Friday, November 12, 2010

(၅၈) ပြုချင်ရာပြုနိုင်သော ဦးနေ၀င်း၏ ဒေါသ

ပြည်မှ မထွက်မီတွင် အစိုးရက ပြည်သူပိုင်သိမ်းပိုက်ထားသော ကြေးမုံသတင်းစာ လျော်ကြေးရရှိရေးကို ကြိုးစားခဲ့ပါသည်။ ဗိုလ်ချုပ်စန်းယုကိုပင် ပန်ကြားရာက အမြန်ပေးချေရန် အမိန့်ထုတ်ပေးသဖြင့် ကြေးမုံသာမက အခြားသတင်းစာများပါ လျော်ကြေးရပါသည်။
ကုန်စုံဆိုင်မှ စတင်ကာ ကျောင်းများအထိ လုပ်ငန်းပေါင်းထောင်သောင်းကို ပြည်သူပိုင်ပြုခဲ့ရာတွင် နိုင်ငံခြားပိုင်ရှင်ကြီးများမှ တပါး နိုင်ငံသားများကို လျော်ကြေးမပေးခဲ့ပါ။ သို့သော် ဒေါ်ခင်မေသန်းနှင့် ဆွေမျိုးတော်သူ မြန်မာလုပ်ငန်းရှင်တဦးမူ နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးခဲ့ပါ၏။ ကုဋေများစွာတန်သော မြန်မာနိုင်ငံသားများပိုင်သော လုပ်ငန်းများကို ပြည်သူပိုင်ပြုရာတွင် ၄၀ ရာခိုင်နှုန်းမှာ ပြည်သူပိုင်ပြုစဉ်က တာဝန်ယူသော စစ်ဗိုလ်များ၏ အိတ်များအတွင်းသို့ ရောက်သွားပြီး (၂၀) ရာခိုင်နှုန်းမှာ လေလွင့်ပျောက်ပျက်ကာ အစိုးရ၏ ဘဏ္ဍာတိုက်သို့ (၄၀) ရာနှုန်းခန့် ရောက်ရှိလေမည်ဟု အများက ခန့်မှန်းကြသည်။ စာရင်းအင်းများ မရှိတော့ပါ။
မြန်မာနိုင်ငံတွင် ၁၈၈၆ ခုနှစ်က အခြေစိုက်သော ဘီအိုစီ ရေနံကုမ္ပဏီကို ပြည်သူပိုင်ပြုရာ၌ ပေါင်စတာလင် (၆၂) သန်းခွဲ လျော်ကြေးပေးခဲ့ပါသည်။ ယင်းလုပ်ငန်း၏ အစုရှယ်ယာ (၃၃.၃၃) ရာနှုန်းကို ၁၉၅၄ ခု၊ ဒီမိုကရေစီ အစိုးရခေတ်က ၀ယ်ယူထားပြီး ဖြစ်ပါသည်။ နိုင်ငံခြားသုံးငွေရှားပါးချိန်တွင် ထိုရွေ့ထိုမျှ အလုံးအခဲနှင့် ပေးသည်မှာ ဘီအိုစီကုမ္ပဏီအရာရှိကြီးများနှင့် ဦးနေ၀င်းနှင့် ခင်မင်ခြင်း၊ ဦးနေ၀င်းက ဘိလပ်သို့ မကြာခဏ သွားရောက်အပန်းဖြေသဖြင့် အားနာခြင်း၊ မျက်နှာပူခြင်းတို့ကြောင့် ပေးသည်ဟု ဆိုပါ၏။ ဘီအိုစီသို့ ဆောလျင်စွာ လျော်ကြေးပေးသည်မှာ ဦးနေ၀င်းကို ကော်မရှင်ပွဲခပေးသဖြင့်လည်း ဖြစ်နိုင်ပါသည်။
ကြေးမုံသတင်းစာလုပ်ငန်းကို တင်မောင်က အစုရှယ်ယာ (၆၀) ရာနှုန်း ပိုင်ပါသည်။ တည်ထောင်စက ဦးပွင့်ကောင်းက လိုလေသမျှ ငွေစိုက်ခဲ့ပါသည်။ ဒေါက်တာအေးမောင်က အစုဝယ်ရန် စီစဉ်ပြီးမှ သူနှင့် တွဲဖက် ၀တ်လုံ မွန်စံလှိုင်အား လွှဲပေးပါသည်။ ကျန်အစုရှင်များမှာ ကျနော်၏ ဆွေမျိုးမျာသာ ဖြစ်ပါသည်။ ဆရာဇ၀န၊ အယ်ဒီတာ ကိုခင်မောင်ရီနှင့် မန်နေဂျာ ဦးသော်တို့ကို အစုငွေမ၀ယ်နိုင်စေကာမူ စေတနာ အစုများပေးကာ ပိုင်ဆိုင်စေပါသည်။ ကြေးမုံသည် ရောင်းမလောက်ဖြစ်သောကြောင့် ထွက်ပြီးတနှစ်အကြာတွင် အစုရှင်တို့ အသီးအပွင့်များ ခံစားကြရပါသည်။
စတင်ထွက်စဉ်က ခေတ်မီစက်သစ်ကြီးများနှင့် ရိုက်နှိပ်မည်ဟု ကြေညာခဲ့သော်လည်း စက်သစ်ဟု ဆိုသည်မှာ မှန်ကန်သည် ဆိုစေကာမူ သတင်းစာရိုက်သော စက်များမဟုတ်ကြပါ။ စာအုပ်စာမျက်နှာရိုက်သော စက်သစ်သာ ဖြစ်ပါ၏။ ဦးဟန်ရှိန်နှင့်သားများ ကုမ္ပဏီက ၀ယ်ပါသည်။ နိုင်ငံတော်အစိုးရက ပြည်နယ်များ ဖွံ့ဖြိုးရေးအတွက် သွင်းကုန်လိုင်စင်များကို ပြည်နယ်များသို့ ထုတ်ပေးရာ ကယားပြည်နယ်ဖွံ့ဖြိုးစေရန် တင်သွင်းသော ပုံနှိပ်စက်များကို ပြည်နယ်ဝန်ကြီး စပ်ဝဏ္ဏက မှောင်ခိုရောင်းသော စက်များဖြစ်ပါသည်။
ကယားပြည်နယ်အစိုးရက အသုံးပြုရန်ပေးသော ဂျစ်ကားအသစ်စက်စက်များကိုလည်း မှောင်ခိုရောင်းသဖြင့် သတင်းစာသုံးရန် နှစ်စီးဝယ်လိုက်ရပါသည်။ ထိုအချိန်က ပြည်နယ်ခေါင်းဆောင်အများတို့သည် ပြည်နယ်ဖွံ့ဖြိုးရေး အတွက်ရရှိသော နိုင်ငံခြားကုန်စည်တင်သွင်းခွင့် လိုင်စင်များကို ပြည်နယ်လူထုအတွက် အသုံးမပြုဘဲ မှောင်ခိုရောင်းစားလေ့ရှိပါသည်။ ထိုမှောင်ခိုကုန်များကို ၀ယ်ယူပါက ပြည်နယ်များကမှ လူထုတို့ တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်လေမည်လောဟု တွေးတောမိကာ မ၀ယ်ဘဲ ဆိုင်းငံ့နေခဲ့ပါသေးသည်။ “ခင်ဗျားမ၀ယ်လို့ ကြားပွဲစားတဦးကို ရောင်းလိုက်ပြီ။ အခုမှ လိုချင်လျှင် ငါးရာခိုင်နှုန်းအမြတ်ပေးရမယ်” ဟု စက်ရောင်းသူ ကြားပွဲစားက ပြောပါသည်။ စေတနာအတွက် ဆိုင်းငံ့မိသောကြောင့် ဈေးပိုပေးခဲ့ရပါသေးသည်။
သတင်းစာထွက်ပြီး တနှစ်မရှိမီကပင် စက်အားလိုလာပါ၏။ စာအုပ်ရိုက်သော စက်ကလေးများနှင့် ပုံနှိပ်ရန် မလုံလောက်တော့ပါ။ ထိုအချိန်တွင် သတင်းစာတန်ခိုး ကြီးလာပြီဖြစ်သဖြင့် ၀န်ကြီးဦးကျော်ငြိမ်းက ကူပါသည်။ ပြန်ကြားရေးဝန်ကြီး သခင်ချစ်မောင်က အင်္ဂလိပ်သံရုံးသို့ ထောက်ခံချက်ပေးသဖြင့် John Dickson Co. အင်္ဂလိပ် ကုမ္ပဏီက လိပ်လည်စက်ကြီးတခုကို အကြွေးပေးပါသည်။ မလုံလောက်သေးပါ။
ကြေးမုံ၏ စောင်ရေမှာ များစွာတိုးတက်နေသဖြင့် စက်သစ်ဝယ်ရန် လိုအပ်နေပြန်ပါသည်။ လိပ်လည်စက်နှင့် မနိုင်တော့ပါ။ ဗမာ့ခေတ်တွင် ရှိစဉ်က နိုင်ငံကြီးများတွင် အသုံးပြုသော Rotary ပတ်လည်စက်ကြီးများကို တပ်ဆင်စဉ်က အခက်တွေ့သဖြင့် မသုံးရဲ ဖြစ်နေပါသည်။
နှစ်လတိုင်တိုင် တပ်ဆင်ရသော ထိုစက်ကြီးများကို ဗမာ့ခေတ်တွင် စမ်းသပ်ပုံနှိပ်စဉ်က အသင့်အတင့် ကောင်းမွန်သော သတင်းစာထွက်ခဲ့ပါသည်။ သို့သော် သတင်းစာထုတ်မည့်နေ့ညသို့ ရောက်သည့်အခါတွင် ပုံနှိပ်မရတော့ပါ။ စက်သစ်နှင့်ထွက်ရန် ကြေညာပြီး စောင်ရေများ ပိုမိုလက်ခံထားပါသည်။ မထွက်မီ တနေ့တညလုံး ပြင်ဆင်သော်လည်း မည်းနက်ညစ်ပေသော သတင်းစာသာ ထွက်လာပါသည်။ ဇွဲနပဲကြီးမားသူ ဦးအုန်းခင်ပင် နံနက် (၄) နာရီ ထိုးသောအခါ “မင်းလုပ်ချင်သလိုလုပ်တော့” ဟု ဆိုကာ ထွက်သွားပါသည်။ ဖြစ်နိုင်သောနည်းနှင့် ရိုက်နှိပ်ရသဖြင့် ပွဲဦးထွက်သတင်းစာကို မလှမပ ထုတ်ခဲ့ရပါ၏။
စက်သဘောမှာ ခဲစာလုံးများ စာစီပြီးဖွဲ့ထားသော ခဲစာလုံးစာမျက်နှာကို စက္ကူပလတ်စတစ်ပြားပေါ်သို့ ပုံစံကူးရပါသည်။ ထိုမှ ခဲရည်လောင်းကာ ရရှိသော စာမျက်နှာပြားကြီးကို စက်သို့တင်ကာ ရိုက်ရပါသည်။ လေးလံသော ဖိတုံးကြီးနှင့် ဖိနှိပ်ကာ ပုံစံကူးလေတိုင်း မလှမပထွက်နေပါသည်။ နောက်ဆုံးတွင် ခဲစာလုံးများ ထွင်းထုသော စက်တွင်ခဲသားများ မာကျောစေရန် ထည့်ရသော သတ္တုတမျိုးကို စက်ဆရာတဦးက ခိုးကာ ရောင်းစားနေသောကြောင့် ဖြစ်သည်ကို သိရှိရသောအခါ တင်မောင်များစွာ စိတ်ဆိုးမိပါသည်။ သူတပါးထိနာစေရန် တသက်ပတ်လုံးမပြုခဲ့ပါလျက် စိတ်ကို မထိန်းနိုင်ဘဲ “ဒီကောင်ကို ထောင်ချမည်” ဟု အော်ဟစ်ကာ ရဲဌာနသို့ ခိုးမှုနှင့် တိုင်တန်းမိပါ၏။ ဦးအုန်းခင်က ဖြေသိမ့်ပါသည်။ “တို့ညံ့လို့ ခံရတာပါကွာ။ မလုပ်ပါနှင့်” ဟု သူကဆိုကာ အမှုကို ရုပ်သိမ်းစေပါသည်။
၁၉၆၂ ခုနှစ်တွင် ကြေးမုံအတွက် စက်ဝယ်ရန် လိုင်စင်လျှောက်ရာ ၀န်ကြီးဦးရာရှစ်က မေးမြန်းမှုပင် မပြုဘဲ လိုင်စင်ကျပ်တသန်းဖိုး ချပေးရှာပါသည်။ လိုင်စင်ရခိုက် တော်လှန်ရေးအစိုးရတက်လာသဖြင့် ပြည်သူပိုင်ပြုမည့် ဘေးရန်ကို မြင်ကြသော အစုရှင်များက လိုင်စင်ကို ရောင်းစားရန် စိတ်ကူးကြပါသည်။ တင်မောင်က လန်ဒန်မြို့တွင် သတင်းစာတစောင် Offset စက်သစ်စနစ်နှင့် ရိုက်နှိပ်သည်ကို မြင်ခဲ့ရသဖြင့် ထိုစက်ကို ၀ယ်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ကာ အမေရိကန်သို့ ထွက်ခဲ့ပါသည်။
ဤတချီတွင် မိမိကိုယ်တိုင် စက်ထုတ်လုပ်သော စက်ရုံကြီးနှင့် စက်ကိုသုံးနေသော သတင်းစာများသို့ သွားရောက်သင်ကြားပြီးမှ ၀ယ်ခဲ့ပါသည်။ အခက်အခဲတွေ့ပါသေးသည်။ တင်မောင်က စက်ကိုသာ သင်ကြားခဲ့ပြီး ပုံနှိပ်ရန် ခဲပြားဓာတ်ပုံရိုက်သော နည်းကို မသင်ခဲ့မိသောကြောင့် ပုံနှိပ်၍မရဘဲ ဒုက္ခရောက်ပါသေးသည်။ ရန်ကုန်တွင် အတော်ဆုံးစက်ဆရာ ကိုပိုက်ကြီးဆိုသူကို ပုံနှိပ်လောကတခုလုံးက အားကိုးကြရပါသည်။ သူနှင့် အယ်ဒီတာ ဦးဝင်းတင်တို့ အားထုတ်မှ လှပသော သတင်းစာထွက်လာပါသည်။ ကြေးမုံသည် အာရှတွင် ပထမဆုံးသော Offset ပုံနှိပ်စက် သတင်းစာဖြစ်ခဲ့ပါသည်။
ကြေးမုံသတင်းစာကို ပြည်သူပိုင်ပြုစဉ်က တိုက်ရော၊ မြေရော၊ စက်နှင့် ကားများပါ တန်ဖိုးမှာ ထိုစဉ်က ငွေကျပ်တသန်းခန့် တန်ရှိပါသည်။ လျော်ကြေးအဖွဲ့က ကျပ် (၄၀၀၀၀၀) လေးသိန်းတန်သည်ဟု ဆုံးဖြတ်ပြီး အစိုးရက ရရန် အခွန်တော် ကျပ် (၂၀၀၀၀၀) နှစ်သိန်းရရန် ရှိသည်ဆိုကာ ကျပ်နှစ်သိန်းတန် ဒီဘင်ချာငွေချေး စာချုပ်ကို ထုတ်ပေးပါသည်။ တကြိမ်တည်းပေးသည်မဟုတ်ပါ။ နှစ်ပေါင်း (၂၀) အလီလီ ပေးချေမည်ဟု စာချုပ် (၂၀) ကို ထုတ်ပေးပါသည်။ မိမိတန်ဖိုးထက် အဆများစွာ နည်းပါးစေကာမူ ထိုစဉ်က ငွေဈေးနှင့် တန်ဖိုးရှိသေးသဖြင့် လက်ခံခဲ့ပါ၏။
ငွေပေးဒီဘင်ချာ စာချုပ်များကို ပိုက်ကာ အမေရိကန်သို့ ထွက်လာပြီး နှစ်စဉ် ငွေကျပ်နှစ်သောင်းထုတ်ကာ အစုရှင်များကို ခွဲပေးရပါသည်။ တင်မောင်ရရှိသော ငွေကို ဆွေမျိုးများအား ထောက်ပံ့ပြီး အချို့ကို ရွှေတိဂုံစေတီတော်သို့ လှူဒါန်းပါသည်။ နှစ်အနည်းငယ် ကြာသောအခါတွင်မူ အမေရိကနှင့် ထိုင်းနိုင်ငံသတင်းစာများတွင် တင်မောင်ရေးသော ဆောင်းပါးများကို ဦးနေ၀င်းက စိတ်ဆိုးသဖြင့် အပြစ်ပေးရန် ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းတင်က အမိန့်ထုတ်လိုက်သည်ဟု ဆိုပါသည်။ ပထမငွေစုဘဏ်တွင် အပ်နှံထားသော တင်မောင်ပိုင် စုငွေများကို သိမ်းပိုက်ပါသည်။
ထိုနောက် ငွေထုတ်ရန် တင်မောင်က ပေးပို့သော တနှစ်တွက် လျော်ကြေးငွေ ကျပ်နှစ်သောင်းတန်ဒီဘင်ချာ စာချုပ် လက်မှတ်ကို အစိုးရငွေစုဘဏ်ငွေ ကျပ်နှစ်သောင်း မထုတ်ပေးဘဲ ကျပ်ရှစ်ထောင်သာ ထုတ်ပေးပါသည်။ ကြံကြံဖန်ဖန် ငွေပေးစာချုပ်မှ တင်မောင်ရရှိမည့် လျော်ကြေးကျပ် (၁၂၀၀၀၀) ကို သိမ်းကာ အခြားအစုရှင်များကိုသာ ငွေပေးချေသည်ဟု ဆိုပါသည်။
ငွေစုဘဏ်က ငွေစုစာချုပ်ကို အပြည့်မပေးဘဲ ကပ်သီးကပ်သပ် အချို့တ၀က်ကိုသာ ထုတ်ပေးသည်ဟု မည်သည့် ကမ္ဘာတွင်မှ မကြုံဖူးပါ။ မြန်မာနိုင်ငံတွင်သာ ပြုဝံ့ပြုရဲသော ကိစ္စဖြစ်ပါသည်။ ဦးနေ၀င်း၏ အာဏာစက်နှင့် ဒေါသစက်သည် ပြင်းထန်လှပါ၏။ ။

No comments: