ပြန်ကြားရေးဝန်ကြီးဌာနတွင် လုပ်သက် (၉) နှစ်ကျော် (၁၀) နှစ်ပြည့်လုလုတွင် ရပ်တန်းက ရပ်သင့်ပြီဟု တင်မောင်ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ဆရာတက်တိုးအား တိုင်ပင်သောအခါတွင် “ (၃) လလောက်ဆိုလျှင် (၁၀) နှစ်ပြည့်မှာမို့ ပင်စင်ရမယ်ကွ၊ (၃) လပဲ အောင့်အီးထားပါကွာ” ဟု ဆိုရှာပါ၏။ ခက်သည်မှာ နောက်ထပ် (၃) လ မဆိုထားဘိ နောက် (၃) ရက်ပင် မနေလိုတော့ပါ။ လုပ်သက် (၁၀) နှစ်ပြည့်ရန် (၃) လအလိုတွင် ထွက်စာတင်လိုက်ပါ၏။
တိုင်ပင်ရမည့်သူများကို တိုင်ပင်သောအခါ ဆရာဦးအုန်းခင်၊ ဦးညိုမြနှင့် မြသန်းတင့်တို့က တင်မောင်တယောက် မြန်မာနိုင်ငံတွင်ရှိနေသဖြင့် အကျိုးမရှိဟု သုံးသပ်ကာ အမြန်ဆုံးထွက်ရန် တိုက်တွန်းကြပါသည်။ ထောင်တွင်းရှိ သခင်စိုးကပင် တင်မောင်အား နိုင်ငံခြားသို့သွားကာ စာရေးသင့်သည်ဟု ဗျာဒိတ်ပေးပါသည်။
လမ်းစကလည်း ပေါ်နေပါသည်။ တော်လှန်ရေးအစိုးရ တက်လာချိန်မှစတင်ကာ အိန္ဒိယတိုင်းရင်းသားအများနှင့် အင်္ဂလိပ်သွေးပါသူများတို့ မြန်မာနိုင်ငံကို စွန့်ခွာပြေးကြစဉ်က “အပြီးပြန်များ” ဟု ဝေါဟာရအသစ်ဖြင့် ခွင့်ပြုခဲ့ရာတွင် သူတို့အိမ်ခန်းများကို သိမ်းယူခဲ့ပါသည်။ မြန်မာအစစ်များကိုမူ နိုင်ငံကူးလက်မှတ် လျှောက်ထားသည်နှင့် တပြိုင်နက် သစ္စာဖောက်ဟု တံဆိပ်တပ်ကာ မှုထမ်းရာထမ်းဖြစ်ပါက အလုပ်မှ ဖြုတ်လေ့ရှိပါသည်။ နိုင်ငံကူးလက်မှတ် ရရှိရန် ခက်ခဲလှပါသည်။
ပြည်ပသို့ ရောက်နေသော မြန်မာများသာမက မြန်မာပြည်တွင် ဖွားမြင်သူ မှန်သမျှကို ပြည်တွင်းသို့ အလည်လာရန် ဗီဇာမပေးဘဲ ပိတ်ထားခဲ့ပါသည်။ သံရုံးသို့ လာရောက်ကာ ဗီဇာလျှောက်ထားသူမှန်သမျှကို မြန်မာနိုင်ငံတွင် မွေးဖွားသူ ဖြစ်ပါက မည်သူ့ကိုမှ ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးရဟု ဦးနေ၀င်းက အမိန့်ချထားပါသည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဧ၀ရတ် တောင်ထိပ်ကို တက်ခဲ့နိုင်သူ ကမ္ဘာကျော် သူရဲကောင်းကြီး ဆာဟီလာရီက အာရှခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စီစဉ်သောအခါ မြန်မာနိုင်ငံတွင် မွေးဖွားသူဖြစ်သဖြင့် လာရောက်ခွင့်မပြုနိုင်ဟု ပြည်ဝင်ခွင့်ဗီဇာမပေးခဲ့ပါ။
ယင်းကဲ့သို့ တင်းကျပ်စွာ ရွှေတံခါးကြီးကို လုံခြုံစွာ ပိတ်ထားခဲ့ရာမှ ဇာတ်ကွက်ပြောင်းသွားပြန်ပါသည်။ ဦးနေ၀င်းက ဥရောပသို့ ဇိမ်ခံခရီးထွက်ရာမှ ပြည်မှ ထွက်နေသူ ဒေါ်ရတနာနတ်မယ်တို့ တွေ့ကြပြီး ချစ်ကြိုက်မိသည် ဆိုပါသည်။ သူထုတ်ခဲ့သော လူဝင်မှုဥပဒေများကို ချိုးဖောက်ကာ ဒေါ်ရတနာနတ်မယ်ကို အပါခေါ်ကာ နိုင်ငံတွင်းသို့ ပြန်ခေါ်လာပြီး လက်ဆက်ခဲ့ပါသည်။
ဦးနေ၀င်းက မိမိရေးထားသော ဗီဇာပိတ်ဥပဒေကို ဖျက်မိရာမှ မိမိကိုယ်တိုင် လက်နှင့် ရေးထားသည်ကို မိမိ၏ ခြေထောက်နှင့် ဖျက်မိသည်ကို ရှက်တော်မူဟန် တူပါသည်။ မြန်မာပြည်ဖွားများ ပြည်မှ ထွက်ခွင့်၊ ၀င်ခွင့် စည်းကမ်းကို လျှော့ပေးပါသည်။ မြန်မာပြည်ဖွားများ ၀င်ရောက်ခွင့်ပြုရာမှ ပြည်မှ ထွက်လိုသူများအား နိုင်ငံကူးလက်မှတ်များ ဖွင့်ပေးနေသဖြင့် ပြည်မှ ထွက်လိုသူများအဖို့ အခါတော်ကျနေပါသည်။
အမေရိကန်ပြည် တောမြို့ကလေးတမြို့မှ မိတ်ဆွေ သတင်းစာဆရာတဦးအား မိမိလာခဲ့တော့မည်ဟု အကြောင်းကြားပြီးနောက် ဗိုလ်ချုပ်စန်းယုထံ သွားရောက်တွေ့ဆုံကာ အမေရိကန်သို့ သွားလိုကြောင်း တင်ပြရာ ”သွားပါလေ၊ ဟိုကျတော့ ကျုပ်တို့ ဗမာနိုင်ငံကောင်းကြောင်းတွေ ရေးပါလေ” ဟု ရှောရှောရှူရှူ သဘောတူခဲ့ပါသည်။ တဆက်တည်း အမေရိကန်သံအမတ်ကို တွေ့ဆုံကာ ဗီဇာတောင်းပါသည်။ သံအမတ်ကြီးက ဆရာလှသမိန်ထ့ မြန်မာစာသင်ကြားနေရာ တင်မောင်ရေးသားသော သတင်းစာဆရာဝတ္ထုကို ကျောင်းသုံးစာအုပ် အဖြစ် သင်ကြားနေသူဖြစ်သဖြင့် စိတ်ချဟု အဖြေပေးပါသည်။ နိုင်ငံကူးလက်မှတ်မှာ (၁၃) ရက်အတွင်း ကျလာပြီး ရက် (၂၀) အတွင်း ဗီဇာရရှိပါသည်။ မဆိုင်းမတွ ထွက်ခဲ့ပါသည်။
ယခုကဲ့သို့ အလျင်အမြန် ထွက်ခဲ့သည်မှာ အကယ်၍ မထွက်ပါလျှင် တင်မောင်ကြောက်လှသော အင်းစိန်ထောင်ကြီးသို့ ပြန်သွားရမည့် နိမိတ်လက္ခဏာများကို မြင်တွေ့ရသဖြင့် ဖြစ်ပါ၏။ မိမိအဖို့ အထက်လူကြီးများဖြစ်သော ပြန်ကြားရေးဝန်ကြီး၊ ဒု-၀န်ကြီးတို့နှင့် ပြဿနာမရှိပါ။ ပြန်ကြားရေးဌာနတွင် စစ်ဗိုလ်များ၊ ကွန်မြူနစ်လူထွက်များနှင့် ကျောင်းဟောင်းများဟု ခေါ်ဝေါ်ကြသော သမရိုးကျ စာနယ်ဇင်းလောကသားများဟု သုံးစုရှိပါသည်။ ၀န်ကြီးများအပါအ၀င် စစ်ဗိုလ်များက တင်မောင်အား ဗိုလ်ချုပ်ကြီးက ခန့်ထားသူအဖြစ် လက်ဖျားနှင့် မတို့ကြပါ။ ဌာနအတွင်းသို့ ၀င်ရောက်အခြေချချိန်မှ စတင်ကာ ကွန်မြူနစ်လူထွက်များက တိုက်ခဲ့ကြရာတွင် နောက်ပိုင်းတွင် ရဲဘော်ရဲဘက် စာနယ်ဇင်းလောကသားတို့ကပါ တိုက်ခိုက်လာကြပါသည်။
နိုင်ငံခြားသို့ သွားခွင့်များများ ရရှိခဲ့ခြင်း၊ သံရုံးများနှင့် ၀င်ထွက်သွားလာနိုင်ခြင်း စသည့်အခွင့်အရေးများအပြင် အယ်ဒီတာအဖွဲ့၏ အတွင်းရေးမှူးရာထူးသည် ထိုခေတ်က ပြန်ကြားရေးဝန်ကြီးဌာနတွင် အကောင်းဆုံးရာထူး ဖြစ်သဖြင့် ပလ္လင်လုလိုသူ များပါသည်။
တင်မောင်၏ နေရာကို ရရှိရန်မှာ တင်မောင်အား အင်းစိန်ထောင်သို့ ပို့နိုင်မှသာ အောင်နိုင်မည်ဖြစ်သောကြောင့် စစ်အစိုးရခေတ်တွင် အထက်ဆုံးလက်နက်ဖြစ်သော ပစ်စာ လက်နက်ကို သုံးနေကြသည်ကို သိရပါသည်။ မိမိသည် ဆောင်းပါးများရေးရာတွင် မိမိ၏ ယူဆချက်အမှန်ကို ရေးသည်မှတပါး ဌာနဆိုင်ရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်ကို ၀န်ကြီးများက သိကြသဖြင့် တိုင်စာများကို တင်မောင်အားပြသကာ ဖြေရှင်းခွင့်ပေးကြပါသည်။ ယိုးစွပ်ချက်များကို ဖြေရှင်းပြနိုင်သဖြင့် ခေါင်းနှင့်ကိုယ် မြဲခဲ့ရပါသည်။
ဦးသန့်ဈာပန အရေးအခင်း ဆူပူကြစဉ်က ဆရာတင်မောင်၊ ဆရာတက်တိုးတို့က လူထုကို ထိန်းသိမ်းသော ဆောင်းပါးများ မရေးပါဟု ၀န်ကြီးများနှင့် အယ်ဒီတာချုပ်အစည်းအဝေးတွင် ဗိုလ်တထောင်အယ်ဒီတာချုပ် ကွန်မြူနစ်လူထွက် ဦးထိန်လင်းက လက်ညှိုးထိုးကာ တင်ပြပါသည်။ သူသည် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်သဖြင့် ပါတီ၏ သြဇာပါရှိပါသည်။ သူ၏ စွဲချက်သည် အန္တရာယ်ကြီးလှပါသည်။
“၀န်ကြီးများခင်ဗျား၊ လက်နက်ချကွန်မြူနစ်ကြီးက အခွင့်ကြုံသဖြင့် ချောက်တွန်းသည် ဖြစ်ပါတယ်” ဟု မဆိုင်းမတွ ပြန်ကာ ရှင်းရပါသည်။ ဗိုလ်တထောင်တွင် ကွန်မြူနစ်ထွက်များ စာမူပို့က ချက်ချင်းပုံနှိပ်စေကာမူ တင်မောင်တို့ ကျောင်းဟောင်းများ၏ စာမူကို (၄) ရက်ကြာမှ ပုံနှိပ်သဖြင့် လတ်တလောအရေးအခင်းများ ရေးရန် ခက်ခဲကြောင်းမှ စတင်ကာ ရွှေတိဂုံစေတီတော်တွင် ညတည၌ လျှို့ဝှက်စည်းဝေးကြ၍ အစိုးရဌာနများသို့ ရောက်လာကြသော ကွန်မြူနစ်လက်နက်ချများက ဌာနရှိ လူဟောင်းများကို ဖြိုကာ လက်နက်ချများ ပိုမိုနေရာရရှိရေးကို ဆောင်ရွက်ကြရမည်၊ အစိုးရစက်ယန္တရား အချက်အချာများကို ရကြမှ စစ်ဗိုလ်များကို ဖြိုရန် ဆုံးဖြတ်ကြောင်းကိုပါ အတိအလင်းချေပမှ လက်နက်ချအားလုံးတို့ပါ ငြိမ်သက်သွားပါသည်။
တဖန် ကျောင်းဟောင်းသတင်းစာလောကသား ဘ၀တူဖြစ်သူ ငတ်ဖော်ငတ်ဖက် ဆရာသာဂဒိုးက စွဲချက်တင်ပြန်ပါသည်။ ၁၉၇၅ ခုနှစ်က သမိုင်းချည်စက် အလုပ်သမားများ ဆန္ဒပြသဖြင့် ဆူပူမှုများ ဖြစ်ပေါ်ရာတွင် တင်မောင်ရေးသားထုတ်ပြန်သော ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေညာချက်က နှိုးဆွသောကြောင့် ပိုမိုဆူပူကြသည်ဟု သူက ပြောပါသည်။ စွဲချက်မှာ အရေးကြီးလှပါသည်။ နိုင်ငံတော်ကို သစ္စာဖောက်မှု ဖြစ်ပါသည်။ မှန်ကန်ပါက တင်မောင်အား ထောင်သို့ပြန်ပို့ရန်သာ ရှိပါသည်။ သူမသိသည်မှာ ယင်းကြေညာချက်ကို တင်မောင်ရေးသည်မှာ မှန်ကန်စေကာမူ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး၏ နှုတ်မိန့်ကို နှုတ်တိုက်ရေးရသည် ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးကိုပါ ဖတ်ပြပြီးမှ ၀န်ကြီးနှစ်ဦးတို့၏ အတည်ပြုချက်နှင့် ထုတ်ပြန်သည်ဖြစ်သဖြင့် တင်မောင်၏ အာဘော်မဟုတ်သောကြောင့် ခေါင်းမပြုတ်ခဲ့ရပါ။
အရေးထဲတွင် ၀န်ကြီးချုပ်ဟောင်းဦးနုက ထိုင်းနယ်စပ်တွင် တပ်စွဲပြီး သူပုန်ထပြန်ရာ သူက လွှတ်လိုက်သော ဆက်သားကြီး ကိုထွေးမြင့်ကို စစ်စုံထောက်များက ဖမ်းမိသောအခါတွင် ဦးနုက တင်မောင်နှင့် ဆက်သွယ်လှုပ်ရှားရန် ညွှန်သော စာရွက်စာတမ်းများကိုပါ ဖမ်းမိခဲ့ပါသည်။ တင်မောင်အား ဆက်ရန် လျှို့ဝှက်သင်္ကေတ ၁ နှင့် ဆက်သွယ်ရမည် စသည်ဖြင့် အသေးစိတ်မိပါသည်။ ဦးနုထံသို့ သတင်းစာမှ စာပြန်ရေးလိုက်ပါသည်။ “ဦးခင်ဗျား၊ ကျနော့်ကို ပါလီမန်ဒီမိုကရေစီပါတီ သူပုန်တပ်စာရင်းမှ ထုတ်လိုက်ပါ။ အစိုးရကို တိုက်ရန်ရှိပါက ကျနော့်နည်း၊ ကျနော်၏မူနှင့် တိုက်ပါမည်” ဟု ရေးသားရပါ၏။ “မဆလအစိုးရကို မတိုက်” ဟု မရေးခဲ့ပါ။
ထိုကြောင့် တင်မောင်၏ ဘ၀အခြေအနေမှာ စစ်မြေပြင်တွင် ရောက်နေသူကဲ့သို့ ဖြစ်နေပါသည်။ ကျည်ဆံများသည် အရှေ့ဘက်မှသာမက နောက်မှလည်း လာပါသည်။ ဘေးနှစ်ဘက်မှလည်း လာပါသည်။ ထောင်နှုတ်ခမ်း လမ်းလျှောက်နေရသော ဘ၀မှ လွတ်မြောက်အောင် ပြေးခဲ့ပါသည်။
ပြည်မှ ထွက်ရန် စီစဉ်နေချိန်တွင် စာပေနှီးနှောဖလှယ်ပွဲနှင့် ကြုံကြိုက်သဖြင့် စာတမ်းတင်ရာတွင် ပြန်ကြားရေးဝန်ကြီး ဦးလွင်သည် ရှေ့ဆုံးမှ ထိုင်နေပါသည်။ စစ်စုံထောက်ချုပ်ကြီး ဖြစ်ခဲ့သဖြင့် သတင်းစာလုပ်သက်တလျှောက်လုံး သူ့ကို ကြောက်ခဲ့ရသူဖြစ်ပါသည်။ သူ၏ မျက်နှာကို စူးစိုက်ကြည့်ပြီး လက်ညှိုး ထိုး၍ ဦးကုလားရာဇ၀င်တွင် ပုဂံခေတ်က နောင်တော်ကို လုပ်ကြံကာ နန်းတက်သူ ကုလားကျမင်းအား ပံ့တကူမထေရ်ကြီးက “ဟယ် - မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကို ရလျှင် နင်၏ ကိုယ်ခန္ဓာသည် မအိုမသေပြီမှတ်သည်လော။ လောကတွင် နင့်ထက် ပျက်သော မင်းမရှိ၊ မင်းဆိုးမင်းညစ်အောက်တွင် ငါမနေပြီ” ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ သီဟိုဠ်ပြည်သို့ ထွက်သွားကြောင်း ဌာန်ကရိုဏ်းကျကျ ဖတ်ရှုခဲ့ရသည့် အရသာမှာ ကြီးမားလှပါ၏။ ။
No comments:
Post a Comment