Friday, November 5, 2010

(၅၇) နိုင်ငံမရှိသော ဒုက္ခသည်တယောက် (ကြေးမုံဦးသောင်း)

ဇာတိမြေမှ ထွက်လာစဉ်က (၃) နှစ်ခန့်ကြာလျှင် ပြည်တော်ပြန်နိုင်လေမည်ဟု မျှော်လင့်ခဲ့ပါသည်။ “ကျုံးပတ်လည်ပြ မြို့ရိုးတွေနဲ့ ပြအိုးပါ တဆယ့်နှစ် တံခါးပါနော်၊ မမြင်ရအတန်ကြာမှာမို့ ပြန်ကာရှုစား” ဟူသော တေးကို ညည်းဆိုရင်း ၁၉၇၇ ခုနှစ်၊ ဇူလိုင်လက ပြည်မှ ထွက်လာခဲ့ပါသည်။
“တို့နိုင်ငံကို ၀င်ကြည့်စမ်းပါ” ဟု သံအမတ်ကြီးက ဖိတ်သဖြင့် ယူဂိုဆလပ်နိုင်ငံသို့ ၀င်ရောက်ရန် ဘိလပ်တွင် ခေတ္တနားရန် စီစဉ်ခဲ့သော်လည်း မ၀င်နိုင်ပါ။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် အမေရိကန်သို့ အရှေ့ဘက်လမ်းမှသာ သွားရမည်။ အခြားနိုင်ငံများသို့ ၀င်ခွင့်မပြုဟု ရေးထားပါသည်။ ပြည်မှထွက်ခဲ့ရာတွင်ပင် နှောင်ကြိုးများမလွတ်ရသေးပါ။ အကြောင်းမရှိအကြောင်းရှာကာ စည်းကမ်းတင်းထားသည့် ချုပ်ချယ်မှုကလေးကို ကသိကအောက် “ခံ” ရပါသေးသည်။
ဦးနေ၀င်း ချမှတ်သော ချုပ်ချယ်မှု ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်က ဒေါ်ခင်မေသန်း၏မောင် ဦးဂျော်ဂျီဘသန်းသည် ဂျာမနီနိုင်ငံသို့ ခရီးထွက်ရာမှ အမေရိကန်သို့ ခရီးဆက်လိုသောကြောင့် ဘွန်းမြို့၊ မြန်မာသံရုံးတွင် လျှောက်ထားရာ နိုင်ငံကူးလက်မှတ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခွင့်ရှိသည်ဟု ဖြည့်စွက်ပေးခဲ့ပါသည်။ ရွှေယောက်ဖကို စိတ်ဆိုးရာမှ နိုင်ငံခြားသို့ သွားသူများ နိုင်ငံတခုမှ အခြားနိုင်ငံတခုသို့ ကူးခွင့်ပိတ်စေဟု အမိန့်ထုတ်ခဲ့ပါသည်။
အမေရိကန်သို့ တိုက်ရိုက်သွားရမည်ဟု အမိန့်ရှိစေကာမူ လေယာဉ်အဆင်မပြေသဖြင့် ထိုင်းနှင့် ဟောင်ကောင်သို့ ၀င်ရောက်နားရပါသည်။ မိသားစုလေးဦးတို့ ခရီးထွက်ခဲ့ရာ၌ ကျပ်ငွေလေးရာနှင့် ညီမျှသော နိုင်ငံခြားငွေကိုသာ ယူဆောင်ခွင့်ပြုလေရာ ထိုငွေမှာ ထိုင်းလေဆိပ်တွင် ပေးရသော ကူလီခနှင့် ကုန်သွားပါ၏။ သတင်းစာလောကသားတို့သည် ၀ံသာနုရက္ခိတတရားရှိကြပါသည်။ မြန်မာနိုင်ငံတွင်းသို့ ရောက်လာပြီးမှ ငွေပြတ်သွားသဖြင့် တင်မောင်က ငွေချေးလိုက်ရသော သတင်းထောက်များ ရှိခဲ့ပါသည်။ ယခုမိမိတွင် အရေးကြုံသောအခါ၌ အမေရိကန်၊ ဂျပန်၊ ထိုင်းသတင်းထောက်စသည်တို့က ကူညီကြသဖြင့် အခက်အခဲ မရှိခဲ့ပါ။
အမေရိကန်ပြည်၊ မစ်ဇူရီပြည်နယ်၊ ၀ါရှင်တန်မြို့ကလေးသို့ ရောက်သွားသောအခါတွင်လည်း သတင်းစာအယ်ဒီတာပိုင်ရှင်က နေထိုင်ရန်အိမ်ခန်း အသင့်ငှားထားကာ ကြိုဆိုပါသည်။ သူရန်ကုန်သို့ လာရောက်စဉ်က မိတ်ဆွေဖြစ်ခဲ့ကာ အမေရိကန်သွားတိုင်း သူ၏ အိမ်သို့ ၀င်ရောက်တည်းခိုခဲ့ပါသည်။ စာရေးသဖြင့် ထောင်ကျရသောအဖြစ်ကို သူက စိတ်မကောင်းပါ။ ထောင်မှ ထွက်စကာလက “မင်းတို့နိုင်ငံမှာ သတင်းစာအလုပ်ကို လုပ်ရတာက မလွယ်ပါလားကွာ” ဟု ပြောကာ အရေးကြုံက သူ့ထံသို့ ပြေးခဲ့ပါဟု ဖိတ်ခေါ်ထားခဲ့သည့်အတိုင်း သူ့ထံသို့လာခဲ့ရာတွင် လိုလေသေးမရှိ ကူညီပါသည်။ သူ၏ သတင်းစာတွင် ဆောင်းပါးရေးခွင့် ပြုပါသည်။ နိုင်ငံရေးမပါသော မြန်မာ့ယဉ်ကျေးမှုအကြောင်းများကို စတင်ရေးခဲ့ပါသည်။
သတင်းစာမှာ တောမြို့ငယ်တွင် အခြေစိုက်ကာ ရွာနီးချုပ်စပ်သို့ ရောင်းရသဖြင့် စောင်ရေမများပါ။ သတင်းစာတွင် ဆောင်းပါးရေးရာ၌ ကော်လံကြေးများများ မပေးနိုင်ပါ။ မိသားစုလေးဦးတွင် သားကြီးက ကောလိပ်ကျောင်း၌ ၀င်ခွင့်ရသောအခါ စားစရိတ်က ကြီးမားလာစေကာမူ မိတ်ဆွေက လိုသမျှကူညီရှာပါသည်။ မိမိကလည်း စာရေးခြင်းအလုပ်တွင် ဓာတ်ပုံဘလောက်လုပ်ငန်းကိုပါ လုပ်ကိုင်မှ ကရုဏာနှင့်ကူညီသောငွေကို မလိုတော့ဘဲ မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်ခဲ့ပါသည်။ ဘ၀တလျှောက်လုံး စာရေးခြင်း၊ စာဖတ်ခြင်း၊ သတင်းထောက်လုပ်ခြင်းကိုသာ လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် ယခုလက်ကြောတင်းအောင် လုပ်ကိုင်ရသောအခါ ပင်ပန်းလှပါ၏။ မည်သူကိုမှ မကြောက်ရသော စိတ်ချမ်းသာမှုက ကြီးမားသောကြောင့် မောသည်ပန်းသည် မရှိခဲ့ပါ။
ထိုအတောအတွင်း အမေရိကန်တက္ကသိုလ်များမှ မြန်မာမှုသိသင်အဖွဲ့နှင့် အဆက်အသွယ်ရကာ နှီးနှောဖလှယ်ပွဲများ တက်ခွင့်ရရှိခဲ့ပါသည်။ တခေတ်က ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ အမေရိကန်သို့ လာကာ မြန်မာစာသင်တန်းများဖွင့်ခဲ့ပါသည်။ ထိုစဉ်က ကျောင်းသုံးစာအုပ်ဖြင့် ရှုမ၀မှ တင်မောင်၏ ၀တ္ထုများ၊ ပြဇာတ်များကို ရွေးခဲ့ပါသည်။ “အရပ်သားသုံးဝေါဟာရများ ကြွယ်ဝသဖြင့် ရွေးခဲ့သည်” ဟု ဆရာကြီးများက ပြောပါသည်။ စာရေးသူ၏ ၀တ္ထုများကို ဖတ်ကာ မြန်မာစာတတ်လာသော အမေရိကန်ပညာရှင်များက မြန်မာစာပေစာတမ်းများ တင်သွင်းရန် တိုက်တွန်းကြသောကြောင့် မြန်မာစာပေရေးရာ စာတမ်းများ တင်ခဲ့ပါသည်။ နေးရှင်းဦးလောရုံကလည်း မိန့်ခွန်းများ ပေးလေ့ရှိပါသည်။ “ဒီအဖွဲ့ဝင်တွေအားလုံးက ဒေါက်တာဘွဲ့ရထားတဲ့ ပညာရှင်တွေဗျ၊ တက္ကသိုလ်ဘွဲ့မရှိတာ ကျုပ်တို့နှစ်ယောက်ပဲ ပါတယ်” ဟု ဦးလောရုံကပြောကာ ရယ်မောလေ့ရှိပါသည်။
စာပေကိစ္စကို ဆွေးနွေးသောအခါတွင် မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ရေးသားခွင့်မရှိသော ဖိနှိပ်မှုများကို ဖော်ပြရပါတော့သည်။ “အကြောင်းတရာတရပ်သည် မှန်ကန်သော အကြောင်းဖြစ်စေကာမူ အခြေအနေနှင့် မကိုက်ညီက ရေးသားပုံနှိပ်ခြင်းမပြုရ” ဟု စာပေစီစစ်ရေးအဖွဲ့၏ ကြေညာချက်အမိန့်ကို ချန်လှပ်ထားရန် မသင့်သဖြင့် ပွင့်လင်းစွာ တင်ပြခဲ့ပါ၏။ ယင်းနှီးနှောပွဲများမှာ စာတမ်းများသည် မြန်မာနိုင်ငံသို့ ရောက်လေမည်မဟုတ်ဟု ယူဆကာ မြန်မာ့နိုင်ငံရေးအခြေအနေကို ပွင့်လင်းစွာ ဝေဖန်ဆွေးနွေးသောအခါ တချို့က လက်မခံကြပါ။ အထူးသဖြင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ တက်လာသူများက တင်မောင်၏ ဝေဖန်ချက်များကို ချေပဆွေးနွေးလေ့ရှိပါသည်။ ထိုကာလက စစ်အေးတိုက်ပွဲကြီး ဆင်နွှဲနေသော ခေတ်ဖြစ်လေရာ အမေရိကန်အစိုးရက ကွန်မြူနစ်ကို ဆန့်ကျင်တိုက်ခိုက်သူ ဦးနေ၀င်းအား မဟာမိတ်ကြီးအဖြစ် လိုလားမြှောက်စားနေသောကြောင့် သူ့ကို ဆန့်ကျင်သောအယူအဆကို လက်မခံကြပါ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဦးနေ၀င်း၏ ဘီလူးဇာတိပေါ်လာမှ မြန်မာ့စစ်ဝါဒကို ဆန့်ကျင်ကြပါတော့သည်။
နှီးနှောပွဲများတွင် မြန်မာအစိုးရကို ဝေဖန်ပြောဆိုသူကို ဦးနေ၀င်း၏ နားသို့ရောက်သွားဟန် တူပါသည်။ နှီးနှောပွဲများတွင် မြန်မာပညာရှင်အချို့ကို တွေ့ရရာတွင် အမျိုးသမီးတဦးကို သတိထားမိပါသည်။ သူက “စစ်အစိုးရစနစ်သာ နိုင်ငံငယ်များ တည်ငြိမ်ကြွယ်ဝရေးအတွက် ဆောင်ရွက်နိုင်သည်” ဟူသော စာတမ်းတင်သွင်းရာ ပါရဂူဘွဲ့ယူရန် စာသင်နေပါသည်။ ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ ဦးနေ၀င်းကတော် ဒေါ်နီနီမြင့်မှ စေလွှတ်သူဟု ပြောပါ၏။ နောင်တခေတ်တွင် အစိုးရ၀န်ထမ်းမှန်သမျှ ဆေးအတတ်ဖြစ်စေ၊ စက်မှုအတတ်ဖြစ်စေ၊ တက္ကသိုလ်တွင် သမိုင်းနှင့် နိုင်ငံရေးရာဘာသာကို ဘာသာတွဲယူကာ သင်ကြားရမည်။ စစ်အစိုးရစနစ်သာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်သည်ကို သင်ကြားပြီး စာမေးပွဲဖြေဆိုနိုင်မှသာ အစိုးရ အမှုထမ်းဖြစ်စေခွင့် ရှိမည်ဟု စီမံကိန်းရှိသည်ဟု ပြောပါသည်။ မည်သို့ဆိုစေကာမူ မိမိယူဆချက်များကို လျှော့မပေးခဲ့ပါ။
“ခင်ဗျားရေးတဲ့ ဆောင်းပါးတွေနဲ့ စာတမ်းတွေကို ဗိုလ်ချုပ်ကြီးက စိတ်ဆိုးနေတယ်။ ပြန်လာဖို့မလွယ်ဘူး။ အဖမ်းခံရမှာပဲ။ ဒီတခါဆိုရင် ထောင်တသက်ပေါ့” ဟု ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒု-ညွှန်မှူးဖြစ်လာသူ ကြေးမုံအယ်ဒီတာဟောင်း ဦးတင်ထွေး အမေရိကန်ရောက်လာစဉ်တွင် စိတ်မကောင်းစွာနှင့် သတိပေးပါသည်။
ထိုအတွင်းတွင် ဇနီးဖြစ်သူက သူ၏ ဒုတိယသားကို ဖွားမြင်သောအခါ နိုင်ငံခြားတွင် ဖွားမြင်စေကာမူ သားကလေးကို မြန်မာနိုင်ငံသားသာ ဖြစ်စေလိုသဖြင့် မိခင်၏နိုင်ငံကူးလက်မှတ်တွင် သား၏အမည် ဖြည့်စွက်ပေးပါဟု ၀ါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးသို့ လျှောက်ထားပါသည်။ ဖြည့်စွက်ပေးရန် ငြင်းဆိုပါသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် စီးပွားရေးအခြေအနေ ဆုတ်ယုတ်ပျက်ပြားနေသော သတင်းများကို ဆက်တိုက်ကြားသိ ရပြန်ပါ၏။ စီးပွားပျက်သော သတင်းများကို ဖုံးအုပ်ကာ အမှောင်ချထားပါသည်။ ထိုကြောင့် မြန်မာပြည်သူတို့ သိရှိရန် လိုအပ်သဖြင့် “မြန်မာ့ သံတော်ဆင့်သတင်းစာ” ကို ၁၉၇၉ ခု၊ အောက်တိုဘာလ (၁၅) ရက်နေ့မှ စတင်ကာ ထုတ်ဝေလိုက်ပါသည်။ သတင်းစာပီသစွာ သတင်းများ၊ ဆောင်းပါးများနှင့် အယ်ဒီတာ၏ အာဘော်ခေါင်းကြီးပိုင်းကိုပါ ရေးသားပြီး စာရေးသူ၏ အသံနှင့် ကက်ဆက်ပေါ်တွင် အသံသွင်းပါသည်။ ထိုင်းတွင်ရှိနေသော ဆရာဦးရဲခေါင်က ကက်ဆက်ခွေအများကူးကာ မြန်မာပြည်တွင်းသို့ ခိုးဝှက်တင်သွင်းခဲ့ပါသည်။
တဖန် ထိုင်းတွင်ခိုလှုံနေသော အလံနီဟောင်း၊ ပထစဟောင်း ဦးသွင်က ဒီမိုကရေစီဂျာနယ်ကို ထုတ်ဝေသောအခါတွင်မူ မြန်မာ့နိုင်ငံရေးကိစ္စများကို ပြတ်သားမှန်ကန်စွာ ရေးမိပါတော့သည်။
ဇာတ်ပေါင်းလိုက်သောအခါ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးသဖြင့် မြန်မာသံရုံးသို့ လျှောက်ထားသည်ကို သက်တမ်းတိုးမပေးသဖြင့် တင်မောင်မှာ နိုင်ငံမရှိသော လူသားတယောက် ဖြစ်သွားပါတော့သည်။ သန်းနှင့်ချီသော ကမ္ဘာကြီး၏ နိုင်ငံရေးဒုက္ခသည်စာရင်းတွင် ဂဏန်းတလုံးတက်ကာ နိုင်ငံရေးဒုက္ခိတ နံပါတ်တခုသာ တင်မောင်ပိုင်ဆိုင်ပါတော့သည်။
စင်စစ်အားဖြင့် တင်မောင်အဖို့ နိုင်ငံမရှိသူ ဖြစ်နေသကဲ့သို့ ဇာတိမြန်မာနိုင်ငံအဖို့လည်း တင်မောင်တယောက် မရှိသော နိုင်ငံဖြစ်ရရှာပါသည်။ နှစ်ဘက်နှစ်ဝ ဆုံးရှုံးကြပါသည်။ တောင်ပြုန်းဆုတောင်းပြည့်စေတီတော်တွင် အုတ်နှစ်ချပ်လပ်သကဲ့သို့ မြန်မာနိုင်ငံတံတိုင်းကြီးတွင် နိုင်ငံသားကြီး တင်မောင်၏နေရာ အုတ်တချပ် လပ်နေမည် ဖြစ်ပါသည်။ ။

No comments: