Wednesday, May 6, 2009

(၃၀) အကြံအဖန် (ကြေးမုံဦးသောင်း)

ထောင်တွင်း၌ လိုအပ်သလို သုံးစွဲကြရာက ပေါ်ထွန်းလာသော ဝေါဟာရများ အများရှိကြသည်။ ထောင်မှူး ထောင်ကြပ်များက အကျဉ်းသားများထံတွင် ဥပဒေပြင်ပမှ ပစ္စည်းများ ရှိသလောဟု ရှာဖွေသည်ကို “တလာစီတယ်” ဟု ခေါ်ဝေါ်သည်။ ကုလားစကားမှ လာသည်ဟု ဆိုလေသည်။ ဝေပုံကျပေးသည့် အစားအစာ၊ ဆပ်ပြာစသော ပစ္စည်းများ၏ အတိုင်းအတာကို “ပုံစံ” ဟု ခေါ်သည်။ တဖန် အကျဉ်းသားအသစ် ဦးကျိုးအောင် နှိပ်သည်ကိုလည်း “ပုံစံပြတယ်” ဟု ခေါ်ပြန်သည်။ ထောင်ဝေါဟာရများထဲတွင် “အကြံအဖန်” ဟူသော ဝေါဟာရ သည် လှပပြည့်စုံပြီး လူသုံးများသော စကားလုံး ဖြစ်လေသည်။
တင်မောင် အိမ်မှာ ယူလာသည့် အော်ဒီကလုံး ရေမွှေးပုလင်းကို ထောင်က သိမ်းထားရာမှ ပြန်ပေးသောအခါ အရက်အိုး စာရေးဆရာတစုက သူတို့ကို လှူပါဟု တောင်းရာတွင် အကြံအဖန်လုပ်ချင်လို့ပါဟု ပြောကြသည်။ သေသေချာချာမေးမှ ရေမွှေးတွင် ပါရှိသော အရက်ဓာတ်ကို နုတ်ပြီး အရက်ချက်ကြမည်ဟု ဆိုသည်။ သရက်သီး အချဉ်ရည်ကို မြေမြှုပ်လိုက်၊ နေလှန်းလိုက်နှင့် ချက်ကြသည်။ တင်မောင်၏ အခန်းထဲမှ တရုတ်များကမူ သံပုရာသီးသနပ်၊ သရက်ချဉ်အကောင်းစားတို့ကိုပင် ထုတ်လုပ်နိုင်နေကြလေပြီ။
ရှေးမြန်မာသူပုန်များကို ချုပ်နှောင်သော ခေတ်က ထောင်ဥပဒေအရ ဆံရှည်မြန်မာများ သျှောင်ချောရန် အုန်းဆီပုံစံ များကို ယနေ့တိုင် အကျဉ်းသားတိုင်းကို အပတ်စဉ် မှန်မှန်ထုတ်ပေးသည်။ အကျဉ်းသားများက နို့ဆီခွက်မီးဖို ကလေးများ တီထွင်ကာ လောင်စာအဖြစ်သုံးကြသည်။ ဟင်းနွေးကြသည်။ ဟင်းချက်ကြသည်။
ပထမနှစ် တနှစ်လုံး တင်မောင်အဖို့ တဘက်ခန်းများမှ စာပေရဲဘော်များ၊ နိုင်ငံရေး မိတ်ဆွေများနှင့် ဆက်သွယ်မှု မပြုရဟု အမိန့်ထုတ်ထားလေရာ စကားပြောခြင်း၊ ဆက်သွယ်ခြင်းကို ဖမ်းမိလျှင် တင်မောင်ရော၊ တဘက်လူကိုပါ တိုက်ပိတ်မည်ဟု ခြောက်လှန့်ထားသည်။ မည်သို့ပင် ပညတ်သည်ဖြစ်စေ ရောက်သည့်နေ့မှ စတင်ပြီး စကားပြော ကြသည်။ ထောင်သတင်းစာကို ထုတ်ဝေနေကြလေသဖြင့် စကားမပြောလျှင် မဖြစ်နိုင်။ ထောင်မှူး၊ ထောင်ကြပ် များကလည်း အမြဲလမ်းလျှောက်ကာ စောင့်ကြပ်နေကြသဖြင့် ကြုံရာ အကျဉ်းသားက သူတို့မြင်တိုင်း “လာနေပြီ၊ လာနေပြီ” ဟု သတိပေးကြသည်။ သတိပေးသံကြားသည်နှင့် လူချင်းခွဲရလေ့ရှိသည်။
“လာနေပြီ၊ ထောင်မှူးလာနေပြီ” ဟု သတိပေးသည်ကို ထောင်မှူးတို့ ကြားသွားလျှင် သတိပေးသောသူကို အရေးယူနိုင်သည်။ အန္တရာယ်ရှိသောကြောင့် သတိပေးရန် ဝေါဟာရကို တီထွင်ရန် အကြံအဖန် လုပ်ကြသည်။ မာကျောက်တရုတ်ကြီးတယောက်က အကြံပေးသည်။ စစ်ပြီးကာလက တရုတ်တန်းတွင် အင်္ဂလိပ်ပစ္စည်းတွေ အပါအ၀င် မှောင်ခိုဈေးတန်းကြီး ရှိခဲ့သည်။ ဦးထုပ်နီဆောင်းသော အင်္ဂလိပ်စစ်ပုလိပ်များက မကြာခဏ လာရောက် ဖမ်းဆီးလေ့ရှိသည်။ ထို့ကြောင့် စစ်ပုလိပ်မြင်တိုင်း တရုတ်ဘာသာဖြင့် ဦးထုပ်နီလာပြီ “အန်တောင်း လိုင်လော” (သို့မဟုတ်) “လိုင်လောလိုင်လော” လာပြီလာပြီဟု သတိပေး အော်ဟစ်လေ့ရှိကြောင်း ပြောပြသည်။ တင်မောင်တို့ အခန်းတွင် ထိုသတိပေးဝေါဟာရကို စတင်အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင်မူ အင်းစိန်ထောင်တခု လုံး ထောင်မှူး၊ ထောင်ကြပ်များလာသည်ကို မြင်ရသူတိုင်းက တဦးကိုတဦး သတိပေးသော ဝေါဟာရ ဖြစ်လာလေသည်။
အန်တောင်းလိုင်လော ဟူသည့် လျှို့ဝှက်ဝေါဟာရကြောင့် တင်မောင်တို့ သတင်းစာလုပ်ငန်း တွင်ကျယ်လာသည်။ တလတကြိမ် အိမ်နှင့် စာရေးဆက်သွယ်ခွင့် ရရှိသူများ စာရေးသည့်အချိန်တို့၌ မင်၊ စက္ကူ စသည်တို့ကို စိတ်ချ လက်ချ ခိုးယူနိုင်ကြသည်။ လျှို့ဝှက်ကာ အသုံးပြုရသည့် ပစ္စည်းအားလုံးကို လျှို့ဝှက်စကားလုံး သုံးကြသည်။ မင်ကို “ငှက်ပျောသီး”၊ ဖောင်တိန်ကို “ထန်းလျှက်” ဟု စကားဝှက် တီထွင်ထားကြသည်။
များမကြာမီကာလတွင် အိုးဝေဦးညိုမြ ရောက်လာသောအခါ သတင်းစာဘက်မှာ ပိုပြီး ဝေဆာလာသည်။ တင်မောင်တို့ သတင်းစာတွင် ဓာတ်ပုံသတင်းများကိုလည်း ဖော်ပြသည်။ ထောင်ပေးသော သတင်းစာများနှင့် မဂ္ဂဇင်းများမှ ပုံတို့ကို ညှပ်ပြီးကပ်ကာ ဖော်ပြသည်။ မျက်နှာဖုံးတခုမှာ ဗိုလ်နေ၀င်းတရားဟောနေသော ပုံနှင့် မီးလောင်မှုသတင်းမှ ပုံကို အတူဖော်ပြပြီး “မီးတွေလောင်ကုန်ကြပြီလေ၊ တို့လုပ်တာတွေ အောင်ပြီဟေ့” ဟု ဗိုလ်နေ၀င်းက ပြောနေပုံဟု စာရေးသည်။ တနေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်မေသန်း၏ဓာတ်ပုံကို “မြန်မာပြည် မှာ နောက်ဆုံးတွေ့သော ရေနံတွင်းကြီး” ဟု ဦးညိုမြက ပြောင်မြောက်စွာ စာရေးသည်။ ထောင်ထဲ၌ လူကြိုက်များ လှသော သတင်းစာဖြစ်လာသည်။
ဦးညိုမြအား သီးသန့်အခန်းတခုတွင် သူဌေး ဦးဇော်ညွန့်နှင့်အတူ ထားရှိသည်။ တင်မောင်တို့နှင့် စကားပြောခွင့်၊ ဆက်သွယ်ခွင့် ပိတ်ထားသည်။ စာတိုကလေးများ ရေးပို့ကာ လျှို့ဝှက်ရလေ့ရှိသည်။
တနေ့တွင် ထောင်မှူးက တင်မောင်ထံသို့ ပေါက်လာပြီး “ခင်ဗျားတို့တတွေ လုပ်တာတွေ လွန်လာပြီ။ စစ်ဗိုလ်ကို တင်ပြရပါတော့မယ်။ အားလုံးကို တဆောင်စီခွဲထားဖို့ အကြံပေးရပါတော့မယ်” ဟု ပြောသည်။ ရောက်စကာလက အာဏာပြသည့် ထောင်မှူးဖြစ်စေကာမူ နောက်ပိုင်း၌ စာပေအကျဉ်းသားများအဖို့ အပြစ်မရှိဘဲ အဖမ်းခံထိနေကြ သူများ ဖြစ်သည်ကို သိရှိနားလည်လာဟန် တူသည်။ တင်မောင်တို့အစုကို သက်သက်ညှာညှာ ကူညီရှာသည်။
“ကျနော်တို့တတွေ ဘာမှ အပြစ်မလုပ်ပါဘူး” ဟု တင်မောင်က ဘာမသိ၊ ညာမသိနှင့် ငြင်းရသည်။
“ဦးညိုမြက ခင်ဗျားဆီပေးတဲ့ စာမိထားတယ်” ဟု ထောင်မှူးက ပြောသောအခါ ဆရာကြီးကို လျှို့ဝှက်စာနှင့် စာရေးဆက်သွယ်ရန် မှာထားပြီးဖြစ်သဖြင့် စိတ်ချလက်ချ ပြန်ပြောမိသည်။
“ဗျာ … ဆရာကြီးက ငှက်ပျောသီးကလေး၊ ထန်းလျက်ကလေး စားချင်လို့ စာရေးတာလောက်တော့ ခွင့်ပြုသင့် ပါတယ်ဗျာ”
“ငှက်ပျောသီး တောင်းတာဆို အရေးမကြီးပါဘူး၊ အဖိုးကြီးရဲ့စာကို ဖတ်ကြည့်ပါဦး” ဟု ထောင်မှူးက ပေးပြသည်။ “တင်မောင်ရေ… ငါ့မှာ မင်ကုန်နေပြီ။ နစ်ကောင်းတဲ့ ဖောင်တိန်လည်း လိုချင်တယ်။ စက္ကူပါ ရှာပေးပါဦး” ဟု ရေး ထားသော စာကို တွေ့ရသည်။ “ဖြစ်မှ ဖြစ်ရလေ ဦးညိုမြရယ်” ဟု ညည်းညူပြီး ထောင်မှူးကို ၀န်ချတောင်းပန် ရတော့သည်။
ကိုတွမ်အိ အမည်ရှိ မာကျောက်တဦးက နို့ဆီဘူးခွံကို မီးဖိုလုပ်ပြီး ညတိုင်း စားစရာတခုခု ချက်သည်။ ငါးကြော် ကျွေးသော နေ့များတွင် အဖော်များထံမှ ငါးရိုးများကို တောင်းပြီး စုဆောင်းရရှိသည့် ငါးရိုးတို့ကို ကွေကားအုပ် သံဘူးမှ မုရောစပါးနှင့် ပြုတ်ကာ တိုက်သည်။ အပြင်တရုတ်တန်းက ဘဲသားဆန်ပြုတ်ထက် ကောင်းသော ဆန်ပြုတ်ကို သောက်ရသည်။ ဓာတ်ဘူးနှင့် လက်ဆင့်ကမ်းပြီး တခြားအခန်းက ငါးရိုးပေးသူတွေကိုပါ ဝေငှပြီး တိုက်ကျွေးနိုင်သည်။
တနေ့သားတွင် ဦးကျင်စွိနှင့် ကေဒီယားဆိုသူ ကုန်သည်အကျဉ်းသားနှစ်ဦးက အကြံအဖန် လုပ်ရာက နာနတ်သီး တဘူး ရလာသည်။ ထောင်ကြပ်တဦးထံမှ စီးကရက်ငါးဘူးနှင့် ၀ယ်လာသည်ဟု ဆို၏။ “ဒီည သန်းခေါင်မှာ ဘူးဖောက်မယ်၊ စားလှည့်ပါ” ဟု ဖိတ်ကြားသည်။ မတ်လလယ်ဖြစ်သောကြောင့် ရာသီဥတုက ပူလွန်းသဖြင့် “ရေခဲနှင့်များ စားရလျှင် နိဗ္ဗာန်ပါပဲဗျာ” ဟု ပြောမိသည်။ ကျုပ်တို့လည်း အကြံအဖန် လုပ်ဖို့ စဉ်းစားနေကြသည်ဟု သူတို့ ဖြေသည်။
ည (၁၀) နာရီခန့်တွင်မူ ကေဒီယားက ပါးစပ်မှ အမြုပ်တစီစီထွက်ပြီး ဆီးစပ်ကို နှိပ်၍ အော်နေသည်ကို တွေ့ရသည်။ တင်မောင်အဖို့ ဤညအဖို့ နာနတ်သီး မစားရတော့မည်မှာ သေချာနေသဖြင့် စိတ်ပျက်မိသည်။ ကေဒီယား၏ ဝေဒနာအတွက် ဆရာဝန်ခေါ်ပေးပါဟု ဦးကျင်စွိက အခန်းမှူး ဦးအောင်ကို ပြောသည်။
“ဘာဖြစ်တာလဲ” ဟု ဦးအောင်က မေးသောအခါ “ဟိုဒင်းလေဗျာ၊ ဟိုဒင်း၊ ဂွေးတက်တာဗျ” ဟု ဖြေသဖြင့် အခန်းမှူးမှာ လန့်သွားပြီး “အစောင့်ရဲဘော်၊ အစောင့်ရဲဘော်” ဟု အော်ဟစ်တော့သည်။ အရေးပေါ်ကိစ္စရှိလျှင် အစောင့်ထောင်ကြပ်ကို ခေါ်ကြရသည်။ (၁၅) မိနစ်ကြာမှ ထောင်ကြပ် ရောက်လာသည်။
“ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ” ဟု မေးသည်ကို “ဟောဒီမှာ အကျဉ်းသားတဦး အသည်းအသန် ဖြစ်နေလို့ ဆရာဝန် ခေါ်ပေးပါ” ဟု အခန်းလူကြီးက တောင်းဆိုရသည်။
“ခင်ဗျားတို့ သိသားပဲ။ ဆရာဝန်က အရပ်ထဲမှာ နေတာ အရေးကြီးလွန်းမှ စစ်ဗိုလ်ကို တင်ပြပြီး ဆရာဝန် ခေါ်ပေးနိုင်တယ်” ဟု ထောင်ကြပ်က ပြောသည်။
အမြုပ်တစီစီနှင့် ညည်းနေရှာသော ကေဒီယားကို ပြသောအခါ ထောင်ကြပ်ကပါ စိတ်ညစ်သွားတော့သည်။
“နေပါဦး၊ ဖြစ်တာက ဘာရောဂါလဲ” ဟု မေးရာ “ယောက်ျားတွေ ဖြစ်တတ်တယ်၊ ဂွေတက်တာဗျ” ဟု ဦးအောင်က ရှင်းပြရသည်။
“ဆရာဝန်ခေါ်မပေးလျှင် ဆေးမြီးတိုရှိပါတယ်။ အမျိုးသမီးတဦးဦးရဲ့ ဟို-ဟိုအမွေးကို သူ့ရဲ့နှာခေါင်းမှာ တေ့ပေးရသတဲ့” ဟု အကျဉ်းသားတဦးက ပြောသည်။ ထောင်ကြပ်က “ဘာဖြစ်မလဲ။ မိန်းမထောင်ကို ညအခါမှာ ယောက်ျားမ၀င်ရဘူး။ ၀င်လို့ရလျှင်ကော ဘယ်လိုနုတ်မလဲ။ ဘယ်သူကလည်း သူ့ရဲ့အမွေးကို ပေးမှာလဲ” ဟု စိတ်ပျက်သံနှင့် ပြောရှာ၏။
“ဆေးမြီးတိုတခုကတော့ သူ့ဟိုဒင်းကို ရေခဲအုံပေးလျှင် ပြန်ကျတယ်တဲ့” ဟု ဦကျင်စွိက မှင်သေသေပြောပြသည်။
ထောင်ကြပ်ခမျာ တွေဝေသွားဟန် တူသည်။ အတန်ကြာ ငိုင်သွားသည်။ ဆရာဝန် ခေါ်ရမည်လော၊ မိန်းမထောင် သို့ သွားရမည်လော၊ ရေခဲရှာရမည်လော စဉ်းစားရှာသည်။ အလွယ်ဆုံးကို ရွေးပြီး ထောင်ဆေးရုံသို့ ပြေးကာ ရေခဲသေတ္တာထဲမှ ရေခဲတဇလုံ သယ်ပေးတော့သည်။
ဆရာကြီး ရွှေဥဒေါင်းရေးသကဲ့သို့ မှတ်တမ်းတင်ရလျှင် ထိုညက စားရသော ရေခဲစိမ် နာနတ်သီးစိတ်ကလေးသည် တသက်တာတွင် အရသာအရှိဆုံး နာနတ်သီး ဖြစ်ပါတော့သည်။ ။

1 comment:

TNS said...

ကိုသက်..
ဒိန်းမတ်ကို လာလည်ဖြစ်ရင်
ရေခဲစိမ် နာနတ်သီးလေး ကျွေးဗျာ..။