Saturday, June 19, 2010

(၄၇) စစ်ဗိုလ်တို့၏ လောဘနှင့်ဒေါသ (ကြေးမုံဦးသောင်း)

ပြည်သူပိုင်သတင်းစာများ အုပ်ချုပ်ရေးဘုတ်အဖွဲ့တွင်းသို့ သတင်းစာများ ကြီးကြပ်ရေးမှူးအဖြစ် တင်မောင်စတင် ၀င်ရောက်အမှုထမ်းစဉ်က ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌမှာ လေတပ်မှ ဗိုလ်ကြီးအဆင့်ရှိသော လူငယ်စစ်ဗိုလ်ကလေး ဖြစ်ပါသည်။ အရပ်သားအစိုးရ ၀န်ထမ်းအဖွဲ့များသို့ စေလွှတ်သော စစ်ဗိုလ်များကို အရပ်သားတို့ထက် အဆင့်မြင့်စေရန် ရာထူးတိုးမြှင့်ပြီးမှ စေလွှတ်လေ့ရှိသော စစ်တပ်၏ ပြောင်းတလုံးပို၍ရှုစေဟူသော မူအရ ပြန်ကြားရေးဌာနသို့ ဗိုလ်မှူးအဖြစ် ၀င်လာပါသည်။
အမှန်အားဖြင့်လည်း သူသည် ရာထူးတက်နိုင်သော အရည်အသွေး တင်းပြည့်ကျပ်ပြည့် ရှိပါသည်။ သူ၏ အထက်မှ စစ်ဗိုလ်ကြီးများ သည်းခြေကြိုက်လုပ်ငန်းများကို သွက်လက်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ပါသည်။
သူ၏ ပထမဆုံးသော လုပ်ရပ်မှာ အိမ်တွင်းရုပ်ရှင်ပြသရေးအဖွဲ့ကလေးများ ဖွဲ့ပါသည်။ ပြန်ကြားရေးဌာနက နိုင်ငံခြားရုပ်ရှင်၊ အမေရိကန်ရုပ်ရှင်များကို ငှားရမ်းကာ ပြည်သူပိုင်ရုံများသို့ ရုံတင်သော စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ဆောင်ပါသည်။ သူက ပြည်သူတို့ကို မပြရသေးသော ရုပ်ရှင်များကို ၀န်ကြီးများအိမ်များသို့ သွားရောက်ပြသပေးသည်။ “ခေါင်းဆောင်ကြီးများသည် နိုင်ငံတော်၏ တာဝန်များကို ပင်ပန်းစွာ ထမ်းဆောင်နေပါ သဖြင့် အပန်းဖြေရန် လိုအပ်ပါသည်။ ရုပ်ရှင်ရုံများသို့ မိသားစုနှင့် သွားရောက်၍ အရပ်သားပရိသတ်တို့နှင့် တိုးဝှေ့ကာ လက်မှတ်ဝယ်ယူကြည့်ရှုရန် မသင့်ပါ” ဟု စာတစောင်ရေးကာ တင်ပြသောအခါ ၀န်ကြီးတိုင်းက သူ၏ ပုခုံးကို သပ်ကြပါသည်။ ၀န်ကြီးကတော်များ၊ သားတော်သမီးတော်များက ဂျိမ်းစ်ဘွန်းအသစ် မရောက်သေးဘူးလားဟု တရင်းတနှီး ဖုန်းဆက်ကြပါသည်။ ၀န်ကြီးတချို့အား ယောက်ျားသားများသာစုကာ သီးသန့်ပွဲအဖြစ် ခပ်ကြမ်းကြမ်း၊ ခပ်ပြာပြာရုပ်ရှင်ကားများကို သီးသန့်ပွဲ ပြသသေးလေရာ ဗိုလ်မှူးကလေးသည် တော်လှန်ရေးကောင်စီ၏ သည်းခြေကြိုက် ဗိုလ်မှူးဖြစ်လာပါသည်။
အပြောကလည်း သွက်လှပါ၏။ အထက်စစ်ဗိုလ်များက တစုံတရာပြောလျှင် ယင်းစစ်ဗိုလ်ကြီးပါးစပ်မပိတ်မီ “ဟုတ်ကဲ့ဗိုလ်ချုပ်” ဟု တစက္ကန့်၏ အပုံတရာပုံ တပုံခန့် ကာလအတွင်း မဆိုင်းမတွ ပြောနိုင်သူဖြစ်ပါသည်။ အထက်စစ်ဗိုလ်ကြီးများကို “ဟုတ်ကဲ့” ဟူသော စကားလုံးကိုသာ ပြန်ပြောရာတွင် အသံက မြန်လွန်းသဖြင့် “ယောက်” သို့မဟုတ် “ဟုတ်” ဟု အသံမပီမသ ထွက်ပါသည်။ သို့သော် အထက်လူကြီးက ဟုတ်ကဲ့ဟု ဖြေကြား ကြောင်း နားလည်စေအောင် ပြောနိုင်သည်မှာ ထူးကဲသော အရည်အချင်းဖြစ်၏။
အထက်လူကြီးများကို ဟုတ်တလုံးနှင့် ဖြေလေ့ရှိသော်လည်း အောက်လူများကို ဆက်ဆံရာတွင် ညစ်ညမ်းစုတ်ပဲ့စွာ ဆဲရေးလေ့ရှိပါသည်။
သူတို့စစ်တပ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက စတင်ကာ ဖရုဿဝါစာ ညစ်ညမ်းသော စကားများကို တစ်တစ်ခွခွ နားမချမ်းသာအောင် ပြောဆိုဆဲရေးလေ့ရှိပါသည်။ တော်လှန်ရေးကောင်စီဝင် ထိပ်သီးဗိုလ်မှူးကြီး မှန်သမျှကို ဗိုလ်နေ၀င်းက မကြားဝံ့မနာသာ ဆဲရေးသည်ကို မကြာခဏ ကြုံတွေ့ရပါသည်။ အရပ်သားတင်မောင်တို့ သတင်းစာဆရာများ မျက်မှောက်တွင် အဆဲခံရသော ဗိုလ်မှူးကြီးများသည် ရှက်ရှက်နှင့် ပြုံးဖြဲဖြဲ ခံကြရသည်ကို တွေ့ရသဖြင့် အားတုံ့အားနာ ဖြစ်မိပါသည်။
ဗိုလ်နေ၀င်းဆဲသည်ကို ခံနေကြရသော ဗိုလ်မှူးကြီးများကလည်း သူတို့လက်အောက်ရှိ ဗိုလ်မှူးများ၊ ဗိုလ်ကြီးများကို ဆဲရေးကြပြန်ပါသည်။ နောက်တဆင့် ဗိုလ်မှူးများ၊ ဗိုလ်ကြီးများကတဖန် လက်အောက်ငယ်သားများကို ဆဲရေး ဆက်ဆံလေ့ရှိပါသည်။ ဗိုလ်နေ၀င်းက အရပ်သားအရာရှိများကို မဆဲဝံ့ပါ။ ပြန်ကန်ပါက အရှက်ကွဲလေမည်ကို ကြောက်ဟန်တူပါ၏။
သတင်းစာများကို အုပ်ချုပ်ရသော ဗိုလ်မှူးကလည်း ရိုင်းပျစွာ ဆဲရေးလေ့ရှိရာတွင် ခံပုံမပေါ်သူတို့ကို ရှောင်လေ့ရှိပါသည်။ လူကြီးများ ဖြစ်ကြသဖြင့် ဆရာခေါ်ကာ ရိုသေရသည်မို့ တိုက်ရိုက်မဆဲဝံ့ပါ။ တနေ့တွင် သတင်းစာများ ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးသို့ အစည်းအဝေးမတက်နိုင်သူ မန္တလေးမှ အယ်ဒီတာချုပ်၏ အစီရင်ခံစာတွဲကြီး ရောက်လာသောအခါ ဗိုလ်မှူးက ဖိုင်တွဲကြီးကို လွှင့်ပစ်ပြီး ရက်ရက်စက်စက်၊ ပယ်ပယ်နယ်နယ် ဆဲရေးပါတော့သည်။ အဖွဲ့ဝင် အယ်ဒီတာချုပ်ကြီးများနှင့် မန်နေဂျာများပါ အရာရှိကြီးနှစ်ဆယ်တို့မှာ နားမချမ်းသာ ကြစေကာမူ မိမိတို့ကို ဆဲရေးသည်မဟုတ်သဖြင့် ခေါင်းငုံ့ကာ မျက်နှာလွှဲနေကြရရှာပါသည်။
နောက်တပတ် မန္တလေးမှ အယ်ဒီတာချုပ်ရောက်လာသောအခါ သီးသန့်တွေ့ဆုံပြီး “ခင်ဗျားကို ဆဲတာမဟုတ်ဘူးဗျို့၊ ဟိုကောင်ကြီးတွေကို ဆဲချင်လွန်းလို့ ဆဲခဲ့ရတာပါ” ဟု နှစ်ကိုယ်ကြား ချွေးသိပ်ပြန်သည်။ မန္တလေးနှင့် ရန်ကုန်အယ်ဒီတာများကို သွေးကွဲအောင် ဆဲရေးသည် ဖြစ်ပါသည်။ တခွန်းတခါတည်း ဆဲရုံနှင့် နှစ်ဦး နှစ်ဘက်တို့ကို နစ်နာစေရန်၊ နှစ်ကြိမ်နှစ်ခါဆဲသကဲ့သို့ ထိရောက်အောင် ဆဲနိုင်သည်အထိ ယုတ်မာသူ ဖြစ်သည်။
လာဘ်ခေါ် လာဘ်တောင်းပညာကိုလည်း ကျွမ်းကျင်သူ ဖြစ်ပါသည်။ အယ်ဒီတာချုပ်တဦးက ကြော်ငြာ ကိုယ်စားလှယ်ထံမှ ဆန်အိတ်ကို ရယူကာ ပေးဆက်ရပါသည်။
ပြန်ကြားရေးဝန်ကြီး လက်အောက်မှာရှိသော ကြက်ခြေနီအဖွဲ့ကို မကြာခဏသွားလေ့ရှိပါသည်။ လေဘေး၊ ရေဘေး၊ မီးဘေးဒုက္ခသည်များအတွက် အမေရိကန်မှ ပေးပို့သော ဂွမ်းစောင်များကို ဗိုလ်မှူးက ဗိုလ်ချုပ်ကြီးကို ပြသသောအခါ “ကောင်းလွန်းတယ်၊ လူထုနဲ့မတန်ဘူး။ မပေးနဲ့၊ တပ်က ဆေးရုံတွေမှာသုံး” ဟု အမိန့်ချခဲ့ပါသည်။
တခါတွင် မြန်မာနိုင်ငံ၌ ကျောက်ရောဂါဖြစ်ပွားရာ၊ ရုရှမှ လေယာဉ်ပျံနှင့် ကျောက်ရောဂါထိုးဆေးများ လှူဒါန်းရာ အသစ်လာသော ရုရှကျောက်ဆေးများကို တပ်မတော်က သုံးစေပြီး လူထုကို မြန်မာပြည်တွင် ထုတ်လုပ်သော ကျောက်ဆေးများသာ သုံးစေပါသည်။ မြန်မာနိုင်ငံလုပ် ကျောက်ဆေးမှာ ဆေးထိုးသူအဖို့ ဂယက်မပြန်ပါ။ ရုရှ ကျောက်ဆေးမှာ ဆေးထိုးသူတိုင်း ဖျားစေသည့် ဂယက်ရှိလေရာ တပ်မတော်တခုလုံး အပြင်းဖျားကြရဖူးပါသည်။
ယင်းသို့ စစ်ဗိုလ်ပီသစွာ လောဘထူပြီး အောက်လူများကို ဆဲရေးလေ့ရှိသည့် ဗိုလ်မှူးနှင့် ခပ်ခွာခွာနေသော တင်မောင်ပင် သူ၏ လာဘ်ပွဲစားဖြစ်ရပါသေးသည်။ တင်မောင်၏ တာဝန်အရပ်ရပ်မှာ နိုင်ငံခြားသံရုံးများက ဧည့်ခံပွဲများ၊ သတင်းစာရှင်းပွဲများ ကျင်းပလိုပါက ဆက်သွယ်စီစဉ်ပေးရပါသည်။ ဖိတ်စာများသည် တင်မောင်၏ ရုံးမှတဆင့် တက်ရောက်သင့်သူများကို ဝေငှရပါသည်။ “နာတာလူးပွဲကာလ” သံရုံးနိုင်ငံတို့၏ နေ့ထူးနေ့မြတ်ကာလတို့တွင် သတင်းစာဆရာများကို လက်ဆောင်များပေးကြရာတွင်လည်း တင်မောင်၏ ရုံးမှတဆင့် ပေးလေ့ရှိပါသည်။ ဗိုလ်မှူးအတွက် ရရှိသော အရက်ပုလင်းများကို သွားရောက်ပေးပို့တိုင်း “ဆရာက အရက်မသောက်တော့ နားမလည်တာခက်တာပဲ။ ဂျော်နီဝါ့ကားဝီစကီဆိုတာ Black Label မှ ကောင်းတာဗျ” ဟု အကြိမ်ကြိမ် ပြောသဖြင့် သံရုံးများသို့ Black Label ကိုသာ ပေးရန်၊ ဧည့်ခံပွဲ ညစာစားပွဲတို့တွင် Black Label နှင့် ဧည့်ခံပါရန် ပွဲစားလုပ်ခဲ့ရပါသည်။
တနေ့တွင် မြောက်ကိုရီးယားသံရုံးမှ သံတဦး တင်မောင်ထံရောက်လာပြီး သူတို့နိုင်ငံ၏ ခေါင်းဆောင်ကြီး ကင်အီဆွန်က သတင်းစာကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်မှူးအတွက် လက်ဆောင်တော်ပေးဆက်လိုသဖြင့် အခမ်းအနားတခု စီစဉ်ပေးပါဟု ပြောပါသည်။ အစည်းအဝေးတွင် တင်ပြသောအခါ လက်ဆောင်ဟူသော စကားလုံးကို ရွတ်ဆိုလိုက်သည်နှင့် ဗိုလ်မှူးက ပြုံးသွားပါသည်။ “ဘာလက်ဆောင်လဲဗျ” ဟု မေးရှာပါ၏။ “သံမှူးက ထုတ်ဖော်မပြောပါ၊ သံအမတ်ကြီးကိုယ်တိုင်က ပေးလိုပါတယ်လို့ ပြောသည်မှာ ထူးခြားသည်” ဟု ရှင်းပြရပါသည်။ “ပြည်သူ့ကိုးရီးယားနိုင်ငံမှာ တိုးတက်နေတယ်။ မော်တော်ကားတွေ ထွက်နေပြီတဲ့၊ ဗိုလ်မှူးကို မော်တော်ကားများ ပေးမယ်ထင်တယ်” ဟု လက်နက်ချ ကွန်မြူနစ် အယ်ဒီတာချုပ်ကြီးက ထင်မြင်ချက်ပေးသည်။ ရေဒီယိုပေးမှာပါဟု တဦးက မှန်းဆပါသည်။ အဖြေကို တင်မောင်လည်း မသိပါ။
လက်ဆောင်တော်ပေးပွဲကို အဖွဲ့ခန်းမတွင် အဖွဲ့က လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံကာ ကျင်းပပါသည်။ မြောက်ကိုရီးယားသံရုံးတဖွဲ့လုံး ကြွလာပါသည်။ ကြီးမားသော အထုပ်ကြီးတထုပ်ကို သံအမတ်ကြီးကိုယ်တိုင် တရိုတသေ သယ်ဆောင်လာပါသည်။
မိန့်ခွန်းရှည်ကြီးများပေးပြီးမှ လက်ဆောင်မွန်ကို ပေးအပ်ပါသည်။ လက်ဆောင်ထုပ်ကြီးကို ဖွင့်လိုက်သောအခါ ခေါင်းဆောင်ကြီး ကင်အီဆွန်က သူ၏ ကိုယ်စား ထွင်းထုထားသော ရုပ်ပွားတော်တဆူဖြစ်နေပါသည်။ တင်ခုံကလေးပါ ပါသေးပြီး ထိုခုံ၌ ခေါင်းဆောင်ကြီး ကင်အီဆွန်၏ အဆိုအမိန့်တပိုဒ် ရေးသားထားပါသည်။
ကျောက်ရုပ်ထုမှာ ပြောင်မြောက်သော ပန်းပုဆရာတဦး၏ လက်ရာဖြစ်သဖြင့် ကောင်းမွန်လှပပါသည်။ အနုပညာ တန်ဖိုးမြင့်ပါသည်။ ဗိုလ်မှူးက သဘောမကျပါ။ သံအဖွဲ့ ပြန်သွားသည်နှင့် “ဒီအရုပ်ကြီးကို ကျုပ်က ဘယ်မှာ သုံးရမှာလဲဗျ” ဟု ဒေါသူပုန်ထကာ ကိုရီးယားတို့အား မိုးမွှန်အောင် ဆဲရေးပါတော့သည်။ ။

No comments: