Friday, June 4, 2010

သားဖွားငှက်

ကျနော်လည်း ဘလော့ဂ်မှာ ဟုတ်တိပတ်တိ ပို့စ်မရေးဖြစ်ပဲ ဘီလူးတို့ရွာကိုပဲ ရိုက်တင်နေမိတယ်။ လုံးဝမရေးချင်လို့ မရေးပဲနေတာတော့ မဟုတ်ပါဘူး။ ရေးဖြစ်တာလေးတွေတော့ ရှိပါတယ်။ သိပ်မကြိုက်တာနဲ့ မတင်ဖြစ်တာပါ။ သူများတွေ ရေးထားတာကို “နတ်ကရာ ကြည့်မောရင်း” ကိုယ့်ဟာကိုယ်တော့ မရေးဖြစ်ဘူး ဖြစ်နေပါတယ်။ ပြီးတော့ ဘလော့ဂ်လောကမှာလည်း အရင်က ရေးအားကောင်းသူတွေတောင် စာရေးကျဲလာတာကို တွေ့ရတယ်။ သူတို့ကို ကြည့်ရင်း ကိုယ်ပါအချောင်ခိုသလို ဖြစ်နေတာလည်း တကယ်တော့ သိပ်မဟုတ်သေးပါဘူး။ ဒါနဲ့ ရေးအုံးမှပါ ဆိုပြီး အကြောင်းအရာ ရှာလိုက်တော့ “သားဖွားငှက်” ကို သွားတွေ့ပါတယ်။
“သားဖွားငှက်” ဆိုတာက ကျနော့်ဖာသာ နာမည်ပေးထားတာပါ။ တကယ်တော့ “ငှက်ကျား” ပါ။ ဒိန်းမတ်မှာ တခါတရံ အိမ်ရှေ့မှာ ငှက်ရုပ်တခုကို တွေ့ရတတ်ပါတယ်။


ငှက်နှုတ်သီးမှာ ပုခက်အသေးလေးတခုရယ်၊ ပုခက်ထဲမှာ ခလေးအရုပ်တခုရယ် ရှိပါတယ်။ ခလေးအရုပ်ကို ချိတ်တာဆိုတော့ ကျနော်က သားဆုပန်တယ်လို့ ထင်နေတာ၊ နောက်မေးကြည့်တော့မှ ခလေးမွေးဖွားကြောင်း အထိမ်းအမှတ်နဲ့ ချိတ်ဆွဲထားတာလို့ သိရပါတယ်။ “ငှက်ကျား” ရဲ့ သင်္ကေတကိုက လူဦးရေပွားစီးကြောင်းကို ပြတာပါတဲ့။ ငှက်လည်ပင်းမှာ စီးထားတဲ့ ဖဲကြိုးက အပြာရောင်ဆိုရင် ယောက်ျားလေး၊ ပန်းရောင်ဆိုရင် မိန်းခလေး မွေးဖွားကြောင်းပါတဲ့။
တကယ်တော့ ဒိန်းမတ်နိုင်ငံမှာ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၅ သန်းခွဲ ရှိပြီး ဧရိယာအားဖြင့် မြန်မာနိုင်ငံရဲ့ ပြည်နယ်တခုစာလောက်သာ ကျယ်ဝန်းပါတယ်။ မိသားစု တစုချင်းစီအလိုက် သားသမီးယူတဲ့နှုန်းက ၁.၇ ရာနှုန်းသာ ရှိတော့တာမို့ တအိမ်ထောင်မှာ ခလေးက ၂ ယောက်တောင်မပြည့်ချင်တော့ပါဘူး။ ခလေးမွေးဖွားနှုန်းရယ် သက်ကြီးရွယ်အို သေဆုံးမှုနှုန်းရယ်က မတိမ်းမယိမ်းဖြစ်လာတဲ့အခါ ရေရှည် ဒီနိုင်ငံမှာ လူဦးရေက နည်းသထက်နည်းလာဖို့သာ ရှိပါတော့တယ်။ အဲဒါကြောင့်လည်း ဒိန်းမတ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်အရ တနှစ်ကို လူငါးရာ လက်ခံနေရဆဲပါ။ ဒါကလည်း လူကို မွေးစားယူတဲ့ သဘောပါပဲ။
အခုနောက်ပိုင်း တခြားနိုင်ငံကနေ ၀င်လာသူတွေကတော့ ယခင်အရှေ့ဥရောပနိုင်ငံဟောင်းများမှ ဖြစ်ပါတယ်။ ပိုလန်နဲ့ ရိုမေးနီးယားအစရှိတဲ့နိုင်ငံများဟာ အီးယူအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်လာတာမို့ အနောက်ဥရောပကို လာတဲ့အခါ ဗီဇာတွေဘာတွေ ယူစရာမလိုတော့ပါဘူး။ ဒိန်းမတ်မှာ ပိုလန်တွေနဲ့ ရိုမေးနီးယားတွေ အလုပ်လာလုပ် ကြတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း အလုပ်ရှာရခက်တာရယ်၊ လူနေမှုစားရိတ်ကြီးမြင့်တာတွေရယ်ကြောင့် ကိုပင်ဟေဂင်မြို့တော်နားတ၀ိုက်က သစ်ပင်တွေရှိတဲ့ တောအုပ်တွေကြားထဲမှာ ရိုမေးနီးယားတွေ တဲထိုးပြီး အိပ်နေတာကို ရဲတွေက မောင်းထုတ်ကြောင်း သတင်းစာမှာ တွေ့ရပါတယ်။ တောထဲကနေပဲ မောင်းထုတ်လို့ရပါတယ်။ အီးယူအဖွဲ့ဝင်ထဲကဖြစ်တာကြောင့် နိုင်ငံကနေတော့ မောင်းထုတ်လို့ မရပါဘူး။
အခြားနိုင်ငံများမှ အလည်ဗီဇာနဲ့ဝင်လာပြီး နေထိုင်ခွင့်လျှောက်ထားသူကတော့ ကမ့်မှာသွားနေရပါတယ်။ မြန်မာတယောက် ကမ့်ဝင်တဲ့အကြောင်းကိုတော့ “အဝေးဆုံးနေရာ (သို့) Sandholm ကမ့်” ဆိုတဲ့ ပို့စ်မှာ ကျနော် ရေးခဲ့ဘူးပါသေးတယ်။
ကျနော်လည်း ဒိန်းမတ်တွေ သားသမီးရတနာရတဲ့အခါ အိမ်ရှေ့မှာ ငှက်ရုပ်ချိတ်ဆွဲတဲ့ ဓလေ့ကို ရေးရင်းနဲ့ လူဦးရေနဲ့ လူဝင်မှုအကြောင်းရောက်သွားတယ်။ တကယ်တော့ ဒိန်းမတ်တွေရဲ့ ယဉ်ကျေးမှုတွေကို လေ့လာတင်ပြသင့်ပေမယ့် ကျနော့်မှာ သူတို့ဆက်ဆံတဲ့အခါ ဘာသာစကားတံတိုင်းက ခံနေသေးတာမို့ အခက်အခဲတွေ ရှိနေသေးပါကြောင်း ပြောရင်းနဲ့ ဒီတပတ်တော့ ဒီမျှသာ ဟု …. ။ ။

2 comments:

stan said...

Dear Ko Thet Oo,
That is not (ဗျိုင်းငှက်) in Myanmar and we call it (ငှက်ကျား). Actually,(ဗျိုင်းငှက်)is called egert or heron. It's stork and it is a symbol of childbirth in Western countries. (in detail see Google wiki). With best wishes.

Thet Oo said...

အမှားပြင်လိုက်ပါပြီ။ ကျေးဇူးတင်ပါတယ် ကို stan ခင်ဗျား။