Friday, May 8, 2009

အရှေ့နှင့်အနောက်



အရှေ့နှင့်အနောက်၊ အာရှနှင့် ဥရောပ မတူညီတာတွေထဲက ကိုယ်တွေ့ကြုံရတာလေးတခု ပြန်လည် ပြောပြ ချင်ပါသည်။
၁၉၈၀ ပြည့်လွန်နှစ်များဆီက ကျနော် မွန်ပြည်နယ်၊ သထုံမြို့ရှိ တာယာနှင့် ရာဘာပစ္စည်းစက်ရုံမှာ အလုပ်လုပ် ခဲ့သည်။ ထိုစက်ရုံတွင် ကျနော်တို့အရပ်သား (ကစလ) နှင့် အခြားစစ်သား (ကပစ) ၀န်ထမ်းများ အတူ ပူးတွဲ အလုပ် လုပ်ကြသည်။ ထိုအထဲတွင် စက်မှုလုပ်ငန်းသုံး ကုန်တင်ကုန်ချဝန်ချီစက် ဖြစ်သည့် ဖောက်ကလစ် fork lift truck မောင်းသည့် ကပစ ရဲဘော်တဦးကို အမည်နှင့် တကွ ကျနော်မှတ်မိနေသည်။ သူ့ကို အများက ‘ယင်ကောင်’ ဟု ခေါ်ကြသည်။ ကပစရဲဘော် ယင်ကောင်နှင့်အတူ ကျနော့်အလုပ်ဆိုက်မှာ လိုအပ်သည့် ကုန်သေတ္တာများ အတူသယ်ယူနေရင်း ကျနော် ဖောက်ကလစ် မောင်းကြည့်ချင်သောကြောင့် သူ့ထံမှ ခွင့်တောင်းကာ စမ်းမောင်းကြည့်သည်။ အဆင်မပြေပါ။ ဖောက်ကလစ်သည် လမ်းပေါ်မှာ တည့်တည့် မသွားပဲ လမ်းဘေးကို ထိုးဆင်းသွား၏။ ထို့နောက် ကျနော်လည်း နောက်ထပ် ဖောက်ကလစ် မမောင်းဖြစ်တော့။
၁၉၉၀ ပြည့်လွန်နှစ်များတွင် ကျနော် စင်္ကာပူနိုင်ငံ Woodland industrial park ရှိ အလုပ်ရုံတခုတွင် အလုပ်ရသည်။ ထိုစက်ရုံမှာ သူဌေးညီအကိုက တွင်ခုံကိုင်သည်။ သူဌေးညီမက တဦးတည်းသော ရုံးစာရေးမ၊ သူဌေးယောက်ဖရယ်၊ မလေးရှားက တရုတ်လေးတယောက်ရယ်၊ ကျနော်ရယ်က အလုပ်သမားမို့ ၀န်ထမ်းဦးရေ က အားလုံးပေါင်းမှ ၆ ယောက်ပဲ ရှိသည့် အလုပ်ရုံလေး ဖြစ်၏။
ထိုအလုပ်ရုံတွင် သံထည်ပစ္စည်းများ မမည်ဆိုလျှင် ဖောက်ကလစ်ကို ကြုံသည့်သူက မောင်းသည်။ သီးသန့် ဖောက်ကလစ်မောင်းသမားမရှိ။ ကျနော်လည်း ထိုစက်ရုံမှာ စမ်းမောင်းကြည့်ရင်း၊ သူတို့ကလည်းသင်ပြပေးသဖြင့် ဖောက်ကလစ် မောင်းတတ်သွားသည်။
ထို့နောက်ပိုင်း မလေးရှားမှာ အလုပ်ခဲ့သည့် စက်ရုံများမှာလည်း လိုအပ်လျှင် လိုအပ်သလို ဖောက်ကလစ် မောင်းခဲ့ရသည်။
၂၀၀၅ ခုနှစ် ကျနော်တို့ မိသားစု ဒိန်းမတ်ရောက်ပြီးနောက် တနှစ်ခွဲအကြာ ယခု ကျနော် အလုပ်လုပ်နေသည့် စက်ရုံမှာ အလုပ်ရသည်။ တနေ့ ကျနော့်အလုပ်မှာ လိုနေသည့် သံပြားများမရန် ပထမဆုံး အကြိမ်အဖြစ် ဖောက်ကလစ်ကို မောင်းသွားပြီး သံပြားများ သွားယူသည်။ ကျနော့်နေရာကိုပြန်မောင်းအလာ ဒိန်းမတ်အလုပ်သမားတယောက်က လမ်းမှာ ရပ်ခိုင်းပြီး ‘မင်းမှာ ဖောက်ကလစ်မောင်းသင်တန်းဆင်း လက်မှတ် ရှိသလား’ ဟု မေးပါသည်။ ကျနော်ကလည်း မရှိပါပေါ့။ ကိုယ်လည်း ဒီလိုပဲ မောင်းတတ်ခဲ့တာ၊ ဘာမှသင်တန်းမှလည်း မတက်ခဲ့ဘူးလေ။
‘ဒါဆိုရင်၊ မင်းဆက်မမောင်းနဲ့တော့ အန္တရာယ်ဖြစ်လိမ့်မယ်’ ဟု ဆိုလေသည်။ ကျနော်က ‘ဒါလေးတော့ တလက်စတည်း ငါ့နေရာကို ယူသွားလိုက်မယ်လေ’ ဆိုတော့ ‘ကိစ္စမရှိဘူး၊ ငါမောင်းပို့ပေးမယ်၊ မင်းသာ ဖောက်ကလစ်ပေါ်က ဆင်းလိုက်ပါ’ တဲ့။
နောက်ပိုင်းလည်း အခုထိ ကျနော် ဖောက်ကလစ် မမောင်းဖြစ်တော့ပါ။ ရာဟူး မက်ဆင်ဂျာ အွန်လိုင်း စီအက်ဖ်တွင် စကားစပ်မိ၍ ဥရောပ၏ စည်းကမ်းဥပဒေများကို ပြောကြရာ ဆွီဒင်ရောက် မြန်မာတယောက်က ‘ဟုတ်တယ်ဗျ၊ ဒီမှာက ဘာလုပ်လုပ် သင်တန်းတက်ထားလား၊ အောင်လက်မှတ် ရှိလားပဲ မေးနေကြတာ။ ကျနော်တောင် အိမ်ရှေ့မှာ အမှိုက်တွေပွနေတာ တံမြက်စည်း ထွက်မလှည်းရဲဘူး။ တော်ကြာ မင်းမှာ certificate ရှိလား လာမေးနေမှာ စိုးလို့’ ဟု ပြောလေသည်။
တခုတော့ရှိသည်။ ဒီမိုကရေစီထွန်းကားသော နိုင်ငံများတွင် လိုအပ်၍ထုတ်ထားသော ဥပဒေများကို အများပြည်သူက လိုက်နာလျှင် ဘေးရန်ကင်းသည်မို့ ကျနော်တို့ လိုက်နာရန် လိုအပ်သော်လည်း မတရားသဖြင့် ထုတ်ပြန်ထားသော အမိန့်အာဏာများကိုတော့ ဖီဆန်ဖို့ လိုအပ်သည်ဟု ကျနော် ထင်မြင်မိပါသည်။ ။

No comments: