရတယ်။

ရွက်ဝါ said...
This comment has been removed by a blog administrator.
Thet Oo said...

အေးလေ။ ကိုယ်က ဘာမှမလုပ်နိုင်တော့လည်း သူများလုပ်တာကို လက်ခုတ်ထိုင်တီးပေးနေရတဲ့ဘ၀ကိုး။