Saturday, October 27, 2007
အိမ်နီးချင်းကောင်း မရှိလေသော...
ရဟန်းရှင်လူ ပြည်သူကို သတ်ဖို့ ရန်ကုန်မြို့ထဲဝင်လာတဲ့ စစ်ကားတွေဟာ တရုတ်က လုပ်တာပါ။ တရုတ်နဲ့ စစ်လက်နက်ပစ္စည်းအရောင်းအ၀ယ် လုပ်တိုင်း စင်္ကာပူဘဏ်တွေကတဆင့် ငွေချေရပါတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ကုန်သည်ကြီးများအသင်းကလည်း ကုန်မသွယ်ရရင် စိတ်မကောင်းတွေ ဖြစ်လို့။ မလေးရှားကတော့ မြန်မာကို အာဆီယံထဲဦးဆောင်ပြီး သွင်းခဲ့သူ၊ အိန္ဒိယကလည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေ စီနိုင်ငံသာ ဆိုတယ် မြန်မာပြည်က စွမ်းအင်ရင်းမြစ်တွေကို အမြတ်ထုတ်ချင်နေပြန်ရော ဆိုတော့ အဖိနှိပ်ခံ ပြည်သူတွေမှာ အမိမဲ့သား ရေနဲငါး လိုဖြစ်နေရတာ ကြာပါပြီ။
အခု နိုင်ငံတကာရှေ့မှာ လူသတ်ပြလိုက်တော့မှ အာဆီယံလည်း စစ်အစိုးရ ဘယ်လောက်မိုက်ရိုင်းသလဲဆိုတာ မျက်ဝါးထင်ထင် ရှိလာပြီမို့ အခုနောက်ပိုင်း မလေးရှားရောက် မြန်မာတွေ သံရုံးရှေ့တွေမှာ ဆန္ဒပြတဲ့အခါ ရဲက မဖမ်းတော့တာပါ။ စင်္ကာပူ လွှတ်တော်ထဲမှာလည်း အမတ်သုံးယောက်ကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စင်္ကာပူ နိုင်ငံဂုဏ်သိက္ခာထိခိုက်နိုင်တာကို မေးခွန်းထုတ်ပြီလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် စင်္ကာပူအစိုးရ ကတော့ မြန်မာပြည်က ဗိုလ်ချုပ်ကြီးတွေ ဆေးလာကုရင် လက်ခံနေအုံးမယ်၊ ဗိုလ်ချုပ်ကြီးတွေ ပါလာတဲ့ ဒေါ်လာတွေကို လက်ခံသိမ်းဆည်းထားပေးမယ်၊ ခိုးလာတဲ့ ကျောက်မျက်ရတနာတွေကို ထုခွဲပေးမယ်။ ဒါတွေကို လုပ်နေအုံးမှာပါပဲ။
အိမ်နီးချင်း မကောင်းပေမယ့်လည်း မြန်မာ့အရေးကို ထောက်ခံအားပေးနေတဲ့ ကမ္ဘာ့ပြည်သူတွေရှိပါသေးတယ်။ မြန်မာပြည်ဟာ ကိုယ့်ကိုယ်မွေးဖွားရာ တိုင်းပြည်ဖြစ်လေတော့ ကျနော်တို့တွေလည်း ပြည်ပရောက်နေပေမယ့် မြန်မာ့အရေးဆိုရင်တော့ အမြဲအသင့်ရှိနေအုံးမှာပါပဲ။ ။
(အလုပ်တဖက်၊ ကျောင်းကတက်နဲ့ သတင်းတွေဖတ် ဘလော့တွေဖတ်ရင်း ကိုယ့်ဘလော့မှာတော့ ဘာမှ မရေးဖြစ်တာကို စာရေးဖို့ သတိပေးတဲ့ `ဇာမဏီရိုင်း´ ကို ကျေးဇူးတင်ရှိပါကြောင်း)
Wednesday, October 3, 2007
ဒိန်းမတ် မှ ပင်စင်စုငွေများ
ဒိန်းမတ်ပင်စင်စုငွေများမြန်မာစစ်အစိုးရကိုသွယ်ဝိုက်ထောက်ပံ့နေ
ဒိန်းမတ်နိုင်ငံ၏ လူဦးရေ ၄.၄ သန်းသည် Arbejdsmarkedets Tillægspension (ATP) ခေါ် ပင်စင်စုငွေများ လစဉ်ထည့်ဝင်ကြရသည်။ ယခုအခါ ထိုစုငွေများသည် ပြင်သစ်ပိုင် တိုတယ်ရေနံကုမ္မဏီ၌ အစုရှယ်ယာ ၀င်ထားသဖြင့် ထိုမှရရှိသော အမြတ်အစွန်းသည် မစားထိုက်သောငွေဖြစ်ကြောင်း ဝေဖန်ပြောကြားချက်များ ပေါ်ထွက်လာနေပါသည်။
အကျယ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
Tuesday, October 2, 2007
ဒိန်းမတ်မှ ထောက်ခံပွဲ
အခန်းအနားစတော့ ဒိန်းနစ်ရှ် ဘားမားကော်မတီ က နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ နောက်တော့ ဒီနေ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေမှာ စစ်အစိုးရ ရဲ့ မတရားဖိနှိပ်မှုတွေကို ရှုတ်ချကြောင်းပြောဆိုပါတယ်။ မြန်မာနိုင်ငံအရေးကို ဒိန်းမတ်လူမျိုးတွေက ဘာလုပ်ပေးနိုင်မလဲ၊ အပြည်ပြည်ဆိုင်ရာကရော ဘာတွေ ကူညီနိုင်မလဲ ဆိုတာကိုလည်း ထည့်ပြောသွားပါတယ်။
တယ်လီဗေးရှင်းဌာနတွေက လာရောက်ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ ပြီးတော့ ဗီအိုအေ၊ ဘီဘီစီ စတဲ့ သတင်းဌာနတွေနဲ့ အင်တာဗျူးနေတာတွေလည်း ကြားရပါတယ်။ ကျနော်ကတော့ အခမ်းအနား ကျင်းပရာ ကိုပင်ဟေဂင် မြို့တော်ခန်းမရှေ့မှာ လက်ကိုင်ကွန်ပြူတာနဲ့ ၀ါယာလက်စ်အင်တာနက်ကို ချိတ်ဆက် အသုံးပြုနိုင်ဖို့ ကြိုးစားရင်း တဖက်ကလည်း အခမ်းအနားကို ဓါတ်ပုံ နဲ့ ဗီဒီယို ရိုက်ကူးရင်း အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။ ၀ါယာလက်စ် ကိုလည်း လေဟာပြင်မှာ တခါမှ မသုံးဘူးလေတော့ ဟိုမေးဒီမေး လုပ်နေရပါသေးတယ်။ ၀ါယာလက်စ် လည်းရ မိုးကလည်း ရွာချလေတော့ ဘာမှ မလုပ်လိုက်ရပါဘူး။ ဗီဒီယို ရိုက်လာလေးတွေကိုလည်း အင်တာနက်မှာ တင်ဘို့ အချိန် နှစ်ရက်လောက် ယူရပါတယ်။ အရင်က လုပ်ဘူးတာလည်း မဟုတ်တော့ စမ်းတ၀ါးဝါးပဲပေါ့။ ဒီကြားထဲမှာ ပြည်တွင်း သတင်းတွေကိုလည်း မပြတ်စောင့်ကြည့်နေရသေးတယ်လေ။
အခုတော့ တတ်သမျှမှတ်သမျှနဲ့ လုပ်ထားတာကို အများပြည်သူကြည့်နိုင်အောင် တင်လိုက်ပါပြီခင်ဗျား ။ ။
Wednesday, September 26, 2007
ဦးတင်လှ
လွန်ခဲ့သည့် ၂ ရက်လောက် ခေတ်ပြိုင်ဂျာနယ်အင်တာနက်စာမျက်နှာတွင် ဆောင်းပါးရှင် လွန်းနွေငြိမ်း ၏ `အ၀ီဇိဆိုတာ ကြားဖူးလား´ ဆောင်းပါးသည် ဆရာတော် ဦးတိလောကအကြောင်းကျနော်မသိသေးသည့် အချက်များ ပါသဖြင့် အထူးစိတ်ဝင်စားမိပါသည်။
ထိုနောက် ဦးတိလောကနှင့်အတူ အဖမ်းခံရသည့် ပိဋကတ် ၃ ပုံဆောင် ဦးသုမင်္ဂလ သည် အမရပူရ မဟာဂန္ဓာရုံတိုက်ထွက်ဟု သိရသည်။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသ ဆိုသည်မှာလည်း သာသနာတော်တွင် ထင်ရှားသူ၊ `တဘ၀ သာသနာ´၊ `တဘ၀ သံသရာ´ စာအုပ်များဖတ်ကာ ကျနော် လေးစားကြည်ညိုရသည့် ဆရာတော်ကြီး ဖြစ်လေသည်။ ထိုသို့သာသနာတော်တွင် ထင်ရှားသည့် ဆရာတော်များ၏ ထောင်တွင်းအတွေ့အကြုံများကို သိလိုသော ကျနော့်ဆန္ဒ တစိတ်တပိုင်းကို ပြည့်ဝစေသည့် ဆရာလွန်းနွေငြိမ်းအား အထူးကျေးဇူးတင်မိခြင်းနှင့်အတူ ဆရာ့ ဆောင်းပါးအားလည်း ကျနော့်ဘလော့ဂ်တွင် ထပ်ဆင့်ဖေါ်ပြလိုက်ပါသည်။ ။
Sunday, September 23, 2007
ဒီ အုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး
ဒို့ဗမာပြည်မှာ လက်ရှိ ဒီအုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံးမသွားနိုင်ဘူး။ သွားလို့ရမှာ မဟုတ်ဘူး။ ဒီဗမာပြည်ကြီး ဟာ အင်္ဂလိပ်ဗြိတိသျှလက်အောက်နဲ့ ဂျပန်လက်အောက်တွေမှာ ကျွန်ခံခဲ့ရဖူးတယ်။ ဖဆပလ တို့ မဆလ တို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အဲဒီ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေက သူတို့ ခိုင်မြဲမယ် ထင်သလောက် ဒီမိုကရေစီ ပေးခဲ့ကြတယ်။ ဥပမာ ဗြိတိသျှအင်္ဂလိပ်တွေက သူတို့ခိုင်မြဲမယ် ထင်သလောကလ ဒီမိုကရေစီ ၆၀ ကျပ်သား ၇၀ ကျပ်သား ပေးခဲ့ကြတယ်။ အဲဒါကြောင့် ငါတို့က ဒီမိုကရေစီ အရသာကို ဘယ်လောက်ပေးရင် ဘယ်လောက်ခံစားရတယ်ဆိုတာကို သိလာခဲ့တယ်။ သိလာတော့ တိုးရအောင်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်က တိုက်ယူ တတ်ရမှာပေါ့။ အခုလို ဘယ်လောက်သားမှ မပေး တော့ပဲ ဖိနှိပ်တာမျိုးကိုတော့ အကြာကြီး ခံနိုင်ကြမှာ မဟုတ်ဘူး။
ဒို့မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ အတွေ့အကြုံမျိုးကလည်း ရသင့်သလောက် ရခဲ့ပြီးသား၊ တန်ဖိုးရှိ၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေလည်း ထွက်ပေါ်လာခဲ့ပြီးသား။ အဲဒါကြောင့် ဒီလက်ရှိ အုပ်ချုပ်ရေး မျိုးက အတိုင်းအတာ တခုထိသာ ခံလိမ့်မယ်။ အတိုင်းအတာမရှိ ခံနေလိမ့်မယ်လို့ မထင်နဲ့။ မျက်မှောက်ခေတ် ကမ္ဘာကြီးကလည်း လုံးလုံး ပိတ်ဆို့ထားလို့ ရတော့တာ မဟုတ်ဘူး။ ဆက်သွယ်ရေး သတင်းနည်းပညာခေတ် ကြီးထဲကို ရောက်လို့နေပြီ။ ကမ္ဘာကြီးထဲက နိုင်ငံအသီးသီးမှာ ဒီနိုင်ငံလို ဒီမိုကရေစီ မရှိတဲ့ နိုင်ငံဆိုတာက လက်ချိုးရေလို့ရတယ်။ ကမ္ဘာ့လူသားတွေကလည်း အဲဒီနိုင်ငံမျိုးကို မျက်လုံးဒေါက်ထောက် ကြည့်နေကြမှာ။ ။
လူထုဒေါ်အမာ
အာဟာရစာစောင် အမှတ် (၇၉) မှ ကူးယူ ဖော်ပြအပ်ပါသည်။ ဒီလို အုပ်ချုပ်ရေးမျိုးနဲ့ ဆက်သွားနိုင်၊ မသွားနိုင် အဆုံးအဖြတ်ပေးရန် အချိန် နီးကပ်နေပြီဟု မျှော်လင့်မိပါကြောင်း ....
Sunday, September 16, 2007
စစ်အေးလွန်ခေတ်မှိုင်းမှုန်ဝေညည်းချင်း
ဆရာမြသန်းတင့် ရဲ့ ဘာသာပြန်လက်ရာတပုဒ်ပါ။
စစ်အေးလွန်ခေတ်မှိုင်းမှုန်ဝေညည်းချင်း
ယခုအချိန်သည် အမေရိကန်ပြည်ထောင်စုနှင့် အရေးကြီးသော အနောက်ဥရောပနိုင်ငံများတွင် ရွေးကောက်ပွဲ နတ်ဖမ်းစားနေချိန်ဖြစ်သည်။ ထိုအချိန်တွင် စစ်အေးတိုက်ပွဲပြီးဆုံးခြင်းကြောင့် ရရှိလာသော ပျော်စရာ အခြေအ နေလေးသည် အငွေ့ဖြစ်ကာ ပျောက်ကွယ်သွားလေပြီ။ အတ္တလန္တိတ် သမုဒ္ဒရာကြီး၏ ကမ်းခြေနှစ်ဖက် (ဥရောပ တိုက်နှင့် အမေရိကတိုက်) တို့သည် တပြိုင်နက်တည်းတွင် ပေါင်းလည်းပေါင်းပြီး ကွဲလည်းကွဲနေကြသည်။ သူတို့နှစ်ဦးသည် သူတို့၏ အနာဂါတ်နှင့် ပတ်သက်၍ အဆိုးမြင်နေကြသည်။ သို့ရာတွင် ထိုသို့သော စိတ်မကောင်းစရာ အခြေအနေသည် သူတို့နှစ်ဦး၏ ပဋိပက္ခကို ဖုံးကွယ်ပေးသကဲ့သို့ ရှိနေသည်။
အမေရိကန်ပြည်ထောင်စုဘက်မှ ကြည့်လျှင် ဥရောပတိုက်သည် စိတ်မချမ်းမြေ့ဖွယ်နှင့် စိတ်အနှောက်အယှက် ဖြစ်ဖွယ်အပေါင်းတို့၏ ရေသောက်မြစ်ဖြစ်နေသည်။ အမှန်အားဖြင့် အမေရိကန်ပြည်ထောင်စုသည် တခုနှင့်တခု ပဋိပက္ခဖြစ်နေသော စိုးရိမ်မှုနှစ်ခုကြားတွင် ဗျာများနေသည်။ အမေရိကန်ပြည်ထောင်စုသည် ဥရောပတိုက်တွင် မည်သည့် အရာအား အကြောက်ဆုံးဖြစ်ရမည်ကို မသိဘဲဖြစ်နေသည်။ ဥရောပတိုက်၏ စီးပွားရေးအင်အားနှင့် အရေးပါမှုကို ကြောက်ရမည်လော၊ အဖျက်စွမ်းအားရှိသည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် အားနည်းမှုကို ကြောက်ရ မည်လော။ အမေရိကန်သည် ဥရောပ၏ ညီညွတ်ရေးကို အားပေးမိလျှင် စည်းလုံးညီညွတ်သော ဥရောပသည် ဖရင်ကင်စတိန်းဖုတ်ကောင်ကြီးဖြစ်လာကာ ကိုယ့်ကို ပြန်စားမည်ကို စိုးရိမ်နေရသည်။ တဖက်တွင်လည်း ဖရိုဖရဲဖြစ်ကာ အကွဲကွဲဖြစ်နေသော ဥရောပသည် စွမ်းအားမဲ့သွားသော အဖြစ်သို့ရောက်သွားလျှင် ဥရောပ၏ တာဝန်အားလုံးသည် သူ့အပေါ်တွင် စုပြုံကျလာမည်ကို အမေရိကန်တို့ စိုးရိမ်ကြောက်လန့်နေကြသည်။
ပင်လယ်ကွေ့စစ်ပွဲနှင့် ယခုဖြစ်ပွားနေသော ယူဂိုဆလားဗီးယားပြည်တွင်းစစ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် သိနိုင် သည်။ ယူဂိုဆလားဗီးယား ပြည်တွင်းစစ်၌ ဥရောပတိုက်သားများသည် ထိုပြည်တွင်းစစ်ကို ရပ်စဲအောင် မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေကြသည်။ ထိုအခါ အမေရိကန်တို့အဖို့ စဉ်းစားစရာ နှစ်ချက်ပေါ်လာသည်။ ပထမ အချက်မှာ အမေရိကန်နိုင်ငံတကာဝါဒသမားတို့၏ အမြင်ဖြစ်သည်။ သူတို့က အမေရိကန်သည် ဥရောပရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်နေဖို့ကောင်းသည်ဟူသော အမြင်ဖြစ်သည်။ နောက်အမြင်တခုမှာ မစွက်ဖက်ရေး ၀ါဒီတို့၏ အမြင်ဖြစ်ပြီး အမေရိကန်သည် ဥရောပရေးရာများတွင် လက်ရှောင်နေဖို့ကောင်းသည်၊ ဥရောပရေးရာ များတွင် ပါဝင်စွက်ဖက်နေခြင်းဖြင့် အကျိုးမထူးနိုင်၊ အမေရိကန်တို့လိုချင်နေသော ဒီမိုကရေစီကို မရနိုင်၊ ဒီမိုကရေစီအစား အကွဲကွဲအပြားပြားဖြစ်နေသော အမျိုးသားရေးဝါဒ၊ လူမျိုးစုဝါဒနှင့် အကြမ်းဖက်မှုတို့ကိုသာ ရနိုင်သည်ဆိုသော အမြင်ဖြစ်သည်။
ဘာလင်တံတိုင်းကြီးပြိုကျသွားစဉ်နှင့် ပင်လယ်ကွေ့စစ်ပွဲ ဖြစ်ပွားစဉ်ကာလတုန်းက အမေရိကန်ပြည်ထောင်စု သည် ယခင်က ပျောက်ဆုံးခဲ့သော သမတ၀ီလဆင်၏လမ်းစဉ်နှင့် ခေါင်းဆောင်မှုကို ပြန်လည်တွေ့ရှိခဲ့ပြီးဟု ထင်စရာရှိသည်။ သို့ရာတွင် ယခုမူ အမေရိကန်သည် အခြားသောကိစ္စများကို ဦးစားပေးနေပြန်လေပြီ။ အမေ ရိကန်ပြည်ထောင်စုသည် ဥရောပတိုက်တွင် လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူပုဂ္ဂိုလ်တို့၏ လွတ်လပ်ခွင့် ကို ဦးစားပေး ရှေ့နေလိုက်ပေးရမည့်အစား (ယခင် ယူဂိုဆလားဗီးယားနိုင်ငံရှိစဉ်ကကဲ့သို့) ငြိမ်ဝပ်ပိပြားမှု နှင့် ယခင်ကကဲ့သို့ ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းရန် စိတ်စောနေသည်။
အမှန်အားဖြင့် အမေရိကန်လိုချင်နေသော အရာမှာ ကိုယ်ကဘာတာဝန်မှ မယူရသော တည်ငြိမ်မှုမျိုး၊ စနစ်ကျမှုမျိုး၊ ငြိမ်ဝပ်မှုမျိုး ဖြစ်ပါသည်။ အချို့သော အမေရိကန်လူမျိုးများက အကန့်အသတ်မရှိသော အမေရိ ကန်၏ အင်အားမျိုးကို စိတ်ကူးယဉ်ကောင်း ယဉ်ကြပါလိမ့်မည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုတွင် ထိုသို့သော တန်ခိုးအာဏာမျိုးကို ထူထောင်ရန်အင်အား မရှိတော့ပါ။ ထူထောင်ရန် ဆန္ဒလည်း မရှိတော့ပါ။ အမေရိကန်သည် ကမ္ဘာတွင် တခုတည်းသော မဟာမိတ်အင်အားကြီးနိုင်ငံအဖြစ် ကျန်ရှိနေခဲ့ခြင်းမှာ မတော် တဆ ဖြစ်ခြင်းသာ ဖြစ်ပါသည်။ ဆိုဗီယက်ယူနီယံ ပြိုကျသွားခြင်း၊ ဂျပန်က မိမိစီးပွားရေး အင်အားကို နိုင်ငံရေး အင်အားအဖြစ် မပြောင်းလဲနိုင်သေးခြင်း၊ ဥရောပနိုင်ငံများက ကမ္ဘာ့ရေးရာများတွင် စည်းစည်းလုံးလုံး မပါဝင်နိုင် သေးခြင်းတို့ကြောင့်သာ ဖြစ်ပါသည်။
တဖက်တွင် ဥရောပနိုင်ငံများသည် အမေရိကန်ပြည်ထောင်စု၏ စိတ်မရှည်မှုနှင့် ဥရောပတိုက်အား လျစ်လျူရှု ထားမှု တို့ကို သတိပြုမိကြသည်။ သို့ရာတွင် သူတို့လည်း အမေရိကန်ပြည်ထောင်စုအပေါ်တွင် မည်သို့ သဘောထားသင့်သနည်း ဆိုသော ကိစ္စ၌ တဦးနှင့်တဦး မညီညွတ်နိုင်ဘဲ အကွဲကွဲအပြဲပြဲ ဖြစ်နေကြသည်။ သူတို့သည် ဥရောပမှ အမေရိကန်တို့ ထွက်ခွာသွားမည်ကို သိနေကြကာ ထိုကိစ္စနှင့် ပတ်သက်၍ သဘောကွဲ နေကြသည်။ တဖက်တွင် သူတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ဥရောပကာကွယ်ရေးစနစ်တရပ်ကို ထူထောင်ရန် ကန့်ကွက်ဆန့်ကျင်နေသည့် အမေရိကန်ပြည်ထောင်စုကို မကျေမနပ် ဖြစ်နေကြသည်။ အခြားတဖက်တွင်မူ ဥရောပတွင် အမေရိကန်ပြည်ထောင်စု အကူအညီမရှိဘဲ သူတို့ဘာသာ အထီးတည်း ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေကြသည်။ အထူးသဖြင့် ပြင်သစ်ပြည်သည် အမေရိကန်နှင့် ပတ်သက်၍ `တွေးတော မရ ကြံဒွိဟဖြင့်´ ဆိုသကဲ့သို့ ဖြစ်နေသည်။ တဖက်တွင် အင်အားတောင့်တင်းသည့် ဂျာမဏီကို ချိန်ခွင်လျှာ ညှိပေးရသည့်အတွက် ဥရောပတိုက်တွင် အမေရိကန်တို့ ရှိနေစေချင်သည်။ အခြားတဖက်တွင်မူ `နယ်ချဲ့လွှမ်း မိုးလိုသည့် အမေရိကန်´ ကို ချိန်ခွင်လျှာညှိပေးရန် အတွက် တောင့်တင်းသော ဥရောပကို မြင်လိုသည်။
စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်း၊ ကွန်မြူနစ်စနစ် ပြိုကွဲသွားခြင်းနှင့် ဥရောပတိုက် ပြန်လည်ပေါင်းစည်းသွားခြင်း တို့ကြောင့် ကောင်းသည့်အချက်တွေရှိသလို ဆိုးသည့်အချက်တွေလည်း ရှိနေသည်။ ထိုဖြစ်ရပ်များကြောင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးသည် ပို၍နက်ရှိုင်း၊ ပို၍ရှုပ်ထွေး၊ ပို၍သိမ်မွေ့လာခဲ့သည်။ ယခင်က ဥရောပတိုက်တွင် ၀ါဒရေးရာတွေ ကွဲပြားနေခဲ့သဖြင့် အတ္တလန္တိတ်မဟာမိတ်များသည် ခိုင်မာတောင့် တင်းခဲ့သည်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် တသားတည်းဖြစ်ခဲ့ကြသည်။ ယနေ့တွင်မူ ဥရောပသည် သူ့ ဇာတိသဘောကို ထူထောင်လာခဲ့ကာ အမေရိကန်နှင့် အလှမ်းဝေးလာခဲ့သည်။ ဥရောပသမိုင်း၏ ၀မ်းနည်းကြေ ကွဲဖွယ် အစဉ်အလာသည် ဥရောပတိုက်နိုင်ငံရေးနယ်သို့ ပြန်လာစပြုလေပြီ။ ထိုသို့သော အခြေအနေသည် ဥရောပတိုက်အတွက် ကြီးကျယ်မှုကိုလည်း ဖြစ်စေနိုင်သည်။ စိတ်ညစ်ညူးဖွယ်ကိုလည်း ဖြစ်စေနိုင်သည်။ ကိုယ့်တာဝန်ကိုယ် သိနားလည်ဖို့ ဆော်သြနေခြင်းလည်း ဖြစ်နိုင်သည်။
မကြာမီတွင် နှစ်ဆယ်ရာစုနှစ်ကြီးလည်း ကုန်တော့မည်။ ဥရောပတိုက်သည် ဘယ်လမ်းကို သွားမည်နည်း။ ယခင်က ကဲ့သို့ပင် အင်အားချိန်ခွင်လျာ ညှိရသော ဥရောပတိုက်မျိုးကို ပြန်သွားမည်လော။ သာတူညီမျှ လွတ် လပ်သော ကမ္ဘာကြီး၏ ခေတ်သစ်နိုင်ငံတကာဝါဒ အခြေခံပေါ်တွင် ရပ်တည်နေသော ဥရောပတိုက်မျိုးကို ထူထောင်မည်လော။ လက်တွေ့ကျသော ဥရောပတိုက်သားတို့ကမူ ဂျာမနီကို ဦးချိုးထားသည့်နည်း သို့မဟုတ် အင်အားချိန်ခွင်လျှာကို ညှိထားသည့်နည်းကို သုံးချင်ကြသည်။ သို့ရာတွင် ဥရောပစည်းလုံးညီညွတ်ရေးကို ဆော်သြနေသူတို့ကမူ ထိုနည်းသည် ခေတ်မမီတော့သောနည်း၊ အန္တရာယ်များသောနည်းဟု ယူဆနေကြသည်။
မည်သို့ပင်ဖြစ်စေ မနေ့က ၀ါဒရေးရာတွင် ပေါင်းစည်းညီညွတ်ခဲ့ကြသော အတ္တလန္တိတ်မဟာမိတ်များသည် ပထ၀ီဝင်အရ၊ ယဉ်ကျေးမှုအရ မနက်ဖြန်တွင် ကွဲပြဲနေကြမည်ဆိုလျှင် ဒီမိုကရေစီက အာဏာရှင်စနစ်ကို အနိုင် ရခဲ့သည့် ရလာဒ်သည် ဘာမျှ အဓိပ္ပာယ်မရှိတော့ဘဲ ၀မ်းနည်းစရာပင် ကောင်းနေပေလိမ့်မည်။
သို့ရာတွင် သွေးစည်းမှုအဟောင်း၏ နေရာတွင် သွေးစည်းမှုအသစ်ကို အစားထိုးရပေလိမ့်မည်။ ကွန်မြူနစ်ဝါဒ ပြိုကွဲပြီးသည့်နောက်တွင် ယခင်က အရှေ့အနောက်ထိပ်တိုက်ရင်ဆိုင်မှုသည် ပျောက်ကွယ်သွားကာ ထိုနေရာ တွင် တောင်၊ မြောက် ပဋိပက္ခဖြစ်မည့် အရိပ်နိမိတ်များ မြင်နေရလေပြီ။
အတ္တလန္တိတ် သမုဒ္ဒရာ၏ တဖက်တချက်တွင် ရှိနေကြသည့် မဟာမိတ်များသည် သွေးစည်းညီညွတ်မှု အသစ်ကို ဖန်တီးမည်လော၊ ပဋိပက္ခဟောင်းထဲတွင် ဆက်လက်နေကြမည်လော။ ။
Time, May 18 1992
Diminique Moisi (The Post Cold War Blues)
မူရင်းကို ဒီမှာ ဖတ်ပါ။

